← Chapters

အခန်း (၅၂၈)

Vol. 36 Ch. 528

အခန်း (၅၂၈)

Vol. 36 Ch. 528

"ငါတို့ပစ္စည်းတွေက အဆင်းသာရှိပြီး အချင်းမရှိဘူးလို့ ပြောလိုက်တာလား။ ဒါဆို မင်းရဲ့လက်ရာကရော ဘယ်မှာလဲ။ ထုတ်ပြလေ။ ဘာလို့ထုတ်မပြတာလဲ"

"မောက်မာလိုက်တာ! ငါတို့ဟွာရှားနိုင်ငံရဲ့ လူငယ်တွေက ဒီလောက်အထိတောင် အကျင့်စာရိတ္တတွေ ပျက်ယွင်းနေပြီလား"

ကျန်းမုန့်လောင်၏စကားများကြောင့် အုတ်အော်သောင်းတင်းဖြစ်သွားကြလေသည်။ သူတို့၏မှတ်ချက်များက ပြီးခဲ့သည့်အခေါက်ကထက်ပင် ပိုပြင်းထန်လှသည်။ ယနေ့မတိုင်ခင်ကလည်း သူတို့ ကျန်းနန်သိပ္ပံနှင့်နည်းပညာတက္ကသိုလ်ကို လှောင်ပြောင်ခဲ့ကြသည့် စကားလုံးများကိုပင် အသုံးပြုနေမိကြောင်း မေ့နေကြဟန်ပင်။

"ဟားဟားဟား"

အခြားလူများနှင့်မတူပါဘဲ အကဲဖြတ်ဒိုင်အဖွဲ့၏ အလယ်တွင်ထိုင်နေသော ပညာရှင်အိုကြီးကတော့ အသိအမှတ်ပြုဟန်ဖြင့် ရယ်မောလိုက်၏။

"လူငယ်လေး.. မင်း သူတို့ပြောတာ ကြားတယ်မလား။ သူတို့တွေက မင်းကို မောက်မာတယ်တဲ့"

ကျန်းမုန့်လောင်ကလည်း ထိုအဘိုးကြီး၏ နာမည်ကတ်ကို တစ်ချက်လှမ်းကြည့်လိုက်လေရာ အာ့ကုန်းဇီရှာဖွေရရှိသည့် သတင်းအချက်အလက်များက နားကြပ်ကတစ်ဆင့် သူ့နားထဲသို့ ချက်ချင်းရောက်လာသည်။

လူအိုကြီး၏နာမည်မှာ ကောဝမ်ချိုးဖြစ်ပြီး တရုတ်သိပ္ပံတက္ကသိုလ်မှ တော်ဝင်ပညာရှင်တစ်ယောက်ဖြစ်၏။ ထပ်ပြောရလျှင် ဟွာရှားတစ်နိုင်ငံလုံး၏ သတင်းအချက်အလက်နည်းပညာကို တည်ထောင်ခဲ့သူပင်။ တစ်နည်းဆိုရသော် သူသာမရှိပါက ယနေ့ခေတ် ဟွာရှားနိုင်ငံ၏ သတင်းအချက်အလက်နည်းပညာဟူ၍လည်း ရှိလာမည်မဟုတ်ချေ။

ထို့ကြောင့် သူက ယခုလိုဂုဏ်ပုဒ်မျိုးကို ရရှိထားခြင်းပင်။ ယနေ့ အကဲဖြတ်ဒိုင်နေရာတွင် လူအများ၏ အာရုံစိုက်မှုကို ရနေသည်မှာလည်း အံ့ဩစရာတော့ မဟုတ်ချေ။

ယခုလိုလေးစားထိုက်သော အကြီးအကဲတစ်ယောက်ကို ကျန်းမုန့်လောင်က အနည်းငယ်မျှပင် မလေးမစားမလုပ်ရဲပေ။

"ဘိုးဘိုးကော..ဒါက ကျွန်တော့်အမှားချည်းပဲမဟုတ်ပါဘူး။ သူတို့က အရင် စော်ကားခဲ့တာပါ။ ကျွန်တော်တို့ လူငယ်မျိုးဆက်တွေက စိတ်ဓာတ်ပြင်းပြကြတယ်။ ဒါက ဂုဏ်သိက္ခာကို ပြန်လည်ထူထောင်တာပဲမဟုတ်လား"

"ပြီးတော့ သူတို့ပြောတာတွေက မှန်တောင်မမှန်ပါဘူး။ အရည်အချင်းမရှိဘဲ ကြွားဝါနေတဲ့လူကမှ မောက်မာတာပါ။ ဒါပေမဲ့ ကျွန်တော့်လို အရည်အချင်းရှိတဲ့လူကတော့ စကားလုံးတွေ ဘယ်လောက်ပဲလွန်ကဲနေပါစေ ရိုးသားတဲ့အမှန်တရားကို ပြောနေရုံသက်သက်ပါပဲ"

"အိုး?"

ထိုအကြီးအကဲက ကျန်းမုန့်လောင်၏တုံ့ပြန်မှုကို ကျေနပ်အားရသွားဟန်ပင်။

"ကြည့်ရတာတော့ မင်းက အရမ်းယုံကြည်မှုရှိနေပုံပဲ"

"ဟုတ်ပါတယ်"

"ဒါဆိုလည်း ကောင်းပြီလေ။ မင်းတို့ကျောင်းရဲ့လက်ရာကို ပြလိုက်ကြစို့"

"အားလုံးပဲ မင်္ဂလာပါ..ကျွန်တော်က ကျန်းနန်သိပ္ပံနဲ့နည်းပညာတက္ကသိုလ်က ဉာဏ်ရည်တု ကုတ်နံပါတ်၈၉၇၅၇ဖြစ်ပါတယ်။ ဒါပေမဲ့ ခင်ဗျားတို့ ကျွန်တော့်ကို အာ့ကုန်းဇီလို့ခေါ်နိုင်ပါတယ်"

မိတ်ဆက်ပါဝါပွိုင့်ကို ပြသဖို့အတွက် ခင်းကျင်းထားသော ပရိုဂျက်တာပေါ်တွင် ကာတွန်းရုပ်ပုံတစ်ခု ထွက်ပေါ်လာသည်။

"ခွီး! အဲဒါက ဗီဒီယိုသွင်းပြီး တည်းဖြတ်ထားတာမဟုတ်ဘူးလား။ မင်းက ဒါကို ဉာဏ်ရည်တုလို့ ခေါ်တာလား"

အနောက်မြောက်တက္ကသိုလ်တစ်ခုမှ နည်းပြတစ်ယောက်က လှောင်ပြောင်သရော်လေသည်။ လူသားခန္ဓာကိုယ်၏ ဇီဝကမ္မဖြစ်စဉ်များကို ညွှန်ကိန်းအမျိုးမျိုးဖြင့် ပြသနိုင်သော ဝတ်ဆင်နိုင်သည့် ကိရိယာမှာ လက်ရှိအသုံးချနယ်ပယ်ထဲမှာ ရေပန်းအစားဆုံးနယ်ပယ်တစ်ခုပင်။

"ပါးစပ်ပိတ်ထားလိုက်တော့။ မင်းတို့ရဲ့ စမတ်လက်ပတ်ဆိုတဲ့ဟာက အလွန်ဆုံးရှိမှ "ဝတ်ဆင်လို့ရတဲ့ ငတုံးလက်ပတ်"အဆင့်လောက်ပဲရှိတာ။ ခန္ဓာကိုယ်ညွှန်ကိန်းစစ်ဆေးခြင်းရဲ့ တိကျမှုက ၁.၅ရာခိုင်နှုန်းလောက် ကွာဟနေသေးတယ်။ ဒီလောက်အမှားကြီးတစ်ခုကို မင်းက လာပြရဲသေးတယ်ပေါ့"

"ဒါက.."

ထိုကျောင်းသားမှာ ထိုနေရာမှာပင် ကြောင်အသွားသည်။ ထိုတိကျမှုကွာဟချက်၏ အရေးပါပုံကို သူတို့သာ သိထားသည်။ ဤကျန်းနန်တက္ကသိုလ်၏အေအိုင်က ထိုအရာကို မည်သို့များ ခပ်မြန်မြန်တွက်ချက်နိုင်သလဲ။ သူတို့ မည်သို့ ဖော်ထုတ်နိုင်ခဲ့သလဲဆိုသည့်သံသယကို ဘေးဖယ်ထားလိုက်ပါက သူတို့ကို နှောင့်နှေးကြန့်ကြာမှုမရှိဘဲ ခွန်းတုံ့ပြန်နိုင်ရန်မှာ သူတို့၏စောင့်ကြည့်ဒေတာများကို ရရှိသွားခြင်းမှာ မဖြစ်နိုင်သလောက်နီးနီးပင်။

"သောက်ကျိုးနည်း! မိုက်လိုက်တာ! ဒီအေအိုင်က ဆဲလည်းဆဲတတ်တယ်ဟ"

"ဒါက ဉာဏ်ရည်တုပရိုဂရမ်ရော ဟုတ်ရဲ့လား။ ငါတောင် သူ့တစ်ဝက်လောက် မဆဲတတ်ဘူး"

"ဒါက မင်းရဲ့လက်ရာလား"

တော်ဝင်ပညာရှင်ကောခမျာ အတန်ငယ်ကြောင်အသွားသည်။ ဤနယ်ပယ်၏ ကျွမ်းကျင်သူတစ်ယောက်အနေနှင့် ခွန်းတုံ့ပြန်ခြင်းက မည်မျှခက်ခဲကြောင်း သူ ကောင်းကောင်းနားလည်ထားသည်။

ထိုကျောင်းသား၏စကားများမှာ ရန်စထားသော စကားများဖြစ်သောကြောင့် ပူးပေါင်းလိမ်လည်သည်ဟုလည်း မဆိုနိုင်ပေ။

သို့ဖြစ်လေရာ ဤအေအိုင်က ပထမဆုံးအနေနှင့် ထိုစကားလုံးများ၏ အဓိပ္ပာယ်ကို နားလည်နိုင်ရန်အတွက် အသံမှတ်သားခြင်းကို အရင်လုပ်ဆောင်ရသည်။ ထို့နောက် ကျောင်း၏ပရောဂျက်များနှင့်ပတ်သက်သည့် ဒေတာကို စီစစ်ပြီး နိဂုံးချုပ်ရမည်။ အဆုံးတွင် လှောင်ပြောင်စကားတစ်ခုကို ခွန်းတုံ့ပြန်ရမည်။

ဤသည်မှာ အသံမှတ်သားခြင်း၊ အချက်အလက်များစီမံဆောင်ရွက်ခြင်း၊ စိတ်ခံစားချက်လှုံ့ဆော်ခြင်း အစရှိသည့် မြင့်မားလှသော စံနှုန်းသတ်မှတ်ချက်များကို လိုအပ်ပေသည်။ လုပ်ဆောင်မှုအရှိန်မြန်ဆန်ဖို့ကတော့ ‌ပြောနေစရာပင်မလိုပေ။ ၎င်းမှာ စိတ်ကူးကြည့်၍ပင် မရနိုင်ချေ။

လက်ရှိအချိန်တွင် ကမ္ဘာပေါ်မှာ စကားပြောနိုင်သော အေအိုင်များရှိသော်ငြား သူတို့၏တုံ့ပြန်ချိန်မှာ များသောအားဖြင့် စက္ကန့်ပေါင်းများစွာလိုအပ်ပြီး သူတို့၏အဖြေကလည်း ခပ်တောင့်တောင့်ကြီးများ ထွက်လာတတ်သည်။ ယခုလို ကြွယ်ဝလှသော စိတ်ခံစားချက်များ မပါချေ။

"မင်းက ဘာကြည့်နေတာလဲ။ မကျေနပ်ဘူးလား။ ငါက မင်းတို့အကြောင်းပြောနေတာ ချင်းပေ့တက္ကသိုလ်ရဲ့…မင်းတို့တွေက စစ်တုရင်ကစားတာ သိပ်တော်တယ်မလား။ တစ်ပွဲ‌လောက်နွှဲကြမလား"

"ဆရာကော ဒါက.."

"ကောင်းပြီလေ။ ပြိုင်ကြတာပေါ့။ စမ်းသပ်စစ်ဆေးမှုတွေမလုပ်ဘဲနဲ့တော့ ငါတို့ကြားက ကွာဟချက်ကို ဘယ်လိုလုပ်သိနိုင်မှာလဲ"

တော်ဝင်ပညာရှင်ကောက ချင်းပေ့တက္ကသိုလ်၏ အဖွဲ့ခေါင်းဆောင်ကို ပြောလိုက်၏။

"တော်ဝင်ပညာရှင်လီကရော ဘယ်လိုသဘောရလဲ"

"ဒါဆိုလည်း ပြိုင်ကြတာပေါ့"

တော်ဝင်ပညာရှင်လီက ယုံကြည်မှုအပြည့်ဖြင့် ပြန်ဖြေလိုက်သည်။ သူတို့၏ဉာဏ်ရည်တုက ကမ္ဘာ့ချန်ပီယံများကိုပင် Goကစားပွဲတွင် အနိုင်ယူခဲ့ဖူးသည်။ AlphaGoကို ဆန့်ကျင်ရာတွင်လည်း အနိုင်ရရှိနှုန်းခြောက်ဆယ်ရာခိုင်နှုန်းကျော်သည်ဟုပင် ကြွားဝါထားကြသေးသည်။

ချင်းပေ့တက္ကသိုလ်၏ အေအိုင်က လူတစ်ရပ်စာလောက်ရှိသည့် စက်ရုပ်တစ်ခုဖြစ်ပြီး စက်ရုပ်လက်တံခြေတံများပါရှိသည်။ ၎င်းက ထိုင်ခုံတစ်ခုံတွင် နေရာယူလိုက်ပြီး ပရော်ဖက်ရှင်နယ်ဆန်သော ကိုယ်နေဟန်ထားကို ပြသလိုက်သည်။

အာ့ကုန်းဇီ၏အချက်အလက်များက ခန်းမတစ်လျှောက် ဖြန့်ကြက်သွားပြီးနောက် ဘေးနားတွင်ထိုင်နေပြီး အသင့်အနေအထားပြင်ဆင်ထားသည့် စက်ရုပ်တစ်ရုပ်က ရုတ်တရက်ကြီး အသက်ဝင်လှုပ်ရှားလာသည်။

"ဘာဖြစ်တာလဲ။ "အာရှအကဘုရင်"က ဘာလို့ အလိုလိုလှုပ်ရှားနေတာလဲ"

ထိုကျောင်း၏ ပရောဂျက်ခေါင်းဆောင်က ထိတ်လန့်သွားလေသည်။

"ငါတို့ဒေတာတွေ အလုခံလိုက်ရပြီ။ ထိန်းချုပ်လို့မရတော့ဘူး"

"မဟုတ်ဘူး။ မဖြစ်နိုင်တာ။ ကုတ်အစိတ်အပိုင်းတစ်ခုကို သူ့ဘာသာ အလိုလိုထပ်ဖြည့်လိုက်တာပဲ။ အချက်အလက်စိစစ်ရေးအဆင့်က… မဖြစ်နိုင်တာ။ ငါတို့ချစ်ပ်ပြားရဲ့ လုပ်ဆောင်မှုအရှိန်ကို ကျော်သွားပြီ…"

"မလန့်ကြပါနဲ့ ကိုယ့်လူတို့.. ခင်ဗျားတို့ရဲ့စက်ရုပ်ကို ခဏလောက်ငှားသုံးရုံပါ"

ကျန်းမုန့်လောင်က ပြောလိုက်၏။

"အာ့ကုန်းဇီရဲ့အချက်အလက်တွေက အလုပ်လုပ်ဖို့အတွက် ဒေတာဘေ့စ် ဒါမှမဟုတ် ချစ်ပ်ပြားတွေကို ဖြတ်ကျော်စရာမလိုပါဘူး။ တိတိကျကျပြောရရင် ဉာဏ်ရည်တုဆိုတဲ့အသုံးအနှုန်းနဲ့တင် သူ့ကို ဖော်ပြလို့မရဘူး။ သူ့ကို သက်ရှိအတုလို့ခေါ်တာက ပိုသင့်တော်ပါတယ်"

တော်ဝင်ပညာရှင်ကော၏ အကြည့်များမှာ ထိတ်လန့်မှုများဖြင့် ပြည့်နှက်သွားလေသည်။ ထိုကဲ့သို့သော ဉာဏ်ရည်တုဆောင်ရွက်မှုမျိုးဟာ ယနေ့ခေတ်နည်းပညာအဆင့်ထက် အနည်းဆုံး ဆယ်နှစ် သို့မဟုတ် နှစ်နှစ်ဆယ်လောက် ရှေ့ရောက်နေချေသည်။

အာ့ကုန်းဇီက ရှေ့တိုး၍ ထိုင်ခုံပေါ်တွင် ထိုင်ချလိုက်ပြီးနောက် တစ်ဖက်စက်ရုပ်ဆီသို့ လက်ဆန့်ထုတ်လိုက်သည်။

"မင်း အရင်စလိုက် အမှိုက်ကောင်"

"ငါတို့ရဲ့စက်ရပ်က လျှပ်စစ်အသံသက်ရောက်မှုရိုးရိုးလေးပဲရှိတာ။ ဒါပေမဲ့ ဒီစက်ရုပ်ကတော့ အသံလှိုင်းတွေနဲ့ စကားသံကို အလိုလိုပေါင်းစပ်ပြီး ပြောနိုင်တယ်ပေါ့"

အဆိုပါစက်ရုပ်၏ တီထွင်သူများမှာ ကြောင်အသွားကြလေသည်။

ချင်းပေ့တက္ကသိုလ်မှ ဉာဏ်ရည်တုက စစ်တုရင်ကစားတတ်ရုံသာဖြစ်ပြီး စကားမပြောနိုင်ပေ။ ဤအချက်ကြောင့် ချင်းပေ့တက္ကသိုလ်မှ ကျောင်းသားများဟာ မေ့လဲတော့မတတ် ဒေါသထွက်သွားကြသည်။ မည်သို့ပင်ဖြစ်စေ ဉာဏ်ရည်တုက မိမိကို လာစော်ကားနေချိန်မှာ မိမိကလည်း ပြန်ခံပြောရန် မဖြစ်နိုင်ဘူးမလား။

သူတို့လည်း စိတ်အားတင်းထားလိုက်ကြ၏။ သူတို့အနေနှင့် ပြန်မပြောနိုင်လျှင် အရည်အချင်းဖြင့်သာ သက်သေပြရမည်။

ချင်းပေ့တက္ကသိုလ်မှ စက်ရုပ်က ပထမဆုံးအကွက်ကို ရွှေ့လိုက်သည်။

"ဖျတ်"

အာ့ကုန်းဇီက တစ်စက္ကန့်မျှပင် တုံ့ဆိုင်းမသွားဘဲ ဒုတိယအကွက်ကို ရွှေ့လိုက်၏။

ငါးစက္ကန့်ကြာသော် တတိယအကွက်ကို ရွှေ့လိုက်လေပြီ။

"ဖျတ်"

"သေစမ်း.. မင်း မြန်မြန်လုပ်လို့မရဘူးလား"

"မင်း ဘာတွေငေးနေတာလဲ။ ငါးလာဟပ်မှာကို စောင့်နေတာလား"

"မင်း ရွှေ့မှာလား။ မရွှေ့ဘူးလား။ အရှုံးကို မြန်မြန်ဝန်ခံလိုက်စမ်းပါ"

ကြည့်ရှုသူများအားလုံးနှင့် ဒိုင်လူကြီးများမှာ အံ့အားသင့်သွားချေသည်။ ဤဉာဏ်ရည်တုက အလွန်လူပါးဝလွန်းသည်။ အစကတည်းက မရပ်မနားစကားပြောနေပြီး အရိုးရှင်းဆုံးပုံစံဖြင့် ခပ်ကြမ်းကြမ်းပြောနေကာ ပျော်ရွှင်မှုကို အပြည့်အဝခံစားနေလေသည်။

သို့သော် ချင်းပေ့တက္ကသိုလ်မှ ဉာဏ်ရည်တုကတော့ လုပ်ဆောင်မှုအရှိန်အပိုင်းတွင် မယှဉ်နိုင်ပေ။ အာ့ကုန်းဇီကမူ အကွက်မရွှေ့ခင် စဉ်းစားဖို့အချိန်သိပ်မယူပေ။ အကြောင်းမှာ သူရွှေ့လိုက်သည့် အကွက်တိုင်းတွင် ပြိုင်ဘက်၏ ဖြစ်နိုင်ခြေရှိသော အကွက်အားလုံးကို ကြိုတင်ခန့်မှန်းထားပြီး အကောင်းဆုံးအဖြေကို ရှာဖွေနိုင်သည်။

ဖီလာအားဖြင့် ပြိုင်ဘက်က အကွက်တိုင်းကို စီမံခန့်ခွဲရန်အတွက် အနည်းဆုံး ငါးစက္ကန့်မှ ဆယ်စက္ကန့်အထိ အချိန်လိုပေသည်။ ထို့ကြောင့် လုံးဝအလဲထိုးခံလိုက်ရသည်။

"အမှိုက်"

"မင်းက ဒါကိုများ စစ်တုရင်ကစားတယ်လို့ ခေါ်နေတာလား"

"မင်းက ဘယ်လိုဉာဏ်ရည်တုမျိုးလဲ။ မင်းကို ဉာဏ်ရည်ထိုင်းလို့ခေါ်တာကတောင် ချီးကျူးရာကျနေသေးတယ်။ မင်းက သတ္တုပုံကြီးတစ်ခုသက်သက်ပဲ"

"အချိန်ယူပြီးစဉ်းစားလိုက်ဦး။ ငါ ဘရိတ်ဒန့်ကလိုက်ဦးမယ်"

ချင်းပေ့တက္ကသိုလ်၏ ဉာဏ်ရည်တုက စဉ်းစားနေချိန်တွင် အာ့ကုန်းဇီကတော့ အားကစားကွင်းအလယ်တွင် ဘရိတ်ဒန့်ကနေလေရာ လက်ခုပ်ဩဘာသံအမြောက်အများကို ရရှိလိုက်၏။

"ဘရို မင်းရှုံးသွားပြီ"

ဆယ်မိနစ်ကြာသော် အာ့ကုန်းဇီက နောက်ဆုံးအကွက်ကို ရွှေ့လိုက်ပြီး အောင်ပွဲကိုကြေညာလိုက်သည်။

"ဒူးထောက်ပြီး အောင်နိုင်သူသီချင်း ဆိုပြပေတော့"

...

"အံ့ဩဖို့ကောင်းလိုက်တာ။ အရမ်းအံ့ဩဖို့ကောင်းတာပဲ။ ဒါကမှ တကယ့်ဉာဏ်ရည်တုအစစ်"

"ကျန်းမုန့်လောင်က ခုနတုန်းက မောက်မာနေတာမဟုတ်ဘူး။ သူပြောတာမှန်တယ်။ လူတစ်ယောက်က အရည်အချင်းရှိတယ်ဆိုရင် မောက်မာတယ်ဆိုတာက အမှန်တရားကိုပြောနေတာပဲ"

"ဒါက ဉာဏ်ရည်တုမဟုတ်ဘူးဟေ့။ စူပါဦးနှောက်ကိုပိုင်ဆိုင်ထားတဲ့ လူသားတစ်ယောက်ပါပဲ"

"ဒီဉာဏ်ရည်တုက လူသားတွေကို အုပ်ချုပ်ဖို့ ပြင်ဆင်နေမှာတောင် စိုးရိမ်နေမိပြီ"

...

"ကောင်းတယ်။ သိပ်ကောင်းတယ်"

တော်ဝင်ပညာရှင်ကောခမျာ စိတ်လှုပ်ရှားရလွန်းသဖြင့် မျက်နှာတစ်ခုလုံး နီမြန်းနေချေသည်။

"ဒါကမှ ဉာဏ်ရည်တုပဲ။ ဒါက ဟွာရှားနိုင်ငံသိပ္ပံနဲ့နည်းပညာရဲ့ ဂုဏ်သရေပဲ"

"ငါ စိတ်သက်သာရာရသွားပါပြီ.."

တော်ဝင်ပညာရှင်ကော၏အပြုံးကား ရုတ်ခြည်းပျောက်ကွယ်သွားပြီး အနောက်သို့ လဲကျသွားလေတော့သည်။

******************

All Chapters