← Chapters

ခင်ဗျားတို့အတွက်တော့ ဂုဏ်ယူစရာပါ

Vol. 36 Ch. 529

ခင်ဗျားတို့အတွက်တော့ ဂုဏ်ယူစရာပါ

Vol. 36 Ch. 529

"တော်ဝင်ပညာရှင်ကော"

ကောဝမ်ချိုး ရုတ်တရက်ကြီး လဲကျသွားခြင်းမှာ ထိုနေရာတစ်ခုလုံးကို ပွက်လောရိုက်သွားစေသည်။ လွန်ခဲ့သော နှစ်အနည်းငယ်ခန့်က ဟွာရှားနိုင်ငံ၏ အဓိကကျောရိုးဖြစ်သော အရေးကြီးပရောဂျက်များ၏ ဖခင်များနှင့် ပဲ့ကိုင်ရှင်များမှာ ဆုံးပါးသွားခဲ့ပြီဖြစ်၏။ ဟွာရှားနိုင်ငံအနေနှင့် ထိုကဲ့သို့ကြီးကျယ်မြင့်မြတ်လှသော ပုဂ္ဂိုလ်များကို ထပ်အဆုံးရှုံးမခံနိုင်တော့ပေ။

"အားလုံးပဲ နောက်ဆုတ်ပေးကြပါ။ ပါမောက္ခကောကို နေရာနည်းနည်းပေးလိုက်ပါ"

တော်ဝင်ပညာရှင်၏ အနောက်တွင်ထိုင်နေသည့် လူငယ်လေးတစ်ယောက်က ထိုင်ခုံများကို အလျင်အမြန်ကျော်ဖြတ်လာခဲ့သည်။

"ပါမောက္ခမှာ နှလုံးရောဂါရှိတယ်။ အဲဒါကို ဆေးဝါးနဲ့ ထိန်းချုပ်ထားရတာ။ အမှန်ဆိုရင် ဒီနေ့ သူ ဆေးရုံမှာ ဆေးသွားစစ်ရမှာ။ ဒါပေမဲ့ ပြိုင်ပွဲအတွက် သုံးသပ်ပေးရမှာမို့ သန်ဘက်ခါအထိ ရွှေ့ဆိုင်းခဲ့တယ်လေ။ ကျွန်တော်က အခုလိုဖြစ်လာမှာကြောက်နေခဲ့ရတာ"

ထိုလူငယ်၏မျက်နှာထားမှာ အလွန်နောင်တရနေမှန်း သိသာလှ၏။ အကယ်၍ သူသာ ပါမောက္ခကောကို ဒိုင်လူကြီးမလုပ်ပါရန် အတင်းအကျပ်တောင်းဆိုခဲ့ပါက ယခုလိုအခြေအနေမျိုး ဖြစ်လာမည်မဟုတ်။

"လူနာတင်ကား ချက်ချင်းခေါ်လိုက်"

တစ်စုံတစ်ယောက်က အမြန်အော်လိုက်၏။

"မဖြစ်ဘူး။ အချိန်မရှိဘူး။ ငါတို့ အခုချက်ချင်း အရေးပေါ်ကုသမှဖြစ်မယ်"

ထိုနေရာရှိ ဆေးဘက်ဆိုင်ရာဝန်ထမ်းတစ်ယောက်က ချက်ချင်းပြန်ပြောလိုက်သည်။

"တော်ဝင်ပညာရှင်ကောရဲ့သွေးပေါင်က တော်တော်ကျနေပြီ။ ငါတို့ လူနာတင်ကားလာတဲ့အချိန်အထိ စောင့်လို့မရတော့ဘူး"

"ချင်းပေ့တက္ကသိုလ်ရဲ့ ဆေးဌာနက လုပ်ဆောင်ချက်တော်တော်ကောင်းတယ်မလား။ ငါတို့ ဆေးရုံကို အချိန်မီမတင်နိုင်ဘူးဆိုရင် မင်းတို့ဌာနကို ခေါ်သွားရအောင်လေ"

ကောဝမ်ချိုး၏ကျောင်းသားတစ်ယောက်က အလျင်စလိုအကြံပြုလိုက်သည်။

"မြန်မြန်လုပ်… အရင်ဆုံး နှလုံးကို ဓာတ်မှန်ရိုက်လိုက်"

ချင်းပေ့တက္ကသိုလ်၏ ဆေးဌာနမှာ ကယ်တင်ရေးကြိုးပမ်းမှုများကို စတင်လုပ်ဆောင်ခဲ့ကြသည်။ ပြိုင်ပွဲတစ်ခုလုံးကိုလည်း ရပ်နားထားလိုက်ရသည်။

...

"အခြေအနေ ဘယ်လိုရှိလဲ"

လူအုပ်ကြီးက ရလဒ်ကိုစောင့်ဆိုင်းရင်း ဝိုင်းအုံနေခဲ့ကြသည်။ ဆရာဝန်ထွက်လာတာကို မြင်သောအခါ သူတို့လည်း ထိုဆရာဝန်အနားသို့ ချက်ချင်းဝိုင်းလိုက်ကြသည်။

"အခြေအနေက တော်တော်ဆိုးတယ်"

ဆရာဝန်က ခေါင်းခါယမ်းပြသည်။

"တော်ဝင်ပညာရှင်ကောရဲ့အခြေအနေက တော်တော်ရှုပ်ထွေးတယ်။ သူ့နှလုံးထဲမှာ သွေးခဲတွေအများကြီးရှိတယ်။ ဒီသွေးခဲတွေက ဟိုးအရင်ကတည်းက ရှိနေခဲ့တယ်ဆိုတာကတော့ အသိသာချည်းပဲ"

ဆရာဝန်က မေးလိုက်၏။

"တော်ဝင်ပညာရှင်ကောရဲ့ ဆွေမျိုးသားချင်းတွေရှိလား"

သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်နှင့် အမျိုးသမီးတစ်ယောက်က လူအုပ်ထဲမှ ပြေးထွက်လာသည်။

"ရှိပါတယ်"

"တော်ဝင်ပညာရှင်ကောရဲ့အခြေအနေကို ခင်ဗျားတို့လည်း ကောင်းကောင်းသိထားမှာပါ။ စောစောစီးစီးကတည်းက နှလုံးသွေးကြောခွဲစိတ်မှုကို ဘာလို့မလုပ်ခဲ့တာလဲ။ ဒါက လူနာရဲ့နှလုံးထဲမှာ ချိန်ကိုက်ဗုံးထောင်ထားတာနဲ့ အတူတူပဲ"

"ဆရာဝန်တွေကလည်း အဲဒီလိုပဲ အကြံပေးကြတာပါပဲ"

သက်လတ်ပိုင်းအရွယ် အမျိုးသားက ပြောလိုက်သည်။

"ဒါပေမဲ့ ကျွန်တော့်အဖေက အသက်ကြီးနေပြီလေ။ သူ့သွေးခဲတွေရဲ့တည်နေရာကလည်း တော်တော်အန္တရာယ်များတယ်။ နှလုံးသွေးကြောခွဲစိတ်မှုရဲ့ အန္တရာယ်ရှိနိုင်ခြေကလည်း ခြောက်ဆယ်ရာခိုင်နှုန်းကျော်တယ်။ ကျွန်တော်တို့လည်း ဘယ်စွန့်စားရဲပါ့မလဲ"

"ဟူး"

ဆရာဝန်က သက်ပြင်းချလိုက်လေသည်။

"ဒါပေမဲ့ ဆေးဝါးတွေက သွေးခဲတာကို ပိုမဆိုးလာအောင် အရှိန်နှေးပေးရုံပဲတတ်နိုင်တာ။ အဲဒါက အချိန်ဆွဲထားပေးရုံသက်သက်ပဲ။ အခု တော်ဝင်ပညာရှင်ကောက ချက်ချင်းခွဲစိတ်မှဖြစ်မယ်။ နည်းနည်းလောက်နောက်ကျတာနဲ့ အသက်အန္တရာယ်ဖြစ်စေနိုင်တယ်.."

"ဆရာ..ချင်းပေ့တက္ကသိုလ်က ဒီခွဲစိတ်မှုကို လုပ်နိုင်လား"

"ကျောင်းမှာရှိတဲ့ ကိရိယာတွေကတော့ ဘာပြဿနာမှမရှိပါဘူး။ ဒါပေမဲ့ ပြဿနာက အခုလောလောဆယ် ဒီနိုင်ငံထဲမှာ အဲဒီလိုရှုပ်ထွေးတဲ့ ခွဲစိတ်မှုမျိုးကို လုပ်နိုင်တဲ့လူက သုံးယောက်ပဲရှိတယ်။ တစ်ယောက်က ယန်ကျင်းမှာရှိပေမဲ့ ပညာရေးညီလာခံအတွက် ဥရောပကိုသွားတယ်။ သူတို့ ဒီကို မြန်မြန်ရောက်လာမယ်ဆိုရင်တောင်…"

"ဆရာ ခင်ဗျားကရော…"

"ဆရာ..ကျေးဇူးပြုပြီး ကျွန်တော့်အဖေကို ကယ်ပေးပါနော်။ သူက သူ့ဘဝကို နိုင်ငံရဲ့သတင်းအချက်အလက်နည်းပညာနယ်ပယ်အတွက် မြှုပ်နှံခဲ့တာ။ သူ့ကို ဒီအတိုင်း.."

ထိုနေရာရှိ လေထုကား ပြင်းထန်လေးနက်လာသဖြင့် မည်သူကမှ စကားမပြောရဲပေ။

ဤဆရာဝန်က ခွဲစိတ်ကျွမ်းကျင်ဆရာဝန်တစ်ယောက်ဖြစ်သော်ငြား ယခုလိုခွဲစိတ်မှုမျိုးကို တစ်ခါမှ မလုပ်ဖူးသောကြောင့် ယုံကြည်မှုလည်း လုံးဝမရှိချေ။

"ဒါပေမဲ့.. ယန်ကျင်းတစ်မြို့လုံးမှာရှိတဲ့ နှလုံးအထူးကုခွဲစိတ်ဆရာဝန်တွေတောင် ဒီခွဲစိတ်မှုကိုလုပ်ဆောင်ဖို့ ယုံကြည်မှုရှိမှာမဟုတ်ဘူး။ အဲဒီလူကိုယ်တိုင်ရောက်လာတာတောင် အောင်မြင်နိုင်ခြေက လေးဆယ်ရာခိုင်နှုန်းကျော်မှာမဟုတ်ဘူး"

ဆရာဝန်က ပါမောက္ခကော၏ နှလုံးဓာတ်မှန်ကို ထုတ်ပြလိုက်သည်။

"ကြည့်လိုက်။ တော်ဝင်ပညာရှင်ကောရဲ့ သွေးခဲတွေက ဒီနေရာမှာ စုပြုံနေတာ။ အဲဒီနေရာက သွေးကြောတွေ အသိပ်သည်းဆုံးနေရာပဲ။ လက်နည်းနည်းလေးချော်လိုက်တာနဲ့ နှလုံးသွေးကြောထဲမှာ အကြီးစားသွေးယိုစီးမှုကို ဖြစ်စေနိုင်တယ်။ အဲဒါကြောင့် ခွဲစိတ်ဆရာဝန်အနေနဲ့ မြင့်မားတဲ့တိကျမှုနဲ့ ကျွမ်းကျင်မှုကို လိုအပ်တယ်"

"ဒါက ခွဲစိတ်ဆရာဝန်ရဲ့ ကျွမ်းကျင်မှုဆိုတာထက် တော်ဝင်ပညာရှင်ကောရဲ့ကံအပေါ်မှာ ပိုမူတည်နေတာ"

သူက ထိုသို့ဆိုလိုက်၏။

"ဒါက…"

စကားလုံးများက စိတ်ဓာတ်ကျချင်စရာကောင်းနေသော်လည်း ဆေးပညာနယ်ပယ်ထဲရှိ ကျွမ်းကျင်သူတော်တော်များများလည်း ဘာမှမပြောနိုင်ကြပေ။ ဤသုံးသပ်ချက်ကို သူတို့လည်း သဘောတူကြောင်း ပြသနေပေသည်။

ခွဲစိတ်မှုမလုပ်လျှင် တော်ဝင်ပညာရှင်ကောလည်း ကံဆိုးရချေမည်။ သို့သော် ခွဲစိတ်မှု လုပ်ပြန်လျှင်လည်း အောင်မြင်နိုင်ခြေက နိမ့်လွန်းလှသောကြောင့် လောင်းကြေးထပ်နေရသလိုပင်။ မည်သူကမှ ဤခွဲစိတ်မှုကို မလုပ်ရဲကြပေ။ အကြောင်းမှာ ကျရှုံးခဲ့ပါက တစ်သက်လုံး ဂုဏ်သတင်းပျက်ပြားသွားနိုင်သောကြောင့်ပင်။

တော်ဝင်ပညာရှင်ကော၏ သားသမီးများမှာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်မိကြသည်။

"ပါမောက္ခပိုင်.. ဒီခွဲစိတ်မှုကို ခင်ဗျားကိုပဲ အပ်ရမှာပဲ။ ရလဒ်က ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့ ခင်ဗျားကို လုံးဝအပြစ်မတင်ပါဘူး။ ဒါပေမဲ့ ခင်ဗျားအနေနဲ့ အစွမ်းကုန်ကြိုးစားပေးဖို့ပဲ မျှော်လင့်ပါတယ်"

"ဒါက.."

ပါမောက္ခပိုင်က အပြစ်တင်ခံရမည်ကို မကြောက်ပေ။ သို့သော် ခွဲစိတ်မှုမအောင်မြင်ခဲ့ပါက သူကိုယ်တိုင်က ထိုရလဒ်ကို လက်ခံရန် ခက်ခဲပေလိမ့်မည်။ ထို့ပြင် အချိန်တော်တော်ကြာသည်အထိ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်နေမိမည်သာ။

"ကျွန်‌တော် ကြိုးစားကြည့်ရင်ရော"

ထိုအချိန်မှာပင် လူငယ်လေးတစ်ယောက်၏အသံက လူအုပ်ထဲမှ ထွက်ပေါ်လာသည်။

"မင်းလား"

လူတိုင်းက အသံလာရာသို့ လှမ်းကြည့်လိုက်လေရာ အခြားလူမဟုတ်ပါဘဲ အစောတုန်းကမှ လူတိုင်းကို အထင်ကြီးအောင် လုပ်နိုင်ခဲ့သော ကျန်းမုန့်လောင်ဖြစ်နေပေသည်။

"မုန့်လောင်"

ဟန်ကျင်းယွီက ကျန်းမုန့်လောင်ကို အမြန်လှမ်းဆွဲလိုက်သည်။

"ဒါက ဆေးပညာနယ်ပယ်နဲ့ဆိုင်တဲ့ကိစ္စနော်။ မင်း ဘာလို့ဝင်ပါနေတာလဲ"

"လူငယ်လေး မင်းက.."

တော်ဝင်ပညာရှင်ကော၏သားက ရှေ့တိုးပြီး မေးလိုက်၏။ ယခုလိုအချိန်မျိုးမှာ ရှေ့ထွက်ရဲသူသည် တုံးအသူတစ်ယောက် ဖြစ်လျှင်ဖြစ် မဟုတ်ပါက ရင်သပ်ရှုမောဖွယ်ကောင်းသူပင်။ သို့သော် ဒုတိယတစ်ခုသာဖြစ်ဖို့ သူတို့ မျှော်လင့်မိသည်။

"ကျွန်တော့်နာမည်က ကျန်းမုန့်လောင်ပါ။ ကျွန်တော်က တက္ကသိုလ်ပေါင်းစုံရဲ့ သိပ္ပံသုတေသနစီမံကိန်းအကဲဖြတ်ပွဲအတွက် လာခဲ့တာပါ"

ကျန်းမုန့်လောင်က သူ့ကိုယ်သူမိတ်ဆက်လိုက်သည်။

"သေချာတာကတော့ ခင်ဗျားတို့ ကျွန်တော့်ကို မှတ်မိချင်လည်း မှတ်မိနေနိုင်ပါတယ်။ ကောင်းတဲ့ကိစ္စမျိုးနဲ့တော့ ဟုတ်ချင်မှဟုတ်မှာပေါ့လေ"

"ကျန်းမုန့်လောင်? ကမ္ဘာ့အချမ်းသာဆုံးလူလား"

သူတို့ တဒင်္ဂမျှ ကြက်သေသေသွားရသည်။ သို့သော် သူတို့၏အာရုံက ဤကိစ္စတွင် မရှိပေ။ ကျန်းမုန့်လောင်က ယခုနှစ်အတွက် ရူပဗေဒနိုဘယ်ဆုကို ရရှိခဲ့သည်ဟု သူတို့ ကြားထားသည်။

"ညီလေးကျန်းက ခွဲစိတ်မှုကို လုပ်နိုင်တာလား"

"မလုပ်တတ်ပါဘူး"

ကျန်းမုန့်လောင်ကလည်း ပြန်ဖြေလိုက်၏။ ထူးရှယ်နတ်ဘုရားကျောင်းတော်တွင် ဆေးပညာကျွမ်းကျင်သူများစွာ ရှိသော်ငြား ကျန်းမုန့်လောင်မှာ သူတို့ထံမှ စွမ်းရည်များကို မကူးယူရသေးပေ။

နတ်ဆေးသမားတော်ယောင်ချန်း၏ ရှေးဟောင်းဝိညာဉ်အအေးဓာတ်မီး သို့မဟုတ် အခြားစွမ်းရည်များဖြင့် တော်ဝင်ပညာရှင်ကော၏ သွေးခဲများကို ဖယ်ရှားပေးနိုင်သော်လည်း ထိုနည်းလမ်းများက လက်ရှိအချိန်တွင် လူသိရှင်ကြားပြသရန်အတွက် အလွန်ထိတ်လန့်ဖွယ်ကောင်းနေချေသည်။

တော်ဝင်ပညာရှင်ကော၏သားက ချက်ချင်းဆိုသလို ဒေါသထွက်သွားသည်။

ဒါက လာနောက်နေရမဲ့အချိန်လား။ ဆေးဘက်ဆိုင်ရာကျွမ်းကျင်မှုမရှိဘဲနဲ့ ပြဿနာလာရှာနေတာလား။

"ကျွန်တော် မလုပ်နိုင်ပေမဲ့ အာ့ကုန်းဇီကတော့ လုပ်နိုင်ပါတယ်"

ကျန်းမုန့်လောင်က ပြောလိုက်ပြန်သည်။

"အာ့ကုန်းဇီ?"

"အဲဒါက ဒီပြိုင်ပွဲအတွက် ကျွန်တော်ဖန်တီးထားတဲ့ ဉာဏ်ရည်တုပါ"

ကျန်းမုန့်လောင်က ရှင်းပြလိုက်သည်။

"သူက နယ်ပယ်ပေါင်းစုံမှာ ကျွမ်းကျင်ပါတယ်။ ခွဲစိတ်မှုကိုလည်း သူမလုပ်နိုင်တာ မရှိပါဘူး။ ဒီခွဲစိတ်မှုအဆင့်လောက်ကတော့ အောင်မြင်နိုင်ခြေတစ်ရာရာခိုင်နှုန်းနဲ့တောင် လုပ်နိုင်ပါတယ်"

"တကယ်လား"

တော်ဝင်ပညာရှင်ကော၏ သားသမီးများ၏ မျက်ဝန်းထဲတွင် မျှော်လင့်ချက်ရောင်ခြည်များ သမ်းလာလေသည်။

"အဲဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"

တော်ဝင်ပညာရှင်တင်းယိက ချက်ချင်းပင် ဝင်ကန့်ကွက်လာသည်။ သူတို့ကျန်းနန်တက္ကသိုလ်၏ ဉာဏ်ရည်တုက ခွဲစိတ်မှုနယ်ပယ်တွင် နိုင်ငံထဲတွင်သာမက တစ်ကမ္ဘာလုံးမှာပါ ထိပ်တန်းအဆင့်ဖြစ်၏။ သို့သော် လက်ရှိအချိန်တွင် သူတို့အနေနှင့် ခက်ခဲမှုအဆင့်အတန်အသင့်သာရှိသော ခွဲစိတ်မှုများကိုသာ လုပ်ဆောင်နိုင်သေးသည်။ သူတို့ ဤခွဲစိတ်မှုအဆင့်ကို မကိုင်တွယ်နိုင်ချေ။

သူတို့ကျန်းနန်သိပ္ပံနှင့်နည်းပညာတက္ကသိုလ်၏ ဉာဏ်ရည်တုက မည်သို့များ လုပ်ဆောင်နိုင်မည်နည်း။ ခက်ခဲမှုအဆင့်ကလည်း ဆယ်ဆလောက် ပိုများနေချေသည်။

"ခင်ဗျားတို့မလုပ်နိုင်တာနဲ့ပဲ တခြားလူက မလုပ်နိုင်ဘူးလို့ မဆိုလိုဘူးလေ"

ကျန်းမုန့်လောင်က ဆို၏။

"ဒါပေမဲ့ တော်ဝင်ပညာရှင်တင်းရဲ့ စက်ရုပ်ကို ခဏလောက်ငှားရလိမ့်မယ်ဗျ။ ပြီးရင် တိကျမှုအဆင့်အမြင့်ဆုံးရှိတဲ့ ခွဲစိတ်ဓားနဲ့ တခြားကိရိယာတွေကိုလည်း လဲမှဖြစ်မယ်"

"ညီလေးကျန်း.. မင်း တကယ်ပဲ ယုံကြည်မှုရှိလား"

"ခင်ဗျားတို့မှာ ပိုကောင်းတဲ့ရွေးချယ်မှုတစ်ခုခုများ ရှိလား"

ကျန်းမုန့်လောင်ကလည်း ပြန်မေးခွန်းထုတ်လိုက်သည်။

သူ့မေးခွန်းကြောင့် ထိုလူခမျာ ဆွံ့အသွားရလေသည်။ ယခုအချိန်တွင်မူ တကယ်လည်း ပိုကောင်းသော ရွေးချယ်မှုမျိုး မရှိတော့ပေ။ သို့သော် သူကတော့ အံ့ဖွယ်ဖြစ်ရပ်များကို ယုံကြည်သည်။ အသက်နှစ်ဆယ်အရွယ် လူငယ်လေးတစ်ယောက်က ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ရုံသာမက အသက်အငယ်ဆုံးရူပဗေဒနိုဘယ်ဆုရှင်တစ်ယောက်လည်း ဖြစ်ပြန်သည်။ သို့ဖြစ်လေရာ သူသည် တစ်ခုခုတော့ထူးခြားမှုရှိရမည်။

သူက အံ့အားသင့်စရာတချို့ကို သယ်ဆောင်ကောင်း သယ်ဆောင်လာနိုင်သည်။

"ဒါဆို ငါတို့ မင်းကိုပဲ ပုံအပ်လိုက်ပြီနော်"

သက်လတ်ပိုင်းအရွယ် အမျိုးသားကြီးနှင့် အမျိုးသမီးကြီးက ကျန်းမုန့်လောင်ကို တလေးတစားဦးညွှတ်လိုက်သည်။

"မစ္စတာကော.. ခင်ဗျား သူ့ကို ယုံတော့မလို့လား"

တင်းယိမှာ မယုံကြည်နိုင်ဟန်ဖြင့် ကြည့်လိုက်မိ၏။

"တော်ဝင်ပညာရှင်တင်း.. ကျွန်တော်တို့လည်း ရွေးချယ်စရာမရှိတော့ဘူးလေ"

သက်လတ်ပိုင်းအရွယ် အမျိုးသားကြီးက တင်းယိကို တစ်ဖန်ဦးညွှတ်လိုက်ပြန်လေသည်။

"တော်ဝင်ပညာရှင်တင်း.. ခင်ဗျားရဲ့စက်ရုပ်ကို ငှားပေးဖို့ မျှော်လင့်ပါတယ်"

"ကောင်းပြီလေ"

သူ့အနေနှင့် အနည်းငယ်ဝန်လေးနေသော်ငြား ယခုလိုအခြေအနေအောက်တွင်မူ ငြင်းဆန်နိုင်ခြင်းမရှိပေ။

"ရှောင်ဝူ.. တိကျမှုအဆင့်အမြင့်ဆုံးကိရိယာတွေနဲ့ လဲလိုက်"

"ကျေးဇူးတင်ပါတယ် တော်ဝင်ပညာရှင်တင်း"

ကျန်းမုန့်လောင်က ယုံကြည်မှုရှိရှိ ပြုံးလိုက်လေသည်။

"ခဏနေရင် ဒီကိရိယာကိုလည်ပတ်ဖို့အတွက် ကျွန်တော့်ဉာဏ်ရည်တုကို သုံးခွင့်ရလိုက်တာက ခင်ဗျားတို့အတွက် အကြီးမြတ်ဆုံးဂုဏ်သရေတစ်ခုပါလားဆိုတာ သိရလိမ့်မယ်"

*****************

All Chapters