← Chapters

အခန်း (၅၃၀)

Vol. 36 Ch. 530

အခန်း (၅၃၀)

Vol. 36 Ch. 530

အသေးစိတ်ပိုးသတ်ပြိးနောက် တော်ဝင်ပညာရှင်ကောကို ခွဲစိတ်ခန်းသို့ ခေါ်ဆောင်သွားခဲ့သည်။ ထိုအခန်းထဲသို့ ကျန်းနန်တက္ကသိုလ်မှ ဖန်တီးထားသော ဉာဏ်ရည်တုစက်ရုပ်ကလည်း ဝင်သွားလေသည်။

ဤခွဲစိတ်မှုကား တစ်နိုင်ငံလုံး၏ စိတ်ဝင်စားမှုကို ဆွဲဆောင်ထားပြီး ဤနေရာသို့ လိုက်လာသူများမှာ ပွဲကျင်းပရာနေရာရှိ ပြိုင်ပွဲဝင်များသာမက မီဒီယာထုတ်လွှင့်မှုမှတစ်ဆင့် သိရှိသွားသော အများပြည်သူများလည်း ပါဝင်လေသည်။ ထိုလူအားလုံးက တော်ဝင်ပညာရှင်ကောအတွက် စိတ်ထဲမှ တိတ်တဆိတ်ဆုတောင်းပေးနေကြသည်။

ကျန်းမုန့်လောင်က အဓိပ္ပာယ်မရှိသည့် ကိစ္စတစ်ခုခုကို လုပ်လိုက်မှာကိုလည်း သူတို့ စိုးရိမ်နေကြသည်။ ထို့ကြောင့် ခွဲစိတ်မှုကို အသေးစားထုတ်လွှင့်မှုလေးသာ လုပ်ထားခြင်းပင်။ အနည်းဆုံးတော့ ကျန်းမုန့်လောင် ဘာလုပ်နေသလဲဆိုတာကို သူတို့ မြင်နိုင်ပေသည်။ သူ့စကားများကု ပေါက်ကရများဖြစ်နေပြီး တော်ဝင်ပညာရှင်ကောကို မလေးမစားလုပ်ခဲ့မည်ဆိုပါက သူတို့ကလည်း အချိန်မရွေးဝင်စွက်ဖက်နိုင်ပေသည်။

"မင်း မဝင်တော့ဘူးလား"

လူတိုင်းက ကျန်းမုန့်လောင်ကို စိုက်ကြည့်နေကြသည်။ ယခုအချိန်တွင် စက်ရုပ်တစ်ရုပ်နှင့် ခွဲစိတ်သည့်စက်ယန္တရားထိန်းချုပ်ရေး၏ တည်ငြိမ်မှုကို စစ်ဆေးမည့် ကျန်းနန်တက္ကသိုလ်ကျောင်းသားတချို့ကလွဲလျှင် ခွဲစိတ်ခန်းထဲ၌ မည်သူမှ မရှိပေ။ ဉာဏ်ရည်တု၏ဖန်တီးရှင်ဖြစ်သော ကျန်းမုန့်လောင်ပင် ရှိမနေချေ။

"ကျွန်တော်က ဘာလို့ဝင်ရမှာလဲ။ ကျွန်တော်မှာ မခွဲစိတ်တတ်တာ"

ကျန်းမုန့်လောင်က စိတ်အနှောင့်အယှက်ဖြစ်နေဟန်ဖြင့် ပြောလိုက်၏။ သူ ဝင်သွားလိုက်မှသာ ပရမ်းပတာဖြစ်ကုန်လိမ့်မည်။

"ဒါပေမဲ့ ဉာဏ်ရည်တုကို ကိုင်တွယ်ရဦးမယ်မဟုတ်လား"

"ဒီမှာ.. ဒါက ဉာဏ်ရည်တုပါ။ အဝေးထိန်းခလုတ်နဲ့ထိန်းချုပ်ထားတဲ့ စက်ရုပ်မဟုတ်ဘူး။ ကျွန်တော်က ဘာတွေများကိုင်တွယ်စရာလိုလို့လဲ"

ကျန်းမုန့်လောင်က ပြန်ဖြေလိုက်၏။

"ဒါပေမဲ့ အနည်းဆုံးတော့ သက်ဆိုင်ရာအချက်အလက်တွေကို ထည့်သွင်းပေးဖို့လိုတယ်မလား"

"မလိုပါဘူး"

ကျန်းမုန့်လောင်က ပြောလိုက်၏။

"အာ့ကုန်းဇီက ရုပ်ပုံတွေကို အလိုအလျောက်မှတ်သားပြီး ကိရိယာတွေကနေ သတင်းအချက်အလက်တွေကို ထုတ်ယူပြီး အကောင်းဆုံးခွဲစိတ်မှုပလန်ကို သူ့ဘာသာစဉ်းစားနိုင်တယ်။ ပြီးတော့ အဲဒီလိုကိစ္စမျိုးကို ကျွန်တော်နားမလည်ဘူးလေ။ ဒီတော့ အေအိုင်ကိုပဲ ပုံအပ်ထားလိုက်တာ ပိုကောင်းပါတယ်'

"ဉာဏ်ရည်တုကိုပဲ အကုန်ပုံအပ်ထားလိုက်မှာလား"

ဤတုံ့ပြန်မှုကြောင့် လူတိုင်း ချွေးပြန်သွားကြသည်။ ကျန်းနန်တက္ကသိုလ်၏ ခွဲစိတ်ရေးစက်ရုပ်ကိုပင် သက်ဆိုင်ရာဒေတာအချက်အလက်များကို ကြိုတင်ထည့်သွင်းပြီး လုပ်ဆောင်မှုတစ်ခုလုံးကို အစီအစဉ်ချပေးရသေးသည်။

သူတို့ နားကြားမှားခြင်းသာ မဟုတ်ပါက ကျန်းမုန့်လောင်သည် အာ့ကုန်ဇီဟုခေါ်သော ထိုအေအိုင်ကို စကားတစ်ခွန်းပြောလိုက်လေဟန်ပင်။

"အာ့ကုန်းဇီ.. အခု မင်းအပေါ် မူတည်သွားပြီနော်။ မင်း တောက်ပရမဲ့အချိန်ရောက်ပြီ"

ယခုလိုလုပ်နိုင်ဖို့အတွက် သတ္တိဘယ်လောက်များ လိုအပ်လေမလဲ။ လူသားများအနေနှင့် ကျန်းမုန့်လောင်ကို တားနိုင်စွမ်းမရှိကြတော့ဘူးလား?

"တစ်ခုခုမှားသွားလို့ကတော့ မင်းကို ငါ အရင်ပစ်သတ်မှာ"

တော်ဝင်ပညာရှင်ကော၏မြေးက ထိုနေရာသို့ အပြေးရောက်ချလာသည်။ သူက လူငယ်စစ်သားတစ်ဦးဖြစ်၏။ ထို့ပြင် အလျင်စလိုရောက်လာရသည့်အတွက် သူ့ပစ္စတိုကပါ သူနှင့်အတူ ပါလာလေသည်။

သူ့အဖေနှင့် ဒေါ်လေးတို့က ယခုလိုပရမ်းပတာနိုင်လှသော ကိစ္စတစ်ခုကို ဘာကြောင့်သဘောတူလိုက်သလဲဆိုတာကို သူ နားမလည်သော်ငြား သူ့တွင်လည်း သူ့ဖြေရှင်းနည်းနှင့်သူရှိသည်။ ထိုဉာဏ်ရည်တုကြောင့် ခွဲစိတ်မှုကျရှုံးခဲ့ပါက သူ့သေနတ်ကိုထုတ်၍ ကျန်းမုန့်လောင်ကို ပစ်လိုက်မည်သာ။

ခွဲစိတ်မှု စတင်လေပြီ။ စက်ရုပ်လက်မောင်းများကလည်း စတင်လှုပ်ရှားနေချေပြီ။ လူတိုင်းလည်း အပြင်းအထန်စိတ်လှုပ်ရှားနေကြသည်။

"အာ့ကုန်းဇီ.. ငါတို့အတွက် နို့လက်ဖက်ရည်နည်းနည်းလောက် မှာပေးပါဦး"

ထိုအခိုက်တွင် ကျန်းမုန့်လောင်မှာ နို့လက်ဖက်ရည်သောက်ချင်စိတ် ပေါက်လာသည်။

"ဆရာဟန်.. ဘာသောက်ချင်လဲ။ ဘာဘယ်တီးလား"

"မင်း နည်းနည်းလောက်တော့ စိုးရိမ်ပြပါဦးလား"

ဟန်ကျင်းယွီမှာ ရူးသွပ်သွားတော့မတတ်ပင်။

ခဏနေပါဦး! ဒီဉာဏ်ရည်တုက အထဲမှာ ခွဲစိတ်မှုလုပ်နေတာမလား? ဒါကို ကျန်းမုန့်လောင်က နို့လက်ဖက်ရည်မှာဖို့ အချိန်ရှိသေးတယ်ပေါ့။ သေရေးရှင်ရေးအခြေအနေကို ဟာသတစ်ခုကို သဘောထားနေတာလား...

တစ်စုံတစ်ယောက်က ကျန်းမုန့်လောင်၏ ပေါ့ပေါ့တန်တန်အပြုအမူကြောင့် ဆူပူမာန်မဲရန် ပြင်လိုက်ချိန်မှာပင် ခွဲစိတ်ခန်းထဲရှိ မြင်ကွင်းကြောင့် အာရုံပြောင်းသွားပြီး ထိတ်လန့်သွားရသည်။

စက်ရုပ်၏ စက်ရုပ်လက်မောင်းများက အံ့ဩဖို့ကောင်းလှသော တိကျမှုဖြင့် လုပ်ဆောင်နေပေသည်။ အပြင်ဘက်တွင်မူ နို့လက်ဖက်ရည်အတွက် အတည်ပြုနေသည့် အာ့ကုန်းဇီ၏အသံက ပဲ့တင်ထပ်နေချေသည်။ မသိလျှင် အထဲတွင် ခွဲစိတ်မှုလုပ်နေသော အေအိုင်နှင့် အပြင်ဘက်တွင် နို့လက်ဖက်ရည်မှာပေးနေသော အေအိုင်က လုံးဝမတူညီသည့်အလားပင်။

"အာ့ကုန်းဇီ.. နောက်သီချင်းတစ်ပုဒ်ဖွင့်ပြ"

"မင်းရဲ့ဉာဏ်ရည်တုက တစ်ချိန်တည်းမှာ လုပ်ငန်းစဉ်ဘယ်နှခုလောက်တောင် လုပ်နိုင်တာလဲ"

ဟန်ကျင်းယွီခမျာ မမေးဘဲ မနေနိုင်တော့ပေ။

"အများဆုံးပမာဏကိုတော့ ကျွန်တော် မစမ်းသပ်ရသေးဘူး။ ဒါပေမဲ့ ခက်ခဲမှုအဆင့်တူတဲ့ ခွဲစိတ်မှုပေါင်းများစွာကို တစ်ပြိုင်တည်းလုပ်မယ်ဆိုရင်တောင် ဘာပြဿနာမှမရှိပါဘူး"

ကျန်းမုန့်လောင်က သာမန်ကာလျှံကာ ပြောလိုက်လေသည်။

ခွဲစိတ်မှုကို လေးလေးနက်နက်လုပ်ဆောင်နေဆဲပင်။ ကျန်းမုန့်လောင်ကလွဲ၍ လူတိုင်းက အသက်ပင်ရဲရဲမရှူရဲဘဲ ခွဲစိတ်နေသည့်မြင်ကွင်းကို ကြည့်နေကြသည်။

ယခုမူ အရေးကြီးသော အခိုက်အတန့်ကို ရောက်လာလေပြီ။ တော်ဝင်ပညာရှင်ကော၏ရင်ဘတ်ကို ဖွင့်ထားပြီးပြီဖြစ်၏။ စက်ရုပ်လက်မောင်းက သွေးခဲတစ်ခုချင်းစီ၏တည်နေရာကို တိတိကျကျရှာဖွေပြီး ဖယ်ရှားဖို့သာ လိုတော့သည်။

ဤအချိန်မှာ နည်းနည်းလောက် အတွက်အချက်မှားသွားရုံမျှဖြင့် ဘေးနားရှိ သွေးလွှတ်ကြောများကို ထိခိုက်မိပြီး ခွဲစိတ်မှုလည်း ကျရှုံးနိုင်သည်။

"ဟေး.. တအားလည်း စိတ်လှုပ်ရှားမနေကြပါနဲ့။ ဒါက လုပ်ရိုးလုပ်ထုံးတစ်ခုပါ"

ကျန်းမုန့်လောင်က သူ့ဘာဘယ်တီးထဲက ပုလဲလုံးများကို စုပ်သောက်လိုက်၏။

"အမလေး..အုန်းသီးဂျယ်လီ နည်းနည်းထပ်ထည့်လိုက်ရမှာ။ သတိလက်လွတ်ဖြစ်သွားတယ်"

လူတိုင်းကလည်း ကျန်းမုန့်လောင်၏စကားများကို လျစ်လျူရှုထားရန်သာ ဆုံးဖြတ်လိုက်သည်။ စက်ရုပ်လက်မောင်းကတော့ အံ့ဩဖို့ကောင်းလောက်အောင် တည်ငြိမ်နေသည်။ ဤသည်မှာ ကျန်းမုန့်လောင်၏ဉာဏ်ရည်တုက တိကျသည့်လုပ်ငန်းစဉ်ကို ချမှတ်ထားရုံသက်သက်ကြောင့် မဟုတ်ပါဘဲ ကျန်းနန်တက္ကသိုလ်မှ စက်ရုပ်လက်မောင်း၏ လှုပ်ရှားနိုင်စွမ်းနှင့် တိကျမှုကြောင့်လည်း ပါသည်။

စက်ရုပ်ကသာ အဆင့်အတန်းမမီပါက အာ့ကုန်းဇီက မည်မျှထက်မြက်နေပါစေ ခွဲစိတ်မှုကို ရှေ့ဆက်နိုင်မည်မဟုတ်ချေ။

"အောင်မြင်ပြီ! သွေးခဲရဲ့ပထမဆုံးအပိုင်းကို အောင်အောင်မြင်မြင်ဖယ်ရှားပြီးပါပြီ"

သွေးကြော၏ တစ်စိတ်တစ်ပိုင်းကို ဖယ်ရှားပြီးပြီဖြစ်သောကြောင့် တော်ဝင်ပညာရှင်ကော၏ သွေးပေါင်ချိန်ကလည်း သိသိသာသာပြန်ကောင်းလာလေရာ ထိုနေရာရှိလူတိုင်းလည်း အားတက်သွားကြသည်။ ဤအရှိန်အတိုင်းသာ ဆက်သွားလျှင် ကျန်သွေးလွှတ်ကြောများတွင် သွေးခဲဖယ်ထုတ်ရမည့်အရေးကလည်း အနှေးနှင့်အမြန်သာ။

သွေးခဲများဖြင့် ပြည့်နှက်နေသော သွေးလွှတ်ကြော၁၂ခုကို အတွေ့အကြုံရှိသော ခွဲစိတ်ဆရာဝန်ကို ခွဲစိတ်ခိုင်းလျှင်ပင် ချောချောမွေ့မွေ့ဖယ်ရှားနိုင်ရန် အချိန်ဆယ်နာရီလောက် ကြာနိုင်သည်။

သို့သော် အာ့ကုန်းဇီကတော့ နာရီဝက်မျှဖြင့် သွေးကြောထဲရှိ သွေးခဲများကို အောင်အောင်မြင်မြင်ဖယ်ရှားနိုင်ခဲ့သည်။ လုပ်ငန်းစဉ်ကား အပြစ်အနာအဆာကင်းပြီး တိကျသည်။ ယခုအချိန်တွင်မူ တင်းယိကိုယ်တိုင်ပင် အံ့အားသင့်သွားရသည်။ သူ့အနေနှင့် လက်ခံနိုင်ရန် ခက်ခဲသော်ငြား အာ့ကုန်းဇီ၏ အစွမ်းအစကိုတော့ အသိအမှတ်ပြုရပေလိမ့်မည်။

ယှဉ်ကြည့်မည်ဆိုပါက သူတို့ကျန်းနန်တက္ကသိုလ်၏ ဉာဏ်ရည်တုက "ဉာဏ်ရည်တု"ဟုခေါ်နိုင်သော အဆင့်ကို မရောက်သေးပေ။

ချုပ်ရိုးချုပ်ရမည့် လုပ်ငန်းစဉ်ကို ရောက်ရှိလာလေပြီ။ ဤနေရာတွင် အာ့ကုန်းဇီက ဟွာရှားကြိုးထုံးနည်းအတိုင်း ချုပ်လိုက်လေသည်။

ခွဲစိတ်မှုတစ်ခုလုံးမှာ နာရီဝက်ပင် မကြာလိုက်ပေ။ မေ့ဆေးပမာဏကလည်း အလွန်တိကျပြီး ဆုံးရှုံးလိုက်ရသည့် သွေးပမာဏမှာ ကျွမ်းကျင်သူများ ခန့်မှန်းထားသည့်ပမာဏ၏ သုံးပုံတစ်ပုံသာ ရှိ၏။

စောင့်ကြည့်စစ်ဆေးရန် တာဝန်ယူထားသော ကျောင်းသားများမှာ အစအဆုံး ဘာမှမလုပ်လိုက်ရပေ။ အကြောင်းမှာ အာ့ကုန်းဇီက ဘာအခက်အခဲမှ မကြုံခဲ့ရသောကြောင့်ပင်။ သူတို့ ရှိနေရန်ပင် မလိုအပ်ပေ။ သူတို့မှာ ထိုနေရာတွင် ငါးဆားနယ်တစ်ကောင်အလား အသုံးမဝင်ခဲ့ချေ။

ခွဲစိတ်မှုက အလွန်အောင်မြင်ကြောင်း စောင့်ကြည့်ကိရိယာများပေါ်ရှိ နံပါတ်များက သက်သေခံနေသည်။ အာ့ကုန်းဇီက အံ့ဖွယ်ဖြစ်ရပ်တစ်ခုကို ဆောင်ကြဉ်းခဲ့လေသည်။

စစ်ဆေးရေးအတွက် တာဝန်ယူထားသော ပါမောက္ခက တော်ဝင်ပညာရှင်ကော၏ ခန္ဓာကိုယ်တစ်ခုလုံးကို ချက်ချင်းစစ်ဆေးကြည့်လိုက်သည်။

"တော်ဝင်ပညာရှင်ကောရဲ့ အခြေအနေက တော်တော်ကောင်းတယ်။ သူ့ကို တစ်ညလောက်စောင့်ကြည့်ပြီးရင် မနက်ဖြန် သာမန်လူနာဆောင်ကို ပြောင်းလို့ရပါပြီ"

"ညီလေးကျန်း..ကျေးဇူးတင်ပါတယ်"

တော်ဝင်ပညာရှင်ကော၏ သားနှင့်သမီးတို့က ကျန်းမုန့်လောင်ရှေ့တွင် ဒူးထောက်ချလိုက်လေသည်။

"အစ်ကိုကျန်း.. ခုနတုန်းက ကျွန်တော် ရိုင်းပျမိသွားပါတယ်။ ခင်ဗျား မကျေနပ်ရင် ကျွန်တော့်မျက်နှာကို ရိုက်လိုက်လို့ရပါတယ်"

တော်ဝင်ပညာရှင်ကော၏မြေးက ကိုယ်ကျင့်တရား ကောင်းမွန်သဖြင့် သူ့အား ချက်ချင်းတောင်းပန်လာသည်။

"အိုး..မလိုပါဘူး။ မလိုပါဘူး"

ကျန်းမုန့်လောင်ကလည်း သူတို့ကို ကပျာကယာတားလိုက်ရသည်။

"ကျွန်တော် ဘာမှလုပ်ပေးခဲ့တာမှမဟုတ်တာ။ ဘာဘယ်တီးတစ်ခွက်သောက်ရင်း 'အရှုံးသမားများ'ဇာတ်လမ်းတွဲနှစ်ပိုင်းလောက်ကြည့်ပြီး သီချင်းနည်းနည်းတောင် နားထောင်ခဲ့သေးတယ်။ ဒါတွေက အာ့ကုန်းဇီရဲ့စွမ်းဆောင်မှုပါ"

"ညီလေးကျန်းရဲ့ဉာဏ်ရည်တုက တော်တော်အထင်ကြီးဖို့ကောင်းတာပဲ"

အဆိုပါလုပ်ငန်းနယ်ပယ်ထဲတွင် လုပ်ကိုင်နေသော တော်ဝင်ပညာရှင်ကော၏သားဖြစ်သူမှာ ကြီးမားလှသော နည်းပညာရှုပ်ထွေးမှုများ ပါဝင်နေတာကို မသိပေ။

မှတ်သားထားရမည့်အချက်မှာ အာ့ကုန်းဇီက စက်ရုပ်ကိုကိုင်တွယ်နေစဉ်အတောအတွင်း ဘာအမှားမှ မလုပ်ခဲ့ပေ။ ထူးချွန်လှသော အလိုက်သင့်ပြောင်းလဲနိုင်စွမ်းတစ်ခုတည်းနှင့်ပင် ကမ္ဘာပေါ်ရှိ အခြားအေအိုင်များအားလုံးထက် အပြတ်အသတ်သာနေလေပြီ။

"အေးဆေးပေါ့။ ဒါက အခြေခံအဆင့်ခွဲစိတ်မှုလေးပါ"

အာ့ကုန်းဇီ၏အသံက တော်ဝင်ပညာရှင်ကော၏ သားဖြစ်သူ၏ ဖုန်းထဲမှ ထွက်လာလေရာ သူ့ခမျာ ဖုန်းကို လွှတ်ချမိတော့မတတ်ပင်။

"နှလုံးခွဲစိတ်မှုတစ်ခုပဲဟာကို။ ဦးနှောက်ခွဲစိတ်မှုလုပ်ရရင်တောင် လွယ်လွယ်လေးပါ"

အာ့ကုန်းဇီက ယုံကြည်မှုအပြည့်ဖြင့် ဆိုလေသည်။

"ဒါပေမဲ့ လက်ရှိအခြေအနေအရဆိုရင် ကျွန်တော်တို့ရဲ့သုံးသပ်အကဲဖြတ်မှုကို ဆက်လုပ်ဖို့ခက်လိမ့်မယ်ထင်တယ်"

ကျန်းမုန့်လောင်က သောကရောက်နေဟန်အမူအရာဖြင့် ပြောလိုက်၏။

"စိတ်မပူပါနဲ့။ တော်ဝင်ပညာရှင်ကော မရှိဘူးဆိုရင်တောင်မှ ငါတို့စကားက အရာရောက်ပါသေးတယ်"

အခြားဒိုင်လူကြီးများက ကျန်းမုန့်လောင်အနားသို့ ချဉ်းကပ်လာကြသည်။

"ကျန်းနန်သိပ္ပံနဲ့နည်းပညာတက္ကသိုလ်ရဲ့ ဉာဏ်ရည်တုကို ၂၉၉၉မှတ်ချီးမြှင့်လိုက်ကြောင်း ကြေညာပါတယ်"

"ဘာလို့တစ်မှတ်လျှော့ထားတာလဲ"

ကျန်းမုန့်လောင်လည်း နားမလည်နိုင်ဟန်ဖြင့် မေးလိုက်သည်။

"ဒီတစ်မှတ်က မင်း မာန်တက်မှာစိုးလို့ လျှော့ထားတာ"

*****************

All Chapters