← Chapters

နိုဘယ်ဆုအတွက် အချင်းချင်းပြိုင်ဆိုင်မိကြမှာစိုးတယ်

Vol. 36 Ch. 531

နိုဘယ်ဆုအတွက် အချင်းချင်းပြိုင်ဆိုင်မိကြမှာစိုးတယ်

Vol. 36 Ch. 531

"အောက်ဖော်ပြပါ တက္ကသိုလ်များကို သိပ္ပံသုတေသနရဲ့ ရှေ့ဆောင်တက္ကသိုလ်တွေအဖြစ် သတ်မှတ်လိုက်ပါတယ်။ ကျန်းနန်သိပ္ပံနဲ့နည်းပညာတက္ကသိုလ်၊ ချင်းပေ့တက္ကသိုလ်၊ ယန်ကျင်းတက္ကသိုလ်၊ ကျန်းနန်တက္ကသိုလ်၊ မိုတုသယ်ယူပို့ဆောင်ရေးတက္ကသိုလ်… သက်ဆိုင်ရာစာရွက်စာတမ်းများနဲ့ အရည်အချင်းစစ်လက်မှတ်တွေကို သုံးရက်ကြာအောင် လုပ်ဆောင်ပြီးရင် ကျောင်းအသီးသီးကို ထုတ်ပေးသွားမှာပါ"

"ဟုတ်ပြီကွ"

ကျန်းနန်သိပ္ပံနှင့်နည်းပညာတက္ကသိုလ်ကျောင်းဝင်းထဲမှ မိုးခြိမ်းအလား ကြောက်မက်ဖွယ်ကောင်းသော အောင်ပွဲခံသံများ ထွက်ပေါ်လာသည်။

သူတို့၏သာမန်တက္ကသိုလ်လေးက တစ်နေ့မှာ ယန်ကျင်းတက္ကသိုလ်နှင့် ချင်းပေ့တက္ကသိုလ်ကဲ့သို့သော တက္ကသိုလ်များနှင့် ပခုံးချင်းယှဉ်နိုင်လိမ့်မည်ဟု လုံးဝထင်မထားပေ။

"ရမှတ်တွေကို မြှင့်ကြဟေ့။ နောက်နှစ်အတွက် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲအမှတ်တွေကို မြှင့်ရမယ်"

"သေစမ်း။ နှစ်ရက်အတွင်း ငါ့ဘော့စ်ကို ကန်ထုတ်လိုက်တော့မယ်။ သောက်ကျိုးနည်း.. သူက ငါတို့ကျန်းနန်သိပ္ပံနဲ့နည်းပညာတက္ကသိုလ်က သာမန်ပထမအဆင့်တက္ကသိုလ်တစ်ခုပါဆိုပြီး အမြဲလှောင်ပြောင်ခဲ့တာ။ အခု ဘယ်သူက ငါတို့ကို တတိယအဆင့်လစာလောက်ပဲ ပေးရဲမလဲဆိုတာ ကြည့်ချင်သေးတယ်"

"အောင်မြင်နိုင်ခြေတစ်ရာရာခိုင်နှုန်းရှိပါတယ်လို့ ဘယ်သူကမှ မပြောရဲခဲ့တဲ့ ခွဲစိတ်မှုမျိုးကို ဉာဏ်ရည်တုနဲ့လုပ်ဆောင်ခဲ့တာနော်။ အရမ်းအံ့ဩဖို့ကောင်းတာပဲ"

"အံ့ဩဖို့ကောင်းတာထက်တောင် ပိုသေးတယ်။ ဥက္ကဋ္ဌကျန်းက ဒီဉာဏ်ရည်တုနဲ့ပဲ သီချင်းနားထောင်ပြီး ဇာတ်လမ်းလည်းကြည့်ရင်း နို့လက်ဖက်ရည်တောင် မှာသောက်လိုက်သေးတာ။ သူက နည်းနည်းလေးတောင် စိတ်လှုပ်ရှားမနေဘူး။ အဲဒါက အကြမ်းဆုံးပဲ"

"မုန့်လောင်.. ငါတို့ မင်းကို တော်တော်ကျေးဇူးကြွေးတင်သွားပြီ"

ဟန်ကျင်းယွီက စာရွက်စာတမ်းများကိုကြည့်ရင်း မျက်ရည်လည်ရွှဲဖြင့် ဆိုလာလေသည်။

"ကိစ္စမရှိပါဘူး။ အစတုန်းက ကျွန်တော်လည်း ထိပ်ဆုံးသုံးနေရာကိုပဲ ဝင်ချင်ခဲ့တာ"

ကျန်းမုန့်လောင်ကား ခေါင်းတခါခါ။

"တော်ဝင်ပညာရှင်ကောရဲ့ကိစ္စသာ မဖြစ်ခဲ့ဘူးဆိုရင် ကျွန်တော်လည်း အာ့ကုန်းဇီကို ခွဲစိတ်မှုစွမ်းရည်တွေ ထုတ်ပြခိုင်းမိမှာမဟုတ်ဘူး။ သိုသိုသိပ်သိပ်လေး နေချင်ခဲ့ပေမဲ့ စွမ်းအားက ခွင့်မပြုဘူးလေ"

"ဂျူနီယာညီလေး.. လူလိုပြောစမ်းပါလို့ ကျေးဇူးပြုပြီး.."

"ဂျူနီယာညီလေး မင်းက တက္ကသိုလ်တွေအများကြီးကို အရှက်ကွဲအောင် လုပ်ခဲ့တာနော်"

"ဟုတ်ပါ့။ ဂုဏ်သတင်းကြီးမားတဲ့ အဲဒီကျောင်းတွေအကုန်လုံးကို မင်းက မီဒီယာတွေရှေ့မှာ အနိုင်ပိုင်းပြလိုက်တာ။ သူတို့တော့ တော်တော်ရှက်သွားမှာပဲ"

...

"ဆရာဟန်.. ကျွန်တော်တို့ကျောင်းက အခုဆိုရင် ဂုဏ်ပုဒ်တွေအများကြီး ရထားပြီဆိုပေမဲ့ ကျွန်တော်တို့ကျောင်းရဲ့အုတ်မြစ်က မခိုင်မာသေးဘူး။ လူတစ်ယောက်တည်းကိုပဲ မှီခိုနေလို့မဖြစ်ဘူး"

"ဟုတ်တယ်"

ဟန်ကျင်းယွီ သက်ပြင်းချလိုက်မိသည်။ ကျန်းနန်သိပ္ပံနှင့်နည်းပညာတက္ကသိုလ်က လက်ရှိအချိန်တွင် အာရုံစိုက်ခံနေရပါသော်ငြား ဤသည်မှာ ကျန်းမုန့်လောင်ကြောင့်သာဖြစ်ကြောင်း သူ ကောင်းကောင်းသိသည်။ အကယ်၍ တစ်နေ့နေ့မှာ သူ ကျောင်းပြီးသွားပါက ဤဂုဏ်သရေများကို ပြန်ရနိုင်တော့မည်မဟုတ်ချေ။

"ဒီလိုလုပ်ရင်ရော.. ဆရာဟန် ကျွန်တော်တို့ကျောင်းမှာ လစ်လပ်နေတဲ့ ပါမောက္ခရာထူးများ ရှိလား"

"အင်း..အစကတော့ မရှိဘူး။ ဒါပေမဲ့ ငါတို့ကျောင်းက အခု သိပ္ပံသုတေသနရှေ့ဆောင်တက္ကသိုလ်ဖြစ်သွားပြီဆိုတော့ ဒီနှစ် နေရာ၁၂နေရာလောက် ထပ်ခေါ်သင့်တယ်။ မင်း ဘယ်လိုထင်…"

"ကျွန်တော့်မှာ မိတ်ဆွေတချို့ရှိတယ်။ သူတို့က သုတေသနနယ်ပယ်အသီးသီးမှာ စွမ်းဆောင်ရည်ရှိကြတယ်။ ကျွန်တော်တို့ကျောင်းရဲ့ သုတေသနလုပ်ငန်းတွေကို သူတို့ကူညီပေးနိုင်လိမ့်မယ်လို့ထင်တာပဲ"

"မင်းမှာ အဲဒီလိုမိတ်ဆွေမျိုးရှိတာလား"

ဟန်ကျင်းယွီခမျာ အတန်ငယ်အံ့ဩသွားလေသည်။

"သူတို့ရဲ့သုတေသနအဆင့်က ဘယ်လောက်ကောင်းလဲ"

"သာမန်ပါပဲ။ လပိုင်းလောက် အချိန်ဖြုန်းလိုက်တာနဲ့ နိုဘယ်ဆုတစ်ခုလောက်ယူဖို့တော့ လုံလောက်ပါတယ်"

ကျန်းမုန့်လောင်က ပြောလိုက်သည်။

"ဒါပေမဲ့ သူတို့ကို ဌာနတစ်ခုချင်းစီမှာ ခွဲထားလိုက်တာကတော့ အကောင်းဆုံးပဲ။ မဟုတ်ရင် သူတို့အချင်းချင်း ပြိုင်ဆိုင်နေကြရင် တကယ်ကိုးရိုးကားရားဖြစ်သွားလိမ့်မယ်"

အချင်းချင်းပြိုင်ဆိုင်မှုကို လူတိုင်း ကြားဖူးကြသည်။ ဥပမာပေးရလျှင် ယခင်တုန်းက သာမန်ဘွဲ့ကြိုကျောင်းသားတစ်ယောက်က အစိုးရဝန်ထမ်းအဖြစ် လျှောက်ထားနိုင်ခဲ့ပါသော်ငြား ယခုမူ ထိုအစိုးရဝန်ထမ်းရာထူးများမှာ ယန်ကျင်းတက္ကသိုလ်နှင့် ချင်းပေ့တက္ကသိုလ်ကဲ့သို့‌သော တက္ကသိုလ်မှ ဆင်းလာသော ဘွဲ့ရများအတွက်ပင်။ ဤသည်ကို အချင်းချင်းပြိုင်ဆိုင်မှုဟု‌ ခေါ်၏။

သို့သော် နိုဘယ်ဆုအတွက် အချင်းချင်းပြိုင်ဆိုင်ကြခြင်းကို ကြားဖူးလေရဲ့လား။ ဤလူတစ်သိုက်က နိုဘယ်ဆုအတွက် ယှဉ်ပြိုင်ချင်စိတ်ဖြစ်လောက်အောင် မည်မျှအထိ အံ့မခန်းတော်နေကြသလဲ။

"မင်းပြောတဲ့ အဲဒီမိတ်ဆွေတွေက မင်းတော့မဟုတ်ဘူးမလား"

ကမ္ဘာပေါ်တွင် ကျန်းမုန့်လောင်တစ်ယောက်ရှိနေရုံဖြင့် ထူးခြားဆန်းကြယ်လှပြီဟု ဟန်ကျင်းယွီ ခံစားမိသည်။ ထိုကဲ့သို့သောလူများ ပိုများလာပါက သူ့နှလုံးသားလည်း ခံနိုင်ရည်ရှိတော့မည်မဟုတ်။

"ကျွန်တော် လုပ်ကြံပြီးပြောနေတာမဟုတ်ဘူး။ မနက်ဖြန် ဆရာအားရင် ကျွန်တော် ဆရာနဲ့တွေ့ဖို့ သူတို့ကိုခေါ်လာခဲ့လိုက်မယ်"

"ရတယ်လေ။ မနက်ဖြန် ငါ မင်းတို့ကိုစောင့်နေမယ်"

...

ထူးရှယ်နတ်ဘုရားကျောင်းတော်၌..

ရှောင်တန့်ကျား : "ဆရာယောင်.. မြန်မြန်လုပ် ကျွန်တော့်ဘာဘီကျူးက အဆင်သင့်ဖြစ်နေပြီ။ မီးလာမွှေးလှည့်"

ယောင်ချန်း : "လာပြီ။ လာပြီ။ ခဏနေရင် ငါတို့ အစာမကြေဖြစ်မှာစိုးလို့ အစာကြေဆေးနည်းနည်းလောက် ဖော်စပ်နေတာ"

ဟာချီရှင်းထိုက်ချိ : "မင်းတို့တွေ လွန်သွားပြီနော်။ တာရာနိုမွန်က ငါ့ရဲ့အရေးအပါဆုံးလက်တွဲဖော်လေ။ မင်းတို့ သူ့အသားကို ကင်စားလိုက်လို့ ဘယ်ဖြစ်မလဲ"

ဆရာများအားလုံး : "ဘယ်လိုပဲဖြစ်ဖြစ် ဒီမှာ ဘယ်သူမှမသေနိုင်ဘူးလေ။ အသားတစ်ပိုင်းလောက်ကတော့ ပြန်ပြည့်သွားမှာပါ။ ကပ်စေးမနည်းစမ်းပါနဲ့"

...

အိုင်းစတိုင်း : "နယူတန်.. ဒီဂန်ဒမ်ကိုဖြုတ်ဖို့ ငါ့ကိုလာကူပါဦး။ ငါ ဒီအမြှောက်ပျံကို ဘယ်လိုထိန်းချုပ်ထားလဲဆိုတာ လေ့လာချင်လို့"

နယူတန် : "ငါ့ဝက်အူလှည့်က ဘယ်ရောက်နေတာလဲ"

အာမူရို : "ငါ့ဂန်ဒမ်ကို မထိနဲ့"

...

ဝူရှင်းယွင် : "ရှုံးပါ့.. ငါ ဒီရက်ပိုင်း ယောင်ချန်းဆီက အလုံးစုံဖြိုခွင်းခြင်းရှစ်ပါးကို သင်ထားတယ်။ အဲဒါကြောင့် မင်းနဲ့ ခေါင်းဆောင်ရာထူးလုဖို့ ပြိုင်ချင်တယ်"

ရှုံးပါ့ : "ဟားဟားဟား..စုန်းအိုကြီး.. ငါက ယွမ်တစ်ကျော့ပြန်သိုင်းတစ်ခုတည်းကိုပဲ တတ်တယ်လို့ ထင်နေတာလား။ ဆရာအူချီဟာအီတာ့ချီဆီက ကောင်းကင်ဘုံနတ်ဘုရားသိုင်းကို ငါတတ်မြောက်ထားပြီကွ"

ကျောင်းသားများ : "ချကြဟေ့! သူ့ကို ချပစ်!"

ကောင်းကျန့်ချွန်း : "မင်းတို့တွေအားလုံး တိတ်တိတ်နေကြစမ်း။ မင်းတို့ ကျောင်းစည်းကမ်းကို မလေးစားကြဘူးလား။ အရှေ့မုခ်ဝက မင်းတို့လို ပါရမီရှင်တွေကို အလိုရှိတယ်တဲ့"

...

"သောက်ကျိုးနည်း.. ဒီလူတွေက လူသားတွေရောဟုတ်ရဲ့လား"

ပရမ်းပတာဖြစ်နေသော ထူးရှယ်နတ်ဘုရားကျောင်းတော်ကိုကြည့်ရင်း ကျန်းမု်န့လောင်ခမျာ ဆွံ့အသွားလေသည်။ ဆရာများက သူတို့၏နတ်ဘုရားစွမ်းရည်များကြောင့် ရူးသွပ်နေကြရုံသာမက ကျောင်းသားများကပါ စကားစစ်ထိုးပွဲထဲသို့ ဝင်ပါနေကြသည်။

"မဆူကြနဲ့တော့။ ကျောင်းသားတွေအားလုံး ဒီမှာစုကြ"

ကျန်းမုန့်လောင် အော်လိုက်သည်။

တစ်ကျောင်းလုံး ချက်ချင်း တိတ်ဆိတ်သွားကြသည်။ ထိုဆရာများက ကောင်းကင်ဘုံကိုရော ကမ္ဘာမြေကိုပါ မကြောက်ကြသော်ငြား ကျန်းမုန့်လောင်ကိုတော့ ကြောက်ကြသည်။

"ကျောင်းအုပ်ကြီး"

ထူးရှယ်နတ်ဘုရားကျောင်းတော်မှ ကျောင်းသားများအားလုံးက သူ့အနားသို့ ဝိုင်းလာကြသည်။

"ဘာလိုအပ်လို့လဲ"

ထူးရှယ်နတ်ဘုရားကျောင်းတော်ထဲရှိ ကျောင်းသားအရေအတွက်မှာ တိုးသည်ထက်တိုးလာလေသည်။ ပြီးခဲ့သည့်တစ်ခေါက်တုန်းက ကျန်းမုန့်လောင် လူတစ်စုကို‌ ခေါ်လာပြီးနောက် ကျောင်းသားဟောင်းများက ကျောင်းသားသစ်များကို စောင့်ကြည့်လေလာသည့်နည်းလမ်းဖြင့် အလားအလာရှိသော လူသစ်အများအပြားကို ဆက်လက်ခန့်အပ်ခဲ့ကြသည်။ ယခုဆိုလျှင် ကျောင်းသားအရေအတွက်က တစ်ရာကျော်နေလေပြီ။

"မင်းတို့တွေထဲက ဘယ်သူက ဆရာနယူတန်တို့ ဆရာအိုင်းစတိုင်းတို့ ဆရာဂါလီလီယိုတို့ဆီက ပညာသင်ထားကြလဲ"

လူအုပ်ကြီးထဲမှ မိန်းကလေးနှင့် ယောကျ်ားလေး အယောက်နှစ်ဆယ်က ရှေ့ထွက်လာကြသည်။ သူတို့က သာမန်အားဖြင့် တည်ငြိမ်အေးဆေးသူများဖြစ်ကြပြီး တိုက်ခိုက်ခြင်းနှင့် သတ်ဖြတ်ခြင်းကိုလည်း စိတ်မဝင်စားကြပေ။ ထို့ကြောင့် သဘာဝသိပ္ပံ၊ ဆေးပညာနှင့် အနုပညာပိုင်းဆိုင်ရာအတန်းများကိုသာ ရွေးချယ်ခဲ့ကြသည်။

"မနက်ဖြန်ကျရင် မင်းတို့ ငါနဲ့အတူ ကျန်းနန်သိပ္ပံနဲ့နည်းပညာတက္ကသိုလ်ကို လိုက်ခဲ့ကြ။ ဂုဏ်ထူးဆောင်ပါမောက္ခဘွဲ့ကို ခဏယူပြီး တစ်ပတ်မှာ တစ်ရက်နှစ်ရက်လောက် အချိန်ပေးပြီး သူတို့ကျောင်းက ဆရာတွေရဲ့သိပ္ပံသုတေသနကို ကြီးကြပ်ပေးလိုက်။ ဒီည မင်းတို့ရဲ့သုတေသနရလဒ်တွေကို ပြင်ဆင်ထားကြ။ မနက်ဖြန်ကျရင် ငါနဲ့အတူ ကြွားလုံးထုတ်ဖို့ လိုက်ခဲ့ကြ"

...

"ဒီလူတွေက မင်းပြောတဲ့ ပညာရှင်မိတ်ဆွေတွေလား"

ဟန်ကျင်းယွီက ကျန်းမုန့်လောင်ဘေးရှိ လူငယ်အယောက်နှစ်ဆယ်ခန့်ကို တအံ့တဩကြည့်လိုက်မိသည်။ ဤလူငယ်များထဲတွင် တစ်ဝက်က အမျိုးသားများဖြစ်ပြီး ကျန်တစ်ဝက်ကတော့ အမျိုးသမီးများပင်။ အများစုက အသက်နှစ်ဆယ်စွန်းစွန်းရှိပြီး ပိုငယ်သူတစ်ယောက်က ဆယ်သုံးနှစ်မှ ဆယ့်ငါးနှစ်အတွင်းသာ ရှိ၏။

ဤအသက်အရွယ်မျှဖြင့် ဤလူတစ်သိုက်က လအနည်းငယ်အတွင်း နိုဘယ်ဆုကို အလွယ်တကူဆွတ်ခူးနိုင်သည်ဟု ကျန်းမုန့်လောင်က ပြောနေချေသည်။ ထိုစကားကို မည်သူက ယုံနိုင်မည်နည်း။

တူရာတူရာစုသည့် သဘောလေလား။ နိုဘယ်ဆုရှင်က အခြားနိုဘယ်ဆုရှင်များနှင့် ပေါင်းသင်းနေခြင်းမျိုးလား။

"ဟုတ်ပါတယ်။ သူတို့ပါပဲ"

ကျန်းမုန့်လောင်က ပြော၏။

"ဒါပေမဲ့ ပုံမှန်ဆိုရင် သူတို့တွေက အရမ်းအလုပ်များတာ။ ကျွန်တော်တို့ကျောင်းက ဆရာတွေကို လမ်းညွှန်ပေးဖို့မတွက် တစ်ပတ်ကို အများဆုံးနှစ်ရက်လောက်ပဲ အချိန်ပေးနိုင်မှာ။ သူတို့ကို ဂုဏ်ထူး​ဆောင်ပါမောက္ခရာထူး ပေးထားလိုက်ပါ"

"ဒါပေမဲ့ သူတို့က..."

ဟန်ကျင်းယွီမှာ ကြံရာမရဖြစ်နေဟန်ပင်။

"မုန့်လောင်.. ငါ မင်းကိုမယုံတာ​တော့ မဟုတ်ပေမဲ့ သူတို့က တော်တော်ငယ်သေးတယ်လေ။ ငါယုံတယ်ဆိုရင်တောင် ဒီအကြောင်း တက္ကသိုလ်ကိုတင်ပြတဲ့အခါ ဥက္ကဋ္ဌက ယုံမှာမဟုတ်ဘူး"

"ဆရာစိုးရိမ်နေတာကို ကျွန်တော် နားလည်ပါတယ်"

ကျန်းမုန့်လောင် ပြုံးလိုက်မိသည်။

"မစ္စတာဟန်က ငါတို့ကိုစမ်းသပ်နေတယ်ဟေ့။ အားလုံးပဲ..မစ္စတာဟန်ကို မင်းတို့ရဲ့သုတေသနရလဒ်တွေ ပြလိုက်ကြ"

သိပ်မသွက်သော လူငယ်လေးတစ်ယောက်က ရှေ့ထွက်လာပြီး ဟန်ကျင်းယွီအား သုတေသနစာတမ်းတစ်စောင်ကို ပေးလိုက်၏။

"မစ္စတာဟန်.. ကျွန်တော့်သုတေသနက လူသားမျိုးရိုးဗီဇဖွံ့ဖြိုးတိုးတက်မှုကို အ​ထူးပြုထားတာပါ။ လူသားဒီအန်အေထဲက ရောဂါဖြစ်ပွားစေနိုင်တဲ့ဗီဇတွေကို ကျွန်တော် ဖယ်ရှားပေးနိုင်ပါတယ်။ အဲဒီလိုဆိုရင် သီအိုရီအရ ပြီးပြည့်စုံတဲ့လူသားတွေ ဖြစ်လာနိုင်ပါတယ်"

"မျိုးရိုးဗီဇမြှင့်တင်ရေးနယ်ပယ်လား"

ဟန်ကျင်းယွီလည်း ထိုစာတမ်းကို သာမန်ကာလျှံကာ လှန်လှောကြည့်လိုက်သည်။ ထိုအထဲတွင် ဖော်မြူလာများနှင့် လိုအပ်တာထက်ပိုသော အယူအဆများ ပါဝင်နေလေရာ သူ့နားလည်နိုင်စွမ်းကို ကျော်လွန်နေချေသည်။

"မင်း..ဒီနှစ် မင်း အသက်ဘယ်လောက်ရှိပြီလဲ"

"သုံးရက်နေရင် ၁၄နှစ်ပြည့်မှာပါ"

ထိုကောင်လေးက အပြစ်ကင်းစင်စွာ ပြန်ဖြေရှာသည်။

"မစ္စတာဟန်.. ကျွန်မရဲ့သုတေသနနယ်ပယ်က ပလာစမာလက်နက်တွေပါ။ ကျွန်မက ဒီနှစ် ၁၆နှစ်ပြည့်ပါပြီ"

"ဒါက လူသားတွေအတွက် ALSကုသမှုနဲ့ပတ်သက်တဲ့ သူတေသနပါ။ လက်ရှိသီအိုရီဒေတာတွေအရတော့ ကုသလို့ရပါတယ်။ ကျွန်တော်က ၂၁နှစ်ပါ"

...

"ငါ..."

ဟန်ကျင်းယွီ၏မျက်နှာကား ဖြူဖျော့သွားချေသည်။

"ငါ့ကိုယ်ငါ အသုံးမကျတဲ့ အလေအလွင့်တစ်ယောက်လိုတောင် ထင်မိတယ်..."

********************

All Chapters