ဗီလိန်များအားလုံး
Vol. 36 Ch. 532
ထိုစာတမ်းများ၏ အရည်အသွေးကို အတည်ပြုရန်အတွက် ဟန်ကျင်းယွီက သူနှင့်ခင်မင်ရင်းနှီးသော ပါမောက္ခတချို့ကို စာတမ်းပါအကြောင်းအရာတချို့ကို အကဲဖြတ်ရန် တိတ်တဆိတ်မေးမြန်းလိုက်သည်။ ရလဒ်ကား အံ့သြဖို့ကောင်းလှသည်။ ထိုပါမောက္ခများအားလုံးက ဤစာတမ်းရလဒ်များကို သူ ဘယ်ကရလာခဲ့သလဲဟုသာ ဆက်တိုက်မေးနေကြသည်။
ထိုအချိန်မှာပင် ကျန်းမုန့်လောင်၏မိတ်ဆွေများက အမှန်တကယ်အရည်အချင်းရှိကြောင်း ဟန်ကျင်းယွီ ယုံကြည်သွားသည်။ အသက်ငါးဆယ်ခြောက်ဆယ် သို့မဟုတ် ခုနစ်ဆယ်ရှစ်ဆယ်အရွယ်ရှိသော ပါမောက္ခများမှာ ဤလူငယ်လေးများရှေ့တွင် မသိနားမလည်သော ကလေးများနှယ် ဖြစ်နေလေသည်။
ဟန်ကျင်းယွီ၏ စေ့စေ့စပ်စပ်စစ်ဆေးမှုကို ကျော်ဖြတ်ပြီးနောက် လုပ်ရိုးလုပ်စဉ်များသာ ကျန်တော့သည်။ ထို့နောက် သူတို့အားလုံးကို ကျန်းနန်သိပ္ပံနှင့်နည်းပညာတက္ကသိုလ်တွင် ဂုဏ်ထူးဆောင်ပါမောက္ခရာထူးပေးလိုက်သော်ငြား သူတို့၏တာဝန်က ကျောင်းသားများကို သင်ကြားပေးဖို့ မဟုတ်ပါဘဲ ကျောင်းရှိ ပါမောက္ခများကို လမ်းညွှန်ပေးရန်သာ။
စက်တင်ဘာလနှောင်းပိုင်း၏ အေးမြသောလေပြည်က လအဆုံးပိုင်းကို ရောက်လာပြီဖြစ်ကြောင်း အချက်ပြနေပေသည်။ ကျန်းမုန့်လောင်ကတော့ ဟန်ကျင်းယွီပေးအပ်ထားသောတာဝန်ကို ထမ်းဆောင်ပြီးစီးသွားပြီဖြစ်လေရာ လုံးဝအားလပ်နေပြီဖြစ်၏။ နောက်သုံးနှစ်အတွက် သူ့အစီအစဉ်ကတော့ ဘဝကို ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းပြီး ဒီပလိုမာရမည့်အချိန်ကို စောင့်ဆိုင်းရန်ပင်။
ဒေါက်တာဘွဲ့ဆက်ယူရန် စဉ်းစားနိုင်သော်လည်း လက်ရှိရထားသော အောင်မြင်မှုများဖြင့်ဆိုလျှင် သူသည် ပါမောက္ခရာထူးအတွက်ပင် အရည်အချင်းပြည့်မီနေလေပြီ။ ဒေါက်တာဘွဲ့ယူခြင်းမှာ လုပ်ရိုးလုပ်စဉ်တစ်ခုထက် မပိုချေ။
"အာ..ကြွားလုံးမထုတ်ရတဲ့နေ့တွေက နှင်းပွင့်တွေလို အထီးကျန်လိုက်တာ"
ကျန်းမုန့်လောင်ခမျာ ဗီလာအပြင်ဘက်ရှိ ရှုခင်းကိုကြည့်ရင်း သက်ပြင်းချလိုက်မိသည်။
သူ အားလပ်နေပါသော်ငြား လုရီယောင်ကတော့ အတန်းတက်ရဆဲသာ။ သူ(မ) အတန်းသွားတက်သည့်အချိန်များတွင် ကျန်းမုန့်လောင်က တစ်ယောက်တည်းအပန်းဖြေရသည်။ ပုံမှန်အားဖြင့်တော့ ဂိမ်းကစားခြင်း သို့မဟုတ် ဝမ်လင်တို့နှင့် သီချင်းဆိုခြင်းဖြင့် အပန်းဖြေလေ့ရှိ၏။ ဤသည်မှာ သိပ်တော့ပျော်စရာမကောင်းပေ။
သို့သော် တစ်နေ့တွင် ကျန်းမုန့်လောင်ထံသို့ အကြီးအကဲကျိုးက ဖုန်းခေါ်လာသည်။ သူသည် ပုံမှန်ဆိုလျှင် အကြောင်းကြားပြီးမှ ပေါ်လာတတ်သော်လည်း ဆိုင်းမဆင့်ဘုံမဆင့်ပေါ်လာတတ်သည်မှာ ရှားပါးလှ၏။ ဤတစ်ခေါက်တွင် ဘာကိစ္စများပေါ်သလဲဟု သူတွေးမိသည်။
"အကြီးအကဲကျိုး..ဘာကိစ္စရှိလို့လဲ။ ရက်နည်းနည်းလောက်မတွေ့ရတာနဲ့ ကျွန်တော့်ကိုလွမ်းနေပြီလား"
ကျန်းမုန့်လောင်က မေးလိုက်၏။
"ချီးကိုလွမ်းရမှာလား"
အကြီးအကဲကျိုးက ဆိုလာသည်။
"ငါ့မှာ မင်းကို ပြောစရာနှစ်ခုရှိတယ်။ ပထမတစ်ခုက တလောတုန်းက မင်း လောင်ကောကို ကယ်တင်ပေးခဲ့တဲ့အတွက် အထက်လူကြီးတွေက မင်းကို တော်တော်ချီးကျူးနေကြတယ်။ ဆက်ကြိုးစားထား"
"ဒါက ကြုံတုန်းကြုံခိုက်မို့ ကူညီပေးလိုက်တာပါ"
ကျန်းမုန့်လောင်ကလည်း ခွန်းတုံ့ပြန်လိုက်သည်။
"ဒုတိယတစ်ခုကရော"
"ဒုတိယကိစ္စက စိတ်ဝင်စားဖို့ကောင်းတယ်။ မင်းစိတ်ဝင်စားလားဆိုတာပဲ အရေးကြီးတာ"
"ပြောပါတော့။ ကျွန်တော့်ကို မျှော်တလင့်လင့်ဖြစ်အောင် မလုပ်ပါနဲ့"
ကျန်းမုန့်လောင်လည်း လောဆော်လိုက်သည်။
"မနက်ဖြန်ကျရင် ငါတို့ရဲ့အိမ်နီးချင်း ကိုင်ဘွန်နိုင်ငံနဲ့ ချင်းချိုးနိုင်ငံတွေက ပူးပေါင်းစစ်ရေးပြအခမ်းအနား ကျင်းပကြမှာ။ အဲဒါကြောင့် သမိုင်းဝင်ချစ်ကြည်ရေးအခမ်းအနားအဖြစ် သတ်မှတ်ခံထားရတယ်"
"သြော်?"
ကျန်းမုန့်လောင်လည်း ချက်ချင်းဆိုသလို ပြုံးလိုက်မိသည်။
"အဲဒီနှစ်နိုင်ငံက အမြဲရန်စောင်နေကြတာမဟုတ်ဘူးလား။ သူတို့ရဲ့ သမိုင်းဝင်ရန်ငြိုးရန်စက တော်တော်နက်နဲတာ။ စစ်ဖြစ်တယ်ဆိုတာကမှ အဓိပ္ပာယ်ရှိသေးတယ်"
"မင်းက ဒီလောက်ဉာဏ်ပြေးမှတော့ ခန့်မှန်းမိလောက်ရောပေါ့"
"ခန့်မှန်းကြည့်ရအောင်..ဒီကိစ္စရဲ့နောက်မှာ ရုရှားနိုင်ငံရှိနေတယ်မလား"
"တည့်ထိတာပဲ"
အကြီးအကဲကျိုးက မှတ်ချက်ပေးလိုက်သည်။
"ငါတို့ဟွာရှားနိုင်ငံက သင်္ချာပုစ္ဆာတွေကို ဖြေရှင်းနိုင်ခဲ့တဲ့အပြင် ရူပဗေဒနိုဘယ်ဆုကိုပါ ရထားပြီး ချစ်ပ်ပြားလုပ်ငန်းနယ်ပယ်မှာ အောင်မြင်မှုအကြီးစားရထားတယ်လေ။ ရက်ပိုင်းအတွင်း ငါတို့ရဲ့အမျိုးသားနေ့ရောက်တော့မှာ။ စစ်ရေးပြအခမ်းအနားလည်း ကျင်းပရမယ်"
"ဒီတော့ သူတို့က သူတို့ရဲ့စစ်ရေးပြအခမ်းအနားကို ကျွန်တော်တို့ထက်အရင် ပြချင်နေတာပေါ့"
ကျန်းမုန့်လောင် တဟားဟားအော်ရယ်လိုက်မိသည်။
"ကျွန်တော်တို့ရဲ့ လက်ရှိစစ်လက်နက်တွေက သူတို့လောက် မကောင်းဘူးဆိုရင်တော့ တော်တော်အရှက်ကွဲမှာ။ ဒါပေမဲ့ ကြည့်ရတာတော့ သူတို့ အတွက်မှားသွားပုံပဲ"
"ဟုတ်တယ်"
အကြီးအကဲကျိုးက ရုတ်တရက်ရယ်လိုက်သည်။
"မင်း ငါတို့ကိုပေးထားတဲ့ အံ့ဖွယ်ကောင်းတဲ့အရာတွေကို သူတို့ နှစ်တစ်သန်းလောက်စဉ်းစားရင်တောင် သိမှာမဟုတ်ဘူး"
"သုတေသနနဲ့ ထုတ်လုပ်မှုက ဘယ်လိုအခြေအနေရှိလဲ"
"ဘာကိုသုတေသနနဲ့ထုတ်လုပ်မှုလဲ"
အကြီးအကဲကျိုးက လက်တွေ့ကျကျ ဆိုလာလေသည်။
"မင်းက ငါတို့အတွက် ဖွံ့ဖြိုးတိုးတက်ရေးကို လုပ်ပေးပြီးပြီလေ။ တကယ်လို့ သူတို့သာ ဒီဇိုင်းနဲ့သီအိုရီလောက်တောင် မလုပ်နိုင်ဘူးဆိုရင် တော်တော်အသုံးမကျလို့ပဲ။ အခုလောက်ဆိုရင် ပုံကြမ်းတချို့တောင် ပြီးနေပြီ။ အရေအတွက်ကတော့ မများသေးပေမဲ့ သရုပ်ပြဖို့အတွက်တော့ လုံလောက်ပါတယ်"
"ဘယ်ဟာလဲ"
"ဆဋ္ဌမမျိုးဆက်တိုက်လေယာဉ်သုံးခုက ပြီးသွားပြီ။ ထူးခြားတဲ့ဉာဏ်ရည်တုကို တပ်ဆင်ထားတဲ့အပြင် ဆွဲငင်အားမဲ့အင်ဂျင်နဲ့ ထိန်းချုပ်နိုင်တဲ့ နယူကလီးယားပေါင်းစပ်စွမ်းအင်တုံ့ပြန်စက်ကိုလည်း ထည့်သွင်းထားတယ်။ ပြီးတော့ စက်ယန္တရားအမှုန်အမြောက်ကိုလည်း တပ်ထားတယ်။ တလောတုန်းကပဲ ငါတို့ ဆွဲငင်အားသေနတ်ကိုတပ်ဆင်ထားတဲ့ ဗျူဟာမြောက်ဂြိုဟ်တုတစ်ခုကို တပ်ဆင်ထားတယ်။ သီအိုရီအရဆိုရင် ကမ္ဘာပေါ်က ဘယ်နေရာကိုမဆို ဗျူဟာမြောက်ပစ်ချက်တွေ အချိန်မရွေး ပစ်ချနိုင်တယ်"
"မိုက်လိုက်တာ။ မြန်သားပဲ"
အစတုန်းကတော့ လအနည်းငယ်အတွင်း ဆဋ္ဌမမြောက်တိုက်လေယာဉ်တစ်စင်းတည်းကိုသာ ထုတ်လုပ်နိုင်လိမ့်မည်ဟု ကျန်းမုန့်လောင် ထင်ထားမိသည်။ ထို့ကြောင့် ဤမျှအများကြီးထုတ်လုပ်ပြီးပြီဟု သိလိုက်ရသောအခါ အလွန်အံ့သြသွားရသည်။
"ဒါပေမဲ့ တော်ဝင်ပညာရှင်တချို့ကတော့ တော်တော်ပင်ပန်းသွားတယ်။ သူတို့က သူတို့အလုပ်ကို တော်တော်စိတ်အားထက်သန်တာ။ ဒါတွေအားလုံးက မင်းရဲ့ကျေးဇူးကြောင့်ပါပဲကွာ"
"ကျွန်တော့်ကို ဘယ်လိုလုပ်ပြီး အပြစ်တင်ရက်ရတာလဲ"
ကျန်းမုန့်လောင်ခမျာ စွပ်စွဲခံလိုက်ရလေဟန်ဖြင့် ပြောလိုက်၏။
"အလွန်ဆုံးရှိလှ ပြီးခဲ့တဲ့တစ်ခေါက်တုန်းက ဆရာသောက်ခဲ့တဲ့ တိုက်ခိုက်ရေးစိတ်ဝိညာဉ်ဆေးလုံးနည်းနည်းလောက် ထပ်ပေးရရုံပေါ့"
"ဟီးဟီးဟီး.. မင်းကိုယ်တိုင်ပြောတာနော်။ ငါ အတင်းလုပ်ခိုင်းတာမဟုတ်ဘူး"
"ဒါပေမဲ့ အကြီးအကဲကျိုး ဒုတိယကိစ္စက ဘာလဲဆိုတာ မပြောရသေးဘူးနော်"
"မင်းကတော့ ယုံချင်မှယုံလိမ့်မယ်။ ဒါပေမဲ့ ငါတို့ ဒီစစ်ရေးပြအခမ်းအနားကိုကြည့်ဖို့အတွက် သူတို့ဆီက ဖိတ်စာရထားတယ်။ မင်းစိတ်ဝင်စားလားလို့။ စိတ်ဝင်စားရင် ငါ မင်းကိုခေါ်သွားပေးမယ်"
"စိတ်ဝင်စားတာပေါ့"
ကျန်းမုန့်လောင်လည်း စိတ်လှုပ်ရှားသွားလေသည်။ သူက ထိုလူများကို မည်သို့လှောင်ပြောင်ရမလဲဆိုတာကို တွေးနေခြင်းပင်။ ယခုအချိန်တွင် သူတို့၏အဆင့်အမြင့်ဆုံးလက်နက်များကို ဟွာရှားနိုင်ငံရှေ့မှာ လာကြွားနေခြင်းကား မိကျောင်းမင်းကို ရေခင်းပြနေသည့်အလားပင်။ အဆင့်မြင့်သည်ဟု သူတို့ယူဆထားသောအရာမှာ ဟွာရှားနိုင်ငံအတွက်တော့ ကစားစရာသက်သက်သာ။
"ကောင်းပြီ။ အဆင်သင့်ပြင်ထား။ မနက်ဖြန်ကျရင် ငါ မင်းကို မြို့တော်လေဆိပ်မှာ စောင့်နေမယ်။ မင်းမှာ ကိုယ်ပိုင်လေယာဉ်ရှိတယ်ဆိုတော့ မင်းကို လာမကြိုခိုင်းတော့ဘူးနော်"
"နားလည်ပါပြီ။ ကျွန်တော် အချိန်မီလာခဲ့ပါ့မယ်"
...
နောက်တစ်နေ့မနက်တွင် ကျန်းမုန့်လောင်က လေဆိပ်သို့ စောစောရောက်လာသည်။ ခပ်ဝေးဝေးရှိ အကြီးအကဲကျိုးကတော့ သူ့ကို လက်ယမ်းပြနေသည်။
"အကြီးအကဲကျိုး!"
ကျန်းမုန့်လောင်ကလည်း လက်ပြန်ယမ်းပြပြီး ပြေးသွားလိုက်သည်။ သို့သော် အကြီးအကဲကျိုးနှင့်အတူ ရပ်နေသူကို မြင်လိုက်ရချိန်ဝယ် တဒင်္ဂမျှကြက်သေသေသွားသည်။
"ဗိုလ်ချုပ်ရှင်း..."
"အကြီးအကဲကျိုးကိုခေါ်သလို ငါ့ကိုလည်း အကြီးအကဲရှင်းလို့ပဲ ခေါ်ပါကွာ"
ထိုအဘိုးကြီးက ကျန်းမုန့်လောင်အား ကြင်နာစွာ စကားဆိုလာသည်။
"မင်းအကြောင်းတွေ ငါအများကြီးကြားထားတယ်။ ငါတော့ မင်းကို တော်တော်သဘောကျတယ်ကွာ'
ကျန်းမုန့်လောင်၏မျက်နှာကား ချက်ချင်းဆိုသလို နီမြန်းသွားသည်။ ထိုကဲ့သို့ကြီးမြတ်သူတစ်ယောက်၏ သဘောကျခြင်းကိုခံရသည့်အတွက် သူ အနည်းငယ်ရှက်ရွံ့မိသည်။
"မိတ်ဆက်ပေးရဦးမယ်။ ဒါက ဗိုလ်ချုပ်ကျူး၊ ဗိုလ်ချုပ်ရွှီ၊ ဗိုလ်ချုပ်ချင်းတဲ့"
"ငါ ဒီလူငယ်လေးကို သိတယ်"
ဗိုလ်ချုပ်ချင်းက ချင်းဖုန်း၏အဘိုးပင်။
"မင်းရဲ့အံ့ဖွယ်ပြဒါးရှင်လုံးအတွက် ကျေးဇူးပါပဲကွာ။ မင်းကျေးဇူးကြောင့် ဒီအဘိုးကြီးက နောက်ထပ်နှစ်နည်းနည်းလောက် ဆက်နေနိုင်တာ"
"မပြောပလောက်ပါဘူးဗျာ"
ကျန်းမုန့်လောင်က ပြုံးပြုံးလေးပြောလိုက်၏။
ဤနေရာတွင် အရာရှိငယ်အများအပြားရှိ၏။ စုစုပေါင်းအားဖြင့် ဆယ်ယောက်ကျော်ရှိသည်။ လုံခြုံရေးအဖွဲ့နှင့်အတူ ထင်ပေါ်လှသော ဤအုပ်စုကြီးက စစ်ရေးပြအခမ်းအနားကျင်းပရာနေရာသို့ ဦးတည်သွားလိုက်ကြသည်။
"အကြီးအကဲကျိုး..ဒီနေ့ လက်နက်ပညာရှင်တစ်ယောက်လည်း ကျုပ်တို့နဲ့အတူ လိုက်လာမှာဆို။ ဒီကလေးကို ဘာလို့ခေါ်လာတာလဲ။ သူက စစ်သားမဟုတ်ဘူးနော်။ ကျုပ်တို့နဲ့ ဘာလိုက်လုပ်မှာလဲ"
တချို့က ကျန်းမုန့်လောင်ကို သဘောမကျကြချေ။ သူ့ပုံစံက အလွန်အတ္တကြီးပြီး အလွန်မောက်မာသည်။
"ကျုပ်ပြောတဲ့ လက်နက်ပညာရှင်က သူပဲလေ"
အကြီးအကဲကျိုးက ပြုံးတုံ့တုံ့ဖြင့်ပြောကာ ကျန်းမုန့်လောင်ကို လက်ညှိုးထိုးပြလိုက်၏။
"သူလား"
သူတို့၏အကြည့်များက ကျန်းမုန့်လောင်ထံသို့ ရုတ်တရက်ကျရောက်လာသည်။
"သူက လက်နက်ပညာရှင်လား။ အကြီးအကဲကျိုး..လာနောက်နေတာလား။ သူက ရူပဗေဒနဲ့ သင်္ချာမှာ ပါရမီပါတယ်ဆိုတာတော့ ဝန်ခံပါတယ်။ ဒါပေမဲ့ အဲဒါတွေက သီအိုရီပိုင်းပဲရှိတာ။ လက်နက်ဆိုတာက နယ်ပယ်ချင်းမတူဘူး"
"ကျုပ်တို့ အမျိုးသားနေ့အတွက် ပြသဖို့ ပြင်ဆင်ထားတဲ့ ကိရိယာတွေအကုန်လုံးအတွက် သူပဲ ဒေတာတွေ ထောက်ပံ့ပေးထားတာ"
ဤစကားကြောင့် အားလုံး အသံတိတ်သွားကြသည်။ ဤကိစ္စမှာ ကျန်းမုန့်လောင်ကိုကာကွယ်ရန်အတွက် လျှို့ဝှက်ချက်တစ်ခုအဖြစ် အမြဲထိန်းသိမ်းထားခဲ့သည်။
ဤအံ့ဖွယ်အောင်မြင်မှုများ၏ နောက်ကွယ်တွင် မည်သူရှိကြောင်း လူတော်တော်များများက ခန့်မှန်းနေကြသော်ငြား ကျန်းမုန့်လောင်ဖြစ်နေလိမ့်မည်ဟုတော့ မည်သူမှ ထင်မထားကြပေ။
"ကျုပ်တို့ရဲ့ ဆဋ္ဌမမျိုးဆက်တိုက်လေယာဉ်၊ ထိန်းချုပ်နိုင်တဲ့ ပေါင်းစပ်နယူကလီးယားတုံ့ပြန်ကိရိယာနဲ့ အမှုန်အမြောက်တွေက သူထောက်ပေးထားတဲ့ နည်းပညာသတင်းအချက်အလက်တွေကို သုံးထားတာလို့ ပြောချင်တာလား"
"အမှန်ပဲ"
အကြီးအကဲကျိုးက ပြောလိုက်၏။
"အခုရော သူက ကျုပ်တို့နဲ့အတူ လိုက်မလာသင့်ဘူးလို့ ထင်နေတုန်းလား"
"တောင်းပန်ပါတယ် ကောင်လေး..ခုနတုန်းက ငါ့အပြုအမူအတွက် တောင်းပန်ပါတယ်"
အစောကပင် မကျေမနပ်ဖြစ်ပြနေသော ဗိုလ်ချုပ်ရွှီက သူ့အား ချက်ချင်းတောင်းပန်လာလေသည်။
စစ်သားများအနေနှင့် သူတို့ အမြင်ချင်ဆုံးမှာ အမိမြေကြီး အင်အားတောင့်လာခြင်းပင်။ သူတို့အတွက်တော့ နိုင်ငံတော်ကာကွယ်ရေးကို မြှင့်တင်နိုင်ခြင်းမှာ သူတို့၏အောင်ပွဲပင်တည်း။
ကျန်းမုန့်လောင်ထောက်ပံ့ပေးထားသော သတင်းအချက်အလက်များမှာ ဟွာရှားနိုင်ငံ၏ နိုင်ငံတော်ကာကွယ်ရေးကို အဆပေါင်းများစွာမြှင့်တင်ပေးနိုင်ခဲ့သည်။ ထိုကဲ့သို့သော လူတစ်ယောက်က လေးစားထိုက်ပါပေသည်။
"ခင်ဗျားက အရမ်းသဘောကောင်းလွန်းနေပါပြီ"
ကျန်းမုန့်လောင်က ပြုံးတုံ့တုံ့ဖြင့် ပြောလိုက်၏။
"ဒီတစ်ခေါက် ကျွန်တော်တို့သွားမှာက သူများတွေကို လှောင်ပြောင်ဖို့်မဟုတ်ဘူး။ အကြံဉာဏ်လေးနည်းနည်းပေးဖို့နော်။ ဟုတ်တယ်မလား အားလုံးပဲ"
"ဟားဟားဟား! ဟုတ်ပါ့!"
"ဟုတ်တယ်။ သူတို့ကို လမ်းညွှန်ပေးလိုက်ရအောင်"
"သူတို့ရဲ့ခေတ်မီလက်နက်ကိရိယာတွေက အဆင့်ရောမီပါ့မလား"
လျှပ်တစ်ပြက်အတွင်းမှာပင် လူတိုင်းက လှောင်ပြောင်သရော်သူများအဖြစ် ပြောင်းလဲသွားကြသည်။
****************