← Chapters

ကျွန်တော်ကတော့ ဒါကို ပြီးပြည့်စုံတဲ့ဖွံ့ဖြိုးတိုးတက်မှုလို့ သတ်မှတ်တယ်

Vol. 36 Ch. 533

ကျွန်တော်ကတော့ ဒါကို ပြီးပြည့်စုံတဲ့ဖွံ့ဖြိုးတိုးတက်မှုလို့ သတ်မှတ်တယ်

Vol. 36 Ch. 533

စစ်ရေးပြအခမ်းအနားအတွက် ရွေးချယ်ထားသော နယ်မြေမှာ ပစိဖိတ်သမုဒ္ဒရာဖြစ်၏။ မူလတုန်းက တည်နေရာမှာ ကိုင်ဘွန်နိုင်ငံနှင့် နီးလိမ့်မည်ဟု ထင်ထားခဲ့သော်ငြား စစ်ရေးပြအခမ်းအနားကျင်းပရာနေရာမှာ ဟွာရှားနိုင်ငံနားသို့ ကပ်နေချေသည်။

တည်နေရာကား အန္တရာယ်ရှိသော်လည်း မိုင်းတွင်းနားသို့ မရောက်သေးသောကြောင့် ယနေ့အဖို့ စစ်ရေးအင်အားကို ထုတ်ကြွားမည့်အစီအစဉ်အပြင် အခြားရည်ရွယ်ချက်တစ်ခုလည်း ရှိ၏။

"ဒီလူတွေက နေရာကောင်းကို ရွေးတတ်သားပဲ"

မစ္စတာရှင်း၏အမူအရာမှာ အလွန်မကျေမနပ်ဖြစ်သွားလေသည်။

"အင်း…တော်တော်လှမ်းနေသေးတာတော့ ကံကောင်းတယ်။ ကျုပ် ခင်ဗျားကို အာမခံပေးနိုင်ပါတယ်။ သူတို့သာ နယ်စပ်နားကို ကပ်လာရဲရင် ကျုပ်ကလည်း သူတို့ကို သူတို့အမိမြေကို ပြန်ပို့ပေးလိုက်မယ်"

"ဟားဟားဟား ဗိုလ်ချုပ်ချင်း..တအားစိတ်မဆတ်ပါနဲ့ဗျာ"

ကျန်းမုန့်လောင်က ရယ်လိုက်လေသည်။

"သူတို့က ကျွန်တော်တို့နယ်မြေထဲကို ကျော်မလာသေးပါဘူး။ တိတိကျကျပြောရရင် နိုင်ငံတကာစည်းမျဉ်းနဲ့ ညီနေသေးတယ်ဆိုတော့ ကျွန်တော်တို့လည်း သူတို့ကို ဘာမှအပြစ်ရှာလို့မရဘူး"

"မင်းပြုံးနေတာကို ကြည့်ရသလောက်တော့ မင်းမှာ လှည့်ကွက်လေးတွေ ရှိနေပုံပဲ"

မစ္စတာကျိုးက ကျန်းမုန့်လောင်၏အမူအရာကြောင့် မှတ်ချက်ပေးလိုက်သည်။ ပုံမှန်ဆိုလျှင် သူ ယခုလိုအမူအရာမျိုး လုပ်ပြလာလျှင် ပြဿနာကြီးတစ်ခုခုတော့ တက်တော့မည်ဟု အဓိပ္ပာယ်ရသည်။

"ဟားဟားဟား.. ဘယ်သူက အတပ်ပြောနိုင်မှာလဲ။ အခုပြောလိုက်ရင် ပျော်ဖို့မကောင်းတော့ဘူးလေ"

...

ဟယ်လီကော်ပတာက လေယာဉ်တင်သင်္ဘောပေါ်ရှိ လေယာဉ်ဆင်းသက်ကွင်းပေါ်သို့ ဆင်းသက်လိုက်သည်။ ထိုနေရာတွင် ဗိုလ်ချုပ်သုံးယောက်က သူတို့ကို အသင့်စောင့်ဆိုင်းနေသည်။

ဤသည်မှာ နိုင်ငံတကာအခမ်းအနားတစ်ခု ဖြစ်သောကြောင့် လုပ်ရိုးလုပ်စဉ်တချို့ကိုတော့ လုပ်ဆောင်ရမည်သာ။ ဗိုလ်ချုပ်ချင်းနှင့် အခြားဗိုလ်ချုပ်များမှာ နွေးထွေးစွာကြိုဆိုနေဟန်တူသော ထိုဗိုလ်ချုပ်များကို နှုတ်ဆက်လိုက်သည်။

"နှုတ်ခမ်းမွေးသေးသေးလေးနဲ့လူက ကိုင်ဘွန်နိုင်ငံကက ဗိုလ်ချုပ်ပေ့တဲ့။ ခပ်ဝဝတစ်ယောက်က ချင်းချိုးနိုင်ငံက ဗိုလ်ချုပ်ဂျင်တဲ့။ အဘိုးကြီးကတော့ အာသာတဲ့။ သူက တော်တော်ထိန်းရသိမ်းရခက်တဲ့လူတစ်ယောက် ဖြစ်နိုင်တယ်"

မစ္စတာကျိုးက ကျန်းမုန့်လောင်အနားသို့ တီးတိုးကပ်ပြောရင်း စစ်တပ်ထဲတွင် အလွန်အာဏာကြီးပြီး သတင်းထဲမှာ မကြာခဏပါလာတတ်သော ထိုပုဂ္ဂိုလ်များကို မိတ်ဆက်ပေးသည်။

"ကြိုဆိုပါတယ်..ဟွာရှားနိုင်ငံက မိတ်ဆွေတို့.."

အာသာက အခမ်းအနားမှူးတစ်ယောက်အလား ပြုမူနေချေသည်။ ကျန်နှစ်ယောက်ကတော့ သူ့လက်အောက်ငယ်သားများ ဖြစ်ဟန်တူသည်။

"ဗိုလ်ချုပ်အာသာရဲ့ ဖိတ်ကြားချက်ကို ကျုပ်တို့ သေချာပေါက်လက်ခံရမှာပေါ့"

မစ္စတာရှင်းက ရယ်မောလိုက်လေသည်။

"ဒါပေမဲ့ ကျုပ်တို့တွေ တစ်နေ့မှာ အခုလိုတွေ့ဆုံဆွေးနွေးနိုင်လိမ့်မယ်လို့ လုံးဝထင်မထားဘူး"

"ဟားဟားဟား.. ဒီနေ့ ကျုပ်တို့တွေအားလုံးက မိတ်ဆွေတွေပါပဲ။ ဒီနေ့ နည်းပညာအကြောင်းပဲ ဆွေးနွေးကြမယ်။ နိုင်ငံ့အရေးတွေ မပါကြေး"

အာသာက ရယ်လိုက်လေသည်။

"အဲဒီလိုဆိုရင်တော့ အကောင်းဆုံးပေါ့"

သူက ထိုသို့ပြောသော်ငြား လူတိုင်းကတော့ ကောင်းကောင်းနားလည်ထားကြသည်။ သူတို့ နည်းပညာအကြောင်းတစ်ခုတည်းကို ဆွေးနွေးကြသည်ဆိုလျှင်ပင် ယနေ့ ကိရိယာအသစ်များ ခင်းကျင်းပြသမှုက အလွန်အထင်ကြီးဖို့ကောင်းကြောင်း သိလိုက်ရပါက သုံးရက်သုံးညလောက် အိပ်ပျော်နိုင်မည်မဟုတ်။

သူတို့အနေနှင့် စစ်တိုက်စရာမလိုသည့်တိုင် စစ်ရေးအရ ဟန့်တားနိုင်စွမ်းရှိနေခြင်းကတော့ ပုံသေရှိနေမည်သာ။ အားနည်းသော နိုင်ငံတစ်နိုင်ငံတွင် သံတမန်ရေးရာမရှိချေ။ ၎င်းမှာ ခိုင်မာလှသော စည်းမျဉ်းတစ်ခုဖြစ်ပြီး အင်အားကြီးနိုင်ငံတစ်ခုအတွက်တော့ မည်သူက လက်သီးပိုမာသလဲဆိုတာကိုသာ အလေးထားသည်။

"ဒီနေ့ ကျုပ်တို့ရဲ့အဓိကအစီအစဉ်ကတော့ တိုက်လေယာဉ်တွေနဲ့ လက်နက်အသစ်တွေကို ပြသဖို့ပါ။ ကျုပ်တို့ရဲ့ဟွာရှားမိတ်ဆွေတွေအနေနဲ့ သုံးသပ်ချက်နဲ့ လမ်းညွှန်မှုတွေပေးနိုင်ဖို့ မျှော်လင့်ပါတယ်"

ထိုဗိုလ်ချုပ်သုံးယောက်က ပြောလေသည်။

"ဒါပေါ့။ ကျွန်တော်တို့ဟွာရှားက အမြဲပွင့်လင်းမြင်သာရှိပါတယ်။ ကျုပ်တို့အနေနဲ့ ခင်ဗျားတို့ကို ဝမ်းမြောက်ဝမ်းသာ လမ်းညွှန်ပေးမှာပါ"

ဗိုလ်ချုပ်ချင်းက ရဲရဲတင်းတင်းသာ‌ ပြောလိုက်၏။

အမှန်ပင်။

မင်းတို့ကို ဝမ်းပန်းတသာနဲ့ ပွင့်ပွင့်လင်းလင်းလမ်းညွှန်ပေးမှာ.. မင်းတို့ရဲ့လက်နက်တွေက ငါတို့အတွက်တော့ ခေတ်နောက်ကျနေတယ်လို့ ထင်ရပေမဲ့ တာဝန်သိစိတ်ရှိတဲ့ နိုင်ငံကြီးတစ်ခုအနေနဲ့ မင်းတို့ကို တန်ဖိုးရှိတဲ့အကြံဉာဏ်တချို့ပေးရမဲ့တာဝန်ရှိတယ်လေ…

ထိုဗိုလ်ချုပ်သုံးယောက်၏မျက်နှာမှာမှာ အနည်းငယ်တောင့်တင်းသွားကြလေသည်။

ဘာတွေဖြစ်နေတာလဲ? ဇာတ်ညွှန်းက ဒီလိုဖြစ်ရမှာမဟုတ်ဘူးလေ။

သူတို့ပြောသည့် "လမ်းညွှန်မှု"ဆိုသည်မှာ ယဉ်ကျေးမှုအရသာဖြစ်၏။ အာသာ၏အမြင်တွင်မူ ဟွာရှားနိုင်ငံ၏နည်းပညာက အလွန်လျင်မြန်စွာ တိုးတက်လာသည်ဆိုသော်ငြား စက်မှုနယ်ပယ်တွင် ဆယ်စုနှစ်ပေါင်းများစွာ နောက်ကျနေဆဲဖြစ်ပြီး သူတို့၏လက်နက်များမှာ မိမိတို့ထက် အနည်းငယ်အဆင့်နိမ့်နေသေးသည်ဟု ယူဆထားသည်။

ဟွာရှားနိုင်ငံ၏ ကျန်း-၂၀နှင့် အမေရိကန်၏ F-22နှင့် F-35တို့က ပဉ္စမမျိုးဆက်တိုက်လေယာဉ်များ ဖြစ်ကြသော်လည်း ဟွာရှားနိုင်ငံ၏ ကျန်း-၂၀ကတော့ မကြာသေးခင်ကမှ ထုတ်လုပ်ထားခြင်းဖြစ်ပြီး F-22ကမူ ၁၉၉၀ခုနစ်ထုတ်တိုက်လေယာဉ်များဖြစ်သည်။

F-22၏ ဒီဇိုင်းအယူအဆများက အတန်ငယ်ခေတ်နောက်ကျနေပြီဟု ဆိုနိုင်သော်ငြား သူ့လုပ်ဆောင်မှုကတော့ အလွန်ခိုင်မာလှသည်။ ၎င်း၏ဗက်တာတွန်းအားက အရှိန်ကို ချက်ချင်းမြှင့်တင်နိုင်သည်။ ၎င်းတွင် ပိုမိုအားကောင်းသော မောင်းနှင်နိုင်စွမ်းရှိပြီး လေယာဉ်သယ်ဆောင်သည့် လက်နက်ကိရိယာများနှင့်လည်း ကွာဟချက်တစ်ခုရှိ၏။

ဤတစ်ခေါက်တွင် သူတို့ပြသရန် စီစဉ်ထားသော တိုက်လေယာဉ်များမှာ အောင်မြင်မှုအသစ်များ ရရှိထားပြီး ခေတ်မီဆန်းသစ်သော လက်နက်အယူအဆတချို့ကိုပင် ထည့်သွင်းထားသည်။ ထိုအရာများက ကျန့်-၂၀ကို အပြတ်အသတ်သာသည်ဟု မဆိုနိုင်သော်လည်း ပြီးပြည့်စုံသော လွှမ်းမိုးနိုင်စွမ်းမျိုးတော့ ရှိသည်။

လမ်းညွှန်ရမည်ဆိုလျှင်လည်း သူတို့ကသာ ဟွာရှားနိုင်ငံ၏လက်နက်သုတေသနကို လမ်းညွှန်ပေးရမည်ဖြစ်၏။ ခေတ်နောက်ကျနေသောနိုင်ငံတစ်ခုက အဆင့်မြင့်နိုင်ငံတစ်ခုကို လမ်းညွှန်ပေးတာမျိုးကို မြင်ဖူးကြလေရဲ့လား။

ပုံမှန်ဆိုလျှင် ဟွာရှားနိုင်ငံသားများက "ကျွန်တော်တို့ လမ်းညွှန်မပေးရဲပါဘူး။ ကျွန်တော်တို့က ဒီကို သင်ယူလေ့လာဖို့လာခဲ့တာပါ"ဟုသာ ပြောသင့်သည်မဟုတ်လား။

သို့သော် ဟွာရှားနိုင်ငံ၏ ဤဗိုလ်ချုပ်ကတော့ ဤနေရာသို့ လမ်းညွှန်ပြသပေးရန် ရောက်လာသည့်အလားပင်။ သူတစ်ယောက်တည်းမဟုတ်ချေ။ ကျန်လူများ၏ အမူအရာများကလည်း စိတ်မသက်မသာဖြစ်ခြင်း အလျဉ်းမရှိပေ။ မသိလျှင် ဤသည်မှာ ကမ္ဘာပေါ်တွင် သဘာဝအကျဆုံးကိစ္စတစ်ခုအလားပင်။

ဟွာရှားနိုင်ငံက ဤအတောအတွင်း လျှို့ဝှက်လက်နက်တစ်ခုခု တီထွင်နိုင်ခဲ့လေသလား။ မကြာသေးခင်ကပင် ကျန်းမုန့်လောင်က သတင်းစာရှင်းလင်းပွဲတစ်ခုပြုလုပ်ခဲ့ပြီး ဟွာရှားနိုင်ငံ၏ အမျိုးသားနေ့ရောက်လာတော့မည်ဖြစ်ကြောင်းနှင့် လကနက်အမျိုးအစားအသစ်များစွာကိုလည်း ပြသမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

သို့သော် ထိုသို့ဆိုလျှင်ပင် ဆယ်စုနှစ်များစွာ ကွာဟချက်ကြောင့် ဖွံ့ဖြိုးပြီးနိုင်ငံများကို ကျော်နိုင်မည်မဟုတ်ပေ။ လက်နက်အသစ်ဟူသော အရာများကလည်း ဟွာရှားနိုင်ငံ၏ လက်ရှိလက်နက်အဆင့်အတန်းပင်။ သူတို့နှင့် နှိုင်းယှဉ်ပါက ထိုလက်နက်များမှာ နှစ်ပေါင်းများစွာ‌ ခေတ်နောက်ကျနေဦးမည်ဖြစ်၏။

ထို့ပြင် စကားများက ပြောပြီးလေပြီဖြစ်ရာ ပြန်ရုပ်သိမ်းရန်လည်း မဖြစ်နိုင်တော့ပေ။ သူတို့အနေနှင့် တိတ်တိတ်လေးနေပါသော်ငြား ယခုလိုထိခိုက်ခံစားရဖို့ ကံပါလာသည်။

"အဟွတ် အဟွတ်"

အာသာက ချောင်းနှစ်ချက်ဟန့်လိုက်လေသည်။

"ကျုပ်တို့ရဲ့လက်နက်ပညာရှင် ပါမောက္ခမက်ဒီဆင်နဲ့ မိတ်ဆက်ပေးပါရစေ"

အာသာက သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်ကို ရှေ့ကို ခေါ်လိုက်သည်။

"ပါမောက္ခမက်ဒီဆင်က ကျုပ်တို့နိုင်ငံရဲ့ အထူးချွန်ဆုံးလက်နက်ပညာရှင်တစ်ယောက်လေ။ ဒီတစ်ခေါက် အမေရိကန်ရဲ့လက်နက်အသစ်ကိုလည်း သူပဲ မိတ်ဆက်ပေးမှာ"

"ဒါက မစ္စတာသုန်းဝူပါ။ ကိုင်ဘွန်နိုင်ငံရဲ့ လက်နက်ပညာရှင်လေ"

"ဒါက မစ္စတာလီကျန်းရီတဲ့။ ချင်းချိုးနိုင်ငံရဲ့ လက်နက်ပညာရှင်ပါ"

ဗိုလ်ချုပ်သုံးယောက်က သူတို့၏သက်ဆိုင်ရာလက်နက်ပညာရှင်များကို တစ်လှည့်စီမိတ်ဆက်ပေးကြသည်။ ထိုပုဂ္ဂိုလ်တစ်ယောက်ချင်းစီတိုင်းက အလွန်လေးစားခံရသူများဖြစ်ပြီး သူတို့နည်းသူတို့ဟန်ဖြင့် ထူးချွန်ကြသော ပါရမီရှင်များပင်။ ဤပညာရှင်များကို လက်နက်ဖွံ့ဖြိုးရေးကို အဓိကလုပ်ဆောင်သော သူတို့ဌာနတွင် အလုပ်ခန့်နိုင်ရန်အတွက် အဖိုးအခကြီးကြီးမားမားပေးခဲ့ရသည်။

"သူကတော့ ကျုပ်တို့ဟွာရှားနိုင်ငံရဲ့ လက်နက်ပညာရှင် မစ္စတာကျန်းမုန့်လောင်တဲ့"

ဗိုလ်ချုပ်ရှင်းက ကျန်းမုန့်လောင်၏ပခုံးကို ပုတ်လိုက်လေသည်။

မျက်လုံးပေါင်းဒါဇင်ခန့်က ကျန်းမုန့်လောင်ထံသို့ ရောက်ချလာသည်။

ထိုအခါမှသာ ကျန်းမုန့်လောင်လည်း ဤအခမ်းအနားသို့ ရောက်လာကြောင်း သူတို့ သတိထားမိသွားကြသည်။

သူက ဘယ်တုန်းကများ ဟွာရှားနိုင်ငံရဲ့ဗိုလ်ချုပ်တွေနဲ့ ဝင်ရောနိုင်သွားတာလဲ?

ပြီးတော့ လက်နက်ပညာရှင်တဲ့လား?

ယခုအချိန်တွင် ကျန်းမုန့်လောင်ကို မသိသူမရှိသလောက်ပင်။ လူသားများကို နှစ်ပေါင်းနှစ်ရာကြာအောင် ခေါင်းခြောက်စေခဲ့သော သင်္ချာပုဒ်စာကို ဖြေရှင်းခဲ့သူ၊ အမှောင်ဒြပ်ထုတည်ရှိမှုကို သက်သေပြခဲ့သော ရူပဗေဒနိုဘယ်ဆုရှင်၊ အဆင့်မြင့်နည်းပညာသုံးချစ်ပ်ပြားလုပ်ငန်းနယ်ပယ်တစ်ခုလုံး၏ တည်ထောင်သူ၊ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်နှင့် ကမ္ဘာပေါ်တွင် ပြဿနာအရှာနိုင်ဆုံးလူပင်။

အသက်နှစ်ဆယ်အရွယ် လူငယ်တစ်ယောက်က ဤအရာအားလုံးကို စွမ်းဆောင်နိုင်ခြင်းမှာ ကြုံတောင့်ကြုံခဲအဖြစ်အပျက်တစ်ခုပင်။ ယခုလည်း သူက လက်နက်ပညာရှင်တစ်ယောက်ဟု ဆိုလာပြန်လေပြီလား။ မည်သူကများ ထိုမျှအထိ တတ်နိုင်မည်နည်း။

ဗိုလ်ချုပ်သုံးယောက်က ကျန်းမုန့်လောင်ကို မြင်လိုက်ရသောအခါ အံတင်းတင်းကြိတ်ထားလိုက်မိသည်။ ဤလူငယ်လေးက သူတို့နိုင်ငံတွင် ဆယ်ရက်မှ တစ်လအထိ နေထိုင်ခဲ့ပြီး သူတို့အား အမေရိကန်ဒေါ်လာတစ်ရာဘီလီယံ ဆုံးရှုံးစေခဲ့သည်။ သူတို့မျက်လုံးထဲမှာတော့ ကျန်းမုန့်လောင်က ကပ်ဘေးတစ်ခုပင်။

အနားတွင် မည်သူမှ မရှိပါက သူတို့လည်း သူတို့ဒေါသကို ဖြေဖျောက်ရန်အတွက် သေနတ်ထုတ်၍ ကျန်းမုန့်လောင်ကို ပစ်သတ်လိုက်ပြီဖြစ်၏။ သို့သော် ယခုမူ လူတွေအများကြီးရှိနေလေရာ စိတ်ထားမြင့်မြတ်ချင်ယောင်ဆောင်နေရသည်။

"ဟွာရှားနိုင်ငံက မစ္စတာကျန်းက ငယ်ငယ်လေးကတည်းက သူရဲကောင်းတစ်ဦးဖြစ်နေပြီဆိုတဲ့အကြောင်း ကြားထားတာ ကြာပါပြီ"

အာသာက ကျန်းမုန့်လောင်ကို လည်ပင်းညှစ်သတ်လိုသောဆန္ဒကို ဖိနှိပ်ထားရင်း ပြောလိုက်၏။

"မင်းက လက်နက်ပညာရှင်တဲ့လား။ ဒီနေ့ ငါတို့က ဟွာရှားနိုင်ငံရဲ့လက်နက်ပညာရှင်တွေကို ပါးဖြတ်ရိုက်ဖို့အတွက် ရောက်လာကြတာ။ မင်း ဒါကို ဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲဆိုတာ ကြည့်ကြတာပေါ့"

"မစ္စတာကျန်းက လက်နက်အကြောင်းလည်း သိတာပဲလား။ အံ့ဩဖို့ကောင်းလိုက်တာ"

ကျန်ဗိုလ်ချုပ်နှစ်ယောက်က သရော်လေဟန်လေသံဖြင့် ပြောလာလေသည်။

"နည်းနည်းပါးပါးပါ"

ကျန်းမုန့်လောင်ကလည်း ပြန်ဖြေလိုက်သည်။

"ဆိုရှယ်လစ်ဝါဒရဲ့ မျိုးဆက်သစ်တစ်ယောက်အနေနဲ့ ကျွန်တော့်ဆရာက ကျွန်တော့်ကို ငယ်ငယ်လေးကတည်းက စာရိတ္တ၊ အသိဉာဏ်၊ ကာယခွန်အားနဲ့ အလှအပခံစားမှုဆိုင်ရာအပိုင်းတွေမှာ ဘက်စုံတော်နေအောင် သင်ကြားပေးခဲ့လို့ ကျွန်တော်လည်း နယ်ပယ်ပေါင်းစုံမှာ နည်းနည်းစီတိုးတက်ခဲ့တာပါ"

*******************

All Chapters