ပျံနိုင်တယ်ဆိုရုံလောက်ပဲရှိတာ
Vol. 36 Ch. 534
အလုံးစုံဖွံ့ဖြိုးတိုးတက်ခဲ့တယ်တဲ့လား။ မင်းက ဗိုက်ထဲမှာကတည်းက လေ့လာခဲ့တာလား။ သို့ဖြစ်စေကာမူ ဘာသာရပ်အများအပြားကို တစ်ပြိုင်တည်းကျွမ်းကျင်ပိုင်နိုင်ရန်အတွက်မှာမူ မဖြစ်နိုင်ပေ။
နိုင်ငံသုံးနိုင်ငံမှ ဗိုလ်ချုပ်များနှင့် လက်နက်ပညာရှင်များခမျာ ကျန်းမုန့်လောင်၏စကားကြောင့် ဆွံ့အသွားရလေသည်။
ဗိုလ်ချုပ်အာသာက ထိုတိတ်ဆိတ်မှုကို ဦးစွာဖြိုခွဲလိုက်သည်။
အခု လူစုံပြီဆိုတော့ စလိုက်ကြရအောင်။ နိုင်ငံပေါင်းများစွာက သတင်းထောက်တွေနဲ့ မီဒီယာတွေကလည်း ကျုပ်တို့ရဲ့ပြပွဲကို စောင့်နေကြတာ"
ကျန်းမုန့်လောင် မော့ကြည့်လိုက်သောအခါ ကောင်းကင်ထက်၌ ဟယ်လီကော်ပတာများစွာ ပျံဝဲနေကြောင်း မြင်လိုက်ရ၏။ ထိုယာဉ်များပေါ်တွင် ကိုင်ဘွန်ရုပ်မြင်သံကြားဌာနတချို့၏ နာမည်ကြီးအမှတ်တံဆိပ်များ ပါရှိသည်။
"ဒါဆို ကျုပ်တို့တွေလည်း မျက်စိပွင့်နားပွင့်ဖြစ်သွားစေမဲ့ အတွေ့အကြုံမျိုးကို ခံစားဖို့ အသင့်ပါပဲ"
...
"စစ်ရေးပြအခမ်းအနား စတင်ပါပြီ"
အမိန့်ပေးသံတစ်ခုနှင့်အတူ လေယာဉ်တင်သင်္ဘော၏ ကုန်းပတ်များကို ရှင်းလင်းလိုက်ပြီးနောက် ချောမွေ့သည့်ပြေးလမ်းတစ်ခုဖန်တီးလိုက်လေရာ ထူးခြားလှသော တိုက်လေယာဉ်သုံးစင်းက ကုန်းပတ်အတွင်းမှ ဖြည်းဖြည်းချင်းတက်သွားလေသည်။
ထိုလေယာဉ်များပေါ်တွင် ခြယ်မှုန်းထားသော နိုင်ငံတော်အလံက ထိုလေယာဉ်သုံးစင်းကို သက်ဆိုင်ရာနိုင်ငံများမှ ပိုင်ဆိုင်ကြောင်း ပြသနေလေသည်။
"ကျုပ်တို့ကနေ စလိုက်ကြရအောင်"
ချင်းချိုးနိုင်ငံမှ ဗိုလ်ချုပ်ဂျင်က လီမျိုးရိုးလက်နက်ပညာရှင်ကို ခေါင်းညိတ်ပြလိုက်၏။
"စမ်းသပ်ပျံသန်းမှု စတင်တော့"
လီကျန်းရီက အင်တာကွန်းမှတစ်ဆင့် အမိန့်ပေးလိုက်သည်။
ဘယ်ဘက်အစွန်ဆုံးရှိ ငွေဖြူရောင်တိုက်လေယာဉ်ကြီးက သူ့အမြီးမှ အပြာရောင်မီးတောက်နှစ်ခုကို ချက်ချင်းထုတ်လွှတ်လိုက်ပြီးနောက် ကောင်းကင်ထက်သို့ ပျံတက်သွားချေသည်။
"ဒါက ကျုပ်တို့အသစ်ထုတ်လုပ်ထားတဲ့ ပဉ္စမမျိုးဆက်တိုက်လေယာဉ် NK-2အမျိုးအစားလေ။ စုစုပေါင်းအလျား၈မီတာ၊ တောင်ပံအကျယ် ၁၃.၅မီတာနဲ့ အမြင့် ၄.၈မီတာရှိပြီး ပုံမှန်အလေးချိန် ၂.၁တန်ရှိပါတယ်"
"ဒါက လက်ရှိသုံးနေတဲ့ ပဉ္စမမျိုးဆက်တိုက်လေယာဉ်ထက် အများကြီးပိုသေးတာပဲ"
ဗိုလ်ချုပ်ချင်းက ခေါင်းညိတ်ပြလိုက်လေသည်။
"တိုက်ခိုက်နေတဲ့အချိန်အတွင်းမှာ ဒီလိုအရွယ်အစားမျိုးက ပေါ့ပါးဖျတ်လတ်မှုနဲ့ မောင်းနှင်နိုင်စွမ်းကို အများကြီးမြှင့်တင်ပေးနိုင်တယ်"
လီကျန်းရီကလည်း ဂုဏ်ယူဝင့်ကြွားစွာ ခေါင်းညိတ်ပြလိုက်သည်။
"အမှန်ပါပဲ။ ကျွန်တော်တို့ လေယာဉ်ကိုယ်ထည်ပေါ်မှာ သတ္တုပစ္စည်းအမျိုးအစားအသစ်ကို သုံးထားပါတယ်။ သူ့က တာရှည်ခံနိုင်စွမ်းမြင့်မားပြီး ပုံမှန်သတ္တုစပ်ရဲ့အလေးချိန်ရဲ့ရှစ်ဆယ်ရာခိုင်နှုန်းလောက်ပဲရှိတာမို့ လေယာဉ်ရဲ့အလေးချိန်ကို သိသိသာသာလျှော့ချပေးနိုင်တယ်"
"တော်တော်မြန်တယ်မဟုတ်လား"
"ပျံသန်းနှုန်းက ၁.၈၈မက်ချ်ရှိပါတယ်။ အမြန်ဆုံးနှုန်းကတော့ ၂.၃၇မက်ချ်ပါ"
"အဲဒီအရှိန်က F22ထက်တောင် ပိုမြန်သေးတယ်"
ပထမဆုံးအသုံးပြုခဲ့သော ပဉ္စမမျိုးဆက်တိုက်လေယာဉ်ဖြစ်သည့် F22က ပဉ္စမမျိုးဆက်တိုက်လေယာဉ်များအကြား စံပြုလောက်သော စံနှုန်းတစ်ခု ဖြစ်လာခဲ့သည်။
"လေယာဉ်ပေါ်က တာဘိုဂျက်တွန်းကန်အားကိရိယာကိုလည်း ကျုပ်တို့ဘာသာ ထုတ်လုပ်ထားတာ။ အမြင့်ဆုံးတွန်းကန်အားက ၁၇၂ကီလိုနယူတန်အထိ ရှိတယ်။ ပြီးတော့ ဗက်တာတွန်းကန်အားနည်းပညာကိုလည်း သုံးထားတာမို့ အင်ဂျင်ပြွန်နှုတ်သီးကို ဒေါင်လိုက်အတိုင်း ၁၅ဒီဂရီအတိုးအလျှော့လုပ်ပြီး လည်နိုင်တယ်"
"ဝိုး.. ဒီလူတွေရ့နည်းပညာက မဆိုးဘူးပဲ"
အမေရိကန်၏ ပင်မနည်းပညာကို ချင်းချိုးနိုင်ငံသို့ အလကားပေးပစ်ခဲ့ခြင်းမဟုတ်ကြောင်း ကျန်းမုန့်လောင် ယုံကြည်သည်။ အကြောင်းမှာ သူတို့လည်း ထိုအရာများဖြင့် သူတို့ကိုယ်သူတို့ ရှာဖွေကျွေးမွေးနေရခြင်းပင်။ သို့ဖြစ်လေရာ အကြံဉာဏ်တချို့နှင့် လမ်းညွှန်မှုအချို့ကိုသာ ပေးခဲ့ပြီး ကာကွယ်မှုတချို့လည်း ရှိနိုင်ပေသည်။
သို့သော် F119တာဘိုဂျက်လေယာဉ်ကို ကျော်လွန်နိုင်သည့် စွမ်းအင်နည်းပညာကို သူတို့ကိုယ်တိုင်ထုတ်လုပ်တီထွင်ခဲ့သောကြောင့် ကျန်းမုန့်လောင် လေးစားမိသည်။ အထူးသဖြင့် သူတို့၏ယခင်တိုက်လေယာဉ်မျိုးဆက်များက ဤလေယာဉ်ထက် အဆင့်အများကြီးပိုနိမ့်သည်။
"ကျုပ်တို့ရဲ့NK-2က လေကြောင်းပစ်ဒုံးကျည်၈ခုတပ်ဆင်ထားပြီး နောက်ဆုံးပေါ်စွမ်းအင်ကိရိယာတွေက ၁၂၀ကီလိုမီတာအထိ အကွာအဝေးတိုးချဲ့ပေးထားပါတယ်။ အရင်စတုတ္ထမျိုးဆက်လေကြောင်းဒုံးကျည်တွေနဲ့ယှဉ်ရင် သတ်ဖြတ်နိုင်တဲ့အကွာအဝေးကို ၁၀ရာခိုင်နှုန်းလောက် ပိုမြှင့်ပေးထားတယ်"
"ရေဒါဖုံးအလွှာနဲ့ပတ်သက်တဲ့ ကျုပ်တို့ရဲ့သုတေသနက အများကြီးမတိုးတက်သေးတာတော့ နှမြောစရာပဲ။ အဲဒါက ခင်ဗျားတို့နိုင်ငံရဲ့ B2ဗုံးကြံလေယာဉ်မှာသုံးထားတဲ့ နည်းပညာထက် တော်တော်အဆင့်နိမ့်နေတုန်းပဲ။ ဒီရေဒါဖုံးသက်ရောက်မှုက B2ဗုံးကြဲလေယာဉ်ရဲ့၉၅ရာခိုင်နှုန်းလောက်ပဲရှိတယ်"
လီကျန်းရီ၏စကားမှာ ကြွားဝါနေခြင်းသက်သက်သာ။
B2လျှို့ဝှက်ဗုံးကြဲယာဉ်က နောက်ဆုံးရာစုနှစ်၏အမွေအနှစ်ဖြစ်၏။ သို့သော် ယခုအချိန်အထိတော့ မည်သည့်နိုင်ငံကမှ ထိုရေဒါဖုံးနည်းပညာကို မတုပနိုင်သေးပေ။ ၎င်းမှာ အလွန်အဆင့်မြင့်လှသော နည်းပညာရှုပ်ထွေးမှုများ ပါဝင်သည်။ B2ဗုံးကြဲယာဉ်၏ ၉၅ရာခိုင်နှုန်းမျှ စွမ်းဆောင်နိုင်ခြင်းမှာ အခြေခံအားဖြင့်တော့ အခြားနိုင်ငံများအားလုံးထက် သာလွန်နေပြီဟု ဆိုနိုင်သည်။
"ဒီNK-2မော်ဒယ် တိုက်လေယာဉ်က ပဉ္စမမျိုးဆက်တိုက်လေယာဉ်တွေကြားမှာ ထိပ်တန်းအဆင့်ပဲ။ စုစုပေါင်းခွန်အားကလည်း F22ထက် မသိမသာပိုအားကောင်းတယ်"
ဟွာရှားနိုင်ငံ၏ ဗိုလ်ချုပ်များထံမှ ထိတ်လန့်အံ့ဩနေသော အမူအရာများကိုကြည့်ရင်း လီကျန်းရီနှင့် ဗိုလ်ချုပ်ဂျင်တို့လည်း ဘဝင်ခိုက်လေဟန်အပြုံးကို ပြသလိုက်ကြသည်။ ဟွာရှားလူမျိုးများခမျာ သူတို့၏နည်းပညာကြောင့် အမှန်တကယ်တုန်လှုပ်သွားကြလေဟန်ပင်။
သူတို့၏J-20က တစ်ချိန်တုန်းက ကမ္ဘာအနှံ့တွင် အုန်းအုန်းကျက်ကျက်ဖြစ်စေခဲ့သော်လည်း ယနေ့ခေတ်ကား နည်းပညာက အဆက်မပြတ်တိုးတက်နေသော ခေတ်ကြီးတစ်ခုပင်။ ယခုအခါ ချင်းချိုးနိုင်ငံက သူတို့ကို လိုက်မီသွားလေဟန်ပင်။ မဟုတ်ပါက သူတို့ဘက်က ထိုကဲ့သို့သောအမူအရာမျိုးကို ဘာကြောင့်ထုတ်ပြလာကြလေမလဲ။
"ခင်ဗျားတို့နိုင်ငံရဲ့NK-2က ကျုပ်တို့အတွက်တော့ မျက်စိပွင့်နားပွင့်ဖြစ်စေခဲ့တယ်ဆိုပေမဲ့ ဒီကာလအတွင်း ကိုင်ဘွန်နိုင်ငံကလည်း အလကားထိုင်နေတာမှမဟုတ်တာ"
ပါမောက္ခသုန်းဝူကလည်း လေယာဉ်ကို ပျံတက်ရန် အမိန့်ပေးလိုက်၏။
ကိုင်ဘွန်နိုင်ငံ၏ တိုက်လေယာဉ်က NK-2ကဲ့သို့ အရှိန်ပြင်းပြင်းဖြင့် ပျံတက်သွားခြင်းမရှိပေ။ ၎င်းမှာ အလွန်နှေးကွေးလှသောအရှိန်ဖြင့် ပြေးလမ်းပေါ်တွင် အရင်ပြေးနေပြီးမှ အံ့ဩဖို့ကောင်းလောက်အောင်ပင် မီတာနှစ်ရာနီးပါးရှည်လျားသော မီးတောက်နှစ်ခုက လေယာဉ်၏အင်ဂျင်ပြွန်နှုတ်ခမ်းဝမှ ထွက်ပေါ်လာချေသည်။
အရှိန်ကား ပေါက်ကွဲလုမတတ်ပင်။ စိတ်ကူးကြည့်၍ပင်မရနိုင်သော ကနဦးအလျင်နှုန်းဖြင့် ထွက်ခွာသွားခဲ့သည်။
"ဒါက.."
လီကျန်းရီ၏အမူအရာမှာ အတန်ငယ်ငေးငိုင်သွားရသည်။ ဤအင်ဂျင်မှာ အလွန်ထူးခြားလှ၏။ ၎င်းမှာ စွမ်းအင်စုဆောင်းသည့် အချိန်အတိုင်းအတာတစ်ခုလိုအပ်သော်လည်း အသက်သွင်းလိုက်နိုင်သည်နှင့် စွမ်းအင်ကလည်း နှစ်ရာကီလိုနယူတန်အထိ ထိုးတက်သွားနိုင်သည်။ ထိုကဲ့သို့သော အင်ဂျင်မျိုးမှာ သူတို့၏ချင်းချိုးနိုင်ငံတွင် ထုတ်လုပ်ဆဲအဆင့်မျှသာ ရှိသေးသည်။
ကောင်းကင်ထက်ရှိ ကိုင်ဘွန်တိုက်လေယာဉ်မှာ အလွန်ထူးဆန်းလှသော နည်းလမ်းတစ်မျိုးဖြင့် မောင်းနှင်လိုက်သည်။ ဤသည်မှာ အထူးအင်ဂျင်၏ လုပ်ဆောင်နိုင်စွမ်းပင်။ ၎င်း၏ ဗက်တာအင်ဂျင်များက တွန်းကန်အားကို လျှပ်တစ်ပြက်အတွင်း ထုတ်လုပ်ပေးနိုင်ပြီး လေယာဉ်၏ဦးတည်ရာကိုလည်း တစ်ခဏအတွင်း ဖန်တီးပေးနိုင်စွမ်းရှိသည်။ ကြောက်မက်ဖွယ်ကောင်းသည့် မောင်းနှင်နိုင်စွမ်းမျိုးပင်တည်း။
"ဒါက ကျုပ်တို့ရဲ့ ယွင်-၄တိုက်လေယာဉ်ပါ။ ကျုပ်တို့ရဲ့ရေဒါဖုံးနိုင်စွမ်းက သိပ်အားမကောင်းသေးပေမဲ့ မောင်းနှင်နိုင်စွမ်းကတော့ ထိပ်ဆုံးအထိ ရောက်နေပါပြီ။ အမြင့်ဆုံးအရှိန်က ၃မက်ချ်အထိ ရောက်နိုင်ပြီး အင်ဂျင်ပြွန်နှုတ်ခမ်းဝက ဒေါင်လိုက်အတိုင်း ၂၅ဒီဂရီအတိုးအလျှော့ လည်နိုင်ပါတယ်။ ဒီဟာက ရုပ်ပိုင်းဆိုင်ရာစံချိန်စံနှုန်းပိုမြင့်တဲ့ လေယာဉ်မှူးကို လိုအပ်တယ်။ အထူးချွန်ဆုံးလူတွေကပဲ ဒါကို ကောင်းကောင်းထိန်းချုပ်နိုင်မှာ"
"အခု ကျုပ်တို့အလှည့်ပေါ့"
ဗိုလ်ချုပ်အာသာက တဒင်္ဂမျှ ဂနာမငြိမ်ဖြစ်နေလေသည်။ အနက်ရောင်တိုက်လေယာဉ်တစ်စီးက နောက်ကျမခံဘဲ အမြန်လိုက်သွားလေသည်။ ၎င်း၏ အမြန်နှုန်းကား ယွင်-၄ထက် ပိုမြန်ဆန်နေသည်မှာ အံ့အားသင့်စရာကောင်းလှသည်။
"ကျုပ်တို့ရဲ့ F-45က သူများနဲ့မတူတဲ့ အင်ဂျင်လေးလုံးဒီဇိုင်းကို သုံးထားတာ။ အမြင့်ဆုံးအရှိန်က ၃.၅မက်ချ်ဖြစ်ပြီး အပေါ်အောက်အင်ဂျင်အတန်းလိုက်တပ်ဆင်ထားတာကြောင့် ပြောင်းပြန်လှန်နိုင်စွမ်းက နှစ်ဆတိုးလာတယ်"
"ခင်ဗျားတို့ရဲ့လေယာဉ်မှူးတွေက ဒီလောက်မြန်တဲ့အရှိန်ကို ခံနိုင်ရည်ရှိရဲ့လား"
ကိုင်ဘွန်နိုင်ငံနှင့် ချင်းချိုးနိုင်ငံမှ လက်နက်ပညာရှင်များက တစ်ပြိုင်နက်တည်း မေးလိုက်၏။
အရှိန်ကို တိုးမြှင့်ရန်အတွက် အင်ဂျင်များကို ထပ်ဖြည့်နိုင်သော်လည်း ထိုစက်ကိရိယာကို မည်သူက ထိန်းချုပ်နိုင်မလဲဆိုတာကိုလည်း ထည့်တွေးရသေးသည်။ အရှိန်မှဖြစ်ပေါ်လာသော ဖိအားက အထူးလေ့ကျင့်ထားသော လေယာဉ်မှူးများပင် သည်းမခံနိုင်ချင်စရာကောင်းလှသည်။
"ကျုပ်တို့ရဲ့လေယာဉ်ခန်းက အရှိန်ကြောင့်ဖြစ်ပေါ်လာတဲ့ ဖိအားကို သုံးပုံတစ်ပုံကနေ တစ်ဝက်လောက်အထိ လျှော့ချပေးနိုင်တဲ့ ကြားခံစက်ပစ္စည်းကို သုံးထားတာဆိုတော့ လေယာဉ်မှူးတွေ ခံနိုင်ရည်ရှိလောက်တဲ့ အတိုင်းအတာအတွင်းရှိပါတယ်"
အမေရိကန်လက်နက်ပညာရှင်က ကြွားလေသည်။ ဤနည်းပညာက သူတို့၏နောက်ဆုံးပေါ်နည်းပညာဖြစ်ပြီး လက်ရှိအချိန်တွင် မည်သည့်နိုင်ငံကမှ မတုပနိုင်သေးချေ။
"အရေးအကြီးဆုံးကတော့ အလိုအလျောက်လည်ပတ်မှုတစ်စိတ်တစ်ပိုင်းကို လုပ်ဆောင်နိုင်ခဲ့တာပါပဲ"
ဗိုလ်ချုပ်အာသာက ဆိုလာလေသည်။
"ဒီF45ကို ပဉ္စမမျိုးဆက်တိုက်လေယာဉ်အနေနဲ့မဟုတ်ဘဲ ဆဋ္ဌမမျိုးဆက်တိုက်လေယာဉ်အဖြစ် ဖန်တီးထားတယ်လို့ ယူဆလိုက်တာကတောင် ပိုတိကျလိမ့်မယ်"
သူ့စကားများကြောင့် အခန်းထဲ၌ ထိတ်လန့်မှုလှိုင်းလုံးများ ပေါ်ပေါက်လာသည်။ ကိုင်ဘွန်နိုင်ငံနှင့် ချင်းချိုးနိုင်ငံတို့က ပဉ္စမမျိုးဆက်တိုက်လေယာဉ်ခေတ်ထဲသို့ ခြေချခါစရှိသေးသော်လည်း ဤအစ်ကိုကြီးကတော့ ဆဋ္ဌမမျိုးဆက်တိုက်လေယာဉ်များကိုပင် စတင်လုပ်ဆောင်နေပြီလား။ သူတို့၏ယုံကြည်မှုများမှာ တစ်ခဏအတွင်း ပြိုလဲကုန်တော့သည်။
ဉာဏ်ရည်တုဖြင့် မောင်းနှင်ခြင်းမှာ ဆဋ္ဌမမျိုးဆက်တိုက်လေယာဉ်၏ ထူးခြားချက်ပင်။ အေအိုင်ဖြင့် အပြည့်အဝလည်ပတ်နိုင်သည်နှင့် လေယာဉ်မှူးများကို ထည့်သွင်းစဉ်းစားပြီး ဒီဇိုင်းထုတ်ရန် မလိုတော့ပေ။ တစ်ခုတည်းသော စိုးရိမ်စရာမှာ တိုက်လေယာဉ်၏ ဖွဲ့စည်းတည်ဆောက်ပုံခိုင်မာမှုဖြစ်ပြီး စွမ်းဆောင်ရည်ကို အဆမတန်တိုးပွားလာနိုင်စေရန်သာ အရေးကြီးသည်။
အာသာက အလွန်လေးနက်တည်ကြည်နေသော ဟွာရှားနိုင်ငံ၏ဗိုလ်ချုပ်များကို ထီမထင်ဟန်ဖြင့် လှမ်းကြည့်လိုက်သည်။
စိတ်ထဲမှာတော့ အာသာတစ်ယောက် စိတ်ကျေနပ်နေချေသည်။
ဟွာရှားလူမျိုးတွေ.. ခုနကပဲ တအားတွေမောက်မာနေခဲ့တာမဟုတ်လား? မင်းတို့ရဲ့မာနက မိုးထိုးနေကြတာမလား? အဲဒါတွေက ဘာမှအရေးမပါဘူး။ ခွန်အားကသာ အရာရာပဲ။ အခု မင်းတို့ မကြွားနိုင်ကြတော့ဘူးမလား?
"မစ္စတာကျန်း.. ကျုပ်တို့နိုင်ငံတွေက နောက်ဆုံးပေါ်တိုက်လေယာဉ်တွေရဲ့ စွမ်းဆောင်ချက်ကို ခင်ဗျား ဘယ်လိုမြင်လဲ"
အာသာက လှောင်ပြောင်ထေ့ငေါ့လေဟန်လေသံဖြင့် မေးလိုက်လေသည်။
"အိမ်း.."
ကျန်းမုန့်လောင်ခမျာ တဒင်္ဂမျှ တွေဝေတုံ့ဆိုင်းသွားလေသည်။
"ကျေးဇူးပြုပြီး ကျုပ်တို့ကို ဉာဏ်အလင်းပြပေးပါ မစ္စတာကျန်း…လွတ်လွတ်လပ်လပ်ပြောနိုင်ပါတယ်"
ကျန်းမုန့်လောင်က သူတို့ကြားရှိ ခွန်အားကွာဟမှုကြောင့် အလွန်ထိတ်လန့်သွားသဖြင့် စကားမပြောနိုင်လောက်အောင် ဖြစ်နေသည်ဟု အာသာက ထင်နေချေသည်။
"ဒါဆို အမှန်အတိုင်းပဲ ပြောပါရစေ"
ကျန်းမုန့်လောင်လည်း ခေါင်းခါယမ်းလိုက်လေသည်။
"ခင်ဗျားတို့ရဲ့ F-45က...ပျံနိုင်တယ်ဆိုရုံလောက်ပဲရှိတာ"
******************