သူတို့အတွက် လူနာတင်ကားတစ်စီး အရင်ခေါ်ပေးလိုက်
Vol. 36 Ch. 535
ကျန်းမုန့်လောင်၏စကားကြောင့် ထိုလက်နက်ပညာရှင်သုံးယောက်၏ မျက်နှာများမှာ လုံးဝပျက်ယွင်းသွားသည်။
လက်နက်ပညာရှင်များ ဖြစ်ကြသည့်အတွက် သူတို့၏ကိရိယာများကို လက်ရှိအဆင့်အထိ မြှင့်တင်နိုင်ရန်အတွက် မည်မျှများပြားလှသော လူအင်အားနှင့် ကုန်ကြမ်းပစ္စည်းအရင်းအမြစ်များကို လိုအပ်လေကြောင်း သူတို့ ကောင်းကောင်းနားလည်ထားသည်။ သူတို့၏သုတေသနရလဒ်များကို မည်သည့်နိုင်ငံကမဆို ကြိုက်ဈေးပေးပြီး ဝယ်ယူချင်ကြမည်မှာ သေချာပေါက်ပင်။
ကမ္ဘာပေါ်တွင် သူတို့၏နည်းပညာက အမြင့်ဆုံးပင်။
သို့သော် ဤအဆင့်မြင့်နည်းပညာက ကျန်းမုန့်လောင်၏ပါးစပ်ထဲမှာတော့ "ပျံနိုင်တယ်ဆိုရုံမျှ"အဆင့်အထိ နိမ့်ကျသွားသည်။ ထိုကဲ့သို့သော စကားမျိုးကို ဤနေရာတွင် ရဲရဲတင်းတင်းပြောရဲခြင်းမှာ သူ ဤနေရာမှာတင် အသတ်ခံရမည်ကို မကြောက်၍ပဲလား။
"ဒါဆို မစ္စတာကျန်း.. မင်းမှာ ကျုပ်တို့ထက် ပိုအဆင့်မြင့်တဲ့နည်းပညာတွေရှိတယ်ပေါ့"
သူတို့က ဤအခွင့်အရေးကို အသုံးချ၍ ဟွာရှားလူမျိုးများ၏ ထက်သန်နေသော စိတ်ဓာတ်များကို ရိုက်ချိုးရန် ရည်ရွယ်ထားခြင်းပင်။ ထိုသို့လုပ်နိုင်လိမ့်မည်ဟုလည်း ယုံကြည်မှုရှိသည်။ သို့သော် သူတို့၏တုံ့ပြန်ပုံကတော့ အတန်ငယ်ထူးဆန်းနေသည်။
ကျန်းမုန့်လောင်၏လေသံမှာ ကမ္ဘာပေါ်မှာ အတော်ဆုံးဟု ကိုယ့်ကိုယ်ကိုယ်ခံယူထားသူတစ်ယောက်နှယ် ပဉ္စမမျိုးဆက်တိုက်လေယာဉ်များကို အကောင်းဆုံးဖန်တီးနိုင်ခဲ့သော သူတို့ကို လျစ်လျူရှုထားလေသည်။
ထို့ကြောင့် သူတို့မှာ ရင်ထဲတွင် စုပြုံထားသော စွမ်းအင်များကိုပင် ထုတ်မပြနိုင်ပေ။
သို့သော် ဟွာရှားဗိုလ်ချုပ်များ၏ အမူအရာကို တစ်ချက်ပြန်ကြည့်လိုက်သောအခါ သူတို့ကတော့ အံ့ဩမှင်တက်နေဆဲပင်။
မင်းရဲ့ဗိုလ်ချုပ်တွေကဖြင့် တအားအံ့ဩနေတာကို မင်းက သောက်ကျိုးနည်းဟန်ထုတ်နေသေးတာလား?
"အာ.. အခုလိုပြောလိုက်ရင် ခင်ဗျားတို့ရဲ့ယုံကြည်မှုကို ထိုးနှက်ရာကျနိုင်တယ်။ ဒါပေမဲ့ ကျုပ်တို့ဟွာရှားလူမျိုးတွေက ရိုးသားမှုကို အမြဲလက်ကိုင်ထားတယ်လေ။ ကျုပ်တို့မှာ သေချာပေါက်ရှိတယ်လို့ ပြောမှဖြစ်မယ်"
ကျန်းမုန့်လောင်က ဆို၏။
"ဟားဟားဟား.. မစ္စတာကျန်းက နောက်လည်းနောက်တတ်တာပဲ"
ချင်းချိုးနိုင်ငံ၏ လက်နက်ပညာရှင်လီကျန်းရီက ရယ်မောလိုက်လေသည်။
"ခင်ဗျားရဲ့ဗိုလ်ချုပ်တွေကဖြင့် တအားထိတ်လန့်နေတုန်းပဲကို။ ကျုပ်တို့ရဲ့နည်းပညာကြောင့် သူတို့ တော်တော်လန့်သွားတယ်ဆိုတာ သေချာတယ်။ မစ္စတာကျန်းအနေနဲ့ အခုလိုအဖတ်ဆည်နေစရာမလိုပါဘူး။ ဟုတ်တယ်မလား"
"လန့်သွားတာလား"
ကျန်းမုန့်လောင်က ထိုဗိုလ်ချုပ်များ၏အမူအရာကို လှမ်းကြည့်လိုက်သည်။
"သူတို့ သေချာပေါက်လန့်တာပေါ့။ ခင်ဗျားတို့ကြောင့် သူတို့ လန့်သွားတာလေ။ ဒါပေမဲ့ ခင်ဗျားပြောတဲ့လန့်တယ်ဆိုတာက ကျုပ်တို့လန့်နေတာနဲ့ မတူဘူး"
ကျန်းမုန့်လောင်က အကြီးအကဲကျိုးကို တံတောင်ဖြင့်တွက်လိုက်သည်။
"လောင်ကျိုး..ခင်ဗျား ကမ္ဘာကြီးကိုမမြင်ဖူးသလိုမျိုး လုပ်မနေနဲ့လေ။ သူတို့က ကျုပ်တို့ကို မေးခွန်းထုတ်နေပြီ"
"အိုး! အိုး! အိုး!"
လောင်ကျိုးလည်း သတိပြန်ဝင်လာလေသည်။
"ဒီတိုက်လေယာဉ်သုံးစင်းက တော်တော်လန့်ချင်စရာကောင်းတယ်"
လောင်ကျိုး၏အကဲဖြတ်ချက်ကို ကြားလိုက်ရသောအခါ ထိုသုံးနိုင်ငံမှ ဗိုလ်ချုပ်များနှင့် လက်နက်ပညာရှင်များ ချက်ချင်းပြုံးလိုက်မိကြသည်။
တွေ့လား.. ငါတို့ရဲ့တိုက်လေယာဉ်တွေ သိပ်ကောင်းကြောင်း မင်းတို့ခေါင်းဆောင်ကတောင် ဝန်ခံနေပြီ။ ဒီတော့ ဘာတွေ ဆက်ငြင်းခုံနေစရာလိုသေးလဲ?
သို့သော် လောင်ကျိုးဆက်ပြောလာသော စကားကြောင့် သူတို့၏မျက်နှာထက်တွင် နာကျင်မှုအရိပ်အယောင်များ ဖုံးလွှမ်းသွားသည်။
"ဒီလောက်အချိန်တွေအများကြီးကြာပြီးတာတောင် ခင်ဗျားတို့နိုင်ငံရဲ့စစ်ရေးနည်းပညာက ဒီအဆင့်လောက်ပဲ တိုးတက်လာတာလားဆိုပြီး လန့်သွားတာလေ။ တကယ်သာဆိုရင် ကျုပ်တော့ တော်တော်အံ့ဩမိတယ်။ ကျုပ်တို့တော့ ကျုပ်တို့ရဲ့အရှိန်ကို နည်းနည်းလျှော့ပြီး ခင်ဗျားတို့ကို စောင့်မှဖြစ်မယ်။ ဒါဆိုရင် ကျုပ်တို့နိုင်ငံလည်း နည်းနည်းသက်သာတာပေါ့"
"ဟုတ်တယ်။ သူတို့ပြောတော့ ဆဋ္ဌမမျိုးဆက်တိုက်လေယာဉ်ဆိုပြီး အဲဒါကိုမောင်းဖို့ လူလိုနေတုန်းပဲ။ ကြည့်ရတာတော့ နည်းနည်းဒိတ်အောက်နေသလိုပဲ။ ခင်ဗျားရော အဲဒီလိုမထင်ဘူးလား"
"အမှန်ပဲ။ ဒီလောက်အထိအဆင့်နိမ့်တဲ့အင်ဂျင်တွေကို သုံးနေတုန်းပဲနော်။ စွမ်းအင်က နည်းနည်းတိုးလာတယ်ဆိုပေမဲ့ ရောင်စုံတီဗီနဲ့ ပိတ်ကားကြားက ကွာခြားချက်လိုမျိုးပဲ။ ကျုပ် ခုနတုန်းက စကားမပြောနိုင်ခဲ့ဘူးဆိုတာက တအားအံ့ဩသွားလို့မဟုတ်ဘူး။ ခင်ဗျားတို့ကို ဒီအကြောင်း ဘယ်လိုယဉ်ယဉ်ကျေးကျေးပြောပြရမှန်း မသိလို့"
ပုံမှန်ဆိုလျှင် ဤဗိုလ်ချုပ်များမှာ ဤမျှတည့်တိုးမပြောတတ်ကြပေ။ စိတ်ထဲမှာတော့ သဘောမကျကောင်းမကျနိုင်သော်လည်း အပြင်ပန်းမှာမူ လူတိုင်းနှင့် ငြိမ်းငြိမ်းချမ်းချမ်းရှိသလို ဟန်ဆောင်ကြသည်။
သို့သော် ယနေ့တွင်မူ တစ်ဖက်က သူတို့၏စစ်ရေးပြအခမ်းအနားတွက် ထိလွယ်ရှလွယ်သောနေရာကို ရွေးချယ်ခဲ့ကြသဖြင့် သူတို့ရင်ထဲ၌ ဒေါသများ ပွက်ပွက်ဆူခဲ့ရသည်။ ထို့ကြောင့် ဤတစ်ခေါက်တွင်မူ မည်သူကမှ မျက်နှာသာမပေးကြတော့ပေ။
သူတို့၏စကားပြောဟန်ကြောင့် ထိုဗိုလ်ချုပ်သုံးယောက်နှင့် လက်နက်ပညာရှင်များ၏ စိတ်ပိုင်းဆိုင်ရာကား လုံးဝပြိုလဲသွားရလေတော့သည်။ ဟွာရှားနိုင်ငံ၏ ကျန်းမုန့်လောင်တစ်ယောက်တည်း မောက်မာနေရုံမျှဖြင့် လုံလောက်နေချေပြီ။ သို့သော် ဤမျှအထိထက်မြက်လှသော လူအများအပြားရှိနေခြင်းမှာ မည်သို့ဖြစ်နိုင်မည်နည်း။ သူတို့က ဘယ်လိုလုပ်ပြီး ယှဉ်နိုင်ပါ့မလဲ။
ဗိုလ်ချုပ်အာသာက ဒေါသကိုမျိုသိပ်ရင်း အေးတိအေးစက်ပြောလိုက်သည်။
"ခင်ဗျားအမြင်မှာ ကျုပ်တို့ရဲ့တိုက်လေယာဉ်သုံးစင်းက အဆင့်မမီဘူးလို့ တကယ်ထင်နေတာလား"
"စိတ်ဓာတ်လည်း သိပ်မကျကြပါနဲ့။ ခင်ဗျားတို့ရဲ့တိုက်လေယာဉ်တွေက လုံးဝသုံးစားမရတာတော့ မဟုတ်ပါဘူး"
ကျန်းမုန့်လောင်က ပြောလိုက်သည်။
"ခေတ်နောက်ကျနေတဲ့ နိုင်ငံတွေရဲ့ စတုတ္ထမျိုးဆက်တိုက်လေယာဉ်တွေနဲ့ တိုက်ခိုက်မယ်ဆိုရင်တော့ ဒီတိုက်လေယာဉ်တွေက ဘာပြဿနာမှမရှိဘဲ တိုက်ခိုက်နိုင်ပါတယ်။ အဲဒါကြောင့် ကိုယ့်ကိုယ်ကိုယ် အပြစ်မတင်ပါနဲ့"
အာသာခမျာ စိတ်ထဲမှာ ပွက်လောရိုက်နေလေပြီ။
မင်းတို့ စကားကောင်းကောင်းမပြောတတ်ဘူးဆိုရင်လည်း လုံးဝမပြောနဲ့လေ။ မော်တာပါးစပ်တစ်ခုကြောင့်နဲ့ လူကောင်းတစ်ယောက် ဖျက်ဆီးခံလိုက်ရတာတော့ နှမြောစရာပဲ။ ဒါက နှစ်သိမ့်ပေးနေတာတဲ့လား။ လုံးဝမပြောတာကမှ ပိုကောင်းဦးမယ်!
သို့သော် အာသာ၏စိတ်အခြေအနေ မတည်ငြိမ်သေးခင်မှာပင် ဗိုလ်ချုပ်ချင်းက နောက်ထပ်မှတ်ချက်တစ်ခု ထပ်ပေးလာသည်။
"တကယ်တော့ ကျုပ်တို့က ဧည့်သည်တွေဆိုတော့ ဒီလိုစကားမျိုးမပြောသင့်ဘူး။ ဒါပေမဲ့ ခင်ဗျားတို့က ကျုပ်တို့ကို အစကတည်းက လမ်းညွှန်ပေးပါဆိုပြီး အားမနာဖို့ပြောထားလို့ ကျုပ်တို့ကလည်း တောင်းဆိုချက်ကို လိုက်လျောခဲ့တာပါ။ စိတ်ထဲမထားပါနဲ့"
"စိတ်ထဲမထားပါဘူး။ ဒါပေါ့ စိတ်ထဲမထားပါဘူး"
အာသာခမျာ တစ်စုံတစ်ယောက်ကို အစိမ်းလိုက်မျိုချပစ်ချင်လေဟန် အပြုံးမျိုးဖြင့် ပြောလိုက်၏။
မင်းတို့ အဲဒီစကားရဲ့ဒုတိယတစ်ဝက်ကို ချန်ထားတာမလား။ "စိတ်ထဲထားရင်လည်း မင်းတို့ဘာလုပ်နိုင်မှာလဲ။ ငါ့ကိုလာထိုးလှည့်"လို့ ပြောမလို့မလား။
ဗိုလ်ချုပ်ချင်းက ရိုးသားစွာ ဆက်ပြောလိုက်၏။
"သိပ္ပံသုတေသနဆိုတာ တစ်ညတည်းနဲ့ဖြစ်လာတာမျိုးမဟုတ်ဘူးလေ။ ခင်ဗျားတို့ရဲ့တိုက်လေယာဉ်က စိတ်ကျေနပ်ဖို့ကောင်းရုံလောက်ပဲ ဆိုပေမဲ့ ဒါက အရင်ကထက်တော့ ပိုတိုးတက်လာတာပဲမလား"
"ဗိုလ်ချုပ်တွေနဲ့ မစ္စတာကျန်းက ဒီလောက်တောင်ယုံကြည်မှုရှိနေမှတော့ ကျုပ်တို့လည်း ရဲတင်းတဲ့တောင်းဆိုမှုတစ်ခုလုပ်ရုံပဲရှိတော့တာပေါ့"
ဗိုလ်ချုပ်အာသာက ပြောလိုက်လေသည်။
"ပြောသာပြောပါ ဗိုလ်ချုပ်"
"နောက်နှစ်ရက်နေရင် ခင်ဗျားတို့နိုင်ငံရဲ့ အမျိုးသားနေ့ရှိတယ်မလား။ ခင်ဗျားတို့နိုင်ငံရဲ့ရိုးရာအတိုင်း အဲဒီနေ့ကျရင် ကြီးကျယ်ခမ်းနားတဲ့ စစ်ရေးပြပွဲတစ်ခု ကျင်းပမဲ့အပြင် နောက်ဆုံးပေါ်ပြည်တွင်းထုတ်ကိရိယာတွေကိုလည်း ပြသမှာလေ။ ခင်ဗျားတို့နိုင်ငံရဲ့တိုက်လေယာဉ်တွေက ကျုပ်တို့ထက် ပိုအဆင့်မြင့်တယ်လို့ ယူဆမိတယ်။ ဒီတော့ ကျုပ်တို့ရော လာကြည့်ခွင့်ရနိုင်မလားလို့ သိချင်ပါတယ်"
"အာ..ဒါက.."
ကျန်းမုန့်လောင်က အကျပ်ရိုက်သွားလေဟန် အမူအရာကို ထုတ်ဖော်ပြသလိုက်သည်။ အခြားဗိုလ်ချုပ်များလည်း အတန်ငယ်တွေဝေသွားကြသည်။
"အဆင်မပြေဘူးလား"
အာသာက ရယ်ကာမောကာဖြင့် ပြောလိုက်သ်။ သူတို့က သူတို့ကိုယ်သူတို့ ကမ္ဘာပေါ်မှာ အတော်ဆုံးနှယ်ဟန်ဆောင်နေပုံပင်။ တကယ်တမ်းမှာတော့ သူတို့၏တိုက်လေယာဉ်များက J-20အဆင့်လောက်သာ ရှိနေနိုင်သည်။
အမှန်အတိုင်းပြောရလျှင် J20က ကောင်းမွန်ပါသော်ငြား F22နှင့်ယှဉ်လိုက်ပါက အဆင့်နိမ့်နေဆဲသာ။ သူတို့က ကိုင်ဘွန်နိုင်ငံနှင့် ချင်းချိုးနိုင်ငံတို့၏ တိုက်လေယာဉ်များလောက်သာ အဆင့်မြှင့်ထားနိုင်သည်ဖြစ်ရာ ကိုင်ဘွန်နိုင်ငံနှင့် ချင်းချိုးနိုင်ငံတို့၏ လမ်းညွှန်မှုဖြင့်ဆိုလျှင် သူတို့၏တိုးတက်မှုက ဟွာရှားနိုင်ငံကိုပင် ကျော်တက်သွားနိုင်သည်။ သူတို့၏ကိုယ်ပိုင်တိုက်လေယာဉ်များမှာ ပြသဖို့လောက်တောင် တန်ဖိုးရှိမည်မဟုတ်။
ယခု သူတို့ဘက်က လာရောက်လည်ပတ်ရန် တောင်းဆိုလိုက်ချိန်မှာ ဟွာရှားလူမျိုးများလည်း တုံ့ဆိုင်းတွေဝေသွားလေသည်။
"အဆင်မပြေတာတော့မဟုတ်ပါဘူး"
ကျန်းမုန့်လောင်က ထိုသို့ပြောရင်း စိတ်ထဲမှာတော့ ကျိတ်ဝမ်းသာနေသည်။ သူတို့၏စစ်ရေးပြပွဲကို လာကြည့်ချင်လာအောင် ဤလူများကို မည်သို့လှည့်စားရမလဲဆိုတာကို သူ စဉ်းစားနေခဲ့ခြင်းဖြစ်၏။ ယခုမူ သူတို့ကိုယ်တိုင်က တောင်းဆိုလာလေသည်။
သူတို့က တော်တော်ယုံကြည်မှုရှိနေတာပဲ!
"ခင်ဗျားတို့ လန့်ဖျပ်ပြီး ယုံကြည်မှုပျောက်ဆုံးသွားမှာကို စိုးရိမ်နေရုံပါပဲ။ အဲဒီလိုသာဆိုရင် ကျုပ်တို့လည်း အပြစ်ရှိသလို ခံစားမိမှာ"
သူက ဆိုလိုက်လေသည်။
"ဟားဟားဟား မစ္စတာကျန်း.. မင်းက အရမ်းဟာသလုပ်တတ်တာပဲ။ ကျုပ်တို့က မင်းတို့နိုင်ငံရဲ့ အစွမ်းထက်ကိရိယာတွေကို မြင်ချင်လွန်းလို့ စိတ်အားထက်သန်နေတာကို"
"ဗိုလ်ချုပ်အာသာက ဒီလောက်တောင်စိတ်ဝင်စားနေမှတော့ ကျုပ်တို့ကလည်း ကြိုဆိုတာပေါ့"
ဗိုလ်ချုပ်ရှင်းက ဆိုလိုက်လေသည်။
"ဒါဆို ခင်ဗျားတို့ကို လေဆိပ်မှာ လာကြိုပေးဖို့အတွက် ကျုပ်တို့ စီစဉ်ထားလိုက်ပါ့မယ်"
"ကျုပ်တို့ရော လိုက်လို့ရမလား"
ချင်းချိုးနိုင်ငံမှ ဗိုလ်ချုပ်ကင်မ်ကလည်း ကျန်မနေခဲ့ချင်ပေ။
"ကျုပ်တို့လည်း ဟွာရှားနိုင်ငံရဲ့ ခမ်းနားတဲ့လက်နက်တွေကို မြင်ချင်သေးတယ်"
ဗိုလ်ချုပ်ပေ့ချီက ထောက်ခံပြောဆိုလာပြန်သည်။
"ဒါဆို ခင်ဗျားတို့သုံးယောက်စလုံး အတူလာခဲ့ကြလေ"
အကြီးအကဲရှင်းက ကျန်းမုန့်လောင်ထံသို့ အထာပေါက်လေဟန်အကြည့်တစ်ချက် ပစ်သွင်းရင်း ပြောလိုက်သည်။
...
စစ်ရေးပြပွဲက အကောင်းဆုံးအနေအထားဖြင့် ပြီးဆုံးခဲ့ခြင်းမဟုတ်တာတော့ ကျိန်းသေသည်။ မကျေနပ်သူများမှာ ထိုဗိုလ်ချုပ်များပင်။
ကျန်းမုန့်လောင်တို့ လေယာဉ်ပေါ်သို့ ပြန်ရောက်ချိန်မှာ အားရပါးရအော်ရယ်မိကြတော့သည်။
"ဘုရားရေ…တအားရယ်ရတာပဲ။ ခုနတုန်းက မရယ်မိအောင် အောင့်ထားရတာ ဘယ်လောက်ခက်လဲဆိုတာ ခင်ဗျားတို့သိမှာမဟုတ်ဘူး"
"ဟုတ်တယ်။ အာသာ့မျက်နှာကိုမြင်လိုက်လား။ သူ့ခမျာ အသက်ရှင်ချင်စိတ်တွေ ကုန်ခမ်းသွားတဲ့ပုံနဲ့"
"သူတို့က ကိုယ့်ကိုယ်ကိုယ်သိပ်ယုံကြည်နေကြတာပဲ။ ဒါပေမဲ့ ဟွာရှားနိုင်ငံရဲ့ လက်ရှိလက်နက်ကိရိယာတွေရှေ့ကိုရောက်သွားရင် သူတို့လက်နက်တွေက အရုပ်လေးတွေလိုပဲဆိုတာတော့ မသိရှာဘူး"
"မုန့်လောင်"
အကြီးအကဲရှင်းက ပြောလိုက်သည်။
"မင်းလည်း စစ်ရေးပြအခမ်းအနားကို လာခဲ့ရမယ်နော်။ မင်းရဲ့လျှာဆိပ်က အရမ်းပြင်းတယ်"
"အကြီးအကဲရှင်း.. ဒါကို ချီးကျူးတယ်လို့ပဲ သဘောထားလိုက်ပါ့မယ်"
ကျန်းမုန့်လောင်ကလည်း ပြန်ဖြေလိုက်၏။ ဤကဲ့သို့သော ကိစ္စမျိုးကို သူ အလွန်သဘောကျသည်။
"သူတို့အတွက် လူနာတင်ကားခေါ်ထားပေးဖို့ ကျွန်တော် ကြိုပြီးအကြံပေးထားချင်တယ်။ သူတို့ လန့်လွန်းလို့ အဲဒီနေရာမှာတင် ပွဲချင်းပြီးအနိစ္စရောက်သွားမှာ စိုးမိတယ်"
********************