မကြာခင်မှာ လက်ထပ်ကြတော့မည်
Vol. 207 Ch. 3094
“သွေးလောကအရှင်က ပြန်ရောက်လာပြီးတဲ့နောက် သူက ဒေါသချောင်းချောင်းထွက်လာပြီး ငါတို့ကို အသည်းအသန်တိုက်ခိုက်ခဲ့တာ အံ့ဩစရာမရှိတော့ဘူး”
ဧကရာဇ်တစ်ဦးက ပြောလိုက်၏။
“လက်စသတ်တော့ သူက နဂါးကမ္ဘာမှာ ကြီးမားတဲ့ပျက်စီးထိခိုက်မှုနဲ့ ကြုံတွေ့ပြီး မကျေမချမ်းခံစားချက်တွေ တစ်ပွေ့တစ်ပိုက်နဲ့ ပြန်ရောက်လာခဲ့တာပဲ”
နောက်ထပ် ဧကရာဇ်တစ်ဦးက ပြောလိုက်၏။
“သူက ဒီကိုပြန်ရောက်လာပြီးတဲ့နောက် အစိမ်းရောင်ကြာပန်းကြယ်မှာ ဧကရာဇ်အထီးကျန်သိုင်းသခင်နဲ့မှ ထပ်ပြီး ပြန်ဆုံရတယ်လို့”
“ပကတိစိတ်ဝိညာဉ်တစ်ဦးရဲ့ တိုင်ကြားမှုကြောင့် သူက အသတ်ခံရလိမ့်မယ်လို့ သွေးလောကအရှင်က တစ်ခါမှ စိတ်ကူးခဲ့ဖူးမှာမဟုတ်ဘူးဆိုတာ ငါလောင်းရဲတယ်”
“အဲဒါက ကံ ကံ၏ အကျိုးပဲ… သူက အစိမ်းရောင်ကမ္ဘာကို ဖျက်ဆီးခဲ့ပြီးကတည်းက သူက ဒီကပ်ဘေးနဲ့ ကြုံတွေ့ရဖို့ ပြဋ္ဌာန်းပြီးသားဖြစ်ရမယ်”
ပန်းကမ္ဘာမှလူတိုင်းက သက်ပြင်းချလိုက်ကြ၏။
“လျန်လေး…”
ပန်းလောကအရှင်က သူမ၏ မျက်လုံးထဲရှိ ချစ်ခင်မြတ်နိုးမှုနှင့်အတူ မူလျန်ကိုကြည့်ပြီး ညင်သာစွာပြောလိုက်၏။
“ရှောင်းယောင်ရဲ့ ဆရာနဲ့ဆရာကတော်က နင့်ကို တခြားဘာတွေပြောလိုက်သေးလဲ”
မူလျန်သည် အစကတည်းက အန္တိမပကတိစိတ်ဝိညာဉ်တစ်ဦးဖြစ်ပြီး ပန်းကမ္ဘာက သူမကို အတော်လေးတန်ဖိုးထားကာ သူမ၏ ပါရမီအလားအလာကို မြင့်မြင့်မားမားသတ်မှတ်ထားကြသည်။
သို့သော်လည်း ထိုမျှအထိတော့ မဟုတ်ပေ။
ယနေ့ကိစ္စအပြီးမှာ ဧကရာဇ်လေးဦးအပါအဝင် လက်ရှိပန်းကမ္ဘာမှ ဘုရင်များစွာသည် မူလျန်အပေါ် ယဉ်ကျေးပျူငှာမှုရှိလာပြီး အကြီးအကဲများကဲ့သို့ မပြုမူနိုင်ကြတော့ပေ။
ရှောင်းယောင်သည် ဧကရာဇ်အထီးကျန်သိုင်းသခင်ကို တိုင်ကြားခဲ့ရုံမျှသာဖြစ်ပြီး သွေးကမ္ဘာမှ ဧကရာဇ်ပညာရှင်ဆယ်ဦးကျော်က သေဆုံးခဲ့ရ၏။
ဒါ့အပြင် မူလျန်နှင့် ရှောင်းယောင်မှာ အလွန်တရာရင်းနှီးကျွမ်းဝင်သော ဆက်ဆံရေးတစ်ခုရှိထား၏။
သားရဲဧကရီသွေးလိပ်ပြာက ဤမျှအထိ တန်ဖိုးကြီးမားသော လက်ဆောင်တစ်ခုကို မူလျန်အား သာမန်ကာလျှံကာပေးလိုက်သည့်အချက်နှင့်အတူ ပန်းကမ္ဘာမှာ မူလျန်၏ အဆင့်အတန်းက တဟုန်ထိုး မြင့်တက်လာသည်ဟု ဆိုနိုင်သည်။
မူလျန်သည် ပန်းကမ္ဘာ၏ တစ်ဦးတည်းသော အန္တိမပကတိစိတ်ဝိညာဉ်ဖြစ်ရုံသာမက သူမသည် ဧကရာဇ်အထီးကျန်သိုင်းသခင်နှင့် သားရဲဧကရီသွေးလိပ်ပြာကို ဆက်သွယ်ဖို့အတွက် တစ်ခုတည်းသော ပေါင်းကူးတံတားလည်းဖြစ်နိုင်၏။
တကယ်ဆို ပန်းလောကအရှင်သည် သူမကို အင်မော်တယ်ဘုရင်မယိုလန်ထံမှ လုယူလိုပြီး မူလျန်ကို သူမ၏ လက်ရင်းတပည့်ပင် ဖြစ်လာစေချင်နေ၏။
“ဘာမှထွေထွေထူးထူးတော့မပြောပါဘူး”
မူလျန်က ပြောလိုက်၏။
“ကျွန်မက သူတို့တွေကို အဲဒီမှာ ခဏအနားယူခိုင်းထားပြီး သူတို့တွေကို ဧည့်ခံဖို့အတွက် ကျွန်မရဲ့ ဆရာကို သွားရှာမယ်လို့ပဲ ပြောထားခဲ့တာ”
“ဟုတ်တာပေါ့… ဟုတ်တာပေါ့”
ပန်းလောကအရှင်က ခေါင်းညိတ်လိုက်၏။
“ငါတို့အားလုံး အတူတူသွားကြမယ်”
ထို့နောက် ပန်းလောကအရှင်က တွေဝေတုံ့ဆိုင်းသွားပြီး လေးနက်သောအသံဖြင့် ပြောလိုက်၏။
“ငါတို့အနေနဲ့ ဒီလိုမျိုးသွားဖို့က… နဲနဲရဲတင်းလွန်းရာကျမနေဘူးလား… ဘာပဲပြောပြော…”
“လျန်လေး… ဧကရာဇ်အထီးကျန်သိုင်းသခင်နဲ့ သားရဲဧကရီသွေးလိပ်ပြာက ငါတို့နဲ့တွေ့ဆုံဖို့ သဘောတူလက်ခံရဲ့လားဆိုတာ မေးကြည့်ပေးပါလား”
အင်မော်တယ်ဘုရင်မယိုလန်က ပြောလိုက်၏။
“အဲဒီစီနီယာနှစ်ဦးက ဘာပဲပြောပြော ပန်းကမ္ဘာကို ဒီအကျပ်အတည်းကနေ ကယ်တင်ပေးထားခဲ့တာပဲ… ကျွန်မတို့အနေနဲ့ သူ့ကို သွားပြီးတော့ ကျေးဇူးတင်သင့်တယ်”
“အဲလိုလည်းဟုတ်တာပဲ”
ပန်းလောကအရှင်က ခေါင်းညိတ်လိုက်၏။
သူတို့က ထိုသို့ပြောဆိုကြလျှင်တောင် မွန်မြတ်ကောင်းကင်ဘုံကမ္ဘာကို ဖိနှိမ်ပြီး မကြာသေးခင်ကမှ နဂါးများနှင့် ဖီးနစ်များ၏ စစ်ပွဲကို ဖြေရှင်းပေးထားသည့် ဧကရာဇ်အထီးကျန်သိုင်းသခင်နှင့် မည်သို့မည်ပုံတွေ့ဆုံရမည်ကို စဉ်းစားတွေးတောကာ သူတို့က အနည်းငယ်မအီမသာခံစားနေကြရဆဲပင်။
လူတိုင်းသည် ပြင်ဆင်စရာရှိသည်များ ပြင်ဆင်ဖို့အတွက် တစ်နာရီလောက် အချိန်ယူလိုက်ရ၏။
အစိမ်းရောင်ကြာပန်းကြယ်မှာ။
ပန်းလောကအရှင်သည် အစိမ်းရောင်ကြာပန်းကြယ်ပေါ်သို့ တိုက်ရိုက်မဆင်းသက်ရဲပေ။ ထိုအစား သူမက အနီးနားသို့ ရောက်ရှိလာ၏။
သူမသည် အာကာသဥမင်ထဲကနေ ထွက်လာသည့်ခဏမှာပင် မလှမ်းမကမ်းမှာ ဧကရာဇ်သွေးများဖြင့် ပြည့်နှက်နေသည့် နီရဲနေသော တိုက်ပွဲနယ်မြေကို တွေ့မြင်လိုက်ရ၏။
လေဟာနယ်ထဲရှိ သွေးအိုင်ထဲမှာ အလောင်းဆယ်လောင်းကျော်က လွင့်မျောနေ၏။
သူမသည် အဲဒါကို သူမ၏ မျက်လုံးနှင့် ကိုယ်တိုင်မြင်တွေ့ရခြင်းမဟုတ်လျှင် ထိုအလောင်းဆယ်လောင်းကျော်သည် လွန်ခဲ့သည့်တစ်နာရီလောက်က အလယ်အလတ်ကမ္ဘာတစ်ထောင်လောက၏ အထွတ်အထိပ်ပညာရှင်များ ဖြစ်ခဲ့သည်ကို စဉ်းစားကြည့်ဖို့ ခက်ခဲလေသည်။
လူတိုင်းက အစိမ်းရောင်ကြာပန်းကြယ်ပေါ်သို့ ရောက်ရှိလာသောအခါ ပန်းလောကအရှင်က အသက်ပြင်းပြင်းတစ်ချက်ရှိုက်ပြီး အသံမြှင့်ကာ ပြောလိုက်၏။
“ကျွန်မက ဟွာလောပါ… ဧကရာဇ်အထီးကျန်သိုင်းသခင်နဲ့ သားရဲဧကရီသွေးလိပ်ပြာကို အနှောက်အယှက်ပေးမိမယ်ဆိုရင် တောင်းပန်ပါတယ်… ကျွန်မက ယိုလန်.. လျန်လေးနဲ့ တခြားမျိုးနွယ်ဝင်တွေနဲ့အတူ ရှင်တို့နဲ့ တွေ့ဆုံခွင့်ရဖို့ ဒီကိုရောက်လာတာပါ”
“လာခဲ့လေ”
ခဏမျှငြိမ်သက်ပြီးနောက် အစိမ်းရောင်ကြာပန်းကြယ်ကနေ အသံတစ်သံက ထွက်ပေါ်လာ၏။
ပန်းလောကအရှင်နှင့် အခြားသူများက ရင်ထဲမှာ ပေါ့ပါးသွားပြီး သူတို့မှာ ကျေနပ်နှစ်ခြိုက်သော အမူအရာများ ထွက်ပေါ်လာကြသည်။
လူတိုင်းသည် အစိမ်းရောင်ကြာပန်းကြယ်ပေါ်သို့ ဆင်းသက်ပြီး မူလျန်၏ ဦးဆောင်မှုအောက်မှာ ရှောင်းယောင်၏ လိုဏ်ဂူခန်းဝါသို့ ဝင်ရောက်လာကြ၏။
ရှောင်းယောင်၏ လိုဏ်ဂူခန်းဝါက အတော်လေးကျယ်ဝန်းလေသည်။ ခြေလှမ်းအနည်းငယ်လျှောက်လှမ်းပြီးနောက် သူတို့၏ မြင်ကွင်းက ရှင်းလင်းသွားပြီး အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးသည် လူတိုင်းကိုမျက်နှာမူကာ ဘေးချင်းယှဉ်ထိုင်နေကြ၏။
အမျိုးသားမှာ အနက်ရောင်ဆံပင်၊ ခရမ်းရောင်ဝတ်ရုံ၊ ငွေရောင်မျက်နှာဖုံးနှင့် နက်ရှိုင်းသော မျက်လုံးများရှိလေသည်။
အမျိုးသမိးက သွေးနီရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ထီမထင်အမူအရာနှင့်အတူ လူတိုင်းကို တည်ငြိမ်စွာကြည့်နေ၏။
“မင်္ဂလာပါ… ဧကရာဇ်အထီးကျန်သိုင်းသခင်နဲ့ သားရဲဧကရီသွေးလိပ်ပြာ”
ပန်းလောကအရှင်နှင့် အခြားသူများက ရှေ့သို့အလောတကြီးတက်လှမ်းလာပြီး ဦးညွှတ်လိုက်ကြ၏။
“တာအိုရောင်းရင်းတို့… ဒီတစ်ခေါက် ပန်းကမ္ဘာကို ကပ်ဘေးကနေ ကယ်တင်ပေးခဲ့တဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်”
“အဲဒါက အထွေအထူးမှမဟုတ်ဘဲ”
သိုင်းတာအိုပင်မခန္ဓာက သူ၏ ဝတ်ရုံစကို ညင်သာစွာဝေ့ယမ်းပြီး လူတိုင်းကို ထူမပေးကာ သာမန်ကာလျှံကာ ပြောလိုက်၏။
“အဲဒါက ကိစ္စကြီးတစ်ခုမှ မဟုတ်တာ”
ပန်းကမ္ဘာမှလူတိုင်းက ခေါင်းနားပန်းကြီးသွားကြ၏။
ဧကရာဇ်ဆယ်ဦးကျော်ကျော်ကို သတ်ဖြတ်ပြီးလျှင်တောင် အဲဒါသည် သူ့အတွက်ကြီးမားသော ကိစ္စတစ်ခုမဟုတ်ပေ။
ရှောင်းယောင်သည် သိုင်းတာအိုပင်မခန္ဓာနှင့် သားရဲဧကရီသွေးလိပ်ပြာ၏ ရှေ့မှာ ထိုင်နေ၏။ သူက မူလျန်ကို တွေ့မြင်သောအခါ ကျေနပ်သဘောကျသွားသောအမူအရာနှင့် သူမကို လက်ပြလိုက်၏။
မူလျန်က လူအုပ်ကြားထဲမှာ တွေဝေရှုပ်ထွေးစွာဖြင့် မတ်တတ်ရပ်နေ၏။
မည်သို့ပင်ဆိုစေ သူမ၏ ဘေးပတ်လည်မှာ ပန်းကမ္ဘာ၏ အကြီးအကဲများစွာရှိနေပြီး သူမက ရှေ့သို့မဆင်မခြင်မတက်လှမ်းရဲပေ။
ထိုစဉ်မှာပင် တျဲယွဲ့က သူမကို ခေါင်းညိတ်ပြလိုက်၏။
“ဒီကိုလာထိုင်လေ”
“ကျေးဇူးတင်ပါတယ်စီနီယာ”
မူလျန်က အလောတကြီး ကျေးဇူးတင်စကားပြောပြီး ရှောင်းယောင်၏ ဘေးမှာထိုင်ရန် ရှေ့သို့ လျှောက်လှမ်းလာ၏။
“တာအိုရောင်းရင်းယိုလန်… မင်းလည်းလာထိုင်လေ”
သိုင်းတာအိုပင်မခန္ဓာ၏ အကြည့်က အင်မော်တယ်ဘုရင်မယိုလန်ပေါ်သို့ ရောက်ရှိသွား၏။
အင်မော်တယ်ဘုရင်မယိုလန်က ချက်ချင်းပင် ဘဝင်လေဟပ်သွားမိသည်။ ထို့နောက် သူမက မူလျန်ကိုကြည့်ပြီး သူမဘာသာသူမ တွေးလိုက်၏။
‘ငါက ငါ့ရဲ့ဒီတပည့်ဆီကနေ တကယ်ကို အကျိုးအမြတ်ရနေတာပဲ’
ထို့နောက် သိုင်းတာအိုပင်မခန္ဓာက ပန်းလောကအရှင်ကို ကြည့်လိုက်၏။
“မင်းတို့တွေလည်း နဂါးတွေနဲ့ ဖီးနစ်တွေရဲ့ စစ်ပွဲအကြောင်းကြားပြီးရောပေါ့”
“ဟုတ်ကဲ့.. ကြားပြီးပါပြီ”
ပန်းလောကအရှင်နှင့် အခြားသူများက အလောတကြီးခေါင်းညိတ်ပြလိုက်ကြ၏။
သိုင်းတာအိုပင်မခန္ဓာက ကျောက်စိမ်းအိုးတစ်လုံးကို ထုတ်ယူပြီး အဲဒါကို လက်ဖြင့်ညင်သာစွာတောက်ကာ ပန်းလောကအရှင်နှင့် အခြားသူများရှိရာဘက်သို့ ပို့ပေးလိုက်၏။
“အထဲမှာရှိတဲ့စိမ့်စမ်းရေက ပင်ကိုယ်ဗီဇဝေဒနာကျိန်စာကို ဖြေရှင်းပေးနိုင်တယ်”
“ပန်းကမ္ဘာမှာ ဘယ်သူတွေ ကျိန်စာမိထားသလဲဆိုတာကတော့… ငါက မင်းတို့တွေနဲ့ပဲ လွှဲပေးရတော့မယ်”
ထိုအချက်သည် ပန်းလောကအရှင်က သိုင်းတာအိုပင်မခန္ဓာနှင့် တွေ့ဆုံလိုသည့် အကြောင်းအရင်းများထဲမှ တစ်ခုလည်းဖြစ်သည်။
ကိစ္စများက အတော်လေး ချောချောမွေ့မွေ့ရှိနေလေသည်။
ပန်းလောကအရှင်သည် ပင်ကိုယ်ဗီဇဝေဒနာကျိန်စာက ဘယ်လောက်စွမ်းအားကြီးမားသလဲ သိရှိထား၏။ သူမသည် ကျောက်စိမ်းအိုးထဲမှ ရေတချို့ကို ထုတ်ယူပြီး သူမ၏ ဘေးပတ်လည်မှ မျိုးနွယ်ဝင်များထံ ဖြန့်ဝေပေးလိုက်လေသည်။
အရင်ဆုံး သူမက တစ်ယောက်ချင်းမစစ်ဆေးခင် ဘေးပတ်လည်မှာရှိသော ဧကရာဇ်များနှင့် ဘုရင်များက ကျိန်စာမိထားခြင်းမရှိသည်ကို အတည်ပြုရပေမည်။
အင်မော်တယ်ဘုရင်မယိုလန်သည် သိုင်းတာအိုပင်မခန္ဓာနှင့် တျဲယွဲ့ကိုကြည့်ပြီး ပြုံးပြလိုက်၏။
“အစိမ်းရောင်ကြာပန်းကြယ်က အန္တရာယ်ကျရောက်နေတာကို ကျွန်မအခုပဲ ကြားခဲ့ရတယ်… မူလျန်က ရှောင်းယောင်နဲ့အတူ အသေခံမယ်ဆိုပြီး ပြေးထွက်နေတာ… ကျွန်မတောင်မှ သူ့ကိုမတားနိုင်ဘူး… ကံကောင်းထောက်မစွာနဲ့ ရှင်တို့တွေက ဒီကိုရောက်နေလို့ပေါ့”
တျဲယွဲ့က ခေါင်းညိတ်ပြလိုက်၏။
“အင်း… မူလျန်မှာ သူရဲကောင်းဆန်တဲ့ နာမည်ဂုဏ်သတင်းရှိပြီး အရမ်းကို သစ္စာရှိတယ်ဆိုတာ သူ့ဆီကနေ ငါကြားထားပါတယ်”
အင်မော်တယ်ဘုရင်မယိုလန်က အနည်းငယ်မှင်တက်သွား၏။
သားရဲဧကရီသွေးလိပ်ပြာပြောသည့် သူဆိုသည်မှာ ဧကရာဇ်အထီးကျန်သိုင်းသခင်ကို ရည်ညွှန်းနေခြင်းဖြစ်သည်။
ဧကရာဇ်အထီးကျန်သိုင်းသခင်က မူလျန်အကြောင်းကိုပင် ကြားသိထားတာလား။
အင်မော်တယ်ဘုရင်မယိုလန်သည် အဲဒါနှင့်ပတ်သက်၍ များစွာစဉ်းစားမနေပေ။ သူမက ခဏမျှစဉ်းစားပြီးနောက် ပြောလိုက်၏။
“စီနီယာတို့ ရှင်တို့နှစ်ယောက် ဒီကိုရောက်လာပြီဆိုမှတော့ ကလေးနှစ်ယောက်ကို တတ်နိုင်သမျှမြန်မြန်လက်ထပ်ပေးရအောင် ကျွန်မတို့ ဆုံးဖြတ်ချက်ချရင် မကောင်းဘူးလား”
တျဲယွဲ့က သိုင်းတာအိုပင်မခန္ဓာကို လှည့်ကြည့်လိုက်၏။
“သူတို့ကို တတ်နိုင်သမျှမြန်မြန်လက်ထပ်ပေးတာ ကောင်းပါတယ်”
သိုင်းတာအိုပင်မခန္ဓာက စားပွဲကို ညင်သာစွာခေါက်လိုက်၏။
“ဒါပေမဲ့… လက်ထပ်ပွဲမှာ ရှောင်းယောင်ရဲ့ မျိုးနွယ်ဝင်တွေမရှိဘူးဆိုရင် သိပ်တော့အဆင်မပြေဘူး”
“ရှောင်းယောင်… ငါမင်းကို ခွန်ကမ္ဘာဆီပြန်ပို့ပေးမယ်”
အစကတော့ ရှောင်းယောင်သည် မူလျန်ကို နောက်ပြန်ကျီစယ်နေ၏။ ထိုစကားကိုကြားသောအခါ သူက တုန်လှုပ်သွား၏။
အင်မော်တယ်ဘုရင်မယိုလန်က အလောတကြီးထပ်ပြောလိုက်၏။
“စီနီယာတို့… ခွန်ကမ္ဘာက မင်းသားတစ်ဦးက ရှောင်းယောင်ရဲ့ မျိုးဆက်သွေးကို ဝါးမျိုလိုခဲ့တယ်… ရှောင်းယောင်က ကယ်တင်ခံရပြီးတဲ့နောက် လောလောဆယ်မှာ… ပန်းကမ္ဘာမှာလာပြီးတော့ ပုန်းရှောင်နေတာ… သူ့ကို ခွန်ကမ္ဘာဆီပြန်ပို့ပေးမယ်ဆိုရင် ကျွန်မစိုးရိမ်မိတာ…”
သိုင်းတာအိုပင်မခန္ဓာက ပြောလိုက်၏။
“ငါရှိနေမှတော့ သူက ဘာလို့ပုန်းရှောင်နေရမှာလဲ”
အင်မော်တယ်ဘုရင်မယိုလန်က မတုံ့ပြန်နိုင်ခင် မှင်တက်နေ၏။
အဲဒါက အမှန်ပင်ဖြစ်သည်။
ဤကဲ့သို့ ကြီးမားသော နောက်ခံတစ်ခုနှင့်အတူ ရှောင်းယောင်ကို ဘယ်သူက ထိရဲတော့မှာလဲ။
သူသည် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ သူလုပ်ချင်ရာကို လုပ်နိုင်နေပြီဟု ဆိုနိုင်ပြီဖြစ်သည်။
ပန်းလောကအရှင်က ပြောလိုက်၏။
“ကျွန်မသိရသလောက်ဆိုရင် ခွန်ကမ္ဘာနဲ့ ဖန်းကမ္ဘာက စစ်ဖြစ်နေကြတုန်းပဲ”
သိုင်းတာအိုပင်မခန္ဓာက မှင်သေသေဖြင့်ပြောလိုက်၏။
“အခုက ခွန်တွေနဲ့ ဖန်းတွေရဲ့ စစ်ပွဲကို ရပ်တန့်ဖို့ အချိန်ကျပြီပဲ”
ခွန်များနှင့်ဖန်းများ၏ စစ်ပွဲကိုလည်း စုန်းမျိုးနွယ်က စတင်မီးမွှေးပေးခဲ့ခြင်းဖြစ်နိုင်လေသည်။ ရှောင်းယောင်ကြောင့်မဟုတ်လျှင်တောင် သိုင်းတာအိုပင်မခန္ဓာက ထိုစစ်ပွဲကို ဖြေရှင်းပေးဖို့ စီစဉ်ထားပြီးသားဖြစ်လေသည်။