← Chapters

ဂိုဏ်းချုပ်၏ ဝင်ရောက်စွက်ဖက်မှု

Vol. 207 Ch. 3096

ဂိုဏ်းချုပ်၏ ဝင်ရောက်စွက်ဖက်မှု

Vol. 207 Ch. 3096

စုန်းကမ္ဘာမှာ။

လတ်ဆက်သောသွေးများ၊ အလောင်းများ၊ ကျိုးပဲ့နေသော လက်နက်များ.. အဲဒါသည် ဖွတ်ဖွတ်ညက်ညက်ကြေအောင် ဖျက်ဆီးခံထားရသည့် မြင်ကွင်းတစ်ခုဖြစ်၏။

တိုက်ပွဲအပြီး၌ နေရာတိုင်းမှာ ညှိုးနွမ်း၍ အသက်ဓာတ်ကင်းမဲ့သော ပတ်ဝန်းကျင်က ပြည့်နှက်နေ၏။

နေကာသစ်ပင်ကမ္ဘာ၊ နဂါးကမ္ဘာနှင့် အခြားကမ္ဘာတစ်ရာကျော်၏ စစ်တပ်များ ဝင်ရောက်တိုက်ခိုက်ပြီးနောက် စုန်းကမ္ဘာသည် လုံးလုံးလျားလျားဖျက်ဆီးခံလိုက်ရ၏။ ကံကောင်းထောက်မစွာဖြင့် ရှင်သန်နိုင်ခဲ့သော စုန်းတချို့ကလည်း ထွက်ပြေးသွားခဲ့ပြီဖြစ်၏။

ကျယ်ပြောသော ဤပိုင်နက်နယ်မြေမှာ မည်သူတစ်ဦးတစ်ယောက်မျှမရှိတော့ပေ။

ရုတ်တရက်ဆိုသလို။

လေဟာနယ်က ပွင့်ထွက်သွားပြီး လူနှစ်ယောက်က ဆင်းသက်ရောက်ရှိလာ၏။

“နင်ဘာကို ရှာတွေ့လို့လဲ”

တျဲယွဲ့က မေးလိုက်၏။

သိုင်းတာအိုပင်မခန္ဓာက သူ၏ စိတ်ဝိညာဉ်အသိစိတ်ကို ထုတ်လွှတ်ပြီး အတန်ကြာသည့်အထိ သူ၏ မျက်လုံးနှစ်ဖက်ကို မှိတ်ထားပြိးနောက် ခေါင်းခါပြလိုက်၏။

သူသည် ခွန်ဖန်းကမ္ဘာမှာရှိနေစဉ်က စုန်းကမ္ဘာသည် တစ်ရက်တည်းနှင့် ဖျက်ဆီးခံခဲ့ရသည်ဟူသောသတင်းကို သိုင်းတာအိုပင်မခန္ဓာက ကြားသိခဲ့ရ၏။ သူသည် မူမမှန်မှုတစ်ခုကို အာရုံခံမိသွားပြီး ထိုအကြောင်းနှင့်ပတ်သက်၍ နေကာသစ်ပင်လောကအရှင်နှင့် အခြားသူများကို မေးမြန်းခဲ့၏။

စုန်းလောကအရှင်နှင့် ဧကရာဇ်သုံးဆယ်ကျော်သည် သူ့လက်ထဲမှာ သေဆုံးခဲ့သော်လည်း ဧကရာဇ်ပညာရှင်ကိုးဦးက ထွက်ပြေးလွတ်မြောက်သွား၏။

ဒါ့အပြင် သိုင်းတာအိုပင်မခန္ဓာသည် ထိုစဉ်တုန်းက တမလွန်စုန်းတောင်ထွတ်ကိုသာ ဖျက်ဆီးခဲ့ပြီး သူက စုန်းကမ္ဘာ၏ အခြားသောပိုင်နက်နယ်မြေများကို လိုက်လံရှာဖွေခဲ့ခြင်းမရှိပေ။

စုန်းကမ္ဘာက မည်သို့ပင်ဆိုစေ ထိပ်တန်းကမ္ဘာကြီးတစ်ခုဖြစ်၏။

တခြားသောပိုင်နက်နယ်မြေများမှာ တိတ်တဆိတ်နေထိုင်သည့် စုန်းဧကရာဇ်များ ရှိနေနိုင်သည်။ ဒါ့အပြင် အဲဒီမှာ စုန်းမျိုးနွယ်ပညာရှင်များစွာနှင့် စုန်းဘုရင်များစွာလည်း ရှိနေလေသည်။ သူတို့အနေဖြင့် တစ်ရက်တည်းမှာ စုန်းကမ္ဘာတစ်ခုလုံးကို ဖျက်ဆီးဖို့က မလွယ်ကူသေးပေ။

မည်သို့ပင်ဆိုစေ နှစ်ပေါင်းထောင်ချီကြာမြင့်ခဲ့သော နဂါးများနှင့်ဖီးနစ်များ၏။ တိုက်ပွဲအတွင်းမှာပင်လျှင် နဂါးကမ္ဘာက လုံးလုံးလျားလျားဖျက်ဆီးမခံခဲ့ရပေ။

ထိုစဉ်တုန်းက သူသည် နေကာသစ်ပင်လောကအရှင်နှင့် အခြားသူများထံမှ အရေးပါသော သတင်းအချက်အလက်တစ်ခုကို ရရှိထားခဲ့၏။ သူတို့သည် သူတို့၏ စစ်တပ်များနှင့်အတူ ရောက်ရှိလာသည့်အချိန်မှာ စုန်းမျိုးနွယ်၏ ဧကရာဇ်များနှင့် ဘုရင်များအားလုံးနီးပါးက ဆုတ်ခွာသွားကြပြီဖြစ်၏။

စုန်းများစွာကျန်ရစ်ခဲ့သော်လည်း သူတို့၏ ကျင့်ကြံမှုနယ်ပယ်များက မမြင့်မားပေ။ သူတို့သည် နေကာသစ်ပင်ကမ္ဘာနှင့် အခြားကမ္ဘာများ၏ စစ်တပ်များကို လုံးဝခုခံနိုင်ခြင်းမရှိပေ။

စုန်းမျိုးနွယ်တစ်ခုလုံးက ဗလာကျင်းလုနီးပါးဖြစ်နေခဲ့သည်။

ထို့ကြောင့်ပင် နေကာသစ်ပင်ကမ္ဘာနှင့် အခြားသောကမ္ဘာများ၏ စစ်တပ်များက ထိန်းမနိုင်သိမ်းမရအင်အားများနှင့်အတူ အတင်းအကျပ်ဝင်ရောက်ပြီး စုန်းမျိုးနွယ်ကို တစ်ရက်တည်းနှင့် ဖျက်ဆီးနိုင်ခဲ့ခြင်းဖြစ်၏။

ကျန်ရှိနေသော စုန်းဧကရာဇ်များနှင့် စုန်းဘုရင်များစွာက ဘယ်ကိုရောက်ရှိသွားတာလဲ။

စုန်းကမ္ဘာက ခေါင်းဆောင်မဲ့နေပြီး ဖရိုဖရဲအခြေအနေမှာ စုန်းဧကရာဇ်များနှင့် ဘုရင်များကို စုစည်းဖို့က မလွယ်ကူပေ။ ထိုသို့ပြုလုပ်ဖို့အတွက် တစ်မူထူးခြားသောနည်းလမ်းများကို လိုအပ်လေသည်။

သို့သော်လည်း စုန်းဧကရာဇ်နှင့်ဘုရင်များ ထွက်ခွာသွာသည့်အချိန်မှာ သူတို့သည် လေထဲသို့ ပျောက်ကွယ်သွားသည့်အလား သဲလွန်စလုံးဝမကျန်ရစ်ခဲ့ပေ။ သိုင်းတာအိုပင်မခန္ဓာသည် စောစောက မည်သည့်အရိပ်အယောင်ကိုမှ ရှာမတွေ့ပေ။

သိုင်းတာအိုပင်မခန္ဓာနှင့် တျဲယွဲ့က လေဟာနယ်ထဲသို့ ဝင်ရောက်လာကြ၏။

သူတို့ပြန်လည်ပေါ်ထွက်လာသည့်အချိန်မှာ သူတို့သည် တမလွန်စုန်းတောင်ထွတ်၏ အထက်ကို ရောက်ရှိနေကြပြီဖြစ်၏။

သိုင်းတာအိုပင်မခန္ဓာ၏ အတွေးတစ်ချက်နှင့်အတူ သူ၏ အသိစိတ်က စုန်းမျိုးနွယ်၏ ပိုင်နက်နယ်မြေတစ်ခုလုံးကို အုပ်မိုးသွားပြီး သူက ဝိညာဉ်ရှာဖွေခြင်းအတတ်ကို အသုံးပြုရန် လွင့်မျောနေသည့် ဝိညာဉ်အကြွင်းအကျန်များစွာကို စုစည်းလိုက်၏။

ဤအရာများသည် လှည့်ပတ်သွားလာနေသော အကြွင်းအကျန်ဝိညာဉ်များသာဖြစ်ပြီး သူတို့မှာ အသိဉာဏ်မရှိပေ။

မကျေမချမ်းမှုများနှင့် စွဲလမ်းခြင်းကဲ့သို့ အမျိုးမျိုးသောအကြောင်းအရင်းများကြောင့်သာ သူတို့၏ ဝိညာဉ်အပိုင်းအစများက ကြွင်းကျန်ရစ်ကာ လှည့်ပတ်သွားလာနေခြင်းဖြစ်၏။

သိုင်းတာအိုပင်မခန္ဓာသည် ကြွင်းကျန်ရစ်သော ဝိညာဉ်များ၏ မှတ်ဉာဏ်များကို အသုံးချကာ သူထွက်ခွာသွားပြီးနောက် စုန်းကမ္ဘာမှာ ဖြစ်ပျက်ခဲ့သည့် ဖြစ်ရပ်များ၏ သဲလွန်စတချို့ကို ရှာဖွေလိုလေသည်။

သိုင်းတာအိုပင်မခန္ဓာနှင့် တျဲယွဲ့၏ရှေ့ လေဟာနယ်ထဲမှာ မြင်ကွင်းတချို့က ပေါ်ထွက်လာ၏။

သို့သော်လည်း ထိုပုံရိပ်များသည် အကြွင်းအကျန်ဝိညာဉ်များထံမှဖြစ်ပြီး ပြတ်တောင်းပြတ်တောင်းနှင့် တစ်စစီပြန့်ကျဲနေ၏။ ဒါ့အပြင် သူတို့သည် ဖရိုဖရဲနှင့် ရောထွေးနေလေသည်။

မှတ်ဉာဏ်အများစုမှာ အသုံးဝင်သော သတင်းအချက်အလက်များမပါရှိပေ။

အချိန်က တဖြည်းဖြည်းကုန်ဆုံးသွားပြီး မသိလိုက်မသိဘာသာ အချိန်တစ်ခုကုန်ဆုံးသွားပြီးနောက် လေဟာနယ်ထဲမှာ လှည့်ပတ်နေသော မြင်ကွင်းများက ရုတ်တရက်ရပ်တန့်သွား၏။

တိုတောင်းသော ထိုမှတ်ဉာဏ်အပိုင်းအစထဲမှာ သူတို့နှစ်ယောက် စုန်းကမ္ဘာကနေ ထွက်ခွာသွားပြီးနောက် မကြာခင်မှာ အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် ကျင့်ကြံသူတစ်ဦးက တမလွန်စုန်းတောင်ထွတ်သို့ ဆင်းသက်လာခဲ့လေသည်။

ထိုသူသည် စုန်းကမ္ဘာ၏ ဧကရာဇ်များနှင့်ဘုရင်များကို စုစည်းခဲ့သည့်လူလည်းဖြစ်လေသည်။

သို့သော်လည်း အနက်ရောင်ကျင့်ကြံသူ၏ မျက်နှာကို မြူခိုးတစ်လွှာက ဖုံးအုပ်ထားပြီး သူ၏ ရုပ်ရည်သွင်ပြင်ကို ရှင်းရှင်းလင်းလင်းမတွေ့မြင်နိုင်ပေ။

သိုင်းတာအိုပင်မခန္ဓာနှင့်တျဲယွဲ့က မြူခိုးများကို ဖယ်ရှားဖို့ ကြိုးစားလိုက်သည့်အခါ ထိုမြင်ကွင်းက အဲဒါကို ခံနိုင်ရည်ရှိပုံမရဘဲ ရုတ်တရက် ကြေမွပြန့်ကျဲကာ ပျက်ပြယ်သွားလေသည်။

“အဲဒါက စုန်းမျိုးနွယ်ကို နောက်ခံပေးထားတဲ့ အရှင်သခင်လား”

တျဲယွဲ့က မေးလိုက်၏။

သိုင်းတာအိုပင်မခန္ဓာက ခဏမျှစဉ်းစားပြီးနောက် ခေါင်းခါပြလိုက်၏။

“ငါတော့ အဲလိုမထင်ဘူး”

“အဲဒီသူက စုန်းကမ္ဘာကို ထိန်းချုပ်ထားတဲ့ အရှင်သခင်ဖြစ်မယ်ဆိုရင် သူက စုန်းဧကရာဇ်တွေနဲ့ ဘုရင်တွေကို ခေါ်ထုတ်သွားချင်ရင် သူက အဲလောက်ထိ ဒုက္ခခံပြီး ကိုယ်တိုင်ရောက်လာစရာမလိုဘူး”

တျဲယွဲ့က မေးလိုက်၏။

“အဲဒါဆို သူက ဘယ်သူဖြစ်မလဲ”

“အဲဒီလူအပြင် အဲဒီစုန်းပညာရှင်တွေကို ခေါ်ထုတ်သွားဖို့ တခြားဘယ်သူ့မှာ အစွမ်းအစရှိမှာလဲ”

“တက္ကသိုလ်ဂိုဏ်းချုပ်ပဲ…”

သိုင်းတာအိုပင်မခန္ဓာက ဖြည်းဖြည်းချင်းပြောလိုက်၏။

“သူလား”

တျဲယွဲ့က ပြောလိုက်၏။

သိုင်းတာအိုပင်မခန္ဓာက ပြောလိုက်၏။

“တက္ကသိုလ်ဂိုဏ်းချုပ်က အစကတည်းက စုန်းတစ်ပိုင်းပဲ… သူက စုန်းမျိုးနွယ်နဲ့ အရမ်းကို ရင်းနှီးမှုရှိတယ်.. သူ့မှာ တကယ်ပဲ လုပ်နိုင်ကိုင်နိုင်စွမ်းရှိတယ်”

“ပုံမှန်အခြေအနေမှာဆိုရင် သူက စုန်းကမ္ဘာကို ဝင်ရောက်ပြီး ဒီလောက်များပြားတဲ့ စုန်းပညာရှင်တွေကို ခေါ်ထုတ်သွားဖို့ သေချာပေါက် အခွင့်အရေးရမှာမဟုတ်ဘူး”

“ဒါပေမဲ့ စုန်းလောကအရှင်နဲ့ အခြားဧကရာဇ်တွေရဲ့ သေဆုံးမှုက သူ့ကို ဘဝမှာတစ်ခါပဲရတဲ့ အခွင့်အရေးပေးလိုက်တာပဲ… သူက အခြေအနေပေါ်အမြတ်ထုတ်ပြီး စုန်းမျိုးနွယ်မှာ သူ့ရဲ့ အဆင့်အတန်းကို မြှင့်တင်နိုင်ခဲ့တာပဲ”

တက္ကသိုလ်ဂိုဏ်းချုပ်သည် အလွန်တရာ ရည်မှန်းချက်ကြီးမားလေသည်။ သူသည် သိုင်းတာအိုပင်မခန္ဓာ၏ လက်ထဲမှာ ကြီးမားစွာဆုံးရှုံးခဲ့ရပြီးနောက် သူက ဤနှစ်များမှာ မည်သည့်သတင်းမှထွက်မလာဘဲ ဇာတ်မြှုပ်နေခဲ့၏။

သို့သော်လည်း အခွင့်အရေးတစ်ခုခုပေါ်ထွက်လာသည်နှင့် သူက အဲဒါကို သေချာပေါက်လက်လွှတ်ခံလိမ့်မည် မဟုတ်ပေ။

ကြည့်ရသည်မှာ တက္ကသိုလ်ဂိုဏ်းချုပ်သည် ဤကိစ္စမှာ ဝင်ရောက်စွက်ဖက်နိုင်ခဲ့သည့်အတွက် သူ၏ ကျင့်ကြံမှုနယ်ပယ်က ပကတိဧကရာဇ်နယ်ပယ်ကို ရောက်ရှိနေလောက်လေပြီ။

သိုင်းတာအိုပင်မခန္ဓာက ဆက်ပြောလိုက်၏။

“နောက်ပြီး တက္ကသိုလ်ဂိုဏ်းချုပ်မှာပဲ.. ဒီလိုမျိုးစဉ်းလဲမှု၊ ဒီလိုမျိုးဉာဏ်ပညာနဲ့ နည်းလမ်းတွေ ရှိနိုင်တယ်”

“တက္ကသိုလ်ဂိုဏ်းချုပ်က ကောင်းကင်ဘုံလျှို့ဝှက်ချက်တွေကိုထွင်းဖောက်မြင်နိုင်ပြီး ဟာကွက်မဲ့တဲ့ တွက်ချက်မှုတွေကို ပြုလုပ်နိုင်တယ်လို့ ငါကြားဖူးတယ်… ငါနောက်ဆုံးတော့ ဒီနေ့အဲဒါကို ကိုယ်တိုင်မြင်တွေ့ရပြီ”

တျဲယွဲ့က ပြောလိုက်၏။

“နေကာသစ်ပင်ကမ္ဘာနဲ့ တခြားကမ္ဘာတွေရဲ့ စစ်တပ်က စုန်းကမ္ဘာကနေ ငါတို့နှစ်ယောက်ထွက်သွားပြီးတဲ့နောက် ရောက်လာခဲ့တယ်… ငါတို့ရဲ့ ကြားထဲမှာ လစ်လပ်သွားတဲ့အချိန်က တစ်ရက်ထက်ပိုမကြာနိုင်ဘူး”

“ပြောရမယ်ဆိုရင် တစ်ရက်မကြာခင်မှာပဲ သူက စုန်းကမ္ဘာကို လွှမ်းမိုးပြီး စုန်းကမ္ဘာရဲ့ ဧကရာဇ်တွေနဲ့ ဘုရင်တွေကို တစ်စွန်းတစ်စမကျန် ခေါ်ထုတ်သွားခဲ့တာပဲ”

ဤကိစ္စက ရိုးရှင်းသည့်ပုံပေါ်သော်လည်း အဲဒါက တကယ်တမ်းမှာ ကောင်းကင်ဘုံကို တက်လှမ်းရသလောက် ခဲယဉ်းပြီး ကြိုတင်မခန့်မှန်းနိုင်သော အန္တရာယ်များဖြင့် ပြည့်နှက်နေ၏။ ပထမအချက် တက္ကသိုလ်ဂိုဏ်းချုပ်သည် နဂါးကမ္ဘာ၊ နေကာသစ်ပင်ကမ္ဘာနှင့် သိုင်းတာအိုပင်မခန္ဓာ၏ လှုပ်ရှားမှုများကိုပင် တွက်ချက်ထားနိုင်ရပေမည်။

ထို့ကြောင့်ပင် သူက ထိုကိစ္စကို တစ်ရက်မကြာခင် အပြီးအပြတ်လုပ်သွားခဲ့ခြင်းဖြစ်၏။

ဒုတိယအချက် တက္ကသိုလ်ဂိုဏ်းချုပ်သည် စုန်းမျိုးနွယ်၏ ကျန်ရှိနေသော ဧကရာဇ်များကို ဖိနှိမ်ဖို့နှင့် သူတို့ကို စုန်းကမ္ဘာကနေ အောင်အောင်မြင်မြင်ခေါ်ထုတ်သွားဖို့အတွက် သူ့မှာ တစ်မူထူးခြားသောနည်းလမ်းများရှိနေရပေမည်။

ဒါ့အပြင် ဤကိစ္စမှာ အလွန်ကြီးမားသော အန္တရာယ်တစ်ခုလည်း ရှိနေ၏။

သိုင်းတာအိုပင်မခန္ဓာသည် အတွေးတစ်ချက်နှင့်အတူ အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ မည်သည့်နေရာကိုမဆို ဆင်းသက်နိုင်၏။ ထိုသို့ဖြင့် အစီအစဉ်ကို ဟန့်တားနှောက်ယှက်ဖိုအတွက် သူက အချိန်မရွေးပြန်လည်ရောက်ရှိလာနိုင်လေသည်။

အမှားအယွင်းတစ်စုံတစ်ရာဖြစ်သွားမည်ဆိုလျှင် တက္ကသိုလ်ဂိုဏ်းချုပ်က သေကြေပျက်သုဉ်းရပေလိမ့်မည်။

“ကောင်းလိုက်တဲ့ရွှေ့ကွက်ပဲ”

သိုင်းတာအိုပင်မခန္ဓာက ခေါင်းညိတ်လိုက်၏။

“တကယ့်ကို အချိန်ကိုက်လှုပ်ရှားသွားတာပဲ”

“ဒါပေမဲ့ သူခေါ်ထုတ်သွားတဲ့ မျိုးနွယ်ဝင်တွေအားလုံးက စုန်းဘုရင်တွေပဲ.. အဲဒီမှာ စုန်းဧကရာဇ်ကိုးဦးရှိတယ်ဆိုပေမယ့် သူတို့ရဲ့ လောကတွေက ငါ့ကြောင့်ကြေမွပျက်စီးသွားပြီ… သူတို့က သိပ်ပြီး အသုံးမဝင်နိုင်တော့ဘူး”

သိုင်းတာအိုပင်မခန္ဓာအတွက်တော့ တက္ကသိုလ်ဂိုဏ်းချုပ်၏ အကွက်ချကြံစည်မှုက တကယ့်ကိုစွမ်းအားကြီးမားသော်လည်း သူ့အတွက် ခြိမ်းခြောက်နိုင်စွမ်းလုံးဝမရှိပေ။

သူရှိနေသရွေ့ တက္ကသိုလ်ဂိုဏ်းချုပ်သည် သူနှင့် အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာကို ရန်စဖို့နေနေသာ အများသူငှာရှေ့မှာပင် ပေါ်ထွက်လာရဲလိမ့်မည်မဟုတ်ပေ။

တကယ်ဆို… တက္ကသိုလ်ဂိုဏ်းချုပ်သည် ဤတစ်ခေါက် ဝင်ရောက်စွက်ဖက်ရုံနှင့် ကြီးမားသောအန္တရာယ်ကို စွန့်စားခဲ့ရပြီးသားဖြစ်၏။

တျဲယွဲ့က လေးနက်သောအသံဖြင့် ပြောလိုက်၏။

“စုန်းလောကအရှင်ပြောပုံအရဆို… သူတို့ကိုနောက်ခံပေးထားတဲ့ ဆရာသခင်ဆိုတာရှိတယ်… တက္ကသိုလ်ဂိုဏ်းချုပ်အနေနဲ့ စုန်းကမ္ဘာရဲ့ အဲဒီပညာရှင်တွေကို အောင်အောင်မြင်မြင်ခေါ်ထုတ်သွားဖို့ဆိုတာ တကယ်ကိုမလွယ်ဘူး… အနည်းဆုံးတော့ သူက အဲဒီဆရာသခင်ဆိုတဲ့သူကို ဖြတ်ကျော်ရမယ်”

“စုန်းမျိုးနွယ်ရဲ့ ဒီကိစ္စနဲ့ပတ်သက်ပြီး နင့်မှာ သဲလွန်စတစ်ခုခုရှိလား”

တျဲယွဲ့က ထပ်မံ၍ မေးလိုက်၏။

“ငါ့မှာ ခန့်မှန်းချက်တစ်ခုရှိတယ်… ဒါပေမဲ့ အခုချိန်ထိတော့ မသေချာသေးဘူး”

သိုင်းတာအိုပင်မခန္ဓာက လေးနက်သောအသံဖြင့်ပြောလိုက်၏။

“အဆိပ်ကမ္ဘာကို အရင်သွားပြီး တစ်ချက်ကြည့်ရအောင်… ငါ့ရဲ့ ခန့်မှန်းချက်ကို အတည်ပြုဖို့အတွက် အဲဒီမှာ သဲလွန်စတစ်ခုခုရှိနေမလားမသိဘူး”

ထိုသို့ပြောပြီး သိုင်းတာအိုပင်မခန္ဓာနှင့် တျဲယွဲ့သည် လေဟာနယ်ကိုနောက်တစ်ဖန် ဆုတ်ဖြဲကာ ပျောက်ကွယ်သွားကြလေသည်။

All Chapters