← Chapters

ညဝိညာဉ်၏ သတင်း

Vol. 207 Ch. 3097

ညဝိညာဉ်၏ သတင်း

Vol. 207 Ch. 3097

ခွန်ဖန်းကမ္ဘာမှာ။

ခွန်လောကအရှင်နှင့် ဖန်းလောကအရှင်တို့သည် ပင်မခန်းမထဲမှာ ဧည့်သည်များကို ကျွေးမွေးဧည့်ခံနေ၏။ လောကအရှင်များနှင့် ဧကရာဇ်ပညာရှင်များက တစ်ထောင့်တစ်နေရာမကျန်ရှိနေကြလေသည်။

ဘေးဘက်ခန်းမများမှာတော့ ကိစ္စများက အတော်လေးပုံမှန်သာဖြစ်၏။ ထိုနေရာမှာ ကောင်းကင်လိုဏ်ဂူဘုရင်များ၊ ပကတိစိတ်ဝိညာဉ်ပညာရှင်များနှင့် မိတ်ဆွေအပေါင်းအသင်းများ စုဝေးရောက်ရှိနေကြ၏။

ဓားကမ္ဘာမှ တောင်ထွတ်သခင်များ၊ ယွင်ထင်နှင့် အခြားသူများကလည်း စုဝေးရောက်ရှိလာကြ၏။

ပေမင်ရွှယ်၊ လုံရန်၊ မျောက်၊ အလင်းကမ္ဘာမှ နန်းကြည်နှင့် ထျန်ဟွမ်ကုန်းမြေတိုက်မှ အခြားသောမိတ်ဆွေများက စားပွဲတစ်ဝိုင်းမှာ စုထိုင်နေကြ၏။

ရှောင်းယောင်နှင့် မူလျန်သည် သူတို့အားသည်နှင့် ဤနေရာမှာလာထိုင်ပြီး လူတိုင်းနှင့် အတိတ်အကြောင်းကို ပြန်ပြောင်းပြောဆိုနေကြ၏။

ထျန်ဟွမ်ကုန်းမြေတိုက်မှ ဤမိတ်ဆွေဟောင်းများ တက်လှမ်းလာပြီးနောက် သူတို့အနေဖြင့် ဤကဲ့သို့အတူတကွစုဝေးနိုင်မည့်အခွင့်အရေးတစ်ခုကို ရရှိဖို့ဆိုတာ မလွယ်ပေ။

ကံဆိုးစွာနှင့်ပင် ထျန်ဟွမ်ကုန်းမြေတိုက်မှ မိတ်ဆွေဟောင်းတချို့ လစ်လပ်နေဆဲဖြစ်၏။

ရှောင်းယောင်၏ မရမက တောင်းဆိုမှုအောက်မှာ ဆူဇီမိုသည် ခွန်ဖန်းကမ္ဘာ၏ တားမြစ်ကုန်းမြေမှာ တိတ်တဆိတ်ကျင့်ကြံဖို့ အခွင့်အရေးတစ်ခုကို ရရှိသွား၏။ ယခုအချိန်မှာ သူက အဟန့်အတားတစ်ခုကို ဖြတ်ကျော်နေပြီး လောလောဆယ်မှာ ပေါ်ထွက်မလာနိုင်သေးပေ။

အခြားတစ်ဘက်မှာတော့ ယွင်ထင်သည် အကျပ်တွေ့နေပုံရပြီး ပေမင်ရွှယ်နှင့် အခြားသူများကို မကြာမကြာလှမ်းကြည့်နေ၏။

ခဏနေပြီးနောက် သူက အဲဒါကို ဆက်လက်၍ သည်းမခံနိုင်တော့သည့်အလား ယွင်ထင်က ပေမင်ရွှယ်၏ ဘေးနားသို့ရောက်ရှိလာပြီး မေးမြန်းလိုက်၏။

“တာအိုရောင်းရင်းဆူက အခုချိန်ထိ ဘာလို့ ထွက်မလာသေးတာလဲ”

“ဆရာ တံခါးပိတ်ကျင့်ကြံနေတယ်”

ပေမင်ရွှယ်က တစ်စုံတစ်ရာကို အာရုံခံမိသွားပုံရပြီး မေးလိုက်၏။

“ကိစ္စတစ်ခုခုရှိလို့လား”

“အမ်း”

ယွင်ထင်က တွေဝေတုံ့ဆိုင်းနေ၏။

“ငါသူနဲ့ ဆွေးနွေးစရာကိစ္စတစ်ခုရှိတယ်”

ထိုစဉ်မှာပင် ဆူဇီမိုက ခန်းမထဲသို့ ပြုံး၍ဝင်ရောက်လာပြီး အဘက်ဘက်ကို လက်နှစ်ဖက်ယှက်ပြကာ ပေမင်ရွှယ်နှင့် အခြားသူများရှိရာသို့ လျှောက်လှမ်းလာနေ၏။

နဂါးဘုရင်မဦးချိုမဲ့နှင့် အခြားသူများက ဆူဇီမိုကို တွေ့မြင်သောအခါ သူတို့၏ အမူအရာများက တုန်လှုပ်စွာဖြင့် ပြောင်းလဲသွားကြ၏။

ထိုအခိုက်အတန့်မှာ ဆူဇီမိုသည် ကောင်းကင်လိုဏ်ဂူအကြီးနယ်ပယ်ကို ရောက်ရှိနေပြီဖြစ်၏။

ဆူဇီမိုသည် ကောင်းကင်လိုဏ်ဂူနယ်ပယ်သို့ တက်လှမ်းလာခဲ့သည်မှာ တစ်လကျော်သာရှိသေးလေသည်။

ထိုကျင့်ကြံမှုအလျင်အဟုန်က တကယ့်ကို ကြောက်စရာကောင်းနေပြီဟု ဆိုနိုင်သေလည်။

တကယ်တော့ ခွန်ဖန်းကမ္ဘာ၏ တားမြစ်ကုန်းမြေသည် အရေးပါသော ကဏ္ဍတစ်ရပ်ကနေ ပါဝင်ခဲ့၏။ ဤတားမြစ်ကုန်းမြေသည် ကျိုးပဲ့နေသော အာကာသအပိုင်းအစတစ်ခုကဲ့သို့ ချိပ်ပိတ်ထားသော သူ့ကိုယ်ပိုင်နေရာလွတ်တစ်ခုဖြစ်လေသည်။

ဒဏ္ဍာရီအရ ၎င်းသည် မဟာကမ္ဘာတစ်ထောင်လောကကနေ ဆင်းသက်လာသည်ဟု ဆိုလေသည်။

ဤတားမြစ်ကုန်းမြေမှာ အချိန်က အလွန်တရာလျင်မြန်စွာစီးဆင်းနေ၏။

ဧကရာဇ်နယ်ပယ်အောက်မှာရှိသော သက်ရှိများအားလုံးက ဤအပြောင်းအလဲကို အာရုံခံမိနိုင်ကြ၏။

အပြင်ဘက်မှာ တစ်ရက်တာသည် ခွန်ဖန်းတားမြစ်ကုန်းမြေမှာ နှစ်တစ်ရာနှင့်တူညီလေသည်။

တကယ်တော့ ခွန်ဖန်းတားမြစ်ကုန်းမြေမှာကျင့်ကြံဖို့အတွက် ကန့်သတ်မှုများစွာရှိနေ၏။

ကျင့်ကြံသူတစ်ယောက်က ထိုနေရာမှာ ကျင့်ကြံချိန်ကြာမြင့်လေ ထိုကျင့်ကြံသူပေါ် ၎င်း၏ တွန်းကန်မှုက ပို၍ကြီးမားလာလေပင်။

ဒါ့အပြင် သက်ရှိတိုင်းသည် ဤနေရာမှာ တစ်ကြိမ်သာကျင့်ကြံခွင့်ရှိလေသည်။ သမိုင်းတစ်လျှောက်မှာ ခွန်ကမ္ဘာနှင့် ဖန်းကမ္ဘာမှ ပါရမီအရှိဆုံး ဘုရင်များပင်လျှင် အထဲမှာ ဆယ်ရက်ကျော်ထက် ပိုမနေနိုင်ခဲ့ကြပေ။

သို့သော်လည်း ဆူဇီမိုသည် အဆင့်-၁၂ ဖန်တီးခြင်းကြာပဒုမ္မာ၏ မျိုးဆက်သွေးနှင့်အတူ အထဲမှာ တစ်လတိတိကြာအောင် နေနိုင်ခဲ့လေသည်။

သူက အထဲမှာ နှစ်သုံးထောင် အချိန်ကုန်ဆုံးခဲ့ခြင်းနှင့်တူသည်။

ဆူဇီမို၏ ကောင်းကင်လိုဏ်ဂူအသေးငါးခုကို တဗူးဂမ္ဘီရကျင့်စဉ်များ၏ ဓမ္မတာအိုများကနေ စုဖွဲ့ထား၏။ ကောင်းကင်လိုဏ်ဂူအသေးတချို့သည် သူတို့၏ အခြေခံအုတ်မြစ်အဖြစ် တဗူးဂမ္ဘီရကျင့်စဉ်နှစ်ခုကိုပင် အသုံးပြုထား၏။

မီးပဒေသာနဂါးကြယ်အပြင်ဘက် တိုက်ပွဲမှာ သူသည် ကောင်းကင်လိုဏ်ဂူအပိုင်းအစများစွာကို ရရှိထားခဲ့၏။

ကောင်းကင်လိုဏ်ဂူအသေးငါးခုသည် တစ်ချိန်တည်းမှာ ခွန်အားကို ထုတ်ဖော်ပြီး ကောင်းကင်လိုဏ်ဂူအပိုင်းအစများကို စုပ်ယူချေဖျက်နေ၏။

ဒါ့အပြင် ကောင်းကင်လိုဏ်ဂူအသေးငါးခုက ကောင်းကင်နှင့်မြေကြီးအမြုတေချီကို စုပ်ယူသည့်အလျင်အဟုန်က ကြောက်စရာကောင်းသည်ဟု ဆိုနိုင်သည်။ သူတို့သည် အငမ်းမရဝါးမျိုနေသော ပုံစံဖြင့် လောက၏ အမြုတေချီကို စုပ်ယူခဲ့လေသည်။

အချိန်၊ သိပ်သည်းကြီးမားသော ကောင်းကင်နှင့်မြေကြီးအမြုတေချီနှင့် ကောင်းကင်လိုဏ်ဂူအပိုင်းအစများစွာ၏ အားဖြည့်ထောက်ပံ့မှုနှင့်အတူ ဆူဇီမိုသည် သူ၏ ကျင့်ကြံမှုနယ်ပယ်မှာ နောက်ထပ်ခြေတစ်လှမ်းတိုးပြီး တစ်လကျော်ကြာပြီးနောက် အန္တိမဘုရင်တစ်ဦးဖြစ်လာခဲ့၏။

ယွင်ထင်က ဆူဇီမိုကို တွေ့မြင်သောအခါ သူကလည်း မှင်တက်နေ၏။

သူ၏ ကျင့်ကြံမှုအလျင်အဟုန်က လုံလောက်အောင် မြန်ဆန်နေခဲ့ပြီးသားဖြစ်သည်။

မထင်မှတ်ထားစွာပင် သူတို့နှစ်ယောက်ကြား ကွာဟချက်က ပို၍ပို၍ပင် ကြီးမားလာနေ၏။

သို့သော်လည်း သိပ်မကြာခင် ယွင်ထင်က တစ်စုံတစ်ရာကို အမှတ်ရသွားပြီး ရှေ့သို့ အလောတကြီးလျှောက်လှမ်းကာ ဆူဇီမိုကို အသံကူးပြောင်းအဆောင်တစ်ခု ပေးလိုက်လေသည်။

“ဒါကို ငါ့အစ်မ ထည့်ပေးလိုက်တာ… နားထောင်ကြည့်လိုက်”

ဆူဇီမိုက အဲဒါကို လက်ခံယူပြီး သူ၏ စိတ်ဝိညာဉ်အသိစိတ်ဖြင့် အသက်သွင်းလိုက်၏။

ရင်းနှီးနေကျ အသံတစ်သံက သူ့စိတ်ထဲမှာ ပေါ်ထွက်လာလေသည်။

သိပ်မကြာခင် ဆူဇီမို၏ အမူအရာက တည်တံ့သွားပြီး သူ၏ အကြည့်က အေးစက်လာခဲ့၏။

“ဆရာ… တစ်ခုခုဖြစ်လို့လား”

ဆူဇီမို၏ အမူအရာအပြောင်းအလဲကို အာရုံခံမိပြီး ပေမင်ရွှယ်က မေးမြန်းလိုက်၏။

လုံရန်က မူးယစ်နေပြီး အရက်နံ့ဟောင်ထွက်နေကာ အော်မေးလိုက်၏။

“ဇီမို… ဘာဖြစ်လို့လဲ.. ငါတို့ကိုပြောစမ်းပါ ငါတို့ကြားမှာ မမျှဝေနိုင်တဲ့အရာ ဘာရှိလို့လဲ”

မျောက်၊ ရှောင်းယောင်၊ နန်းကြည်နှင့် အခြားသူများကလည်း လှည့်ကြည့်လာကြ၏။

ဆူဇီမိုက ပြောလိုက်၏။

“ညဝိညာဉ်ရဲ့ သတင်းရလာတယ်”

“ဟမ်”

မျောက်၏ မျက်လုံးက ဝင်းလက်သွားပြီး သူက သွားဖြီးလိုက်လေသည်။

“အဲဒါကောင်းတာပေါ့”

လုံရန်က အနည်းငယ်မူးယစ်နေပြီး သူ၏ မျက်နှာက နီမြန်းနေ၏။

အခြားသူများက သူတို့၏ ပါးစပ်များကို ပိတ်ထားကြ၏။

ဤကိစ္စသည် မရိုးရှင်းဘဲ အခြားသောအခြေအနေများ ပါဝင်ပတ်သက်နေသည်ကို သူတို့က သိရှိလိုက်၏။

ဆူဇီမိုက ပြောလိုက်လေသည်။

“ရှောင်းနင်က ကောင်းကင်ဘုံကမ္ဘာရဲ့ နတ်ဆေးမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေမှာရှိတယ်… ညဝိညာဉ်ကလည်း အဲဒီမှာ သူနဲ့အတူရှိနေတယ်.. ဒါပေမဲ့ သူတို့တွေက နတ်ဆေးမိုးကောင်းကင်နန်းတော်နဲ့ သဘောထားကွဲလွဲပြီး သူတို့က အခု အမဲလိုက်ခံနေရတယ်”

ဘန်း…

မျောက်က စားပွဲကို ပစ်ရိုက်ပြီး နေရာမှာတင် မတ်တတ်ထရပ်လိုက်၏။

သူ၏ မျက်လုံးက နီရဲလာပြီး သတ်ဖြတ်လိုစိတ်ဖြင့် ပြည့်နှက်နေလေသည်။

“လခွမ်းတဲ့မှ..”

လုံရန်က ကြိမ်းမောင်းပြောဆိုလိုက်၏။

“အဲဒီနတ်ဆေးမိုးကောင်းကင်နန်းတော်က ဘာဖြစ်ချင်နေတာလဲ… သူတို့တွေက အသက်ရှင်ရတာ ငြီးငွေ့နေပြီလား… သူတို့က ညဝိညာဉ်နဲ့ ရှောင်းနင်ကို ဘယ်လိုတောင် အမဲလိုက်ရဲတာလဲ”

“သူတို့က ထျန်ဟွမ်ကုန်းမြေတိုက်က လူတွေကို ဒီလိုနဲ့ အနိုင်ကျင့်နိုင်မယ်လို့ တကယ်ပဲ ထင်နေတာလား”

ပေမင်ရွှယ်ကလည်း အေးစက်နေသော အမူအရာနှင့်အတူ ဖြည်းဖြည်းချင်းမတ်တတ်ထရပ်လိုက်၏။

နန်းကြည်ကလည်း မတ်တတ်ထရပ်ကာ မျက်မှောင်ကြုတ်လိုက်၏။

“ညီမရှောင်းနင်က ဒီလောက်သဘောကောင်းတဲ့လူကို… နတ်ဆေးမိုးကောင်းကင်နန်းတော်က သူနဲ့ဘာလို့ သဘောထားကွဲလွဲရတာလဲ”

“အဲဒါကို သည်းမခံနိုင်ဘူး”

ရှောင်းယောင်က အော်ပြောလိုက်၏။

“ဆရာ… ခင်ဗျားဘာမှ လုပ်စရာမလိုဘူး.. ကျုပ်လူတွေကို ခေါ်သွားပြီး နတ်ဆေးမိုးကောင်းကင်နန်းတော်ကို ဖျက်ဆီးပစ်မယ်”

ဘေးပတ်ဝန်းကျင်မှာရှိသော ကျင့်ကြံသူများနှင့် သက်ရှိများက ဤနေရာမှာရှိသော ရုတ်ရုတ်သဲသဲအခြေအနေကို ကြားသောအခါ လှည့်ကြည့်လာကြ၏။

သူတို့သည် သတ်ဖြတ်လိုစိတ်ဖြင့် ပြည့်နှက်နေသော လူတစ်အုပ်စုကို တွေ့မြင်လိုက်ရ၏။

ဒါ့အပြင် သူတို့တစ်ယောက်ချင်းစီမှာ အလွန်တရာစွမ်းအားကြီးမားသော နောက်ခံတစ်ခုစီရှိနေကြသည်။

အဲဒီမှာ ဓားကမ္ဘာ၏ တောင်ထွတ်သခင်၊ နီညိုရောင်မျောက်ဝံကမ္ဘာ၏ ပကတိစိတ်ဝိညာဉ်၊ အလင်းကမ္ဘာ၏ နတ်ဘုရားသမီးတော်နှင့် ခွန်ဖန်းကမ္ဘာ၏ သခင်လေး… စသည်ဖြင့်။

“သူတို့ကို ဘယ်သူက ရန်စလိုက်တာလဲ”

“ငါသေချာမပြောတတ်ဘူး.. နတ်ဆေးမိုးကောင်းကင်နန်းတော်လို့တော့ ကြားလိုက်သလိုပဲ… သူတို့တွေက ပျားအုံကို တုတ်နဲ့သွားထိုးလိုက်တာပဲ”

“အဲဒီနတ်ဆေးမိုးကောင်းကင်နန်းတော်က အခုချိန်ကစပြီး ဆုတောင်းနေကြတာ ပိုကောင်းလိမ့်မယ်”

ကျင့်ကြံသူများနှင့် သက်ရှိတချို့က တိတ်တဆိတ်ဆွေးနွေးပြောဆိုလိုက်ကြ၏။

ယွင်ထင်က တုန်လှုပ်သွား၏။

အစကတော့ သူက ဆူဇီမိုကို သတင်းစကားတစ်ခုပေးပို့ရုံဟုသာတွေးထား၏။ ယခု ဤကဲ့သို့ ကြီးမားသော ရုတ်ရုတ်သဲသဲအခြေအနေတစ်ခုက ပေါ်ထွက်လာခဲ့လေသည်။

မျောက်က အေးစက်စွာမေးလိုက်၏။

“သူတို့တွေ အသက်ရှင်နေသေးလား”

“သူတို့တွေ အဆင်ပြေပါတယ်”

ဆူဇီမိုက သူ၏ စိတ်ကို တည်ငြိမ်စေလိုက်ပြီဖြစ်၏။

“သူတို့တွေ အခုတော့ ဘေးကင်းနေတယ်.. အန္တရာယ်မရှိဘူး… ဒါပေမဲ့ သူတို့က နတ်ဆေးမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေမှာ ပိတ်မိနေတယ်… လောလောဆယ်ထွက်မလာနိုင်ကြဘူး”

“ကောင်းကင်ဘုံကမ္ဘာ.. နတ်ဆေးမိုးကောင်းကင်နန်းတော်”

ရုတ်တရက် ဆူဇီမိုက ပြုံးပြီး ကောင်ကင်ဘုံကမ္ဘာရှိရာဘက်သို့ လှည့်ကြည့်ကာ ဖြည်းဖြည်းချင်းပြောလိုက်၏။

“ငါ အဲဒီကို ပြန်သွားဖို့ အချိန်ကျပြီပဲ”

“ဆရာ… ဘယ်အချိန်သွားမှာလဲ”

ရှောင်းယောင်က မေးလိုက်၏။

ဆူဇီမိုက ခေါင်းခါပြလိုက်၏။

“ဒီနေ့က မင်းရဲ့ လက်ထပ်မင်္ဂလာပွဲပဲ… မလိုက်နဲ့”

“အဲလိုလုပ်လို့ ဘယ်ရပါ့မလဲ”

ရှောင်းယောင်က မရမကတောင်းဆိုလိုက်၏။

“ကျုပ်က မကြာသေးခင်ကမှ ခွန်ဖန်းကမ္ဘာရဲ့ သခင်လေးဖြစ်လာတာ… ကျုပ်ရဲ့ အစွမ်းအစကို မပြရသေးဘူး… ဆရာ ကျုပ်ကိုမတားပါနဲ့”

“ညဝိညာဉ်နဲ့ ရှောင်းနင်က ဘယ်သူတွေလဲ”

မူလျန်က သူမ၏ စိတ်ဝိညာဉ်အသိစိတ်ဖြင့် အသံတစ်ခုကို ပို့လွှတ်ကာ မေးလိုက်၏။

“အဲလောက်ထိ ကြီးကြီးမားမား ရုတ်ရုတ်သဲသဲဖြစ်သွားဖို့ လိုလို့လား”

“ညဝိညာဉ်က ငါ့ဆရာရဲ့ သွေးသောက်ညီကိုပဲ.. ရှောင်းနင်က ငါ့ဆရာရဲ့ညီမ”

ရှောင်းယောင်က ပြောလိုက်၏။

“နောက်ပြီးကျရင် ပန်းကမ္ဘာက လူတချို့ကိုခေါ်လိုက်… ပန်းလောကအရှင်ကိုပါ ခေါ်လိုက်ရင် အကောင်းဆုံးပဲ”

“အာ.. အဲလောက်ထိ အသည်းအသန်လုပ်ဖို့လိုလို့လား”

မူလျန်က တုန်လှုပ်သွား၏။

ဆူဇီမိုနှင့် သူမ၏ ဆက်ဆံရေးအရ သူမအနေဖြင့် ဝင်ရောက်ကူညီပေးသင့်လေသည်။

သို့သော်လည်း သူမသည် ဆူဇီမို၏ ညီနှင့်ညီမအတွက်နှင့် ပန်းလောကအရှင်ကို ဝင်ပါခိုင်းဖို့က အနည်းငယ် ကလေးကလားဆန်ရာကျနေသည်။

“ငါပြောတာကို ယုံစမ်းပါ… သေချာပေါက် မမှားစေရဘူး”

ရှောင်းယောင်က ပြောလိုက်၏။

လုံလီက ပြောလိုက်လေသည်။

“ငါ တာအိုရောင်းရင်းဆူကို ကူညီတိုက်ခိုက်ပေးဖို့အတွက် ငါ့အမေကို ခေါ်လိုက်မယ်”

လုံရန်က အနားကိုတိုးကပ်ပြီး တီးတိုးပြောလိုက်၏။

“မင်းက နဂါးလောကအရှင်ကို ခေါ်လိုက်တာ ပိုကောင်းလိမ့်မယ်… သူက အင်အားလိုက်ပြရုံပဲ”

“အဲလောက်..အဲလောက်ထိ မလိုဘူးမလား”

လုံလီက စဉ်းစားရခက်သွား၏။

နဂါးကမ္ဘာသည် ဆူဇီမိုအပေါ် တကယ်ပင် အကြွေးတင်နေသော်လည်း နဂါးလောကအရှင် ကိုယ်တိုင်ပေါ်ထွက်လာဖို့အထိတော့ မဟုတ်လောက်ပေ။

လက်ရှိနဂါးလောကအရှင်သည် နဂါးဘုရင်မဦးချိုမဲ့၏ဆရာ နဂါးဧကရီဆီးနှင်းဖြစ်လေသည်။

လုံရန်က အဓိပ္ပါယ်ပါပါပြောလိုက်၏။

“ဒီတစ်ခေါက် ငါတို့ကယ်တင်ရမယ့်နှစ်ယောက် ဇီမိုရဲ့ ညီနဲ့ညီမတင် မဟုတ်ဘူး”

လုံရန်က သူ့ဘာသာသူ စိတ်ထဲကနေ ပြောလိုက်၏။

‘အဲဒါက အထီးကျန်သိုင်းသခင်ရဲ့ ညီနဲ့ညီမလည်းဖြစ်တယ်။’

All Chapters