ငါတို့ ရွေးချယ်မယ်ဆိုရင်ရော
Vol. 207 Ch. 3101
အစိမ်းရောင်မိုးကောင်းကင် အင်မော်တယ်မဟာနယ်မြေ တိုက်ပွဲနိုင်ငံမှာ…
လင်းကျန့်သည် သုန်မှုန်နေသော အမူအရာနှင့်အတူ ခန်းမထဲမှာ ထိုင်နေပြီး သူ၏ မျက်လုံးများက တောက်ပနေ၏။ သူက ခံ့ညားထည်ဝါသော အော်ရာနှင့်အတူ အောက်ဘက်မှာ ထိုင်နေသော အင်မော်တယ်ဘုရင် ၂၀ကို ကြည့်နေ၏။
အင်မော်တယ်ဘုရင်မလင်းလုံက စိုးရိမ်ပူပန်နေသော အမူအရာနှင့်အတူ ဘေးမှာထိုင်နေ၏။
ယင်ယန်အဆောင်သုတ္တန်ကို ရရှိပြီးနောက် လင်းကျန့်၏ ထိခိုက်ဒဏ်ရာများက သက်သာပျောက်ကင်းသွားရုံသာမက သူသည် ရှေ့သို့ နောက်ထပ် ခြေတစ်လှမ်းယူပြီး ဧကရာဇ်တစ်ပိုင်းတစ်ဦးပင် ဖြစ်လာခဲ့လေပြီ။
အင်မော်တယ်ဘုရင်မလင်းလုံကတော့ သူမသည် အစကတည်းက မဟာဧကရီ ကောင်းကင်ဘုံကိုးလွှာ ဆန်းကြယ်အပျိုစင်၏ အမွေအနှစ်ကို ရရှိထားခဲ့ပြီးသားဖြစ်၏။ ယင်ယန်အဆောင်သုတ္တန်နှင့်အတူ သူမ၏ နားလည်ဆင်ခြင်မှုက ပိုမိုနက်ရှိုင်းလာပြီး သူမ၏ ကျင့်ကြံမှုနယ်ပယ်ကလည်း မြင့်တက်လာခဲ့၏။ ယခု သူမသည် ပကတိကောင်းကင်လိုဏ်ဂူနယ်ပယ်အထိ ကျင့်ကြံထားခဲ့ပြီဖြစ်၏။
လင်းကျန့်၏ ထိခိုက်ဒဏ်ရာများ သက်သာပျောက်ကင်းလာပြီး သူ၏ အထွတ်အထိပ်ကို ပြန်လည်ရောက်ရှိလာသည်နှင့်အမျှ သူသည် တိုက်ပွဲနိုင်ငံ၏ အတွင်းရေးနှင့် အပြင်ရေး ပြဿနာများကို တဖြည်းဖြည်း တည်ငြိမ်စေခဲ့လေသည်။ အင်မော်တယ်ဘုရင်ပညာရှင်များသည် တိုက်ပွဲနိုင်ငံသို့ တစ်ယောက်ပြီးတစ်ယောက် စတင်ဝင်ရောက်လာကြ၏။
သူတို့သည် သူတို့၏ ယခင်အထွတ်အထိပ်အခြေအနေသို့ ပြန်မရောက်သေးသော်လည်း တိုက်ပွဲနိုင်ငံမှာ အင်မော်တယ်ဘုရင် ၂၀ကျော် ရှိလာခဲ့ပြီဖြစ်သည်။
သို့သော်လည်း ဤနှစ်များမှာ မိုးကောင်းကင်ကိုးလွှာအင်မော်တယ်မဟာနယ်မြေသည် ကြီးမားသော အပြောင်းအလဲများနှင့် တစ်ခုပြီးတစ်ခု ကြုံတွေ့နေရပြီး အစိမ်းရောင်မိုးကောင်းကင် အင်မော်တယ်မဟာနယ်မြေ၏ အခြေအနေကလည်း ဖရိုဖရဲ ဖြစ်လာခဲ့၏။
အင်မော်တယ်ဧကရာဇ် အစိမ်းရောင်မိုးကောင်းကင် သေဆုံးသွားသည့်အချိန်မှာ အစိမ်းရောင်မိုးကောင်းကင် အင်မော်တယ်မဟာနယ်မြေ၏ တည်ငြိမ်အေးချမ်းမှုက လုံးလုံးလျားလျား ပြိုကွဲသွား၏။
အင်မော်တယ်ဧကရာဇ် အရုဏ်ဆည်းဆာ၏ စွမ်းပကားနှင့် ရင်ဆိုင်ရချိန်မှာ အစိမ်းရောင်မိုးကောင်းကင် အင်မော်တယ်မဟာနယ်မြေရှိ အဖွဲ့အစည်းများစွာက တစ်ဖွဲ့ပြီးတစ်ဖွဲ့ အညံ့ခံဖို့ ရွေးချယ်သွားခဲ့ကြ၏။
တိုက်ပွဲနိုင်ငံက လွဲလျှင်…
ဤကဲ့သို့သော အခြေအနေအောက်မှာ တိုက်ပွဲနိုင်ငံသည် အများသူငါ ဝေဖန်ထောက်ပြစရာ မလွဲမသွေဖြစ်လာပြီး အန္တရာယ်ကြီးမားစွာ ကျရောက်လာ၏။
တိုက်ပွဲနိုင်ငံမှာ အတွင်းရေး ပဋိပက္ခများပင် စတင်ရှိလာခဲ့လေပြီ။
“တိုက်ပွဲဘုရင်… အခြေအနေက အခု ပိုပြီးတော့ ရှင်းလင်းလာနေပြီ… မိုးကောင်းကင်ကိုးလွှာ အင်မော်တယ်မဟာနယ်မြေတစ်ခုလုံးက အင်မော်တယ်ဧကရာဇ် အရုဏ်ဆည်းဆာ၏ လက်အောက်ကို ကျရောက်သွားလိမ့်မယ်… အခုကစပြီး မိုးကောင်းကင်ကိုးလွှာ အင်မော်တယ်မဟာနယ်မြေဆိုတာ ရှိမှာမဟုတ်တော့ဘူး… အင်မော်တယ်မဟာနယ်မြေတစ်ခုပဲ ရှိတော့မယ်”
အင်မော်တယ်ဘုရင် သဲပျံက လေးနက်သောအသံဖြင့် ပြောလိုက်၏။
“တခြားအင်မော်တယ်မဟာနယ်မြေတွေရဲ့ အင်မော်တယ်ဧကရာဇ်တွေတောင်မှ တစ်ယောက်ပြီးတစ်ယောက် ဦးညွှတ်ကုန်ကြပြီ… ခင်ဗျား ဘာလို့ အခုချိန်ထိ လက်မလျှော့သေးတာလဲ ကျုပ်နားမလည်ဘူး”
“အဲဒါ အမှန်ပဲ”
အင်မော်တယ်ဘုရင် ငွေရောင်ငှက်မွေးက ထပ်ပြောလိုက်၏။
“မိုးကောင်းကင်ကိုးလွှာ အင်မော်တယ်မဟာနယ်မြေကို ပေါင်းစည်းဖို့က ခေတ်ရေစီးကြောင်းတစ်ခု ဖြစ်လာခဲ့ပြီ… မိုးကောင်းကင်ကိုးလွှာ အင်မော်တယ်မဟာနယ်မြေကို ပေါင်းစည်းထားမှပဲ ကျုပ်တို့တွေက သုခဘုံသန့်စင်ကုန်းမြေနဲ့ မိစ္ဆာမဟာနယ်မြေနဲ့ တန်းတူရည်တူ ယှဉ်ပြိုင်တိုက်ခိုက်နိုင်လိမ့်မယ်”
အင်မော်တယ်ဘုရင် လောင်ကျွမ်းလေက ပြောလိုက်၏။
“အင်မော်တယ်ဧကရာဇ် အရုဏ်ဆည်းဆာက ဧကရာဇ်ဂူသင်္ချိုင်းထဲကို ဝင်ရောက်ပြီး ပြန်လည်ရှင်သန်လာခဲ့တယ်… သူက စီးပိုးခြယ်လှယ်စွာနဲ့ ပြန်ရောက်လာပြီ.. သူ့မှာပဲ သုခဘုံသန့်စင်ကုန်းမြေက ကောင်းကင်အရှင်ဆဗြဟ္မနဲ့ မိစ္ဆာမဟာနယ်မြေက မိစ္ဆာဧကရာဇ် ကမ္ဘာဖျက်ကပ်ဘေးကို ဆန့်ကျင်တိုက်ခိုက်နိုင်မယ့် ခွန်အားရှိလိမ့်မယ်”
လင်းကျန့်က ဖြည်းဖြည်းချင်း ပြောလိုက်၏။
“အင်မော်တယ်ဧကရာဇ် အစိမ်းရောင်မိုးကောင်းကင်ရဲ့ ငါ့အပေါ် ကြင်နာမှုက တောင်တစ်လုံးလို ကြီးမားတယ်… သူက အင်မော်တယ်ဧကရာဇ် အရုဏ်ဆည်းဆာရဲ့ လက်ထဲမှာ သေခဲ့ရတယ်… ငါက ဘယ်နည်းနဲ့မှ အညံ့မခံနိုင်ဘူး”
အရင်တုန်းက အင်မော်တယ်ဧကရာဇ် အစိမ်းရောင်မိုးကောင်းကင်ကြောင့် မဟုတ်ခဲ့လျှင် လင်းကျန့်နှင့် နတ်မိမယ် လင်းလုံသည် ကောင်းကင်ဘုံကမ္ဘာမှာ သေချာပေါက် ရပ်တည်နိုင်ခဲ့ကြလိမ့်မည် မဟုတ်ပေ။
အင်မော်တယ်ဧကရာဇ် အစိမ်းရောင်မိုးကောင်းကင်၏ အားပေးထောက်ခံမှုကြောင့်ပင် လင်းကျန့်သည် အောက်ဘုံလောကများမှ သက်ရှိများကို ကာကွယ်ဖို့အတွက် ပညာရှင်များ ဝန်းရံထားသည့် ကောင်းကင်ဘုံကမ္ဘာမှာ အင်မော်တယ်နိုင်ငံတစ်ခုကို တည်ထောင်နိုင်ခဲ့ခြင်းဖြစ်သည်။
အင်မော်တယ်ဧကရာဇ် အစိမ်းရောင်မိုးကောင်းကင်၏ ထောက်ပံ့မှုမရှိဘဲ လင်းကျန့်နှင့် သူ့ဇနီးသည် အထက်ဘုံလောကမှ မရေမတွက်နိုင်သော သက်ရှိများ၏ ပစ်မှတ်ထားခြင်း၊ အကွက်ချကြံစည်ခြင်းနှင့် ဝိုင်းပယ်ခြင်းကိုပင် ခံရပေလိမ့်မည်။
သူတို့၏ ရလဒ်သည် ဖုန့်စန်းထျန်ထက် များစွာပိုမိုကောင်းမွန်ခဲ့လိမ့်မည် မဟုတ်ပေ။
အင်မော်တယ်ဧကရာဇ် အစိမ်းရောင်မိုးကောင်းကင် သေဆုံးသွားပြီးနောက် လင်းကျန့်သည် အင်မော်တယ်ဧကရာဇ် အရုဏ်ဆည်းဆာထံ ဘယ်လိုလုပ် အညံ့ခံနိုင်ပါ့မလဲ။
အင်မော်တယ်ဘုရင်သဲပျံက အေးစက်စွာ နှာတစ်ချက်မှုတ်လိုက်၏။
“တိုက်ပွဲဘုရင်… ခင်ဗျား ဆက်ပြီးတော့ ခေါင်းမာနေမယ်ဆိုရင် တိုက်ပွဲနိုင်ငံမှာရှိတဲ့ သက်ရှိပေါင်းသောင်းချီကို ရောပါဒုက္ခရောက်စေလိမ့်မယ်… သူတို့က ကပ်ဘေးတစ်ခုနဲ့ ကြုံတွေ့ရလိမ့်မယ်”
လင်းကျန့်က ထိုအချက်ကို သူ၏ ရင်ထဲမှာ သိရှိထား၏။
သူ၏ လက်ရှိတိုက်ခိုက်ရည်ခွန်အားနှင့်အတူ သူက အင်မော်တယ်ဧကရာဇ် အရုဏ်ဆည်းဆာကို စိန်ခေါ်ချင်သည်ဆိုလျှင် သူက ကျောက်တုံးကို ကြက်ဥနှင့် ပေါက်ခြင်းနှင့် တူနေပေလိမ့်မည်။
လင်းကျန့်က လေးနက်သော အသံဖြင့် ပြောလိုက်၏။
“ဘယ်သူမဆို အစိမ်းရောင်မိုးကောင်းကင် အင်မော်တယ်မဟာနယ်မြေကနေ ထွက်ခွာချင်တယ်ဆိုရင် ငါ သူတို့အတွက် ထွက်လမ်းတစ်ခုကို စီစဉ်ပေးမယ်… လက်ရှိလူတိုင်းကတော့ သူတို့မှာ ရည်မှန်းချက်ကိုယ်စီ ရှိနေကြမှာပဲ… ငါ သူတို့ကို ဖိအားပေးမှာ မဟုတ်ဘူး”
သူသည် ဤကိစ္စကို ယခင်က အင်မော်တယ်ဘုရင်မလင်းလုံနှင့် ဆွေးနွေးခဲ့ပြီးသားဖြစ်၏။
ဤကဲ့သို့သော အခြေအနေအောက်မှာ တိုက်ပွဲနိုင်ငံကို ဆက်လက်၍ မကာကွယ်နိုင်တော့ပေ။ သူတို့အနေဖြင့် ထွက်လမ်းတစ်ခုသာ ရှိလေသည်။ အဲဒါက မိစ္ဆာမဟာနယ်မြေမှ ထျန်ဟွမ်ဂိုဏ်း ဖြစ်သည်။ ထျန်ဟွမ်ဂိုဏ်းသည် ထောင့်တစ်နေရာမှာ အခြေချနေထိုင်သော်လည်း သူတို့သည် ဤနှစ်များအားလုံးမှာ မည်သည့်ကပ်ဘေးနှင့်မှ မကြုံတွေ့ခဲ့ရပေ။
ဒါ့အပြင် မိစ္ဆာဧကရာဇ် ကမ္ဘာဖျက်ကပ်ဘေးသည် မိစ္ဆာမဟာနယ်မြေမှာ အုပ်စိုးနေ၏။ အင်မော်တယ်ဧကရာဇ် အရုဏ်ဆည်းဆာပင်လျှင် ထိုနေရာသို့ မဆင်မခြင် ဝင်ရောက်ရဲလိမ့်မည် မဟုတ်ပေ။
“လင်းကျန့်…. မင်းတို့တွေ ထွက်သွားလို့ မရတော့ဘူး”
ထိုစဉ်မှာပင် ခန်းမ၏ အပြင်ဘက်ကနေ အသံတစ်သံ ထွက်ပေါ်လာ၏။
ထို့နောက် ချက်ချင်းပင် စွမ်းအားကြီးမားသော အော်ရာများက တလိပ်လိပ် တိုးဝင်လာ၏။
“ဟမ်…”
လင်းကျန့်က မတ်တတ်ထရပ်ပြီး သူ၏ စိတ်ဝိညာဉ်အသိစိတ်ကို ဖြန့်ကြက်လိုက်၏။
ခန်းမ၏ ဘေးပတ်လည်မှာ အနည်းဆုံး အင်မော်တယ်ဘုရင် ၂၀၀ ဆင်းသက်ရောက်ရှိလာလေသည်။
သူတို့ထဲမှတချို့မှာ အလွန်တရာ စွမ်းအားကြီးမားသော အော်ရာများရှိပြီး သူတို့က ဧကရာဇ်တစ်ပိုင်းကျင့်ကြံသူများ ဖြစ်ကြသည်မှာ သိသာနေ၏။
ထိုစဉ်မှာပင် အဝါရောင်ဝတ်အမျိုးသားတစ်ဦးက ခန်းမထဲသို့ ဝင်ရောက်လာ၏။ မနှိုင်းယှဉ်သာအောင် စွမ်းအားကြီးမား၍ သိပ်သည်းပြင်းထန်သော စွမ်းပကားတစ်ခု ဆင်းသက်လာပြီး ခန်းမထဲရှိ လူတိုင်းကို အုပ်မိုးသွားလေသည်။
ထိုသူက အင်မော်တယ်ဧကရာဇ်တစ်ပါး ဖြစ်၏။
“အဲဒါ ခင်ဗျားကိုး…”
လင်းကျန့်၏ အကြည့်က ထိုသူ့အပေါ် ဆင်းသက်သွားပြီး သူက သူ၏ မျက်လုံးကို အနည်းငယ် မှေးကျဉ်းလိုက်၏။
အရင်တုန်းက အင်မော်တယ်ဧကရာဇ် မေပယ်သည် အင်မော်တယ်ဧကရာဇ် အစိမ်းရောင်မိုးကောင်းကင်နှင့် တိုက်ခိုက်ခဲ့သော တိုက်ပွဲကနေ ထွက်ပြေးသွားပြီး သူ၏ သတင်းအစအနကို မရရှိတော့ပေ။
မထင်မှတ်ထားစွာပင် အင်မော်တယ်ဧကရာဇ် အစိမ်းရောင်မိုးကောင်းကင် သေဆုံးသွားပြီးနောက်မကြာခင် အင်မော်တယ်ဧကရာဇ်မေပယ်က နောက်တစ်ဖန် ပြန်လည်ပေါ်ထွက်လာပြီး သူက အန္တိမအင်မော်တယ်ဧကရာဇ်တစ်ပါး ဖြစ်လာခဲ့၏။
“ကြည့်ရတာ ခင်ဗျားက အင်မော်တယ်ဧကရာဇ် အရုဏ်ဆည်းဆာထံမှာ အညံ့ခံပြီးသွားပြီပဲ”
လင်းကျန့်က ပြောလိုက်၏။
“အခုချိန်မှာ အင်မော်တယ်ဧကရာဇ် အရုဏ်ဆည်းဆာဆိုတာ မရှိတော့ဘူး”
အင်မော်တယ်ဧကရာဇ် မေပယ်က သူ၏ လက်နှစ်ဖက်ကိုယှက်ပြီး ကြည်ညိုလေးစားသော အမူအရာနှင့် ပြောလိုက်၏။
“အခုချိန်မှာ အင်မော်တယ်ဧကရာဇ် မိုးကောင်းကင်ကိုးလွှာပဲ ရှိတော့တယ်”
“အနာဂတ်မှာ သခင်က ရှေ့ကို နောက်ထပ်ခြေတစ်လှမ်းယူပြီး မဟာဧကရာဇ် မိုးကောင်းကင်ကိုးလွှာ ပိုင်ဆိုင်တဲ့ ခေတ်တစ်ခေတ်ကို ဖန်တီးလိမ့်မယ်… ငါက သခင့်ရဲ့ ခြေလှမ်းအတိုင်း လိုက်ပါပြီး သူ့အတွက် တိုက်ခိုက်ပေးရမယ်… ငါတို့တွေက ကောင်းကင်ဘုံကို နင်းချေဖြတ်ကျော်မယ်… ငါတို့က သမိုင်းထဲမှာ ထာဝရမှတ်တမ်းတင်ခံရလိမ့်မယ်”
ထိုနေရာရောက်မှာ အင်မော်တယ်ဧကရာဇ် မေပယ်၏ လေသံက စိတ်လှုပ်ရှားတက်ကြွလာပြီး သူ၏ မျက်လုံးထဲမှာ ဖော်မပြတတ်သော တစ်ယူသန်မှုတစ်ခုပင် ရှိလာခဲ့လေသည်။
အင်မော်တယ်ဘုရင်မလင်းလုံက ဓမ္မပညာရပ်တစ်ခုကို တိတ်တဆိတ် အသုံးပြုကြည့်လိုက်၏။ သို့သော်လည်း ၎င်းသည် လေဟာနယ်ထဲသို့ ဝင်ရောက်သောအခါ အဲဒါသည် ပင်လယ်ထဲသို့ ကျဆင်းသွားသော ကျောက်တုံးတစ်တုံးကဲ့သို့ မည်သည့်ဝဲဂယက်မှ ပေါ်ထွက်မလာခဲ့ပေ။
“ဘေးပတ်လည် လေဟာနယ်ကို ချိပ်ပိတ်ပြီးသွားပြီ”
အင်မော်တယ်ဘုရင်မလင်းလုံက မျက်မှောင်အနည်းငယ်ကြုတ်ပြီး သူမ၏ စိတ်ဝိညာဉ်အသိစိတ်ဖြင့် အသံတစ်ခုကို ပို့လွှတ်လိုက်၏။
“မင်းတို့ရဲ့ စွမ်းအင်ကို ဖြုန်းတီးမနေနဲ့”
အင်မော်တယ်ဧကရာဇ် မေပယ်က အင်မော်တယ်ဘုရင်မလင်းလုံ၏ အပြုအမူကို အာရုံခံမိသွားပုံရပြီး ပြုံးပြလိုက်၏။
“ဘေးပတ်ဝန်းကျင် လေဟာနယ်ကို ချိပ်ပိတ်ပြီးသွားပြီ… ဒီခန်းမထဲက ဘယ်သူကမှ ထွက်ခွာနိုင်မှာ မဟုတ်ဘူး”
“မင်္ဂလာပါ အင်မော်တယ်ဧကရာဇ် မေပယ်”
အင်မော်တယ်ဘုရင်သဲပျံက ရှေ့သို့ အလောတကြီးတက်လှမ်းပြီး မျက်နှာလိုမျက်နှာရ အပြုံးနှင့်အတူ အင်မော်တယ်ဧကရာဇ် မေပယ်ကို ဦးညွှတ်လိုက်လေသည်။
“ကျုပ်က သဲပျံပါ… ကျုပ်က အညံ့ခံဖို့ စဉ်းစားနေခဲ့တာ ကြာပြီ… ကျုပ်က အခုလည်း လင်းကျန့်ကို အညံ့ခံဖို့ ဖျောင်းဖျနေတာ… ဒါပေမဲ့ သူက ခေါင်းမာနေတုန်းပဲ”
“ကောင်းတယ်ကွာ”
အင်မော်တယ်ဧကရာဇ် မေပယ်က ခေါင်းညိတ်ပြလိုက်၏။
“လိမ္မာတဲ့ ငှက်တစ်ကောင်က အသိုက်လုပ်ဖို့အတွက် ပိုကောင်းတဲ့သစ်တစ်ပင်ကို ရွေးချယ်မှာပဲ… ငါတို့တွေက အညံ့ခံတဲ့သူတွေကို သတ်မှာမဟုတ်ဘူး”
ထိုသို့ပြောလိုက်သောအခါ အင်မော်တယ်ဘုရင် ငွေရောင်ငှက်မွေးနှင့် အင်မော်တယ်ဘုရင် လောင်ကျွမ်းလေက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြ၏။ သူတို့က အညံ့ခံဖို့အတွက် အချက်ပြကာ ရှေ့သို့ထွက်လာကြ၏။
တစ်ခဏချင်းမှာပင် တိုက်ပွဲနိုင်ငံလက်အောက်ရှိ အင်မော်တယ်ဘုရင် နှစ်ဆယ်ကျော်ကျော်ထဲ ထက်ဝက်ကျော်က အင်မော်တယ်ဘုရင် မေပယ်ဘက်ကို ရောက်ရှိသွားကြ၏။
လင်းကျန့်၊ သူ့ဇနီး၊ လင်းလေနှင့် လင်းလောတို့အပြင် သူတို့ဘက်မှာ အင်မော်တယ်ဘုရင် ငါးဦးသာ ကျန်ရှိလေသည်။
ဤအင်မော်တယ်ဘုရင်များသည် အောက်ဘုံလောကမှ တက်လှမ်းလာခဲ့ကြခြင်းဖြစ်၏။
တိုက်ပွဲနိုင်ငံက သူတို့ကို လက်ခံခေါ်ယူခဲ့သောကြောင့်သာ သူတို့က နေရာတစ်ခုကို ရရှိလာခဲ့ကြ၏။
လင်းကျန့်သည် သူတို့၏ ကျေးဇူးရှင်ဖြစ်ပြီး သူတို့၏ အသက်များကိုပင် ကယ်တင်ပေးခဲ့ဖူးလေသည်။
တိုက်ပွဲနိုင်ငံအပေါ် သူတို့၏ ခံစားချက်များက အခြားသူများနှင့် လုံးလုံးလျားလျား ကွဲပြားနေ၏။
လင်းကျန့်သည် အင်မော်တယ်ဧကရာဇ် မေပယ်ကို ကြည့်ပြီး အသက်ပြင်းပြင်းတစ်ချက်ရှိုက်ကာ ဖြည်းဖြည်းချင်းပြောလိုက်၏။
“အင်မော်တယ်ဧကရာဇ် မေပယ်… ဒီနေ့ ကျုပ်ရဲ့သေဆုံးမှုနဲ့ ပတ်သက်ပြီး ကျုပ်မှာ ဘာမှပြောစရာမရှိဘူး… ခင်ဗျားက သူတို့အတွက် ထွက်လမ်းတစ်ခုပေးဖို့သာ ကျုပ်မျှော်လင့်တယ်”
“ငါ မင်းကို ပြောတယ်လေ”
အင်မော်တယ်ဧကရာဇ် မေပယ်က ခပ်ယဲ့ယဲ့ ပြုံးပြလိုက်၏။
“မင်းက အင်မော်တယ်ဧကရာဇ် မိုးကောင်းကင်ကိုးလွှာထံ အသာတကြည်အညံ့ခံဖို့ သူတို့ကို ခေါ်လာသရွေ့ ငါက မင်းတို့ကို အခွင့်အရေးတစ်ခု ပေးမှာပဲ”
“သူတို့ သေမလား၊ ရှင်မလားဆိုတာက မင်းရဲ့ရွေးချယ်မှုအပေါ် မူတည်တယ်”
လင်းကျန့်က အမူအရာကင်းမဲ့စွာဖြင့် အံကိုတင်းတင်းကြိတ်လိုက်၏။
သူတစ်ယောက်တည်းသာဆိုလျှင် သူသည် နောက်ဆံတင်းမှု လုံးဝမရှိဘဲ အသေအကြေတိုက်ခိုက်ကာ အညံ့ခံလိမ့်မည်မဟုတ်ပေ။
သို့သော်လည်း သူ၏ နောက်ဘက်မှာ အင်မော်တယ်ဘုရင်မလင်းလုံ၊ လင်းလေနှင့် လင်းလောတို့အပြင် နှစ်ပေါင်းများစွာ သူ့နောက်သို့ လိုက်ပါခဲ့သော အင်မော်တယ်ဘုရင်ငါးဦး ရှိနေ၏။
“ရှင် ဘာကိုပဲ ရွေးချယ်ရွေးချယ်… ကျွန်မ ရှင်နဲ့အတူ ရှိနေမယ်”
ထိုစဉ်မှာပင် အင်မော်တယ်ဘုရင်မလင်းလုံက ရုတ်တရက်လက်လှမ်းပြီး လင်းကျန့်၏ လက်ကို ကိုင်စွဲကာ ညင်သာစွာ ပြောလိုက်၏။
“အဖေ..”
လင်းလေက ကျယ်လောင်စွာ ပြောလိုက်၏။
“ကျုပ်တို့တွေက မိသားစုတစ်ခုပဲ… ကျုပ်တို့ တိုက်ခိုက်ကြမယ်ဆိုရင် အတူတူတိုက်ခိုက်ကြမယ်… သေရမယ်ဆိုရင်တောင် ဘာမှ နောင်တရစရာမရှိဘူး”
လင်းလောကလည်း ပြတ်သားသော အမူအရာနှင့်အတူ အင်မော်တယ်ဘုရင်မလင်းလုံ၏ ဘေးမှာ တိတ်တဆိတ် မတ်တတ်ရပ်လိုက်၏။
“တိုက်ပွဲဘုရင်… အမိန့်ပေးပါ”
အောက်ဘုံလောကမှ တက်လှမ်းလာသော အင်မော်တယ်ဘုရင်တချို့ကလည်း တစ်ယောက်ပြီးတစ်ယောက် မတ်တတ်ထရပ်လိုက်ကြ၏။
“ဟဲဟဲ”
အင်မော်တယ်ဧကရာဇ် မေပယ်က သနားကရုဏာသက်သော အမူအရာဖြင့် ရယ်မောလိုက်၏။ သူက သူ၏ ခေါင်းကိုခါပြီး သက်ပြင်းချလိုက်၏။
“ဒီလိုဆိုမှတော့ မင်းတို့တွေက သေဖို့ ရွေးချယ်လိုက်တယ်ပေါ့လေ”
“ငါတို့ ရွေးချယ်တယ်ဆိုတော့ရော ဘာဖြစ်လဲ”
ခန်းမထဲမှာ အသံတစ်သံ ထွက်ပေါ်လာ၏။
“အဲဒါဆိုရင်တော့ ငါ့ကို အပြစ်မတင်….”
အင်မော်တယ်ဧကရာဇ် မေပယ်က ကြမ်းကြုတ်ခက်ထန်သော အမူအရာတစ်ခုကို ထုတ်ဖော်ပြီး တိုက်ခိုက်တော့မည့်ဆဲဆဲမှာပင် သူက တစ်စုံတစ်ရာ လွဲမှားနေသည်ကို အာရုံခံမိသွားပြီး ရုတ်တရက် မျက်မှောင်ကြုတ်လိုက်၏။
ထိုစကားကို ပြောလိုက်သောသူက လင်းကျန့် မဟုတ်ပေ။
အချိန်တစ်ခုမှာ နောက်ထပ်လူတစ်ဦးက ခန်းမထဲမှာ ပေါ်ထွက်လာခဲ့လေသည်။