← Chapters

ငါ မင်းကို သတ်ဖို့ မေ့နေတာပဲ

Vol. 207 Ch. 3102

ငါ မင်းကို သတ်ဖို့ မေ့နေတာပဲ

Vol. 207 Ch. 3102

ခန်းမထဲမှာ ရှိသော လူတိုင်းက အသံထွက်ပေါ်လာရာဘက်သို့ ကြည့်လိုက်ကြ၏။

လင်းကျန့်၊ သူ့ဇနီး လင်းလေနှင့် လင်းလောပင်လျှင် မှင်တက်သွား၏။ သူတို့က တုန်လှုပ်စွာဖြင့် လှည့်ကြည့်လိုက်ကြ၏။

အချိန်တစ်ခုမှာ အနက်ရောင်ဆံပင်၊ ခရမ်းရောင်ဝတ်ရုံ၊ ငွေရောင်မျက်နှာဖုံးနှင့် အမျိုးသားတစ်ဦးက လင်းကျန့်နှင့် အခြားသူများ၏ နောက်ဘက်မှာ ပေါ်ထွက်လာ၏။ တကယ်ဆို ဤလူက အင်မော်တယ်ဘုရင်များ၏ အာကာသချိပ်စည်းကို မည်သို့မည်ပုံချိုးဖျက်ပြီး ဤနေရာသို့ ရောက်ရှိလာသလဲ မည်သူကမှ မသိရှိရပေ။

သူက ဝင်ရောက်လာသူကို တွေ့မြင်သောအခါ လင်းကျန့်၏ မျက်လုံးက ဝင်းလက်သွား၏။ သူက စိတ်လှုပ်ရှားတက်ကြွသွားပြီး အလိုလိုခေါ်လိုက်၏။

“ဇီ…”

“အဟမ်း”

အင်မော်တယ်ဘုရင်မလင်းလုံက ညင်သာစွာ ချောင်းဟန့်လိုက်၏။ တစ်ချိန်တည်းမှာ သူမက လင်းကျန့်၏ ခါးကို အလျင်အမြန် လက်ညှိုးဖြင့်ထိုးပြီး ဝင်ရောက်လာသူကို ပြုံး၍နှုတ်ဆက်လိုက်၏။

“တာအိုရောင်းရင်း အထီးကျန်သိုင်းသခင်ပဲ”

သိုင်းတာအိုပင်မခန္ဓာ ပေါ်ထွက်လာသည့်ခဏမှာပင် နတ်မိမယ်လင်းလုံသည် တိုက်ပွဲနိုင်ငံက အန္တရာယ်ကနေ လွတ်မြောက်သွားပြီကို သိရှိလိုက်၏။

သူမသည် ယခင်က တိုက်ပွဲနိုင်ငံ၏ ကံကြမ္မာကို အကြိမ်ရေအတော်အများများ တွက်ချက်ဖို့ ကြိုးစားကြည့်ခဲ့စဉ်က အန္တရာယ်ကနေ လွတ်မြောက်မည့် လက္ခဏာများ အမြဲတမ်းပြနေခဲ့သည်မှာ အံ့ဩစရာမရှိတော့ပေ။

ထို့ကြောင့်ပင် သူမသည် နောက်ချန်အစီအစဉ်များစွာ မထားရှိဘဲ လက်ရှိအခြေအနေအထိ ရောက်ရှိလာခြင်းဖြစ်လေသည်။

သို့သော်လည်း သူမသည် တိုက်ပွဲနိုင်ငံကို အကျပ်အတည်းကနေ လွတ်မြောက်အောင် ကူညီပေးမည့်လူကို ဘယ်တုန်းကမှ မတွက်ချက်နိုင်ခဲ့ပေ။

လက်စသတ်တော့ ထိုသူက အထီးကျန်သိုင်းသခင် ဖြစ်နေသောကြောင့်ပင်။

“အထီးကျန်သိုင်းသခင်လား”

ထိုတာအိုဘွဲ့ကို ကြားသောအခါ ခန်းမထဲရှိ လူတိုင်းက တုန်လှုပ်သွားပြီး သူတို့၏ အမူအရာများ ပြောင်းလဲသွားကြ၏။

မဟာအရိုင်းကမ္ဘာမှ တိုက်ပွဲ၊ နဂါးများနှင့် ဖီးနစ်များ၏ စစ်ပွဲ၊ ခွန်များနှင့် ဖန်းများ၏ စစ်ပွဲကို ဖြေရှင်းခြင်း၊ စုန်းမျိုးနွယ်၏ ဖျက်ဆီးခံရမှု၊ သွေးလောကအရှင်နှင့် အဆိပ်လောကအရှင်၏ သေဆုံးမှုနှင့် ကမ္ဘာနှစ်ခုအပေါ် ပြင်းထန်ကြီးမားသော ပျက်စီးထိခိုက်မှု… စသည်ဖြင့် ထိုသတင်းများအားလုံး ပျံ့နှံ့လာပြီးနောက် အလယ်အလတ်ကမ္ဘာထောင်လောကမှာ အထီးကျန်သိုင်းသခင်၏ အမည်ကို မသိသူ မရှိကြတော့ပေ။

လင်းလေနှင့် လင်းလောက သိုင်းတာအိုပင်မခန္ဓာကို တွေ့မြင်သောအခါ တုန်လှုပ်သွားကြ၏။

ပြောရမည်ဆိုလျှင် လင်းလေနှင့် လင်းလောသည် အရင်တုန်းက လန့်ဖုန်းမြို့တော်နှင့် တည်ဆောက်သူသစ်ပင်တောင်ကြောရိုးမှာ အထီးကျန်သိုင်းသခင်၏ တိုက်ခိုက်မှုများကို ကံကောင်းထောက်မစွာဖြင့် မြင်တွေ့ခဲ့ရဖူးလေသည်။

ထိုအချိန်တုန်းက အထီးကျန်သိုင်းသခင်ကို မိစ္ဆာမဟာနယ်မြေမှ နာမည်ဆိုးဖြင့် ကျော်ကြားသော မိစ္ဆာတစ်ဦးဟုပင် ခေါ်ဆိုခဲ့ကြ၏။

လန့်ဖုန်းမြို့တော်မှာတုန်းက သူနှင့် ဧကရာဇ်အထီးကျန်သိုင်းသခင်ကြား ကွာဟချက်က သိပ်ပြီးမကြီးမားဟု လင်းလေက ခံစားခဲ့ရ၏။ တကယ်ဆို သူက ထိုသူကို သူ၏ အသန်မာဆုံးပြိုင်ဘက်အဖြစ်ပင် သတ်မှတ်ခဲ့လေသည်။

တည်ဆောက်သူသစ်ပင်တောင်ကြောရိုးမှာ သူတို့ တိုက်ခိုက်ခဲ့စဉ်က သူတို့နှစ်ယောက်ကြား ကွာဟချက်က အလွန်တရာ ကြီးမားသွားခဲ့ပြီဖြစ်သည်။

လင်းလေသည် မဟာအရိုင်းကမ္ဘာမှ တိုက်ပွဲသတင်းကို ကြားခဲ့ရစဉ် ဧကရာဇ်အထီးကျန်သိုင်းသခင်သည် မိစ္ဆာမဟာနယ်မြေမှ အထီးကျန်သိုင်းသခင်နှင့် တူညီသောလူ ဟုတ်ပါ့မလားဟုပင် သံသယဝင်ခဲ့လေသည်။

ယခုအချိန်မှာတော့…

အင်မော်တယ်ဧကရာဇ်မေပယ်နှင့် အခြားသောပညာရှင်များက တဖျပ်ဖျပ်လက်နေသော မျက်လုံးများနှင့်အတူ သိုင်းတာအိုပင်မခန္ဓာကိုကြည့်ပြီး သူတို့၏ အမူအရာများက အိုးတိုးအမ်းတမ်း ဖြစ်နေကြ၏။

အထီးကျန်သိုင်းသခင်၏ အမည်သည် အလွန်တရာကျော်ကြားပြီး အလယ်အလတ်ကမ္ဘာထောင်လောကတစ်ဝှမ်း ပျံ့နှံ့နေခဲ့ပြီးသားဖြစ်သည်။

သို့သော်လည်း ဧကရာဇ်အထီးကျန်သိုင်းသခင်ကို အရင်က အမှန်တကယ် တွေ့မြင်ဖူးသူ များစွာမရှိပေ။ ဒါ့အပြင် ဧကရာဇ်အထီးကျန်သိုင်းသခင်၏ အစစ်အမှန် ရုပ်ရည်သွင်ပြင်ကို မည်သူကမှ မတွေ့မြင်ဖူးပေ။

ထိုသူက အမှန်တကယ် ဧကရာဇ်အထီးကျန်သိုင်းသခင် ဖြစ်မည်ဆိုလျှင် လူတိုင်းက တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ ဦးညွှတ်ရပေလိမ့်မည်။

သို့သော် မဟုတ်ဘူးဆိုလျှင်တော့…

ဧကရာဇ်အထီးကျန်သိုင်းသခင်သည် ငွေရောင်မျက်နှာဖုံးတစ်ခုကို အမြဲတမ်း တပ်ထားလေသည်။ ဤလူက ဧကရာဇ်အထီးကျန်သိုင်းသခင်၏ အစစ်အမှန်ခန္ဓာ ဟုတ်မဟုတ် ပြောဖို့ခက်နေသည်။

ဒါ့အပြင် ဧကရာဇ်အထီးကျန်သိုင်းသခင်၏ အဆင့်အတန်းအရ သူသည် အစိမ်းရောင်မိုးကောင်းကင် အင်မော်တယ်မဟာနယ်မြေသို့ ရုတ်တရက် ဆင်းသက်ရောက်ရှိလာပြီး ဤကဲ့သို့ အသေးအဖွဲ့ကိစ္စတစ်ခုမှာ ဘာကြောင့်ဝင်ပါလာရမှာလဲ။

အင်မော်တယ်ဧကရာဇ်မေပယ်က သူ၏ မျက်လုံးကို မှေးကျဉ်းပြီး ဟာကွက်တစ်ခုကို ရှာဖွေလိုကာ ဧကရာဇ်အထီးကျန်သိုင်းသခင်၏ လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်နေ၏။

နတ်မိမယ်လင်းလုံသည် ဉာဏ်ပညာ အလွန်တရာ ထက်မြက်သည်ဟူသော ကောလာဟလများ ရှိလေသည်။ သူမသည် သူတို့ကို ခြောက်လှန့်ပြီး ဤကပ်ဘေးကနေ ရှင်သန်နိုင်ဖို့အတွက် တစ်ယောက်ယောက်ကို ဧကရာဇ်အထီးကျန်သိုင်းသခင်အဖြစ် တုပခိုင်းထားတာ ဖြစ်နိုင်လေသည်။

အင်မော်တယ်ဧကရာဇ်မေပယ်က နှုတ်ဆိတ်နေပြီး လောလောဆယ်မှာ အချိန်ဆွဲကာ စောင့်ကြည့်ဖို့ ဆုံးဖြတ်လိုက်၏။

“ဟားဟားဟားဟား…”

လူတိုင်း၏ ရှေ့မှောက်မှာ လင်းကျန့်က ဟားတိုက်ရယ်မောကာ သူ့ကို ကြိုဆိုလိုက်၏။ သူက ဧကရာဇ်အထီးကျန်သိုင်းသခင်၏ ပခုံးနှစ်ဖက်ကို ဖမ်းဆွဲပြီး ခပ်ကြမ်းကြမ်းလှုပ်ခါကာ အော်ပြောလိုက်၏။

“ညီအစ်ကို အထီးကျန်သိုင်းသခင်… မင်း ဒီကို ရောက်လာပြီပေါ့”

ခန်းမထဲရှိ လူတိုင်းက ကြက်သေသေနေကြ၏။

လင်းလေပင်လျှင် တွေဝေရှုပ်ထွေးသော အမူအရာတစ်ခုနှင့်အတူ သူ၏ ပါးစပ်ကို အလိုလိုဖွင့်ဟလိုက်မိ၏။

“အဖေက ဧကရာဇ်အထီးကျန်သိုင်းသခင်နဲ့ ဘယ်တုန်းက အဲ့လောက်ထိ ရင်းနှီးသွားတာလဲ”

လင်းလေသည် အင်မော်တယ်ဘုရင်မလင်းလုံကို အလိုလိုလှမ်းကြည့်ပြီး ဖြစ်နိုင်ခြေတစ်ခုကို ခန့်မှန်းလိုက်၏။ သူက သူ့ဘာသာသူ တွေးလိုက်လေသည်။

‘အမေရယ်… ဒီနည်းလမ်းက အရမ်းကို ပေါ့ပျက်ပျက်နိုင်မနေဘူးလား။’

လင်းကျန့်သည် ဧကရာဇ်အထီးကျန်သိုင်းသခင်ကို အရင်ဆုံးတွေ့မြင်စဉ်က သူသည် စကားတစ်လုံးကို လွှတ်ခနဲပြောလိုက်ပြီး အင်မော်တယ်ဘုရင်မလင်းလုံက သူ့ကို ကြားဖြတ်ဟန့်တားခဲ့လေသည်။

လင်းလောက ထိုအသေးစိတ်အချက်အလက်ကို တွေ့မြင်ထားခဲ့၏။

‘အဖေ့ရဲ့ တုံ့ပြန်မှုက ဟန်ဆောင်နေတာနဲ့ မတူသလိုပဲ… သူက ဧကရာဇ်အထီးကျန်သိုင်းသခင်နဲ့ တကယ်သိရှိထားတဲ့အတိုင်းပဲ။’

‘ဇီဆိုတာ ဘာလဲ။”

လင်းလောက မျက်မှောင်အနည်းငယ်ကြုတ်ပြီး သိုင်းတာအိုပင်မခန္ဓာကို ကြည့်ပြီးနောက် လင်းကျန့်နှင့် အင်မော်တယ်ဘုရင်မလင်းလုံကို အတွေးနက်စွာဖြင့် ကြည့်လိုက်၏။

အင်မော်တယ်ဧကရာဇ်မေပယ်က ထိုသည်ကို တွေ့မြင်သောအခါ သူက နောက်ဆုံးမှာ စိတ်လက်ပေါ့ပါးသွားပြီး ရယ်မောလိုက်၏။

“ပညာရှိ သတိဖြစ်ခဲဆိုတာ ဒါပဲ”

အင်မော်တယ်ဧကရာဇ်မေပယ်က လှောင်ရယ်လိုက်၏။

“အင်မော်တယ်ဘုရင်မလင်းလုံ… မင်းက ငါတို့ကို ခြောက်လှန့်ဖို့အတွက် ဧကရာဇ်အထီးကျန်သိုင်းသခင်အဖြစ် တုပမယ့်သူကို တော်တော်ကြိုးစားအားထုတ်ပြီး ရှာဖွေခဲ့ရမှာပဲ… ဒါပေမဲ့ ပြဿနာက မင်းရဲ့လင်းကျန့်က သရုပ်ဆောင်တဲ့နေရာမှာ အရမ်းတွေ ဟန်အမူအရာပိုနေတာပဲ”

အခြားသောဘုရင်များက တဖြည်းဖြည်း တုံ့ပြန်လာပြီး လှောင်ရယ်လိုက်ကြ၏။

“မင်းက ဧကရာဇ်တစ်ပိုင်းအဆင့်မှာပဲ ရှိတယ်… ဒါပေမဲ့ မင်းက ဧကရာဇ်အထီးကျန်သိုင်းသခင်ကို မင်းရဲ့ညီအစ်ကိုဆိုပြီး ခေါ်ဆိုရဲတယ်ပေါ့… မင်းက ဘာအဆင့်ရှိလို့လဲ”

“ငါက တိုက်ပွဲနိုင်ငံမှာ နေလာခဲ့တာ နှစ်ပေါင်းများစွာကြာပြီ… ဒါပေမဲ့ လင်းကျန့်က ဧကရာဇ်အထီးကျန်သိုင်းသခင်နဲ့ ဆက်ဆံရေးတစ်ခုခု ရှိထားတယ်လို့ ဘယ်တုန်းကမှ မကြားဖူးဘူး”

“မင်း မပြောရင် ငါတို့ တကယ်ပဲ အရူးလုပ်ခံရတော့မလို့… အားလုံးပဲ ကြည့်စမ်းပါဦး… သူက ခရမ်းရောင်ဝတ်ရုံနဲ့ ငွေရောင်မျက်နှာဖုံးနဲ့… အက်မယ်… ကြည့်ရင်တော့ တကယ့်အစစ်ပေါ့”

“ပြဿနာကတော့ ဧကရာဇ် အထီးကျန်သိုင်းသခင်က ဘယ်လိုပုံစံရှိတယ်ဆိုတာကို ဘယ်သူကမှ မသိကြတာပဲ… ငါကလည်း ခရမ်းရောင်ဝတ်ရုံကိုဝတ်ပြီး မျက်နှာဖုံးတစ်ခု ကောက်တပ်လိုက်ရင် ငါလည်း အထီးကျန်သိုင်းသခင် ဖြစ်သွားမှာပေါ့… ဟားဟား”

လင်းကျန့်နှင့် အင်မော်တယ်ဘုရင်မလင်းလုံက လူတိုင်း၏ လှောင်ပြောင်သရော်မှုကို ကြားသောအခါ သူတို့က လုံးဝဂရုမစိုက်ဘဲ သူတို့က ပို၍ပင် ဝမ်းသာအားရ ရယ်မောနေကြပုံရ၏။

လင်းလေက အင်မော်တယ်ဘုရင်မလင်းလုံ၏ အကွက်ချစီစဉ်မှုက ပေါက်ကြားသွားပြီဟု တွေးထင်လိုက်ပြီး သူ၏ မျက်နှာက ပူစပ်ပူလောင် ဖြစ်လာခဲ့လေသည်။

“မင်းတို့တွေ တော်တော်နားငြီးတာပဲ”

ရုတ်တရက် သိုင်းတာအိုပင်မခန္ဓာက စကားပြောလိုက်၏။

ခန်းမထဲရှိ လှောင်ပြောင်သရော်နေသော ရယ်သံများက ရုတ်တရက် ရပ်တန့်သွားသော်လည်း သိပ်မကြာခင် ပို၍ပင် ကျယ်လောင်စွာ ရယ်မောလိုက်ကြပြန်၏။

“ဟားဟားဟား”

“အဲ့တော့ ဘာဖြစ်လဲ”

“လင်းကျန့်၊ လင်းလုံ… မင်းတို့ ဒီလူကို ဘယ်ကနေ ရှာလာတာလဲ… သူက သရုပ်ဆောင်တာကို ဘာလို့ အဲ့လောက်ထိ စွဲလမ်းနေတာလဲ”

သိုင်းတာအိုပင်မခန္ဓာက သူတို့ကို တည့်တည့်ပင်လှည့်မကြည့်ပေ။ သူက သူ၏ လက်ကိုသာ ဖြည်းဖြည်းချင်းမြှောက်ပြီး လက်ဝါးဖြန့်ကာ လူတိုင်းရှိရာဘက်သို့ ဖမ်းဆုပ်လိုက်ရုံမျှသာ ဖြစ်လေသည်။

ဖောက်…

သွေးမြူတစ်ခုက ပစ်လွင့်ထွက်ပေါ်လာ၏။

ညှီစို့စို့သွေးနံ့က ချက်ချင်းပင် ခန်းမထဲမှာ ပျံ့နှံ့သွားလေသည်။

ချက်ချင်းပင် စောစောက အသံကျယ်ကျယ်ဖြင့် ရယ်မောနေကြသော အင်မော်တယ်ဘုရင် လေးငါးဆယ်၏ ခန္ဓာကိုယ်များက ပေါက်ကွဲထွက်ပြီး သွေးမြူတစ်ခုအဖြစ် ပြောင်းလဲသွား၏။ သူတို့၏ အမြုတေစိတ်ဝိညာဉ်များက ဖျက်ဆီးခံရကာ သူတို့က နေရာမှာပင် သေဆုံးသွားကြလေသည်။

သူတို့ကြားမှာ ဧကရာဇ်တစ်ပိုင်းနှစ်ဦးပင် ချမ်းသာရာမရဘဲ သူတို့၏ အမြုတေစိတ်ဝိညာဉ်များနှင့် ကိုယ်ကာယများက ဖျက်ဆီးခံလိုက်ရ၏။

ခန်းမက လုံးဝကို တိတ်ဆိတ်ငြိမ်သက်သွား၏။

ဒါ့အပြင် အတန်ကြာသည်အထိ တိတ်ဆိတ်မြဲ တိတ်ဆိတ်နေ၏။ အသက်ရှူသံကပင် တစ်စွန်းတစ်စမကျန် ပျောက်ကွယ်သွားလေသည်။

အသက်ရှင်နေသေးသော အင်မော်တယ်ဘုရင်များက နေရာမှာပင် မတ်တတ်ရပ်နေကြပြီး သူတို့၏ မျက်နှာများက ပူနွေးသော သွေးများဖြင့် ပေကျံနေ၏။ သို့သော်လည်း သူတို့က လှုပ်ရှားရဲခြင်းမရှိဘဲ သူတို့၏ ခန္ဓာကိုယ်များက တောင့်တင်းနေ၏။ သူတို့၏ မျက်လုံးများက အဆုံးမဲ့ ကြောက်ရွံ့မှုဖြင့် ပြည့်နှက်နေလေသည်။

ဒါက မည်ကဲ့သို့သော စွမ်းအားမျိုးလဲ…

အင်မော်တယ်ဘုရင် လေးငါးဆယ်သည် ထိုလူ၏ လက်ထဲမှာ ပုရွက်ဆိတ်များကဲ့သို့ဖြစ်ပြီး လက်တစ်ချက် ဖမ်းဆုပ်ရုံဖြင့် သတ်ဖြတ်ခံလိုက်ရလေသည်။

အင်မော်တယ်ဧကရာဇ်မေပယ်ပင်လျှင် ကြက်သေသေနေ၏။ သူ၏ မျက်လုံးများက တုန်လှုပ်မှုဖြင့် ပြူးကျယ်နေလေသည်။

သူ၏ ကျင့်ကြံနယ်ပယ်အရ သူ့မှာလည်း အင်မော်တယ်ဘုရင် လေးငါးဆယ်ကို သတ်ဖြတ်နိုင်စွမ်း ရှိလေသည်။ သို့သော်လည်း သူက သေချာပေါက် ဤမျှအထိ အလွယ်တကူ ပြုလုပ်နိုင်မည် မဟုတ်ပေ။

ထိုစွမ်းအားက သူ့နားလည်နိုင်စွမ်းထက် ကျော်လွန်နေ၏။

“ဒီလူက တကယ်ပဲ…”

ဟား…

ထိုဖြစ်နိုင်ခြေကို တွေးမိသည့်အချိန်မှာ အင်မော်တယ်ဧကရာဇ်မေပယ်က ခေါင်းမွေးများ ထောင်ထလာလေသည်။ သူက ခေါင်းနားပန်းကြီးပြီး သူ၏ ခြေထောက်များက ပျော့ခွေလာ၏။

“ကျုပ်… ကျုပ်က အင်မော်တယ်ဧကရာဇ် မိုးကောင်းကင်ကိုးလွှာရဲ့ အမိန့်အောက်မှာ ရှိတယ်… ခင်ဗျားက…”

အင်မော်တယ်ဧကရာဇ်မေပယ်က အသက်ပြင်းပြင်းတစ်ချက်ရှိုက်ပြီး သူ၏ သတ္တိကို စုစည်းလိုက်၏။ သူ၏ အသံက အနည်းငယ် တုန်ယင်နေလေသည်။

“အို…”

သိုင်းတာအိုပင်မခန္ဓာက သူ့ကို တစ်ချက်ကြည့်လိုက်၏။

“ငါ မင်းကိုသတ်ဖို့ မေ့နေတာပဲ”

သူက သူ၏ လက်ချောင်းထိပ်ဖျားဖြင့် ညင်သာစွာ ထောက်ထုတ်လိုက်၏။

အလင်းတန်းတစ်ခုက ဆင်းသက်လာလေသည်။

အင်မော်တယ်ဧကရာဇ်မေပယ်၏ သူငယ်အိမ်နှစ်ဖက်က တင်းကျပ်သွားပြီး သူက လောကတစ်ခုကို အလောတကြီး မြှောက်တင်လိုက်၏။

အလင်းက လေထဲကနေ ဆင်းသက်ပြီး သူ၏ လောကကို ချက်ချင်းပင် ချိုးဖျက်လာခဲ့၏။ ၎င်းက သူ၏ ခန္ဓာကိုယ်ကို နှစ်ပိုင်းထိုးခွဲပြီး သူ၏ အမြုတေစိတ်ဝိညာဉ်ကို သတ်ဖြတ်လိုက်လေသည်။

လူတိုင်းက ဤမြင်ကွင်းကို တုန်လှုပ်စွာဖြင့် စောင့်ကြည့်နေကြ၏။

အန္တိမအင်မော်တယ်ဧကရာဇ်တစ်ဦးပင်လျှင် ဤလူ၏ လက်တစ်ချက်တောက်ရုံဖြင့် သတ်ဖြတ်ခြင်းခံလိုက်ရ၏။

All Chapters