အခန်း (၁၇၈၆)
Vol. 120 Ch. 1786
"သတိထား ယန်ဖုန်းက ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲတော့မယ်"
ဟွမ်ဖူလင်း၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားခဲ့ပြီး ကျန်းချန်ကို အလျင်အမြန်ပင် ပြောလိုက်သည်။
ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့် ကျင့်ကြံသူတစ်ဦး၏ ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲမှုသည် အလွန်တရာပင် ကြောက်မက်ဖွယ်ရာ ကောင်းလှ၏။
ယင်းက နယ်မြေနတ်ဘုရား တစ်ပါး၏ တိုက်ခိုက်မှုနှင့် မယှဥ်နိုင်သော်လည်း သိပ်မနိမ့်ကျပေ။
ဆိုရလျှင် နယ်မြေနတ်ဘုရား အဆင့်အောက်၌ ခုခံနိုင်သည့်သူ အနည်းငယ်မျှသာ ရှိ၏။
သူတို့သာ ယန်ဖုန်း၏ ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲမှုစွမ်းအင်ကြောင့် ထိခိုက်မိပါက မသေလျှင်ပင် ဒဏ်ရာအပြင်းအထန် ရရှိသွားလိမ့်မည် ဖြစ်သည်။
ဟွမ်ဖူလင်းက အသက်ကို ခပ်ပြင်းပြင်းရှူသွင်းလိုက်ပြီး သူ၏ ခန္ဓာကိုယ်မှ ခွန်အားများကို အစွမ်းကုန် လှုံ့ဆော်ကာ ခရမ်းရောင် မိုးကြိုးနယ်မြေကို ထုတ်ဖော်၍ ပေါက်ကွဲတော့မည့် ယန်ဖုန်းကို လွှမ်းခြုံလိုက်၏။
တစ်ချိန်တည်းမှာပင် သူက လျှပ်စီးကဲ့သို့ လျင်မြန်စွာဖြင့် ပေထောင်ပေါင်း များစွာ အကွာအဝေးအထိ နောက်ဆုတ်လိုက်သည်။
ဤအချိန်တွင် လျင်မြန်စွာ ဖောင်းကားလာသော ယန်ဖုန်း၏ခန္ဓာကိုယ်ကို ကြည့်ကာ ကျန်းချန်၏ မျက်ဝန်းထဲ၌ လေးနက်သော အမူအရာများ ဖြစ်ပေါ်လာခဲ့၏။
ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့် ကျင့်ကြံသူ တစ်ဦး၏ ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲမှုသည် မိုင်ရာချီ အချင်းဝက်အတွင်းရှိ အရာအားလုံးကို အပျက်အစီး အဖြစ်သို့ ပြောင်းလဲပစ်နိုင်စွမ်းရှိသည်။
ယန်ဖုန်း၏ ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲမှုစွမ်းအားကို မတားဆီးနိုင်လျှင် သူတို့အားလုံးသည် ထိခိုက် ဒဏ်ရာရရှိလိမ့်မည် ဖြစ်သည်။
အထူးသဖြင့် ရှယွမ်ခိုင်နှင့် ဟွမ်ဖူမိသားစုမှ ပဉ္စမအဆင့် ကောင်းကင်နတ်ဘုရား နှစ်ပါးသည် ယန်ဖုန်း၏ ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲမှုကြောင့် သေဆုံးသွားမည်မှာ သေချာ၏။
ပို၍ အရေးကြီးသော အချက်မှာ ယန်ဖုန်း၏ ခန္ဓာကိုယ် ပေါက်ကွဲထွက်မည့် ဦးတည်ရာသည် အရှင်ဟော်ယွင်၏ အမွေအနှစ်ဝင်ပေါက် တည်နေရာ ဖြစ်နေသောကြောင့်ပင်။
ယန်ဖုန်းကို ဖောက်ခွဲခွင့်ပေးလိုက်သည်နှင့် အရှင်ဟော်ယွင်၏ အမွေအနှစ် တည်နေရာဝင်ပေါက်သည် ယန်ဖုန်း၏ ပေါက်ကွဲမှု စွမ်းအင်ကြောင့် ပျက်စီးသွားနိုင်ခြေ ရှိ၏။
အရှင်ဟော်ယွင်၏ အမွေအနှစ် တည်နေရာသည် အရှင်ဟော်ယွင် ဖန်တီးထားသော သီးခြားကမ္ဘာတွင် တည်ရှိသော်လည်း နှစ်သန်းပေါင်းများစွာ ကြာပြီးသည့်နောက်တွင် ထိုနေရာ၏ ခိုင်ခံ့မှုသည် ယခင်ကထက် များစွာ ဆိုးရွားလာခဲ့ပြီ ဖြစ်ရာ ယန်ဖုန်း ဖောက်ခွဲလိုက်သော စွမ်းရည်ကို ခံနိုင်ရည် ရှိချင်မှသာ ရှိတော့မည် မဟုတ်ပါလား။
ထို့အပြင် ယန်ဖုန်း၏ ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲသော ရည်ရွယ်ချက်သည် အဓိကအားဖြင့် အရှင်ဟော်ယွင်၏ အမွေအနှစ် အတွက် ဖြစ်သည်မှာ ထင်ရှား၏။
ယန်ဖုန်းက သူတို့ကို အရှင်ဟော်ယွင်၏ အမွေအနှစ်အား မရရှိစေရန် အတွက် အမွေအနှစ် ဝင်ပေါက်ကို ဖျက်ဆီးရန် လုပ်ဆောင်လိုခဲ့ခြင်း ဖြစ်ပုံရသည်။
ကျန်းချန်က အသက်ကို ခပ်ပြင်းပြင်းရှူသွင်းလိုက်ပြီး သူ၏လက်ဖဝါးကို လှုပ်ရှားလိုက်ရာ ရောင်စုံစွမ်းအင်တစ်ခုသည် သူ၏လက်ဖဝါးထဲတွင် လျင်မြန်စွာ စုစည်းလာခဲ့သည်။
"နေရာလွတ်ကို ပိတ်ဆို့စမ်း"
ကျန်းချန်က ကျယ်လောင်စွာ ကြုံးဝါးလိုက်ပြီး ယန်ဖုံးရှိနေသည့် နေရာလွတ်ကို ရောင်စုံစွမ်းအားဖြင့် သက်ရောက်စေလိုက်သည်။
တစ်ခဏအတွင်းမှာပင် ယန်ဖုန်း၏ ပတ်ပတ်လည်ရှိ နေရာလွတ်သည် ရုတ်တရက် ပြင်းထန်စွာ လှိုင်းထလာခဲ့ပြီး ရောင်စုံ နေရာလွတ်ထောင် အဖြစ်သို့ ပြောင်းလဲသွားကာ ဟွမ်ဖူလင်း၏ ခရမ်းရောင်မိုးကြိုးနယ်မြေနှင့် ယန်ဖုန်းကို လွှမ်းခြုံလိုက်သည်။
ရောင်စုံနေရာလွတ်ထောင် အဖြစ် လွှမ်းခြုံပြီးသော ခဏမှာပင် ယန်ဖုန်း၏ ခန္ဓာကိုယ်သည် ကြောက်မက်ဖွယ်ရာ အခြေအနေအထိ ဖောင်းကားလာခဲ့၏။
ထို့နောက်တွင်မူ ထိတ်လန့်ဖွယ်ရာ ကောင်းသော ပေါက်ကွဲသံ တစ်သံသည် ကောင်းကင်ယံ အတွင်းသို့ လျှပ်တစ်ပြက် အတွင်း ပျံ့နှံ့သွားခဲ့သည်။
"ဝုန်း.."
ကြောက်မက်ဖွယ်ရာ စွမ်းအင်လှိုင်းလုံးကြီးသည် ဆူနာမီ ကဲ့သို့ အရပ်မျက်နှာအားလုံးဆီ ရူးသွပ်စွာ တိုက်ခတ်သွားခဲ့၏။
ပထမဆုံး ခံရသည်မှာ ဟွမ်ဖူလင်း၏ ခရမ်းရောင်မိုးကြိုးနယ်မြေ ဖြစ်သည်။
ခရမ်းရောင်မိုးကြိုးနယ်မြေသည် ခဏသာ ခံနိုင်ရည်ရှိခဲ့ပြီး အဆုံးသတ်၌ တိုက်ရိုက်ပင် ပေါက်ကွဲထွက်သွားခဲ့သည်။
ခရမ်းရောင်မိုးကြိုးနယ်မြေ ပေါက်ကွဲပြီးနောက်တွင် ကြောက်မက်ဖွယ်ရာ စွမ်းအင်လှိုင်းသည် ထပ်မံ ပျံ့နှံ့လာခဲ့ပြီး ရောင်စုံနေရာလွတ်ထောင် ဆီသို့ အရှိန်အဟုန်ပြင်းစွာဖြင့် ဝင်ဆောင့်လိုက်၏။
ကျန်းချန်၏ နေရာလွတ်ထောင်က အလွန်တရာ အစွမ်းထက်သော်လည်း ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့်၏ ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲမှုကြောင့် ဖြစ်ပေါ်လာသည့် ကြောက်မက်ဖွယ်ရာ စွမ်းအားကို ခုခံနိုင်စွမ်းမရှိခဲ့ပေ။
ခဏမျှသာ ထိန်းထားနိုင်ပြီးနောက်တွင် ရောင်စုံ နေရာလွတ်ထောင်သည် ကြောက်မက်ဖွယ်စွမ်းအင်လှိုင်း၏ ရိုက်ခတ်မှုအောက်၌ တဖြည်းဖြည်း တွန့်လိမ်လာခဲ့သည်။
အဆုံးသတ်တွင် ရောင်စုံနေရာလွတ်ထောင်သည်လည်း ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲမှု စွမ်းအားအောက်တွင် ပျက်စီးသွားခဲ့၏။
သို့သော်လည်း ယန်ဖုန်း၏ ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲမှုမှ ဖြစ်ပေါ်လာသော စွမ်းအင်သည် ကျန်းချန်တို့ နှစ်ဦး၏ ပိတ်ဆို့မှုကြောင့် ထက်ဝက်ကျော်ခန့် ပျက်ပြယ်သွားခဲ့သည်။
အဆုံးသတ်တွင် ကြောက်မက်ဖွယ်ရာ စွမ်းအင်လှိုင်းသည် မိုင်၁၀၀ ပတ်ဝန်းကျင်တွင် လှည့်လည်ကာ ကောင်းကင်ယံ၌ ဖြည်းဖြည်းချင်း လွင့်စင်သွားခဲ့၏။
"တော်သေးတယ်.. ယန်ဖုန်းရဲ့ လုပ်ရပ်က မအောင်မြင်ခဲ့ဘူး.. မဟုတ်ရင် ငါတို့ ကြိုးစားလာသမျှ အလကား ဖြစ်သွားလိမ့်မယ်"
သူ၏ရှေ့မှ မြင်ကွင်းကိုကြည့်ရင်း ကျန်းချန်သည် သက်ပြင်းမချဘဲ မနေနိုင်ခဲ့ပေ။
"ညီနောင်ကျန်းချန်.. ဟော်ယွင်တောင်တန်းမှာ ဖြစ်ခဲ့တဲ့ ကိစ္စကို နန်လီမျိုးနွယ်စုက သိပ်မကြာခင် သိသွားလိမ့်မယ်"
ဟွမ်ဖူလင်းက အသက်ကို ခပ်ပြင်းပြင်းရှူသွင်းကာ ပြောလိုက်သည်။
"ဒါကြောင့် ငါတို့ နှောင့်နေးနေလို့ မဖြစ်ဘူး.. အရှင်ဟော်ယွင်ရဲ့အမွေအနှစ်ကို ဝင်ပြီး ရှာကြစို့"
နန်လီမျိုးနွယ်စု၏ အထွတ်အမြတ် ခန်းမတွင် နန်လီမျိုးနွယ်စုမှ ကြီးမြတ်သော ပုဂ္ဂိုလ်များ၏ စိတ်ဝိညာဥ် ကဗ္ဗျည်းတိုင်များ ရှိကြသည်။
ထိုနေရာမှ စိတ်ဝိညာဥ် ကဗ္ဗျည်းတိုင်များ ကျိုးပျက်ရာမှတစ်ဆင့် နန်လီမျိုးနွယ်စုသည် ယန်ကျင်းနှင့် အကြီးအကဲများ ကျဆုံးသွားသည့် သတင်းကို ရရှိကာ အလွန်အမင်း ဒေါသထွက်နေမည်မှာ သေချာ၏။
ဤတိုက်ပွဲတွင် သူတို့သည် နန်လီမျိုးနွယ်စု၏ သခင်လေးယန်ကျင်းနှင့် ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့် သုံးပါးကို သတ်ဖြတ်ခဲ့သော်လည်း နန်လီမျိုးနွယ်စုသည် နန်လီနယ်မြေ၏ တစ်ခုတည်းသော နယ်မြေနတ်ဘုရား အင်အားစုဖြစ်ရာ နောက်ခံအင်အားသည် အလွန်တရာပင် နက်နဲ၏။
ဆိုရလျှင် နန်လီမျိုးနွယ်စု၌ ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့် ကျင့်ကြံသူသုံးယောက် ရှိနေသေးပြီး ကောင်းကင်နတ်ဘုရားပဉ္စမအဆင့် ကျင့်ကြံသူများမှာ ရေတွက်၍ပင် မရပေ။
အထူးသဖြင့် နန်လီမျိုးနွယ်စု၏ အကြီးအကဲချုပ် ယန်ဝူကျီသည် နယ်မြေနတ်ဘုရားအဆင့်နှင့် အတော်လေး နီးစပ်နေသော အဆင့်ကို ရောက်ရှိနေပြီ ဖြစ်သည်။
ယန်ဝူကျီ၏ ခွန်အားက ခန့်မှန်း၍ပင် မရနိုင်လောက်အောင် နက်နဲသည်ဟု ဆိုကြသည်။
နန်လီမျိုးနွယ်စု၏ အကြီးအကဲချုပ်သာ နန်လီမျိုးနွယ်စုမှ ထိပ်တန်းပုဂ္ဂိုလ်များကို ဦးဆောင်ကာ ရောက်လာခဲ့လျှင် သူတို့အနေဖြင့် အရှင်ဟော်ယွင်၏ အမွေအနှစ်ကို ဘေးကင်းလုံခြုံစွာ ယူဆောင်သွားရန်မှာ ဖြစ်နိုင်တော့မည် မဟုတ်ပေ။
ထို့ကြောင့် သူတို့က နန်လီမျိုးနွယ်စု ရောက်မလာမီ အချိန်အတွင်း အရှင်ဟော်ယွင်၏ အမွေအနှစ်ကို ရယူရမည် ဖြစ်သည်။
အရှင်ဟော်ယွင်၏ အမွေအနှစ်ကိုရရှိပြီး ဟွမ်ဖူစံအိမ်သို့ ပြန်ရောက်သွားခဲ့လျှင် နန်လီမျိုးနွယ်စုကို အလွန်အမင်းကြောက်ရွံ့စရာ မလိုအပ်တော့ပေ။
အကြောင်းရင်းမှာ နယ်မြေနတ်ဘုရား တစ်ပိုင်း အင်အားစုအနေဖြင့် ဟွမ်ဖူမိသားစုသည် နောက်ခံအင်အား တောင့်တင်းသည့်အပြင် နယ်မြေနတ်ဘုရား အမိန့်ပြန်တမ်းလည်း ပိုင်ဆိုင်ထားသော မိသားစု ဖြစ်သည်။
နန်လီမျိုးနွယ်စု၏ နယ်မြေနတ်ဘုရား နန်လီမျိုးနွယ်စုကို ပြန်မရောက်သရွေ့ နန်လီမျိုးနွယ်စုသည် သူတို့ ဟွမ်ဖူမိသားစုကို အသာစီးရရှိနိုင်မည် မဟုတ်ပေ။
"ကောင်းပြီလေ သွားကြစို့"
ကျန်းချန်က ခေါင်းညိတ်လိုက်ပြီး တုံ့ဆိုင်းမနေတော့ဘဲ သူ့ရှေ့ရှိ ဝင်ပေါက်ဆီသို့ အလျင်စလို ပြေးဝင်သွားခဲ့၏။
ကျန်းချန်တို့လူစု အရှင်ဟော်ယွင်၏ အမွေအနှစ်ထဲသို့ ဝင်ရောက်သွားသည့် အချိန်မှာပင် နန်လီမြို့တော်ရှိ နန်လီမျိုးနွယ်စုတွင် ကျယ်လောင်သော ခေါင်းလောင်းသံက မြည်ဟည်းလာခဲ့သည်။
ထိုခေါင်းလောင်းသံက နန်လီတစ်မြို့လုံး ကြားရသည်အထိ ကျယ်လောင်စွာ မြည်ဟည်းနေခဲ့ပြီး နန်လီမြို့တော် တစ်ခုလုံးကို တစ်ခဏအတွင်းမှာပင် လှုပ်လှုပ်ရှားရှား ဖြစ်သွားစေခဲ့၏။
"ဒါက နန်လီမျိုးနွယ်စုရဲ့အရေးပေါ် အချက်ပေးခေါင်းလောင်းမြည်သံပဲ.. နန်လီမျိုးနွယ်စုမှ ဘယ်လို အရေးကိစ္စပေါ်နေလဲ မသိဘူး.. နန်လီမျိုးနွယ်စုမှ တုန်လှုပ်စရာ ကိစ္စတစ်ခုခု ဖြစ်ပေါ်မှသာ နန်လီမျိုးနွယ်စုက ဒီအချက်ပေးခေါင်းလောင်းကို တီးလေ့ရှိတယ်.. အချက်ပေးခေါင်းလောင်းသံ နောက်ဆုံးအကြိမ်မြည်ခဲ့တာက လွန်ခဲ့တဲ့နှစ်ပေါင်း ၁၆သန်းလောက်က တခြားနယ်မြေနတ်ဘုရား အင်အားစုနဲ့ တိုက်ခိုက်တဲ့ အချိန်ကပဲ"
".........."
နန်လီမြို့ရှိ လူတိုင်းသည် နန်လီမျိုးနွယ်စုမှ ခေါင်းလောင်းသံကို ကြားပြီးနောက်တွင် အတော်လေး အံ့အားသင့်နေခဲ့ကြသည်။
နန်လီမြို့မှ လူများက နန်လီမျိုးနွယ်စု၏ အချက်ပေးခေါင်းလောင်းသံကြောင့် အံ့သြတုန်လှုပ်နေသော အချိန်မှာပင် နန်လီမျိုးနွယ်စု၏ ခမ်းနားသော ခန်းမတစ်ခုတွင် ထူးခြားသော ပုံရိပ် ဒါဇင်ပေါင်း များစွာသည် စုဝေးနေခဲ့ကြပြီး ခန်းမအတွင်းရှိ လေထုသည် အလွန်တရာ လေးနက်နေခဲ့၏။
ခန်းမထဲရှိ ကျောက်စင်မြင့်ထက်မှ ပလ္လင်ပေါ်တွင် အဆုံးမဲ့အရှိန်အဝါများကို ထုတ်လွှတ်နေသော ခန္ဓာကိုယ် ကြံ့ခိုင်တောင့်တင်းသည့် အမျိုးသားတစ်ဦး ထိုင်နေခဲ့သည်။
ထိုခန္ဓာကိုယ် ထွားကျိုင်းသော အမျိုးသားသည် တခြားသူ မဟုတ်ပေ။
နန်လီမျိုးနွယ်စု၏ အကြီးအကဲချုပ် ယန်ဝူကျီပင် ဖြစ်သည်။
"အားလုံးပဲ ဒီနေ့အရေးပေါ် ခေါင်းလောင်းတီးပြီး အရေးတကြီး ဆင့်ခေါ်လိုက်ရတာက ငါတို့ နန်လီမျိုးနွယ်စုမှာ ကြီးမားတဲ့ အပြောင်းအလဲတစ်ခု ဖြစ်ပေါ်နေလို့ပဲ"
ခန္ဓာကိုယ် တောင့်တင်းသန်မာသည့် လူလတ်ပိုင်းအရွယ်အမျိုးသားက ခန်းမအတွင်းကို အနည်းငယ် ဝေ့ကြည့်လိုက်သည်။
သူ၏ အေးစက်စက်အသံသည် ခန်းမထဲတွင် လေးနက်စွာ ပဲ့တင်ထပ်လာခဲ့၏။
"မကြာသေးခင်ကပဲ ယန်ကျင်း၊ ယန်လဲ့ခုံးနဲ့ ဖီးနစ်အကြီးအကဲနှစ်ဦးရဲ့ စိတ်ဝိညာဥ်ကမ္မည်းတိုင်တွေ အားလုံးက ကွဲကြေသွားခဲ့တယ်"
ယန်ဝူကျီ၏ စကားကိုကြားလျှင် ခန်းမထဲရှိ လူတိုင်းသည် အံ့သြတုန်လှုပ်သွားကြပြီး မယုံကြည်နိုင်လောက်အောင် ထိတ်လန့်သော အမူအရာများသည် ၎င်းတို့ မျက်ဝန်းထဲတွင် ဖြစ်ပေါ်လာခဲ့သည်။
"နန်လီမျိုးနွယ်စုရဲ့ သခင်လေးနဲ ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့် ကျင့်ကြံသူသုံးဦးက ကျဆုံးသွားပြီလား.. ဒါ ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"