အခန်း (၁၇၈၉)
Vol. 120 Ch. 1789
"ကျေးဇူးတင်ပါတယ် ညီနောင်ကျန်းချန်"
ဟွမ်ဖူလင်းက ဝမ်းသာအားရဖြစ်သွားပြီး ပြောလိုက်သည်။
"ညီနောင်ကျန်းချန် ပြောပါ.. ဟွမ်ဖူမိသားစု လုပ်နိုင်သမျှတော့ တတ်နိုင်သမျှ အစွမ်းကုန် လုပ်ဆောင်ပေးပါ့မယ်"
ကျန်းချန်က ပြုံး၍ ပြောလိုက်သည်။
"ဒီလောက်ကြီးလည်း အလေးအနက် ထားစရာမလိုပါဘူး
.. ကျွန်တော် နန်လီနယ်မြေကနေ တခြားနယ်မြေဆီ ခဏထွက်သွားတဲ့ အချိန်ကျရင် ခင်ဗျားတို့ ဟွမ်ဖူမိသားစုက ရှေးဟောင်းနဂါး ကုန်သည်အသင်းကို ဂရုစိုက်ပေးဖို့ တောင်းဆိုချင်တာပါ"
"ပြဿနာမရှိပါဘူး.. ဟွမ်ဖူမိသားစု မပြိုလဲသရွေ့ ရှေးဟောင်းနဂါး ကုန်သည်အသင်းရဲ့ ဘေးကင်းမှုကို အာမခံပါတယ်"
ဟွမ်ဖူလင်းက ကတိပေးလိုက်သည်။
နယ်မြေနတ်ဘုရား သလင်းကျောက်သည် အရှင်ဟော်ယွင်၏ ကြွင်းကျန်ရစ်သော ရတနာတစ်ပါး ဖြစ်သည်။
နယ်မြေနတ်ဘုရား သလင်းကျောက်ကို ရရှိသရွေ့ အချိန်တိုအတွင်း နယ်မြေနတ်ဘုရားအဆင့်ကို ထိုးဖောက်နိုင်ခြင်း မရှိလျှင်ပင် နယ်မြေနတ်ဘုရား သလင်းကျောက်ကို အသုံးပြု၍ နယ်မြေနတ်ဘုရား၏ စွမ်းအားအချို့ကို ထုတ်ဖော်နိုင်မည် ဖြစ်သည်။
ထိုအချိန်သို့ ရောက်လျှင် နန်လီမျိုးနွယ်စု၏ ခေါင်းဆောင်ဖြစ်သည့် နယ်မြေနတ်ဘုရား ပြန်မရောက်လာမချင်း နန်လီမျိုးနွယ်စုသည် ဟွမ်ဖူ မိသားစုကို ထိရဲမည် မဟုတ်ပေ။
နယ်မြေနတ်ဘုရား သလင်းကျောက်ကို ပိုင်ဆိုင်သရွေ့ သူ့အတွက် နယ်မြေနတ်ဘုရား အဆင့်ကို ထိုးဖောက်ရန်မှာ အချိန်တစ်ခုမျှသာ ဖြစ်၏။
နယ်မြေနတ်ဘုရားအဆင့်ကို ထိုးဖောက်ပြီးသည်နှင့် နန်လီမျိုးနွယ်စု၏ ခေါင်းဆောင်ဖြစ်သည့် နယ်မြေနတ်ဘုရား ပြန်ရောက်လာလျှင်ပင် ဟွမ်ဖူမိသားစုကို တိုက်ခိုက်ရဲမည် မဟုတ်တော့ပေ။
"ကောင်းပြီ.. ဒါဆိုလည်း အပိုစကားတွေ မပြောတော့ဘဲ အရှင်ဟော်ယွင်ရဲ့အမွေအနှစ်ကို အရင်ယူကြစို့"
ကျန်းချန်က အရှင်ဟော်ယွင်၏ ရှေ့ရှိ ကောင်းကင်မီးနတ်ဓားကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။
"အရှင်ဟော်ယွင်က သူ့ရဲ့ နယ်မြေနတ်ဘုရားအဆင့် လက်နက်ကို အရမ်းအစွမ်းထက်တဲ့ အစီအရင်နဲ့ ကာကွယ်ထားသေးတာပဲ"
ကျန်းချန်က မျက်မှောင်ကြုတ်ကာ ရေရွတ်လိုက်ပြီး ကောင်းကင်မီးနတ်ဓား ဆီသို့ လျှောက်လှမ်းသွားခဲ့သည်။
ထိုအချိန်မှာပင် ကြောက်မက်ဖွယ် ပူပြင်းသော အရှိန်အဝါသည် ကောင်းကင်မီးနတ်ဓား ထံကနေ ထွက်ပေါ်လာခဲ့သည်။
ယင်းက ကောင်းကင်မီးလျှံကဲ့သို့ ဖြစ်နေခဲ့ပြီး အရာအားလုံးကို ဘာမှမကျန်ရှိတော့သည်အထိ လောင်ကျွမ်းစေနိုင်စွမ်း ရှိသည်။
အနည်းငယ် ထိတွေ့မိသည်နှင့်ပင် သာမန် ကောင်းကင်နတ်ဘုရားများကို ကျဆုံးသွားစေရန် လုံလောက်၏။
ကျန်းချန်က သူ၏ ခြေလှမ်းများကို နောက်ပြန်ဆုတ်လိုက်ရာ ခန်းမထဲရှိ ပူပြင်းသော အရှိန်အဝါသည် ချက်ချင်းဆိုသလို ပျောက်ကွယ်သွားခဲ့သည်။
"ကောင်းကင်မီးနတ်ဓားအတွက် အရှင်ဟော်ယွင် ထားရစ်ခဲ့တဲ့အစီအရင်က အတော် အစွမ်းထက်တာပဲ"
ဟွမ်ဖူလင်းက အသက်ကိုခပ်ပြင်းပြင်းရှူသွင်းကာ ပြောလိုက်သည်။
"ကြည့်ရတာ အရှင်ဟော်ယွင်ရဲ့အမွေအနှစ်ကို ရယူဖို့က မလွယ်လောက်ဘူးထင်တယ်.. ငါစမ်းသပ်ကြည့်မယ်"
စကာသံနှင့်အတူ ဟွမ်ဖူစုန့်က ခန်းမ၏ အလယ်ဗဟိုဆီသို့ ပြေးထွက်သွားခဲ့သည်။
"ဝုန်း.."
ကြောက်မက်ဖွယ် ပူပြင်းသော အရှိန်အဝါသည် ထပ်မံ၍ ပေါက်ကွဲထွက်လာခဲ့သည်။
ဟွမ်ဖူလင်းက သူ၏ပတ်ဝန်းကျင်မှ ပူပြင်းသော အရှိန်အဝါကို တောင့်ခံရင်း အရှင်ဟော်ယွင်၏ ခန္ဓာကိုယ်ရှိရာသို့ တစ်လှမ်းချင်း လျှောက်လှမ်းသွားခဲ့သည်။
သို့သော်လည်း ခြေလှမ်းဒါဇင်ပေါင်း များစွာ လျှောက်လှမ်းပြီးနောက်တွင် သူက ဆက်လက် ခံနိုင်ရည်မရှိတော့ပေ။
ပူပြင်းသော အရှိန်အဝါအောက်တွင် သူ၏ အရှိန်အဝါက အားနည်းလာခဲ့ပြီး မျက်နှာသည်ပင် ဖြူဖျော့လာခဲ့သည်။
အဆုံးသတ်တွင် ဟွမ်ဖူစုန့်သည် ကောင်းကင်မီးနတ်ဓားနှင့် ၁၀ပေ ကွာဝေးသော နေရာကနေ နောက်ပြန်ဆုတ်ခဲ့ရသည်။
"ဒီကောင်းကင်မီးနတ်ဓားက အရှင်ဟော်ယွင်ရဲ့ လက်နက်ဖြစ်ဖို့ ထိုက်တန်ပါပေတယ်.. တကယ်ကို အစွမ်းထက်လွန်းတာပဲ"
ကောင်းကင်မီးနတ်ဓားကို ကြည့်ရင်း ဟွမ်ဖူစုန့်၏ မျက်ဝန်းများတွင် အံ့သြထိတ်လန့်သော အမူအရာတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
သူက ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့် ဖြစ်သော်လည်း ကောင်းကင်မီးနတ်ဓား အနီးသို့ပင် ချဥ်းကပ်နိုင်ခြင်း မရှိခဲ့ပေ။
သူက အစောပိုင်းက ပူပြင်းသော အရှိန်အဝါ လွှမ်းခြုံထားသောဧရိယာကနေ မထွက်ခွာခဲ့လျှင် ထိုပူပြင်းသော အရှိန်အဝါအောက်တွင် အမှန်တကယ် ကျဆုံးသွားမည်ကို စိုးရိမ်ရ၏။
"ငါ စမ်းသပ်ကြည့်မယ်"
ကျန်းချန်က အသက်ကို ခပ်ပြင်းပြင်းရှူသွင်းလိုက်ပြီး သူ၏ ခန္ဓာကိုယ် ပတ်ပတ်လည်တွင် ရောင်စုံခရစ္စတယ် အကာအရံကို လျင်မြန်စွာ ထုတ်ဖော်ကာ ကောင်းကင်မီးနတ်ဓား ဆီသို့ ပြေးဝင်သွားခဲ့သည်။
ကောင်းကင်မီးနတ်ဓား၏ စွမ်းအားသက်ရောက်သော ဧရိယာထဲသို့ ဝင်ရောက်သွားသည့် ခဏမှာပင် ကြောက်မက်ဖွယ်ရာကောင်းသော မီးလမ်းစဥ် စွမ်းအားသည် မီးလျှံ မိုးရေစက် ထောင်ပေါင်းများစွာ အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး ကျန်းချန်ဆီသို့ သက်ရောက်လာခဲ့သည်။
သို့သော်လည်း ကျန်းချန် ထုတ်ဖော်ထားသည့် ရောင်စုံခရစ္စတယ်အကာအရံသည် မီးလျှံ မိုးရေစက်များကို ခုခံနိုင်ခဲ့၏။
ကောင်းကင်မီးနတ်ဓားနှင့် ပိုမို နီးကပ်လာလေလေ မီးလျှံမိုးရေစက်၏ အပူချိန်က ပို၍ပင် ကြောက်မက်ဖွယ်ကောင်းလာလေလေ ဖြစ်လာခဲ့သည်။
အဆုံးသတ်တွင် ကောင်းကင်ပေါ်ကနေ ကျဆင်းလာသည့် မီးလျှံမိုးရေစက်များသည် အနီရောင်မီးပင်လယ် အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး ကြောက်မက်ဖွယ်ရာကောင်းသောအပူချိန်သည် ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့် ကျင့်ကြံသူကိုပင် တစ်ခဏအတွင်း အငွေ့ပျံစေရန် လုံလောက်သည်အထိ ဖြစ်လာခဲ့သည်။
ကျန်းချန်က သူ၏ ခြေလှမ်းကို ဆက်လက် လျှောက်လှမ်းနေခဲ့သည်။
"၁၀ပေ၊ ၉ပေ၊ ၈ပေ..."
ကောင်းကင်မီးနတ်ဓားနှင့် ၅ပေအောက် အကွာအဝေးသို့ရောက်သောအခါတွင် ကျန်းချန်၏ ခန္ဓာကိုယ်ပတ်ပတ်လည်ရှိ ရောင်စုံခရစ္စတယ် အကာအရံသည် ခံနိုင်ရည်မရှိတော့ပေ။
ထိုအချိန်တွင် ကျန်းချန်သည် နတ်ခန္ဓာပုံရိပ်နှင့် သိုင်းစွမ်းအားပုံရိပ်တို့ကို တစ်ပြိုင်နက် ထုတ်သုံးလိုက်ပြီး ကောင်းကင်မီးနတ်ဓား ဆီသို့ ပိုမိုနီးကပ်စွာ ချဥ်းကပ်လာခဲ့သည်။
ကျန်းချန်က သူတတ်နိုင်သမျှ အရာအားလုံးကို လုပ်ဆောင်ခဲ့သည်ဟုပင် ဆိုနိုင်၏။
ကျန်းချန်က သူ၏ ခွန်အားအလုံးစုံကို ထုတ်သုံးခဲ့ပြီးနောက်တွင် အဆုံးသတ်၌ ပေအနည်းငယ်ကို ခက်ခဲစွာ ဖြတ်ကျော်နိုင်ခဲ့ပြီး ကောင်းကင်မီးနတ်ဓားကို ဆုပ်ကိုင်နိုင်ခဲ့သည်။
ကျန်းချန်က ကောင်းကင်မီးနတ်ဓားကို ဆုပ်ကိုင်လိုက်သည့်ခဏမှာပင် ခန်းမထဲရှိ မီးလျှံအရှိန်အဝါသည် ချက်ချင်းဆိုသလိုပင် ပျောက်ကွယ်သွားခဲ့သည်။
အစောပိုင်းက အရာအားလုံးသည် အိပ်မက်ဆန်ဆန် ဖြစ်ပေါ်နေသကဲ့သို့ပင်။
"နောက်ဆုံးတော့ ကောင်းကင်မီးနတ်ဓားကို ရရှိခဲ့ပြီ"
ကျန်းချန်က ကောင်းကင်မီးနတ်ဓားကို ကိုင်ထားရင်း ခပ်တိုးတိုး ရေရွတ်လိုက်သည်။
သူ၏မျက်နှာတစ်ခုလုံးက ဖြူဖျော့နေခဲ့၏။
ကံကောင်းစွာဖြင့် ကောင်းကင်မီးနတ်ဓားက လွှမ်းခြုံထားသောဧရိယာသည် ပေ ၁၀၀ သာ ရှိသည်။
အကယ်၍ ထိုထက် ပိုဝေးခဲ့လျှင် သူ့အနေဖြင့် ခံနိုင်ရည်ရှိစရာအကြောင်း လုံးဝ မရှိပေ။
"ညီနောင်ကျန်းချန်က နတ်ဘုရင်အဆင့် လျှို့ဝှက်နည်းစနစ်ကို ကျင့်ကြံထားတဲ့ ပြိုင်ဘက်ကင်းပါရမီရှင် ဖြစ်ဖို့ ထိုက်တန်ပါပေတယ်.. နယ်မြေနတ်ဘုရား အဆင့်အောက်မှာ ညီနောင်ကျန်းချန်ကို ယှဥ်နိုင်သူက အနည်းငယ်လောက်ပဲ ရှိလိမ့်မယ်"
သူ၏ရှေ့မှ မြင်ကွင်းကိုမြင်လျှင် ဟွမ်ဖူစုန့်သည် မချီးကျူးဘဲမနေနိုင်တော့ပေ။
"ဒါတင်ဘယ်ကမှာလဲ.. ညီနောင်ကျန်းချန်ရဲ့ ပါရမီနဲ့ဆိုရင် မဟာ နယ်မြေနတ်ဘုရားတောင် ဖြစ်လာနိုင်တယ်"
ဟွမ်ဖူလင်းက အသက်ကို ခပ်ပြင်းပြင်းရှူရှိက်ကာ ပြောလိုက်သည်။
ကောင်းကင်ဥပဒေသကို လျစ်လျူရှုထားနိုင်သော အနှိုင်းမဲ့နတ်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည့်အပြင် နတ်ဘုရင်အဆင့် နည်းစနစ်များကို ကျင့်ကြံထားခြင်းတို့ကြောင့် ကျန်းချန်သည် နတ်ဘုရားနယ်မြေရှိ ပါရမီရှင် အများစုထက်ပင် သာလွန်နေခဲ့သည်။
ထို့အပြင် ကျန်းချန်သည် ကောင်းကင်နတ်ဘုရား ပဉ္စမအဆင့်သာ ရှိသေးသော်လည်း လမ်းစဥ်၈ခု၏ စွမ်းအားကို နားလည်ထားခဲ့သည်။
ကျန်ရှိသော လမ်းစဥ်၃ခုကို ပြီးမြောက်သွားသည်နှင့် ကျန်းချန်သည် ကမ္ဘာ့စွမ်းအား ၈မျိုးကို စုစည်းကာ နယ်မြေနတ်ဘုရားအဆင့်သို့ ထိုးဖောက်နိုင်မည် ဖြစ်၏။
ကောင်းကင်နတ်ဘုရားအဆင့်တွင် ယေဘုယျအားဖြင့် ကမ္ဘာ့စွမ်းအား ၆မျိုးကို စုစည်းပြီးသည်နှင့် နယ်မြေနတ်ဘုရားအဆင့်ကို ထိုးဖောက်ရန် ကြိုးစားနိုင်သည်။
အလွန်ပါရမီ ထူးကဲသော ကျင့်ကြံသူ တချို့ကမူ လမ်းစဥ်၇ခု သို့မဟုတ် ၇ခုထက် ပို၍ နားလည်နိုင်စွမ်း ရှိ၏။
လမ်းစဥ်၇ခုကို ပြီးပြည့်စုံသော အခြေအနေအထိ စုစည်းနိုင်လျှင် မဟာကောင်းကင်နတ်ဘုရားဟု ခေါ်ဆိုကြသည်။
လမ်းစဥ်၈ခုကို ပြီးပြည့်စုံသော အခြေအနေအထိ စုစည်းနိုင်သူများကိုမူ အထွတ်အထိပ် ကောင်းကင်နတ်ဘုရားဟု ခေါ်ဆိုကြ၏။
လမ်းစဥ်၉ခု သို့မဟုတ် ထိုထက်ပို၍ စုစည်းနိုင်သူများကိုမူ သူတော်စင် ကောင်းကင်နတ်ဘုရားဟု ခေါ်ဆိုကြသည်။
ရှေးခေတ်ကာလက နတ်ဘုရားနယ်မြေတွင် ကြီးမားသောအပြောင်းအလဲများ ဖြစ်ပေါ်ခဲ့ပြီး နတ်ဘုရား ကုန်းမြေတိုက်ကြီးသည် ဘီလီယံနှင့်ချီသော ဖုန်မှုန့်များအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
ထိုနောက်ပိုင်းတွင် မဟာ ကောင်းကင်နတ်ဘုရားများနှင့် အထွတ်အထိပ် ကောင်းကင်နတ်ဘုရားများသည် အလွန်တရာရှားပါးလာခဲ့ပြီး ဒဏ္ဍာရီသဖွယ် ဖြစ်လာခဲ့သည်။
လမ်းစဥ်၇မျိုးကို ပြီးပြည့်စုံသော အခြေအနေအထိ ရောက်ရှိအောင် ကျင့်ကြံထားသူသည် သာမန် နယ်မြေနတ်ဘုရားနှင့်ပင် ယှဥ်နိုင်စွမ်း ရှိသည်ဟု ဆိုကြ၏။
လမ်းစဥ်၈မျိုးကို ပြီးပြည့်စုံသော အဆင့်အထိ ကျင့်ကြံထားသော အထွတ်အထိပ် ကောင်းကင်နတ်ဘုရားသည် နယ်မြေနတ်ဘုရားများကို အလွယ်တကူ သတ်ဖြတ်ပစ်နိုင်စွမ်း ရှိသည်။
ထို့ကြောင့် သူ၏ရှေ့မှ ကျန်းချန်သည် အထွတ်အထိပ်ကောင်းကင်နတ်ဘုရား ဖြစ်လာနိုင်သည့် ကြောက်မက်ဖွယ်အလားအလာ ရှိနေသည်မှာ သံသယဖြစ်ဖွယ်ရာမရှိပေ။