အခန်း (၁၇၉၂)
Vol. 120 Ch. 1792
ကျန်းချန်က သူ၏ကိုယ်ထဲမှ မတည်မငြိမ် ဖြစ်နေသော စွမ်းအားများကို ထိန်းချုပ်လိုက်ပြီး ပခုံးပေါ်ရှိ ဒဏ်ရာကိုကြည့်လိုက်သည်။
သူ၏ မျက်နှာက ဖြူဖျော့နေခဲ့၏။
နန်လီမျိုးနွယ်စု၏ အကြီးအကဲချုပ် ယန်ဝူကျီသည် နယ်မြေနတ်ဘုရား အဆင့်တွင် ခြေတစ်လှမ်းသာ လိုအပ်တော့သည်မှာ အမှန်တကယ်ပင် ဖြစ်သည်။
သူက အသက်သစ်ကိုင်း၏ ပြန်လည်ကုသနိုင်စွမ်းနှင့် ခွန်အားဖြည့်ဆည်းပေးနိုင်မှုကြောင့်သာ ယန်ဝူကျီကို ရင်ဆိုင်နိုင်ခဲ့ခြင်း ဖြစ်သည်။
တစ်ဖက်မှ ယန်ဝူကျီကလည်း ဆေးလုံးတစ်လုံးကို အလျင်အမြန် ထုတ်ယူကာ ပါးစပ်ထဲသို့ ပစ်သွင်း၍ မျိုချလိုက်သည်။
အသက်ရှူကြိမ် အနည်းငယ်အတွင်းမှာပင် သူ၏ရင်ဘတ်မှဒဏ်ရာသည် စတင် ပျောက်ကွယ်လာခဲ့ပြီး လျင်မြန်စွာပင် ပြန်လည် ကောင်းမွန်လာခဲ့၏။
"ကောင်းတယ် သိပ်ကောင်းတယ်.. နန်လီနယ်မြေမှာ တစ်စုံတစ်ဦးက ငါ့ကို ထိခိုက်အောင်လုပ်နိုင်တာ ဒါပထမဆုံးအကြိမ်ပဲ.. မင်း ဘာသာဘယ်သူပဲဖြစ်ဖြစ် မင်း ဒီနေ့ သေချာပေါက် သေရလိမ့်မယ်"
ယန်ဝူကျီက ဒေါသတကြီး ကြုံးဝါးလိုက်သည်။
ကျန်းချန်ကို ကြည့်နေသည့် သူ၏အကြည့်တွင် ကြောက်မက်ဖွယ်ရာကောင်းသော အရိပ်အယောင်တစ်ခု ရှိနေခဲ့၏။
သူစကားပြောနေစဥ်မှာပင် သူ၏ မျက်ဝန်းကနေ ခရမ်းရောင်မီးလျှံနှစ်ခုသည် တဖြည်းဖြည်း ထွက်ပေါ်လာခဲ့သည်။
အဆုံးသတ်တွင် ခရမ်းရောင်မီးလျှံများသည် ကောင်းကင်ယံကိုပင် လောင်ကျွမ်းစေသော ခရမ်းရောင်နတ်မီးလျှံ အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
"ကောင်လေး ငါတို့ နန်လီမျိုးနွယ်စုရဲ့ ခရမ်းရောင်မျက်လုံးလျှို့ဝှက်နည်းစနစ်ကို မြည်းစည်းကြည့်လိုက်စမ်း"
ခရမ်းရောင်မျက်လုံး လျှို့ဝှက်နည်းစနစ်သည် နန်လီမျိုးနွယ်စု၏ အကြီးအကဲများသာ ကျင့်ကြံခွင့်ရှိသော လျှို့ဝှက်နည်းစနစ် ဖြစ်သည်။
ထိုလျှို့ဝှက်နည်းစနစ်ကို အသုံးပြု၍ ယန်ဝူကျီသည် ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့် ကျင့်ကြံသူများကို အလွယ်တကူ အသာစီးယူနိုင်ခဲ့ပြီး နန်လီနယ်မြေတွင် ပြိုင်ဘက်ကင်းခဲ့သည်။
ဆိုရလျှင် ခရမ်းရောင်မျက်လုံး လျှို့ဝှက်နည်းစနစ်ကြောင့်ပင် နန်လီမျိုးနွယ်စု၏ ခေါင်းဆောင်ဖြစ်သည့် နယ်မြေနတ်ဘုရားက နန်လီမျိုးနွယ်စုမှ နှစ်ပေါင်းများစွာ ပျောက်ကွယ်သွားခဲ့သည့်တိုင် နန်လီနယ်မြေတွင် မည်သည့် အင်အားစုကမှ နန်လီမျိုးနွယ်စု၏ နေရာကို စိန်ခေါ်ဝံ့ခြင်း မရှိခဲ့ခြင်းပင်။
ကောင်းကင်ယံကိုပင် ဆန့်ကျင်နေသော တိုက်ခိုက်ရေးစွမ်းရည်ကို ပိုင်ဆိုင်ထားသည့် ကျန်းချန်နှင့် ရင်ဆိုင်ရသော အချိန်တွင် ယန်ဝူကျီသည် တုံံ့ဆိုင်းမနေတော့ဘဲ သူအားအကိုးရဆုံးဖြစ်သည့် ခရမ်းရောင် လျှို့ဝှက်နည်းစနစ်ကို ထုတ်ဖော်လိုက်သည်။
ယန်ဝူကျီ၏ မျက်ဝန်းများကနေ ထွက်ပေါ်လာသော ခရမ်းရောင် နတ်မီးလျှံများ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် မိုင်၁၀၀ ပတ်လည်ရှိ အပူချိန်သည် အလွန်တရာ ကြောက်မက်ဖွယ်ရာကောင်းသော အဆင့်သို့ ရောက်ရှိသွားခဲ့ပြီး ကောင်းကင်ယံ တစ်ခုလုံးသည် မီးလျှံများကြောင့် ရဲရဲနီသွားခဲ့သည်။
သာမန် ကောင်းကင်နတ်ဘုရား တစ်ပါးသည် ထိုကြောက်မက်ဖွယ်ရာကောင်းသော အပူရှိန်ကြောင့် တစ်ခဏအတွင်း ဘာမှမကျန်ရှိတော့သည်အထိ အရည်ပျော်သွားမည်ဟု ထင်ရ၏။
သူတို့ရှေ့မှ မြင်ကွင်းကိုမြင်လျှင် ယန်ထိုက်နှင့် နန်လီမျိုးနွယ်စုမှ ကိုယ်ရံတော်တပ်ဖွဲ့ဝင် ၃၀၀၀တို့၏မျက်ဝန်းများ၌ ထိတ်လန့်သော အမူအရာများ ဖုံးဖိမရစွာ ဖြစ်ပေါ်လာခဲ့သည်။
"တကယ် မထင်ထားမိဘူး.. ဒီကောင်လေးက အကြီးအကဲချုပ်ကို ခရမ်းရောင်မျက်လုံး လျှို့ဝှက်နည်းစနစ် အသုံးပြုလာတဲ့အထိ ဖိအားပေးနိုင်ခဲ့တာပဲ.. ဘာပဲဖြစ်ဖြစ် ခရမ်းရောင်မျက်လုံး လျှို့ဝှက်နည်းစနစ်ကို ထုတ်သုံးပြီ ဆိုမှတော့ ဒီကောင်လေးက သေချာပေါက် သေရတော့မယ်"
ယန်ထိုက်က ခေါင်းကို အသာအယာ ခါရမ်းလိုက်သည်။
ခရမ်းရောင်မျက်လုံး လျှို့ဝှက်နည်းစနစ်က မည်မျှအစွမ်းထက်မှန်း ယန်ထိုက်သည် ကောင်းစွာ သိရှိထားခဲ့သည်။
ယန်ဝူကျီ၏ ခွန်အားဖြင့်သာ ခရမ်းရောင်မျက်လုံး လျှို့ဝှက် နည်းစနစ်ကို အသုံးပြုလျှင် နယ်မြေနတ်ဘုရား တစ်ပါး၏ တိုက်ခိုက်မှု နီးပါးနှင့် ညီမျှသည်။
ဆိုရလျှင် နယ်မြေနတ်ဘုရား အဆင့်အောက်တွင် မည်သူမှ ခုခံနိုင်လိမ့်မည် မဟုတ်ချေ။
"ကောင်လေး.. ခရမ်းရောင်မျက်လုံး လျှို့ဝှက်နည်းစနစ်ရဲ့ လက်ချက်အောက်မှာ သေရလို့ မင်းဂုဏ်ယူလို့ရပြီ"
ယန်ဝူကျီက မီးလျှံများကို ထိန်းချုပ်နိုင်သော မီးလျှံဘုရင်တစ်ပါးကဲ့သို့ ကျန်းချန်ကို အရေးမစိုက်ဟန်ဖြင့် ကြည့်လိုက်သည်။
ခရမ်းရောင် သက်တန့်သဖွယ် တောက်ပနေသော ခရမ်းရောင်မီးလျှံနှစ်ခုသည် ကောင်းကင်ယံကိုပင် လောင်ကျွမ်းစေသော ကြောက်မက်ဖွယ်ရာ စွမ်းအားကို သယ်ဆောင်ကာ ကျန်းချန်ဆီသို့ အလျင်အမြန်ပင် သက်ရောက်လာခဲ့၏။
"ဟားဟား ယန်ဝူကျီ.. ခင်ဗျား ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းနေပြီ.. ခင်ဗျားက ကျုပ်ကို သတ်ဖြတ်ဖို့ အရည်အချင်း မပြည့်မီသေးဘူး"
ကျန်းချန်က မောက်မာစွာ ရယ်မောလိုက်ပြီး ချက်ချင်းဆိုသလိုပင် ကောင်းကင်မီးနတ်ဓားကို ထုတ်ယူလိုက်သည်။
ကောင်းကင်မီးနတ်ဓားက သူ၏လက်ထဲကို ရောက်ရှိလာသည်နှင့် တစ်ပြိုင်နက် သူက ခန္ဓာကိုယ်တစ်ခုလုံးမှ ခွန်အားများကို တစ်ခဏအတွင်းမှာပင် အစွမ်းကုန် ထုတ်ဖော်လိုက်တော့၏။
ထိုအချိန်မှာပင် ယန်ဝူကျီ၏ ခရမ်းရောင် မီးလျှံနှစ်ခုသည် ကောင်းကင်ယံကနေ ဆင်းသက်လာခဲ့သည်။
ကျန်းချန်က ကောင်းကင်မီးနတ်ဓားကို ကိုင်စွဲရင်း ခရမ်းရောင်မီးလျှံနှစ်ခုကို တိုက်ရိုက်ပင် ခုတ်ပိုင်းချလိုက်သည်။
ယန်ဝူကျီ၏ အရာအားလုံးကို အရည်ပျော်စေနိုင်ရန် လုံလောက်သော ခရမ်းရောင်မီးလျှံ နှစ်ခုသည် ကျန်းချန်၏ ဓားချက်ဖြင့် နှစ်ပိုင်းပြတ်ထွက်သွားခဲ့သည်။
ထို့အပြင် ကောင်းကင်မီးနတ်ဓား၏ ကြောက်မက်ဖွယ်ရာကောင်းသောစွမ်းအားသည် ကောင်းကင်ယံတွင် ပျံ့နှံ့သွားခဲ့ပြီး ပတ်ဝန်းကျင်ရှိ ခရမ်းရောင်မီးလျှံများကို တစ်ခဏအတွင်းမှာပင် ဖိနှိပ်ကာ ပျောက်ကွယ်သွားစေခဲ့သည်။
ယန်ဝူကျီ၏ ခရမ်းရောင်မီးလျှံများကို ဓားချက်တစ်ချက်တည်းဖြင့် ချေဖျက်လိုက်ပြီးနောက်တွင် ကျန်းချန်၏ မျက်နှာထက်၌ လှောင်ပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
"ယန်ဝူကျီ.. ခင်ဗျားတို့ နန်လီမျိုးနွယ်စုရဲ့ လျှို့ဝှက်နည်းစနစ်က ဒီလောက်ပဲလား"
ယန်ဝူကျီက ကျန်းချန်၏စကားကို ဂရုမစိုက်နိုင်ခဲ့ပေ။
သူ၏ မျက်ဝန်းက ကျန်းချန်၏လက်ထဲမှ ကောင်းကင်မီးနတ်ဓားဆီသို့ ရောက်ရှိနေခဲ့သည်။
ယန်ဝူကျီက အထိတ်တလန့် အမူအရာဖြင့် ပြောလိုက်သည်။
"ကောင်းကင်မီးနတ်ဓားပါလား.. မင်း.. မင်းက တကယ်ပဲ အရှင်ဟော်ယွင်ရဲ့ အမွေအနှစ်ကို ရရှိသွားခဲ့ပြီလား"
နယ်မြေနတ်ဘုရား အဆင့်လက်နက်သည် မဟာမြေရိုင်းနယ်မြေ တစ်ခုလုံးမှာပင် အလွန်တရာ ရှားပါးသော လက်နက်ဖြစ်သည်။
သူတို့ နန်လီမျိုးနွယ်စုတွင် ကောင်းကင်နတ်ဘုရားအဆင့်လက်နက်များသာ ရှိခဲ့ပြီး နယ်မြေနတ်ဘုရားအဆင့် လက်နက်သည် နန်လီမျိုးနွယ်စု ခေါင်းဆောင်နှင့်အတူ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
ယန်ဝူကျီ၏ အဆင့်အတန်းနှင့် မြင်နိုင်စွမ်းအရ ကျန်းချန်၏ လက်ထဲမှ နယ်မြေနတ်ဘုရားလက်နက်သည် အရှင်ဟော်ယွင်၏ ကောင်းကင်မီးနတ်ဓား ဖြစ်သည်ကို ခန့်မှန်းရန် မခက်ခဲခဲ့ပေ။
ကျန်းချန်၏ လက်ထဲမှ ကောင်းကင်မီးနတ်ဓားကို မြင်လျှင် ယန်ဝူကျီ၏ မျက်ဝန်းထဲတွင် လောဘ အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။
ယခုအခါတွင် နန်လီမျိုးနွယ်စု၏ ခေါင်းဆောင် ရှိမနေသဖြင့် ယန်ဝူကျီသည် နယ်မြေနတ်ဘုရားအဆင့်ကို နယ်မြေနတ်ဘုရားတစ်ပါး၏ လမ်းညွှန်မှုမရှိဘဲ သူ့ဘာသာသူ ထိုးဖောက်ရန် ကြိုးစားနေခဲ့ရသည်။
သူ၏ကျင့်ကြံခြင်းအဆင့်က ကောင်းကင်နတ်ဘုရားဆဋ္ဌမအဆင့်ကို ရောက်ရှိပြီးကတည်းကပင် ယန်ဝူကျီသည် ကမ္ဘာ့စွမ်းအားခြောက်မျိုးကို ပေါင်းစည်းရန် ကြိုးစားနေခဲ့သော်လည်း ကံဆိုးစွာဖြင့် မည်သည့်သဲလွန်စကိုမှ မရရှိခဲ့ပေ။
သူ့အတွက် အရေးတကြီးလိုအပ်နေသည်မှာ နယ်မြေနတ်ဘုရား၏ စွမ်းအားများ ပါဝင်သော နယ်မြေနတ်ဘုရားသလင်းကျောက် နှင့် နယ်မြေနတ်ဘုရား လက်နက်များပင် ဖြစ်သည်။
အရှင်ဟော်ယွင်၏ နယ်မြေနတ်ဘုရား သလင်းကျောက်ကို မရရှိလျှင်ပင် ကျန်းချန်၏ လက်ထဲမှ ကောင်းကင်မီးနတ်ဓားကို ရရှိနိုင်သရွေ့ သူက ကမ္ဘာ့စွမ်းအား ခြောက်မျိုးကို အောင်မြင်စွာစုစည်းပြီး နယ်မြေနတ်ဘုရားအဆင့်ကို တစ်ချက်တည်းဖြင့် ထိုးဖောက်နိုင်လိမ့်မည် ဖြစ်၏။
သို့သော်လည်း သူ့ရှေ့မှ ကောင်လေးသည် အလွန်အမင်း ပါရမီ ရှိပြီး တိုက်ခိုက်ရေးစွမ်းအင်သည်လည်း ကောင်းကင်ကိုပင် ဆန့်ကျင်နေခဲ့သည်။
ထို့အပြင် လက်ထဲတွင် နယ်မြေနတ်ဘုရား လက်နက်ကိုပါ ကိုင်စွဲထားသည်ဖြစ်ရာ အနိုင်ယူရန် သူ့အတွက် ခက်ခဲနေခဲ့၏။
ထို့နောက်တွင် ယန်ဝူကျီ၏ အေးစက်စက်အသံသည် ကောင်းကင်ယံတွင် ပဲ့တင်ထပ်သွားခဲ့သည်။
"နန်လီမျိုးနွယ်စုရဲ့ ကိုယ်ရံတော်တပ်ဖွဲ့ဝင်တွေ နားထောင်ကြ.. ဒီကောင့်ကို အပြစ်ပေးပြီး ကောင်းကင်မီးနတ်ဓားကို ငါ့အတွက်ယူလာခဲ့"
"ဝုန်း.."
ယန်ဝူကျီထံမှ အမိန့်ကို ရသည်နှင့် နန်လီမျိုးနွယ်စု၏ ကိုယ်ရံတော်တပ်ဖွဲ့ဝင် ၃၀၀၀သည် ၎င်းတို့၏ စွမ်းအားများကို အသီးသီး ထုတ်ဖော်လိုက်ကြသည်။
ကြောက်မက်ဖွယ်ရာကောင်းသော လေပြင်းမုန်တိုင်းသည် ကောင်းကင်ယံရှိ မိုင်ထောင်ပေါင်း များစွာကို ပျံ့နှံ့သွားခဲ့သည်။
"ညီနောင်ကျန်းချန် အစီအရင်ပြီးပြီ.. ယန်ဝူကျီနဲ့ ထပ်မတိုက်နဲ့တော့"
ယန်ဝူကျီက နန်လီမျိုးနွယ်စုမှ ကိုယ်ရံတော် တပ်ဖွဲ့ဝင်များကို ကျန်းချန်အား တိုက်ခိုက်ရန် အမိန့်ပေးလိုက်သော အချိန်မှာပင် ဟွမ်ဖူလင်း၏ အသံသည် ကျန်းချန်၏ စိတ်ထဲတွင် ထွက်ပေါ်လာခဲ့သည်။
ဟွမ်ဖူလင်း၏ အသံကိုကြားလျှင် ကျန်းချန်သည် အနည်းငယ်စိတ်သက်သာရာ ရသွားခဲ့၏။
သူ့တွင် အသက်သစ်ကိုင်းကဲ့သို့ အထောက်အပံ့ ရှိသည့်တိုင် အစောပိုင်းက ယန်ဝူကျီနှင့် တိုက်ခိုက်ရာတွင် သူ၏ခွန်အားများသည် အတော်လေး ကုန်ခမ်းသွားခဲ့သည်။
ထို့အပြင် သူ၏ရှေ့ရှိ နန်လီမျိုးနွယ်စုမှ ကိုယ်ရံတော် ၃၀၀၀သည် ပူးပေါင်းတိုက်ကွက်ကို ထုတ်ဖော်ရန် ပြင်ဆင်နေခဲ့ကြသည်။
ထို့အပြင် ၎င်းတို့အထဲတွင် ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့်ကျင့်ကြံသူ ဖြစ်သည့် ယန်ထိုက်လည်း ရှိနေသေး၏။
သူ၏ လက်ရှိအခြေအနေဖြင့်သာ ထိုကဲ့သို့သော အင်အားစုနှင့် ရင်ဆိုင်ရလျှင် အကျပ်အတည်းသို့ ကျရောက်သွားလိမ့်မည်မှာ သေချာသလောက်ပင်။
ရှယွမ်ခိုင်သာ တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်ကို အပြီးမသတ်နိုင်ခဲ့လျှင် သူ့အနေဖြင့် အချိန်ဆက်လက် ဆွဲနိုင်တော့မည် မဟုတ်ချေ။
"ယန်ဝူကျီ ခင်ဗျားက ဂုဏ်သိက္ခာကြီးမားတဲ့ ကျင့်ကြံသူတစ်ယောက်ဖြစ်ပေမဲ့ ကျုပ်ကို အင်အားသုံးပြီး အနိုင်ယူချင်နေတယ်.. ဒီတော့ ကျုပ်ခင်ဗျားနဲ့ မကစားတော့ဘူး"
ထိုစကားကို ပြောပြီးနောက်တွင် ကျန်းချန်က အချိန်ဆွဲမနေဘဲ ထွက်ပြေးသွားခဲ့သည်။