← Chapters

အခန်း (၁၇၉၃)

Vol. 120 Ch. 1793

အခန်း (၁၇၉၃)

Vol. 120 Ch. 1793

"လိုက်ကြစမ်း"

ယန်ဝူကျီ၏ မျက်ဝန်းများက ဖျတ်ခနဲ လင်းလက်သွားခဲ့ပြီး ကိုယ်ရံတော် ၃၀၀၀ကို ကျန်းချန်အား လိုက်ဖမ်းရန် အမိန့်ပေးလိုက်သည်။

သို့သော်လည်း မိုင်၃၀၀အောက် အကွာအဝေးအထိ လိုက်ဖမ်းပြီးသောအခါ သူ၏ရှေ့ရှိ ပေထောင်ပေါင်းများစွာ အကွာအဝေးမှ ကျန်းချန်သည် သစ်ပင်များ သိပ်သည်းစွာ ပေါက်ရောက်နေသော သစ်တောထဲသို့ ခုန်ဆင်းသွားသည်ကို မြင်တွေ့ရပြီးနောက်တွင် ကျန်းချန်၏ အရှိန်အဝါသည် လုံးဝကို ပျောက်ကွယ်သွားခဲ့သည်။

ယန်ဝူကျီက မှင်တက်သွားခဲ့ပြီး သစ်တောဆီသို့ သတိထားကာ ချဥ်းကပ်လာခဲ့သည်။

သစ်တောထဲကို ဝင်ရောက်ပြီး သစ်တော၏ အခြေအနေကိုမြင်လျှင် သူ၏မျက်နှာသည် ချက်ချင်းဆိုသလိုပင် အကျည်းတန်သွားခဲ့သည်။

သစ်တောထဲတွင် ကျန်းချန်၏ အရိပ်အယောင်ကို မမြင်ရသော်လည်း သစ်တော၏အလယ်ဗဟိုတွင် နေရာလွတ်စွမ်းအားများ အနည်းငယ် ကျန်ရှိနေသည်ကို သူတွေ့လိုက်ရသည်။

"ချီးပဲ.. ဒီကောင်က တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်နဲ့ ထွက်ပြေးသွားခဲ့ပြီ"

ယန်ဝူကျီက စိတ်နှလုံးထဲကနေ ကျိန်ဆဲလိုက်သည်။

သူ၏မျက်နှာအမူအရာက ချက်ချင်းဆိုသလိုပင် သုန်မှုန်သွားခဲ့၏။

သူ၏ မြင်နိုင်စွမ်းအရ မကြာသေးခင်က ဤနေရာတွင် တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်တစ်ခု တည်ဆောက်ထားသည်ကို မြင်နိုင်ရန် မခက်ခဲပေ။

ထိုကောင်လေးသည် တည်နေရာ ရွှေ့ပြောင်းခြင်း အစီအရင်ကို အသုံးပြုကာ ထွက်ပြေးသွားသည်မှာ ထင်ရှားနေ၏။

သူ၏ ခန့်မှန်းချက်သာ မမှားခဲ့လျှင် ထိုကောင်လေးသည် တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်နှင့် မိုင်ရာပေါင်းများစွာအကွာတွင် သူတို့ကို တစ်ကိုယ်တော် ဟန့်တားခဲ့ရသည့် အကြောင်းရင်းမှာ သူ၏ လူများက တည်နေရာ ရွှေ့ပြောင်းခြင်း အစီအရင်အား ကောင်းစွာ တည်ဆောက်နိုင်စေရန်အတွက် အချိန်ဆွဲဖို့ ဖြစ်နိုင်လောက်၏။

"ခွေးသားလေး.. မင်းငါ့ကို လှည့်စားရဲတယ်.. ငါမင်းကိုရှာတွေ့တာနဲ့ ကြီးလေးတဲ့ အဖိုးအခကို သေချာပေါက် ပေးဆပ်စေမယ်"

ယန်ဝူကျီက ဒေါသတကြီး ကြုံးဝါးလိုက်သည်။

သူ၏ ခန္ဓာကိုယ်ကနေ ပြင်းထန်သော လူသတ်ငွေ့များသည် ချက်ချင်းဆိုသလို ထွက်ပေါ်လာခဲ့၏။

"ယန်ထိုက် ဒီကောင်လေးကို တွေ့ရာသင်္ချိုင်းဓားမဆိုင်းသတ်ဖြတ်ဖို့ ချက်ချင်းဝရမ်းထုတ်လိုက်"

"အကြီးအကဲချုပ်.. ဒီကောင်လေးရဲ့ခွန်အားနဲ့ဆိုရင် ကျွန်‌တော်တို့ ဝရမ်းထုတ်ရင်တောင် အသုံးဝင်မှာ မဟုတ်လောက်ဘူးထင်တယ်"

ယန်ထိုက်က ခါးသီးစွာ ပြောလိုက်သည်။

ထိုကောင်လေး၏ တိုက်ခိုက်ရေးစွမ်းအင်သည် အလွန်တရာကြောက်မက်ဖွယ်ရာကောင်းပြီး အကြီးအကဲချုပ် ယန်ဝူကျီက အစွမ်းကုန် တိုက်ခိုက်သည့်တိုင် အနည်းငယ်မျှပင် အသာစီးမရနိုင်ခဲ့ပေ။

ထို့ကြောင့် ဝရမ်းထုတ်လိုက်လျှင် ဖမ်းဆီးရန် ခက်ခဲရုံသာမက ကြီးလေးသော အဖိုးအခကိုပါ ပေးဆပ်ရလိမ့်မည် မဟုတ်ပါလော။

ယန်ဝူကျီက နှာခေါင်းရှုံ့ကာ အေးစက်စက် ပြောလိုက်၏။

"ဟမ့်.. ငါတို့နန်လီမျိုးနွယ်စုက ကောင်းကင်နတ်ဘုရားပဉ္စမအဆင့်ပဲ ရှိသေးတဲ့ ကောင်လေးတစ်ယောက်ကို ကြောက်နေရမှာလား"

"အကြီးအကဲချုပ်.. ကျွန်တော်တို့ နန်လီမျိုးနွယ်စုက ဒီကောင်လေးကို ကြောက်စရာ မလိုပေမဲ့ ကိုင်တွယ်ဖို့ကတော့ မလွယ်ဘူး"

ယန်ထိုက်က လေးနက်စွာ ပြောလိုက်သည်။

"ရှေးခေတ်စစ်ပညာကျမ်းမှာ ရန်သူရဲ့အခြေအနေကို သိမှ စစ်ပွဲကို အောင်မြင်မယ်လို့ ဆိုထားတယ်.. ကျွန်တော်တို့ အနေနဲ့ အဲဒီကောင်လေးရဲ့ဇစ်မြစ်ကို ရှာဖွေပြီးမှ အစီအစဥ်ဆွဲတာ ကောင်းမယ်ထင်တယ်"

"မင်းရဲ့အမြင်ကို ပြောပါဦး"

ယန်ဝူကျီက ခဏမျှ တိတ်ဆိတ်နေပြီးမှ ယန်ထိုက်ကို မေးလိုက်သည်။

"အရှင်ဟော်ယွင်ရဲ့ အမွေအနှစ်ကို ဟွမ်ဖူမိသားစုက ရှာဖွေခဲ့ပေမဲ့ ကောင်းကင်မီးနတ်ဓားကတော့ ဒီကောင်လေးရဲ့လက်ထဲမှာ ရှိနေခဲ့တယ်.. ဒါက ထူးခြားတဲ့အချက်တစ်ခုပဲ.. ဟွမ်ဖူမိသားသာ မကျဆုံးသွားဘူး ဆိုရင် သူတို့က အရှင်ဟော်ယွင်ရဲ့ အမွေအနှစ်ကို ရယူဖို့အတွက် ဒီကောင်လေးနဲ့ မဟာမိတ်ဖွဲ့ခဲ့တဲ့ပုံပဲ.. ကျွန်တော်တို့အနေနဲ့ ဟွမ်ဖူမိသားစုကနေ တစ်ဆင့် ဒီကောင်လေးရဲ့ ဇစ်မြစ်ကို သိရှိနိုင်လိမ့်မယ်"

ယန်ထိုက်က အသက်ကို ခပ်ပြင်းပြင်းရှူလိုက်ပြီး လေးနက်စွာပြောလိုက်သည်။

"ကောင်းပြီလေ ဒါဆိုလည်း ငါတို့ ဟွမ်ဖူစံအိမ်ကို သွားကြတာပေါ့"

ယန်ဝူကျီက ခေါင်းညိတ်ကာ ပြောလိုက်သည်။

သူ၏ မျက်ဝန်းတွင် ပြင်းထန်သော အေးစက်စက်အလင်းတန်း တစ်ခု လင်းလက်သွားခဲ့သည်။

ဟွမ်ဖူမိသားစုသည် နယ်မြေနတ်ဘုရား တစ်ပိုင်းအဆင့် အင်အားစု ဖြစ်ပြီး အထွတ်အထိပ်ကာလတွင် ရှိစဥ်ကဆိုလျှင် နန်လီမျိုးနွယ်စုထက် အနည်းငယ်မျှသာ နိမ့်ကျသည်။

ယခုအခါတွင် သူတို့ နန်လီမျိုးနွယ်စုသည် ခွန်အားများစွာ ယုတ်လျော့သွားခဲ့ပြီ ဖြစ်၏။

ဟွမ်ဖူမိသားစုသာ အရှင်ဟော်ယွင်၏ အမွေအနှစ်ကို အမှန်တကယ် ရရှိသွားခဲ့လျှင် လျင်မြန်စွာ တိုးတက်လာလိမ့်မည်ဖြစ်ပြီး သူတို့ နန်လီမျိုးနွယ်စု၏ အဆင့်အတန်းကိုပင် ခြိမ်းခြောက်လာနိုင်လိမ့်မည် မဟုတ်ပါလား။

ထို့ကြောင့် နန်လီမျိုးနွယ်စု၏ အကြီးအကဲချုပ် အနေဖြင့် ယန်ဝူကျီသည် အင်အား အလုံးအရင်းကို အသုံးပြုကာ ဟွမ်ဖူမိသားစုက သူတို့ကို မခြိမ်းခြောက်နိုင်ခင် အစောပိုင်းအဆင့်မှာပင် ရှင်းလင်းပစ်ရပေလိမ့်မည်။

ယန်ဝူကျီတို့နှစ်ဦးက တန်ပြန်အရေးယူရန် အတွက် ဆွေးနွေးနေစဥ်မှာပင် ဟော်ယွင်တောင်တန်း၏ အရှေ့ဘက် မိုင်ထောင်ပေါင်းများစွာ အကွာအဝေးရှိ ကောင်းကင်ယံတွင် ပြင်းထန်သော နေရာလွတ်လှိုင်းလုံးများသည် လှိုင်းထသွားခဲ့သည်။

မကြာမီမှာပင် နေရာလွတ် အက်ကွဲကြောင်းတစ်ခုသည် ကောင်းကင်ယံတွင် ဖြစ်ပေါ်လာခဲ့ပြီး ပုံရိပ်ခြောက်ခုသည် ထိုအက်ကွဲကြောင်းကနေ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

ထိုပုံရိပ်ခြောက်ခုသည် အသေးစား တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်ကို အသုံးပြု၍ ဟော်ယွင်တောင်တန်းထဲကနေ ထွက်လာခဲ့ကြသည့် ကျန်းချန်တို့ လူစုပင် ဖြစ်သည်။

"ခေါင်းဆောင် ကျွန်တော်တို့ ထွက်လာပြီဆိုပေမဲ့ ဟွမ်ဖူမိသားစုရဲ့ အကြီးအကဲတွေနဲ့ ထိပ်တန်း တပည့်တွေက ဟော်ယွင်တောင်တန်းထဲမှာ ရှိနေတုန်းပဲ.. နန်လီမျိုးနွယ်စုက ကျွန်တော်တို့ကို ရှာမတွေ့ရင် သူတို့အပေါ် ဒေါသပုံချမှာ စိုးရိမ်မိတယ်"

ဟွမ်ဖူစုန့်က စိုးရိမ်သော အမူအရာဖြင့် ဟော်ယွင်တောင်တန်းရှိရာသို့ လှမ်းကြည့်ကာ ပြောလိုက်သည်။

"စိတ်မပူပါနဲ့.. ငါသူတို့ကို လုံခြုံတဲ့နေရာမှာ ပုန်းအောင်းဖို့ မှာထားပြီးပြီ.. နန်လီမျိုးနွယ်စု အနေနဲ့ သူတို့ကို ရှာဖွေဖို့မလွယ်လောက်ဘူး.. အခုချိန်မှာ ငါတို့ရဲ့ ဦးစားပေးက ဟွမ်ဖူမိသားစုဆီ အမြန်ဆုံး ပြန်ရောက်ဖို့ပဲ.. အရှင်ဟော်ယွင်ရဲ့ အမွေအနှစ်ကို ငါတို့ ဟွမ်ဖူမိသားစုက ရရှိသွားခဲ့တာ ဆိုတော့ သိပ်မကြာခင်မှာ ယန်ဝူကျီက ငါတို့ မိသားစုဆီ ရောက်လာလိမ့်မယ်လို့ ငါထင်တယ်"

ထိုစကားကို ပြောပြီးနောက်တွင် ဟွမ်ဖူလင်းသည် ကျန်းချန်ကို ကြည့်ကာ မေးလိုက်သည်။

"ညီနောင်ကျန်းချန်.. မင်းရဲ့နောက်ထပ် အစီအစဥ်က ဘယ်လိုလဲ"

"ကျွန်တော် နန်လီမြို့ကို မပြန်တော့ဘူး"

ကျန်းချန်က အနည်းငယ် စဥ်းစားဟန်ပြုပြီးမှ ပြောလိုက်သည်။

"ကျွန်‌တော်ကိစ္စတစ်ခု အတွက် ဟန်ယွဲ့နယ်မြေကို သွားရဦးမယ်.. ဟွမ်ဖူမိသားစုက ကျွန်တော့်ကိုယ်စား ရှေးဟောင်းနဂါးကုန်သည်အသင်းကို ဂရုစိုက်ပေးမယ်လို့ မျှော်လင့်ပါတယ်"

ယန်ကျင်းနှင့် ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့် သုံးပါးကို ဆုံးရှုံးပြီးနောက်တွင် နန်လီမျိုးနွယ်စု၏ ခွန်အားသည် များစွာလျော့ကျသွားခဲ့ပြီ ဖြစ်၏။

ဟွမ်ဖူမိသားစုသည် နယ်မြေနတ်ဘုရား တစ်ပိုင်းအဆင့် အင်အားစု ဖြစ်ရာ အခြေခံအားဖြင့် ခွန်အားမနည်းပေ။

ယခုအခါတွင် ဟွမ်ဖူလင်းက အရှင်ဟော်ယွင်၏ နယ်မြေနတ်ဘုရား သလင်းကျောက်ကိုပါ ရရှိခဲ့ပြီဖြစ်ရာ ခွန်အားက အလျင်အမြန် တိုးမြင့်လာမည်မှာ သေချာသလောက်ပင်။

ပျောက်ဆုံးနေသော နန်လီမျိုးနွယ်စု၏ ခေါင်းဆောင် ဖြစ်သည့် နယ်မြေနတ်ဘုရား ပြန်လည် မ‌ရောက်ရှိလာသရွေ့ ဟွမ်ဖူမိသားစုသည် နန်လီမျိုးနွယ်စုကို ရင်ဆိုင်ရန် အပြည့်အဝအရည်အချင်း ပြည့်မီမှု ရှိသည်။

ထို့ကြောင့် ကျန်းချန်သည် ရှေးဟောင်းနဂါးကုန်သည်အသင်း၏ ဘေးကင်းလုံခြုံမှုကို ဟွမ်ဖူမိသားစုသို့ အပ်နှံလိုက်ပြီး သူ့မိခင်၏ သဲလွန်စကို ရှာဖွေရန်အတွက် ဟန်ယွဲ့နယ်မြေသို့ သွားရန် ဆုံးဖြတ်ခဲ့ခြင်းပင်။

"ညီနောင်ကျန်းချန် စိတ်မပူပါနဲ့.. ငါဟွမ်ဖူလင်း မင်းကို ကတိပေးတယ်.. ဟွမ်ဖူမိသားစု မပြိုလဲသရွေ့ ရှေးဟောင်းနဂါးကုန်သည်အသင်းက ဘေးကင်းလုံခြုံစေရမယ်"

"ကျေးဇူးတင်ပါတယ်.. ခေါင်းဆောင်ဟွမ်ဖူ"

ကျန်းချန်က ဟွမ်ဖူလင်းနှင့် အခြားသူများကို နှုတ်ဆက်လိုက်ပြီးနောက်တွင် ဟန်ယွဲ့နယ်မြေသို့ ခရီးထွက်ရန် စီစဥ်ခဲ့သည်။

"ဆရာကျန်း.. ကျွန်တော် ခင်ဗျားနဲ့အတူ ဟန်ယွဲ့နယ်မြေကိုလိုက်ပါရစေ"

ထိုအချိန်တွင် အချိန်ကြာမြင့်စွာ စကားမပြောဘဲ ရှိနေသည့် ရှယွမ်ခိုင်သည် ရုတ်တရက် ဝင်ပြောလိုက်သည်။

"ကျွန်တော် ဟန်ယွဲ့နယ်မြေမှာ အချိန်အကြာကြီး နေခဲ့ဖူးတယ်.. ဟန်ယွဲ့နယ်မြေနဲ့ ပတ်သက်ပြီး ကောင်းကောင်းသိတဲ့ အတွက် ဆရာကျန်းကို ကူညီနိုင်လိမ့်မယ်လို့ထင်တယ်"

"မလိုပါဘူး.. ခင်ဗျား ကျုပ်ဆီက ဘာလိုချင်လဲဆိုတာ ကျုပ်သိတယ်"

ကျန်းချန်က သူ၏ လက်ကိုဝှေ့ယမ်းကာ ရှယွမ်ခိုင်ကို ညင်သာစွာကြည့်၍ ပြောလိုက်သည်။

"ခင်ဗျားသာ ရှေးဟောင်းနဂါး ကုန်သည်အသင်းကို ကျွန်တော့်ကိုယ်စား ကာကွယ်ပေးဖို့ဆန္ဒရှိရင် ကျွန်တော် ပြန်ရောက်လာတာနဲ့ ခင်ဗျားကို ဒသမအဆင့် နတ်အစီအရင်သခင် အဖြစ် အဆင့်တက်နိုင်အောင် ကူညီပေးပါ့မယ်"

ထိုစကားကိုကြားလျှင် ရှယွမ်ခိုင်သည် အလွန်တရာ ဝမ်းသာသွားခဲ့သည်။

"ဆရာကျန်း စိတ်ချပါ.. ရှေးဟောင်းနဂါး ကုန်သည်အသင်းကို ကျွန်တော် အစွမ်းကုန် ကာကွယ်ဖို့ကြိုးစားပါ့မယ်"

ရှေးဟောင်းနဂါး ကုန်သည်အသင်းသည် နန်လီမြို့တော်တွင် သာမန် အင်အားစုမျှသာ ဖြစ်သည်။

ကျန်းချန် ရှိမနေလျှင် နန်လီမြို့တွင် မည်သည့် အင်အားစုကမှ ရှေးဟောင်းနဂါး ကုန်သည်အသင်းကို ဂရုစိုက်မည်မဟုတ်ပေ။

ထို့ကြောင့် သူသာ ရှေးဟောင်းနဂါး ကုန်သည်အသင်းတွင် ရှိနေခဲ့လျှင် နန်လီမျိုးနွယ်စုပင်လျှင် သူ့ကို မျက်နှာသာပေးရလိမ့်မည် ဖြစ်သည်။

ထို့အပြင် ရှေးဟောင်းနဂါးကုန်သည် အသင်းတွင် ဟွမ်ဖူမိသားစုကဲ့သို့ အစွမ်းထက် မဟာမိတ်လည်း ရှိနေခဲ့၏။

ရှေးဟောင်းနဂါး ကုန်သည်အသင်းကို ကောင်းမွန်စွာ ကာကွယ်ပေးထားသရွေ့ သူ့အနေဖြင့် ဒသမအဆင့် နတ်အစီအရင်သခင် အဆင့်ကို ထိုးဖောက်ရန်အတွက် မျှော်လင့်ချက်ရှိနေခဲ့၏။

ဤကဲ့သို့သော အခွင့်အရေးသည် တစ်သက်တွင် တစ်ကြိမ်သာ ရရှိနိုင်သည့် အခွင့်အရေး ဖြစ်ရာ ရှယွမ်ခိုင်သည် မည်ကဲ့သို့ ငြင်းပယ်နိုင်ပါအံ့နည်း။

"ကျွန်တော်သွားပြီ.. အားလုံးပဲ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ကြပါ"

စကားသံဆုံးသည်နှင့် ကျန်းချန်၏ ပုံရိပ်သည် အလင်းတန်းအဖြစ်သို့ ပြောင်းလဲသွားခဲ့ကာ ကောင်းကင်ယံသို့ တိုးဝင်၍ ပျောက်ကွယ်သွားခဲ့သည်။

All Chapters