← Chapters

အခန်း (၁၇၉၆)

Vol. 120 Ch. 1796

အခန်း (၁၇၉၆)

Vol. 120 Ch. 1796

"ငါက ဖုန်းမိသားစုက ဖုန်းရန်ဟွာပါ.. မိတ်ဆွေလေးရဲ့ကူညီမှုအတွက် ကျေးဇူးတင်ပါတယ်"

ရိုရှာတောင်ဓားပြအဖွဲ့ ဆုတ်ခွာသွားပြီးနောက်တွင် ဖုန်းမိသားစုမှ ငွေရောင်ဝတ်စုံဝတ် အဘိုးအိုသည် အလျင်အမြန်ပင် ရှေ့တိုးလာခဲ့ပြီး ကျန်းချန်ကို ကျေးဇူးတင်စကားပြောလိုက်သည်။

ဤတစ်ကြိမ်တွင် ဖုန်းမိသားစုသည် ရိုရှာတောင်ဓားပြအဖွဲ့၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။

သူတို့ရှေ့မှ လူငယ်ကြောင့်သာ မဟုတ်လျှင် သူတို့ထဲမှ လူအနည်းစုသာ အသက်ရှင်လျက် လွတ်မြောက်ပေလိမ့်မည်။

ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်၏။

"အကြီးအကဲဖုန်း အားမနာပါနဲ့.. ဒါက ခရီးသွားဟန်လွဲ ကူညီလိုက်ရုံပါပဲ"

ကျန်းချန်၏ တည်ငြိမ်အေးဆေးသော အသွင်အပြင်က ဟင်းလင်းပြင်လှေပေါ်ရှိ ဖုန်းမိသားစုမှ မိန်းကလေးများကို စွဲမက်သွားစေခဲ့၏။

"မိတ်ဆွေလေးက ဘယ်မျိုးနွယ်စုကလဲ"

ဖုန်းရွှယ်က ထရပ်လိုက်ပြီး ကျန်းချန်ကို မေးခွန်းထုတ်လိုက်သည်။

သူ၏အရှေ့မှ အနက်ရောင်ဝတ်စုံဝတ် လူငယ်သည် စက္ကန့်ပိုင်းအတွင်း ကောင်းကင်နတ်ဘုရား စတုတ္ထအဆင့် ကျင့်ကြံသူကို သတ်ဖြတ်ကာ သူတို့ကို ကယ်တင်ခဲ့သော်လည်း ဖုန်းရွှယ်သည် အနည်းငယ်မနာလိုဖြစ်နေခဲ့၏။

"ငါ့နာမည်က ကျန်းချန်.. ငါက အဆင့်နိမ့်နယ်မြေက လာတာပါ.. ဟန်ယွဲ့နယ်မြေကို ရောက်လာတာက တစ်စုံတစ်ယောက်ကို ရှာဖွေဖို့အတွက်ပါပဲ"

ကျန်းချန်က ဖုံးကွယ်မထားဘဲ သူ၏နာမည်ကို ပြောပြလိုက်သည်။

"ဒီကောင်က မဟာမြေရိုင်းနယ်မြေက မဟုတ်ဘူးကိုး"

ဖုန်းရွှယ်က ခဏမျှ မှင်တက်သွားသော်လည်း သူ၏ မျက်ဝန်းထဲတွင် အထင်သေးသော အရိပ်အယောင်များ လျင်မြန်စွာ ဖြစ်ပေါ်လာခဲ့သည်။

"လက်စသတ်တော့ ဒီကောင်က အဆင့်နိမ့်နယ်မြေကနေ ရောက်လာခဲ့တာကိုး"

မှန်ပါသည်။ ဖုန်းရွှယ်သာမက အခြားသော ဖုန်းမိသားစုမှတပည့်များ၏ သဘောထားသည်ပင် အနည်းငယ်ပြောင်းလဲသွားခဲ့သည်။

မဟာမြေရိုင်းနယ်မြေသည် အဆင့်မြင့်နယ်မြေတစ်ခု ဖြစ်ပြီး ပတ်ဝန်းကျင်ရှိ အဆင့်နိမ့်နယ်မြေ အများအပြားသည် မဟာမြေရိုင်း နယ်မြေအပေါ် မှီခို၍ ရှင်သန်ကြရသည်။

ထိုအကြောင်းကြောင့်ပင် မဟာမြေရိုင်းနယ်မြေမှ ကျင့်ကြံသူများသည် အခြားသော နယ်မြေမှ ကျင့်ကြံသူများကို အထင်သေးစိတ်များ ရှိနေကြ၏။

ကျန်းချန်က ကောင်းကင်နတ်ဘုရား စတုတ္ထအဆင့် ကျင့်ကြံသူကို စက္ကန့်ပိုင်းအတွင်း သတ်ဖြတ်ကာ ကြောက်မက်ဖွယ်တိုက်ခိုက်ရေးစွမ်းရည်ကို ပြသခဲ့သော်လည်း ဖုန်းမိသားစုမှ တပည့်များ၏ ကျန်းချန်အပေါ် အထင်ကြီးစိတ်သည် ယခင်ကကဲ့သို့ ပြင်းထန်ခြင်း မရှိတော့ပေ။

"အစ်ကိုကျန်းချန်က ငယ်ရွယ်သေးပေမဲ့ အနည်းဆုံး ကောင်းကင်နတ်ဘုရား စတုတ္ထအဆင့်ကို ရောက်နေလောက်ပြီ.. သူက အဆင့်နိမ့်နယ်မြေမှာ အစွမ်းအထက်ဆုံး ပါရမီရှင်ပဲ ဖြစ်ရမယ်"

ဖုန်းမိသားစုမှ ချောမောလှပသော အမျိုးသမီးက ရေရွတ်လိုက်သည်။

ဖုန်းချင်းမန် အမည်ရှိ ထိုအမျိုးသမီးသည် လေအေးမြို့၏ နံပါတ်(၁) အလှနတ်သမီးလေး အဖြစ် လူသိများထင်ရှာပြီး ဖုန်းမိသားစုတွင် ဖုန်းရွှယ်ပြီးလျှင် ပါရမီအရှိဆုံး တပည့်လည်း ဖြစ်သည်။

ဖုန်းရွှယ်က ဖုန်းချင်းမန်၏ ကျန်းချန်အပေါ် သဘောထားကို မြင်လျှင် မျက်နှာအမူအရာ မကောင်းမွန်တော့ပေ။

ဖုန်းချင်းမန်နှင့် သူက ဖုန်းမိသားစု၏ တပည့်များဖြစ်သော်လည်း ဆွေမျိုးတော်စပ်ခြင်း မရှိကြချေ။

ဆိုရလျှင် ဖုန်းရွှယ်သည် ဖုန်းချင်းမန်ကို စိတ်ဝင်စားနေခဲ့သူဖြစ်သည်။

ယခုအခါ သူတစ်ဖက်သတ် မြတ်နိုးရသည့် ဖုန်းချင်းမန်က အဆင့်နိမ့်နယ်မြေမှ ကျင့်ကြံသူတစ်ဦး ဖြစ်သည့် ကျန်းချန်ကို အထင်ကြီး လေးစားနေသောကြောင့် ဖုန်းရွှယ်သည် အလွန်အမင်း မကျေမနပ် ဖြစ်နေခဲ့၏။

ကျန်းချန်က အဆင့်နိမ့်နယ်မြေ၏ အစွမ်းအထက်ဆုံး ပါရမီရှင်ဖြစ်လျှင်ပင် သူက ဂရုစိုက်နေမည် မဟုတ်ပေ။

ဤသည်က မဟာမြေရိုင်းနယ်မြေ ဖြစ်၏။

မဟာမြေရိုင်းနယ်မြေမှ ပါရမီရှင်များသည် အဆင့်နိမ့် နယ်မြေမှ ပါရမီရှင်များကို အဆင့်တူအတွင်း ရင်ဆိုင်ရလျှင် ကောင်းစွာ အသာစီးယူနိုင်စွမ်း ရှိသည်။

ကျန်းချန်က ရိုရှာတောင်မှ ကောင်းကင်နတ်ဘုရား စတုတ္ထအဆင့် ကျင့်ကြံသူကို အလွယ်တကူ သတ်ဖြတ်နိုင်ခဲ့ခြင်းမှာ ထိုပုဂ္ဂိုလ်က ပေါ့ဆကာ ကျန်းချန်ကို တိုက်ခိုက်ရန် အခွင့်အ‌ရေး ပေးခဲ့မိခြင်းကြောင့်သာ ဖြစ်ရပေမည်။

ဆိုရလျှင် အဆင့်နိမ့်နယ်မြေမှ ကျင့်ကြံသူ တစ်ယောက်သည် သူကဲ့သို့ ဖုန်းမိသားစု၏ နံပါတ်(၁)ပါရမီရှင်ကို ယှဥ်နိုင်လိမ့်မည်ဟု သူလုံးဝ မထင်ပေ။

"မိတ်ဆွေလေးကျန်းချန်.. ငါတို့က လေအေးမြို့ရဲ့ ဖုန်းမိသားစုကပဲ.. ဟန်ယွဲ့နယ်မြေမှာတော့ ငါတို့ ဖုန်းမိသားစုကို အရေးပါတဲ့ အင်အားစု အဖြစ် သတ်မှတ်နိုင်တယ်. မိတ်ဆွေလေးကျန်းချန်က ဟန်ယွဲ့နယ်မြေမှာ တစ်စုံတစ်ယောက်ကို ရှာဖွေနေတာဆိုရင် ငါတို့ ဖုန်းမိသားစုက မိတ်ဆွေလေးကို ကူညီပါရစေ.. ကျေးဇူးပြုပြီး မိတ်ဆွေ‌လေးကျန်းချန် အနေနဲ့ ငါနဲ့အတူ ဖုန်းမိသားစုကို လိုက်ခဲ့ဖို့ တောင်းဆိုပါတယ်"

ဖုန်းရန်ဟွာက ယဥ်ကျေးစွာပင် ကျန်းချန်ကို ဖိတ်ခေါ်လိုက်သည်။

ဖုန်းမိသားစု၏ အကြီးအကဲအနေဖြင့် ဖုန်းရန်ဟွာ၏ အတွေ့အကြုံ ဗဟုသုတသည် ဖုန်းရွှယ်ကဲ့သို့ ဖုန်းမိသားစုမှ တပည့်များထက် ပိုမို၍ ကောင်းမွန်သည်။

ယေဘုယျအားဖြင့် ပြောရလျှင် အဆင့်နိမ့်နယ်မြေမှ ပါရမီရှင်သည် မဟာမြေရိုင်းနယ်မြေမှ ပါရမီရှင်နှင့် နှိုင်းယှဥ်၍ မရသည်မှာ အမှန်တရားပင်။

သို့သော်လည်း ဤကမ္ဘာတွင် အနှိုင်းမဲ့ပါရမီရှင်များ အတွက် ခြွင်းချက်တချို့ ရှိသည်။

ထိုကဲ့သို့သော ပါရမီရှင်များသည် အဆင့်နိမ့်နယ်မြေမှ လာသည့်တိုင် အဆင့်မြင့်နယ်မြေများတွင် အလွန်မြင့်မားသောအဆင့်အထိ တက်လှမ်းနိုင်စွမ်း ရှိ၏။

သူ၏ရှေ့မှ လူငယ်လေးသည် ထိုသို့သော ပါရမီရှင် ဖြစ်နိုင်ဖွယ်ရှိသည်။

ထိုလူငယ်လေးကိုသာ ဖုန်းမိသားစုဆီ ဖိတ်ခေါ်နိုင်ခဲ့လျှင် သူတို့ ဖုန်းမိသားစု၏ ခွန်အားကို များစွာ တိုးမြှင့်ပေးနိုင်မည်မှာ သေချာ၏။

"ဒါဆိုလည်း အကြီးအကဲကိုပဲ ဒုက္ခပေးရတော့မယ်"

ကျန်းချန်က ခေါင်းညိတ်၍ ပြန်ဖြေလိုက်သည်။

သူ၏ခန့်မှန်းချက်သာ မမှားလျှင် ဖုန်းမိသားစုသည် ဟန်ယွဲ့နယ်မြေတွင် ထိပ်တန်းအင်အားစုတစ်စု ဖြစ်နိုင်ဖွယ် ရှိသည်။

သူက ဟန်ယွဲ့နယ်မြေသို့ ယခုမှ ပထမဆုံးအကြိမ် ရောက်ဖူးခြင်းဖြစ်ရာ အရာအားလုံးနှင့် အလွန်တရာ အစိမ်းသက်သက်ဖြစ်နေခဲ့၏။

ဖုန်းမိသားစု၏ အကူအညီကိုသာ ရရှိခဲ့မည်ဆိုလျှင် သူ၏မိခင်ကို ရှာဖွေရာ၌ ပိုမို လွယ်ကူသွားလိမ့်မည် မဟုတ်ပါလော။

"ညီနောင်ကျန်းချန် အားမနာပါနဲ့"

ဖုန်းရန်ဟွာက ပြုံးရွှင်စွာ ပြောလိုက်သည်။

ထို့နောက်တွင် သူက ဖုန်းမိသားစုမှ ဒဏ်ရာရရှိထားသော တပည့်များကို ဂရုတစိုက် ကုသရန် ညွှန်ကြားလိုက်ကာ ဟင်းလင်းပြင်လှေကို ဟန်ယွဲ့မြို့ဆီသို့ ဦးတည်၍ မောင်းနှင်ရန် အမိန့်ပေးခဲ့သည်။

"ဟန်ယွဲ့မြို့ကို ရောက်ဖို့ ၂ရက်၊၃ရက်လောက်တော့ ကြာဦးမယ်.. ဒီအခန်းမှာ အစ်ကိုကျန်းချန် အနားယူနိုင်ပါတယ်"

ဖုန်းချင်းမန်က ကျန်းချန်အတွက် ကောင်းမွန်သော အခန်းငယ်တစ်ခန်းကို စီစဥ်ပေးခဲ့သည်။

"ကျေးဇူးတင်ပါတယ်"

ကျန်းချန်က ကျေးဇူးတင်စကား ပြောကြားလိုက်ပြီးနောက်တွင် အခန်းထဲတွင် နေထိုင်ခဲ့သည်။

သူက တစ်ခဏမျှ အတွင်းအား ကျင့်ကြံပြီးနောက်တွင် အပြင်ဘက်မှ လေကို ရှူရှိုက်ရန်အတွက် အခန်းထဲကနေ ထွက်လာခဲ့သည်။

ထိုအချိန်က ညအချိန်အခါ ဖြစ်၍ ကောင်းကင်ယံတွင် ကြယ်များဖြင့် တောက်ပနေပြီး မြင်ကွင်းက အလွန်တရာပင် လှပနေခဲ့၏။

ကျန်းချန်က ကောင်းကင်ယံရှိ ငွေရောင် တောက်ပနေ‌သောလကို မော့ကြည့်လိုက်ရင်း သူ၏ စိတ်နှလုံးထဲကနေ သူ၏မိခင် ကျီဝူရွှယ် အကြောင်းကို စဥ်းစားနေခဲ့သည်။

သူ၏မိခင်သည် ရွှယ်လင်ကုန်းမြေတိုက်မှ တစ်ဆင့် မဟာမြေရိုင်းနယ်မြေသို့ ရောက်ရှိလာခြင်း ဖြစ်ပုံရသည်။

မဟာမြေရိုင်းနယ်မြေတွင် သူ့အမေ၏ ပကတိနတ်ဘုရားတစ်ပိုင်း ခွန်အားဖြင့် ရှင်သန်ရန် အလွန်ခက်ခဲသည်မှာ သံသယဖြစ်ဖွယ်ရာ မရှိပေ။

"ဟန်ယွဲ့နန်းတော်မှာ ငါ့အမေရဲ့ အခြေအနေက ဘယ်လိုလဲမသိဘူး.. ဘာမှမဖြစ်ပါစေနဲ့လို့ မျှော်လင့်ရတာပဲ"

ကျန်းချန်က တစ်ကိုယ်တည်း တီးတိုးရေရွတ်လိုက်သည်။

သူ၏ မျက်ဝန်းများတွင် ပြင်းထန်သော အေးစက်စက် အလင်းရောင်များ လင်းလက်သွားခဲ့၏။

သူ၏မိခင်သာ ဟန်ယွဲ့နန်းတော်တွင် တစ်စုံတစ်ရာ ဖြစ်ပျက်သွားခဲ့လျှင် ဟန်ယွဲ့နန်းတော်က နန်လီမျိုးနွယ်စုထက် ပိုမို အင်အားကောင်းသော နယ်မြေနတ်ဘုရား အင်အားစု ဖြစ်သည့်တိုင် သူက ဟန်ယွဲ့နန်းတော်ကို ကြီးလေးသော အဖိုးအခအား ပေးဆပ်စေမည် ဖြစ်၏။

"အစ်ကိုကျန်းချန်"

ကျန်းချန် အတွေးထဲ နစ်မျောနေသော အချိန်မှာပင် သူ၏ အနောက်ဘက်ကနေ ချိုမြသော အသံတစ်သံသည် ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

ကျန်းချန်က ခေါင်းငဲ့၍ ကြည့်လိုက်ရာ သူ့ဆီသို့ လျှောက်လှမ်းလာသော ဖုန်းချင်းမန်ကို တွေ့လိုက်ရသည်။

သူက ခပ်ယဲ့ယဲ့ပြုံးက မိန်းကလေးချင်းမန်ဟု ခေါ်လိုက်သည်။

"အစ်ကိုကျန်းချန် ကျွန်မနာမည်ကို တိုက်ရိုက် ခေါ်လို့ရပါတယ်"

ဖုန်းချင်းမန်က လှပစွာ ပြုံးလိုက်ပြီး အနည်းငယ် စူးစမ်းစွာ မေးလိုက်သည်။

"အစ်ကိုကျန်းချန်.. ဒီတစ်ကြိမ်ဟန်ယွဲ့နယ်မြေကို ရောက်လာတာက တစ်စုံတစ်ယောက်ကို ရှာဖွေဖို့အတွက် ဆိုတော့ အစ်ကိုကျန်းချန်မှာ တခြား ဘယ်လို အစီအစဥ်တွေ ရှိသေးလဲဆိုတာ ကျွန်မ သိလို့ရမလား"

ကျန်းချန်က ပြုံး၍ ဖုန်းချင်းမန်၏ မေးခွန်ကို ပြန်ဖြေလိုက်သည်။

"ဟန်ယွဲ့နန်းတော်က မဟာမြေရိုင်းနယ်မြေမှာ နာမည်ကျော်ကြားတဲ့ နယ်မြေနတ်ဘုရား အင်အားစု ဖြစ်တယ်လို့ ငါကြားထားတယ်.. ငါ့ရဲ့လက်ရှိခွန်အားက မဟာမြေရိုင်းနယ်မြေမှာ ကျင်လည်ဖို့ မလုံလောက်သေးပါဘူး.. ဒါကြောင့် ငါ့ရဲ့ခွန်အားကို တိုးမြှင့်ဖို့အတွက် ဟန်ယွဲ့နန်းတော်ကို ဝင်ဖို့ စီစဥ်ထားတယ်"

"အစ်ကိုကျန်းချန်က‌တော့ လျှိုပြီ.. အစ်ကိုကျန်းချန်က ကောင်းကင်နတ်ဘုရား စတုတ္ထအဆင့် ကျင့်ကြံသူကိုတောင် အလွယ်တကူ သတ်ဖြတ်နိုင်တာပဲ.. အစ်ကိုတော်ဖုန်းရွှယ်တောင်မှ အစ်ကိုကျန်းချန်ကို ဘယ်လိုမှ ယှဥ်နိုင်မှာ မဟုတ်ဘူး"

ဖုန်းချင်းမန်က လေးနက်သော အကြည့်ဖြင့် ကြည့်ကာ ပြောလိုက်သည်။

"တကယ်လား ချင်းမန်.. ငါက ညီနောင်ကျန်းချန်ကို မယှဥ်နိုင်ဘူးလို့ မင်းတကယ် ထင်နေတာလား"

ထိုအချိန်မှာပင် ဟင်းလင်းပြင်လှေ၏ အခန်းငယ် တစ်ခန်းထဲမှ အေးစက်စက် ရေရွတ်လိုက်သော အသံတစ်သံသည် ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

မကြာခင်မှာပင် ဖုန်းရွှယ်နှင့် ဖုန်းမိသားစုမှ တပည့်နှစ်ဦးသည် ကျန်းချန်တို့ ဆီသို့ လျှောက်လာခဲ့ကြသည်။

"အစ်ကိုဖုန်းရွှယ် ကျွန်မက ဒီအတိုင်းပြောလိုက်ရုံပါပဲ.. အတည်ယူနေစရာ မလိုပါဘူး"

ဖုန်းချင်းမန်က အမူအရာ အနည်းငယ် ပြောင်းလဲသွားခဲ့ပြီး ခပ်သွက်သွက် ရှင်းပြလိုက်သည်။

ဖုန်းရွှယ်၏ ပြိုင်ဆိုင်လိုစိတ် ကြီးမားသော စိတ်နေသဘောထားကို ဖုန်းချင်းမန်သည် ကောင်းစွာသိရှိထားခဲ့ရာ ကျန်းချန်ကို ဒုက္ခမရောက်စေချင်ခဲ့ပေ။

"ညီနောင်ကျန်းချန်က ကောင်းကင်နတ်ဘုရား စတုတ္ထအဆင့် ကျင့်ကြံသူကို အလွယ်တကူ သတ်ဖြတ်နိုင်တယ် ဆိုတော့ ညီနောင်ကျန်းချန်ရဲ့ ခွန်အားက တကယ်ကို အားကောင်းတာတော့ အမှန်ပဲ"

ဖုန်းရွှယ်က ထိုစကားကို ပြောလိုက်ပြီးနောက်တွင် ကျန်းချန်ကို စူးရှစွာ စိုက်ကြည့်၍ ပြောလိုက်သည်။

"ညီနောင်ကျန်းချန် ငါနဲ့တစ်ကွက်၊ နှစ်ကွက်လောက် ယှဥ်ပြိုင်ဖို့ စိတ်ဝင်စားသလား သိပါရစေ"

ကျန်းချန်က ဖုန်းရွှယ်ကို တစ်ချက်ကြည့်လိုက်ပြီး ခေါင်းခါရမ်းကာ ပြောလိုက်သည်။

"စိတ်မဝင်စားဘူး.. မင်းက ငါ့ပြိုင်ဘက် မဟုတ်လို့ပဲ"

All Chapters