← Chapters

အခန်း (၁၇၉၇)

Vol. 120 Ch. 1797

အခန်း (၁၇၉၇)

Vol. 120 Ch. 1797

"ညီနောင်ကျန်းချန်က ကိုယ့်ကိုယ်ကိုယ် တော်တော်လေး ယုံကြည်မှုရှိနေတဲ့ပုံပဲ"

ဖုန်းရွှယ်က ပြုံး၍ ပြောလိုက်သည်။

"ညီနောင်ကျန်းချန် ငါက မင်းရဲ့ခွန်အားကို မြင်တွေ့ချင်ရုံလေးပါပဲ.. ညီနောင်ကျန်းချန်က ရင်မဆိုင်ချင်ဘူး ဆိုရင်တော့လည်း ထားလိုက်ပါ"

ဖုန်းရွှယ်က အပေါ်ယံတွင် အလွန် ယဥ်ကျေးပုံရသော်လည်း အေးစက်စက် အလင်းတန်းတစ်ခုသည် သူ၏ မျက်ဝန်းတွင် ဖျတ်ခနဲ လင်းလက်သွားခဲ့သည်။

ဖုန်းမိသားစု၏ နံပါတ်(၁)ပါရမီရှင် ဖြစ်ပြီး ဖုန်းမိသားစုခေါင်းဆောင် နေရာကို ဆက်ခံမည့်သူအနေဖြင့် ဖုန်းရွှယ်သည် ဖုန်းမိသားစုတွင် အလွန်မြင့်မားသော အဆင့်အတန်းကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။

သူ၏ရှေ့ရှိ အဆင့်နိမ့်နယ်မြေမှ ကျင့်ကြံသူသည် သူ့ကို ဤမျှအထိ အထင်သေးနေခဲ့ရာ သူ့အနေဖြင့် မည်ကဲ့သို့ စိတ်မဆိုးဘဲ နေနိုင်ပါအံ့နည်း။

ကျန်းချန်က ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့် ကျင့်ကြံသူကို အလွယ်တကူ သတ်ဖြတ်နိုင်ခဲ့သည်မှာ တိုက်ဆိုင်မှုတစ်ခုသာ ဖြစ်သည်ဟု သူခံစားခဲ့ရသည်။

ကောင်းကင်နတ်ဘုရား စတုတ္ထအဆင့် အထွတ်အထိပ် ကျင့်ကြံသူကို ဤမျှလောက်အထိ အလွယ်တကူ သတ်ဖြတ်နိုင်စွမ်းသည် မဟာမြေရိုင်းနယ်မြေမှ အထွတ်အထိပ် ပါရမီရှင်များသာ လုပ်ဆောင်နိုင်စွမ်း ရှိသည်။

ထို့ကြောင့် ရိုရှာတောင်ဓားပြအဖွဲ့မှ ကောင်းကင်နတ်ဘုရားစတုတ္ထအဆင့် ကျင့်ကြံသူသည် အလွန်တရာ ပေါ့ဆမိ၍ အသတ်ခံလိုက်ရခြင်းသာ ဖြစ်နိုင်ဖွယ် ရှိ၏။

သို့ဖြစ်ရာ သူ့လို ဖုန်းမိသားစု၏ နံပါတ်(၁) ပါရမီရှင်သည် အဆင့်နိမ့်နယ်မြေမှ ကောင်လေးတစ်ဦးကို အဘယ်ကဲ့သို့ ရှုံးနိမ့်နိုင်ပါအံ့နည်း။

အရေးကြီးဆုံးအချက်မှာ ဖုန်းချင်းမန်၏ ကျန်းချန်းအပေါ် သဘောထား ဖြစ်သည်။

သူနှစ်သက်နေသော အမျိုးသမီးပင်လျှင် သူက ကျန်းချန်ထက် တိုက်ခိုက်ရေးစွမ်းရည် နိမ့်ကျသည်ဟု ထင်မြင်နေခဲ့သည်ဖြစ်ရာ ယင်းက ဖုန်းရွှယ်အတွက် မည်သို့မှ လက်ခံနိုင်စရာမရှိသော ကိစ္စ ဖြစ်နေခဲ့သည်။

ထို့ကြောင့်လည်း ဖုန်းရွှယ်သည် ကျန်းချန်အား စိန်ခေါ်ရန် အဆိုပြုခဲ့ခြင်းပင်။

သူက ကျန်းချန်ကို အနိုင်ယူကာ ဖုန်းချင်းမန် ရှေ့တွင် မျက်နှာသာ ရယူလိုခဲ့သည်။

သူနှင့်ကျန်းချန်ကြားမှ ကွာခြားချက်ကို ဖုန်းချင်းမန်အား ရှင်းရှင်းလင်းလင်း သိရှိစေလိုခဲ့၏။

ဖုန်းချင်းမန်က သူ၏ ကွေးညွတ်နေသော မျက်ခုံးမွေးများကို အနည်းငယ် တွန့်ကွေးကာ ပြောလိုက်သည်။

"အစ်ကိုဖုန်းရွှယ်.. အစ်ကိုကျန်းချန်က ကျွန်မတို့ဖုန်းမိသားစုရဲ့ဧည့်သည် ဖြစ်တဲ့အပြင် ကျွန်မတို့ရဲ့ အသက်သခင်ကျေးဇူးရှင်လည်း ဖြစ်တယ်.. အစ်ကို ဒီလိုစိန်ခေါ်တာက မသင့်တော်ဘူး ထင်တယ်"

သိထားရမည့်အချက်မှာ ကျန်းချန်သည် ရိုရှာတောင်ဓားပြအဖွဲ့မှ ကောင်းကင်နတ်ဘုရား စတုတ္ထအဆင့် ကျင့်ကြံသူကိုပင် အလွယ်တကူ သတ်ဖြတ်နိုင်ခဲ့သူ ဖြစ်သည်။

ထိုပုဂ္ဂိုလ်က ပေါ့ဆခဲ့လျှင်ပင် ကျန်းချန်၏ တိုက်ခိုက်ရေးစွမ်းအင်သည် သက်သေပြရန် လုံလောက်နေခဲ့ပြီ ဖြစ်၏။

ဖုန်းချင်းမန်၏ မျက်ဝန်းထဲတွင်မူ ဖုန်းရွှယ်သည် ကျန်းချန်ထက် အတော်လေး နိမ့်ကျနေခဲ့သည်။

သူမက စိန်ခေါ်မှုအား ရပ်တန့်စေလိုသည့် အကြောင်းအရင်းမှာ ကျန်းချန်၏ ဘေးကင်းရေးကို စိုးရိမ်သောကြောင့် မဟုတ်ဘဲ ဖုန်းရွှယ်က ရှုံးနိမ့်သွားလျှင် ရှုံးမဲမဲကာ ပတ်ရမ်းမည်ကို စိုးရွံ့သောကြောင့် ဖြစ်သည်။

"ညီမတော်ချင်းမန်.. ငါတို့လည်း ညီနောင်ကျန်းချန်ရဲ့ စစ်မှန်တဲ့ခွန်အားကို မြင်ချင်တယ်.. ဒါက သာမန်ပညာချင်း ဖလှယ်တာလောက်ပဲဆိုတော့ ညီနောင်ကျန်းချန်အနေနဲ့ ငါတို့ဖုန်းမိသားစုရဲ့ ဧည့်သည် ဖြစ်နေရင်တောင် ကိစ္စမရှိဘူးမဟုတ်လား"

ဖုန်းရွှယ်၏ နံဘေးမှ ဖုန်းမိသားစု တပည့်နှစ်ဦးသည် ပြုံးရွှင်စွာဖြင့် ပြောလိုက်သည်။

ဖုန်းရွှယ်သည် ဖုန်းမိသားစု၏ နံပါတ်(၁)ပါရမီရှင် ဖြစ်ပြီး ဖုန်းမိသားစု၏ ခေါင်းဆောင်နေရာကို အနာဂတ်တွင် ဆက်ခံမည့်သူလည်း ဖြစ်သည်။

ထို့ကြောင့် သူတို့က သဘာဝကျစွာပင် ဖုန်းရွှယ်ဘက်ကနေ ကူညီပြောဆိုပေးခဲ့၏။

ဖုန်းရွှယ်တို့လူစုက ပညာချင်းဖလှယ်သည့် ခေါင်းစဥ်ဖြင့် တိုက်ခိုက်ရန်အတွက် သူ့ကို အတင်းအကျပ် ဖိအားပေးနေသည်ကို မြင်လျှင် ကျန်းချန်သည် မျက်မှောင်ကြုတ်သွားခဲ့သည်။

သူက ဟန်ယွဲ့နယ်မြေသို့ ပထမဆုံးအကြိမ် ရောက်ရှိလာခြင်း ဖြစ်၍ ဤနေရာနှင့် မရင်းနှီးပေ။

သူက ဖုန်းမိသားစုကို အသုံးပြုကာ ဟန်ယွဲ့နယ်မြေ၏ အခြေအနေကို နားလည်ရန်နှင့် သူ၏ မိခင်ကို စုံစမ်းရန် စီစဥ်ထားခဲ့သည်။

သို့သော်လည်း ပထမဆုံးနေ့မှာပင် ဖုန်းမိသားစုမှ နံပါတ်(၁) ပါရမီရှင်သည် သူ့ကို အ‌နှောင့်အယှက် ပေးနေခဲ့၏။

ဤကဲ့သို့သော အခြေအနေသည် ကျန်းချန် ကြုံတွေ့ချင်သော အခြေအနေမျိုး မဟုတ်ပေ။

ဖုန်းရွှယ်က သူ့ကို ဤမျှအထိ ပစ်မှတ်ထားနေရခြင်းမှာ ဖုန်းချင်းမန်က သူ၏ နံဘေးတွင် ရှိနေခြင်းကြောင့် ဖြစ်မှန်း ကျန်းချန် ရှင်းရှင်းလင်းလင်း သိထားခဲ့သည်။

သူက ဖုန်းချင်းမန် အပေါ်တွင် မည်သည့် သဘောထားမှ မရှိသော်လည်း ဖုန်းရွှယ်က သူ့အား ရန်လိုနေခဲ့၏။

ကျန်းချန်က ခေါင်းခါရမ်းလိုက်ပြီး ဖုန်းရွှယ်ကို ကြည့်ကာ ပြောလိုက်၏။

"ကောင်းပြီလေ ညီနောင်ဖုန်းရွှယ်က တစ်ကွက်၊နှစ်ကွက်လောက် ပညာချင်းဖလှယ်ဖို့ တောင်းဆိုနေမှတော့ ငါက ညီနောင်ဖုန်းရွှယ်ရဲ့ ဆန္ဒကို လိုက်လျောပေးလိုက်ပါ့မယ်"

ဖုန်းရွှယ်က သူ့ကို တိုက်ခိုက်ရန်အတွက် အတင်အကျပ် အဆိုပြုနေသည် ဖြစ်ရာ သူက လက်မခံခဲ့လျှင် ဖုန်းမိသားစုကို မထီမဲ့မြင်ပြုသလို ဖြစ်သွားလိမ့်မည် ဖြစ်သည်။

သူ့အမေ၏ သတင်းကို စုံစမ်းရန်အတွက် ဖုန်းမိသားစု၏ အင်အားကို အသုံးပြုလိုလျှင် သူ၏ခွန်အားကို ပြသကာ ဖုန်းမိသားစု၏ အာရုံကို ဆွဲ‌ဆောင်ရန် လိုအပ်သည် မဟုတ်ပါလား။

"ဒါဆိုလည်း ညီနောင်ကျန်းချန်ကို ကျေးဇူးတင်ပါတယ်"

ဖုန်းရွှယ်က ပြုံးရွှင်စွာဖြင့် ပြောလိုက်သည်။

"ဒီလိုလုပ်ပါလား တစ်ကွက်၊နှစ်ကွက်က နည်းလွန်းတယ်.. ငါတို့ဆယ်ကွက်လောက် တိုက်ခိုက်ကြတာပေါ့.. ညီနောင်ကျန်းချန်က ပညာကို လျှိုမထားဘဲ စစ်မှန်တဲ့ခွန်အားကို ပြသပေးမယ်လို့ညမျှော်လင့်ပါတယ်"

ကျန်းချန်က လက်နှစ်ဖက်ကို နောက်ပစ်လိုက်ပြီး ဖုန်းရွှယ်ကို တည်ငြိမ်စွာ ကြည့်၍ ပြောလိုက်သည်။

"စတိုက်လို့ရပြီ"

"အစ်ကိုကျန်းချန် ကျေးဇူးပြုပြီး အကိုတော်ဖုန်းရွှယ်ကို ညှာတာပေးပါ"

ကျန်းချန်က ဆွေးနွေးမှုကို သဘောတူလိုက်သည်ကို မြင်သည်နှင့် ဖုန်းချင်းမန်သည် ဘေးသို့ဆုတ်ခွာရန်မှ လွဲ၍ ရွေးချယ်စရာမရှိတော့ပေ။

သူ၏ပါရမီက ဖုန်းရွှယ်ထက် အနည်းငယ် နိမ့်ကျသော်လည်း မြင်နိုင်စွမ်းကမူ ဖုန်းရွှယ်ထက် ပို၍ ကောင်းမွန်သည်။

ကျန်းချန်က ကောင်းကင်နတ်ဘုရား စတုတ္ထအဆင့် ကျင့်ကြံသူကို အလွယ်တကူ သတ်ဖြတ်နိုင်ခဲ့ခြင်းသည် ကံကောင်း၍ ဖြစ်သည်ဟု သူမ တစ်ခါမှ မခံစားမိပေ။

ထို့ကြောင့် ကျန်းချန်၏ လက်ထဲတွင် ဖုန်းရွှယ်က ဆိုးဆိုးရွားရွား ရှုံးနိမ့်လိမ့်မည်ကို သူမ ကောင်းစွာ သိရှိခဲ့၏။

ထိုအကြောင်းကြောင့်ပင် ကျန်းချန်ကို ညှာတာပေးရန် တောင်းဆိုခဲ့ခြင်းပင်။

အဆုံးသတ်တွင် ဖုန်းရွှယ်သည် ဖုန်းမိသားစု၏ အနာဂတ်ခေါင်း‌ဆောင် ဖြစ်၏။

ကျန်းချန်သာ ဖုန်းရွှယ်ကို ဆိုးဆိုးရွားရွား ရိုက်နှက်ခဲ့လျှင် ဖုန်းမိသားစုနှင့် မိတ်ပျက်သွားနိုင်သည် မဟုတ်ပါလော။

ဖုန်းချင်းမန်က သူ့ကို ကျန်းချန်၏ ပြိုင်ဘက်မဟုတ်ဟု ယုံကြည်နေပုံရသည်ကို မြင်လျှင် ဖုန်းရွှယ်၏ မျက်ဝန်းများတွင် ဒေါသအရိပ်အယောင်များ ပြည့်နှက်သွားခဲ့သည်။

ဖုန်းရွှယ်က သူ၏ လက်တစ်ဖက်ကို လှုပ်ရှားလိုက်ရာ ပြာလဲ့လဲ့တောက်ပနေသော ဓားတစ်လက်သည် သူ၏ လက်ထဲတွင် ပေါ်လာခဲ့သည်။

ထိုအပြာရောင်ဓားထံကနေ ထွက်ပေါ်လာသော စွမ်းအားသည် ပတ်ဝန်းကျင်ရှိ နေရာလွတ်ကိုပင် ပုံပျက်သွားစေခဲ့၏။

"ညီနောင်ကျန်းချန် မင်းရဲ့လက်နက်ကရော ဘယ်မှာလဲ"

ဖုန်းရွှယ်က အပြာရောင်ဓားကို လက်ထဲတွင် ကိုင်စွဲထားရင်း ကျန်းချန်ကို ကြည့်ကာ ပြောလိုက်သည်။

ကျန်းချန်က အေး‌အေး‌ဆေးဆေးပင် ပြန်ပြောလိုက်၏။

"မလိုပါဘူး မင်းစတိုက်လို့ရပြီ"

"ဒါဆိုလည်း အားမနာတော့ဘူး"

ဖုန်းရွှယ်၏ မျက်ဝန်းများက အေးစက်နေခဲ့သည်။

ထိုကောင်လေးက သူ့ကို လုံးဝ အထင်သေးနေသည်မှာ ထင်ရှား၏။

ဖုန်းရွှယ်က သူ၏လက်ထဲမှ ဓားရှည်ကို ဝှေ့ယမ်းလိုက်ရာ အပြာရောင်ဓားအလင်းသည် ကောင်းကင်ယံကိုပင် ထိုးဖောက်သွားခဲ့ပြီး ကျန်းချန်ဆီသို့ သက်ရောက်လာခဲ့သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် အပြာရောင်ဓားအလင်းသည် နေရာလွတ်ကို ထိုးဖောက်ကာ ကျန်းချန်၏ ရှေ့တွင် ပေါ်လာခဲ့၏။

ကျန်းချန်က နေရာကနေ လုံးဝမလှုပ်ရှားဘဲ သူ၏ လက်တစ်ဖက်ကို မြှောက်ကာ သူ၏ရှေ့တွင် ပေါ်လာသောဓားအလင်းကို ရိုက်ထုတ်လိုက်သည်။

"ဝုန်း.."

အပြာရောင်ဓားအလင်းက လေထုထဲတွင် ပေါက်ကွဲထွက်သွားခဲ့သည်။

"ဒီကောင်က တကယ်ကို စွမ်းရည်ရှိသားပဲ"

ဖုန်းရွှယ်က မျက်မှောင်ကုတ်သွားခဲ့ပြီး သူ၏ လက်ထဲမှ အပြာရောင်ဓားကို လျင်မြန်စွာ ဝှေ့ယမ်းလိုက်သည်။

"ဝှစ်..ဝှစ်..ဝှစ်.."

အပြာရောင်ဓားအလင်းများဖြင့် စုစည်းထားသော ဓားမုန်တိုင်းသုံးခုသည် လေထုထဲတွင် ထွက်ပေါ်လာခဲ့ပြီး ကျန်းချန်ဆီသို့ တစ်ချိန်တည်းမှာပင် သက်ရောက်သွားခဲ့သည်။

ကျန်းချန်က နေရာမှာပင် မလှုပ်မယှက် ရပ်နေရင်း သူ၏ရှေ့တွင် ပေါ်လာသော ဓားမုန်တိုင်းသုံးခုကို အလွယ်တကူပင် ချေဖျက်လိုက်သည်။

ထို့နောက် သူက ဖုန်းရွှယ်ကို ကြည့်ကာ အေးစက်စက်ပြောလိုက်သည်။

"မင်းရဲ့အစွမ်းအထက်ဆုံး တိုက်ကွက်ကို အသုံးပြုပါ.. မဟုတ်ရင် ငါစတင်တိုက်ခိုက်တာနဲ့ မင်းဘယ်လိုမှ အခွင့်အရေးရတော့မှာ မဟုတ်ဘူး"

"လေသင်္ကေတဓားသိုင်း"

ဖုန်းရွှယ်က ဒေါသတကြီးကြုံးဝါးလိုက်ပြီး နေရာလွတ်ကိုပင် လှုပ်ခါစေသော ဓားအရှိန်အဝါ ခြောက်ခုကို ထုတ်ဖော်လိုက်သည်။

ထိုဓားအရှိန်အဝါခြောက်ခုသည် အရာအားလုံးကို ဖျက်ဆီးနိုင်သော လေဆင်နှာမောင်း အဖြစ်သို့ ပြောင်းလဲသွားပြီး ကျန်းချန်ဆီသို့ သက်ရောက်လာခဲ့သည်။

ဖုန်းမိသားစု၏ ဟင်းလင်းပြင်လှေတွင် ကာကွယ်ရေးအစီအရင်သာ မရှိခဲ့လျှင် ဖုန်းရွှယ်၏ လှုပ်ရှားမှုသည် ဟင်းလင်းပြင်လှေကိုပင် ဖျက်ဆီးပစ်နိုင်လောက်၏။

ကျန်းချန်က သူ၏လက်ဖဝါးကို လှုပ်ရှားလိုက်ပြီး ကမ္ဘာ့စွမ်းအားကို ထုတ်ဖော်ကာ သူ၏ ဦးခေါင်းအထက်တွင် ကာကွယ်ရေး အလွှာတစ်ခုကို ဖွဲ့စည်းလိုက်သည်။

"ဝုန်း.."

ပြာလဲ့လဲ့လေဆင်နှာမောင်းက ကျန်းချန်၏ ဦးခေါင်းအထက်ရှိ ကာကွယ်ရေးအလွှာပေါ်သို့ ချက်ချင်းဆိုသလို ကျရောက်လာခဲ့ရာ တောက်ပသော စွမ်းအင်လှိုင်းလုံးများသည် အရပ်မျက်နှာ အနှံ့သို့ ပျံ့နှံ့သွားခဲ့သည်။

လေဆင်နှာမောင်း ပျောက်ကွယ်သွားသောအခါတွင် ကျန်းချန်သည် လုံးဝ ထိခိုက်မှုမရှိဘဲ နေရာမှာပင် မလှုပ်မယှက် ရပ်နေခဲ့သည်။

"ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"

သူ၏ရှေ့မှ မြင်ကွင်းကိုမြင်လျှင် ဖုန်းရွှယ်သည် မျက်မှောင်ကြုတ်သွားခဲ့ပြီး မျက်နှာထက်တွင်လည်း မယုံကြည်နိုင်လောက်အောင် အံ့သြထိတ်လန့်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။

"မင်းက ငါ့ရဲ့ပြိုင်ဘက် မဟုတ်ပါဘူးလို့ ငါပြောခဲ့သားပဲ.. ဘယ်လိုလဲ မင်းငါနဲ့ ဆက်တိုက်ဦးမှာလား"

All Chapters