အခန်း (၁၇၉၈)
Vol. 120 Ch. 1798
ကျန်းချန်၏ စကားကိုကြားလျှင် ဖုန်းရွှယ်သည် အလွန်တရာထိတ်လန့်သွားခဲ့သည်။
"ဒီကောင်က အဆင့်နိမ့် နယ်မြေကနေ လာတာ မဟုတ်ဘူးလား.. ဘယ်လိုလုပ်ပြီး ဒီလောက်တောင် ကြောက်ဖို့ကောင်းတဲ့ တိုက်ခိုက်ရေးစွမ်းရည်ကို ပိုင်ဆိုင်ထားရတာလဲ"
သူအစောပိုင်းက ထုတ်ဖော်လိုက်သော လေသင်္ကေတဓားသိုင်းသည် ဖုန်းမိသားစု၏ အစွမ်းအထက်ဆုံး ကိုယ်ခံပညာရပ်များထဲမှ တစ်ခု ဖြစ်သည်။
သူ၏ခွန်အားဖြင့်ဆိုလျှင် ကောင်းကင်နတ်ဘုရားစတုတ္ထအဆင့် ကျင့်ကြံသူအများအပြားပင် လေသင်္ကေတဓားသိုင်း၏ စွမ်းရည်ကို ရင်ဆိုင်နိုင်မည် မဟုတ်ပေ။
သို့သော်လည်း သူ့ရှေမှ ကောင်လေးကမူ အလွယ်တကူပင် ရင်ဆိုင်နိုင်ခဲ့သည်။
"ညီနောင်ကျန်းချန်က တကယ်ကို အံ့သြစရာပဲ.. ငါ့မှာ ဓားကွက်တစ်ကွက် ကျန်သေးတယ်.. ညီနောင်ကျန်းချန် ညွှန်ပြပေးမယ်လို့ မျှော်လင့်ပါတယ်"
ဖုန်းရွှယ်က ကျန်းချန်ကို စူးရှစွာ စိုက်ကြည့်လိုက်၏။
ထို့နောက်တွင် သူ၏ခန္ဓာကိုယ်မှ စွမ်းအားများကို အထွတ်အထိပ် အထိ ထုတ်ဖော်လိုက်သည်။
သူက အပြာရောင်ဓားကို ဝှေ့ယမ်းလိုက်ရာ ကြောက်မက်ဖွယ်ရာကောင်းသော လေနှင့်မိုးကြိုး စွမ်းအားများသည် အပြာရောင်ဓားထံကနေ ထွက်ပေါ်လာခဲ့သည်။
မိုင်၁၀၀ပတ်လည်ရှိ ကောင်းကင်နှင့်မြေကြီး၏ စွမ်းအားများက လှုပ်ရှားလာခဲ့ပြီး လေဆင်နှာမောင်းကဲ့သို့ ဖုန်းရွှယ်ကိုဗဟိုပြုကာ စတင် တိုက်ခတ်လာခဲ့သည်။
"ဖုန်းရွှယ် ရပ်လိုက်စမ်း"
ထိုအချိန်မှာပင် ဖုန်းမိသားစု၏ အကြီးအကဲ ဖုန်းရန်ဟွာသည် လေထဲကနေ ထွက်ပေါ်လာခဲ့ပြီး ဖုန်းရွှယ်ကို အော်ငေါက်လိုက်သည်။
စင်စစ် ဖုန်းရန်ဟွာသည် တိုက်ပွဲအစမှ အဆုံးတိုင် လေထုထဲတွင် တိတ်တဆိတ်ပုန်းအောင်းကာ ကြည့်ရှုနေခဲ့သည်။
သူက တိုက်ပွဲကို မဟန့်တားရသည့် အကြောင်းအရင်းမှာ ဖုန်းရွှယ်မှ တစ်ဆင့် ကျန်းချန်၏ ခွန်အားကို စမ်းသပ်လိုသောကြောင့်ပင်။
အကြောင်းရင်းမှာ ကျန်းချန်က ရိုရှာတောင်ဓားပြအဖွဲ့မှ ကောင်းကင်နတ်ဘုရား စတုတ္ထအဆင့် ကျင့်ကြံသူကို အလွယ်တကူ သတ်ဖြတ်ခဲ့သော်လည်း ထိုအချိန်က အခြေအနေသည် အလွန်တရာ ထူးဆန်းနေခဲ့ပြီး သူ့အနေဖြင့် ကျန်းချန်ထံမှ အသေးစိတ်အချက်အလက်များကို မတွေ့မြင်ခဲ့ရပေ။
ဖုန်းရန်ဟွာ မမျှော်လင့်ထားသော အချက်မှာ ဖုန်းရွှယ်၏ ခွန်အားသည် ကျန်းချန်နှင့် အတော်လေး အလှမ်းဝေးနေခြင်း ဖြစ်၏။
ကျန်းချန်က နေရာမှာပင် မလှုပ်မယှက် ရပ်နေရင်း ဖုန်းရွှယ်၏ တိုက်ကွက်များကို အလွယ်တကူပင် ချေဖျက်နိုင်ခဲ့သည်။
ထို့ကြောင့် ဖုန်းရွှယ်က အလွန်ပင် ဒေါသထွက်ကာ ဖုန်းမိသားစု၏ လျှို့ဝှက်နည်းစနစ်ကို ထုတ်ဖော်လိုက်ခြင်းဆိုလည်း မမှားပေ။
လေမိုးကြိုးဖျက်ဆီးခြင်း ဓားကွက်သည် ဖုန်းမိသားစု၏ အစွမ်းထက် ဓားကွက် ဖြစ်ပြီး အချိန်တိုအတွင်း အလားအလာကို အစွမ်းကုန်အထိ လှုံ့ဆော်ပေးနိုင်စွမ်းရှိသည်။
ပြောရလျှင် ထိုဓားကွက်ကို ထုတ်ဖော်လိုက်သည်နှင့် မိမိ၏ ကိုယ်ပိုင်ခွန်အားထက် ကျော်လွန်သော စွမ်းအားကို အသုံးပြုနိုင်လိမ့်မည် ဖြစ်၏။
ဖုန်းရွှယ်၏ ခွန်အားဖြင့်သာ လေမိုးကြိုးဖျက်ဆီးခြင်းဓားကွက်ကို အပြည့်အဝ ထုတ်ဖော်ခဲ့လျှင် ကျန်းချန်သည် အလွန်တရာ အစွမ်းထက်သည့်တိုင် ခုခံရန် ခက်ခဲသွားပေလိမ့်မည်။
ထိုမျှသာမက လေမိုးကြိုးဖျက်ဆီးခြင်း ဓားကွက်သည် အလွန်တရာ အားကောင်းသော်လည်း အသုံးပြုသူကို အားနည်းသော အခြေအနေသို့ ကာလတစ်ခုကြာ ရောက်ရှိသွားစေမည် ဖြစ်သည်။
ဖုန်းရွှယ်သာ ထိုဓားကွက်ကို ထုတ်ဖော်ခဲ့လျှင် အထွတ်အထိပ်အခြေအနေသို့ ပြန်လည်ရောက်ရှိရန် အတွက် အနည်းဆုံးလပေါင်းများစွာ အချိန်ယူရမည်ကို ဖုန်းရန်ဟွာ စိုးရိမ်နေမိသည်။
သို့သော်လည်း ဖုန်းရွှယ်သည် ဖုန်းရန်ဟွာ၏ ဟန့်တားမှုကိုလျစ်လျူရှုလိုက်ပြီး လေမိုးကြိုး ဖျက်ဆီးခြင်းဓားကွက်ကို ရုတ်သိမ်းခြင်းမရှိခဲ့ပေ။
ကျန်းချန်က သူ့ကို အကြိမ်များစွာ မထီမဲ့မြင်ပြုနေခဲ့သည် ဖြစ်ရာ သူက ကျန်းချန်ကို ပညာပေးရလိမ့်မည် မဟုတ်ပါလော။
"ဝုန်း.."
မျက်စိကျိန်းလောက်သော လေနှင့်မိုးကြိုး ဓားအလင်းသည် အလွန်တရာပင် အစွမ်းထက်သော စွမ်းအားကို သယ်ဆောင်ကာ ကျန်းချန်ဆီသို့ ရိုက်ခတ်လာခဲ့သည်။
"ကောင်းကင်ဖွင့်လှစ်စည်းတံဆိပ်"
ကျန်းချန်က ဆန်းကြယ်သောလက်ဟန်များကို ထုတ်ဖော်လိုက်ရာ မိုင်၁၀၀ပတ်လည်ရှိ ကောင်းကင်နှင့်မြေကြီး၏ စွမ်းအင်သည် ရွှေရောင်တောက်ပသော ကောင်းကင်ဖွင့်လှစ်နတ်စည်းတံဆိပ် အဖြစ်သို့ ချက်ချင်းဆိုသလို ပြောင်းလဲသွားခဲ့ပြီး လေနှင့်မိုးကြိုး ဓားအလင်းကို ထိပ်တိုက် ရင်ဆိုင်လိုက်သည်။
"ဝုန်း.."
ဖုန်းရွှယ်၏ အလွန်တရာ အစွမ်းထက်သော လေနှင့်မိုးကြိုးဓားအလင်းသည် ကျန်းချန်၏ ကောင်းကင်ဖွင့်လှစ် စည်းတံဆိပ်အောက်တွင် တိုက်ရိုက်ပင် ကြေမွသွားခဲ့သည်။
ယင်းနောက်တွင်မူ ဖုန်းရွှယ်၏ ခန္ဓာကိုယ်က တုန်ယင်သွားခဲ့ပြီး မျက်နှာအမူအရာက တစ်ခဏအတွင်း ဖြူဖျော့သွားခဲ့ရာ ခန္ဓာကိုယ် တစ်ခုလုံးသည်လည်း ပေဆယ်ဂဏန်းအထိ လွင့်စင်သွားခဲ့သည်။
"မင်း.. မင်း.."
ဖုန်းရွှယ်က နေရာမှာပင် ဝင့်ကြွားစွာရပ်နေဆဲ ဖြစ်သော ကျန်းချန်ကို ကြည့်ကာ အဆုံးသတ်၌ အံသြထိတ်လန့်သောအမူအရာများသည် သူ၏မျက်ဝန်းထဲတွင် ဖုံးဖိမရစွာ ဖြစ်ပေါ်လာခဲ့သည်။
ထိုအခိုက်အတန့်တွင် သူ၏လည်ချောင်းက ချိုမြိန်သွားခဲ့ပြီး ပါးစပ်ကနေလည်း သွေးတစ်ပွက်ကို အန်ထုတ်လိုက်ရ၏။
လေမိုးကြိုးဖျက်ဆီးခြင်းဓားကွက်ကို အသုံးပြုပြီးနောက်တွင် ဖုန်းရွှယ်သည် ချက်ချင်းဆိုသလိုပင် အားနည်းလာခဲ့ပြီး မြင်ကွင်းများ မဲမှောင်သွားခဲ့ကာ သတိလစ်သွားခဲ့သည်။
ဖုန်းရွှယ် သတိလစ်သွားသည်ကိုမြင်လျှင် ပတ်ဝန်းကျင်တစ်ခုလုံးသည် တစပြင်နှယ် တိတ်ဆိတ်သွားခဲ့သည်။
လူတိုင်းက ကျန်းချန်ကို မှင်တက်စွာ ငေးကြည့်ခဲ့ကြပြီး ပြန်လည် သတိဝင်လာရန် အချိန်အတော်ယူခဲ့ရသည်။
ဖုန်းရွှယ်က လေမိုးကြိုးဖျက်ဆီးခြင်း ဓားကွက်ကို အသုံးပြုခဲ့သည့်တိုင် ကျန်းချန်၏ လက်ထဲတွင် ရှုံးနိမ့်လိမ့်မည်ဟု မည်သူမှ မထင်ထားခဲ့ကြပေ။
သူတို့ကို အံ့အားအသင့်စေဆုံး အချက်မှာ အစမှအဆုံးတိုင် ကျန်းချန်သည် နေရာမှပင် မလှုပ်မယှက် ရပ်နေခဲ့ပြီး ဖုန်းရွှယ်ကို ရင်ဆိုင်နိုင်ခဲ့ခြင်းပင်။
ဖုန်းရန်ဟွာက မှင်တက်ရာကနေ သတိပြန်ဝင်လာပြီးနောက်တွင် ကျန်းချန်၏ရှေ့သို့ အလျင်အမြန် ရောက်လာခဲ့ပြီး တောင်းပန်သော အမူအရာဖြင့် ပြောလိုက်သည်။
"မိတ်ဆွေလေးကျန်းချန်.. ဖုန်းရွှယ်ကိုယ်စား ငါတောင်းပန်ပါတယ်"
ထိုကောင်လေး၏ ပါရမီသည် အမှန်တကယ်ပင် ထူးခြားပြီး ကြောက်မက်ဖွယ်ရာကောင်း၏။
ဟန်ယွဲ့နန်းတော်၏ ထိပ်တန်းပါရမီရှင်နှင့် နှိုင်းယှဥ်လျှင်ပင် အနည်းငယ်မျှ နိမ့်ကျမည်မဟုတ်ပေ။
သူ့အနေဖြင့် ထိုကဲ့သို့သော ပါရမီရှင်ကို မိတ်ဆွေသာ ဖွဲ့သင့်ပြီး ရန်သူဖြစ်ရန် မကြိုးစားသင့်ပေ။
ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်သည်။
"ကိစ္စမရှိပါဘူး အကြီးအကဲဖုန်း.. ဒါက ပညာချင်း ဖလှယ်မှုလေးပါပဲ.. ကျွန်တော် လုပ်ဆောင်ခဲ့တာနဲ့ ပတ်သက်ပြီး အကြီးအကဲဖုန်း အပြစ်မတင်ဖို့ပဲ မျှော်လင့်ပါတယ်"
"ဖုန်းရွှယ်က ကိုယ့်ကိုယ်ကိုယ် စိတ်ကြီးဝင်နေတဲ့ လူငယ်လေးတစ်ယောက်ပဲ.. မိတ်ဆွေလေးကျန်းချန် သူ့ကို သင်ခန်းစာပေးလိုက်တာကလည်း သူ့အတွက် မကောင်းတဲ့ကိစ္စ မဟုတ်ပါဘူး"
ဖုန်းရန်ဟွာက ခေါင်းခါရမ်းကာ ပြောလိုက်သည်။
သူ၏ မြင်နိုင်စွမ်းအရဆိုလျှင် ကျန်းချန်က ညှာတာခဲ့သည်ကို မြင်နိုင်ရန် ခက်ခဲခြင်းမရှိပေ။
သို့မဟုတ်လျှင် ဖုန်းရွှယ်သည် ဤမျှလောက် ဒဏ်ရာလေးဖြင့်သာ ပြီးဆုံးသွားလိမ့်မည် မဟုတ်ချေ။
ဖုန်းရန်ဟွာက ကျန်းချန်နှင့် စကားပြောဆိုပြီးနောက်တွင် နံဘေးရှိ ဖုန်းမိသားစုမှ တပည့်နှစ်ဦးကို ပြောလိုက်သည်။
"မင်းတို့နှစ်ယောက် ဖုန်းရွှယ်ကို သူ့အခန်းဆီ ပြန်ခေါ်သွားလိုက်ကြ"
"ဟုတ်ကဲ့ပါ အကြီးအကဲ"
ဖုန်းမိသားစုမှ တပည့်နှစ်ဦးက ဖုန်းရွှယ်ကို အလျင်အမြန်ပင် ထူမကာ ဖုန်းရွှယ်၏အခန်းရှိရာသို့ သယ်ဆောင်သွားခဲ့ကြသည်။
ကျန်းချန်နှင့် ဖုန်းရန်ဟွာတို့က စကားအနည်းငယ် ပြောဆိုကြပြီးနောက်တွင် သူတို့၏ သက်ဆိုင်ရာအခန်း ဆီသို့ ပြန်လာခဲ့ကြသည်။
ဤကိစ္စ နောက်ပိုင်းတွင် ခရီးစဥ်သည် အလွန်ပင် အေးဆေးတည်ငြိမ်သွားခဲ့သည်။
၂ရက်ခန့်ကြာပြီးနောက်တွင် ကျန်းချန်သည် အဆုံးသတ်၌ ဟန်ယွဲ့မြို့ကို ရောက်ရှိလာခဲ့ပြီး ဟန်ယွဲ့မြို့၏ ဗဟိုရှိ ကြီးမားသော အဆောက်အအုံတစ်ခု ဆီသို့ ရောက်ရှိလာခဲ့သည်။
ထိုနေရာက ဧရိယာ အလွန်ကျယ်ဝန်းပြီး တောင်တန်းနှင့်မြစ်များ ပါဝင်ကာ လှပသောမြင်ကွင်းများနှင့် ကျေးငှက်များဖြင့် ပြည့်နှက်နေခဲ့၏။
"တတိယအကြီးအကဲ ပြန်ရောက်လာပြီ"
ဖုန်းမိသားစုဝင်များက နှုတ်ဆက်ရန်အတွက် ရှေ့သို့တိုးလာခဲ့ကြသည်။
မကြာမီမှာပင် ဖုန်းရန်ဟွာသည် ကျန်းချန်ကို ဖုံးမိသားစု၏ အစည်းအဝေးခန်းမ ထဲသို့ ခေါ်ဆောင်သွားခဲ့သည်။
ထိုနေရာတွင် ဖုန်းမိသားစု၏ခေါင်းဆောင် ဖြစ်သည့် ဖုန်းထျန်းချီက စောင့်ဆိုင်းနေခဲ့၏။
ဖုန်းထျန်းချီက ဖုန်းရန်ဟွာတို့ တိုက်ခိုက်ခံရသည့်အကြောင်းကို သိရှိထားခဲ့ပြီ ဖြစ်သည်။
ကံကောင်းစွာဖြင့် သူတို့ ဖုန်းမိသားစုသည် အစွမ်းထက် ပုဂ္ဂိုလ်တစ်ဦး၏ အကူအညီဖြင့် မည်သည့်ဆုံးရှုံးမှုကိုမှ မခံစားခဲ့ရပေ။
ဤသို့မဟုတ်ဘဲ ဖုန်းရန်ဟွာနှင့် ဖုန်းမိသားစုမှ တပည့်များသာ ရိုရှာတောင် ဓားပြအဖွဲ့သို့ ကျရောက်သွားခဲ့လျှင် သူတို့ဖုန်းမိသားစု၏ ခွန်အားကို အနည်းနှင့်အများ ထိခိုက်စေမည်မှာ သေချာ၏။
"ဒါက မိတ်ဆွေလေးကျန်းချန်ပဲ ဖြစ်ရမယ်.. ငါက ဖုန်းမိသားစုရဲ့ခေါင်းဆောင် ဖုန်းထျန်းချီပါ.. ငါတို့ဖုန်းမိသားစုကို အကူအညီပေးတဲ့ အတွက် မိတ်ဆွေလေးကို ကျေးဇူးတင်ပါတယ်.. မိတ်ဆွေလေးအနေနဲ့ ဖုန်းမိသားစုရဲ့ အကူအညီကို လိုအပ်ရန် အားမနာတမ်း ပြောပါ.. ငါတို့ဖုန်းမိသားစုက အစွမ်းကုန် အကူအညီပေးပါမယ်"
ဖုန်းထျန်းချီက ကျန်းချန်ကို အလွန်ယဥ်ကျေးစွာပင် နှုတ်ဆက် ပြောဆိုခဲ့သည်။
ဖုန်းယန်ဟွာသည် ကျန်းချန်၏ သတင်းကို ဖုန်းမိသားစုထံ ကြိုတင်၍ သတင်း ပေးပို့ထားခဲ့သည်။
ထို့ကြောင့် ဖုန်းထျန်းချီက ကျန်းချန်ကို အထွတ်အထိပ် ပါရမီရှင် တစ်ယောက် ဖြစ်မှန်းသိပြီး ကျန်းချန်နှင့် မိတ်ဆွေဖွဲ့လိုခဲ့သည်။
"ခေါင်းဆောင်ဆီမှာ ကျွန်တော်အကူအညီတစ်ခု တောင်းစရာရှိပါတယ်"
ကျန်းချန်က ကွေ့ဝိုက်၍ ပြောမနေတော့ဘဲ တိုက်ရိုက်ပင်ပြောလိုက်သည်။
"ကျွန်တော် ဒီတစ်ကြိမ် ရောက်လာတာက ဟန်ယွဲ့နယ်မြေမှာ တစ်စုံတစ်ယောက်ကို ရှာဖွေဖို့အတွက်ပဲ"
ထိုစကားကိုကြားလျှင် ဖုန်းထျန်းချီသည် သူ၏ရင်ဘတ်ကို ပုတ်ပြ၍ ရဲရဲကြီး အာမခံကာ ပြောလိုက်သည်။
"စိတ်မပူပါနဲ့ မိတ်ဆွေလေးကျန်းချန်.. ငါတို့ဖုန်းမိသားစုက ဟန်ယွဲ့နယ်မြေမှာ အင်အားကြီးမားတဲ့ မိသားစုတစ်စုအဖြစ် သတ်မှတ်နိုင်ပါတယ်.. မိတ်ဆွေလေး ရှာချင်တာက ဘယ်သူပဲဖြစ်ဖြစ် ငါတို့ဖုန်းမိသားစုက အစွမ်းကုန် လုပ်ဆောင်ပေးပါ့မယ်"