အခန်း (၁၈၀၀)
Vol. 120 Ch. 1800
ကျန်းချန်က ဖုန်းမိသားစု၏ အစည်းအဝေးခန်းမထဲမှ ထွက်ခွာလာပြီးနောက်တွင် ဖုန်းချင်းမန်၏ စီစဥ်ပေးမှုဖြင့် ဖုန်းမိသားစု၏ ခြံဝန်းတစ်ခုတွင် နေထိုင်ကာ သူ့မိခင်နှင့် ပတ်သက်သည့် သတင်းကို စောင့်ဆိုင်းနေခဲ့သည်။
ကျန်းချန်၏ ဇာစ်မြစ်ကို သေချာမသိသောကြောင့် ဖုန်းမိသားစုသည် ကျန်းချန်ကို အပြည့်အဝ ယုံကြည်ခြင်း မရှိခဲ့ဘဲ ဖုန်းမိသားစု တပည့်များကို ကျန်းချန်အား စောင့်ကြည့်ရန် စီစဥ်ထားခဲ့သည်။
ထိုသို့ စောင့်ကြည့်နေသည်ကို ကျန်းချန်က သိသော်လည်း ဂရုမစိုက်ခဲ့ပေ။
သူက ဖုန်းမိသားစု၏ သံသယများကို ရှောင်ရှားရန် အတွက် ဖုန်းမိသားစု အိမ်တော်သို့ ရောက်ရှိပြီးနောက်တွင် တံခါးပိတ်၍သာ ကျင့်ကြံနေခဲ့သည်။
ယခုအခါတွင် ကျန်းချန်သည် ကိုယ်ခံပညာလမ်းစဥ် ၈မျိုး၏ စွမ်းအားကို နားလည်ထားခဲ့ပြီး ၎င်းတို့ထဲမှ ၅မျိုးကို ကမ္ဘာ့စွမ်းအားအဖြစ် စုစည်းထားပြီ ဖြစ်သည်။
ကျန်ရှိသော ကိုယ်ခံပညာလမ်းစဥ် ဥပဒေသ ၃မျိုး ဖြစ်သည့် အချိန်၊ နေရာလွတ်နှင့် အသက်လမ်းစဥ် တို့ကိုမူ ပြီးပြည့်စုံသောအဆင့်အထိ မရောက်ရှိသေးပေ။
အသက်လမ်းစဥ် ဥပဒေသနှင့် ပတ်သက်၍မူ ကျန်းချန်သည် အသက်သစ်ကိုင်း၏ စဥ်ဆက်မပြတ် ပေးစွမ်းနိုင်သော အတွေ့အကြုံရမှတ်များကြောင့် လျစ်လျူရှုထားခဲ့သည်။
ထို့ကြောင့် ကျန်းချန်၏ အဓိကရည်မှန်းချက်မှာ အချိန်လမ်းစဥ် ဥပဒေသနှင့် နေရာလွတ်လမ်းစဥ် ဥပဒေသ တို့ကို ပြီးပြည့်စုံသောအဆင့်အထိ ရောက်ရှိရန်ပင် ဖြစ်၏။
ထို့ကြောင့် ကျန်းချန်သည် အချိန်လမ်းစဥ် ဥပဒေသနှင့် နေရာလွတ်လမ်းစဥ် ဥပဒေသ၏ မူလစွမ်းအားကို မြှင့်တင်ရန်အတွက် ဆေးဝါးများကို အသုံးပြုရန် ရည်ရွယ်ထားခဲ့သည်။
သူက အဂ္ဂိရတ်ပြုလုပ်ရန် အတွက် သိုလှောင်လက်စွပ်ထဲမှ လိုအပ်သည့် ပစ္စည်းများကို ထုတ်ယူလိုက်၏။
စင်စစ် နေရာလွတ်လမ်းစဥ် ဥပဒေသနှင့် အချိန်လမ်းစဥ် ဥပဒေသ၏ မူလစွမ်းအားကို မြှင့်တင်ပေးနိုင်သော ပစ္စည်းများသည် အလွန်တရာပင် ရှားပါးသည်။
ကံကောင်းစွာဖြင့်ပင် ကျန်းချန်သည် မကြာသေးခင်က အရှင်ဟော်ယွင်၏ အမွေအနှစ်များကို ရရှိခဲ့သည်။
နယ်မြေနတ်ဘုရား တစ်ပါး၏ အမွေအနှစ်သည် ထိပ်တန်း ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့် အင်အားစု၏ အရင်းအမြစ်ထက် မနိမ့်ကျပေ။
အရှင်ဟော်ယွင်ထံမှ ရရှိသော အမွေအနှစ်များဖြင့်ဆိုလျှင် သူ၏အချိန်လမ်းစဥ် ဥပဒေသနှင့် နေရာလွတ်လမ်းစဥ် ဥပဒေသကို ပြီးပြည့်စုံသော အခြေအနေအထိ ရောက်ရှိစေရန် လုံလောက်လိမ့်မည်ဟု ယုံကြည်ခဲ့သည်။
ထို့နောက်တွင် ကျန်းချန်က နေရာလွတ်လမ်းစဥ် ဥပဒေသ၏ မူလစွမ်းအားကို တိုးမြှင့်ပေးနိုင်သည့် ဆေးဝါးအား သန့်စင်ရန် ပြင်ဆင်နေစဥ်မှာပင် ဖုန်းမိသားစု၏ အထက်ကောင်းကင်ယံတွင် ကျယ်လောင်သော ခေါင်းလောင်းသံ တစ်သံသည် ပဲ့တင်ထပ်လာခဲ့၏။
ထိုခေါင်းလောင်းသံကို ကြားလျှင် ကျန်းချန်သည် အနည်းငယ်အံ့အားသင့်သွားခဲ့သည်။
သူက ဖုန်းမိသားစုသို့ ယခုမှသာ ရောက်လာခဲ့ခြင်း ဖြစ်၍ ဖုန်းမိသားစုနှင့် ပတ်သက်၍ ဘာမှမသိခဲ့ပေ။
သို့သော်လည်း ယေဘုယျအားဖြင့် ထိုသို့သော အချက်ပေး ခေါင်းလောင်းသံသည် မိသားစုတွင် အကျပ်အတည်းနှင့်ကြုံတွေ့ရမှသာ မြည်လေ့ ရှိမှန်းတော့ သူသိရှိထားခဲ့သည်။
ဤအတိုင်းဆိုလျှင် ဖုန်းမိသားစု၌ တစ်စုံတစ်ရာ ဖြစ်ပျက်နေခဲ့ပါသလော။
ကျန်းချန်က တုံ့ဆိုင်းမနေတော့ဘဲ ချက်ချင်းဆိုသလို ခြံဝန်းထဲကနေ ထွက်ခွာလာခဲ့သည်။
ကျန်းချန်က ခြံဝန်းထဲက ထွက်ခွာလာပြီးနောက်တွင် သူ့ဆီသို့ အလျင်အမြန် ပျံသန်းလာသော ဖုန်းချင်းမန်ကို တွေ့လိုက်ရသည်။
သူမ၏ မျက်ဝန်းထဲတွင် စိုးရိမ်ပူပန်သော အရိပ်အယောင်များရှိနေခဲ့သည်။
ကျန်းချန်က အလျင်အမြန်ပင် ရှေ့သို့ တိုးလိုက်ကာ ဖုန်းချင်းမန်၏ ရှေ့တွင်ရပ်၍ မေးလိုက်သည်။
"မိန်းကလေးချင်းမန်.. ဘာကိစ္စ ဖြစ်နေလို့လဲ"
"ရိုရှာတောင် ဓားပြအဖွဲ့က လေအေးမြို့ကို ကျူးကျော်လာတဲ့အတွက် ခေါင်းဆောင်က သွားနှိမ်နင်းနေတယ်.. ပြဿနာက ဒီလိုအချိန်မှာမှ လုမိသားစုက ဖုန်းမိသားစုကို ရုတ်တရက် လာရောက် တိုက်ခိုက်တာပဲ"
ဖုန်းချင်းမန်က စိုးရိမ်သော အမူအရာဖြင့် ပြောလိုက်သည်။
"အခြေအနေ ဆိုးရွားလာရင် ဖုန်းမိသားစုရဲ့ ထိပ်တန်းတပည့်တွေကို လေအေးမြို့ကနေ တိတ်တဆိတ် ဆုတ်ခွာဖို့အကြီးအကဲတွေက စီစဥ်ထားတယ်.. ကျွန်မ အခုရောက်လာတာက အစ်ကိုကျန်းချန်ကို ကျွန်မတို့နဲ့အတူ ဆုတ်ခွာဖို့အတွက် လာခေါ်တာပါ"
ဖုန်းချင်းမန်၏ စကားကိုကြားလျှင် ကျန်းချန်သည် အံ့အားသင့်သွားခဲ့သည်။
ဖုန်းမိသားစုကို ရောက်ရှိလာသည်နှင့် ဖုန်းမိသားစုသည် ဤကဲ့သို့ အကျပ်အတည်းနှင့် ကြုံတွေ့ရလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
ယခုအခါတွင် သူက သူ၏ မိခင်အကြောင်းကို သိရရန်အတွက် ဖုန်းမိသားစုထံမှ သတင်းကို စောင့်ဆိုင်းနေခဲ့သည်။
သို့ဖြစ်ရာ ဖုန်းမိသားစုသာ နှိမ်နင်းခံခဲ့ရလျှင် သူ၏မိခင်သတင်းကို စုံစမ်းရာတွင် ပို၍ပင် ကြန့်ကြာသွားနိုင်သည်မဟုတ်ပါလား။
"မိန်းကလေးချင်းမန် စိတ်မပူပါနဲ့ ငါရှိနေသရွေ့တော့ ဖုန်းမိသားစုက နှိမ်နင်းခံရမှာမဟုတ်ဘူး"
ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်သည်။
"ငါ့ကို လုမိသားစုက လူတွေဆီ ခေါ်သွားပေးပါ"
ကျန်းချန်၏ လက်ရှိခွန်အားဖြင့် ဆိုလျှင် နယ်မြေနတ်ဘုရားအဆင့်နှင့် ရင်မဆိုင်ရသရွေ့ သူ့ကိုခြိမ်းခြောက်နိုင်သူ မရှိပေ။
လေအေးမြို့ရှိ လုမိသားစုနှင့် ပတ်သက်၍ ကျန်းချန်သည် ဖုန်းချင်းမန် ပြောပြသည်ကို ကြားဖူးခဲ့သည်။
၎င်းတို့၏ ခွန်အားသည် ဖုန်းမိသားစုနှင့် တန်းတူ ဖြစ်ပြီး ထိပ်တန်း ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့် အင်အားစုတစ်ခု ဖြစ်သည်ဟု ဆိုကြသည်။
သို့သော်လည်း ထိုကဲ့သို့သော အင်အားစုများသည် ကျန်းချန်၏ မျက်လုံးထဲကို ဝင်ရောက်နိုင်မည် မဟုတ်ပေ။
ယခုအခါတွင် ဖုန်းမိသားစုသည် သူ၏မိခင်နှင့် ပတ်သက်၍ စုံစမ်းနေခဲ့သည်။
လုမိသားစုက အကောင်းအဆိုးကို နားမလည်ဘဲ သူ့မိခင်၏ သတင်းကို ရှာဖွေရာတွင် အနှောင့်အယှက် ပေးချင်သည်ဆိုလျှင် သူက လုမိသားစုကို ဖျက်ဆီးပစ်ရန် နှောင့်နေးနေမည်မဟုတ်ချေ။
ဖုန်းချင်းမန်က ကျန်းချန်၏ စကားကို ကြားလျှင် အံ့အားသင့်သွားခဲ့ပြီး ချက်ချင်းဆိုသလိုပင် ခါးသီးစွာပြုံး၍ ပြောလိုက်သည်။
"အစ်ကိုကျန်းချန်.. အခုအချိန်မှာ ခေါင်းဆောင်က ရိုရှာတောင်ဓားပြအဖွဲ့နဲ့ သွားရောက် ရင်ဆိုင်နေရလို့ ဖုန်းမိသားစုမှာ ရှိမနေဘူး.. ဒါကြောင့် ဖုန်းမိသားစုအနေနဲ့ လုမိသားစုနဲ့ ယှဥ်ပြိုင်ဖို့ ခက်ခဲမှာကို ကျွန်မစိုးရိမ်မိတယ်"
ကျန်းချန်က ကောင်းကင်နတ်ဘုရား ပဉ္စမအဆင့် ကျင့်ကြံသူနှင့် နှိုင်းယှဥ်နိုင်လောက်အောင် အစွမ်းထက်သော်လည်း ဖုန်းမိသားစုကို ကယ်တင်ရန် ခက်ခဲမည်ကို သူမ စိုးရိမ်နေမိသည်။
"မင်းတို့ ဖုန်းမိသားစုက မကိုင်တွယ်နိုင်ဘူး ဆိုတာနဲ့ ငါလည်း မကိုင်တွယ်နိုင်ဘူးလို့ မဆိုလိုဘူးလေ.. ဒါက ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့် အင်အားစုလေးပါပဲ.. ငါ့အတွက် ဘာမှမဟုတ်ပါဘူး.. ငါ့ကို အဲဒီကိုသာ ခေါ်သွားပေးပါ.. ငါက မင်းတို့ဖုန်းမိသားစုရဲ့ စိုးရိမ်ပူပန်မှုတွေကို ငြိမ်းသတ်ပေးပါမယ်"
ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးလိုက်ပြီး ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်။
ကျန်းချန်၏ ယုံကြည်မှုအပြည့် ရှိသော အသွင်အပြင်ကို မြင်လျှင် ဖုန်းချင်းမန်သည် အဆုံးသတ်၌ သွားများကို အံကြိတ်ကာ ပြောလိုက်သည်။
"ဒါဆို အစ်ကိုကျန်းချန် ကျွန်မနဲ့ လိုက်လာခဲ့ပါ"
သူတို့ ကျန်းချန်နှင့် တွေ့ဆုံခဲ့စဥ်က ကျန်းချန်သည် ကောင်းကင်နတ်ဘုရား စတုတ္ထအဆင့် ကျင့်ကြံသူကို အလွယ်တကူပင် သတ်ဖြတ်ခဲ့ပြီး ရိုရှာတောင် ဓားပြအဖွဲ့ကို ဆုတ်ခွာစေကာ သူတို့ကို အသက်အန္တရာယ်မှ ကယ်တင်ခဲ့သည်။
ဤတစ်ကြိမ်တွင်လည်း ကျန်းချန်သည် အံ့ဖွယ်ကိစ္စများကို ဖန်တီးပြီး သူတို့ ဖုန်းမိသားစုကို အကျပ်အတည်းကနေ လွတ်မြောက်စေပါမည်လော။
သူတို့နှစ်ဦးက ဖုန်းမိသားစု၏ အတွင်းခြံဝန်းကနေ လျင်မြန်စွာ ထွက်ခွာသွားခဲ့သည်။
သိပ်မကြာခင်မှာပင် သူတို့သည် ဖုန်းရွှယ် ဦးဆောင်သော ဖုန်းမိသားစုမှ တပည့်အုပ်စု တစ်စုနှင့် တွေ့ဆုံခဲ့သည်။
ကျန်းချန်နှင့်အတူ တွဲ၍ လျှောက်လာသော ဖုန်းချင်းမန်ကို မြင်လျှင် ဖုန်းရွှယ်၏ အကြည့်တွင် မနာလိုသော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။
"ချင်းမန်.. အကြီးအကဲက မင်းနဲ့ ငါ့ကို ဖုန်းမိသားစုက ထိပ်တန်းတပည့်တွေနဲ့ ဆုတ်ခွာဖို့ အမိန့်ပေးထားတယ် မဟုတ်လား.. မင်းအခု ဘာလုပ်နေတာလဲ"
"အစ်ကိုဖုန်းရွှယ်ပဲ သူတို့ကို အရင်ခေါ်ထုတ်သွားလိုက်ပါ.. ကျွန်မက အစ်ကို ကျန်းချန်ကို အပြင်လိုက်ပို့ပေးလိုက်ပါဦးမယ်"
ထိုစကားကို ပြောပြီးနောက်တွင် ဖုန်းချင်းမန်သည် ဖုန်းရွှယ်ကို စကားပြောရန်ပင် အခွင့်အရေးမပေးခဲ့ဘဲ ကျန်းချန်နှင့်အတူ ဖုန်းအိမ်တော်၏ အပြင်ဘက်ဆီသို့ ပျံသန်းသွားခဲ့သည်။
"အစ်ကိုဖုန်းရွှယ် ကျွန်တော်တို့အခု ဘာဆက်လုပ်ရမလဲ"
ဖုန်းမိသားစုမှ တပည့်တစ်ဦးက အလျင်အမြန် မေးလိုက်သည်။
"မင်းက ဘာလုပ်ချင်သေးလို့လဲ.. အခုဦးစားပေးက အရင်ဆုံးဆုတ်ခွာဖို့ပဲ.. မင်းသေချင်တယ် ဆိုရင်တော့ နေခဲ့ပေါ့"
ဖုန်းရွှယ်က နှာခေါင်းရှုံ့ကာ အေးစက်စက် ရေရွတ်လိုက်ပြီး ချက်ချင်းဆိုသလိုပင် ဖုန်းမိသားစု၏ တားမြစ်နယ်မြေရှိ လျှို့ဝှက်လမ်း ဆီသို့ တိုက်ရိုက်ပင် လျှောက်လှမ်းသွားခဲ့သည်။
ယနေ့တွင် ရိုရှာတောင် ဓားပြအဖွဲ့နှင့် လုမိသားစုက ပူးပေါင်း၍ တိုက်ခိုက်ခဲ့ပြီ ဖြစ်ရာ ဖုန်းမိသားစု အနေဖြင့် ပျက်စီးမည်မှာ သေချာသလောက် ဖြစ်၏။
စိမ်းလန်းသော သစ်တောများ ရှိနေသရွေ့ ထင်းမရှိမည်ကို စိုးရိမ်စရာ မလိုအပ် ဟူသော စကားပုံရှိသည် မဟုတ်ပါလော။
သူ့တွင် တောက်ပသောအနာဂတ် ရှိနေသည်ဖြစ်ရာ အလဟဿ သေဆုံးရန်အတွက် ထိုင်စောင့်နေမည် မဟုတ်ပေ။
တစ်ချိန်တည်းမှာပင် ဖုန်းမိသားစု၏ အရှေ့ဘက် တံခါးဝတွင် ဖုန်းရန်ဟွာသည် အခြားသော အဆင့်မြင့် ဖုန်းမိသားစုဝင်များကို ဦးဆောင်ကာ တစ်ဖက်မှ လူအုပ်စုတစ်စုနှင့် ထိပ်တိုက်ရင်ဆိုင်နေခဲ့သည်။
"လုရှင်း.. ခင်ဗျားတို့ လုမိသားစုက တကယ်ကို အကျင့်ယုတ်မာတာပဲ.. ငါတို့ ဖုန်းမိသားစုကို တိုက်ခိုက်ဖို့အတွက် ရိုရှာတောင် ဓားပြအဖွဲ့နဲ့တောင် ပူးပေါင်းခဲ့တယ်"
ဖုန်းရန်ဟွာက သူ၏ တစ်ဖက်ရှိ အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသော လူလတ်ပိုင်းအရွယ် အမျိုးသားကို ခပ်တင်းတင်း စိုက်ကြည့်ကာ ပြောလိုက်သည်။
သူက အလွန်တရာပင် ဒေါသထွက်နေခဲ့၏။
"ဟားဟား ငါက အမြဲတမ်းရလဒ်ကိုပဲ ဂရုစိုက်တယ်.. ငါ့ရဲ့ရည်မှန်းချက် အောင်မြင်နိုင်သရွေ့ ရိုရှာတောင် ဓားပြအဖွဲ့နဲ့ ပူးပေါင်းရလည်း ကိစ္စမရှိဘူး"
လုရှင်းက အေးစက်စက် လှောင်ပြောင်လိုက်သည်။
"ဖုန်းရန်ဟွာ ငါ့မှာ မင်းနဲ့ အချိန်ဖြုန်းချင်စိတ် မရှိဘူး.. ဒီနေ့တိုက်ပွဲမှာ မင်းတို့ ဖုန်းမိသားစုအနေနဲ့ ဘာအခွင့်အရေးမှ ရမှာမဟုတ်ဘူး.. မင်း အခု ငါ့ရဲ့လက်အောက်မှာ ခိုလှုံမယ်ဆိုရင် မင်းအသက်ကို ငါချမ်းသာပေးနိုင်တယ်"
"လုရှင်း မင်းအိပ်မက်မက်မနေနဲ့"
ဖုန်းရန်ဟွာက လုရှင်းကို စူးစိုက်ကြည့်ကာ ဒေါသတကြီး ကြုံးဝါးလိုက်သည်။
"ဒီနေ့ ငါဖုန်းရန်ဟွာ အစိတ်စိတ်အမွှာမွှာ ဖြစ်သွားရင်တောင် မင်းလို လူယုတ်မာကို အညံ့ခံမှာ မဟုတ်ဘူး"
"မင်းက တော်တော်ခေါင်းမာတာပဲ.. ဒီလိုဆိုမှတော့ သွားသေလိုက်တော့"
လုရှင်း၏ မျက်ဝန်းများတွင် အေးစက်သော အလင်းတန်းတစ်ခု ဖျတ်ခနဲ လက်သွားခဲ့သည်။
သူက လက်တစ်ဖက်ကို ဆန့်ထုတ်၍ လေထုထဲတွင် အသာအယာ လှုပ်ခါလိုက်သည်။
ထို့နောက်တွင် ကောင်းကင်နှင့်နေကိုပင် လွှမ်းခြုံနိုင်သောဧရာမ အနက်ရောင်လက်ဖဝါး တစ်ဖက်သည် လေထုကိုပင် ချိုးဖျက်နိုင်သော စွမ်းအားကို သယ်ဆောင်ကာ ဖုန်းရန်ဟွာ၏ ဦးခေါင်းအထက်ကနေ ကျဆင်းလာခဲ့သည်။
ထိုမြင်ကွင်းကိုမြင်လျှင် ဖုန်းရန်ဟွာ၏ မျက်နှာ အမူအရာက ပြင်းထန်စွာ ပြောင်းလဲသွားခဲ့သည်။
သူက ဖုန်းမိသားစု၏ အခြားသော ပဉ္စမအဆင့် ကောင်းကင်နတ်ဘုရားနှင့် အတူ လုရှင်းကို ပြန်လည်တိုက်ခိုက်ရန် ပြင်ဆင်နေစဥ်မှာပင် မျက်စိကျိန်းစပ်လောက်စရာ ဓားအလင်း တစ်ခုသည် လေထုကို ထိုးဖောက်သွားခဲ့ပြီး ဖုန်းရန်ဟွာ၏ ဦးခေါင်းထက်သို့ ကျရောက်လာသော အနက်ရောင်ဧရာမလက်ဖဝါးကို တစ်ခဏအတွင်းမှာပင် ကြေမွသွားစေခဲ့သည်။
ချက်ချင်းဆိုသလိုပင် အေးစက်စက် ရေရွတ်လိုက်သော အသံတစ်သံသည် ပတ်ဝန်းကျင်တွင် ပဲ့တင်ထပ်သွားခဲ့သည်။
"ဖုန်းမိသားစုက ငါ့ရဲ့စောင့်ရှောက်မှုအောက်မှာ ရှိတယ်.. မင်းတို့တွေ မသေချင်ဘူးဆိုရင် ဒီကနေ ချက်ချင်းထွက်သွားလိုက်စမ်း"