အခန်း (၈၁၃)
Vol. 59 Ch. 813
အမှန်တွင်မူ သခင်ကြီးဟောင်သည် ယခင် ကောင်းကင်ဘုံကိုးဆင့် အစီအမံညီလာခံ ကတည်းက မိန်းကလေး ယွဲ့လီအား ဖိတ်ခေါ်ရန် ကြိုးစားခဲ့ပါသေး၏။
သို့သော် ယွဲ့မိသားစုဘက်မှ... သူမ ငယ်လွန်းသေးသည်ဟု အကြောင်းပြကာ သူ့ဖိတ်ခေါ်မှုကို ငြင်းခဲ့ပါသည်။
အမှန်မှာ.. သခင်ကြီးဟောင် တစ်ယောက်တည်း ထိုအကြံမျိုး ရှိသည်မဟုတ်ပါ ။
ပြီးခဲ့သည့် နှစ်များအတွင်း မရေမတွက်နိုင်သော အဖွဲ့များနှင့် ဂိုဏ်းများက ထိုပါရမီထူးလှသော မိန်းမငယ်အား သူတို့၏ အဖွဲ့ဝင်အဖြစ် ခေါ်နိုင်ရန် ကြိုးစားခဲ့ကြပါ၏။
သို့သော် ယွဲ့မိသားစုက အားလုံးကို ငြင်းခဲ့ပြီး .. ယွဲ့လီကိုလည်း အပြင်လူများ တွေ့ရခဲလှပါသည်။
ယခုတွင်မူ မျှော်လင့်မထားစွာပင်.. သူမက ရွှမ်လင်မြို့သို့ ပြိုင်ပွဲဝင်ရန် ရောက်လာခဲ့လေပြီ ။
" ကောင်းတယ်ကွာ.. သိပ်ကောင်းတယ် ။ လူရွေးပွဲ စရင် မိန်းကလေးကို သေချာစောင့်ကြည့်ထားနော် ။ တခြားသူတွေ သူ့ကို မနှောင့်ယှက်စေနဲ့ "
သခင်ကြီးဟောင် အလေးနက်ဆိုလိုက်သည်။
" ဟုတ်ကဲ့ပါ သခင်ကြီး "
တဖက်မှ ဝန်ထမ်းများအားလုံး ပြိုင်တူ ပြောလိုက်ကြ၏။
ထိုစဉ် စာရင်းသွင်းသော လူကြီးက ခေါင်းမော့၍ ခိုးကြည့်လိုက်ရာ သခင်ကြီးဟောင်၏ မျက်နှာထက်တွင် အပြုံးတစ်ခု ရှိနေသည်ကို မြင်လိုက်ရသည်။ သူလည်း ပြုံး၍ ပြောလိုက်၏။
" သခင်ကြီးဟောင်... စကားမစပ် ၊ ဒီနေ့ စိတ်ဝင်စားစရာ တစ်ခုလဲ ရှိသေးတယ်ဗျ "
သခင်ကြီးဟောင်မှာ စိတ်ပျော်နေသဖြင့် ပြုံး၍ ပြန်မေးလိုက်သည်။
" ဟုတ်လား... ငါတို့ ရွှမ်လင်မြို့ကို လာကြတဲ့ တခြားပါရမီရှင်တွေ ရှိသေးတာလား "
လူကြီး ခေါင်းယမ်းပြသည်။
" ပါရမီရှင် မဟုတ်ဘူးဗျ ။ တိုင်လင်စင်မြင့်က ရောက်လာတာ "
သခင်ကြီးဟောင် မျက်မှောင်ကြုံ့သွား၏။
" တိုင်လင်စင်မြင့်.. ဟုတ်လား ။ သူတို့ရဲ့ ဂိုဏ်းချုပ်ကြီး ပျောက်သွားကတည်းက တိုင်လင်စင်မြင့်ကို ဒီမှာ မမြင်ရတာတောင် ကြာသွားခဲ့ပြီလေ ။ အခု ဒီတစ်ယောက်က ဘာတွေ စိတ်ဝင်စားစရာ ကောင်းလို့လဲ "
လူကြီးက ပြန်ပြောသည်။
" အခု တိုင်လင်စင်မြင့်ကနေပြီးတော့ ကောင်းကင်ဘုံကိုးဆင့် အစီအမံညီလာခံမှာ ဝင်ပြိုင်ဖို့ ရောက်နေတဲ့သူက တုကျဲ့အဆင့်ပဲ ရှိသေးတဲ့ ကောင်လေးတစ်ယောက်ဗျ "
သူ့စကားကြောင့် သခင်ကြီးဟောင် အံ့အားသင့်သွား၏။
" တုကျဲ့အဆင့်... သေချာရဲ့လားကွာ "
တဖက်လူ ခေါင်းငုံ့သွားကာ ပြန်ပြောသည်။
" အစကတော့ ကျုပ်လဲ အမြင်မှားတယ်လို့ ထင်နေတာ ။ ဒါပေမယ့် သေချာထပ်မေးကြည့်လိုက်တော့.. တကယ်လဲ တုကျဲ့အဆင့်မှာတဲ့ "
ထိုစကားကို ကြားပြီးနောက် သခင်ကြီးဟောင်၏ မျက်နှာ သိသိသာသာပင် သုန်မှုန်သွားသည်။
၎င်းကိုမြင်သော စာရင်းသွင်းသူ လူကြီးက ချက်ချင်း တီးတိုးမေးလာ၏။
" သခင်ကြီးဟောင်... ကျုပ် သူ စာရင်းသွင်းထားတာကို ဖျက်လိုက်ရမလား.. "
သခင်ကြီးဟောင် ခေတ္တမျှ စဉ်းစားနေပြီးမှ ခေါင်းယမ်းလိုက်သည်။
" မလိုဘူး ၊ အားလုံးကို စာရင်းသွင်းပြီးသွားပြီဆိုတော့ ပြောင်းဖို့ ခက်သွားပြီကွ ။ ပြီးတော့ စည်းကမ်းချက်တွေထဲမှာ ကျင့်ကြံခြင်းအဆင့်ကို ကန့်သတ်ထားတာလဲ မရှိဘူးလေ "
စာရင်းသွင်းသူ လူကြီး ချက်ချင်း ခေါင်းညိတ်လိုက်၏။
ထိုစဉ် သခင်ကြီးဟောင်က ရုတ်တရက် ထရပ်လိုက်ပြီးနောက် ခပ်ဝေးဝေးသို့ ငေးကြည့်ရင်း သက်ပြင်းချသည်။
" တိုင်လင်စင်မြင့်က အရင်တုန်းကဆို အစီအမံပိုင်းမှာ တကယ့်ထိပ်သီးတွေပေါ့ကွာ ။ သူတို့အဖွဲ့ အခုလို အခြေအနေထိ ဆိုးသွားမယ်လို့ ထင်တောင် မထင်ခဲ့မိဘူး... ဟူး.... "
သူ ထိုသို့ပြောပြီးနောက်.. အခြားဘက်လှည့်၍ ထွက်သွားတော့၏။ သူ သွားရင်းလဲ ပြောသွားသေးသည်။
" အားလုံး အသင့်ပြင်ထားကြတော့ ။ နောက်တစ်နာရီဆိုရင် လူရွေးပွဲ စပြီ "
" ဟုတ်ကဲ့ပါ သခင်ကြီး "
စာရင်းသွင်းသူ လူကြီးက ဦးညွှတ်၍ ပြန်ပြောလိုက်သည်။ သူ ခေါင်းပြန်မော့ချိန်တွင်မူ သခင်ကြီးဟောင်က အဝေးသို့ပင် ရောက်သွားလေပြီ ။
ထိုစဉ်... ပြိုင်ပွဲခန်းမထဲ၌ ...
" ဟမ့်.. ဟိုကောင်တွေက ကျင့်ကြံခြင်းအဆင့်တစ်ခုတည်းနဲ့ လူတွေရဲ့အစွမ်းကို အကဲဖြတ်နေကြတာ ။ လက်ထောက်ဂိုဏ်းချုပ်ကြီး ဘယ်လောက်အစွမ်းထက်တယ် ဆိုတာ သူတို့တွေ မသိကြသေးဘူး "
ရှောက်ရက မကျေမနပ် ပြောလိုက်သည်။
လောထျန်း ပြန်ပြောရန် ပြင်လိုက်စဉ်မှာပင်..
သူ ရုတ်တရက် မျက်မှောင်ကြုံ့သွားရသည်။
" ဟင်. .."
" ဘာဖြစ်လို့လဲ လက်ထောက်ဂိုဏ်းချုပ်ကြီး "
ရှောက်ရက စိတ်ဝင်တစား မေး၏။
လောထျန်း နောက်သို့ တစ်ချက်လှည့်ကြည့်ကာ ပြောလိုက်သည်။
" ခုနကတစ်ယောက်က သူ့ စိတ်ဝိဉာဉ်အစွမ်းကို သုံးပြီးတော့ ကျုပ်တို့ကို စစ်ဆေးနေတုန်းပဲ "
ရှောက်ရတစ်ယောက် လောထျန်းကြည့်သည့်ဘက်
သို့ လှည့်ကြည့်လိုက်ရာ အစိမ်းရောင်ဝတ် မိန်းမပျိုအား ထပ်မြင်လိုက်ရသည်။
" ခုနကလဲ သူပဲနော်... ဒါပေမယ့် ကျွန်မကတော့ အခုထိလဲ ဘာမှ မခံစားရဘူး "
ရှောက်ရ တအံ့တသြ ပြောလိုက်သည်။
လောထျန်း ခေါင်းယမ်းလိုက်၏။
" ထားလိုက်ပါလေ... သူ့ကိုကြည့်ရတာ ကျုပ်တို့ကို ပစ်မှတ်ထားနေတဲ့ပုံတော့ မပေါ်ဘူး ။ သူက အားလုံးကို အဲ့လိုစစ်ဆေးကြည့်နေတာဆိုတော့ ကျုပ်တို့ကို ရန်လိုနေတာ မဟုတ်လောက်ဘူး ။ သူ့ကို အာရုံစိုက်မနေနဲ့တော့ "
" ဟုတ်ကဲ့ "
ရှောက်ရ ခေါင်းညိတ်ကာ အခြားဘက်သို့ ပြန်လှည့်လိုက်သည်။
ထိုစဉ်တွင်.. တဖက်ရှိ အစိမ်းရောင်ဝတ် မိန်းမပျိုဆီမှ တအံ့တသြရေရွတ်သံ ထွက်လာသည်။
" မမလေး ၊ ဘာဖြစ်လို့လဲ "
သူမဘေးမှ အကူအမျိုးသမီးက မေး၏။
အစိမ်းရောင်ဝတ်မိန်းမပျိုက လောထျန်းဘက် လှည့်ကြည့်ကာ ပြောသည်။
" တကယ်ကြီး သူပဲ.. "
အကူအမျိုးသမီးကလည်း လောထျန်းဆီသို့ လှမ်းကြည့်ကာ မျက်မှောင်ကြုံ့၍ ပြန်မေးလိုက်သည်။
" အဲ့လူက ဘာဖြစ်လို့လဲ မမလေး "
အစိမ်းရောင်ဝတ် မိန်းမပျို သက်ပြင်းချလိုက်၏။
" ခုနတုန်းက အပြင်မှာ ရှိနေတဲ့အချိန် ကျွန်မရဲ့ စိတ်ဝိဉာဉ်အစွမ်းကို သုံးပြီး စစ်ဆေးကြည့်တော့.. သူ တုန့်ပြန်လာသလိုပဲ ။ အခုလဲ ကျွန်မရဲ့ စိတ်ဝိဉာဉ်အစွမ်းနဲ့ ဘေးပတ်ဝန်းကျင်ကို စစ်ဆေးလိုက်တဲ့အချိန်မှာ သူ ကျွန်မဘက်ကို ထပ်ကြည့်လာပြန်တယ် ။ သူက... ကျွန်မရဲ့ စိတ်ဝိဉာဉ်အစွမ်းကိုများ အာရုံခံမိနေတာလား မသိဘူး "
အကူအမျိုးသမီးက နှုတ်ခမ်းစူကာ ပြန်ပြောသည်။
" မမလေးက အစိုးရိမ်ကြီးလွန်းနေပါပြီ ။ မမလေးရဲ့ စိတ်ဝိဉာဉ်အစွမ်းနဲ့ စစ်ဆေးတာကို မိသားစု ဘိုးဘေး
ကတောင် သတိမထားမိခဲ့တာလေ။ သူ့လို သာမာန်ကောင်လေးတစ်ယောက်က ဘယ်လိုလုပ် သတိထားမိမှာလဲ ။ တိုက်ဆိုင်တာပဲ ဖြစ်မှာပါ "
အခြား အကူအမျိုးသမီးကလည်း ထိုအဆိုကို သဘောတူ၏။. " ဟုတ်တယ်ရှင့် ... အဲ့လူက မမလေးကို သဘောကျလို့ ကြည့်နေတာလဲ ဖြစ်နိုင်တာပဲလေ "
ပထမ အကူအမျိုးသမီးက ပြုံး၍ ပြန်ထောက်ခံသည်။
" ဟုတ်တယ် ၊ အဲ့လိုပဲ ဖြစ်ရမယ် "
အစိမ်းရောင်ဝတ် မိန်းမပျိုက ခေတ္တမျှ စဉ်းစားနေပြီးနောက်... ခေါင်းယမ်း၍ လောထျန်းရှိရာသို့ လျှောက်သွားလိုက်၏။
ဘာတွေ ဖြစ်နေသည်ကို သူမ သိချင်ပါသည်။
" မမလေး "
အကူအမျိုးသမီး နှစ်ယောက်အနည်းငယ် အံ့အားသင့်သွားကြသော်လည်း မည်သို့မှမတတ်နိုင်
ဘဲ သူတို့၏ မမလေးနောက်မှ လိုက်လာကြသည်။
" တွေ့ရတာ ဝမ်းသာပါတယ် သခင်လေး "
အစိမ်းရောင်ဝတ် မိန်းမပျိုက လောထျန်းရှေ့ရောက်သည်နှင့် အနည်းငယ်ဦးညွှတ်၍ ဆိုလိုက်သည်။
" ဟင်.. ဘာလဲ... "
လောထျန်းက အသံကြားပြီး လှည့်ကြည့်၏။
မိန်းမပျိုက အပြုံးဖြင့် ဆိုသည်။
" ဘာမှ အထွေမထူးမဟုတ်ပါဘူးရှင် ။ အခုက ကျွန်မ ကောင်းကင်ဘုံကိုးဆင့် အစီအမံညီလာခံမှာ ဝင်ပြိုင်တာ ပထမဆုံးမို့ နည်းနည်းစိတ်လှုပ်ရှားနေလို့ပါ ။ ဖြစ်နိုင်ရင် သခင်လေးကို အကြံလေး နည်းနည်းလောက် တောင်းလို့ရမလားရှင် "
သူမ၏ စကားကြောင့် လောထျန်း အံ့သြသွားရပါသည်။
ထိုမိန်းမပျိုက ဘာလုပ်ရန် ကြိုးစားနေသည်ကို သူ နားမလည်ပါ ။
သို့သော်.. သူ ဘာမှပြန်မပြောနိုင်ခင်မှာပင် သူ့နောက်တွင် ရှိနေသူတစ်ယောက်က ရယ်ရင်း ပြောလာ၏။
" မိန်းကလေး ယွဲ့ ၊ အကြံတောင်းတာ လူမှားနေပြီဗျ ။ ဒီ ညီလေးက မိန်းကလေးကို ဘာမှကူညီပေးနိုင်မယ် မထင်ဘူး "
စကားသံနှင့်အတူ အဖြူရောင်ဝတ်စုံ ဝတ်ထားသော လူငယ်တစ်ယောက် ရောက်လာသည်။
" ကျုပ်ကိုယ်ကျုပ် မိတ်ဆက်ပေးပါရစေ ။ ကျုပ်က ရွှမ်လင်နန်းတော်ရဲ့ နတ်ဘုရားသားတော် ၊ ကွမ်ဝမ်ယွိ ပါ "
လူငယ်က အပြုံးဖြင့် ပြောသည်။
" ကွမ်ဝမ်ယွိ တဲ့... "
ထိုနာမည်ကို ကြားသည်နှင့် အစိမ်းရောင်ဝတ် မိန်းမပျို၏ အကူအမျိုးသမီး နှစ်ယောက်ဆီမှ တအံ့တသြ ရေရွတ်သံများ ထွက်လာသည်။
ဘေးတွင် ရပ်နေသော လောထျန်းက ရှောက်ရဘက် လှမ်းကြည့်လိုက်၏။
ရှောက်ရက သူ့အား တိတ်တဆိတ် အသံလွှင့်နည်းဖြင့် ချက်ချင်းပြောလာသည်။
" လက်ထောက်ဂိုဏ်းချုပ်ကြီး ၊ ရွှမ်လင်နန်းတော်နဲ့ ကျွန်မတို့ တိုင်လင်စင်မြင့် ကြားမှာ ပြဿနာလေး နည်းနည်းရှိထားတယ်ရှင့် ။ သူတို့က ကျွန်မတို့ကို ဖိနှိပ်လာခဲ့တာ နှစ်တွေ တော်တော်ကြာသွားခဲ့ပြီ .. ပြီးတော့ ကျွန်မတို့ တိုင်လင်စင်မြင့်ရဲ့ ဂိုဏ်းခွဲတွေ အများကြီးကိုလဲ သူတို့ အပိုင်သိမ်းထားခဲ့သေးတယ် "
လောထျန်း ခေါင်းအသာညိတ်လိုက်၏။
ထိုစဥ် တဖက်မှ အစိမ်းရောင်ဝတ်မိန်းမပျိုက အနည်းငယ် အံ့သြသွားဟန်ဖြင့် ပြောလာပါသည်။
" သခင်လေးက ကွမ်ဝမ်ယွိ လား ၊ ကျွန်မ သခင်လေးရဲ့နာမည်ကို ကြားဖူးနေတာတော့ ကြာပါပြီ ။ အခု ဘယ်လိုလုပ်ပြီး ကျွန်မကို သိသွားတာလဲ "
သူမ အံ့သြနေသလို သံသယလည်း အနည်းငယ်ဝင်နေပါ၏။ သူမ၏ မျက်နှာကို သေချာဖုံးထားသည့်ကြားမှ တဖက်လူက သူမဘယ်သူမှန်း သိသွားခဲ့သည် မဟုတ်ပါလား ။
သူကရော သူမ၏ စိတ်ဝိဥာဥ်အစွမ်းကို အာရုံခံမိသွားခဲ့တာလား ...
ကွမ်ဝမ်ယွိက နှုတ်ခမ်းတွန့်ရုံ ပြုံး၍ ပြန်ပြော၏။
" အဲ့ဒါက မခက်ပါဘူးဗျာ ။ ကျုပ်က တစ်နေ့လုံး စာရင်းသွင်းတဲ့ ရုံးနားလေးမှာ ရှိနေခဲ့တာလေ ။ ဟိုစကားပုံလဲ ရှိသားပဲ... ကိုယ့်ကိုကိုယ်နဲ့ ရန်သူကို သေချာသိထားရင် ဘယ်တိုက်ပွဲကိုမဆို အောင်နိုင်တယ်တဲ့ ။ အဲ့ဒါကြောင့် ကျုပ်က ပြိုင်ပွဲလာဝင်ကြတဲ့ သူတိုင်းကို သေချာစောင့်ကြည့်နေခဲ့တာ "
ထို့နောက် သူ လောထျန်းအား လှည့်ကြည့်ကာ ဆက်ပြောသည်။
" ဥပမာပြောရရင် ... တိုင်လင်စင်မြင့်က ဒီ ညီလေးလောထျန်းက အစွမ်းထက်တယ်လို့ ထင်ရပေမယ့် တကယ်တော့ တုကျဲ့အဆင့်မှာပဲ ရှိသေးတာ ။ ဒါ့ကြောင့်မို့ မိန်းကလေးယွဲ့အနေနဲ့ သူ့လိုကောင်မျိုးကို စကားပြောပြီး အချိန်မဖြုန်းဖို့ ကျုပ်က အကြံပေးချင်တာ "
" ဟင်.... "
ယွဲ့လီမှာ သူ့စကားကို ကြားပြီး အံ့အားသင့်သွားသည်။
သို့သော် တဖက်မှ ရှောက်ရမှာကား ဒေါသထွက်သွားပါ၏။
" ကွမ်ဝမ်ယွိ.. နင် ဘာပြောလိုက်တာလဲ "
သူမ ဒေါသတကြီး မေးလိုက်သည်။
ကွမ်ဝမ်ယွိက နှုတ်ခမ်းတွန့်ရုံ ပြုံးပြီး ပြန်ပြော၏။
" ကျုပ်က အမှန်တွေ ပြောနေတာလေ "
ရှောက်ရ နှာခေါင်းရှုံ့လိုက်သည်။
" အမှန်တွေ.. ဟုတ်လား ၊ ငါတို့ရဲ့ လက်ထောက်ဂိုဏ်းချုပ်ကြီးက နင့်လိုလူထက် အဆတစ်သောင်းလောက် ပိုအစွမ်းထက်တယ်ဟဲ့ "
ထိုစကားကို ကြားသောအခါ ကွမ်ဝမ်ယွိ အသံကျယ်ဖြင့် အော်ရယ်သည်။
" အဆတစ်သောင်း ပိုအစွမ်းထက်တယ်.. ဟုတ်လား ။ အဲ့လို ဟာသမျိုး မကြားရတာ တော်တော်တောင်ကြာပြီကွာ ။ တိုင်လင်စင်မြင့်ရဲ့
ရေအိုင်ထဲက ဖားလေးက သစ်ရွက်လေးတစ်ရွက်ကြောင့် ကန်းနေတာပါလား... ။ ကောင်းပြီလေ.. ဒီနေ့ ငါ စိတ်ကောင်းဝင်နေတာမို့.. မိန်းကလေးယွဲ့ကိုလဲ မျက်နှာထောက်တဲ့အနေနဲ့ မင်းတို့ရဲ့ မျက်လုံးတွေကို ဖွင့်ပေးပြီး မင်းတို့ တိုင်လင်စင်မြင့် နဲ့ ငါ့ကြားမှာ ကွာခြားချက် ဘယ်လောက်ကြီးလဲဆိုတာ ပြပေးမယ် "
ရှောက်ရ၏ မျက်လုံးများ အရောင်လက်သွားကာ ပြန်မေးလိုက်၏။
" နင်က တိုက်ခိုက်ချင်တာလား "
လောထျန်း၏ အစွမ်းကို သူမ သိထားပေရာ.. အကယ်၍ ကွမ်ဝမ်ယွိသာ တိုက်ခိုက်ပါက သူ လောထျန်းလက်ဝါးချက်ကြောင့် အသက်ဆုံးသွားရမည်ကို သေချာသိပါသည်။
သို့သော် ကွမ်ဝမ်ယွိက သူ့လက်ထဲမှ ခေါက်ယပ်တောင်ကို ယမ်းရင်း ပြောလာ၏။
" တိုက်ခိုက်ရမယ်.. ဟုတ်လား ။ ငါ့လို ပါရမီထူးတဲ့ မသေမျိုးအစီအမံပညာရှင် တစ်ယောက်က အဲ့လိုလုပ်ရပ်မျိုး ဘာလို့လုပ်ရမှာလဲ ။ ငါက မင်းတို့ကို
အစီအမံပညာရပ်ရဲ့ သဘောတရားနဲ့ အစွမ်းအထက်ဆုံး အစီအမံက ဘယ်လိုလဲဆိုတာ သိအောင် ပြပေးမှာ "
သူ ပြောပြောဆိုဆိုပင် ယပ်တောင်ကို သိမ်းလိုက်ပြီးနောက် ... ဟင်းလင်းပြင်လက်စွပ်ထဲမှ ထွင်းစာများဖြင့် ပြည့်နေသော အဆောင်ကျောက်ပြား တစ်ခုကို တရိုတသေ ထုတ်လိုက်သည်။