အခန်း (၈၁၈)
Vol. 59 Ch. 818
" ဟင်.. သူက ဘာဖြစ်သွားတာလဲ "
လောထျန်း အချုပ်အနှောင်ကို ပြန်သိမ်းကာ ကြမ်းပြင်တွင် လဲကျနေသည့် ကွမ်ဝမ်ယွိအား ကြည့်လိုက်သည်။
" သူ ဒေါသအရမ်းထွက်သွားလို့ သွေးလည်ပတ်နှုန်း ပုံမှန်မဟုတ်တော့တာများလား.. "
ရှောက်ရက ပြော၏။
လောထျန်းက ကြမ်းပြင်တွင် တွန့်လိမ်ကာ သွေးအန်နေဆဲဖြစ်သော ကွမ်ဝမ်ယွိကို ထပ်ကြည့်၍ တအံ့တသြ မေးလိုက်သည်။
" သူ့ကို ဘယ်သူ ရန်စလိုက်လို့လဲ... "
အားလုံး : " ............ "
ရှောက်ရတစ်ယောက် ကိုယ့်နဖူးကိုယ်သာ လက်ဖြင့် ပြန်ရိုက်လိုက်သည်။
" လက်ထောက်ဂိုဏ်းချုပ်ကြီး ... သူက ထျန်းမင်ရှေးဟောင်းပေစာလိပ်ကို လေ့လာနေတာ နှစ်တွေ
အများကြီး ကြာခဲ့ပြီလေ ။ ဒါပေမယ့် ဘယ်လိုရလဒ်မျိုးမှ မရခဲ့ဘူး ။ အခု သခင်ကြီးက လွယ်လွယ်လေးနဲ့ နားလည်သွားတော့... သူ မခံနိုင်တော့ဘူးပေါ့ "
လောထျန်း အံ့သြသွားပုံပင် ။
" အဲ့ဒါကြောင့်လေးနဲ့ ခုလိုကြီး ဖြစ်သွားတာလား "
" အဲ့ဒါက လုံလောက်တဲ့ အကြောင်းပြချက် မဟုတ်ဘူးလား သခင်ကြီးရဲ့ "
ရှောက်ရ မေးခွန်းပြန်ထုတ်လိုက်၏။
လောထျန်းမှာ ခေါင်းယမ်းရင်း စိတ်ထဲမှ တိတ်တဆိတ် ပြောလိုက်သည်။
" အခု ငါသုံးခဲ့တဲ့ အချုပ်အနှောင်ပညာရပ်က အလွန်ဆုံးမှ ကောင်းကင်ထိန်းချုပ်အဆင့်ရဲ့ ကောင်းကင်ဘုံလက်ဝါးသိုင်းလောက်ပဲ ရှိတာလေ ။ ဒါကို အစွမ်းနိမ့်တယ်လို့ သတ်မှတ်လို့မရပေမယ့်... အဲ့လောက်ကြီးလဲ အစွမ်းမထက်ပါဘူးကွာ .... "
" ဒါက မသေမျိုးဧကရာဇ်အဆင့်တဲ့လား.. ။ မဟုတ်သေးဘူး.. ငါ တစ်ခုခု လွတ်သွားတာပဲ ဖြစ်မယ် ။ ကြည့်ရတာ အဲ့ ထျန်းမင်ရှေးဟောင်းပေစာလိပ် ၃၆
ခုလုံးကို ပေါင်းလိုက်ပြီးတော့ အဲ့မှာပါတဲ့ သိုင်းပညာတွေအားလုံးကို ပြိုင်တူကျင့်ကြံမှ အစွမ်းပိုထက်တာလား မသိဘူး ။ အဲ့ကျရင် ဒီ အချုပ်အနှောင်ရဲ့ အစွမ်းလဲ ပိုတိုးလာလောက်တယ် "
" အဲ့ဒါနဲ့ တခြားသိုင်းကွက်တွေပါ ပေါင်းလိုက်ရင်.. ငါ အရှုပ်အထွေးခန္ဓာကိုယ်ကိုရော ၊ ထူးခြားစိတ်စွမ်းအင်ပင်လယ်ကိုရော ၊ မူလမသေမျိုးလက်နက် ရော ၊ စိတ်ဝိဥာဥ်အစွမ်း သိုင်းကွက်ရော ၊ တည်နေရာရွှေ့ပြောင်းတာရော ... ဘာကိုမှ သုံးစရာမလိုပဲနဲ့ မသေမျိုးဧကရာဇ်နဲ့ ယှဥ်နိုင်လောက်ပြီထင်တယ် "
" ဒါ တကယ်ကြီး အစွမ်းထက်တာပဲ "
လောထျန်း တွေးလိုက်သည်။
ထိုစဥ်..
ဒေါင် ...
ခေါင်းလောင်းသံ မြည်လာပြီး အဘိုးအိုတစ်ယောက် လေထဲပျံတက်လာ၏။
" လူရွေးပွဲမှာ ဝင်ပြိုင်ကြမယ့် ပြိုင်ပွဲဝင်အားလုံး ခန်းမထဲကို ခုချက်ချင်း သွားကြပါ "
အဘိုးအိုက ကျယ်လောင်စွာ အော်ပြောသည်။
" လက်ထောက်ဂိုဏ်းချုပ်ကြီး.. သွားကြစို့ "
ရှောက်ရက လောထျန်းအား ပြောလိုက်၏။
" အင်း.. သွားမယ်လေ "
လောထျန်း ခေါင်းညိတ်ပြပြီး လူရွေးပွဲခန်းမဆီသို့ လျှောက်သွားလိုက်သည်။
" မမလေး... "
ယွဲ့လီလေးမှ အကူအမျိုးသမီး နှစ်ဦးက သူတို့၏ မမလေးအား စိုးရိမ်ကြည့်ဖြင့် ကြည့်လာကြ၏။
" စိတ်မပူပါနဲ့ ... "
ယွဲ့လီ အသက်ပြင်းပြင်းရှိုက်ကာ လောထျန်းနောက်မှ လိုက်သွားလိုက်သည်။
သတိမေ့ပြီး သွေးအန်နေသော ကွမ်ဝမ်ယွိကိုလည်း သူ့လူများက ခန်းမဆီသို့ သယ်သွားကြပါ၏။
အခြားတဖက်.. လူရွေးပွဲ ခန်းမ၌...
လက်နောက်ပစ်ထားသော အကြီးအကဲတစ်ယောက်က လူအုပ်ကိုကြည့်၍ ပြောသည်။
" အားလုံး သေချာနားထောင်ကြပါ ။ ခုတစ်ခေါက် စမ်းသပ်မှုက တစ်ခုတည်းပဲ... အဲ့ဒါကတော့ အစီအမံကို ချိုးဖျက်ဖို့. "
သူ့စကားကို ကြားသည်နှင့် အားလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။
အဘိုးအို မျက်မှောင်ကြုံ့သွား၏။
" တိတ်ကြ... "
အားလုံး ချက်ချင်း ပြန်ငြိမ်ကျသွားသည်။
အဘိုးအိုက ဆက်ပြော၏။
" အစီအမံပညာရှင်တစ်ယောက်ဆိုတာ အစီအမံတွေ ပြုလုပ်တဲ့နေရာမှာ ကျွမ်းကျင်ရုံတင်မကဘူး ၊ အစီအမံကို ဖျက်ဆီးတဲ့နေရာမှာလဲ ကျွမ်းကျင်ရမယ် ။ ခဏနေရင် အားလုံးကို အစီအမံလေထု တစ်ခု
ထဲကို တည်နေရာရွှေ့ပြောင်းလိုက်မှာ... မင်းတို့ လုပ်ရမှာက အစီအမံတွေအားလုံးကို ချိုးဖျက်ဖို့ပဲ "
" ဒါပေမယ့်.. တစ်ခုတော့ သေချာမှတ်ထားပါ ။ အစီအမံကို ချိုးဖျက်ဖို့အတွက် စိတ်ဝိဥာဥ်အစွမ်း တစ်မျိုးတည်းနဲ့ပဲ ထွင်းစာတွေကို ဖြိုခွဲရမယ် ။ ဘယ်သိုင်းပညာကိုမှ သုံးခွင့်မရှိသလို မသေမျိုးလက်နက်တွေ ၊ မူလမသေမျိုးလက်နက် တွေလဲ သုံးလို့မရဘူး "
" နောက်ဆုံးရမယ့် အမှတ်ကိုက အစီအမံတွေကို ချိုးဖျက်တဲ့အမြန်နှုန်းအပေါ် မူတည်ပြီး သတ်မှတ်မယ် ။ အဲ့ထဲကမှ ထိပ်ဆုံးအဆင့် ၈ အတွင်းကို ဝင်တဲ့သူက မနက်ဖြန် ကျင်းပမယ့် ကောင်းကင်ဘုံကိုးဆင့် အစီအမံညီလာခံမှာ ဝင်ပြိုင်ခွင့်ရမယ် ။ အားလုံး နားလည်ကြလား "
" နားလည်ပါတယ် "
အားလုံး သံပြိုင်ပြန်ဖြေလိုက်ကြသည်။
အဘိုးအိုက ခေါင်းညိတ်၍ ဆက်ပြော၏။
" ကောင်းပြီ ။ နောက်ဆယ်စက္ကန့်နေရင် တည်နေရာ
ရွှေ့ပြောင်းပါမယ် ။ အားလုံး ပြင်စရာရှိတာ ပြင်ဆင်ထားကြပါ "
အဘိုးအို၏ စကားဆုံးသည်နှင့် အားလုံး စိတ်လှုပ်ရှားခြင်းတစ်ဝက် ၊ စိုးရိမ်ခြင်းတစ်ဝက် ဖြစ်ကုန်ကြပါသည်။
" လက်ထောက်ဂိုဏ်းချုပ်ကြီး လောထျန်း .. ရလဒ်ကောင်းတွေ ရပါစေလို့ ဆုတောင်းပေးပါတယ်ရှင် "
ဝါးခမောက် ဆောင်းထားသော ယွဲ့လီက လောထျန်းဘက် လှည့်ကာ အပြုံးဖြင့် ပြောလာ၏။
" ကျေးဇူးတင်ပါတယ် ၊ ခင်ဗျားကိုလဲ အဲ့လိုပဲ ဆုတောင်းပေးပါတယ်ဗျာ "
လောထျန်း ပြန်ပြောလိုက်သည်။
ထို့နောက်တွင်မူ..
ဝီ ...
ယွဲ့လီ၏ ခန္ဓာကိုယ်အား အလင်းတန်းတစ်ခု လွှမ်းခြုံလာကာ သူမ၏ပုံရိပ် မှုန်ဝါးသွားသည်။
" ဟမ့်... တိုင်လင်စင်မြင့်က ဟိုကောင်... "
ထိုစဥ်မှာပင် လောထျန်းနောက်မှ အားနည်းနေသော ကွမ်ဝမ်ယွိ၏ အသံ ထွက်လာပါ၏။
" ဟင်.. မင်း ပြန်သတိရပြီလား "
လောထျန်း ခေါင်းလှည့်၍ သူ့အား ကြည့်လိုက်သည်။
ကွမ်ဝမ်ယွိ၏ မျက်နှာထား ပြောင်းသွားပြီးနောက် အံကြိတ်၍ ပြော၏။
"အခုတော့ မင်းက မောက်မာပြနေတယ်ပေါ့လေ ။ စောင့်ကြည့်လိုက်ပါကွာ.. ငါ ကောင်းကင်ဘုံကိုးဆင့် အစီအမံညီလာခံကို ဝင်ပြိုင်တဲ့အချိန်ကျမှ မင်းနဲ့စကားဆက်ပြောမယ် ။ အိုး.. ဘယ်ဟုတ်ပါ့မလဲ.. မင်းရဲ့ အဆင့်လောက်နဲ့ဆို ကောင်းကင်ဘုံကိုးဆင့် အစီအမံညီလာခံကို ဝင်ပြိုင်နိုင်မှာ မဟုတ်ဘူးလေ "
သူ ထိုသို့ ရန်လိုစွာ ပြောပြီးချိန်မှာပင် အလင်းတန်းတစ်ခု လက်ပြီး သူ နေရာမှ ပျောက်ကွယ်သွားသည်။
လောထျန်းမှာကား ၎င်းကိုကြည့်ပြီး ဆွံ့အလျက်...
ထိုလူက ကိုယ့်ကိုကိုယ် ယုံကြည်မှု လွန်ကဲလှချေလား..
ထိုစဥ်မှာပင် ...
ဝီ ...
အလင်းတန်းတစ်ခုက လောထျန်းအား လွှမ်းခြုံလာ၏။
ထို့နောက်တွင် သူသည်လည်း အားလုံးနှင့်အတူ တည်နေရာရွှေ့ပြောင်း ခံလိုက်ရတော့သည်။
အားလုံး ပျောက်ကွယ်သွားပြီးနောက်... သခင်ကြီးဟောင်က လူတစ်စုနှင့်အတူ အပြင်ဘက်မှ လမ်းလျှောက်ဝင်လာသည်။
" ပြိုင်ပွဲ စပြီလား "
သခင်ကြီးဟောင် မေးလိုက်သည်။
" ဟုတ်ကဲ့ သခင်ကြီးဟောင်.. အားလုံးကို ရွှေ့ပြောင်းလို့ ပြီးသွားပြီဆိုတော့ မကြာခင် ပြိုင်ပွဲစလောက်ပါပြီ "
ဝန်ထမ်းတစ်ယောက်က ပြန်ဖြေသည်။
သခင်ကြီးဟောင် ခေါင်းညိတ်လိုက်၏။
" အင်း.. ကောင်းတယ် "
ထိုစဥ် အနီရောင်အကျ်ီ ဝတ်ထားသော ဝန်ထမ်းတစ်ယောက်က ရုတ်တရက် မေးလာသည်။
" သခင်ကြီးဟောင်... အခုတစ်ခေါက် ပြိုင်ပွဲမှာ သုံးထားတဲ့ အစီအမံတွေအားလုံးက အဆင့်၇ မသေမျိုးအစီအမံတွေနော် ။ အဆင့် ၇ ထဲမှာမှ ချိုးဖျက်ဖို့ အခက်ဆုံးတွေ ။ အဲ့ဒါကြီးက နည်းနည်းတော့ မများလွန်းဘူးလားဗျ "
ကျန်ဝန်ထမ်းများလည်း သူ့စကားကို ခေါင်းညိတ်ထောက်ခံလိုက်ကြသည်။
ယခုပြိုင်ပွဲအတွက် သုံးထားသော အစီအမံများကို သူတို့ မြင်တွေ့ထားပြီး ဖြစ်ပါသည်။ သူတို့ ဝန်ထမ်း
များထဲမှ အများစုသည်ပင် တစ်ရက်တည်းဖြင့် ထိုအစီအမံမျိုး သုံးခုကို ချိုးဖျက်နိုင်ရန် မသေချာပါ ။
ယခုတစ်ကြိမ် ပြိုင်ပွဲက ယခင်ပြိုင်ပွဲများထက် များစွာ ပိုခက်ခဲသည်မှာ အမှန်ပင် ။
ထိုစကားကို ကြားသောအခါ သခင်ကြီးဟောင် အပြုံးဖြင့် ပြန်ပြော၏။
" ငါ အခုလို လုပ်ထားရတာ မတော်တဆတွေကို ကာကွယ်ဖို့ကွ "
" မတော်တဆတွေကို ကာကွယ်ဖို့.. ဟုတ်လား "
အားလုံး အံ့အားသင့်ကုန်ကြသည်။
သခင်ကြီးဟောင်က ခေါင်းညိတ်၍ ပြော၏။
" အမှန်ပဲကွ ။ ပြိုင်ပွဲရဲ့ ခက်ခဲမှုကို တိုးလိုက်ရင် တကယ့် ပါရမီရှင်အစစ်တွေပဲ ရွေးချယ်ခံရမှာလေ ။ အဲ့ကျ ယွဲ့လီ နဲ့ ကွမ်ဝမ်ယွိတို့လို ပါရမီရှင်အစစ်တွေက အေးဆေးအဆင့်တက်သွားကြမှာပဲ ။ ဟို တိုင်လင်စင်မြင့်က ကောင်ကိုလဲ... သူ့နာမည်က ဘာတဲ့.. "
ဘေးနားမှ ဝန်ထမ်းတစ်ယောက်က စာရွက်အထပ်ကြီးကို ချက်ချင်းလှန်ကြည့်ကာ ပြန်ပြောသည်။
" လောထျန်း... "
သခင်ကြီးဟောင် ခေါင်းညိတ်လိုက်၏။
" ဟုတ်တယ်.. လောထျန်း... "
ထို့နောက် သူ အားလုံးကို တစ်ချက်လှည့်ကြည့်၍ ဆက်ပြောသည်။
" လောထျန်းလို တုကျဲ့အဆင့်မှာပဲ ရှိသေးတဲ့သူ တစ်ယောက်က ကံကောင်းပြီးတော့ အဆင့်ရှစ်ထဲ ဝင်ပြီး ၊ ကောင်းကင်ဘုံကိုးဆင့် အစီအမံညီလာခံမှာ ဝင်ပြိုင်ခွင့်ရသွားရင်... ဘာဖြစ်သွားမယ်လို့ ထင်လဲ ။ ငါတို့ ရွှမ်လင်မြို့ကို အားလုံးက လှောင်ရယ်လိုက်ကြမယ့်ဖြစ်ခြင်းကွာ... "
ထိုစကားကို ကြားသောအခါမှ အားလုံးရင်ထဲတွင်.. တုကျဲ့အဆင့် ကျင့်ကြံသူတစ်ယောက်က အဆင့်ရှစ်ထဲ မတော်တဆ ဝင်သွားလျှင် ဆိုသည့် အတွေးဝင်ကာ စိုးထိတ်သွားကြပါသည်။
" သခင်ကြီးဟောင်က တကယ်ကို အမြော်အမြင်ကြီးတာပဲဗျာ "
အားလုံး သံယောင်လိုက်ပြောလိုက်ကြ၏။
သခင်ကြီးဟောင်က လက်ကာပြ၍ ပြန်ပြောသည်။
" ငါ့ကို ဖားမနေကြနဲ့ ။ အခုက စောလွန်းသေးတယ်ကွ... နည်းနည်းသွားသောက်ကြတာပေါ့ ။ ပြီးမှပဲ ပြန်လာကြမယ် "
ဤတစ်ကြိမ်ပြိုင်ပွဲတွင် ယွဲ့လီနှင့် ကွမ်ဝမ်ယွိတို့ ဝင်ပြိုင်ကြသည့်အတွက် သူ စိတ်ပျော်နေရာ.. တစ်ခွက်တစ်ဖလား သောက်ချင်စိတ် ဖြစ်နေပါသည်။
ထိုစကားကို ကြားသောအခါ ဝန်ထမ်းတစ်ယောက်က မေး၏။
" သခင်ကြီးဟောင်.. ပြိုင်ပွဲအခြေအနေကို စောင့်ကြည့်ဖို့အတွက် လူနည်းနည်းလောက် ချန်ထားရမလားဗျ "
သခင်ကြီးဟောင်က ထိုလူအား ပြန်ကြည့်လိုက်သည်။
" မလိုပါဘူးကွာ... ဒီ အစီအမံသုံးခုကို ချိုးဖျက်ထားနိုင်တဲ့ အစောဆုံး အချိန်မှတ်တမ်းက ဘယ်လောက်လဲ "
အနီရောင်အကျ်ီနှင့် ဝန်ထမ်းက မြန်မြန်ပြန်ဖြေသည်။
" လေးနာရီပါ သခင်ကြီး ။ အဲ့မှတ်တမ်းက လွန်ခဲ့တဲ့ နှစ်တစ်ရာလောက်က ဟွမ်ရှင်းဂိုဏ်းက ဟိုမိစ္ဆာကောင် လုပ်နိုင်ခဲ့တဲ့ မှတ်တမ်းပါ "
သခင်ကြီးဟောင် ခေါင်းညိတ်လိုက်၏။
" ပြိုင်ပွဲကို ဘယ်သူမှ ဝင်ပြီး အနှောင့်ယှက်မပေးနိုင်အောင်လို့.. ငါ အဆင့်ကိုး မသေမျိုးအစီအမံတစ်ခုဖြစ်တဲ့ ယင်ကိုးသွယ်ဓားတစ်သောင်း အစီအမံကို ချပြီးတော့ ပြိုင်ပွဲနေရာကို သီးခြားခွဲထားသေးတယ်ကွ ။ အဲ့တော့ ဆယ်ဘွဲ့ရ မသေမျိုးဘုရင်တစ်ယောက်မှ မဟုတ်ရင် တခြားဘယ်သူမှ အဲ့ထဲဝင်လို့မရဘူး ။ ပြိုင်ပွဲနေရာက လုံးဝ ဘေးကင်းတယ် "
" အခု ငါတို့သောက်နေတဲ့ အချိန်အတွင်းမှာ အစီအမံတွေကို ချိုးဖျက်နိုင်တဲ့ ပြိုင်ပွဲဝင် ရှိမယ်လို့ မင်းတို့ထင်လို့လား ။ ပြီးရင် ယင်ကိုးသွယ်ဓားတစ်သောင်း အစီအမံကို ဖျက်ဆီးပြီးတော့ ပြိုင်ပွဲကို ဝင်နှောင့်ယှက်နိုင်မယ့်သူရော ရှိမယ်ထင်လား "
အားလုံး အသံထွက်ရယ်လိုက်ကြသည်။
" သခင်ကြီးဟောင်က တကယ် ရယ်စရာပြောတတ်တာပဲဗျာ "
" ဟုတ်တယ်ဗျ ၊ နှစ်ခုလုံးက မဖြစ်နိုင်ဘူး ။ သွားသောက်ကြမယ် သခင်ကြီး "
သခင်ကြီးဟောင်က အပြုံးဖြင့် ပြော၏။
" ကဲ.. အားလုံး ငါနဲ့လိုက်ခဲ့ကြ ။ ဒီနေ့တော့ မင်းတို့ကို ငါ့ရဲ့ အဖိုးတန် မသေမျိုးအရက်ကို ပေးမြည်းမယ်ကွာ "
" ကျေးဇူးတင်ပါတယ် သခင်ကြီးဟောင် "
အားလုံး ဝမ်းသာပျော်ရွှင်သွားကြပြီး သခင်ကြီးဟောင်နှင့်အတူ ခန်းမထဲမှ ထွက်သွားလိုက်ကြသည်။
သို့သော် သူတို့ ထွက်သွားသည့်အချိန်မှာပင်..
ဝီ ...
လေထု ပြိုကွဲသွားပြီး လောထျန်း ပေါ်လာ၏။
" အင်... ဒီတိုင်းကြီး ပြီးသွားတာလား ။ အပေါ်ကမ္ဘာရဲ့ အစီအမံပြိုင်ပွဲကလဲ အဲ့လောက်တော့ မရိုးရှင်းနိုင်ဘူး မဟုတ်လား "
လောထျန်း ဘေးဘီသို့ လှည့်ကြည့်ကာ တစ်ကိုယ်တည်း ရေရွတ်လိုက်သည်။
အစောပိုင်းက သူ တည်နေရာရွှေ့ပြောင်း ခံလိုက်ရစဥ်တွင် အစီအမံသုံးခုနဲ့ တွေ့ခဲ့ရပါ၏။
သူ ပထမဆုံး အစီအမံ၏ ထွင်းစာများအား လေ့လာကြည့်လိုက်ချိန်မှာပင် ... အစီအမံက သူ့ စိတ်ဝိဥာဥ်အစွမ်းကို မခံနိုင်ဘဲ ပြိုကွဲသွားခဲ့သည်။
ဒုတိယအစီအမံက ပိုပင် ဆိုးပါသေး၏။
သူ အစီအမံ၏ အခြေခံထွင်းစာများအား လေ့လာစ အချိန်လေးမှာပင် ၎င်းက သူ့ စိတ်ဝိဥာဥ်အစွမ်းကို မခံနိုင်ဘဲ ထပ်ပြီး ပြိုကွဲသွားခဲ့ပြန်ပါသည်။
တတိယတစ်ခုမှာမူ အခက်ဆုံးဟု ပြော၍ရပြီး သူ
ထွင်းစာများ၏ တစ်ဝက်လောက်ကို လေ့လာပြီးသွားချိန်မှ ပြိုကွဲသွားခဲ့ပါ၏။
ထို့နောက်တွင်မူ လောထျန်း တည်နေရာရွှေ့ပြောင်းခံရပြီး အပြင်သို့ ပြန်ရောက်လာခဲ့သည်။
" မဟုတ်သေးဘူး... ပြိုင်ပွဲကို အောင်သွားပြီဆိုရင် ဒီမှာ စောင့်ကြပ်နေတဲ့သူ တစ်ယောက်ယောက်တော့ ရှိရမှာလေ ။ တခြား လျှို့ဝှက်ချက်တစ်ခု ရှိသေးလို့ပဲ ဖြစ်မယ် "
တစ်စုံတစ်ခု လွဲနေသည်ကို လောထျန်းတစ်ယောက် ပါးနပ်စွာပင် ရိပ်မိသွား၏။
သူ ထိုသို့ပြောပြီး လူရွေးပွဲခန်းမ တံခါးကို တွန်းဖွင့်လိုက်သည်။
ဝီ ...
သူ့ရှေ့တွင် အဆင့်ကိုး မသေမျိုးအစီအမံတစ်ခုဖြစ်သည့် ယင်ကိုးသွယ်ဓားတစ်သောင်း အစီအမံ ပေါ်လာပါသည်။
လောထျန်း၏ မျက်လုံးများ ရုတ်ချည်း အရောင်
လက်သွားကာ ပြောလိုက်၏။
" ပြောသားပဲ.. ဒီ ပြိုင်ပွဲက အဲ့လောက်မရိုးရှင်းပါဘူးလို့ "