အခန်း (၈၂၀)
Vol. 59 Ch. 820
ဝန်ထမ်းများ အားလုံးမှာလည်း သခင်ကြီးဟောင်၏ ဒေါသကို နားလည်ကြပါ၏။
ယခုလို အလွန်အရေးကြီးသည့် အချိန်မျိုးတွင်မှ ကွမ်ဝမ်ယွိလို ပါရမီရှင်တစ်ယောက်က ဒဏ်ရာရသွားခဲ့သည် မဟုတ်ပါလား ။
၎င်းမှာ သူတို့အားလုံးအတွက် ဆုံးရှုံးမှုကြီးတစ်ခု ဖြစ်ပါသည်။
သူသည် ရွှမ်လင်မြို့ လူရွေးပွဲ၏ ပါရမီရှင် နှစ်ယောက်ထဲမှ တစ်ယောက်ဖြစ်ပြီး.. နောက်နေ့ ကောင်းကင်ဘုံကိုးဆင့် အစီအမံညီလာခံ၌ ပါရမီကို ပြသနိုင်သူတစ်ယောက်ပါပင် ။
ထိုသို့သော လူတစ်ယောက်က လူရွေးပွဲ မစခင်မှာပင် ဒဏ်ရာရသွားခဲ့သည်ဖြစ်ရာ.. သခင်ကြီးဟောင် ဒေါသမထွက်လျှင်ပင် ထူးဆန်းနေပါဦးမည် ။
" ကျုပ် ခုချက်ချင်း လူလွှတ်ပြီးတော့ စုံစမ်းလိုက်ပါ့မယ် "
အနီရောင်ဝတ်လူက ပြောသည်။
သခင်ကြီးဟောင် ဘာမှပြန်မပြောဘဲ ခေါင်းအသာညိတ်လိုက်၏။
ဘေးဘက်မှ ဝန်ထမ်းတစ်ယောက်က.. သခင်ကြီးဟောင် စိတ်မကြည်ဖြစ်နေသည်ကို ကြည့်ပြီး တီးတိုးပြောသည်။
" သခင်ကြီးဟောင်. .. ယွဲ့လီရဲ့ အခြေအနေကို ကြည့်လိုက်ရင်ရောဗျ "
ယွဲ့လီ ဆိုသော အမည်ကိုကြားသည်နှင့် သခင်ကြီးဟောင်၏ မျက်နှာထက်မှ ဒေါသငွေ့များက အမှန်တကယ်ပင် အနည်းငယ်လျော့ကျသွားပါ၏။
" ကောင်းပြီကွာ.. ဒါဆိုလဲ ယွဲ့လီကို ကြည့်လိုက်ကြတာပေါ့ "
သခင်ကြီးဟောင် ပြောလိုက်သည်။
အားလုံး အလင်းတန်းလိုက်ကာဘက်သို့ ချက်ချင်း
ပြန်လှည့်သွားကြသည်။
ထို ပါရမီရှင် မိန်းကလေး ယွဲ့လီက မည်မျှအစွမ်းထက်သည်ကို မကြည့်ချင်ကြသူ ဘယ်သူရှိပါမည်လဲ..
အလင်းတန်းလိုက်ကာ ပြောင်းသွားပြီး... ယွဲ့လီ ပေါ်လာ၏။
အားလုံးထံမှ တအံ့တသြ ရေရွတ်သံများ ထွက်လာကြပြန်သည်။
" သူ့... သူ့စိတ်ဝိဥာဥ်အစွမ်းက... "
ထိုစဥ်တွင် အလင်းတန်းလိုက်ကာထဲရှိ ယွဲ့လီ၏ ခေါင်းထက်၌ ဖီးနစ်ငှက်တစ်ကောင် ပျံဝဲနေပါ၏။
၎င်းမှာ စိတ်ဝိဥာဥ်အစွမ်းမှ အသွင်ပြောင်းထားခြင်းပါပင်...
ထို ဖီးနစ်ငှက်မှ မရေမတွက်နိုင်သော အလင်းတန်းများလည်း ထွက်နေကာ အစီအမံဆီသို့ ဦးတည်နေ
ပါသည်။
" သူက ထွင်းစာသုံးလုံးကို တစ်ပြိုင်တည်း ဖျက်ဆီးလိုက်တာလား ။ အဲ့ဒါ အဆင့်၇ မသေမျိုးအစီအမံ ထွင်းစာတွေလေ... "
" တကယ် အံ့မခန်းပါပဲ ။ ဒီနည်းနဲ့ဆို .. သခင်ကြီးဟောင် တစ်ယောက်ကလွဲလို့ သူ့ကို ယှဥ်နိုင်တဲ့သူ တခြားဘယ်သူမှ ရှိမယ်မထင်ဘူး "
" ဒါတင်မကသေးဘူးကွ.. သေချာကြည့်လိုက်ဦး ၊ သူက ထွင်းစာတွေကို ဒီတိုင်းဖျက်ဆီးနေတာ မဟုတ်ဘူး ။ သူ့ရဲ့ လှုပ်ရှားမှုတိုင်းက အစီအမံရဲ့ သဘောတရားနဲ့ တစ်ထပ်တည်းပဲ ။ တကယ်ကို ဘာလိုအပ်ချက်မှ မရှိဘူးကွာ "
အနီရောင်ဝတ်လူ ကလည်း အလင်းတန်းလိုက်ကာကို ကြည့်နေရင်း မနေနိုင်ဘဲ ခေါင်းညိတ်၍ ပြော၏။
" ဒီတိုင်းဆို မိန်းကလေးက အစီအမံ သုံးခုလုံးကို သုံးနာရီအတွင်းမှာတောင် ချိုးဖျက်နိုင်မယ်နဲ့တူတယ် ။ ဟွမ်ရှင်းဂိုဏ်းရဲ့ မှတ်တမ်းကိုတောင် ကျော်နိုင်တော့မယ့်ပုံပဲ "
ဟွမ်ရှင်းဂိုဏ်း၏ မှတ်တမ်းကို ဖျက်နိုင်တော့မည်တဲ့လား ...
အားလုံး အံ့သြတကြီး ဖြစ်ကုန်ကြပြန်ပါသည်။
ထိုသို့သာ အမှန်တကယ် ဖြစ်သွားခဲ့ပါက.. သူတို့ ရွှမ်လင်မြို့မှာ အခြား လူရွေးပွဲကျင်းပသည့် အဖွဲ့များကြား ခေါင်းမော့ရင်ကော့၍ နေနိုင်ပေတော့မည်။
သခင်ကြီးဟောင်၏ မျက်နှာကြီးလည်း ပြုံးဖြီးနေပါတော့၏။
" သခင်ကြီးဟောင်.. ဟို တိုင်လင်စင်မြင့်က ကောင်လေးကိုရော အခြေအနေ ကြည့်လိုက်ကြမလား "
ထိုစဥ် ဝန်ထမ်းတစ်ယောက်က အပြုံးဖြင့် ပြောလာသည်။
သူ့စကားဆုံးသည်နှင့် ဘေးမှ တစ်ယောက်က လှောင်၏။
" အဲ့ကောင်လေးကို ဘာလို့ကြည့်မှာလဲကွ ။ အစီအမံတွေက သူ့ကို နှိပ်စက်နေတာကို ကြည့်မလို့လား ။
မင်း စိတ်မှနှံ့သေးရဲ့လားကွာ "
အခြားတစ်ယောက်ကလည်း သံယောင်လိုက်သည်။
" ဟုတ်တယ် ၊ အဲ့လိုကောင်မျိုးကို ဘာကြည့်စရာ ရှိလို့လဲ ။ အလကား အချိန်ကုန်ခံလို့ "
" ဒီကောင်က တုကျဲ့အဆင့်လောက်နဲ့ ကောင်းကင်ဘုံကိုးဆင့် အစီအမံညီလာခံကို လာရဲသေးတာကွာ ။ ငါတို့ကိုများ ဘာထင်နေလဲမသိဘူး "
" ငါကတော့ သူ့ကို လျစ်လျူရှုပြီး အစီအမံထဲမှာပဲ နောက်ထပ်ရက်နည်းနည်းလောက် ပိတ်ထားဖို့ တွေးတယ် ။ ဒါမှ ငါတို့ဘယ်လောက်အစွမ်းထက်လဲဆိုတာ ဒီကောင် သိသွားမှာ ။ အဲ့ကျ.. ခုလို နောက်ထပ်မြောက်ကြွမြောက်ကြွ လုပ်ရဲတော့မှာ မဟုတ်ဘူး "
" အမှန်ပဲ.. "
" အခု မင်းပြောလိုက်မှ အဲ့ကောင်လေး တိုင်ပတ်နေမှာကို ပိုတောင်ကြည့်ချင်လာပြီကွာ "
" ငါလဲ ကြည့်ချင်လာသလိုပဲ.. ကြည့်လိုက်ကြရအောင်လေ "
အားလုံး ပြောဆိုရင်း သခင်ကြီးဟောင်ဘက် လှမ်းကြည့်လိုက်ကြသည်။
သခင်ကြီးဟောင်မှာလည်း စိတ်ကြည်နေသဖြင့် ထိုသူများ၏ စကားကိုကြားပြီး ဒေါသထွက်ရမည့်အစား အပြုံးဖြင့်သာ ပြန်ပြောသည်။
" ကောင်းပြီကွာ ၊ အခု အဲ့ကောင်လေး ဘယ်လိုဖြစ်နေလောက်ပြီလဲဆိုတာ ငါလဲ သိချင်နေတာ "
သူ ပြောကာ လက်ဖျောက်ထပ်တီးလိုက်၏။
ဝီ ...
အလင်းတန်းလိုက်ကာပေါ်မှ ပုံရိပ် ပြောင်းသွားပြန်သည်။
သို့သော်... မြင်လိုက်ရသည့် မြင်ကွင်းကြောင်း သူတို့အားလုံး မှင်သက်သွားကြပါ၏။
" အဲ့ဒါ... ဘာကြီးလဲ.. "
ဝန်ထမ်းတစ်ယောက်က သူ့မျက်လုံးသူ လက်ဖြင့်
ပွတ်ရင်း တအံ့တသြ ရေရွတ်သည်။
အဘယ့်ကြောင့်ဆိုသော်.. အလင်းတန်းလိုက်ကာပေါ်၌ ဘာမှ ရှိမနေသည်ကို သူတို့ မြင်လိုက်ရသောကြောင့်ပင်...
" သခင်ကြီးဟောင် ... နေရာမှားပြီးတော့ ကြည့်မိသွားတာများလားဗျ "
တစ်ယောက်က မေးလိုက်သည်။
အလင်းတန်းလိုက်ကာပေါ်တွင် ဘာမှ ရှိမနေခြင်းက မထူးဆန်းဘူးလား ...
သခင်ကြီးဟောင်မှာလည်း ခေတ္တမျှ မှင်သက်နေပြီးမှ... သေချာထပ်စစ်ကြည့်လိုက်၏။
" နေရာမမှားဘူးကွ ၊ အမှန်ပဲ "
ထိုစကားကြောင့် အားလုံး မှင်သက်သွားကြပြန်သည်။
ဝန်ထမ်းတစ်ယောက်က ရုတ်တရက် အံ့သြတကြီး ရေရွတ်၏။
" မဟုတ်မှလွဲရော... ဒီကောင်လေးက အစီအမံရဲ့ ဖိနှိပ်မှုကြောင့် ပြာဖြစ်သွားတာလား.. "
၎င်းမှာ ဖြစ်နိုင်သည်ဟု အားလုံး တွေးကာ ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။
သခင်ကြီးဟောင်မှာလည်း စိတ်ဓာတ်ကျသွားပုံပေါ်၏။
သူသည် ထိုကောင်လေးအား အရှက်ခွဲလိုရုံသက်သက်သာ ဖြစ်ပြီး မည်သူ့အသက်ကိုမှ မသေစေလိုခဲ့ပါ ။
အကယ်၍သာ ပြိုင်ပွဲအတွင်း တစ်ယောက်ယောက် သေသွားခဲ့လျှင်.. အားလုံး အေးဆေးနေနိုင်ကြတော့မည်မဟုတ်သလို... ထိုသတင်း အပြင်သို့ ပေါက်ကြားသွားခဲ့လျှင်လည်း အလွန်ရှက်စရာကောင်းသွားပေလိမ့်မည်။
ထိုသို့တွေးနေရင်း သူ့ရင်ထဲ စိုးရိမ်စိတ်တို့ ပြည့်လာပါ၏။
သို့သော်... ထိုစဥ်တွင် အနီရောင်ဝတ်လူက အလင်းတန်းလိုက်ကာကို စိုက်ကြည့်နေရင်း ပြောလာသည်။
" မဟုတ်ဘူးဗျ... သေချာကြည့်လိုက်ဦး ။ အစီအမံ မရှိတော့ဘူး... အစီအမံက ဘာလို့ မရှိတော့တာလဲ "
" ဟင်... "
အားလုံး အလင်းတန်းလိုက်ကာဆီ ထပ်ကြည့်လိုက်ကြသည်။
ထိုသို့ သေချာထပ်ကြည့်လိုက်မှလည်း အလင်းတန်းလိုက်ကာပေါ်၌ အစီအမံ ရှိမနေသည်ကို သူတို့ သတိထားမိသွားပါ၏။
" ဘာတွေ... ဖြစ်နေတာလဲ "
အားလုံး မှင်သက်သွားရပြန်တော့သည်။
လူပျောက်နေသည်ကပင် အခြေအနေ ဆိုးနေလေပြီ ။ ယခု အစီအမံကပါ အဘယ့်ကြောင့် ပျောက်နေရပါ
သနည်း ။
ထိုစဥ် ရုတ်တရက်... တစ်ယောက်က ဖြစ်နိုင်ချေကို တွေးမိကာ ပြော၏။
" ဒီကောင်လေးက.... အစီအမံကို ချိုးဖျက်ပြီးတော့ ထွက်သွားတာများလား.. "
သူ့စကားဆုံးသည်နှင့် အားလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားပြန်ပါ၏။
" ဘာ.. အစီအမံကို ချိုးဖျက်တယ်.. ဟုတ်လား ။ နောက်နေတာလားကွ.. အဲ့ကောင်လေးက အစီအမံကို ချိုးဖျက်နိုင်ရအောင် ဘယ်လိုကျင့်ကြံခြင်းမျိုး ရှိထားလို့လဲ "
" ဟုတ််တယ် ။ တကယ်လို့ သူက အစီအမံကို ချိုးဖျက်နိုင်တယ် ဆိုရင်တောင် အချိန်က အဓိပ္ပါယ်မရှိဘူးလေ ။ ပြိုင်ပွဲအစကနေ ခုထိ ဆယ့်ငါးမိနစ်တောင် ရှိသေးလို့လားကွ ။ ဘယ်လိုလုပ်ပြီး အစီအမံကို ချိုးဖျက်နိုင်မှာလဲ .. "
ကျန်လူများ၏ ပြောစကားကြောင့် ပထမပြောလိုက်သူ ရှက်သွားဟန်တူ၏။ သို့သော် သူ
မျက်နှာထားတင်းတင်းဖြင့်ပင် ထပ်ပြောလိုက်သည်။
" ဒါဆိုရင် အကြောင်းပြချက်က ဘာလဲ ပြောစမ်းပါဦး "
အားလုံး ဆွံ့အသွားကြသည်။
အချိန်အတန်ကြာသွားပြီးမှ တစ်ယောက်က ပြောလာ၏။
" တည်နေရာရွှေ့ပြောင်းတုန်းက အမှားတစ်ခုခု ဖြစ်သွားလို့များလား ။ အဲ့ကောင်လေး ရွှေ့ပြောင်းခံလိုက်ရတဲ့နေရာမှာ ဘာအစီအမံမှ မရှိလို့ သူ ဒီတိုင်းကြီးထွက်သွားတာလား မသိဘူး "
အားလုံးမှာလည်း ထိုစကားကို ဖြစ်နိုင်ချေမရှိဟုသာ တွေးလိုက်ကြသည်။
ပြိုင်ပွဲကျင်းပသည့်နေရာသို့ တည်နေရာရွှေ့ပြောင်းခြင်းတွင် ထိုသို့သော အမှားမျိုး ဘယ်လိုကြောင့် ဖြစ်နိုင်ပါမည်လဲ ။
သို့သော်... သေချာ စဥ်းစားကြည့်လိုက်ပြန်လျှင်
လည်း... အနီးစပ်ဆုံး ဖြစ်နိုင်ချေက ထိုတစ်ခုတည်းသာ ရှိပါသည်။
ဝုန်း..
ထိုစဥ် သခင်ကြီးဟောင်က ရုတ်တရက် ထရပ်လိုက်၏။
" ငါနဲ့လိုက်ခဲ့ကွာ.. ဘာတွေဖြစ်နေလဲ သွားကြည့်ကြမယ် "
လက်ရှိတွင် သူ ဘာတွေဖြစ်နေသည်ကို နားမလည်နိုင်ဘဲ ခေါင်းရှုပ်နေပါသည်။
ထိုစကားကို ကြားသောအခါ ကျန်လူများအားလုံးလည်း လိုက်ထပြီး သခင်ကြီးဟောင် နောက်မှနေ၍ လူရွေးပွဲခန်းမဆီသို့ လျှောက်သွားလိုက်ကြသည်။
သို့သော်... သူတို့ လျှောက်လာနေရင်း.. တစ်စုံတစ်ခု လွဲနေသလို စိတ်ထဲ ခံစားလိုက်ကြရပါ၏။
သို့သော် သူတို့ အလျင်စလို ဖြစ်နေသဖြင့် ဘာလွဲနေသည်ကို အဖြေမရှာနိုင်ကြပါ။
နောက်ဆုံးတွင်မူ... ခပ်လှမ်းလှမ်းမှ လူရွေးပွဲခန်းမက အားလုံးမြင်ကွင်းရှေ့တွင် ပေါ်လာသည်။
ခန်းမအပြင်ဘက်တွင်ကား လူတစ်ယောက်က ပျင်းပျင်းရိရိပုံဖြင့် ကြမ်းပြင်တွင် ထိုင်နေပါ၏။
ထိုသူမှာ လောထျန်းပင် ...
" ဟင်.. ဒီကောင်လေးက တကယ်ကြီး ထွက်လာနိုင်တာလား ။ သူ နေရာမှားပြီး တည်နေရာရွှေ့ပြောင်းခံလိုက်ရတာလား "
ထိုမြင်ကွင်းကို တွေ့သည်နှင့် သခင်ကြီးဟောင် တွေးလိုက်သည်။
ထိုစဥ် တဖက်မှ လောထျန်းမှာလည်း ခြေသံများကြားပြီး မျက်လုံးဖွင့်ကြည့်လာ၏။
" ဟင်.. ခင်ဗျားတို့က ဒီကိုရောက်ဖို့ ဘာလို့အဲ့လောက်ကြာနေကြတာလဲ ။ ကျုပ်က လမ်းမှား
ရောက်သွားပြီတောင် ထင်နေတာ "
လောထျန်းက ထိုလူများကို မြင်သည်နှင့် အပြုံးဖြင့် ဆီးကြိုပြောလိုက်သည်။
အားလုံးမှာ သူ့စကားကိုကြားပြီး တစ်ယောက်ကိုတစ်ယောက် အံ့သြတကြီး လှည့်ကြည့်လိုက်ကြ၏။
သူတို့ အလွန်လည်း တုန်လှုပ်နေပါသည်။
လောထျန်းက အဘယ့်ကြောင့် ဤနေရာသို့ ရောက်နေရပါသလဲ ...
အနီရောင်ဝတ်လူက ပထမဆုံး အသိဝင်လာကာ လောထျန်းအား အပြုံးဖြင့် ပြောလိုက်သည်။
" မိတ်ဆွေလေး.. လောထျန်း ၊ ဟုတ်တယ်မလား ။ ဘာဖြစ်လို့ စစ်ဆေးပွဲကို ဝင်မပြိုင်တာလဲ "
လောထျန်း၏ မျက်နှာထား အေးစက်သွားကာ ပြန်ပြော၏။
" စစ်ဆေးပွဲ... ကျုပ် အောင်သွားပြီ မဟုတ်ဘူးလား "