အခန်း (၈၂၁)
Vol. 59 Ch. 821
" အောင်သွားပြီ.. ဟုတ်လား "
အနီရောင်ဝတ်လူ ခေတ္တမျှ မှင်သက်သွားကာ မည်သို့မှ မတုန့်ပြန်နိုင်ဘဲ ဖြစ်သွားသည်။
ထိုစဥ် အခြားဝန်ထမ်းတစ်ယောက်က မျက်မှောင်ကြုံ့၍ ပြောလာ၏။
" မင်း မှားနေတာလား.. ပြိုင်ပွဲက အစီအမံကို ချိုးဖျက်ဖို့လေ "
လောထျန်း ထိုလူအား ပြန်ကြည့်လိုက်သည်။
" ဟုတ်တယ်လေ.. ကျုပ် အစီအမံအားလုံးကို ဖျက်ဆီးပြီးသွားပြီ "
" ဘယ်လို... "
တဖက်လူ မှင်သက်သွားပြန်သည်။
အားလုံးကို ဖျက်ဆီးပြီးသွားပြီတဲ့လား ...
ပါရမီထူးလှသော ယွဲ့လီသည်ပင် အစီအမံတစ်ခုကို မဖျက်ဆီးနိုင်သေးချိန်၌ သူက အားလုံးကို ဖျက်ဆီး
ပြီးသွားပြီတဲ့ ။
အကယ်၍ သူတို့သည်သာ ပညာရှင်များ မဟုတ်ပါက... ယခုချိန် စိတ်ရှိတိုင်း ဆဲပြီးနေလောက်လေပြီ...
ဝန်ထမ်းက နှာခေါင်းရှုံ့လိုက်၏။
" ကောင်းပြီ ၊ ဒါဆိုရင် မင်း အစီအမံတွေကို ဘယ်လိုဖျက်ဆီးခဲ့တာလဲ ပြောစမ်းပါဦး "
ကျန်လူများလည်း ခေါင်းညိတ်ကာ လောထျန်းအား ကြည့်လိုက်ကြသည်။
လောထျန်းမှာလည်း အံ့အားသင့်နေပုံ တူပါ၏။
သူ တဖက်လူ၏ မေးခွန်းကို နားမလည်ပါ ။ ဘာကို ပြောပြစရာ ရှိပါသနည်း..
သို့သော် တဖက်လူမှာ စာမေးပွဲစစ်သူ ဖြစ်သဖြင့်.. သူ တစ်ခုခုတော့ ပြန်ဖြေမှ ဖြစ်ပါမည်။
" ကျုပ် အစပိုင်းက အစီအမံ သုံးခုကိုတော့ သေချာမမြင်လိုက်ရဘူးမို့ ဘာမှသိပ်ပြောစရာ မရှိဘူး ။ ဒါပေ
မယ့် လေးခုမြောက် အစီအမံကတော့ တော်တော်လေးကောင်းတယ် ပြောရမယ် "
လောထျန်း ရင်ထဲရှိသည့်အတိုင်း ပြောလိုက်သည်။
သူ့စကားကြောင့် အားလုံး မှင်သက်သွားကြပြန်၏။
လေးခုမြောက် အစီအမံတဲ့လား..
စမ်းသပ်ပွဲမှာ အစီအမံ သုံးခုကို ချိုးဖျက်ရန် မဟုတ်ဘူးလား..
လေးခုမြောက် အစီအမံက ဘာပါလဲ..
ပထမ မေးခွန်းထုတ်လိုက်သူ ဝန်ထမ်းက လှောင်ပြုံးဖြင့် ပြောသည်။
" ဘာတွေလျှောက်ပြောနေတာလဲ.. ငါတို့ စမ်းသပ်ပွဲက အစီအမံ သုံးခုကို ချိုးဖျက်ဖို့လေ ။ မင်းက လေးခုမြောက် အစီအမံကကို ဘယ်ကနေတွေ့သွားတာလဲ "
လောထျန်း လန့်သွားပုံရကာ ရှေ့သို့ လက်ညိုးထိုးပြ၍ ဆိုသည်။
" အဲ့နားမှာ မဟုတ်ဘူးလား "
အားလုံး သူ ညွှန်ပြသည့်နေရာသို့ ကြည့်လိုက်ကြရာ.. ရှေ့တွင် ဘာမှ ရှိမနေပါချေ။
ဝန်ထမ်းက လှောင်ပြုံးဖြင့် ထပ်ပြော၏။
" မင်းပြောတဲ့ စကားတွေက ပိုပိုပြီး အဓိပ္ပါယ်မရှိတော့ဘူး ။ အဲ့မှာ ဘာအစီအမံ ရှိလို့လဲ.. ဘာမှမရှိ... ဟင် "
သူ ပြောနေရင်း စကားတစ်ဝက်မှာပင်.. တစ်ခုကို ရုတ်တရက် သတိရသွားကာ စကားရပ်သွားသည်။
အခြားသူများမှာလည်း လှောင်ပြုံးကိုယ်စီဖြင့် ရှိနေခဲ့ကြရာမှ ရုတ်တရက် မျက်နှာထားများ ပြောင်းသွားကြ၏။
အားလုံး စက်ရုပ်များလို ရှေ့မှ ဟင်းလင်းဖြစ်နေသော လေထုအား လှမ်းကြည့်လိုက်ကြသည်။ သူတို့၏ ရင်ထဲတွင်လည်း ဗြောင်းဆန်လျက်...
" သူပြောတဲ့ လေးခုမြောက်အစီအမံက... ယင်ကိုး
သွယ်ဓားတစ်သောင်း အစီအမံကို ပြောတာလား.. "
နောက်ဆုံးတွင်... တစ်ယောက်က တုန်တုန်ယင်ယင် ပြောလာသည်။
အားလုံး ရုတ်ရုတ်သဲသဲ ဖြစ်ကုန်ကြ၏။
သခင်ကြီးဟောင်က ထိုနေရာသို့ ဦးစွာပြေးသွားပြီး ကြည့်သည်။ ထိုနေရာ၌ အမှန်တကယ်လည်း ဘာမှရှိမနေပါ .. ။
အစီအမံကို လုပ်ထားခဲ့သော အခြေခံအုတ်မြစ် ၊ ထွင်းစာ နှင့် အခြားအရာများအားလုံးလည်း ပျောက်သွားခဲ့လေပြီ ။
" ဒါ.. မင်း လုပ်ခဲ့တာလား "
သူ လောထျန်းဘက် လှည့်ကြည့်လိုက်သည်။
လောထျန်းက ခေါင်းညိတ်ပြ၏။
" သခင်ကြီးပဲပြောတော့.. အစီအမံအားလုံးကို ချိုးဖျက်ရမှာဆို ။ ကျုပ် လုပ်တာ မှားသွားလို့လား.. "
အားလုံး : "...... "
ထိုစဥ်တွင် သခင်ကြီးဟောင်မှာ ခေါင်းတစ်ခုလုံး ပေါက်ထွက်တော့မလိုပင် ခံစားနေရပါသည်။
စမ်းသပ်ပွဲတွင် ဝင်ပြိုင်သူတစ်ယောက်က ယင်ကိုးသွယ်ဓားတစ်သောင်း အစီအမံကို ဖျက်ဆီးခဲ့သတဲ့လား..
၎င်းမှာ အဆင့်ကိုး မသေမျိုးအစီအမံ ဖြစ်ပါသည်။
သူ ကြိုးစားပန်းစား လုပ်ထားခဲ့သော အကောင်းဆုံးအစီအမံက ဖျက်ဆီးခံလိုက်ရသတဲ့လား..
ထိုစဥ် လောထျန်းက သူ့နားသို့ လျှောက်လာကာ ပြော၏။
" ဒါဆို.. ကျုပ် စမ်းသပ်ပွဲကို အောင်သွားပြီလား "
အားလုံး ဆွံ့အကုန်ကြပြန်ပါသည်။
" အင်း... "
သခင်ကြီးဟောင် အသံတုန်တုန်ဖြင့် ပြောလိုက်
သည်။
" သခင်လေးလောထျန်း ၊ အစီအမံသုံးခုလုံးကို ဖျက်ဆီးပြီးတော့ စမ်းသပ်ပွဲကို ပထမအဆင့်နဲ့ အောင်မြင်သွားခဲ့ပါပြီ ။ ဂုဏ်ယူပါတယ်ဗျာ "
ထိုစဥ် အနီရောင်ဝတ်လူက ကူကယ်ရာမဲ့ အပြုံးဖြင့် ဆို၏။
လောထျန်း အံ့အားသင့်သွားပါသည်။
" အစီအမံ သုံးခု.. ဟုတ်လား ၊ လေးခု မဟုတ်ဘူးလား "
အနီရောင်ဝတ်လူ ကူကယ်ရာမဲ့ ပြန်ပြောသည်။
" တကယ်တော့ စမ်းသပ်ပွဲမှာက အစီအမံသုံးခုကိုပဲ ဖျက်ဆီးရမှာပါ "
လောထျန်း ခေတ္တမျှ မှင်သက်နေပြီးမှ ယင်ကိုးသွယ်ဓားတစ်သောင်း အစီအမံ ရှိခဲ့သည့်ဘက် လက်ညိုးထိုးပြလိုက်သည်။
" ဒါဆိုရင်.. အဲ့ဒါက... "
" အဲ့ဒါက စမ်းသပ်ပွဲခန်းမကို အပြင်ရန်သူတွေ မ
ကျူးကျော်နိုင်အောင်နဲ့ တခြားအပြင်လူတွေ ဝင်မနှောင့်ယှက်နိုင်ကြအောင် သီးသန့်ခွဲထားတဲ့ အစီအမံပါ "
အနီရောင်ဝတ်လူ ပြောလိုက်ရ၏။
လောထျန်းတစ်ယောက် ချက်ချင်း မျက်နှာရဲသွားသည်။
" အဲ့လိုလား.. ကျုပ် မသိခဲ့ဘူးဗျာ ။ ကျုပ်က ဒီတိုင်း စမ်းသပ်ပွဲက အစီအမံလို့ပဲ ထင်ပြီး ဖျက်ဆီးပစ်လိုက်တာ "
အားလုံး ဆွံ့အကုန်ကြပြန်ပါသည်။
ထိုအစီအမံမှာ အဆင့်ကိုး မသေမျိုးအစီအမံတစ်ခု ဖြစ်ပါသည် ။
သူ ဖျက်ဆီးလိုက်သည်ဟု ပြောတိုင်း.. တကယ်ကြီး ပျက်စီးသွားမှာလား...
ထိုစဥ်မှသာ အသည်းကွဲနေခဲ့သော သခင်ကြီးဟောင် အသိပြန်ဝင်လာပါသည်။
ယခု သေချာစဥ်းစားကြည့်ပါက... လောထျန်းသည် အဆင့်ကိုး မသေမျိုးအစီအမံအား ခဏလေးအတွင်း ဖျက်ဆီးနိုင်သည့် အစွမ်းကို ပိုင်ဆိုင်ထားပေရာ...
သူ့ပါရမီက မည်သို့ ရှိပါသနည်း ..
သူ ရတနာတစ်ခုကို ရှာတွေ့လိုက်သည့်ပုံပါပင် ။
သို့သော် ယင်ကိုးသွယ်ဓားတစ်သောင်း အစီအမံ ဖျက်ဆီးခံလိုက်ရပြီကို တွေးမိလိုက်ချိန်တွင်မူ သူ့ရင်ထဲ နာကျင်သွားရဆဲ ဖြစ်ပါသည်။
၎င်းမှာ ထိပ်တန်းအဆင့် အဆင့်ကိုး မသေမျိုးအစီအမံဖြစ်ပြီး ... သူ ငွေကြေးအကုန်အကျ များစွာခံကာ အဆင့်ကိုး အစီအမံပညာရှင် များစွာကို ဖိတ်ခေါ်ပြီးမှ လုပ်ထားခဲ့ရခြင်း ဖြစ်ပါ၏။
ယခု တွင်ကား ...
ဘယ်လောက်အသည်းကွဲချင်စရာ ကောင်းလိုက်ပါသလဲ...
သို့သော် လက်ရှိတွင် ဒေါသထွက်နေ၍လည်း မရသေးပါချေ။
ထိုစဥ် တစ်ယောက်က ရုတ်တရက် မေးလာသည်။
" သခင်လေး လောထျန်း... အစီအမံကို ဘယ်လိုချိုးဖျက်ခဲ့တာလဲ သိခွင့်ရှိမလား "
အားလုံး လောထျန်းအား ကြည့်လိုက်ကြသည်။
သူတို့သည်လည်း လောထျန်းက မည်သို့လုပ်သွားခဲ့သည်ကို သိချင်ပါ၏။
သူက ထိုအစီအမံကို ခဏလေးအတွင်း ဖျက်ဆီးခဲ့သည် မဟုတ်ပါလား...
ထိုစဥ် လောထျန်းမှာလည်း သူ့ကိုကြည့်နေကြသည့် လူများကိုပြန်ကြည့်ရင်း အံ့အားသင့်နေပါသည်။
" အင်... ကြည့်ရတာ ဒီလူတွေက ငါ့ကို မယုံကြဘူးနဲ့တူတယ် ။ အဲ့လိုဆိုမှတော့လဲ သူတို့ကို လက်တွေ့ပြပြီး ယုံအောင်လုပ်ပေးရတာပေါ့ "
သူ ထိုသို့တွေးကာ ပြောလိုက်၏။
" ပထမ သုံးခုကိုတော့ ကျုပ် မေ့သွားပေမယ့် အဲ့နောက်ဆုံး အဆင့်ကိုး မသေမျိုးအစီအမံကိုတော့ သေချာမှတ်မိတယ် "
အားလုံးမှာလည်း အာရုံအပြည့်စိုက်ပြီး လောထျန်း၏စကားကို နားထောင်ရန် ပြင်လိုက်ကြသည်။
သို့သော်... သူတို့ ထင်မထားသည်မှာ...
လောထျန်း၏ စိတ်ဝိဥာဥ်အစွမ်း ရုတ်ချည်း လွင့်ပျံလာ၏။
ဝီ...
ထို့နောက် သူ စိတ်ဝိဥာဥ်အစွမ်းဖြင့် ထွင်းစာများ ရေးပြီး အစီအမံကို ပြင်ဆင်လိုက်ပါသည်။
" ဟင်... "
အားလုံး အံ့သြမှင်သက်ကုန်ကြပြန်၏။
လောထျန်းမှာ ထွင်းစာများကို အလွန်လျင်မြန်သည့် နှုန်းဖြင့် ရေးနေကာ မိနစ်အနည်းငယ်လေးအတွင်း အစီအမံ ပြီးသွားပါတော့သည်။
ဝုန်း...
အစီအမံမှ ထွက်လာသော ကြောက်မက်ဖွယ် ဖိအားတစ်ခုကလည်း အားလုံးကို တမဟုတ်ချင်း လွှမ်းခြုံလာကာ ထိုလေထုနှင့် အပြင်ကမ္ဘာအား ခွဲထားလိုက်တော့၏။
" အဲ့ဒါ... ဘာလဲ... "
အားလုံး အံ့သြတကြီး ရေရွတ်လိုက်ကြသည်။
လောထျန်းက လက်နောက်ပစ်ရင်း ပြောလာ၏။
" အဲ့ဒါ ခင်ဗျားတို့ လုပ်ထားတဲ့ အစီအမံလေ ။ ကျုပ်စိတ်ထဲ သိပ်မသေချာတဲ့နေရာတွေ နည်းနည်းရှိပေမယ့် အစွမ်းကတော့ အတူတူပဲ ။ ကျုပ်က အစီအမံကို နေရာဆယ်ခုကျော်လောက်ကနေ တစ်ပြိုင်တည်း စပြီးဖျက်ဆီးခဲ့တာ "
လောထျန်းက ပြောပြောဆိုဆိုပင် စိတ်ဝိဥာဥ်အစွမ်းကို ထုတ်လွှတ်လိုက်ပြန်သည် ။
ချွှင်... ခွပ် ...
ထွင်းစာများ စတင်ပြိုကွဲလာကာ ပျောက်ကွယ်သွားပါ၏။
ဤသို့ဖြင့် စက္ကန့်အနည်းငယ်လေးအတွင်းမှာပင် အစီအမံတစ်ခုလုံး ပျောက်ကွယ်သွားပါတော့သည်။
" ကဲ.. ပြီးသွားပြီ ၊ ကျုပ် ခုနက အဲ့လိုလုပ်ခဲ့တာ " .လောထျန်း ပြောလိုက်သည်။
အားလုံးမှာကား စကားတစ်ခွန်းမှ မဆိုနိုင်ကြဘဲ လောထျန်းကိုသာ အူကြောင်ကြောင် ကြည့်နေကြပါ၏။
အစပိုင်းတွင် သူတို့သည် လောထျန်းက အစီအမံအား မည်သို့ဖျက်ဆီးခဲ့သည်ဆိုသည့် သဘောတရားကိုသာ ပြောပြမည်ဟု ထင်ခဲ့ပါသည်။
ယခုလို လက်တွေ့လုပ်ပြမည်ဟု ဘယ်သူ ထင်ပါမည်လဲ ။
ထို့အပြင်.. သူက အစီအမံ ဖျက်ဆီးပုံကို လက်တွေ့လုပ်ပြရန်အတွက် ၎င်းအစီအမံကိုပင် ဦးစွာ လုပ်ပြသွားခဲ့ပါသေး၏။
ထိုသို့သော အဆင့်ကိုး မသေမျိုးအစီအမံကို အဆင့်ကိုး မသေမျိုးအစီအမံပညာရှင် တစ်ယောက်သည်ပင် အနည်းဆုံး ဆယ်ရက်ကျော်ခန့် အချိန်မယူရဘဲ မလုပ်နိုင်ပါ ။
သို့သော်.. ယခု လောထျန်းကမူ အစီအမံအား ခဏလေးအတွင်း လုပ်ခဲ့ပြီး စက္ကန့်ပိုင်းလေးအတွင်း ပြန်ဖျက်ဆီးခဲ့ပါသည်။
" ငါ.. အိမ်မက် မက်နေတာများလား "
အနီရောင်ဝတ်လူ ရေရွတ်ကာ သူ့ပေါင်သူ ခပ်ပြင်းပြင်း ဆွဲဆိတ်လိုက်သည်။
သို့သော် ...
နာလှပါ၏။
ထိုစဥ် တဖက်မှ လောထျန်းမှာကား အားလုံး ဖြစ်သွားသည့် မျက်နှာထားကိုကြည့်ရင်း သူ သေချာမရှင်းပြလိုက်၍များလားဟု တွေးသွားပါသည်။
ထို့ကြောင့် သူ မျက်မှောင်ကြုံ့ရင်း ပြောလိုက်၏။
" ထားပါလေ.. ကျုပ်ထပ်ပြီး လက်တွေ့လုပ်ပြမယ် ။ အရင်ဆုံး အစီအမံကို လုပ်ကြတာပေါ့ .... "
ဝီ ...
စက္ကန့်အနည်းငယ် အတွင်းမှာပင် ယင်ကိုးသွယ်ဓားတစ်သောင်း အစီအမံ ပေါ်လာပြန်တော့သည်။
" အခု အစီအမံကို ဖျက်ဆီးပြမယ်.... "
လောထျန်း ပြောပြောဆိုဆိုပင် စိတ်ဝိဥာဥ်အစွမ်းကို ထုတ်လွှတ်လိုက်ပြန်သည်။
ထို့နောက်.. အစီအမံ ပြိုကွဲသွား၏။
" အခု စိတ်ထဲရှင်းသွားပြီလား "
အားလုံးပြီးသွားသည့်နောက် လောထျန်း ပြောလိုက်သည်။