← Chapters

အခန်း (၈၂၂)

Vol. 59 Ch. 822

အခန်း (၈၂၂)

Vol. 59 Ch. 822

အားလုံးမှာကား အူကြောင်ကြောင် မျက်နှာပေးများသာ ဖြစ်နေကြပြီး လောထျန်းကို မည်သူမှ မတုန့်ပြန်မိကြပါ ။

လောထျန်း မျက်မှောင်ကြုံ့သွားကာ ထပ်ပြောလိုက်၏။

" ခင်ဗျားတို့ နားမလည်သေးဘူးဆိုရင် ကျုပ် နောက်တစ်ခေါက် ထပ်လုပ်ပြမယ် "

သူ ပြောပြီး လှုပ်ရှားလိုက်ရာ တခဏအကြာတွင် အစီအမံအသစ်တစ်ခု ပေါ်လာသည်။

ထို့နောက် သူ ၎င်းကို ဖျက်ဆီးရန် ပြင်လိုက်ပြန်၏။

သို့သော် ထိုစဥ်တွင် သခင်ကြီးဟောင်က မြန်မြန်ဝင်ပြောလာသည်။

" ရပါပြီ... သခင်ကြီး လော... ရပါပြီဗျာ "

ထိုတခဏ၌ သူ လောထျန်းအား ခေါ်သည့်ပုံစံပင် ပြောင်းသွားလေပြီ ။

လောထျန်း အံ့အားသင့်သွားကာ ပြန်ပြောလိုက်သည်။

" ရပြီလား.. ခင်ဗျားတို့ နားလည်သွားပြီလား "

သခင်ကြီးဟောင် လက်ကာပြ၍ ပြော၏။

" အဲ့ဒါက အရေးမကြီးတော့ဘူးဗျ.. "

သူ မယုံစရာလည်း ဘာအကြောင်းရှိပါတော့မည်နည်း ။

အချိန်တခဏလေးအတွင်း လောထျန်းက ယင်ကိုးသွယ်ဓားတစ်သောင်း အစီအမံကို သုံးကြိမ်တိုင် လုပ်သွားခဲ့ပြီး.. နှစ်ကြိမ်တိတိ ဖျက်ဆီးသွားခဲ့သည် မဟုတ်ပါလား..

ထိုသို့သော အရာမျိုးကို လုပ်နိုင်သူမှာ ဒဏ္ဍာရီကျော် မသေမျိုးအစီအမံပညာရှင်များသာ ရှိနိုင်ပါသည်။

တစ်နည်းအားဖြင့် ဆိုရသော်.. သူတို့ရှေ့မှ လောထျန်းသည် ထိုသို့သော အစီအမံပညာရှင်တစ်ယောက် ဆိုသည့်သဘောပင် ။

သူ ထိုသို့သော လူမျိုးကို ဘာအတွက် မေးခွန်းထုတ်ရပါမည်လဲ ။

" အင်.... သေချာရဲ့လား "

လောထျန်း မေးလာသည်။

" သေချာပါတယ်.. လုံးဝ သေချာပါတယ် "

သခင်ကြီးဟောင် ခေါင်းညိတ်လိုက်၏။

" ဒီအစီအမံကို ကျုပ် ဖျက်ဆီးလိုက်ရဦးမလား "

လောထျန်းက အသစ်လုပ်ထားသော အစီအမံကို လက်ညိုးညွှန်ပြကာ ထပ်မေးသည်။

" မလိုပါဘူးဗျာ.. လုံလောက်ပါပြီ "

သခင်ကြီးဟောင် မြန်မြန်ပြန်ဖြေလိုက်၏။

အစောလေးက ယင်ကိုးသွယ်ဓားတစ်သောင်း အစီအမံ ပျက်စီးသွားခဲ့သည့်အတွက် သူ့ရင်ထဲ နာကျင်နေခဲ့သေးသော်လည်း..

ယခု မျှော်လင့်မထားစွာပင် အစီအမံက ပြန်ကောင်း

သွားခဲ့ပြီဖြစ်ရာ သူ လွန်စွာပျော်နေပါသည်။

သူ့စကားကို ကြားပြီးနောက် လောထျန်း ခေါင်းအသာညိတ်လိုက်၏။

" ကောင်းပါပြီ ၊ ဒါဆိုရင်.. ကျုပ် အခု ဘယ်ကိုသွားရမလဲ "

သခင်ကြီးဟောင် မြန်မြန်ပြန်ပြောလိုက်သည်။

" အထူးဧည့်သည်တော်တွေ နားနေခန်းမှာ ခဏလောက် သွားနားပါ သခင်ကြီး ။ စမ်းသပ်ပွဲ ပြီးသွားတဲ့အချိန်ကျမှ ကောင်းကင်ဘုံကိုးဆင့် အစီအမံညီလာခံ အဓကကျင်းပတဲ့နေရာကို သွားရမှာပါ "

လောထျန်း ခေါင်းညိတ်လိုက်သည်။

" ကျေးဇူးတင်ပါတယ်ဗျာ "

သူ ပြောပြီး လမ်းပြပေးသော လူများနောက်မှလိုက်ကာ သွားနားနေရန် ပြင်လိုက်၏။

တဖက်တွင်ကား... လောထျန်း ထွက်သွားပြီးနောက် ... ကျန်ခဲ့သည့် ဝန်ထမ်းများအားလုံး ဝရုန်းသုန်းကား ဖြစ်ကုန်ကြတော့သည်။

" သခင်ကြီးဟောင်... အဲ့သခင်ကြီးက... "

အနီရောင်ဝတ် ဝန်ထမ်းက စိတ်လှုပ်ရှားစွာ ဆိုလိုက်သည်။

သခင်ကြီးဟောင်က သူ့ကိုတစ်ချက်ကြည့်ပြီး ခေါင်းညိတ်၏။

" ဟုတ်တယ်ကွ... သူက မူလအဆင့် မသေမျိုးအစီအမံပညာရှင် တစ်ယောက် မဟုတ်သေးရင်တောင်.. အဲ့အဆင့်နီးပါးတော့ ရှိနေပြီ "

" ဘယ်လို... "

အားလုံး အံ့သြတကြီး ဖြစ်သွားကြပြန်သည်။

အနီရောင်ဝတ်လူက အလွန်စိတ်လှုပ်ရှားသွားဟန်ဖြင့် ပြော၏။

" မူလအဆင့် မသေမျိုးအစီအမံပညာရှင် တစ်ယောက်က ကျုပ်တို့ ရွှမ်လင်မြို့ကိုယ်စားပြုအနေနဲ့ ကောင်းကင်ဘုံကိုးဆင့် အစီအမံညီလာခံမှာ ဝင်ပြိုင်မှာပေါ့... ။ ဒါဆိုရင်.. ကျုပ်တို့... "

သခင်ကြီးဟောင်၏ မျက်နှာထက်တွင် ကျေနပ်အားရသော အပြုံးကြီး ပေါ်လာကာ ပြောလိုက်သည်။

" အစကတော့ ငါက ယွဲ့လီနဲ့ ကွမ်ဝမ်ယွိတို့ ပြိုင်ပွဲရဲ့ ပထမအဆင့်ကိုတောင် ကံကောင်းမှပဲ အောင်နိုင်မှာလို့ တွေးထားတာကွ ။ အခုတော့... လောထျန်းသာ ဝင်ပြိုင်တာနဲ့ ငါတို့ ပထမနေရာရမှာ သေချာနေပြီ "

အားလုံးမှာလည်း သူ့စကားကိုကြားပြီး အလွန်ပျော်သွားကြ၏။

အကယ်၍သာ ဤတစ်ကြိမ်တွင် လောထျန်းက ပြိုင်ပွဲ၏ ပထမနေရာကို ရသွားခဲ့လျှင်.. သူတို့ ရွှမ်လင်မြို့ကို မည်သူမှ မေးခွန်းထုတ်ရဲတော့မည် မဟုတ်ပါချေ။

မကြာသေးခင်လေးကပင် သူတို့ ထိုကိစ္စနှင့်ပတ်သက်ပြီး စိုးရိမ်နေခဲ့ရသေးသော်လည်း.. ယခုတွင်မူ ထိုပြဿနာက ပြေလည်သွားခဲ့လေပြီ ။

လက်ရှိတွင် သူတို့ စမ်းသပ်ပွဲ၏ ထိပ်ဆုံး အဆင့်၈အတွင်း ဝင်သူများကို စောင့်နေရန်သာ ရှိတော့ပြီး.. အားလုံးပြီးသည်နှင့် ကောင်းကင်ဘုံကိုးဆင့်

အစီအမံညီလာခံသို့ သွားရန်သာ ရှိပါတော့သည်။

ဤသို့ဖြင့်.. သူတို့ သုံးနာရီခန့် ပျင်းပျင်းရိရိ စောင့်ပြီးနောက်တွင်...

ဝီ...

စမ်းသပ်ပွဲ ခန်းမထဲ၌ အလင်းတန်းတစ်ခု လက်သွားကာ ယွဲ့လီတစ်ယောက် ပြန်ပေါ်လာ၏။

" ဟင်.. သုံးနာရီခွဲလောက်ပဲ ရှိသေးတာ ။ ဒါနဲ့ဆို ငါ မှတ်တမ်းအသစ် တင်လိုက်နိုင်ပြီထင်တယ် "

ယွဲ့လီ တွေးလိုက်သည်။

" ဂုဏ်ယူပါတယ် မိန်းကလေး ယွဲ့လီ ၊ စမ်းသပ်ပွဲကို အောင်သွားခဲ့ပါပြီ ။ နားနေခန်းကို သွားပြီးတော့ စောင့်နေပါဦး "

ဝန်ထမ်းတစ်ယောက်က အပြုံးဖြင့် ဆို၏။

" ကျေးဇူးတင်ပါတယ်ရှင် "

ယွဲ့လီ ပြန်ပြောလိုက်သော်လည်း စိတ်ထဲ

အနည်းငယ် ရှုပ်ထွေးသွားပါသည်။

" သူက ဘာလို့ အဲ့လောက်တည်ငြိမ်နေတာလဲ ။ ငါ မှတ်တမ်းအသစ် တင်လိုက်နိုင်တာ မဟုတ်ဘူးလား "

သူမ တွေးရင်း မျက်မှောင်ကြုံ့သွား၏။

သို့သော် လက်ရှိတွင် သူမ စိတ်ဝိဥာဥ်အစွမ်း များစွာကို သုံးထားခဲ့ရသဖြင့် ပင်ပန်းနေရာ ထိုကိစ္စကို ရှည်ရှည်ဝေးဝေး မတွေးအားပါချေ။

သူမ နားနေခန်းသို့ ရောက်သွားသည်နှင့် ချက်ချင်းပင် ကျင့်ကြံကာ စိတ်ဝိဥာဥ်အစွမ်း ပြန်တိုးလာအောင် လုပ်လိုက်သည်။

ဤသို့ဖြင့် နောက်ထပ် နှစ်နာရီ ကြာသွားပြီးနောက်...

ဝီ ...

လေထု မငြိမ်မသက် ဖြစ်သွားကာ ဆံပင်နီနှင့် ချီလန့်ယွမ် ပေါ်လာသည်။

သူက ဝန်ထမ်း၏ အပြောကိုပင် မစောင့်ဘဲ နားနေခန်းသို့ တန်းသွားလိုက်၏။

" ဒုတိယနေရာလား.. မဆိုးပါဘူး "

ချီလန့်ယွမ် နှုတ်ခမ်းတွန့်ရုံ ပြုံးပြီး ယွဲ့လီဘက်သို့ ကြောက်ရွံ့မှုပါဝင်သော မျက်လုံးများဖြင့် လှမ်းကြည့်လိုက်သည် ။ ထို့နောက် သူ သူမနှင့် ခပ်လှမ်းလှမ်းတွင်နေ၍ ကျင့်ကြံနေလိုက်၏။

နောက်ထပ် နာရီဝက် ကြာသွားပြီးနောက်တွင် ယန်ဝမ့်လျန် စမ်းသပ်ပွဲကို အောင်မြင်ကာ အပြင်ရောက်လာသည်။

ဝန်ထမ်းတစ်ယောက်၏ လမ်းပြမှုနှင့်အတူ သူသည်လည်း နားနေခန်းသို့ ရောက်လာ၏။

သူ ရောက်ရောက်ချင်း အခန်းထဲသို့ တစ်ချက်ဝေ့ကြည့်လိုက်ရာ... ယွဲ့လီနှင့် ချီလန့်ယွမ်တို့ နှစ်ယောက်တည်းသာ ရှိသေးသည်ကို မြင်ပြီးမှ သက်ပြင်းချလိုက်သည်။ သူ နောက်ဆုံး စမ်းသပ်ပွဲကို အောင်သွားခဲ့လေပြီ ။

ယန်ဝမ့်လျန် ရောက်ပြီးနောက်... စမ်းသပ်ပွဲကို အောင်သွားသည့် လူအရေအတွက် ပိုတိုးလာပါ၏။

ဝီ ...

မကျေမနပ် မျက်နှာထားဖြင့် အဘွားအိုတစ်ယောက် ပေါ်လာသည်။ နားနေခန်းထဲ ရောက်နေနှင့်သော လူများကိုကြည့်ကာ.. သူမ ခဏတာ မှင်သက်သွားပြီးနောက် ဘေးတွင်ထိုင်ချ၍ မကျေမနပ် ရေရွတ်နေပါ၏။

သူမ ရခဲ့သည့် ရလဒ်အား မကျေမနပ် ဖြစ်နေသည်မှာ သိသာပါသည်။

" အဲ့အဘွားအိုက အရင်က ပထမနေရာ ရခဲ့ဖူးတယ် ။ ဒါ့ကြောင့်မို့ သူ ဒေါသထွက်နေတာ "

ဝန်ထမ်းတစ်ယောက်က အားလုံးကို တီးတိုးပြောပြလိုက်သည်။

သူမနောက်တွင်..

ဝီ.... ဝီ ...

လေထုက နှစ်ကြိမ်ဆက်တိုက် မငြိမ်မသက် ဖြစ်သွားကာ... လူနှစ်ယောက် ပေါ်လာ၏။

" အား.. နောက်ဆုံးတော့ အောင်သွားခဲ့ပြီကွာ ။ ငါ့မှာတော့ စိတ်ဝိဥာဥ်အစွမ်း ကုန်ပြီး သေရတော့မယ်တောင် ထင်မိတော့မလို့ "

" အခုတော့ ပြိုင်ပွဲနောက်တစ်ဆင့်ကို တက်နိုင်ပြီနဲ့တူတယ် "

ထိုလူနှစ်ယောက်က နောင်တရနေသည့် မျက်နှာများဖြင့် ပြောပြီး နားနေခန်းဆီသို့ လျှောက်လာကြသည်။

ထိုစဥ်တွင် ယွဲ့လီမှာ ယခင်အခြေအနေသို့ တဖြည်းဖြည်း ပြန်ရောက်နေခဲ့လေပြီ ။

သူမ ဘေးဘီသို့ တစ်ချက်ဝေ့ကြည့်ရင်း တွေးလိုက်၏။

" ကွမ်ဝမ်ယွိက မအောင်သေးပါလား... ပြီးတော့ ဟိုလောထျန်းရောပဲ... "

သူမတွေးပြီး ခေါင်းအသာယမ်းလိုက်သည်။

ထိုစဥ်မှာပင်..

ဝီ... ဝီ...

နှစ်ကြိမ်ဆက်တိုက် လေထု မငြိမ်မသက် ဖြစ်လာပြန်၏။

အားလုံး ထိုနေရာဘက် လှည့်ကြည့်လိုက်ကြရာ ဆံပင်ဖြူနှင့် အဘိုးအိုတစ်ယောက် ထွက်လာသည်ကို မြင်လိုက်ရသည်။

" အိုး.. တော်သေးတာပေါ့ကွာ "

အဘိုးအိုက အားလုံးကို တစ်ချက်ဝေ့ကြည့်ပြီးနောက် စိတ်သက်သာရာ ရသွားဟန်ဖြင့် သက်ပြင်းချ၏။

ဝီ..

ထိုစဥ်မှာပင် သူ့ဘေး လေထုထဲမှ ကွမ်ဝမ်ယွိတစ်

ယောက် တုန်တုန်ယင်ယင် ထွက်လာပါသည်။

" ###$$ အားလုံးက ခုနက ရထားခဲ့တဲ့ ဒဏ်ရာတွေကြောင့် ဖြစ်သွားရတာ ။ အဲ့လိုမဟုတ်ရင် ငါ အများကြီး ပိုမြန်မှာကွာ "

" အင်း... ငါက အဆင့်ရှစ် ဆိုတော့ တော်သေးတာပေါ့ကွာ ။ ဟား ဟား.. ဟိုမောက်မာတဲ့ လောထျန်းကတော့ ငါ ကျော်တက်တာကို ခံလိုက်ရပြီ "

ကွမ်ဝမ်ယွိ၏ သုန်မှုန်နေသော မျက်နှာကြီးမှာ နားနေခန်းထဲ၌ လောထျန်းရှိမနေသည်ကို မြင်သည်နှင့် များစွာ ပြောင်းသွားတော့သည်။

ထိုစဥ်မှာပင်...

" ကောင်းတယ်... အားလုံးလဲ စုံနေကြပြီပဲ "

အားလုံးနောက်တွင် အပြုံးမျက်နှာဖြင့် သခင်ကြီးဟောင် ပေါ်လာသည်။

" တွေ့ရတာ ဝမ်းပါသာတယ် သခင်ကြီးဟောင် "

အခန်းထဲ ရှိနေသူအားလုံး သခင်ကြီးဟောင်အား ဦးညွှတ်အရိုအသေ ပေးလိုက်ကြ၏။

သခင်ကြီးဟောင်က ခေါင်းညိတ်ပြပြီး အားလုံးကို ပြောသည်။

" အားလုံးကို ဂုဏ်ယူပါတယ် ။ အခု.. ထိပ်ဆုံးအဆင့် ၈ ထဲ ဝင်သွားပြီဆိုတော့ ကောင်းကင်ဘုံကိုးဆင့် အစီအမံညီလာခံကို ဝင်ပြိုင်ဖို့ အခွင့်အရေး ရသွားကြပြီ ။ ကဲ.. အချိိန်လဲ သိပ်မရှိတော့ဘူးမို့ ငါ အများကြီး မပြောနေတော့ဘူး .. အားလုံး ငါနဲ့အတူ အဓိကပြိုင်ပွဲ ကျင်းပတဲ့နေရာကို လိုက်ခဲ့ကြပါ ။ အဲ့ကျမှ အေးဆေးအနားယူကြတာပေါ့ "

" ဟုတ်ကဲ့... "

အားလုံးက ထိုစကားကို သဘောတူကာ သူ့နောက်မှ လိုက်သွားကြသည်။

ထိုစဥ် လူအုပ်၏ နောက်ဆုံးနားတွင် ရှိနေသော ကွမ်ဝမ်ယွိ မျက်မှောင်ကြုံ့လိုက်၏။

" လောထျန်းကို လူရှေ့မှာ အရှက်မခွဲရတာ နာတာပဲကွာ ။ အဲ့အမှိုက်ကောင်က သိုင်းပညာမှာ နားလည်နိုင်စွမ်း ပိုအားကောင်းပေမယ့် အခုတော့ ဘာ

တတ်နိုင်သေးလဲ ။ အစီအမံပညာနဲ့ ပတ်သက်လာရင် ငါ့အောက်ရောက်သွားတာပဲ "

ကွမ်ဝမ်ယွိ တွေးကာ လူအုပ်နောက်မှ လိုက်သွားလိုက်သည်။

သို့သော်.. ထိုစဥ် လူအုပ်၏ ရှေ့ဆုံးတွင် ရှိနေသော သခင်ကြီးဟောင် ရုတ်တရက် ရပ်သွားပြီး.. နောက်လှည့်၍ ကွမ်ဝမ်ယွိကိုကြည့်ကာ ပြောလာ၏။

" မင်းက ဘာလို့လိုက်လာတာလဲ "

သူ့စကားကြောင့် ကွမ်ဝမ်ယွိ အံ့သြသွားကာ ပြန်ပြောလိုက်သည်။

" ကျုပ်က ဘာလို့ လိုက်လို့မရတာလဲဗျ ။ ကျုပ် ဒီတစ်ကြိမ် မတော်တဆလေး နည်းနည်းဖြစ်ထားတယ်ဆိုပေမယ့်.. ထိပ်ဆုံးအဆင့် ၈ ထဲ ပါတယ်လေ "

ထိုစကားကိုကြားမှ သခင်ကြီးဟောင် ရုတ်တရက် သတိထားမိသွားပုံ ပေါ်ပါ၏။

" ဟုတ်သားပဲ... မေ့တော့မလို့ ။ မင်းက အဆင့် ၈ ထဲ မပါဘူးကွ... မင်းက အဆင့် ၉.. "

" ဘယ်လို... အဆင့် ၉... ဟုတ်လား ။ ဒီမှာ လူရှစ်

ယောက်ပဲ ရှိတာလေဗျာ.. ကျုပ်က ဘာဖြစ်လို့ အဆင့် ၉ လဲ "

ကွမ်ဝမ်ယွိ ဒေါသတကြီး ပြောလိုက်သည်။

ယွဲ့လီသည်ပင် အံ့အားသင့်သွားရပါ၏။

သူမသည် နားနေခန်းထဲသို့ ပထမဆုံး ရောက်လာသူဖြစ်ပြီး သူမရှေ့တွင် မည်သူ့ကိုမှ မတွေ့ခဲ့ရပါ ။

ယခု ကွမ်ဝမ်ယွိက အဘယ့်ကြောင့် အဆင့် ၉ ဖြစ်နေရပါသနည်း ။

ထိုစဥ် သခင်ကြီးဟောင်က တည်တည်ငြိမ်ငြိမ် ပြောလာ၏။

" ဘာလို့လဲဆိုတော့ ပထမရထားတဲ့သူက အရမ်းမြန်မြန်ကြီး ပြီးသွားခဲ့လို့ သွားအနားယူနေတာမို့လို့ကွ ။ ယွဲ့လီက ဒုတိယရတယ်... မင်းကတော့ အဆင့် ၉ "

" ဘယ်လို... "

သူ့စကားကြောင့် အားလုံး အံ့သြမှင်သက်သွားကုန်ကြပါသည်။

အထူးသဖြင့် ယွဲ့လီမှာ ကိုယ့်နားကိုယ် မယုံနိုင်ဘဲ မျက်လုံးအပြူးသား...

သူမ မှတ်တမ်းအသစ်ကို တင်လိုက်နိုင်သည် မဟုတ်ဘူးလား...

ယခုတွင်မူ... အဆင့်တစ်ပင် မရခဲ့ဘူးတဲ့...

" သခင်ကြီးဟောင် ၊ ပထမ ရသွားတဲ့သူက ဘယ်သူလဲ သိခွင့်ရှိမလားဗျ "

ချီလန့်ယွမ်က မျက်မှောင်ကြုံ့၍ မေးလာသည်။

အားလုံးကလည်း သခင်ကြီးဟောင်အား ကြည့်လိုက်ကြ၏။

သခင်ကြီးဟောင် နှုတ်ခမ်းတွန့်ရုံ ပြုံးကာ ပြန်ဖြေလိုက်သည်။

" ပထမရတဲ့သူက.. သခင်လေးလောထျန်းပဲ "

All Chapters