အခန်း (၈၂၆)
Vol. 59 Ch. 826
" အဆင့် ၁၀... ဟုတ်လား "
အားလုံး အံ့သြမှင်သက်ကုန်ကြသည်။
ထို ကြောက်မက်ဖွယ် စိတ်ဝိဥာဥ်အစွမ်းကို ပိုင်ဆိုင်ထားသူက အဆင့် ၁၀ တဲ့လား...
အစောပိုင်းက တိုက်ခိုက်မှုမှတဆင့် ထိုလူသည် လောထျန်းတစ်ယောက်မှလွဲ၍ သူတို့အားလုံးထက် များစွာ အစွမ်းပိုသာကြောင်း သူတို့ ခံစားမိခဲ့ရပါသည်။
ဟွမ်ရှင်းဂိုဏ်းတွင် မည်သို့သော ဘီလူးများ ရှိနေပါသလဲ...
အားလုံးမှာ တုန်လှုပ်မှုတို့ ပြည့်နေသော မျက်လုံးများဖြင့် တစ်ယောက်ကိုတစ်ယောက် လှည့်ကြည့်လိုက်ကြသည်။
ဟွမ်ရှင်းဂိုဏ်းသားများက တရားမျှတမှုမရှိဟု ခံစားနေကြရသည်မှာ မဆန်းတော့ပါ ။
အမှန်တကယ်လည်း မတရားဟု ပြော၍ရနေသည် မဟုတ်ပါလား..
" အကိုကြီးနာမည်က ဘယ်လိုခေါ်လဲရှင်... "
ယွဲ့လီ တလေးတစား မေးလိုက်သည်။
တဖက်လူက အပြုံးဖြင့် ပြန်ဖြေ၏။
" ကျုပ်နာမည်က လင်းချန် ပါ "
ယွဲ့လီ ဆက်ပြောလိုက်သည်။
" အဲ့လိုကိုး... ကျွန်မနာမည်က ယွဲ့လီ ပါ အကိုကြီး ။ ဒါနဲ့... ကျွန်မ တစ်ခုလောက် မေးချင်လို့.. ကျေးဇူးပြုပြီးတော့ ကျွန်မကို အကြံပေးလို့ ရမလားရှင် "
လင်းချန် ခေါင်းညိတ်လိုက်သည်။
" ပြောပါဗျာ "
ယွဲ့လီ အသက်ပြင်းပြင်း ရှိုက်လိုက်၏။
" အကိုကြီးက အဆင့် ၁၀ ပဲ ရတာတောင် ဒီလောက်အစွမ်းထက်နေတာဆိုတော့... ဟွမ်ရှင်းဂိုဏ်းက အကို့ထက် ပိုအဆင့်ကောင်းကြတဲ့ တခြားသူတွေဆို
ဘယ်လောက်အစွမ်းထက်လဲရှင်.. "
အားလုံးမှာလည်း ထိုမေးခွန်းကိုကြားပြီး စိတ်ဝင်တစား လှည့်ကြည့်လာကြ၏။
ဟွမ်ရှင်းဂိုဏ်းမှ အစွမ်းထက်ကျင့်ကြံသူများက မည်မျှအစွမ်းထက်ကြောင်းကို သူတို့လည်း သိချင်ပါသည်။
လင်းချန်က အပြုံးဖြင့်ပင် ပြန်ဖြေသည်။
" ခင်ဗျားတို့ သိချင်တာ အဲ့ဒါလား.. ။ အင်းလေ လျှို့ဝှက်ချက်လဲ မဟုတ်ဘူးဆိုတော့.. ပြောပြပါ့မယ် "
လောထျန်းတစ်ယောက်မှလွဲ၍ ကျန်လူများအားလုံး အာရုံစိုက် နားထောင်လိုက်ကြ၏။
လင်းချန်က ပြောသည်။
" မသေမျိုးအစီအမံပညာရှင်တွေရဲ့ အစွမ်းကို ယှဥ်ဖို့က နည်းနည်းခက်တော့.. ကျုပ် သူတို့ရဲ့ စိတ်ဝိဥာဥ်အစွမ်း အကြောင်းကိုပဲ ပြောမယ်ဗျာ "
အားလုံး ခေါင်းညိတ်လိုက်ကြ၏။
စိတ်ဝိဥာဥ်အစွမ်း တစ်ခုတည်းဖြင့် မသေမျိုးအစီအမံပညာရှင် တစ်ယောက်၏ အစွမ်းကို အတိအကျ မပြောနိုင်သည့်တိုင် ၊ အတိုင်းအတာတစ်ခုအထိ ရှင်းပြနိုင်ပါလိမ့်မည်။
လူတစ်ယောက်သည် လုံလောက်သော စိတ်ဝိဥာဥ်အစွမ်း ရှိထားပြီး ၊ သင့်လျော်သော အားစိုက်ထုတ်မှုမျိုး ရှိပါက အစီအမံပညာရပ်တွင် ရသော အောင်မြင်မှုများလည်း အဆင့်နိမ့်မည် မဟုတ်ပါ ။
လင်းချန်က စကားဆက်သည်။
" ကောင်းကင်ဘုံကိုးဆင့် အစီအမံညီလာခံ လူရွေးပွဲမတိုင်ခင်မှာ ကျုပ် အဆင့်ရှစ် ရတဲ့ အကို ကျန့် နဲ့ နှစ်ယောက်ချင်း တိုက်ခိုက်ခဲ့ဖူးသေးတယ်ဗျ "
" ရလဒ်က ဘယ်လိုလဲ အကိုကြီး "
ယွဲ့လီ မေးလိုက်သည်။
" ကျုပ် ဆယ့်သုံးစက္ကန့်အကြာမှာပဲ ရှုံးနိမ့်သွားခဲ့တယ် "
လင်းချန်က စိတ်ပျက်အားလျော့သည့် မျက်နှာဖြင့် ပြော၏။
" ဘယ်လို.... "
အားလုံး တုန်လှုပ်သွားကြသည်။
လင်းချန်၏ စိတ်ဝိဥာဥ်အစွမ်းက ဤမျှ အစွမ်းထက်နေလျက်နှင့်ပင် ဆယ့်သုံးစက္ကန့်အတွင်း ရှုံးသွားခဲ့တယ်တဲ့လား..
သို့သော်.. ထို့ထက်ပို အရေးကြီးသည်မှာ သူ့အား အနိုင်ယူသွားခဲ့သူက အဆင့်ရှစ်သာ ရခဲ့ခြင်းပင် ။
" အကိုလင်းချန်... ဒါဆိုရင် အကိုတို့ ဟွမ်ရှင်းဂိုဏ်းက ပထမရတဲ့သူက ဘယ်လိုလဲရှင့် "
ယွဲ့လီ မေးလိုက်သည်။
ထိုစကားကို ကြားသည်နှင့် လင်းချန်၏ မျက်နှာထား ချက်ချင်းတည်သွား၏။
" နတ်ဘုရားသားတော်ကို ပြောတာလား "
သူ ပြန်မေးသည်။
ယွဲ့လီ ခေါင်းညိတ်ပြလိုက်၏။
လင်းချန်က ခေတ္တမျှ အသံတိတ်သွားပြီးမှ ပြောသည်။
" နတ်ဘုရားသားတော်က ကိစ္စတစ်ခုခုကို အလေးအနက်ထားတာမျိုး ကျုပ် တစ်ခါမှ မမြင်ဖူးဘူးဗျ ။ ဒါပေမယ့်.. သေချာတာတစ်ခုကတော့ သူ့ကို ဟွမ်ရှင်းဂိုဏ်းထဲက အဆင့် ၂ ကနေ ၁၀ အထိ ရတဲ့သူတွေအားလုံး ပေါင်းပြီးတိုက်ခိုက်ကြရင်တောင် ငါးစက္ကန့်ထက် ပိုကြာကြာခံမှာမဟုတ်ဘူး "
" ဘယ်လို... "
ယွဲ့လီ အံ့သြတကြီး ရေရွတ်လိုက်သည်။
" ငါးစက္ကန့်.... ချဲ့ကားပြီး ပြောနေတာများလားဗျာ "
ချီလန့်ယွမ်မှာလည်း မယုံသည့် မျက်နှာထား ဖြစ်သွားသည်။
ကျန်လူများလည်း သူ့နည်းတူပါပင်..
လင်းချန်က အောင့်သက်သက်ပြုံး၍ ပြန်ပြော၏။
" ချဲ့ကားပြီးပြောနေတာ လုံးဝ မဟုတ်ဘူးဗျ ။ နတ်ဘုရားသားတော်က အခု အဆင့်ကိုး မသေမျိုးအစီအမံပညာရှင်တောင် ဖြစ်နေပြီ "
" ဘယ်လို... အဆင့်ကိုး မသေမျိုးအစီအမံပညာရှင်... "
အားလုံး တုန်လှုပ်သွားကြပြန်သည်။
အဆင့်ကိုး မသေမျိုးအစီအမံပညာရှင်၏ အဆင့်မှာ မသေမျိုးဘုရင်ထက်ပင် သာနေလေပြီ ။
ဟွမ်ရှင်းဂိုဏ်း၏ နတ်ဘုရားသားတော်က ဤမျှအစွမ်းထက်သည်မှာ ဖြစ်နိုင်ပါသလား..
လင်းချန် သက်ပြင်းချလိုက်၏။
" နတ်ဘုရားသားတော်က ဒီတစ်ကြိမ် အစီအမံညီလာခံမှာ အဆင့်တစ်ရဖို့ ရည်ရွယ်ပြီးတော့ကို လာခဲ့တာဗျ ။ တကယ်လို့ ခင်ဗျားတို့သာ ပြိုင်ပွဲပထမအဆင့်ကို အောင်သွားရင် နောက်တစ်ဆင့်မှာ အစီအမံတိုက်ပွဲ လာနိုင်တယ် ။ အဲ့ကျရင် သူနဲ့ ရင်ဆိုင်ရတာနဲ့ ချက်ချင်းအရှုံးပေးလိုက်ဖို့ ကျုပ် အကြံပေးချင်
တယ် ။ မဟုတ်ရင်တော့ အကျိုးဆက်က ဆိုးနိုင်တယ်ဗျ "
သူ့စကားကို နားထောင်ပြီးနောက် အားလုံး တိတ်သွားကြသည်။
ထိုစဥ်မှလည်း သူတို့ မည်သို့သောပြိုင်ဖက်မျိုးနှင့် ရင်ဆိုင်နေရသည်ကို ရိပ်မိလိုက်ခြင်းပင် ..
ထိုစဥ် လင်းချန်က ဦးညွှတ်၍ ဆိုသည်။
" ကဲ.. အားလုံး အိပ်ရာစောစောဝင်ကြပါဗျာ ။ မနက်ဖြန် ကောင်းကင်ဘုံကိုးဆင့် အစီအမံညီလာခံမှာလဲ ကောင်းကောင်းကြိုးစားကြပါ "
အားလုံးကလည်း သူ့အား ပြန်ဦးညွှတ်လိုက်ကြ၏။
သူတို့အားလုံး၏ ရင်ထဲတွင် လင်းချန်အား လေးစားစိတ် ရှိကြပါသည်။
ဤမျှအစွမ်းထက်ပြီး.. နှိမ့်ချသူတစ်ယောက်ကို တွေ့ခဲလှသည် မဟုတ်ပါလား..
ထို့နောက် အားလုံး အဆောင်ထဲဝင်ရန် ပြင်လိုက်ကြ၏။
သို့သော်.. ထိုစဥ်မှာပင်..
ဝုန်း...
အခြား စိတ်ဝိဥာဥ်အစွမ်း တစ်ခုက လေထဲမှ ခပ်ကြမ်းကြမ်း ရောက်လာကာ အားလုံးသွားမည့်လမ်းကို ပိတ်လာသည်။
" ဟင် ... ဘာဖြစ်ပြန်ပြီလဲ "
ချီလန့်ယွမ် မျက်မှောင်ကြုံ့သွား၏။
ကောင်းကင်ဘုံကိုးဆင့် အစီအမံညီလာခံမှာ စပင်မစရသေးဘဲ အဘယ့်ကြောင့် အလှည့်အပြောင်း ဤမျှ များနေရပါသနည်း ။
ထိုစိတ်ဝိဥာဥ်အစွမ်းကို မြင်သောအခါ လင်းချန် အနည်းငယ်အံ့အားသင့်သွားပုံပေါ်ပြီး မေးလိုက်သည်။
" အကိုကြီး လုကျောက်လား... "
" ဟင်.. အကိုကြီးက အဲ့စိတ်ဝိဥာဥ်အစွမ်းကို သိတာလား "
ယွဲ့လီ တအံ့တသြ မေးလိုက်၏။
လင်းချန်က ခေါင်းညိတ်ပြသည်။
" အဲ့ဒါ ကျုပ်တို့ ဟွမ်ရှင်းဂိုဏ်းက အကိုကြီး လုကျောက်ရဲ့ စိတ်ဝိဥာဥ်အစွမ်းပဲ ။ သူက လူရွေးပွဲမှာ အဆင့်ကိုး ရထားတာ "
" ဘယ်လို.. အဆင့်ကိုး... "
ကြားလိုက်ရသည့် စကားကြောင့် အားလုံး မျက်နှာထားများ ပြောင်းသွားကြပြန်သည်။
လုကျောက်ဆိုသူ၏ စိတ်ဝိဥာဥ်အစွမ်းက အမှန်တကယ်လည်း အဆင့် ၁၀ ရထားသူ၏ အစွမ်းထက် များစွာပိုသာသည်ကို သူတို့ သေချာခံစားမိပါသည်။
ထိုစဥ်မှာပင် လေထဲမှ လူတစ်ယောက် ဆင်းသက်လာ၏။
ဝုန်း...
မှိန်ဖျော့ဖျော့ လူသတ်အရိပ်အငွေ့ တစ်ခုလည်း ရုတ်ချည်းလွင့်ပျံ့လာသည်။
၎င်းကိုမြင်သောအခါ လင်းချန်က ချက်ချင်းဦးညွှတ်၍ ဆိုသည်။
" အကိုလုကျောက် ၊ ဒီကိစ္စက ပြီးသွားပါပြီဗျာ ။ ပြဿနာတွေ အရှည်အရှည် ဆက်မဖြစ်အောင်ပဲ နေကြရအောင်လား "
သို့သော် လူကျောက်က သူ့အား အေးစက်စက်ကြည့်၍သာ ပြော၏။
" မင်း ထွက်သွားစမ်း "
ဝုန်း...
သူ့ စိတ်ဝိဥာဥ်အစွမ်းလည်း တိုးလာကာ လင်းချန်အား နောက်သို့ တွန်းထုတ်လိုက်သည်။
" အကိုကြီး... "
လင်းချန် တုန်လှုပ်သွားပါ၏။
ထိုစဥ် လုကျောက်က တဖက်မှ လူများကိုကြည့်၍ အေးစက်စက်မေးလာသည်။
" မင်းတို့က ရွှမ်လင်မြို့ကလား "
ယန်ဝမ့်လျန် ပြန်ဖြေလိုက်သည်။
" ဟုတ်ပါတယ် ။ သခင်လေးက ကောင်းကင်ဘုံကိုးဆင့် အစီအမံညီလာခံမှာ ဝင်ပြိုင်ခွင့် မရလိုက်တဲ့အတွက် မတရားဘူးလို့ ခံစားရပြီး ကျုပ်တို့ကို သင်ခန်းစာပေးဖို့ လာခဲ့တာလား "
လုကျောက်က အေးစက်စက် နှာခေါင်းရှုံ့၏။
" ငါက အဲ့လောက်ပျင်းစရာမကောင်းဘူး ။ အခု ငါလာတာ တခြားကိစ္စကြောင့် "
တခြားကိစ္စတဲ့လား..
အားလုံး အံ့အားသင့်သွားကြသည်။
ထိုစဥ် လုကျောက်က အေးစက်စက် မေး၏။
" လောထျန်းဆိုတာ ဘယ်သူလဲ "
လူအုပ်၏ နောက်နားလေးတွင် တဝါးဝါးသန်းနေ
သော လောထျန်းတစ်ယောက် အံ့သြသွားပုံ ပေါ်သည်။
ထိုလူက သူ့ကိုရှာရန် လာခဲ့တာတဲ့လား..
ထိုစဥ် ဘေးတွင်ရပ်နေသော ယွဲ့လီက မြန်မြန်ဝင်မေး၏။
" သခင်ကြီးက .. သခင်လေးလောထျန်းကို ဘာဖြစ်လို့ ရှာနေရတာလဲရှင် "
" ဘာလို့ရှာတာလဲ.. ဟုတ်လား "
လုကျောက်၏ မျက်လုံးထဲတွင် ဒေါသငွေ့များ ဖျတ်ခနဲလက်သွားသည်။
" အဲ့ လောထျန်းဆိုတဲ့ကောင်က ငါတို့ရဲ့ နတ်ဘုရားသားတော်ကို စော်ကားခဲ့တယ်လေ ။ သူ့အပြစ်က ခွင့်လွတ်နိုင်စရာ မဟုတ်ဘူး ။ ဒီနေ့တော့ ငါတို့ရဲ့ နတ်ဘုရားသားတော်အတွက် တရားမျှတမှုကို ရှာပေးရမယ် "
ဝုန်း...
သူ့စကား ဆုံးသည်နှင့် စိတ်ဝိဥာဥ်အစွမ်းက ရုတ်ချည်းတိုးလာပြန်သည်။
အားကောင်းလှသော ဖိအားကြီးကြောင့် အားလုံး နောက်ဆုတ်သွားကြရ၏။
ထိုစဥ် အားလုံးနောက်တွင် ရှိနေသော လောထျန်းတစ်ယောက် အသိပြန်ဝင်လာဟန် တူပါသည်။
သူ တဖက်လူကိုကြည့်ကာ မျက်မှောင်ကြုံ့ရင်း မေး၏။
" ငါက မင်းတို့ရဲ့ နတ်ဘုရားသားတော်ကို စော်ကားခဲ့တယ်.. ဟုတ်လား ။ မင်း လူမှားနေတာလား "
သူသည် ပြိုင်ပွဲနေရာသို့ ခုနလေးမှ ရောက်လာခဲ့ခြင်းဖြစ်ပြီး သူပြောသော နတ်ဘုရားသားတော်ကိုလည်း မြင်ပင် မမြင်ဖူးပါချေ။
လင်းချန်လည်း မျက်မှောင်ကြုံ့သွားသည်။
" အကိုလုကျောက်... နားလည်မှုလွဲတာများ ဖြစ်နေမလားဗျာ "
သို့သော် လုကျောက်က အေးစက်စက် နှာခေါင်းရှုံ့၏။
" နားလည်မှုလွဲတာ.. ဟုတ်လား ၊ ငါ့မျက်လုံးနဲ့ ကိုယ်တိုင်မြင်ခဲ့ရတာကို ဘာလွဲရမှာလဲ "
" ကိုယ်တိုင်မြင်ခဲ့ရတယ်.. ဟုတ်လား ၊ မင်းက ဘာကို မြင်ခဲ့တာလဲ "
လောထျန်း ပိုပို၍ နားမလည်နိုင် ဖြစ်သွားသည်။
သူ ဘယ်သူနှင့်မှလည်း မတွေ့ရသေးပါချေ...
လုကျောက်က လောထျန်းအား အချိန်အတန်ငယ်ကြာ စိုက်ကြည့်နေပြီးမှ လင်းချန်ကို ပြော၏။
" လွန်ခဲ့တဲ့ နှစ်တစ်ရာလောက်တုန်းက နတ်ဘုရားသားတော်ရဲ့ အစီအမံသုံးခုကို တစ်ပြိုင်တည်း ချိုးဖျက်ရတဲ့ အချိန်မှတ်တမ်းကို မင်း မှတ်မိသေးလား "
လင်းချန်တစ်ယောက် ခေတ္တမျှ မှင်သက်နေပြီးမှ ခေါင်းညိတ်လိုက်သည်။
" ကျုပ် မှတ်မိပါတယ် ။ အဲ့တုန်းက နတ်ဘုရားသားတော်က အချိန် လေးနာရီတည်းနဲ့ အစီအမံသုံးခုလုံး
ကို ချိုးဖျက်နိုင်ခဲ့တာမို့ တစ်ကမ္ဘာလုံးတောင် ရုတ်ရုတ်သဲသဲ ဖြစ်သွားသေးတယ်လေ "
လုကျောက်က မျက်မှောင်ကြုံ့၍ ပြော၏။
" အခု အဲ့မှတ်တမ်းကို ဒီ လောထျန်းဆိုတဲ့ကောင်က ချိုးဖျက်လိုက်ပြီ "
" ဘယ်လို... သူက နတ်ဘုရားသားတော်ရဲ့ မှတ်တမ်းကို တကယ်ကြီးချိုးဖျက်လိုက်နိုင်တာလား ။ ဒါပေမယ့် အဲ့မှတ်တမ်း ကျိုးသွားတယ်ဆိုရင်တောင် အရေးမကြီးတော့ဘူး မဟုတ်လား "
လင်းချန် မေးလိုက်သည်။
လုကျောက်က နှာခေါင်းရှုံ့၏။
" သူ့ရဲ့ ကိုယ်ပိုင်အစွမ်းနဲ့ နတ်ဘုရားသားတော်ရဲ့ မှတ်တမ်းကို ချိုးဖျက်ခဲ့တာဆိုရင်တော့ ငါက ဘယ်ဂရုစိုက်နေမှာလဲကွာ ။ ဒါပေမယ့် ဒီကောင်က လိမ်ပြီးတော့လုပ်ခဲ့တာကွ "
" လိမ်ခဲ့တာ.. ဟုတ်လား ၊ အကိုက ဘယ်လိုလုပ်ပြီး သိတာလဲ "
လင်းချန် မေးခွန်းထပ်ထုတ်လိုက်သည်။
လုကျောက်က အံကြိတ်၍ ပြော၏။
" သူက အဲ့အစီအမံ သုံးခုကို ချိုးဖျက်ဖို့ ဆယ့်ငါးမိနစ်ပဲ အချိန်ကြာခဲ့တယ်တဲ့လေ ။ ပြောစမ်းပါဦး... လိမ်တာမဟုတ်ရင် ဆယ့်ငါးမိနစ်တည်းနဲ့ အစီအမံသုံးခုကို သူ ဘယ်လိုလုပ်ပြီး ချိုးဖျက်နိုင်မှာလဲ ။ သူက နတ်ဘုရားသားတော်ရဲ့ မှတ်တမ်းကို ချိုးဖို့ ယုတ်မာတဲ့နည်းတွေ သုံးခဲ့တာ ။ ဒါ ငါတို့ နတ်ဘုရားသားတော်ကို စော်ကားလိုက်တာပဲပေါ့ကွ "
ထိုစကားကို ကြားချိန်တွင်မူ လင်းချန်၏ မျက်နှာထား အနည်းငယ်ပြောင်းသွားသည်။
ထို့နောက်.. သူ လောထျန်းအား လှည့်ကြည့်ကာ မျက်မှောင်ကြုံ့၍ မေးလိုက်၏။
" သခင်လေး.. ကျုပ်အကို ပြောသွားတာ အမှန်ပဲလား "
လောထျန်းက အူကြောင်ကြောင် မျက်နှာပေးဖြင့် ပြန်ကြည့်သည်။
" အင်... မင်းက လူရွေးပွဲကိစ္စကို ပြောနေတာလား "
" ဟုတ်တယ် "
လင်းချန် ပြော၏။
လောထျန်းက မြန်မြန်ပြန်ပြောသည်။
" အဲ့ဒါ နားလည်မှုလွဲနေတာ "
လင်းချန် စိတ်သက်သာရာ ရသွားပုံဖြင့် သက်ပြင်းချလိုက်သည်။
အစီအမံသုံးခုအား ဆယ့်ငါးမိနစ်အတွင်း ချိုးဖျက်နိုင်သည့်ကိစ္စမှာ အံ့မခန်း မဟုတ်ပါလား...
သူတို့၏ နတ်ဘုရားသားတော်သည်ပင် ထိုသို့ မလုပ်နိုင်ပါချေ ။
သို့သော်.. လောထျန်းက စကားဆက်လာပါသည်။
" အစီအမံလေး သုံးခုကို ဘယ်လိုလုပ်ပြီး အဲ့လောက်ကြာမှာလဲ "