အခန်း (၈၁၄)
Vol. 59 Ch. 814
" ဒါ... "ယွဲ့လီ အနည်းငယ် အံ့အားသင့်သွားကာ အဆောင်ကျောက်ပြားအား ကြည့်လိုက်သည်။
ကွမ်ဝမ်ယွိက ဂုဏ်ယူစွာ ပြောလာ၏။
" ဒါ ရှေးခေတ်က မသေမျိုးအစီအမံပညာရှင် တစ်ယောက် ရေးခဲ့တဲ့ အစီအမံပုံကြမ်းပဲ ။ ဒါ အစီအမံပညာရဲ့ ထိပ်ဆုံးကို ရောက်ထားတဲ့ မသေမျိုးအစီအမံပုံကြမ်းကွ "
ရှောက်ရ အေးစက်စက် နှာခေါင်းရှုံ့လိုက်သည်။
" အစီအမံတွေထဲမှာ ထိပ်ဆုံး.. ဟုတ်လား ။ လျှောက်ကြွားမနေနဲ့... အဲ့လိုမျိုးသာ တကယ်ရှိရင် ဘယ်လိုလုပ်ပြီး နင့်လက်ထဲ ရောက်နေမှာလဲ "
ကွမ်ဝမ်ယွိ ရယ်ရင်း ပြန်ပြော၏။
" နွေရာသီပိုးကောင်လေးတွေက ရေခဲအကြောင်း ဘာမှမသိဘူးဆိုတာ တကယ်မှန်တာပဲ ။ မင်းတို့ တိုင်လင်စင်မြင့်လို အမှိုက်အဖွဲ့က အဲ့အကြောင်းတွေ ဘာနားလည်မှာလဲကွာ "
" ဒီမသေမျိုးအစီအမံပုံကြမ်းကို ရွှမ်လင်နန်းတော်မှာ ရှိကြတဲ့ အဆင့် ၇ မသေမျိုးအစီအမံပညာရှင်တိုင်းက ချီးမွမ်းထားကြတာကွ ။ ဒီ အစီအမံပုံကြမ်းထဲမှာပါတဲ့ နည်းတွေက အစီအမံပညာရပ်ထဲမှာ အစွမ်းအထက်ဆုံးလို့ သူတို့အားလုံး ပြောကြတယ် "
" ငါ အဆင့်၆ အစီအမံပညာရှင်အဆင့်ကို မြန်မြန်ရောက်သွားခဲ့တဲ့ အချက်ကလဲ ဒီ အစီအမံပုံကြမ်းကို နားလည်သွားခဲ့တာကြောင့်မို့ပဲ "
ထိုစကားကို ကြားချိန်တွင်မူ ယွဲ့လီ မနေနိုင်တော့ဘဲ ကွမ်ဝမ်ယွိအား ကြည့်လိုက်သည်။
မကြာသေးခင်က ကွမ်ဝမ်ယွိ အဆင့်တက်သွားသည့်အကြောင်းကို သူမ ကြားခဲ့ပြီးသားပင် ။ သို့သော် သူက ထူးခြားသော အခွင့်ကောင်းတစ်ခုခုနဲ့ ကြုံ၍ ထိုသို့ အဆင့်တက်သွားခြင်းသာ ဖြစ်ရမည်ဟု သူမ ထင်ခဲ့ပါ၏။
သို့သော် အကြောင်းရင်းအမှန်က ထို မသေမျိုးအစီအမံပုံကြမ်း တဲ့လား..
၎င်းက ဤမျှ အစွမ်းထက်ပါသလား..
ကွမ်ဝမ်ယွိမှာလည်း ယွဲ့လီက ကြည့်လာသည့်အတွက် ပို၍ပင် ဂုဏ်မောက်သွားဟန်တူပြီး ပြောသည်။
" ငါ ကြွားနေတာ မဟုတ်ဘူးကွ ။ ဒီ အစီအမံပုံကြမ်းမှာ ပါတဲ့ထွင်းစာတွေက များလွန်းလို့ အတိအကျ ဘယ်လောက်ရှိတယ်ဆိုတာတောင် မရေနိုင်ဘူး ။ အဲ့ထွင်းစာတွေရဲ့ ဆယ်ပုံတစ်ပုံလောက်ကိုပဲ နားလည်တာတောင်.. ငါ ခုလို အောင်မြင်မှုမျိုးတွေ ရနေပြီလေ ။ အဲ့တော့ ဒီ အစီအမံပုံကြမ်း တစ်ခုလုံးက ဘယ်လောက်တောင် အစွမ်းထက်မလဲ စဥ်းစားပေါ့ "
" ဒီဟာတစ်ခုလုံးကိုသာ ငါ သေချာလေ့လာပြီးသွားရင် မူလအဆင့် မသေမျိုးအစီအမံပညာရှင် တစ်ယောက် ဖြစ်လာမှာ သေချာတယ်ကွ "
ထို နောက်ဆုံးစကားကို ပြောချိန်တွင် ကွမ်ဝမ်ယွိ၏အသွင်မှာ အလွန်ဂုဏ်ယူနေဟန် အထင်းသား ...
တဖက်မှ လောထျန်းမှာကား အစီအမံပုံကြမ်းကို မျက်မှောင်ကြုံ့ကြည့်နေရင်း တစ်ကိုယ်တည်း တီးတိုးရေရွတ်သည်။
" အဲ့.. အစီအမံပုံကြမ်းက... ယွမ်မိသားစုအတွက် ငါ ရေးပေးထားတဲ့ဟာ မဟုတ်လား "
ထိုစဥ် ယွဲ့လီက မေးလာသည်။
" နတ်ဘုရားသားတော် ကွမ် ၊ အဲ့အစီအမံကို ဘယ်ကနေ ရခဲ့လဲဆိုတာ သိခွင့်ရှိမလားရှင် "
ကွမ်ဝမ်ယွိက ချက်ချင်းပြုံး၍ ပြန်ဖြေသည်။
" ဒီ အစီအမံပုံကြမ်းကို ကျုပ်ဆရာနဲ့ ကျုပ် လေလံပွဲတစ်ခုမှာ အလယ်အလတ်အဆင့် စိတ်စွမ်းအင်ကျောက်တုံး တစ်သိန်းပေးပြီး ဝယ်ခဲ့တာ "
" အလယ်အလတ်အဆင့် စိတ်စွမ်းအင်ကျောက်တုံး တစ်သိန်း... ဟုတ်လား "
ထို ဂဏန်းကို ကြားချိန်တွင်မူ လောထျန်း မနေနိုင်တော့ဘဲ တအံ့တသြ ရေရွတ်လိုက်သည်။
ကွမ်ဝမ်ယွိက လောထျန်းအား လှောင်ပြုံးဖြင့် လှမ်းကြည့်လာ၏။
" အင်းလေ.. မင်းတို့ တိုင်လင်စင်မြင့်အတွက်တော့ အဲ့ပမာဏက တော်တော်များမှာပဲ ။ ဒါပေမယ့် ငါတို့ ရွှမ်လင်နန်းတော်အတွက်တော့ အေးဆေးပဲကွ "
ကွမ်ဝမ်ယွိက ဂုဏ်မောက်သည့် မျက်နှာဖြင့် ဆိုသည်။
" ဒီ အဆောင်ကျောက်ပြား တစ်ခုလေးအတွက် အလယ်အလတ်အဆင့် စိတ်စွမ်းအင်ကျောက်တုံး တစ်သိန်းလို့ ပြောတာလား... ဒါမှမဟုတ်.. အဲ့လို အဆောင်ကျောက်ပြား အများကြီးအတွက်လား "
လောထျန်း ထပ်မေးလိုက်သည်။
ထိုစကားကို ကြားသောအခါ ကွမ်ဝမ်ယွိ မျက်နှာမဲ့သွားပြီး ဒေါသတကြီး ပြန်ပြော၏။
" အများကြီး.. ဟုတ်လား ၊ ဘာတွေ လျှောက်ပြောနေတာလဲကွ ။ မင်းက မသေမျိုးအစီအမံပညာရှင် တစ်ယောက်လား ။ ဒီ အစီအမံပုံကြမ်းက ဘယ်လောက်အဖိုးတန်တယ် ဆိုတာရော သိရဲ့လား ။ ဒါ အစွမ်းအထက်ဆုံး အစီအမံပညာရပ်ပဲ... ရှေးခေတ်က နတ်ဘုရားကြီးတစ်ယောက် ရေးခဲ့တာတောင် ဖြစ်နိုင်တယ် ။ ဒီတစ်ကမ္ဘာလုံးမှာမှ.. တစ်ခု
လောက်ပဲ ရှိနိုင်တာ ။ ဘာကို အများကြီးလဲ.. "
သို့သော် လောထျန်းမှာ သူ့စကားကြောင့် စိတ်ဆိုးဟန်မတူဘဲ ပြန်မေးလာပါသည်။
" ဒါဆိုရင်. .. အဲ့စျေးက သင့်တယ်လို့ မင်း ထင်တယ်ပေါ့ "
ကွမ်ဝမ်ယွိ နှာခေါင်းရှုံ့လိုက်၏။
" ဘယ်သင့်မလဲကွ "
လောထျန်း အံ့သြသွားရပါသည်။
ထိုစဥ် ကွမ်ဝမ်ယွိက ဆက်ပြော၏။
" အဲ့လေလံပွဲက လူတွေက သူတို့ ဘာလုပ်နေတယ်ဆိုတာ ကောင်းကောင်းသိတဲ့ပုံ မပေါ်ဘူး ။ တကယ်ဆိုရင် ဒီလိုအဆင့်မျိုးနဲ့ မသေမျိုးအစီအမံတစ်ခုက အဲ့ထက် သုံးဆလောက်တောင် ပိုစျေးကြီးသင့်တာ "
လောထျန်း မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်လုပ်ကာ တဖက်လူအား ကြည့်လိုက်သည်။
" သုံးဆတောင်... ဒါဆို.. အလယ်အလတ်အဆင့် စိတ်စွမ်းအင်ကျောက်တုံး သုံးသိန်း ပေါ့.. ။ အဲ့စျေးနဲ့ဆို မင်း ဝယ်မှာလား "
ကွမ်ဝမ်ယွိက လောထျန်းအား စိတ်မရှည်တော့သည့် မျက်နှာထားဖြင့် ပြန်ကြည့်သည်။
" ဒါပေါ့ကွ "
" မင်းပြောတာ သေချာလား "
လောထျန်း ထပ်မေး၏။
ကွမ်ဝမ်ယွိ နှာခေါင်းရှုံ့လိုက်ပြန်သည်။
" သေချာတာပေါ့ကွ ။ မင်းတို့ တိုင်လင်စင်မြင့်ကလူတွေက ဒီဟာ ဘယ်လောက်အဖိုးတန်တယ်ဆိုတာ နားမလည်ကြဘူးလား ။ အလယ်အလတ်အဆင့် စိတ်စွမ်းအင်ကျောက်တုံး သုံးသိန်း ဆိုတာ များတယ်ဆိုပေမယ့်.. ဒီလိုအဆင့်မျိုးရှိတဲ့ အစီအမံပုံကြမ်းကို ဝယ်လိုက်ရင် သေချာပေါက် အမြတ်ပဲလေ "
ထိုစကားကို ပြောလိုက်ချိန်တွင်မူ ယွဲ့လီဘေးမှ အကူအမျိုးသမီး နှစ်ယောက်ကပါ လောထျန်းအား လှောင်ပြုံးဖြင့် ကြည့်လာကြ၏။
ယွဲ့လီကမူ မည်သို့မှ မတုန့်ပြန်ပါ ။
ကွမ်ဝမ်ယွိက ၎င်းကိုကြည့်ရင်း လောထျန်းအား ဆက်ပြောသည်။
" မင်း စကားတွေအများကြီး လျှောက်ပြောနေတာ... မင်းတို့ တိုင်လင်စင်မြင့်မှာ ဒီလိုအဆင့်မျိုးနဲ့ မသေမျိုးအစီအမံပုံကြမ်း ရှိလို့လား.. "
လောထျန်း သူ့ကို ပြန်ကြည့်လိုက်သည်။
" ရှိတယ် ဆိုရင်ရော "
" ဘယ်လို.. "
ကွမ်ဝမ်ယွိ လှောင်ပြုံးဖြင့် ပြန်ပြော၏။
" မင်းတို့ဆီမှာသာ အဲ့လို အစီအမံပုံကြမ်း တကယ်ရှိရင်.. ငါ အလယ်အလတ်အဆင့် စိတ်စွမ်းအင်ကျောက်တုံး သုံးသိန်း ပေးပြီး ဝယ်မယ်ကွာ "
လောထျန်းက သူ့ကို ပြန်ကြည့်ကာ မေးသည်။
" မင်းဆီမှာ အဲ့လောက်ပိုက်ဆံ ရှိလို့လား "
ကွမ်ဝမ်ယွိ နှာခေါင်းရှုံ့လိုက်ပြီး.. လက်ယမ်း၍ ကျောက်စိမ်းလက်စွပ် တစ်ကွင်းကို ထုတ်ပြသည်။
" ဒါ ရွှမ်လင်နန်းတော်က ပေးထားတဲ့ နတ်ဘုရားသား
တော် ကျောက်ပြားပဲကွ ။ ငါ အလယ်အလတ်အဆင့် စိတ်စွမ်းအင်ကျောက်တုံး သန်း သုံးဆယ်ကို ကြိုက်တဲ့အချိန် သုံးခွင့်ရှိတယ် "
လောထျန်း၏ မျက်လုံးများ အရောင်လက်သွားကြသည်။
" ကောင်းပြီ.. ဒါဆိုရင် ခဏစောင့်ဦး ။ ရှောက်ရ.. ကျုပ်နဲ့ လိုက်ခဲ့ပါ "
" ဟုတ်ကဲ့ "
ရှောက်ရ ချက်ချင်းနောက်လှည့်၍ လောထျန်းနောက်မှ လိုက်သွားသည်။
" ဟမ့်.. အစောကြီး ထွက်ပြေးသွားကြပြီလား ။ တိုင်လင်စင်မြင့် ပီသပါပေတယ်ကွာ "
ကွမ်ဝမ်ယွိ က အထင်သေးသည့် မျက်နှာဖြင့် သူတို့ကိုကြည့်ကာ လှမ်းအော်ပြော၏။
ယွဲ့လီဘေးမှ အကူအမျိုးသမီး တစ်ယောက်ကလည်း တီးတိုးပြောသည်။
" မမလေး.. အဲ့ တိုင်လင်စင်မြင့်က လူက ဘယ်လို
ကြီးမှန်း မသိပါဘူး ။ မမလေး သူနဲ့ အဆက်အဆံမလုပ်တာ ကောင်းလိမ့်မယ်နော် "
ယွဲ့လီက ဘာမှ ပြန်မပြောဘဲ ကွမ်ဝမ်ယွိ လက်ထဲမှ မသေမျိုးအစီအမံပုံကြမ်းကိုသာ မနာလိုအားကျစွာ ကြည့်လိုက်သည် ။
တဖက်တွင်ကား... လောထျန်းက ရှောက်ရကိုခေါ်၍ လူမရှိသည့် တစ်နေရာသို့ သွားလိုက်၏။
" ရှောက်ရ... ခင်ဗျားဆီမှာ အဆောင်ကျောက်ပြား အလွတ်တွေ ပါသေးလား "
လောထျန်း မေးလိုက်သည်။
" အင်... ကျွန်မ သုံးခုပဲ ယူလာခဲ့တာ "
ရှောက်ရ ပြန်ပြောသည်။
" သုံးခုတည်းလား.. နည်းလိုက်တာ... "
လောထျန်း အနည်းငယ် စိတ်ညစ်သွားဟန် တူပြီး.. ထိုစဥ် ဖြတ်သွားဖြတ်လာ တစ်ယောက်ကို ရုတ်တရက် တွေ့သွား၏။
" အကိုကြီး ၊ ခင်ဗျားဆီမှာ အဆောင်ကျောက်ပြားအလွတ်တွေ ပါသေးလားဗျ ။ ပါရင် ကျုပ်ကို နည်းနည်းလောက် ရောင်းပါလား "
လောထျန်း ချက်ချင်း မေးလိုက်သည်။
မသေမျိုးအစီအမံပုံကြမ်းကို ရေးဆွဲရသော အဆောင်ကျောက်ပြားမှာ ထူးခြားသော ပစ္စည်းများဖြင့် ပြုလုပ်ထားပါ၏။ ၎င်းက စျေးမကြီးလှသည့်တိုင် အစီအမံပညာရှင်များမှလွဲ၍ ၎င်းကို ကိုယ်နှင့်အတူ သယ်လာတတ်သူမှာ အလွန်နည်းပါသည်။
သို့သော်.. ဤနေရာသည် ကောင်းကင်ဘုံကိုးဆင့် အစီအမံညီလာခံ၏ လူရွေးပွဲ ကျင်းပသည့် နေရာတစ်ခုဖြစ်ရာ ..
ဤနေရာသို့ ရောက်နေကြသူ တစ်ဝက်ကျော်သည် အစီအမံပညာရှင်များ ဖြစ်ကြသဖြင့် အများစုက သူတို့နှင့်အတူ အဆောင်ကျောက်ပြားများ သယ်လာကြပါ၏။
" ကျုပ်မှာ နည်းနည်းတော့ ပါတယ် ။ ခင်ဗျားက ဘယ်လောက်လိုချင်တာလဲ "
ဖြတ်သွားဖြတ်လာ မသေမျိုးအစီအမံပညာရှင်က သဘောကောင်းဟန်တူကာ အေးဆေးပင် ပြန်မေးလာသည်။
" ကျုပ် များနိုင်သမျှများများ လိုချင်တာ "
လောထျန်း ပြန်ပြောလိုက်သည်။
တဖက်လူ အံ့အားသင့်သွားပြီးနောက် သူ့တွင်ပါလာသမျှ အားလုံးကို စစ်ကြည့်လိုက်သည်။
" ကျုပ်မှာ အားလုံးပေါင်း အခုတစ်ရာ ပါတယ် ။ တစ်ခုကို အဆင့်နိမ့် မသေမျိုးစွမ်းအင်ကျောက်တုံး တစ်တုံးတန်တာဆိုတော့.. အားလုံးပေါင်း အဆင့်နိမ့် မသေမျိုးစွမ်းအင်ကျောက်တုံး တစ်ရာပဲပေး ။ မဟုတ်ရင်လဲ အလယ်အလတ်အဆင့် မသေမျိုးစွမ်းအင်ကျောက်တုံး တစ်တုံး ပေါ့ "
အမှန်တွင်မူ ထိုစျေးသည် ပုံမှန်ပေါက်စျေးထက် များစွာ ပိုပါ၏။
သို့သော် လောထျန်းက အနည်းငယ်လေးပင် တွန့်ဆုတ်မနေဘဲ ပြန်ပြောသည်။
" ကောင်းပြီ ၊ ကျုပ် အားလုံးကို ဝယ်မယ်ဗျာ "
အဆောင်ကျောက်ပြား အခုတစ်ရာအတွက် အလယ်အလတ်အဆင့် မသေမျိုးစွမ်းအင်ကျောက်တုံး တစ်တုံးသာ ကုန်ပြီး အစီအမံပုံကြမ်းကို အလယ်အလတ်အဆင့် မသေမျိုးစွမ်းအင်ကျောက်တုံး သုံးသိန်းဖြင့် ပြန်ရောင်းနိုင်မည် မဟုတ်ပါလား..
သူ မဝယ်စရာအကြောင်း ဘာရှိမည်နည်း ။
ဤသို့ဖြင့် သူတို့နှစ်ဦး အလဲအလှယ် လုပ်လိုက်ကြပြီးနောက်... လောထျန်းက အဆောင်ကျောက်ပြားကို ယူကာ ချက်ချင်း စရေးလိုက်တော့သည်။
" လက်ထောက်ဂိုဏ်းချုပ်ကြီး... ဘာတွေလုပ်... "
ရှောက်ရမှာလည်း နောက်ဆုံးမှသာ လောထျန်း ဘာလုပ်ရန် ကြံနေသည်ကို နားလည်သွားသည်။
သူမ တွေးနေရင်း ရုတ်တရက် အကြံပေး၏။
" လက်ထောက်ဂိုဏ်းချုပ်ကြီး.. လူရွေးပွဲက မကြာခင်စတော့မှာနော် ။ ထွင်းစာတွေအများကြီးကို ရေးနေရင် စိတ်ဝိဥာဥ်အစွမ်းရော ၊ အချိန်ရော ဖြုန်းလိုက်
သလို ဖြစ်သွားနိုင်တယ် ။ အဲ့တော့... မလုပ်တာပိုကောင်း ... "
" ပြီးသွားပြီ "
သို့သော် သူမ စကားမဆုံးခင်မှာပင် လောထျန်းက အဆောင်ကျောက်ပြားများ အားလုံးကို သိမ်းလိုက်ပါ၏။
" ဒါ... "
ရှောက်ရ တုန်လှုပ်သွားရတော့သည်။
လောထျန်းက အစီအမံပုံကြမ်းများ ရေးရာတွင် အံ့မခန်းအမြန်နှုန်း ရှိသည်ကို သူမ သိထားပြီးဖြစ်သည့်တိုင်.. ယခုလောက်ကြီးက မလွန်လွန်းဘူးလား...
သို့သော် ... လောထျန်းရှေ့မှ အစွမ်းထက် တာအိုအရောင်အဝါများကို ထုတ်လွှတ်နေသော အစီအမံပုံကြမ်း အခုတစ်ရာကို ကြည့်ရသည်မှာလည်း.. အားလုံးက အစစ်ဖြစ်ကြောင်း ယုံမှားဖွယ်မရှိပါ ။
" လက်ထောက်ဂိုဏ်းချုပ်ကြီး... အဲ့လောက်မြန်မြန်ကြီး ရေးသွားတာ... အဆင်ပြေရဲ့လား "
ရှောက်ရ လောထျန်းအား အံ့သြတကြီး ကြည့်လိုက်သည်။
လောထျန်းကလည်း အံ့သြသွားဟန်ဖြင့် ပြန်ပြော၏။
" ခင်ဗျား သတိပေးလို့ တော်သေးတာပေါ့ ၊ ဒီတစ်ခုက အလုပ်မဖြစ်လောက်ဘူး "
လောထျန်း ပြောပြောဆိုဆိုပင် အစီအမံပုံကြမ်းတစ်ခုကို ထုတ်လိုက်သည်။
ရှောက်ရ အနည်းငယ် စိတ်သက်သာရာ ရသွားဟန်ဖြင့် သက်ပြင်းချလိုက်၏။ ထိုအမြန်နှုန်းမျိုးဖြင့် 99% အောင်မြင်သည်ကပင် ကြောက်စရာ ကောင်းလွန်းနေလေပြီ ။
သို့သော် လောထျန်းက ဆက်ပြောသည်။
" ကျုပ် ရေးနေရင်း စျာန်ဝင်သွားပြီးတော့ အဆင့် ၈ မသေမျိုးအစီအမံပုံကြမ်း ရေးမိသွားတယ် "