အခန်း (၈၁၆)
Vol. 59 Ch. 816
လောထျန်း ခေတ္တမျှ မှင်သက်သွားပြီးမှ.. ပြန်ပြောလိုက်သည်။
" ဟုတ်သားပဲ... ကျုပ် တွက်တာမှားသွားတာ ။ အလယ်အလတ်အဆင့် မသေမျိုးစွမ်းအင်ကျောက်တုံး ... ၂၆ သန်းနဲ့ ကိုးသိန်းကိုးသောင်းကိုးထောင့် ငါးရာ ပဲပေး "
သူ ထိုသို့ပြောပြီး ကွမ်ဝမ်ယွိအား အပြင်ကင်းသည့် မျက်နှာလေးဖြင့် ကြည့်လိုက်သည်။
ထိုစဥ်တွင် ကွမ်ဝမ်ယွိတစ်ယောက်မှာကား ရင်တစ်ခုလုံး ဗြောင်းဆန်နေပါတော့၏။
သူ့ရှေ့တွင် ဖြစ်ပျက်နေသည့် အရာများက သူ့နားလည်နိုင်စွမ်းထက် ကျော်လွန်နေပြီဟုပဲ ပြောရမလား...
လောထျန်းလက်ထဲတွင် အစီအမံပုံကြမ်းများ အဘယ့်ကြောင့် အများကြီးရှိနေရသည်ကို သူ အမှန်တကယ် နားမလည်နိုင်တော့ပါ ။
ထို့ထက်ပို အရေးကြီးသည်မှာ ထိုအစီအမံပုံကြမ်းများ အားလုံးက အစစ်များဖြစ်ကြောင်း သူ သိနေခြင်းပင် ။
၎င်းတို့မှာ သူ ပထမဆုံး ရခဲ့သည့် မသေမျိုးအစီအမံပုံကြမ်းနှင့် အတူတူပါပင်...
ကွမ်ဝမ်ယွိ အသက်ပြင်းပြင်း ရှိုက်ပြီးနောက်.. ရုတ်တရက် မေးလိုက်သည်။
" မင်း အဲ့အစီအမံပုံကြမ်းတွေကို ဘယ်ကနေ ရခဲ့တာလဲ "
လောထျန်းက ပြန်ဖြေရန် ပြင်လိုက်စဥ်တွင် ဘေးမှ ရှောက်ရက ဝင်ပြော၏။
" ငါတို့က နင့်ကို ဘာလို့ပြောပြရမှာလဲ "
ကွမ်ဝမ်ယွိ မျက်မှောင်အနည်းငယ် ကြုံ့သွားကာ တွေးမိလိုက်သည်။
" ဒီမိန်းကလေးက ကြောက်နေတဲ့ပုံဆိုတော့.. ကြည့်ရတာ ဒီ အစီအမံပုံကြမ်းတွေကို ရှေးဟောင်းအပျက်အစီးတွေကြားကနေ ရလာခဲ့တာဖြစ်မယ် "
ထိုသို့တွေးကာ သူ မေးခွန်းဆက်ထုတ်လိုက်သည်။
" ဒါတွေအပြင်... ဒီလိုမျိုး တခြားအစီအမံပုံကြမ်းတွေရော ရှိသေးလား "
လောထျန်း ပြန်ဖြေ၏။
" မရှိဘူး ။ လောလောဆယ် တိုင်လင်စင်မြင့်မှာ ဒီလိုအဆင့်နဲ့ မသေမျိုးအစီအမံပုံကြမ်းတွေက အဲ့ဒါပဲ ရှိတာ "
လောထျန်း အမှန်တိုင်းပင် ပြောလိုက်ခြင်းဖြစ်ပါသည်။
လက်ရှိ တိုင်လင်စင်မြင့်၌ ထိုသို့သော အစီအမံမျိုး တစ်ခုမှ မကျန်တော့ပါချေ။
သို့သော်.... သူ ဆန္ဒရှိလျှင်မူ ထိုသို့သော အစီအမံပုံကြမ်းများကို မိနစ်ပိုင်းလေးအတွင်း ရေးနိုင်ပါ၏။
ကွမ်ဝမ်ယွိတစ်ယောက်မှာ ထိုအကြောင်းကို မသိရှာပါ ။
အကယ်၍ ထိုအစီအမံပုံကြမ်းများအား လောထျန်းကိုယ်တိုင် ရေးထားသည်ဟု လောထျန်း ၊ သို့မဟုတ် ရှောက်ရက ပြောလာလျှင် သူ လုံးဝ ယုံမည်မဟုတ်ပေ ။
ထို့ကြောင့် လောထျန်းစကားကို ကြားပြီးနောက် ကွမ်ဝမ်ယွိ အသက်ပြင်းပြင်း ရှိုက်လိုက်သည်။
" ကောင်းပြီ ၊ ဒီ မသေမျိုးအစီအမံပုံကြမ်းတွေ အားလုံးကို ဝယ်မယ် "
" အိုး.. တကယ်ကြီးလား "
လောထျန်း၏ မျက်လုံးများ အရောင်လက်သွား၏။
ကွမ်ဝမ်ယွိ နှာခေါင်းရှုံ့လိုက်သည်။
"ငါတို့ ရွှမ်လင်နန်းတော်ကို အဖွဲ့သေးသေးလေး တစ်ခုလို့များ ထင်နေလားကွ ။ ငါက ဝယ်မယ်ဆိုရင် ဝယ်မှာပေါ့ "
သူ ပြောနေရင်း ရုတ်တရက် စကားခဏရပ်ပြီးမှ ဆက်ပြောသည်။
" ဒါပေမယ့်... လောလောဆယ်တော့ ငါ့လက်ထဲမှာ ပိုက်ဆံအဲ့လောက်အများကြီး မရှိဘူး "
ရွှမ်လင်နန်းတော်၏ နတ်ဘုရားသားတော်ဖြစ်သော သူ့အတွက်ပင် ထိုပမာဏက များလှပါသည်။
လောထျန်းကမူ ထိုစကားကို ကြားသည်နှင့် မျက်မှောင်ကြုံ့သွား၏။
" ပိုက်ဆံမရှိဘူး.. ဟုတ်လား ။ ပိုက်ဆံမရှိတာကို အစောတည်းက ဘာလို့မပြောတာလဲ ။ ဒီအစီအမံပုံကြမ်းတွေကို ရဖို့ ငါ့အတွက် ဘယ်လောက်ခက်လဲ သိရဲ့လား "
သူ့စကားကြောင့် ဘေးတွင်ရပ်နေသော ရှောက်ရမှာ စိတ်ထဲမှ ကြိတ်ပြီး အထွန့်တက်မိလိုက်သည်။
" ခက်ခဲတယ်တဲ့... ဘာခက်တာလဲ ၊ ခဏလေးနဲ့ ပြီးသွားတဲ့ဟာကို "
သို့သော်.. ထိုစကားကိုလည်း ထုတ်ပြော၍ မဖြစ်ပါချေ။
ကွမ်ဝမ်ယွိ မျက်နှာထား ပြောင်းသွားသည်။
သူသည် အစောကလေးတင်ပင် သူတို့ ရွှမ်လင်
နန်းတော်၏ ကြွယ်ဝမှုနှင့် အင်အားကြီးမှုကို ကြွားနေခဲ့သေးပါ၏။ ယခု.. အချိန်တဏလေးအတွင်း အခြေအနေက ပြောင်းပြန်ဖြစ်သွားပြီလား...
ထို့ထက်ပို အရေးကြီးသည်မှာ ယွဲ့လီက သူ့ဘေး၌ ရှိနေခြင်းပင် ။
သူ မိန်းကလေးယွဲ့လီရှေ့တွင် အရှက်မကွဲချင်ပါ ။
ထိုသို့တွေးပြီး သူ အံကြိတ်၍ ပြောလိုက်သည်။
" ငါ့ဆီမှာ အလယ်အလတ်အဆင့် မသေမျိုးစွမ်းအင်ကျောက်တုံးတွေ ရှစ်သန်း ရှိသေးတယ် ။ အဲ့ဒါနဲ့ မလုံလောက်ဘူး ဆိုပေမယ့်... တခြား အစားထိုးပြီး လဲလို့ရတဲ့ ရတနာတွေ ရှိသေးတယ်ကွ "
လောထျန်း သူ့ကိုပြန်ကြည့်ကာ မေး၏။
" ဘယ်လို ရတနာတွေလဲ "
ကွမ်ဝမ်ယွိ အသက်ပြင်းပြင်း ရှိုက်လိုက်ပြီးနောက် ဟင်းလင်းပြင်လက်စွပ်ထဲမှ ကြည်တောက်နေသော ပုလဲလုံးတစ်ခုကို ထုတ်လိုက်သည်။
" ဒါ.. ဉဏ်အလင်းပွင့်ဖို့အတွက် သုံးတဲ့
ကောင်းကင်ဘုံဥပဒေ ပုလဲလုံးပဲ ။ သူ့ရဲ့အစွမ်းက မသေမျိုးဗောဓိသီးထက် မနိမ့်ဘူး "
သူ ပြောပြီး လောထျန်းအား ဂုဏ်ယူသည့် မျက်နှာထားဖြင့် ကြည့်လိုက်သည်။
ထိုသို့သော ရတနာမျိုးကို မြက်လိုက်ရပါက လောထျန်းတစ်ယောက် ဟန်ပျက်သွားလိမ့်မည်ဟုလည်း သူ ထင်ပါသည်။
သို့သော် ထင်မထားစွာပင် လောထျန်းက မျက်ခုံးပင့်၍ ပြောလာပါ၏။
" ဒါ.. မသေမျိုးဗောဓိသီးထက် အစွမ်းမနိမ့်တာ သေချာလား "
ကွမ်ဝမ်ယွိ ဂုဏ်မောက်သည့် မျက်နှာထားဖြင့်ပင် ပြန်ပြောသည်။
" ဒါပေါ့ကွ ။ မသေမျိုးဗောဓိသီးက ရှားလွန်းလို့သာ ဒီမှာ နှိုင်းယှဥ်ပြလို့ မရတာ.... "
သို့သော် သူ့စကား မဆုံးခင်မှာပင် တဖက်မှလောထျန်း လှုပ်လှုပ်ရှားရှား ဖြစ်သွားပြီး ဟင်းလင်းပြင်လက်စွပ်ထဲမှ တစ်စုံတစ်ခု ထုတ်ယူလိုက်သည်ကို
မြင်လိုက်ရ၏။
ဝီ...
ရုတ်တရက်.. အစွမ်းထက်သော မသေမျိုး အရောင်အဝါတစ်ခု စီးမျောလာသည်။
အနီးနားရှိ လူများအားလုံးမှာလည်း သူတို့၏ နားလည်နိုင်စွမ်း အနည်းငယ်ပိုတိုးလာသည်ပို ရုတ်တရက် ခံစားလိုက်ရ၏။
" ဟင်.. အဲ့ဒါ ဘာလဲ "
ကွမ်ဝမ်ယွိက လောထျန်းအား မေးလိုက်သည်။
လောထျန်းက သူ့အား ခေါင်းမော့ကြည့်ပြီး ပြန်ဖြေ၏။
" မသေမျိုးဗောဓိသီး.. "
" မင်း.. ဘာပြောလိုက်တာ.. "
ကွမ်ဝမ်ယွိ တုန်လှုပ်သွားရပါသည်။
ဒဏ္ဍာရီကျော် မသေမျိုးဗောဓိသီး တဲ့လား...
သူ အစောပိုင်းက ဗောဓိသီးအား စကားထဲ ထည့်ပြောလိုက်ခြင်းမှာ သူ၏ ကောင်းကင်ဘုံဥပဒေ ပုလဲလုံးအကြောင်း ကြွားပြီး နောက်ပိုင်းမှ စျေးညှိရန်အတွက် ဖြစ်ပါ၏။
တဖက်လူက ယခုကဲ့သို့ ဗောဓိသီးအစစ်ကို ထုတ်လာမည်ဟု မည်သူ ထင်ပါမည်လဲ ။
ထိုစဥ် လောထျန်းက သူ့လက်ထဲမှ မသေမျိုးဗောဓိသီးကို တစ်လှည့် ၊ တဖက်မှ ကောင်းကင်ဘုံဥပဒေ ပုလဲလုံးကို တစ်လှည့် ကြည့်ရင်း မျက်မှောင်ကြုံ့၍ ပြောလာသည်။
" မင်းရဲ့ ပုလဲလုံးက မသေမျိုးဗောဓိသီးထက် အများကြီး ပိုအစွမ်းနိမ့်တယ်လို့ ငါ ခံစားရတယ် "
ကွမ်ဝမ်ယွိတစ်ယောက် ရင်ထဲ တစ်ခုခု တစ်ဆို့နေသလို ခံစားလိုက်ရသည်။
အမှန်တွင်မူ အဆင့်သုံး ကောင်းကင်ဘုံဥပဒေပုလဲလုံးသည် မသေမျိုးဗောဓိသီးထက် များစွာ အစွမ်းနိမ့်သည်ကို သူ သိထားပြီးသားပင် ။
ထို မသေမျိုးဗောဓိသီးနှင့် ယှဥ်ရန်ဆိုလျှင် အနည်းဆုံး အဆင့်တစ် ကောင်းကင်ဘုံဥပဒေပုလဲလုံး ရှိထားမှသာ ဖြစ်ပါမည်။
သို့သော် အဆင့်တစ် ကောင်းကင်ဘုံဥပဒေပုလဲလုံး၏ ရှားပါးမှုမှာလည်း မသေမျိုးဗောဓိသီးနှင့် မကွာလှပါ ။
အမှန်တွင်ကား လောထျန်းက မသေမျိုးဗောဓိသီးကို လုံးဝ မြင်ဖူးမည်မဟုတ်ဟု ထင်ထားသောကြောင့်သာ သူ ထိုစကားကို ပြောခဲ့ခြင်း ဖြစ်သည်။
တဖက်လူက ယခုကဲ့သို့ မသေမျိုးဗောဓိသီးအစစ်ကို ထုတ်လာမည်ဟု မည်သူထင်ပါမည်နည်း ။
ယခုအတိုင်းဆိုပါက... သူ စျေးကိုလဲ လိမ်၍မရတော့ပါ ။
" ထားပါလေ.. အဲ့ အဆင့်သုံး ကောင်းကင်ဘုံဥပဒေပုလဲလုံးက အလယ်အလတ်အဆင့် မသေမျိုးစွမ်းအင်ကျောက်တုံး တစ်သန်းနဲ့ ညီမျှတယ် "
ကွမ်ဝမ်ယွိ လေသံတိုးတိုးဖြင့် ပြောလိုက်သည်။
" တစ်သန်း.. ဟုတ်လား ၊ နောက်နေတာလား ။ ဒီဟာက အလွန်ဆုံးမှ ငါးသိန်းလောက်ပဲ တန်တာ ။ စျေးမတတ်နိုင်ရင်လဲ ပါးစပ်ပိတ်ပြီးသာ နေပါတော့ .. ငါတို့ တခြားသူဆီပဲ ရောင်းလိုက်မယ် ။ နင်က မဟုတ်တဲ့စျေးတွေ လျှောက်ပြောနေတာ ။ ငါတို့ကို ငတုံးများ ထင်နေလားဟဲ့ "
ရှောက်ရက ခါးထောက်၍ ဝင်ပြောလာ၏။
" မင်း... "
ကွမ်ဝမ်ယွိ နဖူးကြောကြီးများပင် ထောင်သွားသည်။ သို့သော် သူ နောက်ဆုံး စိတ်လျှော့ပြီး ခေါင်းညိတ်၍သာ ပြောလိုက်၏။
" ကောင်းပြီ... ငါးသိန်းဆိုလဲ ငါးသိန်းပေါ့ "
သူ ပြောနေရင်း တစ်ချိန်တည်းမှာပင် ဟင်းလင်းပြင်လက်စွပ်ထဲမှ အဖြူရောင် တိုက်ပွဲဝင် တူတစ်လက်ကို ထုတ်လိုက်သည်။
ထို တူကြီး ပေါ်လာသည်နှင့် ခန်းမထဲရှိ အပူချိန်မှာလည်း သိသိသာသာပင် လျော့ကျလာ၏။
" အဲ့ဒါ မှော်ရေခဲမသေမျိုးတူ လား... "
ထိုစဥ် ဘေးတွင်ရှိနေသော ယွဲ့လီထံမှ တအံ့တသြရေရွတ်သံ ထွက်လာသည်။
ကွမ်ဝမ်ယွိက သူမဘက် လှည့်ကြည့်လိုက်ပြီးနောက် ပြုံး၍ ဆို၏။
" မိန်းကလေးယွဲ့ ကလဲ ဒီ မှော်ရေခဲမသေမျိုးတူ ကို သိနေတာလား "
ယွဲ့လီ ခေါင်းညိတ်ပြလိုက်သည်။
" ကျွန်မ နည်းနည်းပဲ သိထားတာပါ ။ အဲ့ဒါ အံ့မခန်းအစွမ်းရှိတဲ့ ထိပ်တန်းအဆင့် မသေမျိုးလက်နက်တစ်ခုလို့ ကျွန်မ ကြားဖူးတယ် ။ ဒါပေမယ့်.. အဲ့ထက်ပိုအရေးကြီးတာက.... ဒီတူဟာ အရင်ခေတ်က မသေမျိုးဘုရင်ကြီး ၊ ရွှမ်ပင်မသေမျိုးဘုရင်ရဲ့ အမွေအနှစ်နဲ့ ဆက်နွယ်နေတယ်လို့ ပြောတယ် "
ကွမ်ဝမ်ယွိ ခေါင်းညိတ်လိုက်၏။
" မိန်းကလေးယွဲ့က သေချာသိထားတာပဲ ။ ဒီမသေမျိုးတူကို ကျုပ်တို့ ရွှမ်လင်နန်းတော်က မကြာခင်ကမှ မတော်တဆ ရခဲ့တာဗျ ။ တန်ဖိုးကတော့ မိန်းကလေးယွဲ့ ပြောသွားတာကိုလဲ အားလုံး
ကြားလိုက်ကြမှာပါ ။ အဲ့ဒါကို အလယ်အလတ်အဆင့် မသေမျိုးစွမ်းအင်ကျောက်တုံး ဆယ်သန်းနဲ့ စျေးဖြတ်ရင် မများပါဘူး "
လောထျန်းမှာ ထိုစျေးက သင့် ၊ မသင့်ဆိုသည်ကို မသိသဖြင့် ရှောက်ရဘက်သို့သာ လှည့်ကြည့်လိုက်သည်။
ရှောက်ရက အနည်းငယ် စိတ်လှုပ်ရှားနေဟန်ဖြင့် တီးတိုးပြော၏။
" တကယ်လို့ အဲ့ပစ္စည်းကသာ ဆယ်ဘွဲ့ရ မသေမျိုးဘုရင်နဲ့ ဆက်နွယ်နေတယ်ဆိုရင် အဲ့စျေးက သင့်တယ် "
လောထျန်း ခေါင်းညိတ်လိုက်သည်။
" ကောသ်းပြီ ၊ ဒါဆိုရင် ဆယ်သန်းပေါ့ "
ကွမ်ဝမ်ယွိမှာလည်း မသေမျိုးတူအား ရင်နာနာဖြင့်ပင် ပေးလိုက်ရ၏။ ထို့နောက် သူ အတန်ငယ်ကြာ စဥ်းစားနေပြီးမှ ရှေးဟောင်းစာအုပ်တစ်အုပ်ကို ထုတ်လိုက်သည်။
ဝီ...
ထိုစာအုပ် ပေါ်လာသည်နှင့် ထူးခြားသော တာအိုသံစဥ်တစ်ခုလည်း ရုတ်ချည်း လွင့်ပျံ့လာ၏။
" ဒါ.... "
လောထျန်းတို့ လူစုမှာလည်း ၎င်း၏ ထူးခြားပုံကို ချက်ချင်း သတိထားမိလိုက်ကြသည်။
ထိုစဥ် ကွမ်ဝမ်ယွိက အံကြိတ်ကာ ပြော၏။
" ဒီ ထျန်းမင်ရှေးဟောင်းပေစာ မှာ ထိပ်တန်းအဆင့် လျှို့ဝှက်နည်းတစ်ခုကို မှတ်တမ်းတင်ထားတယ် ။ ဒါနဲ့ဆို ကျန်တဲ့ပိုက်ဆံတွေကို ချေဖို့ လုံလောက်ပြီလား "
လောထျန်းမှာ သူ့စကားကို ကြားပြီး နားမလည်နိုင်သည့် မျက်နှာကြီး ဖြစ်သွားသည်။
" ထျန်းမင်ရှေးဟောင်းပေစာ.. ဟုတ်လား ၊ အဲ့ဒါ ဘာလဲ "
ဘေးတွင် ရပ်နေသော ရှောက်ရက မြန်မြန်ရှင်းပြ
ရှာ၏။
" လက်ထောက်ဂိုဏ်းချုပ်ကြီး ၊ ထျန်းမင်ရှေးဟောင်းပေစာဆိုတာ ထျန်းမင်ဧကရာဇ်ကြီးရဲ့ အမွေအနှစ်ပဲရှင့် ။ သူမ မသေခင်မှာ သူ့အမွေအနှစ်တွေကို ရှေးဟောင်းပေစာ ၃၆ ခု ခွဲပြီးတော့ ချုပ်နှောင်ထားခဲ့တယ် ။ အဲ့ပေစာလိပ်တွေက ဒေသကြီးကိုးခုလုံးမှာ ပြန့်နေတာရှင့် ။ ကြားဖူးတာတော့ အဲ့ ရှေးဟောင်းပေစာ ၃၆ ခုလုံးကိုသာ နားလည်သွားရင်... မဟာတာအိုအစွမ်းကို ရပြီးတော့ မသေမျိုးဧကရာဇ်အဆင့်ကို ရောက်နိုင်မယ်တဲ့ "