အခန်း (၁၆၆-၁၆၈)
Vol. 12 Ch. 166-168
Chapter 166: ဆရာမက ဘေးအိမ်ကအစ်မ စိတ်ဆိုးနေသလိုပဲ
အားလုံး လှမ်းကြည့်လိုက်သောအခါ ဆံပင်ဖြူများဖြင့် အဘိုးအိုကို တွေ့ရသည်။
ရှန်မို သူ့ကံကြမ္မာစနစ်အား စစ်ကြည့်လိုက်၏။
“ဝူယန်ချန်းရဲ့ အဖိုး နတ်ဓားဂိုဏ်း လက်ထောက်ခေါင်းဆောင် ဝူယန်ကန်ပဲ”
“ဘာများပြောချင်လို့ပါလဲ လက်ထောက်ခေါင်းဆောင် ဝူယန်”
သူ့အပြုံးမှာ ခုနကလို မတောက်ပတော့ပေ။
“နားမလည်ဘူးလား… နတ်ရေစင်ဂိုဏ်းဆိုတာ ငါတို့နတ်ဓားဂိုဏ်းနဲ့ အရမ်းရင်းနှီးခဲ့တယ်… အခု ခေါင်းဆောင်ကျန်း သေဆုံးတော့ ငါတို့ပဲ တာဝန်ယူရမှာပေါ့”
ဝမ်ထျန်းကျန်၊ မိုဟန်ရှန်နှင့် ကျောက်လဲ့ဖုန်တို့ မျက်မှောင်ကြုတ်သွား၏။
လာလုနေတာလား။
နတ်ရေစင်ဂိုဏ်း အုပ်ချုပ်နေသော မြို့များမှာ နေရာကောင်းများ ဖြစ်သည်။
အထူးသဖြင့် ထိုပတ်ဝန်းကျင်မှ အရင်းအမြစ်များကြောင့် ချမ်းသာနေခြင်း ဖြစ်၏။
ထို့ကြောင့် မလိုချင်သူ မရှိကြပေ။
နတ်ဓားဂိုဏ်းမှ ထိုစကားအနည်းငယ်ဖြင့် ယူသွားလျှင် အခြားသူများကို ဂရုမစိုက်သည့်သဘောပင်။
“ကျွန်တော် သဘောမတူဘူး”
မိုဟန်ရှန်မှ ထပြော၏။
“ချင်းရွှမ်ဂိုဏ်းက အခု နတ်ရေစင်ဂိုဏ်းလောက် အင်အားကြီးပြီး ရွှမ်ကျန်း (၅) ဂိုဏ်းထဲတောင် ပါသင့်တာလေ”
“ဟုတ်ပါတယ်”
ဝမ်ထျန်းကျန် ပြုံး၍ ဝင်ထောက်ခံ၏။
ကျောက်လဲ့ဖုန်မှာတော့ ပြုံးနေသော်လည်း ငြိမ်နေသည်။
ထို (၃) ဦးအခြေအနေကြောင့် ဝူယန်ချန်း နှာခေါင်းရှုံ့၍
“နတ်ရေစင်ဂိုဏ်းရဲ့ နယ်မြေတွေကိစ္စ နောက်မှ ဆက်ပြောတာပေါ့”
သူ စိတ်တိုတိုဖြင့် ပျံထွက်သွားလေ၏။
နတ်ဓားဂိုဏ်းမှ ကျင့်ကြံသူများလည်း ချက်ချင်း လိုက်သွားကြသည်။
ကျောက်ချင်းကန် ရှန်မို့အနားသွားကာ စကားပြောရန် ပြင်သော်လည်း မတတ်နိုင်ဘဲ လှမ်းသာ အော်လိုက်၏။
“ရှန်မို… နောက်တစ်ခေါက်မှ ပြိုင်ကြတာပေါ့… ငါ့မှာ (၇) ချက် ရွှေအမြုတေရှိပြီး အဆင့်တက်နေပြီ… မင်းထက်တော့ အင်အားနည်းပေမဲ့ အရမ်းမကွာလောက်တော့ပါဘူး”
ရှန်မိုလည်း ရယ်မောကာ
“ကောင်းပါပြီ… နောက်တစ်ခါ သေချာပေါက် ပြိုင်တာပေါ့”
ကျောက်ချင်းကန်အပြုံးကိုတွေ့ကာ ဝူယန်ကန် မျက်မှောင်ကြုတ်မိသော်လည်း ဘာမှမပြောဘဲ ထွက်သွားသည်။
ဝေ့ထျန်းကျန်နှင့် ကျောက်လဲ့ဖုန်တို့ အချင်းချင်းကြည့်၍ မူယုံးယွဲ့အား ဦးညွှတ်ကာ
“ဒါဆို ကျွန်တော်တို့လည်း ပြန်လိုက်ပါဦးမယ်”
ထို့နောက် ဂိုဏ်းသားကျင့်ကြံသူများနှင့်အတူ ပြန်သွားကြတော့သည်။
မိုဟန်ရှန် ခပ်တိုးတိုးဖြင့်
“နတ်ဓားဂိုဏ်းက နတ်ရေစင်ဂိုဏ်းနယ်မြေတွေကို သိမ်းပိုက်ချင်နေတာပဲ… ဂရုတော့စိုက်နော်”
မူယုံးယွဲ့ ခေါင်းငြိမ့်ပြ၏။
အားလုံး မည်သို့တွေးနေမည်ကို သူ နားလည်ပါသည်။
အထူးသဖြင့် ဝူယန်ကန်ဖြစ်၏။
နတ်ရေစင်ဂိုဏ်းနှင့် ပတ်သက်မှုကို ပြောသော်လည်း အမှန်တော့ ပိုင်ဆိုင်မှုများကို မျက်စိကျနေခြင်း ဖြစ်၏။
“ဒါနဲ့ ခင်ဗျားတို့ရှန်မိုမှာ တာအိုမိတ်ဖက် မရှိသေးဘူးမလား… ကျွန်တော့်သမီးဆိုရင်ရော ဘယ်လိုလဲ”
မိုဟန်ရှန် ရုတ်တရက် ရယ်မောကာ ပြော၏။
မိုယုဟုန်မှာ ထိုစကားကြောင့် မျက်နှာလေး ရဲသွားပြီး
“ဘာတွေလျှောက်ပြောနေတာလဲ”
သူ့အဖေဗိုက်ကိုပါ ဆွဲလိမ်လေသည်။
မိုဟန်ရှန် နာသွား၍ အော်မိ၏။
မိုယုဟုန် ခပ်တိုးတိုးဖြင့်
“ခေါင်းဆောင်မူယုံးယွဲ့ ဒါဆိုရင် နောက်မှပဲ တွေ့ပါတော့မယ်”
ထို့နောက် အမြန်ပြေးထွက်သွား၏။
“ဟေ့ ဟေ့ ယုဟုန် စောင့်ဦးလေ… အဖေ ကျန်ခဲ့ပြီ”
မိုဟန်ရှန့်ပြုံး၍
“တောင်းပန်ပါတယ် ခေါင်းဆောင်မူယုံးရယ်”
မူယုံးယွဲ့လည်း ရယ်မော၍
“ရပါတယ်ရှင်… မိန်းကလေးတွေက ဒီလိုပါပဲ… ငယ်သေးတာကိုး”
မိုဟန်ရှန် ခေါင်းကုတ်မိ၏။
မူယုံးယွဲ့နှင့်ယှဉ်လျှင်တော့ မိုယုဟုန် ငယ်သေးသည်မှာ အမှန်ပင်။
မိုသားအဖ ပြန်သွားပြီးနောက် မိုးမုန်တိုင်းဂိုဏ်းခေါင်းဆောင် လျှိုမုန့်ဟူနှင့် ခရမ်းကြယ်ခေါင်းဆောင် ယန်ထျန်းကျန်တို့လည်း နှုတ်ဆက်ရန် ရောက်လာကြ၏။
အရင် မိုဟန်ရှန်တို့နှင့်ယှဉ်လျှင် သူတို့အမူအရာမှာ ပို၍ နှိမ့်ချပုံပေါ်သည်။ နတ်ဓားဂိုဏ်းမှ လက်မခံချင်သော်လည်း ချင်းရွှမ်ဂိုဏ်း အင်အားကြီးလာကာ ထိပ်တန်း (၅) ဂိုဏ်းထဲ ဝင်ခွင့်ရှိသည်မှာ အမှန်ပင်။
ဤသို့ဖြင့် တစ်ယောက်ပြီးတစ်ယောက် နှုတ်ဆက်၍ ပြန်သွားကာ ကျားခေါင်းတောင်ထိပ်၌ အတော်ရှင်းလင်းသွားလေသည်။
ထိုအခါမှ ကျောက်ထင်တို့ ရှန်မို့ထံ ရောက်လာ၏။
“ခေါင်းဆောင်ငယ်က အရမ်းတော်တာပဲ… အသေအကြေတိုက်ပွဲမှာ ဒီလိုပြီးသွားမယ်လို့ လုံးဝ မထင်ထားဘူး”
လောင်ရှန်နန်မှ စပြော၏။
“အမှန်ပဲ ခေါင်းဆောင်ငယ်ကြောင့်သာ မဟုတ်ရင် ငါတို့ နေရာပျောက်ပြီ”
ချင်းရွှမ်ဂိုဏ်းသားများလည်း ရှန်မိုအား လေးစားအားကျစွာ ကြည့်နေကြ၏။
မူယုံးယွဲ့မှာမူ ပျားရည်စားရသကဲ့သို့ အလွန် ပျော်ရွှင်ချိုမြိန်နေတော့သည်။
ရှန်မို ပတ်ဝန်းကျင်ကိုကြည့်ကာ
“အားလုံးပဲ ကျန်းမို သေသွားတော့ နတ်ရေစင်ဂိုဏ်းက အခု မရှိတော့ဘူး”
“ဒါပေမဲ့ သူ့နယ်မြေက ကျယ်တော့ တခြားဂိုဏ်းတွေကလည်း မျက်စောင်းထိုးကြတယ်”
“အခု အောင်ပွဲခံရမယ့်အချိန်တော့ မဟုတ်သေးဘူး… နတ်ရေစင်ဂိုဏ်းက နယ်မြေတွေကို အမြန် သွားသိမ်းမှ ဖြစ်မယ်”
“ဟုတ်တယ် နယ်မြေတွေက အရေးကြီးတယ်”
အကြီးအကဲများလည်း ထောက်ခံကြ၏။
မူယုံးယွဲ့ ခေါင်းတငြိမ့်ငြိမ့်ဖြင့်
“ဒါဆို အခုပဲ စလိုက်ကြတာပေါ့”
ရှန်မိုမှာ စုန်းချောင်ဖုန်ထံ အရင်သွားကြည့်သည်။
သူ အတော်နွမ်းလျအားနည်းနေသော်လည်း မျက်နှာမှာ ပြုံးနေသည်။
“အကြီးအကဲစုန်း”
ရှန်မို သူ့အခြေအနေကို စစ်ကြည့်လိုက်ရာ ချက်ချင်း မသေသော်လည်း အင်မော်တယ်လမ်းကြောင်း မလျှောက်နိုင်တော့ဘဲ အလွန်ဆုံး အနှစ် (၁၀၀) သာ နေနိုင်တော့မည်။
မြုတေဖွဲ့စည်းခြင်းကျင့်ကြံသူအတွက်တော့ အလွန် တိုတောင်းသော သက်တမ်းဖြစ်၏။
“ခေါင်းဆောင်ငယ် ကျွန်တော်က ဂိုဏ်းရဲ့တာဝန်တွေ ဆက်မထမ်းနိုင်တော့မှာပဲ ကြောက်တာပါ”
စုန်းချောင်ဖုန် သွေးများအန်ရင်း ပြောသည်။
ရှန်မို သူ့ပုခုံးကိုပုတ်၍ အားပေး၏။
“အကြီးအကဲစုန်းကို နောက်ပိုင်းလည်း အကြီးအကဲတစ်ဦးအနေနဲ့ အလေးပေး ဆက်ဆံခံရဖို့ အာမခံပါတယ်”
“အကြီးအကဲရဲ့သား စုန်းကျန့်ကျဲကိုလည်း ဂိုဏ်းကို ပြန်ခေါ်ပြီး ကျင့်ကြံခွင့် ပေးပါမယ်”
စုန်းချောင်ဖုန် အလွန် ဝမ်းသာသွားပြီး
“ကျေးဇူးပါပဲ ကျေးဇူးတင်ပါတယ်ဗျာ ခေါင်းဆောင်ငယ်ရယ်”
“အကြီးအကဲစုန်းကို သေချာကုသဖို့ ဂိုဏ်းဆီ မြန်မြန် ရွှေ့ကြတော့”
မူယုံးယွဲ့မှ စီစဉ်၏။
“ဟုတ်ကဲ့ပါ”
ချင်းရွှမ်ဂိုဏ်းသားများလည်း ပြန်သွားကြလေသည်။
ယခုတော့ ကျားခေါင်းတောင်ထိပ်တွင် ရှန်မိုနှင့် မူယုံးယွဲ့တို့သာ ကျန်တော့၏။
“မို…”
မူယုံးယွဲ့ သူ့တပည့်ကို မော့ကြည့်ရင်း ပါးနုနုလေးကို လှမ်းကိုင်လိုက်သည်။
ထို့နောက် သူ မျက်ရည်များ ဝဲလာပြန်၏။
“မင်း အစပိုင်း ပေါ်မလာတုန်းက ငါ စိတ်အေးနေခဲ့တာ… မလာရင် အနည်းဆုံးတော့ အသက်ရှင်ပြီဆိုပြီး… ငါ့ရှေ့မှာ ငါ့တပည့် သေသွားတာကို ကြည့်မနေနိုင်ဘူးလေ”
“ဒါပေမဲ့ မီးတောက်မျက်နှာဖုံး ချွတ်ပြီး သရုပ်မှန် ပေါ်လာတဲ့အချိန် ငါ ဘယ်လောက်တောင် ပျော်လိုက်လဲ သိရဲ့လား… ရွှမ်ကျန်းမှာ နာမည်ကြီးနေတဲ့ နတ်ဆိုးချပ်ဝတ်က ငါ့တပည့် ရှန်မို ဆိုပြီး”
“မင်း ကျန်းမိုနဲ့ တိုက်ခိုက်ရင်း ရေခဲနံရံကြား ရောက်တောလလည်း နှလုံး ပေါက်ထွက်မတတ် စိုးရိမ်ခဲ့ရတာ”
“မိုရယ် မင်း ဒီလောက် မြန်မြန်ကြီး အရွယ်ရောက်လာမယ်လို့ မထင်ထားဘူး… ဘာပဲဖြစ်ဖြစ် အခုစိတ်အေးရပြီ… အရမ်း ဝမ်းသာတယ်”
ထို့နောက် မျက်ရည်များ တတွေတွေ ကျလာသည်။
သို့သော် စိတ်လှုပ်ရှားလွန်း၍ ကျသောမျက်ရည် ဖြစ်၏။
ရှန်မို တုန်ရီနေသော်လည်း သူ့မျက်နှာပေါ်မှ မူယုံးယွဲ့၏ လက်နုနုများကို မတားဆီးမိပေ။
“ငါ… ငါ မလုပ်သင့်ဘူး”
မူယုံးယွဲ့ ရုတ်တရက် လန့်ကာ လက်များကို ရုတ်လိုက်၏။
ထို့နောက် ချက်ချင်း နောက်လှည့်သွားသည်။
“ငါ ခုနက ဘာမှ မပြောလိုက်ဘူးနော်… ဘာမှလည်း မလုပ်ခဲ့ဘူး… ရှန်မို မင်း ငါ့ကို သိက္ခာချပြီး လျှောက်ပြောမနေနဲ့ဦး”
“မဟုတ်တာတွေ ပြန်ကြားလို့ကတော့ မင်းပါးစပ်ကိုချုပ်၊ လျှာဖြတ်ပြီး နောက်ထပ် မပြောနိုင်အောင် လုပ်ပစ်မယ်”
ရှန်မို ရယ်မောကာ
“ဆရာမရယ် အခုပုံစံက ဘေးအိမ်ကအစ်မကြီး စိတ်ဆိုးတာကျနေတာပဲ”
“ဘာတွေပြောနေတာလဲ ငါ မင်းရဲ့ဆရာမနော်… တကယ် ပြောနေတာ”
မူယုံးယွဲ့ မျက်နှာထား တင်းကာ ပြော၏။
သို့သော် မျက်လုံးများမှာ နီနေဆဲပင်။
“ဆရာမ နေချင်ရင် နေခဲ့ဦးလေ… ကျွန်တော် ဂိုဏ်းကို ပြန်နှင့်လိုက်ပါမယ်”
ရှန်မို ရယ်မော၍ ပြန်ရန် ပြင်လိုက်သည်။
“ဟေ့ မို ငါ့ကို စောင့်ဦးလေ…”
Chapter 167: ခေါင်းဆောင်ငယ်နဲ့ အတူသွားလို့ သင့်တော်ပါ့မလား
မြစ်ကြီးမြို့၊ အစိုးရရုံး။
ကျီရှီလုံ လောင်ရွှမ်ဟန်၏ တင်ပြချက်ကို နားထောင်ရင်း အမူအရာမှာ ထူးဆန်းနေသည်။
သူ လက်နောက်ပစ်လျက် ခပ်ဖြည်းဖြည်း လျှောက်နေရာမှ စိတ်လှုပ်ရှားကာ မြန်ဆန်လာ၏။
“မထင်ထားဘူး… လုံးဝ မထင်ထားဘူး”
“နတ်ဆိုးချပ်ဝတ်က ရှန်မိုတဲ့”
“အဲ့ဒါတင်မကဘူး… ရှန်မိုက အားလုံးရှေ့မှာ ကျန်းမိုကို အနိုင်ယူလိုက်တယ်”
“တကယ် မယုံနိုင်စရာပဲ”
ကျီရှီလုံ တုန်လှုပ်သွားသည်။
ရှန်မိုဟူသည့် နယ်ရုပ်မှာ ထင်ထားသည်ထက် အစွမ်းရှိ၏။
“တကယ် အံ့ဩစရာကြီးပဲ”
ကျီရှီလုံ ခဏစဉ်းစားပြီးနောက်
“ဒါပေမဲ့ ချင်းရွှမ်က နတ်ရေစင်ဂိုဏ်းနေရာကို ယူသွားလည်း ကိစ္စတော့ မရှိပါဘူး”
“နတ်ရေစင်ဂိုဏ်းကို ဂိုဏ်းတိုင်း လိုချင်နေကြတာပဲ”
“ဒါပေမဲ့ ငါဖြစ်စေချင်သလို မတင်းမာသေးဘူး… လိုနေသေးတယ်”
လောင်ရွှမ်ဟန်မှ
“အရှင် ကျွန်တော် ဘာလုပ်ပေးရမလဲ”
ကျီရှီလုံ ပြုံးကာ
“သတင်း (၂) ခု လွှင့်လိုက်”
“တစ်ခုက ကျုံတင်ဂိုဏ်းရဲ့ တောင်တန်းအကာအကွယ်က တက်နေဝန်းဂိုဏ်းနားမှာ ပေါ်လာတယ်လို့”
“ဒုတိယအနေနဲ့ ကျုံတင်ဂိုဏ်းက တတိယမြောက် မြေမီးဖိုရဲ့ နေရာအတိအကျက ကောင်းကင်ရေလှိုင်းမြို့၊ ဟွမ်ယုမြို့ ဒါမှမဟုတ် ထန်းအန်မြို့မှာ ရှိမယ်လို့”
“ဒီသတင်းတွေသာ ပျံ့သွားရင် ဂိုဏ်းကြီး (၅) ခု တင်းမာလာမှာပဲ”
လောင်ရွှမ်ဟန် အနည်းငယ် လန့်သွားသည်။
“ကျုံတင်ဂိုဏ်းက လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ထောင်ကျော်က ရွှမ်ကျန်းဒေသကို အုပ်ချုပ်ခဲ့တဲ့ အဲ့ဒီ ကျုံတင်ဂိုဏ်းလား”
ကျီရှီလုံ ခေါင်းငြိမ့်ပြကာ
“ဒါပေါ့”
“ကျုံတင်ဂိုဏ်းရဲ့ တောင်တန်းအကာအကွယ်က ထူးထူးဆန်းဆန်း ပျောက်သွားတာလေ… တတိယမြောက် မြေမီးဖိုလည်း ဘယ်မှာမှ ရှာမတွေ့တော့ဘူး”
“ဒီရတနာ (၂) ခုက ရှားပါးပြီး အရမ်းကောင်းတာ… သတင်းသာပျံ့သွားရင် ဘယ်သူမှ ငြိမ်နေနိုင်မှာ မဟုတ်ဘူး”
လောင်ရွှမ်ဟန် ကျီရှီလုံအား လေးစားစွာကြည့်၍
“အရှင် ဒီအကွက်က တကယ် ထိရောက်မှာပဲ”
“သူတို့ရှေ့မှာ ဒီလိုမျိုး အကျိုးအမြတ်ရှိနေတာကို ဘယ်နေနိုင်ပါ့မလဲ”
“အဲ့အခါ ရှိသမျှအင်အားအကုန် တိုက်ခိုက်ပြီး အဆင်ပြေတဲ့သူကို ငါတို့က ရွေးပြီး ခန့်ရုံပဲ”
ကျီရှီလုံ ကျေနပ်နေ၏။
ဤသည်မှာ သူ လိုချင်သောရလဒ်ဖြစ်လေသည်။
သူ ကြိုမတွေးထားမိသည်မှာတော့ ရှန်မိုမှ ကျန်းမိုကို နိုင်သွားခြင်းဖြစ်၏။
…
နတ်ဓားမြို့။
ဂိုဏ်းခေါင်းဆောင်ခြံ။
“… အဲ့လိုပါ ခေါင်းဆောင်”
“ခေါင်းဆောင် မတွေ့လိုက်လို့… သူတို့တိုက်ပွဲက အရမ်းပြင်းထန်တာ… ကြည့်ရင်း သွေးတွေပါ ဆူလာတယ်”
ကျောက်ချင်းကန် အလွန်စိတ်လှုပ်ရှားနေသည်။
လောင်ချောင်ထျန်းလည်း စိတ်ထဲတွင် ထူးဆန်းသည်များ တွေးမိ၏။ သို့သော် ကျောက်ချင်းကန်မှာတော့ သတိမထားမိချေ။
“မဆိုးပါဘူး မင်းသူငယ်ချင်းက တကယ် ပါရမီရှင်ပဲ”
“နောက်ပြီး ကျန်းမိုကို သတ်လိုက်တယ်ဆိုတာ တခြားခေါင်းဆောင် (၄) ယောက်အထိ စိန်ခေါ်နိုင်တဲ့ အဆင့် ဖြစ်သွားတာပဲ”
“တကယ် ထူးခြားတယ်”
လောင်ချောင်ထျန်း ပြုံး၍ ပြော၏။
ကျောက်ချင်းကန်မှာတော့ ပို၍ပင် ပျော်နေသေးသည်။
“ဒါဆိုရင် ကျွန်တော် သွားလေ့ကျင့်လိုက်ပါဦးမယ်”
ကျောက်ချင်းကန် ဦးညွှတ်၍ ထွက်သွားလေ၏။
လောင်ချောင်ထျန်း အေးစက်စွာ ငေးကြည့်ရင်း
“စိတ်ဝင်စားစရာပဲ… ဒီလို ပြောင်းလဲမှုမျိုး ကြုံရမယ်လို့ မထင်ထားမိဘူး”
“ရှန်မို့အနာဂတ်က အထင်သေးလို့ မရဘူးပဲ”
“နတ်ဓားဂိုဏ်းကို အင်အားပိုကြီးဖို့ မြန်မြန် လုပ်ထားရမယ်”
သူ မျက်မှောင်ကြုတ်၍ အတွေးများစွာ တွေးနေမိ၏။
…
ကျန်းမို သေသွားပြီ။
နတ်ရေစင်ဂိုဏ်းမှာ ခေါင်းဆောင်မရှိတော့ဘူး။
ချင်းရွှမ်ဂိုဏ်းက ရွှမ်ကျန်းရဲ့ ထိပ်တန်း (၅) ဂိုဏ်းထဲ ပြန်ဝင်နိုင်တော့မယ်။
နတ်ဆိုးချပ်ဝတ်ဆိုတာ ရှန်မို။
ထိုသတင်းများမှာ ရွှမ်ကျန်းဒေသတစ်ခုလုံးသို့ တမဟုတ်ချင်း ပျံ့နှံ့သွား၏။
ဤသို့ဖြင့် ရက်ပိုင်းအတွင်း ရှန်မို့နာမည်မှာ မြောက်ပိုင်းမှ တောင်ပိုင်းအထိအောင် ရောက်သွားလေသည်။
ကျင့်ကြံသူများနှင့် ပြည်သူများမှာလည်း ထိုအကြောင်းများသာ အချိန်တိုင်း ပြောဆိုနေကြ၏။
…
ချင်းရွှမ်ဂိုဏ်း၊ ဝါးတောခြံ။
ရှန်မို သူ့ကံကြမ္မာကိုကြည့်ရင်း ပြောင်းလဲမှုအချို့အား တွေ့ရလေသည်။
“နတ်ဓားဂိုဏ်းရဲ့ အင်အားတိုးတက်မှုအရှိန်မြင့်လာတာပဲ”
“ငါ့လုပ်ရပ်က သက်ရောက်မှုကြီးတယ် ထင်တယ်”’
ရှန်မို တွေးနေမိ၏။
ထင်ထားတဲ့အတိုင်းပဲ။
ဒေါက် ဒေါက် ဒေါက်!
ထိုစဉ် တံခါးခေါက်သံ ကြားရ၏။
“ဘယ်သူလဲ”
ရှန်မိုမှ မေးလိုက်သည်။
“ခေါင်းဆောင်ငယ် ကျွန်တော် ရှောင်ဖန်ပါ”
“ဪ ဝင်လာလေ”
ရှန်မို အံ့ဩသွား၏။
ထို့နောက် ခြံတံခါးပွင့်သွားကာ ရှောင်ဖန် ရိုကျိုးစွာ ဝင်လာသည်။
“အကြီးအကဲရှောင် ဒီကို ဘာကိစ္စများလဲ”
ရှောင်ဖန် အရိုအသေပေး၍
“နတ်ရေစင်ဂိုဏ်းက အခုပျက်စီးသွားပြီဆိုတော့ တခြားဂိုဏ်းတွေကလည်း နယ်မြေလုဖို့ ကြံနေတယ်လေ”
“သူ့ပိုင်နက်ထဲမှာ အကြွယ်ဝဆုံးက နတ်ရေစင်မြို့၊ ထန်းအန်မြို့နဲ့ ဟွမ်ယုမြို့ဆုံတဲ့ တြိဂံနယ်မြေပဲ”
“တင်ပြချက်တွေအရတော့ နတ်ဓားဂိုဏ်းက ဟွမ်ယုမြို့ကိုယူပြီး မိုးကြိုးမီးတောက်ဂိုဏ်းက ထန်းအန်မြို့ကို ယူထားတယ်တဲ့… နတ်ရေစင်မြို့ကိုတော့ လုနေကြတုန်းပဲ”
“နောက်ပြီး ကျုံတင်ဂိုဏ်းက တတိယမြောက် မြေမီးဖိုလည်း အဲ့မှာရှိတယ်ဆိုတဲ့ ကောလာဟလတွေ ထွက်နေပါတယ်”
“ကျွန်တော် ဂိုဏ်းအတွက် ဒီရတနာကို သွားရှာခွင့်ပေးပါ”
“အဲ့ဒါနတ်ရေစင်ဂိုဏ်းကိုသွားဖို့ ခေါင်းဆောင်ဆီက ခွင့်ပြုချက် သွားတောင်းပေမဲ့ ကျင့်ကြံနေတဲ့အချိန် ဖြစ်နေတော့ မနှောင့်ယှက်ချင်တာနဲ့ ခေါင်းဆောင်ငယ်ဆီပဲ လာလိုက်တာပါ”
ရှန်မိုပြုံး၍
“အဲ့သတင်းကို ဘယ်ကရတာလဲ”
“အမှန်အတိုင်းပြောရရင် ကျွန်တော် မွေးထားတဲ့ အလွတ်တန်းကျင့်ကြံသူတွေဆီကပါ… ဒါပေမဲ့ ကျွန်တော်တစ်ယောက်တည်းကို ခစားတာမျိုး မဟုတ်ပါဘူး… ဂိုဏ်းလက်အောက်ကပါ”
ရှန်မို ရယ်မောကာ
“ဂိုဏ်းအတွက် ကြိုးစားမှာပဲကို… ဘယ်လိုလုပ် ငြင်းနိုင်မှာလဲ”
“ဒီလိုလုပ် ငါပါ အတူသွားမယ်”
“ရွှမ်ကျန်းဒေသကို စစ်ဆေးတာပေါ့”
ရှောင်ဖန် လန့်သွားကာ အမြန် ငြင်းလေသည်။
“ခေါင်းဆောင်ငယ်ပါ အတူသွားမလို့လား… သင့်တော်ပါ့မလား”
“ခေါင်းဆောင်ငယ်က အခု လူတိုင်း စိတ်ဝင်စား ဂရုစိုက်ခံနေရတာလေ… အပြင်ထွက်ရင် လိုက်လာကြတာမျိုး ရှိနိုင်ပါတယ်”
ရှန်မို ခပ်အေးအေးဖြင့်
“မင်းရော ငါရော ဘာမှမပြောရင် ဘယ်သူက သိမှာလဲ… မဟုတ်ဘူးလား အကြီးအကဲရှောင်”
“ဟ ဟုတ်ပါတယ်”
သူ မချိပြုံးဖြင့် ပြန်ပြောလိုက်၏။
“ကဲ သွားပြင်တော့… မနက်ဖြန် သွားကြမယ်”
“ဟုတ်ကဲ့ပါ”
သူ ဦးညွှတ်ကာ ပြန်သွားလေတော့သည်။
အပြင်ရောက်သည်နှင့် အမူအရာပြောင်းကာ ချက်ချင်း အေးစက်သွား၏။
ရှန်မိုမှာတော့ ပြုံး၍ ငေးကြည့်နေသည်။
ရှောင်ဖန့်တွင် အခွင့်အရေးအသစ်ရှိကြောင်း တွေ့ပြီးလေပြီ။
Chapter 168: ကျုံတင်ဂိုဏ်းမှ ရတနာ
[လတ်တလောအခွင့်အရေး (၁): နတ်ရေစင်မြို့အနီး ဝါးတစ်ထောင်ရေကန်အောက်တွင် ကျုံတင်ဂိုဏ်းမှ မြေမီးဖိုရှိသည်ဟု သတင်းထွက်မည်။ ကိုယ်တိုင် သွားရှာရင်း လိုဏ်ဂူထဲ၌ လျှို့ဝှက်လမ်းကြောင်း တွေ့ရှိပြီး မြေမီးဖိုတွေ့မည်။ မီးတောက်လက်မှတ်ပါ ရရှိမည်]
[လတ်တလောအခွင့်အရေး(၂): (၂) လအကြာတွင် မီးတောက်လက်မှတ် လမ်းညွှန်မှုဖြင့် ရှာဖွေပြီးနောက် နောက်ဆုံး ထန်းအန်မြို့ပြင်တွင် နတ်ဆိုးချပ်ဝတ် ရင်ဘက်ပိုင်းကို ရရှိမည်]
ရှန်မို အလွန် ပျော်ရွှင်သွား၏။
ကျုံတင်ဂိုဏ်းမှ မြေမီးဖို။
ထိုကဲ့သို့ အခွင့်အရေးမျိုး ရရှိမည်ဟု မထင်ထားမိချေ။
ကျုံတင်ဂိုဏ်းမှာ လွန်ခဲ့သော နှစ်ပေါင်းတစ်ထောင် ဝန်းကျင်က ရွှမ်ကျန်းဒေသအား စိုးမိုးခဲ့ပြီး အတ္တကြီး၍ ကြမ်းတမ်းသော အမူအကျင့်များကြောင့် နတ်ဓားဂိုဏ်းတို့ကဲ့သို့ အင်အားစကြီးလာသော နောက်ပိုင်းဂိုဏ်းများ ပူးပေါင်းချေမှုန်းခြင်း ခံလိုက်ရသည်။
ထိုမြေမီးဖိုဆိုသည်မှာ တကယ့်မီးဖိုအစစ် မဟုတ်ဘဲ သဘာဝအလျောက်ဆောက်ထားသည့် မီးဖို ဖြစ်၏။
ထိုကဲ့သို့ မီးဖိုမှာ အလွန်ကြီးမား၍ အပူချိန်လည်း မြင့်သည်။ စိတ်ဝိညာဉ်လက်နက်များစွာအား တစ်ပြိုင်တည်း ဖန်တီးနိုင်၏။
ဤသို့ဖြင့် ကျုံတင်ဂိုဏ်းမှ ရွှမ်ကျန်းဒေသတစ်ခုလုံးကို အုပ်ချုပ်နိုင်ခဲ့ခြင်း ဖြစ်သည်။
ကျုံတင်ဂိုဏ်းတွင် မြေမီးဖို (၃) ခုရှိပြီး ဂိုဏ်းပြိုကွဲသွားပြီးနောက် တစ်ခုကို နတ်ဓားဂိုဏ်းမှယူပြီး နောက်တစ်ခုအား မီးတောက်ကြာပွင့်များ ထုတ်လုပ်နိုင်သည့် မိုးကြိုးမီးတောက်ဂိုဏ်းမှ ရ၏။
တတိယမြောက်မီးဖိုမှာမူ လုံးဝ ပျောက်ဆုံးနေပြီး မည်သည့်ဂိုဏ်းမှ ရှာမတွေ့ချေ။
ဤသို့ဖြင့် နှစ်ပေါင်းထောင်ချီ၍ ကြာသောအခါ အားလုံး မေ့မေ့ပျောက်ပျောက် ဖြစ်သွားကြသည်။
လက်နက်ကြီးဂိုဏ်းမှာ ကျုံတင်ဂိုဏ်း၏ သမိုင်းထဲမှ အချက်အလက်အချို့ဖြင့် လက်နက်ထုတ်လုပ်နည်းကို ရှာတွေ့ခဲ့ပြီး ထိုမှတစ်ဆင့် ရှန်မိုလည်း တတ်မြောက်လာခဲ့သည်။
“မြေမီးဖိုရဲ့ အပူချိန်က အရမ်းမြင့်တော့ ငါသာရရင် အဆင့်မြင့် နတ်ဆိုးကျောက်မျက်တွေကို စိတ်ဝိညာဉ်လက်နက်အဖြစ် မွမ်းမံနိုင်ပြီ”
ရှန်မို စိတ်လှုပ်ရှားသွား၏။
လက်နက်ကြီးဂိုဏ်းမှ နည်းလမ်းသည် အဆင့် (၃) ကျောက်မျက်ကိုသာ အမြင့်ဆုံး ပြောင်းလဲနိုင်သည်။
ထို့ကြောင့် မြေမီးဖိုအကူအညီဖြင့် အောင်မြင်မှုကြီး ရနိုင်၏။
ထိုအခါ အဆင့် (၄) လက်နက်များ ပြုလုပ်နိုင်ပြီး ချင်းရွှမ်ကျင့်ကြံသူများ၏ အင်အားလည်း အထင်အရှား တိုးတက်လာပေမည်။
ထို့နောက် နတ်ဓားဂိုဏ်းနှင့် ကွာဟမှုနည်းလာပြီး မိုးကြိုးမီးတောက်ဂိုဏ်း၊ အဆိပ်နွယ်ဂိုဏ်းနှင့် တက်နေဝန်းဂိုဏ်းများမှာ ချင်းရွှမ်အနောက်၌ ကျန်ခဲ့လိမ့်မည်။
မီးတောက်အင်မော်တယ်လိုဏ်ဂူနှင့် နတ်ဆိုးချပ်ဝတ် ရင်ဘက်ပိုင်းပါ ထပ်ပေါင်းပါက သူ့အတွက် အတိုင်းအဆမဲ့ပင်။
နတ်ဆိုးချပ်ဝတ်မှာ ယခု လက်တစ်ဖက်စာရှိသည့်တိုင် အကျိုးရှိသောကြောင့် ရင်ဘက်ပိုင်း ထပ်ရပါက ဆိုဖွယ်ရာ မရှိတော့။
“ဒါပေမဲ့ ပြန်ပေးရတဲ့ ရေခဲနဂါးသွေးကလည်း တော်ရုံ မဟုတ်ဘူး”
“ရင်ဘက်ပိုင်းပါ ထပ်ရရင် ငါတော့…”
သူတွေးရင်း ရယ်မောမိ၏။
ထို့နောက် ရှောင်ဖန်ထွက်သွားသည့်ဘက်သို့ လှမ်းကြည့်မိသည်။
ယနေ့ သူ ပြောဆိုဆက်ဆံပုံမှာ လွတ်လပ်ပေါ့ပါးနေ၏။
အရင်က နေရခက်ကာ မပြောမဆိုရဲပုံ ရှိသော်လည်း အခုတော့ ပိုရင်းနှီးနေလေသည်။
“ခြေတည်ဝိညာဉ်အဆင့်ကျင့်ကြံသူရဲ့ မှတ်ဉာဏ်ကြောင့် ထင်တယ်”
“အဲ့ဒါဆို ရှောင်ဖန်က အခု ဘယ်သူလဲ… သူက ရှောင်ဖန်ပဲလား… ခြေတည်ဝိညာဉ်အဆင့် ကျင့်ကြံသူ ဖြစ်သွားပြီလား… နှစ်ယောက်လုံး မဟုတ်ဘူးလား”
ရှန်မို ပြုံး၍ တွေးမိ၏။
မကြာမီ နှစ်ဦးသား နတ်ရေစင်မြို့သို့ ရောက်လာကြသည်။
ထို့နောက် လေညှင်းတည်းခိုခန်းတွင် တည်းကြ၏။ ထိုတည်းခိုးခန်းအနီးတွင် လူနေအိမ်များစွာနှင့် ဈေးတို့ရှိပြီး ချင်းရွှမ်ဂိုဏ်းလက်အောက်နယ်မြေ ဖြစ်လေသည်။
ရှန်မိုရောက်လာသောအခါ တပည့်များ လာနှုတ်ဆက်ကြ၏။
“ခေါင်းဆောင်ငယ်”
ရှန်မို ရင်းနှီးနေသောအသံကြောင့် လှည့်ကြည့်လိုက်ပြီး ပြုံး၍
“အကြီးအကဲဝေ့က ဒီမှာ တာဝန်ကျနေတာပဲ”
ဝေ့ရှောင်းထီ ပြုံးကာ
“ဟုတ်ပါ့ဗျာ… ဒီနေရာက အန္တရာယ်များသေးတော့ တခြားအကြီးအကဲတွေ အင်အားနဲ့ မဖြစ်ဘူးလေ… ကျွန်တော်ပဲ တာဝန်ယူလိုက်ရတာ”
ရှန်မို ခေါင်းငြိမ့်ပြ၏။
“ခေါင်းဆောင်ငယ်နဲ့ အကြီးအကဲရှောင် ဝင်ခဲ့ပါ… အေးအေးဆေးဆေး စကားပြောကြတာပေါ့”
ဝေ့ရှောင်းထီ လမ်းပြရင်း ပြောသည်။
ထို့နောက် အပေါ်ထပ် သီးသန့်ခန်းတွင် ထိုင်လိုက်ကြ၏။
အခန်းမှာ ရှေးဆန်၍ ခမ်းနားသည့်အသွင် ရှိသည်။ တော်ရုံလူများ မတတ်နိုင်မှန်း သိသာ၏။
ပြတင်းပေါက်မှတစ်ဆင့် ပတ်ဝန်းကျင်ကိုလည်း လှမ်းမြင်နိုင်သည်။
ရှန်မို စကားပြောနေရင်း လမ်းမပေါ်မှ အသံဗလံများကို ကြားရ၏။
ဓားသံများ ကြားရပြီးနောက် အလောင်းအချို့မှာ လမ်းဘေးတစ်ဖက်တစ်ချက်တွင် ကျန်ခဲ့လေသည်။
ဝေ့ရှောင်းထီ နေရခက်စွာဖြင့်
“တွေ့တဲ့အတိုင်းပဲ နတ်ရေစင်မြို့က ဒီနောက်ပိုင်း ပိုဆိုးလာတယ်”
“ဘယ်သူက စဖြန့်လိုက်တဲ့ ကောလာဟလလဲတော့ မသိဘူး… တြိဂံနယ်မြေမှာ ကျုံတင်ဂိုဏ်းရဲ့ မြေမီးဖို ရှိတယ်တဲ့”
“အဲ့သတင်းကြောင့် ကျင့်ကြံသူတွေ အများကြီး ရောက်လာကြရော”
ရှန်မို ရယ်မောကာ
“အကြီးအကဲဝေ့ရော ဘယ်လိုထင်လဲ”
ဝေ့ရှောင်းထီ ခေါင်းယမ်းကာ
“ကျွန်တော်တော့ မပြောတတ်ပါဘူး… ကျုံတင်ဂိုဏ်း ပျက်စီးသွားတာ နှစ်တစ်ထောင်ကျော်ပြီလေ… မီးဖိုက ရှိနိုင်ပါဦးမလား”
ရှန်မိုပြုံးကာ ခေါင်းငြိမ့်ပြ၏။
အမှန်တော့ သူပြောသည်နှင့် ပြောင်းပြန် ဖြစ်နေသည်။
“နေပါဦး… ခေါင်းဆောင်ငယ်လည်း အဲ့မြေမီးဖိုကြောင့် ရောက်လာတာလား”
ဝေ့ရှောင်းထီ ရုတ်တရက် တွေးမိသွား၏။
ရှန်မို ရယ်မောလျက်
“အကြီးအကဲဝေ့ပြောတာ မှန်ပါတယ်… အဲ့ဒါကြောင့် လာခဲ့တာပါ”