အခန်း (၁၇၂-၁၇၄)
Vol. 12 Ch. 172-174
Chapter 172: ခွင့်မလွှတ်နိုင်သော အပြစ်
ခေါင်းဆောင်၏ခြံထဲမှ ထွက်သွားပြီးနောက် ရှန်မို အကျင့်အတိုင်း ကံကြမ္မာစနစ်အား စစ်ဆေးကြည့်မိသည်။
[လတ်တလောအခြေအနေ: (၃) ရက်အကြာတွင် ပုံမှန်အတိုင်း မြေမီးဖိုရှိရာသို့ ရတနာ သွားပေးရန် ထွက်လာမည်။ အထဲတွင် မိုးကြိုးမီးတောက်ဂိုဏ်းကြောင့် အားလုံး သေဆုံးနေသည်ကို တွေ့ရမည်။ စိတ်ဓာတ်ကျသွားသောကြောင့် ကျင့်ကြံမှုလည်း အချိန်အတော်ကြာအောင် မတက်နိုင်တော့ဘဲ ဖြစ်မည်]
ရှန်မို မျက်မှောင်ကြုတ်သွား၏။
မိုးကြိုးမီးတောက်ဂိုဏ်းက အဲ့လောက်မြန်မြန် ရှာတွေ့သွားတာလား။
တစ်ခုခု မှားနေပြီ။
သူ့လျှို့ဝှက်အဖွဲ့မှာ ချင်းရွှမ်ဂိုဏ်းအပေါ် သေချာပေါက် သစ္စာရှိသူများ ဖြစ်၏။ မည်သို့မျှ သတင်းပေါက်ကြားမည် မဟုတ်ပါ။
ထို့အပြင် ချင်းရွှမ်ဂိုဏ်းတွင်လည်း အခြားသိနေသူ မရှိပေ။
ဒါဆို ဘယ်လိုလုပ် နေရာပေါက်ကြားသွားတာလဲ။
ရှန်မို တစ်ယောက်တည်း တွေးတောရင်း လျှောက်လာ၏။
“မင်္ဂလာပါ ခေါင်းဆောင်ငယ်”
“မင်္ဂလာပါ ခေါင်းဆောင်ငယ်”
လမ်းတွင်တွေ့သော တပည့််များမှ တလေးတစား နှုတ်ဆက်လေသည်။
ရှန်မို ခေါင်းငြိမ့်ပြရင်း ခပ်လှမ်းလှမ်းမှ တစ်ဦးကို သတိထားမိသွား၏။
[လတ်တလောအခွင့်အရေး: ယနေ့ နေ့လယ်တွင် ဂိုဏ်းတာဝန် ဆောင်ရွက်ရင်း ရွာငယ်တစ်ခုတွင် မိုးကြိုးမီးတောက်ဂိုဏ်းသားများ ကလေးငယ်များ လုယူရန် ကြိုးစားနေသည်အား တွေ့မည်။ ဒေါသထွက်ကာ ဝင်တိုက်ခိုက်ရင်း အသတ်ခံရမည်]
ရှန်မို မျက်ခုံးပင့်မိ၏။
မိုးကြိုးမီးတောက်ဂိုဏ်း… ကလေးခိုးခြင်း။
ထိုကံကြမ္မာမှာ လက်တစ်ဖက် ပြတ်ထားသော ကျန်းဝေ့ဟူ၏ ကံကြမ္မာ ဖြစ်လေသည်။
“ကလေးငယ်လေးတွေလား”
“တစ်ခု သတိရသွားပြီ”
“သွေးမြစ်ဂိုဏ်းမှာ သွေးမူရင်းကျင့်စဉ်ဆိုပြီး တားမြစ်ကျင့်စဉ်တစ်ခု ရှိတယ်”
“သူတို့ဂိုဏ်းတွင်းမှာတောင် မသုံးကြတဲ့ ကျင့်စဉ်ဆိုးပဲ”
ရှန်မို တွေးမိပြီးနောက် ချက်ချင်း ကျန်းဝေ့ဟူထံ သွားလေသည်။
“ခေါင်းဆောင်ငယ်”
ကျန်းဝေ့ဟူ သူ့ကိုတွေ့သောအခါ ဝမ်းသာအားရ နှုတ်ဆက်၏။
ရှန်မို့လက်ရှိအခြေအနေမှာ မူယုံးယွဲ့ထက်ပင် သာသည်ဟု ထင်ကြသူများ ရှိသည်။
ကျန်းဝေ့ဟူမှာလည်း အရင်က ရှန်မိုနှင့် ရင်းနှီးခဲ့သော်လည်း ယခု အနည်းငယ် ရှိန်မိ၏။
ရှန်မိုပြုံးလျက်
“ကျင့်ကြံသူကျန်းက ဂိုဏ်းတာဝန် ထမ်းဆောင်ရင်း လက်တစ်ဖက် ဆုံးရှုံးခဲ့ရတာ… အခု ဂိုဏ်းက ပြန်ဂရုစိုက်ကြရဲ့လား… ပစ်ထားကြသေးလား”
ကျန်းဝေ့ဟူ ခေါင်းယမ်းလျက်
“မပစ်ထားပါဘူး ခေါင်းဆောင်ငယ်ရယ်… ဒုက္ခိတလို့တောင် မမြင်ဘဲ အရမ်းကောင်းပေးကြပါတယ်”
သူ ခဏတုံ့ဆိုင်းနေပြီးမှ ဆက်၍
“ကျွန်တော့်အဆင့်နဲ့ မလိုက်အောင် အကျိုးအမြတ်တွေ အရမ်းရနေတော့ မထိုက်တန်ဘူးလို့တောင် ထင်ပါတယ်”
ရှန်မို လက်ယမ်းပြကာ
“ထိုက်တန်ပါတယ်ဗျာ”
“ဂိုဏ်းက ဒီလိုမျိုးလူကို ပစ်ထားရင် ကြာရင် ပျက်စီးသွားမှာပေါ့”
ကျန်းဝေ့ဟူ ကျေနပ်စွာ ပြုံးမိ၏။
“ဒါနဲ့ ဘယ်သွားမလို့လဲ လောလော လောလောနဲ့… အလုပ်ရှိတာလား”
ရှန်မို ခပ်အေးအေး မေးလိုက်၏။
“ဟုတ်တယ်… ချင်းရှန်မြို့နားမှာ အဆင့် (၂) နတ်ဆိုးသားကောင်တွေ ပေါ်လာတယ်ကြားလို့လေ… ကျွန်တော်က အဲ့မြို့မှာပဲ ကြီးခဲ့တာ… ဒီအတိုင်း မကြည့်နေနိုင်ဘူး”
ရှန်မို ခေါင်းငြိမ့်ပြ၍
“ကျွန်တော်လည်း အားနေတာပဲ… အတူလိုက်ခဲ့မယ်လေ”
ကျန်းဝေ့ဟူ အံ့ဩသွားပြီး
“ခေါင်းဆောင်ငယ်ရဲ့အဆင့်နဲ့ ဒီလိုကိစ္စလောက်ကို စိတ်ထဲထားမနေပါနဲ့”
ရှန်မိုပြုံးကာ အနည်းငယ် ထပ်ပြောပြီးနောက် ကျန်းဝေ့ဟူ သဘောတူလိုက်ရတော့၏။
ထို့နောက် ရှန်မို့ချီစွမ်းအင်ဖြင့် အတူပျံသန်းသွားသောကြောင့် မျက်စိတစ်မှိတ်အတွင်း ရွာငယ်လေးဆီ ရောက်သွားသည်။
ကျန်းဝေ့ဟူ ရွာထဲဝင်ရန် ပြင်လိုက်စဉ် ရှန်မို လှမ်းတား၍ အပေါ်ဘက်ကို လက်ညှိုးထိုးပြ၏။
ကျန်းဝေ့ဟူလည်း မော့ကြည့်လိုက်သောအခါ အလင်းရောင်တစ်ခု သက်ဆင်းလာသည်ကို တွေ့ရသည်။
“မြုတေဖွဲ့စည်းခြင်း ကျင့်ကြံသူလား”
ကျန်းဝေ့ဟူ လန့်သွား၏။
“မြုတေဖွဲ့စည်းခြင်းကျင့်ကြံသူက ဒီရွာလေးကို ဘာလာလုပ်တာလဲ… ထူးဆန်းလိုက်တာ”
ရှန်မို မျက်နှာဖုံး (၂) ခုထုတ်ကာ ကျန်းဝေ့ဟူကို တစ်ခု ပေးလိုက်သည်။
“ဝတ်ထားလိုက်… သွားကြည့်ရအောင်”
“ဟုတ်ကဲ့”
နှစ်ယောက်သား ထိုလူအနောက်မှ လိုက်သွားရင်း မကြာမီ အော်ဟစ်ငိုယိုသံများ ကြားရ၏။
“ဘာမဟုတ်တဲ့ ကလေး (၂) ယောက်က ငါတို့ မိုးကြိုးမီးတောက်ဂိုဏ်းအတွက် အသုံးဝင်မှာကို ဝမ်းသာလိုက်စမ်းပါ”
“သေမျိုးက ကိုယ့်အဆင့်ကိုယ်သိ… ဖယ်စမ်း”
“ကျင့်ကြံသူကြီး ကျင့်ကြံသူကြီး… ကျွန်မ သမီးလေးတွေကို ပြန်ပေးပါနော်… အခုမှ (၂) နှစ် အရွယ်လေးတွေပါ… ကျွန်မမှာ ဒီ အဆင့်နိမ့် စိတ်ဝိညာဉ်ကျောက်တုံး ရှိပါတယ်… ဒါ ကျွန်မတို့ မိသားစုရဲ့ ပိုင်ဆိုင်သမျှ အကုန်ပါပဲ… ဒါကို ယူသွားပြီး ကလေးတွေ ပြန်ပေးပါနော်”
ရှန်မိုတို့ လှမ်းကြည့်လိုက်သောအခါ ကျင့်ကြံသူ (၃) ဦးနှင့် ရွာသားများကို တွေ့ရ၏။ ကျင့်ကြံသူ (၃) ဦးတွင် ဦးဆောင်သူမှာ မြုတေဖွဲ့စည်းခြင်းအဆင့်မှန်း သိသာသည်။ ကျန် (၂) ဦးမှာတော့ ကလေးတစ်ယောက်စီ ပိုက်ထား၏။
သူတို့ရှေ့တွင် ခပ်ရိုးရိုး ဝတ်စားထားသော အမျိုးသမီးတစ်ဦးမှာ အရပ်ရှည်ရှည် ကျင့်ကြံသူ၏ ခြေထောက်ကိုဖက်၍ ငိုယိုနေသည်။
ကလေး (၂) ဦးမှာတော့ အခြေအနေကို နားလည်ရန် အလွန်ငယ်သေး၍ ကြောင်စီစီဖြင့် ကြည့်နေကြသည်။
“ဖယ်စမ်းပါ ဆယ်စုနှစ်လောက်ပဲ အသက်ရှင်နိုင်တဲ့ သေမျိုးတွေကို အမုန်းဆုံးပဲ”
ကလေးတစ်ဦး ပိုက်ထားသော အရပ်ရှည်ရှည် ကျင့်ကြံသူမှ အမျိုးသမီးအား ကန်ထုတ်လိုက်သည်။
ခြေတည်အဆင့်တစ်ဦး၏အင်အားကို သာမာန်လူ အနေဖြင့် ခံနိုင်ရည်မရှိပေ။
အမျိုးသမီး၏ဗိုက် ပေါက်ထွက်ကာ နေရာတွင်ပင် အူများ၊ ကလီစာများ ထွက်ကျလာသည်။
သူ့လက်ထဲမှ အဆင့်နိမ့်စိတ်ဝိညာဉ် ကျောက်တုံးလည်း လွတ်ကျသွား၏။
“ကျင့်ကြံသူကြီး ပြန်ပေးပါ… ကလေးတွေကို ပြန်ပေးပါ”
အမျိုးသမီးမှာ စိတ်ဇောအရှိန်ကြောင့် မသေသေးချေ။
ကလေးများကိုသာ ငေးစိုက်ကြည့်နေ၏။
သူ့အမြင်များ တဖြည်းဖြည်း ဝေဝါးလာသော်လည်း တရွတ်ဆွဲ၍ အရှေ့တိုးလာပြန်သည်။
ဘေးမှကြည့်နေသော ကျင့်ကြံသူများမှာ ကြောက်ရွံ့ထိတ်လန့်လွန်း၍ စွံ့အနေကြ၏။
မြုတေဖွဲ့စည်းခြင်း ဦးဆောင်သူမှ
“မင်းတို့က လူသတ်မယ်ဆိုလည်း သေချာလုပ်လေ… အခု ဘယ်လောက် ရုပ်ပျက်နေလဲ ကြည့်ဦး”
အရပ်ရှည်ရှည် ကျင့်ကြံသူမှာ လန့်သွားပြီး ချက်ချင်း ဦးညွှတ်၍
“အကြီးအကဲ ကျွန်တော် မှားသွားပါတယ်”
“သွားမယ် ကျင့်စဉ်က ပိုအရေးကြီးနေပြီ.. ဒီကလေးတွေက နောက်ဆုံးပါဝင်ပစ္စည်းပဲ”
သူ စိတ်မရှည်စွာပြော၍ ပြန်ရန် ပြင်လိုက်သည်။
သို့သော် တစ်ဖက်သို့ လှည့်လိုက်သောအခါ မျက်နှာဖုံးဝတ် ကျင့်ကြံသူ (၂) ဦးကို တွေ့ရ၏။ အသက်ကြီးကြီးလူမှာ ဒေါသထွက်နေမှန်း သိသာပြီး လူငယ်မှာတော့ တည်ငြိမ်အေးစက်နေသည်။
အဆင့်နိမ့် စိတ်ဝိညာဉ်ကျောက်တုံးမှာ လိမ့်၍ လူငယ်လေး ခြေထောက်နား ရောက်လာသည်။
လူငယ်လေးမှ ငုံ့၍ ကောက်ယူလိုက်၏။
မြုတေဖွဲ့စည်းခြင်း ကျင့်ကြံသူမှာ မျက်မှောင်ကြုတ်သွားသည်။
ထိုလူငယ်လေးမှာ သာမာန်မဟုတ်။ သူ့လိုပင် မြုတေဖွဲ့စည်းခြင်းအဆင့်ဖြစ်၏။
“မိတ်ဆွေတို့… ကျွန်တော်က မိုးကြိုးမီးတောက်ဂိုဏ်း အကြီးအကဲ ကျောက်ဝူပါ… ကျွန်တော့်တာဝန်ကို လုပ်နေတာမို့လို့ ဝင်မပါရင် ကောင်းပါလိမ့်မယ်”
ကျောက်ဝူ ခပ်မာမာ ပြောလိုက်၏။
သူ့အနောက်မှ ကျင့်ကြံသူများလည်း ဓားကိုကိုင်၍ အသင့်စောင့်နေသည်။
လူငယ် ကျင့်ကြံသူမှာ သွေးအိုင်ထဲလဲနေသော အမျိုးသမီးကိုကြည့်လိုက်၏။
သူ့ဒဏ်ရာများမှာ ကယ်ရန်မမှီတော့ချေ။ သာမာန် သေမျိုးဖြစ်နေသည့်အချက်ကြောင့်လည်း ပါ၏။
“အမေ့ရင်ခွင်ထဲကနေ သူ့ကလေးကို လုတာက ကမ္ဘာပေါ်မှာ ခွင့်မလွှတ်နိုင်ဆုံးအပြစ်ပဲ သိရဲ့လား”
ကျောက်ဝူ မျက်မှောင်ကြုတ်ကာ
“မင်း သေချာစဉ်းစားဦးနော်… မိုးကြိုးမီးတောက်ဂိုဏ်းဆိုတာ မင်း ရန်စသင့်တဲ့ အရာမျိုး မဟုတ်ဘူး”
Chapter 173: မိုးကြိုးမုန်တိုင်းဂိုဏ်းခေါင်းဆောင် မဖြစ်သင့်သော ကျောက်လဲ့ဖုန်
ရှန်မို မော့ကြည့်လိုက်သော်လည်း ကျောက်ဝူကို မဟုတ်ဘဲ သွေးအိုင်တွင် လဲကျနေသော အမျိုးသမီးကို ဖြစ်၏။
ထို့နောက် လက်ထဲမှ စိတ်ဝိညာဉ်ကျောက်တုံးကို မြှောက်ကြည့်၍
“ဒီလောက်နဲ့ အလုပ်ကို လက်ခံလိုက်ပါမယ်”
အမျိုးသမီးမှာ စိတ်ချယုံကြည်စွာဖြင့် ကျေးဇူးတင်လျက် လှမ်းကြည့်၏။
သူ တစ်ခုခု ပြောရန် ပါးစပ်ဟနေသော်လည်း သွေးများစွာထွက်ထား၍ အားမရှိဖြစ်နေသည်။
ထို့ကြောင့် ပါးစပ်လှုပ်ရုံဖြင့်သာ ကျေးဇူးတင်စကား ပြောလေ၏။
မကြာမီ အသက်ဝိညာဉ်ကုန်ခမ်း၍ အမြင်အာရုံများ ပျောက်သွားတော့သည်။
လူငယ်ကျင့်ကြံသူလေးမှာ ကျောက်ဝူတို့ဘက်ကို ပြန်ကြည့်လိုက်သည်။
“အကြီးအကဲလား”
အရပ်ပုပုကျင့်ကြံသူမှ ခပ်တိုးတိုး ရေရွတ်မိ၏။
ကျောက်ဝူမှ
“သာမာန် မြုတေဖွဲ့စည်းခြင်းအဆင့်ပါကွာ… သူ ဆက်ရှုပ်နေရင်တော့ ငါ လက်သွေးထပ်စွန်းဖို့ ဝန်မလေးဘူး”
ထိုစဉ် ဘေးမှ ရယ်သံတစ်ချက် ကြားလိုက်သည်။
ကျောက်ဝူ လန့်ကာ ဘေးကို လှည့်ကြည့်၏။
သူ့ဘေးမှ အရပ်ရှည်ရှည်ကျင့်ကြံသူမှာလည်း မယုံကြည်နိုင်စွာ ကြည့်နေသည်။
မျက်နှာဖုံးဖြင့် ကျင့်ကြံသူငယ်မှာ သူတို့ရှေ့သို့ မျက်စိတစ်မှိတ်အတွင်း ရောက်လာ၏။
ထိုအရပ်ရှည်ရှည်တပည့်၏ ခါးမှ ဓားရှည်ကို ဆွဲထုတ်ကာ သူ့ဗိုက်နေရာကို အဆက်မပြတ်ထိုးနေသည်။
သူ့ပုံရိပ်ငယ် ပျက်စီးသွား၏။
သူ့ အခြေခံ ပျက်စီးသွား၏။
သူ့ကိုယ်တွင်းအင်္ဂါများ ပျက်စီးသွား၏။
ရွှမ်း ရွှမ်း!
သွေးနီနီများ နေရာအနှံ့ပန်းထွက်လာသည်။
ထို့နောက် အရပ်ရှည်ရှည်ကျင့်ကြံသူမှာ မြေပြင်ပေါ် လဲကျသွားလေ၏။
“အ အကြီးအကဲ ကျွန်တော့်ကို ကယ်ပါဦး…”
ထိုလူမှာ ကျောက်ရူအား နာကျင်စွာအော်ဟစ်ရင်း လှမ်းကြည့်သည်။
ကျောက်ဝူ ဒေါသတကြီးဖြင့်
“သူ့ကိုလွှတ်လိုက်”
သူ ပြောပြောဆိုဆိုနှင့် လက်ဝါးသိုင်းအင်အားများ ထုတ်လွှတ်လိုက်သည်။
ထိုအခါ စိတ်ဝိညာဉ်စွမ်းအင်များ ပတ်ဝန်းကျင်အထိ ပျံ့နှံ့သွားပြီး ရှန်မိုအား ထိခါနီးအချိန်တွင် သူ့အမြင်အာရုံများ ဝေဝါးကာ ရှန်မိုလည်း ပျောက်သွားသည်။
ကျောက်ဝူ လန့်ဖျပ်တုန်လှုပ်သွားစဉ် အနောက်ဘက်မှ အော်သံစူးစူးဝါးဝါး ကြားရ၏။
သူ အနောက်လှည့်ကြည့်လိုက်သောအခါ အရပ်ပုပု ကျင့်ကြံသူ၏ဓား အလုခံလိုက်ရပြီး သွေးများ ပန်းထွက်ကာ ဒဏ်ရာကြီး ရသွားသည်။
ထိုကျင့်ကြံသူမှာ ကြောက်လန့်နေသော်လည်း ဒေါသစိတ်ဖြင့် ရှန်မိုလက်တစ်ဖက်အား ပြန်ဆွဲထားလိုက်၏။
“အကြီးအကဲ ကျွန်တော် သူ့ကို မိထားပြီ… မြန်မြန် ရှင်းလိုက်တော့”
ကျောက်ဝူ ဒေါသတကြီး အော်ဟစ်ရင်း ပြင်းထန်သော လက်ဝါးသိုင်းဖြင့် ရိုက်ချရန် ကြိုးစားသည်။
ဘုံး!
မြေကြီးများတုန်ခါ၍ ဖုန်များ ထသွား၏။
မြေပြင်တွင်တော့ ကြီးမားသော လက်ရာကြီး ထင်ကျန်ရစ်လေသည်။
ထိုလက်ရာအောက်တွင် သွေးများအိုင်နေပြီး ကျောက်ဝူကြည့်နေရင်း မှင်တက်နေ၏။
သူ သေချာပေါက် လူ (၂) ယောက်ကို ရိုက်လိုက်သော်လည်း ယခု တစ်ယောက်တည်းသာ တွေ့ရသည်။
“ကျောက်ဝူ မင်းအလှည့်ပဲ”
အနောက်ဘက်မှ အေးစက်စက်အသံ ထွက်လာ၍ ကျောက်ဝူ လန့်သွားသည်။
သူ ချက်ချင်း ခုခံရေးသိုင်းစဉ်သုံး၍ ဒိုင်းကာတစ်ခု ပေါ်လာ၏။
သို့သော် မှားသွားပြန်သည်။
ရန်သူ၏ တိုက်ခိုက်မှုမှာ အနောက်ဘက်မှ မဟုတ်ဘဲ အရှေ့မှ ရောက်လာ၏။
ရှန်မို ကျောက်ဝူ၏ ပုံရိပ်ငယ် ပျက်စီးသည်အထိ ဓားဖြင့်ထိုးချလိုက်သည်။
စိတ်ဝိညာဉ်စွမ်းအင်များလည်း ပတ်ဝန်းကျင်သို့ စိမ့်ထွက်လာ၏။
ကျောက်ဝူ တုန်ရီလျက် ငေးကြည့်နေမိ၏။
ထိုစဉ် အရပ်ရှည်ရှည် ကျင့်ကြံသူမှ အင်အားကုန်သုံး၍ ရှန်မိုအား ဝင်ဆွဲထားသည်။
“အကြီးအကဲ ပြေးတော့… ကျွန်တော် အချိန်ဆွဲပေးထားမယ်”
သူ သွေးများအန်နေရင်း ရှန်မို့ကို ဖက်တွယ်ထား၏။
ကျောက်ဝူ ရင်ထဲနွေးထွေး ကြည်နူးနေရာမှ ချက်ချင်း အင်အားစုစည်း၍ ထွက်ပြေးရန် ပြင်လေသည်။
ထိုလူငယ်ကျင့်ကြံသူမှာ သူ့ပြိုင်ဘက်မဟုတ်မှန်း သဘောပေါက်သွားလေပြီ။
သူ ထွက်ပြေးရမယ်။
ဝေးလေ ကောင်းလေပဲ။
သို့သော် ထပ်မှားပြန်သည်။
တပည့်မှာ ရှန်မိုအား စက္ကန့်ပိုင်းမျှပင် မဆွဲထားနိုင်ချေ။
ရှန်မို တစ်ချက်ထိုးလိုက်သည်နှင့် ထိုလူမှာ တုန်ရီ၍ ပေါက်ကွဲသွားတော့သည်။
ကျောက်ဝူ ပြန်တိုက်ခိုက်ရန်ပြင်စဉ် ရှန်မို လက်ဖျောက်တစ်ချက်တီးသည်နှင့် ကျောက်ဝူ၏ ဒူးရိုးကျိုးကာ လဲကျသွားသည်။
“ကျွန်တော် မှားသွားပါတယ်… အသက်ချမ်းသာပေးပါနော်”
“ကျွန်တော်က မိုးကြိုးမီးတောက်ဂိုဏ်းက အကြီးအကဲပါ… ကျွန်တော့်ကို လွှတ်ပေးရင် ကြိုက်တာ အကုန်ပေးပါ့မယ်”
“ကျွန်တော့်အမှားကို သိပါပြီ… ကျောက်လဲ့ဖုန် ခိုင်းတိုင်း မလုပ်ခဲ့သင့်ပါဘူး”
“ဒီနေ့ကစပြီး ကောင်းတာတွေပဲလုပ်ပြီး လူကောင်း ဖြစ်အောင် ကြိုးစားပါမယ်”
ကျောက်ဝူပြောရင်း မြေပြင်ကို နဖူးဖြင့်တိုက်နေ၏။
ရွာသားများလည်း ထိုအခြေအနေကိုကြည့်ကာ ထိတ်လန့်နေသည်။
တစ်ချိန်က ကြီးကျယ်မြင့်မြတ်ခဲ့သော မိုးကြိုးမီးတောက်ဂိုဏ်း အကြီးအကဲမှာ လူငယ်တစ်ဦးအား ခယတောင်းပန်နေရ၏။
“မင်းလိုလူက ဘယ်လိုလုပ် ပြောင်းလဲမှာလဲ… သေခြင်းက မင်းအတွက် အဖြေပဲ”
ရှန်မို အေးစက်စွာကြည့်၍ သူ့ခေါင်းအား နင်းချလိုက်ရာ ဖရဲသီးကွဲသကဲ့သို့ သွေးနီနီများ စင်ထွက်လာ၏။
ရှန်မို တစ်ဖက်သို့ လှည့်ကာ
“ကလေးတွေ အဆင်ပြေရဲ့လား”
သူ စမတိုက်ခိုက်မီတည်းက ကလေးများကို ကျန်းဝေ့ဟူထံ အပ်ထားခဲ့သည်။
“ကျွန်တော့်စိတ်ဝိညာဉ်စွမ်းအင်နဲ့ အမြင််အာရုံ ဖုံးကွယ်ထားလို့ ဘာမှ မတွေ့လိုက်ပါဘူး”
ကျန်းဝေ့ဟူ ပြန်ဖြေ၏။
“ကောင်းပြီ ရွာထဲသွားကြတာပေါ့”
ရှန်မို ရှေ့မှဦးဆောင်၍ ထွက်သွားသည်။
ရွာသားများမှာ ချက်ချင်းဒူးထောက် ဦးညွှတ်၍
“ကျေးဇူးရှင်ကြီး ကျေးဇူးကြီးလှပါတယ်”
“ကျေးဇူးတင်ပါတယ်”
ရှန်မိုမှာ ခပ်အေးအေးပင်
“ဒီအမျိုးသမီးကို သေချာလေးမြှုပ်နှံပေးလိုက်ပါဦး”
“ကလေးတွေကတော့ စိတ်ဝိညာဉ်စွမ်းအင် အခြေခံ ရှိတော့ ချင်းရွှမ်ဂိုဏ်းကိုပဲ ခေါ်သွားလိုက်ပါမယ်”
ရွာသားများမှာ မျက်လုံးပြူးလျက် မယုံကြည်နိုင် ဖြစ်နေကြ၏။
“ဟ ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်ဗျာ”
ရှန်မိုမှ ဆက်၍
“အခုတိုက်ပွဲကြောင့် အဆင့် (၂) နတ်ဆိုးသားကောင်တွေလည်း ပြေးကုန်ပါပြီ… စိတ်အေးအေးသာ နေကြပါ”
ထို့နောက် နှစ်ယောက်သား ပြန်လာခဲ့ကြသည်။
“ကျေးဇူးပါပဲ ခေါင်းဆောင်ငယ်… ကျွန်တော် တစ်ယောက်တည်းသာ သွားမိရင် ဒီလိုအောင်မြင်မှာ မဟုတ်ဘူး”
ကျန်းဝေ့ဟူမှလည်း ကျေးဇူးတင်စကား ပြော၏။
ရှန်မို လက်ယမ်းပြကာ
“တိုက်ဆိုင်သွားတာပါဗျာ… ကျွန်တော်လည်း လေညင်းခံလိုက်ရင်းပေါ့… ကလေးတွေကို ကျန်းပဲ တာဝန်ယူပေးပါ… သူတို့မှာ အလားအလာကောင်းရှိတယ်”
ရှန်မို ကလေးများ၏ ကံကြမ္မာစနစ်ကို စစ်ဆေးကြည့်ပြီးမှ ပြောခြင်းဖြစ်၏။
သူတို့ ယခုလို ကပ်ဘေးကြီးကို ကျော်ဖြတ်ပြီးလျှင် ကျင့်ကြံမှုလမ်းအား ဖြောင့်ဖြောင့်ဖြူးဖြူး လျှောက်လှမ်းနိုင်လေပြီ။
“ဟုတ်ကဲ့ ခေါင်းဆောင်ငယ် စိတ်ချပါ”
ထို့နောက် ရှန်မို သူ့အခန်းဆီ ပြန်သွား၏။
သူ ကျောက်ဝူ၏ သိုလှောင်လက်စွပ်ကို ယူလာသောကြောင့် အခန်းထဲတွင် ဖွင့်ကြည့်သောအခါ မှင်တက်သွားမိသည်။
သွေးဘူးများအပြည့် ဖြစ်နေ၏။
“ကျောက်လဲ့ဖုန်….”
ရှန်မို အေးစက်စွာ ရေရွတ်မိသည်။
ဒီလူက ခေါင်းဆောင် မဖြစ်ထိုက်ဘူးပဲ။
Chapter 174: အထဲမှာ အဖြေရှိပါတယ်
ဘုံး!
ကျောက်လဲ့ဖုန် အရှေ့မှ ကျောက်စားပွဲအား ခပ်ပြင်းပြင်း ထုချလိုက်သည်။
အကြည့်များမှာလည်း စူးရှအေးစက်နေ၏။
“ကျောက်ဝူ ဘယ်မှာလဲ… သူ ပျောက်သွားပြီလား”
အကြီးအကဲ (၂) ဦး ဒူးထောက်လျက် ဇောချွေးများ ရွှဲနစ်နေသည်။
တစ်ဦးမှ
“ခေါင်းဆောင် ကျွန်တော်တို့ တကယ် မသိပါဘူး… ကျောက်ဝူက ခေါင်းဆောင်ခိုင်းတာ လုပ်မယ်ဆိုပြီး ထွက်သွားပြီးတည်းက ပြန်မလာတာပါ”
အခြားအကြီးအကဲမှလည်း တစ်ခုခု သတိရသွားပြီး
“ဟုတ်သားပဲ မနေ့က သူ ချင်းရှန်မြို့မှာ ကိစ္စရှိလို့ သွားမယ်လို့တော့ ပြောတယ်”
“အဲ့နောက်ပိုင်းမှ မတွေ့တော့တာ”
ကျောက်လဲ့ဖုန် အနည်းငယ် တုန်လှုပ်သွားပြီး
“ချင်းရှန်မြို့ဆိုတာ ချင်းရွှမ်ဂိုဏ်းနယ်မြေထဲကမလား”
ထိုစဉ် တံခါး ပြင်းပြင်းခေါက်သံ ကြားရလေ၏။
“ခေါင်းဆောင် အရေးတကြီး တင်ပြစရာ ရှိလို့ပါ”
ကျောက်လဲ့ဖုန် မျက်မှောင်ကြုတ်သွားပြီး
“ဝင်ခဲ့”
ဝမ်ရန်ကျဲ ဝင်လာ၏။
ရွှမ်ကျန်း၏ သခင်လေးများထဲတွင် ပါဝင်သူ ဖြစ်သော်လည်း ယခုအထိ ရွှေအမြုတေ မဖွဲ့စည်းနိုင်သေးပေ။
သူ့မိုးကြိုးသခင်လေးဟူသော အမည်မှာ မလိုက်ဖက်တော့ချေ။
“ရမ်ကျဲ ဘာကိစ္စရှိလို့လဲ”
“ဆရာ အပြင်မှာ မိုးကြိုးမီးတောက်ဂိုဏ်းက မြေမီးဖိုရှာဖို့ တားမြစ်ထားတဲ့ သွေးမူရင်းကျင့်စဉ် ကျင့်ကြံနေတယ်ဆိုပြီး သတင်းထွက်နေတယ်”
“နောက်ပြီး အကြီးအကဲကျောက်ဝူရဲ့ သိုလှောင်လက်စွပ်ထဲမှာ ကလေးသွေးတွေပါတဲ့ သွေးပုလင်းတွေ အများကြီး တွေ့တယ်တဲ့”
“ပြီးတော့ ချင်းရွှမ်ဘက်က ပြောလိုက်သေးတယ်… ဒီလို မကောင်းတဲ့လုပ်ရပ်တွေကို ထပ်သည်းမခံဘူးတဲ့”
“ကျွန်တော်တို့ ဂိုဏ်းတော့ သိက္ခာကျပြီ… ပူးပေါင်းဖို့ တွေးနေတဲ့ဂိုဏ်းငယ်တွေလည်း ကြောက်ပြီး ချင်းရွှမ်ဂိုဏ်းဘက် ရောက်ကုန်ပြီ”
ကျောက်လဲ့ဖုန် လက်ဖက်ရည်သောက်ရင်း ခပ်ပြင်းပြင်း ချလိုက်သည်။
ကျောက်ဝူ သေသွားပြီ။
နောက်ပြီး လျှို့ဝှက်ချက်တွေလည်း ပေါ်သွားတယ်။
ဘယ်သူလုပ်တာလဲ။
အကြီးအကဲ (၂) ဦးလည်း အချင်းချင်းကြည့်၍ လန့်ဖျပ်နေ၏။
“ဆရာ သတင်းက အမှန်ပဲလား”
ဝမ်ရန်ကျဲ မယုံနိုင်စွာဖြင့် ပြန်မေး၏။
ကျောက်လဲ့ဖုန် နှာခေါင်းရှုံ့ကာ
“ဟုတ်တော့ ဘာဖြစ်လဲ… မဟုတ်တော့ရော ဘာဖြစ်လဲ… ချင်းရွှမ်ဂိုဏ်းက ဝင်ပါစရာအကြောင်း လုံးဝ မရှိဘူး”
“ကျောက်ဝူက ချင်းရွှမ်ရဲ့ ထောင်ချောက်မှာ မိသွားတာပဲ”
“သူတို့ဘာသာ တားမြစ်ကင်ေ့စဉ် ကျင့်ကြံနေပြီး ငါတို့ကို လာလွှဲချနေတယ်”
“ဒီကိစ္စ လုံးဝ လွှတ်မထားနိုင်ဘူး”
“မိုးကြိုးမီးတောက်ဂိုဏ်းကို လွယ်တယ် ထင်နေလား”
ကျောက်လဲ့ဖုန် မတ်တပ်ထရပ်၍
“ငါ့အမိန့်ကို ပြန်ပြောလိုက်… အကြီးအကဲတွေ အားလုံးစုပြီး နတ်ရေစင်မြို့ကို ချီတက်ကြ… (၃) ရက်အတွင်း မြို့သိမ်းနိုင်တာပဲ လိုချင်တယ်”
“ချင်းရွှမ်ဂိုဏ်းကို နှင်ထုတ်ပြီးတာနဲ့ မြေမီးဖိုကို အမြန်တွေ့အောင် ရှာရမယ်”
“ဟုတ်ကဲ့ပါ”
(၃) ယောက်သား ပြန်ဖြေလိုက်၏။
သို့သော် ဝမ်ရန်ကျဲမှာ ကျောက်လဲ့ဖုန်နှင့် အနီးကပ် အချိန်ကြာမြင့်စွာ နေခဲ့၍ သူလိမ်နေလျှင် အသံကျယ်ကျယ် ပြောတတ်သည်ကို သိထားသည်။
ယခု အခြေအနေမှာလည်း လိမ်နေခြင်းပင်။
သူ့ဆရာကို နားမလည်နိုင်တော့ချေ။
“အင်အားကြီးပြီး အသက်ရှည်တဲ့ ကျင့်ကြံသူဆိုတာ သာမာန်ပြည်သူတွေကို ကာကွယ်ရမယ်ဆို… ဆရာပဲ အဲ့လို သင်ထားတာမလား”
ဝမ်ရန်ကျဲ လေးလံသော ခြေလှမ်းများဖြင့် ထွက်သွား၏။
…
“ထင်တဲ့အတိုင်းပဲ ကျောက်လဲ့ဖုန် ဒေါသအလျောက် တုံ့ပြန်လာတာပဲ”
ရှန်မို ခေါင်းတငြိမ့်ငြိမ့်ဖြင့် နားထောင်နေသည်။
ကျောက်လဲ့ဖုန် ထိုသို့တုံ့ပြန်မည်ဟု တွေးထားပြီး ဖြစ်၏။
သို့သော် သူတို့ မသိသေးသည်မှာ ချင်းရွှမ်ဂိုဏ်းသည် မြေမီးဖိုအကူအညီဖြင့် လက်နက်ကောင်းများ ရရှိကာ အတော်တိုးတက်နေလေပြီ။
မိုးကြိုးမီးတောက်ဂိုဏ်းထက်ပင် သာနိုင်၏။
ဒင် ဒေါင်!
ခေါင်းလောင်းသံကြားရ၍ ရှန်မို အစည်းအဝေးအတွက် ခန်းမကြီးဆီ လျှောက်လာခဲ့သည်။
အကြီးအကဲများမှာ အချို့ စိုးရိမ်၊ အချို့ စိတ်ရှုပ်၊ အချို့ ကျေနပ်၍ အချို့ ဝမ်းနည်းနေကြသည်။
သူတို့ နတ်ရေစင်ဂိုဏ်းကိုနိုင်၍ နယ်မြေသိမ်းကာ ပြန်ထူထောင်ရန် ပြင်နေစဉ် မိုးကြိုးမီးတောက်ဂိုဏ်းနှင့် ထပ်တိုက်ခိုက်ရဦးမည်။
ဒုန်း!
အစည်းအဝေးခန်းမတံခါးကြီး ပိတ်သွား၏။
မူယုံးယွဲ့ အားလုံးကို ဝေ့ကြည့်၍
“အားလုံးပဲ မိုးကြိုးမီးတောက်ဂိုဏ်းက နတ်ရေစင်မြို့ကို ဝင်တိုက်ခိုက်တာ သိပြီးကြလောက်ပါပြီ”
“ဒီကအကြီးအကဲတို့ရော ဘယ်လိုတွေးထားလဲ”
လျှိုယွမ်ဖုန်မှ စပြော၏။
“ခေါင်းဆောင် ကျွန်တော့်အမြင်ကတော့ နတ်ရေစင်ဂိုဏ်းနယ်မြေတွေ သိမ်းဖို့ပဲ အာရုံစိုက်ပြီး မိုးကြိုးမီးတောက်ဂိုဏ်းနဲ့ ထိပ်တိုက်မတွေ့တာ ကောင်းပါလိမ့်မယ်”
“အင်အားကြီးလာတော့မှ ပြန်တိုက်ခိုက်လည်း နောက်မကျသေးပါဘူး”
အကြီးအကဲလီမှ ဝင်၍
“ကျွန်မတော့ သဘောမတူပါဘူး… ကျုံတင်ဂိုဏ်းရဲ့ မြေမီးဖိုက နတ်ရေစင်မြို့နားမှာ ရှိတယ်လို့ သတင်းထွက်နေတာလေ”
“မိုးကြိုးမီးတောက်ဂိုဏ်းကို ပေးဝင်ရင် မြေမီးဖို ရှာတွေ့သွားမှာပေါ့”
“အဲ့အခါ ကျွန်မတို့နဲ့ အဆင့်က ပိုပြီးဝေးကွာသွားလိမ့်မယ်”
အခြားအကြီးအကဲများလည်း စဉ်းစားနေကြ၏။
လျှိုယွမ်ဖုန်မှ ပြုံး၍
“ခေါင်းဆောင်ပဲ ဆုံးဖြတ်လိုက်ပါတော့”
မူယုံးယွဲ့ ခပ်အေးအေးဖြင့်
“ဆုံးဖြတ်ချက်က ကျွန်မ မလုပ်ပါဘူး… ရှန်မို့ကို မေးတာပေါ့”
ရှန်မို အခန်းထဲကို ဝေ့ကြည့်၍
“ကျွန်တော်ကတော့ အကြီးအကဲလီကို ထောက်ခံပါတယ်… သူတို့နဲ့ ရင်ဆိုင်မှဖြစ်မယ်”
လျှိုယွမ်ဖုန် မျက်မှောင်ကြုတ်ကာ
“ခေါင်းဆောင်ငယ်ရဲ့ အင်အားကိုတော့ လေးစားပေမဲ့ အခုအခြေအနေက ကျွန်တော်တို့နဲ့ မယှဉ်နိုင်သေးဘူး”
“အကြောင်းအရင်းကောင်းရှိရင်တော့ စဉ်းစားပေးပါမယ်”
သူ ခပ်တည်တည်ဖြင့် ပြော၏။
ရှန်မို သိုလှောင်လက်စွပ်တစ်ခု ထုတ်ပြ၍
“ဒီလက်စွပ်ထဲမှာ အဖြေရှိပါတယ်”
ထို့နောက် အထဲမှ ရတနာများစွာ ထွက်လာလေသည်။