အခန်း (၁၇၅-၁၇၇)
Vol. 12 Ch. 175-177
Chapter 175: ချင်းရွှမ်ဂိုဏ်းက တိုက်ခိုက်နေပြီ
စားပွဲပေါ်သို့ စိတ်ဝိညာဉ်လက်နက်များစွာ ကျလာသည်။
ဓား၊ လှံ၊ ပုဆိန်၊ ချိတ်ကောက်၊ ချပ်ဝတ်၊ ဖိနပ်။
စသဖြင့် စုံလင်လွန်း၏။
“စိတ်ဝိညာဉ်လက်နက်တွေလား… သိမ်မွေ့နက်နဲခြင်း အဆင့်လောက်ပဲ ရှိတယ်… မြေအဆင့်မှ မဟုတ်ရင် မိုးကြိုးမီးတောက်ဂိုဏ်းကို ဘယ်မှီမှာလဲ”
လျှိုယွမ်ဖုန် နှာခေါင်းရှုံ့ကာ ဆို၏။
အကြီးအကဲလီမှာ ခဏမှင်တက်နေပြီးမှ အလွန်ပျော်ရွှင်လျက်
“ကျောက်မျက်နဲ့ စိတ်ဝိညာဉ်လက်နက် လုပ်ထားတာပဲ”
“အများစုက အဆင့် (၄) စိတ်ဝိညာဉ်ကျောက်မျက်တွေ”
လျှိုယွမ်ဖုန် လှမ်းကြည့်ရင်း စွံ့အသွားသည်။
အခြားအကြီးအကဲများလည်း မျက်လုံးပြူးကုန်၏။
ချက်ချင်း လက်နက်များကို အသေးစိတ် သွားကြည့်လေသည်။
“ဘုရားသခင်… တကယ့် အဆင့် (၄) နတ်ဆိုးကျောက်မျက်တွေပဲ”
“ချင်းရွှမ်မှာ အဆင့် (၃) အထိပဲ ရခဲ့တာလေ… ဒါတွေ ဘယ်ကရတာလဲ”
“ခေါင်းဆောင်ငယ် မိုးကြိုးမီးတောက်ဂိုဏ်းဆီက လုလာတာလား”
“မဖြစ်နိုင်တာ… တခြားဒေသက သွားဝယ်လာတာ ဖြစ်မယ်”
ရှန်မို ထိုထင်မြင်ချက်များကြောင့် ရယ်မောမိ၏။
အားလုံး လွဲနေကြသည်။
သို့သော် သူ အမှန်တရားကို မပြောသေးပေ။
“အကြီးအကဲလီ”
“ဟုတ်ကဲ့ပါ”
“အကြီးအကဲလီက ဂိုဏ်းအကြီးအကဲတွေအကြောင်း သေချာသိတော့ ဒီလက်နက်တွေ ခွဲဝေရေးကို တာဝန်ယူပေးပါ”
“ဟုတ်ကဲ့ပါ”
ရှန်မိုမှ ဆက်၍
“ဂိုဏ်းကို သစ္စာရှိပြီး အကောင်းဆုံး ကြိုးစားဖို့က အဓိကနော်… ချင်းရွှမ်က ကိုယ့်အပေါ်ကောင်းရင် ပစ်မထားတတ်ပါဘူး”
“ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် ခေါင်းဆောင်ငယ်”
အကြီးအကဲများ စိတ်လှုပ်ရှားစွာ ပြန်ဖြေလိုက်သည်။
လျှိုယွမ်ဖုန်မှာတော့ မျက်နှာပျက်နေ၏။
ရှန်မို ထိုသို့အံ့ဩစရာများ ထုတ်ပြလာမည်ဟု မထင်ထားချေ။
ယခုပုံအတိုင်းဆိုလျှင် မိုးကြိုးမီးတောက်ဂိုဏ်းအား မှီလာလေပြီ။
“လက်ထောက်ခေါင်းဆောင်လျှို ဘာလို့ မျက်နှာပျက်နေတာလဲ… ကျေနပ်ရမှာ မဟုတ်ဘူးလား”
ရှန်မို ပြုံးကာ လှမ်းစသည်။
ထိုအခါ လျှိုယွမ်ဖုန် ဟန်ဆောင်ပြုံး၍
“ဒါပေါ့ ဒါပေါ့… မိုးကြိုးမီးတောက်ဂိုဏ်းနဲ့ ရင်ဆိုင်ရမယ့် တိုက်ပွဲကို တွေးမိလို့ပါ”
ရှန်မို သူ့ပုခုံးကို ပုတ်၍
“မစိုးရိမ်ပါနဲ့ဗျာ… လက်ထောက်ခေါင်းဆောင်လျှိုရဲ့ အရည်အချင်းနဲ့ဆို လုံးဝ မသေပါဘူး”
လျှိုယွမ်ဖုန် နေရခက်စွာပြုံးမိ၏။
ဘယ်လို အားပေးစကားကြီးလဲ။
မကြာမီ လက်နက်များ ခွဲဝေယူပြီးသွားသည်။
အားလုံး အဆင့် (၄) နတ်ဆိုးကျောက်မျက်ပါသည့် လက်နက်များဖြင့် ပျော်ရွှင်နေကြ၏။
ရှန်မို အကြီးအကဲ (၃) ဦးကို လက်ညှိုးထိုးကာ
“အကြီးအကဲတို့ (၃) ယောက်က ဂိုဏ်းခေါင်းဆောင်နဲ့အတူ ဂိုဏ်းရဲ့ဂိတ်တွေကို စောင့်ပေးပါ… ကျန်တဲ့သူတွေက ကျွန်တော်နဲ့ နတ်ရေစင်မြို့ကို ချက်ချင်း လိုက်ခဲ့ပါ”
“ဟုတ်ကဲ့ပါ”
“ဆရာမ ကျွန်တော် သွားပြီနော်”
ရှန်မို ဦးညွှတ်ကာ နှုတ်ဆက်လိုက်သည်။
“ကောင်းပါပြီ… အောင်မြင်တဲ့သတင်းကို စောင့်နေမယ်နော် ရှန်”
မူယုံးယွဲ့ ပြုံးကာပြောလိုက်သည်။
…
နတ်ရေစင်မြို့၊ ချင်းဖုန် အဆောက်အဦ။
ကျောက်လဲ့ဖုန်နှင့် အဖွဲ့မှာ တင်းကြပ်စွာ ဝန်းရံထားသည်။
မိုးကြိုးမီးတောက်ဂိုဏ်းတပည့်များမှာ နတ်ရေစင်တစ်မြို့လုံးအား သိမ်းထား၏။
ချင်းဖုန်အဆောက်အဦတစ်ခုသာ ထိန်းချုပ်ရန် ကျန်တော့သည်။
နတ်ဓားဂိုဏ်း၊ အဆိပ်နွယ်ဂိုဏ်းနှင့် ရှောင်ယန်ဂိုဏ်းတို့မှာလည်း အရှုပ်အထွေးများကြား ဝင်မပါဘဲ ထားခဲ့လေပြီ။
ဘုံး ဘုံး ဘုံး!
ချင်းဖုန်အဆောက်အဦအား အဆက်မပြတ် တိုက်ခိုက်နေကြပြီး အဆောက်အဦပတ်လည်မှ အကာအကွယ် ချထား၏။
သို့သော် အချိန်ကြာလာသည်နှင့် အကာအကွယ်မှာ အားနည်းလာပြီး တစ်နာရီကျော်မျှအချိန်တွင် လုံးဝ ပျက်စီးသွားတော့သည်။
အထဲမှ ချင်းရွှမ်ဂိုဏ်းသားများလည်း စိတ်လှုပ်ရှားနေ၏။
ဝေ့ရှောင်းထီ မျက်မှောင်ကြုတ်၍ ဟိုဘက်လျှောက်လိုက်၊ ဒီဘက်လျှောက်လိုက် ဖြစ်နေသည်။
“အကြီးအကဲရှောင် အကြံကောင်း မရှိတော့ဘူးလား”
ရှောင်ဖန် ခေါင်းယမ်းလျက်
“မရှိပါဘူးဗျာ”
ဝေ့ရှောင်းထီ သက်ပြင်းချကာ စိတ်ညစ်နေမိသည်။
အမှန်တော့ ရှောင်ဖန် သူ့ကျင့်စဉ်ဖြင့် အင်အားကောင်းအောင် ပြင်ဆင်ထား၏။ ထွက်ပြေးရန်လမ်း ရှာပြီးလေပြီ။
သို့သော် ဝေ့ရှောင်းထီအားဖမ်း၍ ကျောက်လဲ့ဖုန်ထံ အပ်နိုင်မှ ဖြစ်လိမ့်မည်။
ထိုအပြုအမူကြောင့် ဂုဏ်သိက္ခာလည်း ကျနိုင်၏။ သူ ရွှမ်ကျန်းဒေသမှ ထွက်မသွားလျှင် သစ္စာဖောက်တစ်ဦးအဖြစ် နာမည်ပျက်သွားလိမ့်မည်။
ချင်းဖုန်အဆောက်အဦ အပြင်ဘက်၌။
ကျောက်လဲ့ဖုန် ကျေနပ်စွာကြည့်ရင်း မြေအောက်ထဲမှ မြေမီးဖိုအား တွေးနေမိသည်။
“ခေါင်းဆောင် ကျွန်တော်တို့ ဒီပုံအတိုင်း ဆက်သွားရင် ချင်းရွှမ်က ခံနိုင်ရည်ရှိနေမှာ မဟုတ်ဘူးလား”
ဝမ်ရန်ကျဲမှ စိုးရိမ်စွာ ပြော၏။
ကျောက်လဲ့ဖုန် လက်ယမ်းပြ၍
“သူတို့ နတ်ရေစင်ဂိုဏ်းကို နိုင်တာနဲ့ပဲ ငါတို့ကိုပါ ယှဉ်နိုင်မယ် မထင်နဲ့လေ”
“နတ်ရေစင်ဂိုဏ်းက လွယ်ကူတဲ့သားကောင် ဖြစ်ခဲ့ပေမဲ့ ငါတို့မှာ အင်အားတွေ ရှိသေးတယ်… လက်အောက်ခံဂိုဏ်းတွေလည်း ရှိတယ်”
“အကြီးအကဲတွေ အဆင့် (၃) ကျောက်မျက် လက်နက်ကောင်းနဲ့ဆိုတော့ သူတို့ ဘယ်လိုယှဉ်နိုင်ဦးမှာလဲ”
“မူယုံးယွဲ့ အထဲက (၂) ယောက်ကို စတေးပြီး ထွက်ပြေးမှာပဲ”
“ငါတို့က မြေမီးဖိုရရင် ပြီးပြီ… အဲ့လိုဆို နတ်ဓားဂိုဏ်းတောင် လာမယှဉ်နိုင်တော့ဘူး”
သူ့ဆရာ၏ ယုံကြည်ချက်ကြောင့် ဝမ်ရန်ကျဲ စိတ်အေးသွား၏။
ထိုစဉ် အသံတစ်ခု ကြားရလေသည်။
“ခေါင်းဆောင် ချင်းရွှမ်ဂိုဏ်းက လာတိုက်ခိုက်ပါတယ်… မြုတေဖွဲ့စည်းခြင်း (၂၃) ယောက်ပါတဲ့အဖွဲ့ပါ”
ကျောက်လဲ့ဖုန် ခဏကြောင်သွားပြီးမှ အားရပါးရ ရယ်မိ၏။
“အချိန်ကိုက် ရောက်လာတာပဲ… တစ်ခါတည်း အကုန်ရှင်းလို့ရပြီ”
“မနက်ဖြန် သူတို့ဂိုဏ်းအထိ လိုက်သွားမယ်”
အကြီးအကဲများလည်း ဝမ်းသာအားရ အားပေးကြ၏။
ဝမ်ရန်ကျဲ လှမ်းကြည့်ရင်း ဦးဆောင်လာသူ လူငယ်လေးကိုတွေ့ကာ
“ဆရာ ဟိုမှာ ရှန်မိုပဲ”
“ကောင်းတယ်… ကွက်တိပဲ”
“ဒီမှာ အတူတူ ရှင်းလိုက်ရုံပဲ”
“ဝမ်ရန်ကျဲ မင်းနဲ့ ယင်ရွှယ်ကျဲတို့ရဲ့ ရန်ညှိုးကို လက်စားချေချင်နေခဲ့တာမလား”
“သူ့ကိုဖမ်းမိတာနဲ့ ပုံရိပ်ငယ် ဖျက်ဆီးပြီး မင်းဆီ အပ်ပေးမယ်”
“ကျေးဇူးတင်ပါတယ် ဆရာ”
Chapter 176: တောအုပ်ဓားသိုင်းက ငါ့အပိုင်ပဲ
ကျောက်လဲ့ဖုန် ရှေ့မှ နီးကပ်လာသူကိုကြည့်ရင်း ပြော၏။
ရှန်မိုလည်း ခပ်လှမ်းလှမ်းမှ ကျောက်လဲ့ဖုန်ကို ကြည့်နေသည်။
“တိုက်ခိုက်ကြ”
ကျောက်လဲ့ဖုန် အော်လိုက်ရင်း သူကိုယ်တိုင်လည်း ဓားကိုဆွဲကိုင်၍ ပြေးသွားသည်။
မိုးကြိုးမီးတောက်ဂိုဏ်းမှ အကြီးအကဲ (၃၀) လည်း အနောက်မှ လိုက်သွား၏။
ရှန်မို တည်ငြိမ်စွာဖြင့်
“ခေါင်းမဖြတ်နိုင်ရင်တော့ ငါတို့ ပြန်ပေးမယ့်အပြစ်အတွက် ပြင်ထားနော်”
“ဟားဟားဟား”
အကြီးအကဲလီအပါအဝင် ချင်းရွှမ်ဂိုဏ်းသားများ အားရပါးရ ရယ်မောကြသည်။
ရှန်မိုပြောတာ မှန်ပါသည်။
အဆင့် (၄) နတ်ဆိုးကျောက််မျက်လက်နက်များဖြင့် မြုတေဖွဲ့စည်းခြင်း ကျင့်ကြံသူများအား မည်သို့ယှဉ်နိုင်မည်နည်း။
“သတ်ကြ”
ရှန်မို့အသံထွက်လာ၏။
ထို့နောက် နှစ်ဖက်ဂိုဏ်းမှ အကြီးအကဲများ ထိပ်တိုက် ရင်ဆိုင်ကြလေသည်။
သို့သော် မိုးကြိုးမီးတောက်ဂိုဏ်း အကြီးအကဲများမှာ ချင်းရွှမ်အနားကပ်လာသည်နှင့် တစ်ခုခု မှားနေကြောင်း ခံစားမိလိုက်သည်။
ချင်းရွှမ်မှ လက်နက်များမှာ သူတို့ထက် အဆင့်မြင့်နေ၏။
သူတို့ဘက်မှ စိတ်ဝိညာဉ်စွမ်းအင်သာ ကုန်ခန်း၍ အလွန် ပင်ပန်းလာသည်။
ကျောက်လဲ့ဖုန်နှင့် ရှန်မိုလည်း ပြင်းထန်သော တိုက်ပွဲကြီး ဖြစ်နေ၏။
“ရှန်မို မင်းက ကျန်းမိုကို လူရှေ့မှာ သတ်ခဲ့တယ်ဆိုပြီး ငါ့ရှေ့မှာ အားကောင်းချင်ယောင် ဆောင်နေတာလား”
ကျောက်လဲ့ဖုန် ဓားဖြင့် လှမ်းခုတ်ရင်း ပြော၏။
မိုးကြိုးရောင်လက်နေသော ဓားမှာ ရှန်မို့ခေါင်းထံ ဦးတည်လာသည်။
ရှန်မို လက်တစ်ချက်ယမ်းသည်နှင့် ဂိတ်တံခါး (၄) ခု ပေါ်လာပြီး တိုက်ခိုက်မှုကို ကာကွယ်လိုက်၏။
ထို့နောက် ကျောက်လဲ့ဖုန်ထံ ခပ်အေးအေး လျှောက်သွားသည်။
ဘုံး!
ကျောက်လဲ့ဖုန် ထပ်မံတိုက်ခိုက်သော်လည်း ဂိတ်တံခါးများမှာ မြဲမြံစွာ ရှိနေသေး၏။
ရှန်မို ပြုံး၍
“ခေါင်းဆောင်ကျောက် ရှိသမျှအစွမ်း အကုန်ထုတ်သုံးလေ… မဟုတ်ရင် စောစော သေသွားလိမ့်မယ်”
ကျောက်လဲ့ဖုန် မျက်နှာပျက်သွားကာ
“မဆိုးပါဘူး… မင်းမှာ အရည်အချင်း ရှိသားပဲ”
“အစကတော့ မင်းကို အရှင်ဖမ်းပြီး ငါ့တပည့်ဆီ လက်စားချေဖို့ အပ်မလို့ပဲ”
“ဒါပေမဲ့ အခု အဲ့လို မဖြစ်တော့ဘူး… တစ်ခါတည်း သေပေတော့”
“မိုးကြိုးမီးတောက် ဓား (၂) လက်”
စိတ်ဝိညာဉ်စွမ်းအင်များ ပျံ့နှံ့၍ ဓားရှည်ထိပ်တွင် စုသွားသည်။
ထို့နောက်မှ ကျောက်လဲ့ဖုန် ရုတ်တရက် လွှဲချလိုက်၏။
ဘုံး!
တစ်ချက်တည်း ဖြစ်သော်လည်း ပြင်းထန်သော ဓားရောင် (၂) ခု ပေါ်လာသည်။
တစ်ခုမှာ မိုးကြိုးဖြစ်ပြီး နောက်တစ်ခုမှာ မီးတောက်များ ဖြစ်၏။
မိုးကြိုးမီးတောက်ဂိုဏ်း၏ ပြင်းထန်သော ကျင့်စဉ်ဖြစ်ပြီး ကျောက်လဲ့ဖုန် အစအဆုံး တတ်မြောက်ထားလေသည်။
“ဒါက အင်အားအကြီးဆုံးလား”
ရှန်မို ခေါင်းယမ်းကာ ပြောသည်။
သူ့အနေဖြင့် မည်သည့်ကျင့်စဉ်ကြီးမှ မသုံးရသေးပေ။
တောအုပ်ဓားသိုင်းအား (၄) ပိုင်း နားလည်သွားပြီဖြစ်၍ မြေအဆင့် စိတ်ဝိညာဉ်လက်နက်ဖြင့် ပေါင်းစပ်စမ်းသပ်ချင်စိတ်တော့ ဖြစ်မိသည်။
ချွမ်!
ချက်ချင်းပင် ဓားအရှိန်အဝါဖြင့် ကောင်းကင်မှာ မှောင်မည်းသွားပြီး တဟ်လောကလုံး အဖြူအမည်းသာ ရှိတော့သည်။
ပြင်းထန်သော ဓားစွမ်းအင်ကိုကြည့်ကာ ကျောက်လဲ့ဖုန် တုန်လှုပ်သွား၏။
ဘာလဲ။
ရှန်မို ထိုသိုင်းကွက်ကို အရင်က တစ်ခါမှ မသုံးဖူးသေးချေ။
နှစ်ဖက်အကြီးအကဲများလည်း အံ့ဩစွာဖြင့် ဆက်မတိုက်ခိုက်နိုင်ဘဲ ငေးမောကြည့်နေကြသည်။
ချင်းဖုန် အဆောက်အဦ။
အကာအကွယ်အား ဆက်တိုက်ခိုက်ခြင်း မရှိတော့၍ ဝေ့ရှောင်းထီနှင့် ရှောင်ဖန်တို့ အံ့ဩကာ အပြင်ထွက်ကြည့်ကြသည်။
အပြင်ရောကိသည်နှင့် မှောင်မည်းသော ဓားစွမ်းအင်ကြောင့် လန့်သွားရ၏။
“အရမ်း… အင်အားကြီးတာပဲ”
ဝေ့ရှောင်းထီ ရေရွတ်မိသည်။
ရှောင်ဖန်မှာတော့ အနည်းငယ် ပိုတည်ငြိမ်၏။
အရင်ဘဝမှတ်ဉာဏ်များကြောင့် စိတ်မှာ ခြေတည်ဝိညာဉ်ကျင့်ကြံသူကဲ့သို့ ဖြစ်နေသည်။
“ဒီဓားစွမ်းအင်က ငါ အရင်ဘဝမှာ ချန်ခဲ့တဲ့ဟာပဲ… သူ့လက်ထဲ ရောက်သွားမယ်လို့ မထင်ထားဘူး”
ရှောင်ဖန် မျက်မှောင်ကြုတ်ကာ ရေရွတ်မိသည်။
သူ့ကျင့်စဉ်ပါသွား၍ အနည်းငယ်တော့ စိတ်မသက်မသာ ဖြစ်နေ၏။
“ဒါပေမဲ့ ရှန်မိုက ပထမအပိုင်းပဲ ရသေးတာပါ”
“နောက်ပိုင်း ကျန်အပိုင်းတွေရရင် သူ့ဆီကအပိုင်းပါ ပြန်ယူနိုင်ပြီ”
“တစ်ကြိမ် ငါ့အပိုင် ဖြစ်ဖူးရင် အမြဲတမ်း ငါ့အပိုင်ပဲပေါ့”
ရှောင်ဖန် နှာခေါင်းရှုံ့ကာ တွေး၏။
ကောင်းကင်ယံတွင် ဓားစွမ်းအင်မှာ မိုးကြိုးမီးတောက် ဓား (၂) လက် အရှိန်အဝါဖြင့် တိုက်မိကာ ပေါက်ကွဲ၍ ပတ်ဝန်းကျင်သို့ လှိုင်းများ ပျံ့ထွက်လာသည်။
အချို့နီးကပ်နေသော ကျင့်ကြံသူများ ဒဏ်ရာရကုန်၏။
အချို့ တိုက်ရိုက်ကြည့်နေသော အင်အားနည်းသူများမှာ အမြင်အာရုံဆုံးရှုံးပြီး နာကျင်စွာ အော်ဟစ်နေကြသည်။
ထိုတိုက်ခိုက်မှုမျိုးအား အနည်းဆုံး မြုတေဖွဲ့စည်းခြင်းရှိမှ ရင်ဆိုင်နိုင်မည်။
ဘုံး!
လှိုင်းအရှိန်ကြောင့် လူတစ်ယောက် လွင့်ထွက်သွားသည်။
သေချာပေါက် ကျောက်လဲ့ဖုန်ပင်။
သူ့အဝတ်များ စုတ်ပြဲ၍ သွေးများလည်း ပေကျေံနေသည်။
ရင်ဘက်တွင်လည်း ဓားဒဏ်ရာကြီး ဖြစ်နေ၏။
ဂိုဏ်းခေါင်းဆောင် အရှိန်အဝါဟူ၍ မတွေ့ရတော့ချေ။
“သူ့လက်နက်က အဆင့် (၄) နတ်ဆိုးကျောက်မျက်ပဲ… အရမ်းအင်အားကြီးတယ်”
ကျောက်လဲ့ဖုန် တုန်ရီစွာ ပြောမိ၏။
“ခေါင်းဆောင်ကျောက် အရှုံးပေးပြီး ထွက်ပြေးတာက ရွှမ်ကျန်း ထိပ်တန်း (၅) ဂိုဏ်းထဲ ပါတဲ့ ခေါင်းဆောင်အနေနဲ့ မသင့်တော်ဘူးလေ”
ကျောက်လဲ့ဖုန် အမြန် ထွက်ပြေးသော်လည်း မကြာမီ လူငယ်လေးတစ်ဦး သူ့အနီးသို့ ရောက်လာ၏။
ရှန်မို သူ့ကို လှောင်ပြုံးပြုံး၍ ကြည့်နေ၏။
ထို့နောက် နတ်ဆိုးချပ်ဝတ် ရေခဲလက်ဖြင့် အနောက်မီ ထိုးချလိုက်သည်။
“အရမ်း… မြန်…”
ကျောက်လဲ့ဖုန် ပါးစပ်မှ သွေးများ စီးကျရင်း မယုံကြည်နိုင် ဖြစ်နေ၏။
“အဆင့် (၄) နတ်ဆိုးကျောက်မျက်ဆိုရင်… မြေမီးဖို… မင်းဆီမှာပေါ့”
ရှန်မို ပြုံးကာ
“ခေါင်းဆောင်ကျောက်က ဉာဏ်ကောင်းသားပဲ… မြန်မြန် သိသွားတယ်”
“ဒါပေမဲ့ ခြေတစ်လှမ်းတော့ နောက်ကျတုန်းပဲ”
ရှန်မို လက်ကိုပြန်ထုတ်လိုက်သောအခါ ကျောက်လဲ့ဖုန် ရင်ဘက်တွင် အပေါက်ကြီး ဖြစ်၍ ကျန်ခဲ့၏။
အထဲမှ ကိုယ်တွင်းအင်္ဂါများကိုပင် မြင်နေရသည်။
ဒုန်း!
ကျောက်လဲ့ဖုန် လေထဲမှ အရှိန်ပြင်းစွာဖြင့် ပြုတ်ကျသွား၏။
မိုးကြိုးမီးတောက်ဂိုဏ်းခေါင်းဆောင် ကျောက်လဲ့ဖုန် သေဆုံးသွားလေပြီ။
Chapter 177: မိုးကြိုးမီးတောက်ဂိုဏ်းနှင့် တက်နေဝန်းဂိုဏ်း ကျဆုံးခန်း
ကျောက်လဲ့ဖုန် သေဆုံးမှုကြောင့် မိုးကြိုးမီးတောက်ဂိုဏ်းလည်း ချက်ချင်း ပျက်စီးသွား၏။
တပည့်များမှာလည်း အားနည်းသော စွမ်းအင်နှင့် လက်နက်များကြောင့် လမ်းဘေးခွေးကဲ့သို့ အဖြစ်ဆိုးစွာ ပျောက်ကွယ်ကုန်သည်။
ချင်းရွှမ်နှင့် မိုးကြိုးမီးတောက်ဂိုဏ်းတိုက်ပွဲအား အလွတ်တန်းကျင့်ကြံသူများလည်း စိတ်ဝင်စားနေကြသည်။
တွေ့ရသော မြင်ကွင်းမှာ အလွန်ထိတ်လန့်စရာပင်။
ချင်းရွှမ်ဂိုဏ်း ဤမျှ အင်အားကြီးလာမည်ဟု မည်သူက ထင်မည်နည်း။
မိုးကြိုးမီးတောက်ဂိုဏ်းအား တိုက်ရိုက်တိုက်ခိုက်ရင်း အနိုင်ရသွားသည်။
“ချင်းရွှမ်ဂိုဏ်းထဲ ဝင်တာက အကောင်းဆုံးဖြစ်မယ် ထင်တယ်”
“သတိထားမိလား… ချင်းရွှမ်က စိတ်ဝိညာဉ်လက်နက်တွေက မိုးကြိုးမီးတောက်ဂိုဏ်းထက် အများကြီး ပိုသာတယ်”
“မဖြစ်နိုင်တာ… မိုးကြိုးမီးတောက်ဂိုဏ်းမှာ မြေမီးဖို ရှိတယ်လေ… မီးအင်အား နည်းသွားပေမဲ့ ရွှမ်ကျန်းမှာ အကောင်းဆုံးပဲ”
“ဟုတ်တယ် နတ်ဓားဂိုဏ်းတောင် လက်နက်ပိုင်းမှာ သူတို့ကို မမှီဘူး”
“ချင်းရွှမ်က တတိယမြောက် မြေမီးဖိုကို တွေ့သွားတာများလား”
“ဘုရားသခင်…”
“မင်းပြောမှ ဟုတ်သလိုပဲ”
“ဟားဟားဟား အမြင်မှန် ရပါပြီ… ခေါင်းဆောင်ငယ်ရှန်ရေ ချင်းရွှမ်ဂိုဏ်းကို ခစားဖို့ လာခဲ့ပါမယ်”
အလွတ်တန်းကျင့်ကြံသူများ အချင်းချင်း ပြောဆိုနေကြ၏။
ရှန်မို ပြုံး၍
“ကျောက်လဲ့ဖုန် သေသွားပေမဲ့ နတ်ရေစင်မြို့က ချင်းရွှမ်လက်ထဲ ပြန်ရောက်သေးဘူး”
“ချင်းရွှမ်ဂိုဏ်းထဲ ဝင်ချင်သူတိုင်း မင်းတို့ရဲ့ သစ္စာရှိမှုကို ပြရမယ်”
“မြန်မြန် စွမ်းဆောင်ပြနိုင်လေ ငါတို့ဘက်က လက်ခံနိုင်ခြေများလေပဲ”
ထိုအခါ အလွတ်တန်းကျင့်ကြံသူများ အကြည့်များ စူးရှစွာဖြင့် ချက်ချင်း ထွကိသွားကြသည်။
ရှန်မို့ရည်ရွယ်ချက်မှာ ရှင်းပါသည်။ မြို့ထဲမှ မိုးကြိုးမီးတောက်ဂိုဏ်း သစ္စာခံများကို ရှင်းလင်းရင်း ချင်းရွှမ်အတွက် လူမွေးခြင်း ဖြစ်၏။
နတ်ရေစင်မြို့တစ်ခုလုံး တိုက်ခိုက်အော်ဟစ်သံများ ပြည့်နှက်သွားသည်။
ဝေ့ရှောင်းထီ သက်ပြင်းချ၍
“ခေါင်းဆောင်ငယ်ပီသပါပေတယ်…စကားနည်းနည်း ပြောရုံနဲ့ အားလုံးကို လွှမ်းမိုးနိုင်တယ်”
ရှောင်ဖန်မှာ ခပ်တိုးတိုး နှာခေါင်းရှုံ့မိ၏။
သူလည်း အရင်ဘဝက ထိုနည်းလမ်းများ အကြိမ်ကြိမ် အသုံးပြုဖူးပါသည်။
မည်သည်က ထူးခြားသနည်း။
သို့သော် အပေါ်ယံတွင်တော့ အမူအရာ ထိန်းထားရ၏။
ထိုအချိန်တွင် ချင်းရွှမ်အကြီးအကဲများမှာ တိုက်ပွဲနေရာကို ရှင်းလင်းပြီးလေပြီ။
ကျောက်လဲ့ဖုန်၏ သိုလှောင်လက်စွပ်အား အကြီးအကဲလီကိုယ်တိုင်ယူ၍ ရှန်မိုအား တိုက်ရိုက် ပေးလိုက်သည်။
ရှန်မိုလည်း လက်စွပ်ယူကာ ချင်းဖုန်အဆောက်အဦထံ ထွက်သွားသည်။
ဝေ့ရှောင်းထီနှင့် ရှောင်ဖန်တို့ ဦးညွှတ်နှုတ်ဆက်ကြ၏။
ဝေ့ရှောင်းထီ မျက်ရည်များဝဲ၍
“ခေါင်းဆောင်ငယ်ရယ် ကျွန်တော်ဖြင့် ထပ်မတွေ့နိုင်တော့ဘူး ထင်နေတာ”
ရှန်မို သူ့ပုခုံးကိုပုတ်၍
“အကြီးအကဲတိုင်းက အရေးပါ,ပါတယ်… ချင်းရွှမ်ဂိုဏ်းက ဘယ်တော့မှ မစွန့်ပစ်ပါဘူး”
ဝေ့ရှောင်းထီ ခေါင်းတငြိမ့်ငြိမ့်ဖြင့် ကျေနပ်နေ၏။
သူ့ကို စွန့်ပစ်လိုက်ပြီ ထင်နေချိန်တွင် ရှန်မိုကိုယ်တိုင် ရောက်လာ၍ အလွန်ကျေးဇူးတငိနေမိသည်။
“ရှောင်ဖန် မင်းလည်း အန္တရာယ်ကင်းတယ်နော်”
ရှန်မို ရှောင်ဖန်အား လှမ်းကြည့်ကာ ပြောသည်။
ရှောင်ဖန်မှာ ကံကောင်းသူဖြစ်၍ ချင်းဖုန်အဆောက်အဦ သိမ်းပိုက်ခံရလျှင်ပင် ဝေ့ရှောင်းထီအား စတေးကာ လွတ်မည်ဟု ရှန်မို သိပါသည်။
ယခုလည်း အခြား အခွင့်အရေးများ ရှိသေး၏။
[လတ်တလောအခွင့်အရေး: (၆) ရက်အကြာတွင် မိုးကြိုးမီးတောက်ဂိုဏ်း ပိုင်ဆိုင်မှုထဲပါသော မြေမီးမြို့ကို သွားစဉ် မြေအဆင့် သံမဏိပန်းကို တွေ့မည်]
သံမဏိပန်းမှာ မီးတောက်ဆူတြာထဲ၌ ခြေတည်ဝိညာဉ် ကြာပွင့် (၉) ပွင့် ဖွဲ့စည်းနိုင်သော ရတနာများထဲ အပါအဝင်ဖြစ်ကြောင်း ဖော်ပြထားသည်။
ထိုပန်းသည် အပူချိန်မြင့်၍ သတ္ထုပစ္စည်းများသော နေရာတွင် ပေါက်ရောက်၏။ မြေမီးဖိုထဲကဲ့သို့ အခြေအနေမျိုးတွင် ဖြစ်သည်။
“အကြီးအကဲတို့ (၂) ယောက်လုံး နတ်ရေစင်မြို့မှာပဲ ဆက်စောင့်ကြည့်ပေးပါ”
ရှန်မိုမှ ပြော၏။
“နားလည်ပါပြီ”
…
မိုးကြိုးမီးတောက်ဂိုဏ်းခေါင်းဆောင် ကျောက်လဲ့ဖုန် သေဆုံးမှုမှာ ရွှမ်ကျန်းဒေသတစ်ခုလုံးသို့ လျင်မြန်စွာ ပျံ့နှံ့သွားသည်။
အားလုံးလည်း ချင်းရွှမ်ဂိုဏ်းအား အတော်လန့်သွားသည်။
ချင်းရွှမ်မှာ နောက်ပိုင်းအင်အားကြီးလာမှန်း သိသော်လည်း ထိပ်တန်း (၅) ဂိုဏ်းကို ယှဉ်နိုင်မည်ဟုတော့ မထင်ထားချေ။
ထို့ကြောင့် အလွန်အံ့ဩစရာ သတင်း ဖြစ်နေခဲ့၏။
မကြာမီ ချင်းရွှမ်ဂိုဏ်းမှ တတိယမြောက် မြေမီးဖို ရထားကြောင်းလည်း သိသွားကြ၏။
ထို့ကြောင့်သာ မိုးကြိုးမီးတောက်ဂိုဏ်းအား ရုတ်တရက် အနိုင်ရ၍ အပြတ်ရှင်းနိုင်ခြင်း ဖြစ်လေသည်။
တစ်လအကြာတွင် မူယုံးယွဲ့နှင့် ရှန်မိုတို့မှ ချင်းရွှမ် အကြီးအကဲများအား ဦးဆောင်ကာ မိုးကြိုးမီးတောက်ဂိုဏ်း၏ ပိုင်ဆိုင်မှုများ သိမ်းရန် လိုက်သွားသည်။
(၂) ရက်အတွင်း အကာအကွယ် ပျက်စီး၍ စီနီယာအကြီးအကဲများ အပြင်းအထန် ခုခံသော်လည်း ချင်းရွှမ်ဘက်မှ အင်အားကို ကြာကြာ ခံနိုင်ရည်မရှိချေ။
မူယုံးယွဲ့သည် မြုတေဖွဲ့စည်းခြင်း ထိပ်ဆုံးအဆင့်ဖြစ်ကာ ရှန်မိုသည် ပြီးပြည့်စုံခြင်းအထိ ရောက်နေလေပြီ။
အခြားအကြီးအကဲများမှာလည်း အဆင့် (၄) နတ်ဆိုးကျောက်မျက်ရတနာများကြောင့် ကွာခြားမှု ကြီးလှသည်။
(၂) နာရီဝန်းကျင် တောင့်ခံပြီးနောက် အကြီးအကဲ (၂) ဦး နောင်တရကာ အရှုံးပေးရလေ၏။
မိုးကြိုးမီးတောက်ဂိုဏ်း လုံးဝ ပြိုကွဲကာ တပည့်များ ချက်ချင်း အညံ့ခံကြသည်။
ချင်းရွှမ်၏ အင်အားမှာ ပို၍ပို၍ ကြီးထွားလာလေသည်။
သို့သော် မကြာမီ ထိတ်လန့်စရာ သတင်းကြီးတစ်ခု ထွက်လာ၏။
တက်နေဝန်းဂိုဏ်းနှင့် အဆိပ်နွယ်ဂိုဏ်းအား တိုက်ခိုက်နေသော နတ်ဓားဂိုဏ်းမှာ ဆက်တိုက် အားနည်းနေရာမှ မနေ့ညတွင် တိုက်ခိုက်မှုကို အောင်နိုင်ကာ တက်နေဝန်းဂိုဏ်း ခေါင်းဆောင် ဝမ်ထျန်းကျန်အား သတ်လိုက်နိုင်သည်။
ထို့နောက် မြုတေဖွဲ့စည်းခြင်း အကြီးအကဲ (၃) ဦးလည်း ပျက်စီး၍ တက်နေဝန်းဂိုဏ်း ခေါင်းဆောင်ငယ် ဟုန်ချီလုံသည် အကြီးအကဲ (၃) ဦး ကာကွယ်ပေးမှုဖြင့် အဆိပ်နွယ်ဂိုဏ်းသို့ ထွက်ပြေးသွား၏။
ထိုသတင်းများ ဆက်တိုက်ကြားရ၍ ရွှမ်ကျန်းဒေသမှ ကျင့်ကြံမှုလောကတွင် တုန်လှုပ်စရာများ ဖြစ်နေတော့သည်။