← Chapters

အခန်း (၁၆၉-၁၇၁)

Vol. 12 Ch. 169-171

အခန်း (၁၆၉-၁၇၁)

Vol. 12 Ch. 169-171

Chapter 169: လက်နက်များ မွမ်းမံခြင်း

ဝေ့ရှောင်းထီ သက်ပြင်းချ၍

“ကောလာဟလတွေက တကယ်ပဲလား”

ရှန်မို ရယ်မော၍

“မှန်မှန် မမှန်မှန် အားလုံး စိတ်ဝင်စားနေကြတာတော့ အဟုတ်ပဲ”

“ကျုံတင်က မြေမီးဖိုမဟုတ်ရင်တောင် တန်ဖိုးကြီး ရတနာတစ်ခုခု ဖြစ်မှာပေါ့”

ဝေ့ရှောင်းထီ ခေါင်းကုတ်၍

“ခေါင်းဆောင်ငယ် ပြောတာလည်း ဟုတ်ပါတယ်”

“ဒါဆိုရင် ရှာတဲ့အခါ ကျွန်တော် ဝိုင်းကူညီပေးမယ်လေ ခေါင်းဆောင်ငယ်”

ရှန်မို ခေါင်းယမ်းကာ

“ရပါတယ်ဗျာ… အကြီးအကဲရှောင်နဲ့ ကျွန်တော်ပဲ ဆက်ရှာလိုက်ပါမယ်… အကြီးအကဲဝေ့က နတ်ရေစင်မြို့ကကိစ္စတွေကိုပဲ အာရုံစိုက်ပါ”

“ဟုတ်ကဲ့ပါ ခေါင်းဆောင်ငယ်အမိန့်အတိုင်း ဆောင်ရွက်ပါမယ်”

“ရှောင်ဖန်က မြို့မြောက်ပိုင်းကို တာဝန်ယူပါ… ငါက တောင်ပိုင်းမှာ ရှာလိုက်မယ်”

ရှန်မိုမှ ညွှန်ကြား၏။

“နားလည်ပါပြီ”

ရှောင်ဖန် ခေါင်းငြိမ့်ပြလိုက်သည်။

…

နောက်တစ်နေ့တွင်။

ရှန်မို မြို့ထဲမှထွက်၍ ဝါးတစ်ထောင်ရေကန် ရှိရာဘက် ထွက်လာခဲ့သည်။

သူ လျင်မြန်စွာဖြင့် အရှိန်အဝါကိုလည်း ဖုံးကွယ်ထားသောကြောင့် မည်သူမျှ ရှန်မိုဟု သိလိုက်မည် မဟုတ်ချေ။

“ဒီနေရာပဲ”

မကြာမီ လိုဏ်ဂူကို တွေ့ရ၏။

ကံကြမ္မာစနစ်တွင် ဖော်ပြထားသည့်အတိုင်း အနည်းငယ် ရှာပြီးသည်နှင့် ဝင်ပေါက်တစ်ခုကို တွေ့သွားသည်။

ဝင်ပေါက်ရှေ့တွင် နွယ်ပင်များ ဖုံးနေပြီး ရုတ်တရက်ကြည့်လျှင် သတိထားမိမည် မဟုတ်ချေ။

ရှန်မို နွယ်ပင်များရှင်းကာ လမ်းကိုကြည့်လိုက်သည်။

ထို့နောက် အထဲဝင်လာပြီး အစပိုင်းတွင် ကျဉ်းသော်လည်း အတွင်းထဲ၌ ခမ်းနားကြီးကျယ်သော ကနုတ်များကို တွေ့ရသည်။ ကျုံတင်ဂိုဏ်း၏ လက်မှုပညာဖြစ်၏။

အဝင်ဝတွင် လမ်းကျဉ်းနေခြင်းမှာ ကျောက်တုံးများ၊ ရွှံ့များ ရှုပ်နေ၍ ဖြစ်လေသည်။

“ဘယ်လို ဆောက်ထားလဲတော့ မသိပေမဲ့ ဒီလောက်လမ်းကျဉ်းထဲမှာ မြေမီးဖိုရှိဖို့တော့ မဖြစ်နိုင်ဘူး”

ရှန်မို တွေး၍ ဆက်လျှောက်လာ၏။

လမ်းတစ်လျှောက် သားကောင်ငယ်အချို့ကို တွေ့ရပြီး အလွယ်တကူ ရှင်းလင်းနိုင်သည်အထိ အင်အားနည်းကြသည်။

အောက်သို့ မီတာ (၃၀၀) ကျော် ဆင်းလာပြီးနောက် ရှန်မို အပူချိန် မြင့်လာသည်အား ခံစားမိ၏။ ထို့နောက် ပြုံးကာ ခပ်သွက်သွက် ဆက်လာခဲ့သည်။

နောက်ထပ် အနည်းငယ် ဆင်းလာပြီးနောက် မြေအောက်ခန်းကြီးတစ်ခုကို တွေ့ရလေသည်။

အခန်းထဲ၌ (၃) ချောင်းထောက် မီးဖိုကြီးရှိပြီး (၁၀၀) မီတာဝန်းကျင် မြင့်၏။

မီးဖိုတစ်ခုလုံးကို ကျောက်နက်ဖြင့် ပြုလုပ်ထားပြီး မီးတောက်များ တဖျတ်ဖျတ် တောက်နေသည်။

အပူချိန်မှာ ထိုနေရာမှ လာခြင်းဖြစ်၏။

“အရင်က ကျုံတင်ဂိုဏ်းအနေနဲ့ ကျောက်မျက်တွေ မွမ်းမံဖို့ ဒီမီးဖိုကို သုံးခဲ့တာပဲ… ဒီနေရာမှာ လက်နက်တွေ အများကြီး လုပ်ခဲ့လိမ့်မယ်… အခုကစပြီး ချင်းရွှမ်ရဲ့ အဓိကပစ္စည်း ဖြစ်သွားပြီ”

ရှန်မို အလွန်ပျော်ရွှင်နေသည်။

သူ့လက်နက်များကိုလည်း အဆင့် (၄) နတ်ဆိုးကျောက်မျက်ဖြင့် ထပ်မွမ်းမံနိုင်လျှင် အစွမ်းပိုထက်ပေမည်။

“ငါကျောက်မျက်မွမ်းမံတဲ့ အရည်အချင်းက မဆိုးပါဘူး… ထပ်လေ့ကျင့်လိုက်ရင် အောင်မြင်သွားမှာပါ”

ရှန်မို ဘေးမှ စင်ကဲ့သို့အမြင့်ပေါ် တက်လိုက်သည်။ ထိုနေရာမှကြည့်လျှင် မီးဖိုထဲကို သေချာမြင်ရ၏။

“အထဲက တောက်ပနေတာလေးက မီးတောက်လက်မှတ် ဖြစ်မယ်”

ရှန်မို မျက်လုံးအရောင်များ တောက်လာသည်။

ထို့နောက် အပူရှိန်ကို ဂရုမစိုက်ဘဲ အထဲသို့ခုန်ချကာ လက်မှတ်အား အလွယ်တကူ ယူလာ၏။

ထိုပစ္စည်းမှာ အထူးသတ္ထုတစ်မျိုးဖြင့် ပြုလုပ်ထားပြီး အလွန်မြင့်မားသော အပူချိန်၌ပင် အရည်ပျော်သွားခြင်း မရှိချေ။

ရှန်မို မီးတောက်လက်မှတ်အား သိုလှောင်လက်စွပ်ထဲ သိမ်း၍ နောက်မှသုံးရန် တွေးလိုက်သည်။

“အခုတော့ ကျောက်မျက်တွေ စမွမ်းမံရမယ့်အချိန်ပဲ”

သူ လက်တစ်ချက် ယမ်းလိုက်သည်နှင့် အဆင့် (၃) နတ်ဆိုးကျောက်မျက် (၁၀) ခု ပေါ်လာပြီး မြေမီးဖိုထဲ ခုန်ဝင်သွားကြသည်။

ထို့နောက် စိတ်ဝိညာဉ်စွမ်းအင်များ စီးဆင်းကာ မမြင်ရသောလက်ဖြင့် အဖုံးကို ပြန်ပိတ်လိုက်သည်။

“အရင်ဆုံး အပူချိန်ထဲ အသားကျအောင် ထားရမယ်”

“ပြီးရင် တူနဲ့ အပေါက်ဖောက်ပြီး အရည်ပျော်နေတဲ့ ကျောက်မျက်အရည် ထည့်ရမယ်”

“အအေးခံပြီးတဲ့အခါ စိတ်ဝိညာဉ်လက်နက်ကို ပုံပြန်ဖော်ရမယ်”

ရှန်မိုမျက်လုံးမှိတ်လျက် စိတ်ဖြင့် တွေးတော လုပ်ဆောင်နေသည်။

ဂျွတ်!

ပထမဆုံး အက်ကွဲသံတစ်ခု ထွက်လာ၏။

ရှန်မို မျက်ခုံးပင့်မိသည်။

ဂျွတ် ဂျွတ်!

ထို့နောက် ချက်ချင်း နောက်ထပ်အသံများ ထပ်ပေါ်လာလေသည်။

ရှန်မို မီးဖိုအဖုံးအား ဖွင့်ကြည့်လိုက်သောအခါ သိမ်မွေ့နက်နဲခြင်းအဆင့် လက်နက်များ ကြေမွ၍ အဆင့် (၃) နတ်ဆိုးကျောက်မျက်များမှာ အငွေ့ပျံနေလေပြီ။

ရှန်မို ခေါင်းယမ်းမိသော်လည်း စိတ်ဓာတ်တော့ မကျသေး။

သူ မြေမီးဖိုကို ပထမဆုံးစသုံးဖူး၍ အပူချိန်ကို မခန့်မှန်းနိုင်သေးသည်မှာ ပုံမှန်ပင်။

ရှန်မို တုံ့ဆိုင်းမနေဘဲ နောက်ထပ် လက်နက်များနှင့် ကျောက်မျက်များ ထပ်ထည့်၏။

သူ့သိုလှောင်လက်စွပ်ထဲတွင် ရတနာများစွာ ရှိနေပါသည်။

နောက်ထပ်လည်း ရနိုင်ရန် လွယ်ကူ၏။

ရှန်မိုတစ်ယောက်တည်း မြေအောက်ခန်းထဲတွင် အလုပ်ရှုပ်ရင်း တစ်ရက်ကုန်သွားလေသည်။

ညဉ့်နက်ချိန်တွင်။

ရှန်မို မျှော်လင့်ချက်အပြည့်ဖြင့် မီးဖိုအဖုံးအား ဖွင့်ကြည့်လိုက်သည်။

ချွင်!

တောက်ပသော ဓားအလင်းရောင် ထွက်လာ၏။

ရှန်မို လက်လှမ်းလိုက်သောအခါ ဓားရှည်မှာ သူ့လက်ထဲ ရောက်လာလေသည်။

ထိုဓားမှာ သူ ဖေးယုမြို့တွင် ရေကျားကိုနိုင်စဉ်က ထိုလူထံမှ ရလာခြင်း ဖြစ်သည်။

နဂိုအင်အားကြီးသော လက်နက်ဖြစ်၍ အဆင့် (၄) နတ်ဆိုးကျောက်မျက်နှင့် ပေါင်းစပ်လိုက်သောအခါ သိမ်မွေ့နက်နဲခြင်းအဆင့် အကောင်းစားအဆင့် ဖြစ်လာသည်။

“ဒီလောက်ဆို မြေမီးဖိုနဲ့ လက်နက်မွမ်းမံနည်း ကျွမ်းသွားပြီ… ပြန်ရတော့မှာပဲ”

“ထပ်ကြာနေရင် ရှောင်ဖန် သံသယ ဝင်လာမယ်”

ရှန်မို ကျေနပ်စွာပြုံး၍ ပြန်လာခဲ့၏။

Chapter 170: မြေမီးဖိုကို တကယ်ရှာတွေ့တာပဲ

နတ်ရေစင်မြို့၊ ချင်းဖုန် အဆောက်အအုံ။

ရှန်မိုနှင့်ရှောင်ဖန်တို့ အရင်နေ့က ရောက်ခဲ့သော လျှို့ဝှက်အခန်းထဲ ပြန်ရောက်လာကြသည်။

ဝေ့ရှောင်းထီမှ လက်ဖက်ရည်ဖြင့် ဧည့်ခံ၏။

“အကြီးအကဲရှောင် မြေမီးဖိုရှာတာ ဘယ်လိုဖြစ်သွားလဲ”

ရှောင်ဖန် ခေါင်းယမ်း၍

“မတွေ့ခဲ့ပါဘူးဗျာ… နာမည်ထွက်တဲ့နေရာတွေအကုန် သွားကြည့်ပေမဲ့ ဘာမှမတွေ့ဘူး”

“အလွတ်တန်းကျင့်ကြံသူတွေ သတင်းပေးတာကလည်း မှားနေတယ်”

“ခေါင်းဆောင်ငယ်ရော”

ရှန်မို ခေါင်းယမ်းပြ၍

“အတူတူပါပဲ… ဘာမှ မထူးခြားဘူး”

“ဒီတစ်ခါတော့ ကံကြမ္မာက ချင်းရွှမ်ဘက်မှာ မရှိဘူးထင်တယ်”

ဝေ့ရှောင်းထီပြုံးလျက်

“ခေါင်းဆောင်ငယ်ရယ် စိတ်ဓာတ်မကျပါနဲ့… ဟိုးနှစ်ပေါင်းတစ်ထောင်ကျော်က ကျင့်ကြံသူတွေ ချက်ချင်းစရှာပြီး ဆယ်စုနှစ်ကြာတဲ့အထိ မတွေ့တာ ကျွန်တော်တို့လည်း တစ်ညတည်းနဲ့ ဘယ်လို တွေ့မှာလဲ”

ရှန်မိုရယ်မောကာ

“ရက်ပိုင်းလောက်တော့ ဆက်ရှာကြတာပေါ့… လုံးဝ မတွေ့ရင် ပြန်မယ်လေ”

“ဟုတ်ကဲ့ပါ”

ရှောင်ဖန် ပြန်ဖြေလိုက်၏။

နောက်ရက်များတွင်လည်း ရှန်မို တောင်ပိုင်းတွင် ဟန်ဆောင်၍ ဆက်ရှာရသည်။

ဘာမှမတွေ့ပေ။

ရှောင်ဖန်မှာတော့ ပြန်ဆုံ၍ ဆွေးနွေးတိုင်း မျက်မှောင်ကြီးကြုတ်ကာ စိတ်ရှုပ်နေမိသည်။

နတ်ရေစင်မြို့အနီး၌ မြေမီးဖိုရှိနေမည်ဟု ခံစားရသော်လည်း လုံးဝ သဲလွန်စ မရပေ။

သူ့အာရုံ မှားနေလား။

မဟုတ်သေးပါ။ သူ အရင်ဘဝမှတ်ဉာဏ်များ ပြန်ရတည်းက အာရုံတစ်ချက်မှ မမှားဖူးပေ။

ဘာလုပ်သင့်လဲ။

သူ မြေမီးဖိုကို ရှာမတွေ့ဘဲ လောင်ချောင်ထျန်းအား မပေးနိုင်လျှင် နတ်ဓားဂိုဏ်းထဲ ဝင်နိုင်မည် မဟုတ်ပါ။

အရင် ခြေတည်ဝိညာဉ်ဘဝဖြင့်ဆိုလျှင် နတ်ဓားဂိုဏ်းမှာ လက်ဖျားဖြင့် တစ်ချက်တောက်ရုံနှင့် ဖျက်ဆီးနိုင်၏။

သို့သော် လက်ရှိတွင် အင်အားနည်းနေသေး၍ ထိုနတ်ဓားဂိုဏ်းအား မှီခိုရဦးမည်။

“အကြီးအကဲရှောင်က နတ်ရေစင်မြို့မှာ နေခဲ့လိုက်ပါ… ငါပဲ ဂိုဏ်းကိုပြန်ပြီး ခေါင်းဆောင်ဆီ အခြေအနေတင်ပြလိုက်မယ်”

ရှန်မို ပြုံး၍ ပြော၏။

“ခေါင်းဆောင်ငယ် သဘောပါ”

ရှောင်ဖန်နှင့် ဝေ့ရှောင်းထီတို့ ရှန်မို့ကို နှုတ်ဆက်လိုက်ကြသည်။

ထို့နောက်မှ ရှောင်ဖန် သက်ပြင်းခိုးချမိသည်။ ရှန်မို့ ကြီးမားသောအင်အားမှာ သူ့အတွက် အသက်ရှူကြပ်စရာ ဖြစ်ပါသည်။

ရှန်မိုမှာတော့ ချင်းရွှမ်ဂိုဏ်းထံ အမြန်ပြန်လာခဲ့၏။

မပြန်မီ ရှောင်ဖန်၏ စနစ်ကံကြမ္မာကို စစ်ဆေးခဲ့သေးသည်။

ရှောင်ဖန် မြေမီးဖိုကို မတွေ့နိုင်တော့သော ကံကိုတွေ့မှ စိတ်ချလက်ချ ပြန်လေသည်။

…

ချင်းရွှမ်ဂိုဏ်း၊ ခေါင်းဆောင်၏ခြံ။

ရှန်မို အခန်တံခါး ခေါက်လိုက်သည်။

“ဆရာမ ကျွန်တော် အရေးတကြီး တင်ပြစရာ ရှိလို့ပါ”

“မိုလား… ဝင်ခဲ့လေ”

မူယုံးယွဲ့၏ ပျော်ရွှင်နေသောအသံလေး ထွက်လာ၏။

ရှန်မို ဝင်သွားသောအခါ မူယုံးယွဲ့သည် ဓားတစ်လက်ကိုင်၍ အနီရောင်ဂါဝန်ကို ဝတ်ဆင်ထား၍ ရဲရဲတောက် လှပနေသည်။

အချိန်အတော်ကြာအောင် လေ့ကျင့်ထားပုံရပြီး နှာခေါင်းနှင့် နဖူးစပ်များ၌ ချွေးများ စို့နေ၏။

“မင်းနဲ့ရှောင်ဖန်တို့ နတ်ရေစင်မြို့ကိုသွားပြီး မြေမီးဖို သွားရှာကြတယ်ဆို”

“ဘာမှမတွေ့ခဲ့တဲ့ ပုံပဲ”

မူယုံးယွဲ့ ရေတစ်ခွက်မော့သောက်ရင်း ပြုံး၍ ပြော၏။

ရှန်မို ပြန်မဖြေဘဲ မိုးကြိုးဓားသာ ထုတ်ပြလိုက်သည်။

မူယုံးယွဲ့ ဓားကိုလှမ်းကြည့်ရင်း တုန်ရီလာမိသည်။

ထို့နောက် မိုးကြိုးဓားအား ဆွဲယူ၍ အနီးကပ်ကြည့်လေသည်။

အထဲတွင် နတ်ဆိုးကျောက်မျက် မြှုပ်ထားသည်အားတွေ့ကာ ပို၍ မှင်တက်သွား၏။

“အဆင့် (၄) နတ်ဆိုးကျောက်မျက်လား”

ရှန်မိုပြုံးကာ

“ဟုတ်ပါတယ်… ကျွန်တော် မြေမီးဖိုသုံးပြီး မွမ်းမံခဲ့တဲ့ ဓားပါ”

သူ့ဉာဏ်ပညာကြောင့် အကြိမ်ပေါင်းများစွာ ကျရှုံးသော်လည်း နောက်ဆုံး ကျွမ်းကျင်ကာ အောင်မြင်သွားခဲ့သည်။

မူယုံးယွဲ့ လန့်ဖျပ်ကာ မျက်လုံးပြူး၍

“မြေမီးဖိုလား… မင်း တကယ် ရှာတွေ့လာတာလား”

ရှန်မိုခေါင်းငြိမ့်ပြကာ

“ဝါးတစ်ထောင် ရေကန်အောက်မှာလေ”

“ဘုရားသခင်…”

မူယုံးယွဲ့ စိတ်လှုပ်ရှားလွန်း၍ လဲကျမလိုဖြစ်ကာ အမြန် ပြန်ထိန်းလိုက်ရသည်။

မြေမီးဖို၏အစွမ်းမှာ အလွန်ကြောက်စာ ကောင်း၏။

ထိုရတနာမျိုးရှိပါက ချင်းရွှမ်ဂိုဏ်း၏ အနာဂတ်ကို စိုးရိမ်စရာ မလိုတော့ချေ။

“မို မင်း ဘယ်လိုစီစဉ်ထားလဲ… မင်းပြောသလို ဆက်လုပ်မယ်”

ရှန်မို ပြုံး၍

“အခုကတော့ အရင်လက်နက်ထုတ်တဲ့သူတွေကို မပြောင်းချင်ဘူး… ဒီအတွက် လူသစ်တွေနဲ့ စမယ်”

“လက်နက်ထုတ်လုပ်နည်းပညာ မတတ်ထားလည်း ရတယ်… ကျွန်တော် သင်ပေးလိုက်မယ်… ဒါပေမဲ့ သစ္စာရှိပြီး စိတ်ချရဖို့တော့ လိုတာပေါ့”

မူယုံးယွဲ့ သဘောတူပါသည်။

“ကောင်းတာပေါ့… တွေးထားမိတဲ့သူ ရှိလား”

ရှန်မို ကြိုရွေးထားပြီး ဖြစ်၏။

“ဝေ့ရှောင်းထီနှင့် အကြီးအကဲလီဆိုရင် ကိုင်တွယ်နိုင်မယ်”

“တပည့်တွေထဲကတော့ ကျောက်ထင်နဲ့ ကျောက်ရူကို ရွေးချင်တယ်”

“ဇာတ်လမ်းလည်း စဉ်းစားထားပြီးသား… ဂိုဏ်းမှာ လျှို့ဝှက်အဖွဲ့ ဖွဲ့စည်းမှာမို့လို့ ဒီလူတွေ အရွေးခံရတယ်… တာဝန်ထမ်းဆောင်ရမယ်ဆိုပြီး လောင်ရှန်နန်က သတင်းလွှင့်ပေးလိမ့်မယ်”

“အဲ့လိုဆို အပြင်လူတွေလည်း ဒီအတိုင်းပဲ ယုံကြမှာပဲ”

မူယုံးယွဲ့ ခေါင်းငြိမ့်ကာ

“ကောင်းလိုက်တာ”

သူ ရှန်မို့ကို ကျေနပ်စွာ ကြည့်နေ၏။

ထိုနေ့တွင်ပင် ချင်းရွှမ်ဂိုဏ်းထဲ၌ လျှို့ဝှက်အဖွဲ့ စဖွဲ့လေသည်။

အချို့ ချင်းရွှမ်ဂိုဏ်းအကြောင်း စိတ်ဝင်စားသူများမှ စုံစမ်းကြသော်လည်း လောင်ရှန်နန် လွှင့်ထားသည့် အပေါ်ယံသတင်းများကို သိရ၏။

…

ဝါးတစ်ထောင်ရေကန်အောက်၊ မြေမီးဖိုရှိရာနေရာ။

“အမလေး… ဒါက ကျုံတင်ဂိုဏ်းက မြေမီးဖို အစစ်ပေါ့နော်… မီးဖိုက အကြီးကြီးပဲ”

ကျောက်ရူ အံ့ဩတကြီး ရေရွတ်မိ၏။

သူ့ဘေးတွင် ကျောက်ထင်တို့လည်း မှင်တက်နေကြသည်။

“ခေါင်းဆောင်ငယ် တကယ် ရှာတွေ့သွားတာပဲ… ကျွန်တော်က မတွေ့တော့ဘူး ထင်နေတာ”

ဝေ့ရှောင်းထီမှ ဆိုသည်။

“အဲ့တုန်းက ရှောင်ဖန်ကို စောင့်ကြည့်ဖို့ မမှာခဲ့ဘူးမလား”

ရှန်မို ခေါင်းငြိမ့်ပြ၍

“အကြီးအကဲဝေ့က ဂိုဏ်းနဲ့ပတ်သက်ပြီး သစ္စာရှိတာ ပေါ်လွင်လို့ ဒီအလုပ်အတွက် ရွေးလိုက်တာပါ”

“ဒီနေ့ကစပြီး အားလုံး ဒီမှာပဲ စောင့်ရမယ်… နေ့တိုင်း ကျောက်မျက်နဲ့ စိတ်ဝိညာဉ်လက်နက်တွေ ပေါင်းစည်းမွမ်းမံရမယ်”

“ကျွန်တော့်ခွင့်ပြုချက်မရှိဘဲ အပြင်မထွက်ရဘူး”

“ထွက်သွားတဲ့သူကို ဂိုဏ်းရဲ့ သစ္စာဖောက်အဖြစ် သတ်မှတ်မယ်”

“နားလည်ပါပြီ”

အားလုံး လေးနက်စွာ ပြန်ဖြေ၏။

ရှန်မို ပြုံး၍

“ဒီမြေမီးဖိုအကြောင်းက အရမ်းအရေးကြီးတယ်နော်… သတင်းလုံးဝ မပေါက်ကြားအောင် ဂရုစိုက်ရမယ်”

ဝေ့ရှောင်းထီမှ

“စိတ်ချပါ ခေါင်းဆောင်ငယ် နားလည်ပါတယ်”

“ဟုတ်ပါတယ် ကျွန်တော်တို့က ဂိုဏ်းအတွက် တိုက်ခိုက်ချင်တာပါ”

“ကျွန်တော့်အသက်ကို ကယ်ထားတာမို့လို့ ခိုင်းတဲ့အတိုင်း လုပ်ပါ့မယ်”

ရှန်မို ခေါင်းငြိမ့်ပြလိုက်၏။

ထိုကဲ့သို့အဖွဲ့မျိုးရှိနေ၍ အရာအားလုံး ချောမွေ့လေသည်။

“ကောင်းပါပြီ… ပြီးရင် မြေမီးဖိုသုံးပုံနဲ့ အပူချိန် ထိန်းချုပ်တာကို ပြပေးပါမယ်… ဂရုစိုက်ပြီး ကြည့်ပေးပါ”

“ဟုတ်ကဲ့ပါ”

အားလုံး ပြန်ဖြေလိုက်ကြ၏။

Chapter 171: အမြွှာကလေးတွေ စတေးရတာ ဘာဖြစ်လဲ

ရှန်မို လျှို့ဝှက်အဖွဲ့အား အသုံးပြုနည်းများကို သရုပ်ပြလေ၏။

ကျွမ်းကျင်မှုရှိနေ၍ အလွယ်တကူပင် အောင်မြင်သွားသည်။

ထို့နောက် အခြားသူများပင် ဝင်၍ စမ်းသပ်ကြလေသည်။ သို့သော် အများအားဖြင့် ကျရှုံးကြ၏။

ကျောက်ရူတစ်ဦးသာ ချက်ချင်း အောင်မြင်သွားသည်။

ရှန်မို အနည်းငယ် အံ့အားသင့်သွား၏။

ကျောက်ရူမှာ ကျောက်မျက်မွမ်းမံရေးတွင် ပါရမီရှိပုံ ရသည်။

“ကျရှုံးမှာကို မကြောက်ပါနဲ့… ကျွန်တော် စမွမ်းမံတုန်းကလည်း ဒီလိုပဲ ကျရှုံးခဲ့ပါတယ်”

“(၃) ရက်တစ်ကြိမ် ပစ္စည်းအသစ်တွေ ယူလာပေးပါမယ်”

“အနားယူဖို့ကတော့ တောင်ပိုင်းမှာ ရှိပါတယ်… ကျောက်အခန်း (၂) ခုရှိတာမို့လို့ အပူချိန်လျော့အောင် ရေခဲအကာအကွယ်လည်း ထားပေးထားပါတယ်”

“အားလုံးပဲ နောက် (၃) ရက်နေမှ ထပ်တွေ့ပါမယ်”

ရှန်မို သိုလှောင်လက်စွပ်ထုတ်ကာ ဝေ့ရှောင်းထီအား ပေးလိုက်၏။ လက်စွပ်ထဲတွင် စိတ်ဝိညာဉ်လက်နက်များနှင့် နတ်ဆိုးကျောက်မျက်များ ပါဝင်လေသည်။

ထို့နောက် အားလုံးကို နှုတ်ဆက်၍ ပြန်လာခဲ့သည်။

…

တစ်လအကြာတွင်၊ မိုးကြိုးမီးတောက်ဂိုဏ်း။

ကျောက်လဲ့ဖုန် လက်နောက်ပစ်လျက် ဟိုဘက် လျှောက်လိုက်၊ ဒီဘက်လျှောက်လိုက်ဖြင့် မျက်မှောင်ကြုတ်လျက် ရှိ၏။

သူ့အရှေ့တွင် မြုတေဖွဲ့စည်းခြင်း အကြီးအကဲ (၃) ဦး ဒူးထောက်လျက် ငြိမ်သက်နေသည်။

ခြံဝန်းတစ်ခုလုံးလည်း အပ်ကျသံပင် မကြားရအောင် တိတ်ဆိတ်နေ၏။

“တပည့်တွေ ရာကျော်နဲ့ အလွတ်တန်းကျင့်ကြံသူတွေ အကုန်လွှတ်ပြီး တစ်လကျော်လောက် ရှာတာတောင် မြေမီးဖိုကို ရှာမတွေ့ဘူးလား”

ကျောက်လဲ့ဖုန် ဒေါသတကြီး ပြောသည်။

အကြီးအကဲများ ချွေးတဒီးဒီးကျ၍ တုန်ရီနေ၏။

“ဒီကိစ္စမှာ မင်းတို့ အတွင်းဂိုဏ်းအကြီးအကဲအနေနဲ့ ဆက်မနေနဲ့တော့”

ကျောက်လဲ့ဖုန် စိတ်ဆိုးမာန်ဆိုးဖြင့် ပြောလိုက်၏။

ရုတ်တရက် တစ်ယောက်မှ

“ခေါင်းဆောင် အခုပဲ တစ်ခု သတိရလို့ပါ… လတ်တလောမှာ ချင်းရွှမ်ဂိုဏ်းက လက်နက်ထုတ်လုပ်တဲ့နေရာမှာ အရမ်းတိုးတက်လာပါတယ်”

သူ့စကားကြောင့် အခြားအကြီးအကဲ (၂) ဦးမှလည်း

“ဟုတ်တယ် ဟုတ်တယ်… နောက်တစ်ခု တင်ပြစရာ ရှိပါသေးတယ်… ပုံမှန်ဆိုရင် ချင်းရွှမ်ဂိုဏ်းရဲ့ ထုတ်လုပ်ရေးအရှိန်က နှေးပါတယ်”

“ဒါပေမဲ့ အခုက ကျွန်တော်တို့ကိုတောင် မှီပါတော့မယ်”

“ကျွန်တော့်အထင်တော့ တတိယမြောက် မြေမီးဖိုကို သူတို့ ရှာတွေ့သွားပြီ ထင်ပါတယ်… ဒါပေမဲ့ အရမ်း လျှို့ဝှက်ကြတော့ ဘယ်သူမှ ဘာမှ မသိရပါဘူး”

ထိုစကားကြောင့် ကျောက်လဲ့ဖုန် မျက်နှာပျက်သွားသည်။

“ချင်းရွှမ်ဂိုဏ်း…”

ထို့နောက် အကြည့်များ စူးရှလာပြီး

“ချင်းရွှမ်ဂိုဏ်းတိုးတက်မှုက မြန်တာပဲ… သူတို့ကိုရှင်းဖို့ အစီအစဉ်ဆွဲနေတာတော့ ကြာပြီ”

“မိုးကြိုးကျောက်မျက်နယ်မြေကိစ္စကို မှတ်မိပါသေးတယ်”

“ခေါင်းဆောင်ရဲ့ ယောက်ဖကိုတောင် သတ်ရဲခဲ့တဲ့ ကောင်တွေ”

“ဒါ ငါတို့လုံးဝ မမေ့ရမယ့် ရှက်စရာကိစ္စပဲ”

ကျောက်လဲ့ဖုန်မှ ဆက်၍

“ပြန်ပေးဆွဲတာဖြစ်ဖြစ်၊ လူသတ်တာဖြစ်ဖြစ် ရတဲ့နည်းနဲ့ ချင်းရွှမ်ဂိုဏ်းသားတွေကို ဖမ်းပြီး မီးဖိုနေရာသိရအောင် လုပ်ကြ”

“ဟုတ်ကဲ့ပါ”

အကြီးအကဲ (၃) ဦး စိတ်အေးကာ မတ်တပ်ထရပ်လိုက်ကြသည်။

ကျောက်လဲ့ဖုန်မှ

“ကျောက်ဝူ နေခဲ့ဦး”

ထိုအခါ သူနှင့်အနည်းငယ်ဆင်တူသည့် သက်လတ်ပိုင်း အကြီးအကဲမှာ ခေါင်းငြိမ့်ပြ၍ ကျန်ခဲ့လေသည်။

ကျောက်လဲ့ဖုန်မှ

“ချင်းရွှမ်ဂိုဏ်းက အရမ်း နှုတ်လုံတယ်… သူတို့ရဲ့ အဓိကအဖွဲ့ဝင်တွေကလွဲပြီး ဘယ်သူမှတောင် သိထားမယ် မထင်ဘူး”

ကျောက်ဝူ လန့်သွားကာ

“ဒါဆိုရင် ဘာလို့…”

ကျောက်လဲ့ဖုန် ပြုံး၍

“ချင်းရွှမ်ဂိုဏ်းကို ဟန်ပြလုပ်တာပေါ့”

“ခေါင်းဆောင်ကတော့ တကယ် လေးစားရပါတယ်… ကျွန်တော့်ကို သပ်သပ်ခိုင်းစရာရှိနေတာမလား”

ကျောက်လဲ့ဖုန် ခေါင်းငြိမ့်ပြကာ

“မင်းက ငါ့ညီဝမ်းကွဲပဲ… ဒီကိစ္စအတွက် မင်းကို အယုံကြည်ဆုံးပေါ့”

“မင်း သွေးမူရင်းကျင့်စဉ်ကို သိတယ်မလား”

ကျောက်ဝူ မှင်တက်လျက်

“သွေးမြစ်ဂိုဏ်းက တားမြစ်ကျင့်စဉ်ကို ပြောတာလား”

“သူတို့ဆီမှာတောင် ဒီကျင့်စဉ်က အရမ်းပြင်းထန်လို့ မသုံးကြဘူးလေ… ဂိုဏ်းပြိုကွဲတော့လည်း ပျောက်သွားပြီ”

ကျောက်လဲ့ဖုန် လက်ယမ်းလိုက်သောအခါ စာအုပ်အပါးလေးတစ်အုပ် ပေါ်လာ၏။

“ဒါက သိုင်းစဉ်တို့၊ ခုခံစွမ်းရည်တို့ မဟုတ်ဘဲ အထူးကျင့်စဉ်တစ်မျိုးပဲ”

“သက်ရောက်မှုကလည်း ရှင်းတယ်… တစ်ဆင့်ပြီးတစ်ဆင့် သဘောပေါက်သွားမယ့် အရာမျိုးပေါ့”

“သွေးမူရင်းကို ကျင့်ကြံပြီး အဝတ်အစား အစကို ရရင်တောင် ပိုင်ရှင်ကို ရှာနိုင်တာမျိုးပဲ”

“အဲ့တော့ မြေမီးဖိုကနေ ထုတ်ထားတဲ့ ကျောက်မျက်လက်နက်ရှိရင် မီးဖိုကိုပါ ရှာနိုင်ပြီ”

ကျောက်လဲ့ဖုန်မှ ရှင်းပြ၏။

ကျောက်ဝူ မျက်လုံးပြူးလျက်

“နားလည်ပါပြီ”

“ဒါပေမဲ့ ကျင့်စဉ်က အရမ်းပြင်းထန်တယ်လေ… ကျင့်ကြံမှုအလားအလာရှိတဲ့ အမြွှာကလေး (၂၀) ရဲ့ နှလုံးသွေးကို လိုတာ”

ကျောက်လဲ့ဖုန် နှာခေါင်းရှုံ့ကာ

“မြေမီးဖိုက အရေးကြီးလား… အဲ့ကလေးတွေက အရေးကြီးလား”

“ငါတို့မီးဖိုက လွန်ခဲ့တဲ့ နှစ်ပေါင်း (၁) ထောင်ကျော်နဲ့ယှဉ်ရင် ထုတ်လုပ်မှုအင်အား လျော့နေပြီ…နောက်ထပ် အများဆုံး နှစ် (၁၀၀) လောက်ပဲ သုံးရတော့မှာ… အသစ်ရမှဖြစ်မယ်”

ကျောက်ဝူ စိတ်ကိုတည်ငြိမ်အောင်ထိန်း၍ ပြန်ဖြေလိုက်၏။

“နားလည်ပါပြီ ခေါင်းဆောင်… စိတ်ချပါ ကျွန်တော် သေချာပေါက် တွေ့အောင် ရှာပါ့မယ်”

ကျောက်လဲ့ဖုန် နောက်ဆုံး ခေါင်းငြိမ့်ပြ၍

“ကဲ သွားတော့… မိုးကြိုးမုန်တိုင်းဂိုဏ်းရဲ့ အနာဂတ်အတွက်ပဲကို… အမြွှာကလေး (၂၀) က ဘာဖြစ်လဲ… အရေးမပါတဲ့ သေမျိုးတွေပဲကို”

“မိုးကြိုးမုန်တိုင်းဂိုဏ်း ရွှမ်ကျန်းကို အုပ်စိုးနိုင်မှ သေမျိုးတွေအတွက် ကောင်းတာတွေ လုပ်ပေးမှာပေါ့”

“ဟုတ်ကဲ့ပါ”

…

ချင်းရွှမ်ဂိုဏ်း၊ ဂိုဏ်းခေါင်းဆောင်၏ခြံ။

မူယုံးယွဲ့မှာ ဓားအသစ်တစ်လက်ကို ကြည့်ရင်း ပျော်ရွှင် ကြည်နူးနေ၏။

“ဆရာမ ဒီဓားကို အဆင့် (၄) နတ်ဆိုးကျောက်မျက်နဲ့ လုပ်ထားတာပါ”

“ဆရာမရဲ့ မီးရေခဲခန္ဓာကိုယ် တည်ဆောက်ပုံနဲ့ ကိုက်ညီပါလိမ့်မယ်”

ရှန်မိုပြုံးကာ ပြောလိုက်သည်။

“အံ့ဩစရာပဲ… အရမ်းကြိုက်တယ်”

ရှန်မို သံချပ်ကာနှင့် ဖိနပ်များပါ ထုတ်ပေးပြီး

“ဒါတွေက ဆရာမအတွက် အဆင့် (၄) နတ်ဆိုးကျောက်မျက်နဲ့ ဖန်တီးထားတဲ့ အသုံးအဆောင်တွေပါ”

မူယုံးယွဲ့ မျက်လုံးပြူးလျက်

“အကုန် အောင်မြင်တာလား”

ရှန်မို ရယ်မောကာ

“ကျွန်တော်ကိုယ်တိုင် လုပ်တာပဲ… မအောင်မြင်စရာ ဘာရှိလို့လဲ”

“တော်လိုက်တာ”

“ဒါနဲ့ နတ်ဆိုးကျောက်မျက်တွေရော ဘယ်လိုလဲ… လောက်သေးရဲ့လား”

“လောက်ပါတယ်… ဝေ့ရှောင်းထီနဲ့ ကျောက်ရူတို့ဆို အမြဲ အောင်မြင်တာ များတယ်”

အထူးသဖြင့် ကျောက်ရူမှာ ၈၀% အထိ အောင်မြင်၍ ကျင့်ကြံမှုသာ အဆင့်မြင့်လျှင် ကိစ္စအားလုံးကို ဦးဆောင်ခိုင်းမိပေမည်။

“ဒါနဲ့ ကြားပြီးပြီလား… နတ်ဓားဂိုဏ်းရယ်၊ တက်နေဝန်းဂိုဏ်းရယ်၊ အဆိပ်နွယ်ဂိုဏ်းရယ် စတိုက်ခိုက်နေပြီတဲ့”

ရှန်မို မျက်ခုံးပင့်မိကာ

“ဘာလို့လဲ”

“ကျုံတင်ဂိုဏ်းရဲ တောင်တန်းဂိတ်က တက်နေဝန်းဂိုဏ်းနားမှာရှိတယ်ဆိုပြီး သတင်းထွက်လာလို့လေ”

“အဲ့လိုနဲ့ တိုက်ခိုက်ကြတာ… တိုက်ပွဲက တော်တော် ကြီးတယ်”

ထို့ကြောင့် နတ်ရေစင်ဂိုဏ်းတွင် ထိုဂိုဏ်းကြီးများကို မတွေ့လိုက်ရခြင်း ဖြစ်ပေမည်။

ရှန်မို တွေးနေမိ၏။

All Chapters