အခန်း (၈၂၈)
Vol. 60 Ch. 828
နောက်တစ်နေ့မနက်....
လောထျန်းတစ်ယောက် တစ်ညတာ အနားယူပြီးနောက် အိပ်ရာမှ စောစောနိုးလာကာ စိတ်လှုပ်ရှားနေပါသည်။
" ဒီနေ့ ကောင်းကင်ဘုံကိုးဆင့် အစီအမံညီလာခံ ပြီးသွားရင်တော့ ငါ ကျင့်ကြံခြင်းအဆင့်တက်လို့ ရသွားပြီ "
သူ့စိတ်ထဲမှ ကြိတ်ပြောလိုက်၏။
" အားလုံး ပြင်စရာရှိတာတွေ ပြင်ကြဟေ့.. ပြီးရင် သွားကြမယ် "
ထိုစဥ် နားနေဆောင် အပြင်ဘက်မှ သခင်ကြီးဟောင်၏အသံ ထွက်လာသည်။
လောထျန်းနှင့် အခြားသူများလည်း ထိုအသံကိုကြားသည်နှင့် ပြင်စရာရှိသည်ကို မြန်မြန်ပြင်ပြီး အပြင်ထွက်လာကြသည်။
တံခါးအပြင်ဘက်တွင်ကား.. အသင့်စောင့်နေသည့် သခင်ကြီးဟောင် ...
သို့သော်.. ယနေ့တွင်မူ သခင်ကြီးဟောင်၏ မျက်နှာထက်၌ ယခင်နေ့ကဲ့သို့ အပြုံးမျိုး မရှိတော့ဘဲ.. ဒေါသငွေ့ အနည်းငယ် ရှိနေပါ၏။
" ပြိုင်ပွဲခန်းမကို သွားရအောင် "
အားလုံး လူစုံပြီကို မြင်သောအခါ သခင်ကြီးဟောင် ပြောပြီး နောက်လှည့်ထွက်သွားသည်။
အားလုံးမှာ သခင်ကြီးဟောင်က အဘယ့်ကြောင့် ဒေါသထွက်နေရသည်ကို နားမလည်ဘဲ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီးနောက်... သူ့နောက်မှ လိုက်သွားကြ၏။
ဤသို့ဖြင့် မကြာခင်မှာပင် သူတို့လူစု ပြိုင်ပွဲခန်းမသို့ ရောက်လာခဲ့ကြသည်။
သို့သော်.. သူတို့ ရောက်သည်နှင့် ဘေးပတ်လည်ရှိ လူများအားလုံးက သူတို့ကို ရန်လိုသည့်မျက်လုံးများဖြင့် လက်ညိုးထိုး၍ ကြည့်နေကြသည်ကို တွေ့လိုက်
ရပါ၏။
" ဟင် ... ဘာတွေဖြစ်နေတာလဲ "
ထိုမြင်ကွင်းကြောင့် ယွဲ့လီနှင့် ကျန်လူများ အံ့သြမှင်သက်သွားကြရသည်။
ထိုစဥ် အဖြူရောင်ဝတ်စုံနှင့် အဘိုးအိုတစ်ဦးက လူရှစ်ယောက်ကို ဦးဆောင်ရင်း သူတို့ဆီသို့ လျှောက်လာ၏။
" ဟေ့... ရွှမ်လင်မြို့က သခင်ကြီးဟောင် မဟုတ်လား "
အဘိုးကိုက အပြုံးဖြင့် ဆိုသည်။
" ဟမ့် .. ကဲ့ချန် ၊ ငါသွားမယ့်လမ်းကို ပိတ်မထားနဲ့ "
သခင်ကြီးဟောင်က သုန်မှုန်နေသော မျက်နှာဖြင့် ပြန်ပြော၏။
ကဲ့ချန်ဟု ခေါ်သည့် အဖြူရောင်ဝတ် အဘိုးအိုက ရုတ်တရက် ပြုံး၍ ပြောသည်။
" ငါက ဘယ်လိုလုပ်ပြီးတော့ မင်းရဲ့လမ်းကို ပိတ်ရဲ
မှာလဲကွာ ။ မင်းတို့ ရွှမ်လင်မြို့က သမိုင်းတလျှောက်မှာ အကောင်းဆုံး ပါရမီရှင်ကြီးကို ရထားတာလေ "
သူ ထိုသို့ ပြောပြီးချိန်တွင် ဘေးမှလူများက အသံကျယ်ဖြင့် အော်ရယ်လိုက်ကြ၏။
ကဲ့ချန်က ဆက်ပြောသည်။
" သခင်ကြီးဟောင်.. ငါတို့ကို အရူးလုပ်တာက ထားပါကွာ ၊ ကိုယ့်ကိုကိုယ်တော့ အရူးမလုပ်စမ်းပါနဲ့ "
သခင်ကြီးဟောင်မှာ ထိုစကားကိုကြားပြီး နှုတ်ခမ်းမဲ့သွား၏။ သို့သော် သူ မည်သို့မှ ပြန်မပြောဘဲ လောထျန်းတို့လူစုကိုသာ ခန်းမအလယ်သို့ ဦးဆောင်ခေါ်သွားလိုက်သည်။
" သခင်ကြီးဟောင်.. အဲ့လူတွေက... "
သူတို့ လျှောက်နေရင်း ယွဲ့လီ စကားစလိုက်သည်။
သခင်ကြီးဟောင် သက်ပြင်းချ၏။
" မနေ့တုန်းက လူရွေးပွဲမှာ ရခဲ့တဲ့ရလဒ်တွေကို ငါ တင်ပြလိုက်တယ်ကွ "
" ဟင် .. အဲ့တော့ ဘာဖြစ်လို့လဲသခင်ကြီး "
ယွဲ့လီ နားမလည်နိုင် ဖြစ်သွားသည်။
သခင်ကြီးဟောင်က အံကြိတ်ကာ ပြော၏။
" သူတို့တွေက... လောထျန်းရဲ့ ရလဒ်တွေကို ရွှမ်လင်မြို့ ဂုဏ်သိက္ခာအတွက် ငါ တမင်လုပ်ကြံပြီး ရေးထားတယ်လို့ ထင်နေကြတာ "
" ဘယ်လို... "
သူ့စကားကြောင့် အားလုံး မှင်သက်ကုန်ကြသည်။
လောထျန်းမှာလည်း အံ့အားသင့်နေပါ၏။ ထိုကိစ္စတွင် သူက အဘယ့်ကြောင့် ပါလာရပါသနည်း ။
သခင်ကြီးဟောင်က အံကြိတ်၍ ဆက်ပြောသည်။
" လောထျန်း ၊ အဲ့ကိစ္စကို ဘာမှ စိတ်မပူနဲ့ ။ ပြိုင်ပွဲကို ပုံမှန်အတိုင်းသာ ဝင်ပြိုင်လိုက် ။ ပြိုင်ပွဲအဆင့် နည်းနည်းလောက်ပြီးသွားရင် အဲ့ကောင်တွေ သူတို့ဘယ်လောက် ရူးနေလဲဆိုတာ သိသွားကြလိမ့်မယ် "
လောထျန်း ခေါင်းအသာညိတ်လိုက်သည်။
ဤတစ်ကြိမ် သူ ကျင့်ကြံခြင်း အဆင့်တက်ရန်အတွက်သာ ပြိုင်ပွဲသို့ လာခဲ့ခြင်းဖြစ်ပြီး... ထိုသို့သော အရှုပ်အထွေးများကြား ဝင်မပါလိုပေ။
" ကဲ... အားလုံးလဲ စုံနေကြပြီဆိုတော့... ကောင်းကင်ဘုံကိုးဆင့် အစီအမံညီလာခံ ပထမအဆင့်ပြိုင်ပွဲကို ကြေငြာပေးပါ့မယ် "
ထိုစဥ် လူတစ်ယောက်က ခန်းမအလယ်သို့ ပျံသန်းလာကာ အသံကျယ်ဖြင့် အော်ပြောလာသည်။
" ပြိုင်ပွဲက အဲ့လောက်မြန်မြန်ကြီး စတော့မှာလား "
ချီလန့်ယွမ်တစ်ယောက် ချက်ချင်း စိတ်လှုပ်ရှားသွား၏။
ယခုပွဲမှာ ချင်းယွမ်ဒေသတွင် အကြီးဆုံးပွဲဖြစ်သည့် ကောင်းကင်ဘုံကိုးဆင့် အစီအမံညီလာခံ ဖြစ်ပါသည်။
ဤပွဲကို ပါဝင်ယှဥ်ပြိုင်ကြသော ပါရမီရှင်များ များစွာပင် ရှိကာ.. မရေမတွက်နိုင်သော မသေမျိုးအစီအမံပညာရှင်များလည်း စောင့်ကြည့်နေကြ
ပါ၏။
ယခု နောက်ဆုံးတွင်.. ပြိုင်ပွဲ စတင်ပေတော့မည်။
ထိုတခဏ၌ ပတ်ဝန်းကျင်တစ်ခုလုံးလည်း တိတ်ဆိတ်သွားသည်။
ခန်းမလယ်မှ အဘိုးအိုက တည်တည်ငြိမ်ငြိမ် ပြော၏။
" ပြိုင်ပွဲရဲ့ ပထမအဆင့်ကတော့ ကောင်းကင်ဘုံပျက်စီးခြင်း ကိုးသွယ် မိုးကြိုးအစီအမံပဲ "
" ပြိုင်ပွဲဝင်တဲ့သူတွေအားလုံးက အဆင့်၇ မသေမျိုးအစီအမံတစ်ခုဖြစ်တဲ့ ၊ ကောင်းကင်ဘုံပျက်စီးခြင်း ကိုးသွယ် မိုးကြိုးအစီအမံကို လေးနာရီအတွင်း လုပ်ရမယ် ။ ဒါတင်မကသေးဘူး.. အစီအမံကို လုပ်ပြီးသွားရင်လဲ.. အစွမ်းထက်တဲ့ မသေမျိုးသခင်ကြီး တစ်ယောက်ရဲ့ တိုက်ခိုက်တာကို စက္ကန့်သုံးဆယ်ကြာ မပျက်စီးဘဲ တောင့်ခံနိုင်ရမယ် ။ အဲ့ကျမှ ပထမအဆင့်ကို အောင်မယ်... ။ အစီအမံက ကြာကြာတောင့်ခံနိုင်လေ... မင်းတို့ရမယ့်အမှတ်လဲ ပိုများလေပဲ ။ ပြီးရင် နောက်လာမယ့် အဆင့်တွေမှာလဲ ပိုပြီး
အကျိုးအမြတ် များများရမယ် ။ အားလုံး နားလည်ကြလား "
အဘိုးအိုက စည်းမျဥ်းများကို ကြောငြာ၍ ပြီးသွားသည်နှင့် ခန်းမတစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်ကုန်ကြသည်။
" ဒီ ပြိုင်ပွဲက.. .. ခက်လိုက်တာကွာ ။ အဆင့် ၇ မသေမျိုးအစီအမံကို လုပ်ဖို့ အချိန် လေးနာရီပဲ ပေးတာတဲ့လား "
" ပြီးတော့ အစွမ်းထက်တဲ့ မသေမျိုးသခင်ကြီး တစ်ယောက်က တိုက်ခိုက်တာကိုလဲ စက္ကန့်သုံးဆယ် ခံရဦးမယ်တဲ့ ။ နောက်များနေသလားကွာ... အစွမ်းထက်တဲ့ မသေမျိုးသခင်ကြီးနဲ့ ရင်ဆိုင်ဖို့ဆိုရင် အနည်းဆုံး အဆင့် ၈ မသေမျိုးအစီအမံတစ်ခုကို လိုတာဟုတ်ဘူးလား "
" ဟမ့်... မင်းတို့က ကောင်းကင်ဘုံပျက်စီးခြင်းကိုးသွယ် မိုးကြိုးအစီအမံရဲ့ အစွမ်းကို ပေါ့သေးသေး ထင်နေတာလားကွ ။ ကိုယ့်ကိုကိုယ် ယုံကြည်မှုမရှိရင် ဘေးဖယ်နေစမ်းကွာ "
အားလုံး တစ်ယောက်တစ်ပေါက် ပြောလိုက်ကြသည်။
ထိုစဥ် လောထျန်းရှေ့နားတွင် ရှိနေသော သခင်ကြီးဟောင်က တီးတိုးပြော၏။
" သခင်လေးလောထျန်း ... လုပ်စရာရှိတာလုပ်နော် ။ သခင်လေးရဲ့အစွမ်းကို ထုတ်ပြလိုက် "
လောထျန်း ခေါင်းညိတ်လိုက်သည်။
" စိတ်မပူပါနဲ့ဗျာ.. "
သူတို့နှစ်ဦး စကားပြောပြီးချိန်မှာပင် ဘေးနားဘက်မှ ကဲ့ချန်၏ အသံ ရုတ်တရက် ထွက်လာ၏။
" ဟေ့.. ဘာတွေဖြစ်နေတာလဲ ။ မင်းတို့က အားလုံးကို လှည့်စားဖို့ စီစဥ်နေကြတာလား ။ ဒါပေမယ့်... ဒါ မင်းတို့ရဲ့ ရွှမ်လင်မြို့ မဟုတ်တာ ကံဆိုးတာပဲကွာ ။ မင်းတို့ကို စောင့်ကြည့်နေတဲ့ မျက်လုံးတွေက မရေမတွက်နိုင်အောင်ကို ရှိတယ် ။ မင်းတို့ ဘယ်နည်းနဲ့မှ လိမ်လို့ရမှာမဟုတ်ဘူး "
သူ ထိုသို့ပြောကာ လောထျန်းအား လှောင်ပြုံးဖြင့်
ကြည့်လိုက်ပါသေးသည်။
" ဟမ့်... မင်း ဘယ်လောက် တံုးတယ်ဆိုတာကို မကြာခင် သိရပါလိမ့်မယ်ကွာ "
သခင်ကြီးဟောင်က အေးစက်စက် ပြန်ပြောလိုက်သည်။
" ကောင်းပြီလေ.. မင်း ဘယ်လောက်ခေါင်းမာနိုင်မလဲ ကြည့်ကြတာပေါ့ "
ကဲ့ချန် အပြုံးဖြင့် ပြောကာ တစ်ဖက်လှည့်သွားသည်။
ထိုစဥ် ခန်းမလယ်ရှိ လေထဲမှ အကြီးအကဲက အသံကျယ်ဖြင့် အော်ပြောလာပြန်၏။
" ကဲ... အားလုံး ကိုယ်မဲကျတဲ့ ကံတရားကဒ်တွေအတိုင်း စမ်းသပ်ပွဲ နေရာအသီးသီးကို သွားကြပါ ။ ပြိုင်ပွဲအတွင်းမှာ အပြင်လူတွေနဲ့ ဆက်သွယ်တာမျိုးကို ဘယ်နည်းနဲ့မှ ခွင့်မပြုဘူး ။ စည်းကမ်းကို ချိုးဖောက်တဲ့သူက ပြိုင်ပွဲကနေ ချက်ချင်းအထုတ်ခံရမယ် ။ နောက်လဲ ကောင်းကင်ဘုံကိုးဆင့် အစီအမံညီလာခံမှာ လုံးဝ ဝင်ပြိုင်လို့ မရတော့ဘူး "
အဘိုးအို၏ စကားဆုံးသည်နှင့် အားလုံး လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည်။
" သခင်လေးလောထျန်းရော ကျန်တဲ့သူတွေ အားလုံးရော... အတူတူ အားတင်းထားကြပါရှင် "
ထိုစဥ် ဘေးတွင်ရပ်နေသော ယွဲ့လီက ပြောကာ အားလုံးကို အားပေးစကား ဆိုလိုက်သည်။
သို့သော်... လက်ရှိတွင် လောထျန်းတစ်ယောက်မှလွဲ၍ ရွှမ်လင်မြို့မှ ကျန်လူများအားလုံး မျက်နှာဆိုးရွားစွာ ပျက်နေကြပါ၏။
ယခု ပြိုင်ပွဲပထမအဆင့်က အလွန်ခက်ခဲလှသည် မဟုတ်ပါလား..
" အားလုံးလဲ အကောင်းဆုံးသာ ကြိုးစားကြပါဗျာ "
လောထျန်း ပြောပြီးနောက် သူ ပြိုင်ပွဲဝင်ရမည့်နေရာသို့ ထွက်သွားလိုက်သည်။
" လောထျန်း ဆိုတာ.. မင်းလား "
လောထျန်း စမ်းသပ်ရမည့်နေရာတွင် စောင့်ကြပ်နေသော အဘိုးအိုတစ်ဦးက လောထျန်း၏ နာမည်ကို မြင်သည်နှင့် မျက်မှောင်ကြုံ့သွား၏။
" ထားပါလေ.. စမ်းသပ်ပွဲကိုပဲ မြန်မြန်ဖြေလိုက် ။ ဒါပေမယ့်.. မင်းကို ကြိုပြီး သတိပေးထားမယ်နော်.. ဒီတစ်ခေါက် အလိမ်အညာတွေ လုပ်လို့ရမယ်မထင်နဲ့ ။ မဟုတ်လို့ကတော့ မင်း ပြဿနာကြီးကြီး တက်ပြီသာမှတ် "
သူ လောထျန်းအား အေးစက်စက် ပြောလိုက်သည်။
ထိုစကားကို ကြားသောအခါ လောထျန်း နှုတ်ခမ်းမဲ့သွား၏။
အစီအမံညီလာခံ၏ စည်းကမ်းချက်များကြောင့်သာ မဟုတ်လျှင် သူ ထိုလူအား အသေရိုက်သတ်ပြီးနေလောက်လေပြီ ။
သို့သော် သူ့အတွက် လက်ရှိအရေးအကြီးဆုံးမှာ ကျင့်ကြံခြင်း အဆင့်တက်ရန်ပင် ။
သို့ဖြစ်ရာ လတ်တလောတွင် မလိုအပ်ဘဲ ပြဿနာမဖြစ်သည်က ပိုကောင်းပါသည်။
" ဒီ ကောင်းကင်ဘုံပျက်စီးခြင်းကိုးသွယ် မိုးကြိုး
အစီအမံက လုံးဝ မရှုပ်ထွေးဘူးပဲ "
လောထျန်းသည် ကောင်းကင်ဘုံကိုးဆင့် အစီအမံညီလာခံ၏ အညွှန်းစာအုပ်ထဲတွင် ရေးသားထားသော အစီအမံရှင်းပြချက်များကို တစ်ချက်သာ ကြည့်ပြီးနောက် ဘေးသို့ ပစ်ချလိုက်၏။
ထို့နောက် သူ ဘာမှမထူးခြားဟန်ဖြင့် ထွင်းစာများအား စရေးလိုက်သည်။
မကြာခင်မှာပင် အစီအမံ ပုံပေါ်လာပါတော့၏။
ဝီ ...
သူ အစီအမံအား စပြင်ဆင်ချိန်မှ ပြီးသွားသည့်အချိန်အထိ စက္ကန့်အနည်းငယ်လေးသာ ကြာလိုက်ပါသည်။
" အင်း... ကျုပ် ပြီးသွားရင် စောစောပြန်ထွက်လို့ ရလား "
လောထျန်း နောက်လှည့်ကာ သူ့နောက်တွင် ရှိနေသည့် အဘိုးအိုအား အော်ပြောလိုက်သည်။
" မရဘူး.. မင်းက ကောင်းကင်ဘုံကိုးဆင့် အစီအမံညီလာခံကို ဘာထင်နေတာလဲကွ ။ လေးနာရီလို့ ပြောထားရင် လေးနာရီ နေရမှာပေါ့ .. "
အဘိုးအိုက သူ့အား မော့ပင်မကြည့်ဘဲ ပြန်ပြောသည်။
အမှန်တွင်မူ သူ့ရင်ထဲ၌ လောထျန်းအား အလွန်မုန်းတီးနေပါ၏။
" ဒီကောင်က အခုမှ ဝင်လာစလေးကို အရှုံးပေးတော့မလို့လား ။ ဒါနဲ့များ ပြီးသွားပြီလေး ဘာလေးနဲ့ ။ ကြည့်ရတာ ဒီကောင် အလိမ်အညာမှမပါရင် ဘာမှမလုပ်တတ်ဘူးနဲ့ တူပါတယ်ကွာ ။ သခင်ကြီးဟောင်ကတော့ ဒီလိုကောင်ကြောင့် နာမည်ပျက်ရတော့မှာ သနားစရာပဲ "
သူ့ရင်ထဲမှ သက်ပြင်းကြိတ်ချလိုက်သည်။
ထိုစဥ် တဖက်မှ လောထျန်းမှာ အဘိုးအို၏ အဖြေကိုကြားပြီး အနည်းငယ်စိတ်ပျက်သွားဟန် တူပါ၏။
" ချီး... လေးနာရီတောင် ကျန်သေးတာကို ဒီမှာပဲ နေရမှာလား ။ ရူးချင်စရာကြီးကွာ "
" ထားပါလေ... အိပ်တာပဲကောင်းတယ် "
သူ ပြောပြီး အညောင်းဆန့်ကာ မြေပြင်တွင် လဲချလိုက်သည်။
အတန်ငယ်ကြာပြီးနောက်တွင်ကား.. သူ့ထံမှ ကျယ်လောင်သော ဟောက်သံများ ထွက်လာပါတော့၏။
" ဟင်..... "
ထိုစဥ် တဖက်မှ အဘိုးအိုမှာ လောထျန်း၏ ဟောက်သံကြောင့် အံ့အားသင့်သွားပြီး... အသံလာရာဘက် လှမ်းကြည့်လိုက်ရာ... အိပ်ပျော်နေသော လောထျန်းအား တွေ့သွားသည်။
" ဒီကောင်.. ပုတ်နေတဲ့ သစ်ကိုင်းကိုတော့ ဘယ်လိုထွင်းထွင်း မရပါဘူးကွာ "
အဘိုးအို သက်ပြင်းချကာ ခြေဆောင့်လိုက်သည်။