အခန်း (၈၃၁)
Vol. 60 Ch. 831
" ခဏနေပါဦး... "
လောထျန်း သူ့ကိုတားရန် ကြိုးစားလိုက်သေးသော်လည်း... နောက်ကျသွားခဲ့လေပြီ ။
သူ့ဘေးမှ စာမေးပွဲစစ်သူက နှုတ်ခမ်းကွေးသွားအောင် ပြုံး၍ ပြော၏။
" မင်းက ဘာတွေတားနေတာလဲ ။ မင်းရဲ့ အစွမ်းလောက်နဲ့ လုပ်ထားတဲ့အစီအမံက သခင်ကြီးထန်ထိုက်ကို ဒဏ်ရာရအောင် လုပ်နိုင်မယ် ထင်နေတာလား "
လောထျန်းမှာ ထိုတခဏ၌ ဘာပြန်ဖြေရမည် မသိဘဲ ဖြစ်သွားပါသည်။
ထိုစဥ်.. တဖက်မှ ထန်ထိုက်မှာ လောထျန်း၏ အစီအမံထဲ ရောက်သည်နှင့် ၎င်းကို ချက်ချင်းပြိုကွဲသွားအောင် လုပ်ပြီး လောထျန်းကိုပါ အဝေးလွင့်သွားအောင် လုပ်မည်ဟု စဥ်းစားထားပါ၏။
သို့သော်.... ထင်မထားစွာပင် သူ အစီအမံထဲ ခြေ
တစ်လှမ်း ဝင်လိုက်သည်နှင့် ချောက်နက်ကြီး တစ်ခုထဲသို့ ရောက်သွားသလို ရုတ်ချည်း ခံစားလိုက်ရပါသည်။
အချိန်အတန်ငယ် ကြာသွားပြီးမှ သူ့ကိုယ်သူ ပြန်တည်ငြိမ်အောင် ထိန်းလိုက်နိုင်ပါ၏။
" ဟင်... ဒါက... "
ထိုအချိန်မှ တစ်စုံတစ်ခု လွဲနေသည်ကို သူ ခံစားမိလိုက်သည်။
သူ ဘေးဘီသို့ လှည့်ကြည့်လိုက်ချိန်တွင် ... လောထျန်းရော စမ်းသပ်ပွဲခန်းမပါ ရှိမနေတော့ပါ ။
သူ နေရာသစ်တစ်ခုသို့ ရောက်နေပါသည်။
" ဒါ.. အစီအမံလေထုလား... တကယ်ကြီးပဲဟ ။ ဟို လောထျန်းက အစီအမံတစ်ခုကို တကယ်ကြီး လုပ်ခဲ့တာပဲ "
ထန်ထိုက် အနည်းငယ် တုန်လှုပ်သွားသည်။
သို့သော် တခဏအကြာမှာပင် သူ ပြန်တည်ငြိမ်သွားပါ၏။
" ဟမ့်... အစီအမံလေထုဆိုတော့ရော ဘာလုပ်ရမှာလဲ ။ အဲ့လောက်ကတော့ ငါ့အတွက် ဘာမှမဟုတ်ဘူး ။ ချိုးဖျက်စေ... "
သူ ပြောပြီး အသံကျယ်ဖြင့် အော်လိုက်သည်။
ဝုန်း ...
သူ့ကိုယ်ထဲမှ မသေမျိုးစွမ်းအင်များ တမဟုတ်ချင်း ပေါက်ထွက်လာကာ ကောင်းကင်ယံသို့ ထိုးတက်သွားသည်။
သူ့ ကျင့်ကြံခြင်းအဆင့်ဖြင့် ဆိုပါက... အစွမ်းကုန်သုံး တိုက်ခိုက်လိုက်သည်နှင့် မည်သို့သော အစီအမံလေထုမျိုး ဖြစ်ပါစေ.. ပြိုကွဲသွားရမည်ဟုသာ ထန်ထိုက်တစ်ယောက် ယုံကြည်ချက်အပြည့် ရှိထားပါသည်။
သို့သော်...
မသေမျိုးစွမ်းအင် များစွာကို ထုတ်လွှတ်လိုက်ပြီးသည့်တိုင် အစီအမံလေထုက ပြိုကွဲမသွားခဲ့ပါ ။
အမှန်တွင်မူ... နည်းနည်းလေးပင် တုန်ခါမသွားခဲ့ပါချေ။
" ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ.. ဒီလေထုက အပြင်လေထုထက်တောင် ပိုတည်ငြိမ်နေတာလား "
ထန်ထိုက် အနည်းငယ် ထိတ်လန့်သွားပါတော့သည်။
အပြင်ကမ္ဘာတွင်ပင် သူ အစောကသုံးလိုက်သော သိုင်းကွက်မျိုးနှင့် ဆိုပါက လေထုတစ်ခုလုံး ချက်ချင်းပြိုကွဲသွားမည်ဖြစ်ပါ၏။
သို့သော်.. ယခု သူ့ရှေ့မှ လေထုမှာကား အကောင်းတိုင်း ရှိနေမြဲ...
ယခုလို အခြေအနေမျိုးကို သူ တစ်ကြိမ်မှ မကြုံဖူးခဲ့ပါ ။
ထိုစဥ်မှာပင်...
ဝုန်း ...
ကောင်းကင်ယံမှ ထွက်လာသော မိုးကြိုးလျှပ်စီးသံ တစ်ခုကို သူ ရုတ်တရက် ကြားလိုက်ရသည်။
အသံနှင့် မရှေးမနှောင်းမှာပင်.. ကြောက်မက်ဖွယ် လှိုင်းလုံးကြီးတစ်ခု ကျလာနေသည်ကိုလည်း သူ ခံစားလိုက်ရ၏။
" မဟုတ်မှလွဲရော ... "
ထန်ထိုက်၏ မျက်နှာ သွေးဆုတ်ဖြူရော်သွားကာ ခေါင်းမော့ကြည့်လိုက်သည်။
ကောင်းကင်ယံတွင်ကား.... ကြောက်မက်ဖွယ် မိုးကြိုးတိမ်တိုက်တစ်ခု စုစည်းနေပါ၏။
" ဟင်... ဒါ တကယ်ကြီးကို ကောင်းကင်ဘုံပျက်စီးခြင်းကိုးသွယ် မိုးကြိုးအစီအမံပဲ "
ထန်ထိုက် တုန်လှုပ်သွားပါတော့သည်။
သို့သော် တခဏအကြာမှာပင် သူ နှာခေါင်းရှုံ့၍ ပြောလိုက်၏။
" အဲ့တော့လဲ ကောင်းတာပေါ့ ။ သခင်ကြီးဟောင် ဒီလောက်ချီးမွမ်းထားတဲ့ လောထျန်းက ဘယ်လောက်အစွမ်းထက်လဲဆိုတာ သိချင်နေတာ ။ မသေမျိုးဧကရာဇ် ခန္ဓာကိုယ်... "
ဝုန်း...
နောက်ဆုံးအော်သံနှင့်အတူ ထန်ထိုက်ကိုယ်မှ မသေမျိုးဧကရာဇ် အလင်းတန်းတစ်ခု ထွက်လာကာ သူ့ကိုယ်အား လွှမ်းခြုံလာသည်။
ကြောက်မက်ဖွယ် ဖိအားတစ်ခုလည်း သူ့ကိုယ်မှ ထွက်လာ၏။
" အဆင့်ကိုး ကောင်းကင်ဘုံပျက်စီးခြင်းကိုးသွယ် မိုးကြိုးအစီအမံကိုတောင် ငါ လက်ဖျောက်တစ်ချက် တီးလိုက်ရုံနဲ့ ဖျက်ဆီးနိုင်တယ်ကွ "
ထန်ထိုက် ဒေါသတကြီးအော်ကာ ကောင်းကင်ယံသို့ လက်သီးဖြင့် ထိုးလိုက်သည်။
....
ထိုစဥ် အခြားတဖက်.. ကောင်းကင်ဘုံကိုးဆင့် အစီအမံညီလာခံ ခန်းမဘက်၌...
ဝီ...
စင်ပေါ်တွင် ရှိနေသူများအားလုံးမှာ စမ်းသပ်ပွဲ ခန်းမထဲမှ ပြိုင်ပွဲဝင်များ၏ အစီအမံများ ချိုးဖျက်ခံနေရသည်ကို ကြည့်နေကြပါ၏။
ထိုစဥ်မှာပင်... လောထျန်း ရှိနေသည့်ဘက်မှ ရောင်စုံအလင်းတန်းတစ်ခု ရုတ်တရက် လင်းလက်သွားသည်။
" ဟင်.. ရောင်စုံအလင်းတန်းပါလား... ။ ဒါ အစီအမံချိုးဖျက်ခံလိုက်ရလို့ ပေါ်လာတဲ့အလင်းတန်းပဲ ။ လောထျန်းရဲ့ အစီအမံ ဖျက်ဆီးခံလိုက်ရပြီကွ "
အကြီးအကဲတစ်ယောက်က ခေါင်းယမ်းရင်းပြောပြီး ရယ်လိုက်သည်။
" ဟား ဟား.. အကြီးအကဲဟောင် ၊ လောထျန်းက
ဘယ်လောက်အစွမ်းထက်လဲဆိုတာ ဆက်ကြွားဦးလေ ။ ခုနက ထန်ထိုက် အစီအမံကို စပြီးချိုးဖျက်ဖို့ လုပ်တဲ့အချိန်ကနေ ခုထိ သုံးစက္ကန့်လောက်ပဲ ကြာသေးတာမလား ။ အဲ့လောက် မြန်တာလား "
" ဟား ဟား... ကြွားတုန်းကတော့ အလွန်အကြူးတွေ ကြွားထားပြီးတော့... ခုနောက်ဆုံးတော့လဲ လုပ်ထားတဲ့ အစီအမံတွေထဲမှာ အရင်ဆုံး ချိုးဖျက်ခံလိုက်ရတာပါပဲကွာ "
လူတစ်စုက သခင်ကြီးဟောင်ကို ကြည့်ကာ လှောင်ပြောင်လိုက်ကြသည်။
ထိုစဥ်တွင် သခင်ကြီးဟောင်မှာကား မျက်နှာတပြင်လုံး သွေးဆုတ်ဖြူရော်လျက်...
" ဒါ.. ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ.. လောထျန်း ကျရှုံးသွားခဲ့ပြီလား "
သူ ထိုအဖြစ်ပျက်ကို လုံးဝ မယုံချင်ပါ...
သို့သော် ရောင်စုံအလင်းတန်းသည် အစီအမံကျိုး
ပျက်သွားခြင်း၏ ပြယုဒ်တစ်ခုပင်...
၎င်းမှာ လောထျန်း၏ အစီအမံ အမှန်တကယ် ဖျက်ဆီးခံလိုက်ရပြီဆိုသည့် အဓပ္ပါယ် ဖြစ်ပါ၏။
ထိုတခဏ၌ သူ ဘေးသို့ယိုင်ကာ ခုံတစ်လုံးပေါ် ကျသွားသည်။
အစောပိုင်းလေးကအထိ လောထျန်းတစ်ယောက် ပြိုင်ပွဲ၏ ပထမနေရာကို ရလိမ့်မည်ဟုသာ သူ ထင်ထားခဲ့ပါသည်။
ယခုလို ပြိုင်ပွဲ ပထမအဆင့်မှာတင် ထုတ်ပယ်ခံရလိမ့်မည်ဟု သူ လုံးဝ ထင်မထားခဲ့ပါ ။
" ဒီကောင်လေး ကံဆိုးတာလို့ပဲ ပြောရမှာပေါ့ကွာ ။ ထန်ထိုက်ကိုယ်တိုင် ဝင်ပါမှတော့ ဘယ်အဆင့် ၇ မသေမျိုးအစီအမံက ခံနိုင်မှာလဲ "
သခင်ကြီးဟောင် ခေါင်းယမ်းကာ သက်ပြင်းချလိုက်သည်။
ထိုစဥ်တွင် ပထမအကြီးအကဲက စူပုတ်နေသော
မျက်နှာဖြင့် ပြောလာ၏။
" လောထျန်း ၊ ထုတ်ပယ်ခံလိုက်ရပြီ "
သူ့စကားဆုံးသည်နှင့် ရယ်သံကျယ်များ ထွက်လာသည်။
အားလုံးရင်ထဲတွင်လည်း ပြိုင်ပွဲကို လိမ်ပြီးဝင်ပြိုင်ခဲ့သူက ထိုဇာတ်သိမ်းမျိုးနှင့် ထိုက်တန်သည်ဟုသာ တွေးနေကြသည်။
သို့သော်... ထိုစဥ်မှာပင် အခြားအလင်းတန်းတစ်ခု ကောင်းကင်ယံသို့ ထိုးတက်သွား၏။
" ခြောက်စက္ကန့်လေးနဲ့ နောက်တစ်ယောက် အထုတ်ခံလိုက်ရပြီ "
တစ်ယောက်က ပြောသည်။
အားလုံးမှာလည်း လောထျန်းကိစ္စကို လျစ်လျူရှူပြီး စမ်းသပ်ပွဲခန်းမဘက်သို့ အာရုံပြန်ရောက်သွားကြ၏။
" ဆယ်စက္ကန့်နဲ့ သုံးယောက်တောင် အထုတ်ခံလိုက်ရ
ပြီ "
" ဆယ့်လေး စက္ကန့် ၊ နောက်တစ်ယောက်... "
" ၁၇ စက္ကန့် ၊ နောက် သုံးယောက် ... "
" ၂၂ စက္ကန့်. ။ ကိုးယောက် "
" ၂၉ စက္ကန့်.. သုံးယောက်... သနားပါတယ်ကွာ "
အလင်းတန်းများ တစ်ခုပြီးတစ်ခု လက်လာသည်နှင့်အမျှ လူများထံမှ အံ့သြတကြီး ရေရွတ်သံများလည်း ထွက်နေပါသည်။
ဤသို့ဖြင့် စက္ကန့်သုံးဆယ်က ခဏတာလေးအတွင်း ကုန်သွားခဲ့ပါ၏။
ကျန်နေသေးသော လူများမှာမူ ပထမအဆင့်ကို အောင်မြင်သွားကြလေပြီ ။
ထိုလူများ၏ အစီအမံက ကြာကြာပိုခံသည်နှင့်အမျှ သူတို့ရမည့် ရလဒ်မှာလည်း ပိုကောင်းမည်ဖြစ်ပါသည်။
" ၃၁ စက္ကန့်... ရွှမ်လင်မြို့က ချီလန့်ယွမ်.. အောင်သွားပြီ ။ ရွှမ်လင်မြို့က လူတစ်ယောက်က တကယ်ကြီး အောင်သွားတာလား "
ချီလန့်ယွမ်ဘက်မှ ထွက်လာသော အလင်းတန်းကို ကြည့်ကာ အကြီးအကဲတစ်ယောက် အနည်းငယ် အံ့သြနေဟန်ဖြင့် ဆိုသည်။
အနီးနားတွင် ရှိနေကြသူများအားလုံး သခင်ကြီးဟောင်အား လှမ်းကြည့်လိုက်ကြ၏။
၎င်းကို မြင်သောအခါ သခင်ကြီးဟောင်၏ မျက်နှာထား အနည်းငယ် ပြေလျော့သွားသည်။
နှစ်ပေါင်းများစွာ ကြာသွားခဲ့ပြီးနောက်.. သူတို့ ရွှမ်လင်မြို့မှ လူတစ်ယောက်က ပြိုင်ပွဲပထမအဆင့်ကို အောင်သွားခဲ့လေပြီ ။
" အောင်သွားတဲ့သူတွေကို ဒီကိုချက်ချင်းလာပြီး သတင်းပို့ကြပါ "
ထိုစဥ် ပထမအကြီးအကဲက အော်ပြောသည်။
သူ့စကားဆုံးသည်နှင့် ချီလန့်ယွမ်က မြမ်မြန်ဆန်ဆန်ပင် ပျံသန်းရောက်လာ၏။
" အားလုံးကို အရိုအသေပေးပါတယ် "
ချီလန့်ယွမ်မှာ စိတ်ဝိဥာဥ်အစွမ်းကို များစွာသုံးထားခဲ့ရသည့်အတွက် မျက်နှာဖြူရော်နေရှာသည်။
သခင်ကြီးဟောင် ခေါင်းညိတ်ပြလိုက်ပြီးနောက်.. သူ့ကို ဘေးတွင်ရပ်နေရန် ပြောလိုက်၏။
ထိုစဥ်မှာပင်..
ဝီ ..
အခြား အလင်းတန်းတစ်ခု လက်သွားကာ သက်လတ်ပိုင်းအရွယ် လူကြီးတစ်ယောက် စင်မြင့်ပေါ်သို့ ပျံတက်လာသည်။
ထို့နောက်တွင်လည်း အလင်းတန်းများ တစ်ခုပြီးတစ်ခု အရောင်လက်လာပြီး စက္ကန့်ငါးဆယ် ဆိုသောအချိန် ကုန်ဆုံးသွားခဲ့သည်။
ထိုစဥ်တွင် စင်မြင့်ပေါ်ရှိ လူများအားလုံး မျက်နှာများ တည်နေပါတော့၏။
အဆင့်၇ မသေမျိုးအစီအမံ တစ်ခုဖြင့် မသေမျိုးသခင်ကြီး တစ်ယောက်ကို စက္ကန့်ငါးဆယ်ကြာ ပိတ်လှောင်ထားနိုင်သော သူများမှာ ပါရမီရှင် မသေမျိုးအစီအမံပညာရှင်များဟု သတ်မှတ်၍ ရပါသည်။
" ခုထိတော့ ဆယ့်လေးယောက် ကျန်နေသေးတယ် ။ ဒီနှစ်ပြိုင်ပွဲက တကယ်ကို ကြောက်စရာပါလား... "
အကြီးအကဲတစ်ယောက်က မေးစေ့ကိုကိုင်ရင်း ပြောလာသည်။
" ဟုတ်တယ်... ပိုကြောက်စရာ ကောင်းတာကတော့ ဟွမ်ရှင်းဂိုဏ်းပဲ ။ သူတို့ရဲ့ လူရှစ်ယောက်လုံး ခုထိ တောင့်ခံနိုင်ကြသေးတယ် "
အခြားအကြီးအကဲတစ်ယောက်ကလည်း ပြောသည်။
သူ့စကားကို ကြားသည်နှင့် အခြားသူများလည်း ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြ၏။
ဟွမ်ရှင်းဂိုဏ်းသည် ချင်းယွမ်ဒေသတွင် နံပါတ်တစ် အစီအမံအဖွဲ့ကြီးတစ်ခု ဖြစ်လာမည်ဟု အားလုံးက ထင်ကြေးပေးခံထားရသော အဖွဲ့ပင် ။
ဝီ...
ထိုစဥ်မှာပင် အလင်းတန်းနောက်တစ်ခု လက်လာသည်။
" ၅၈ စက္ကန့် ၊ ယွဲ့လီ... "
အကြီးအကဲတစ်ယောက်က အရောင်လက်နေသော မျက်လုံးများဖြင့် ပြောသည်။
ထို့နောက် ချက်ချင်းဆိုသလိုပင် ဖီးနစ်ငှက် အရိပ်တစ်ခု ပျံဝဲလာကာ ယွဲ့လီ စင်မြင့်ပေါ် ရောက်လာ၏။
" သခင်ကြီးဟောင် ၊ ကျွန်မ အကောင်းဆုံး ကြိုးစားခဲ့ပါတယ် "
ယွဲ့လီက သခင်ကြီးဟောင်ကို တွေ့သည်နှင့် ဦးညွှတ်၍ ဆိုသည်။
သခင်ကြီးဟောင် ခေါင်းညိတ်လိုက်၏။
" မင်း လုပ်ခဲ့တာ ကောင်းတယ်ကွ "
" ကောင်းတာထက်တောင် ပိုပါသေးတယ် ။ မိန်းကလေးရဲ့ အားနည်းချက်က ကျင့်ကြံခြင်းအဆင့် နိမ့်နေသေးလို့ စိတ်ဝိဥာဥ်အစွမ်း မလုံလောက်တာပဲရှိတာ ။ သူ့ကိုသာ နောက်ထပ် နှစ် သုံး၊လေးရာလောက် အချိန်ပေးလိုက်ရင်.. ဟို ဟွမ်ရှင်းဂိုဏ်းက လူရှစ်ယောက်ထက် အစွမ်းနိမ့်မှာမဟုတ်ဘူး "
အားလုံးကလည်း ထိုအချက်ကို သဘောတူဟန်ဖြင့် ခေါင်းညိတ်လိုက်ကြသည်။
ထိုအချိန်တွင် အလင်းတန်းလေးခု ထပ်လက်လာကာ လူလေးယောက်၏ အစီအမံများ ပျက်စီးသွားတော့သည်။
လူများ ပို၍ အံ့သြမှင်သက်သွားရသည့်အချက် ရှိပါသေး၏။
အဘယ့်ကြောင့်ဆိုသော်.. လက်ရှိ စမ်းသပ်ပွဲခန်းမထဲတွင် လူကိုးယောက် ကျန်နေသေးသည့်အနက် ရှစ်ယောက်မှာ ဟွမ်ရှင်းဂိုဏ်းမှ လူများ ဖြစ်သောကြောင့်
ပင်..