← Chapters

ထိုက်ထန်၏ စိတ်ဝိဥာဥ် အကြွင်းအကျန်

Vol. 60 Ch. 832

ထိုက်ထန်၏ စိတ်ဝိဥာဥ် အကြွင်းအကျန်

Vol. 60 Ch. 832

အစွမ်းထက်လှပါတကား...

ထိုတခဏ၌ စင်မြင့်ပေါ် ရှိနေသူများ အားလုံး၏ ခေါင်းထဲတွင် ထိုအတွေးတစ်ခုသာ ရှိနေပါတော့သည်။

" အရင်တစ်ခေါက် ပြိုင်ပွဲတုန်းကတောင် ဟွမ်ရှင်းဂိုဏ်းက အဲ့လောက် ကြောက်စရာမကောင်းပါဘူးကွာ ။ အချိန်တိုလေးအတွင်း ဘယ်လိုလုပ်ပြီးတော့ အဲ့လောက် အစွမ်းထက်လာကြတာလဲ "

တစ်ယောက်က တုန်လှုပ်စွာ မေးလိုက်သည်။

" ဟွမ်ရှင်းဂိုဏ်းက ထူးခြားတဲ့ အခွင့်ကောင်းမျိုးနဲ့ ကြုံခဲ့ရလို့များလား "

လူအချို့၏ ရင်ထဲတွင် သံသယစိတ်များပင် စဝင်လာကြ၏။

ထိုစဥ်မှာပင်...

ဝီ ...

အလင်းတန်းတစ်ခု လက်လာကာ အစီအမံနောက်တစ်ခု ပျက်စီးသွားသည်။

" ဟွမ်ရှင်းဂိုဏ်းက အဆင့်ရှစ် ၊ ကျင့်ထုံ... ၇၃ စက္ကန့် "

တစ်ယောက်က ရလဒ်ကို ကြေငြာ၏။

အားလုံး သက်ပြင်းကိုယ်စီ ချလိုက်ကြသည်။

ယခင်နှစ် ပြိုင်ပွဲတွင်သာ ဆိုပါက ထိုရလဒ်မျိုးမှာ ထိပ်ဆုံးအဆင့် ၅ ၊ သို့မဟုတ် အဆင့် ၃ သုံးအတွင်းသို့ပင် ဝင်နေလောက်လေပြီ ။

သို့သော်.. ယခုတွင်မူ အဆင့် ကိုး တဲ့...

သူတို့ သက်ပြင်းချ၍ မဆံုးခင်မှာပင် နောက်ထပ် အလင်းတန်းတစ်ခု ထပ်လင်းလာပြန်သည်။

" ဟွမ်ရှင်းဂိုဏ်းက.. အဆင့် ၇ ၊ ၈၂ စက္ကန့်... "

လူတစ်ယောက်က အော်လိုက်သည်။

ဤတစ်ကြိမ်တွင်မူ မည်သူ့ထံမှ အသံထွက်မလာတော့ပါ ။

ဝီ.....

" ကျင့်ယွမ်ဖန်း မိသားစု ၊ ဖန်ကွေ့ ... ၈၆ စက္ကန့် "

ထိုစကားကို ကြားသည်နှင့် သခင်ကြီးဟောင်၏ မလှမ်းမကမ်းတွင် ရှိနေသော ကဲ့ချန်က ရုတ်တရက် ထရယ်သည်။

" ဖန်ကွေ့က မဆိုးဘူးကွ.. တကယ့် ပါရမီရှင်အစစ်ပဲ ။ အကြီးအကဲဟောင်.. ဒီတစ်ခေါက်လဲ မင်းတို့ ရွှမ်လင်မြို့ကို ငါတို့က နိုင်သွားပြန်ပြီနော် "

သူ့စကား ဆုံးချိန်မှာပင် ဖန်ကွေ့က စင်မြင့်ပေါ် ပျံတက်လာပြီး ကဲ့ချန်နားသို့ ရောက်လာ၏။

ယွဲ့လီနှင့် ချီလန့်ယွမ်တို့မှာ ထိုလူကို မြင်သည်နှင့် ချက်ချင်းမှတ်မိလိုက်ကြသည်။

ထိုသူမှာ အစောပိုင်းတွင် လောထျန်းနှင့် ရွှမ်လင်မြို့

အား လှောင်ပြောင်နေခဲ့သေးပါ၏။

ယခုလည်း ကဲ့ချန်၏ လှောင်ပြောင်စကားကြောင့် ယွဲ့လီတစ်ယောက် ချက်ချင်းမျက်မှောင်ကြုံ့သွားသည်။

" ရွှမ်လင်မြို့ထက် သာတယ်.. ဟုတ်လား ။ သခင်လေးလောထျန်းရဲ့ ရလဒ်က သူ့ထက်တောင် ပိုကောင်းဦးမှာကို.. ဘယ်လိုလုပ်ပြီး သာမှာလဲ "

သူမ မကျေမနပ် ရေရွတ်လိုက်သည်။

သို့သော်.. စကားဆုံးသည်နှင့် အားလုံးက သူမဘက် လှည့်ကြည့်လာကြ၏။

ကဲ့ချန်က အသံကျယ်ကြီးဖြင့် အော်ရယ်လိုက်သည်။

" ဟင်... ဘာဖြစ်လို့လဲ "

ယွဲ့လီ အံ့သြသွားရသည်။

ထိုစဥ် သခင်ကြီးဟောင်က ဖြူရော်နေသော မျက်နှာဖြင့် ပြောလာ၏။

" လောထျန်းက.. ပြိုင်ပွဲကနေ အထုတ်ခံလိုက်ရပြီ "

" ဘယ်လို.. မဖြစ်နိုင်တာ.. ။ သခင်လေးလောထျန်းက ဘယ်လိုလုပ်ပြီး အထုတ်ခံရမှာလဲ "

ယွဲ့လီ တုန်လှုပ်သွားတော့သည်။

သခင်ကြီးဟောင် သက်ပြင်းချလိုက်၏။

" သူကိုက ကံဆိုးတာပါကွာ "

ထိုက်ထန်ကြောင့်သာ မဟုတ်လျှင် လောထျန်းတစ်ယောက် စမ်းသပ်ပွဲကို အောင်မည်မှာ သေချာသည်ဟု သူ ထင်ပါသည်။

ထိုစဥ် ဘေးတွင်ရပ်နေသော ကဲ့ချန်က အပြုံးဖြင့် ဝင်ပြော၏။

" ဘာလဲ.. မင်းက ကိုယ့်ကိုကိုယ် လိမ်ချင်နေသေးတာလားကွ ။ ကံဆိုးတယ်လို့ မပြောဘဲ လုံလောက်အောင် အစွမ်းမထက်ဘူးလို့ ပြောစမ်းပါကွာ "

" မင်း... "

သခင်ကြီးဟောင် တဖက်လူအား အံကြိတ်၍ ကြည့်

လိုက်သည်။

ကဲ့ချန်က နှုတ်ခမ်းတွန့်ရုံပြုံးကာ ဆက်ပြော၏။

" ဘာလဲ... ငါပြောတာ မှန်နေတော့ နာသွားတာလား "

သခင်ကြီးဟောင်မှာ ဒေါသထွက်နေသော်လည်း မည်သို့မှ ပြန်မပြောဘဲ သူ့ကို လျစ်လျူရှု၍သာ အခြားဘက်သို့ လှည့်လိုက်သည်။

ထိုစဥ်မှာပင် ဟွမ်ရှင်းဂိုဏ်းမှ လူသုံးယောက်၏ အစီအမံများ ကျိုးပျက်သွားကာ ထိုလူများ စင်မြင့်ပေါ်သို့ ရောက်လာကြ၏။

လက်ရှိတွင် စမ်းသပ်ပွဲအတွင်း၌ ဟွမ်ရှင်းဂိုဏ်းမှ လူသုံးယောက်သာ ဆက်ရှိနေပါတော့သည်။

" ၁၂၁ စက္ကန့်... ၊ ဟွမ်ရှင်းဂိုဏ်းက အဆင့်သုံး ၊ ယဲ့လန်ချန်း "

" ၁၂၁ စက္ကန့်တောင်... ဒါ အရင်မှတ်တမ်းတွေထက် သာသွားပြီမဟုတ်လား "

လူတစ်ယောက်က တုန်တုန်ယင်ယင်ဖြင့် ပြောသည်။

အားလုံးလည်း ခေါင်းအသာညိတ်လိုက်ကြ၏။

ယခုနှစ် ကောင်းကင်ဘုံကိုးဆင့် အစီအမံညီလာခံမှာ အမှန်တကယ် ကြောက်စရာပါပင်..

ထိုစဥ်မှာပင်..

" ၁၂၉ စက္ကန့် ၊ ဟွမ်ရှင်းဂိုဏ်း... "

ဟွမ်ရှင်းဂိုဏ်းမှ အဆင့် ၂ ရထားသူ၏ အစီအမံ ကျိုးပျက်သွားသည်။

ထိုတခဏ၌ အားလုံး၏ မျက်လုံးအကြည့်က နောက်ဆုံး ကျန်နေသူတစ်ယောက်ဆီ ရောက်သွားကြ၏။

ထိုသူမှာ ဟွမ်ရှင်းဂိုဏ်း၏ နတ်ဘုရားသားတော် ပင်..

အားလုံးမှာ ထို နတ်ဘုရားသားတော်က မည်သို့သော

ရလဒ်မျိုး ရလာမည်ကို စိတ်ဝင်တစား ကြည့်နေကြသည်။

အချိန်များ တရွေ့ရွေ့ကုန်လာသည်နှင့်အမျှ အားလုံးရင်ထဲ၌ ကြောက်စိတ်များလည်း ဝင်လာပါ၏။

၁၄၀ စက္ကန့်....

စက္ကန့် ၁၅၀...

စက္ကန့် ၂၀၀. ....

စက္ကန့် ၂၀၀ ပြည့်သွားချိန်တွင်မူ ရာထူးကြီးကြီး အကြီးအကဲ ထရပ်လိုက်သည်။

" ကောင်းကင်ဘုံကို ဆန့်ကျင်တဲ့ ပါရမီမျိုးပဲ "

အကြီးအကဲ စိတ်လှုပ်ရှားစွာ ဆိုလိုက်၏။

၎င်းမှာ ယခင်ရှိထားခဲ့ဖူးသော မှတ်တမ်းများအားလုံးထက် ကျော်လွန်သွားခဲ့လေပြီ ။

နောက်ဆုံးတွင်မှ..

ဝီ ...

အလင်းတန်းတစ်ခု ကောင်းကင်ယံသို့ ထိုးတက်သွားသည်။

" ၂၈၇ စက္ကန့်... ဟွမ်ရှင်းဂိုဏ်းရဲ့ နတ်ဘုရားသားတော် ၊ ယဲ့ဖူရှောက် ။ ၂၈၇ စက္ကန့်တောင်.... "

အကြီးအကဲတစ်ယောက်က တစ်ကမ္ဘာလုံးပင် ကြားနိုင်မည့် အသံဖြင့် အားကုန်သုံး အော်လိုက်သည်။

စင်မြင့်ပေါ်မှ လူများလည်း အော်ဟစ်အားပေးလိုက်ကြ၏။

ထိုရလဒ်မှာ အံ့မခန်းပါပင်...

လူအုပ်၏ အံ့သြတုန်လှုပ်မှုကြားထဲ၌... ဟွမ်ရှင်းဂိုဏ်း၏ နတ်ဘုရားသားတော် ၊ ယဲ့ဖူရှောက် နှင့် အခြားသူများ စင်မြင့်ပေါ်သို့ ပျံတက်လာကြသည်။

" ဟင်... "

ထိုစဥ် ယဲ့ဖူရှောက်၏ ဘေးတွင်ရှိနေသော အစီအမံချိုးဖျက်သူ၏ နဖူးပေါ်၌ မခြောက်သေးသော သွေးစအချို့ ရှိနေသည်ကို လူများ သတိထားမိသွားကြပါ၏။

" ချင်းဖန် ... မင်းရဲ့ ဒဏ်ရာတွေက.. "

အကြီးအကဲက မျက်မှောင်ကြုံ့၍ မေးလိုက်သည်။

ချင်းဖန်၏ မျက်နှာ ချက်ချင်းရဲသွားကာ ပြန်ဖြေသည်။

" ကျုပ် တောင်းပန်ပါတယ် ပထမအကြီးအကဲ ။ ဒီ နတ်ဘုရားသားတော်လေး လုပ်ထားတဲ့ အစီအမံက ကျုပ် မျှော်လင့်ထားတာထက်ကို သာနေတယ်ဗျ ။ ကျုပ် အစီအမံကို ချိုးဖျက်ဖို့ ကြိုးစားတဲ့အချိန်မှာ.. ဒဏ်ရာနည်းနည်း ရခဲ့ပါတယ် "

" ဘယ်လို... "

လူများ ဟန်ချက်ပျက်ကုန်ကြပါသည်။

" နောက်နေတာလားကွာ... အဆင့် ၇ မသေမျိုးအစီအမံ တစ်ခုက မသေမျိုးသခင်ကြီးတစ်ယောက်

ကို ဒဏ်ရာရအောင် လုပ်လိုက်နိုင်တာလား "

" ပိုဆိုးတာက သူ အဲ့အစီအမံကို လေးနာရီအတွင်း ပြီးအောင်လုပ်ခဲ့တာကွ ။ ဒါနဲ့တောင် အဲ့လောက် အစွမ်းထက်နေပြီ "

" တကယ့်ကို ပါရမီရှင် အစစ်ပါပဲကွာ "

အကြီးအကဲများအားလုံး အံ့သြတုန်လှုပ်သွားကြသည်။

တဖက်မှ ယဲ့ဖူရှောက်မှာကား မထူးခြားဟန် မျက်နှာပေးဖြင့်သာ ရှိနေပြီး ထိုသို့သော တုန့်ပြန်မှုမျိုးကို ရိုးနေဟန် တူပါ၏။

" အခု ရလဒ်တွေကို ကြေငြာလို့ရပြီလားဗျ "

သူ့စကားကို ကြားမှ ပထမအကြီးအကဲ အသိပြန်ဝင်လာသည်။

သူ အသက်ပြင်းပြင်းရှိုက်ကာ ပြောလိုက်၏။

" ကောင်းပြီ ။ ရလဒ်တွေကို ကြေငြာမယ်... ဒီ ကောင်းကင်ဘုံကိုးဆင့် အစီအမံညီလာခံရဲ့ ပထမအဆင့်မှာ နံပါတ်တစ်နေရာကို ရသွားခဲ့တဲ့သူကတော့... "

သူ ပြောပြီး ယဲ့ဖူရှောက်၏ အမည်ကို အော်ရန် ပြင်လိုက်စဥ်မှာပင် ..

" အကြီးအကဲ... ခဏလေး နေပါဦးဗျာ... "

လူအုပ်ထဲမှ အသံတစ်သံ ထွက်လာသည်။

" ဟင်... "

အားလုံး ထိုလူဘက် လှည့်ကြည့်လိုက်ကြ၏။

ထိုစဥ်မှာပင် လောထျန်းနှင့် ဒယိမ်းဒယိုင်ဖြစ်နေသော လောထျန်း၏ စာမေးပွဲစစ်သူ ထွက်လာကြသည်။

" ဟင်... ဘာတွေဖြစ်နေတာလဲ ၊ အဲ့ကောင်က အထုတ်ခံလိုက်ရပြီ မဟုတ်ဘူးလား ။ အခု ဘာလို့ ဒီမှာရှိနေသေးတာလဲ ။ ဟေ့.. တစ်ယောက်ယောက်လာပြီး ဒီကောင့်ကို ကန်ထုတ်လိုက်ကြစမ်း "

ကဲ့ချန်က လောထျန်းကို မြင်သည်နှင့် မျက်မှောင်ကြုံ့သွားပြီး လေသံမာမာ အော်ပြောလိုက်၏။

ယဲ့ဖူရှောက် တစ်ယောက်မှလွဲ၍ ဟွမ်ရှင်းဂိုဏ်းမှ လူ

များအားလုံးလည်း လောထျန်းအား လှောင်ပြုံးဖြင့် ကြည့်လိုက်ကြသည်။

ယွဲ့လီနှင့် ချီလန့်ယွမ်တို့ နှစ်ယောက်မှာမူ လောထျန်းကို မြင်သည်နှင့် မျက်လုံးများ အရောင်လက်သွားပါ၏။

ထိုစဥ် လောထျန်း၏ စာမေးပွဲစစ်သူက ဒူးတစ်ဖက်ထောက်၍ ပြောလာသည်။

" ပထမအကြီးအကဲ ၊ ကျုပ်.. အရေးကြီးတာတစ်ခု သတင်းပို့စရာ ရှိပါတယ် "

ပထမအကြီးအကဲက စိတ်မရှည်ဟန်ဖြင့် ပြန်ပြောသည်။

" ကိစ္စရှိရင် နောက်မှပြောပါလားကွာ "

စာမေးပွဲစစ်သူက ဆက်ပြော၏။

" မရလို့ပါ ပထမအကြီးအကဲ.. ကျုပ် အခုပြောမယ့်ဟာက လောထျန်းရဲ့ ရလဒ်အကြောင်းပါ.. "

သူ့စကားကြောင့် အားလုံး အံ့အားသင့်ကုန်ကြပါသည်။

" လောထျန်းရဲ့ ရလဒ်က ဘာပြောစရာရှိလို့လဲ ။ သူက အရင်ဆုံးအထုတ်ခံလိုက်ရတာ မဟုတ်ဘူးလား ။ ကျုပ်တို့အားလုံး မြင်လိုက်ရတာပဲလေ "

ကဲ့ချန်က လှောင်ပြုံးဖြင့် ဝင်ပြောသည်။

ယခုလိုအချိန်တွင် လောထျန်းကို ဘာမှ ကယ်နိုင်တော့မည် မထင်ပါ ..

ပထမအကြီးအကဲသည်ပင် မျက်မှောင်ကြုံ့သွားသည်။

" ဟုတ်တယ်လေ.. အဲ့အကြောင်းက ပြောစရာဘာမှမရှိတော့ဘူး ။ လောထျန်း အထုတ်ခံလိုက်ရတာ ငါတို့အားလုံး မြင်လိုက်တယ် "

သို့သော် စာမေးပွဲစစ်သူက ကူကယ်ရာမဲ့နေဟန်ဖြင့် ထပ်ပြောလာ၏။

" အကြီးအကဲ... အဲ့ကိစ္စက နည်းနည်းလေး ရှုပ်ထွေးတယ်ဗျ "

ပထမအကြီးအကဲ ပိုပို၍ စိတ်မရှည်နိုင် ဖြစ်လာပါသည်။

" ရှုပ်ထွေးတယ်.. ဟုတ်လား ။ ထားလိုက်တော့.. ငါ မင်းပြောတာကို နားထောင်ရမှာ ပျင်းလွန်းတယ် ။ သူ့အစီအမံကို ချိုးဖျက်ခဲ့တဲ့သူက ထိုက်ထန် မဟုတ်ဘူးလား... ထိုက်ထန်ကိုပဲ လာရှင်းပြခိုင်းလိုက် ။ အခု သူဘယ်မှာလဲ "

ကဲ့ချန်ကလည်း ဝင်ထောက်ခံသည်။

" အမှန်ပဲ.. သခင်ကြီးထိုက်ထန်ကိုယ်တိုင် ရှင်းပြပါစေ "

ထိုစကားကို ကြားသောအခါ စာမေးပွဲစစ်သူ ထူးဆန်းသည့် မျက်နှာထားမျိုး ဖြစ်သွားသည်။

ထို့နောက်... သူ လောထျန်းဘက်သို့ လှည့်ကြည့်ကာ ပြော၏။

" ဟို... ကျေးဇူးပြုပြီး ထွက်လာခိုင်းလိုက်ပါ "

တဖက်မှလောထျန်းက ထိုစကားကို ကြားသည်နှင့် ခေါင်းအသာညိတ်ပြီး ညာလက်ကို ဆန့်ထုတ်လိုက်သည်။

ထို့နောက်တွင်... သူ့လက်ထဲမှ ထိုက်ထန်၏

အကြွင်းအကျန် စိတ်ဝိဥာဥ် ပျံထွက်လာပါသည်။

All Chapters