အခန်း (၈၃၄)
Vol. 60 Ch. 834
ထိုစကားကို ကြားသောအခါ သခင်ကြီးဟောင်က ချက်ချင်း ဒေါသတကြီး ပြန်ပြောသည်။
" မင်း ဘာတွေပြောနေတာလဲ ။ အစီအမံစမ်းသပ်ပွဲမှာ ပိုအစွမ်းထက်လေလေ ၊ အမှတ်လဲပိုကောင်းလေ မဟုတ်ဘူးလားကွ ။ လောထျန်းရဲ့ အချိန် တိုသွားရတာက.. သူ အစွမ်းထက်လွန်းလို့လေ ။ အဲ့လို အစွမ်းထက်ရုံနဲ့ ဘာလို့ အမှတ်နည်းရမှာလဲ "
ကဲ့ချန် မုတ်ဆိတ်ကိုကိုင်ရင်း ပြော၏။
" မင်း ဘာတွေပဲပြောပြော ၊ စည်းမျဥ်းက စည်းမျဥ်းပဲလေ
" အဲ့စည်းမျဥ်းက ကျိုးကြောင်းမဆီလျော်လို့လေကွာ "
သခင်ကြီးဟောင်မှာ ဒေါသထွက်လွန်း၍ သူ့ကိုယ်မှ မီးတောက်များပင် ထွက်လာတော့မယောင်...
ထိုစဥ် ပထမအကြီးအကဲက လက်ကာပြ၍ ပြောလာသည်။
" စကားများမနေကြနဲ့တော့ "
တဖက်လူနှစ်ယောက် ချက်ချင်း ပါးစပ်ပိတ်သွားကြသည်။
ပထမအကြီးအကဲက ခေတ္တမျှ စဥ်းစားနေပြီးမှ ပြော၏။
" ကဲ့ချန်ပြောတာ အဓိပ္ပါယ်ရှိတယ် ။ ဒီကိစ္စက တကယ်လဲ ကျိုးကြောင်းဆီလျော်မှု မရှိဘူး "
" ပထမအကြီးအကဲ .... "
သခင်ကြီးဟောင် ပြန်ငြင်းရန် ပြင်လိုက်သည်။
သို့သော်... ပထမအကြီးအကဲက လက်ကာပြပြီး လောထျန်းကိုကြည့်ကာ ဆက်ပြော၏။
" မင်းက အဲ့ကိစ္စမှာ ကိုယ်တိုင်ပတ်သက်နေတဲ့သူဆိုတော့... မင်း ဘယ်လိုထင်လဲ ပြောစမ်းပါဦး "
အားလုံး တုန်လှုပ်သွားကြပါသည်။
ပထမအကြီးအကဲ ကိုယ်တိုင်က လောထျန်းအား ထိုသို့အရေးတယူ မေးလိမ့်မည်ဟု သူတို့ ထင်မ
ထားခဲ့ပါချေ။
အကြီးအကဲ၏ လောထျန်းအပေါ် ဆက်ဆံပုံမှာလည်း ယခင်လို မဟုတ်တော့ပါ ။
ထိုစကားကို ကြားသောအခါ လောထျန်းက ကဲ့ချန်အား လှည့်ကြည့်၍ ပြောသည်။
" ကျုပ်လဲ ဒီအကြီးအကဲပြောတာ အဓိပ္ပါယ်ရှိတယ်လို့ ထင်တယ် "
" လောထျန်း ... မင်း... "
သခင်ကြီးဟောင် အံ့သြသွားရတော့သည် ။
လောထျန်းက ဘာဖြစ်နေပါသလဲ...
ပြိုင်ဘက်အတွက်ပင် ပြောပေးနေသတဲ့လား...
ထိုစဥ် လောထျန်းက စကားဆက်သည်။
" ဒါပေမယ့်.. ကျုပ်ရဲ့ အခြေအနေက ကွဲတယ်လေ ။ အဲ့တော့. ဒီလိုလုပ်ပါလား ၊ ကျုပ် အစီအမံကို ထပ်လုပ်လိုက်မယ်.. အကြီးအကဲ ကဲ့ချန်က ကျုပ်ရဲ့ အစီအမံကို ချိုးဖျက်တဲ့သူ လုပ်ပေါ့ "
" ဟင်.... "
သူ့စကားကြောင့် အားလုံး မှင်သက်ကုန်ကြသည်။
လောထျန်းက ကဲ့ချန်ဘက် လှည့်ကြည့်ကာ ဆက်ပြော၏။
" အကြီးအကဲ ကဲ့ချန်.. ဟုတ်တယ်နော် ။ စိတ်မပူပါနဲ့ဗျာ.. ဒီတစ်ကြိမ်တော့ ကျုပ် စည်းကမ်းချက်တွေအတိုင်း သေချာလိုက်နာပါ့မယ် ။ အကြီးအကဲဘက်က အစီအမံကို ချိုးဖျက်လို့ မပြီးမချင်း ကျုပ်ဘက်ကစပြီး အစီအမံကို ဘာမှမလုပ်ဘူး ။ သေတဲ့အထိ စောင့်ဆိုလဲ စောင့်မယ်ဗျာ ။ အကြီးအကဲ ဘယ်လိုထင်လဲ "
" မင်း.... "
ကဲ့ချန်တစ်ယောက် ဆံပင်မွေးများ ထောင်သွားသလို ခံစားလိုက်ရသည်။
သူက အစီအမံကို ချိုးဖျက်ရမည်တဲ့လား..
နောက်နေပါသလား...
သူသည် အစွမ်းအရာတွင် ထန်ထိုက်ထက် များစွာပိုနိမ့်ပါ၏။
သူ့လို လူတစ်ယောက်က လောထျန်း၏ အစီအမံကိုသာ ဖျက်ဆီးရန်ကြိုးစားလျှင် မိမိကိုယ်ကို သေကြောင်းကြံသည်နှင့် ဘာခြားမည်နည်း ။
ထိုစဥ် သခင်ကြီးဟောင်က ရုတ်တရက် ပြုံး၍ ပြောသည်။
" ကျုပ်ကတော့ ဒီအစီစဥ်ကို ကောင်းတယ်လို့ ထင်တယ် ။ အဲ့လိုပဲ လုပ်ကြမယ်လေ "
ကဲ့ချန်၏ မျက်နှာထား ရုတ်ချည်းပြောင်းသွားကာ ပထမအကြီးအကဲအား ပြောလိုက်သည်။
" ပထမအကြီးအကဲ... အစီအမံကို လုပ်ဖို့ဆိုရင် အချိန်တွေအကြာကြီး ယူရတယ်လေ။ အဲ့ကျ ပြိုင်ပွဲကို နှောင့်နှေးအောင်လုပ်သလို ဖြစ်သွားလိမ့်မယ် "
သို့သော် ပထမအကြီးအကဲ ပြန်မဖြေနိုင်ခင်မှာပင် သခင်ကြီးဟောင်က ဖြတ်ပြော၏။
" ဘယ်ဟုတ်မလဲ.. ကောင်းကင်ဘုံကိုးဆင့် အစီအမံ
ညီလာခံမှာ စည်းမျဥ်းတွေနဲ့ လွဲချော်လို့ မဖြစ်ဘူးလေ ။ အကြီးအကဲ ကဲ့ချန် ကိုယ်တိုင်ကလဲ စည်းမျဥ်းတွေကို အတိအကျ လိုက်နာရမယ်လို့ ပြောခဲ့တယ်မဟုတ်လား ။ အဲ့တော့ ပြိုင်ပွဲအချိန်က နောက်ထပ်လေးနာရီလောက် နှောင့်နှေးသွားမယ်ဆိုရင်တောင် ကျုပ်တို့တွေ စမ်းသပ်ပွဲကို ပြန်လုပ်သင့်တယ်ဗျာ "
ကဲ့ချန်၏ မျက်နှာကြီး ဖြူရော်သွားတော့သည်။
" မလိုဘူး.. အဲ့လိုလုပ်စရာ မလိုဘူး ။ စောနက ပြိုင်ပွဲမှာ ရလဒ်က ရှင်းပြီးသားပါ ။ ကျုပ် နားလည်မှုလွဲသွားလို့... လောထျန်းကပဲ ပထမရသင့်ပါတယ် "
သခင်ကြီးဟောင် ထပ်ပြောပါသည်။
" ဘယ်ဟုတ်မလဲ.. စည်းမျဥ်းက စည်းမျဥ်းပဲလေ "
" ဒါ.... "
ထိုစဥ် ကဲ့ချန်မှာ ရူးတော့မလိုပါပင်...
သူသည် အစောပိုင်းက သခင်ကြီးဟောင်ကို ဒုက္ခပေးလိုခဲ့သော်လည်း..
ယခုလို သူ့ကိုယ်သူ ထိခိုက်အောင် လုပ်မိသွားမည်
ဟု ဘယ်သူ ထင်ပါမည်လဲ ။
ယခုတွင်မူ.. သူ ကျဥ်းထဲကျပ်ထဲ ရောက်နေရလေပြီ ။
သို့သော်.. ကံကောင်းစွာပင် ထိုစဥ် ပထမအကြီးအကဲက ချောင်းအသာဟန့်၍ ပြောလာပါ၏။
" အဲ့ဒါကို ထားလိုက်ကြပါတော့ ၊ ငါ ဆုံးဖြတ်ချက် ချပြီးသွားပြီ ။ ပထမရတဲ့သူက လောထျန်းပဲ ။ ယဲ့ဖူရှောက် က ဒုတိယ... ကျန်တဲ့သူတွေလဲ သူ့နောက်ကပေါ့ ။ အဲ့ကိစ္စကို စိတ်မပူနဲ့တော့ "
ထိုစကားကို ကြားမှ ကဲ့ချန်တစ်ယောက် အသက်ဘေးမှ ကင်းလွတ်ခွင့်ရလိုက်သလို ခံစားလိုက်ရပါသည်။
သခင်ကြီးဟောင်ကလည်း ခြောက်ကပ်ကပ်သာ ရယ်နေပြီး ဘာစကားမှ ထပ်မပြောတော့ပါ ။
တဖက်မှ ပထမအကြီးအကဲက ထပ်ပြောလာသည်။
" အခု ပထမအဆင့်ကို အောင်သွားတဲ့သူတွေ အားလုံးက ကိုယ့်လိုအပ်ချက်တွေကို ပြန်ဖြည့်ကြပါ
။ ပြိုင်ပွဲ ဒုတိယအဆင့်ကို နောက် နာရီဝက်နေရင် စမယ် "
ထိုစကားကို ကြားသည်နှင့် အားလုံး နောက်သို့ အသီးသီးဆုတ်သွားကြကာ ပုံရိပ်ဖော်ကျင့်စဥ်ဖြင့် စိတ်ဝိဥာဥ်အစွမ်းများကို ပြန်ဖြည့်တင်းလိုက်ကြသည်။
သို့သော်.. ထိုစဥ်တွင် ဟွမ်ရှင်းဂိုဏ်း၏ နတ်ဘုရားသားတော် ၊ ယဲ့ဖူရှောက်ကမူ ခပ်လှမ်းလှမ်းမှနေ၍ လောထျန်းအား မျက်မှောင်ကြုံ့ကြည့်နေ၏။
" နတ်ဘုရားသားတော်လေး ၊ အဆင်ပြေရဲ့လားဗျ "
ဟွမ်ရှင်းဂိုဏ်းမှ ကျင့်ထုံက မေးလိုက်သည် ။
ယဲ့ဖူရှောက်က အေးဆေး ပြန်ပြော၏။
" အားလုံး သေချာနားထောင်ကြ "
" အခုတစ်ခေါက် ကောင်းကင်ဘုံကိုးဆင့် အစီအမံညီလာခံမှာ မင်းတို့အတွက် ထိပ်တန်းအဆင့်မှာထားပြီး လုပ်ရမယ့်တာဝန်တစ်ခု ပိုတိုးလာပြီ ။ အဲ့ဒါကတော့.. လောထျန်းဆိုတဲ့ကောင်ကို သတ်ဖို့ပဲ "
သူ အေးစက်စက်အသံဖြင့် ပြောလိုက်သည်။
" ဘယ်လို... "
ကြားလိုက်ရသည့် စကားကြောင့် အားလုံး တုန်လှုပ်သွားကြသည်။
ကျင့်ထုံက တအံ့တသြ ပြော၏။
" နတ်ဘုရားသားတော်လေး... အဲ့ကောင်က ရိုးရှင်းတဲ့ပုံ မဟုတ်.... "
" ငါ သိတယ် "
သူ့စကားမဆုံးခင်မှာပင် ယဲ့ဖူရှောက်က အေးစက်စက် လှည့်ကြည့်လာသဖြင့် ကျင့်ထုံ ကြောက်သွားပြီး ထပ်မပြောရဲတော့ပါ ။
ထိုစဥ် ယဲ့ဖူရှောက်က ဆက်ပြောသည်။
" အဲ့ကောင်က သခင်ကြီး လိုချင်နေတဲ့ကောင်ပဲကွ "
" ဘယ်လို... "
ထိုစကားကြောင့် ကျင့်ထုံအပါအဝင် ကျန်လူများ မှင်သက်သွားကြပြန်၏။
ယဲ့ဖူရှောက်ကမူ ဆက်ရှင်းမပြဘဲ အားလုံးကို ထားခဲ့ပြီး နောက်လှည့်ထွက်သွားတော့သည်။
ထိုစဥ် လောထျန်းတို့ဘက်၌....
" သခင်လေးလောထျန်း ၊ သခင်လေးရဲ့ စိတ်ဝိဥာဥ်အစွမ်းကို ပြန်တိုးအောင်ကျင့်ကြံဖို့ မလိုဘူးလား ။ ပြိုင်ပွဲရဲ့ နောက်တစ်ဆင့်မှာက စိတ်ဝိဥာဥ်အစွမ်းတွေ တော်တော်ကုန်လောက်မှာနော် "
သခင်ကြီးဟောင်က လောထျန်းအား သတိပေးစကား ဆိုလိုက်သည်။
လောထျန်းက ခေါင်းယမ်းပြ၏။
" မလိုဘူးဗျ "
ထိုစဥ် ယွဲ့လီက မေးလာပါသည်။
" သခင်ကြီးဟောင်... နောက်တစ်ဆင့်မှာ ပြိုင်ရမှာက ဘယ်လိုအကြောင်းအရာလဲရှင့် "
သခင်ကြီးဟောင် သက်ပြင်းချလိုက်သည်။
" ငါလဲ မသိဘူးကွ ။ ဒါပေမယ့် အရင် ပြိုင်ပွဲအတွေ့အကြုံတွေအရ ပြောရရင်တော့ ဒီတစ်ဆင့်မှာ
စိတ်ဝိဥာဥ်အစွမ်းကို အဓိကစမ်းသပ်မှာ "
" စိတ်ဝိဥာဥ်အစွမ်းကို စမ်းသပ်မှာ.... "
ကြားလိုက်ရသည့် စကားကြောင့် ချီလန့်ယွမ် မျက်နှာအနည်းငယ် ပျက်သွားသည်။
ပြီးခဲ့သည့် ပြိုင်ပွဲပထမအဆင့်တွင်ပင် သူ့ စိတ်ဝိဥာဥ်အစွမ်းများ ကုန်ခါနီး ဖြစ်သွားခဲ့ရလေပြီ ။
သို့ဖြစ်ရာ.. သူ့အတွက် ပြိုင်ပွဲဒုတိယအဆင့်ကို အောင်နိုင်ရန် အခွင့်မရေး မရှိတော့ပါချေ ။
တဖက်မှ ယွဲ့လီမှာကား သူနှင့်ဆန့်ကျင်ဘက် ယုံကြည်မှုအနည်းငယ် တိုးသွားဟန် တူပါသည်။
သူမသည် ငယ်လွန်းသေးသည့်အတွက် အစီအမံပညာရပ်ကို တတ်ကျွမ်းမှုက အကန့်အသတ် ရှိနေသည့်တိုင် ... သူမ၏ မွေးရာပါ ပါရမီကြောင့် စိတ်ဝိဥာဥ်အစွမ်း အလွန်ပေါများပါ၏။
သို့ဖြစ်ရာ သူမ ပြိုင်ပွဲ ဒုတိယအဆင့်ကို အောင်မြင်ကောင်း အောင်မြင်နိုင်ပါလိမ့်မည်။
သူမ ထိုသို့ အတွေးများနေစဥ်မှာပင်..
ဒေါင်...
ခေါင်းလောင်းသံကျယ် မြည်လာကာ ပြိုင်ပွဲဒုတိယအဆင့် စတင်မည့်အချိန် ရောက်လာခဲ့သည်။
" ကဲ.. မင်းတို့သုံးယောက် ငါနဲ့လိုက်ခဲ့ကြ "
သခင်ကြီးဟောင် ထရပ်ကာ ပြိုင်ပွဲဝင်သုံးယောက်အား ခန်းမအလယ်သို့ ခေါ်သွားလိုက်သည်။
ထိုစဥ် မုတ်ဆိတ်ရှည်နှင့် အဘိုးအိုတစ်ယောက်က စာရွက်လိပ်တစ်ခုကို ကိုင်၍ အားလုံးရှေ့တွင် ရပ်နေပါ၏။
" အားလုံး နားထောင်ပါ ... ဒါ ပြိုင်ပွဲဒုတိယအဆင့်မှာ ပြိုင်ရမယ့် အကြောင်းအရာပဲ "
အဘိုးအိုက ပြောသည်။
" အဲ့ဒါ ဘာကြီးလဲ.. အစီအမံလား "
" တိုက်ပွဲဝင်အစီအမံ လုပ်တဲ့နည်းကို သင်ရမှာလား
မသိဘူး "
လူငယ်တစ်စုက နားမလည်နိုင်သည့် မျက်နှာများဖြင့် မေးလိုက်ကြသည်။
သို့သော်... ခန်းမထဲရှိနေသော အဘိုးအိုအချို့ကမူ မျက်နှာထားများ ပြောင်းသွားကြပါသည်။
" မဖြစ်နိုင်တာ.... "
သခင်ကြီးဟောင် အံ့သြတကြီး ရေရွတ်လိုက်၏။
" သခင်ကြီးဟောင် ၊ အဲ့ဒါ ဘာလဲရှင့်... "
ယွဲ့လီ စိတ်ဝင်တစား မေးလိုက်သည်။
သခင်ကြီးဟောင် အသက်ပြင်းပြင်း ရှိုက်လိုက်၏။
" ကောင်းကင်သန့်စင် မသေမျိုးမြေပုံ "
ကြားလိုက်ရသည့် အမည်ကြောင့် ယွဲ့လီတစ်ယောက် ရုတ်ချည်း တုန်လှုပ်သွားရှာသည်။
" အဲ့ဒါ တကယ်ကြီး ကောင်းကင်သန့်စင်မြေပုံလား "
သခင်ကြီးဟောင် မျက်နှာတည်ဖြင့် ခေါင်းညိတ်ပြ
လိုက်သည်။
" အဲ့ဒါ ဘာလဲဗျ.... "
ချီလန့်ယွမ်က နားမလည်သေးပုံဖြင့် မေးလာ၏။
ယွဲ့လီက ချက်ချင်းရှင်းပြရှာသည်။
" အဲ့ဒါ ထူးခြားတဲ့ မူလမသေမျိုးလက်နက် တစ်ခုပဲ "
" မူလမသေမျိုးလက်နက်... ဟုတ်လား... "
ချီလန့်ယွမ် မျက်လုံးပြူးသွားသည်။
ယွဲ့လီက စကားဆက်၏။
" ဒါပေမယ့်.. အဲ့ မူလမသေမျိုးလက်နက်က အင်မတန်ကို ထူးခြားတယ်ရှင့် ။ အဲ့လက်နက်ထဲမှာ ကမ္ဘာတစ်ခုက သူ့အလိုလို ရှိနေတာ ။ အဲ့ကမ္ဘာထဲကနေ စိတ်ဝိဥာဥ်အစွမ်းကို သုံးပြီးတော့မှပဲ ပြန်ထွက်လို့ရမယ် ။ ဒါပေမယ့်... အဲ့ မူလမသေမျိုးလက်နက်က လူတွေရဲ့ စိတ်ဝိဥာဥ်အစွမ်းကို ဖိနှိပ်ပြီးတော့ ရှုပ်ထွေးအောင်လဲ လုပ်သေးတယ် ။ ဒီတော့ အဲ့ကနေထွက်ဖို့ တော်တော်ခက်တာပေါ့ရှင် ။ တချို့ဆို ပြန်မထွက်နိုင်ဘဲ အဲ့ထဲမှာပဲ အမြဲတမ်း ပိတ်လှောင်
ခံထားရနိုင်ချေတောင် ရှိသေးတယ် "
" အဲ့လောက် ကြောက်စရာကောင်းတာလား "
သူမ၏ ပြောစကားကို ကြားပြီး ချီလန့်ယွမ်တစ်ယောက် နောက်ပင် ဆုတ်မိသွားပါသည်။
ထိုစဥ် မုတ်ဆိတ်ရှည် အဘိုးအိုက အပြုံးဖြင့် ပြောလာသည်။
" မင်းတို့ထဲက တချို့ကတော့ ဘာဆက်လုပ်ရမယ်ဆိုတာ သိကြတယ်နဲ့တူတယ် ။ အမှန်ပဲကွ.... အခု ပြိုင်ပွဲဒုတိယအဆင့်မှာ မင်းတို့တွေ ကိုယ့်အစွမ်းကိုပဲ အားကိုးပြီးတော့ ဒီ ကောင်းကင်သန့်စင် မသေမျိုးမြေပုံထဲကနေ ထွက်နိုင်အောင်ကြိုးစားရမှာ"