အခန်း (၂၇၅၁-၂၇၅၅)
Vol. 118 Ch. 2751-2755
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၇၅၁)
ဘာသာပြန်သူ_တိမ်တိုက်
ကောင်မလေးမှာ ရန်ကိုင်အား ခေါ်လာပြီး အိမ်တော်ထဲရှိ မြေကွက်အလယ်သို့ ရောက်လာသည့်အခိုင်၊ လူပေါင်းများစွာ သူတို့အား ဝိုင်းလိုက်ကြလေသည်။
“ဘယ်သူလဲ” တစ်ယောက်ယောက်က လှမ်းအော်လေ၏။
“စီနီယာရန်၊ စီနီယာရန် ရောက်လာတယ်” ကောင်မလေးသည် ရန်ကိုင်လက်ကို မလွှတ်ဘဲ စိတ်လှုပ်ရှားစွာ ပြန်အော်ပြောလေသည်။
“မိန်းကလေးတစ်ယောက်ဖြစ်ပြီး ဘယ်လိုလုပ်ပြီး အခုလိုမျိုး အသံကျယ်ကျယ်နဲ့ အော်နေရတာလဲ” ထိုအသံနှင့်အတူ ကျန်းရို့ရှီနှင့် ဆင်တူသည့် ရင့်ကျက်ပျိုရွယ်သော အမျိုးသမီးတစ်ဦး ထွက်လာခဲ့လေသည်။
“အမေ၊ စီနီယာရန် ရောက်လာတယ်” ကောင်မလေးက အလျင်အမြန် အော်ပြောလိုက်သည်။
“ဘယ်စီနီယာရန်လဲ” အမျိုးသမီး မျက်မှောင်ကြုတ်သွားခဲ့ပြီး အနားသို့ တိုးကပ်လာလျက် ရန်ကိုင်အား သေချာကြည့်ကြည့်လိုက်လေသည်။ ထို့နောက် ပါးစပ်လေးကို လက်ဖြင့်အုပ်၍ အလန့်တကြား လေသံဖြင့် “စီနီယာရန်ပါလား”
“အမျိုးသမီးကျန်း၊ အဆင်ပြေတယ်မလား” ရန်ကိုင်က ပြုံး၍ နှုတ်ဆက်လိုက်သည်။ ဤအမျိုးသမီးသည် ကျန်းရို့ရှီ၏ အမေဖြစ်သည့် နင်စုဝမ်သာ ဖြစ်လေသည်။
နင်စုဝမ်မှာ အတန်ကြာအောင် မှင်တက်နေပြီးသည့်နောက်တွင် ပျော်ရွှင်စွာ ပြုံးလျက် “စီနီယာရန်ကို ကြည့်ရတာ အရင်အတိုင်း ကြည့်ကောင်းနေတုန်းပဲနော်” တစ်ချက်မျှ ရပ်ပြီးသည့်နောက် နင်စုဝမ်သည် ရုတ်တရက် တစ်ခုခုအား မှတ်မိသွားသည့်အလား ရန်ကိုင်၏လက်ကို ကိုင်ထားသည့် ကောင်မလေးအား ပြောလိုက်လေ၏ “ရို့ယု၊ နင့်အဖွားကို ထွက်လာဖို့ သွားပြောလိုက်ဦး”
“ဟုတ်ကဲ့” ရို့ယု၏ ခေါ်သည့် ကောင်မလေးသည် အထဲသို့ ပြေးဝင်သွားလေသည်။
နင်စုဝမ်သည် ရန်ကိုင်နောက်သို့ လှမ်းကြည့်လိုက်လေသည်။ သူမရှာနေသည့်လူကို မတွေ့သော် အနည်းငယ် ထိတ်ထိတ်လန့်လန့်ဖြင့် ပြန်မေးလိုက်လေ၏ “စီနီယာရန်... ရို့ရှီ...”
ရန်ကိုင်က ပြုံးလျက် “စိတ်မပူနဲ့။ ရို့ရှီ အဆင်ပြေတယ်။ အခုလောလောဆယ် လာဖို့ အဆင်မပြေသလို့ ကျုပ်နဲ့ လိုက်မလာခဲ့တာ”
ထိုစကားကို ကြားသည့်အခါသာ နင်စုဝမ်သည် စိတ်သက်သာရာ ရသွားဟန်ဖြင့် သူမ၏ ရင်ဘတ်ကိုလက်ဖြင့်ဖိ၍ သက်ပြင်းအမောကြီး ချလိုက်လေသည်။ ကျန်းမိသားစု ဒုက္ခရောက်နေစဉ်အခါ ရန်ကိုင်မှ သူတို့အား ဝင်ရောက်ကူညီပေးခဲ့သည်။ ထို့နောက်တွင် ကျန်းရို့ရှီသည် ရန်ကိုင်နှင့်အတူ ထွက်သွားခဲ့လေသည်။ ထိုစဉ်ကတည်းက သူမ၏ သမီးအကြောင်း သတင်းအစအန မရတော့ခြင်း ဖြစ်သဖြင့် နင်စုဝမ်မှာ သူမသမီးကို အလွန်ကိုမှ လွမ်းမိပေသည်။ စိတ်လည်း ပူမိပေ၏။ အပြင်လောကကြီးသည် ကျန်းမိသားစု၏ အိမ်တွင်းပိုင်းကဲ့သို့ ငြိမ်းမှ မငြိမ်းချမ်းလေဘဲ။ ရန်ကိုင်၏ ခွန်အားမှာ အမှန်တကယ်ကို မြင့်မားပါသော်ငြား မေပယ်မြို့စည်ပင်သာယာဝပြောလာပြီးနောက် ရန်ကိုင်သည် အလွန်တရာကိုမှ အားကောင်းလှသည့် လူတစ်ဦး မဟုတ်မှန်း ကျန်းမိသားစု နားလည်သွားခဲ့ရလေသည်။
ရန်ကိုင်သည်သာ အားကောင်းသည့် ရန်သူတစ်ဦးဦးနှင့် သွားတိုးပါက ကျန်းရို့ရှီသည်ပါ ပြဿနာ တက်သွားနိုင်၏။ ကံကောင်းစွာဖြင့် ကျန်းရို့ရှီ အဆင်ပြေနေခဲ့ရသည်။
“စီနီယာရန်၊ အပြင်မှာဘဲ ရပ်မနေနဲ့လေ။ အထဲဝင်လာလေ” စိတ်သက်သာရာ ရသွားသည့်နောက်တွင် နင်စုဝမ်သည် ရန်ကိုင်အား အိမ်ထဲသို့ တယဉ်တကျေး ဖိတ်ခေါ်လိုက်သည်။ သူမစိတ်ထဲ ရန်ကိုင်အား မေးချင်နေသည့် မေးခွန်းများစွာ ရှိနေပါသော်ငြား နှစ်ပေါင်းများစွာ အသက်ရှင်လာသည့် အတွေ့အကြုံအရ သူမကိုယ်သူမ အတတ်နိုင်ဆုံး စိတ်ငြိမ်အောင် ထိန်းထားနိုင်ခဲ့လေသည်။
ယခုအချိန်တွင်တော့ ရန်ကိုင်မည်သူမှ ကျန်းမိသားစုဝင်များလည်း သိသွားကုန်ကြလေပြီ။ အတော်များများမှာ ရန်ကိုင်အား မြင်ခဲ့ဖူးကြသည်။ ရန်ကိုင်အား မတွေ့ဖူးသူများလျှင်ပင် ရန်ကိုင်သည် ကျန်းရို့ရှီကို ခေါ်သွားသည့်လူမှန်းတော့ သိကြလေသည်။
ထို့အတွက်ကြောင့် အကုန်လုံးမှာ ရန်ကိုင်အား ဝမ်းပန်းတသာဖြင့် ကြိုဆိုကုန်ကြလေ၏။
နင်စုဝမ်သည် ရန်ကိုင်အား ကျန်းမိသားစု၏ ဧည့်ခန်းထဲသို့ ခေါ်သွားခဲ့ပြီး ထိုနေရာတွင် အသီးသီး နေရာယူလိုက်ပြီးနောက် တစ်ယောက်ယောက်မှ သူတို့အား ရေနွေးကြမ်း လာရောက် တည်ခင်းပေးလေသည်။
အချင်းချင်း စကားကောင်းကောင်း မပြောရသေးခင်မှာပင် အပြင်ဘက်မှ အိုမင်းသည့် အသံတစ်သံ ရုတ်တရက် ထွက်လာခဲ့သည် “စီနီယာရန် ရောက်လာတာလား”
ရန်ကိုင်လည်း ထိုင်ရာမှထ၍ လှမ်းကြည့်လိုက်ရာ ကျန်းရို့ယု၏ အကူအညီဖြင့် အဖွားအိုတစ်ဦး သူတို့ဆီသို့ လာနေကြောင်း တွေ့လိုက်ရလေ၏။ ရန်ကိုင်ကို မြင်သည့်အခါ အဖွားအို၏ မျက်လုံးများ တောက်ပသွားခဲ့ပြီး လက်သီးဆုပ်လျက် “တကယ်ကြီး စီနီယာရန်ပါလား၊ မင်္ဂလာပါ စီနီယာရန်”
ရန်ကိုင်က ချက်ချင်းပဲ အဖွားလက်ကို ပြန်ချပေးလိုက်ပြီး ပြောလိုက်လေသည် “အခုလိုမျိုးတွေ လုပ်မနေပါနဲ့ အဖွားရယ်။ ဒီဂျူနီယာကို အခုလိုမျိုးတွေ လုပ်နေစရာ မလိုပါဘူး”
အဖွားအိုကျန်းကမူ ခေါင်းခါ၍သာ ပြန်ပြောလိုက်လေသည် “မရဘူးလုပ်ရမယ်။ စီနီယာရန်ကြောင့်ပဲ ကျန်းမိသားစု ဆက်လက်တည်ရှိနိုင်ခဲ့တာ”
“ကျုပ်လည်း အခြားတစ်ယောက်က အကူအညီတောင်းလို့ ကူညီပေးခဲ့ရတာပဲ။ အဲ့အကြောင်းတွေ ပြန်ပြောနေစရာ မလိုပါဘူး အဖွားရယ်” ရန်ကိုင်က ခေါင်းတခါခါဖြင့် အဖွားအိုကျန်းအား သူမထိုင်ခုံတွင် ထိုင်နိုင်အောင် ကူညီပေးပြီးနောက် သူ့ထိုင်ခုံတွင် သွားပြန်ထိုင်နေလိုက်လေသည်။
နင်စုဝမ်ကမူ ထိုမြင်ကွင်းကို ပြုံး၍သာ ကြည့်နေခဲ့သည်။
ကျန်းမိသားစုသည် ကျန်းရို့ရှီအား ရန်ကိုင်လက်ထဲသို့ ထည့်ပေးလိုက်ပါသော်ငြား ရန်ကိုင်ကဲ့သို့ ပါရမီရှင်ယောကျာ်းတစ်ဦးနှင့် မိန်းမချောလေးတစ်ဦး အတူရှိနေမည် ဆိုပါက ဘာဖြစ်မလဲ ဆိုသည်ကို အကုန်လုံး သိကြပေသည်။ အနှေးနှင့်အမြန်ဆိုသလို ကျန်းရို့ရှီသည် ရန်ကိုင်၏ မိန်းမ ဖြစ်လာပေလိမ့်မည်။ တစ်နည်းဆိုရသော် နင်စုဝမ်သည် အစောကြီးကတည်းက ရန်ကိုင်အား သူမ၏ သားမက်အဖြစ် မှတ်ယူထားပြီလေ။
တစ်ချက်ရှိသည်မှာ သူမ သားမက်အဖြစ် မှတ်ယူထားသည့်လူသည် သူမတို့ တစ်မိသားစုလုံးထက် ပိုအားကောင်းနေခြင်းပင်။ နင်စုဝမ် အနေဖြင့် ထိုအကြောင်းကို ထုတ်မပြောသည်မှာ ကျန်းရို့ရှီ ရန်ကိုင်နှင့် အတူရှိနေသည့်အခါ မျက်နှာပူနေရမည်ကို စိုးရိမ်သည့် အတွက်ကြောင့်ပင်။
သို့သော်ငြား ရန်ကိုင်သည် အနည်းငယ်မျှပင် မောက်မာဝံ့ကြွားခြင်းမရှိဘဲ အကြီးအား အကြီးမှန်းသိကာ ရိုသေလေးစားနေသည်ကိုမြင်သော် ရန်ကိုင်သည် ကြင်နာတတ်သည့် လူကောင်း တစ်ယောက်မှန်း နင်စုဝမ် ချက်ချင်း သိလိုက်လေသည်။
“စီနီယာရန်...” အဖွာအိုကျန်းသည် ထိုင်ပြီးသည်နှင့် တစ်ခုခု ပြောတော့မည်အပြု ရန်ကိုင်က လှမ်းတားလျက် ပြန်ပြောလိုက်သည် “စီနီယာရန်တွေဘာတွေ လုပ်မနေနဲ့ အဖွား၊ ဒီအတိုင်း နာမည်ပဲ ခေါ်လိုက်”
အဖွားအိုကျန်းက ပြန်၍ “ဒါပေမယ့် အဲ့ဒါက ဘယ်လိုလုပ်ပြီး...”
နင်စုဝမ်က ပြုံးလျက် “အမေကလည်း... ရန်ကိုင်က ခေါ်ခိုင်းနေပြီပဲဟာကို... ဘာလို့ သူ့ကို သူစိမ်းတစ်ယောက်ကို ဆက်ဆံနေသေးတာလဲ”
ထိုစကားကိုကြားသည့်အခါ အဖွားအိုကျန်းသည် သူမသမီး ဘာပြောချင်နေလဲ ဆိုသည်ကို နားလည်သည့်အလား ပြုံးလျက် “အဲ့လိုမှတော့လည်း ငါလည်း ကိန်းကြီးခန်းကြီးတွေ လုပ်မနေတော့ပါဘူး”
“ဒီလိုမှပေါ့” ရန်ကိုင်က ခေါင်းညိတ်လိုက်လေသည်။
“ရို့ရှီ... ဘယ်လိုနေလဲ”
နင်စုဝမ်က ပြန်ဖြေလိုက်၏ “ရို့ရှီအဆင်ပြေတယ်တဲ့။ အခု သူ့ကို စိတ်ပူနေစရာ မလိုဘူး အမေ”
“တကယ်လား” အဖွားအိုကျန်းသည် ရန်ကိုင်ကိုကြည့်ကာ မေးလိုက်၏။
“ဟုတ်တယ်” ရန်ကိုင်က ပြုံးလျက် “အခု ရို့ရှီက ကျင့်ကြံရင်း တန်းလန်းနဲ့မို့လို့ ကျုပ်နောက် လိုက်မလာဖြစ်တာ”
“သူအဆင်ပြေရင် ပြီးတာပါပဲလေ” အဖွားအိုကျန်း စိတ်သက်သာရာ ရသွားခဲ့လေသည် “ဒါနဲ့ ရို့ရှီ အခု ဘယ်အဆင့် ရောက်နေပြီလဲ”
အတိတ်တွင် ကျန်းမိသားစု ဒုက္ခရောက်ခဲ့ရခြင်းမှာ ကျန်းမိသားစု၌ အားကောင်းသည့် ပညာရှင်များ မရှိသည့်အတွက်ကြောင့်ပင်။ ထိုစဉ်ကတည်းက ကျန်းမိသားစုသည် မျိုးဆက်သစ်များအား ပျိုးထောင်ပေးရာတွင် အထူးတလည် အာရုံစိုက်ခဲ့ကြသည်။ သို့သော်ငြား လုံလောက်သည့် ကျင့်ကြံရေး အရင်းအမြစ်များ မရှိသည့် အတွက်ကြောင့် ကျန်းမိသားစုဝင်များ၏ ကျင့်ကြံနှုန်းမှာ အတော်လေး နှေးကွေးခဲ့ရသည်။ နင်စုဝမ်သည်ပင်လျှင် ထိုစဉ်က အဖြစ်အပျက်ကြောင့် သူမ၏ ခွန်အားကို တတ်စွမ်းသမျှ မြှင့်တင်ခဲ့ပါသော်ငြား တာအိုသခင်ပထမအဆင့်သို့သာ ရောက်နိုင်ခဲ့သည်ကို ကြည့်လျှင် သိနိုင်ပေသည်။
သူမမှလွဲ၍ ကျန်သည့်လူအားလုံးမှာ တန်ခိုးရှင်ဘုရင်အဆင့်နှင့် အောက်အဆင့်များ ဖြစ်ကြသည်။ အဖွားအိုကျန်းသည် တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူတစ်ဦးဖြစ်သည်။ သို့သော်ငြား အသက်ကြီးနေပြီ ဖြစ်သည့်အတွက်ကြောင့် တန်ခိုးရှင်ဘုရင် တတိယအဆင့်၏ ခွန်အားအပြည့်အဝကို မထုတ်ဖော်နိုင်တော့ချေ။
တစ်နည်းဆိုရသော် နင်စုဝမ်သည်သာ ကျန်းမိသားစုတစ်ခုလုံးကို ကျောက်ထောက်နောက်ခံ ပေးထားသည့် လူ ဖြစ်ပေသည်။
“ရို့ရှီက... တာအိုသခင်တတိယအဆင့်ကို ရောက်နေပြီ” တစ်ခဏမျှ စဉ်းစားနေပြီးနောက် ရန်ကိုင်သည် အမှန်အတိုင်း ပြောရန် ဆုံးဖြတ်လိုက်လေသည်။
ရို့ရှီ၏ ခွန်အားကို သူမ၏ ကျင့်ကြံခြင်းကိုကြည့်၍ သွားဆုံးဖြတ်၍ မရချေ။ သူမ၏ ကျင့်ကြံခြင်းသည် တာအိုသခင်တတိယအဆင့်သို့သာ ရောက်နေလိမ့်မည် ဖြစ်ပါသော်ငြား သာမန် ဧကရာဇ်ပထမအဆင့် ကျင့်ကြံသူတစ်ဦးမှာ သူမ၏ ပြိုင်ဘက် မဖြစ်နိုင်ပေ။ ယခု နက်နဲဆန်းကြယ်သည့် ပညာရှင်ဖြစ်သော ကောင်းကင်အမိန့်တော်၏ စွမ်းအားကို သွေးတံခါးထဲ၌ ဆက်ခံနေပြီ ဖြစ်သည့်အတွက်ကြောင့် သူမ ထိုထဲမှ ထွက်လာသည့်တစ်နေ့ မည်သို့သော ခွန်အားမျိုးအား ပိုင်ဆိုင်ထားမည်လဲ ဆိုသည်ကို မည်သူမှ မပြောနိုင်ချေ။
ကျန်းမိသားစု၏ ဧည့်ခန်းတစ်ခုလုံး ရုတ်ချည်း တိတ်ကျသွားခဲ့လေသည်။ အကုန်လုံးမှာ ရန်ကိုင်အား မှင်သေသေ အမူအရာများဖြင့် ကြောင်ကြည့်နေကြသည်။ ဤစကားကို ကြားလိုက်စဉ် လူတိုင်းမှာ စိတ်လှုပ်ရှားကာ ဝမ်းသာသွားသင့်ပါသော်ငြား ထိုသို့ မဖြစ်ဘဲ အကုန်လုံးမှာ ရန်ကိုင်ကိုသာ ကြောင်ကြည့်နေကြလေသည်။
သူတို့ရန်ကိုင်အား မယုံသည်မဟုတ်၊ ရန်ကိုင် ပြောလိုက်သည့် စကားကသာလျှင် အလွန်ကိုမှ မယုံကြည်နိုင်စရာကောင်းနေသည့်အတွက်ကြောင့်ပင်။
သူတို့ဆီမှ ထွက်သွားစဉ်က ကျန်းရို့ရှီသည် တန်ခိုးရှင်အဆင့်သာ ရှိသေးသည်ကို သိထားရပေမည်။ ရန်ကိုင် သူမအား ခေါ်သွားသည်မှာ မည်မျှ ကြာသေးလို့နည်း။ ဆယ်နှစ်သာ ရှိပေသေးသည်။ ကျန်းရို့ရှီသည် ထိုဆယ်နှစ်အတွင်း တန်ခိုးရှင်အဆင့်မှ တန်ခိုးရှင်ဘုရင်အဆင့်ကို ကျော်ဖြတ်၍ တာအိုသခင်တတိယအဆင့်သို့ တက်လှမ်းသွားခြင်းပေလား။
သို့ရာတွင် တာအိုသခင်အဆင့်ကို ရောက်ဖို့ရာ ထိုမျှ လွယ်ပါ့မည်လား။ ထိုမျှသာ လွယ်နေလျှင် ကျန်းမိသားစု၌ တာအိုသခင်အဆင့် ပညာရှင်များ ဤမျှ ရှားပါးနေလိမ့်မည် မဟုတ်ချေ။ ကျန်းရို့ရှီ အလွန်ကိုမှ ပါရမီကောင်းသည့် အတွက်ကြောင့်ဟု ဆိုပါက ကျန်မိသားစုထဲ၌ ရှိနေစဉ်က ဘာကြောင့်များ တန်ခိုးရှင်အဆင့်သို့သာ ရောက်ခဲ့ရသနည်း။
ထို့အတွက်ကြောင့် ရန်ကိုင် သူတို့ ဝမ်းသာသွားအောင် ယခုကဲ့သို့ ပြောပေးနေခြင်း ဖြစ်သည်ဟု နင်စုဝမ်နှင့် အဖွားအိုကျန်းတို့ အလိုလို ထင်မိလိုက်ကြလေသည်။
“ရို့ရှီ တကယ်ကို တာအိုသခင်တတိယအဆင့်ကို ရောက်နေတာ” ထိုလူများ သူ့အား မယုံသည်ကိုမြင်သော် ရန်ကိုင်က ထပ်ပြောလိုက်သည်။
နင်စုဝမ်နှင့် အဖွားအိုကျန်းသည် အကြည့်ချင်း ဖလှယ်လိုက်ကြပြီးနောက်တွင် တုန့်ဆိုင်းတုန့်ဆိုင်း အမူအရာဖြင့် ပြန်မေးလိုက်လေ၏ “ဒါဆို ရန်ကိုင်၊ အခု နင့်ကျင့်ကြံခြင်းက ဘယ်အဆင့်မှာလဲ”
ရန်ကိုင်ကမူ ပြန်မဖြေခဲ့ဘဲ ဧကရာဇ်ဖိအားကိုသာ ထုတ်ပြလိုက်လေသည်။
“ဧကရာဇ်အဆင့်” နင်စုဝမ် အလန့်တကြား ဆိုလိုက်လေသည်။ အခြား ကျန်းမိသားစုဝင်များမှာလည်း မျက်လုံးအပြူးသား ဖြစ်ကုန်ကြလေသည်။
လက်ရှိအချိန်တွင် မေပယ်မြို့နှင့် စိတ်ဝိဥာဉ်ရေကန်မြို့၌ ဧကရာဇ်အဆင့် ပညာရှင်ပေါင်းများစွာ ရှိနေပါသော်ငြား ထိုစီနီယာ ပညာရှင်များသည် ကျန်းမိသားစုကဲ့သို့ မိသားစုငယ်လေးတစ်ခု သွားရောက် ဆက်ဆံပေါင်းသင်းနိုင်သည့်လူများ မဟုတ်ကြချေ။ သို့သော်ငြား လက်ရှိအချိန်တွင်တော့ သူတို့ရှေ့၌ ဧကရာဇ်ပညာရှင်တစ်ဦး ငုတ်တုတ်ကြီး ထိုင်နေခဲ့လေသည်။
“အခု ကျုပ်ပြောတာကို ယုံပြီလား” ရန်ကိုင်လည်း ဆွံ့အနေမိလေသည်။ သူ့စိတ်ထဲ၌လည်း ထိုလူများကို အမှန်အတိုင်း မပြောမိသည်မှာ ကံကောင်းသွားသည်ဟု ခံစားလိုက်ရလေသည်။ ထိုသို့သာ မဟုတ်ပါက သူခေါင်းများ ကောင်းရဲ့လားဟု ကျန်းမိသားစုဝင်များ သူ့အား စတင် မေးခွန်းထုတ်ကြပေလိမ့်မည်။
“ရို့ရှီ... သူတကယ်ကြီး တာအိုသခင်တတိယအဆင့်ကို ရောက်သွားတာလား” နင်စုဝမ်၏ အသံမှာ ကတုန်ကရင် ဖြစ်နေခဲ့လေသည်။
ရန်ကိုင်၏ ကျင့်ကြံခြင်းမှာ ဧကရာဇ်အဆင့်သို့ ရောက်နေပြီ ဖြစ်သည့်အတွက်ကြောင့် ကျန်းရို့ရှီ တာအိုသခင်တတိယအဆင့်သို့ ရောက်နေသည်မှာ မယုံကြည်နိုင်စရာကိစ္စတစ်ခုတော့ မဟုတ်တော့ချေ။
“ဟုတ်တယ်၊ တကယ် ရောက်နေတာ” ရန်ကိုင်က ခေါင်းညိတ်ပြလိုက်သည်။
“ကောင်းတယ်၊ ကောင်းတယ်၊ ကောင်းတယ်။ ကောင်းကင်က ငါတို့ ကျန်းမိသားစုကို ပစ်ပယ်မထားဘူးပဲ။ နောက်ဆုံး ငါတို့ကျန်းမိသားစုက တာအိုသခင်တတိယအဆင့် ပညာရှင်တစ်ဦးကို မွေးထုတ်နိုင်ခဲ့ပြီ” နင်စုဝမ်မှာ အလွန်ကိုမှ စိတ်လှုပ်ရှားနေခဲ့သည်။ အဖွားအိုကျန်းသည်ပင်လျှင် တပြုံးပြုံး ဖြစ်နေလေသည်။ အခြားသော ကျန်းမိသားစုဝင်များမှာလည်း ဝမ်းသာအားရ ဖြစ်နေကြလေ၏။
တာအိုသခင်တတိယအဆင့်သည် သူတို့အမြင်တွင်တော့ ဘယ်တော့မှ မရောက်နိုင်သည့် အဆင့်တစ်ခု ဖြစ်ပါသော်ငြား ယခုမျိုးဆက်တွင်တော့ ကျန်းမိသားစုသည် ထိုအဆင့်သို့ ရောက်နေသည့် ပညာရှင်တစ်ဦးကို မွေးထုတ်နိုင်ခဲ့လေပြီ။
ထိုလူများ ပြောနေသည်ကို နားထောင်ရင်း ကျန်းရို့ယု၏ ခေါ်သည့် ကောင်မလေး၏ မျက်လုံးထဲ အရောင်တလက်လက် တောက်ပလာခဲ့လေသည်။
“ကျုပ်အခု ကျန်းမိသားစုဆီကို လာခဲ့တာ အဖွားတို့နဲ့ တိုင်ပင်စရာ ကိစ္စလေးတစ်ခု ရှိလို့ပဲ” ရန်ကိုင်သည် အကုန်လုံး စိတ်ငြိမ်သွားမည့် အချိန်လောက်အထိ စောင့်ပြီးနောက် ပြောလိုက်လေ၏။
“ပြောစရာရှိရင် ပြောသာပြောလိုက်၊ ဘာမှအားနာမနေနဲ့။ ငါတို့ ကျန်းမိသားစု တတ်နိုင်တဲ့ ဘောင်အတွင်းကဆို ကျိန်းသေ သဘောတူပေးမယ်” နင်စုဝမ်က အမြန် ပြန်ပြောလိုက်လေသည်။ သူမတို့ ငြင်းနိုင်သည်မှလည်း မဟုတ်လေဘဲ။ ဧကရာဇ်အဆင့် ပညာရှင်တစ်ဦးမှ တောင်းဆိုနေသည်ကို သူမတို့က ငြင်းရမည်လား။
ရန်ကိုင်က ပြောလိုက်သည် “ကျုပ်ခင်ဗျားကို တစ်နေရာဆီ ခေါ်သွားချင်တယ်”
“ဘယ်နေရာလဲ” နင်စုဝမ်က ချက်ချင်း ပြန်မေးလိုက်သည်။
“ကျုပ်ဂိုဏ်းပဲ” ရန်ကိုင်က ဆက်ပြောလိုက်သည် “အဲ့နေရာက တော်တော်လေး လုံခြုံတယ်။ ပတ်ဝန်းကျင်ကလည်း စိတ်ဝိဥာဉ်ရေကန်နန်းတော်လိုပဲ၊ ကျင့်ကြံဖို့ အရမ်းသင့်တော်တယ်။ ခင်ဗျားတို့သာ အဲ့ကို သွားမယ်ဆို ကျင့်ကြံဖို့အတွက် နေရာကောင်းတစ်ခု မရှိမှာကို စိတ်ပူနေစရာ မလိုတော့ဘူး။ ပြီးတော့ အဲ့မှာ ကျန်းမိသားစုဝင်တွေကို သင်ကြားပေးနိုင်တဲ့ လူတွေလည်းရှိတယ်။ ကျင့်ကြံဖို့အတွက် အရင်းအမြစ်တွေကလည်း အများကြီးပဲ”
ရန်ကိုင် ပြောလိုက်သည့် စကားတစ်ခွန်းချင်းစီတိုင်းသည် ကျန်းမိသားစုဝင်များ၏ မျက်လုံးများကို တစ်စထက်တစ်စ ပိုမို တောက်ပလာစေခဲ့လေသည်။
“အဲ့လိုနေရာမျိုး ရှိတာလား” နင်စုဝမ် အတွေးနက်သွားခဲ့လေသည်။
“ရို့ရှီလည်း… အဲ့မှာ ရှိနေတာလား” အဖွားအိုကျန်းက မေးလိုက်သည်။
“အခုတော့ မရှိသေးဘူး။ နောင်ကျရင်တော့ ရှိလာလိမ့်မယ်” ရန်ကိုင်က ပြန်ပြောလိုက်သည်။
“အဲ့ဒါဆို ငါသဘောတူတယ်။ နင့်ရဲ့ စေတနာကို ငါတို့က တန်ဖိုးမထားလို့ ဘယ်ဖြစ်ပါ့မလဲ”
နင်စုဝမ်ကလည်း ခေါင်းညိတ်လိုက်လေသည်။ သူတို့ သွားရမည့်နေရာသည် ရန်ကိုင် ပြောသည့်အတိုင်းသာ ဖြစ်မည်ဆိုပါက သူတို့အတွက် အလွန်ကိုမှ အကျိုးများပေလိမ့်မည်။ လတ်တလောတွင် ကျန်းမိသားစုမှာ ငြိမ်းချမ်းနေပါသော်ငြား မေပယ်မြို့နှင့် စိတ်ဝိဥာဉ်ရေကန်မြို့တော်သို့ လာရောက်နေသည့် ပညာရှင်ပေါင်း များစွာရှိနေသည့်အတွက်ကြောင့် တစ်နေ့နေ့တွင် ထိုပညာရှင်များမှ တစ်ယောက်သည် သူတို့ ကျန်းမိသားစုအား မျက်စိကျလာခဲ့သည်ရှိသော်၊ သူတို့အား ကာကွယ်ပေးမည့် လူတစ်ဦးဦးသာ ရှိမနေပါက ကျန်းမိသားစုတစ်ခုလုံး ပျက်စီးသွားရနိုင်ပေသည်။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၇၅၂)
ဘာသာပြန်သူ_တိမ်တိုက်
“ဂရုစိုက်နော် ခဲအို… ပြီးရင်လည်း ကျွန်မတို့ကို မြန်မြန် ပြန်လာခေါ်ဦးနော်…”
ရုတ်တရက် သူ့နောက်မှ ထွက်ပေါ်လာသည့် ကျန်းရို့ယု၏အသံကြောင့် မေပယ်မြို့ဆီသို့ ဦးတည်ပျံသန်းသွားနေသောရန်ကိုင် ကောင်းကင်ပေါ်မှ ပြုတ်ကျခါနီး ဖြစ်သွားခဲ့ရလေသည်။
သူနှင့် ရို့ရှီကြား တစ်ခုခုဖြစ်နေသည်ဟု ကျန်းရို့ယု အတည်ပေါက် မှတ်ယူထားသည့်ပုံပင်။
ရန်ကိုင်သည် ကျန်းမိသားစုဝင်များနှင့် စကားများများစားစား မပြောခဲ့။ အဖွားအိုကျန်းနှင့် ဆွေးနွေးတိုင်ပင်ပြီးသည့်နောက် သူတို့အား ထွက်ခွာရန် အဆင်သင့်ပြင်ထားဖို့ ပြောခဲ့လေသည်။ သို့သော်ငြား ရန်ကိုင်တွင် ဖြေရှင်းရမည့်ကိစ္စလေးများ ရှိနေသေးသည့်အတွက်ကြောင့် ချက်ချင်း ထွက်သွား၍ မရသေးပေ။ ထို့အတွက်ကြောင့် ကျန်းမိသားစုဝင်များအား သူလာခေါ်မည့် အချိန်အထိ စောင့်နေပေးရန် ပြောခဲ့လေသည်။
ထွက်မသွားခင် ရန်ကိုင်သည် လိုရမယ်ရ တစ်ခုခုဖြစ်လာခဲ့သည်ရှိသော် အချိန်မရွေး ကာကွယ်ပေးနိုင်ရန်အတွက် သွေးသားရဲရှစ်ကောင်ကို ကျန်းမိသားစု၌ ချန်ထားရစ်ခဲ့လေသည်။
ထိုသွေးသားရဲများသည် ရန်ကိုင် အားနည်းစဉ်အခါက ဖန်တီးထားခဲ့သည့် အကောင်များ ဖြစ်ကြလေသည်။ သူ့ခွန်အားတိုးတက်လာသည့်အလျောက် ထိုသွေးသားရဲများမှာ သူ့အတွက် အသုံးမဝင်တော့ချေ။ သို့သော်ငြား ထိုသွေးသားရဲများမှာ တာအိုသခင်အဆင့် ကျင့်ကြံခြင်းခွန်အားကို ပိုင်ဆိုင်ထားသည့်အတွက်ကြောင့် ကျန်းမိသားစုဝင်များအတွက်တော့ အလွန်ကိုမှ အသုံးဝင်ပေသည်။
ဧကရာဇ်အဆင့်ပညာရှင်တစ်ဦးသည်သာ ကျန်းမိသားစုအား လာပြဿနာမရှာပါက ထိုသွေးသားရဲများသည် လတ်တလောတွင် ကျန်းမိသားစုအား ကာကွယ်ပေးထားနိုင်ပေသည်။ သို့သော်ငြား လိုရမယ်ရ တစ်ခုခု ဖြစ်လာခဲ့သည်ရှိသော် သူ့ဘက်မှ အချိန်မရွေး တုံ့ပြန်နိုင်စေရန်အတွက် ပြဿနာတစ်ခုခုနှင့် ကြုံရပါက သူ့အား ဆက်သွယ်ရန် ကျန်းမိသားစုဝင်များကို ပြောထားခဲ့လေသည်။
နှစ်အတော်ကြာသွားပြီးသည့်နောက် မေပယ်မြို့မှာ အမှန်တကယ်ကို ပြောင်းလဲသွားခဲ့သည်။
ဥပမာပြရသော် စိတ်ဝိဉာဉ်ရေကန်နန်းတော်ပင်။ တာအိုသခင်အဆင့် ကျင့်ကြံသူများကို နေရာအနှံ့တွင် မြင်လာရလေသည်။ ဧကရာဇ်အဆင့်ပညာရှင်များမှာလည်း ကောင်းကင်ထက် ဟိုမှသည်သို့ ကူးကလန်ခတ် ပျံသန်းနေကြသည်။ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့များမှာ ထိုလူများအား သွားပြဿနာမရှာရဲခဲ့ပေ။
ရန်ကိုင်သည် ချင်းမိသားစုဝင်များ နားနေရာဆီသို့ ဦးတည်သွားလေ၏။
ရန်ကိုင်ရောက်လာသည်ကိုမြင်သော် ဂိတ်ပေါက်ဝတွင် ရပ်စောင့်နေသော လူငယ်လေးက ရန်ကိုင်အား တလေးတစားဖြင့် မေးလိုက်လေသည်။ “ဆရာ… ဆရာ ဘယ်သူ့ကို ရှာနေလဲ သိလို့ရမလား…”
“ချင်းကျောင်းရန်… ချင်းမိသားစုခေါင်းဆောင်ပဲ… ငါ သူ့ကို လာရှာတာ…” ရန်ကိုင်က ပြန်ပြောလိုက်သည်။
“မိသားစုခေါင်းဆောင်ကို တွေ့ချင်တာလား…” လူငယ်လေး ကြောင်သွားခဲ့ပြီး သတိထား၍ ပြန်မေးလိုက်လေသည်။ “ဆရာ့ရဲ့နာမည်ကို သိလို့ရမလား…”
“မျိုးရိုးနာမည်ရန်နဲ့ လူတစ်ယောက် လာတွေ့တယ်လို့သာ ပြောလိုက်…”
လူငယ်လေးမှာ ခေါင်းညိတ်၍ ချက်ချင်းပဲ အိမ်တော်ထဲသို့ ဝင်သွားလေသည်။
ရန်ကိုင်သည် ချင်းမိသားစုအိမ်တော်အပြင်ဘက်တွင် လက်နောက်ပစ်လျက် ရပ်နေခဲ့သည်။ သို့သော်ငြား အတန်ကြာသည့်တိုင်အောင် မည်သူမှ ထွက်မလာကြသဖြင့် မျက်မှောင်ကြုတ်လျက် ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်၍ ချင်းမိသားစုအား စစ်ဆေးကြည့်လိုက်လေသည်။
ရန်ကိုင်စစ်ဆေးကြည့်ရသလောက် ချင်းမိသားစုသည် ယခင်နှင့် အတူတူသာ ဖြစ်နေသေးပြီး ဘာမှ ပြောင်းလဲသွားခြင်း မရှိသေးချေ။ မေပယ်မြို့ တိုးတက်လာခဲ့ပါသော်ငြား ချင်းမိသားစုမှာတော့ မေပယ်မြို့၏ တိုးတက်မှုမှ မည်သည့်အကျိုးကျေးဇူးကိုမှ ရရှိခဲ့သည့် ပုံမပေါ်။ သို့သော်ငြား ထိုသို့ဖြစ်သည်မှာလည်း အထူးအဆန်းတော့မဟုတ်။ ချင်းမိသားစုသည် မိသားစုငယ်လေး တစ်ခုသာလျှင် ဖြစ်သည် မဟုတ်ပေလော။ မေပယ်မြို့မှာ တဟုန်ထိုး တိုးတက်လာခြင်း ဖြစ်လေရာ ချင်းမိသားစုအနေဖြင့် မေပယ်မြို့ ထိုကဲ့သို့ တိုးတက်လာခြင်းမှ အကျိုးကျေးဇူးများစွာရရန် ခက်ခဲလှပေသည်။
သို့သော်ငြား အကြမ်းဖျင်းအားဖြင့် ချင်းမိသားစုဝင်များ၏ ကျင့်ကြံခြင်းမှာတော့ တိုးတက်လာခဲ့ရပေသည်။ ထိုသို့ဖြစ်ရခြင်းမှာ မေပယ်မြို့၏ မိုးမြေစွမ်းအင် ပိုမိုသိပ်သည်းလာသည့် အတွက်ကြောင့်လည်း ပါပေ၏။
(ချင်းယုလား…)
ရုတ်တရက်ဆိုသလို ရန်ကိုင်သည် လျှို့ဝှက်ခန်းတစ်ခန်းထဲတွင် ချင်းယုကို တွေ့သွားခဲ့လေသည်။ နှစ်အတော်ကြာအောင် မမြင်လိုက်ရသည့်နောက် ဤကောင်မလေးမှာ တာအိုသခင်ဒုတိယအဆင့်သို့ပင် ရောက်နေခဲ့သည်။ ယခင်ကကဲ့သို့ အားနည်းဖျော့တော့နေခြင်း မရှိတော့ဘဲ အတော်လေးကိုမှ တက်တက်ကြွကြွ ဖြစ်နေကာ သူမ၏အသားအရေမှာလည်း ပန်းရောင်သန်းနေခဲ့လေသည်။ လက်ရှိအချိန်တွင် ချင်းယုမှာ တံခါးပိတ်ကျင့်စဉ်ဝင်နေခြင်း ဖြစ်လေသည်။
လောကကပ်ဘေးခန္ဓာကိုယ်ဆိုသည့်အတိုင်း အန္တရာယ်ကို ဖြတ်ကျော်ပြီးသည့်နောက်တွင် ကြီးမားသောအခွင့်အလမ်းမှာ သူမအား စောင့်ကြိုနေခဲ့လေပြီ။
ကျင့်ကြံနေသော ချင်းယုသည် ရုတ်တရက် တစ်ခုခုအား အာရုံခံမိလိုက်သည့်အလား မျက်လုံးပွင့်လာခဲ့လေသည်။ ထို့နောက်တွင် သူမ၏အကြည့်သည် ရန်ကိုင်ရှိနေရာဆီသို့ အတားအဆီးပေါင်းများစွာကို ဖြတ်ကျော်လျက် တမုဟုတ်ချည်း ရောက်ရှိလာခဲ့လေ၏။ တစ်ချိန်တည်းတွင် အရာအားလုံးကို ထိုးဖောက်မြင်နိုင်သည့်အလား သူမ၏မျက်လုံးထဲ ဆန်းကြယ်နက်နဲသည့် အလင်းရောင်တစ်ချက် ဖြတ်ပြေးသွားခဲ့လေသည်။
ကောင်းကင်ကံကြမ္မာမျက်လုံးပင်။
ရန်ကိုင် ကြောင်သွားခဲ့ပြီး သူ့ကောင်းကင်စိတ်အာရုံဖြင့် သူ့ကိုယ်သူ အလျင်အမြန် လွှမ်းခြုံ၍ ချင်းယု သူ့ကို မမြင်အောင် ပုန်းကွယ်နေလိုက်လေသည်။
တာအိုသခင်ဒုတိယအဆင့်သို့ ရောက်နေသော ချင်းယုသည်သာ ရန်ကိုင်မှ သူမအား ချောင်းကြည့်နေကြောင်းကို မြင်သွားပါက ရန်ကိုင်အနေဖြင့် မည်သည့်မျက်နှာဖြင့် သူမအား သွားရောက်ရင်ဆိုင်ရပါတော့မည်နည်း။
ချင်းယု၏ ပြောင်းလဲမှုများမှာ ရန်ကိုင်အား အတော်လေးကိုမှ ထိတ်လန့်သွားစေခဲ့လေသည်။ သူမ၏ကျင့်ကြံခြင်းသာလျှင် တိုးတက်လာခြင်းမဟုတ်။ ကောင်းကင်ကံကြမ္မာမျက်လုံး၏ စွမ်းအားမှာလည်း ယခင်ကထက်ကို ပိုမို အားကောင်းလာခဲ့လေသည်။
ရန်ကိုင်သည် အလွန်တရာကိုမှ အားကောင်းလှသည့် စိတ်စွမ်းအားကို ပိုင်ဆိုင်ထားသည့် ဧကရာဇ်အဆင့် ပညာရှင်တစ်ဦး ဖြစ်ပါသော်ငြား သူမှ မသိမသာလေး ချောင်းကြည့်နေသည်ကို ချင်းယုမှ သတိပြုမိသွားခဲ့လေသည်။ ချင်းယု၏ ကျင့်ကြံခြင်းသည်သာ ယခုထက်ပိုမို မြင့်မားလာမည်ဆိုပါက သူမ မည်မျှပင် အားကောင်းလိုက်လေမည်နည်း။
ထို့နောက်တွင် ရန်ကိုင်သည် သူ့ကောင်းကင်စိတ်အာရုံဖြင့် ချင်းမိသားစု၏ အခြားသောနေရာများကို လိုက်ပတ်ကြည့်လေသည်။
သူမ၏လျှို့ဝှက်ခန်းထဲတွင် ချင်းယုမှာ မယုံသင်္ကာဖြစ်နေသည့် အမူအယာဖြင့် မျက်မှောင်ကြုတ်ကာ ထိုင်နေလေ၏။
အစောပိုင်းက လူတစ်ဦးဦးမှ သူမအား ကြည့်နေသည်ကို သူမစိတ်ထဲ ကျိန်းသေ ခံစားမိလိုက်ရသည်။ သို့သော်ငြား ထိုအကြည့်အား လိုက်ဖမ်းလိုက်သည့်အခါ ထိုအကြည့်မှာ ရုတ်တရက်ဆိုသလို ပျောက်ချင်းမလှ ပျောက်ကွယ်သွားခဲ့လေ၏။ ထိုသို့ဖြစ်ရသည့် အကြောင်းအရင်းနှစ်ချက်ရှိသည်။ ပထမတစ်ချက်မှာ သူမဘက်မှ ထင်ယောင်ထင်မှား ဖြစ်နေခြင်းသာ ဖြစ်လေသည်။ အခြားတစ်ချက်မှာတော့ ထိုကျင့်ကြံသူ၏ ကျင့်ကြံခြင်းမှာ အလွန်တရာကိုမှ မြင့်မားလွန်းနေသည့်အတွက်ကြောင့် သူမဘက်မှ စစ်ဆေးကြည့်သည့်တိုင် ရှာမတွေ့ခြင်း ဖြစ်လေသည်။
တစ်ဖက်လူ၏ ကျင့်ကြံခြင်းသည် သူမထက် ပိုမိုမြင့်မားနေခြင်းသာ ဖြစ်ရလိမ့်မည်ဟု ချင်းယု တွေးလိုက်လေသည်။ တကယ်တော့ ယခုအချိန်တွင် မေပယ်မြို့ထဲသို့ ပညာရှင်ပေါင်းများစွာ ရောက်လာကြသည် မဟုတ်ပေလော။ ထိုပညာရှင်များသည် သူတို့၏ကောင်းကင်စိတ်အာရုံကို လက်လွတ်စပယ် ဖြန့်ကျက်တတ်ကြပေသည်။ ထို့အတွက်ကြောင့်ပင်လျှင် ထိုလူ၏ကောင်းကင်စိတ်အာရုံမှာ သူမဆီသို့ ရောက်ရှိလာရခြင်း ဖြစ်လေသည်။ ထို့အပြင် သူမအား လာရောက်စစ်ဆေးသွားသည့် ကောင်းကင်စိတ်အာရုံထဲ မည်သည့် ရန်လိုသည့် အငွေ့အသက်မှ ကိန်းအောင်းနေခြင်း မရှိသည့် အတွက်ကြောင့် ချင်းယုလည်း အရမ်းကြီး ဂရုစိုက်မနေတော့ချေ။
“ဆရာလော့… ဒီချင်း တကယ်ကို မတတ်နိုင်လို့ပါဗျာ… ကျေးဇူးပြုပြီး နောက်ထပ် ရက်နည်းနည်းလောက် အချိန်ပေးလို့ရမလား…” ရန်ကိုင်၏ကောင်းကင်စိတ်အာရုံ တစ်ခုသောအခန်းဆီသို့ ရောက်သွားချိန် ချင်းကျောင်းရန်ကို တွေ့လိုက်ရလေသည်။ သို့သော်ငြား လက်ရှိအချိန်တွင် ချင်းကျောင်းရန်မှာ ခါးသက်သက်အမူအယာဖြင့် သားသားနားနား ဝတ်စားထားသော လူတစ်ဦးအား တောင်းဆိုနေခဲ့လေသည်။
ထိုလူ၏ဘေးတွင်တော့ ကတုန်ကယင်ဖြင့် ရပ်နေသော ဖြူဖတ်ဖြူလျော်ဖြစ်နေသည့် အစေခံမလေးနှစ်ဦး ရှိနေခဲ့လေသည်။
“မတတ်နိုင်ဘူး ဟုတ်လား…” မျိုးရိုးနာမည်လော့နှင့် လူငယ်လေးသည် ချင်းကျောင်းရန်အား ကြည့်လျက် “ခင်ဗျားမတတ်နိုင်ရင်လည်း တတ်နိုင်အောင်လုပ်ဗျာ… သူများဆီက သွားခိုးတာပဲဖြစ်ဖြစ် ဓါးပြတိုက်တာပဲဖြစ်ဖြစ် ရအောင်သာလုပ်ခဲ့… ဒီလောက်ရိုးရှင်းတာလေးကိုတောင် ကျုပ်ကိုယ်တိုင် ခင်ဗျားကို လိုက်သင်ပေးနေရမှာလား…”
ချင်းကျောင်းရန်၏အမူအယာ ပြောင်းလဲသွားခဲ့ပြီး ချက်ချင်းပဲ ပြန်ပြောလိုက်လေ၏။ “ကျုပ် ဘယ်လိုလုပ်ပြီး အဲ့လိုမျိုး လုပ်လို့ဖြစ်ပါ့မလဲ…”
“မလုပ်နိုင်ဘူးလား…” မျိုးရိုးနာမည်လော့နှင့် လူငယ်လေးသည် သူ့ဘေးနားတွင် ရှိနေသော အစေခံမလေးနှစ်ဦးကိုကြည့်၍ အော်ပြောလိုက်လေသည်။ “ခင်ဗျားရဲ့ခွေးမျက်လုံးကို သေချာပြူးနေအောင် ဖွင့်ပြီးတော့ ခင်ဗျား ဒီနေ့ပို့လိုက်တဲ့ ပြည့်တန်ဆာမနှစ်ယောက်ကို သေချာကြည့်စမ်း… ဒီသခင်လေးက ဒီလိုမိန်းမပျက်မတွေနဲ့ ပျော်ပါးရမှာလား…”
ထိုလူငယ်လေး၏ လက်ညှိုးငေါက်ငေါက်ထိုးခြင်း ခံလိုက်ရသည့်အခိုက် ကျင့်ကြံခြင်းအဆင့်နိမ့်သော အစေခံမလေးနှစ်ဦးစလုံးမှာ ဖြူဖတ်ဖြူလျော် ဖြစ်သွားကြပြီး ချက်ချင်း ဒူးထောက်ကျသွားခဲ့လေသည်။ ထိုလူငယ်လေးကို အလွန်ကိုမှ ကြောက်ရွံ့နေသည့်အလား သူမတို့၏ ခန္ဓာကိုယ်မှာလည်း တဆတ်ဆတ်ကို တုန်ရီနေခဲ့လေသည်။
ချင်းကျောင်းရန်မှာတော့ သူ့ရင်ထဲ ခါးသက်သက် ခံစားနေခဲ့ရသည်။ လက်ရှိအချိန်တွင် သူ့မျက်နှာအား တံတွေးပေါက်ပေါက်စင်အောင် သူ့အား အော်ငေါက်နေသော လူငယ်လေးသည် ဝါစဉ်အရဆိုလျှင် သူ့မြေးအရွယ်လောက်သာ ရှိပေသေးသည်။ သို့သော်ငြား တစ်ဖက်လူမှ သူ့အပေါ် ဤကဲ့သို့ ဆူပူမာန်မဲနေသည့်တိုင် ချင်းကျောင်းရန်မှာတော့ ဘာမှ ပြန်မပြောနိုင်ခဲ့ပေ။ သူခေါ်လာသည့် အစေခံမလေးနှစ်ဦးမှာလည်း ရုပ်ရည် ဤမျှမဆိုးလှ။ အတော်လေးကိုမှ ချောသည်ဟုပင် ပြော၍ရသည်။ သို့သော်ငြား မျိုးရိုးနာမည်လော့နှင့် လူငယ်လေးမှာတော့ ထိုကဲ့သို့သောလူများကို မလိုချင်ခဲ့။ အဆင့်အတန်းမြင့်မြင့်နှင့် အမျိုးသမီးကိုမှ လိုချင်နေသည်။ ထို့အပြင် ပိုဆိုးသည်မှာ ဤလူငယ်လေးသည် ပုံစံမတူသည့် အမျိုးသမီးအသစ်တစ်ဦးကို နေ့တိုင်း ထိုင်တောင်းနေခြင်းပင်။
ချင်းမိသားစုထဲတွင် ရှိနေသည့် ရုပ်ချောချော အစေခံမလေးအားလုံးမှာ သူ့လက်ချက်နှင့်ပင် အပျိုရည်ပျက်ကုန်ကြရလေပြီ။ ချင်းကျောင်းရန်မှာလည်း နည်းလမ်းမရှိတော့သည့်အဆုံး ချင်းမိသားစုအပြင်ဘက်မှ အစေခံမလေးများကို ခေါ်လာပေးခဲ့ပါသော်ငြား ဤလူငယ်လေး၏အလိုကို မလိုက်နိုင်ခဲ့ပေ။
“ကြည့်ရတာ ခင်ဗျားတို့ချင်းမိသားစုက ဒီသခင်လေးရဲ့ အကူအညီကို မလိုချင်တော့ဘူးနဲ့တူတယ်… ကောင်းပြီလေ… အဲ့လိုဆိုမှတော့ ဒီသခင်လေးလည်း ဂရုမစိုက်ရုံပေါ့… ဒါပေမယ့် တုမိသားစု ဘယ်လိုဖြစ်သွားလဲ ဆိုတာကို မိသားစုခေါင်းဆောင်ချင်း ကျုပ်ထက် ပိုသိမယ်လို့တော့ ထင်ပါတယ်…” ထိုသို့ပြောပြီးသည့်နောက် မျိုးရိုးနာမည်လော့နှင့် လူငယ်လေးသည် ထွက်သွားရန် လုပ်လိုက်လေသည်။
ချင်းကျောင်းရန်၏အမူအယာ ပြောင်းလဲသွားခဲ့ပြီး အလျင်စလို လှမ်းတားလိုက်လေသည်။ “ဆရာလော့… ကျေးဇူးပြုပြီး နေပါဦး…”
လူငယ်လေးက အေးစက်စက်အမူအယာဖြင့် နှာခေါင်းရှုံ့လျက် “ခင်ဗျား ဘာပြောချင်နေသေးတာလဲ…”
ချင်းကျောင်းရန်က အကြပ်ရိုက်နေသည့် အမူအယာဖြင့် “ကျေးဇူးပြုပြီး ဆရာလော့ရယ်… ကျုပ်ကို နှစ်ရက်လောက်ပဲ အချိန်ပေးပါ… မဟုတ်ဘူး မဟုတ်ဘူး… တစ်ရက်ပဲ… ဒီချင်း တစ်ရက်အတွင်း ဆရာလော့တောင်းဆိုတာကို ကျိန်းသေ ဖြည့်ဆည်းပေးမယ်…”
ထိုစကားကိုကြားသော် မျိုးရိုးနာမည်လော့နှင့်လူငယ်လေးက သက်ပြင်းချလျက် “မိသားစုခေါင်းဆောင်ချင်း… ဒီသခင်လေး ခင်ဗျားတို့ချင်းမိသားစုမှာ လာနေတာလည်း ခဏလေးပဲမဟုတ်တော့ဘူး… ဒီသခင်လေး ဒီမှာ လာနေပြီးကတည်းက ခင်ဗျားတို့မိသားစုကို ဘယ်သူ လာပြဿနာရှာဖူးလို့လဲ…”
“ဘယ်သူမှ မရှာဖူးပါဘူး…” ချင်းကျောင်းရန်က အမြန်ပြန်ဖြေလိုက်လေသည်။ ဤလူငယ်လေးမှာ တကယ်ကို ပြောရဆိုရ လက်ပေါက်ကပ်လှသည့် လူစားမျိုးဖြစ်သည်။ ထို့အပြင် အလွန်ကိုမှလည်း တဏှာကြီးလွန်းလှသည်။ တစ်နေ့လျှင် သူ့ခမျာ မိန်းမတစ်ယောက်မရပါက စားမဝင် အိပ်မပျော်နိုင်။ ချင်းမိသားစုသည် မိသားစုကြီးတစ်ခု မဟုတ်ပါသော်ငြား သူတို့လက်ရှိခွန်အားနှင့် အဆက်အသွယ်အရ အစေခံမိန်းမချောလေးများကို ရှာဖွေနိုင်ပေသေးသည်။
သို့သော်ငြား ပြဿနာမှာမူကား ဤကောင်၏အကြိုက်မှာ တစ်နေ့တစ်မျိုး မရိုးရအောင် ပြောင်းနေခြင်းပင်။ ယနေ့ သူတို့အနေဖြင့် အစေခံမချောချောလှလှလေးနှစ်ယောက် ပို့လိုက်လိမ့်မည် ဖြစ်ပါသော်ငြား နောက်တစ်နေ့တွင် ဤကောင်သည် နောက်ထပ် မိန်းမချောများကို ထပ်မံတောင်းဆိုလာပေလိမ့်မည်။
သို့ရာတွင် သူပြောသည်မှာလည်း လုံးဝကို မှန်ပေသည်။ သူ ချင်းမိသားစုဆီသို့ ရောက်လာပြီးသည့်အချိန်မှစ၍ မည်သူမျှ ချင်းမိသားစုအား လာပြဿနာမရှာတော့ပေ။ သို့သော်ငြား တုမိသားစုမှာမူ ပညာရှင်တစ်ဦးကို ရန်စမိသွားခဲ့ပြီး အပြီးတိုင် ဖျက်ဆီးခြင်း ခံလိုက်ရလေသည်။ လူတစ်ရာမကရှိသော မိသားစုတစ်ခုသည် လူမှားရန်စမိလိုက်သည့်အတွက်ကြောင့် ညတွင်းချင်း တစ်မိသားစုလုံး ကျူပင်ခုတ် ကျူငုတ်မကျန် သုတ်သင်ရှင်းလင်းပစ်ခြင်း ခံလိုက်ရလေသည်။
မေပယ်မြို့သည် စိတ်ဝိဉာဉ်ရေကန်မြို့တော်ကဲ့သို့ စည်းကမ်းတင်းကြပ်ခြင်း မရှိပေ။ ဤနေရာတွင် မြို့တစ်ခုလုံးကို စောင့်ကြပ်ပေးနေသည့် မြို့သခင်စံအိမ် ရှိနေပါသော်ငြား မြို့သခင်စံအိမ်သည် အားကောင်းလှသောပညာရှင်များကို မည်ကဲ့သို့များ သွားတားရဲပါမည်နည်း။ ပညာရှင်ပေါင်းများစွာသည် မြို့သခင်စံအိမ်ကို အရေးပင်မစိုက်ချေ။ သူတို့စိတ်ကြိုက်သာ ပြုမူကြလေသည်။
ထိုအကြောင်းကြောင့်ပင်လျှင် မေပယ်မြို့ထဲရှိ မိသားစုများသည် သူတို့မိသားစုများ ဆက်လက်တည်ရှိနိုင်ရေးအတွက် ခွန်အားနှင့်နောက်ခံ အတန်အသင့်ကို ပိုင်ဆိုင်ထားကြသော ကျင့်ကြံသူများအား သူတို့မိသားစုထဲသို့ ဖိတ်ခေါ်၍ နေခိုင်းရလေသည်။ သို့သော်ငြား ပြန်ပေးရသည့် တန်ရာတန်ကြေးမှာလည်း မသေးလှ။ ချင်းမိသားစုအဖို့ ပြန်ပေးရသည့်တန်ကြေးမှာ အတော်လေးကိုမှ သက်သာသည်ဟု ပြော၍ရပေသည်။ သူတို့ပေးရသည်မှာ မိန်းမချော၊ အစေခံလှလှလေးများ ပို့ပေးရန်သာ ဖြစ်လေသည်။ အခြားမိသားစုများမှာမူကား သူတို့မိသားစု၏ နှစ်စဉ်ဝင်ငွေ ခုနှစ်ဆယ်ရာခိုင်နှုန်းကို သူတို့၏ ကာကွယ်သူများဆီသို့ ပေးရလေသည်။ ထိုနည်းလမ်းမှာတော့ သူတို့၏မိသားစုများအတွက် တကယ်ကို အိပ်မက်ဆိုးပင်။
“မိသားစုခေါင်းဆောင်ချင်းက နားလည်တတ်တဲ့သူပဲ…” မျိုးရိုးနာမည်လော့နှင့်လူငယ်လေးက ပြုံးလျက် ချင်းကျောင်းရန်၏ပုခုံးကို ပုတ်ရင်း “ဒီသခင်လေးမှာ အကြံတစ်ခုရှိတယ်… မိသားစုခေါင်းဆောင်ချင်း နားထောင်ချင်မလားတော့ မသိဘူး…”
ထိုစကားကိုကြားလိုက်သည့်အခိုက် ချင်းကျောင်းရန် ရင်တဒုန်းဒုန်း ခုန်သွားခဲ့ပြီး သူ့စိတ်ထဲ မကောင်းသည့် ခံစားချက်တို့ ရလာလေသည်။ သို့သော်ငြား မတတ်နိုင်သဖြင့် အံကြိတ်၍သာ ပြန်ပြောလိုက်လေသည်။ “သခင်လေးလော့ ပြောပါ…”
မျိုးရိုးနာမည်လော့နှင့် ကျင့်ကြံသူက အဓိပ္ပာယ်ပါပါပြုံးလျက် တိုးတိုးလေး ပြောလိုက်လေသည်။ “မိသားစုခေါင်းဆောင်ချင်းမှာ အဟမ်း… မြေးမလေးတစ်ယောက် ရှိတယ်မလား… သူသာ…”
“အဲ့ဒါတော့ မရဘူး…” ချင်းကျောင်းရန်က ချက်ချင်း ငြင်းဆိုလိုက်လေသည်။ ဤတဏှာကြီးလွန်းသည့် ကောင်ကြောင့်သာလျှင် သူသည် ချင်းယုအား အပြင်သို့ ထွက်မလာခိုင်းခဲ့ဘဲ တစ်ချိန်လုံး တံခါးပိတ်ကျင့်စဉ်ဝင်နေခိုင်းခဲ့ခြင်း ဖြစ်လေသည်။ သို့သော်ငြား ဤတဏှာကောင်သည် သူ့ဘက်မှ ထိုမျှ ကာကွယ်ထားသည့်တိုင် သူ့မြေးမလေးအပေါ် မျက်စိကျလာလိမ့်မည်ဟု ချင်းကျောင်းရန် မထင်ထားခဲ့ချေ။
ရန်ကိုင်မှ ဥတုလေးမျိုးနယ်မြေထဲမှ ပြန်ရောက်လာပြီး ကပ်ဘေးအသီးကို ယူဆောင်လာပြီးချိန်မှစ၍ ချင်းယုကြုံနေရသည့် လောကကပ်ဘေးခန္ဓာကိုယ်နှင့် ပတ်သက်သော အန္တရာယ်မှာ ပျောက်ကွယ်သွားခဲ့ရလေသည်။ ထိုအချိန်မှစ၍ ချင်းယုသည် ကျင့်ကြံရာတွင် သူမ မည်မျှ ထူးချွန်ကြောင်းကို စတင် ပြသတော့လေသည်။ နှစ်အနည်းငယ်အတွင်း ချင်းယုသည် တာအိုသခင်ဒုတိယအဆင့်သို့ တက်လှမ်းနိုင်ခဲ့လေသည်။ သူမအနေဖြင့် ဧကရာဇ်အဆင့်သို့ပင် ရောက်နိုင်ပေသေးသည်။
ချင်းမိသားစု၏အနာဂတ်မှာ ချင်းယု၏ပုခုံးပေါ်တွင် မူတည်နေလေသည်။ ထို့အပြင် ချင်းယုမှာ သူအလွန်ကိုမှ ချစ်မြတ်နိုးရသည့် မြေးမလေးတစ်ဦး ဖြစ်သည့်အတွက်ကြောင့် ချင်းကျောင်းရန်သည် သူ့မြေးမလေးအား ဤကောင်၏လက်ထဲသို့ မည်သည့်နည်းနှင့်မျှ ထည့်ပေးလိမ့်မည် မဟုတ်ချေ။
သူခေါ်လာပေးသည့် အစေခံမလေးများမှာမူ ချင်းကျောင်းရန်သည် သူတို့အား သူတို့မိသားစုထဲသို့ ခေါ်မလာခင် အကျိုးအကြောင်းကို အရင်ဆုံး ရှင်းပြလေသည်။ တစ်ဖက်လူမှ သဘောတူသည့်အခါမှသာ ချင်းမိသားစုထဲသို့ ခေါ်လာခဲ့ခြင်း ဖြစ်လေသည်။
ချင်းယုကမူ ဤကဲ့သို့သော တောင်းဆိုချက်မျိုးကို လုံးဝ သဘောတူလိမ့်မည် မဟုတ်ချေ။ ချင်းကျောင်းရန်ကိုယ်တိုင်ကလည်း သဘောတူလိမ့်မည်မဟုတ်။
“ဘာဖြစ်လို့လဲ…” လူငယ်လေး၏မျက်နှာ သုန်မှုန်သွားခဲ့လေသည်။
“အဲ့ဒါကတော့ မဖြစ်ဘူး… အဲ့ဒါကလွဲပြီးတော့ အခြားဟာပြော…” ချင်းကျောင်းရန်သည် သူ့လက်ကို ကမန်းကတန်း ဝှေ့ယမ်းနေခဲ့လေသည်။
ချင်းကျောင်းရန်၏ ငြင်းဆန်မှုသည် လူငယ်လေးအား ချက်ချင်းဆိုသလိုကို ဒေါသူပုန်ထသွားစေခဲ့ပြီး အော်ပြောလိုက်လေ၏။ “ခင်ဗျားက မရဘူးပြောပေမယ့် ဒီသခင်လေးကတော့ အဲ့ဒါနဲ့ပတ်သက်ပြီး ဘာပြဿနာမှ ရှိတယ်လို့ မမြင်ပါလား… စိတ်မပူနဲ့… ခင်ဗျားမြေးမလေးသာ သဘောတူမယ်ဆိုလို့ရှိရင် အကုန်လုံးက ပြီးသွားပြီ… ဒီတော့ ကျုပ်ကိုယ်တိုင် သူ့ကို သွားရှာမယ်… ခင်ဗျားဝင်ပါစရာ မလိုဘူး…”
ထိုသို့ပြောပြီးသည့်နောက်တွင် လူငယ်လေးသည် ချင်းယု မည်သည့်နေရာတွင် ရှိနေသလဲ ဆိုသည်ကို သိသည့်အလား အပြင်သို့ ထွက်သွားလေသည်။
ချင်းကျောင်းရန် ထိတ်လန့်သွားခဲ့ပြီး လူငယ်လေးအား လှမ်းတားရန် လုပ်လိုက်ပါသော်ငြား လူငယ်လေးကို မမိခဲ့ဘဲ လေကိုသာ ဖမ်းဆုပ်မိသွားခဲ့လေသည်။
မျိုးရိုးနာမည်လော့နှင့် လူငယ်လေးမှာ အခန်းတံခါးကို ဖွင့်၍ ထွက်သွားတော့မည်အပြု သူ့လမ်းကို တစ်ယောက်ယောက်မှ ပိတ်ထားကြောင်း တွေ့လိုက်ရလေသည်။
“ဘေးဖယ်…” မျိုးရိုးနာမည်လော့နှင့် လူငယ်လေးမှာ ချင်းယုအား သွားရှာရန် စိတ်လောနေသည့်အတွက်ကြောင့် ဤနေရာ၌ အနည်းငယ်မျှပင် နှောင့်နှေးနေရန် ဆန္ဒမရှိခဲ့ပေ။ ထို့အတွက်ကြောင့် သူ့လမ်းအား တစ်ယောက်ယောက်မှ ပိတ်နေသည်ကိုမြင်သော် ထိုလူအား ဖယ်ထုတ်ရန်အတွက် သူ့လက်ဝါးတစ်ချက်ကို ရိုက်ထုတ်လိုက်လေသည်။
သို့သော်ငြား သူ့လမ်းကို ပိတ်ထားသည့်လူမှာ တစ်ချက်ကလေးပင် မရှောင်ခဲ့။ ထို့အစား သူ့လက်ကိုမြှောက်၍ လက်ညှိုးဖြင့် မျိုးရိုးနာမည်လော့နှင့်လူငယ်လေး၏ လက်ဝါးချက်ကို တန်ပြန်ရင်ဆိုင်လိုက်လေသည်။
လက်ညှိုးနှင့်လက်ဝါး ထိသွားသည့်အခိုက် အလွန်ပြင်းထန်သည့် နာကျင်မှုကြောင့် မျိုးရိုးနာမည်လော့နှင့် လူငယ်လေး၏ ခန္ဓာကိုယ်တစ်ခုလုံး တဆတ်ဆတ် တုန်ရီသွားခဲ့သည်။ ထို့နောက် အလျင်စလို နောက်သို့ ခုန်ဆုတ်လိုက်ပြီး ကြောက်လန့်တကြားအမူအယာဖြင့် မော့ကြည့်ရင်းမှ အော်ပြောလိုက်လေသည်။ “ဘယ်သူလဲ…”
ချင်းကျောင်းရန်မှာလည်း ထိုရုတ်တရက်အဖြစ်အပျက်ကြောင့် ကြောင်နေခဲ့လေသည်။ နောက်ဆုံး သွေးနံ့ရလိုက်သည့်အခါမှသာ အသိပြန်ဝင်လာခဲ့ပြီး မော့ကြည့်လိုက်ရာ မြင်လိုက်ရသည့်မြင်ကွင်းကြောင့် မှင်တက်သွားခဲ့လေ၏။ “ညီလေးရန်လား…”
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၇၅၃)
ဘာသာပြန်သူ_တိမ်တိုက်
ချင်းကျောင်းရန်သည် တံခါးပေါက်အား ပိတ်ရပ်နေသည့် လူအား ငေးကြောင်ကြောင်ဖြင့် ရပ်ကြည့်နေလေသည်။ ရန်ကိုင်သည် ယခုကဲ့သို့ အချိန်မျိုးတွင် ရုတ်တရက်ကြီး ပေါ်လာပြီး လော့ပင်းအား လက်ညှိုးတစ်ချောင်းတည်းဖြင့် ဒဏ်ရာရသွားအောင် လုပ်လိုက်နိုင်လိမ့်မည်ဟု မထင်ထားခဲ့ပေ။ သို့သော်ငြား ထိုကိစ္စကြောင့်ပင်လျှင် ချင်းကျောင်းရန်မှာ စတင်၍ ထိတ်လန့်လာရတော့လေသည်။ လော့ပင်းမည်သူမှန်း ရန်ကိုင်သိလိမ့်မည် မဟုတ်ပါသော်ငြား သူကတော့ သိပေသည်။ လော့ပင်းသည် သူတို့သွားရန်စလို့ရသည့် လူတစ်ဦး မဟုတ်ချေ။ ထို့ကြောင့်သာမဟုတ်ပါက လော့ပင်းအနေဖြင့် ချင်းမိသားစုအား ကာကွယ်ပေးထားနိုင်လိမ့်မည် မဟုတ်ချေ။
“မိသားစုခေါင်းဆောင်ချင်း… အခုတလော နေရထိုင်ရတာ အဆင်ပြေရဲ့လား…” ရန်ကိုင်က ပြုံး၍ နှုတ်ဆက်လိုက်လေသည်။
ထိုစဉ်မှာပင် ဂိတ်ပေါက်ဝ၌ ရပ်စောင့်နေခဲ့သော လူငယ်လေး ရန်ကိုင်၏နောက်ဘက်၌ ပေါ်လာပြီး ခါးသက်သက်အမူအယာဖြင့် ပြောလိုက်လေ၏။ “မိသားစုခေါင်းဆောင်… ဒီလူက ခင်ဗျားကို တွေ့ချင်နေတယ်လို့ ပြောတယ်… ကျုပ်လည်း ဒီအကြောင်းကို လာပြောမလို့ပဲ… ဒါပေမယ့် အထဲမှာ အသံဗလံတွေကြားတော့ ဝင်မလာရဲလို့…”
ချင်းကျောင်းရန်က လက်ဝှေ့ယမ်းလျက် “မင်းသွားလို့ရပြီ…”
ခွင့်ပြုချက်ရလိုက်သည်နှင့် တစ်ပြိုင်နက် ထိုလူငယ်လေးမှာ ချက်ချင်းဆိုသလိုကို လှစ်ခနဲ ပြေးထွက်သွားတော့လေသည်။
“ခင်ဗျား ဘယ်သူလဲ… ဘာဖြစ်လို့ ဒီသခင်လေးကို အခုလိုမျိုး ရက်ရက်စက်စက် တိုက်ခိုက်ရတာလဲ…” လော့ပင်းသည် အံကိုတင်းတင်းကြိတ်၍ အော်ပြောလိုက်လေသည်။ ရန်ကိုင်၏လက်ချောင်းသည် သူ့လက်ဝါးအား ဖောက်ထွက်သွားလေရာ ယခုဆိုလျှင် သူ့လက်ဝါးထက်၌ အပေါက်ကြီးတစ်ပေါက်ပင် ဖြစ်နေခဲ့လေပြီ။
“ဒါကို မင်းက ရက်စက်တယ်လို့ ခေါ်တာလား…” ရန်ကိုင်က ပြုံးဖြီးလျက် “မင်းလုပ်ခဲ့တာတွေနဲ့ ယှဉ်လိုက်ရင် ဒါက ဘာမှ မပြောပလောက်သေးဘူး…”
ထို့နောက်တွင် ချင်းကျောင်းရန်ဘက်သို့လှည့်၍ မေးလိုက်လေ၏။ “ဒီကောင်ဘယ်သူလဲ…”
ချင်းကျောင်းရန်တို့ပြောနေသည်ကို အချိန်အတန်ကြာအောင် နားထောင်ပြီးသည့်တိုင် ဤလူငယ်လေး မည်သူဖြစ်သလဲ ဆိုသည်ကို ရန်ကိုင်မသိသေးပေ။ သို့သော်ငြား ချင်းကျောင်းရန်ကတော့ ဤလူငယ်လေးကို အတော်လေးကိုမှ ကြောက်သည့်ပုံပင်။
ချင်းကျောင်းရန်မှာ ကသိကအောက်အမူအယာဖြင့် ရှိနေခဲ့လေသည်။ သူပြန်မဖြေနိုင်သေးခင်မှာပင် လော့ပင်းက အော်ပြောလိုက်လေ၏။ “ဒီသခင်လေးက ကြယ်ဝိဉာဉ်နန်းတော်ရဲ့ တပည့်တစ်ယောက်ပဲ… မင်း ငါ့ကို တိုက်ခိုက်ရဲတယ်ပေါ့ ဟုတ်လား… မင်းတော့ သေပြီသာမှတ်ပေတော့…”
“ကြယ်ဝိဉာဉ်နန်းတော်…” ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့သည်။
လော့ပင်းက လှောင်ပြုံးပြုံးလိုက်လေသည်။ “ဘာလဲ… ကြောက်သွားတာလား… ကြောက်ရင် ချက်ချင်း ဒူးထောက်ပြီး ဒီအဖေကို တောင်းပန်လိုက်တော့… မဟုတ်ရင်တော့ မင်းသေပြီ…”
“သူက တကယ်ကြီး ကြယ်ဝိဉာဉ်နန်းတော်ရဲ့ တပည့်တစ်ယောက်လား…” ရန်ကိုင်သည် ချင်းကျောင်းရန်အား အလေးအနက်အမူအယာဖြင့် စိုက်ကြည့်လျက် မေးလိုက်လေသည်။
ချင်းကျောင်းရန်က ခါးသက်စွာပြုံးလျက် ပြန်ပြောလိုက်သည်။ “ဟုတ်တယ်…”
ရန်ကိုင် ခေါင်းညိတ်လိုက်လေသည်။ ပုံမှန်အားဖြင့် မည်သူမျှ ကြယ်ဝိဉာဉ်နန်းတော်၏တပည့် အယောင်ဆောင်ရဲလိမ့်မည်မဟုတ်ချေ။ အချို့သူများမှာတော့ တောင်ဘက်နယ်မြေရှိ ထိပ်တန်းဂိုဏ်းများ၏ တပည့်များအဖြစ် အယောင်ဆောင်ရဲလျှင် ဆောင်ရဲကြပေလိမ့်မည်။ သို့သော်ငြား တစ်စုံတစ်ဦးသည်သာ ကြယ်ဝိဉာဉ်နန်းတော်မှ တပည့် အယောင်ဆောင်မည်ဆိုပါက ကိုယ့်ပြဿနာကိုယ် လက်ယက်ခေါ်နေသလို ဖြစ်သွားရတော့ပေလိမ့်မည်။
လက်ရှိ သူ့ရှေ့တွင်ရှိနေသော လူငယ်လေး၏ ကျင့်ကြံခြင်းမှာ တာအိုသခင်တတိယအဆင့်သို့ ရောက်နေလေရာ သူ့အရည်အချင်းမှာ မဆိုးလှဟု ပြောနိုင်ပေသည်။ ထို့အပြင် လူငယ်လေးမှာ အတော်လေးကိုမှ အသက်မကြီးသည့်အတွက်ကြောင့် ဂိုဏ်းကြီးတစ်ဂိုဏ်းမှ လာခြင်း ဖြစ်မှန်း မည်သူမဆို ပြောနိုင်ပေ၏။ ချင်းကျောင်းရန်ကိုယ်တိုင်က ပြောလာသဖြင့် ဤလူငယ်လေးမှာ ကြယ်ဝိဉာဉ်နန်းတော်၏ တပည့် ဖြစ်သည်မှာ လုံးဝကို သေချာသွားလေပြီ။
ထို့အတွက်ကြောင့် ဤကောင် ဤမျှ မောက်မာနေသည်မှာ အထူးအဆန်းမဟုတ်တော့။ ရန်ကိုင်ကဲ့သို့ ဧကရာဇ်အဆင့် ပညာရှင်တစ်ဦးနှင့် ရင်ဆိုင်နေရသည့်တိုင် အနည်းငယ်မျှပင် ကြောက်ရွံ့နေခြင်း မရှိခဲ့ချေ။
“ဒူးထောက်စမ်း…” လော့ပင်းသည် သွေးထွက်နေသည့် သူ့လက်ကို ကျန်လက်တစ်ဖြင့် ကိုင်ထားရင်းမှ ရန်ကိုင်အား အံကြိတ်ကာ စိုက်ကြည့်လျက် အမိန့်ပေးလိုက်လေသည်။
ရန်ကိုင်သည် သူ့လက်ကို ဖြည်းဖြည်းချင်းမြှောက်လိုက်လေသည်။ သူ့လက်ဝါးထက် ဧကရာဇ်ချီတို့ စတင်၍ စုဝေးလာလေ၏။ ထို့နောက်တွင် ထူးမခြားနားဟန်ဖြင့် ပြောလိုက်သည်။ “ငါ မင်းကို အသက်သုံးရှိုက်စာအချိန်ပေးမယ်… အဲ့အချိန်အတွင်း ဒီကနေ ထွက်သွားလိုက်တော့… အသက်သုံးရှိုက်စာ ပြည့်သွားလို့မှ ထွက်မသွားသေးဘူးဆိုရင်တော့ ကြယ်ဝိဉာဉ်နန်းတော်ရဲ့ကိုယ်စား မင်းလိုအရှုပ်ထုပ်ကို ငါကိုယ်တိုင်ရှင်းပစ်ပေးရလိမ့်မယ်…”
ရန်ကိုင်၏စကားကြောင့် လော့ပင်း မင်သက်သွားခဲ့လေသည်။
သူ မည်သူမည်ဝါဖြစ်ကြောင်း ထုတ်ပြောလိုက်သည့်နောက် ဤလူ ထိတ်လန့်သွားလိမ့်မည်ဟု ထင်ခဲ့လေသည်။ သို့သော်ငြား ထိုသို့မဖြစ်ခဲ့ဘဲ တစ်ဖက်လူသည် သူ့ကဲ့သို့သော အမှိုက်ထုပ်ကို ကြယ်ဝိဉာဉ်နန်းတော်ကိုယ်စား ရှင်းထုတ်ပေးမည်ဟုပင် ပြောလာနေခဲ့သည်။ ထိုလူ ခေါင်းများ ထိထားလေသလော။ ကြယ်ဝိဉာဉ်နန်းတော်၏ တပည့်တစ်ယောက်ကို သူတကယ်ကြီး သတ်ရဲသည်လား။
“အလျင်မလိုနဲ့ ရန်ကိုင်…” ချင်းကျောင်းရန်၏မျက်နှာ ဖြူလျော်သွားခဲ့လေသည်။ လော့ပင်းသည်သာ ချင်းမိသားစု၌ သေသွားခဲ့မည်ဆိုပါက ချင်းမိသားစုတော့ သွားပေပြီ။
“ရန်ကိုင်…” ချင်းကျောင်းရန်မှ ရန်ကိုင်အား ခေါ်လိုက်သည့်နာမည်ကို ကြားလိုက်သည့်အခိုက် လော့ပင်း၏မျက်လုံးများ ပြူးကျယ်သွားခဲ့လေသည်။ ထို့နောက်တွင် ရန်ကိုင်၏မျက်နှာကို သေသေချာချာ စိုက်ကြည့်လိုက်လေ၏။ ထိုသို့ကြည့်ကြည့်ပြီးသည့်နောက် လော့ပင်း အလွန်တရာကိုမှ ကြောက်လန့်တုန်လှုပ်သွားတော့လေသည်။
ရုတ်တရက်ဆိုသလို မကြာသေးခင်က ဂိုဏ်းဆီမှ ရရှိခဲ့သည့် သတင်းစကားတစ်ခုကို ပြန်သတိရသွားခဲ့သည်။ ထိုသတင်းစကားထဲ ဖော်ပြထားသော လူ၏ နာမည်နှင့် ပုံစံမှာ လက်ရှိ သူ့ရှေ့တွင် ရှိနေသည့် လူနှင့် လုံးဝကို ချွတ်စွပ်ပင်။
(သူတို့ပြောနေတဲ့ ရန်ကိုင်ဆိုတာ ဒီရန်ကိုင်လား…) ထိုလူများ ပြောနေသည့် ရန်ကိုင်သည်သာ လက်ရှိ သူ့ရှေ့တွင် ရှိနေသည့်လူ ဖြစ်နေမည်ဆိုပါက ကြယ်ဝိဉာဉ်နန်းတော်၏ တပည့်ဖြစ်သည်ဟူသော သူ့အဆင့်အတန်းမှာ ဤလူအား အနည်းငယ်မျှပင်လျှင် ထိတ်လန့်သွားစေလိမ့်မည် မဟုတ်ချေ။ ရန်ကိုင်၏လက်ဝါးထက်တွင် စုဝေးလာနေသော စွမ်းအားကို ခံစားမိလိုက်သော် လော့ပင်းအနေဖြင့် မည်ကဲ့သို့များ ဤနေရာတွင် ဆက်နေရဲဦးပါမည်နည်း။ ချက်ချင်းပဲ အမြီးကုပ်၍ ချင်းမိသားစုအပြင်ဘက်သို့ လေအလျင်အလား ပြေးထွက်သွားတော့လေသည်။
လော့ပင်း ထွက်ပြေးသွားသည့်ဘက်သို့ ကြည့်ရင်း ချင်းကျောင်းရန်မှာတော့ မှင်တက်နေခဲ့လေသည်။
တကယ်ကြီး ဘာတွေများ ဖြစ်နေလေသနည်း။
ကြယ်ဝိဉာဉ်နန်းတော်မှ တပည့်တစ်ယောက်သည် ရန်ကိုင်ဆိုသည့်နာမည်ကို ကြားပြီးသည့်နောက် ခွေးလေခွေးလွင့်တစ်ကောင်နှယ် အမြီးကုပ်ကာ ထွက်ပြေးသွားခဲ့သည်။ ထိုကောင်သည် တကယ်ရော ကြယ်ဝိဉာဉ်နန်းတော်၏ တပည့်တစ်ယောက် ဟုတ်မှ ဟုတ်ပါလေရဲ့လော။
ရန်ကိုင်မှ သူ၏ ဧကရာဇ်အဆင့် ကျင့်ကြံခြင်းကို ထုတ်ပြမည်ဆိုလျှင်ပင် လော့ပင်းအနေဖြင့် ဤမျှ ကြောက်လန့်မနေသင့်ပေ။ မည်သို့ပင်ဖြစ်နေစေကာမူ လော့ပင်းသည် ကြယ်ဝိဉာဉ်နန်းတော်၏ တပည့်တစ်ဦး ဖြစ်နေသေးသည်မဟုတ်ပေလော။ ထို့အတွက်ကြောင့် ချင်းကျောင်းရန်မှာ လော့ပင်း ကြယ်ဝိဉာဉ်နန်းတော်၏ တပည့်တစ်ယောက် ဟုတ်မဟုတ်ကို စတင်၍ သံသယဝင်လာခြင်း ဖြစ်လေသည်။
လော့ပင်းသည် မေပယ်မြို့ထဲရှိ လမ်းကြားတစ်နေရာ၌ ဖြူဖတ်ဖြူလျော်မျက်နှာဖြင့် ရပ်တန့်လိုက်လေသည်။ ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်ကြည့်လိုက်သည့်နောက် ရန်ကိုင် သူ့နောက်သို့ လိုက်မလာမှန်း တွေ့လိုက်သည့်အခါမှသာလျှင် သက်ပြင်းချလိုက်နိုင်ခဲ့ပြီး မြေပြင်ပေါ်သို့ အားမရှိတော့သည့်အလား ခြေပစ်လက်ပစ် လဲကျသွားခဲ့လေသည်။ အစောပိုင်းက သူ့မျက်နှာထက်၌ မြင်တွေ့ခဲ့ရသော မောက်မာဝံ့ကြွားမှု၊ ဂုဏ်မာနတို့မှာ ယခုဆိုလျှင် ပျောက်ချင်းမလှ ပျောက်ကွယ်နေခဲ့လေပြီ။
ရန်ကိုင် သူ့နောက်သို့ လိုက်မလာတော့မှန်း သိနေသည့်တိုင် သူ့လက်များမှာတော့ တဆတ်ဆတ်ကို တုန်ရီနေသေး၏။ ယခုအချိန်ထိတိုင် သူ့စိတ်ထဲ အကြောက်မပြေသေးပေ။
လော့ပင်းဆိုသည့်လူသည် အမှန်တကယ်ကို ကြယ်ဝိဉာဉ်နန်းတော်၏ တပည့်တစ်ယောက်ဖြစ်ကာ ကြယ်ဝိဉာဉ်နန်းတော်၏ အတွင်းစည်းတပည့်တစ်ယောက်ပင် ဖြစ်နေပေသေးသည်။
သူ့ကဲ့သို့သော လူတစ်ဦးသည် ဧကရာဇ်အဆင့်ပညာရှင်အများစုကို ဂရုစိုက်နေစရာမလိုပေ။ သို့သော်ငြား ရန်ကိုင်ဆိုသည့်လူကတော့ မတူ။ ထိုလူသည် အခြားသော ဧကရာဇ်အဆင့် ပညာရှင်များနှင့် လုံးဝကို ကွာခြားပေသည်။
မကြာသေးခင်က ဂိုဏ်းဆီမှ သတင်းစကားတစ်ခုကို လော့ပင်း ရရှိခဲ့သည်။ ထိုသတင်းစကားမှာမူ ရန်ကိုင်ဆိုသည့်လူအား စောင့်ကြည့်ထားရန် ဖြစ်လေသည်။ သူတို့ဂိုဏ်း ဤရန်ကိုင်ဆိုသည့်လူအား ဘာကြောင့် စောင့်ကြည့်ရန် ပြောသလဲ ဆိုသည်ကို လော့ပင်း နားမလည်ခဲ့။ နောက်ဆုံး စိတ်ဝိဉာဉ်ရေကန်နန်းတော်၌ သူ့စီနီယာအစ်ကိုတစ်ဦးနှင့် သွားတွေ့ပြီး မေးမြန်းကြည့်သည့်အခါမှသာ ဘာကြောင့်မှန်း သိခဲ့ရလေသည်။
ဤရန်ကိုင်ဆိုသည့်လူသည် အကြီးအကဲတန်ကျွင်းဟောင်နှင့် စံအိမ်မှူးဝူမင်တို့ သေဆုံးသွားသည့် ကိစ္စနှင့် ပတ်သက်နေပေသည်။ ပို၍ထိတ်လန့်ဖွယ်ရာကောင်းသည်မှာ မျက်မြင်သက်သေအားလုံးသည် ထိုလူနှစ်ဦးစလုံး ရန်ကိုင်လက်ချက်ကြောင့် သေသွားရသည်ဟု ညွှန်းဆိုနေခြင်းပင်။
ထိုမျက်မြင်သက်သေမှာ တောင်ဘက်နယ်မြေထဲ၌ တည်ရှိကြသော ဂိုဏ်းအသီးသီးမှ ဧကရာဇ်အဆင့် ပညာရှင်အယောက်နှစ်ဆယ်ကျော်သာ ဖြစ်လေသည်။ ထို့အတွက်ကြောင့် ထိုသူများပြောသည့်စကားမှာ မယုံကြည်နိုင်စရာအကြောင်း မရှိပေ။
အကြီးအကဲတန်သည် ဧကရာဇ်တတိယအဆင့်သို့ ရောက်နေသော ကြယ်ဝိဉာဉ်နန်းတော်၏ အကြီးအကဲလေးဦးအနက်မှ တစ်ဦးဖြစ်ပေသည်။ အကြီးအကဲတန်မှာ အလွန်တရာကိုမှ အားကောင်းရုံမက အကင်းလည်းပါးပေ၏။ သို့သော်ငြား ရန်ကိုင်၏လက်ချက်ကြောင့် သေသွားခဲ့ရလေသည်။ ထိုအကြောင်းကိုကြားလိုက်စဉ်က လော့ပင်းမှာ လုံးဝကို မယုံကြည်နိုင် ဖြစ်ခဲ့ရလေသည်။ အကြီးအကဲတန်ကဲ့သို့သော ဧကရာဇ်တတိယအဆင့် ပညာရှင်တစ်ဦးသည်ပင်လျှင် အသတ်ခံလိုက်ရလေရာ ဝူမင်သေသွားသည်မှာတော့ ထိုမျှ ထိတ်လန့်စရာ ကောင်းမနေတော့ချေ။
အကြီးအကဲတစ်ဦးနှင့် စံအိမ်မှူးတစ်ဦး သေသွားရသည့်ကိစ္စမှာ ပေါ့သေးသေးကိစ္စရပ်တစ်ခုမဟုတ်။ ထိုအဖြစ်အပျက်သည် ကြယ်ဝိဉာဉ်နန်းတော်တစ်ခုလုံးကို ဂယက်ရိုက်သွားစေခဲ့လေသည်။ ထို့အတွက်ကြောင့်ပင်လျှင် မရေမတွက်နိုင်သော လူများသည် ရန်ကိုင်ဆိုသည့်လူအား လိုက်လံရှာဖွေကြတော့လေ၏။
“မင်းက ငါ့ကို ထိခိုက်အောင် လုပ်ရဲတယ်ပေါ့… မင်းတော့ သေပြီသာ မှတ်ထားပေတော့…” လော့ပင်းသည် ဒေါသတကြီးဖြင့် အံကိုတင်းတင်းကြိတ်ရင်းမှ ပတ်ဝန်းကျင်အား မသိမသာလေး စစ်ဆေးကြည့်လိုက်ပြီးသည့်နောက် ဆက်သွယ်ရေးမှော်ရတနာတစ်ခုကို ထုတ်ယူလိုက်လေသည်။ ထို့နောက် ဆက်သွယ်ရေးမှော်ရတနာထဲသို့ ကောင်းကင်စိတ်အာရုံကို ထည့်သွင်းကာ သတင်းပို့လိုက်လေသည်။
ထိုသို့ သတင်းပို့ပြီးသည့်နောက်တွင် လော့ပင်း ညစ်ကျယ်ကျယ် ပြုံးလိုက်လေသည်။
(စစ်ကူတွေက မကြာခင် မေပယ်မြို့ကို ရောက်လာတော့မှာ… မင်း ဘယ်လိုသေမလဲ ကြည့်ရသေးတာပေါ့ကွာ…)
ချင်းမိသားစု၌ ရှိနေသော ရန်ကိုင်သည် အကြောင်းစုံကို သိလိုက်ရပြီးသည့်နောက် အချိန်အတော်ကြာအောင် တိတ်ဆိတ်သွားခဲ့လေသည်။
လော့ပင်းဟုခေါ်သော ကြယ်ဝိဉာဉ်နန်းတော်တပည့်သည် ချင်းမိသားစုမှ သူတို့မိသားစုကို ကာကွယ်နိုင်ရန်အတွက် သူတို့ကိုယ်တိုင် ဖိတ်ခေါ်ထားသည့် လူတစ်ဦးဖြစ်ကြောင်း၊ လတ်တလောတွင် မေပယ်မြို့တစ်ခုလုံး အတော်လေးကိုမှ ကသောင်းကနင်းဖြစ်နေကြောင်း ချင်းကျောင်းရန်မှ ရှင်းပြခဲ့လေသည်။ မေပယ်မြို့၏ တိုးတက်လာမှုသည် ပညာရှင်ပေါင်းများစွာကို အာရုံစိုက်သွားစေခဲ့လေသည်။ ထို့အတွက်ကြောင့် ယခင်က မေပယ်မြို့ထဲ၌ ကြီးစိုးမင်းမူနိုင်ခဲ့သော မိသားစုများမှာ ယခုဆိုလျှင် သူတို့မိသားစု ဘယ်အချိန် ဖျက်ဆီးခံရမလဲ ဆိုသည်ကို တွေးရင်း စိတ်ပူနေရတော့လေသည်။ ယခုဆိုလျှင် မေပယ်မြို့ထဲရှိ မိသားစုကြီးနှစ်ခု ဖျက်ဆီးခံပြီးသွားလေပြီ။
သူတို့ချင်းမိသားစုအနေဖြင့် လော့ပင်း၏ ကာကွယ်မှုကြောင့်သာလျှင် ယခုအချိန်ထိ တည်ရှိနိုင်ခဲ့ခြင်း ဖြစ်လေသည်။ လော့ပင်းသည် မည်သည့်ကျင့်ကြံရေးအရင်းအမြစ်ကိုမှ မတောင်းဆိုခဲ့ပါသော်ငြား ထိုကောင်သည် အလွန်ကိုမှ တဏှာကြီးလွန်းလှသည်။ သူ့တဏှာမှာ ကြီးလွန်းသည်ဟု ပြော၍မရ။ အတောမသတ်နိုင်အောင်ကို များပြားလွန်းသည်ဟုသာ ပြောရပေလိမ့်မည်။ ထိုအကြောင်းကြောင့်ပင်လျှင် ချင်းကျောင်းရန်မှာလည်း ထိုကောင်၏တဏှာကို မည်သည့်နည်းလမ်းသုံးနေပါစေ မဖြည့်ဆည်းပေးနိုင်ခဲ့ခြင်း ဖြစ်လေသည်။
“ရန်ကိုင်… မင်း မြန်မြန်ထွက်သွားသင့်တယ်နော်… လော့ပင်းက သူ့ကြယ်ဝိဉာဉ်နန်းတော်ကို ကျိန်းသေ ဆက်သွယ်မှာ… ဒီတော့ မင်း ဒီမှာဆက်ရှိနေရင် အဆင်ပြေမှာမဟုတ်ဘူး…” ချင်းကျောင်းရန်က စိုးရိမ်တကြီးဖြင့် သတိပေးလိုက်လေသည်။
ရန်ကိုင်က သူ့လက်ကိုဝှေ့ယမ်း၍ ပြောလိုက်လေ၏။ “ကိစ္စမရှိဘူး… အဲ့ကြယ်ဝိဉာဉ်နန်းတော်ကကောင်တွေ လာမှာမဟုတ်ဘူး… လာမယ်ဆိုလို့ရှိရင်တောင် ကျုပ် သူတို့နဲ့ ရှင်းစရာကိစ္စလေးတွေ ရှိနေသေးတယ်…”
ရန်ကိုင်သည် တန်ကျွင်းဟောင်နှင့် ဝူမင်ကို သတ်ပစ်ခဲ့သည့်အတွက်ကြောင့် ကြယ်ဝိဉာဉ်နန်းတော်သည် ဤကိစ္စကို လုံးဝ အလွတ်ပေးလိမ့်မည် မဟုတ်ပေ။ မည်သို့ပင်ဖြစ်စေကာမူ ကြယ်ဝိဉာဉ်နန်းတော်သည် ရန်ကိုင်ဆီမှ အကြောင်းပြချက်တစ်ခုကို ကျိန်းသေ တောင်းဆိုပေလိမ့်မည်။ ထိုသို့သာမဟုတ်ပါက ကြယ်ဝိဉာဉ်နန်းတော်၏ ဂုဏ်သတင်း ထိခိုက်သွားရပေလိမ့်မည်။
ရန်ကိုင်ကလည်း အစကတည်းက ပုန်းရန် မစီစဉ်ထားခဲ့။ အတိတ်တွင်သာဆိုပါက ရန်ကိုင်အနေဖြင့် မဟာဧကရာဇ်တစ်ပါး အုပ်ချုပ်သည့် ဂိုဏ်းအား မော်ကြည့်ရုံသာ တတ်နိုင်ခဲ့လိမ့်မည် ဖြစ်ပါသော်ငြား ယခုတွင်မူ သူ့တွင် ကြယ်ဝိဉာဉ်နန်းတော်နှင့် သူတင်ကိုယ်တင် ဆွေးနွေးနိုင်မည့် အရည်အချင်း ရှိနေခဲ့လေပြီ။
လမင်းမဟာဧကရာဇ်သည် ကြယ်တာရာအစုအဝေး၏ အထွဋ်အထိပ်သို့ တက်လှမ်းနိုင်ခဲ့သည့် ပညာရှင်တစ်ဦး ဖြစ်သည့်အတွက်ကြောင့် သူသည် လုံးဝကို ယုတ္တိမတန်သည့် လူစားမျိုးတော့ ဖြစ်လိမ့်မည်မဟုတ်။ ရန်ကိုင် အရိပ်ဓါးပျံမြို့ထဲတွင် စည်းရုံးခဲ့သော သူ၏ပွန်းရုပ်နှစ်ဆယ်ကျော်မှာ သူတို့တာဝန်အသီးသီးကို ကျေပွန်သွားခဲ့လေပြီ။
“မင်း…” ချင်းကျောင်းရန် ဆွံ့အသွားခဲ့သည်။ ရန်ကိုင် ရန်စလိုက်သည့်လူမှာ ကြုံရာကျပန်းတပည့်တစ်ယောက်မဟုတ်။ တောင်ဘက်နယ်မြေ၏ အုပ်ချုပ်သူဖြစ်သော ကြယ်ဝိဉာဉ်နန်းတော်မှ တပည့်တစ်ယောက် ဖြစ်ပေသည်။ ထိုသို့ဖြစ်လေရာ ရန်ကိုင်အနေဖြင့် မည်ကဲ့သို့များ ယခုကဲ့သို့ တည်တည်ငြိမ်ငြိမ် နေနိုင်ရသေးလေသနည်း။
ရန်ကိုင်က ပြုံးလျက် အလျင်အမြန် ခေါင်းစဉ်ပြောင်းလိုက်လေသည်။ “ကျုပ်အကြောင်းကိုထားလိုက်ဦး… ချင်းမိသားစုက အခု ဘယ်သွားမှာလဲ…”
ရန်ကိုင်ဆီမှ ထိုစကားကိုကြားလိုက်သည်နှင့် တစ်ပြိုင်နက် ချင်းကျောင်းရန် ကြောင်သွားခဲ့လေသည်။ အချိန်အတော်ကြာသည့်တိုင်အောင် ဘာမှ ပြန်မပြောနိုင်ခဲ့။ နောက်ဆုံးတွင်တော့ သက်ပြင်းအမောကြီးသာ ချလိုက်တော့သည်။ ယခုဆိုလျှင် ချင်းမိသားစုသည် လော့ပင်း၏ ကာကွယ်မှုကို ဆုံးရှုံးသွားခဲ့ရုံမက လော့ပင်းကိုပင်လျှင် ရန်စမိသွားခဲ့သည်။ သူတို့၏ဘဝကြီးမှာတော့ စတင်၍ ခက်ခဲလာကြရပေတော့မည်။ ချင်းကျောင်းရန်တို့အဖို့ မေပယ်မြို့ထဲတွင် နေစရာ ရှိတော့လိမ့်မည်မဟုတ်။
“ငါလည်းမပြောတတ်တော့ဘူး… ဒါပေမယ့် မေပယ်မြို့ထဲကနေ ကျိန်းသေထွက်သွားမှ ဖြစ်လိမ့်မယ်…” ချင်းကျောင်းရန်မှာ ရုတ်ချည်းဆိုသလို နှစ်ပေါင်းများစွာ အိုစာသွားခဲ့လေသည်။
“မေပယ်မြို့ထဲက ထွက်သွားမယ်ဆိုရင်တောင် ဘယ်ကိုသွားမှာလဲ… တောင်ဘက်နယ်မြေတစ်ခုလုံးက ကြယ်ဝိဉာဉ်နန်းတော်ရဲ့ စက်ကွင်းအောက်မှာ ရှိနေတာနော်…”
ချင်းကျောင်းရန် ပြန်မဖြေနိုင်ခဲ့။ တကယ်တမ်း ရန်ကိုင်ပြောသည်မှာလည်း မှန်ပေသည်။ သူတို့အနေဖြင့် မေပယ်မြို့ထဲမှ ထွက်သွားမည်ဆိုလျှင်ပင် ကြယ်ဝိဉာဉ်နန်းတော်၏ စက်ကွင်းအောက်မှ မည်သည့်နည်းနှင့်မျှ လွတ်မြောက်နိုင်လိမ့်မည်မဟုတ်ပေ။ လွတ်မြောက်နိုင်သည့်နည်းဆို၍ တောင်ဘက်နယ်မြေမှ ထွက်သွားသည့် နည်းလမ်းသာ ရှိပေလိမ့်မည်။ သို့သော်ငြား တောင်ဘက်နယ်မြေမှ ထွက်သွားဖို့ရာ ထိုမျှလွယ်ကူမည်လား။
ရန်ကိုင်က ပြောလိုက်လေသည်။ “ကျုပ် ခင်ဗျားတို့အတွက် နေစရာနေရာတစ်ခု စီစဉ်ပေးမယ်ဆိုရင်ရော…”
ချင်းကျောင်းရန် ရန်ကိုင်အား ချက်ချင်း မော့ကြည့်လာခဲ့လေသည်။ “ဘယ်မှာလဲ…”
“မြောက်ဘက်နယ်မြေမှာ…” ရန်ကိုင်က ပြောလိုက်သည်။
ချင်းကျောင်းရန် ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့ပြီးနောက် ခါးသက်သက်အမူအယာဖြင့် ပြုံးလျက် “မြောက်ဘက်နယ်မြေက အဝေးကြီးပဲလေ… ငါတို့ချင်းမိသားစုက တပည့်တွေရဲ့ ကျင့်ကြံခြင်းက အဲ့လောက်မြင့်တာမှ မဟုတ်တာ၊ မြောက်ဘက်နယ်မြေကို ဘယ်လိုလုပ်ပြီး သွားနိုင်မှာလဲ”
“ခင်ဗျားထင်သလိုမဟုတ်ဘူး… မိသားစုခေါင်းဆောင်ချင်းသာ သဘောတူတယ်လို့ပြောလိုက်… ကျုပ် ခင်ဗျားတို့ကို ဆယ်ရက်အတွင်း မြောက်ဘက်နယ်မြေဆီ ပို့ပေးလို့ရတယ်…”
“ဆယ်ရက်…” ချင်းကျောင်းရန် ထိတ်လန့်သွားခဲ့လေသည်။ ပထမဦးဆုံးတွေးမိလိုက်သည့် အတွေးမှာ လုံးဝ မဖြစ်နိုင်ဘူးဟူ၍ပင်။ သို့သော်ငြား သေချာစဉ်းစားကြည့်လိုက်ပြီးသည့်နောက် ဖြစ်နိုင်ချေလည်း ရှိပေသေးသည်။ တကယ်တော့ ဒဏ္ဍာရီထဲတွင်သာ ရှိသည့် ပစ္စည်းများကို အသုံးပြုမည်ဆိုပါက မြောက်ဘက်နယ်မြေသို့ ဆယ်ရက်အတွင်း ကျိန်းသေ သွားနိုင်ပေလိမ့်မည်။
“ငါတို့ ဆယ်ရက်အတွင်း မြောက်ဘက်နယ်မြေကို တကယ်ကြီး သွားနိုင်တာလား…” ချင်းကျောင်းရန်က ကတုန်ကယင်လေသံဖြင့် နောက်တစ်ကြိမ်ထပ်မေးသည်။ တကယ်ကြီးသာ သွားနိုင်မည်ဆိုပါက ချင်းမိသားစု ယခုကပ်ဘေးမှ လွတ်မြောက်နိုင်လေပြီ။ မြောက်ဘက်နယ်မြေနှင့် တောင်ဘက်နယ်မြေသည် အလွန်တရာကိုမှ ဝေးကွာသည့် နေရာနှစ်ခု ဖြစ်ကြသည့်အတွက်ကြောင့် ကြယ်ဝိဉာဉ်နန်းတော်အနေဖြင့် သူတို့၏လက်တံစက်ကွင်းကို မြောက်ဘက်နယ်မြေထိ ဖြန့်ကျက်နိုင်လိမ့်မည်မဟုတ်ပေ။
“လုံးဝသေချာတယ်…” ရန်ကိုင်က ခေါင်းညိတ်လိုက်လေသည်။ “မိသားစုခေါင်းဆောင်ချင်း ကျုပ်ကိုယုံတယ်ဆိုရင် ကျုပ် အခုချက်ချင်း ပြင်ဆင်ပေးလို့ရတယ်… နောက်နှစ်ရက်အတွင်း သွားလို့ရတယ်…”
ချင်းကျောင်းရန်၏မျက်လုံးထဲ လွန်ဆွဲနေသည့် အရိပ်အယောင်တို့ ဖြတ်ပြေးသွားခဲ့သည်။ သူ့အနေဖြင့် ရန်ကိုင်အား ယုံကြည်ချင်ပါသော်ငြား ယခုကိစ္စသည် မိသားစုတစ်ခုလုံး၏ နောင်ရေးနှင့် ပတ်သက်နေသည့်အတွက်ကြောင့် သေသေချာချာ သတိထားဆုံးဖြတ်ရပေလိမ့်မည်။
ရန်ကိုင်က ပြုံးလျက် “ကျုပ် မိသားစုခေါင်းဆောင်ချင်းကို လုံးဝ စိတ်ပျက်အောင် လုပ်မှာမဟုတ်ဘူးနော်…”
တကယ်တော့ ရန်ကိုင်သည် ချင်းမိသားစုအား ထက်ကောင်းကင်နန်းတော်ဆီသို့ ခေါ်သွားရန် မစဉ်းစားထားခဲ့ပေ။ သူ့အနေဖြင့် ချင်းမိသားစု မည်ကဲ့သို့ ရှိသလဲ ဆိုသည်ကို လာကြည့်ရုံသာ ဖြစ်ပေသည်။ သို့သော်ငြား လက်ရှိအချိန်တွင် ချင်းမိသားစုမှာ သူ့ကြောင့် ပြဿနာတွင်းထဲ ရောက်သွားရပြီဖြစ်လေရာ ရန်ကိုင်အနေဖြင့် သူတို့ကိုပါ ခေါ်သွားမှ တော်ရာကျပေလိမ့်မည်။
ထို့အပြင် ဤနည်းနှင့်ဆိုပါက ရန်ကိုင်သည် ချင်းယုကိုလည်း သူ့လက်အောက်သို့ သိမ်းသွင်းနိုင်ပေလိမ့်မည်။ ချင်းယု လက်ရှိပိုင်ဆိုင်ထားသည့် အရည်အချင်းများအရ သူမအနေဖြင့် ဧကရာဇ်အဆင့်သို့ ကျိန်းသေ တက်လှမ်းနိုင်ပေလိမ့်မည်။ သူမ ဧကရာဇ်အဆင့်သို့ ရောက်သွားသည့်အခါ ထက်ကောင်းကင်နန်းတော်၏ ထောက်တိုက်တစ်ခု ဖြစ်လာနိုင်ပေလိမ့်မည်။ ထို့အတွက်ကြောင့် ချင်းမိသားစုအား ထက်ကောင်းကင်နန်းတော်ဆီသို့ ခေါ်သွားလိုက်သည်မှာ ဂိုဏ်းအတွက် အမှန်တကယ်ကို အကျိုးမယုတ်ပေ။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၇၅၄)
ဘာသာပြန်သူ_တိမ်တိုက်
မေပယ်မြို့၊ ခရမ်းကြယ်စဉ် ကုန်သွယ်ရေးအဖွဲ့အစည်း…
မေပယ်မြို့သည် လွန်ခဲ့သော နှစ်များအတွင်း အလျင်အမြန် တိုးတက်လာခဲ့ရာ မနှောင်းသော အချိန်အတွင်း တောင်ဘက်နယ်မြေ၏ အဓိက ကုန်သွယ်ရေး မြို့တော်ကြီးနှစ်မြို့အနက် တစ်မြို့ ဖြစ်လာခဲ့ရလေသည်။ ထိုအကြောင်းကြောင့်ပင် ခရမ်းကြယ်စဉ် ကုန်သွယ်ရေးအဖွဲ့အစည်းသည် ၎င်းတို့၏ ဆိုင်ခွဲတစ်ခုကို ဤနေရာ၌ ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ ထိုဆိုင်ခွဲကိုတော့ ဧကရာဇ်အဆင့် ကျင့်ကြံသူတစ်ဦးမှ စောင့်ကြပ်လေသည်။ မေပယ်မြို့နှင့် စိတ်ဝိဥာဉ်ရေကန်မြို့တော်ထဲသို့ ဝင်ချေထွက်ချေ ပြုလုပ်နေကြသည့် ကျင့်ကြံသူပေါင်းများစွာ ရှိနေကြသည့်အတွက်ကြောင့် ခရမ်းကြယ်စဉ် ကုန်သွယ်ရေးအဖွဲ့အစည်းသည် ဤနေရာကို အတော်လေး အလေးထားလေသည်။
ခရမ်းကြယ်စဉ်ကုန်သွယ်ရေး အဖွဲ့အစည်နာမည်ဖြင့် ထိုမြို့နှစ်မြို့၌ ဆိုင်ခန်းပေါင်း ငါးဆယ်ကျော်နှင့်တကွ လေလံစံအိမ်တစ်ခုကို ဖွင့်လှစ်ထားခဲ့သည်။
ရန်ကိုင်မှ ခရမ်းကြယ်စဉ်ကုန်သွယ်ရေး အဖွဲ့အစည်းထဲသို့ ဝင်လာသည့်အခိုက် ကုန်ပစ္စည်းများကို လိုက်ပတ်ကြည့်နေကြသော ဈေးဝယ်သူ ကျင့်ကြံသူပေါင်းများစွာကို တွေ့လိုက်ရလေ၏။
ခန်းမကြီမှာ အလွန်ကိုမှ ကျယ်ဝန်းလှကာ ဆောက်လုပ်ထားသည့် ပုံစံမှာလည်း အမှန်တကယ်ကို အထင်ကြီးစရာပင်။ ခရမ်းကြယ်စဉ် ကုန်သွယ်ရေးအဖွဲ့ ဆိုသည့်အတိုင်းပင်။
ဆိုင်ထဲ၌ စကားတပြောပြော လုပ်နေကြသော မိန်းမချောလေးများသည် ရန်ကိုင် ဆိုင်ထဲသို့ ဝင်လာသည်ကိုမြင်သော် သူတို့ထဲမှ တစ်ဦးသည် ရန်ကိုင်ဆီသို့ ချက်ချင်း ရောက်လာပြီး ကျော့ရှင်းသပ်ရပ်စွာ ဦးညွှတ်လျက် ပြောလိုက်လေ၏ “မင်္ဂလာပါ ဧည့်သည်၊ ကျွန်မ ဘာများကူညီပေးရမလဲ”
ဤကဲ့သို့သော မိန်းမချောလေးများကို ကုန်သွယ်ရေးအဖွဲ့အစည်းတိုင်းတွင် မြင်တွေ့နိုင်ပေသည်။ လက်ရှိ ရန်ကိုင်ရှေ့တွင် ရှိနေသည့် ကောင်မလေးမှာတော့ အသက် သိပ်မကြီးသေးဘဲ သုံးဆယ်လောက်သာ ရှိမည်ထင်ရသည်။ ရုပ်ရည်မှာလည်း အတော့်ကို ကြည့်ကောင်းလှကာ ချိုသာသည့် အပြုံးနှင့် အသံလေးကြောင့် ဧည့်သည်များကို ကြိုဆိုကာ ဝန်ဆောင်မှုပေးရန်အတွက် အကောင်းဆုံးသော ဝန်ထမ်းတစ်ဦးအဖြစ် ရှိလို့ နေလေသည်။
ရန်ကိုင်က ပြုံးလိုက်သည် “ကျုပ် အရောင်းအဝယ်လေး လုပ်ချင်လို့”
ကောင်မလေး၏ မျက်လုံးများ တောက်ပသွားခဲ့လေသည်။ သူမတို့ကဲ့သို့သော ဆိုင်ဝန်ထမ်းလေးများသည် ယခုကဲ့သို့ စကားမျိုးကို အကြားချင်ဆုံး ဖြစ်ပေသည်။ အကြောင်းမှာ အရောင်အဝယ်သာ အောင်မြင်သွားခဲ့မည်ဆိုလျှင် တစ်စိတ်တစ်ပိုင်းကို ကော်မရှင်ကြေးအဖြစ် ပြန်ရနိုင်သည့်အတွက်ကြောင့်ပင်။ ကော်မရှင်ကြေးမှာ သိပ်မများလှသော်ငြား သူတို့သည်သာ အရောင်းအဝယ် ကြီးကြီးမားမား တစ်ခုလောက်ကို ဖြစ်မြောက်အောင် လုပ်လိုက်နိုင်မည်ဆိုလျှင် နောက်နှစ်အနည်းငယ်အတွင်း ကျင့်ကြံရေးအရင်းအမြစ် မရှိမည်ကို ပူပန်နေစရာ မလိုတော့ချေ။
ရန်ကိုင်၏ ကျော့ရှင်းသပ်ရပ်သည့်ပုံကို မြင်ပြီးနောက် ကောင်မလေး ပို၍ စိတ်လှုပ်ရှားလာခဲ့သည်။ ချက်ချင်းပဲ ကောင်မလေးသည် စွဲမက်ဖွယ်ကောင်းစွာ ပြုံးလျက် “ဆရာ ဘယ်လိုအရောင်းအဝယ်မျိုး လုပ်ချင်တာလဲ သိလို့ရမလား။ အရင်းအမြစ်ကျောက် ဆယ်သန်းအထိကတော့ ကျွန်မနဲ့ပဲ ဆွေးနွေးလို့ရပါတယ်”
“အဆင့်နိမ့်အရင်းအမြစ်ကျောက်လား” ရန်ကိုင်က ပြန်မေးလိုက်သည်။
“ဟုတ်ပါတယ်” ကောင်မလေး ခေါင်းညိတ်လိုက်၏။
ရန်ကိုင်က ပြုံးလျက် “အဲ့ဒါဆိုရင်တော့ မန်နေဂျာကိုပဲ သွားခေါ်လိုက်တော့”
ထိုစကားကို ကြားလိုက်သည်နှင့် ဤအရောင်းအဝယ်သည် သူမ ကိုင်တွယ်နိုင်သည့် ပမာဏကို ကျော်လွန်သွားပြီမှန်း ကောင်မလေး နားလည်လိုက်လေသည်။ အဆင့်နိမ့် အရင်းအမြစ်ကျောက် ဆယ်သန်းသည် သူမအတွက် အတော်လေး များပြားသည့် ပမာဏ တစ်ရပ် ဖြစ်ပါသော်ငြား အချို့သောလူများ၊ အထူးသဖြင့် ဧကရာဇ်အဆင့်သို့ ရောက်နေသူများအတွက် ဘာမှမပြောပလောက်သည့် ပမာဏတစ်ရပ် ဖြစ်ပေသည်။
ကောင်မလေးက ချက်ချင်းပဲ ပြန်ပြောလိုက်လေ၏ “ဆရာ တောင်းဆိုတာကို ချက်ချင်း သွားပြောပေးပါ့မယ်။ အခုတော့ အခန်းထဲ အရင်ဝင်ပြီး စောင့်နေပါဦးနော်”
ရန်ကိုင်လည်း ခေါင်းညိတ်ပြီး ကောင်မလေးနောက်သို့ လိုက်သွားလေသည်။
မကြာမီတွင် အခန်းတစ်ခန်းဆီသို့ ရောက်လာခဲ့ပြီး ရန်ကိုင်အား ထိုင်စေပြီးနောက် ကောင်မလေးသည် ရေနွေးကြမ်း တည်ခင်းပေးလိုက်လေ၏ “ဆရာ၊ ကျေးဇူးပြုပြီး ဒီမှာ ခဏလောက် စောင့်နေပေးပါနော်။ ကျွန်မ မန်နေဂျာကို သွားခေါ်လိုက်ပါဦးမယ်”
ထိုသို့ပြောပြီးနောက်၊ ကောင်မလေးသည် ထွက်သွားရန် ပြင်နေစဉ်၊ ရန်ကိုင်က ရုတ်တရက် ကောက်မေးလိုက်လေ၏ “ဒါနဲ့ ခန်စစ်ရန်ဆိုတဲ့လူကို နင်ကြားဖူးလား”
ခန်စစ်ရန်သည် ရန်ကိုင်မှ မေပယ်မြို့သို့ ရောက်လာပြီးသည့်နောက်တွင် ပထမဆုံး သိခဲ့ရသည့်လူလည်း ဖြစ်ပေသည်။ သူ့ကြောင့်ပင်လျှင် ရန်ကိုင်သည် ကုန်းစွန်းမူ၏ အမွေအနှစ်ကို ရနိုင်ခဲ့ခြင်း ဖြစ်သည်။ သို့သော်ငြား ထိုစဉ်က မေပယ်မြို့လေးမှာ မြို့ငယ်လေးတစ်မြို့သာ ဖြစ်သည့်အတွက်ကြောင့် တာအိုသခင်အဆင့်သို့ ရောက်ပြီးနောက်တွင် ခန်စစ်ရန်သည် အခြားမြို့တစ်မြို့သို့ ရွှေ့ပြောင်းခြင်း ခံလိုက်ရလေသည်။ ယခု ခန်စစ်ရန် မည်သည့်နေရာသို့ ရောက်လို့ရောက်နေမှန်း ရန်ကိုင် မသိတော့ချေ။
သူ ခန်စစ်ရန်ကို မတွေ့ရသည်မှာ ဆယ်နှစ်မက ကြာသွားခဲ့လေပြီ။ ထို့ကြောင့် ဤနေရာ ရောက်တုန်းရောက်ခိုက် ခန်စစ်ရန်နှင့် ပက်သက်သည့် သတင်း ရလိုရငြား မေးကြည့်လိုက်ခြင်း ဖြစ်သည်။ ရန်ကိုင်၏ အမေးကိုကြားသော် ကောင်မလေးက အံ့အားသင့်နေသည့် လေသံဖြင့် “ဆရာ မန်နေဂျာခန်ကို သိတာလား”
“အန်” ရန်ကိုင် ကြောင်သွားခဲ့လေသည်။
ကောင်မလေးက ပြုံးလျက် “ဆရာ မန်နေဂျာခန်ကို သိတယ်ဆိုရင် ကျွန်မ မန်နေဂျာခန်ကိုပဲ သွားခေါ်လိုက်ပါ့မယ်”
ရန်ကိုင် မျက်ခုံးပင့်သွားခဲ့လေ၏ “ခန်စစ်ရန်လည်း ဒီရောက်နေတာလား”
“ဟုတ်ပါတယ်။ မန်နေဂျာခန် ဒီမှာ ရှိပါတယ်”
ရန်ကိုင် အံ့အားသင့်နေခဲ့သည်။ သူအနေဖြင့် ဤအတိုင်းလေး ကောက်မေးလိုက်ခြင်းသာ ဖြစ်ပါသော်ငြား ခန်စစ်ရန်ကို ဤနေရာတွင် တကယ်ကြီး လာတွေ့ရလိမ့်မည်ဟု မထင်ထားခဲ့ချေ။ ရန်ကိုင်လည်း ခေါင်းညိတ်၍ ပြန်ပြောလိုက်လေ၏ “ဒါဆိုရင် ခန်စစ်ရန်ကိုပဲ ခေါ်လိုက်...”
“ဟုတ်ကဲ့” ထိုသို့ ပြောပြီးနောက်တွင် ကောင်မလေးသည် ရန်ကိုင်အား ဦးညွှတ်၍ ပြန်ထွက်သွားလေ၏။ ရန်ကိုင်သည် သူ့အခန်းထဲ ရေနွေးကြမ်းသောက်ရင်း အေးအေးဆေးဆေး ထိုင်စောင့်နေခဲ့သည်။
မကြာမီ အခန်းတံခါးခေါက်သံ ထွက်ပေါ်လာခဲ့လေသည်။ ရန်ကိုင်က ပြုံးလျက် ပြန်ပြောလိုက်လေ၏ “ဝင်လာခဲ့”
အခန်းတံခါး ပွင့်သွားခဲ့ပြီး ခန်စစ်ရန် အထဲသို့ ဝင်လာခဲ့လေသည်။ အကြည့်ချင်း ဆုံသွားသည့်အခိုက် ရန်ကိုင်က အံ့ဩတကြီး အမူအရာဖြင့် “ရောင်းရင်း... ရန်လား”
“ထပ်တွေ့ပြန်ပြီနော် ရောင်းရင်းခန်” ရန်ကိုင်က လက်သီးဆုပ်၍ ပြုံးကာ နှုတ်ဆက်လိုက်သေလည်။
ခန်းစစ်ရန်မှာ ရန်ကိုင်အား တွေ့လိုက်ရသည့်အပေါ် အံ့လည်းအံ့ဩ၊ ဝမ်းသာ ဝမ်းသာနေမိလေသည်။ အခန်းတံခါးပိတ်လျက် ပြောလိုက်လေ၏ “ဘယ်အသိဟောင်းကများ လာတွေ့တာလဲ မှတ်နေတာ၊ ရောင်းရင်းရန် ဖြစ်နေတာကိုး။ ငါတို့မတွေ့ရတာ ဘယ်လောက်တောင် ကြာသွားပြီလဲ၊ ဆယ်နှစ်လောက်တောင် ရှိနေပြီလားလို့”
“ဟုတ်တယ်၊ အရင်ထိုင်ပါဦး ရောင်းရင်းခန်”
အချိန်အတော်ကြာပြီးသည့်နောက် ရန်ကိုင်အား ပြန်တွေ့လိုက်ရသည့်အပေါ် ခန်စစ်ရန် အတော်လေး စိတ်လှုပ်ရှားနေမိလေသည်။ တကယ်တော့ သူ့အနေဖြင့် တာအိုသခင်အဆင့်သို့ ရောက်နိုင်ခဲ့ရခြင်းမှာ ရန်ကိုင် ပေးသည့် တာအိုအခြေတည် ဆေးလုံးကြောင့်သာလျှင် မဟုတ်ပေလော။ ထိုဆေးလုံးကြောင့်သာ မဟုတ်လျှင် ခန်စစ်ရန်သည် တန်ခိုးရှင်ဘုရင်အဆင့်တွင်သာ တစ်နေပေလိမ့်မည်ဖြစ်ကာ ယခုကဲ့သို့ မန်နေဂျာရာထူးကိုလည်း ပိုင်ဆိုင်ထားနိုင်လိမ့်မည် မဟုတ်ချေ။
ဆယ်နှစ်ကျော်ကြာပြီးသည့်နောက်တွင် ခန်စစ်ရန်၏ ကျင့်ကြံခြင်းမှာ တာအိုသခင် ဒုတိယအဆင့်သို့ ရောက်ရှိနေခဲ့လေပြီ။
ထိုင်ပြီးသည့်နောက်တွင် ခန်စစ်ရန် သက်ပြင်းချလိုက်လေသည်။ သူနှင့်ရန်ကိုင်တို့ နှစ်ဦးစလုံး တန်ခိုးရှင်ဘုရင်အဆင့်သာ ရှိသေးသည့်အချိန်ကို ပြန်စဉ်းစားကြည့်မိလိုက်သော်... သူတို့နှစ်ဦး မတွေ့ဖြစ်သည်မှာ အတော်လေး ကြာသွားသလို ခန်စစ်ရန် ခံစားလိိုက်ရလေသည်။
“ရောင်းရင်းခန်၊ မင်း နေရာပြောင်းသွားတာ မဟုတ်ဘူးလား။ ဘယ်လိုလုပ်ပြီး ဒီမှာ ရှိနေရတာလဲ” ရန်ကိုင်က မေးလိုက်သည်။
ခန်စစ်ရန်က ရယ်ရယ်မောမောနှင့် “အခု မေပယ်မြို့က မတူတော့ဘူးလေ။ အခုတလော ဠာနချုပ်က ဒီနေရာကို တော်တော်လေး အာရုံစိုက်လာတယ်။ ငါဒီမှာ အလုပ်လုပ်ခဲ့တာ နှစ်တွေနည်းတာမှ မဟုတ်တာ။ ဒီတော့ ဒီနေရာအကြောင်းကို အခြားသူတွေထက် ပိုသိလို့ဆိုပြီး ငါ့ကို ဒီနေရာဆီ ပြန်လွှတ်လိုက်တာ”
ယခုအချိန်တွင် မေပယ်မြို့မှာ နေရာကောင်းတစ်ခု ဖြစ်နေသည့်အတွက်ကြောင့် ဠာနချုပ်မှ လူများစွာသည် ဤနေရာသို့ လာချင်နေကြလေသည်။ ခန်စစ်ရန်သည် မေပယ်မြို့အကြောင်း အခြားသူများထက် ပိုသိထားသည့် အတွက်ကြောင့်သာ မဟုတ်ပါက သူ့ကျင့်ကြံခြင်းလေးဖြင့် ဤနေရာသို့ လာခွင့်ရလိမ့်မည် မဟုတ်ချေ။
သို့တိုင် အနှေးနှင့်အမြန်ဆိုသလို ခန်စစ်ရန်မှာ အခြားတစ်နေရာသို့ ပြန်ပြောင်းခံရပေလိမ့်မည်။ အကြောင်းမှာ ဤနေရာတွင် တည်ထားသည့် ဆိုင်ခွဲသည် တဖြည်းဖြည်းနှင့် မေပယ်မြို့နှင့် အသားကျလာနေလေရာ ခန်စစ်ရန်ကို မလိုတော့သည့် အတွက်ကြောင့်သာ ဖြစ်လေသည်။ ထို့အတွက်ကြောင့် အချိန်ကျလာလျှင် ခန်စစ်ရန်ထက် ပို၍ ကျင့်ကြံခြင်းမြင့်မားသည့်၊ ပိုအဆက်အသွယ်ကောင်းသည့် လူတစ်ဦး ရောက်လာပေလိမ့်မည်။
“အဲ့လိုကိုး... အဲ့ဒါဆိုရင်တော့ သတင်းကောင်းပေါ့” ရန်ကိုင်က ခေါင်းညိတ်လိုက်သည်။
ခန်စစ်ရန်သည် ပြုံးသာပြုံးလိုက်ပြီး ရှင်းပြမနေခဲ့ချေ။
ဒေါက်... ဒေါက်...
တံခါးခေါက်သံ ထွက်ပေါ်လာခဲ့သည်။ ထို့နောက်တွင် ရန်ကိုင်နှင့် ခန်စစ်ရန်တို့ မတုန့်ပြန်နိုင်သေးခင်မှာပင် အခန်းတံခါး ပွင့်သွားခဲ့ပြီး ကောင်းမွန်စွာ ဝတ်စားထားသော လူငယ်လေးတစ်ဦး ပြုံးလျက် အထဲသို့ ဝင်လာခဲ့လေသည်။
ထိုလူကို မြင်သည့်အခါ ခန်စစ်ရန် မျက်နှာပျက်သွားခဲ့ပြီး မျက်မှောင်ကြုတ်လျက် ပြန်ပြောလိုက်လေ၏ “ကုဟုန်၊ မင်းဘာလာလုပ်နေတာလဲ။ ငါဝယ်သူနဲ့ စကားပြောနေတယ် ဆိုတာကို မင်းမမြင်ဘူးလား”
ကုဟုန်မှာ အလွန်ကိုမှ မောက်မာဝံ့ကြွားလွန်းသည်။ တစ်ဖက်လူ၏ ခွင့်ပြုချက်ကိုပင် မတောင်းဘဲ ဝယ်သူနှင့် အရောင်းအဝယ် လုပ်နေသည့်နေရာသို့ ဝင်ချင်တိုင်း ဝင်လာခဲ့သည်။ ယခုဤနေရာတွင် ထိုင်နေသည့်လူသည် ရန်ကိုင် ဖြစ်နေသည်မှာ ကံကောင်းသွားခဲ့လေသည်။ အခြားတစ်ယောက်သာဆိုပါက ခန်စစ်ရန် အနေဖြင့် မည်သို့ ရှင်းပြလို့ ရှင်းပြရမှန်း သိတော့လိမ့်မည် မဟုတ်ချေ။ တစ်ဖက်လူကသာ စိတ်ကြီးသည့် လူမျိုးဆိုလျှင် ခရမ်းကြယ်စဉ်ကုန်သွယ်ရေး အဖွဲ့အစည်းက ယခုကဲ့သို့သော အဖွဲ့အစည်းလားဟု တွေးလျက် အရောင်းအဝယ် ပျက်ပြယ်သွားနိုင်ပေသည်။
ကုဟုန်ကမူ ခန်စစ်ရန်ကို မသိချင်ယောင်ဆောင်လျက် ရန်ကိုင်ဘက်သို့ လှည့်၍သာ ပြုံး၍ ပြောလိုက်လေ၏ “မင်္ဂလာပါ။ ကျုပ်က ခရမ်းကြယ်စဉ်ကုန်သွယ်ရေး အဖွဲ့အစည်းရဲ့ မန်နေဂျာကုဟုန်ပါ။ ရောင်းရင်းကို ဘယ်လိုခေါ်ရမလဲမသိဘူး”
ရန်ကိုင်မူ ခန်စစ်ရန်ကို ကြည့်နေရင်းမှ ကုဟုန်အား လှမ်းကြည့်လိုက်လေသည်။ ထို့နောက် တစ်ခုခုအား နားလည်သွားခဲ့ပြီး ယဲ့ယဲ့လေး ပြုံးလိုက်လေ၏။ ကုဟုန်၏ အမေးကိုတော့ ပြန်မဖြေခဲ့ချေ။
ရန်ကိုင်မှ ဘာမှပြန်မပြောသဖြင့် ကုရှန်၏ အမူအရာ ကသိကအောက် ဖြစ်သွားရလေသည်။ သို့သော် လက်မလျှော့သေးဘဲ ဆက်ပြောလိုက်သည် “ကျေးဇူးပြုပြီး ကျုပ်ဝင်နှောင့်ယှတ်သလို ဖြစ်သွားခဲ့ရင် တောင်းပန်ပါတယ်။ ဒါပေမယ့် မန်နေဂျာခန်က သိပ်ပြီး အရည်အချင်း မပြည့်မှီမှာစိုးလို့… ဒီကုလည်း စိုးရိမ်တာနဲ့ ဝင်လာလိုက်ရတာပါ။ ကျုပ်ဘက်က ရိုင်းသလို ဖြစ်သွားခဲ့ရင် တောင်းပန်ပါတယ်”
ရန်ကိုင်က မျက်လုံးမှေးစဉ်းလျက် “မန်နေဂျာခန်က အရည်အချင်း မပြည့်မှီဘူးလို့ ဘာလို့ ပြောတာလဲ”
ကုဟုန်ကပြုံးလျက် “သူသာ အရည်အချင်းရှိတယ်ဆိုရင် လွန်ခဲ့တဲ့ တစ်နှစ်လုံး အရောင်းအဝယ် သုံးခုမက ဖြစ်မြောက်အောင် လုပ်နိုင်ခဲ့မှာပေါ့”
ခန်စစ်ရန်က သုန်သုန်မှုန်မှုန်ဖြင့် “မင်းသာ ဝင်မရှုပ်ရင် ငါအရောင်းအဝယ်တွေ ပိုပြီး ဖြစ်မြောက်အောင် လုပ်နိုင်ခဲ့မှာ”
ကုဟုန်က ပြန်ပြောလေ၏ “မန်နေဂျာခန် ဒေါသမထွက်နဲ့လေ။ ဒီကု ဝင်ရှုပ်တယ်ဆိုတာလည်း မန်နေဂျာခန် ကောင်းဖို့အတွက်ပဲကို။ နောက်ရက် နည်းနည်းလောက်ကြာရင် မန်နေဂျာခန်က ပြောင်းတော့မှာ။ အဲ့ကျရင် ဒီက ကိစ္စတွေအကုန်လုံး ဒီကု လက်ထဲ ရောက်လာတော့မှာကို ဘာလို့ အစောကြီးကတည်းက ဒီကုလက်ထဲ အပ်မထားလိုက်ရတာလဲ”
ခန်စစ်ရန်က မျက်နှာကြီးမဲ့လျက် “ဒီတော့ ငါကတောင် မင်းကို ကျေးဇူးတင်ရမယ်ပေါ့”
ကုဟုန်က ပြုံးလျက် “ကျုပ်တို့က တစ်ဖွဲ့တည်းသားတွေပဲကို၊ ကျေးဇူးတင်စရာ မလိုပါဘူး” ထို့နောက်တွင် ရန်ကိုင်ဘက်သို့လှည့်၍ “ရောင်းရင်၊ မင်းအရောင်းအဝယ် လုပ်ချင်တယ်ဆိုရင် ဒီကု ကူပေးလို့ရတယ်။ မန်နေဂျာခန်က မကြာခင် ပြောင်းရတော့မှာ။ ဒီတော့ အရောင်းအဝယ်လုပ်ချင်တယ်ဆို ဒီကုနဲ့ လုပ်လိုက်တာပဲ ပိုကောင်းလိမ့်မယ်။ မင်းကျေနပ်စေရမယ်လို့ ဒီကု အာမခံတယ်”
ရန်ကိုင်က ခန်စစ်ရန်ဘက်သို့လှည့်၍ “ခင်ဗျား ထပ်ပြောင်းရဦးမှာလား”
ခန်စစ်ရန် သက်ပြင်းချလိုက်လေသည်။
အစကတော့ သူကိုယ်တိုင် လိုလိုလားလားဖြင့် မေပယ်မြို့မှ ပြောင်းချင်ခဲ့သည်။ ထိုစဉ်က မေပယ်မြို့မှာ မြို့လေးတစ်မြို့သာ ဖြစ်လေရာ သူသာ ထိုကဲ့သို့သော မြို့လေးတွင် ဆက်နေပါက ဘာတက်လမ်းနှင့်မှ ကြုံရလိမ့်မည် မဟုတ်ချေ။ သို့သော်ငြား ယခု အချိန်တွင်တော့ မေပယ်မြို့သည် ကုန်သွယ်ရေးအဖွဲ့အစည်းမှ လူတိုင်း လာချင်သည့် နေရာတစ်ခု ဖြစ်နေခဲ့ပြီ ဖြစ်လေရာ ခန်စစ်ရန်အနေဖြင့် မည်သို့များ အခြားတစ်နေရာသို့ ပြောင်းချင်ပါမည်နည်း။ သို့သော်ငြား ဤကိစ္စသည် သူတတ်နိုင်စွမ်းနိုင်သည့် ဘောင်အတွင်းတွင် ရှိမနေခဲ့ချေ။
ရန်ကိုင်က နားလည်သွားဟန်ဖြင့် ခေါင်းညိတ်လျက် “မန်နေဂျာကုရဲ့ စေတနာကို ဒီရန် နားလည်ပါတယ်။ ဒါပေမယ့် ကျုပ်နဲ့ မန်နေဂျာခန်က အသိအကျွမ်းတွေမို့လို့ အရောင်းအဝယ်ကို သူနဲ့ပဲ လုပ်ချင်ပါတယ်”
“အဲ့လိုကိုး...” ကုဟုန် ကြောင်သွားခဲ့လေသည်။ သို့သော် ချက်ချင်းပဲ ပြုံး၍ ပြန်ပြောလိုက်၏ “အဲ့ဒါဆို ဒီကု သွားလိုက်ပါဦးမယ်”
ရန်ကိုင်၏ စကားမှတစ်ဆင့် သူ့အနေဖြင့် ရန်ကိုင်နှင့် အရောင်းအဝယ် လုပ်နိုင်လိမ့်မည် မဟုတ်မှန်း သိလိုက်သည့်အတွက်ကြောင့် ဆက်၍ လေကုန်ခံမနေတော့ချေ။ မကြာမီ ရန်ကိုင်နှင့် ခန်စစ်ရန်တို့သည်သာ အခန်းထဲ ကျန်ရစ်ခဲ့လေသည်။
ရန်ကိုင်က မေးလိုက်လေ၏ “ရောင်းရင်းခန်၊ မင်းမေပယ်မြို့ထဲကနေ သွားချင်လား”
ခန်စစ်ရန်က ပြန်ပြောလိုက်သည် “တောင်ဘက်နယ်မြေထဲမှာ မေပယ်မြို့မှာဖွင့်ထားတဲ့ ဆိုင်ခွဲနဲ့ ယှဉ်နိုင်တဲ့ ဆိုင်ခွဲအချို့ရှိတယ်။ ဒါပေမယ့် အဲ့ဆိုင်ခွဲတွေဆီ ငါသွားနိုင်မှာ မဟုတ်ဘူး။ ပြီးတော့ ဒီတစ်ကြိမ် ပြောင်းရပြီဆို နောက်တစ်ကြိမ် ဒီကို ပြန်လာဖို့ ခက်ခဲသွားတော့မှာ”
“ကျုပ်နားလည်တယ်” ရန်ကိုင်က ခေါင်းညိတ်လိုက်သည်။
ခန်စစ်ရန်က ပြုံးလျက် “ကံတရားပဲလေ၊ ဘယ်တတ်နိုင်ပါ့မလဲ။ ကဲ၊ အဲ့အကြောင်း မပြောတော့နဲ့၊ မင်းဘာအရောင်းအဝယ် လုပ်ချင်တာလဲ”
ရန်ကိုင်က အလေးအနက် အမူအရာဖြင့် “လေဟာနယ်သလင်းကျောက်တွေနဲ့ လေဟာနယ်ကျောက်စိမ်းတွေ ဝယ်ချင်တာ”
ခန်စစ်ရန်က သူ့မုတ်ဆိတ်မွှေးကို ပွတ်ရင်းမှ ပြန်ပြောလိုက်သည် “အဲ့ဒါတွေကို သိုလှောင်လက်စွပ်တွေ ထုတ်တဲ့နေရာမှာသုံးတာ။ ဒီကောင်တွေက ဒီလောက် ရှာရမခက်ဘဲ။ ဒီဆိုင်ခွဲမှာတော့ လက်ကျန်နည်းနည်းရှိတယ်။ ရောင်းရင်းရန်၊ မင်းဘယ်လောက်လိုချင်တာလဲ”
“ရောင်းရင်းခန်ဆီမှာ ဘယ်လောက်ရှိလဲ” ရန်ကိုင်က ပြန်ပြောလိုက်သည်။
ခန်စစ်ရန်က ပြန်ပြောလေ၏ “တစ်ချက်ကြည့်ကြည့်လိုက်မယ်”
ထိုသို့ပြောပြီးသည့်နောက် ကျောက်စိမ်းပြားတစ်ပြားကိုထုတ်ကာ စစ်ဆေးကြည့်လေ၏။ ခဏအကြာတွင် ရန်ကိုင်ကို ကြည့်၍ ပြန်ပြောလိုက်သည် “အလယ်အလတ်အဆင့် အရင်းအမြစ်ကျောက် သန်းသုံးဆယ်ဖိုးလောက်တော့ရှိတယ်။ ဒါပေမယ့် ရောင်းရင်းရန် ဝယ်မယ်ဆိုရင်တော့ တစ်ဆယ်ရာခိုင်နှုန်း ဈေးလျှော့ပေးမယ်။ ငါလည်း အဲ့လောက်ပဲ လျှော့ပေးလို့ရမယ်”
“ယူမယ်”
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၇၅၅)
ဘာသာပြန်သူ_တိမ်တိုက်
“အကုန်... အကုန်ယူမှာ” ခန်စစ်ခန် ထိတ်လန့်သွားလေသည်။ ယခု ရန်ကိုင် ဝယ်ချင်သည့် ပမာဏသည် အလယ်အလတ်အဆင့် အရင်းအမြစ်ကျောက် သန်းသုံးဆယ်ဖြစ်ကာ၊ အဆင့်နိမ့် အရင်းအမြစ်ကျောက် သန်းသုံးဆယ် မဟုတ်ချေ။
“ဟုတ်တယ်။ အကုန်ယူမှာ” ရန်ကိုင် ခေါင်းညိတ်လိုက်သည်။
ရန်ကိုင်သာ အကုန်လုံးကို တကယ် ဝယ်မည်ဆိုလျှင်တော့ ဤအရောင်းအဝယ်သည် ခန်စစ်ရန် လုပ်ဖူးသမျှ အရောင်းအဝယ်များအနက် အကြီးမားဆုံး အရောင်းအဝယ် ဖြစ်သွားလေပြီ။ ဤအရောင်းအဝယ်ဖြင့်သာ ဆိုပါက သူ့အနေဖြင့် အခြားတစ်နေရာသို့ ပြောင်းရမည်ဆိုလျှင်ပင် တောကြိုအုံကြား နေရာဆီကိုတော့ ရောက်တော့လိမ့်မည် မဟုတ်ချေ။
သို့သော်ငြား သူအံ့အားသင့်ရသည့် အခိုက်အတန့်သည် ဤမျှနှင့်ပင် ရပ်တန့်မသွားခဲ့။ ရန်ကိုင်က ဆက်၍ ပြောလိုက်လေ၏ “ရောင်းရင်းခန်၊ မင်းလေဟာနယ်သလင်းကျောက်နဲ့ လေဟာနယ်ကျောက်စိမ်းတွေ ထပ်ရှာထားပေးလို့ ရသေးလို့။ ရှာနိုင်သမျှ ငါအကုန်ယူမယ်”
ခန်စစ်ရန် လေအေးတစ်ရှိုက် ရှူသွင်းမိလိုက်လေသည်။
လေဟာနယ်သလင်းကျောက်နှင့် လေဟာနယ်ကျောက်စိမ်းတို့သည် သိုလှောင်လက်စွပ်များ ဖန်တီးရာတွင် မဖြစ်မနေ လိုအပ်သည့် ပစ္စည်းများ ဖြစ်ကြပါသော်ငြား အရမ်းကြီးတော့ ရှားပါးသည့် ပစ္စည်းများ မဟုတ်ကြချေ။ ထိုပစ္စည်းများ၏ ဝယ်လိုအားမှာ အလယ်အလတ် နေရာလောက်တွင်သာ ရှိပေသည်။ ရန်ကိုင်သည် အလယ်အလတ်အဆင့် အရင်းအမြစ်ကျောက် သန်းသုံးဆယ်နှင့် ညီမျှသော ပမာဏကို ဝယ်ယူခဲ့ရုံမက ထပ်မံ၍ပင် ရသလောက် ဝယ်ယူချင်နေခဲ့သည်။ သူ သိုလှောင်လက်စွပ် မည်မျှများများ ဖန်တီးချင်နေလေသနည်း။
ခန်စစ်ရန်သည် သူ့ကိုယ်သူ တည်ငြိမ်အောင် လုပ်ပြီးနောက်တွင် ပြန်ပြောလိုက်လေ၏ “ဒီမှာတော့ အလယ်အလတ်အဆင့် အရင်းအမြစ်ကျောက် သန်းသုံးဆယ်ဖိုးလောက်ပဲ ရမယ်ဆိုပေမယ့် ဠာနချုပ်မှာဆိုရင်တော့ ပိုရှိလိမ့်မယ်။ အဲ့ဒါနဲ့မှ လိုသေးရင် အခြား ဆိုင်ခွဲတွေဆီကနေပါ ထပ်တောင်းလို့ရတယ်။ မင်းအဲ့လောက်အများကြီး တကယ် လိုချင်တာ သေချာလား”
ဆိုင်ခွဲတစ်ခုချင်းစီတိုင်းတွင်သာ အလယ်အလတ်အဆင့် အရင်းအမြစ်ကျောက် သန်းသုံးဆယ်နှင့် ညီမျှသည့် ပမာဏ ရှိနေမည်ဆိုပါက ဆိုင်ခွဲ ဆယ်ခုဆိုလျှင် သန်းသုံးရာ ဖြစ်သွားလေပြီ။ ခရမ်းကြယ်စဉ် ကုန်သွယ်ရေးအဖွဲ့အစည်းတွင် ဆိုင်ခွဲပေါင်း ရာနှင့်ချီ ရှိလေရာ ထိုဆိုင်ခွဲများတွင် ရှိနေသည့် ပမာဏ အားလုံးကို ပေါင်းလိုက်မည်ဆိုပါက တန်ကြေးမှာ အဆင့်မြင့်အရင်းအမြစ်ကျောက် သန်းဆယ်ဂဏန်းနှင့် ချီသွားနိုင်ပေသည်။
အဆင့်မြင့်အရင်းအမြစ်ကျောက် သန်းဆယ်ဂဏန်း... ထိုပမာဏမှာ ကြောက်မခန်းလိလိ ပမာဏတစ်ရပ် ဖြစ်ပေသည်။
ဤအရောင်းအဝယ်သာ ဖြစ်မြောက်သွားခဲ့မည်ဆိုလျှင် ခန်စစ်ရန်သည် ဆိုင်ခွဲမှူးတစ်ဦးပင် ဖြစ်လာနိုင်ပေသည်။ ပြဿနာဆို၍ သူ့ကျင့်ကြံခြင်း နိမ့်ကျနေသည့် တစ်ချက်သာ ရှိလေသည်။ ပုံမှန်အားဖြင့် စည်းမျဉ်းစည်းကမ်းအရ ဧကရာဇ်အဆင့် ကျင့်ကြံသူများသည်သာ ဆိုင်ခွဲမှူး ဖြစ်လာနိုင်သည် မဟုတ်ပေလော။
အခြားတစ်ယောက်သည်သာ ခန်စစ်ရန်နှင့် ယခုကဲ့သို့ အရောင်းအဝယ်မျိုး လာလုပ်မည် ဆိုပါက ခန်းစစ်ရန်အနေဖြင့် မဆိုင်းမတွ သဘောတူမိလိုက်လိမ့်မည် ဖြစ်သော်ငြား ရန်ကိုင် ဖြစ်နေသည့်အတွက်ကြောင့် ခန်စစ်ရန်မှာ ပမာဏ များပြားလွန်းနေသည့်အပေါ် အနည်းငယ်တော့ စိတ်ပူမိလေသည်။ ရန်ကိုင်မှ သူဝယ်လိုသည့် ပမာဏအကြောင်း မသိမည် စိုးသည့်အတွက်ကြောင့် ခန်စစ်ရန်သည် မည်မျှ ကျသင့်မည်လဲ ဆိုသည်ကိုပင် ပြောပြခဲ့သေးသည်။
“ရတယ်” ရန်ကိုင်က ပြုံးလျက် “ရောင်းရင်းရန် အဲ့လို အရောင်းအဝယ်မျိုး မလုပ်နိုင်ဘူး ဆိုရင်တော့ တစ်မျိုးပေါ့”
ခန်စစ်ရန်က ပွင့်ပွင့်လင်းလင်း ပြန်ပြောလိုက်သည် “ဒီလောက်အထိကတော့ ငါတို့ မန်နေဂျာတစ်ယောက် မလုပ်နိုင်တော့ဘူး”
ရန်ကိုင်မှာ သာမန်ကာလျှံကာ နောက်လိုက်ခြင်း ဖြစ်ပါသော်ငြား တကယ်ကြီး ဖြစ်နေလိမ့်မည်ဟု မထင်ထားခဲ့ချေ။
ခန်စစ်ရန်က ပြန်ပြောလိုက်သည် “ရောင်းရင်းရန်၊ မင်းအဲ့လောက်အများကြီး တကယ် လိုချင်တယ်ဆိုရင်တော့ ဒီခန် ဆိုင်ခွဲမှူးကို ကိုယ်တိုင် သွားမေးပေးမယ်”
ရန်ကိုင်က ခေါင်းညိတ်လိုက်သည် “ကောင်းပြီလေ”
“ဒါဆို ခဏစောင့်နေနော်” ခန်စစ်ရန် ချက်ချင်း အခန်းထဲမှ ထွက်လာလေသည်။
အခန်း အပြင်ဘက်တွင် ရပ်နေသော ကုဟုန်သည် ခန်စစ်ရန် ထွက်လာသည်ကို မြင်သော် ပြုံးလျက် မေးလိုက်လေသည် “မန်နေဂျာခန်၊ ဆွေးနွေးတာ ဘယ်လိုနေလဲ။ ဒီကု ကူညီဖို့ လိုသေးလား”
ခန်စစ်ရန်က မျက်နှာကြီးမဲ့လျက် “ဒီခန် မန်နေဂျာကုကို ပြဿနာ မပေးတော့ပါဘူး”
ကုဟုန်က လှောင်ပြုံးပြုံးလျက် “စေတနာကို တန်ဖိုးမထားတတ်တာ” သူ့အနေဖြင့် ရန်ကိုင်ရှေ့တွင် ကုန်သွယ်ရေးအဖွဲ့အစည်း၏ မန်နေဂျာတစ်ဦး၏ ပုံစံအတိုင်း ယဉ်ယဉ်ကျေးကျေး နေခဲ့ပါသော်ငြား ခန်းစစ်ရန်ကိုတော့ ထိုကဲ့သို့ ယဉ်ကျေးနေစရာ မလိုချေ။
ခန်စစ်ရန် အပေါ်ထပ်သို့ တက်သွားသည်ကိုမြင်သော် ကုဟုန် မျက်မှောင်ကြုတ်သွားခဲ့သည်။
ခန်စစ်ရန်ကို ကြည့်ရသည်မှာ ဆိုင်ခွဲမှူးနှင့် သွားတွေ့ချင်နေသည့်ပုံပင်။ ထိုကောင်လေးနှင့်လုပ်သည့် အရောင်းအဝယ်သည် မန်နေဂျာတစ်ဦးသည်ပင် တာဝန်မခံနိုင်သည်အထိကို ကြီးမားသည်လား။ ကုဟုန် ရုတ်တရက် တုန်လှုပ်လာခဲ့သည်။ ထိုသို့သာဆိုလျှင် ယခု အရောင်းအဝယ်မှ ခန်စစ်ရန် အကျိုးဆောင်မှတ်များစွာရကာ ဤဆိုင်ခွဲတွင် ခြေကုပ်ရယူကောင်း ရယူသွားနိုင်ပေသည်။
ထိုအကြောင်းကိုတွေးရင် ကုဟုန်မျက်နှာထက် စိုးရိမ်ရိပ်တို့ ထွက်ပေါ်လာခဲ့သည်။
မကြာခင်တွင် ဠာနချုပ်မှ နောက်ခံအင်အားတောင့်သည့် မန်နေဂျာတစ်ယောက် ဤနေရာသို့ ရောက်လာပေလိမ့်မည်။ သို့သော်ငြား ဆိုင်ခွဲတစ်ခုချင်းစီ၌ ရှိသည့် မန်နေဂျာ အရေအတွက်မှာ အကန့်အသတ်နှင့် ရှိသည့်အတွက်ကြောင့် ထိုမန်နေဂျာသာ ရောက်လာမည်ဆိုပါက ဤနေရာ၌ရှိသည့် မန်နေဂျာများအနက်မှ တစ်ယောက်သည် သူ့နေရာကို ဖယ်ပေးရပေလိမ့်မည်။
ပုံမှန်အားဖြင့် လက်ရှိ အနေအထားအရ မန်နေဂျာရာထူးကို ဖယ်ပေးရမည့်လူမှာ ခန်စစ်ရန် ဖြစ်ပေသည်။ သို့သော်ငြား ခန်စစ်ရန်သည်သာ အကျိုးဆောင်မှတ်များစွာ ရသွားခဲ့မည်ဆိုလျှင် နေရာပြောင်းရမည့်လူမှာ ခန်စစ်ရန် မဟုတ်တော့ဘဲ ကုဟုန် ဖြစ်သွားရပေလိမ့်မည်။ မည်သို့ပင် ဖြစ်စေကာမူ တစ်ယောက်ယောက်ကတော့ သွားကို သွားရပေလိမ့်မည်။
မေပယ်မြို့သည် ကျင့်ကြံသူပေါင်းများစွာ စုဝေးနေသည့် စီးပွားရေးလုပ်လို့ ကောင်းသည့် နေရာတစ်ခု ဖြစ်လေရာ ကုသည် ဤနေရာကို မည်သို့မှ အလွယ်တကူ လက်လွှတ်နိုင်ပါမည်နည်း။ ဤနေရာတွင် တစ်နှစ်လောက် အလုပ်လုပ်ရုံဖြင့် အခြား ဆိုင်ခွဲများတွင် သုံးနှစ်ခန့်လုပ်မှသာ ရနိုင်မည့် အကျိုးဆောင်မှတ်များကို ရှာနိုင်ပေသည်။ ထို့ကြောင့်ပင် ကုဟုန်သည် ခန်စစ်ရန် ထွက်သွားရစေအောင် သူ့အရောင်းအဝယ်များကို လိုက်လံ လုယူနေခဲ့ခြင်း ဖြစ်သည်။
သို့သော်ငြား အခြေအနေမှာ ပြောင်းပြန်ဖြစ်တော့မည့်ပုံပင်။ ထို့ကြောင့် ကုဟုန်မှာ ထိတ်လည်းထိတ်လန့်၊ ဒေါသလည်း ထွက်လာခဲ့သည်။
သူ့စိတ်ထဲ အတွေးပေါင်းစုံ ယောက်ယတ်ခတ်နေစဉ်မှာပင် သူထင်ထားသည့်အတိုင်း ဆိုင်ခွဲမှူးသည် ခန်စစ်ရန်နှင့်အတူ အပေါ်ထပ်မှ ဆင်းလာခဲ့လေသည်။ ထိုကောင်လေးနှင့်လုပ်သည့် အရောင်းအဝယ်မှာ မည်သည့် အတိုင်းအတာအထိ ရောက်လို့များ ဆိုင်ခွဲမှူးပင် ဝင်ပါရလေသည်။
ခန်စစ်ရန်သည် ရန်ကိုင် ရှိနေသည့် အခန်းတံခါးကို ခေါက်လိုက်သည်။ ပြန်ထူးသံ ကြားလိုက်သော် အခန်းတံခါးကိုဖွင့်၍ ဘေးတွင် သွားရပ်လျက် ပြောလိုက်လေ၏ “ဝင်လာခဲ့ပါ ဆိုင်ခွဲမှူး”
ပုပုကွကွနှင့် သက်ကြီးပိုင်းလူကြီး အခန်းထဲသို့ ဝင်လာလေ၏။
ထိုလူကိုမြင်သော် ရန်ကိုင်သည် မျက်ခုံးပင့်၍ ထိုင်ရာမှကာ ပြောလိုက်လေ၏ “မင်္ဂလာပါ ဆိုင်ခွဲမှူးလော့”
မေပယ်မြို့၏ ဆိုင်ခွဲကို ဦးစီးကြီးကြပ်နေသည့်လူသည် ခရမ်းကြယ်စဉ်ကုန်သွယ်ရေး အဖွဲ့အစည်း၏ ဒုခေါင်းဆောင် လော့ချီ ဖြစ်နေခဲ့သည်။ ထိုအချက်ကို ကြည့်ရုံဖြင့် မေပယ်မြို့အား ခရမ်းကြယ်စဉ်ကုန်သွယ်ရေးအဖွဲ့အစည်း မည်မျှ အလေးထားကြောင်းကို မြင်တွေ့နိုင်ပေသည်။
“မင်းငါ့ကိုသိတာလးား” လော့ချီ အံအားသင့်သွားခဲ့သည်။ သူသည် ခရမ်းကြယ်စဉ် ကုန်သွယ်ရေးအဖွဲ့အစည်း၏ ဒုခေါင်းဆောင်ဖြစ်သလို မေပယ်မြို့ ဆိုင်ခွဲ၏ ဆိုင်ခွဲမှူး ဖြစ်ပါသော်ငြား လော့ချီသည် လူရှေ့သူရှေ့ ထွက်ခွဲလှသည်။ ထို့ကြောင့် ရန်ကိုင်မှ သူ့အား မြင်ရုံဖြင့် မှတ်မိနေသည်ကိုမြင်သော် လော့ချီ အံ့အားသင့်သွားခဲ့လေသည်။ သို့သော်ငြား သေချာ အနီးကပ်ကြည့်ကြည့်လိုက်သည့်နောက် ရန်ကိုင်အား တစ်နေရာရာ၌ မြင်ဖူးနေသလို သူ့စိတ်ထဲ ခံစားလိုက်ရလေသည်။
ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်စစ်ဆေးကြည့်လိုက်ပြီးနောက် ရန်ကိုင်၏ ကျင့်ကြံခြင်းမှာ သူ့ကဲ့သို့ပင် ဧကရာဇ်ပထမအဆင့် ဖြစ်နေကြောင်း သိလိုက်ရပြီးနောက် လော့ချီ ပို၍ အံ့အားသင့်သွားခဲ့ရလေသည်။
ခန်စစ်ရန်မှ သူ့မိတ်ဆွေတစ်ဦး အရောင်းအဝယ် ကြီးကြီးမားမား လုပ်ချင်သည်ဟု လာပြောစဉ်က စိတ်ထဲသိပ်မထားခဲ့ချေ။ တကယ်တော့ ခန်စစ်ရန်ကဲ့သို့ လူတစ်ဦး၏ မိတ်ဆွေသည် မည်မျှများ အဆင့်အတန်း မြင့်မားနိုင်ပါမည်နည်း။ သို့သော်ငြား ယခုမူ သူအထင်မှားသွားသည့်ပုံပင်။ ဤလူငယ်လေးသည် ဧကရာဇ်အဆင့် ပညာရှင်တစ်ဦး ဖြစ်နေခဲ့သည်။
လော့ချီက ပြုံးင မေးလိုက်လေသည် “မိတ်ဆွေလေးကို ဒီလူအိုကြီး တစ်နေရာရာမှာ တွေ့ဖူးသလိုပဲနော်”
ရန်ကိုင်က ပြုံးလျက် ပြန်ပြောလေ၏ “ကြယ်ဝိဥာဉ်နန်းတော်ရဲ့ ငါးရောင်ခြယ်ရတနာဘုရား ဖွင့်တုန်းက ဂျူနီယာ အဲ့မှာ ရှိနေခဲ့ပါတယ်။ ဥတုလေးမျိုး နယ်မြေဖွင့်တုန်းကလည်း အဲ့မှာ ရှိခဲ့ပါတယ်”
လော့ချီ ယာယီမျှ အတွေးနက်သွားပြီး “မင်းက...”
ရန်ကိုင်ပါ”
လော့ချီ မျက်နှာပျက်သွားခဲ့ပြီး “မင်းသတ္တိက မသေးပါလားကွ။ ဘယ်လိုလုပ်ပြီး လူရှေ့သူရှေ့ ပေါ်ပေါ်ထင်ထင် ထွက်လာရဲတာလဲ”
လော့ချီ၏ ရုတ်တရက် ပြောင်းလဲသွားသည့် သဘေားထားကြောင့် ခန်စစ်ရန် ထိတ်လန့်သွားခဲ့လေသည်။ ရန်ကိုင် လော့ချီအား မည်ကဲ့သို့ ရန်စမိလိုက်လို ရန်စမိသွားမှန်း ခန်စစ်ရန် လုံးဝ နားမလည်။
ရန်ကိုင်လည်း ကြောင်သွားခဲ့လေသည်။ သို့သော်ငြား လော့ချီ ဘာကြောင့် ဤကဲ့သို့ ဖြစ်သွားလဲ ချက်ချင်းနားလည်လိုက်သည်။ လော့ချီ၏ တုန့်ပြန်ပုံသည် ကြယ်ဝိဥာဉ်နန်းတော်နှင့် ပက်သက်နေရပေလိမ့်မည်။ ကြယ်ဝိဥာဉ်နန်းတော်နှင့် ရန်ကိုင်ကြား ကိစ္စကို ခန်စစ်ရန် သိလိမ့်မည် မဟုတ်သော်ငြား လော့ချီကတော့ ကျိန်းသေ သိနေပေလိမ့်မည်။
ရန်ကိုင်က ပြုံး၍ ပြန်ပြောလိုက်၏ “ကျုပ်ဘက်က မှားမှမမှားတာ။ ဘာလို့ လူရှေ့ ထွက်မလာရဲရမှာလဲ”
လော့ချီက ပြန်ပြောလိုက်၏ “မင်းသတ္တိကတော့ တကယ်မသေးဘူးပဲ။ ဒါပေမယ့် မင်းကံကြမ္မာကတော့ ဘယ်လိုဖြစ်မလဲ ဘယ်သူမှ မပြောနိုင်ဘူး”
ရန်ကိုင်က ပြန်ပြောလိုက်လေသည် “ဆိုင်ခွဲမှူးလော့၊ ခင်ဗျား စီးပွားရေးလုပ်မှာလား။ အဲ့အကြောင်းပြောမှာလား။ အဲ့အကြောင်းပဲ ပြောမယ်ဆိုရင်တော့ ကျုပ် ခုနှစ်ရောင်စဉ် ကုန်သွယ်ရေး အဖွဲ့အစည်းဆီပဲ သွားလိုက်တော့မယ်။ သူတို့သာဆို ဒီအရောင်းအဝယ်ကို ကျိန်းသေ စိတ်ဝင်စားမှာ”
“စီးပွားရေးပေါ့... ဘာလို့ အဲ့အကြောင်း ဆက်ပြောရမှာလဲ” လော့ချီက ချက်ချင်း မျက်နှာကြီးမဲ့လျက် ပြန်ပြောလိုက်သည်။ ရန်ကိုင်သည် စကားလမ်းကြောင်း ပြောင်းနိုင်ရန်အတွက် သူ၏ ပြိုင်ဘက်ကြီး ခုနှစ်ရောင်စဉ်ကုန်သွယ်ရေး အဖွဲ့အစည်းကို စကားဝိုင်းထဲ ဆွဲသွင်းလာခဲ့သည်။ ရန်ကိုင် ငါးစာချနေခြင်း ဖြစ်ပါသော်ငြား စီးပွားရေးသည် စီးပွားရေး ဖြစ်သည့်အတွက်ကြောင့် လော့ချီအနေဖြင့် ဤကဲ့သို့ အခွင့်အရေးမျိုးကို လက်မလွှတ်နိုင်ချေ။
လော့ချီက ထိုင်လိုက်ပြီးနောက် ရန်ကိုင်ကို ပြောလိုက်လေ၏ “ထိုင်ပြီးတော့မှ ပြောကြတာပေါ့”
ရန်ကိုင်သည် လော့ချီဘေးနားတွင် ရပ်နေသော ခန်စစ်ရန်ကို လှမ်းကြည့်လိုက်၏။
ထိုအခြင်းအရာကိုမြင်သော် လော့ချီက ပြောလိုက်လေသည် “မန်နေဂျာခန်လည်း ထိုင်လေ”
တစ်ချိန်တည်းတွင် သူ့စိတ်ထဲမှလည်း တွေးလိုက်၏ (ရန်ကိုင်နဲ့ ခန်စစ်ရန်က ဒီလောက်တောင် ရင်းနှီးကြတာလား)
ခန်စစ်ရန် အနည်းငယ် လန့်သွားခဲ့ပါသော်ငြား လော့ချီကိုယ်တိုင်က ပြောနေသည့် အတွက်ကြောင့် ထိုင်ချလိုက်လေသည်။
အကုန်လုံး ထိုင်ပြီးသည့်နောက်တွင် လော့ချီက လိုရင်းကို တန်းပြောလိုက်သည် “မန်နေဂျာခန်ပြောတာ မိတ်ဆွေလေးက အဆင့်မြင့်အရင်းအမြစ်ကျောက် သန်းဆယ်ဂဏန်း တန်ကြေးရှိတဲ့ အရောင်းအဝယ် လု်ပချင်တယ်ဆို”
“ဟုတ်တယ်။ ဆိုင်ခွဲမှူလော့ အဲ့လောက်ပမာဏကို တတ်နိုင်မလား၊ မတတ်နိုင်ဘူးလားပဲ မသိရသေးတာ” ရန်ကိုင် ခေါင်းညိတ်လိုက်သည်။
လော့ချီက ရယ်မောလျက် “ဒီလောကကြီးမှာ ငါတို့ ခရမ်းကြယ်စဉ်ကုန်သွယ်ရေး အဖွဲ့အစည်း မကိုင်တွယ်နိုင်တဲ့ အရောင်းအဝယ်ဆိုတာ မရှိသေးဘူး။ ဒါပေမယ့် မိတ်ဆွေလေးရန် ဘာလို့ လေဟာနယ်သလင်းကျောက်နဲ့ လေဟာနယ်ကျောက်စိမ်း အများကြီးကို လိုလဲဆိုတာ သိလို့ရမလား”
ရန်ကိုင် ပြုံးလျက် “အဲ့ဒါကို ဆိုင်ခွဲမှူးသိစရာ မလိုဘူးနဲ့ တူတယ်နော်”
လော့ချီ ကြောင်သွားခဲ့လေသည်။ သို့သော် ချက်ချင်းပဲ ပြုံးလျက် “ဒီလူအိုကြီး နည်းနည်း လွန်သွားတယ်” တစ်ချက်မျှ တိတ်နေပြီးနောက်တွင် လော့ချီက ဆက်ပြောလိုက်သည် “မိတ်ဆွေလေးလိုတဲ့ ကုန်ပစ္စည်းပမာဏက အရမ်းများလွန်းတယ်။ ဒီလူအိုကြီး မိတ်ဆွေလေးကို မယုံတာမဟုတ်ပေမယ့် မိတ်ဆွေလေးဘက်က နည်းနည်းပါးပါး ယုံကြည်လို့ရကြောင်း ပြပေးလို့ရမလား”
လော့ချီမှ ထိုကဲ့သို့ ပြောလိုက်သည်နှင့် တစ်ပြိုင်နက် ရန်ကိုင်သည် လော့ချီဆီသို့ သိုလှောင်လက်စွပ်တစ်ကွင်းကို ပစ်ပေးလိုက်လေသည် “ဒီမှာ စရံ။ ဆိုင်ခွဲမှူး ကျေနပ်လား တစ်ချက် စစ်ဆေကြည့်ပါဦး”
လော့ချီလည်း သိုလှောင်လက်စွပ်ထဲရှိ ပစ္စည်းများကို ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်ရာ အနည်းဆုံး ဆယ်သန်းခန့်ရှိသည့် တောင်နှယ် ပုံထပ်နေသော အဆင့်မြင့် အရင်းအမြစ်ကျောက်များကို တွေ့လိုက်လေသည်။
ရန်ကိုင်တွင် ဤအရောင်းအဝယ် လုပ်ရန်အတွက် ငွေကြေးအလုံအလောက် ရှိနေကြောင်း သိလိုက်သော် လော့ချီက ခေါင်းညိတ်လျက် “ကောင်းပြီလေ။ မိတ်ဆွေလေးက ယုံကြည်ရထိုက်တဲ့လူဆိုမှတော့ ဒီလူအိုကြီး တည့်တိုးပဲ ပြောတော့မယ်။ နှစ်လအတွင်း အဆင့်မြင့်အရင်းအမြစ်ကျောက် သန်းလေးဆယ်နဲ့ ညီမျှတဲ့ ပစ္စည်းတွေ ဒီမှာ ရှိနေစေရမယ်။ အဲ့အချိန်ကျ မိတ်ဆွေလေးအနေနဲ့ လိုအပ်တဲ့ အရင်းအမြစ်ကျောက်တွေ ဒီကို ယူလာပေးဖို့ ဒီလူအိုကြီး မျှော်လင့်ပါတယ်”
“ဒါပေါ့” ရန်ကိုင်က ခေါင်းညိတ်လိုက်သည် “ဒါပေမယ့် ကျုပ်ပြန်ပြီး တောင်းဆိုချင်တာ တစ်ခုရှိတယ်”
လော့ချီက ပြောလိုက်သည် “ပြော”
ရန်ကိုင်က ခန်စစ်ရန်ကိုကြည့်၍ “ကျုပ်ဒီအရောင်းအဝယ်ကို မန်နေဂျာခန်နဲ့ပဲ လုပ်ချင်တယ်”
လော့ချီ မျက်မှောင်ကြုတ်သွားခဲ့လေသည် “ဘာလို့လဲ၊ မိတ်ဆွေလေးရန်က ငါတို့ ခုနှစ်ရောင်စဉ်ကုန်သွယ်ရေး အဖွဲ့အစည်းကို မယုံတာလား”
ရန်ကိုင်က ခေါင်းခါလျက် “အဲ့လိုမဟုတ်ဘူး။ ခုနှစ်ရောင်စဉ်ကုန်သွယ်ရေး အဖွဲ့အစည်းကို မယုံစရာလား။ ဒါပေမယ့် ကျုပ်က ခန်စစ်ရန်နဲ့ ရင်းနှီးတယ်လေ။ ဒီတော့ သူနဲ့ အရောင်းအဝယ် လုပ်ရတာ ပိုပြီး သက်သောင့်သက်သာ ဖြစ်လို့”
လော့ချီ အကြပ်ရိုက်သွားတော့သည်။ ပြဿနာမှာ ခန်စစ်ရန်သည် နှစ်လကြာလျှင် ဤနေရာမှ အခြားတစ်နေရာသို့ ပြောင်းရပေတော့မည်။ ထိုသို့ ဖြစ်လာသည့်အခါ ခန်စစ်ရန်သည် မေပယ်မြို့၌ မရှိဘဲနှင့် ရန်ကိုင်နှင့် မည်သို့များ အရောင်းအဝယ် လုပ်ရပါမည်နည်း။ သို့သော်ငြား ရန်ကိုင်နှင့် လုပ်သည့် အရောင်းအဝယ်သည် သူတို့ ကုန်သွယ်ရေးအဖွဲ့အစည်းဆီသို့ အကျိုးအမြတ်များစွာကို ယူဆောင်လာပေးနိုင်ပေသည်။ ထို့ကြောင့် လော့ချီအနေဖြင့် သေချာစဉ်းစားရန် လိုအပ်ပေသည်။
တစ်ခဏမျှ တိတ်ဆိတ်နေပြီးနောက်တွင် လော့ချီက ပြန်မေးလိုက်သည် “မိတ်ဆွေလေးရန်က ဒီနည်းလမ်းကိုသုံးပြီ မန်နေဂျာခန်ကို ဒီမှာ နေလို့ရအောင် လုပ်ပေးချင်တာလား”
ရန်ကိုင် ဘာကြောင့် ဤကဲ့သို့ လုပ်ရသလဲဆိုသည်ကို လော့ချီ ခန့်မှန်းမိနေလေပြီ။ ထို့ကြောင့် ခေါင်းခါလျက် ပြန်ပြောလိုက်၏ “မိတ်ဆွေလေးရန်ရဲ့ နည်းလမ်းက အလုပ်ဖြစ်မှာ မဟုတ်ဘူး။ မိတ်ဆွေလေးရန်က မန်နေဂျာခန်ကို မေပယ်မြို့မှာ နှစ်လထက်မက ပိုနေလို့ရအောင် လုပ်ပေးနိုင်ပေမယ့် ပစ္စည်းတွေ ရောက်လာရင်တော့ မန်နေဂျာခန် ကျိန်းသေ ပြောင်းရလိမ့်မယ်”
ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့လေသည် “ဘာလို့လဲ”
လော့ချီက ရှင်းပြလိုက်သည် “ဠာနချုပ်က အဲ့လို ဆုံးဖြတ်ထားလို့ပဲ။ ဒီလူအိုကြီးလည်း ဘာမှ မတတ်နိုင်ဘူး”
ရန်ကိုင် သူ့အား ဝင်ကူညီပေးနေသည့်အတွက် ခန်စစ်ရန်မှာ ရန်ကိုင်အား အတော်လေး ကျေးဇူးတင်နေလေပြီ။ ထို့ကြောင့် ဝင်ပြောတော့မည်အပြု ရန်ကိုင်က လှမ်းတားလျက် ဆက်ပြောလိုက်သည် “အရောင်းအဝယ်က တစ်ခုတည်း မကဘူးဆိုရင်ရော... ရေရှည် အရောင်းအဝယ်ဆိုရင်ကော...”
လော့ချီက မျက်လုံးမှေးစဉ်လျက် “ဘယ်လို အရောင်းအဝယ်မျိုးလဲ ဆိုတဲ့အပေါ်မှာ မူတည်လိမ့်မယ်”
ရန်ကိုင်သည် သူ့လက်ကို စားပွဲပေါ် ကောက်တင်လိုက်သည်။ သူ့လက်ကို ပြန်ဖယ်လိုက်သည့်အခိုက် တောကြက်မောက်အရွယ်အစားရှိသော မွန်းစတားအမြူတေတစ်ခု စားပွဲပေါ်၌ ကျန်ရစ်ခဲ့လေ၏။