← Chapters

အခန်း (၂၇၅၆-၂၇၆၀)

Vol. 118 Ch. 2756-2760

အခန်း (၂၇၅၆-၂၇၆၀)

Vol. 118 Ch. 2756-2760

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၇၅၆)

ဘာသာပြန်သူ_တိမ်တိုက်

“အဆင့်ဆယ့်နှစ် မွန်းစတားအမြုတေ…” လော့ချီ ကြောင်သွားခဲ့လေသည်။ ထို့နောက် ချက်ချင်းပဲ စားပွဲပေါ်တွင် ရှိနေသော မွန်းစတားအမြုတေကို ကောက်ယူစစ်ဆေးကြည့်လိုက်ပြီးသည့်နောက် ခေါင်းညိတ်လျက် ပြောလိုက်လေ၏။ “တကယ်ကြီး အဆင့်ဆယ့်နှစ် မွန်းစတားအမြုတေပဲ…”

ဤအရာများသည် အဆင့်ဆယ့်နှစ် မွန်းစတားသားရဲများဆီမှသာလျှင် ဖြစ်ပေါ်လာနိုင်သည့် အမြုတေများ ဖြစ်ကြပြီး အဆင့်ဆယ့်နှစ် မွန်းစတားသားရဲများမှာ ဧကရာဇ်အဆင့်ကျင့်ကြံသူများနှင့် ညီမျှပေသည်။

လော့ချီကိုယ်တိုင်သည်ပင်လျှင် ဧကရာဇ်ပထမအဆင့် ကျင့်ကြံသူတစ်ဦးသာ ဖြစ်သည့်အတွက်‌ကြောင့် သူသည်သာ အဆင့်ဆယ့်နှစ်မွန်းစတားသားရဲတစ်ကောင်နှင့် သွားတိုက်ခိုက်မည်ဆိုပါက မည်သူနိုင်မလဲ ဆိုသည်ကို ပြောရခက်လှပေသည်။ တစ်ချက်ကလေးသာ မှားယွင်းသွားခဲ့မည်ဆိုလျှင် လော့ချီသည် ထိုမွန်းစတားသားရဲ၏ လက်ချက်ဖြင့် အသက်ဆုံးသွားရနိုင်ပေသည်။

ကြယ်တာရာအစုအဝေးတစ်ခုလုံးတွင်ပင်လျှင် အဆင့်ဆယ့်နှစ်မွန်းစတားသားရဲများ၏ အမြုတေများမှာ ရှားပါးပစ္စည်းများ ဖြစ်ကြပြီး အားနည်းသောကျင့်ကြံသူများမှာ ထိုအရာများကို မည်သည့်နည်းနှင့်မျှ မရနိုင်ကြ။ ပညာရှင်တစ်ဦးသည် ထိုအမြုတေတစ်ခုကို ရလိုက်မည်ဆိုလျှင်ပင် အလွယ်တကူရောင်းချလိမ့်မည် မဟုတ်ချေ။ တကယ်တော့ အဆင့်ဆယ့်နှစ် မွန်းစတားအမြုတေများကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်ကြသည် မဟုတ်ပေလော။ ဆေးဖော်စပ်ရာတွင် အသုံးဝင်သည်ဟူသော အချက်ကပင်လျှင် အဆင့်ဆယ့်နှစ်မွန်းစတားအမြုတေအား လိုချင်သည့် လူပေါင်းများစွာ ရှိနေကြပေလိမ့်မည်။

“ဒါပေမယ့် နှမြောစရာပဲ…” လော့ချီက သက်ပြင်းချလိုက်လေသည်။

ခန်စစ်ရန်က ပြန်မေးလိုက်သည်။ “ဘာနှမြောစရာလဲ…”

သူသည်လည်း ထိတ်လန့်နေခဲ့လေသည်။ ရန်ကိုင်နှင့် ပြန်တွေ့လိုက်သည့်နောက်တွင် ရန်ကိုင်အား လုံးဝမမှတ်မိတော့သလိုပင် ခံစားလိုက်ရသည်။ ရန်ကိုင်သည် ရုတ်တရက်ကြီး သူနှင့် အရောင်းအဝယ်ကြီးတစ်ခုကို လာလုပ်ခဲ့သည်။ ထို့နောက်တွင် အဆင့်ဆယ့်နှစ် မွန်းစတားသားရဲအမြုတေတစ်ခုကိုပင် ထုတ်ယူပြလာခဲ့လေသည်။

ရန်ကိုင် မေပယ်မြို့သို့ ရောက်လာစဉ်ကအချိန်ကို ခန်စစ်ရန် မှတ်မိနေပေသေးသည်။ ထိုစဉ်က ရန်ကိုင်မှာ အတော်လေးကိုမှ ဆင်းရဲမွဲတေသည့် လူတစ်ဦး ဖြစ်ပေသည်။ ထိုသို့ဖြစ်လေရာ ဤမျှသောအချိန်လေးအတွင်း မည်ကဲ့သို့များ ဤမျှ ချမ်းသာလာရလေသနည်း။ ရန်ကိုင်နှင့်ယှဉ်လိုက်သော် သူ့ဘဝ၏ ဆယ်နှစ်လုံးလုံးကို အချည်းနှီးဘဝဖြင့် နေခဲ့ရသည်ဟု ခန်စစ်ရန် ခံစားလိုက်ရလေသည်။

“ဒီမွန်းစတားသားရဲအမြုတေက အဆင့်ဆယ့်နှစ် အဆင့်နိမ့်မွန်းစတားသားရဲတစ်ကောင်ရဲ့ အမြုတေ ဖြစ်နေတာပဲဆိုးတာ… တစ်နည်းပြောရရင်တော့ ဧကရာဇ်ပထမအဆင့်နဲ့ ညီမျှတဲ့ မွန်းစတားသားရဲရဲ့ အမြုတေပေါ့…” လော့ချီက သူ့မုတ်ဆိတ်ကိုပွတ်ရင်းမှ ခေါင်းတခါခါခြင့် ပြောလိုက်သည်။

အဆင့်ဆယ့်နှစ်မွန်းစတားသားရဲအမြုတေ ဖြစ်ပါသော်ငြား အဆင့်ချင်းမတူပါက တန်ဖိုးချင်းလည်း ကွာခြားသွားနိုင်ပေသည်။ ဧကရာဇ်အဆင့်တွင် အဆင့်သုံးဆင့်ရှိသလို မွန်းစတားသားရဲအမြုတေများကိုလည်း သုံးမျိုးခွဲခြားနိုင်သည်။ အဆင့်တစ်ဆင့် တက်သွားတိုင်း မွန်းစတားသားရဲအမြုတေ၏ တန်ဖိုးမှာ မိုးထိမတတ် မြင့်သွားရသည်။

“ဒါဆိုရင် ဒီမွန်းစတားသားရဲအမြုတေ ဘယ်လောက်လောက်တန်လဲ…” ရန်ကိုင်က မေးလိုက်လေသည်။

လော့ချီက ပွင့်ပွင့်လင်းလင်း ပြန်ပြောလိုက်သည်။ “ငါတို့ကုန်သွယ်ရေးအဖွဲ့အစည်းကို ရောင်းမယ်ဆိုရင်တော့ ကြမ်းခင်းဈေးက အဆင့်မြင့်အရင်းအမြစ်ကျောက်နှစ်သန်းပဲ…”

“မဆိုးဘူး…” ရန်ကိုင် ခေါင်းညိတ်လိုက်လေသည်။ အဆင့်ဆယ့်နှစ် အဆင့်နိမ့် မွန်းစတားသားရဲအမြုတေတစ်ခုအတွက် နှစ်သန်းဆိုသည်မှာ ဈေးသင့်သည်ဟု ပြော၍ရသည်။

“ဒါပေမယ့် လေလံပွဲမှာ သွားရောင်းမယ်ဆိုရင်တော့ သုံးသန်းလောက် ရချင်ရမှာပေါ့…” လော့ချီက ပြုံး၍ ပြောလိုက်သည်။ “မိတ်ဆွေလေးပြောတဲ့ နောက်ထပ်အရောင်းအဝယ်က ဒါကိုပြောချင်တာတော့ မဟုတ်ပါဘူးနော်…”

မွန်းစတားအမြုတေကို ရောင်းချသည်မှာ အမှန်တကယ်ကို ကောင်းမွန်သည့် ရောင်းဝယ်ရေးတစ်ခု ဖြစ်ပေသည်။ အဆင့်ဆယ့်နှစ် မွန်းစတားအမြုတေများမှာ အမြဲလိုလို ဝယ်လိုအားနှင့် ရောင်းလိုအား မမျှ ဖြစ်နေခဲ့ရသည်။ သို့သော်ငြား အဆင့်ဆယ့်နှစ် အဆင့်နိမ့် မွန်းစတားအမြုတေတစ်ခုမှာတော့ ထိုမျှ အဖိုးတန်သည်တော့ မဟုတ်ချေ‌။ အဆင့်နိမ့်မွန်းစတားအမြုတေများကို နေရာတိုင်းလိုလိုတွင် မတွေ့ရပါသော်ငြား ရံဖန်ရံခါတွင် လေလံပွဲများတွင် တွေ့ရတတ်ပေသည်။

“ဒါဆိုရင် ဒီဟာဆိုရင်ရော…” ရန်ကိုင်သည် နောက်ထပ်တစ်ခုကို ပစ်ပေးလိုက်သည်။

လော့ချီသည်လည်း ရန်ကိုင်ပစ်ပေးလိုက်သည့်အရာကို ဖမ်းယူကာ သေချာစစ်ဆေးကြည့်လိုက်ပြီးသည့်နောက် မျက်လုံးအပြူးသား ဖြစ်သွားလေ၏။ “ဒါ… ဒါက…”

“အဆင့်ဆယ့်နှစ် အဆင့်မြင့်…” ခန်စစ်ရန်လည်း ထိတ်လန့်နေခဲ့သည်။

ဤနေရာတွင် ရန်ကိုင်ထုတ်ပြထားခဲ့သည့် အဆင့်ဆယ့်နှစ် အဆင့်နိမ့် မွန်းစတားအမြုတေတစ်ခုသာ ရှိမနေခဲ့လျှင် ရန်ကိုင် ထပ်မံထုတ်ပေးလာခဲ့သော အမြုတေမှာ အဆင့်ဆယ့်နှစ် အဆင့်မြင့် မွန်းစတားအမြုတေ ဖြစ်နေမည်မှန်း ခန်စစ်ရန် ပြောနိုင်လိမ့်မည် မဟုတ်ချေ။ သို့သော်ငြား အမြုတေနှစ်ခုကို သေသေချာချာ ယှဉ်ကြည့်လိုက်မည်ဆိုပါက ဒုတိယတစ်ခု၏ အရောင်မှာ ပထမတစ်ခုထက် အဆပေါင်းများစွာ ပိုမိုတောက်ပနေကြောင်း မြင်တွေ့နိုင်ပေသည်။

ဤသည်မှာ အဆင့်ဆယ့်နှစ် အဆင့်မြင့် မွန်းစတားအမြုတေတစ်ခုသာ ဖြစ်လေသည်။

တစ်နည်းဆိုရသော် ဤအရာမျိုးကို ဧကရာဇ်တတိယအဆင့်နှင့် ယှဉ်ပြိုင်နိုင်သော မွန်းစတားသားရဲတစ်ကောင်မှသာ ထုတ်ပေးနိုင်ပေသည်။

“မိတ်ဆွေလေး… မင်း ဒါကို ဘယ်ကနေ ရလာတာလဲ…” လော့ချီမှာ မွန်းစတားအမြုတေအပေါ် အလွန်ကိုမှ စိတ်ဝင်စားသွားသည့်အလား ထိုင်ပင်မထိုင်နိုင်တော့ဘဲ မတ်တပ်ထရပ်လိုက်လေ၏။

ရန်ကိုင်ကမူ လော့ချီကိုသာ အဓိပ္ပာယ်ပါပါပြုံးလျက် ကြည့်နေခဲ့လေသည်။

လော့ချီ၏ပါးစပ် မဲ့သွားခဲ့ပြီး ကသိကအောက်အမူအယာဖြင့် ပြန်ပြောလိုက်လေသည်။ “ဒီလူအိုကြီး ထပ်လွန်သွားပြန်ပြီ…”

တစ်ဖက်လူ၏ လျှို့ဝှက်ချက်အကြောင်းကို သွားမေးဖို့သည် သူ့ကိစ္စမဟုတ်ပေ။ ထို့အပြင် ကုန်သွယ်ရေးအဖွဲ့အစည်း၌ ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများလည်း ရှိပေသည်။ သူသာ ထိုစည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်မည်ဆိုပါက ဒုခေါင်းဆောင်ဖြစ်နေမည်ဆိုလျှင်ပင် အပြစ်ပေးခံရမည်ဖြစ်ကာ ရာထူးမှ လျှောကျသွားနိုင်ပေသည်။ လော့ချီကိုယ်တိုင်မှာလည်း အဆင့်ဆယ့်နှစ် အဆင့်မြင့် မွန်းစတားအမြုတေတစ်ခုကို လာတွေ့ရလိမ့်မည်ဟု မထင်ထားသဖြင့် အတော်လေးကိုမှ ထိတ်လန့်တုန်လှုပ်နေခဲ့လေသည်။ လက်ရှိအချိန်တွင် လော့ချီမှာ ထိုမွန်းစတားအမြုတေကို လွှတ်မပေးချင်သည့်အလား တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားခဲ့လေသည်။

“ဒီမွန်းစတားအမြုတေကရော ဘယ်လောက်တန်လဲ…” ရန်ကိုင်က ထပ်မေးလိုက်သည်။

“ဆယ်သန်း…” လော့ချီက အမြန်ပြန်ဖြေလိုက်လေသည်။ “အနည်းဆုံးတော့ ဆယ်သန်းပဲ… လေလံသွားတင်မယ်ဆိုရင် ဆယ့်ငါးသန်းလောက်တောင် ရနိုင်တယ်…”

ရန်ကိုင် မျက်ခုံးပင့်လိုက်သည်။ ဤသည်မှာ အဆင့်မြင့်မွန်းစတားသားရဲအမြုတေနှင့် အဆင့်နိမ့် မွန်းစတားသားရဲအမြုတေကြားရှိ ကွာဟချက်ပင်။

“ကဲ… ဒီအရောင်းအဝယ်ဆိုရင်ရော ဘယ်လိုထင်လဲ…” ရန်ကိုင်က ပြုံးဖြီးလျက် မေးလိုက်သည်။

“အင်း… တကယ်ကောင်းတယ်…” လော့ချီ ခေါင်းညိတ်ပြလိုက်လေသည်။ ရန်ကိုင်မှ ယူလာသည့် အရောင်းအဝယ်နှစ်ခုစလုံးသည် အဆင့်မြင့်အရင်းအမြစ်ကျောက် ဆယ်သန်းမက တန်ပေသည်။ ထို့အတွက်ကြောင့်ပင်လျှင် သူကိုယ်တိုင် လာတွေ့ရခြင်း ဖြစ်လေသည်။ ဤသည်မှာ ပုံမှန် တွေ့ရခဲလှသည့် အရောင်းအဝယ်မျိုးလည်းမဟုတ်။ ထိုအရောင်းအဝယ်နှစ်ခုကိုသာ သူ့နာမည်ဖြင့် ဆက်လက်လုပ်ဆောင်မည်ဆိုပါက ခန်စစ်ရန်ဂုဏ်သတင်းမှာ ကျိန်းသေ မြင့်တက်လာလိမ့်မည်ဖြစ်ကာ ဤဆိုင်ခွဲတွင်ရှိနေသော အခြားသောမန်နေဂျာများမှာ သူ့အောက်သို့ ရောက်သွားရပေလိမ့်မည်။

“ဒါပေမယ့် ဒီလိုစီးပွားရေးမျိုးက ဘယ်လိုလုပ်ပြီး ရေရှည်သွားလို့ရမှာလဲ…” လော့ချီ မျက်မှောင်ကြုတ်နေခဲ့လေသည်။

သူကိုယ်တိုင်သည် ရန်ကိုင်နှင့် ရေရှည်လက်တွဲချင်ပါသော်ငြား အဆင့်ဆယ့်နှစ် မွန်းစတားသားရဲများ၏ အမြုတေများမှာ ရရှိဖို့ရာ ထိုမျှ လွယ်ကူမည်လား။ ရန်ကိုင် ဤမွန်းစတားအမြုတေနှစ်ခုကို မည်သည့်နေရာမှ ရလာမှန်း လော့ချီမသိ။ သို့သော်ငြား နောက်တစ်ကြိမ်တွင်တော့ ထိုမျှ ကံကောင်းနေလိမ့်မည် မဟုတ်ချေ။

“အခုကနေစပြီးတော့ တစ်နှစ်ကို အဆင့်ဆယ့်နှစ်မွန်းစတားအမြုတေနှစ်ခု ရောင်းရင်းရန်ခန်ဆီ ရောင်းပေးမယ်... ရောင်းရင်းခန် မေပယ်မြို့ကနေ ထွက်သွားတဲ့ထိပေါ့…”

လော့ချီက ခါးသက်စွာ ပြုံးလိုက်လေသည်။ “မိတ်ဆွေလေးက မန်နေဂျာခန်ကို မေပယ်မြို့မှာ တကယ် ထားထားချင်တာပဲ… ဒီလူအိုကြီး မင်းကို မယုံချင်တာတော့ မဟုတ်ပါဘူး… ဒါပေမယ့် ဒါတွေက အဆင့်ဆယ့်နှစ် မွန်းစတားအမြုတေဆိုတော့လေ... မိတ်ဆွေလေး ဘယ်လိုလုပ်ပြီးတော့များ…”

ထိုနေရာသို့ ရောက်သွားသည့်အခိုက် လော့ချီသည် ရန်ကိုင်၏ ညာဘက်လက်ချောင်းများထဲတွင် ပေါ်လာသည့် မွန်းစတားသားရဲအမြုတေများကို ကြည့်ရင်း မျက်လုံးအပြူးသား ဖြစ်သွားခဲ့လေသည်။ ထိုမွန်းစတားသားရဲ အမြုတေ တစ်ခုချင်းစီတိုင်းသည် အရွယ်အစားအရရော အရောင်ရော အရှိန်အဝါအရပါ ရန်ကိုင် ပထမဆုံး ထုတ်ယူလိုက်သည့် မွန်းစတားအမြုတေများနှင့် တူညီနေကြလေသည်။

ထို့နောက်တွင် ဘယ်ဘက်လက်ဆီသို့ လှမ်းကြည့်လိုက်ရာ ညာဘက်လက်တွင် မြင်ရသည့် ပုံစံအတိုင်း မြင်လိုက်ရပြန်လေသည်။

“ဂလု…”

ကိစ္စရပ်အမျိုးမျိုးနှင့် ကြုံခဲ့ဖူးသည့် အတွေ့အကြုံကြွယ်ဝလှသော လော့ချီသည် ယခုအချိန်တွင်တော့ အံ့အားမသင့်ဘဲ မနေနိုင်အောင်ကို ဖြစ်နေခဲ့လေသည်။

အနီးကပ် သွားကြည့်တော့မည်အပြု ရန်ကိုင်သည် ထိုမွန်းစတားအမြုတေများကို ချက်ချင်း ပြန်သိမ်းလိုက်လေ၏။

“အဲ့ဒါတွေအကုန်လုံးက အဆင့်ဆယ့်နှစ်တွေလား…” လော့ချီက မေးလိုက်လေသည်။

ရန်ကိုင်က ပြုံးလျက် “စကားနဲ့ပြောတာ မယုံရဘူးတဲ့… ကိုယ်တိုင်မြင်ရမှပဲ ယုံတာတဲ့… အခု ဆိုင်ခွဲမှူးလော့ ယုံသွားပြီလား…”

လော့ချီ စိတ်လှုပ်ရှားလာခဲ့ပြီး ပြန်မေးလိုက်လေသည်။ “မိတ်ဆွေလေး… မင်း အဲ့မွန်းစတားအမြုတေတွေအကုန်လုံးကို ရောင်းချင်တာလား…”

“မရောင်းပါဘူး…” ရန်ကိုင်က ငြင်းဆိုလိုက်လေသည်။ ရန်ကိုင်တွင် သူသုံးနိုင်သည့် ပမာဏထက် ပိုမိုများပြားသော မွန်းစတားအမြုတေများ ရှိနေပါသော်ငြား ထိုအရာများကိုတော့ ချက်ချင်း ရောင်းထုတ်ပစ်လိမ့်မည်မဟုတ်ချေ။

လော့ချီရင်ထဲ ခါးသက်သက် ခံစားလိုက်ရလေသည်။ သို့သော်ငြား ထိုမွန်းစတားအမြုတေများမှာ အခြားလူတစ်ဦး၏အပိုင် ဖြစ်သည့်အတွက်ကြောင့် ထိုမွန်းစတားအမြုတေများကို မည်ကဲ့သို့ အသုံးပြုမလဲဆိုသည်အား တစ်ဖက်လူကသာ ဆုံးဖြတ်ပေလိမ့်မည်။ ရောင်းမလား သိမ်းထားမလား ဆိုသည်မှာလည်း တစ်ဖက်လူ၏ ဆုံးဖြတ်ချက်သာ ဖြစ်လေရာ သူသွားဝင်ပြောလို့ရသည့် အရာမဟုတ်ပေ။

သက်ပြင်းချလိုက်ပြီးသည့်နောက်တွင် လော့ချီက နောက်ဆုံးအကြိမ်အဖြစ် ကြိုးစားကြည့်လိုက်လေသည်။ “မိတ်ဆွေလေး… မင်း အဲ့မွန်းစတားအမြုတေတွေ အကုန်လုံးကို ငါတို့ကုန်သွယ်ရေးအဖွဲ့အစည်းကို ရောင်းမယ်ဆိုရင် ငါမင်းကို တကယ် ဈေးကောင်းပေးမှာနော်…”

“မရောင်းဘူး…” ရန်ကိုင်က ခေါင်းကိုသာ ခါပြနေခဲ့သည်။

လော့ချီ စိတ်ညစ်သွားခဲ့လေသည်။ သို့သော်ငြား သူ့ကိုယ်သူ ပြန်ထိန်းလျက် ပြောလိုက်လေ၏။ “ကောင်းပြီလေ… မိတ်ဆွေလေးမှာ ငါတို့နဲ့ ရေရှည် လက်တွဲလို့ရမယ့် ပစ္စည်းတွေ ရှိနေတာပဲ…”

လက်ရှိ ရန်ကိုင် ထုတ်ပြသွားသည့် မွန်းစတားအမြုတေများမှာ စုစုပေါင်း ရှစ်ခုခန့် ရှိလေသည်။ တစ်နည်းဆိုရသော် ရန်ကိုင်သည် သူတို့နှင့် လေးနှစ်တာ လက်တွဲရန် လုံလောက်သည်ဟု ပြောလိုက်ခြင်းနှင့် အတူတူသာ ဖြစ်လေသည်။

“ဒီကိစ္စကို ဌာနချုပ်ဆီ တင်ပြပေးမယ်… ဘယ်လိုဆုံးဖြတ်မလဲ ဆိုတာကိုတော့ သူတို့ပဲ သိလိမ့်မယ်… အဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ ငါလည်း ဘာမှမတတ်နိုင်ဘူး…”

ရန်ကိုင်က ပြုံးလျက် “ဆိုင်ခွဲမှူးလော့က ကိုယ့်ကိုယ်ကို နှိမ့်ချနေတာပဲနော်… ခင်ဗျားက ကုန်သွယ်ရေးအဖွဲ့အစည်းရဲ့ ဒုခေါင်းဆောင်လေ… ဒီတော့ အတွင်းရေးကိစ္စတွေမှာ ပြောရေးဆိုခွင့်တော့ ရှိမှာပေါ့… ဘယ်လိုလုပ်ပြီး ဘာမှမတတ်နိုင်ဘူးဖြစ်ရမှာလဲ… ဒီလိုလုပ်… ကျုပ် ရောင်းရင်းခန်နဲ့ ရေရှည်လက်တွဲပေးမယ်… အဲ့လို ရေရှည်လက်တွဲထားတဲ့ နှစ်တိုင်း နှစ်တိုင်းမှာ နှစ်ဝက်ကို အဆင့်ဆယ့်နှစ်မွန်းစတားအမြုတေ နှစ်ခုနှုန်း ရောင်းပေးမယ်… အဲ့ဒါဆိုရင်ရော…”

“နှစ်ဝက်ကို နှစ်ခု…” လော့ချီ ကြောင်သွားခဲ့ပြီး သူ့မျက်လုံးများ မှေးစင်းသွားခဲ့လေသည်။ ထို့နောက် အပြုံးကြီးပြုံးလျက် “ကောင်းပြီလေ… ဒါဆိုရင်တော့ ညီလေးရန် စိတ်ချထားလိုက်တော့… ဒီလူအိုကြီး အတတ်နိုင်ဆုံး ဝင်ကူပြီးတော့ ပြောပေးမယ်…”

ရန်ကိုင်က လက်သီးဆုပ်လျက် “ဒါဆိုရင်တော့ ဆိုင်ခွဲမှူးလော့ကိုပဲ အားကိုးမယ်နော်…”

“ဒါပေါ့ ဒါပေါ့… ကဲ ကဲ ကဲ… စကားဆက်ပြောလိုက်ကြပါဦး… ဒီလူအိုကြီး မိတ်ဆွေလေးလိုအပ်တဲ့ လေဟာနယ်သလင်းကျောက်တွေနဲ့ လေဟာနယ်ကျောက်စိမ်းတွေကို သွားပြင်လိုက်ဦးမယ်…” ထိုသို့ပြောပြီးသည့်နောက်တွင် လော့ချီသည် ထိုင်ရာမှ ထ၍ သူကိုင်ထားသည့် အဆင့်ဆယ့်နှစ် မွန်းစတားအမြုတေနှစ်ခုကို ခန်စစ်ရန်လက်ထဲသို့ ထည့်ပေးလိုက်ပြီးသည့်နောက် ခန်စစ်ရန်အား ကောင်းကင်စိတ်အာရုံမှတစ်ဆင့် စကားအချို့ပြောကာ ထွက်သွားလေ၏။

အခန်းတံခါးများ ပြန်ပိတ်သွားခဲ့သည်။ ခန်စစ်ရန်သည် မွန်းစတားအမြုတေနှစ်ခုကိုကြည့်ရင်း ရန်ကိုင်အား ကျေးဇူးတင်တကြီးဖြင့် ကြည့်လျက် “ရောင်းရင်းရန်… မင်းကို ကျေးဇူးတင်တယ်လို့ ပြောရမှာတောင် အားနာလာပြီကွာ… ဒီတော့ နောက်ပိုင်း တစ်ခုခုလိုတယ်ဆိုရင် လာပြီးတော့သာ အကူအညီတောင်းလိုက်… ငါတတ်နိုင်သလောက် ကူညီပေးမယ်…”

ရန်ကိုင်က လက်ဝှေ့ယမ်းလျက် “မလိုပါဘူး ရောင်းရင်းခန်ရယ်… ကျုပ် ဒါကို ခင်ဗျားအတွက်တင် လုပ်ခဲ့တာမဟုတ်ဘူး… ကျုပ်အတွက်လည်းပါတယ်…”

ခန်စစ်ရန်ကတော့ ရန်ကိုင်အား ယုံလိမ့်မည်မဟုတ်ချေ‌။

ရန်ကိုင်က ပြောလိုက်လေသည်။ “ရောင်းရင်းခန် မသိလို့… လတ်တလောတုန်းက ငါ ဂိုဏ်းတစ်ခု တည်ထောင်လိုက်တယ်… ဂိုဏ်းက တည်ထောင်ထားတာ သိပ်မကြာသေးဘူးဆိုတော့ အရင်းအမြစ်တွေက အများကြီးနေတာ… လူတွေများလာရင် ပိုတောင်လိုလာဦးမှာ… ဒါကြောင့် ခုနှစ်ရောင်စင်ကုန်သွယ်ရေးအဖွဲ့အစည်းက ငါ့အတွက် အရမ်းအရေးပါတဲ့ ပါတနာတစ်ယောက် ဖြစ်လာမှာ… ရောင်းရင်းခန်မှာ ဒီမှာရှိနေတယ်ဆိုရင် ခုနှစ်ရောင်စဉ်ကုန်သွယ်ရေးနဲ့ အရောင်းအဝယ်တွေ လုပ်တဲ့အခါ အရှုံးနဲ့ ကြုံရမှာ မဟုတ်တော့ဘူးလေ…”

ခန်စစ်ရန် အံ့အားသင့်သွားခဲ့သည်။ “ရောင်းရင်းရန်… မင်း တကယ်ကြီး ဂိုဏ်းတစ်ဂိုဏ်း တည်ထောင်လိုက်တာလား…”

ဤစကားသည် သူ့အား အမှန်တကယ်ကိုမှ အံ့အားသင့်သွားစေခဲ့လေသည်။ ရန်ကိုင်သည် ဧကရာဇ်အဆင့်ပညာရှင်တစ်ဦး ဖြစ်ပါသော်ငြား ဧကရာဇ်အဆင့်ပညာရှင်တိုင်း ဂိုဏ်းတစ်ဂိုဏ်းကို တည်ထောင်နိုင်ကြသည်တော့ မဟုတ်။ ပထမဦးစွာ မြေနေရာကောင်းတစ်ခုကို ယူရပေလိမ့်မည်။ ထို့အပြင် အဆက်အသွယ်များစွာရှိရန် လိုအပ်သလို လုံလောက်သည့်ခွန်အားကို ပိုင်ဆိုင်ထားရန်လည်း လိုအပ်ပေသေးသည်။ ထိုမျှသာလျှင် မဟုတ်သေးဘဲ တပည့်များစုဆောင်းရန်လည်း လိုအပ်ပေသေး၏။ ထိုကိစ္စရပ်အားလုံးမှာ အလွန်တရာကိုမှ ခက်ခဲလှပေသည်။

“ဘာမှ ဒီလောက် ကြီးကြီးမားမား မဟုတ်ပါဘူး…” ရန်ကိုင်က ပြုံး၍ ပြန်ပြောလိုက်သည်။

ခန်စစ်ရန်က ပြောလိုက်လေသည်။ “ဒါဆိုရင် စိတ်မပူနဲ့ ရောင်းရင်းရန်… မင်းဂိုဏ်း စီးပွားရေး တစ်ခုခု လုပ်ချင်တယ်ဆိုရင် ငါ့ကုန်သွယ်ရေးအဖွဲ့အစည်းကိုသာ ဆက်သွယ်လိုက်… ဒီခန် အတတ်နိုင်ဆုံး ကူညီပေးမယ်…”

ရန်ကိုင်က ပြုံးလျက် “ရောင်းရင်းခန်က ကူညီပေးမယ်ဆိုမှတော့ ငါ စိတ်အေးသွားရပြီ… နောက်ပိုင်း အခုရာထူးနဲ့ပတ်သက်လို့ တစ်ခုခုစိတ်မပျော်တာရှိရင်လည်း ငါဂိုဏ်းကို လာခဲ့လေ…”

ခန်စစ်ရန်က ပြုံးလျက် “ရောင်းရင်းရန်ရဲ့ဂိုဏ်းက ခုနှစ်ရောင်စင်ကုန်သွယ်ရေးအဖွဲ့အစည်းနဲ့ မပူးပေါင်းတော့ဘူးဆိုရင် ငါလည်း ဒီမှာ မနေတော့ဘူး…”

သို့သော်ငြား ရန်ကိုင်သည်သာ ခုနှစ်ရောင်စဉ်ကုန်သွယ်ရေးအဖွဲ့အစည်းနှင့် ရေရှည်လက်တွဲမည်ဆိုပါက ခန်စစ်ရန်အဖို့ ခုနှစ်ရောင်စဉ်ကုန်သွယ်ရေးအဖွဲ့အစည်းတွင် နေနေခြင်းသည် ရန်ကိုင်အတွက် ပို၍ ကောင်းပေသည်။

ခဏမျှကြာအောင် စကားပြောဆိုနေပြီးသည့်နောက် ခန်စစ်ရန်က ပြောလိုက်လေသည်။ “ဆိုင်ခွဲမှူး ထွက်မသွားခင် ပြောသွားတာကတော့ ရောင်းရင်းရန်သာ ဒီမွန်းစတားအမြုတေနှစ်ခုကို ရောင်းမယ်ဆိုရင် ငါတို့ဘက်ကနေပြီးတော့ အဆင့်မြင့်အရင်းအမြစ်ကျောက် ဆယ့်သုံးသန်းပေးနိုင်တယ်တဲ့…”

ရန်ကိုင်က ပြန်ပြောလိုက်လေသည်။ “ရောင်းတာကတော့ ရောင်းရမှာပေါ့… ဒီဟာတွေကို ရောင်းနိုင်မယ့် အခြားနည်းလမ်း ရှိသေးလို့လား…”

ခန်စစ်ရန်က ပြန်ပြောလိုက်လေသည်။ “ပထမဦးဆုံးအကြိမ် ပူးပေါင်းတာဆိုတော့ ဆိုင်ခွဲမှူးက ရောင်းရင်းရန်အတွက် လွယ်ကူအောင် လုပ်ပေးသွားတယ်လို့ ပြောတယ်… ဒါတွေကို တိုက်ရိုက်ပဲ ရောင်းချင်ရောင်း… မရောင်းချင်ရင် လေလံတင်ပေးလို့ရတယ်တဲ့… ဒါပေမယ့် နောက်ပိုင်းကျရင်တော့ အဲ့လိုအခွင့်အရေးမျိုး ရှိလာမှာမဟုတ်တော့ဘူးတဲ့…”

ရန်ကိုင်က တုံ့ဆိုင်းခြင်းမရှိ ပြန်ပြောလိုက်လေသည်။ “ဒါဆိုရင် တိုက်ရိုက်ပဲ ရောင်းလိုက်တော့မယ်…”

တိုက်ရိုက်ရောင်းလိုက်ခြင်းအားဖြင့် အနည်းငယ် ရှုံးသွားရလိမ့်မည် ဖြစ်ပါသော်ငြား ခုနှစ်ရောင်စင်ကုန်သွယ်ရေးအဖွဲ့အစည်းကိုသာ လေလံအပ်လိုက်မည်ဆိုပါက တန်ရာတန်ကြေးတစ်ခုကို တစ်ဖက်လူအား ပြန်ပေးရဦးပေမည်။ ထိုသို့ဖြစ်လေရာ လေလံတင်လိုက်ခြင်းနှင့် တိုက်ရိုက်ရောင်းလိုက်ခြင်းမှာ ဘာမှသိပ်မကွာတော့ပေ။

ခန်စစ်ရန်ကို ကူညီပေးချင်သည့် အတွက်ကြောင့် ရန်ကိုင်သည် ထို အနည်းငယ်မျှလောက်သော ပမာဏလောက်ကိုတော့ တပ်မက်နေလိမ့်မည် မဟုတ်ချေ။

“ကောင်းပြီလေ…” ခန်စစ်ရန်က ခေါင်းညိတ်လိုက်သည်။ “မနက်ဖြန်ကျ လေလံပွဲတစ်ခုရှိနေတာနဲ့ ကွက်တိပဲဖြစ်သွားတယ်… ဒီမွန်းစတားအမြုတေနှစ်ခုကိုတော့ ဈေးကောင်းကောင်းနဲ့ အဲ့မှာရောင်းလို့ရလိမ့်မယ်… ဒီဟာတွေကို ရောင်းလို့ရတဲ့ အရင်းအမြစ်ကျောက်ကိုတော့ ရောင်းရင်းရန်…”

ရန်ကိုင်က ပြန်ပြောလိုက်လေသည်။ “လေဟာနယ်သလင်းကျောက်နဲ့ လေဟာနယ်ကျောက်စိမ်းတွေကို ဝယ်တဲ့စာရင်းထဲ ထည့်တွက်ထားလိုက်…”

“ကောင်းပြီ…” ခန်စစ်ရန်က ခေါင်းညိတ်လိုက်လေသည်။ ရန်ကိုင် အလျင်အမြန် သဘောတူလိုက်ပုံကို ကြည့်ခြင်းအားဖြင့် ရန်ကိုင်၏ ကြွယ်ဝချမ်းသာမှုသည် သူထင်ထားသည်ထက်ပင် ပိုမိုများပြားနေကြောင်းကို ခန်စစ်ရန် နားလည်သွားရလေသည်။ ထိုသို့သာမဟုတ်ပါက ရန်ကိုင်သည် သန်းနှင့်ချီသော အဆင့်မြင့်အရင်းအမြစ်ကျောက်များကို ယခုကဲ့သို့ သာမန်ကာလျှံကာ ပေးပစ်နေလိမ့်မည် မဟုတ်ချေ။

“ဒါနဲ့ ရောင်းရင်းခန်… ငါ မင်းကို မေးချင်တာတစ်ခု ရှိသေးတယ်…”

ခန်စစ်ရန်က ပြန်ပြောလိုက်လေသည်။ “မေးလေ…”

“မနက်ဖြန်လေလံပွဲမှာ ချပ်ကာ ရောင်းဖို့ပါလား…”

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၇၅၇)

ဘာသာပြန်သူ_တိမ်တိုက်

“ဧကရာဇ်အလယ်အလတ်အဆင့် ချပ်ကာဆို အဆင်ပြေလား…” ခန်စစ်ရန်က ပြုံး၍ ပြန်မေးသည်။

“ဧကရာဇ်အလယ်အလတ်အဆင့်…” ရန်ကိုင်၏အမူအယာ ဝင်းပသွားခဲ့လေသည်။ “ဒီလေလံပွဲမှာ ဧကရာဇ်အလယ်အလတ်အဆင့် အကာအကွယ်မှော်ရတနာ ရောင်းဖို့ ပါတာလား…”

ခန်စစ်ရန်က ခေါင်းညိတ်လိုက်သည်။ “ဟုတ်တယ်… ပါတယ်… အဲ့ပစ္စည်းက မနက်ဖြန်လေလံပွဲရဲ့ နောက်ဆုံးပစ္စည်းပဲ…”

“ဒါဆိုရင်တော့ ကောင်းသွားပြီ…” ရန်ကိုင် အံ့အားသင့်သွားခဲ့လေသည်။ ယခုတစ်ကြိမ် ခုနှစ်ရောင်စင်ကုန်သွယ်ရေးအဖွဲ့အစည်းသို့ လာခဲ့ရခြင်းမှာ နောက်နောင် ဟင်းလင်းပြင်အစီအရင်များ ခင်းကျန်ရန် လိုလာခဲ့သည်ရှိသော် လိုအပ်သည့် ပစ္စည်းအားလုံးကို ပြင်ဆင်ထားနိုင်ရန်အတွက် လေဟာနယ်သလင်းကျောက်နှင့် လေဟာနယ်ကျောက်စိမ်းတို့ကို ဝယ်ယူထားရန်ဖြစ်ကာ ဒုတိယရည်ရွယ်ချက်မှာတော့ ချပ်ကာတစ်ခုခု ဝယ်ယူရန် ဖြစ်ပေသည်။

ရန်ကိုင်၏တောင်းဆိုချက်မှာ ထိုမျှမမြင့်မား။ သို့သော်ငြား သူသည် ဧကရာဇ်အဆင့် ပညာရှင်တစ်ဦး ဖြစ်နေဆဲ။ ထို့အတွက်ကြောင့် ဖြစ်သာဖြစ်နိုင်လျှင် ဧကရာဇ်အဆင့် ချပ်ကာကိုသာ လိုချင်ပေသည်။ သို့သော်ငြား မနက်ဖြန်လေလံပွဲတွင် ဧကရာဇ်အလယ်အလတ်အဆင့် ချပ်ကာတစ်ခု ရှိနေမည်ဖြစ်သည့်အတွက်ကြောင့် သူ့အတွက် ပို၍ ကောင်းသွားရတော့သည်။

နဂါးအသွင်ပြောင်းလဲခြင်းပညာရပ်ကို ထုတ်သုံးလိုက်တိုင်း သူ့အဝတ်အစားအားလုံး စုတ်ပြဲကုန်ပြီး လူရှေ့သူရှေ့၌ ကိုယ်လုံးတီးဖြစ်သွားရသည့် အဖြစ်မျိုး ရန်ကိုင် ထပ်မကြုံချင်တော့ချေ။

“အဲ့ဒါကို ဒီတိုင်း သီးသန့်ဝယ်လိုက်လို့ရလား…” ရန်ကိုင်က မေးလိုက်သည်။

လေလံပွဲတွင် လေလံတင်ရောင်းချသည့် ပစ္စည်းအများစုကို ကျင့်ကြံသူများမှ ရောင်းချခြင်းဖြစ်ကာ အချို့သောပစ္စည်းများကိုတော့ လေလံစံအိမ်ကိုယ်တိုင်မှ လေလံတင်ရောင်းချခြင်း ဖြစ်လေသည်။ လက်ရှိလေလံပွဲတွင် လေလံတင်သည့်ပစ္စည်းသည် မည်ကဲ့သို့သော ပစ္စည်းမျိုးဖြစ်နေပါစေ ရန်ကိုင်သည် ခုနှစ်ရောင်စင်ကုန်သွယ်ရေးအဖွဲ့အစည်းနှင့် ရေရှည်လက်တွဲသွားမည့် လူတစ်ဦး ဖြစ်သည့်အတွက်ကြောင့် သီးသန့်ရောင်းဝယ်ရေးမှာ သူ့အတွက် ဖြစ်သင့်ပေသည်။

ခန်စစ်ရန်က ပြန်ပြောလိုက်လေ၏။ “ဒီတစ်ကြိမ်တော့ မရလောက်တော့ဘူးလို့ ထင်တာပဲ… အခြားပစ္စည်းတစ်ခုခုသာဆိုရင်‌တော့ ရောင်းပေးချင် ရောင်းပေးလို့ရမှာ… ဒါပေမယ့် ဒီဧကရာဇ်အလယ်အလတ်အဆင့် ချပ်ကာက ဒီလေလံပွဲရဲ့ အမှတ်သင်္ကေတပဲ… လွန်ခဲ့တဲ့သုံးလကတည်းက ဒီပစ္စည်းအကြောင်းကို လူအများသိအောင် ကြေညာထားတာ… ဒီတော့ ဆိုင်ခွဲမှူးလော့ မင်းကို ဘယ်နည်းနဲ့မှ ဒါကို သီးသန့်ရောင်းပေးမှာမဟုတ်ဘူး…”

“အဲ့လိုလား…” ရန်ကိုင် အရမ်းကြီးတော့ စိတ်ပျက်သွားခဲ့ခြင်း မရှိပေ။ ထိုပစ္စည်းသည် လေလံပွဲ၏ နောက်ဆုံးပစ္စည်း ဖြစ်သဖြင့် သီးသန့်ရောင်း၍ ရလောက်သည့် ပစ္စည်းတစ်ခုတော့ ဖြစ်နိုင်လိမ့်မည်မဟုတ်။ ထိုသို့လုပ်ခြင်းသည် ခုနှစ်ရောင်စင်ကုန်သွယ်ရေးအဖွဲ့အစည်းအပေါ် လူတိုင်း၏ယုံကြည်မှုကို ထိခိုက်သွားစေနိုင်ပေသည်။

“ဘယ်လိုပဲဖြစ်ဖြစ် သီးသန့်ဝယ်လို့မရမှတော့ လေလံပစ်ပြီးဝယ်ရုံပေါ့…”

ခန်စစ်ရန်က ပြန်ပြောလိုက်လေသည်။ “ဒီမှာ ခဏစောင့်နေနော် ရောင်းရင်းရန်… ငါမင်းအတွက် ဖိတ်စာတစ်ခု သွားပြင်ပေးမယ်…”

ထိုသို့ပြောပြီးသည့်နောက် အပြင်သို့ ထွက်သွားလေ၏။

ခဏအကြာတွင် ခန်စစ်ရန်သည် ရွှေရောင်တံဆိပ်တုံးထုထားသည့် ဖိတ်စာတစ်စောင်ဖြင့် ပြန်ရောက်လာခဲ့ပြီး ရန်ကိုင်အား ပေးကာ “လေလံပွဲကတော့ မနက်ဖြန်ညနေလောက်မှာ စမှာ… လာမယ်ဆိုရင်တော့ စောစောလာပေါ့ ရောင်းရင်းရန်ရာ… အဲ့ဒါဆိုရင် မင်းလိုချင်တဲ့ပစ္စည်းတွေကို ကြိုကြည့်ထားလို့ရတာပေါ့…”

“အင်း…” ရန်ကိုင်သည် ဖိတ်စာကိုယူ၍ သိုလှောင်လက်စွပ်ထဲသို့ ထည့်သွင်းလိုက်သည်။ အမွှေးတိုင်တစ်ချောင်းစာ ကြာပြီးသည့်နောက်တွင် ရန်ကိုင်သည် သီးသန့်ခန်းမှ ထွက်လာခဲ့ပြီး ခရမ်းကြယ်စင်ကုန်သွယ်ရေးအဖွဲ့အစည်းမှ ထွက်လာခဲ့လိုက်လေသည်။

မေပယ်မြို့ထဲ လျှောက်ပတ်ကြည့်ကာ ပစ္စည်းအချို့ ဝယ်ယူပြီးသည့်နောက်တွင် ချင်းမိသားစုဆီသို့ ပြန်လာခဲ့လေသည်။

လက်ရှိအချိန်တွင် လူတိုင်းမှာ အထုပ်အပိုးများ ပြင်ဆင်နေကြသည့်အတွက်ကြောင့် ချင်းမိသားစုတစ်ခုလုံးမှာ အလွန်ကိုမှ အလုပ်ရှုပ်နေကြသည်။ ချင်းမိသားစုသည် မိသားစုငယ်လေးတစ်ခုသာ ဖြစ်ပါသော်ငြား သူတို့ ဤနေရာတွင်သာ နေလာခဲ့သည်မှာ နှစ်ပေါင်း ထောင်နှင့်ချီနေခဲ့လေပြီ။ ထို့အတွက်ကြောင့် ချင်းမိသားစုဝင်များမှာ ဤနေရာနှင့် မခွဲခွာချင်ကြပေ။

သို့သော်ငြား ချင်းကျောင်းရန်၏ အမိန့်ကြောင့် ဆန္ဒမရှိသည့်တိုင် ဤနေရာမှ ထွက်သွားရုံသာ တတ်နိုင်ခဲ့လေသည်။

ရန်ကိုင်သည် ချင်းမိသားစုထဲသို့ လျှောက်ပတ်သွားကြည့်ပါသော်ငြား ချင်းကျောင်းရန်၏ အရိပ်အယောင်ကို မတွေ့ရပေ။

တံခါးပိတ်ကျင့်စဉ်ဝင်နေသည့် ချင်းယုမှာတော့ အပြင်သို့ပင် ရောက်နေခဲ့လေပြီ။ ရန်ကိုင်ရောက်လာသည်ကို မြင်သည့်အခါ ချင်းယုသည် ရန်ကိုင်ဆီသို့ လျှောက်လာပြီး ပြုံးလျက် “အစ်ကိုရန်…”

ရန်ကိုင်က ပြုံးလျက် ခေါင်းညိတ်လိုက်လေသည်။ “မတွေ့ရတာ နည်းနည်း ကြာသွားလိုက်တာနဲ့ နင့်ကျင့်ကြံခြင်းက တော်တော်လေး တိုးတက်လာတာပဲ…”

ယခင်တစ်ကြိမ် တွေ့လိုက်စဉ်က ချင်းယုသည် တာအိုသခင်ဒုတိယအဆင့်သို့ ရောက်နေခဲ့လေသည်။ သူမ၏ကျင့်ကြံနှုန်းမှာ အတော်မြန်သည်ဟု ပြော၍ရသည်။ ဤသို့ဖြစ်ရခြင်းမှာ သူမ၏ လောကကပ်ဘေးခန္ဓာကိုယ်နှင့် ပတ်သက်နေလောက်ပေသည်။ ယခုကဲ့သို့ အရည်အသွေးမျိုးကို ပိုင်ဆိုင်ထားသည့် ကျင့်ကြံသူတစ်ဦးအတွက် အချိန်နှင့် ကျင့်ကြံရေး အရင်းအမြစ် အလုံအလောက်သာ ရမည်ဆိုပါက ကျိန်းသေ အားကောင်းလာပေလိမ့်မည်။

“အစ်ကိုရန်ရဲ့ ကျေးဇူးကြောင့်ပဲလေ…” ချင်းယုသည် ရန်ကိုင်ရှေ့၌ လက်သီးဆုပ်၍ ကျေးဇူးတင်တကြီးဖြင့် ပြောလိုက်လေ၏။ “အစ်ကိုရန်သာ မကူညီပေးလို့ရှိရင် ကျွန်မ ဆယ့်ရှစ်နှစ်လောက်တည်းက သေသွားလောက်ပြီ… အစ်ကိုရန်က ကျွန်မရဲ့ အသက်သခင် ကျေးဇူးရှင်ပဲ…”

“ဒါက နင့်ကံကြမ္မာပဲလေ… ငါ့ကို ကျေးဇူးတင်နေစရာမလိုဘူး…” ရန်ကိုင်က ပြုံး၍ ပြန်ပြောလိုက်သည်။ “နင့်အဖိုးရော…”

ချင်းယုသည် ဆံပင်ကို နားသယ်နောက်သို့ သပ်တင်လျက် ပြန်ပြောလိုက်လေသည်။ “မကြာခင် ဒီကနေ ထွက်သွားတော့မှာဆိုတော့ အဖိုးက ဒီချင်းမိသားစုအိမ်တော်ကို ရောင်းဖို့လုပ်နေတာ… သူ အခု မြို့သခင်စံအိမ်ကို သွားနေတယ်နဲ့တူတယ်…” တစ်ချက်ရပ်ပြီးသည့်နောက် ချင်းယုက ထပ်မေးလိုက်လေသည်။ “အစ်ကိုရန်… ကျွန်မတို့ တကယ်ကြီး မြောက်ဘက်နယ်မြေကို သွားရမှာလား…”

“ဟုတ်တယ်…”

“ကျွန်မကြားတာတော့ မြောက်ဘက်နယ်မြေက အရမ်းအေးတယ်ဆို… အဲ့နေရာတစ်ခုလုံးကို တစ်နှစ်ပတ်လုံး နှင်းတွေနဲ့ ဖုံးနေတာတဲ့…”

ရန်ကိုင်က ပြုံးလျက် “ကောလဟာလတွေက ချဲ့ကားပြောနေတာ… နှင်းဖုံးနေတဲ့ နေရာတွေ ရှိတာမှန်တယ်… ဒါပေမယ့် နေရာတိုင်းက နှင်းဖုံးနေတာမဟုတ်ဘူး… အခုလိုမျိုး ရှုခင်းလှလှလေးတွေ ရှိတဲ့ နေရာတွေလည်း အများကြီးပဲ… ငါ နင်တို့ကို ခေါ်သွားမဲ့နေရာက အဲ့လိုနေရာမျိုး… အဲ့ကိုရောက်သွားလို့ရှိရင် နင်တို့ချင်းမိသားစု ပိုပြီး တိုးတက်လာနိုင်လိမ့်မယ်…”

ချင်းယု၏မျက်လုံးများ တဖျတ်ဖျတ်တောက်ပသွားခဲ့လေသည်။

“ကဲ… အခု ပြင်စရာရှိတာတွေ သွားပြင်ထားလိုက်ဦး… ငါ ခဏလောက် သွားနားလိုက်ဦးမယ်…” ထိုသို့ပြောပြီးသည့်နောက်တွင် ရန်ကိုင်သည် ခန်းမနောက်ဘက်ဆီသို့ ဦးတည်သွားလေ၏။

ရန်ကိုင်၏ကျောပြင်ကိုကြည့်ရင်း ချင်းယုသည် တစ်ခုခုပြောချင်နေသည့်အလား ပါးစပ်ဟလိုက်ပါသော်ငြား မည်သည့်စကားမှ ထွက်မလာခဲ့ပေ။

အချိန်သည် လျင်မြန်စွာ ကုန်ဆုံးနေခဲ့လေရာ နောက်တစ်နေ့ နေဝင်ရီသရော အချိန်မှသာလျှင် ရန်ကိုင်သည် သူ့အခန်းထဲမှ ထွက်လာခဲ့လေသည်။

ချင်းယုသည် ကိစ္စတစ်ခုခုကြောင့် စိတ်အနှောင့်အယှက် ဖြစ်နေသည့်အလား ရန်ကိုင်အခန်းရှေ့တွင် ခေါက်တုံ့ခေါက်ပြန် လျှောက်နေခဲ့လေသည်။ ရန်ကိုင် သူ့အခန်းထဲမှ ထွက်လာသည်ကိုမြင်သော် ချင်းယုက အလျင်အမြန်ပြောလိုက်လေသည်။ “အစ်ကိုရန်… အကုန်လုံး အဆင်သင့်ဖြစ်ပြီ…”

ချင်းကျောင်းရန်သည်လည်း ရန်ကိုင်ဆီသို့ ရောက်လာပြီး အလေးအနက်အမူအယာဖြင့် ပြောလိုက်လေ၏။ “ညီလေးရန်… ချင်းမိသားစု အဆင်သင့်ဖြစ်ပြီ… ငါတို့ ဘယ်အချိန်သွားမှာလဲ…”

ရန်ကိုင်က ပြောလိုက်သည်။ “ညသန်းခေါင်ကျရင်သွားမယ်… ဒီမြို့ရဲ့ အရှေ့ဘက်တောင်ဘက် မိုင်ငါးရာအကွာလောက်မှာ စောင့်နေ… အဲ့မှာ ကျုပ်တို့နဲ့အတူ ပူးပေါင်းမယ့် အခြားတစ်ဖွဲ့လည်း ရှိနေလိမ့်မယ်…”

“ဘယ်သူတွေလဲ…” ချင်းကျောင်းရန် ကြောင်သွားခဲ့လေသည်။

“ကျန်းမိသားစုပဲ…” ရန်ကိုင်က ပြန်ပြောလိုက်သည်။

ချင်းကျောင်းရန် ခေါင်းညိတ်လိုက်လေသည်။ “သူတို့ကိုး…”

ကျန်းမိသားစု ရန်ကိုင်နှင့် ရင်းနှီးသည့် အကြောင်းကို ချင်းကျောင်းရန် သိပြီးသားပင်။ ရန်ကိုင် မေပယ်မြို့ထဲမှ ထွက်သွားစဉ်က ချင်းမိသားစုသည်လည်း ကျန်းမိသားစုအား ဂရုစိုက်ပေးခဲ့ရလေသည်။ ကံမကောင်းစွာဖြင့် အချိန်ကြာလာသည့်နောက် ချင်းမိသားစုမှာ ကျန်းမိသားစုအား ဂရုစိုက်ပေးဖို့ရာ မဆိုထားနှင့် သူတို့ကိုယ်သူတို့ပင်လျှင် ပြဿနာမတက်အောင် အတတ်နိုင်ဆုံး ကြိုးစားနေရလေသည်။ ယခု ကျန်းမိသားစုသည်ပါ သူတို့နှင့်အတူ ထွက်သွားမည့်အကြောင်း ကြားလိုက်ရသော် ဤသည်မှာ ဖြစ်သင့်သည်ဟု ချင်းကျောင်းရန်စိတ်ထဲ တွေးမိလိုက်လေသည်။

“အစ်ကိုရန်… ရှင် အခု ဘယ်သွားမလို့လဲ…” ချင်းယုက ရုတ်တရက် မေးလိုက်လေသည်။

“ခုနှစ်ရောင်စင်ကုန်သွယ်ရေးအဖွဲ့အစည်းရဲ့ လေလံပွဲလေ… ငါဝယ်ချင်တာလေး တစ်ခုရှိလို့…” ထိုသို့ပြောပြီးသည့်နောက်တွင် ရန်ကိုင်သည် မြေကြီးကန်ကျောက်လျက် ကုန်သွယ်ရေးအဖွဲ့အစည်း ရှိရာဘက်ဆီသို့ ပျံသန်းထွက်သွားလေ၏။

မနီးမဝေးသို့ ပျံသန်းပြီးသည့်အခါမှသာ ရုတ်တရက် တစ်ခုခုအား သတိရသွားဟန်ဖြင့် နောက်ပြန်ကြည့်လျက် ချင်းယုကိုကြည့်ကာ မေးလိုက်လေသည်။ “နင်ရောလိုက်ချင်လား…”

ချင်းယုသည် ပြန်ပင်မဖြေခဲ့ဘဲ မျှော်လင့်တကြီးအမူအယာဖြင့် ရန်ကိုင်နောက်သို့ ပြေးလိုက်လာခဲ့လေသည်။

“သွားကြရအောင်…” ရန်ကိုင်သည် သူ၏ဧကရာဇ်ချီဖြင့် ချင်းယုအား ရစ်ပတ်လျက် ချင်းမိသားစုဆီမှ‌ ပျောက်ကွယ်သွားခဲ့လေသည်။

ခုနှစ်ရောင်စင်ကုန်သွယ်ရေးအဖွဲ့အစည်း၏ လေလံစံအိမ်ဝင်ပေါက်ရှေ့တွင် ရောင်စုံမီးပုံးများ ထွန်းညှိထားခဲ့သည်။ ထို့အပြင် ဝင်ပေါက်တစ်နေရာ၌ အနီရောင်ကော်ဇောရှည်ကြီးကိုလည်း ခင်းကျင်းထားခဲ့လေသည်။ ဝင်ပေါက်အနီးတစ်ဝိုက်တွင်တော့ လူများဖြင့် ပြည့်နှက်နေခဲ့လေသည်။

ကုန်သွယ်ရေးအဖွဲ့အစည်း၏ မန်နေဂျာနှစ်ဦးဖြစ်သော ခန်စစ်ရန်နှင့် ကုဟုန်တို့သည် ဝင်ပေါက်ရှေ့တွင်ရပ်လျက် အပြုံးပန်းများကို ဆင်မြန်းကာ လက်သီးတဆုပ်ဆုပ်ဖြင့် ရောက်ရှိလာကြသည့် ဧည့်သည်များကို ဂုဏ်ယူဝံ့ကြွားစွာ ကြိုဆိုနေကြလေသည်။

“ဂိုဏ်းချုပ်လီ… ကျန်းကျန်းမာမာ ရှိပါရဲ့လား…” အသက်ကြီးကြီးလူတစ်ဦး လျှောက်လာသည်ကိုမြင်သော် ကုဟန်က ချက်ချင်း သွားနှုတ်ဆက်လိုက်လေသည်။

လီတုန်းကျန်းက ပြုံးလျက် ပြန်၍ နှုတ်ဆက်လိုက်သည်။ “မန်နေဂျာကု ယဉ်ကျေးလွန်းနေပါပြီ… အခုလေလံပွဲမှာ ပစ္စည်းကောင်းတွေအများကြီး ပေါ်လာမယ်ဆို… ဒါကြောင့် ကျုပ်လည်း လာခဲ့တာ…”

ကုဟုန်က ပြောလိုက်သည်။ “ဂိုဏ်းချုပ်လီက တကယ်နောက်တတ်တာပဲနော်… ဂိုဏ်းချုပ်လီသာ လေလံပွဲကို ဝင်တက်မယ်ဆိုရင် အခြားဘယ်သူမှ သူတို့လိုချင်တာတွေ ဝယ်လို့ ရနိုင်လောက်တော့မှာမဟုတ်ဘူး…”

လီတုန်းကျန်းက ရယ်ရယ်မောမောဖြင့် ခေါင်းညိတ်လျက် “ကဲ… မန်နေဂျာကုမှာလည်း လုပ်စရာတွေရှိဦးမှာပေါ့… ကျုပ် အရင်သွားနှင့်လိုက်ပါဦးမယ်…”

“ကြွပါ ဂိုဏ်းချုပ်လီ…” ကုဟုန်က ပြုံးလျက် လီတုန်းကျန်းအား အထဲသို့ဝင်ရန် ဟန်အမူအယာ လုပ်ပြလိုက်လေသည်။ ချက်ချင်းဆိုသလို အစေခံမလေးတစ်ဦး ရောက်လာပြီး လီတုန်းကျန်းအား လေလံခန်းမဆီသို့ ခေါ်သွားပေးလေ၏။

အဆင့်အတန်းရှိသည့်လူများ ရောက်လာကြသည့်အခါ အစေခံမလေးများကိုယ်တိုင် သူတို့နေထိုင်ရမည့် နေရာဆီသို့ လိုက်ပို့ပေးကြလေသည်။

“ရောင်းရင်းရန်…” ခန်စစ်ရန်သည်လည်း ရန်ကိုင်အား လက်သီးဆုပ်၍ နှုတ်ဆက်လိုက်လေသည်။ ထို့နောက် ချင်းယုကိုကြည့်၍ ပြုံးကာ ပြောလိုက်လေသည်။ “သခင်မလေးချင်းလည်း ရောက်နေတာလား…”

ချင်းယုသည်လည်း ခန်စစ်ရန်အား မှတ်မိပေသည်။ တကယ်တော့ ခန်စစ်ရန် မေပယ်မြို့ထဲတွင် ရှိနေသည်မှာ အလွန်ကိုမှ ကြာညောင်းနေခဲ့ပြီ မဟုတ်လေလော။

ချင်းယုက ပြုံးလျက် “မန်နေဂျာခန်…”

“မန်နေဂျာခန်… မင်းဘာသာ လုပ်စရာရှိတာသာဆက်လုပ်နေ… ငါ့ဘာသာငါ ဝင်သွားလိုက်မယ်…”

ရန်ကိုင်မှ ထိုကဲ့သို့ ပြောပြီးသွားသည်နှင့်တစ်ပြိုင်နက် သူ့အား အကြည့်စူးစူးတစ်ခုမှ စိုက်ကြည့်နေကြောင်း တွေ့လိုက်ရလေသည်။ ရန်ကိုင်လည်း လှမ်းကြည့်လိုက်ရာ သူ့အား အေးစက်စက်အကြည့်ဖြင့် စိုက်ကြည့်နေသည့်လူမှာ အခြားမဟုတ်ဘဲ လီတုန်းကျန်းဖြစ်နေကြောင်း တွေ့လိုက်ရလေသည်။ လက်ရှိအချိန်တွင် လီတုန်းကျန်းမှာ ရန်ကိုင်အား သူ့အဖေအမေကို သတ်သွားသည့် လူသတ်သမားတစ်ယောက်ကို ကြည့်နေသည့်အကြည့်မျိုးဖြင့် စိုက်ကြည့်နေလေသည်။

ရန်ကိုင်ကမူ ထီမထင်ဟန်ဖြင့် ပြုံးကာ ပြန်စိုက်ကြည့်လိုက်သည်။

လီတုန်းကျန်းသည် အေးစက်စက်အမူအယာဖြင့် နှာခေါင်းရှုံ့လျက် အကြည့်လွှဲဖယ်သွားလေသည်။

လီတုန်းကျန်းနှင့် ရန်ကိုင်တို့သည် အကြည့်ချင်းသာ ဖလှယ်လိုက်ခြင်း ဖြစ်ပါသော်ငြား ခန်စစ်ရန်နှင့် ကုဟုန်တို့ကတော့ သူတို့နှစ်ဦးသားကြား မကျေနပ်ချက်များ ရှိနေသည်ကို အထင်းသား သတိပြုမိလိုက်ရလေသည်။ ကုဟုန်သည် ထိုမြင်ကွင်းကိုကြည့်ရင်း တစ်ခုခုကို စဉ်းစားနေသည့်အလား သူ့မျက်လုံးများမှာ တဖျတ်ဖျတ် တောက်ပနေခဲ့လေသည်။ နောက်ဆုံးတွင် သူ့ဘာသာသူ ကြိတ်ရယ်လိုက်လေ၏။

ခန်စစ်ရန်ကမူ ရန်ကိုင်အတွက် စိတ်ပူသွားကာ တိုးတိုးလေးပြောလိုက်လေသည်။ “ရောင်းရင်းရန်… မင်း ဂိုဏ်းချုပ်လီနဲ့ ရန်ငြိုးရှိတာလား…”

“ဘာမှ ဒီလောက်မဟုတ်ပါဘူး…” ရန်ကိုင်က ပြန်ပြောလိုက်လေသည်။ ရန်ကိုင်သည် လီတုန်းကျန်း၏ဂိုဏ်းမှ တာအိုသခင်တတိယအဆင့်တပည့်သုံးဦးကို သတ်ပစ်လိုက်သည့်အတွက်ကြောင့် သူတို့ကြားရှိ ရန်ငြိုးရန်စမှာ ပေါ့သေးသေးရန်ငြိုးရန်စတော့ မဟုတ်ပေ။

ခန်စစ်ရန်က ပြောလိုက်လေ၏။ “ဒါဆိုရင် သူ့ကို သတိထားနော်… လီတုန်းကျန်းက တောင်ပြိုဂိုဏ်းရဲ့ ဂိုဏ်းချုပ်ပဲ… ဧကရာဇ်အဆင့်ကိုရောက်ထားတာ နှစ်တစ်ရာကျော်နေပြီ… သူများတွေပြောတာတော့ လီတုန်းကျန်းက မကြာခင် ဧကရာဇ်ဒုတိယအဆင့်ကို ချိုးဖြတ်တော့မှာတဲ့… ဒီတော့ သူ့ကို သွားအထင်သေးလို့မဖြစ်ဘူး…”

ရန်ကိုင်က ပြုံး၍ ပြန်ပြောလိုက်သည်။ “စိတ်မပူနဲ့… ကဲ… ငါအရင်သွားတော့မယ်နော်…”

ခန်စစ်ရန်က ခေါင်းညိတ်ပြလိုက်ပြီး သူ့နောက်တွင်ရှိနေသော အစေခံမလေးများကို မျက်စပစ်ပြလိုက်လေသည်။ ချက်ချင်းဆိုသလို အစေခံမလေးတစ်ဦး ရောက်လာပြီး ရန်ကိုင်လက်ထဲရှိ ဖိတ်စာကို ယူကာ သူ့အား လေလံခန်းမဆီသို့ ခေါ်သွားပေးလေ၏။

ကျယ်ပြောလှသော စင်္ကြန်လမ်းကို ဖြတ်လျှောက်လာပြီးသည့်နောက်တွင် သီးသန့်ခန်းတစ်ခန်းဆီသို့ ရောက်ရှိလာခဲ့လေသည်။ အခန်းတံခါးပွင့်သွားသည့်နောက် ကျယ်ဝန်းသည့်အခန်းတစ်ခန်း ရန်ကိုင်ရှေ့၌ ပေါ်လာခဲ့လေသည်။ အခန်းတစ်ခန်းခုလုံးကို အလွန်ကိုမှ သားနားသည့် ပရိဘောဂ အဆင်တန်ဆာများဖြင့် တန်ဆာဆင်ထားခဲ့သည်။ အခန်းမှာလည်း အလွန်ကိုမှ ကျယ်ဝန်းကာ အနည်းဆုံး လူနှစ်ဆယ်ခန့် ချောင်ချောင်ချိချိ နေနိုင်လောက်ပေသည်။ အခန်း၏အရှေ့ဘက်တွင် ထွင်းဖောက်မြင်နိုင်သော ပြတင်းပေါက်မှန်တစ်ချပ် ရှိနေခဲ့ပြီး ထိုမှတစ်ဆင့် ခန်းမတစ်ခုလုံးကို လှမ်းမြင်နေရပေသည်။

အထူးဧည့်သည့်တော်များသည်သာ ဤကဲ့သို့သော သီးသန့်ခန်းများကို သုံးခွင့်ရကြသည်။ အစေခံမလေးမှာလည်း ထိုအချက်ကို သိထားသည့်အတွက်ကြောင့် ရန်ကိုင်တို့အပေါ် အလွန်ကိုမှ လေးစားကာ သူမကိုယ်သူမလည်း နှိမ့်နှိမ့်ချချ နေခဲ့လေသည်။

“ဆရာ… တစ်ခုခုလိုတာရှိရင် ကျွန်မကိုပြောလို့ရတယ်နော်…” အစေခံမလေးသည် လေလံပွဲ၏စည်းမျဉ်းများကို ပြောပြပြီးသည့်နောက် ဆက်ပြောလိုက်လေသည်။

“မလိုဘူး… နင် အခုသွားလို့ရပြီ… ငါနဲ့တင်လုံလောက်နေပြီ…” ချင်းယုက ရုတ်တရက် ဝင်ပြောလိုက်လေသည်။

အစေခံမလေးက ပြုံးမြဲ ပြုံးလျက် တရိုတသေဖြင့် ဦးညွှတ်ကာ ပြောလိုက်လေသည်။ “ဒါဆိုရင် ကျွန်မ သွားလိုက်ပါဦးမယ်… ကျွန်မ အခန်းအပြင်ဘက်မှာ စောင့်နေပါ့မယ်…” ထိုသို့ပြောပြီးသည့်နောက်တွင် အသာအယာ ပြန်ဆုတ်သွားလျက် အခန်းတံခါးကို သိမ်မွေ့စွာ ပိတ်လိုက်လေသည်။

ချင်းယုသည် ရန်ကိုင်ဆီသို့ လှမ်း၍ ကြည့်လိုက်ရာ ရန်ကိုင်မှ သူမအား ယဲ့ယဲ့လေးပြုံးလျက် စိုက်ကြည့်နေသည်ကို မြင်သော် ရှက်သွေးဖြာသွားခဲ့ပြီး ရန်ကိုင်ဆီမှ အကြည့်လွှဲလိုက်လေသည်။

“ထိုင်ကြရအောင်…” ရန်ကိုင်က ပြောလိုက်လေသည်။ ထို့နောက် လေလံပွဲစင်မြင့်နှင့် မျက်နှာမူနေသည့် ထိုင်ခုံတစ်ခုံတွင် ဝင်ထိုင်လိုက်ပြီး ပြောလိုက်လေသည်။ “ကြိုက်တာတစ်ခုခုရှိရင် ပြောနော်… အားနာမနေနဲ့…”

“ကျွန်မ ဒီအတိုင်းပဲ အပျော်လာကြည့်တာ…” ချင်းယုက ပြန်ပြောလိုက်သည်။

သို့သော်ငြား ရန်ကိုင်မှာ မျက်လုံးပိတ်ထားနေခဲ့လေသည်။ ထို့အတွက်ကြောင့် နှုတ်ခမ်းလေးစူလျက် ထိုင်ခုံပေါ်တွင် ထိုင်ချလိုက်လေသည်။

အခန်းတစ်ခုလုံးမှာ တိတ်ဆိတ်နေသည့်အတွက်ကြောင့် ချင်းယုစိတ်ထဲ မသက်မသာ ဖြစ်နေခဲ့ရလေသည်။ လွန်ခဲ့သောနှစ်များအတွင်း ရန်ကိုင် မည်သည့်နေရာသို့ ရောက်နေသလဲ၊ ရန်ကိုင် ဘာတွေလုပ်နေသလဲ ဆိုသည်ကို မေးကြည့်ချင်ပါသော်ငြား ရန်ကိုင် စကားပြောချင်စိတ် မရှိသည်ကိုမြင်သော် ချင်းယုလည်း ရန်ကိုင်အား သွားမနှောင့်ယှက်ရဲတော့ချေ။

ကံကောင်းစွာဖြင့် သူတို့နှစ်ယောက် ကြာကြာမစောင့်လိုက်ရသေးခင်မှာပင် လေလံပွဲမှာ စတင်လာခဲ့လေသည်။

မပေါ့်တပေါ် အဝတ်အစားကို ဝတ်ဆင်ထားသည့် ချောမောလှပသော အမျိုးသမီးတစ်ဦး စင်မြင့်ပေါ်သို့ တက်လာခဲ့လေသည်။ စနေနှစ်ခိုင်ကြားရှိ တောင်ကြားမှာ ပုရိသယောက်ျားများအဖို့ ရင်ဖိုဖွယ်ရာ ဖြစ်နေခဲ့ပြီး သွယ်လျသည့် ခြေတံရှည်ရှည်လေးများကိုတော့ ပါးလျလျ အဝတ်အစားလေးမှသာ ဖုံးအုပ်ထားသဖြင့် သွားရည်ယိုဖွယ်ရာ ကောင်းနေခဲ့လေသည်။ သူမ၏မျက်ဝန်းလေးများမှာလည်း ယစ်မူးဖွယ်ရာပင်။ အမျိုးသမီးမှာ ဘာမှ မပြောရသေးပါသော်ငြား ပြုံးလိုက်ရုံဖြင့်ပင် လေလံပွဲ၏ အရှိန်ကို တမုဟုတ်ချည်း မြှင့်တင်နိုင်ခဲ့လေသည်။ ထိုအချင်းအရာကိုမြင်သော် ချင်းယု ရှက်သွေးဖြာသွားခဲ့ပြီး ထိုအမျိုးသမီးအား စိတ်ထဲမှနေ၍ ကြိတ်ကာ အပြစ်တင်နေလိုက်လေသည်။

ထို့နောက် ရန်ကိုင်အား မသိမသာလေး ချောင်းကြည့်လိုက်ရာ ရန်ကိုင်မှာ မျက်လုံးသာ ပိတ်ထားကြောင်း တွေ့လိုက်ရပြီးသည့်နောက် သူမစိတ်ထဲ အနည်းငယ် ပိုကောင်းသွားသလို ခံစားလိုက်ရလေသည်။

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၇၅၈)

ဘာသာပြန်သူ_တိမ်တိုက်

လေလံပွဲသည် အလွန်ကိုမှ စည်ကားလှပေသည်။ ခရမ်းကြယ်စဉ်ကုန်သွယ်ရေး အဖွဲ့အစည်းမှ ကျင့်ပသည့် လေလံပွဲသည် အဆင့်အတန်း မြင့်မားလှသည့် အတွက်ကြောင့် ဧကရာဇ်အဆင့် ပညာရှင်ပေါင်းများစွာ လေလံပွဲသို့ တက်ရောက်ကြ၏။ ပစ္စည်းတစ်ခုချင်းစီတိုင်းကို ဈေးကောင်းကောင်းဖြင့် ရောင်းနေရလေရာ လေလံပွဲကို ကြီးမှူးကျင်းပသည့် အမျိုးသမီးမှာတော့ အပြုံးမသတ်နိုင်အောင်ကို ဖြစ်နေခဲ့သည်။

ပစ္စည်းများ တစ်ခုပြီးတစ်ခု လေလံတင်နေပြီး လေလံပစ်သံများဟာလည်း ညံမစဲအောင် ထွက်ပေါ်နေခဲ့သည်။

“နောက်ထပ်လေလံတင်မယ့် ပစ္စည်းကတော့ တိမ်လိပ်ပြာဆံထိုးပဲ ဖြစ်ပါတယ်” စင်ပေါ်တွင် ရှိနေသော အမျိုးသမီးသည် ရုတ်တရက် သူမ၏ အသံကို ကျယ်နိုင်သမျှ ကျယ်အောင်မြှင့်လျက် လူအုပ်ကြီးကို ဝေ့ကြည့်ရင်း ကြေညာလိုက်လေသည် “ဒီလေလံပွဲကို ကိုယ့်မိန်းမတွေ ခေါ်လာခဲ့ရင်၊ ဒါမှမဟုတ် မိန်းကလေးမိတ်ဆွေတွေကို လက်ဆောင် ပေးချင်တဲ့ လူတွေဆိုရင် ဒီပစ္စည်းလေးကို သေချာအာရုံစိုက်ထားဖို့ ကျွန်မ ပြောချင်ပါတယ”

အမျိုးသမီးမှ ထိုကဲ့သို့ ပြောလိုက်သော် လူတော်တော်များများမှာ ယခုတစ်ကြိမ် လေလံတင်မည့် ပစ္စည်းကို စိတ်ဝင်စားလာကြလေသည်။ တိမ်လိပ်ပြာဆံထိုးဟူသော နာမည်အရ ထိုပစ္စည်းမှာ အဆင်တန်ဆာတစ်ခုမှန်း လူတိုင်း ပြောနိုင်ပေသည်။ သို့ရာတွင် အဆင်တန်ဆာတစ်ခုသည် မည်ကဲ့သို့များ လေလံပွဲတွင် ပေါ်လာရလေသနည်း။ ပုံမှန်အားဖြင့် အသုံးဝင်သည့် မှော်ရတနာများသည်သာ လေလံပွဲ၌ ပေါ်လာလေ့ရှိကြသည်။ ထို့ကြောင့် ဤလေလံပွဲတွင် ပေါ်လာရလောက်လေအောင် တိမ်လိပ်ပြာဆံထိုးဟူသည့် ပစ္စည်း မည်မျှ ထူးခြားသလဲဆိုသည်ကို လူတိုင်း သိချင်နေမိကြသည်။

အကုန်လုံး၏ အကြည့်အောက်တွင်ပင် အစေခံမလေးတစ်ဦးသည် လင်ဗန်းတစ်ချပ်ကို ကိုင်လျက် စင်နောက်ဘက်ဆီမှ ထွက်လာခဲ့ပြီး လေလံပွဲကျင်းပသူ အမျိုးသမီးဘေးနား၌ ရပ်လိုက်လေသည်။

အမျိုးသမီးသည် လူအုပ်ကြီးအား ပြုံးကာ ဝေ့ကြည့်ရင်းမှ လင်ဗန်းကို အုပ်ထားသည့် အနီရောင်ပဝါစကို ဖယ်ရှားလိုက်လေသည်။ အနီရောင်ပဝါစ ဖယ်ရှားခံလိုက်ရသည်နှင့် တစ်ပြိုင်နက် လင်ဗန်းဆီမှ သစ်ခွရောင်တို့ တလက်လက် တောက်ပလာခဲ့လေသည်။ ပင့်သက်ရှိုက်သံများနှင့်အတူ အမျိုးသမီးပေါင်းများစွာသည် စင်မြင့်ပေါ်သို့ အာရုံစိုက်ကြည့်လာခဲ့ကြလေသည်။

ပစ္စည်းပုံစံကို သေချာမြင်လိုက်ပြီးသည့်နောက်တွင် အမျိုးသမီးများစွာ အံ့ဩတကြီး ဖြစ်ကုန်လေ၏။ အကြောင်းမှာ သစ်ခွရောင်အလင်းသည် အခြားမဟုတ်ဘဲ ကခုန်နေသည့် လိပ်ပြာလေးတစ်ကောင် ဖြစ်နေသည့် အတွက်ကြောင့်ပင်။ လိပ်ပြာ တောင်ပံတစ်ချက်ခတ်သွားတိုင်း အရောင်တလက်လက် တောက်ပလာခဲ့သည်။

ခဏအကြာ၌ လိပ်ပြာလေးသည် ကျောက်စိမ်းဆံထိုးပေါ်သို့ ပြန်ဆင်းသွားခဲ့လေသည်။ ထိုအခြင်းအရာကို မြင်လိုက်သည့်အခိုက် လိပ်ပြာမှာ သက်ရှိမဟုတ်ဘဲ ဆံထိုးပေါ်တွင် ထိုးထွင်းတန်ဆာဆင်ထားသော အထူးအဆင်တန်ဆာတစ်ခုမှန်း လူတိုင်း နားလည်သွားကြလေသည်။ ထိုအချက်ကြောင့် အမျိုးသမီးများသာလျှင် မဟုတ်တော့ဘဲ၊ အမျိုးသားအချို့သည်လည်း ဆံထိုးအား စိတ်ဝင်စားမိသွားကြလေသည်။

သူတို့သည်သည ဤဆံထိုးကိုဝယ်၍ သူတို နှစ်သက်မြတ်နိုးရသည့် အမျိုးသမီးတစ်ဦးဆီ ပေးလိုက်မည်ဆိုပါက ထိုအမျိုးသမီးကို ကျိန်းသေ စိတ်ကျေနပ်စေနိုင်ပေလိမ့်မည်။

“ဒီဆံထိုးက အလှသုံးရုံ သက်သက်ပဲတော့ မဟုတ်ဘူးမလား” သီးသန့်ခန်းတစ်ခန်းထဲဆီမှ အသံတစ်သံ ဟိန်းထွက်လာခဲ့လေသည်။

ထိုမေးခွန်းသည် လူတိုင်း သိချင်နေသည့် မေးခွန်းဖြစ်ပေသည်။ တိမ်တိုက်လိပ်ပြာဆံထိုးသည် အမှန်တကယ်ကို လှပါသော်ငြား လှရုံသက်သက်သာ ဆိုလျှင်တော့ ဤဆံထိုး၏ တန်ဖိုးမှာ ဘာမှ ရှိတော့လိမ့်မည် မဟုတ်ချေ။

စင်မြင့်ပေါ်တွင် ရှိနေသည့် အမျိုးသမီးက ပြုံးလျက် “ပန်းပဲဆရာဟို့ကိုယ်တိုင် ဖန်တီးထားတဲ့ ပစ္စည်းတစ်ခုက ဘယ်လိုလုပ်ပြီး သာမန်ပစ္စည်း ဖြစ်ပါ့မလဲ”

“ဘယ်လို”

“ဒီဆံထိုးကို ဖန်တီးထားတဲ့လူက ပန်းပဲဆရာဟို့လား”

“တကယ်ကြီးလား”

အမျိုးသမီး၏ စကားသည် လူအုပ်ကြီးအား ပွတ်လောညံသွားစေခဲ့လေသည်။ အလန့်တကြား ဆိုသံများမှာ ခန်းမအနှံ့ ပျံ့လွင့်လာခဲ့လေ၏။

ရန်ကိုင်သည်လည်း မျက်လုံးဖွင့်လျက် မေးလိုက်လေ၏ “ပန်းပဲဆရာဟို့က ဘယ်သူလဲ”

ပြန်ဖြေသံမကြားသဖြင့် လှည့်ကြည့်လိုက်ရာ ချင်းယုသည် စင်မြင့်ပေါ်တွင် ရှိနေသော ဆံထိုးအား မမှိတ်မသုံ စိုက်ကြည့်နေကြောင်း တွေ့လိုက်ရလေသည်။ မျက်တောင် မခတ်တမ်း ကြည့်နေသည့်ပုံစံအရ ထိုဆံထိုးကို ချင်းယု အလွန်လိုချင်နေသည့်ပုံပင်။

ရန်ကိုင်မှ နောက်တစ်ကြိမ် ထပ်မေးလိုက်သည့် အခါမှသာ ချင်းယု အသိပြန်ဝင်လာပြီး ရှက်ရှက်ဖြင့် ပြောပြလိုက်လေ၏ “ပန်းပဲဆရာဟို့က လွန်ခဲ့တဲ့ ဆယ်စုနှစ်လောက်ပိုင်းတုန်းက နာမည်ကျော်လာတဲ့ ပန်းပဲပညာရှင်တစ်ယောက်ပဲ။ သူဖန်တီးလိုက်တဲ့ ပစ္စည်းတိုင်း အရည်အသွေး မမြင့်ဘူးဆိုတာ မရှိဘူး။ ဒါပေမယ့်...”

“ဒါပေမယ့်ဘာလဲ...”

“ဒါပေမယ့် ပန်းပဲဆရာဟို့က သိုသိုသိပ်သိပ်ပဲ နေတယ်။ ဘယ်သူမှ သူ့ကို လူကိုယ်တိုင် မတွေ့ဖူးဘူး။ ပန်းပဲဆရာဟို့က ယောကျာ်းလား၊ မိန်းမလားဆိုတာကိုတောင် ဘယ်သူမှ မသိကြဘူး”

“အဲ့လောက်တောင် သိုသိပ်သာလား” ရန်ကိုင် မျက်ခုံးပင့်သွားခဲ့သည်။

ချင်းယုကပြုံးလျက် “လွန်ခဲ့တဲ့ ဆယ်နှစ်အတွင်း တောင်ဘက်နယ်မြေထဲမှ ပန်းပဲဆရာဟို့ ဖန်တီးထားတဲ့ မှော်ရတနာတွေ အများကြီးပေါ်လာတယ်။ သူဖန်တီးထားကတော့ ပစ္စည်းမျိုးစုံပဲ။ အကာအကွယ် မှော်ရတနာတွေ၊ တိုက်ခိုက်ရေး မှော်ရတနာတွေ၊ အခြား အမျိုးအစားတွေ၊ စုံနေတာပဲ။ ဒါပေမယ့် ပစ္စည်းပဲဖြစ်ဖြစ်၊ အကုန်လုံးရဲ့ အရည်အသွေးက မေးနေစရာ မလိုဘူး၊ ထိပ်တန်းတွေချည်းပဲ”

ရန်ကိုင်က ထပ်မေးလိုက်လေသည် “ဘယ်သူမှ သူ့ကို မတွေ့ဖူးဘူးဆိုရင် အဲ့မှော်ရတနာတွေကို သူဖန်တီးထားမှန်း ဘယ်လိုသိကြတာလဲ”

ချင်းယုက ပြန်ရှင်းပြလိုက်လသည် “ပန်းပဲဆရာဟို့ ဖန်တီးထားတဲ့ မှော်ရတနာတွေမှာ သူ့ကိုယ်ပိုင် အမှတ်တံဆိပ်ပါတယ်၊ မျောက်ခေါင်းပုံလေး”

ထိုအခိုက်အတန့်တွင် စင်မြင့်ပေါ်၌ ရှိနေသော အမျိုးသမီးက ပြောလိုက်လေသည် “ရှင်တို့ ကျွန်မကို မယုံဘူးဆိုရင် ပန်းပဲဆရာဟို့ ဖန်တီးထားတာ ဟုတ်မဟုတ် ရှင်တို့ကိုယ်တိုင် စစ်ဆေးကြည့်လို့ရတယ်နော်”

အမျိုးသမီးမှ ထိုကဲ့သို့ ပြောလိုက်သည်နှင့် တစ်ပြိုင်နက် ကောင်းကင်စိတ်အာရုံများစွာ ဘက်ပေါင်းစုံမှ ထွက်ပေါ်လာကုန်ကြလေသည်။ ရန်ကိုင်လည်း သွားရောက် စစ်ဆေးကြည့်နေခဲ့သည်။ ချင်းယု ပြောသည့်အတိုင်း ဆံထိုးပေါ်၌ မျောက်ခေါင်းပုံလေး တစ်ခု ရှိနေကြောင်း တွေ့လိုက်ရလေသည်။

“တကယ်ကြီး ပန်းပဲဆရာဟို့ ဖန်တီးထားတာဲ့ဟာပဲ”

“ဟုတ်တယ်။ ပြီးတော့ တာအိုသခင်အဆင့် ဆံထိုးကြီးဟ”

“ကောင်းတယ်ကွာ။ ငါဒါကို လိုချင်သွားပြီ”

“လူအိုကြီးကျိ၊ ခင်ဗျားအသက်က ဒီလောက်ကြီးနေပြီကို ဒီဆံထိုးကြီးယူပြီး ဘာလုပ်မလို့လဲ”

“ငါကိုယ်လုပ်တော်တစ်ယောက် ယူထားတာ မကြာသေးဘူးကွ။ ဒီဆံထိုးကို ငါ့ကိုယ်လုပ်တော်လေးဆီ ပေးချင်လို့။ မင်းကဘာလဲ၊ မကျေနပ်တာလား”

စင်မြင့်ပေါ်တွင် ရှိနေသော အမျိုးသမီးသည် အောက်ဘက်ရှိ ဆူညံသံများကို လျစ်လျူရှုလျက် “ပန်းပဲဆရာဟို့ ဖန်တီးထားတဲ့ မှော်ရတနာတွေက ဒီလောက်ရှိတာ မဟုတ်ဘူး။ ဒါပေမယ့် တစ်ခုချင်းစီတိုင်းက အရည်အသွေးပိုင်းမှာ ထိပ်တန်းချည်းပဲ။ ကျွန်မတို့ ကုန်သွယ်ရေး အဖွဲ့အစည်းက ဧကရာဇ်အဆင့် ပန်းပဲပညာရှင်တွေတောင် ပန်းပဲဆရာဟို့ရဲ့ အရည်အချင်းကို ချီးကျူးရတယ်။ ပန်းပဲဆရာဟို့က အနည်းဆုံး ဧကရာဇ်အဆင့် ပန်းပဲပညာရှင်တစ်ဦး ဖြစ်နေပြီတဲ့။ ဒီတော့ ပန်းပဲဆရာဟို့ကိုယ်တိုင် ဖန်တီးထားတဲ့ ဒီတိမ်တိုက်လိပ်ပြာဆံထိုးက ဘယ်လိုပစ္စည်းမျိုးလဲ ဆိုတာကို အားလုံး သိကြပြီလို့ မျှော်လင့်ပါတယ်”

မှော်ရတနာအမျိုးအစားဆို၍ အနည်းငယ်သာရှိကြပြီး အမျိုးသမီးများ သုံးကြသည့် အဆင့်တန်ဆာ မှော်ရတနာ အများစုသည် အကာအကွယ် မှော်ရတနာများ ဖြစ်တတ်ကြသည်။ တိုက်ခိုက်ရေးအမျိုးအစား အဆင့်တန်ဆာ မှော်ရတနာများလည်း ရှိတတ်ကြပါသော်ငြား အကာအကွယ် မှော်ရတနာများကတော့ ပိုများပေသည်။

တိမ်ပျံလိပ်ပြာဆံထိုးသည် အကာအကွယ်အမျိုးအစား မှော်ရတနာတစ်ခု ဖြစ်သည့် အတွက်ကြောင့် ၎င်း၏ တန်ကြေးမှာ ကျိန်းသေ ပိုမြင့်ပေလိမ့်မည်။

အမျိုးသမီးသည် အကုန်လုံးအား လည်ပင်းရှည်အောင် လုပ်မနေတော့ဘဲ ပြုံး၍ ရှင်းပြလိုက်လေသည် “တကယ်တော့ ဒီတိမ်တိုက်လိပ်ပြာဆံထိုးက တိုက်ခိုက်ရေး အမျိုးအစားလည်းမဟုတ်သလို ကာကွယ်ရေး အမျိုးအစားလည်း မဟုတ်ပါဘူး”

ထိုသို့ပြောပြီးနောက်တွင် အမျိုးသမီးမှ သူမ၏ အရင်းအမြစ်ချီကို ဆံထိုးထဲသို့ ထည့်သွင်းလိုက်ရာ ဆံထိုး၏ အရွယ်အစားမှာ ရုတ်ချည်း ကြီးမားလာခဲ့လေ၏။ ရုတ်တရက်ဆိုသလို ဆယ်မီတာခန့် အရှည်ရှိသော တောင်ပံများကို တဖျတ်ဖျတ် ခတ်နေသည့် လိပ်ပြာတစ်ကောင် စင်မြင့်ထက် ပေါ်လာခဲ့လေသည်။

ထို့နောက်တွင် လက်ကွက်များကို ဖန်တီး၍ အရင်းအမြစ်ချီကို ထိန်းချုပ်လိုက်ရာ ဧရာမလိပ်ပြာကြီးသည် သစ်ခွရောင်ကို ထုတ်လွှတ်လျက် လေလံခန်းမတစ်ဝိုက် ပျံသန်းသွားခဲ့ပြီးနောက် စင်မြင့်ပေါ်သို့ ပြန်ရောက်လာလေ၏။

“ပျံသန်းရေးမှော်ရတနာလား” လူအုပ်ကြီး ပင့်သက်ရှိုက်မိသွားကြသည်။

လူတိုင်းမှာ ဒီတိမ်တိုက်လိပ်ပြာဆံထိုး မည်သို့သော မှော်ရတနာ ဖြစ်မလဲဆိုသည်ကို အဖြေထုတ်နေကြပါသော်ငြား သူတို့ စဉ်းစားထားသည်နှင့် မတူညီစွာပင်၊ ဆံထိုးသည် ပျံသန်းရေးမှော်ရတနာတစ်ခု ဖြစ်နေလိမ့်မည်ဟု မထင်ထားခဲ့ချေ၊ ထိုသို့သာဆိုလျှင်တော့ ဤဆံထိုးမှာ အတော်လေး အဖိုးတန်သွားပြီဟု ပြော၍ရပေသည်။ ထို့ပင် ဆံထိုး၏ အမြန်နှုန်းမှာ အတော်လေးကိုမှ မြင့်ပေ၏။

အမျိုးသမီးက ဆက်ပြောပြလိုက်သည် “ကျွန်မက ဒါကို မသန့်စင်ရသေးတာမို့လို့ ဆံထိုးရဲ့ အမြန်နှုန်းက တစ်ဝက်လောက်ပဲ ရှိနေတာပါ။ သန့်စင်လိုက်မယ်ဆိုရင်တော့ ဆံထိုးရဲ့ အမြန်နှုန်းက ဧကရာဇ်အဆင့် ကျင့်ကြံဿူတစ်ဦးရဲ့ နှုန်းကို မမှီရင်အောင် အရမ်းကြီး မနိမ့်ဘူးလို့ ကျွန်မတို့ ကုန်သွယ်ရေးအဖွဲ့အစည်းက ပန်းပဲပညာရှင်တွေက ပြောထားပါတယ်။ ဒီတော့ ဒီဆံထိုးက ထွက်ပြေးတဲ့နေရာမှာ တကယ်ကို အသုံးဝင်မှာပါ။ ပြီးတော့ ဆံထိုးကနေထွက်နေတဲ့ သစ်ခွရောင်ကိုလည်း အခြားသူတွေ မမြင်အောင် ဖုံးကွယ်ထားလို့ ရပါသေးတယ်”

အမျိုးသမီးသည် ဤဆံထိုးမှ မည်မျှကောင်းကြောင်းကို ချီးမွမ်းခန်း တဖွဖွ ဖွင့်နေခဲ့လေသည်။

လူတိုင်း ဆံထိုးအား စိတ်ဝင်စားလာကြသည်ကိုမြင်သည့်အခါတွင်မှ အမျိုးသမီးက ပြောလိုက်လေ၏ “ဒီတာအိုသခင်အဆင့်မြင့် ပျံသန်းရေးမှော်ရတနာရဲ့ ကြမ်းခင်းဈေးက အလယ်အလတ်အဆင့် အရင်းအမြစ်ကျောက် သန်းငါးဆယ်ပါ။ တစ်ကြိမ် ဈေးတိုးတိုင်း ဈေးတိုးတိုင်း တစ်သန်းအောက် နိမ့်လို့မရပါဘူး။ အကုန်လုံး ဈေးစပေးလို့ရပါပြီ”

အမျိုးသမီး၏အသံ ဆုံးသွားသည်နှင့် တစ်ပြိုင်နက် ဈေးပြိုင်ပေးသံများ ဘက်ပေါင်းစုံမှ ထွက်ပေါ်လာကြလေသည်။ မျက်တောင်တစ်ခတ်အတွင်း ဆံထိုး၏ တန်ကြေးသည် အလယ်အလတ်အဆင့် အရင်းအမြစ်ကျောက် သန်းငါးဆယ်မှ သန်းခြောက်အထိ မြင့်တက်သွားခဲ့ပြီး ရပ်တန့်မည့်အရိပ်အယောင် မပြသေးဘဲ ဆက်လက် မြင့်တက်နေသေး၏။

အသက်ဆယ်ရှိုက်စာအတွင်း ဈေးနှုန်းသည် သန်းခုနှစ်ကျော်သွားခဲ့ပြီး နောက်ထပ် အသက်ဆယ်ရှိုက်စာ ကြာပြီးနောက် သန်းရှစ်ဆယ်ကျော်တက်သွားခဲ့လေသည်။

ချင်းယု၏ အမူအရာ ပြောင်းလဲသွားခဲ့လေ၏။ သူမ မျက်နှာထက်ရှိ အပျော်လေးများမှာ ပျောက်ချင်းမလှယ် ပျောက်ကွယ်သွားကုန်လေသည်။

သူမ၏ ငွေကြေးအင်အားလောက်ဖြင့် ဤကဲ့သို့သော အဖိုးတန်ရတနာတစ်ခုကို ရနိုင်လိမ့်မည် မဟုတ်မှန်း သိပြီးသားပင်။ အလယ်အလတ်အဆင့် အရင်းအမြစ်ကျောက် သန်းရှစ်ဆယ်ဟူသော ပမာဏသည် စိတ်ဝိဥာဉ်ရေကန်နန်းတော်မှ ကျောက်စိမ်းပြာ တံဆိပ်ပြားကို ဝယ်ရန်အတွက်ပင် လုံလောက်ပေသည်။

သို့သော်ငြား လက်ရှိ တိမ်ပျံလိပ်ပြာဆံထိုး၏ တန်ကြေး သန်းရှစ်ဆယ်သည် နောက်ဆုံးဈေးနှင့် အဝေးကြီး ကွာနေပေသေးသည်။ လေလံဈေးမှာ တစ်ခဏအတွင်း သန်းရှစ်ဆယ်သို့ မြောက်တက်သွားသည့်အတွက်ကြောင့် လူအများစုမှာ ဝင်မပြိုင်နိုင်ကြတော့ဘဲ သီးသန့်ခန်းများထဲမှ လူများသည်သာ ဆက်လက် ယှဉ်ပြိုင်နိုင်ကြတော့လေသည်။

လေလံဈေး သန်းတစ်ရာသုံးဆယ်သို့ ရောက်သွားချိန်တွင်တော့ လူနှစ်ဦးသည်သာ ဆက်လက် ဈေးပြိုင်နိုင်ကြတော့လေသည်။ ထိုနှစ်ဦးမှာလည်း တစ်ခါတစ်ခါ ဈေးခေါ်ဖို့အရေး သေချာစဉ်းစားနေရသည့်အလား တစ်ကြိမ် ဈေးခေါ်ပြီးတိုင်း တစ်ခဏမျှ တိတ်တိတ်နေတတ်လေသည်။

“(၁၄၁)သန်း၊ လူအိုကြီးကျို၊ မင်းဒါထက် ပိုပေးနိုင်မယ်ဆို ဒီဆံထိုးကို မင်းပဲ ယူလိုက်ပေတော့” သီးသန့်ခန်းတစ်ခန်းထဲမှ အသံတစ်သံ ထွက်လာခဲ့သည်။

မျိုးရိုးနာမည်ကျိုနှင့် လူအိုကြီးက ရယ်မောလျက် “ရောင်းရင်းကျန်းက အခုလို ပြောလာမှတော့ ဒီလူအိုကြီးကလည်း ဝမ်းပန်းတသာနဲ့ လက်ခံပေပးရတာပေါ့။ (၁၄၂)သန်း”

“မင်းနိုင်သွားပြီ” အစောပိုင်းက စကားပြောလိုက်သည့် ဧကရာဇ်အဆင့် ပညာရှင်က သက်ပြင်းချလျက် ပြောလိုက်လေသည်။

ထိုစကားကိုကြားသည့်အခါ လူအိုကြီးကျိုက စင်မြင့်ပေါ်တွင် ရှိနေသော အမျိုးသမီးကို ကြည့်၍ “မြန်မြန် အမှတ်စဉ်ရေတော့လေ၊ ဘယ်သူမှ ဈေးမခေါ်တော့ဘူး”

အမျိုးသမီးသည် လူအုပ်ကြီးကို ဝေ့ကြည့်လျက် ပြုံးကာ “အခြား ဈေးထပ်ပေးချင်တဲ့လူများ ရှိသေးလား၊ မရှိတော့ဘူးဆိုရင်…”

“သန်း (၁၅၀)” ရန်ကိုင်၏အသံ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

ချင်းယုသည် ရန်ကိုင်အား ကြက်သေသေနေသည့် အမူအရာဖြင့် ကြည့်နေခဲ့၏။ ရန်ကိုင်သည် တစ်ချိန်ကုန် တိတ်ဆိတ်နေခဲ့သည့် အတွက်ကြောင့် ယခုကဲ့သို့ အချိန်မျိုးတွင်မှ ရုတ်တရက်ကြီး ဈေးထခေါ်လိမ့်မည်ဟု မထင်ထားခဲ့ချေ။ ရန်ကိုင်သည် ဤဆံထိုးကို မည်သူ့အတွက်များ ဝယ်ပေးလိုသနည်း။ သူမအတွက်တော့ မဟုတ်လော့ချေ။

မျိုးရိုးနာမည်ကျိုနှင့် လူအိုကြီး၏ရယ်သံ ရုတ်တရက် ရပ်တန့်သွားခဲ့ပြီး ဒေါမာန်တကြီးဖြင့် ထအော်လေသည် “သန်း(၁၆၀)”

ဤဆံထိုးကို (၁၄၂)သန်းဖြင့် ဝယ်နိုင်တော့မည် ဖြစ်ပါသော်ငြား ရန်ကိုင်မှ ဝင်ရှုပ်လိုက်သည့် အတွက်ကြောင့် ဈေးထပ်တင်ရတော့လေရာ လူအိုကြီးကျိုမှာ အလွန်ကိုမှ ဒေါသထွက်နေတော့လေသည်။

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၇၅၉)

ဘာသာပြန်သူ_တိမ်တိုက်

“သန်း(၁၇၀)” ရန်ကိုင်သည် မျက်တောင်ခတ်ပင် မခတ်ဘဲ ဈေးထပ်မြှင့်လိုက်သဖြင့် ချင်းယု မျက်လုံးအပြူးသား ဖြစ်နေခဲ့ရလေသည်။

“သန်း(၁၈၀)” လူအိုကြီးကျိုက ထပ်အော်ပြောလိုက်သည်။

“နှစ်သန်း”

ထိုစကား ထွက်လာသည်နှင့် လူအုပ်ကြီး ကြောင်သွားခဲ့ပြီး လူအိုကြီးကျိုက ရယ်မောလျက် “ကောင်လေး၊ မင်းခေါင်းမကောင်းတော့တာလား။ ဒီနှစ်သန်း...”

“အဆင့်မြင့်အရင်းအမြစ်ကျောက်ကိုပြောတာ”

လူအိုကြီးကျို ပြောလက်စစကားများ လည်ချောင်းတွင် တစ်သွားခဲ့ရလေသည်။

အဆင့်မြင့် အရင်းအမြစ်ကျောက် နှစ်သန်းသည် အလယ်အလတ်အဆင့် အရင်းအမြစ်ကျောက် သန်းနှစ်ရာနှင့် ညီမျှပေသည်။ သို့သော်ငြား အလယ်အလတ်အဆင့် အရင်းအမြစ်ကျောက်နှင့် ပေးချေလို့ရသည့် အခါမျိုးတွင် အဆင့်မြင့်အရင်းအမြစ်ကျောက်များကို သုံးလေ့မရှိချေ။ ပုံမှန်အားဖြင့် အဆင့်မြင့် အရင်းအမြစ်ကျောက် နှစ်သန်းသည် အလယ်အလတ်အဆင့် အရင်းအမြစ်ကျောက် သန်းနှစ်ရာနှင့် ညီမျှပါသော်ငြား၊ တကယ့်တကယ်တွင်တော့ အဆင့်မြင့် အရင်းအမြစ်ကျောက်များက ပိုတန်ဖိုးရှိပေသည်။

မျိုးရိုးနာမည်ကျိုမှ ဈေးထပ်တင်လိုပါက အဆင့်မြင့်အရင်းအမြစ်ကျောက်ဖြင့် ပေးချေတော့ပေမည်။ ထို့ကြောင့် တိတ်ကျသွားခဲ့လေ၏။

စင်မြင့်ပေါ်တွင် ရှိနေသော အမျိုးသမီးက တောက်ပစွာပြုံးလျက် ရန်ကိုင်ရှိနေသည့် အခန်းဆီသို့ကြည့်ရင်း “အခန်း (က-၃)က အဆင့်မြင့်အရင်းအမြစ်ကျောက် နှစ်သန်း ပေးထားပါတယ်။ ဒီထက် ပိုပေးချင်တဲ့လူများ ရှိပါသေးလားမသိဘူး”

မည်သည့်အသံမှ ထွက်မလာခဲ့ချေ။

ရန်ကိုင် ကုန်သွယ်ရေး အဖွဲ့အစည်းသို့ ရောင်းလိုက်သည့် အဆင့်(၁၂) အဆင့်နိမ့် မွန်းစတားအမြူတေသည်ပင်လျှင် အဆင့်မြင့် အရင်းအမြစ်ကျောက် နှစ်သန်းသာ တန်သည်ကို ကြည့်ပါက ဤဆံထိုး၏ တန်ကြေးသည် အဆင့်(၁၂) အဆင့်နိမ့် မွန်းစတားအမြူတေတစ်ခုနှင့် တန်ဖိုးညီနေသည်ဟု ပြော၍ရပေသည်။

“အခန်း (က-၃)က ဧည့်သည့်အတွက် ဂုဏ်ယူပါတယ်ရှင့်” အမျိုးသမီးက ပြုံး၍ ပြောလိုက်သည်။ တစ်ခါမှ မကြားဖူးသည့် ရန်ကိုင်၏အသံကို အခန်း(က-၃)ဆီမှ ကြားလိုက်ရသည့်အတွက်ကြောင့် အမျိုးသမီး၏စိတ်ထဲ သင်္ကာမကင်းရိပ်တို့ ဖြတ်ပြေးသွားခဲ့လေသည်။ ကုန်သွယ်ရေးအဖွဲ့အစည်းဆီသို့ အရေးကြီးသည့် ဧည့်သည်တစ်ဦး ရောက်နေလို့ ရောက်နေမှန်းပင် သူမ မသိလိုက်ရချေ။ (က)အခန်းသည် အထူး ဧည့်သည်တော်များအတွက်သာ ဖြစ်ကြပြီး အခန်း(က)ထဲမှ အတော်မြင့်မားသည့် အခန်းနံပါတ်အား ယူထားသည်ကို ကြည့်လျှင် ထိုအခန်းထဲ၌ ရှိနေသည့်လူသည် ကုန်သွယ်ရေးအဖွဲ့အစည်း အထူးတလည် အလေးထားသည့်လူမှန်း သိနိုင်ပေသည်။

ရန်ကိုင်မှ ဈေးခေါ်လိုက်သည်နှင့် တစ်ပြိုင်နက် လီတုန်းကျန်း၏ မျက်လုံးများ အေးစက်သွားခဲ့လေသည်။

ရန်ကိုင်နှင့် စကားပြောဖူးသည့်အတွက်ကြောင့် ရန်ကိုင်၏ အသံကို လီတုန်းကျန်း မှတ်မိနေခဲ့လေသည်။ ထို့အတွက်ကြောင့် ရန်ကိုင်မှန်း သိလိုက်သည့်နောက် လီတုန်းကျန်းသည် အခန်း (က-၃)ဆီသို့ စူးရဲစွာ စိုက်ကြည့်လိုက်လေသည်။ သူ့ရင်ထဲလည်း ဒေါသတို့ ထွက်လာခဲ့ရသည်။ သူသည် ခရမ်းကြယ်စဉ်ကုန်သွယ်ရေး အဖွဲ့အစည်း၏ ဖောက်သည်တစ်ဦး ဖြစ်နေခဲ့လေပြီ ဖြစ်သလို တောင်ပြိုဂိုဏ်း၏ ဂိုဏ်းချုပ်တစ်ဦးလည်း ဖြစ်သည်။ သို့တိုင် သူ့အဆင့်အတန်းနှင့်ပင်လျှင် အခန်း (က-၉) ၌သာ ထိုင်ခွင့်ရခဲ့လေရာ ထိုကောင်လေးသည် မည်မျှ အဆင့်အတန်း မြင့်မား၍များ အခန်း (က-၃)တွင် နေခွင့်ရခဲ့လေသနည်း။

တစ်ခဏကြာမျှ စဉ်းစားနေပြီးနောက်တွင် လီတုန်းကျန်းက အစေခံမလေးကို ပြောလိုက်လေသည် “မန်နေဂျာကုကို ငါတွေ့ချင်နေတယ်လို့ သွားပြောလိုက်”

“ဟုတ်ကဲ့” အစေခံမလေး အခန်းထဲမှ ထွက်သွားလေသည်။

ခဏအကြာ၌ တံခါးခေါက်သံ ထွက်ပေါ်လာခဲ့ပြီး ကုဟုန် အခန်းထဲသို့ ဝင်လာခဲ့လေသည်။ ထို့နောက် လက်သီးဆုပ်၍ “ဂိုဏ်းချုပ်လီ၊ ကျုပ်ကို ဘာလို့ တွေ့ချင်နေတာလဲ”

လီတုန်းကျန်းက မေးလိုက်လေသည် “အခန်း(က-၃)က လူက... ဘယ်လိုလူမျိုးလဲ”

ကုဟုန် ကြောင်သွားခဲ့ပြီး အကြပ်ရိုက်နေသည့်ဟန်ဖြင့် “ဂိုဏ်းချုပ်လီ ဘာလို့ အဲ့အကြောင်း မေးရတာလဲ။ ကုန်သွယ်ရေးအဖွဲ့အစည်းရဲ့ စည်းမျဉ်းတွေကို ဂိုဏ်းချုပ်လီလည်း သိတာပဲ။ ဒီကုက မန်နေဂျာဆိုပေမယ့် ဧည့်သည်တွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို အပြင်ကို ထုတ်ပြောခွင့်မရှိဘူး”

လီတုန်းကျန်းက ပြုံးလျက် “ချွင်းချက်ဆိုတာ ရှိတာပဲလေ”

ကုဟုန်က ပြန်ပြောလိုက်၏ “အဲ့ဒါလည်း မလွယ်သေးဘူး”

လီတုန်းကျန်း မျက်မှောင်ကြုတ်သွားခဲ့သည်။ သူကုဟုန်နှင့် စီးပွားရေး လုပ်လာခဲ့သည်မှာ နှစ်အတော်ကြာနေလေပြီ။ ထို့ကြောင့် တစ်ယောက်အကြောင်း တစ်ယောက် ကောင်းကောင်း သိကြရာ ကုဟုန်မှာ ရိုးသားဖြောင့်မတ်သည့် လူမဟုတ်မှန်း သူသိနေခဲ့သည်။ ထို့ကြောင့် လီတုန်းကျန်းက သက်ပြင်းချလျက် ပြောလိုက်လေသည် “ငါရှင်းရှင်းပဲ ပြောတော့မယ်ကွာ။ အဲ့ကောင်က ငါနဲ့ ရန်ငြိုးရှိနေတဲ့လူပဲ”

ကုဟုန် စပ်စုချင်မိသွားခဲ့သည် “ဒီကောင်က ငါ့ကို ရန်စလိုက်ရုံတင် မဟုတ်ဘူး။ ငါ့တပည့်သုံးယောက်ပါ သူ့လက်ထဲမှာ သေသွားတာကွ။ အဲ့သုံးယောက်ထဲက တစ်ယောက်က ငါ့မျိုးဆက်ပဲ”

“ဘယ်လို” ကုဟုန် ထိတ်လန့်သွားခဲ့လေသည်။ ယခုမှပဲ လီတုန်းကျန်း ထိုလူအကြောင်း ဘာကြောင့် သိချင်နေရလဲဆိုသည်ကို ကုဟုန် နားလည်သွားတော့သည်။

လီတုန်းကျန်းက ဆက်ပြောလိုက်သည် “မန်နေဂျာကု၊ မင်းလည်း မြင်တာပဲ။ ဒီကောင် ဒီလောက်များတဲ့ ပမာဏကို နောက်မတွန့်ဘဲ ဈေးခေါ်နေတာကိုကြည့်ရင် သူအရမ်း ချမ်းသာနေလို့ပဲ ဖြစ်မှာ။ ငါတို့သာ ဒီကောင့်ကို သတ်ပစ်နိုင်ရန် ဒီကောင်ပိုင်ထားတာတွေ အကုန် ငါတို့အပိုင် ဖြစ်လာမှာ။ မန်နေဂျာကုသာ ငါ့ကို ကူညီမယ်ဆိုရင် ဝေစုရဲ့ သုံးဆယ် ရာခိုင်နှုန်းကို မန်နေဂျာကုကို ခွဲပေးမယ်”

ကုဟုန်က ခါးသက်သက် အမူအရာဖြင့် “အဲ့လိုဆိုရင်တောင် ဒီကု ကူညီပေးလို့ အဆင်မပြေ...”

“ငါးဆယ်ရာခိုင်နှုန်း”

“ဒါက...ဒါက...” ကုဟုန်သည် စဉ်းစားချင်ယောင်ဆောင်လျက် “ဂိုဏ်းချုပ်လီ၊ တကယ်တော့ သူဘယ်ကလာလည်းဆိုတာကို ဒီကုလည်း သေချာမသိဘူး။ မနေ့တုန်းကမှ သူ့ကို တွေ့ဖူးတာ။ အဲ့မတိုင်ခင် တစ်ခါမှ သူ့ကို မတွေ့ဖူးဘူး”

“မန်နေဂျာကုက မကူညီချင်ဘူးဆိုမှတော့ ဒီလူအိုကြီးလည်း ခရမ်းကြယ်စဉ် ကုန်သွယ်ရေးအဖွဲ့အစည်းနဲ့ စီးပွားရေး ဆက်မလုပ်ရုံပေါ့” လီတုန်းကျန်းက အေးစက်စက် လေသံဖြင့် ပြောလိုက်လေသည်။

ကုဟုန်က ခါးသက်သက် အမူအရာဖြင့် ပြုံးလျက် “ဂိုဏ်းချုပ်လီ၊ သူဘယ်ကလာလဲ ကျုပ်မသိပေမယ့် လေလံပွဲကနေ ထွက်သွားတဲ့အချိန် သူဘယ်ကို ရောက်နေမလဲ ဆိုတာကိုတော့ ဂိုဏ်းချုပ်လီကို ကျုပ်ပြောပြပေးလို့ရတယ်”

လီတုန်းကျန်း၏ မျက်လုံးများ တဖျတ်ဖျတ် တောက်ပသွားခဲ့ပြီး ခေါင်းညိတ်၍ “အဲ့ဒါဆို မန်နေဂျာကုကို ဒီလူအိုကြီး ကျေးဇူးတင်ရမှာပေါ့”

ကုဟုန်သည် သူ့လက်နှစ်ဖက်ကို ပွတ်သပ်ရင်းမှ “ဒါဆို ဂိုဏ်းချုပ်လီ ပြောသွားတဲ့ ငါးဆယ်ရာခိုင်နှုန်းက...”

“အဲ့ဒါက ခင်ဗျားအပိုင်ပဲ” လီတုန်းကျန်းက လက်ဝှေ့ရမ်းလျက် ပြန်ပြောလိုက်သည်။

“ဂိုဏ်းချုပ်လီကို ကျေးဇူးအများကြီးတင်ပါတယ်။ ဂိုဏ်းချုပ်လီ မျှော်လင့်ထားတဲ့အတိုင်း ဖြစ်လာပါစေလို့ ဆုတောင်းပေးပါတယ်”

အခန်းထဲမှ ထွက်သွားပြီးသည့်နောက်တွင် ကုဟုန်၏ မျက်လုံးထဲ အေးစက်စက် အလင်းတစ်ချက် ဖြတ်ပြေးသွားခဲ့လေသည် (ငါ့ကို လာအပြစ်မတင်နဲ့ပေါ့ကွာ ကောင်လေးရေ)

ရန်ကိုင် ရောက်လာပြီးနောက်ပိုင်း ဆိုင်ခွဲမှူလော့၏ သူ့အပေါ် ဆက်ဆံပုံမှန် ယခင်နှင့်မတူ အေးစက်စက် ဖြစ်သွားကြောင်းကို ကုဟုန် သတိထားမိသည်။ ထို့အပြင် လော့ချီသည် ခန်စစ်ရန်အား ယခင်ထက်ပို၍ တရင်းတနှီး ဆက်ဆံလာလေသည်။ ရန်ကိုင် ရောက်လာစဉ်က ခန်စစ်ရန်နှင့် အရောင်းအဝယ်လာလုပ်သည်ကို စဉ်းစားမိပြီးနောက် ဘာတွေဖြစ်သွားလဲ ဆိုသည်ကို ကုဟုန် မသိဘဲ နေမည်လား။ ရန်ကိုင် လုပ်လိုက်သည့် အရောင်းအဝယ်သည် ကုန်သွယ်ရေးအဖွဲ့အစည်းအတွက် အလွန်ကိုမှ အကျိုးရှိသည့် အတွက်ကြောင့် ဆိုင်ခွဲမှူလော့၏ ဆက်ဆံပုံ တဆစ်ချိုး ပြောင်းလဲသွားရခြင်း ဖြစ်လေသည်။

ရန်ကိုင်ကြောင့် ခန်စစ်ရန် ကံကောင်းလာရသည့်အတွက်ကြောင့် ကံဆိုးရမည့်လူမှာ သူ၊ ကုဟုန် ဖြစ်ရပေတော့မည်။

အထက်မှ မန်နေဂျာအသစ်တစ်ယောက် ရောက်လာသည့်အခါ ခန်စစ်ရန် မထွက်ရလျှင် ဤဆိုင်ခွဲမှ ထွက်ရမည့်လူမှာ သူဖြစ်သွားပေလိမ့်မည်။ သို့သော်ငြား ရန်ကိုင် သေသွားခဲ့မည် ဆိုလျှင်တော့ ခန်စစ်ရန်မှာ သူ့အထောက်အပံ့ကို ဆုံးရှုံးလိုက်ရမည် ဖြစ်သည့်အတွက်ကြောင့် သူ့အနေဖြင့် ဘာမှ ကြောက်နေစရာ မလိုတော့ချေ။

အစေခံမလေးတစ်ဦးသည် တိမ်တိုက်လိပ်ပြာဆံထိုးကို ရန်ကိုင် ရှိနေသည့် အခန်းဆီသို့ ယူလာခဲ့လေသည်။ အဆင့်မြင့်အရင်းအမြစ်ကျောက် နှစ်သန်းကို ပေးချေပြီးနောက် ဆံထိုးမှာ ရန်ကိုင်အပိုင် ဖြစ်လာခဲ့ရသည်။ ဆံထိုး ပုံစံကို ကြည့်ရသလောက် ဆံထိုးအား မသန့်စင်ရသေးသဖြင့် ဆံထိုး၏ စွမ်းရည်များအကြောင်းကို မသိရသေးပါသော်ငြား ဤဆံထိုးအား ဖန်တီးသည့်လူသည် ဆံထိုးကို ပြုလုပ်ရာ၌ သေသေချာချာ အသေးစိတ် လုပ်ခဲ့ကြောင်း ရန်ကိုင် ပြောနိုင်လေသည်။

ဆံထိုးအား သေချာအနီးကပ် စစ်ဆေးကြည့်ခိုက်သည့်အခါတွင် ဆံထိုးပေါ်၌ အသက်ဝင်လှသည့် မျောက်မျက်နျာတစ်ခု ရှိနေကြောင်း တွေ့လိုက်ရလေ၏။

ဆံထိုးအား စိတ်ရှိသလောက် ကြည့်ပြီးသည့်နောက်တွင် ရန်ကိုင်သည် ဆံထိုးကို ချင်းယုဆီသို့ ပစ်ပေးလိုက်လေသည်။

ချင်းယုသည် ဆံထိုးအား ကမန်းကတန်းဖြင့် ဖမ်းထားလျက် ရန်ကိုင်အား အံ့အားသင့်တကြီးဖြင့် ကြည့်နေလိုက်သည်။

“နင့်အတွက်လက်ဆောင်...” ထိုသို့ ပြောပြီးနောက်တွင် ရန်ကိုင် မျက်လုံး ပြန်ပိတ်သွားခဲ့လေသည်။

“ကျွန်မအတွက်...” ချင်းယုမှာတော့ ဆံထိုးကိုကိုင်ရင်း ကြောင်တောင်တောင် ဖြစ်နေခဲ့လေသည်။

အစောပိုင်းကတော့ ဤဆံထိုးကို ရန်ကိုင် မည်သည့်အတွက်များ ဝယ်ပေးသလဲဟု တွေးနေမိခဲ့သည်။ သို့သော်ငြား ဆံထိုးသည် သူမအတွက် ဖြစ်နေသည်လား။ ရန်ကိုင်မှ အဆင့်မြင့်အရင်းအမြစ်ကျောက် နှစ်သန်းပေး၍ ဝယ်ထားသည့် ဤဆံထိုးသည် တကယ်ကြီး သူမအတွက်လော။

(အစ်ကိုရန် ဒါကို ငါ့အတွက်တကယ်ကြီး ဝယ်ပေးတာလား)

(သူငါ့ကို ဒီလောက်တောင် တန်ဖိုးထားတာလား)

ချင်းယုစိတ်ထဲ အတွေးပေါင်းစုံ ဖြတ်ပြေးသွားခဲ့ပြီး ရန်ကိုင်ဆီသို့ မသိမသာလေး ချောင်းကြည့်လိုက်လေသည်။ သို့သော် မြင်လိုက်ရသည့် မြင်ကွင်းကြောင့် သူမ၏ အတွေးများ ရေအေးဖြင့် လောင်းသတ်ခြင်း ခံလိုက်ရလေ၏။ ရန်ကိုင်သည် သူမအား အလွန်ကိုမှ တန်ဖိုးကြီးသည့် ပစ္စည်းတစ်ခုကိုမဟုတ်ဘဲ လမ်းဘေးမှ ဝယ်လာသည့် အရုပ်လေးတစ်ရုပ်ကို လက်ဆောင်ပေးလိုက်ရသည့်အလား မျက်လုံးပိတ်နေခဲ့သည်။

“အစ်ကိုရန်၊ ဒါက ဈေးအရမ်းကြီးလွန်းတယ်” ချင်းယုက အမြန်ပြောလိုက်သည်။

အဆင့်မြင့်အရင်းအမြစ်ကျောက် နှစ်သန်းဟူသော ပမာဏသည် ချင်းမိသားစုအတွက် အလွန်ကိုမှ များပြားသည့် ပမာဏတစ်ရပ် ဖြစ်ပေသည်။ ရန်ကိုင်နှင့် သူမသည် ချစ်သူများ မဟုတ်သလို ဆွေမျိုးများလည်း မဟုတ်ကြသည့်အတွက်ကြောင့် ဤမျှ တန်ဖိုးကြီးလှသည့် လက်ဆောင်ကို မည်သို့များ လက်ခံယူဝံ့ပါမည်နည်း။

ပြောနေရင်းမှ ချင်းယုသည် ဆံထိုးကို ရန်ကိုင်ဆီသို့ ပြန်ပေးလိုက်လေသည်။

ရန်ကိုင်က မျက်လုံးဖွင့်လာလျက် “နင်တကယ်ကြီး မလိုချင်တာလား”

ချင်းယုက နှုတ်ခမ်းလေးကိုကိုက်လျက် ခေါင်းခါ၍ “ဒါက အရမ်းတန်ဖိုးကြီးလွန်းတယ်။ ကျွန်မ လက်မခံနိုင်ဘူး”

ရန်ကိုင်က ရယ်မောလျက် “နင်မလိုချင်လို့ ငါ့ပြန်ပေးမယ်ဆိုရင်တောင်ငါ့အတွက် အသုံးဝင်မှာမှ မဟုတ်တာ”

ချင်းယုက ခေါင်းလေးငုံ့လျက် ရေရွတ်လိုက်၏ “အစ်ကိုရန် ကြိုက်တဲ့... မိန်းကလေး တစ်ယောက်ယောက်ကို ပေးလို့ရတာပဲ။ သူတို့သာ ဒါကိုရရင် အရမ်း ဝမ်းသာသွားမှာ”

“ဒါပေမယ့် ငါနင့်ကို ပေးပြီးနေပြီလေ”

“ဒါပေမယ့် ကျွန်မ...” ချင်းယုအသံ ပိုပို၍ တိုးလာခဲ့လေသည်။

ရန်ကိုင်က ပြောလိုက်လေ၏ “ငါနင်တို့ ချင်းမိသားစုရဲ့ အန္တဓါးကို ဘာမှမပေးဘဲ ဒီအတိုင်းကြီး သုံးနေတာကြာပြီ။ ဒီတော့ ဒီပစ္စည်းကို အဲ့အတွက် ပြန်ပေးတယ်လို့ သဘောထားလိုက်”

“မတူဘူးလေ” ချင်းယုက ခေါင်းခါလိက်သည်။ တစ်ယောက်ယောက်သည် သူတို့နှင့် မရင်းနှီးသည့် အမျိုးသမီးတစ်ဦးအား ဤမျှ အဖိုးတန်သည့် ဆံထိုးတစ်ခုကို မည်သို့များ လက်ဆောင်ပေးပါမည်နည်း။

“ဒါဆိုရင်လည်း အန္တဓါးကို နင်တို့ ချင်းမိသားစုဆီ ပြန်ပေးရတာပေါ့” ရန်ကိုင်က ပြောလိုက်သည်။

“မပေးနဲ့” ချင်းယုက ခေါင်းခါလိုက်၏။ အနန္တဓါးသည် ချင်းမိသားစုအပိုင် ဖြစ်သော်ငြား ချင်းမိသားစု၏ အန္တဓါးကို ကောင်းကောင်း အသုံးချနိုင်သူ မရှိသေးချေ။ ထို့အပြင် ထိုမျှ အဖိုးတန်သည့် ဓါးတစ်ချောင်းကို သူတို့ဘာသာ ယူထားခြင်းထက် ရန်ကိုင်လက်သို့ အပ်ထားသည်မှာ ပို၍ ကောင်းပေသည်။ ထိုဓါးသည်သည် ချင်းမိသားစုလက်ထဲ ရှိနေမည် ဆိုပါက ယခုအချိန်လောက်ဆို ထိုဓါးကြောင့်ပင် ချင်းမိသားစု ပျက်စီးနေရလောက်ပေပြီ။

ချင်းယုစိတ်ထဲ ကြောင်နေမိသော်ငြား စိတ်သက်သာရာတော့ ရသွားခဲ့သည်။

ကြည့်ရသလောက် ချင်းမိသားစုအတွက် အလွန်ကိုမှ များပြားသော အဆင့်မြင့် အရင်းအမြစ်ကျောက် နှစ်သန်းသည် ရန်ကိုင်အတွက်တော့ ဘာမှမဟုတ်သည့်ပုံပင်။

ထိုအကြောင်းကိုတွေးရင်း ချင်းယုအနည်းငယ် စိတ်သက်သာရာ ရသွားခဲ့လေသည်။

“ဒါဆိုရင်... ကျေးဇူးပဲနော် အစ်ကိုရန်” ဆံထိုးကိုကိုင်ရင်း ချင်းယုက ပြောလိုက်လေသည်။

(အစ်ကိုရန်အတွက်တော့ ဒါက ကျေးဇူးတင်လက်ဆောင် ဆိုပေမယ့် ကျွန်မအတွက်တော့ ကျွန်မ ရဖူးသမျှ လက်ဆောင်တွေထဲမှာ တန်ဖိုးအကြီးဆုံး လက်ဆောင်ပဲ၊ တန်ရာတန်ကြေးနဲ့ ဘာမှမဆိုင်ဘူး...”

လေလံပွဲမျာ ဆက်သွားနေခဲ့သည်။ ဆံထိုးကို အဆင့်မြင့်အရင်းအမြစ်ကျောက် နှစ်သန်းဖြင့် ရောင်းထွက်သွားပြီးနောက်တိုင် လူတိုင်း၏ ပြိုင်ဆိုင်လိုစိတ်မှာ ပိုမို ပြင်းထန်လာခဲ့သည့်ပုံပင်။

တစ်နာရီခန့်ကြာပြီးနောက်တွင် လေလံပွဲသည် အဆုံးသတ်နားသို့ ရောက်လာခဲ့သည်။

ခဏ အနားယူပြီးနောက်တွင် အမျိုးသမီး စင်ပေါ်သို့ ပြန်ရောက်လာပြီး ပြောလိုက်လေသည် “အခုလေလံတင်မယ့် ပစ္စည်းကတော့ ဒီနေ့ လေလံပွဲရဲ့ နောက်ဆုံးပစ္စည်းဖြစ်တဲ့ နဂါးနက်ပျံချပ်ကာပါပဲ”

ထိုသို့ ပြောပြီးသည့်နောက် အမျိုးသမီးသည် နောက်သို့လှည့်၍ အချက်ပြလိုက်ရာ အားကောင်းမောင်းသန် လူကြီးနှစ်ဦးသည် သေတ္တာတစ်လုံးကို ထမ်း၍ စင်မြင့်ပေါ်သို့ တက်လာကြလေသည်။ ချက်ချင်းဆိုသလို အကြည့်ပေါင်းများစွာသည် ထိုသေတ္တာဆီသို့ ရောက်ရှိလာကြလေ၏။

နဂါးနက်ပျံချပ်ကာအကြောင်းကို ခုနှစ်ရောင်စဉ်ကုန်သွယ်ရေး အဖွဲ့အစည်း အစောကြီးကတည်းက ကြေညာပြီးသားပင်။ ထိုအကြောင်းကြောင့်ပင် ဤချပ်ကာကို လိုချင်သည့်အတွက်ကြောင့် လေလံပွဲသို့ ဧကရာဇ်အဆင့် ပညာရှင်ပေါင်းများစွာ တက်ရောက်လာကြခြင်း ဖြစ်သည်။

ဘုန်း...

လူကြီးနှစ်ဦးသည် သေတ္တာကို စင်မြင့်ပေါ်သို့ ပစ်ချလိုက်လေသည်။ အလေးချိန်ကို ကြည့်ရသလောက်တော့ ချပ်ကာမှာ အတော်လေး လေးသည့်ပုံပင်။ သို့သော်ငြား မှော်ရတနာတစ်ခု မည်မျှပင် လေးနေစေကာမူ သူတို့သည်သာ ထိုအရာကို သန့်စင်လိုက်မည်ဆိုပါက အလေးလံဆုံးသော မှော်ရတနာတစ်ခုသည်ပင်လျှင် ပေါ့ပေါ့လေး ဖြစ်သွားရပေလိမ့်မည်။

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၇၆၀)

ဘာသာပြန်သူ_တိမ်တိုက်

လေလံခန်းမထဲဝယ် လူတိုင်းမှာ ရင်တမမ ဖင်တကြွကြွ ဖြစ်နေခဲ့ရသည်။ မရေမတွက်နိုင်သော ကောင်းကင်စိတ်အာရုံများသည် ဘက်ပေါင်းစုံမှနေ၍ စင်မြင့်ပေါ်သို့ သူ့ထက်ငါ အပြေးအလွှား သွားရောက်စစ်ဆေးနေကြလေသည်။

ဧကရာဇ်အဆင့်မှော်ရတနာတစ်ခုမှာ အလွန်တရာကိုမှ အဖိုးတန်လှကာ အကာအကွယ်ဧကရာဇ်အဆင့် မှော်ရတနာဆိုလျှင်တော့ ပြောနေစရာပင် မလိုတော့ချေ။ ထို့အပြင် ဤဧကရာဇ်အဆင့်‌မှော်ရတနာသည် ဧကရာဇ်အလယ်အလတ်အဆင့် ချပ်ကာတစ်ခု ဖြစ်နေခဲ့လေသည်။

သို့သော်ငြား ပစ္စည်းကို ထည့်ထားသည့် သေတ္တာကို ကောင်းကင်စိတ်အာရုံဖြင့် ထိုးဖောက်၍မရသည့် သတ္တတစ်မျိုးမျိုးဖြင့် ပြုလုပ်ထားသည့်အလား လူတိုင်း၏ ကောင်းကင်စိတ်အာရုံမှာ သေတ္တာအပြင်ဘက်တွင်သာ ရပ်တန့်သွားခဲ့ရလေသည်။

စင်မြင့်ပေါ်တွင် ရှိနေသော မိန်းမလှလေးက ပြုံးလျက် လူအုပ်ကြီးအား ဝေ့ကြည့်ရင်းမှ ပြောလိုက်လေသည်။ “ဒီပစ္စည်းကို အခုခေတ် ပန်းပဲပညာရှင်တွေ ထုလုပ်ခဲ့တာ မဟုတ်ပါဘူး… ဒီဟာကို ဟိုးရှေးဟောင်း လိုဏ်ဂူစံအိမ်တစ်လုံးထဲကနေ တွေ့ခဲ့ရတာပါ… ရှင်းရှင်းပြောရရင် ဒါက ရှေးခေတ်ကတည်းက ကျန်ရစ်ခဲ့တဲ့ ပစ္စည်းတစ်ခုပေါ့… ဒီပစ္စည်းကို ကျွန်မတို့ရဲ့ မိတ်ဆွေတစ်ယောက်က အမှတ်မထင် တွေ့ခဲ့ပြီးတော့ လေလံတင်လို့ရအောင်ဆိုပြီး ကျွန်မတို့ဆီ ပို့ပေးလာခဲ့တာပါ…”

ထိုစကားကိုကြားသည့်အခါ လူအုပ်ကြီး၏မျက်နှာထက် မနာလိုအားကျသည့် အရိပ်အယောင်တို့ ထွက်ပေါ်လာခဲ့လေသည်။

ယနေ့ခေတ် ကြယ်တာရာအစုအဝေးတွင် ရှေးဟောင်းလိုဏ်ဂူစံအိမ်များကို မတွေ့ရသည်တော့မဟုတ်။ တွေ့နိုင်ပေသည်။ သို့သော်ငြား တွေ့နိုင်ဖို့ရာမှာလည်း အတော်လေးကိုမှ ခဲယဉ်းလွန်းလှသည်။ တွေ့သွားမည်ဆိုလျှင်ပင် ထိုလိုဏ်ဂူစံအိမ်များထဲ လိုဏ်ဂူပိုင်ရှင်များမှ ခင်းကျင်းခဲ့သော စိတ်ဝိဉာဉ်အစီအရင်များ၊ သတ်ဖြတ်ရေးအစီအရင်များ ရှိနေကြပေသည်။ ထို့အတွက်ကြောင့်ပင်လျှင် လိုဏ်ဂူစံအိမ်များကို တွေ့သွားသည့်တိုင် ထိုအစီအရင်များ၏ သတ်ဖြတ်ခြင်း မခံရဖို့ရာမှာ ဦးစားပေးဖြစ်ပြီး ထိုလိုဏ်ဂူစံအိမ်ထဲမှ ရတနာရဖို့ရာမှာ သိပ်၍ မလွယ်ကူလှပေ။

ရှေးဟောင်းလိုဏ်ဂူစံအိမ်တစ်လုံးကိုပင် ရှာတွေ့ခဲ့ပြီး ထိုအထဲမှ အသက်ရှင်လျက် ထွက်လာနိုင်ခဲ့ကာ ယခုကဲ့သို့သော ရတနာတစ်ခုကိုပင် ရနိုင်ခဲ့သည်ကို ကြည့်ပါက ထိုလူ မည်မျှ ကံကောင်းကြောင်းကို မြင်တွေ့နိုင်ပေသည်။

(ငါကျတော့ ဘာဖြစ်လို့ သူ့လောက် ကံမကောင်းရတာလဲ…) လူတိုင်းသည် အံတကြိတ်ကြိတ်ဖြင့် ထိုကဲ့သို့ တွေးနေကြလေသည်။ သူတို့သည်သာ ထိုမျှ ကံကောင်းမည်ဆိုပါက နှစ်အတော်ကြာအောင် ကျင့်ကြံဖို့ရာ ကျင့်ကြံခြင်းအရင်းအမြစ် မရှိမည်ကို စိုးရိမ်စရာလိုတော့လိမ့်မည် မဟုတ်ချေ။

“ခေတ်ကာလကြောင့် ဒီချပ်ကာက ဧကရာဇ်အလယ်အလတ်အဆင့် ဆိုပေမယ့် ချို့ယွင်းချက်အချို့ ရှိနေခဲ့ပါတယ်…”

မိန်းမချောလေး၏စကားကြောင့် လေလံခန်းမတစ်ခုလုံး ရုတ်ချည်း တိတ်ကျသွားခဲ့လေသည်။

တစ်ခဏအကြာတွင် သီးသန့်ခန်းတစ်ခန်းဆီမှ အသံတစ်သံ ထွက်လာခဲ့သည်။ “ဘယ်လိုချို့ယွင်းချက်မျိုးလဲ…”

ဧကရာဇ်အဆင့်ပညာရှင်ပေါင်းများစွာသည် ဤချပ်ကာကြောင့်သာလျှင် လေလံပွဲသို့ တကူးတက ရောက်လာခဲ့ခြင်း ဖြစ်လေသည်။ ခုနှစ်ရောင်စဉ်ကုန်သွယ်ရေးအဖွဲ့အစည်းသည် လေလံပွဲ၌ ဧကရာဇ်အလယ်အလတ်အဆင့် ချပ်ကာတစ်ခုကို လေလံတင်မည်ဟု ကြေညာခဲ့လေသည်။ သို့သော်ငြား လေလံပွဲသို့ ရောက်လာသည့်အခါ ဤဧကရာဇ်အလယ်အလတ်အဆင့် ချပ်ကာ၌ ချို့ယွင်းချက်တစ်ခုခု ရှိနေသည်ဟု ဤမိန်းမချောလေးမှ ပြောလာခဲ့လေသည်။

ရန်ကိုင်သည်လည်း ကြောင်နေခဲ့သည်။ ခန်စစ်ရန်သည် ဤအကြောင်းကို သူ့အား တစ်ခါမှ မပြောပြခဲ့ဖူးပေ။

သို့သော်ငြား ခန်စစ်ရန်နှင့် သူ့ကြားရှိ ဆက်ဆံရေးအရ ခန်စစ်ရန်သည်သာ ဤအကြောင်းကို ကြိုသိထားခဲ့မည်ဆိုလျှင် သူ့အား မပြောဘဲ နေလိမ့်မည်မဟုတ်မှန်း ရန်ကိုင် သိနေခဲ့လေသည်။ တစ်နည်းဆိုရသော် ခန်စစ်ရန်သည်လည်း ဤအကြောင်းကို မသိလောက်ချေ။

ခဏမျှ စဉ်းစားပြီးသည့်နောက် ရန်ကိုင် စိတ်သက်သာရာ ရသွားခဲ့လေသည်။ ထိုချပ်ကာ၌ ချို့ယွင်းချက်အချို့ ရှိနေလိမ့်မည် ဖြစ်ပါသော်ငြား ထိုအရာသည် ဧကရာဇ်အလယ်အလတ်အဆင့် ချပ်ကာတစ်ခု ဖြစ်နေဆဲ။ ထိုချို့ယွင်းချက်ဆိုသည်မှာလည်း အရမ်းကြီး ပြောပလောက်သည့် အရာမျိုး မဟုတ်လောက်ချေ။ တကယ်တမ်း ချို့ယွင်းချက်အကြီးကြီးသာ ဖြစ်နေမည်ဆိုလျှင် ထိုကဲ့သို့သောပစ္စည်းမျိုးကို လေလံတင်လိမ့်မည် မဟုတ်။

တစ်ခဏအကြာတွင် မိန်းမချောလေးက ပြောလိုက်လေသည်။ “ရှင်တို့အားလုံး ခဏနေရင် သိရမှာပါ… အခုတော့ ဒုခေါင်းဆောင်လော့ကိုယ်တိုင် ချပ်ကာရဲ့ စွမ်းအားကို စမ်းသပ်ပေးပါလိမ့်မယ်…”

ထို့နောက် အမျိုးသမီးမှာ ဘေးသို့ ဖယ်ပေးလိုက်ရာ စင်နောက်ဘက်ဆီမှ ပုပုကွကွလူတစ်ဦး ထွက်လာခဲ့လေသည်။ ထိုလူမှာ လေလံပွဲကို တစ်ချိန်လုံး စောင့်ကြည့်နေခဲ့သည့် လော့ချီသာ ဖြစ်လေသည်။

လော့ချီသည် အမျိုးသမီးဘေးနားသို့ ရောက်လာပြီးသည့်နောက်တွင် လူအုပ်ကြီးဘက်သို့လှည့်၍ လက်သီးဆုပ်ပြလိုက်လေသည်။ ထို့နောက် စကားတစ်ခွန်းပင် ပြောမနေတော့ဘဲ လေလံတင်သည့်ပစ္စည်း ထည့်ထားသည့် သေတ္တာကို လက်ညှိုးဖြင့် ထိုးလိုက်လေသည်။ ‘ကျွီ’ ဟူသော မြည်သံနှင့်အတူ လက်သည်းခွံသာသာ အရွယ်အစားရှိသော အချပ်အချပ်ကလေးများ သေတ္တာထဲမှ ပျံထွက်လာခဲ့ပြီး ချိန်းကြိုးတစ်ခုနှယ် လော့ချီ၏ခန္ဓာကိုယ်ကို သွားရောက်ရစ်ပတ်လေသည်။

တတန်တန်မြည်သံများနှင့်အတူ ထိုလက်သည်းခွံအရွယ်အစားမျှသာရှိသော အချပ်ကလေးများသည် လော့ချီ၏ ခန္ဓာကိုယ်ကို အစီအစဉ်တကျ သွားရောက်ဖုံးအုပ်လေ၏။ တစ်ခုနှင့်တစ်ခု အပြန်အလှန် ဆက်သွယ်လိုက်ပြီးသည့်နောက်တွင် ထိုအရာများ စုပေါင်း၍ လော့ချီ၏လည်ပင်းမှတစ်ဆင့် ခြေထောက်အထိရောက်အောင် ဖုံးလွှမ်းထားခဲ့သော အနက်ရောင်ချပ်ကာတစ်ခု ဖြစ်လာခဲ့လေသည်။

ထိုချပ်ကာကို ဝတ်ဆင်ထားသည့် လော့ချီ၏ပုံစံမှာ စစ်နတ်ဘုရားအလားပင် ထင်မှတ်ရလေသည်။ ထိုချပ်ကာ၏စွမ်းအား‌ကြောင့် သူ၏ ဧကရာဇ်ပထမအဆင့် ကျင့်ကြံခြင်းမှာလည်း မြှင့်တင်ပေးခြင်း ခံလိုက်ရသည့်အလား လော့ချီဆီမှ ဖြာထွက်နေသည့် အရှိန်အဝါမှာ အလွန်ကိုမှ ကြမ်းကြုတ်ခက်ထန်လာခဲ့လေသည်။

လက်ရှိလော့ချီဝတ်ထားသည့် ပုံစံကို ကြည့်ရသလောက်တော့ ဤချပ်ကာမှာ သိပ်မလေးသည့်ပုံပင်။ ထိုအစား အတော်လေးကိုမှပင် ပေါ့သည့် ပုံပင်။ လော့ချီသည် အနည်းငယ်မျှပင်လျှင် တောင့်တောင့်ကြီး ဖြစ်နေခြင်းမရှိဘဲ သွက်လက်ပေါ့ပါးချောမွေ့စွာဖြင့် စင်မြင့်ပေါ်တွင် လှုပ်ရှားနေခဲ့သည်။ သို့သော်ငြား ချပ်ကာသည် လော့ချီ၏ ခန္ဓာကိုယ်တစ်ခုလုံးနီးပါးကို ဖုံးကွယ်ထားခဲ့ပါသော်ငြား သူ့ဝမ်းဗိုက်နေရာတွင်တော့ ဟောင်းလောင်းပေါက်ဖြစ်နေသည်ကို လူတိုင်း မြင်လိုက်ကြရလေသည်။

ဤချပ်ကာကို ဖန်တီးသူသည် ယခုကဲ့သို့ ဒီဇိုင်းဆွဲထားခြင်း မဟုတ်လောက်။ ထို့အစား ထိုဝမ်းဗိုက်နေရာရှိ ပစ္စည်းတစ်ခုမှာ ပျောက်ရှသွားခဲ့သည့် အတွက်ကြောင့်သာလျှင် ယခုကဲ့သို့ ဝမ်းဗိုက်နေရာ၌ ဟောင်းလောင်းပေါက်ဖြစ်နေရခြင်း ဖြစ်လောက်ပေသည်။

“ဒီဟာက နဂါးနက်ပျံချပ်ကာပဲ… အရင်တုန်းကတော့ အပြည့်ရှိလောက်တယ်… ဒါပေမယ့် ဘာကြောင့်မှန်းမသိဘူး သူ့အစိတ်အပိုင်းတစ်ခုက ပျောက်နေတယ်…” မိန်းမချောလေးက ရှင်းပြလိုက်သည်။

“အဲ့လောက်အစိတ်အပိုင်းကြီးတစ်ခု ပျောက်နေမှတော့ ဒီချပ်ကာက အသုံးဝင်ပါဦးမလား…” တစ်ယောက်ယောက်က မေးလိုက်လေသည်။

အမျိုးသမီးက ပြုံးလျက် ပြန်ပြောပြလိုက်သည်။ “ရှေးခေတ်က ပန်းပဲပညာရှင်တွေ ပန်းပဲထုလုပ်တဲ့နည်းလမ်းက အခုခေတ်နဲ့ သိပ်မတူတော့ ဒီချပ်ကာကို ပြန်ပြင်ဖို့ကတော့ သိပ်မဖြစ်နိုင်လောက်ဘူး… ဒါပေမယ့် ဒီချပ်ကာကိုယ်တိုင်က ထိခိုက်ထားတယ်ဆိုပေမယ့် သူ့ရဲ့အကာအကွယ်စွမ်းအားအချို့ကတော့ ရှိနေတုန်းပဲလေ… အနည်းဆုံးတော့ ဒီချပ်ကာက ဧကရာဇ်အလယ်အလတ်အဆင့်ဆိုပေမယ့် ဧကရာဇ်အဆင့်နိမ့် အကာအကွယ်မှော်ရတနာတစ်ခုထက် ပိုမြင့်တဲ့ အကာအကွယ်စွမ်းအားကိုတော့ ထုတ်ဖော်နိုင်သေးတာပေါ့…”

အမျိုးသမီးမှ စကားပြောနေစဉ်အတောအတွင်း လော့ချီသည် ရုတ်တရက် မာန်သွင်းအော်ဟစ်လိုက်လေသည်။ သူ့ကိုယ်ထက် ဖုံးလွှမ်းနေသော အနက်ရောင်ချပ်ကာတို့မှာ တချွင်ချွင်မြည်သံများနှင့်အတူ သူ့ခန္ဓာကိုယ်မှ ကွာထွက်သွားခဲ့ပြီး တစ်စ တစ်စ ပြန်လည်ပေါင်းစည်းကာ အဝတ်အပြည့်အစုံတစ်ခုအဖြစ် ပြန်လည်ပြောင်းလဲသွားခဲ့လေ၏။

ထို့နောက်တွင် လော့ချီသည် သူ့လက်ကို မြှောက်လိုက်ရာ သူ့လက်ထဲ အတော်လေးကိုမှ လေးလံသယောင် ထင်ရသည့် ဝါကျင့်ကျင့် ရှေးဟောင်းစာအုပ်တစ်အုပ် ပေါ်လာခဲ့လေသည်။

“ကောင်းကင်လမ်းစဉ်မှတ်တမ်းစာအုပ်…” တစ်ယောက်ယောက်က အလန့်တကြား ဆိုလိုက်လေသည်။

ဤရှေးဟောင်းစာအုပ်နှင့်ဆင်တူသော ပစ္စည်းသည် လော့ချီ၏ ဧကရာဇ်အဆင့် မှော်ရတနာ ကောင်းကင်လမ်းစဉ်မှတ်တမ်းသာ ဖြစ်လေသည်။ လော့ချီသည် သူ၏ ဧကရာဇ်ချီကို လှည့်ပတ်၍ ကောင်းကင်လမ်းစဉ်မှတ်တမ်းစာအုပ်ထဲသို့ ထည့်သွင်းလိုက်ရာ စာအုပ်ဆီမှ အဖြူနှင့်အနက် အလင်းတန်းနှစ်ခု ထွက်ပေါ်လာခဲ့လေသည်။ ထိုယင်ယန်အလင်းတန်းနှစ်ခုသည် လေထဲတွင်ရှိနေသော ချပ်ကာဆီသို့ တိုးဝင်သွားခဲ့လေ၏။ ထိုအလင်းတန်းနှစ်ခုဆီမှ ဖြာထွက်နေသည့် စွမ်းအားမှာ လူတိုင်းအား ဖြူဖတ်ဖြူလျော် ဖြစ်သွားစေခဲ့လေသည်။ သူတို့သည်သာ ဤအလင်းတန်းနှစ်ခု၏ အလစ်ချောင်းတိုက်ခိုက်ခြင်း ခံခဲ့ရမည်ဆိုပါက ချက်ချင်း သေသွားရလိမ့်မည်ဟု လူတိုင်း ခံစားနေကြရသည်။

အလင်းတန်းများ ထိမှန်သွားသည့်နောက်တွင် တဝုန်းဝုန်းမြည်သံများ ထွက်လာခဲ့ပါသော်ငြား ချပ်ကာထက်တွင်မူ မီးပွင့်လေးများသာ ပွင့်ထွက်သွားခဲ့လေသည်။ ချပ်ကာတစ်ခုလုံးမှာ မည်သည့်ထိခိုက်မှုမှ မကြုံရသည့်အလား အနက်ရောင်တဖျတ်ဖျတ် တောက်ပနေဆဲပင်။

ထိုအချိန်မှာပင် အမျိုးသမီးက ဝင်၍ပြောလိုက်လေသည်။ “ကျွန်မတို့ကုန်သွယ်ရေးအဖွဲ့အစည်းရဲ့ ပညာရှင်တွေ စစ်ဆေးမှုအရ ဒီချပ်ကာကို အရွယ်ရောက်ပြီးသား အနက်ရောင်ရေနဂါးတစ်ကောင်ရဲ့ အကြေးခွံကနေ လုပ်ထားတာမှန်း သိခဲ့ရပါတယ်… နဂါးတွေကို ကြယ်တာရာအစုအဝေးထဲမှာ မြင်တွေ့ရလေ့ရှိတယ်ဆိုပေမယ့် အနက်ရောင်ရေနဂါးတွေကတော့ အရမ်းကို ရှားမှရှားဆိုတဲ့ သတ္တဝါတွေပါ… အဲ့အနက်ရောင်ရေနဂါးတွေက သူတို့ရဲ့ မာကျောနိုင်စွမ်းကြောင့်ပဲ နာမည်ကြီးကြတာပါ… ဒါကြောင့် အနက်ရောင်ရေနဂါးတစ်ကောင်ရဲ့ အကြေးခွံတွေကနေ လုပ်ထားတဲ့ ဒီနဂါးနက်ပျံချပ်ကာရဲ့ အကာအကွယ်စွမ်းအားကို သာမန်ဧကရာဇ်အဆင့် မှော်ရတနာတွေရဲ့ အကာအကွယ်စွမ်းအားနဲ့ လုံးဝကို သွားယှဉ်လို့ မရပါဘူး… တကယ့် သေရေးရှင်ရေးအခြေအနေနဲ့ ကြုံလာရပြီဆိုလို့ရှိရင် ဒီချပ်ကာက သင်တို့ရဲ့ အသက်တွေကို ကျိန်းသေ ကယ်တင်ပေးနိုင်ပါလိမ့်မယ်…”

“အနက်ရောင်ရေနဂါးတစ်ကောင်ရဲ့ အကြေးခွံကနေ လုပ်ထားတာ…”

“ရေနဂါးတွေက နဂါးကလန်ရဲ့ သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားတာဆိုတော့ ဒီအနက်ရောင်ရေနဂါးရဲ့ အကြေးခွံကနေ လုပ်ထားတဲ့ ဒီချပ်ကာမှာ နဂါးသဘာဝအချို့ ရှိနေမှာပေါ့… အဲ့ဒါဆိုရင်တော့ မဆိုးဘူးပဲ…”

“မဆိုးပေမယ့် ဈေးက…”

လူအုပ်ကြီးတစ်ခုလုံး ကျွတ်ကျွတ်ညံနေခဲ့လေသည်။ အမျိုးသမီး၏အပြုံးမှာ တဖြည်းဖြည်းနှင့် ပိုပို၍ ပေါ်လွင်လာခဲ့လေသည်။ တစ်ခဏမျှကြာအောင် စောင့်နေပြီးသည့်နောက်တွင် ပြောလိုက်လေသည်။ “ဒီနဂါးနက်ပျံချပ်ကာရဲ့ ကြမ်းခင်းဈေးက အဆင့်မြင့်အရင်းအမြစ်ကျောက် ဆယ်သန်းပါ… ဈေးတိုးပေးနိုင်တဲ့ ပမာဏကတော့ အကန့်အသတ်မရှိလို့ စိတ်ကြိုက် ဈေးပေးလို့ရပါတယ်…”

ထိုစကားထွက်လာသည်နှင့် တစ်ပြိုင်နက် လူတိုင်း သက်ပြင်းရှိုက်မိသွားခဲ့ကြလေသည်။

အစောပိုင်းက လေလံပွဲ၌ ရောင်းထွက်သွားသည့် ဈေးအကြီးဆုံးပစ္စည်းမှာ အဆင့်မြင့်အရင်းအမြစ်ကျောက် ခြောက်သန်းတန်သည့် ဧကရာဇ်အဆင့်ဆေးလုံးများ ပါဝင်သည့် ဆေးတစ်ပုလင်း ဖြစ်ပေသည်။

သို့သော်ငြား ဤနဂါးနက်ပျံချပ်ကာ၏ ကြမ်းခင်းဈေးသည် အဆင့်မြင့်အရင်းအမြစ်ကျောက်ဆယ်သန်း ဖြစ်နေခဲ့သည်။ ကြမ်းခင်းဈေးသည်ပင်လျှင် ဤမျှ မြင့်မားနေလေရာ နောက်ဆုံးဈေး မည်မျှ မြင့်မားလိမ့်မလဲ ဆိုသည်ကို လူတိုင်း ခန့်မှန်းကြည့်နိုင်ပေသည်။ ကြမ်းခင်းဈေးသက်သက်သည်ကပင်လျှင် လူကိုးဆယ်ရာခိုင်နှုန်းလောက်ကို ဤအရာအား ဝင်ရောက်မယှဉ်ပြိုင်စေနိုင်အောင် နောက်ဆုတ်သွားစေနိုင်ပေသည်။

သေသေချာချာပြင်ဆင်လာသည့် ဧကရာဇ်အဆင့်ပညာရှင်များမှာတော့ ဖင်တကြွကြွ ဖြစ်နေကြလေသည်။ အဆင့်မြင့်အရင်းအမြစ်ကျောက်ဆယ်သန်းမှာ အတော်လေးကိုမှ များလှပါသော်ငြား လော့ချီပြသသွားသည့်ပုံအရ သူ့ခွန်အားနှင့်ပင်လျှင် ဤချပ်ကာအား ခြစ်ရာထင်အောင် မလုပ်နိုင်ခဲ့ချေ။ ဤချပ်ကာကိုသာ ရရှိထားမည်ဆိုပါက မည်သူမဆို ဧကရာဇ်ပထမအဆင့် ကျင့်ကြံသူများကြား ပြိုင်ဘက်ကင်း ဖြစ်လာနိုင်ပေလိမ့်မည်။ ဧကရာဇ်ဒုတိယအဆင့် ကျင့်ကြံသူတစ်ဦးနှင့်ပင်လျှင် အချိန်အတော်ကြာအောင် ယှဉ်ပြိုင်တိုက်ခိုက်ကောင်း တိုက်ခိုက်နိုင်လောက်ပေသည်။

ဤကဲ့သို့သော ရတနာကောင်းတစ်ခုကို မည်သူမျှ လက်လွတ်မခံချင်ကြပေ။ သို့သော်ငြား လူတိုင်းမှာ အလွန်ပြင်းထန်လှသည့် ပြိုင်ဆိုင်မှုအကြောင်းကို တွေးရင်း တွေးပူနေကြလေသည်။

လူတိုင်းမှာ မည်သူမျှ အရင်စ ဈေးမပေးချင်သည့်အတွက်ကြောင့် အမျိုးသမီးမှ ကြမ်းခင်းဈေးကို ကြေညာပြီးသွားသည့်တိုင် လေလံခန်းမမှာ အတော်ကြာအောင် တိတ်ဆိတ်နေခဲ့သည်။

သို့ရာတွင် စင်မြင့်ထက်၌ ရှိနေသော အမျိုးသမီးမှာတော့ အလျင်မလိုသည့်အလား ပြုံးမြဲပြုံးနေခဲ့လေသည်။ လေလံပွဲပေါင်းများစွာကို ကျင်းပလာသူတစ်ဦး ဖြစ်သည့်အတွက်ကြောင့် ထိုလူများ ဘာတွေးနေသလဲ ဆိုသည်ကို သူမ သိပေသည်။ ဤနဂါးနက်ပျံချပ်ကာတွင် ချို့ယွင်းချက်များ ရှိနေမည်ဆိုလျှင်ပင် ရှားပါးရတနာတစ်ခု ဖြစ်နေသေးသည့်အတွက်ကြောင့် မြောက်မြားလှစွာသော ငွေပမာဏနှင့် ရောင်းရမည်မှာတော့ မလွဲမသေပင်။

တိတ်ဆိတ်မှုသည် အသက်ဆယ်ရှိုက်စာသာ ကြာခဲ့ပြီးသည့်နောက် တစ်ယောက်ယောက်က ဈေးစခေါ်လေ၏။ “သန်းနှစ်ဆယ်…”

မည်သူဈေးစခေါ်မလဲဆိုသည်ကို သိချင်ကြသည့်အလား လူတိုင်းမှာ အသံကြားရာဆီသို့ လှမ်းကြည့်လိုက်လေရာ အခန်းနံပတ် (က၃) မှ ဖြစ်နေကြောင်း တွေ့လိုက်ရလေသည်။ အခန်းနံပတ် (က၃)သည် တိမ်ပျံလိပ်ပြာဆံထိုးကို ဝယ်သွားခဲ့သူဖြစ်ပေသည်။

ထို့နောက်တွင် လူတိုင်း၏မျက်နှာ သုန်မှုန်သွားခဲ့ပြီး အခန်း (က၃)တွင် ရှိနေသော လူအား စိတ်ထဲမှနေ၍ ကြိတ်ကာ ကျိန်ဆဲကြတော့သည်။

ထိုလူသည် ဘာကြောင့်များ ကြမ်းခင်းဈေးဆယ်သန်းမှ သန်းနှစ်ဆယ်သို့ ရုတ်တရက်ကြီး ဈေးတင်ချလိုက်ရလေသနည်း။ သူချမ်းသာမည်ဆိုလျှင်ပင် ဤမျှတော့ လက်လွန်ခြေလွန် မလုပ်သင့်ပေ။ ထိုသို့မဟုတ်ဘဲ ထိုလူသည် ခုနှစ်ရောင်စဉ်ကုန်သွယ်ရေးအဖွဲ့အစည်းမှ ငှားရမ်းထားသည့် လူတစ်ဦး ဖြစ်လေသလော။

ထိုကဲ့သို့သောလူမျိုးကို လေလံပွဲတိုင်းလိုလိုတွင် တွေ့ရလေသည်။ သူတို့၏တာဝန်မှာ လေလံပစ္စည်းတစ်ခု၏ တန်ဖိုးကို မမြင့်မြင့်အောင် လုပ်ရန်သာ ဖြစ်လေသည်။ သို့မှသာလျှင် လေလံစံအိမ်အနေဖြင့် ပစ္စည်းများကို လေလံတင်ရောင်းချရာ၌ ပိုမို၍ များပြားသော အကျိုးအမြတ်များကို ရနိုင်လိမ့်မည် မဟုတ်ပေလော။

ထိုကဲ့သို့ စဉ်းစားမိလိုက်သော် အခန်း (က၃)တွင် ရှိနေသည့်လူမှာ ခုနှစ်ရောင်စဉ်ကုန်သွယ်ရေးအဖွဲ့အစည်းမှ စီစဉ်ထားသည့် လူတစ်ဦးဖြစ်သည်ဟု လူအချို့ ယုံကြည်သွားကြတော့သည်။

အခန်း (က၃)အတွင်း၌ ချင်းယုသည် သူမ၏ ပါးစပ်ကလေးများကို လက်ဖြင့် အုပ်ရင်း ရန်ကိုင်အား အထိတ်တလန့်ဖြင့် ကြည့်ကာ “အစ်ကိုရန်… အဲ့ဒါတွေက အဆင့်မြင့်အရင်းအမြစ်ကျောက်တွေနော်…”

ရန်ကိုင်သည် ကြမ်းခင်းဈေးကို သေသေချာချာ နားမလည်ဘဲ အလယ်အလတ်အဆင့် သို့မဟုတ် အဆင့်နိမ့်အရင်းအမြစ်ကျောက်များ ဖြစ်သည်ဟု အထင်မှားသွားကာ ဈေးခေါ်လိုက်ခြင်းဖြစ်မည်ကို ချင်းယု စိုးရိမ်နေခြင်း ဖြစ်လေသည်။

“ငါသိတယ်…” ရန်ကိုင်က ခေါင်းညိတ်ပြလိုက်သည်။

ချင်းယု ကြောင်သွားခဲ့လေသည်။ ထို့နောက် ရန်ကိုင်မှ တိမ်ပျံလိပ်ပြာဆံထိုးအား သူမအား လက်ဆောင်အဖြစ် ပေးစဉ်က ပြောခဲ့သည့် စကားကို ပြန်သတိရသွားခဲ့သည်။ ကြည့်ရသလောက် အဆင့်မြင့်အရင်းအမြစ်ကျောက်နှစ်သန်းသည် ရန်ကိုင်အတွက် ဘာဆိုဘာမှ မဟုတ်သည့်ပုံပင်။

“အဲ့ခွေးကောင်လေးကတော့ကွာ… ကောင်လေး… မင်းလုပ်ရပ် မင်းသတိထားနော်…”

“ကောင်လေး… မင်းနာမည်ဘယ်သူလဲ ငါ့ကို ပြောရဲလား… မင်း ဘယ်သူ့တပည့်လဲ ငါသိချင်တယ်…”

သီးသန့်ခန်းများထဲတွင် ရှိနေသော ဧကရာဇ်အဆင့်ပညာရှင်များမှာ အံကြိတ်ကာ စတင်၍ ကျိန်ဆဲကုန်ကြလေသည်။

အခန်း (က၉)တွင် ရှိနေသော လီတုန်းကျန်းမှာလည်း မျက်လုံးအပြူးသား ဖြစ်နေခဲ့လေသည်။ ရန်ကိုင်မှ တိမ်ပျံလိပ်ပြာဆံထိုးကို ဝယ်ရန်အတွက် အဆင့်မြင့်အရင်းအမြစ်ကျောက်နှစ်သန်း သုံးလိုက်စဉ်ကတည်းက ရန်ကိုင်ချမ်းသာမှန်း သူသိခဲ့လေသည်။ သူသာ ရန်ကိုင်အား သတ်နိုင်လိမ့်မည်ဆိုပါက အချီကြီး ပွသွားရပေလိမ့်မည်။ သို့သော်ငြား လက်ရှိအခြေအနေကို ကြည့်ရသလောက် ရန်ကိုင်၏ ကြွယ်ဝချမ်းသာမှုကို အထင်သေးမိနေသေးသည့်ပုံပင်။

ရန်ကိုင်သည် အဆင့်မြင့်အရင်းအမြစ်ကျောက် သန်းနှစ်ဆယ်ဟူသော ပမာဏကို ဂရုမစိုက်ဟန်ဖြင့် ဈေးခေါ်ရဲခဲ့သည်။ ထိုသို့ဖြစ်လေရာ သူ၏အကန့်အသတ်မှာ မည်သည့်ပမာဏနည်း။ သန်းသုံးဆယ်လား သန်းလေးဆယ်လား။

မည်သို့ပင်ဖြစ်စေကာမူ ရန်ကိုင်တွင် အဆင့်မြင့် အရင်းအမြစ်ကျောက် များစွာ ရှိနေသည်မှာတော့ လုံးဝကို ငြင်း၍မရသည့် အမှန်တရားတစ်ခု ဖြစ်ပေသည်။

“ဟား ဟား ဟား… ကြည့်ရတာ ငါတို့တောင်ပြိုဂိုဏ်းအတွက်တော့ ကောင်းကင်က ကောင်းချီးပေးတာနဲ့တူတယ်…” လီတုန်းကျန်း ရုတ်တရက် ထအော်ရယ်မောတော့လေသည်။ ရန်ကိုင်ပိုချမ်းသာလေ သူပျော်လေပင်။ ရန်ကိုင်ကိုသာ သတ်နိုင်မည်ဆိုပါက ရန်ကိုင်ပိုင်ဆိုင်ထားသည့် ရတနာအားလုံး သူ့အပိုင် ဖြစ်လာရပေလိမ့်မည်။

ကုဟုန်ကိုတော့ အခကြေးငွေ နည်းနည်းပါးပါး ပေးလိုက်ရုံပင်။ ငါးဆယ်ရာခိုင်နှုန်း ပေးရမည်လား။ ငါးဆယ်ရာခိုင်နှုန်းပေးလိုက်လျှင် သူရူးနေသည့်အတွက်ကြောင့်သာ ဖြစ်ရပေလိမ့်မည်။

“ခင်ဗျားတို့သက်ကြားအိုကြီးတွေ ပိုက်ဆံမပါဘဲနဲ့ လေလံပွဲကို လာရဲတယ်ပေါ့ ဟုတ်လား…. မိန်းကလေး… ဒီလူတွေကို လေလံပွဲကနေ မောင်းထုတ်ပစ်လိုက်မှာလား… အရမ်းနားငြီးလွန်းတယ်… သူတို့ ဒီလိုမျိုး ဂယောက်ဂယက်တွေ လုပ်နေလို့ရှိရင် ခုနှစ်ရောင်စဉ်ကုန်သွယ်ရေးအဖွဲ့အစည်းကို ထိခိုက်သွားစေနိုင်တယ်နော်…” ရန်ကိုင်မှာ ထိုလူများကို အော်ငေါက်လိုက်ရသည်နှင့်ပင်လျှင် မကျေနပ်နိုင်သေးဘဲ စင်မြင့်ပေါ်တွင်ရှိနေသော အမျိုးသမီးဘက်သို့လှည့်၍ပင် ပြောလိုက်သေးသည်။

ထိုစကားကိုကြားသည့်အခါ အမျိုးသမီး မျက်မှောင်ကျုံ့သွားခဲ့ပြီး ပြန်ပြောလိုက်လေသည်။ “ရှင်တို့အားလုံး ဒီကို လေလံဆွဲဖို့လာကြတာလား ရန်ဖြစ်ဖို့ လာကြတာလား… တစ်ယောက်နဲ့တစ်ယောက် အော်ဟစ်ကျိန်ဆဲနေဖို့ဆိုရင်တော့ ဒီလေလံပွဲမှာ ရှင်တို့ ဆက်မပါဖို့ ကျွန်မ ပြောရလိမ့်မယ်…”

အမျိုးသမီးမှ ထိုကဲ့သို့ ပြောလိုက်သည်နှင့် တစ်ပြိုင်နက် ဧကရာဇ်အဆင့်ပညာရှင်အားလုံး တိတ်ဆိတ်သွားကုန်ကြလေသည်။ မည်သူမျှ အသံတစ်ချက် မထွက်ရဲ။

All Chapters