အခန်း (၂၇၆၁-၂၇၆၅)
Vol. 118 Ch. 2761-2765
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၇၆၁)
ဘာသာပြန်သူ_တိမ်တိုက်
ခရမ်းကြယ်စဉ်ကုန်သွယ်ရေးအဖွဲ့အစည်းသည် တောင်ဘက်နယ်မြေရှိ ကုန်သွယ်ရေးအဖွဲ့အစည်းကြီး နှစ်ခုအနက် တစ်ခုဖြစ်ပေသည်။ ထို့အပြင် သူတို့ဂိုဏ်းများသည် ထိုကုန်သွယ်ရေးအဖွဲ့အစည်းနှင့် စီးပွားရေးလုပ်နေရခြင်း ဖြစ်သည့်အတွက်ကြောင့် သူတို့သည်သာ ထိုအဖွဲ့အစည်းကို သွားရောက်ရန်စလိုက်မည်ဆိုပါက သူတို့ဂိုဏ်းအတွက် အကျိုးမရှိပေ။
“ငါ နှစ်ဆယ့်တစ်သန်းပေးတယ်ကွာ… ကောင်လေး မင်းထပ်ပေးရဲရင်ပေးလိုက်…” သီးသန့်အခန်းတစ်ခန်းထဲတွင်ရှိနေသော လူအိုကြီးသည် အေးစက်စက်အမူအယာဖြင့် နှာခေါင်းရှုံ့လိုက်လေသည်။
ရန်ကိုင်သည် လေလံပစ္စည်းကို ဈေးမမြင့် မြင့်အောင် လုပ်ပေးရမည့် ခုနှစ်ရောင်စဉ်ကုန်သွယ်ရေးအဖွဲ့အစည်းမှ ငှားရမ်းထားသည့် လူတစ်ဦး ဖြစ်သည်ဟုသာ ထင်နေခဲ့သည်။
“သန်းသုံးဆယ်…” ဈေးပေးပြီးပြီးချင်းမှာပင် ရန်ကိုင်မှ ထပ်ပေးလိုက်သည့် ဈေးနှုန်းကြောင့် လူအိုကြီး သွေးအန်လုမတတ် ဖြစ်သွားခဲ့ရလေသည်။ သူ့မျက်နှာမှာလည်း ဒယ်အိုးဖင်နှယ် မည်းမှောင်သွားခဲ့သည်။
သူထင်နေသည်မှာတော့ ရန်ကိုင်သည် ခုနှစ်ရောင်စဉ်ကုန်သွယ်ရေးအဖွဲ့အစည်းမှ လေလံပစ္စည်းဈေးကို မြှင့်တင်ပေးရန် ငှားရမ်းထားသည့်လူ ဖြစ်သည့်အတွက်ကြောင့် ကြမ်းခင်းဈေးကို ဆယ်သန်းမြှင့်တင်လိုက်ခြင်းအားဖြင့် သူ့တာဝန်မှာ ပြီးသွားပြီဟု ပြော၍ရလေသည်။ သူ့စိတ်ထဲ ထိုအချက်နှင့် ပတ်သက်၍ မကျေနပ်သည့်တိုင် ဤချပ်ကာကိုသာ နှစ်ဆယ့်တစ်သန်းဖြင့် ဝယ်ယူနိုင်မည်ဆိုပါက မဆိုးသေးပေ။
သို့သော်ငြား အခန်း (က၃)မှ ကောင်လေးသည် သန်းသုံးဆယ်အထိသို့ ထပ်မံဈေးတင်လိုက်လိမ့်မည်ဟု မထင်ထားခဲ့ပေ။
ထိုအခန်းမှလူသည် ခုနှစ်ရောင်စဉ်ကုန်သွယ်ရေးအဖွဲ့အတွက် အလုပ်လုပ်ပေးနေခြင်း မဟုတ်ပေ။ ခုနှစ်ရောင်စဉ်ကုန်သွယ်ရေးအဖွဲ့မှ ငှားယမ်းထားသည့်လူသည် မည်သည့်နည်းနှင့်မျှ ဤမျှမြင့်မားသည့်ဈေးကို ခေါ်လိမ့်မည်မဟုတ်။ သူတို့သည်သာ လူငှား၍ ယခုကဲ့သို့ အဆမတန် ဈေးတင်နေမည်ဆိုပါက မည်သူမှ လေလံပွဲများထဲ ဝင်ရောက်ယှဉ်ပြိုင်ရဲတော့လိမ့်မည် မဟုတ်ချေ။
ထို့အတွက်ကြောင့် ဤကောင်လေးသည် ခရမ်းကြယ်စဉ်ကုန်သွယ်ရေးအဖွဲ့အစည်းမှ ငှားယမ်းထားသည့် လူတစ်ဦးမဟုတ်ဘဲ လေလံပွဲသို့ ပစ္စည်းဝယ်ရန် ရောက်လာသည့် လူတစ်ဦးဖြစ်ကာ နဂါးနက်ပျံချပ်ကာကိုလည်း အမှန်တကယ်လိုချင်နေသည့်လူတစ်ဦး ဖြစ်လောက်ပေသည်။
လူအိုကြီးသာလျှင် ထိုအချက်ကို နားလည်သွားသည့်မဟုတ်။ လေလံပွဲရှိ ဧကရာဇ်အဆင့်ပညာရှင်များမှာလည်း ထိုအချက်ကို နားလည်သွားကြသည်။
အခန်း (က၃)တွင် ရှိနေသည့်လူသည် အလွန်ကိုမှ ကြွယ်ဝချမ်းသာသည့် လူတစ်ဦး ဖြစ်ပေလိမ့်မည်။
“သုံးဆယ့်တစ်သန်း…” အသက်ဆယ်ရှိုက်စာကြာပြီးသည့်နောက်တွင် အခြားလူတစ်ဦးက ခက်ခက်ခဲခဲဖြင့် ထပ်မံဈေးတင်လိုက်သည်။
“သုံးဆယ့်ငါးသန်း…” ရန်ကိုင်က ချက်ချင်း ဈေးခေါ်လိုက်လေသည်။
သီးသန့်ခန်းတစ်ခန်းဆီမှ သက်ပြင်းချသံတစ်သံ ထွက်ပေါ်လာခဲ့သည်။ ထို့နောက်တွင် မည်သူမျှ ထပ်၍ ဈေးမပေးတော့ပေ။
သာမန်ဧကရာဇ်အဆင့် မှော်ရတနာတစ်ခုကို အဆင့်မြင့်အရင်းအမြစ်ကျောက် ဆယ့်ငါးသန်းမှ သန်းနှစ်ဆယ်အတွင်း ရောင်းချနိုင်သည်။ အကာအကွယ်မှော်ရတနာဖြစ်မည်ဆိုလျှင်တော့ ထို့ထက်ပိုဈေးမြင့်ကာ သန်းနှစ်ဆယ်မှ သုံးဆယ်ကြား တန်ကြေးရှိလေ၏။ ဤနဂါးနက်ပျံချပ်ကာသည် ဧကရာဇ်အလယ်အလတ်အဆင့် အကာအကွယ်မှော်ရတနာတစ်ခု ဖြစ်ပါသော်ငြား ထိခိုက်ထားသည့်အတွက်ကြောင့် ၎င်း၏ဈေးနှုန်းမှာ ဧကရာဇ်အဆင့်နိမ့်နှင့် ဧကရာဇ်အလယ်အလတ်အဆင့် အကာအကွယ်မှော်ရတနာများကြားတွင်သာ ရှိပေသည်။
သုံးဆယ့်ငါးသန်းဟူသော ပမာဏသည် လူအများစုမတတ်နိုင်သည့် ပမာဏ ဖြစ်နေခဲ့လေပြီ။ ထို့အပြင် ထိုမျှများပြားလှသော အရင်းအမြစ်ကျောက်များကို မည်သူမျှ လွယ်လင့်တကူ ထုတ်မပေးနိုင်ကြချေ။
လွန်ခဲ့သောလအနည်းငယ်ခန့်က အရိပ်ဓါးပျံမြို့တွင် ကျင်းပခဲ့သည့် လေလံပွဲသို့ တက်ရောက်လာသည့် ဧကရာဇ်အဆင့်ပညာရှင်အများစုတွင်ပင်လျှင် အဆင့်မြင့်အရင်းအမြစ်ကျောက် ဆယ်သန်းမှ သန်းနှစ်ဆယ်လောက်သာ ပါလာခဲ့ကြသည်။ သန်းသုံးဆယ်ပါလာသည့်လူဆို၍ ရှားမှရှားပင်။
ထိုအကြောင်းကြောင့်ပင်လျှင် သုံးဆယ့်ငါးသန်းနှင့် ဤချပ်ကာကို ရနိုင်တော့လိမ့်မည်ဟု ရန်ကိုင်ထင်နေခြင်းသာ ဖြစ်လေသည်။ တကယ်လည်း ရခဲ့ပေသည်။
လေလံပွဲကျင်းပသည့် အမျိုးသမီးသည် စင်မြင့်ပေါ်တွင်ရပ်၍ လူအုပ်ကြီးအား ဝေ့ကြည့်နေခဲ့လေသည်။ အချိန်အတန်ကြာအောင် မည်သူမျှ ဈေးထပ်မပေးတော့သည့်နောက် အော်ပြောလိုက်လေသည်။ “အခန်း(က၃)က နဂါးနက်ပျံချပ်ကာအတွက် အဆင့်မြင့်အရင်းအမြစ်ကျောက် သုံးဆယ့်ငါးသန်း ပေးထားပါတယ်… ပိုပေးချင်တဲ့လူ ရှိသေးလား… မရှိတော့ရင် ဒီချပ်ကာကို အခန်း(က၃)က ဧည့်သည် ပိုင်သွားတော့မှာနော်…”
ထို့နောက်တွင် အမျိုးသမီးသည် တစ်မှ သုံးထိ စတင်ရေတွက်လေသည်။ နောက်ဆုံး ရေပြီးသည့်နောက်တွင် ရန်ကိုင်ရှိရာဘက်သို့လှည့်၍ ပြုံးကာ ပြောလိုက်လေ၏။ “အခန်း(က၃)ကဧည့်သည်အတွက် ဂုဏ်ယူပါတယ်…”
ဤလေလံပွဲကိုကြည့်ရင်း သူမစိတ်ထဲ ထူးဆန်းသည့်ခံစားချက်တစ်မျိုး ရနေခဲ့လေသည်။ ပုံမှန်အားဖြင့် နောက်ဆုံးလေလံတင်သည့်ပစ္စည်း ထွက်ပေါ်လာပါက ဧကရာဇ်အဆင့်ပညာရှင်များကြား အလွန်ကိုမှ ပြိုင်ဆိုင် ပြင်းထန်သင့်ပါသော်ငြား ယခုအချိန်တွင်တော့ လူတစ်ဦးတည်းကသာ တစ်ဖတ်သက် ဈေးခေါ်သွားခဲ့လေသည်။ မည်သူမျှ ထိုလူနှင့် အကြိတ်အနယ် ယှဉ်ပြိုင်နိုင်ခြင်း မရှိခဲ့ပေ။
ထို့အပြင် ဤချပ်ကာကို ဝယ်ယူနိုင်ရန်အတွက် ရောက်လာကြသည့် လူအများစုမှာလည်း ဈေးပင် မခေါ်လိုက်ရပဲ ဘေးမှရပ်၍သာ ကြည့်နေခဲ့ရလေသည်။
လေလံပွဲများစွာကို ကျင်းပခဲ့ဖူးပါသော်ငြား ဤကဲ့သို့သောလေလံပွဲမျိုးနှင့် ကြုံဖူးသည်မှာ ပထမဦးဆုံးအကြိမ်သာ ဖြစ်လေသည်။ အခန်း(က၃)မှလူသည် အမှန်တကယ်ကို ကြွယ်ဝချမ်းသာသည့် လူတစ်ဦးဖြစ်သည်။ သူမသည်သာ အခွင့်အရေးရခဲ့မည်ဆိုပါက ထိုလူနှင့် အသိအကျွမ်းဖြစ်အောင် လုပ်ထားရပေလိမ့်မည်။ ထိုသို့ဆိုလျှင် သူမအနေဖြင့် အရောင်းအဝယ်ကြီးကြီးမားမား လုပ်နိုင်ပေလိမ့်မည်။
နောက်ဆုံးပစ္စည်းကို ရောင်းထုတ်ပြီးသည့်နောက်တွင် လေလံပွဲမှာ အဆုံးသတ်သွားခဲ့လေသည်။ ခန်းမထဲတွင်ရှိနေသော ကျင့်ကြံသူများမှာ အနည်းငယ် စိတ်ပျက်ပျက်အမူအယာများဖြင့် ထရပ်၍ အသီးသီး ပြန်ကုန်ကြလေသည်။ သီးသန့်ခန်းများထဲတွင် ရှိနေသော ဧကရာဇ်အဆင့်ပညာရှင်များမှာမူ အစေခံမလေးများ၏ ဦးဆောင်မှုဖြင့် လျှို့ဝှက်လမ်းကြောင်းမှ အသီးသီး ထွက်ခွာသွားကြလေသည်။
အခန်း(က၃)တွင် ရန်ကိုင်သည် အချိန်အတော်ကြာအောင် စောင့်နေပြီးသည့်နောက် တံခါးခေါက်သံကို ကြားလိုက်ရလေသည်။ အခန်းတံခါးကိုဖွင့်လိုက်သည့်အခိုက်တွင် အစေခံမလေးတစ်ဦးမှ ဦးဆောင်လျက် အားကောင်းမောင်းသန် ယောက်ျားကြီးနှစ်ဦးမှ သတ္တုသေတ္တာတစ်လုံးအား သယ်လာသည်ကို တွေ့လိုက်ရလေသည်။ ဝယ်ထားသည့်ပစ္စည်းများအတွက် တန်ရာတန်ကြေးကို ပေးချေပြီးသည့်နောက်တွင် အစေခံမလေးတစ်ဦးသည် ရန်ကိုင်အား သူထွက်သွားရမည့် လျှို့ဝှက်လမ်းကြောင်းဆီသို့ ခေါ်သွားပေးလေသည်။
တစ်နည်းအားဖြင့် လေလံစံအိမ်သည် အထူးဧည့်သည်တော်များကို အခြားသူများ၏ ပစ်မှတ်ထားခံရခြင်းမှ ကာကွယ်ပေးခြင်း ဖြစ်ပေသည်။ ခရမ်းကြယ်စဉ်ကုန်သွယ်ရေးအဖွဲ့အစည်းသည် ဤကဲ့သို့သော ဧည့်သည်တော်များကို ကာကွယ်ပေးနိုင်ရန်အတွက် လျှို့ဝှက်လမ်းကြောင်းပေါင်း ရာနှင့်ချီကို တည်ဆောက်ထားခဲ့ကြသည်။ မည်သည့်လမ်းကြောင်းမှ ထွက်သွားမလဲဆိုသည်ကို မသိရပါက မည်သူမှ သူတို့ပစ်မှတ်ထားချင်သည့်လူအား ပစ်မှတ်ထားနိုင်လိမ့်မည်မဟုတ်ချေ။
ရန်ကိုင်သည် မည်သူ့ကိုမှ မကြောက်ပါသော်ငြား တစ်ဖက်လူမှ ဤကဲ့သို့ စီစဉ်ပေးထားသည့် အပေါ်ကိုလည်း ငြင်းဆန်မနေခဲ့ပေ။
မကြာမီတွင် အစေခံမလေးတစ်ဦး၏ ဦးဆောင်မှုဖြင့် ရန်ကိုင်သည် မြေအောက်လိုဏ်ခေါင်းတစ်ခုထဲသို့ ဝင်သွားခဲ့လေသည်။
အခန်း (က၉)အပြင်ဘက်၌ ကုဟုန် အခန်းတံခါးကို ခေါက်လိုက်ပြီး ခွင့်ပြုချက်ရသည်နှင့် အထဲသို့ ဝင်သွားလိုက်လေသည်။
သူ့အခန်းထဲတွင် နားနေသော လီတုန်းကျန်း မျက်လုံးပွင့်လာခဲ့လေသည်။ သူ့မျက်လုံးထဲ အလင်းတစ်ချက် ဖြတ်ပြေးသွားခဲ့ပြီး နှုတ်ခမ်းကိုလှုပ်လျက် ကုဟုန်အား ကောင်းကင်စိတ်အာရုံဖြင့် တိုးတိုးလေး မေးလိုက်လေသည်။
ကုဟုန်မှာ အလွန်တရာကိုမှ စိတ်လှုပ်ရှားနေခဲ့ကာ ချက်ချင်းပဲ ပြန်ပြောလိုက်လေသည်။
လီတုန်းကျန်းလည်း ထရပ်၍ အလျင်အမြန် ထွက်သွားလေသည်။
ကုဟုန်သည် ခဏမျှရပ်၍ စဉ်းစားနေခဲ့ပြီးသည့်နောက် တိုးတိုးတိတ်တိတ် လိုက်သွားရန် ဆုံးဖြတ်လိုက်လေသည်။ လီတုန်းကျန်းအကြောင်းကို သူကောင်းကောင်းသိသည်။ ရန်ကိုင် ဤမျှ ချမ်းသာလိမ့်မည်ဟုတော့ သူမထင်ခဲ့။ လီတုန်းကျန်းသည်သာ တကယ်ကြီး အောင်မြင်သွားခဲ့မည်ဆိုလျှင် ရန်ကိုင်၏ ပိုင်ဆိုင်သမျှ အားလုံးနီးပါးကို သူတစ်ယောက်တည်းကသာ သိမ်းဆည်းထားလိမ့်မည်ဖြစ်ပြီး သူ့အား ငါးဆယ်ရာခိုင်နှုန်းကို ပြန်ခွဲဝေပေးလိမ့်မည် မဟုတ်ချေ။
ထိုအကြောင်းကြောင့်ပင်လျှင် သူကိုယ်တိုင်လိုက်သွားသည်မှာ အကောင်းဆုံးဖြစ်လေသည်။ လီတုန်းကျန်းသာ အောင်မြင်သွားခဲ့မည်ဆိုပါက တစ်ခါတည်း သွားတောင်းလိုက်ရုံပင်။ လီတုန်းကျန်း သူ့အား ငြင်းပယ်ရဲလိမ့်မည်ဟုတော့ ကုဟုန်မထင်ချေ။
ယခုကိစ္စသည် အဆင့်မြင့်အရင်းအမြစ်ကျောက် သန်းဆယ်ဂဏန်းနှင့်ချီသည့် ပမာဏ ဖြစ်နေလေရာ ကုဟုန်အနေဖြင့် သတိမထားဘဲ နေ၍ မဖြစ်ချေ။ ယခုတစ်ကြိမ်အစီအစဉ်သည်သာ အလုပ်ဖြစ်သွားခဲ့မည်ဆိုလျှင်ပင် ခန်စစ်ရန်နှင့်ပင် ဆက်၍ ယှဉ်ပြိုင်နေစရာမလိုတော့။ သူသွားချင်သည့်နေရာသို့ သွားကာ တစ်ဘဝလုံး အပူအပင်မရှိ အေးအေးဆေးဆေး နေသွားနိုင်လေပြီ။
လက်ဖက်ရည်တစ်ခွက်စာခန့် ကြာပြီးသည့်နောက်တွင် ရန်ကိုင်နှင့် ချင်းယုတို့သည် တောင်ငယ်လေးတစ်ဦး၏ ဘေးဘက်ဆီမှ ထွက်လာခဲ့လေသည်။ ဦးတည်ရာလမ်းကြောင်းကို ရှာပြီးသည့်နောက်တွင် ရန်ကိုင်သည် ချင်းယုအား ဧကရာဇ်ချီဖြင့် ရစ်ပတ်၍ တစ်ခုသောဘက်ဆီသို့ ထွက်သွားလေ၏။
ခဏအကြာတွင် ရန်ကိုင်တို့နှစ်ဦး တောင်ငယ်လေးတစ်လုံးဆီသို့ ရောက်လာခဲ့သည်။ အောက်ဘက်သို့ ငုံ့ကြည့်လိုက်ရာ လူပေါင်းများစွာ စုဝေးနေကြောင်း တွေ့လိုက်ရလေသည်။ ရန်ကိုင်တို့ရောက်လာသည်ကို အာရုံခံမိလိုက်သည့်အလား အောက်ဘက်တွင်ရှိနေသော လူများသည်လည်း စိုးရိမ်တကြီးအမူအယာများဖြင့် အပေါ်သို့ မော့ကြည့်လာခဲ့သည်။
“အဖိုး…” ချင်းယုက အော်ခေါ်လိုက်လေသည်။
ချင်းယု၏အော်ခေါ်သံကို ကြားသည့်အခါ ချင်းကျောင်းရန်က စိတ်သက်သာရာ ရသွားဟန်ဖြင့် ရယ်မောလျက် အော်ပြောလိုက်လေ၏။ “မင်းတို့တွေ စိတ်ပူမနေကြနဲ့… ညီလေးရန်နဲ့ ယုအာတို့ ရောက်လာတာ…”
အလင်းတန်းများ မြေပြင်ပေါ်သို့ ဆင်းသက်လာပြီးသည့်နောက်တွင် ရန်ကိုင်နှင့် ချင်းယုတို့ ပေါ်လာကြလေသည်။ လူအုပ်ကြီးကိုကြည့်ရင်းမှ ရန်ကိုင်က မေးလိုက်လေသည်။ “လူစုံပြီလား…”
လေလံပွဲသို့ မသွားခင်က ရန်ကိုင်သည် သူ့အား ဤနေရာ၌ လာတွေ့ရန် ကျန်းမိသားစုကို ပြောသွားခဲ့သည်။ ယခု ကြည့်ရသလောက် လူစုံနေသည့်ပုံပင်။
အဖွားအိုကျန်းက ပြောလိုက်သည်။ “ကျန်းမိသားစုက လူတွေအကုန်လုံး ဒီကိုရောက်နေပြီ…”
ကျန်းမိသားစုသည် အစကတည်းက လူများများစားစား မရှိသည့် မိသားစုတစ်ခု ဖြစ်သည်။ ထို့အတွက်ကြောင့် ရက်အနည်းငယ်အတွင်း အကုန်လုံးကို ပြင်ဆင်လို့ ပြီးသွားခဲ့လေသည်။ ရန်ကိုင်၏ သတင်းစကားကိုကြားသော် ချက်ချင်း ဤနေရာသို့ ရွှေ့လာခဲ့လေ၏။
ချင်းမိသားစုသည်လည်း ထို့နည်းတူပင်။ ချင်းကျောင်းရန်သည် ရောင်းစရာမြေအားလုံးကို ရောင်းချပြီးသွားပြီဖြစ်ကာ ကျန်သည့် အထုပ်အပိုးများကို သယ်၍ ဤနေရာသို့ ရောက်လာကြခြင်း ဖြစ်သည်။
မိသားစုနှစ်ခုပေါင်းမှ လူတစ်ရာ့ငါးဆယ်ဝန်းကျင်လောက်သာ ရှိပေသည်။ ထို့အပြင် အဖွဲ့သားများ၏ကျင့်ကြံခြင်းမှာလည်း တူညီခြင်းမရှိကြ။ အားအကောင်းဆုံးသည် တာအိုသခင်ဒုတိယအဆင့်သို့ ရောက်နေသည့် ချင်းယုဖြစ်ပြီး ကျန်သည့်လူအများစုမှာ တန်ခိုးရှင်ဘုရင်အဆင့်၊ တန်ခိုးရှင်အဆင့်၊ သူတော်စင်ဘုရင်အဆင့်နှင့် သူတော်စင်အဆင့်များ ဖြစ်ကြလေသည်။
“ခဲအို… ကျွန်မတို့ မြောက်ဘက်နယ်မြေကို တကယ်ကြီးသွားမှာလား…” ကျန်းရို့ယုက လူအုပ်ကြီးထဲမှ ခုန်ပေါက်လာလျက် မျှော်လင့်တကြီးဖြင့် မေးလိုက်လေသည်။
သူမအနေဖြင့် မေပယ်မြို့အပြင်ဘက်ကို တစ်ခါမှ မသွားဖူးချေ။ ယခုမူ မေပယ်မြို့နှင့် အလွန်တရာကိုမှ ဝေးကွာလှသည့် မြောက်ဘက်နယ်မြေသို့ သွားရမည် ဖြစ်သည့်အတွက်ကြောင့် ကောင်မလေးမှာ အတော်လေးကိုမှ စိတ်လှုပ်ရှားနေမိလေသည်။
“ခဲအို…” ချင်းယု ကြောင်သွားခဲ့လေသည်။
“ဘယ်သူက နင့်ခဲအိုလဲ… မဟုတ်တရုတ်တွေ လျှောက်မပြောနဲ့လေ ကောင်မလေး…” ရန်ကိုင်မျက်နှာ သုန်မှုန်သွားခဲ့လေသည်။
နင်စုဝမ်က လှမ်းအော်ပြောလိုက်လေသည်။ “ရို့ယု… ပြန်လာခဲ့…”
“အိုး…” ကျန်းရို့ယုသည် နှုတ်ခမ်းလေးစူလျက် သူ့အမေဘေးနားဆီသို့ သွားပြန်ရပ်နေလေ၏။ ခေါင်းမော့ကြည့်လိုက်ရာ ချင်းယုနှင့် ရုတ်တရက် အကြည့်ချင်း ဆုံသွားခဲ့သည်။ ကျန်းရို့ယုက ပြုံးဖြီးလျက်
“လူစုံနေပြီဆိုတော့ သွားကြတာပေါ့…” ရန်ကိုင်က ပြောလိုက်လေသည်။ သူတစ်ယောက်တည်းသွားမည်ဆိုလျှင်တော့ ရွက်တစ်ထောင်ဂိုဏ်းသို့ နှစ်ရက်အတွင်း ရောက်နိုင်ပေသည်။ သို့သော်ငြား လူအုပ်ကြီးတစ်ခုလုံးကို ခေါ်သွားရမည်ဖြစ်သည့်အတွက်ကြောင့် အနည်းဆုံး လဝက်ခန့်လောက် အချိန်ယူရမည်ဖြစ်သည်။
ထိုသို့ပြောပြီးသည်နှင့် တစ်ပြိုင်နက် ရန်ကိုင် မျက်မှောင်ကျုံ့သွားခဲ့လေသည်။ တစ်ခုခု သူ့နောက်မှ လိုက်လာသည်ကို အာရုံခံမိလိုက်သည့်အလား လှမ်းကြည့်လိုက်ရာ အလင်းတန်းတစ်ခုသည် သူ့ဆီသို့ တဟုန်ထိုး ပျံသန်းလာနေကြောင်းကို တွေ့လိုက်ရလေသည်။
ချင်းကျောင်းရန်၊ နင်စုဝမ်နှင့် အခြားသူများမှာလည်း ထိုအချက်ကို သတိပြုမိလိုက်ကြသည်။ ထို့အတွက်ကြောင့် အကုန်လုံးမှာ စတင်၍ စိုးရိမ်လာကြတော့သည်။ အထူးသဖြင့် ချင်းကျောင်းရန်ပင်။ တကယ်တော့ ရန်ကိုင်သည် ကြယ်ဝိဉာဉ်နန်းတော်၏ တပည့်တစ်ယောက်ကို ရန်စခဲ့သည် မဟုတ်ပေလော။ ထို့အတွက်ကြောင့် ယခု သူတို့နောက်သို့ လိုက်လာသည့်လူသည် ကြယ်ဝိဉာဉ်နန်းတော်မှသာ ဖြစ်မည်ဆိုပါက သူတို့ ပြဿနာတက်ပေလိမ့်မည်။
“ခင်ဗျားတို့အားလုံး အရင်သွားထားနှင့်… ကျုပ် ဒီမှာ ကျန်နေရစ်ခဲ့လိုက်မယ်…” ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်ကြည့်လိုက်ပြီးသည့်နောက် သူ့နောက်လိုက်လာသည့်လူမှာ မည်သူမှန်း သိသွားခဲ့လေသည်။ ထို့ကြောင့် ချင်းမိသားစုနှင့် ကျန်းမိသာစုအား အရင်ထွက်သွားရန် ပြောပြီးသည့်နောက်တွင် ရန်ကိုင်သည် ထိုနေရာတွင် ရပ်စောင့်နေလိုက်လေသည်။
“ဘယ်လမ်းအတိုင်း သွားရမှာလဲ…” ချင်းကျောင်းရန်က မေးလိုက်သည်။
ရန်ကိုင်သည် တစ်ခုသောဘက်သို့ ညွှန်ပြလိုက်လေ၏။
“သတိထားနော် ညီလေးရန်…” ချင်းကျောင်းရန်က စိုးရိမ်တကြီးဖြင့် ပြောလိုက်လေသည်။ ထို့နောက်တွင် နင်စုဝမ်အား ခေါင်းတစ်ချက် ညိတ်ပြပြီးသည့်နောက် မိသားစုနှစ်ခုလုံး ထိုအရပ်ဆီသို့ ထွက်သွားလေသည်။
သူတို့သာ ဤနေရာတွင် ဆက်နေမည်ဆိုပါက ရန်ကိုင်အတွက် ဝန်ထုပ်ဝန်ပိုးသာ ဖြစ်စေပေလိမ့်မည်။ ထို့အတွက်ကြောင့် မိသားစုနှစ်ခုလုံး အမြန်ထွက်ခွာသွားကြလေသည်။
မျက်တောင်တစ်ခတ်အတွင်း လူတစ်ရာကျော်အဖွဲ့ကြီးသည် ရန်ကိုင်ဆီမှ တဖြည်းဖြည်း ဝေးသထက်ဝေးရာသို့ ရောက်သွားကြလေသည်။
ခဏအကြာ၌ အလင်းတန်းသည် ရန်ကိုင်ရှေ့သို့ ရောက်လာခဲ့လေသည်။ အလင်းတန်းပျောက်ကွယ်သွားပြီးသည့်နောက် သက်ကြီးပိုင်းလူတစ်ဦး ပေါ်လာခဲ့လေသည်။
“ဂိုဏ်းချုပ်လီ… ခင်ဗျား အလျင်စလိုနဲ့ ဘယ်ကိုသွားချင်နေတာလဲ…” ရန်ကိုင်သည် သူ့နောက်သို့လိုက်လာသည့် လီတုန်းကျန်းအား ပြုံးကာ မေးလိုက်လေသည်။
လီတုန်းကျန်း၏ မျက်လုံးထဲ အေးစက်စက်အလင်းတစ်ချက် ဖြတ်ပြေးသွားခဲ့ပြီး နှာခေါင်းရှုံ့လျက် ပြန်ပြောလိုက်လေသည်။ “မင်း သိနေပြီပဲ…”
တဖြည်းဖြည်းထွက်ခွာသွားသည့် လူအုပ်ကြီးကိုကြည့်ရင်း လီတုန်းကျန်းက မေးလိုက်လေသည်။ “အဲ့ဒါ မင်းလူတွေလား…”
“ဟုတ်တယ်…” ရန်ကိုင်က ခေါင်းညိတ်လိုက်သည်။
လီတုန်းကျန်းက လှောင်ပြုံးပြုံးလိုက်လေသည်။ “ကောင်းပြီ… ဒီနေ့ သူတို့ကို တစ်ယောက်မှ မလွတ်စေရဘူး… ငါ သူတို့အကုန်လုံးကို သတ်ပစ်မယ်…”
ရန်ကိုင်က ပြုံးလျက် “အဲ့ဒါကတော့ ဂိုဏ်းချုပ်လီ ဘယ်လောက်ကြာအောင် အသက်ရှင်နိုင်မလဲ ဆိုတာအပေါ်မှာ မူတည်တာပေါ့…”
လီတုန်းကျန်း၏မျက်လုံးများ မှေးစင်းသွားခဲ့လေသည်။ “မင်း တကယ်ကို လေလုံးထွားတာပဲ ကောင်လေးရဲ့… ငါ့ကိုနိုင်မယ်လို့ မင်း ထင်နေတာလား…”
ရန်ကိုင်၏ကျင့်ကြံခြင်းမှာ သူနှင့် အဆင့်တူ ဖြစ်မည်ဆိုလျှင်ပင် လီတုန်းကျန်းကတော့ ရန်ကိုင်အား အရေးမစိုက်ပေ။ သူတို့နှစ်ဦးစလုံးသည် ဧကရာဇ်ပထမအဆင့်များပင် ဖြစ်လင့်ကစား လီတုန်းကျန်း ဤအဆင့်သို့ ရောက်နေသည်မှာ နှစ်ပေါင်းများစွာ ကြာနေခဲ့ပြီဖြစ်ကာ မကြာခင်အချိန်အတောအတွင်း ဧကရာဇ်ဒုတိယအဆင့်သို့ ချိုးဖြတ်နိုင်တော့မည့် လူတစ်ဦး ဖြစ်ပေသည်။
“ခင်ဗျားက ရေတွင်းထဲက ဖားသူငယ်ပဲ…” ရန်ကိုင်က လှောင်ပြောင်ပြောဆိုလိုက်လေသည်။
“ဘာကွ…” လီတုန်းကျန်း ဒေါသူပုန်ထသွားခဲ့သည်။
သို့သော်ငြား သူမှ ထိုကဲ့သို့ ပြောလိုက်သည်နှင့် တစ်ပြိုင်နက် သူနှင့် မီတာပေါင်းများစွာအကွာတွင်ရှိနေသော ရန်ကိုင်သည် ရုတ်တရက် ပျောက်ကွယ်သွားခဲ့ပြီး သူ့ရှေ့၌ ရောက်နေကြောင်းကို တွေ့လိုက်ရလေသည်။ ရန်ကိုင်မျက်နှာမှာ လီတုန်းကျန်း၏မျက်နှာနှင့် ကပ်ခါနီးပင် ဖြစ်နေခဲ့သည်။
လီတုန်းကျန်း မျက်လုံးအပြူးသား ဖြစ်သွားခဲ့ပြီး သူ့ကိုယ်ထက်ရှိ အမွေးအမျှင်များအားလုံးမှာလည်း ထောင်တက်သွားခဲ့လေသည်။
ရန်ကိုင် မည်ကဲ့သို့ လှုပ်ရှားလိုက်လို့ လှုပ်ရှားလိုက်မှန်းကို မသိလိုက်သေးခင်မှာပင် ရန်ကိုင်သည် သူ့ရှေ့သို့ ရောက်နေခဲ့သည်။
လက်ရှိ သူ့အား စိုက်ကြည့်နေသည့် အကြည့်ထဲ လှောင်ပြောင်လိုရိပ်၊ အထင်အမြင်သေးရိပ်တို့ဖြင့် ပြည့်နေခဲ့ကာ လီတုန်းကျန်းမှာ ရင်တဒုန်းဒုန်းကို ခုန်သွားခဲ့ရလေသည်။
ချက်ချင်းပဲ ဧကရာဇ်ချီကို အရူးအမူးလှည့်ပတ်၍ ရန်ကိုင်နှင့် ခပ်လှမ်းလှမ်းအကွာသို့ ဆုတ်ရန် ကြိုးစားလိုက်လေသည်။ သို့သော်ငြား သူမည်သို့ပင် လှုပ်ရှားနေစေကာမူ ရန်ကိုင်သည် လောက်ကောင်များသဖွယ် သူ့နောက်မှ ထပ်ကြပ်မကွာ လိုက်လာကြောင်းကို တွေ့လိုက်ရလေသည်။
ထိုသို့လိုက်လာနေရင်းမှ ရန်ကိုင်သည် လှောင်ပြောင်လိုဟန်ဖြင့် လီတုန်းကျန်း၏ ရင်ဘတ်တည့်တည့်သို့ လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်ရင်း ပြောလိုက်ပေသည်။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၇၆၂)
ဘာသာပြန်သူ_တိမ်တိုက်
ကုဟုန်မှာ လီတုန်းကျန်းနောက်သို့ မရပ်မနားဘဲ အမောတကောဖြင့် လိုက်လာခဲ့လေရာ မောလွန်းသဖြင့် အသက်ထွက်ခါနီးပင် ဖြစ်နေခဲ့ရသည်။
သူ့ကျင့်ကြံခြင်းမှာ တာအိုသခင်တတိယအဆင့်သာ ရှိသေးသည့်အတွက်ကြောင့် ဧကရာဇ်အဆင့်သို့ ရောက်နေသည့် လီတုန်းကျန်းထက် အများကြီး ပိုအဆင့်နိမ့်ပေသည်။ ထို့အတွက်ကြောင့်ပင်လျှင် သူ၏အမြန်နှုန်းမှာလည်း လီတုန်းကျန်းထက် ပို၍ နိမ့်ကျနေလေသည်။ ရန်ကိုင် မည်သည့်လမ်းကြောင်းမှ ထွက်သွားသလဲ ဆိုသည်ကိုသာ မသိပါက ကုဟုန်အနေဖြင့် ရန်ကိုင်အား မည်သည့်နေရာတွင် သွားရှာရမလဲ ဆိုသည်ကို သိလိမ့်မည် မဟုတ်ချေ။
တိုက်ပွဲဖြစ်လောက်မည့် နေရာဆီသို့ ရောက်လာသည့်အခါ ကုဟုန်သည် ချက်ချင်းပဲ ချုံပုတ်တစ်ခုထဲတွင် ဝင်ပုန်း၍ သူ့အရှိန်အဝါကို ဖုံးကွယ်ကာ ဘေးပတ်ဝန်းကျင်အား လှည့်ပတ်ကြည့်လေ၏။
မည်သည့်တိုက်ခိုက်သံကိုမှ မကြားရသလို မည်သည့်စွမ်းအင်အရိပ်အယောင်ကိုမှလည်း မခံစားရချေ။ လီတုန်းကျန်း ထိုကောင်လေးအား ရှင်းပစ်ပြီးသွားပြီလော။
သို့သော်ငြား ထိုသို့မဖြစ်လောက်။ သူသည် ချက်ချင်းဆိုသလို လိုက်လာခဲ့ခြင်း ဖြစ်လေရာ လီတုန်းကျန်းသည် ထိုကောင်လေးထက်ပို၍ အားကောင်းမည်ဆိုလျှင်ပင် ထိုကောင်လေးကိုယ်တိုင်ကလည်း ဧကရာဇ်အဆင့်ပညာရှင်တစ်ဦး ဖြစ်သည့်အတွက်ကြောင့် အချိန်အတန်ကြာအောင်တော့ ခုခံထားနိုင်ပေလိမ့်မည်။
ထို့အတွက်ကြောင့် ယခုကိစ္စနှင့်ပတ်သက်၍ ရှင်းပြချက်တစ်ခုသာ ရှိတော့လေသည်။ တိုက်ပွဲနေရာပြောင်းသွားခြင်းပင်။
တိုက်ပွဲနေရာပြောင်းသွားသည်မှာ ပို၍ ဖြစ်နိုင်သည်ဟု ကုဟုန် ခံစားနေရလေသည်။ တကယ်တော့ နှစ်ဦးစလုံးသည် ဧကရာဇ်အဆင့်ပညာရှင်များ ဖြစ်ကြသည့်အတွက်ကြောင့် တစ်ဦးနှင့် တစ်ဦး အသည်းအသန် တိုက်ခိုက်ကြပေလိမ့်မည်။ ထိုသို့တိုက်ခိုက်ရင်းမှ သူတို့တိုက်ခိုက်သည့်နေရာသည် တဖြည်းဖြည်းနှင့် အခြားတစ်နေရာသို့ ရောက်သွားရခြင်း ဖြစ်ရပေလိမ့်မည်။ ယခုအချိန်၌ နှစ်ဦးစလုံး ဒုက္ခရောက်နေလျှင်တော့ ကုဟုန် ပို၍ပင် ကြိုက်ပေသေးသည်။ ထိုသို့ဆိုလျှင် သူသည် ရန်ကိုင်ဆီမှရော လီတုန်းကျန်းဆီကပါ အကျိုးအမြတ်များကို ညှစ်ယူနိုင်လိမ့်မည် မဟုတ်ပေလော။ အခွင့်အရေးသာ ရမည်ဆိုလျှင် ကုဟုန်အနေဖြင့် လီတုန်းကျန်းအား ရန်ကိုင်နှင့် အလားတူဘဝသို့ ရောက်သွားအောင် ပို့ပေးရန် တွေဝေနေလိမ့်မည် မဟုတ်ချေ။
ကုန်ဟုန်စိတ်ထဲ လေထဲတိုက်အိမ်ဆောက်နေစဉ်မှာပင် သွေးညှီနံ့တစ်ခုကို ရုတ်တရက် ရလိုက်လေသည်။
သွေးညှီနံ့ကို ရလိုက်သည့်အခိုက် ကုဟုန်၏အမူအယာ ပြောင်းလဲသွားခဲ့သည်။ ချက်ချင်းပဲ သွေးနံ့ရရာဆီသို့ လှမ်းကြည့်လိုက်လေရာ သူရှိနေရာဆီမှ မီတာတစ်ထောင်ခန့်အကွာ၌ လူတစ်ဦး လဲလျောင်းနေကြောင်းကို တွေ့လိုက်ရလေသည်။
“ဒါက…” ထိုလူကိုမြင်လိုက်သည့်အခိုက် ကုဟုန်မျက်နှာ တောင့်တောင့်ကြီး ဖြစ်သွားခဲ့လေသည်။ မြေပြင်ပေါ်တွင်လဲနေသည့်လူသည် သူ့ဘက်သို့ မျက်နှာစောင်းနေသဖြင့် ထိုလူ၏မျက်နှာကို ကုဟုန် သေသေချာချာ မြင်လိုက်ရလေသည်။
“လီတုန်းကျန်း…” ကုဟုန် ကြောက်လန့်တကြား ထခုန်လိုက်လေသည်။ တစ်ချိန်တည်းတွင်လည်း ကျောရိုးတစ်လျှောက် စိမ့်တက်သွားလေ၏။
ယခုလေးတင် သူ့ထက်စော၍ ခုနှစ်ရောင်စဉ်ကုန်သွယ်ရေးအဖွဲ့အစည်းမှ ထွက်သွားခဲ့သော တောင်ပြိုဂိုဏ်း၏ဂိုဏ်းချုပ် လီတုန်းကျန်းသည် ယခု ဤနေရာ၌ သွေးသံတရဲရဲဖြင့် မလှုပ်မယှက် လဲလျောင်းနေခဲ့လေသည်။ ယခု လီတုန်းကျန်း သေနေပြီလား အသက်ရှင်နေသေးလား ဆိုသည်ကို ကုဟုန်မသိပါသော်ငြား သေနိုင်ခြေမှာတော့ ပိုမြင့်လောက်ပေသည်။ အကြောင်းမှာ လီတုန်းကျန်းဆီမှ မည်သည့်အသက်ဓာတ်စွမ်းအင်ကိုမှ ကုဟုန် အာရုံခံမရသည့် အတွက်ကြောင့်ပင်။
မြေပြင်ပေါ်တွင်လဲနေသည့် လီတုန်းကျန်းကို မြင်ပြီးသည့်နောက်တွင် ကုဟုန်မှာ အလွန်တရာကိုမှ ကြောက်လန့်သွားခဲ့ကာ ခန္ဓာကိုယ်တစ်ခုလုံး တောင့်တောင့်ကြီး ဖြစ်သွားခဲ့လေသည်။ ထို့အပြင် တစ်ချက်ကလေးမှလည်း မလှုပ်ရှားရဲတော့ချေ။
လီတုန်းကျန်းသည် ဝါရင့်သမ္ဘာရင့် ဧကရာဇ်ပထမအဆင့် ကျင့်ကြံသူတစ်ဦးဖြစ်သည်။ အချို့လူများ ပြောကြသည်မှာ လီတုန်းကျန်းသည် အချိန်မရွေး ဧကရာဇ်ဒုတိယအဆင့်သို့ တက်ရောက်နိုင်သည်ဟူ၍ပင်။ ထိုသို့ဖြစ်လေရာ ထိုကဲ့သို့သောပညာရှင်တစ်ဦးသည် မည်ကဲ့သို့များ အချိန်တိုလေးအတွင်း ဤကဲ့သို့ ဖြစ်သွားရလေသနည်း။ မည်သူကရော သူ့အား ဤကဲ့သို့ဖြစ်အောင် လုပ်ခဲ့လေသနည်း။
ကုဟုန်မှာ အချိန်အတန်ကြာသည်ထိကို မလှုပ်ရှားရဲခဲ့ပေ။ အနီးအနား၌ အားကောင်းသည့် ရန်သူတစ်ဦးဦးသာ ရှိနေမည်ဆိုပါက သူ့အား အာရုံခံမိသွားမည်ကို စိုးရိမ်သည့် အတွက်ကြောင့်ပင်။ ထို့အတွက်ကြောင့်ပင်လျှင် ချုံပုတ်ထဲ ငြိမ်ငြိမ်လေး ကုပ်နေခြင်းသာ ဖြစ်ပေသည်။
တစ်နာရီခန့်ကြာအောင် စောင့်နေခဲ့ပြီး မည်သည့်လှုပ်ရှားမှုကိုမှ အာရုံခံမရသည့် အခါမှသာ ကုဟုန်လည်း ပုန်းနေရာမှ ထွက်လာခဲ့ပြီး လီတုန်းကျန်းနားသို့ ဖြည်းဖြည်းချင်း ချဉ်းကပ်လာခဲ့လေသည်။
လီတုန်းကျန်းဆီသို့ ရောက်လာပြီးသည့်နောက် လီတုန်းကျန်းသေနေသည့် ပုံကို ကြည့်ရင်း ကုဟုန် အံ့အားသင့်သွားခဲ့သည်။
တိုက်ကွက်တစ်ကွက်…
လီတုန်းကျန်းသည် တိုက်ကွက်တစ်ကွက်တည်းဖြင့် အသတ်ခံလိုက်ရခြင်း ဖြစ်လေသည်။ သူ့ရင်ဘတ်နေရာတွင် လက်ဝါးရာကြီး ထီးထီးကြီး ရှိနေခဲ့လေသည်။ ရင်ဘတ်နေရာရှိ အရိုးများမှာ သွင်သွင်ကျိုးနေခဲ့ပြီး သူ့ပါးစပ်မှ သွေးများ စီးကျနေခဲ့လေ၏။ လီတုန်းကျန်းသေထားသည်မှာ မကြာလောက်သေးချေ။ ယခုအချိန်ထိတိုင် သူ့ပါးစပ်မှ စီးကျနေသည့် သွေးများမှာ အပြည့်အဝ ခြောက်သွေ့သွားခြင်းမရှိသေး။ မျက်လုံးများမှာတော့ နေ့ခင်းကြောင်တောင် တစ္ဆေသရဲတစ်ကောင်ကို မြင်လိုက်ရ၍ မယုံကြည်နိုင်ဖြစ်နေသည့်အလား ထိတ်လန့်မှုတို့ဖြင့် ပြူးကျယ်နေခဲ့လေသည်။
“ဂလု…”
ထိုမြင်ကွင်းကိုကြည့်ရင်း ကုဟုန် တံတွေးတစ်လုပ် မျိုချမိလိုက်လေသည်။ လီတုန်းကျန်းကဲ့သို့သော လူတစ်ဦးသည်ပင်လျှင် တိုက်ကွက်တစ်ကွက်တည်းဖြင့် အသတ်ခံလိုက်ရလေအောင် သူ့ရန်သူသည် မည်မျှများ အားကောင်းနေလေသနည်း။
လီတုန်းကျန်းကို ယခုကဲ့သို့ဖြစ်အောင် လုပ်သွားသည့် လူမှာ အခန်း (က၃)မှ ကောင်လေး ဖြစ်ဖြစ်မဖြစ်ဖြစ် ယခုကိစ္စတွင် သူပါဝင်ပတ်သက်နေသည်မှာတော့ ငြင်း၍မရသည့် အမှန်တရား ဖြစ်ပေသည်။ ကုဟုန်အနေဖြင့် မေပယ်မြို့ထဲတွင် မည်သည့်နည်းနှင့်မျှ ဆက်နေရဲတော့လိမ့်မည်မဟုတ်။ ထိုကောင်လေးသည်သာ သူ၏တည်နေရာကို ထုတ်ပြောလိုက်သည့်လူမှာ ကုဟုန်မှန်း သိသွားခဲ့မည်ဆိုပါက ကုဟုန်၏ကံတရားမှာ လီတုန်းကျန်းနည်းတူ ဖြစ်သွားရပေလိမ့်မည်။
တုန်တုန်ရီရီဖြင့် ကုဟုန်သည် လီတုန်းကျန်း၏ လက်ချောင်းများ ရှိရာဆီသို့ လှမ်းကြည့်လိုက်လေသည်။ သို့သော်ငြား မည်သည့်သိုလှောင်လက်စွပ်ကိုမှ မတွေ့ရတော့ချေ။ လီတုန်းကျန်းကို သတ်သွားသည့်လူသည် သူ့သိုလှောင်လက်စွပ်ကိုပါ ချွတ်ယူသွားသည့်ပုံပင်။
ကုဟုန်သည် ထိုနေရာတွင် ဆက်မနေရဲတော့ဘဲ အရင်းအမြစ်ချီကိုလှည့်ပတ်၍ အမြန် ထွက်ပြေးလာခဲ့လေသည်။
လူတစ်ရာကျော်၏ အမြန်နှုန်းမှာ ရန်ကိုင်ထင်ထားသည်ထက်ကို ပိုမိုနှေးကွေးနေခဲ့သည်။ ထို့အပြင် သွားနေရင်းဖြင့်လည်း ခဏခဏ အနားယူရန် လိုပေသေးသည်။ ဆယ်ရက်ခန့် ကြာပြီးသွားသည့်တိုင် ခရီးတစ်ဝက်ကိုပင် မရောက်သေးချေ။
ကံကောင်းစွာဖြင့် လမ်းတစ်လျှောက်၌ မည်သည့်အန္တရာယ်နှင့်မှ မကြုံခဲ့ရ။ အခြားအချိန်မျိုးတွင်သာဆိုပါက ယခုကဲ့သို့ လူစုလူဝေးဖြင့် သွားမည်ဆိုလျှင်ပင် ရက်စက်ကြမ်းကြုတ်သည့် ကျင့်ကြံသူများ၏ ပစ်မှတ်ထားခြင်း ခံရနိုင်ပေသည်။ သို့သော်ငြား ရန်ကိုင်ပါနေသည့်အတွက်ကြောင့် သူတို့အား ပြဿနာလာရှာရဲသည့် မည်သူမဆို ဆိုးဆိုးရွားရွား သေသွားကြရပေလိမ့်မည်။
ကျန်းမိသားစုဖြစ်စေ၊ ချင်းမိသားစုဖြစ်စေ သူတို့၏ မျိုးဆက်အဆက်ဆက် နေထိုင်လာခဲ့ကြရသည့် မြို့မှ ထွက်ခွာလာရသည့် အတွက်ကြောင့် အနည်းငယ်တော့ ဝမ်းနည်းနေမိကြလေသည်။ သက်ကြီးပိုင်းများဆိုလျှင် ပို၍ပင် ဆိုးသေးသည်။
သို့သော်ငြား လူငယ်လေးများမှာတော့ သူတို့အား စောင့်ကြိုနေသည့် ကမ္ဘာသစ်နှင့် ပတ်သက်၍ အတော်လေးကိုမှ စိတ်အားထက်သန် နေကြလေသည်။ အထူးသဖြင့် ကျန်းရို့ယုပင်။ သူမသည် လမ်းတစ်လျှောက်၌ အချိန်ရလျှင် ရသည့်အခိုက် ရန်ကိုင်အား မြောက်ဘက်နယ်မြေနှင့် ပတ်သက်သော မေးခွန်းများကို ခဏခဏလာမေးခဲ့သည်။ ဤကောင်မလေးမှာ ကျန်းရို့ရှီနှင့် အတော်လေးကိုမှ ကွာခြားပေသည်။ ကျန်းရို့ရှီသည် ငြိမ်ငြိမ်လေးသာ နေတတ်ပါသော်ငြား ကျန်းရို့ယုမှာတော့ အလွန်ကိုမှ တက်ကြွလှသည်။ မသိလျှင် သူမ၌ အတိုင်းမသိနိုင်သော စွမ်းအင်များ ရှိနေသည့်အလား။ ထို့အပြင် မေးခွန်းမေးရာတွင်လည်း အမျိုးမျိုးသော မေးခွန်းများကိုလည်း မေးတတ်ပေသေးသည်။ သူမခေါင်းထဲ မည်သည့်မေးခွန်းအား မေးရမလဲဆိုသည်ကို ကြိုတင်တံဆိပ်ရိုက်ထားသည့်အလား။
ရန်ကိုင်ကမူ သူမ၏ပုံစံနှင့်ပတ်သက်၍ စိတ်ပျက်သည့် အရိပ်အယောင်မပြ။ သူ့အနေဖြင့် မြောက်ဘက်နယ်မြေအကြောင်းနှင့် သူ့ဂိုဏ်းအခြေအနေအကြောင်းကို ဤမိသားစုနှစ်ခုအား မိတ်ဆက်ပေးရမည် ဖြစ်သည့်အတွက်ကြောင့် ကျန်းရို့ယုမေးလာသမျှ မေးခွန်းတိုင်းကို သေသေချာချာ ပြန်ဖြေပေးခဲ့လေသည်။
ရက်နှစ်ဆယ်ကျော်ကြာအောင် လမ်းလျှောက်လာပြီးသည့်နောက်တွင် ရန်ကိုင်တို့အဖွဲ့သည် ယခင်က ရွက်တစ်ထောင်းဂိုဏ်း ရှိနေရာဆီသို့ ရောက်လာကြလေသည်။
မိသားစုနှစ်ခုလုံးကို ဧကရာဇ်တောင်ကြားရှိရာဆီသို့ ခေါ်လာပေးပြီးသည့်နောက်တွင် ရန်ကိုင်သည် ဟင်းလင်းပြင်အစီအရင်ကို အသက်သွင်းလျက် လူအုပ်ကြီးအား အဖွဲ့များစွာခွဲကာ တစ်ဖွဲ့ချင်းစီ ထက်ကောင်းကင်နန်းတော်ဆီသို့ ပို့ပေးလေ၏။ ရန်ကိုင်ကမူ နောက်ဆုံးမှ လိုက်လာခဲ့လေသည်။ ထိုလူအသုတ်နှင့်အတူ ထက်ကောင်းကင်နန်းတော်သို့ ရောက်လာသည့်အခိုက် ဟွာချင်းစီက ရန်ကိုင်အား ချက်ချင်း လာရောက်နှုတ်ဆက်လေ၏။
“နန်းတော်သခင်…”
ပထမအသုတ် ကျင့်ကြံသူများ ရောက်လာစဉ်က ဟင်းလင်းပြင်အစီအရင်ကို စောင့်ကြပ်နေသည့် ရွက်တစ်ထောင်ဂိုဏ်းမှ တပည့်နှစ်ဦးသည် ဟွာချင်းစီအား ချက်ချင်း အကြောင်းကြားခဲ့လေသည်။ ဟွာချင်းစီလည်း ဘာတွေဖြစ်လို့ဖြစ်နေမှန်း မသိသည့်အတွက်ကြောင့် ချက်ချင်း အပြေးလာစစ်ဆေးကြည့်လေ၏။
နည်းနည်းပါးပါး မေးမြန်းကြည့်ပြီးသည့်နောက်တွင် သူတို့အား ဤနေရာသို့ ပို့လိုက်သည့်လူမှာ ရန်ကိုင်မှန်း ဟွာချင်းစီ သိသွားခဲ့ရလေသည်။ ထို့အတွက်ကြောင့် ထိုလူများကို တလေးတစားဖြင့်သာ ဆက်ဆံခဲ့လေသည်။
ရန်ကိုင်က ခေါင်းညိတ်၍ မိသားစုနှစ်ခုအား ပြုံးပြလိုက်လေသည်။
လက်ရှိအချိန်တွင် မိသားစုနှစ်ခုမှ လူများ တစ်ယောက်ချင်းစီ၏ မျက်နှာထက် အံ့အားသင့်နေသည့် အရိပ်အယောင်များ၊ ဝမ်းသာအားရ ဖြစ်နေသည့် အရိပ်အယောင်များဖြင့် ပြည့်နေခဲ့လေသည်။ ကျန်းရို့ယုဆိုလျှင် လောကကြီး၏အနှစ်သာရကို အပြည့်အဝခံစားနေသည့်အလား တပြုံးပြုံးဖြင့် လက်နှစ်ဖက်ကို ဖြန့်ကျက်လျက် ခေါင်းလေးညိတ်ကာ မြူးနေခဲ့လေသည်။
ထက်ကောင်းကင်နန်းတော်သည် ကျင့်ကြံရန်အတွက် အတော်လေးကိုမှ ကောင်းမွန်သည့် မြေနေရာကို ပိုင်ဆိုင်ထားသော ရမ္မက်ရှာဂိုဏ်း ရှိနေသည့်နေရာတွင် တည်ထောင်ထားခြင်း ဖြစ်ပေသည်။ ဤနေရာရှိ မိုးမြေစွမ်းအင်သည် မေပယ်မြို့ရှိ မိုးမြေစွမ်းအင် ယှဉ်ပြိုင်နိုင်သည့် အရာမျိုးမဟုတ်ပေ။ ထို့အတွက်ကြောင့် အကုန်လုံးမှာ ဤနေရာသို့ ရောက်လာပြီးသည့်နောက် သူတို့ကိုယ်သူတို့ တစ်ဖန် ပြန်လည်မွေးဖွားလာသလို ခံစားလိုက်ကြရလေသည်။ အတော်များများမှာ သူတို့ကိုယ်သူတို့ အတတ်နိုင်ဆုံး ထိန်းချုပ်ထားကြသည့် အတွက်ကြောင့်သာ မဟုတ်ပါက ယခုနေ ဝမ်းသာအားရဖြင့် ခုန်ပေါက်နေမိကြပေလိမ့်မည်။
“ကျုချင်း ပြန်မလာသေးဘူးမလား…” ရန်ကိုင်သည် ဟွာချင်းစီကို ကြည့်ရင်းမှ ဘေးပတ်ဝန်းကျင်ကို အကဲခတ်လျက် တိုးတိုးလေး မေးလိုက်လေ၏။
“ပြန်မလာသေးဘူး…” ဟွာချင်းစီ ခေါင်းခါလိုက်သည်။
“ကောင်းတယ်…” ရန်ကိုင် စိတ်သက်သာရာ ရသွားဟန်ဖြင့် သက်ပြင်းချလိုက်လေသည်။ ကျုချင်းအနေဖြင့် ဤမျှမြန်မြန် ပြန်လာနိုင်လိမ့်မည်မဟုတ်မှန်းလည်း သူသိနေခဲ့သည်။ ကျုချင်းသွားသည့်နေရာမှာ မြောက်ဘက်နယ်မြေ၏ နာမည်ကျော် တားမြစ်နေရာဖြစ်သည့် ရေခဲနယ်မြေဖြစ်ပေသည်။ ထိုနေရာတွင် သေဆုံးသွားသည့် သူမကလန်သား၏ အမြုတေကို လိုက်ရှာရဦးမည် ဖြစ်သည့်အတွက်ကြောင့် လွယ်လွယ်နှင့် ပြန်လာနိုင်လိမ့်မည်မဟုတ်။ ကျုချင်းသာ ပြန်ရောက်လာခဲ့မည်ဆိုလျှင် သူ့နောက်သို့ အရိပ်သဖွယ် ထပ်ကြပ်မကွာ လိုက်နေပေလိမ့်မည်။ သူမအား မည်သည့်နည်းနှင့်မှ မောင်းထုတ်နိုင်လိမ့်မည်မဟုတ်။
“နန်းတော်သခင်… ဒီမိသားစုနှစ်ခုကို ဘယ်လိုစီစဉ်ပေးရမလဲ…” ဟွာချင်းစီက မေးလိုက်သည်။
ရန်ကိုင်က ပြန်၍ပြောလိုက်သည်။ “ဘာလို့ ငါ့ကို လာမေးနေတာလဲ… နင်က မန်နေဂျာမှူးမဟုတ်ဘူးလား… နင့်ဘာသာနင် အဆင်ပြေသလိုပဲ စီစဉ်ပေးလိုက်ပေါ့… ဘယ်သူမှ ရွေးပြီး ဒီတိုင်းပဲလိုက်ပြီး ဆက်ဆံနေစရာမလိုဘူး… ပါရမီကောင်းတဲ့တပည့်တွေဆိုရင် ငါတို့ထက်ကောင်းကင်နန်းတော်ရဲ့ ပထမတပည့်အသုတ်တွေဖြစ်လာလို့ရအောင် ရွေးထုတ်ထားလိုက်… သူတို့တွေကို နည်းနည်းလေး ပိုအားစိုက်ပြီး လေ့ကျင့်ပေးလိုက်ပေါ့…”
“နားလည်ပြီ…” ဟွာချင်းစီ ခေါင်းညိတ်လိုက်လေသည်။
ရန်ကိုင်ပြောပြသည်ကို နားထောင်ပြီးသည့်နောက်တွင် ဘာဆက်လုပ်ရမလဲ ဟွာချင်းစီ သိသွားခဲ့လေပြီ။
“ကဲ… သူတို့ကို အရင်သွားစီစဉ်ပေးနှင့်လိုက်… နောက်မှပဲ ငါပြောစရာရှိတာကို နင့်ကို ထပ်ပြောတော့မယ်…” ရန်ကိုင်က သူ့လက်ကိုဝှေ့ယမ်းလျက် ထပ်ပြောလိုက်သည်။
“ဟုတ်ကဲ့…” ဟွာချင်းစီ ပြန်ပြောလိုက်လေသည်။ ထို့နောက် ကောင်းကင်ပေါ်သို့ ပျံသန်းသွားလျက် အော်ပြောလိုက်လေ၏။ “အားလုံးပဲ… ရှင်တို့အားလုံးက ထက်ကောင်းကင်နန်းတော်ထဲကို ဝင်လာပြီဆိုမှတော့ ကျွန်မတို့ထဲကတစ်ယောက် ဖြစ်သွားပါပြီ… အခု ကျွန်မနောက်ကို လိုက်ခဲ့ပေးပါ…”
တကယ်တော့ သူမသည် ဧကရာဇ်အဆင့် ပညာရှင်တစ်ဦး ဖြစ်နေဆဲ။ ဟွာချင်းစီမှ စကားပြောလိုက်သည်နှင့် တစ်ပြိုင်နက် မိသားစုနှစ်ခုလုံးမှာ ချက်ချင်းပဲ သူမပြောသည့်အတိုင်း လိုက်လုပ်ကြလေသည်။
မျက်တောင်တစ်ခတ်အတွင်း လူတစ်ရာကျော်သည် ဟင်းလင်းပြင်အစီအရင် ရှိနေရာဆီမှ ထွက်ခွာသွားကြလေ၏။
ရန်ကိုင်လည်း သူနားနေရာ နေရာဆီသို့ ပြန်ရောက်လာခဲ့လေသည်။
နေ့တစ်ဝက်ကြာပြီးသည့်နောက်တွင် ဟွာချင်းစီသည် အခြေအနေအကြောင်းစုံကို သူ့အား လာရောက်အစီအရင်ခံတင်ပြလေသည်။
မိသားစုနှစ်ခုအား မိုးမြေစွမ်းအင်အသင့်အတင့် ကောင်းမွန်သည့် တောင်တစ်လုံးပေါ်တွင် နေရာချထားပေးခဲ့သည်။ ထိုနေရာတွင် အသင့်ဆောက်လုပ်ပြီးသား အဆောက်အဦးများ ရှိနေသည့်အတွက်ကြောင့် ထိုလူများအဖို့ အလျဉ်းသင့် ဝင်နေလိုက်ရုံပင်။ ဟွာချင်းစီသည် ထိုလူများကျင့်ကြံရန်အတွက် လိုအပ်သော ကျင့်ကြံရေးအရင်းအမြစ်အချို့ကိုလည်း ပေးသွားခဲ့ပေသေးသည်။ တစ်ချိန်တည်းတွင်လည်း တစ်နှစ်ခန့်ကြာပြီးသည့်နောက်တွင် သူတို့၏ကျင့်ကြံခြင်းကို လာရောက်စစ်ဆေးမည်ဖြစ်ကာ ထိုအချိန်မှစ၍ တိုးတက်နှုန်းပေါ်မူတည်ကာ သင့်တင့်လျောက်ပတ်သည့် အဆင့်အတန်းများ ပေးသွားမည်ဟုလည်း ပြောခဲ့လေသည်။
သူမ၏စီစဉ်မှုနှင့် ပတ်သက်၍ ဘာမှအပြစ်ဆိုရက်စရာ မရှိပေ။ မိသားစုနှစ်ခုသည်လည်း အထွန့်တက်လိမ့်မည်မဟုတ်ဟု ရန်ကိုင် ယုံကြည်ပေသည်။ မိသားစုနှစ်ခုသည် မေပယ်မြို့တွင် နေစဉ်က မည်သည့်အချိန်တွင် မည်သည့်အန္တရာယ်နှင့် ကြုံတွေ့ရမလဲ ဆိုသည်ကို တွေးပူကာ နေခဲ့ရသလို ကျင့်ကြံရေးအရင်းအမြစ်များမှာလည်း လုံလုံလောက်လောက် ရရှိခဲ့ခြင်း မရှိပေ။ ယခု ထက်ကောင်းကင်နန်းတော်သည် သူတို့အတွက် လုံခြုံသည့် နေရာတစ်ခုကို ပေးလာခဲ့ရုံမက ကျင့်ကြံဖို့ရာအတွက် အလွန်ကိုမှ ကောင်းမွန်သော ပတ်ဝန်းကျင်နှင့် ကျင့်ကြံရေးအရင်းအမြစ်များကိုလည်း ထောက်ပံ့ပေးလာခဲ့လေရာ သူတို့အနေဖြင့် မည်ကဲ့သို့များ အထွန့်တက်ပါမည်နည်း။
“နန်းတော်သခင်… ကျွန်မကိုပြောစရာရှိတယ်ဆို… ဘာပြောမလို့လဲ…” ဟွာချင်းစီသည် တင်ပြစရာရှိသည်များကို တင်ပြပြီးသည့်နောက်တွင် ဟွာချင်းစီက ပြောလိုက်လေသည်။
“ဒီလို… ငါ နောက်ဘက်နယ်မြေဆီသွားပြီးတော့ ခုနှစ်ရောင်စဉ်ကုန်သွယ်ရေးအဖွဲ့အစည်းနဲ့ သဘောတူညီချက်တစ်ခု လုပ်ခဲ့တယ်…” ရန်ကိုင်က အကျဉ်းချုံး ရှင်းပြလိုက်လေသည်။
ဟွာချင်းစီက ပြန်မေးလိုက်၏။ “ပြီးတော့…”
ရန်ကိုင်က ဆက်ပြောလိုက်သည်။ “ပြီးတော့… ငါစဉ်းစားမိတာက ထက်ကောင်းကင်နန်းတော်များ ခုနှစ်ရောင်စဉ်ကုန်သွယ်ရေးအဖွဲ့အစည်းနဲ့ ရေရှည်လက်တွဲနိုင်မလားလို့… နင်သိတဲ့အတိုင်းပဲလေ… မြောက်ဘက်နယ်မြေနဲ့ တောင်ဘက်နယ်မြေက ထွက်တဲ့ပစ္စည်းတွေက မတူညီကြဘူး… ငါတို့ဆီမှာ ပေါသောနေတဲ့ပစ္စည်းတွေက တောင်ဘက်နယ်မြေရောက်လို့ရှိရင် ဈေးအရမ်းကြီးသွားတာလည်း ဖြစ်နိုင်တယ်… အဲ့နည်းတူပဲ တောင်ဘက်နယ်မြေမှာ ပေါသောနေတဲ့ပစ္စည်းတွေက ငါတို့နယ်မြေရောက်ရင် ဈေးအရမ်းကြီးသွားကုန်ရော…”
“ဒါဆိုရင် ကျွန်မတို့က ဒီဘက်မှာ ဈေးနည်းနည်းနဲ့ဝယ်ပြီး ဟိုဘက်မှာ ဈေးများများနဲ့ ပြန်ရောင်းရမှာပေါ့…” ရန်ကိုင်ဘာပြောချင်နေသလဲဆိုသည်ကို ဟွာချင်းစီ နားလည်သွားခဲ့လေသည်။
ကြယ်တာရာအစုအဝေးထဲရှိ ကုန်သည်များသည် ထိုနည်းလမ်းအတိုင်းသာ လုပ်ကြသည်။ သို့သော်ငြား သူတို့အနေဖြင့် မရေမတွက်နိုင်သော တောင်စဉ်အသွယ်သွယ်၊ မြစ်အသွယ်သွယ်ကို ဖြတ်ကျော်၍ အန္တရာယ်များလှသည့် အခက်အခဲများကို ကျော်လွှားရပေသည်။ ထိုတစ်ချက်တည်းနှင့်ပင် သူတို့ရရှိထားသည့် အမြတ်တော်တော်များ ပြန်ကုန်သွားရသည်။ အခန့်မသင့်လျှင် အသက်ပင်ဆုံးရှုံးသွားရနိုင်ပေသည်။
သို့သော်ငြား ထက်ကောင်းကင်နန်းတော်အတွက်မူ မတူတော့ချေ။ နယ်မြေခြားဟင်းလင်းပြင်အစီအရင်များ ရှိနေသည့်အတွက်ကြောင့် သူတို့အနေဖြင့် နယ်မြေနှစ်ခုကြား စိတ်ကြိုက် သွားလာနိုင်ပေသည်။ ထိုကဲ့သို့သော အားသာချက်မျိုး ရှိထားသည့်အတွက်ကြောင့် ယခုကဲ့သို့သာ အရောင်းအဝယ်ဖောက်ကားမည်ဆိုပါက သူတို့အတွက် အလွန်ကိုမှ အကျိုးများပေလိမ့်မည်။
ဟွာချင်းစီက ပြုံးလျက် “နန်းတော်သခင်မပြောရင်တောင် ကျွန်မလည်း အဲ့အကြောင်းကို ပြောတော့မလို့…”
“အိုး… ဒါဆိုရင် နင် ငါ့အကြံကို ဘယ်လိုထင်လဲ…” ရန်ကိုင်က ဟွာချင်းစီအား စိတ်ဝင်တစားဖြင့် ကြည့်လိုက်သည်။
ဟွာချင်းစီက အလေးအနက်အမူအယာဖြင့် ပြန်ပြောလိုက်လေသည်။ “နန်းတော်သခင်ပြောတာလည်း တကယ်မဆိုးဘူးလေ… ကျွန်မတို့အတွက် ကျိန်းသေ အကျိုးရှိမှာ… ဒါပေမယ့် နန်းတော်သခင် မစဉ်းစားမိတဲ့ အခက်အခဲတစ်ခုလည်း ရှိသေးတယ်…”
“ရှင်းပြပါဦး…” ရန်ကိုင်က ပြောလိုက်လေသည်။
“လူအင်အားရှိရှိ မရှိရှိကတော့ ပြဿနာတစ်ခုမဟုတ်ဘူး… နန်းတော်သခင်သိတဲ့အတိုင်းပဲ ကျွန်မတို့ ထက်ကောင်းကင်နန်းတော်မှာ တပည့်တွေ ဒီလောက် ရှိသေးတာမဟုတ်ဘူး… ကျွန်မတို့သာ ဒီတိုင်း လုပ်မယ်ဆိုရင် လူအင်အား အများကြီးလိုမှာ… ဒါပေမယ့် လူအင်အားလိုတဲ့ ကိစ္စနဲ့ ပတ်သက်လို့ရှိရင် ရောင်းမယ့်ပစ္စည်းတွေကို လိုက်စုဆောင်းဖို့က ပိုပြီးတော့ အလုပ်ရှုပ်နိုင်တယ်… တစ်ခုတော့ရှိတာပေါ့…”
“ဘာရှိတာလဲ…”
ဟွာချင်းစီက ပြုံးလျက် “နန်းတော်သခင် ရောင်းချင်တဲ့ပစ္စည်းတွေကို လိုက်စုဆောင်းပေးမယ့်လူ ရှိတယ်ဆိုရင်ပေါ့…”
ရန်ကိုင်၏မျက်လုံးများ မှေးစင်းသွားခဲ့လေသည်။ “မီးနဂါးနန်းတော်နဲ့ အာကာယံကောင်းကင်ဂိုဏ်းတို့လို့လား… အစ်မဟွာက တကယ်ကို ဉာဏ်နီဉာဏ်နက်များတာပဲ…”
ဟွာချင်းစီက နှုတ်ခမ်းလေးစူလျက် “သူတို့ ငါတို့ကို အရင်းအမြစ်ကျောက်တွေ အများကြီး အကြွေးတင်ထားတာလေ… ဒီတော့ အဲ့အရင်းအမြစ်ကျောက်တွေအစား လိုအပ်တဲ့ အခြားပစ္စည်းတွေနဲ့ အစားထိုးပြီး ပေးခိုင်းတာတောင် ငါတို့ကို ကျေးဇူးတင်သင့်တာ…”
“အင်း… ဒါလည်းမဆိုးဘူးပဲ… မဆိုးဘူး…” ရန်ကိုင်က ပြုံးလျက် ခေါင်းညိတ်လိုက်လေသည်။ “ဒါနဲ့ ရေခဲနှလုံးသားတောင်ကြားကိုရော ဘာလို့ မမေးကြည့်တာလဲ… ရေခဲနှလုံးသားတောင်ကြားက ငါတို့ထက် ပိုပြီးတော့ အဆက်အသွယ်တွေများတယ်လေ… ဒီတော့ မြောက်ဘက်နယ်မြေမှာဆိုရင် လိုအပ်တဲ့ပစ္စည်းတွေကို စုဆောင်းဖို့က သူတို့အတွက် ပိုပြီးလွယ်လောက်မှာ…”
“အဲ့ဒါလည်းဟုတ်တယ်…”
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၇၆၃)
ဘာသာပြန်သူ_တိမ်တိုက်
“ဘာတွေရောင်းမလဲ၊ ဘာတွေဝယ်မလဲ ဆိုတာကိုလည်း သေချာစဉ်းစားဖို့ လိုသေးတယ်။ မဟုတ်ရင် မမြတ်တဲ့အပြင်ကိုမှ ပြန်တောင်ရှုံးနေဦးမယ်”
ဟွာချင်းစီက ပြန်ပြောလိုက်လေသည် “ဒါဆို ကျွန်မကိုယ်တိုင် တောင်ဘက်နယ်မြေဆီ သွားပြီး စစ်ဆေးကြည့်လိုက်မယ်”
ယခုကိစ္စကိုသာ ကောင်းကောင်း တိုင်တွယ်နိုင်မည်ဆိုလျှင် သူမတို့ ထက်ကောင်းကင်နန်းတော်၏ အနာဂတ်အတွက် အလွန်ကိုမှ အကျိုးရှိပေလိမ့်မည်။ လက်ရှိအချိန်တွင် ရန်ကိုင်သည် အလွန်ကိုမှ ကြွယ်ဝချမ်းသာနေသေးသလို မီးနဂါးနန်းတော်နှင့် အာကာယံနန်းတော်တို့ဆီမှ အကြွေးများစွာ ရစရာရှိသေးပါသော်ငြား၊ ထက်ကောင်းကင်နန်းတော်အနေဖြင့် အမှန်တကယ် တိုးတက်လိုပါက သူတို့ကိုယ်သူတို့ အားကိုးရုံသာ ရှိပေလိမ့်မည်။
ရန်ကိုင်သည် ထက်ကောင်းကင်နန်းတော်တွင် တစ်ချက်ကလေးမျှပင် နေမနေဘဲ လူများကို ပို့ပြီးသည်နှင့် တစ်ပြိုင်နက် တောင်ဘက်နယ်မြေသို့ ချက်ချင်း ပြန်လာခဲ့သည်။
ရက်အတန်ကြာအောင် ပျံသန်းလာပြီးသည့်နောက်တွင် အစဉ်အဆက် သွယ်တန်းတည်ရှိနေသော တောင်စဉ်အစဉ်အဆက် ရန်ကိုင်ရှေ့၌ ထွက်ပေါ်လာခဲ့သည်။
ဤနေရာသည် နေမင်းပြာဂိုဏ်း တည်ရှိသည့် နေမင်းပြာတောင်တန်းသာ ဖြစ်လေသည်။ ရန်ကိုင်သည် နေမင်းပြာကျောင်းတော်၏ အမည်ခံတပည့်တစ်ဦးသာ ဖြစ်ပါသော်ငြား ကောင်းရွှယ်ထင်းနှင့် ဝမ်ကျိရှန်းတို့သည် သူ့အား အလွန်ကိုမှ အလေးထားကာ ဆက်ဆံခဲ့သည်။ ထို့အတွက်ကြောင့် တောင်ဘက်နယ်မြေသို့ ရောက်တုန်းရောက်ခိုက် နေမင်းပြာကျောင်းတော်ဆီသို့ ကျိန်းသေ လာလည်ရပေမည်။
ထို့အပြင် ရန်ကိုင်ကိုယ်တိုင်ကလည်း ခန္ဓာဖြစ်တည်အသီးကို ရပြီဖြစ်ကြောင်း ထျန်းယန်ကို ပြောလိုသည့် အတွက်ကြောင့် ကောင်းကင်တက်လှမ်းခြင်းကြေးမုံထဲသို့ သွားရန် လိုပေသေးသည်။
အစကတော့ ခန္ဓာဖြစ်တည်ဆေးလုံးကို သူကိုယ်တိုင် ဖော်စပ်ဖို့ပင်။ သို့သော်ငြား ကျိယင်ကဲ့သို့ ဝါရင့်သမာရင့် ဆေးပညာရှင်တစ်ဦးကို ရလိုက်သည့်နောက် ခန္ဓာဖြစ်တည်ဆေးလုံးအား ဖော်စပ်ရမည့်တာဝန်ကို ကျိယင်လက်ထဲသို့သာ လွှဲအပ်ခဲ့လိုက်တော့သည်။ လိုအပ်သည့် ဆေးအမယ်အားလုံးကိုလည်း ကျိယင်လက်ထဲ ထည့်ပေးထားခဲ့လိုက်ပြီ ဖြစ်သည့်အတွက်ကြောင့် သူပြန်ရောက်သည့် အချိန်လောက်ဆို ကျိယင်သည်လည်း ခန္ဓာဖြစ်တည်ဆေးလုံးကို ဖော်စပ်လို့ ပြီးနေလောက်ပေပြီ။
ခန္ဓာဖြစ်တည်ဆေးလုံး ရလာပြီဆိုသည်နှင့် ထျန်းယန်သည်လည်း ရုပ်ခန္ဓာတစ်ခုကို ပိုင်ဆိုင်လာနိုင်ပေလိမ့်မည်။ ထိုသို့ ဖြစ်လာသည့်အခါ ကောင်းကင်တက်လှမ်းခြင်း ကြေးမုံထဲမှထွက်၍ ကြယ်တာရာအစုအဝေးထဲ လျှောက်သွားနိုင်မည်ဖြစ်ကာ ထက်ကောင်းကင်နန်းတော်အတွက်လည်း အားကောင်းသည့် မဟာမိတ်တစ်ဦး ဖြစ်လာနိုင်ပေလိမ့်မည်။
မဟာဧကရာဇ်တစ်ပါးမှ သူတို့အား ကာကွယ်ပေးနေမည် ဖြစ်လေရာ ထက်ကောင်းကင်နန်းတော်၌ မဟာဧကရာဇ်တစ်ပါး ရှိမနေသည့်တိုင် ထက်ကောင်းကင်နန်းတော်သည် မဟာဧကရာဇ်ဂိုဏ်းတစ်ဂိုဏ်းနှင့် ခြားတော့လိမ့်မည် မဟုတ်ချေ။ ထိုသို့ဖြစ်လာသည့်အခါ ထက်ကောင်းကင်နန်းတော်၏ အဆင့်အတန်းသည် ကြယ်ဝိဥာဉ်နန်းတော်၊ ရှုယာဉ်သာနန်းတော်တို့အောက် နိမ့်ကျတော့လိမ့်မည် မဟုတ်ချေ။
ရုတ်တရက် ရန်ကိုင်သည် ပျံသန်းနေရင်းမှ ရုတ်တရက် ရပ်သွားခဲ့ပြီး တစ်ခုသောဘက်သို့ လှည့်၍ မျက်မှောင်ကြုတ်ကာ ပြောလိုက်လေ၏ “ဘယ်သူလဲ”
ရန်ကိုင်၏အသံ ဆုံးသွားသည်နှင့် ရန်ကိုင် ကြည့်နေသည့် ဟင်းလင်းပြင်ထဲ အရောင်တလက်လက် တောက်ပလာခဲ့လေသည်။ ထိုအလင်းရောင်မှာ အလွန်ကိုမှ စူးသည့်အတွက်ကြောင့် ရန်ကိုင်ပင် မျက်လုံးမှေးစဉ်းလိုက်ရသည်။ အလင်းရောင် ပျောက်ကွယ်သွားသည့်နောက်၌ ရန်ကိုင်မြင်ကွင်းထဲ လူနှစ်ဦး ပေါ်လာခဲ့လေသည်။
တစ်ဦးသည် မျက်နှာဖြူဖြူနှင့် သက်လတ်ပိုင်းလူကြီးတစ်ဦး ဖြစ်သည်။ အခြား တစ်ယောက်မှာတော့ ရန်ကိုင်နှင့် အသက်တူ၊ အရွယ်တူလောက်ရှိသည့် လူငယ်လေး တစ်ဦး ဖြစ်ပေသည်။ ထိုနှစ်ဦးသည် မသိလျှင် သားအဖများ ဖြစ်ကြသည့်အလား၊ အတော်လေးကိုမှ ရုပ်ဆင်ကြပေသည်။
သက်လတ်ပိုင်းလူကြီးသည် လက်ရှိအချိန်၌ မျက်နှာသေဖြင့်သာ ရှိနေပါသော်ငြား လူငယ်လေး၏ မျက်လုံးထဲတွင်တော့ ယှဉ်ပြိုင်လိုစိတ်ကို့ အထင်းသား ထွက်ပေါ်နေခဲ့သည်။
“စီနီယာရှောင်လား” ရန်ကိုင် မျက်ခုံးပင့်သွားခဲ့သည်။
ရှောင်ယုရန်က ပြန်ပြောလိုက်၏ “မင်းပဲ”
“ဟုတ်တယ်” ထို့နောက်တွင် ရန်ကိုင်သည် လူငယ်လေးဘက်သို့လှည့်၍ ပြုံးလျက် “ရောင်းရင်းရှောင်၊ ကြယ်ပျက်ပင်လယ်ထဲက ထွက်လာပြီးတဲ့နောက်ပိုင်း အဆင်ပြေတယ်မလား”
ထိုနှစ်ဦးသည် ကြယ်ဝိဥာဉ်နန်းတော်၏ အဖွဲ့သားများသာ ဖြစ်ကြလေသည်။ ရှောင်ချန်ကိုတော့ ပြောစရာမလိုချေ။ ထိုကောင်သည် မင်းသမီး လန်ရွှင်းအနား၌ သက်တော်စောင့်တစ်ဦးနှယ် အမြဲတစေ ရှိနေတတ်သည့်လူ မဟုတ်လေလော။ သူ့အဖေဖြစ်သည့် ရှောင်ယုရန်မှာတော့ ရန်ကိုင်မှ ကြယ်တာရာအစုအဝေးထဲသို့ ဝင်လာပြီးနောက် ပထမဆုံးအကြိမ် မြင်ခဲ့ဖူးသည့် ဧကရာဇ်အဆင့် ပညာရှင်တစ်ဦး ဖြစ်ပေသည်။ ထိုစဉ်က ရှောင်ယုရန်သည် ဧကရာဇ်ဒုတိယအဆင့် ပညာရှင်တစ်ဦး ဖြစ်သည့်အတွက်ကြောင့် ရန်ကိုင်အဖို့ သူ့အား မော်ကြည့်ရုံသာ တတ်နိုင်ခဲ့သည်။
နှစ်ပေါင်းများစွာ ကြာပြီးသည့်နောက်တွင် ရှောင်ယုရန်မှာ ဧကရာဇ်တတိယအဆင့်သို့ ချိုးဖျက်ဝင်ရောက်သွားသည့်ပုံပင်။ သူ့အရှိန်အဝါမှာ ဧကရာဇ်ဒုတိယအဆင့်တွင် ရှိစဉ်က အရှိန်အဝါထက် အများကြီး ပိုအားကောင်းနေခဲ့သည်။ ထို့အပြင် ရှောင်ချန်သည်လည်း ကြယ်ပျက်ပင်လယ်ထဲ၌ အကျိုးကျေးဇူးများစွာ ရရှိခဲ့သည့်ပုံပင်။
ထိုလူနှစ်ဦးသည် ဤနေရာတွင် ရုတ်တရက်ကြီး ပေါ်လာပြီး ရန်ကိုင်သွားမည့်လမ်းကို ပိတ်ထားခဲ့သည်။ သူတို့ ဘာလုပ်ချင်နေသလဲဆိုသည်မှာ အထင်းသားပင်။
ကြယ်ဝိဥာဉ်နန်းတော်၏ အကြီးအကဲ တန်ကျွင်းဟောင်နှင့် သူ့တပည့် ဝူမင်တို့၏ သေဆုံးမှုသည် ကြယ်ဝိဥာဉ်နန်းတော်တစ်ခုကို ပွတ်လောရိုက်သွားစေခဲ့လေသည်။ ထိုစဉ်ကတည်းက ကြယ်ဝိဥာဉ်နန်းတော်သည် ရန်ကိုင်အား တောက်လျှောက် ရှာဖွေနေခဲ့ခြင်းပင်။ သို့သော်ငြား ရန်ကိုင်နှင့် ပက်သက်သည့် သဲလွန်စမှ ပျောက်ခြင်းမလှ ပျောက်ကွယ်နေသဖြင့် ကြယ်ဝိဥာဉ်နန်းတော်သည်ပင်လျှင် ရန်ကိုင်အား မရှာဖွေနိုင် ဖြစ်ခဲ့ရလေသည်။
သို့သော်ငြား လွန်ခဲ့သော တစ်လခန့်က၊ ရန်ကိုင်အား မေပယ်မြို့တွင် တွေ့ခဲ့ကြောင်း လော့ပင်းဟူသည့် တပည့်တစ်ဦးမှ သတင်း ပို့လာခဲ့လေသည်။
ထိုသတင်းကို ကြားပြီးပြီးချင်း ရှောင်ယုရန် အပြေးလာခဲ့ခြင်း ဖြစ်သည်။ ယခုကိစ္စတွင် ရှောင်ယုရန်ကိုယ်တိုင် ပါဝင်လာရသည်မှာ ရန်ကိုင်အပေါ် လေးစားမှုထားသည့် အတွက်ကြောင့်တော့မဟုတ်၊ တန်ကျွင်းဟောင်နှင့် သူ့တပည့် ဝူမင်တို့ ရန်ကိုင်လက်၌ သေဆုံးခဲ့ရသည်ဟု သတင်းရရှိထားသည့် အတွက်ကြောင့်သာ။ ထို့အတွက်ကြောင့် သူတို့ဝင်မပါဘဲ အားနည်းသည့် လူများကို လွှတ်လိုက်ပါက ဘာမှအကျိုးထူးလိမ့်မည် မဟုတ်ချေ။ ဧကရာဇ်တတိယအဆင့် ကျင့်ကြံသူများသည်သာ ယခုကိစ္စကို စုံစမ်းရန် အဆင်ပြေပေသည်။
တန်ကျွင်းဟောင်ကိစ္စကြောင့် တစ်ချိန်ကုန် ငြိမ်သက်နေကြသည့် ကြယ်ဝိဥာဉ်နန်းတော်၏ ဧကရာဇ်တတိယအဆင့် ပညာရှင်များ ရန်ကိုင်ကို ရှာဖွေရန်အတွက် စတင် လှုပ်ရှားလာကြလေသည်။
ရန်ကိုင်သည် နေမင်းပြာကျောင်းတော်၏ တပည့်တစ်ဦး ဖြစ်သည့်အတွက်ကြောင့် မေပယ်မြို့သို့ ရောက်ပြီးနောက်တွင် ရန်ကိုင်သည် နေမင်းပြာကျောင်းတော်သို့ ကျိန်းသေ ပြန်သွားလိမ့်မည်ဟု ထင်ခဲ့လေသည်။ ထို့ကြောင့်ပင် ဤနေရာ၌ စောင့်ဆိုင်းနေခဲ့ခြင်းပင်။ သူထင်ထားသည်မှာလည်း တကယ်ကို မှန်နေခဲ့သည်။ ရန်ကိုင်သည် နေမင်းပြာကျောင်းတော်သို့ တကယ်ကြီး ပြန်လာခဲ့လေသည်။
ရန်ကိုင်၏ စကားကို ကြားပြီးနောက် ရှောင်ချန်က ပြုံးဖြီးလျက် “မင်းဘယ်သူလဲ၊ ငါမင်းကို သိလို့လား”
ရှောင်ချန်မှာတော့ နဂိုအတိုင်း အလွန်ကိုမှ မောက်မာဝံ့ကြွားနေဆဲပင်။
ရှောင်ချန်နှင့် တစ်ကြိမ်မက တွေ့ဖူးသည့်အတွက်ကြောင့် ရှောင်ချန်ပုံစံကို ရန်ကိုင် အတော်လေး သိထားခဲ့လေသည်။ ထို့အတွက်ကြောင့် ဒေါသထွက်နေခြင်း မရှိဘဲ ပြုံး၍သာ ရှောင်ယုရန်ဘက်သို့လှည့်၍ မေးလိုက်လေ၏ “စီနီယာရှောင် ဘာလို့ ဂျူနီယာရဲ့ လမ်းကို ပိတ်ထားလဲ သိလို့ရမလား”
“ဒီလောက်သိသာနေတာကိုတောင် မင်းက ထပ်လာမေးနေသေးတယ်ပေါ့ ဟုတ်လား” ရှောင်ချန်သည် ရန်ကိုင်အား လက်ညိုးငေါက်ငေါက်ထိုးရင်း အော်ပြောလိုက်လေသည် “မင်းဘာလုပ်ထားလဲ မင်းမသိဘူးလားကွ”
ရန်ကိုင်က ပြုံး၍ ပြန်ပြောလိုက်၏ “ရောင်းရင်းရှောင် ဘာကိုပြောချင်နေတာလဲ ကျုပ်နားမလည်ဘူးနော်”
ရှောင်ချန်း၏ မျက်နှာ သုန်မှုန်သွားခဲ့လေသည် “မင်းတကယ် မသိတာလား၊ ဒါမှမဟုတ် မသိချင်ယောင် ဆောင်နေတာလား”
ရန်ကိုင်သည် ရှောင်ချန်အား ဂရုစိုက်မနေတော့ဘဲ ရှောင်ယုရန်ဘက်သို့ လှည့်သွားသည့် အတွက်ကြောင့် ရှောင်ချန်မှာ ဒေါသတနုံ့နုံ့ဖြင့် ကျန်ခဲ့ရလေသည်။
ရှောင်ယုရန်ကမူ လက်နောက်ပစ်လျက် တည်တည်ငြိမ်ငြိမ်ဖြင့် ရှိနေခဲ့သည်။ သို့တိုင် သူ့စိတ်ထဲတွင်မူကား အံ့အားသင့်တကြီးဖြင့် သက်ပြင်းချနေမိလေ၏။ ယခုကိစ္စမတိုင်ခင် ရန်ကိုင်အကြောင်း သိပ်မသိခဲ့ချေ။ ရန်ကိုင်သည် ဥတုလေးမျိုးနယ်မြေထဲ၌ အဆုံးမဲ့ရတနာဆေးလုံးကို ဖော်စပ်ခဲ့သည့် လူတစ်ဦး ဖြစ်သည်ဟုသာ သိခဲ့သည်။
ထိုအချက်မှလွဲ၍၊ ရန်ကိုင်အကြောင်း ဘာမှမသိချေ။ ထို့ကြောင့် ဤနေရာ၌ ရန်ကိုင်အား လာစောင့်မနေစဉ်၊ ရန်ကိုင်အကြောင်းကို ရျောင်ချန်အား မေးကြည့်ခဲ့လေသည်။ ထိုအခါမှသာ ရန်ကိုင် မည်မျှ ထူးချွန်ကြောင်း သိခဲ့ရသည်။ ရှောင်ချန် ပြောသွားပုံအရ၊ ရန်ကိုင်သည် လုံးဝကို မဖြစ်နိုင်လောက်သည့် အရာမျိုးများကို လုပ်ပြသွားခြင်း ဖြစ်ကာ သူ့သားသည် အလွန်ကိုမှ ထူးချွန်သော်ငြား ရန်ကိုင်နှင့် ယှဉ်လိုက်သော် တစ်ခုခု လိုအပ်နေသလို ဖြစ်သွားရလေသည်။
ယခု ရန်ကိုင်နှင့် တွေ့ပြီးသည့်နောက်တွင် ရန်ကိုင်အပေါ် သူ့အထင်အမြင်မှာ ပိုမို ကောင်းမွန်လာခဲ့ရလေသည်။
ဧကရာဇ်တတိယအဆင့်သို့ ရောက်နေသော ကြယ်ဝိဥာဉ်နန်းတော်၏ အကြီးအကဲ တစ်ဦးရှေ့သို့ ရောက်နေသည့်တိုင် ဤဧကရာဇ်ပထမအဆင့် ကျင့်ကြံသူလေးမှာ အနည်းငယ်မျှပင် ကြောက်ရွံ့နေခြင်းမရှိ။ တည်တည်ငြိမ်ငြိမ်ဖြင့်သာ ပြန်ပြောနေ၏။
ထိုကောင် တန်ကျွင်းဟောင်နှင့် ဝူမင်တို့ကို တကယ်ကြီး သတ်ခဲ့လေသလော၊ ရှောင်ယုရန်၏စိတ်ထဲ သံသယအတွေးတို့ ထွက်ပေါ်လာခဲ့သည်။ ဤဧကရာဇ်ပထမ အဆင့်သာ ရှိသေးသော လူငယ်လေး၏လက်၌ တန်ကျွင်းဟောင်နှင့် ဝူမင်တို့ တကယ်ကြီး သေသွားခဲ့ခြင်းပေလော။ သူတို့ မည်ကဲ့သို့များ သေသွားခဲ့ရသနည်း။
သို့သော်ငြား ထိုသို့ မဖြစ်နိုင်ဘူးဆိုလျှင်ပင် ကြယ်ဝိဥာဉ်နန်းတော်မှ စစ်ဆေးကြည့်ရသလောက် ဧကရာဇ်အဆင့် အယောက်နှစ်ဆယ်ကျော်စလုံးသည် ရန်ကိုင်ဆီသို့ ညွှန်ပြနေခဲ့လေသည်။ တန်ကျွင်းဟောင်နှင့် ဝူမင်တို့ကို ရန်ကိုင် မသတ်ခဲ့လျှင်ပင် သူတို့၏ သေဆုံးမှုသည် ရန်ကိုင်နှင့် ပက်သက်နေပေသည်။
“တန်ကျွင်းဟောင်၊ ဝူမင်” ရှောင်ယုရန်သည် ထိုနာမည်နှစ်ခုကို ရေရွတ်ပြီးနောက် ရန်ကိုင်အား စူးရဲစွာ စိုက်ကြည့်လိုက်သည်။
ရန်ကိုင်က မျက်ခုံးပင့်လျက် ပြန်ပြောလိုက်လေ၏ “အဲ့ကိစ္စကိုး... ဟုတ်တယ်။ စီနီယာရှောင် အဲ့ကိစ္စကို စစ်ဆေးနေတာဆိုရင်တော့ သူတို့ကို သတ်လိုက်တာ ဂျူနီယာပဲ”
“အပိုတွေ” ရှောင်ချန်က အထင်အမြင်တသေးဖြင့် ချက်ချင်း ပြန်ပြောလိုက်သည်။
“မင်းဘေးနားမှာ အရမ်း အားကောင်းတဲ့ မွန်းစတားဘုရင်တစ်ပါး ရှိခဲ့တယ်ဆို” ရှောင်ယုရန်က ပြောလိုက်လေသည် “အဲ့မွန်းစတားဘုရင် ဘယ်မှာလဲ”
ရန်ကိုင်က ခေါင်းခါလျက် “အဲ့တုန်းက အဲ့နားမှာ မွန်းစတားဘုရင်မရှိဘူး”
ရှောင်ယုရန်က ပြန်ပြောလိုက်၏ “ရန်ကိုင်၊ မင်းလို ပါရမီရှင်တစ်ယောက် ငါပြဿနာ တက်အောင် မလုပ်ချင်ဘူး။ အဲ့မွန်းစတားဘုရင် နေရာကိုပြောပြ၊ ပြီးရင် ကြယ်ဝိဥာဉ်နန်းတော်ဆီ ပြန်လိုက်ခဲ့”
ရန်ကိုင်က မျက်လုံးမှေးစဉ်းလျက် “တန်ကျွင်းဟောင်နှင့် ဝူမင်တို့ သေသွားရတာ အဲ့မွန်းစတားဘုရင်ကြောင့်လို့ စီနီယာရှောင် ထင်နေတာလား”
“အဲ့ဒါကလွဲပြီး အခြားရှိသေးလို့လား”
ရန်ကိုင် ရုတ်တရက် ဝါးလုံးကွဲ အော်ရယ်မောလိုက်လေသည်။ သူ့ဘက်မှ အမှန်အတိုင်း ပြောနေသော်ငြား တစ်ဖက်လူသည် သူ့အား မယုံဘဲ နေလိမ့်မည်ဟု မထင်ထားခဲ့ချေ။ ထို့နောက်တွင် ရန်ကိုင်က အလေးအနက် အမူအရာဖြင့် ပြန်ပြောလိုက်လေသည် “ကြယ်ဝိဥာဉ်နန်းတော်ရဲ့ အကြီးအကဲတစ်ယောက် ဆိုကတည်းက တန်ကျွင်းဟောင်က ကြယ်ဝိဥာဉ်နန်းတော်နဲ့ လမင်းမဟာဧကရာဇ်ကို ကိုယ်စားပြုတယ်။ တောင်ဘက်နယ်မြေသားတွေကို ကာကွယ်ရမှာ သူ့တာဝန်တွေပဲ။ ဒါပေမယ့် ဒီဂျူနီယာရဲ့ ရတနာတွေကို လိုချင်လို့ အရိပ်ဓါးပျံမြို့မှာ အောက်တန်းကျတဲ့ နည်းလမ်းတွေကိုသုံးပြီး ဧကရာဇ်အဆင့် ပညာရှင်တွေကို ထိန်းချုပ်ပြီး ဒီဂျူနီယာကို သတ်ပစ်ဖို့ ကြိုးစားခဲ့တယ်။ ဒီဂျူနီယာလည်း သူလာတိုက်ခိုက်လို့ ပြန်တိုက်ခိုက်တာ။ ရှင်းရှင်းပြောရရင် ဒီဂျူနီယာက ကြယ်ဝိဥာဉ်နန်းတော်ကိုယ်စား သူတို့အမှိုက်ကို ရှင်းပစ်ပေးတာလို့တောင် ပြောလို့ရတယ်။ ဒီတော့ ခင်ဗျားတို့ဘက်က ကျုပ်ကို ဘာမှလာလုပ်ပေးနေစရာ မလိုဘူး။ ကျေးဇူးလည်းတင်စရာမလိုဘူး။ ကျုပ်ကို ပြဿနာ လာမရှာတာနဲ့တင် ကျေနပ်နေပြီ။ ဒါပေမယ့် စီနီယာရှောင်က ကျုပ်လမ်းကို လာပိတ်ထားတာဆိုတော့... ကြယ်ဝိဥာဉ်နန်းတော်ရဲ့ သဘောထားကို ဒီဂျူနီယာ တကယ် စိတ်ပျက်မိသွားပြီ”
“ကြယ်ဝိဥာဉ်နန်းတော်ရဲ့ ကိစ္စက မင်းဝေဖန်ရမယ့်အလုပ် မဟုတ်ဘူး” ရှောင်ချန်က အေးစက်စက် အမူအရာဖြင့် နှာခေါင်းရှုံ့လိုက်သည်။
ရှောင်ယုရန်က ခေါင်းညိတ်၍ ပြန်ပြောလိုက်လေသည် “ကြယ်ဝိဥာဉ်နန်းတော်က ဒီကိစ္စကို သေချာ စစ်ဆေးပြီးသွားပြီ။ တန်ကျွင်းဟောင်ရဲ့ လုပ်ရပ်က တကယ်ကို အောက်တန်းကျတယ်၊ ကြယ်ဝိဥာဉ်နန်းတော်ရဲ့ ဂုဏ်သတင်းကို ထိခိုက်စေတာ။ သူသေတာ ဘာမှဝမ်းနည်းစရာမရှိဘူး။ သူမင်းလက်မှာ သေသွားခဲ့ရင် ဒီကိစ္စက မင်းနဲ့ ကြယ်ဝိဥာဉ်နန်းတော်ကြားက ကိစ္စပဲ။ ဒါပေမယ့် မွန်းစတားဘုရင်တစ်ပါးကြောင့် သေသွားရတယ် ဆိုရင်တော့... မတူတော့ဘူး၊ မင်းသိတယ်မလား”
ရန်ကိုင်က စိတ်မရှည်တော့ဟန်ဖြင့် ပြန်ပြောလိုက်လေသည် “မွန်းစတားဘုရင် ဝင်မပါဘူးလို့ အဲ့ဧကရာဇ်အဆင့် ပညာရှင်တွေကကော ခင်ဗျားတို့ကို မပြောဘူးလား”
ရှောင်ယုရန်က ပြန်ပြောလိုက်လေသည် “ပြောတယ်၊ ဒါပေမယ့် သူတို့စကားက တကယ်ကြီး ယုံရမှာမို့လို့လား။ ဒါကြောင့်ပဲ မင်းကို ကြယ်ဝိဥာဉ်နန်းတော်ဆီ ပြန်ခေါ်သွားဖို့ လိုနေတာ။ ဘယ်သူမှ မင်းအပေါ် မတရား မဆက်ဆံဘူးလို့ ဒီရှောင် အာမခံတယ်။ မင်းငါ့ကို ပြောလို့လိုတာ အဲ့မွန်းစတားဘုရင် ဘယ်မှာရှိနေလဲ ဆိုတာပဲ”
ရန်ကိုင်က မျက်လုံးမှေးစဉ်းလျက် “စီနီယာရှောင် တောင်းဆိုတာကို ကျုပ်သဘောမတူနိုင်ဘူး”
“မင်းငါ့ကိုမယုံဘူးလား” ရှောင်ယုရန် မျက်မှောင်ကြုတ်သွားခဲ့လေသည်။
ရန်ကိုင်က ပြန်ပြောလိုက်လေ၏ “ကျုပ်က စီနီယာရှောင်နဲ့ ရင်းနှီးတာမှ မဟုတ်တာ။ ဘယ်လိုလုပ်ပြီး စီနီယာရှောင်ကို ယုံနိုင်မှာလဲ”
“ဒီကောင်နဲ့ ဆက်ပြောနေလည်း အပိုပဲအဖေ၊ အပိုတွေ ပြောမနေဘဲ အားသုံးပြီးပဲ ခေါ်သွားကြရအောင်” စိတ်မထိန်းနိုင်တော့သည့်အဆုံးတွင် ရှောင်ချန်သည် သူ့ဓါးကို ဆွဲထုတ်လိုက်လေသည်။ ထို့နောက် ရန်ကိုင်အား စိုက်ကြည့်၍ “ဧကရာဇ်အဆင့်ကို ရောက်သွားတာနဲ့ မင်းကိုယ်မင်း တော်လှပြီ ထင်နေတာလား။ ဒီနေ့ မင်းနဲ့ငါ ဘယ်လောက်ကွာလဲ ပြရသေးတာပေါ့”
ဧကရာဇ်ဖိအား ဖြာထွက်လာပြီး ဓါးစိတ်ဆန္ဒတို့ ကောင်းကင်တစ်ခွင် ပျံ့နှံ့သွားခဲ့သည်။ ရှောင်ချန်၏ ဓါးမှာ တဆတ်ဆတ် တုန်ခါလာနေခဲ့ပြီးနောက်တွင် ရှောင်ချန်က အလေးအနက် အမူအရာဖြင့် ရေရွတ်လိုက်လေ၏ “အသူတရာနှင်းပန်း ကြွေဆင်းခြင်း”
ရှောင်ချန်သည် တိုက်သည်နှင့် တစ်ပြိုင်နက် အားအကောင်းဆုံး တိုက်ကွက်ကို ထုတ်ဖော်ခဲ့လေသည်။
ရန်ကိုင်က ရယ်သွမ်းသွေးလျက် “ငါလည်း အဲ့လိုပဲလုပ်ဖို့ စဉ်းစားနေတာ”
ထို့နောက် ဟန်ပြင်လျက် တိုးဝင်လာနေသည့် ဓါးလှိုင်းဆီသို့ လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်လေ၏။ ရှောင်ယုရန်မှာ သူ့သား၏ ဓါးချက်နှင့် ပက်သက်၍ ကျေနပ်မိသော်ငြား ရန်ကိုင်၏ လက်ဝါးချက်ကို မြင်သည့် အချိန်တွင်တော့ သူ့အမူအရာမှာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့ရလေသည်။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၇၆၄)
ဘာသာပြန်သူ_တိမ်တိုက်
နှစ်ပေါင်းများစွာ အသက်ရှင်လာသည့် ဧကရာဇ်တတိယအဆင့် ပညာရှင်တစ်ဦး ဖြစ်သည့်အလျောက် ရှောင်ယုယန်သည် ရှောင်ချန်းထက် ဗဟုသုတ ပိုကြွယ်ဝသလို အမြင်လည်း ပိုစူးရှသည်။ ထို့ကြောင့် တစ်ချက်ကြည့်လိုက်ရုံဖြင့် ရှောင်ချန်း လုံးဝ အောက်စည်းရောက်နေကြောင်း မြင်တွေ့လိုက်ရလေသည်။
ထိုအချက်ကို တွေ့လိုက်ရသည့်အခိုက် သူ့စိတ်ထဲ အတော်လေးကိုမှ ထိတ်လန့်သွားခဲ့ရသည်။ နှစ်ဦးစလုံးမှာ ကြယ်ပျက်ပင်လယ်ထဲသို့ ဝင်ရောက်ခဲ့ပြီးသည့်နောက် ဧကရာဇ်အဆင့်သို့ ချိုးဖြတ်နိုင်ခဲ့ကြခြင်း အတူတူကို သူတို့ကြားရှိ ခွန်အားကွာခြားချက်မှာတော့ မိုးနှင့်မြေအလား ကြီးမားနေခဲ့လေသည်။
“ချန်းအာ… ပြန်ဆုတ်လာခဲ့…” ရှောင်ယုယန်က အော်ပြောလိုက်သည်။
သို့သော်ငြား ယခုမှ ပြောနေ၍တော့ နောက်ကျလွန်းနေခဲ့လေပြီ။ လက်ဝါးချက်တစ်ချက်သည် တလက်လက်တောက်ပနေသော ဓါးအလင်းတန်းများကို တမုဟုတ်ချည်း ချိုးဖြတ်လာခဲ့လေသည်။ ထိုလက်ဝါးချက်အောက်ဝယ် ဓါးရောင်များမှာ ရုတ်ချည်း ညှိုးကျသွားခဲ့ရပြီး ရှောင်ချန်း၏ ဓါးစိတ်ဆန္ဒမှာလည်း ထိန်းချုပ်မရအောင်ကို ပရမ်းပတာ ဖြစ်သွားခဲ့ရလေသည်။
ရှောင်ချန်းမှာ အထိတ်ထိတ် အလန့်လန့်ဖြင့် နောက်သို့ အလျင်စလို ပြန်ဆုတ်လာခဲ့သည်။ သို့သော်ငြား တိုးဝင်လာနေသည့် လက်ဝါးရိပ်မှာတော့ အရိပ်သဖွယ် သူ့နောက်သို့ ထပ်ကြပ်မကွာ လိုက်လာခဲ့ပြီး သူ၏ ပြေးပေါက်အားလုံးကို ပိတ်ဆို့ထားခဲ့လေသည်။
ဆက်ကြည့်နေ၍ မရတော့သည့်အတွက်ကြောင့် ရှောင်ယုယန်လည်း ဝင်ပါလိုက်ရတော့လေသည်။ ရုတ်ချည်းဆိုသလို လေပြင်းများ စတင် တိုက်ခတ်လာတော့လေ၏။
လေပြင်းတစ်ချက် သူ့လက်ချောင်းအား ဖြတ်တိုက်သွားသည်နှင့် တစ်ပြိုင်နက် ရန်ကိုင်လည်း ရုတ်ချည်း ရပ်တန့်လိုက်လေသည်။
ရှောင်ယုယန်သည် ရန်ကိုင်နှင့် ရှောင်ချန်းကြား၌ ရပ်နေရင်းမှ အလေးအနက် အမူအယာဖြင့် ပြောလိုက်လေသည်။ “ရန်ကိုင်… ငါ ကြီးနိုင်ငယ်ညှင်း မလုပ်ချင်ဘူး… မင်းကိုလည်း မတိုက်ခိုက်ချင်ဘူး… မင်း ဘာဖြစ်လို့ ငါတို့နဲ့ အေးအေးဆေးဆေး မလိုက်ခဲ့တာလဲ…”
ရန်ကိုင်က ပြုံးဖြီးလျက် “အဲ့လိုမျိုးတော့ မရဘူး…”
ရှောင်ယုယန်က သက်ပြင်းချလျက် “အဲ့လိုဆိုမှတော့လည်း ငါလည်း ဘယ်တတ်နိုင်ပါတော့မလဲ…”
ထိုသို့ပြောပြီးသည့်နောက်တွင် ရှောင်ယုယန်သည် ရန်ကိုင်တည့်တည့်သို့ သူ့လက်ကို ဆုပ်ကိုင်သည့်ပုံစံမျိုး လုပ်လိုက်လေသည်။ ချက်ချင်းဆိုသလို အနီးအနားဝန်းကျင်ရှိ ဟင်းလင်းပြင်တစ်ခုလုံးမှာ ပိတ်ချခံလိုက်ရသည့်အလား ဟင်းလင်းပြင်အတွင်းဆီမှ တဝီဝီမြည်သံများ စတင် ထွက်ပေါ်လာခဲ့လေသည်။
ရန်ကိုင်ကမူ ရှောင်ယုယန်၏တိုက်ကွက်ကို ရှောင်ရှားခြင်း အလျဉ်းမရှိဘဲ ထူးမခြားနားဟန်ဖြင့်သာ ပြန်ပြောလိုက်သည်။ “စီနီယာရှောင်… ဒီဂျူနီယာ ခင်ဗျားကို အထင်သေးထားတာမဟုတ်ပေမယ့် စီနီယာရှောင် ကျုပ်ကို ထိန်းထားနိုင်မှာမဟုတ်ဘူး… လူဆိုတာ ရေစက်ပါရင် ပြန်ဆုံကြရတာပဲလေ… ဒီတော့ နောင်ကျမှပဲ တွေ့ကြတော့တာပေါ့…”
ထို့နောက်တွင် လေဟာနယ်နိယာမစွမ်းအားများ ထွက်ပေါ်လာခဲ့ပြီး ရန်ကိုင်၏ခန္ဓာကိုယ်သည် ပျောက်ချင်းမလှ ပျောက်ကွယ်သွားခဲ့လေသည်။
ရှောင်ယုယန် ဖမ်းမိလိုက်သည်မှာတော့ ရန်ကိုင်၏ ပုံရိပ်ယောင်တစ်ခုသာ ဖြစ်နေခဲ့လေသည်။ ထိုအချင်းအရာကို မြင်ပြီးသည့်နောက် ရှောင်ယုယန်၏အမူအယာ ပြောင်းလဲသွားခဲ့ပြီး ငြီးတွားလိုက်လေသည်။ “လေဟာနယ်စွမ်းရည်လား…”
ထို့နောက်တွင် ဘေးပတ်ပတ်လည်သို့ လှည့်ပတ်ကြည့်လိုက်ပါသော်ငြား ရန်ကိုင်အား မည်သည့်နေရာတွင်မှ ရှာမတွေ့တော့ချေ။ ရန်ကိုင် မည်သည့်ဘက်သို့ ထွက်ပြေးသွားသလဲ ဆိုသည်ကိုပင် သူ အာရုံမခံနိုင်ခဲ့။ ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်၍ စစ်ဆေးကြည့်လိုက်သည့်တိုင် ရန်ကိုင်၏ အရှိန်အဝါကို လုံးဝ ရှာမတွေ့ခဲ့သဖြင့် ရှောင်ယုယန် မျက်နှာပျက်သွားခဲ့ရလေသည်။
အစကတော့ တန်ကျွင်းဟောင်နှင့် ဝူမင်တို့ သေသွားခဲ့ရသည်မှာ ရန်ကိုင်အနားတွင် ရှိနေသော မွန်းစတားဘုရင်များကြောင့် ဖြစ်သည်ဟု ထင်ခဲ့လေသည်။ သို့သော်ငြား လက်ရှိ ဖြစ်ပျက်သွားပုံကို ကြည့်ရသလောက် ရန်ကိုင်လက်ချက်ကြောင့် ထိုနှစ်ဦးသေသွားသည်မှာ အတော်လေးကို ဖြစ်နိုင်ချေ များလာခဲ့သည်။ စိတ်ကြိုက် တည်နေရာခုန်ကူးနိုင်သည့် စွမ်းရည်တစ်ခုမှာ အန္တရာယ်အများဆုံး အခြေအနေများကိုပင်လျှင် အထက်အောက်ပြောင်းပြန် လှန်ပစ်နိုင်သည့် စွမ်းရည်တစ်မျိုး ဖြစ်လေသည်။ ထို့အပြင် ထိုကောင်လေး၌ ယွမ်တင်းမဟာဧကရာဇ်၏ တောင်နဲ့မြစ်ခေါင်းလောင်း ရှိနေသည်ဟုလည်း ပြောကြသည်။ ထိုမှော်ရတနာသည် ရှေးဟောင်းမှော်ရတနာတစ်ခု ဖြစ်နေခဲ့လေသည်။ တောင်နဲ့မြစ်ခေါင်းလောင်း မည်မျှ အားကောင်းသလဲဆိုသည်ကို မည်သူမျှ မသိကြပါသော်ငြား ထိုအရာသည် အထင်သေး၍မရသည့် မှော်ရတနာတစ်ခု ဖြစ်သည်မှာတော့ မြေကြီးလက်ခတ်မလွဲပင်။
ထို့နောက် သူ့သားဆီသို့ လှည့်ကြည့်လိုက်ရာ ဓါးကိုကိုင်ထားသည့် ရှောင်ချန်း၏လက်မှာ တဆတ်ဆတ် တုန်ရီနေခဲ့ပြီး သူ့မျက်နှာမှာလည်း မှုန်ကုပ်ကုပ်အမူအယာဖြင့် ဖြူဖတ်ဖြူလျော်ဖြစ်နေကြောင်း တွေ့လိုက်ရလေသည်။
ရန်ကိုင်အား တိုက်ကွက်တစ်ကွက်တည်းဖြင့် ရှုံးနိမ့်ရသည်မှာ ရှောင်ချန်းအတွက်တော့ အရှက်ရစရာပင်။ သူထင်ခဲ့သည်မှာတော့ ဧကရာဇ်အဆင့်သို့ ချိုးဖြတ်ဝင်ရောက်ပြီးသည့်နောက်၌ ဧကရာဇ်ပထမအဆင့်အတွင်း မည်သူမျှ သူ့အား မယှဉ်နိုင်တော့ဘူးဟူ၍ပင်။ သူသည် ကြယ်ဝိဉာဉ်နန်းတော်၏ ပင်မတပည့်ဖြစ်သည်။ ထို့အပြင် ရှောင်ယုယန်၏သားလည်း ဖြစ်နေလေသည်။ ငယ်စဉ်ကတည်းက စနစ်တကျ ပျိုးထောင်ခံလာရခြင်းဖြစ်ကာ ကြယ်ဝိဉာဉ်နန်းတော်ထဲရှိ ပင်မတပည့်များအနက် အတော်ဆုံးတပည့်တစ်ဦးလည်း ဖြစ်ပေသည်။ ထို့အတွက်ကြောင့်ပင်လျှင် ရှောင်ချန်းသည် အဆင့်တူကျင့်ကြံသူများအနက် ပြိုင်ဘက်ကင်းဖြစ်သည်ဟု လူအများက ပြောကြလေသည်။
သို့သော်ငြား လက်ရှိအခိုက်အတန့်တွင် သူခံစားလာခဲ့ရသည့် ပြိုင်ဘက်ကင်းဟူသော ခံစားချက်မှာ ရန်ကိုင်လက်ချက်ကြောင့် တစ်စစီ ပျက်စီးကျိုးကြေသွားကုန်ရလေသည်။ ရန်ကိုင်၏လက်ဝါးချက်တစ်ချက်သည် သူ၏ ယုံကြည်မှု၊ မာန အားလုံးကို တစ်စစီ နင်းချေ ဖျက်ဆီးသွားခဲ့လေသည်။
“တိုက်ခိုက်မယ်ဆိုလို့ရှိရင် အနိုင်အရှုံးဆိုတာ ရှိမှာပဲ… ရှုံးသွားတာကိုပဲ စဉ်းစားမနေနဲ့… ကိုယ့်ကိုယ်ကို ဘယ်လိုတိုးတက်အောင် လုပ်မလဲ ဆိုတာကို ပြန်စဉ်းစား… အဲ့ဒါမှ လူဆိုတာ တိုးတက်နိုင်မှာ…” ရှောင်ယုယန်က ထူးမခြားနားဟန်ဖြင့် ပြောလိုက်သည်။
ရှောင်ချန်၏ခန္ဓာကိုယ် မသိမသာလေး တုန်တက်သွားခဲ့သည်။ နောက်ဆုံးကြမှ အသိပြန်ဝင်လာခဲ့ပြီး အလျင်အမြန် ပြန်ပြောလိုက်လေသည်။ “ကျေးဇူးအများကြီးတင်ပါတယ် အဖေ…”
“သွားကြရအောင်…” ရှောင်ယုယန်က လက်ဝှေ့ယမ်းလိုက်လေသည်။
“ဘယ်ကိုသွားဖို့လဲ…” ရှောင်ချန်းက ပြန်မေးလိုက်သည်။
“နေမင်းပြာကျောင်းတော်…” ထိုသို့ပြောပြီးသည့်နောက်တွင် ရှောင်ယုယန်သည် ရှေ့မှဦးဆောင်၍ ပျံသန်းသွားလေသည်။
ဤနေရာတွင် ပုန်းအောင်းနေခဲ့ရာမှ ရန်ကိုင်နှင့် လာတိုးနိုင်ခဲ့သည်။ ရန်ကိုင်သွားချင်နေသည့် လမ်းကြောင်းမှာ အသိသာကြီးပင်။ ရန်ကိုင်အား ဤနေရာတွင် ထိန်းမထားနိုင်သည့်အတွက်ကြောင့် သူတို့အနေဖြင့် နေမင်းပြာကျောင်းတော်သို့ သွား၍သာ ရန်ကိုင်အား ရှာဖွေရပေတော့မည်။
မည်သို့ပင်ဖြစ်နေစေကာမူ တန်ကျွင်းဟောင်နှင့် သူ့တပည့် သေသွားသည့်ကိစ္စကိုတော့ ဤအတိုင်း အလွတ်ပေးလိုက်၍ မဖြစ်ချေ။
ရှောင်ယုယန်တို့လက်မှ လွတ်လာပြီးသည့်နောက်တွင် ရန်ကိုင်သည် တောက်လျှောက် ပျံသန်းလာခဲ့လေရာ လူနှစ်ဦးနှင့် သွားတိုးလေ၏။ ရှေ့မှဦးဆောင်လာသည့်လူက အော်ပြောလိုက်ပြီးသည့်နောက် ရန်ကိုင်၏လမ်း၌ ပိတ်ရပ်လိုက်လေသည်။
နေမင်းပြာကျောင်းတော်ထဲ တစ်ကြိမ်မက ဝင်ခဲ့ဖူးသည့်အတွက်ကြောင့် နေမင်းပြာကျောင်းတော်၏ စည်းမျဉ်းစည်းကမ်းများကို ရန်ကိုင်သိပေသည်။ ချက်ချင်းပဲ သူ၏ နေမင်းပြာရွှေတံဆိပ်ပြားကို ထုတ်ပေးလိုက်လေသည်။
တံဆိပ်ပြားကိုမြင်သည့်နောက် ဦးဆောင်လာသည့်လူ၏ အမူအယာ ပြောင်းလဲသွားခဲ့လေသည်။ “နေမင်းပြာရွှေတံဆိပ်ပြား…”
နေမင်းပြာရွှေတံဆိပ်ပြားကို နေမင်းပြာကျောင်းတော်၏ ပင်မတပည့်များသာ ရနိုင်ကြလေသည်။ သူတို့မှာ နေမင်းပြာကျောင်းတော်၏ တပည့်များ ဖြစ်ကြပါသော်ငြား သူတို့နှင့် ပင်မတပည့်များကြား အများကြီး ကွာခြားနေပေသေးသည်။
ထို့အတွက်ကြောင့် ထိုနှစ်ဦးမှာ ရန်ကိုင်အား နောက်တစ်ဖန် သေသေချာချာကို ကြည့်လိုက်ကြတော့သည်။ သို့သော်ငြား ရန်ကိုင်ကို သူတို့ မမြင်ဖူးချေ။ ရန်ကိုင်၏ပုံစံမှာ သူတို့သိထားသည့် ပင်မတပည့်များ၏ ပုံစံနှင့် လုံးဝကို မတူခဲ့။
ဦးဆောင်လာသည့်တပည့်က ဒေါသထွက်ထွက်ဖြင့် ထပ်၍ အော်ပြောလိုက်လေသည်။ “မင်း ဘယ်လိုတောင် ငါတို့ကျောင်းတော်ရဲ့ တပည့်တစ်ယောက်အဖြစ် အယောင်ဆောင်ရဲတာလဲ… မင်း ဒီတံဆိပ်ပြားကို ဘယ်ကနေရလာတာလဲ ပြောစမ်း…”
ထိုသို့ပြောပြီးသည့်နောက်တွင် တပည့်နှစ်ဦးလုံးသည် သူတို့၏ မှော်ရတနာများကိုထုတ်၍ အချိန်မရွေးတိုက်ခိုက်ရန် ပြင်လိုက်ကြလေသည်။
ရန်ကိုင်သည် နေမင်းပြာကျောင်းတော်၏ အမည်ခံတပည့်တစ်ဦးသာ ဖြစ်ပြီး ဤတံဆိပ်ပြားကို ကောင်းရွှယ်ထင်းမှ မေပယ်မြို့တွင် ရှိစဉ်က အခြားသူများမသိအောင် တိုးတိုးတိတ်တိတ် ပေးခဲ့ခြင်း ဖြစ်လေသည်။ ထို့အတွက်ကြောင့် ရန်ကိုင် နေမင်းပြာရွှေတံဆိပ်ပြားအား ပိုင်ဆိုင်ထားသည်ဟူသော အချက်ကို လူများများစားစား မသိကြပေ။ ထိုအကြောင်းကြောင့်သည်ပင်လျှင် ဤတပည့်များ ရန်ကိုင်အား မသိကြခြင်း ဖြစ်လေသည်။ ထို့အတွက်ကြောင့် သူတို့မသိသည့် လူတစ်ဦးမှ နေမင်းပြာရွှေတံဆိပ်ပြားကို ကိုင်ဆောင်၍ နေမင်းပြာကျောင်းတော်ထဲသို့ ဝင်လာသည်ကိုမြင်သော် ရန်ကိုင်သည် အယောင်ဆောင်လူတစ်ဦး ဖြစ်သည်ဟုသာ တပည့်များက ထင်သွားကြတော့သည်။
ရန်ကိုင်က ပြန်၍ပြောလိုက်လေ၏။ “အကြီးအကဲကောင်းကိုယ်တိုင် ငါ့ကို ဒီတံဆိပ်ပြား ပေးထားတာ… မယုံရင် အကြီးအကဲကောင်းကို သွားမေးလိုက်… မဟုတ်ရင်လည်း အခြားအကြီးအကဲတွေကို သွားမေးလို့ရတယ်… ရန်ကိုင်ရောက်လာတယ်လို့သာ ပြောလိုက်… သူတို့ မင်းကို ပြန်ပြောပြလိမ့်မယ်…”
“ရန်ကိုင်…” ဦးဆောင်လာသည့်တပည့် မျက်မှောင်ကျုံ့သွားခဲ့လေသည်။ ထို့နောက် သူ့ဘေးနားတွင် ရှိနေသော ဂျူနီယာညီလေးအား လှမ်း၍ ကြည့်လိုက်လေ၏။ ထို့နောက် ရန်ကိုင်ဘက်သို့ ပြန်လှည့်၍ ခေါင်းတစ်ချက်ညိတ်ပြလိုက်ပြီးသည့်နောက် ပြန်ပြောလိုက်လေ၏။ “ဒီမှာ ခဏစောင့်နေပါဦး…”
ထိုသို့ပြောပြီးသည့်နောက်တွင် ဆက်သွယ်ရေးမှော်ရတနာကို ထုတ်၍ ရန်ကိုင်ရောက်လာသည့်အကြောင်းကို သတင်းပို့လိုက်လေသည်။
တစ်ခဏအကြာ၌ ဆက်သွယ်ရေးမှော်ရတနာ တုန်ခါသွားခဲ့လေသည်။ ပြန်ပို့လာသည့် သတင်းကို စစ်ဆေးကြည့်ပြီးသည့်နောက် ရန်ကိုင်၏လမ်းကို ပိတ်ရပ်နေသည့် တပည့်နှစ်ဦးအနက်မှ ခေါင်းဆောင်ဖြစ်သူ၏ အမူအယာ ထူးဆန်းသွားခဲ့လေသည်။
တံဆိပ်ပြားမှာ အမှန်ဖြစ်ကြောင်း၊ ရန်ကိုင်၏ သူတို့ကျောင်းတော်၏ တပည့် ဖြစ်ကြောင်းကိုလည်း အကြီးအကဲမှ ပြောသွားခဲ့သည်။
“အစောပိုင်းက ရိုင်းပျသလို ဖြစ်သွားခဲ့တဲ့အတွက် တောင်းပန်ပါတယ် စီနီယာအစ်ကို…” အကြီးအကဲကိုယ်တိုင်က ထောက်ခံပေးလာပြီ ဖြစ်သည့်အတွက်ကြောင့် ထိုတပည့်မှာလည်း ရန်ကိုင်၏လမ်းကို ဆက်မပိတ်ရဲတော့ချေ။ ချက်ချင်းပဲ ဘေးသို့ ရွှေ့ပေးလျက် ပြောလိုက်လေ၏။ “အကြီးအကဲကောင်းက သူ့ကို သူတော်စင်များတောင်မှာ လာရှာဖို့ ပြောလိုက်ပါတယ်…”
ရန်ကိုင်လည်း ခေါင်းညိတ်လိုက်ပြီး နေမင်းပြာရွှေတံဆိပ်ပြားကို ပြန်သိမ်း၍ ထွက်သွားရန် ပြင်လိုက်လေသည်။ သို့သော်ငြား တစ်ခုခုအား စဉ်းစားမိသွားဟန်ဖြင့် ထပ်ပြောလိုက်လေ၏။ “ဟုတ်သားပဲ… ခဏကြာလို့ရှိရင် ငါ့နောက်ကနေ လူနှစ်ယောက် လိုက်လာလိမ့်မယ်… မင်းတို့ အဲ့ကောင်တွေကို တားနိုင်ရင် တားထားကြလိုက်ကွာ…”
“ဟုတ်ကဲ့…” အကြောင်းစုံကို မသိသေးသည့် တပည့်နှစ်ဦးမှာတော့ ရန်ကိုင်ပြောသည့်အတိုင်းသာ လိုက်လုပ်ရန် ပြင်လိုက်ကြလေသည်။
သူတော်စင်များတောင်သည် နေမင်းပြာကျောင်းတော်၏ အဓိကတောင်တစ်လုံး ဖြစ်ပေသည်။ ရန်ကိုင်လည်း အေးအေးသက်သာဖြင့် ထိုတောင်ဆီသို့ ပျံသန်းသွားလေ၏။ တောင်အနားသို့ ရောက်အောင် တောင်ပေါ်၌ ရှိနေသော နန်းတော်တစ်လုံးရှေ့၌ ရပ်၍ သူ့တည့်တည့်သို့ စိုက်ကြည့်နေသော အဖြူရောင်ပုံရိပ်တစ်ခုကို မြင်တွေ့လိုက်ရလေသည်။
ထိုအဖြူရောင်ပုံရိပ်မှာ နှင်းကြာပန်းတစ်ပွင့်အလား အလွန်ကိုမှ သန့်ရှင်းဖြူစင်လှသည်။ ကျော့ရှင်းလှသည့် ဝတ်ရုံနှင့် သွယ်လျသည့် ကိုယ်လုံးကိုယ်ပေါက်မှာ အလွန်ကိုမှ ပနံသင့်နေခဲ့သည်။ ထို့အပြင် ထိုအဖြူရောင်ပုံရိပ်၏ဘေး၌ ဘာမှန်းမသိရသော အရာလေးတစ်ခုလည်း ရှိနေခဲ့လေသည်။
ထိုအဖြူရောင်ပုံရိပ်ကို မြင်လိုက်သည်နှင့် တစ်ပြိုင်နက် ရန်ကိုင်သည် ယဲ့ယဲ့လေးပြုံးလျက် ထိုနေရာဆီသို့ အပြေးသွားလေ၏။
ရန်ကိုင် အနီးသို့ ရောက်လာသော် ထိုအဖြူရောင်ပုံရိပ်မှာ ရုတ်တရက် သူမလက်ကို ကောက်မြှောက်လိုက်သည်။ ချက်ချင်းဆိုသလို နေမင်းပုံစံနှင့် ဆင်တူသော စက်ဝိုင်းပုံကြေးမုံလေးတစ်ခု သူမခေါင်းထက် ဝဲလာခဲ့လေ၏။ ထိုကြေးမုံလေး ပေါ်လာသည်နှင့်တစ်ပြိုင်နက် ပတ်ဝန်းကျင်အပူချိန်မှာ ရုတ်ချည်းဆိုသလို မြင့်တက်လာခဲ့ရလေသည်။
ဤသည်မှာ ဧကရာဇ်အဆင့်မှော်ရတနာဖြစ်သော နေမီးလျှံကြေးမုံပင်။
ထို့နောက်တွင် ထိုနေမီးလျှံကြေးမုံဆီမှ အလွန်ကိုမှ ပူပြင်းလှသည့် အလင်းတန်းများ ထွက်ပေါ်လာခဲ့ပြီး ရန်ကိုင်ဆီသို့ တဟုန်ထိုး တိုးဝင်လာခဲ့လေသည်။
ရန်ကိုင်မှာလည်း အထိတ်တလန့်ဖြင့် အနန္တဓါးကို ကမန်းကတန်းထုတ်၍ တိုးဝင်လာနေသည့်အလင်းတန်းများကို အလျင်စလို ခုခံကာကွယ်လိုက်ရသည်။
တိုးဝင်လာနေသည့် အလင်းတန်းများမှာ ရန်ကိုင်၏ ဓါးချက်များကြောင့် ပစ်မှတ်အား မထိမှန်သွားနိုင်ခဲ့ပေ။ ရန်ကိုင်မှာတော့ ထိုတိုက်ကွက်ကြောင့် နောက်သို့ ပြန်ဆုတ်သွားခဲ့ရလေ၏။
အလင်းတန်းများကို ခုခံကာကွယ်ပြီးသည့်နောက်တွင် ကောင်းရွှယ်ထင်းသည် ရန်ကိုင်ရှေ့၌ ရုတ်တရက် ပေါ်လာခဲ့လေသည်။ ထို့နောက် သူမလက်ကို ဆန့်ထုတ်၍ ရန်ကိုင်၏နဖူးအား လက်ညှိုးဖြင့် ကောက်တောက်ချလိုက်သည်။
ရန်ကိုင်မှာ မရှောင်ရဲသည့်အတွက်ကြောင့် ငြိမ်ခံနေရုံသာ တတ်နိုင်ခဲ့လေသည်။
“ခွပ်” ခနဲ မြည်သံနှင့်အတူ သူ့ခေါင်းတစ်ခုလုံးကို ကျောက်တုံးကြီးတစ်လုံးမှ လာဆောင့်သလို ရန်ကိုင် ခံစားလိုက်ရလေသည်။
“အကြီးအကဲကောင်း…” ရန်ကိုင်သည် နဖူးကို လက်ဖြင့် ပွတ်ရင်းမှ မကျေမနပ်အမူအယာဖြင့် ပြန်ပြောလိုက်လေသည်။
ကောင်းရွှယ်ထင်းသည် ရန်ကိုင်အား အေးစက်စက်အမူအယာဖြင့် စိုက်ကြည့်လျက် “အတောင်တွေပေါက်လာပြီဆိုတော့ နင်က ငါ့ကိုတောင် ပြန်တိုက်ရဲနေတယ်ပေါ့ ဟုတ်လား…”
“ဘယ်မှာတိုက်လို့လဲ…” ရန်ကိုင်က ဘုမသိ ဘမသိ အမူအယာဖြင့် “ကျုပ်က ဒီတိုင်းပဲ မသိစိတ်အရ ကာကွယ်လိုက်မိတာလေ…”
“ငါ နင့်ကို ဘာဖြစ်လို့ တိုက်လဲ နင်သိလား…” ကောင်းရွှယ်ထင်းက မေးလိုက်လေသည်။
ရန်ကိုင်က ပြုံးဖြီးလျက် “ဘာလို့လဲဆိုတော့ ကျုပ် အိမ်ပြန်မလာတာကြာတော့ အကြီးအကဲကောင်းက ကျုပ်ကို လွမ်းနေလို့နေမှာပေါ့ ဟုတ်တယ်မလား…”
ကောင်းရွှယ်ထင်းက အေးစက်စက်အမူအယာဖြင့် “နင် ပြန်လာလာ မလာလာ ငါဂရုမစိုက်ဘူး… ဒါပေမယ့် ဒီလောက်ပြဿနာကြီးရှာပြီး ဒီလိုအန္တရာယ်မျိုးနဲ့ ကြုံနေရတာတောင် ဘာလို့ ငါတို့ကျောင်းတော်ဆီကနေ လာအကူအညီမတောင်းတာလဲ… ဘာလဲ… ငါတို့ကျောင်းတော်ကို နင့်အိမ်နင့်ယာလို သဘောမထားဘူးလား… နင့်ကိုယ်နင် အပြင်လူတစ်ယောက်လို့ သတ်မှတ်နေတာလား…”
ကောင်းရွှယ်ထင်း ကြယ်ဝိဉာဉ်နန်းတော်ကိစ္စအကြောင်းကို ပြောနေခြင်းမှန်း ရန်ကိုင် ချက်ချင်း သိလိုက်လေသည်။ ထို့အတွက်ကြောင့် သူ့စိတ်ထဲလည်း နွေးထွေးသွားခဲ့ရပြီး ယဲ့ယဲ့လေး ပြုံးမိလိုက်လေ၏။
“ပြုံးဖြီးမနေနဲ့… ငါ့နောက်လိုက်လာခဲ့…” ထိုသို့ပြောပြီးသည့်နောက်တွင် ကောင်းရွှယ်ထင်းသည် ရန်ကိုင်အား နားရွက်မှဆွဲကာ သူတော်စင်များတောင်ထွဋ်ဆီသို့ ခေါ်သွားလေသည်။
“နာတယ်… နာတယ်… နာတယ်…” ရန်ကိုင်သည် အနန္တဓါးကို လက်တစ်ဖက်ဖြင့် ကိုင်စွဲရင်းမှ အဆက်မပြတ် အော်ငြီးလျက် ကောင်းရွှယ်ထင်း ဆွဲခေါ်သွားရာ နောက်ဆီသို့ တရွတ်တိုက် ပါသွားခဲ့လေသည်။ ရန်ကိုင်သည် မဟာဧကရာဇ်များ၊ နတ်သားရဲများရှေ့တွင် မကြောက်မရွံ့ ပြုမူရဲပါသော်ငြား ယခုအချိန်တွင် အနည်းငယ်မျှပင် မခုခံရဲခဲ့ချေ။ မည်သို့ပင်ဖြစ်နေစေကာမူ ကောင်းရွှယ်ထင်းမှ အတင်းဆွဲထားသည့် အတွက်ကြောင့် သူ့နားမှာ ပြုတ်ထွက်တော့မလို ခံစားနေရလေရာ ရန်ကိုင်မှာ အဆက်မပြတ်ကို အော်ငြီးနေခဲ့ရလေသည်။
ကောင်းရွှယ်ထင်းကမူ ရန်ကိုင်အော်ပြောနေသည်ကို မသိချင်ယောင်သာ ဆောင်ထားခဲ့လေ၏။
သူတော်စင်များတောင်ဆီသို့ ရောက်လာပြီးသည့်နောက်မှသာ ကောင်းရွှယ်ထင်းလည်း ရန်ကိုင်နားရွက်အား ဆွဲထားသည်ကို လွှတ်ပေးလိုက်လေ၏။ ထို့နောက် ရန်ကိုင်၏နောက်စေ့ကို လက်ဝါးဖြင့် ရိုက်ချလိုက်လေသည်။
သူမ၏ရိုက်ချက်ကြောင့် ရန်ကိုင်ခမျာ အရှေ့တည့်တည့်သို့ လဲကျသွားတော့မလို ဖြစ်သွားခဲ့ပါသော်ငြား အထွန့်တော့ မတက်ရဲခဲ့ပေ။
ထို့နောက်တွင် ခေါင်းမော့၍ ကြည့်လိုက်ရာ ဝမ်ကျိရှန်းကို မြင်လိုက်ရသည့်အတွက်ကြောင့် ချက်ချင်းပဲ အလျင်စလို သွားနှုတ်ဆက်လိုက်လေ၏။ “ကျောင်းသခင်ဝမ်… အဆင်ပြေရဲ့လား…”
ဝမ်ကျိရှန်း၏နှုတ်ခမ်း တွန့်ကွေးသွားခဲ့ပြီး ရန်ကိုင်အား မမြင်ချင်ယောင်ဆောင်လျက် ကောင်းကင်ပေါ်သို့သာ မော့ကြည့်နေခဲ့လေသည်။ သို့သော်ငြား ကောင်းကင်စိတ်အာရုံဖြင့်တော့ ရန်ကိုင်အား ပြောလာခဲ့လေ၏။ “ရွှယ်ထင်းလေးက အရမ်းဒေါသထွက်နေတာ… သူ့ဒေါသကို ပြေသွားအောင် လုပ်ပေတော့… မဟုတ်ရင်တော့ ငါမင်းကို စကားမပြောရဲဘူး…”
ရန်ကိုင်မျက်နှာ သုန်မှုန်သွားခဲ့ပြီး အထင်အမြင်တသေးဖြင့် ဝမ်ကျိရှန်းအား ကြည့်လိုက်လေသည်။ ထို့နောက် လှည့်ကြည့်လိုက်ရာ လူအချို့သည် ဘေးဘက်၌ ရပ်နေကြောင်း တွေ့လိုက်ရလေသည်။ ဒုကျောင်းသခင် ချို့ရန်၊ အကြီးအကဲချန်းချန်၊ တိရုံနဲ့ ရို့ခွမ်တို့ပင်။ အကုန်လုံးမှာလည်း ရန်ကိုင်အား မမြင်သည့်အလား သူ့အကြည့်ကို ရှောင်လွှဲနေကြလေသည်။
ကောင်းရွှယ်ထင်းတစ်ယောက်သည်သာ ရန်ကိုင်အား အေးစက်စက်အမူအယာဖြင့် စိုက်ကြည့်နေလေ၏။
ရန်ကိုင်သည် နာနာခံခံဖြင့် ကောင်းရွှယ်ထင်းဆီသို့ လျှောက်သွားလိုက်ပြီး ခေါင်းကိုငုံ့လျက် “အကြီးအကဲကောင်း… တပည့်မှားမှန်းသိပါပြီ… ကျေးဇူးပြုပြီး တပည့်ကို အပြစ်ပေးပါ အကြီးအကဲကောင်း…”
ကောင်းရွှယ်ထင်းက ထူးမခြားနားလေသံဖြင့် “နင် ဘာအမှားမှ မလုပ်ထားတာ ငါက နင့်ကို ဘာအပြစ်ပေးရမှာလဲ… ငါ နင့်ကိုတောင် ကျေးဇူးတင်ရဦးမယ်… အဲ့တုန်းကသာ နင် ငါ့ကို မကယ်ခဲ့လို့ရှိရင် ငါ ဒုက္ခရောက်နေမှာ…”
ထိုသို့ပြောပြီးသည့်နောက်တွင် ရန်ကိုင်အား ဦးညွှတ်လိုက်လေသည်။
သူမ၏အပြုအမူကြောင့် ရန်ကိုင်မှာ အလွန်ကိုမှ ကြောက်ရွံ့သွားခဲ့လေရာ ချက်ချင်း ဘေးဘက်သို့ ခုန်ဆုတ်လိုက်လေသည်။
ကောင်းရွှယ်ထင်းသည် ရန်ကိုင် ခုန်ဆုတ်သွားသည့်ဘက်ဆီသို့ လှည့်၍ နောက်တစ်ကြိမ် ဦးညွှတ်လိုက်လေသည်။
ရန်ကိုင်က အော်ငိုတော့မတတ် မျက်နှာအမူအယာဖြင့် ပြန်ပြောလိုက်လေသည်။ “ အကြီးအကဲကောင်း ဘာလုပ်ချင်နေတာလဲ… တစ်ခုခုလုပ်ချင်နေတယ်ဆိုရင်လည်း ပြောလိုက်လေ…”
ကောင်းရွှယ်ထင်းမှာ ချက်ချင်း ခေါင်းပြန်မော့လာပြီး ရန်ကိုင်အား စူးရဲစွာ စိုက်ကြည့်လျက် “နင့်စကားနင်တည်နော်… ငါ နင့်ကို အတင်း မရမက လုပ်ခိုင်းတာမဟုတ်ဘူးနော်… နင် ဒီကိစ္စကို သဘောတူတယ်ဆိုလို့ရှိရင် ငါနင့်ကို ဒီတစ်ကြိမ် ခွင့်လွှတ်ပေးလိုက်မယ်…”
“ဘာလုပ်ခိုင်းမို့လဲ…” ရန်ကိုင်၏မျက်လုံးများ တောက်ပသွားခဲ့သည်။
“ငါတို့ကျောင်းတော်ရဲ့ အကြီးအကဲလုပ်…”
ရန်ကိုင်အမူအယာ တည်သွားခဲ့ပြီး ချက်ချင်းပဲ အလေးအနက်လေသံဖြင့် “အကြီးအကဲကောင်း… ဒါက…”
“နင် ငြင်းရဲတာလား…” ကောင်းရွှယ်ထင်းသည် ရန်ကိုင်အား ဓါးဖြင့်ချိန်ရွယ်လျက် ပြောလိုက်လေသည်။ “ဒီအကြီးအကဲကိုယ်တိုင် တောင်းဆိုတာကို နင် ငြင်းရဲရင် ငြင်းလိုက်စမ်း…”
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၇၆၅)
ဘာသာပြန်သူ_တိမ်တိုက်
ရန်ကိုင်တစ်ကိုယ်လုံး တောင့်တောင့်ကြီး ဖြစ်သွားခဲ့ပြီး တစ်ချက်ကလေးပင် မလှုပ်ရဲတော့ချေ။ သူ့နဖူးထက် ချွေးအေးများ ဝေ့သီလာခဲ့ပြီး အလေးအနက်အမူအယာဖြင့် ပြန်ပြောလိုက်လေသည်။ “ဂျူနီယာက လက်ခံတယ်လို့ ပြောမလို့ပါ…”
“အင်း… ဒါမှပေါ့…” ကောင်းရွှယ်ထင်း၏နှုတ်ခမ်းလေး တွန့်ကွေးသွားခဲ့ပြီး ရန်ကိုင်ဆီသို့ ချိန်ရွယ်ထားခဲ့သည့် သူမဓါးကို ပြန်သိမ်းလိုက်လေသည်။
ထိုအခါမှသာလျှင် ဒုကျောင်းသခင်ချို့ရန်နှင့် အခြားသော အကြီးအကဲများသည် ရန်ကိုင်ဆီသို့ လျှောက်လာပြီး ပြုံးဖြီးလျက် ရန်ကိုင်အား လာရောက်နှုတ်ဆက်ကြတော့လေသည်။
ဝမ်ကျိရှန်းကလည်း ပြုံးဖြီးလျက် “ကဲ ကဲ… ဒါဆိုရင်တော့ ငါတို့ကျောင်းတော်ထဲမှာ အကြီးအကဲအသစ်တစ်ယောက် ရှိလာပြီပေါ့… ဒါက တခမ်းတနား ဂုဏ်ပြုပေးရမယ့်ကိစ္စ… ဒီတော့ နောက်ငါးရက်ကြာလို့ရှိရင် အကြီးအကဲအသစ်အတွက် ဂုဏ်ပြုပွဲအခမ်းအနား ကျင်းပပေးမယ်… ငါတို့ကျောင်းတော်မှာ အကြီးအကဲအသစ်တစ်ယောက် ထပ်ရှိလာတဲ့အကြောင်းကို လောကကြီးတစ်ခုလုံးသိအောင် မြန်မြန်ကြေညာရမယ်…”
ရန်ကိုင်၏ခန္ဓာကိုယ် တုန်တက်သွားခဲ့ပြီး အလျင်စလို ငြင်းဆန်လိုက်လေသည်။ “အဲ့လိုမျိုး လုပ်စရာ မလိုပါဘူး ကျောင်းသခင်ရယ်… အခုလောလောဆယ် ဒီတပည့်…”
သူ့စကားကို ဆုံးအောင်မပြောရသေးခင်မှာပင် ဝမ်ကျိရှန်းက ပြုံးဖြီးဖြီးဖြင့် သူ့ပုခုံးကို လာပုတ်လျက် “မင်း ဘာမှထပ်ပြောနေစရာမလိုဘူး… ငါသိတယ်…”
ရန်ကိုင်မှာ သူ့ပါးစပ်ကိုဟလိုက်ပါသော်ငြား မည်သည့်စကားမှ ထွက်မလာခဲ့ဘဲ သက်ပြင်းတစ်ချက်သာ ထွက်လာခဲ့လေသည်။ သူသည် တန်ကျွင်းဟောင်နှင့် ဝူမင်ကို သတ်ပစ်ခဲ့သည်။ ထိုသို့သတ်ပစ်ရသည့်နောက်ကွယ်၌ အကြောင်းအရင်းများ ရှိပါသော်ငြား မည်သို့ပင် ဖြစ်နေစေကာမူ ရန်ကိုင် သတ်ပစ်လိုက်သည်မှာ ကြယ်ဝိဉာဉ်နန်းတော်၏ အကြီးအကဲများ ဖြစ်နေဆဲ။ သူသာ နေမင်းပြာကျောင်းတော်၏ အကြီးအကဲတစ်ဦး ဖြစ်လာမည်ဆိုလျှင် နေမင်းပြာကျောင်းတော်ကို သူ့အရှုပ်ထုပ်ထဲသို့ ဆွဲခေါ်လိုက်သလို ဖြစ်သွားပေလိမ့်မည်။
သူ့ဘာသာ အေးအေးလူလူ သွားပုန်းနေလိုက်လျှင် အဆင်ပြေပေသည်။ သို့သော်ငြား ဝမ်ကျိရှန်းမှာ ဘာကြောင့်များ သူအကြီးအကဲ ဖြစ်လာသည့်အကြောင်းကို ဂုဏ်ပြုပွဲအခမ်းအနား ကျင်းပ၍ အရေးတယူ ဂုဏ်ပြုပေးနေရလေသနည်း။ ဤသည်မှာ သူ့ကျောင်းတော်ကို ဒုက္ခရောက်အောင် လုပ်နေခြင်းပင် မဟုတ်လေလော။
ရန်ကိုင်စိတ်ထဲ ဝမ်ကျိရှန်းတို့၏ လုပ်ရပ်နှင့်ပတ်သက်၍ ရင်ထဲ နွေးထွေးသွားခဲ့ပါသော်ငြား တစ်ချိန်တည်းတွင်လည်း စိတ်ပူမိရလေသည်။ သူ့ကြောင့်သာ နေမင်းပြာကျောင်းတော် ဒုက္ခရောက်မည်ဆိုပါက ရန်ကိုင် လုံးဝကို စိတ်ကောင်းလိမ့်မည် မဟုတ်ပေ။ ထိုသို့ပင် ဖြစ်လင့်ကစား အကျိုးဆက်များကို သိနေသည့်တိုင် ဝမ်ကျိရှန်းမှာတော့ ရန်ကိုင်အား ကာကွယ်ပေးနေချင်ပေသေးသည်။
ကောင်းရွှယ်ထင်းက ဝင်ပြောလိုက်လေသည်။ “ကျောင်းတော်ရဲ့တပည့်တစ်ယောက်က ဧကရာဇ်အဆင့်ကို ရောက်သွားပြီဆိုလို့ရှိရင် အကြီးအကဲတစ်ယောက် ဖြစ်လာတယ်… ရှရှန်းလည်း အတူတူပဲ… ဒီတော့ ဘာမှတွေးပူမနေနဲ့…”
ရန်ကိုင်က သူ့ခေါင်းကိုကုတ်လျက် “အကြီးအကဲတွေကို ကျုပ် ပြောစရာတစ်ခုရှိသေးတယ်… မကြာသေးခင်တုန်းက တပည့် ကိုယ့်ဘာသာကိုယ် ဂိုဏ်းတစ်ဂိုဏ်း တည်ထောင်လိုက်တယ်…”
“ဟမ်…” ဝမ်ကျိရှန်းနှင့် ကောင်းရွှယ်ထင်းတို့မှာ အံ့အားသင့်နေသည့် အမူအယာများဖြင့် အကြည့်ချင်း ဖလှယ်လိုက်ကြလေသည်။ အခြားသောအကြီးအကဲများမှာလည်း ရန်ကိုင်စကားကြောင့် ကြောင်အမ်းအမ်း ဖြစ်သွားကုန်ကြလေ၏။
“အခုအချိန်မှာ တပည့်က ဂိုဏ်းချုပ်တစ်ယောက် ဖြစ်နေပြီလို့တောင် ပြောလို့ရတယ်… ဒီတော့ ကျောင်းတော်ရဲ့ အကြီးအကဲတစ်ယောက် ဖြစ်လာလို့ရှိရင် နည်းနည်း ပဋိပက္ခတွေ ဖြစ်မှာကို ကြောက်တယ်…”
ဝမ်ကျိရှန်းက ခေါင်းတညိတ်ညိတ် လုပ်နေခဲ့လေသည်။ ကောင်းရွှယ်ထင်းကမူ မယုံသင်္ကာအမူအယာဖြင့် ပြန်မေးလိုက်လေ၏။ “နင် ငါတို့ကို လိမ်နေတာတော့ မဟုတ်ပါဘူးနော်… ဟုတ်တယ်မလား… အကြီးအကဲရာထူးကို မလိုချင်လို့ နင် အခုလို လုပ်နေတာလား…”
ရန်ကိုင်က အလျင်စလို ပြန်ပြောလိုက်လေသည်။ “အာ… ဘယ်လိုလုပ်ပြီး အဲ့လိုလုပ်ရမှာလဲ… ဂျူနီယာ အမှန်အတိုင်း ပြောနေတာ…”
ကောင်းရွှယ်ထင်းက မျက်မှောင်ကျုံ့လျက် “နင်က ဧကရာဇ်အဆင့် ပညာရှင်တစ်ယောက်ဖြစ်လာလို့ ဂိုဏ်းတစ်ဂိုဏ်းကို တည်ထောင်နိုင်တဲ့ အရည်အချင်း ရှိတယ်ဆိုပေမယ့် နင့်အသက်က ငယ်ငယ်လေးပဲ ရှိနေသေးတာနော်… ဂိုဏ်းတစ်ဂိုဏ်းကို တည်ထောင်လိုက်တာ နင့်အတွက် ဘာအကျိုးရှိမှာမို့လို့လဲ… အခုလောလောဆယ် နင့်ရဲ့အဓိကတာဝန်က နင့်ကျင့်ကြံခြင်းကို တိုးတက်အောင် လုပ်ဖို့ပဲ…”
“အခုလိုစိုးရိမ်ပေးတဲ့အတွက် အကြီးအကဲကောင်းကို ကျေးဇူးအများကြီးတင်ပါတယ်… တပည့်လည်း ဘာကို ဦးစားပေးရမလဲ နားလည်ထားပြီးသားပါ… ဒါပေမယ့် တပည့် အခုလိုမျိုး သီးခြားဂိုဏ်းတစ်ဂိုဏ်း တည်ထောင်လိုက်ရတဲ့ အကြောင်းအရင်း ရှိနေလို့ပါ…” ရန်ကိုင်က ခေါင်းညိတ်၍ ပြန်ပြောလိုက်လေသည်။
ကောင်းရွှယ်ထင်းက သက်ပြင်းချလျက် “ဂိုဏ်းကို တည်ထောင်ပြီးသွားပြီဆိုတော့ အဲ့ဂိုဏ်းကို ဖျက်ဆီးပစ်လိုက်လို့ မရတော့ဘူး… ဒီလိုလုပ်ပါလား… နင့်ဂိုဏ်းကို ငါတို့ကျောင်းတော်နဲ့ မဟာမိတ်လုပ်ခိုင်းလိုက်လေ… နင် နောက်ပိုင်း တစ်ခုခု အကူအညီလိုလို့ရှိရင် ငါတို့ကျောင်းတော်ကလည်း ကူညီပေးလို့ရတာပေါ့… တကယ်တော့ နင့်ဂိုဏ်းကို ထိန်းချုပ်နေရတာ အဆင်မပြေဘူးဆိုလို့ရှိရင် ငါတို့ဘက်ကနေတောင် လူပို့ပေးပြီးတော့ အုပ်ချုပ်ရေးရာကိစ္စတွေမှာ ဝင်ကူညီပေးခိုင်းလို့ရတယ်…”
ရန်ကိုင်က ယဲ့ယဲ့လေးပြုံးလျက် “ဂိုဏ်းရဲ့ အုပ်ချုပ်ရေးရာတာဝန်တွေကို စီမံပေးဖို့တော့ အခြားတစ်ယောက်ကို လုပ်ခိုင်းထားလိုက်ပါပြီ… အဲ့ကိစ္စကတော့ ဂျူနီယာ စိတ်ပူစရာ မလိုတော့ပါဘူး…”
“အင်း… နင်က မဆိုးဘူးပဲ… ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်ရဲ့ခွန်အားက အရေးကြီးဆုံးဆိုတဲ့အချက်ကို နင်သိထားတာ ကောင်းတယ်…” ကောင်းရွှယ်ထင်းသည်လည်း ခဏမျှ တိတ်နေပြီးသည့်နောက် ဆက်၍ ပြောလိုက်လေသည်။ “ဒါပေမယ့် နင် အခု ဂိုဏ်းချုပ်တစ်ယောက် ဖြစ်နေပြီဆိုတော့ ကျောင်းတော်ရဲ့ အကြီးအကဲတစ်ယောက် ဖြစ်လာဖို့ကတော့ တကယ်ကို မသင့်တော်တော့ပါဘူး… ဒီလိုလုပ်ပါလား… ငါ နင့်ကို အဆင့်မြင့်ဧည့်အကြီးအကဲရာထူးပေးမယ်… အဲ့လိုဆိုရင်ရော ဘယ်လိုထင်လဲ ကျောင်းသခင်…”
ဝမ်ကျိရှန်းက ပြုံးလျက် “ရွှယ်ထင်းလေးပြောတာအကုန် အဆင်ပြေတယ်…”
အဆင့်မြင့်ဧည့်အကြီးအကဲရာထူးသည် အကြီးအကဲရာထူး ဖြစ်ပါသော်ငြား အကြီးအကဲတစ်ယောက်နှင့် ယှဉ်လိုက်လျှင် ပို၍ လွတ်လပ်ခွင့်ရပေသည်။ ဤရာထူးသည် အစောပိုင်းက ရန်ကိုင်ရရှိထားခဲ့သော အမည်ခံတပည့်နှင့် ဆင်တူပေသည်။ အမည်ခံတပည့်ထက် ပို၍ ရာထူးမြင့်ခြင်းသာ ရှိလေ၏။
“ဟုတ်သားပဲ… နင့်ဂိုဏ်းနာမည်ကို ဘယ်လိုခေါ်လဲ… အဲ့ဂိုဏ်းက ဘယ်မှာရှိတာလဲ…” ကောင်းရွှယ်ထင်းက မေးလိုက်သည်။
ချို့ရန်၊ ချန်းချန်နှင့် အခြားသူများမှာလည်း ရန်ကိုင်အား စိတ်ဝင်တစားဖြင့် ကြည့်နေကြလေသည်။
“ထက်ကောင်းကင်နန်းတော်လို့တော့ နာမည်ပေးထားတယ်… မြောက်ဘက်နယ်မြေမှာရှိတာ…” ရန်ကိုင်က ပြုံး၍ ပြန်ပြောလိုက်သည်။
“မြောက်ဘက်နယ်မြေ… အဝေးကြီးပဲ…” ကောင်းရွှယ်ထင်း မျက်မှောင်ကျုံ့သွားခဲ့လေသည်။ နေမင်းပြာကျောင်းတော်သည် တောင်ဘက်နယ်မြေတွင် ရှိနေခြင်း ဖြစ်သည့်အတွက်ကြောင့် ဂိုဏ်းနှစ်ဂိုဏ်းကြား အကွာအဝေးမှာ မိုင်ပေါင်းဘီလီယံနှင့်ချီပေသည်။ တစ်နည်းဆိုရသော် သူတို့ဂိုဏ်းနှစ်ဂိုဏ်းသည် မဟာမိတ်များ ဖြစ်နေမည်ဆိုလျှင်ပင် နေမင်းပြာကျောင်းတော်သည် ထက်ကောင်းကင်နန်းတော်ကို အကူအညီ ကြီးကြီးမားမား ပေးနိုင်လိမ့်မည် မဟုတ်ချေ။
“နင့်ဂိုဏ်းရဲ့ ခွန်အားကရော… ဂိုဏ်းထဲမှာ တပည့်ဘယ်နှစ်ယောက်ရှိလဲ…”
ရန်ကိုင်သည် ရှက်ကိုးရှက်ကန်းအမူအယာဖြင့် ကောင်းရွှယ်ထင်းကိုကြည့်လျက် ပြန်ပြောလိုက်လေ၏။ “အကြီးအကဲကောင်း အမှန်အတိုင်း ကြားချင်လား… ဒါမှမဟုတ်…”
“နင် လိမ်ရဲရင် လိမ်ကြည့်နော်…” ကောင်းရွှယ်ထင်းသည် ရန်ကိုင်အား စူးရဲစွာ စိုက်ကြည့်လိုက်လေသည်။
ရန်ကိုင်က ယဲ့ယဲ့လေးပြုံးလျက် ပြန်ပြောလိုက်လေသည်။ “တပည့်ကတော့ အများကြီးမရှိပါဘူး… အခုလောလောဆယ်မှ တစ်ရာလောက်ပဲ ရှိသေးတယ်…”
“တစ်ရာ….” ကောင်းရွှယ်ထင်း ခေါင်းတညိတ်ညိတ် ဖြစ်သွားခဲ့လေသည်။ ရန်ကိုင်ကို သူမ အထင်သေးသလို လုပ်နေခြင်း မဟုတ်ချေ။ တကယ်တော့ ရန်ကိုင်သည် မကြာသေးခင်ကမှ ဧကရာဇ်အဆင့်သို့ ချိုးဖြတ်ဝင်ရောက်သွားခြင်း မဟုတ်ပေလော။ ထို့အတွက်ကြောင့် သူတည်ထောင်ထားသည့်ဂိုဏ်း သေးငယ်သည်မှာ အထူးအဆန်းမဟုတ်ချေ။ ဂိုဏ်းကို စစတည်ထောင်ခြင်း၌ လူတစ်ရာလောက် စုစည်းနိုင်သည်ကပင် အတော်လေးကောင်းနေပြီဟု ပြော၍ရသည်။ ဂိုဏ်းတစ်ဂိုဏ်းတည်ထောင်ရသည်မှာ အချိန်ယူအားစိုက်ရသည့် အရာမျိုး ဖြစ်ပေသည်။ နေ့ချင်းညချင်း ရနိုင်သည့် အရာမျိုးမဟုတ်ပေ။
“ဂိုဏ်းရဲ့ခွန်အားကတော့ တပည့်တွေရဲ့ ကျင့်ကြံခြင်းကတော့ သိပ်မတူကြဘူး… ဧကရာဇ်အဆင့်ကတော့ တပည့်မပါဘူးဆိုလို့ရှိရင် နောက်ထပ်ခြောက်ယောက်ရှိတယ်…”
“ဘယ်လို…” အကြီးအကဲအားလုံး သက်ပြင်းရှိုက်သွားကြလေသည်။
“နောက်ထပ်ခြောက်ယောက်… ဒီတော့ မင်းတို့ဂိုဏ်းမှာ ဧကရာဇ်အဆင့်ခုနှစ်ယောက်တောင် ရှိနေတာပေါ့…”
“နင့်ဂိုဏ်းထဲမှာ လူတစ်ရာကျော်ပဲ ရှိတယ်ဆိုတာရော သေချာရဲ့လား…”
အချို့သောအကြီးအကဲများမှာ မတည်ငြိမ်နိုင်ကြတော့ဘဲ ချက်ချင်း ထမေးလာကုန်ကြလေသည်။ ဝမ်ကျိရှန်းသည်ပင်လျှင် မျက်လုံးအပြူးသား ဖြစ်နေခဲ့လေသည်။
လူတစ်ရာကျော်လေးသာ ရှိသော ဂိုဏ်းတစ်ဂိုဏ်းတွင် ဧကရာဇ်အဆင့်ပညာရှင်ခြောက်ဦး ရှိနေခဲ့လေသည်။ မည်ကဲ့သို့သော ဂိုဏ်းကများ ထိုကဲ့သို့သော ခွန်အားကို ပိုင်ဆိုင်ထားနိုင်ပါမည်နည်း။ ထိုခွန်အားမှာ အတော်လေးကိုမှ ကြောက်မက်ဖွယ် ကောင်းလွန်းလှလေသည်။ တပည့် သောင်းနှင့်ချီကာ ပိုင်ဆိုင်ထားသော နေမင်းပြာကျောင်းတော်၌ပင်လျှင် ဧကရာဇ်အဆင့် ဆယ်ဦးကျော်လောက်သာ ရှိပေသည်။
ကောင်းရွှယ်ထင်းမှာလည်း အလွန်ကိုမှ ထိတ်လန့်နေခဲ့လေသည်။ ရန်ကိုင်တည်ထောင်ထားသည့် ဂိုဏ်းမှာ အတော်လေးကိုမှ အားနည်းလိမ့်မည်ဟု ထင်နေခဲ့ပါသော်ငြား သူမထင်ထားသလို ဖြစ်မနေသည့်ပုံပင်။
“အဲ့ခြောက်ယောက်ရဲ့ ကျင့်ကြံခြင်းကရော…”
ရန်ကိုင်က ခေါင်းကိုကုတ်လျက် ပြန်ပြောလိုက်သည်။ “ဧကရာဇ်ပထမအဆင့် ရောက်နေတဲ့ မန်နေဂျာမှူးတစ်ယောက်… သူကတော့ ဂိုဏ်းရဲ့ အုပ်ချုပ်ရေးရာကိစ္စတွေမှာ ကျုပ်ကို ကူညီပေးတာပေါ့… ပြီးတော့ ဧကရာဇ်ပထမအဆင့်ကို ရောက်နေတဲ့ အစီအရင်မှူးတစ်ယောက်… ဧကရာဇ်ဒုတိယအဆင့်ကို ရောက်နေတဲ့ ဧကရာဇ်အဆင့်ဆေးပညာရှင်တစ်ယောက်…”
“ဟူး…” သက်ပြင်းရှိုက်သံများ ဘက်ပေါင်းစုံဆီမှ ထွက်ပေါ်လာကြလေသည်။ အကုန်လုံးမှာ နေ့ခင်းကြောင်တောင် တစ္ဆေသရဲတစ်ကောင်ကို မြင်လိုက်ရသည့် ပုံစံမျိုးဖြင့် ရန်ကိုင်အား ကြည့်နေကြလေသည်။ လူတစ်ရာကျော်လေးသာရှိသော ဂိုဏ်းငယ်လေးတစ်ဂိုဏ်းထဲ၌ ဧကရာဇ်အဆင့် ခုနှစ်ဦး ရှိနေသည်ကပင်လျှင် သူတို့အား ထိတ်လန့်တုန်လှုပ်သွားစေရန် လုံလောက်နေလေပြီ။ သို့သော်ငြား ရန်ကိုင်ပြောနေပုံကို ကြည့်ရသလောက် သူ့ဂိုဏ်းထဲ ဧကရာဇ်အဆင့် အစီအရင်ပညာရှင်တစ်ဦးနှင့် ဧကရာဇ်အဆင့်ဆေးပညာရှင်တစ်ဦးပါ ရှိနေသေးသည့်ပုံပင်။
မည်ကဲ့သို့များ ထိုသို့ဖြစ်နိုင်ရလေသနည်း။ နေမင်းပြာကျောင်းတော်တွင်ပင်လျှင် ကိုယ်ပိုင် ဧကရာဇ်အဆင့် အစီအရင်ပညာရှင်နှင့် ကိုယ်ပိုင် ဧကရာဇ်အဆင့် ဆေးပညာရှင် ရှိမနေခဲ့ပေ။ မဟာဧကရာဇ်များ တည်ထောင်ထားသည့် ဂိုဏ်းတွင်သာ ထိုကဲ့သို့သော လူအင်အားမျိုး ရှိနိုင်ပေသည်။
“ကျန်တဲ့သုံးယောက်ကရော…” ကောင်းရွှယ်ထင်းက ဆက်မေးလိုက်လေသည်။
ရန်ကိုင်က ခေါင်းကို ငုံ့လျက် အနည်းငယ်တောင်းတောင်းပန်ပန်လေသံဖြင့် “အခြားသုံးယောက်ကတော့ မွန်းစတားဘုရင်တွေပါပဲ…”
လူတိုင်း မင်သက်သွားကုန်ကြလေသည်။
“မွန်းစတားဘုရင်…” တစ်ယောက်ပင်မဟုတ် သုံးယောက်ကြီးပင်။
ဧကရာဇ်တတိယအဆင့် ကျင့်ကြံသူများနှင့် ယှဉ်ပြိုင်နိုင်သော ခွန်အားကို ပိုင်ဆိုင်ထားသည့် မွန်းစတားမျိုးနွယ်စုဝင်များကိုသာ မွန်းစတားဘုရင်များဟု ခေါ်ဆိုကြပေသည်။ တစ်နည်းဆိုရသော် ထိုမွန်းစတားဘုရင်တစ်ပါး၏ ခွန်အားမှာ နေမင်းပြာကျောင်းတော်၏ ကျောင်းသခင်ဝမ်ကျိရှန်းအောက် နိမ့်ကျခြင်းမရှိပေ။
လက်ရှိ ဝမ်ကျိရှန်း ရှိနေသည့် အတွက်ကြောင့်ပင်လျှင် နေမင်းပြာကျောင်းတော်သည် တောင်ဘက်နယ်မြေ၏ ထိပ်တန်းဂိုဏ်းတစ်ဂိုဏ်း ဖြစ်နေရခြင်းပင်။ ရှေးဟောင်းကျောင်းတော်နှင့် ကောင်းကင်တိုက်ပွဲဒိုဂျိုတို့လည်း အလားတူပင်။ ထိုဂိုဏ်းနှစ်ဂိုဏ်းစလုံးကို ဧကရာဇ်တတိယအဆင့် ကျင့်ကြံသူများမှ ဦးဆောင်ကြလေသည်။
သို့သော်ငြား ရန်ကိုင်၏ ထက်ကောင်းကင်နန်းတော်ထဲတွင်တော့ ထိုကဲ့သို့သော ပညာရှင်မျိုး သုံးဦးပင် ရှိနေခဲ့လေသည်။
မဟာဧကရာဇ်တစ်ပါး မရှိသည့်အချက်နှင့် ဧကရာဇ်အဆင့်ပညာရှင် နည်းပါးနေသည့် အချက်မှလွဲ၍ ရန်ကိုင်၏ဂိုဏ်းသည် မဟာဧကရာဇ်ဂိုဏ်းတစ်ဂိုဏ်းအောက် နိမ့်ကျနေခြင်း မရှိတော့ချေ။ ဤကဲ့သို့သော ဂိုဏ်းတစ်ဂိုဏ်းကိုသာ အချိန်ပေးလိုက်မည်ဆိုပါက ထိုဂိုဏ်း၏ခွန်အားမှာ တတိတိနှင့် တိုးများလာမည်ဖြစ်လေရာ အနှေးနှင့်အမြန်ဆိုသလို မဟာဧကရာဇ်များ တည်ထောင်ထားသော ဂိုဏ်းများနှင့် ယှဉ်ပြိုင်လာနိုင်ပေလိမ့်မည်။
နောက်ဆုံး ထိတ်လန့်နေရာမှ အသိပြန်ဝင်လာပြီးသည့်နောက်တွင် ကောင်းရွှယ်ထင်းက အလေးအနက်အမူအယာဖြင့် ပြောလိုက်လေသည်။ “မွန်းစတားမျိုးနွယ်စုဝင်တွေကို ဆက်ဆံရင်လည်း သတိထားဦးနော် ရန်ကိုင်… အဲ့မွန်းစတားဘုရင်သုံးပါးကို နင် ဘယ်လိုထိန်းချုပ်နိုင်ရတာလဲ… သူတို့ကရော နင့်အမိန့်ကို နာခံချင်ရဲ့လား…”
ဝမ်ကျိရှန်းကလည်း အလေးအနက်အမူအယာဖြင့် ဝင်မေးလိုက်လေသည်။ “ဟုတ်တယ်… မင်း အဲ့တစ်ချက်ကို သတိထားသင့်တယ်နော်…”
ရန်ကိုင်က ခေါင်းညိတ်လျက် ပြန်ပြောလိုက်သည်။ “တပည့် နားလည်ပါတယ်…”
“မင်းက တဇွတ်ထိုးနိုင်တဲ့လူမဟုတ်မှန်း ငါသိတယ်… အခုလိုမျိုး လုပ်ပြီးသွားတော့မှလည်း ဘာမှဆက်ပြောနေစရာ မလိုတော့ဘူးပေါ့ကွာ…” ဝမ်ကျိရှန်းက ခေါင်းညိတ်၍ ရုတ်တရက် ပြုံးဖြီးလျက် “ဒါပေမယ့် အခုကြည့်ရသလောက်တော့ မင်းရဲ့ထက်ကောင်းကင်နန်းတော်က ငါတို့ကျောင်းတော်နဲ့ မဟာမိတ်ဖွဲ့ဖို့ တကယ်ကို အရည်အချင်းရှိတယ်… ပြဿနာက ဂိုဏ်းနှစ်ဂိုဏ်းက အရမ်းဝေးနေတာပဲ… ဆိုးလိုက်တာ… ဟုတ်သားပဲ… မင်းရဲ့ထက်ကောင်းကင်နန်းတော်မှာ ဒီလောက်များတဲ့ ဧကရာဇ်အဆင့် ရှိနေပြီဆိုမှတော့ မင်းဂိုဏ်းကို တည်ထောင်ဖို့ ရွေးလိုက်တဲ့နေရာကလည်း တော်တော်လေးကောင်းမှာပေါ့နော် ဟုတ်တယ်မလား… ဂိုဏ်းတစ်ဂိုဏ်းတိုးတက်ဖို့ဆိုတာ တည်ထောင်ထားတဲ့ မြေနေရာတွေနဲ့လည်း ပတ်သက်တယ်ကွ… မြေနေရာအရွေးမှားသွားရင် သွားပြီပဲ…”
“တပည့် အဲ့ဂိုဏ်းကို တည်ထောင်တုန်းက အခြားတစ်ယောက်ရဲ့ ပိုင်နက်ကို ဝင်လုထားတာပါ… ဒီတော့ အဲ့ကိစ္စနဲ့ပတ်သက်ပြီး ဘာမှစိတ်ပူစရာမလိုပါဘူး….” ရန်ကိုင်က အဓိပ္ပာယ်ပါပါပြုံးလျက် ပြန်ပြောလိုက်လေသည်။
“အို…” ဝမ်ကျိရှန်း မျက်ခုံးပင့်သွားခဲ့ပြီး ပြန်မေးလိုက်လေသည်။ “မင်း ဘယ်ဂိုဏ်းရဲ့နေရာကို ဝင်လုထားတာလဲ… မြောက်ဘက်နယ်မြေက ဂိုဏ်းတွေကို ငါသိပ်မသိဘူးဆိုပေမယ့် တစ်ဂိုဏ်းတစ်လေလောက်ကတော့ ငါသိတယ်…”
“ရမ္မက်ရှာဂိုဏ်း…”
ဝမ်ကျိရှန်း ရုတ်ချည်းဆိုသလို မျက်လုံးအပြူးသား ဖြစ်သွားလေသည်။ အခြားသောအကြီးအကဲများမှာလည်း ပါးစပ်အဟောင်းသားဖြင့် ရန်ကိုင်အား ကြည့်နေကုန်ကြလေသည်။
အကုန်လုံးမှာ ရမ္မက်ရှာဂိုဏ်းအကြောင်း သိပေသည်။ ရမ္မက်ရှာဂိုဏ်းသည် မြောက်ဘက်နယ်မြေ၏ ထိပ်တန်းဂိုဏ်းတစ်ဂိုဏ်းဖြစ်ကာ အဆင့်အတန်းအရ နေမင်းပြာကျောင်းတော်နှင့် အဆင့်တူတွင် ရှိနေပေသည်။
ရန်ကိုင်သည် ထိုကဲ့သို့သော ဂိုဏ်းတစ်ဂိုဏ်း၏ မြေနေရာကို လုယူ၍ ထိုနေရာတွင် တည်ထောင်လိုက်ခြင်းပေလော။ ထိုသို့ဆိုလျှင် ရမ္မက်ရှာဂိုဏ်းမှာ ဖျက်ဆီးခံလိုက်ရပြီဟု ပြောလိုက်ခြင်းပင် မဟုတ်လေလော။
သို့သော်ငြား အခြားတစ်ဖက်မှ ကြည့်မည်ဆိုလျှင် ရန်ကိုင် လက်ရှိထုတ်ပြောသွားသည့် ခွန်အားအရ သူ့အနေဖြင့် ရမ္မက်ရှာဂိုဏ်းအား မဖျက်ဆီးနိုင်စရာ အကြောင်း မရှိချေ။
“မဆိုးဘူး မဆိုးဘူး… ရမ္မက်ရှာဂိုဏ်းရဲ့နေရာက တော်တော်လေးကောင်းတာ…” ဝမ်ကျိရှန်း၏နဖူးထက် ချွေးအေးများ ဝေ့သီလာတော့လေသည်။ ယခုမှသာလျှင် ရန်ကိုင်အား အကြီးအကျယ် အထင်သေးမိလိုက်ပြီမှန်း နားလည်သွားတော့သည်။ ယခင်ကတော့ ရန်ကိုင် အလားအလာကောင်းသည်ဟု မှတ်ယူလျက် ရန်ကိုင်အား နေမင်းပြာကျောင်းတော်ထဲသို့ ဆွဲခေါ်ရန် ကြိုးစားခဲ့လေသည်။ ထို့အတွက်ကြောင့်ပင်လျှင် ရန်ကိုင်မှာ အမည်ခံတပည့်တစ်ဦး ဖြစ်လာရခြင်းပင်။
သို့သော်ငြား နှစ်အနည်းငယ်လောက် မတွေ့လိုက်ရသည်နှင့် ဤအမည်ခံတပည့်လေးသည် တစ်လောကလုံးကို ထိတ်လန့်တုန်လှုပ်သွားစေနိုင်သည့် ကိစ္စရပ်မျိုးကို လုပ်ခဲ့လေသည်။ နယ်မြေနှစ်ခု အလွန်ကိုမှ ဝေးကွာနေသည့် အတွက်ကြောင့်သာ မဟုတ်ပါက ရန်ကိုင်၏လုပ်ရပ်သည် တောင်ဘက်နယ်မြေတစ်ခုလုံးကို ပျံ့နှံ့သွားလိမ့်မည်ဖြစ်ကာ ကြယ်တာရာအစုအဝေးတစ်ခုလုံးအား ဂယက်ရိုက်သွားစေပေလိမ့်မည်။
“ကဲ… အပိုတွေတော်လောက်ပြီ… ဂုဏ်ပြုပွဲအခမ်းအနားက နောက်ငါးရက်နေရင် ကျင်းပရတော့မှာ… ဒီတော့ ပြင်ဆင်စရာတွေ အများကြီးရှိသေးတယ်…” ကောင်းရွှယ်ထင်းက ခေါင်းစဉ်ပြောင်းလိုက်လေသည်။
ပို၍ထိတ်လန့်ဖွယ်ရာ အကြောင်းအရာများကို ကြားရမည်စိုးသည့် အတွက်ကြောင့် ကောင်းရွှယ်ထင်းမှာ ဆက်မမေးရဲတော့ချေ။
ထိုအခိုက်အတန့်မှာပင် ကောင်းရွှယ်ထင်း ရုတ်တရက် မျက်မှောင်ကျုံ့သွားခဲ့လေသည်။ သူမ၏ ဆက်သွယ်ရေးမှော်ရတနာကို ထုတ်၍ ကောင်းကင်စိတ်အာရုံ ထည့်သွင်းကြည့်လိုက်ပြီးသည့်နောက် ခေါင်းမော့၍ ပြောလိုက်လေ၏။ “ကျောင်းသခင်… ရှောင်ယုယန်ရောက်နေတယ်…”
ဝမ်ကျိရှန်း၏မျက်လုံးများ မှေးစင်းသွားခဲ့လေသည်။ “ဒီကောင် တော်တော်မြန်တာပဲ…”
ရန်ကိုင်က ချောင်းဟန့်လျက် ဝင်ပြောလိုက်လေ၏။ “တပည့် ဒီကိုလာတုန်းက သူနဲ့ လမ်းမှာတိုးခဲ့သေးတယ်… တပည့် သူ့ကို မျက်ခြေဖြတ်ခဲ့တော့ ဒီအထိလိုက်လာတာ ဖြစ်ရလိမ့်မယ်…”
ဝမ်ကျိရှန်းက ခေါင်းညိတ်၍ ပြန်ပြောလိုက်သည်။ “ငါသိတယ်… ရွှယ်ထင်းလေး… အခုလောလောဆယ် သူ့ကို ခေါ်သွားလိုက်ပါဦး…”
“အင်း…” ကောင်းရွှယ်ထင်းက ခေါင်းညိတ်ပြီးသည့်နောက် ရန်ကိုင်အား အမိန့်ပေးလိုက်လေ၏။ “ငါ့နောက်လိုက်ခဲ့…”
ရန်ကိုင်လည်း အကြီးအကဲများကို နှုတ်ဆက်ပြီးသည့်နောက်တွင် ကောင်းရွှယ်ထင်းနောက် လိုက်လာခဲ့လေသည်။
သူ့အနေဖြင့် ရှောင်ယုယန်ကို မကြောက်ပါသော်ငြား ရှောင်ယုယန်နှင့်သာ သွားတိုးမည်ဆိုပါက မည်သည့်ကောင်းသည့်ကိစ္စမှ ထွက်လာလိမ့်မည် မဟုတ်ပေ။ ထို့အတွက်ကြောင့် ရန်ကိုင်သည် တစ်နေရာရာတွင် သွားပုန်းနေရန်သာ ဆုံးဖြတ်လိုက်လေသည်။ ထိုသို့ပင် ဖြစ်နေလင့်ကစား သူ့ပြဿနာထဲ နေမင်းပြာကျောင်းတော်ကို ဆွဲခေါ်ခဲ့ရသည့်အပေါ်တော့ အပြစ်မကင်းသလို ဖြစ်နေခဲ့ရသည်။
တစ်ခဏကြာပြီးသည့်နောက်တွင် ကောင်းရွှယ်ထင်းသည် ရန်ကိုင်အား သူမနေထိုင်သည့် ခရမ်းဝါးတောင်ဆီသို့ ခေါ်လာခဲ့လေသည်။ ကျယ်ပြောလှသော ခရမ်းရောင်ဝါးပင်များသည် တောင်အနှံ့ ပေါက်ရောက်နေခဲ့ပြီး လေအဝှေ့နှင့်အတူ ယိမ်းထိုးနေခဲ့သည်။
ခရမ်းဝါးတောင်ပေါ်တွင် ရှိနေသည်မှာတော့ အလွန်ကိုမှ ရိုးရှင်းလှသည့် အိမ်လေးတစ်လုံးပင်။