အခန်း (၂၇၆၆-၂၇၇၀)
Vol. 118 Ch. 2766-2770
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၇၆၆)
ဘာသာပြန်သူ_တိမ်တိုက်
နေမင်းပြာကျောင်းတော်ထဲ၌ အကြီးအကဲတစ်ချင်းစီသည် ကိုယ်ပိုင်တောင်တစ်လုံးစီ ရကြလေသည်။ ခရမ်းဝါးတောင်သည် ကောင်းရွှယ်ထင်းနေသည့် နေရာဖြစ်လေ၏။
ရန်ကိုင်ကိုယ်တိုင်သည်လည်း အကြီးအကဲတစ်ဦး ဖြစ်လာပါက ကိုယ်ပိုင်တောင်တစ်လုံး ရပေလိမ့်မည်။ သို့သော်ငြား ဂုဏ်ပြုပွဲအခမ်းအနားမှာ နောက်ငါးရက်နေမှ ကျင်းပမည် ဖြစ်သည့်အတွက်ကြောင့် ရန်ကိုင်အနေဖြင့် လတ်တလောတွင် ခရမ်းဝါးတောင်၌သာ နေနေရလေ၏။ ဤတောင်မှာ အတော်လေးကိုမှ ငြိမ်းချမ်းပြီး တိတ်ဆိတ်လှသည်။ အစေခံတစ်ဦးမှပင် ရှိမနေခဲ့။ ကောင်းရွှယ်ထင်းသည် ရန်ကိုင်အား ဧည့်ခန်းထဲတွင် နေစရာ စီစဉ်ပေးပြီး လျှောက်ထွက်မသွားရန် ပြောပြီးသည့်နောက်၌ ပြန်ထွက်လာခဲ့လိုက်လေသည်။
“အကြီးအကဲကောင်း…” ရန်ကိုင်က ရုတ်တရက် သူမအား လှမ်းတားလိုက်လေသည်။
ကောင်းရွှယ်ထင်း ရန်ကိုင်ဘက်သို့ လှည့်ကြည့်လာခဲ့လေသည်။
“ဂျူနီယာ အကြီးအကဲကောင်းဆီကနေ အကူအညီတစ်ခု တောင်းချင်လို့ပါ…” ရန်ကိုင်က အလေးအနက်လေသံဖြင့် ပြောလိုက်လေသည်။
“ဘာကိစ္စလဲ…”
“ဂျူနီယာ ကောင်းကင်တက်လှမ်းခြင်းကြေးမုံထဲကို သွားချင်ပါတယ်…”
“ကောင်းကင်တက်လှမ်းခြင်းကြေးမုံထဲကို သွားချင်တယ်…” ကောင်းရွှယ်ထင်း မျက်မှောင်ကြုတ်သွားခဲ့လေသည်။ “ဘာလို့လဲ…”
ကောင်းကင်တက်လှမ်းခြင်းကြေးမုံသည် နေမင်းပြာကျောင်းတော်၏ အကြီးမားဆုံး လျှို့ဝှက်ချက်တစ်ခုဖြစ်သည်။ ယခင်က ရန်ကိုင်အနေဖြင့် ကောင်းကင်တက်လှမ်းခြင်းကြေးမုံထဲသို့ ဝင်နိုင်ခဲ့ရခြင်းမှာ ကျောင်းတော်ဆီသို့ သူပြန်ယူလာပေးခဲ့သည့် ကြယ်စည်းတံဆိပ်များစွာကြောင့်သာ ဖြစ်လေသည်။ ယခုမူ ရန်ကိုင်သည် နေမင်းပြာကျောင်းတော်၏ ဧည့်အကြီးအကဲတစ်ဦးပင် ဖြစ်နေလင့်ကစား သူ့အနေဖြင့် ကောင်းကင်တက်လှမ်းခြင်းကြေးမုံထဲသို့ သွားချင်တိုင်း သွား၍မရသေးချေ။ ထို့အတွက်ကြောင့် ကောင်းရွှယ်ထင်းအနေဖြင့် ရန်ကိုင်သွားလိုသည့် အကြောင်းအရင်းကို သိချင်သည်မှာ အထူးအဆန်းမဟုတ်ပေ။
တစ်ခဏကြာမျှ တိတ်ဆိတ်နေပြီးသည့်နောက်တွင် ရန်ကိုင်သည် အကြောင်းစုံကို ပြောပြလိုက်လေသည်။
ကောင်းရွှယ်ထင်း သက်ပြင်းရှိုက်သွားလေ၏။ “နင် တကယ်ကြီး အဲ့စီနီယာနဲ့ အဲ့လိုသဘောတူညီချက်မျိုး လုပ်ခဲ့တာလား…”
“ဟုတ်တယ်…” ရန်ကိုင်က ခေါင်းညိတ်လိုက်သည်။ “အဲ့တုန်းကတော့ ဘာမှမစဉ်းစားပဲနဲ့ ပြောလိုက်တာပေါ့… ဒါပေမယ့် အခု နှစ်တွေအများကြီး ကြာတဲ့နောက်ပိုင်းတော့ သူမျှော်လင့်နေတာကို ဂျူနီယာ ဖြည့်ဆည်းပေးနိုင်ပြီလို့ ထင်တယ်…”
ကောင်းရွှယ်ထင်းက အနည်းငယ် စိတ်လွတ်သွားသည့် ပုံစံမျိုးဖြင့် “နင် အဲ့လောက်ထိ ကံကောင်းမယ်လို့ ငါ လုံးဝ မထင်ထားဘူး… ဘယ်လိုပဲဖြစ်ဖြစ် နင် အဲ့လိုမျိုးပြောခဲ့တယ်ဆိုမှတော့ နင့်အတွက် ဂုဏ်ယူစရာပဲပေါ့… ဒါပေမယ့် ခန္ဓာဖြစ်တည်ဆေးလုံးက ရဖို့လွယ်တာမဟုတ်ဘူးနော်…”
“ဂျူနီယာမှာ ခန္ဓာဖြစ်တည်ဆေးလုံး ရှိနေပါပြီ…” ရန်ကိုင်က ပြန်ပြောလိုက်လေသည်။
ကောင်းရွှယ်ထင်း၏အမူအယာ ထူးဆန်းသွားခဲ့လေသည်။ “နင့်မှာရှိနေတယ်…”
ရန်ကိုင်က ပြုံး၍ “လွန်ခဲ့တဲ့ရက်အနည်းငယ်လောက်ကပဲ အဲ့ဆေးလုံးဖော်စပ်ဖို့ လိုအပ်တဲ့ဆေးအမယ်တွေအကုန်လုံးကို ရလိုက်တာပါ… အခု ကျုပ်ရဲ့ထက်ကောင်းကင်နန်းတော်ရဲ့ ဧကရာဇ်အဆင့်ဆေးပညာရှင်က ခန္ဓာဖြစ်တည်ဆေးလုံးကို ဖော်စပ်နေလောက်ပါပြီ… ”
“အောင်မြင်နိုင်ချေကရော…” ကောင်းရွှယ်ထင်းက အနည်းငယ် စိတ်မရှည်သည့်လေသံဖြင့် မေးလိုက်လေသည်။ သူမအနေဖြင့် ခန္ဓာဖြစ်တည်ဆေးလုံးအကြောင်းကို ပထမဦးဆုံးအကြိမ် ကြားဖူးရခြင်း ဖြစ်ပါသော်ငြား ထိုဆေးလုံးသည် ဖော်စပ်ရလွယ်ကူသည့် ဆေးလုံးတစ်လုံး မဟုတ်မှန်းတော့ သိနေခဲ့လေသည်။ ဧကရာဇ်အဆင့် ပညာရှင်တစ်ဦးသည်ပင်လျှင် ထိုဆေးလုံးအား တစ်ရာ ရာခိုင်နှုန်း အောင်မြင်စွာ ဖော်စပ်နိုင်လိမ့်မည်ဟု ယုံကြည်ချက်မရှိချေ။
ရန်ကိုင်က ပြန်ပြောလိုက်လေသည်။ “ကျုပ် အကြီးအကဲကောင်းကို ပြောဖို့မေ့သွားတယ်… ကျုပ်ရဲ့ ထက်ကောင်းကင်နန်းတော်က ဧကရာဇ်အဆင့်ဆေးပညာရှင်က မဟာဆေးဧကရာဇ်ရဲ့ ငါးယောက်မြောက်တပည့်ပဲ…”
ကောင်းရွှယ်ထင်း လုံးဝကို မှင်တက်သွားခဲ့လေ၏။ တစ်ခဏအကြာမှသာလျှင် အထိတ်ထိတ်အလန့်လန့်ဖြင့် ပြန်ပြောလာနိုင်ခဲ့လေသည်။ “နင် တကယ်ကြီး မဟာဆေးဧကရာဇ်ရဲ့ အမွေခံတပည့်ကို နင့်ဂိုဏ်းရဲ့ ဆေးပညာရှင် လုပ်ခိုင်းနေတာလား…”
ရဲတင်းလိုက်လေခြင်းပင်။ အစကတော့ ရန်ကိုင်၏ ထက်ကောင်းကင်နန်းတော်ထဲ ဧကရာဇ်အဆင့် ဆေးပညာရှင်တစ်ဦး ရှိနေသည့်အပေါ် သူမ ထိုမျှ ထိတ်လန့်နေခြင်း မရှိခဲ့ပေ။ သို့သော်ငြား ထိုဆေးပညာရှင်သည် မဟာဆေးဧကရာဇ်၏ တပည့်တစ်ဦး ဖြစ်နေလိမ့်မည်ဟူသော အချက်ကိုတော့ ကောင်းရွှယ်ထင်း လုံးဝ မစဉ်းစားခဲ့။ မဟာဆေးဧကရာဇ်၏ ငါးယောက်မြောက်တပည့်။ ဧကရာဇ်တတိယအဆင့် ပညာရှင်တစ်ဦးသည်ပင်လျှင် ထိုဆေးပညာရှင်နှင့်အတွေ့၌ လေးစားသမှုပြုရန် လိုအပ်ပေသည်။
ကောင်းရွှယ်ထင်း နားမလည်နိုင်ရဆုံးအချက်မှာတော့ မဟာဆေးဧကရာဇ်သည် ဘာကြောင့်များ ရန်ကိုင်၏လုပ်ရပ်ကို ခွင့်ပြုထားပေးရလေသနည်း။
မည်သို့ပင် ဖြစ်လင့်ကစား မဟာဆေးဧကရာဇ်၏ တပည့်ကိုယ်တိုင် ဆေးဖော်စပ်နေသည့်အတွက်ကြောင့် အောင်မြင်နိုင်ချေမှာတော့ အတော်လေးကိုမှ မြင့်သည်ဟု ပြော၍ရပေသည်။
“နင့်အနေနဲ့ ကောင်းကင်တက်လှမ်းခြင်းကြေးမုံထဲကို ဝင်ချင်တယ်ဆိုရင်တော့ အဲ့လောက်ကြီးတော့ မခက်ဘူး… ဒါပေမယ့် အခုပြဿနာက…” ရုတ်တရက် ကောင်းရွှယ်ထင်း မျက်မှောင်ကြုတ်သွားခဲ့လေသည်။
“ဘာဖြစ်လို့လဲ…” ရန်ကိုင်က ပြန်မေးလိုက်သည်။
ကောင်းရွှယ်ထင်းက ရှင်းပြလိုက်လေသည်။ “နင်က အပြင်လူတစ်ယောက် မဟုတ်တော့ဘူးဆိုတော့ နင့်ကို ဒီအကြောင်းကို ပြောလိုက်လို့လည်း ဘာမှမဖြစ်ပါဘူး… အခုလောလောဆယ် ကောင်းကင်တက်လှမ်းခြင်းကြေးမုံကို သုံးနေတဲ့လူတွေ ရှိတယ်… ဒီတော့ တကယ်သာမလိုအပ်ရင် သူတို့ကို သွားနှောင့်ယှက်လို့ မဖြစ်ဘူး… အဲ့ဒါကြောင့်ပဲ အခုလောလောဆယ် နင့်ကို ကောင်းကင်တက်လှမ်းခြင်းကြေးမုံထဲကို ဝင်ခွင့်ပေးဖို့က နည်းနည်းခက်နေတာ…”
ရန်ကိုင် အံ့အားသင့်သွားခဲ့လေသည်။
အစောပိုင်းက သူတော်စင်များတောင်ထွဋ်တွင် တွေ့ခဲ့ရသည့်လူများသည် နေမင်းပြာကျောင်းတော်၏ အထက်အရာရှိများအားလုံး ဖြစ်ကြပေသည်။ ထိုသို့ဖြစ်လေရာ ထိုလူအားလုံး ထိုနေရာတွင် ရှိနေသည့်တိုင် လက်ရှိအချိန်တွင် ကောင်းကင်တက်လှမ်းခြင်းကြေးမုံကို အသုံးပြုနေသည့်လူမှာ မည်သူများ ဖြစ်နေလေမည်နည်း။
ထို့အပြင် ထိုလူများကို သွားနှောင့်ယှက်၍ မဖြစ်ဟု ပြောနေခဲ့လေသည်။ ကြည့်ရသလောက် ကောင်းကင်တက်လှမ်းခြင်းကြေးမုံကို အသုံးပြုနေသည့်လူသည် အလွန်တရာကိုမှ ထူးခြားလှသည့် အဆင့်အတန်းကို ပိုင်ဆိုင်ထားသည့်ပုံပင်။
သူ့စိတ်ထဲ သေသေချာချာ စဉ်းစားကြည့်လိုက်သည့်တိုင် ကောင်းကင်တက်လှမ်းခြင်းကြေးမုံအား အသုံးပြုနေသည့်လူကို စဉ်းစားမရခဲ့ပေ။
“ငါ ဒီအကြောင်းကို ကျောင်းသခင်ဆီ သွားပြောပေးမယ်… သူဘယ်လိုလုပ်မလဲ ကြည့်ကြည့်ရတာပေါ့… မဖြစ်နိုင်ဘူးဆိုလို့ရှိရင်တော့ နင် နည်းနည်းတော့ စောင့်လိုက်ပေါ့… ဘယ်လိုပဲဖြစ်ဖြစ် အဲ့စီနီယာနဲ့ ပြောထားတာက တော်တော်ကြာနေလေပြီ… နင့်မှာလည်း အခုလောလောဆယ် ခန္ဓာဖြစ်တည်ဆေးလုံး ရှိသေးတာမှမဟုတ်တာ…”
“ရတယ်…” ရန်ကိုင်က ခေါင်းညိတ်လိုက်လေသည်။ အခြေအနေမှာ ဤကဲ့သို့ ဖြစ်နေသည့်အတွက်ကြောင့် ရန်ကိုင်အနေဖြင့် သဘောတူရုံသာ ရှိတော့သည်။
ထို့နောက်တွင် ရန်ကိုင်သည် ရှောင်ပိုင်ယီနှင့် မုရုန်ရှောင်ရှောင်တို့၏ အခြေအနေကို မေးမြန်းကြည့်လေသည်။ နှစ်ဦးစလုံးမှာ ကြယ်ပျက်ပင်လယ်ထဲမှ ပြန်ထွက်လာပြီးသည့်နောက် တံခါးပိတ်ကျင့်စဉ်ဝင်နေကြောင်း ကြားလိုက်ရလေသည်။ လက်ရှိအချိန်တွင် နှစ်ဦးစလုံးမှာ ထွက်လာမည့်အရိပ်အယောင် မပြသေးသဖြင့် ရန်ကိုင်လည်း ထိုလူများနှင့် သွားတွေ့မည့် သူ့အစီအစဉ်ကို ပယ်ဖျက်လိုက်ရတော့သည်။
ထိုနှစ်ဦးမှာ နေမင်းပြာကျောင်းတော်၏ ပင်မတပည့်များဖြစ်ကာ ဂိုဏ်း၏ အနာဂတ်ထောက်တိုင်များ ဖြစ်ကြပေသည်။ သို့သော်ငြား ရှရှန်းနှင့် ယှဉ်လိုက်သည့်အခါတွင်မူ ထိုနှစ်ဦးမှာ အနည်းငယ် လိုအပ်နေခဲ့သည်။ ရှရှန်းသည် ကြယ်ပျက်ပင်လယ်ထဲ၌ ဧကရာဇ်အဆင့်သို့ ချိုးဖြတ်နိုင်ခဲ့ပါသော်ငြား ထိုနှစ်ဦးမှာ ထိုကဲ့သို့ မလုပ်နိုင်ခဲ့ပေ။ သို့တိုင် ရှောင်ပိုင်ယီနှင့် မုရုန်ရှောင်ရှောင်တို့သည် ကြယ်ပျက်ပင်လယ်ထဲမှ အကျိုးအမြတ်များစွာ ရရှိခဲ့သည့်အတွက်ကြောင့် ဧကရာဇ်အဆင့်သို့ မတက်ရောက်နိုင်သေးသရွေ့ တံခါးပိတ်ကျင့်စဉ်ဝင်ရာမှ ထွက်လာလိမ့်မည် မဟုတ်ပေ။
ကောင်းရွှယ်ထင်း ထွက်သွားပြီးသည့်နောက်တွင် ရန်ကိုင်လည်း ထိုင်ချ၍ သေတ္တာကြီးတစ်လုံးကို ထုတ်ယူလိုက်လေသည်။
နဂါးနက်ပျံချပ်ကာ ထည့်ထားသည့် သေတ္တာပင်။
ဤဧကရာဇ်အလယ်အလတ်အဆင့် ချပ်ကာကို ခုနှစ်ရောင်စဉ်ကုန်သွယ်ရေးအဖွဲ့အစည်းဆီမှ ဝယ်ယူပြီးသည့်နောက်ပိုင်း ရန်ကိုင်သည် ဤချပ်ကာကို တစ်ချက်ကလေးမျှပင် သေချာ စစ်ဆေးခွင့် မရသေးချေ။
သေတ္တာအား အပြင်သို့ ထုတ်ပြီးသည့်နောက်တွင် အဖုံးကိုဖွင့်၍ ချပ်ကာကို ပွတ်ကြည့်လိုက်သည်။ ချက်ချင်းဆိုသလို ဒေါမာန်တကြီး ဟိန်းဟောက်သံတစ်သံ ချပ်ကာထဲမှ ထွက်ပေါ်လာခဲ့လေ၏။ ထို့နောက်တွင် ချပ်ကာအား ပြုလုပ်ထားသည့် အစိတ်အပိုင်းတစ်ခုချင်းစီမှ အနက်ရောင်ချီများ စိမ့်ထွက်လာခဲ့ပြီး အတူတကွ ပေါင်းစည်းသွားလျက် အနက်ရောင်ရေနဂါးတစ်ကောင် ဖြစ်ပေါ်လာခဲ့လေသည်။
“အိုး…” သူ့ရှေ့တွင် ပေါ်လာသည့် ပုံရိပ်ယောင် အနက်ရောင်ရေနဂါးခေါင်းကိုကြည့်ရင်း ရန်ကိုင် ပြုံးဖြီးဖြီး ဖြစ်သွားခဲ့သည်။
ခုနှစ်ရောင်စဉ်ကုန်သွယ်ရေးအဖွဲ့အစည်း၏ ပြောပြချက်အရ ဤနဂါးနက်ပျံချပ်ကာကို အနက်ရောင်ရေနဂါးတစ်ကောင်၏ အကြေးခွံများမှာ ဖန်တီးထားခြင်း ဖြစ်သည်။ အနက်ရောင်ရေနဂါးများသည် အလွန်ကိုမှ ရှားပါးကြပြီး ၎င်းတို့၏ ခံနိုင်ရည်စွမ်းရည်ကြောင့် အလွန်ကိုမှ နာမည်ကျော်ကြားကြပေသည်။ ဤချပ်ကာကို ဖန်တီးနေစဉ်အတောအတွင်း ပန်းပဲပညာရှင်သည် အနက်ရောင်ရေနဂါး၏ မွန်းစတားအမြုတေကို ချပ်ကာထဲသို့ ပေါင်းထည့်ခဲ့ပေလိမ့်မည်။ ထို့ကြောင့်သာလျှင် ချပ်ကာထဲ အနက်ရောင်ရေနဂါး၏ ဝိဉာဉ်အစိတ်အပိုင်းတစ်ခု ကိန်းအောင်းနေခြင်းပင် ဖြစ်လေ၏။
တစ်နည်းဆိုရသော် ဤနဂါးနက်ပျံချပ်ကာတွင် ကိုယ်ပိုင် မှော်ရတနာစိတ်ဝိဉာဉ်တစ်ခု ရှိသည်ဟု ပြော၍ရပေသည်။
အားကောင်းသည့် မွန်းစတားသားရဲတစ်ကောင်၏ ခန္ဓာကိုယ်အစိတ်အပိုင်းများမှ ဖန်တီးထားခဲ့သော ယခုကဲ့သို့ မှော်ရတနာမျိုးသည် ထိုမွန်းစတားသားရဲ၏ မွန်းစတားအမြုတေနှင့် လိုက်ဖက်စွာ ပေါင်းစပ်နိုင်ပေသည်။ ဤအကြောင်းကို ခုနှစ်ရောင်စဉ်ကုန်သွယ်ရေးအဖွဲ့အစည်းမှ ပြောမပြခဲ့။ ထိုသို့ မပြောပြခဲ့ရခြင်းမှာ ချပ်ကာ၏တန်ကြေး ကျသွားမည်ကို စိုးရိမ်သည့် အတွက်ကြောင့် ဖြစ်လောက်ပေသည်။ မှော်ရတနာစိတ်ဝိဉာဉ်တစ်ခုကို ပိုင်ဆိုင်ထားသော မှော်ရတနာသည် ပုံမှန်အားဖြင့် သာမန်မှော်ရတနာများထက် တန်ကြေးပိုမြင့်ပါသော်ငြား မည်ကဲ့သို့သော မှော်ရတနာစိတ်ဝိဉာဉ်အမျိုးအစားကို ပိုင်ဆိုင်ထားသလဲ ဆိုသည့်အပေါ်လည်း မူတည်ပေသေးသည်။
နဂါးနက်ပျံချပ်ကာ၏ မှော်ရတနာစိတ်ဝိဉာဉ်မှာ အနက်ရောင်ရေနဂါးတစ်ကောင်၏ ဝိဉာဉ်ဖြစ်ပေသည်။ ရေနဂါးသာလျှင် ဖြစ်လင့်ကစား အနက်ရောင်ရေနဂါးသည် နဂါးကလန်၏ သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားဆဲ။ ထို့အတွက်ကြောင့် ချပ်ကာကိုဝယ်ယူပြီးသည့်တိုင် လူအများစုမှာ အနက်ရောင်ရေနဂါး၏ ဝိဉာဉ်ကို အညံ့ခံအောင် လုပ်နိုင်လိမ့်မည် မဟုတ်ချေ။
ယခု ရန်ကိုင်မှ နဂါးနက်ပျံချပ်ကာနှင့် သွားထိလိုက်ရုံဖြင့် အနက်ရောင်ရေနဂါး၏ ဝိဉာဉ် ပေါ်လာသည်ကိုကြည့်လျှင် သိနိုင်ပေသည်။ ချပ်ကာပိုင်ရှင်သည်သာ ထိုမှော်ရတနာစိတ်ဝိဉာဉ်၏ ပိုင်ရှင်အဖြစ် အသိအမှတ်ပြုခံရအောင် မလုပ်နိုင်ပါက ချပ်ကာ၏စွမ်းအားကို အပြည့်အဝ ထုတ်သုံးနိုင်လိမ့်မည် မဟုတ်ချေ။
ရုတ်တရက် ပေါ်လာသည့် အနက်ရောင်ရေနဂါးမှော်ရတနာစိတ်ဝိဉာဉ်မှာ ရန်ကိုင်အား ပုရွက်ဆိတ်တစ်ကောင်ကို ကြည့်နေသည့်နှယ် အထင်အမြင်တသေးဖြင့် စိုက်ကြည့်နေခဲ့လေသည်။
သို့သော်ငြား အနက်ရောင်ရေနဂါး ပေါ်လာပြီးပြီးချင်း မကြာခင်မှာပင် အလွန်တရာကိုမှ ဖိနှိပ်နိုင်စွမ်းပြင်းထန်လှသည့် နဂါးဟိန်းသံတစ်သံ ရန်ကိုင်ဆီမှ ပြန်လည်ထွက်ပေါ်လာခဲ့လေသည်။ ရွှေရောင်အလင်းတန်းတို့ ပေါက်ကွဲထွက်လာခဲ့ပြီး ရွှေနဂါးအမြုတေစွမ်းအား ရန်ကိုင်ကိုယ်ထဲမှ ဖြာထွက်လာခဲ့သည်။ ထို့နောက်တွင် အနက်ရောင်ရေနဂါးမှော်ရတနာစိတ်ဝိဉာဉ်ထက်ပင် ပို၍အရွယ်အစားကြီးမားသော ရွှေနဂါးတစ်ကောင် ရန်ကိုင်ခေါင်းထက်၌ ထွက်ပေါ်လာခဲ့လေသည်။
ရွှေနဂါးပေါ်လာသည်နှင့် တစ်ပြိုင်နက် အနက်ရောင်ရေနဂါးမှာ အလွန်ကိုမှ ထိတ်လန့်ကြောက်ရွံ့သွားသည့်အလား ကြောက်ကြောက်လန့်လန့် အမူအယာဖြင့် ၎င်း၏ခေါင်းကို မသိမသာလေး ငုံ့လိုက်ပြီး သေတ္တာထဲသို့ မသိမသာလေး အနည်းငယ် ကျုံ့ဝင်သွားခဲ့လေသည်။
နဂါးကလန်၏ သွေးမျိုးဆက်ဖိနှိပ်စွမ်းရည်မှာ အလွန်ကိုမှ ထူးခြားလှပေသည်။ ဖိနှိပ်စွမ်းအားသည် အခြားမည်သည့်မျိုးနွယ်စုဝင်မှ ယှဉ်ပြိုင်၍မရသည့် အရာတစ်ခုလည်း ဖြစ်ပေသည်။ အကောင်းဆုံးဥပမာမှာ လီကျောက်ပင်။ ဧကရာဇ်တတိယအဆင့် ပညာရှင်တစ်ဦးပင် ဖြစ်နေလင့်ကစား ကျုချင်းရှေ့မှောက်သို့ အရောက်၌ မည်သည့်စွမ်းအားကိုမှ မထုတ်ဖော်နိုင်တော့ချေ။ သူ့အနေဖြင့် မည်မျှပင် အားကောင်းနေစေကာမူ သူ့သွေးမျိုးဆက်မှာ ကျုချင်းလောက် သန့်စင်ခြင်းမရှိသည့်အတွက်ကြောင့် ကျုချင်းရှေ့၌ ကလေးသာသာ ခွေးသာသာ ဖြစ်သွားခဲ့ရသည်။
အခြားသော ဧကရာဇ်တတိယအဆင့် ပညာရှင်တစ်ဦးနှင့် တိုက်ခိုက်မည်ဆိုပါက ကျုချင်းအနေဖြင့် ထိုဧကရာဇ်အဆင့် ပညာရှင်ကို နိုင်နိုင်ပါသော်ငြား လွယ်လွယ်ကူကူ နိုင်လိမ့်မည်တော့ မဟုတ်။ သို့သော်ငြား လီကျောက်နှင့် တိုက်ခိုက်ရမည်ဆိုလျှင်တော့ အလွယ်တကူ အနိုင်ယူနိုင်ပေသည်။
“ကြောက်သွားတာလား…” ရန်ကိုင်က ညစ်ကျယ်ကျယ်ပြုံးလျက် မှော်ရတနာစိတ်ဝိဉာဉ်ကို စိုက်ကြည့်ရင်းမှ “ကြောက်တယ်ဆိုလို့ရှိရင် အထဲကိုပြန်ဝင်ပြီး ငါ့ကို သုံးခွင့်ပေး… မဟုတ်ရင်တော့ မင်းဝိဉာဉ်ကို ငါဖျက်ဆီးပစ်ရလိမ့်မယ်…”
ရန်ကိုင်ပြောသည်ကို နားလည်သလား နားမလည်ဘူးလားတော့ မသိရ။ ရန်ကိုင်မှ ထိုကဲ့သို့ ပြောလိုက်သည်နှင့်တစ်ပြိုင်နက် အနက်ရောင်ရေနဂါး မှော်ရတနာစိတ်ဝိဉာဉ်သည် ချက်ချင်းပဲ ချပ်ကာထဲသို့ ပြန်ဝင်သွားခဲ့လေသည်။
တစ်ချိန်တည်းတွင် ဝမ်ကျိရှန်းဦးဆောင်သည့် နေမင်းပြာကျောင်းတော်၏ အကြီးအကဲများအဖွဲ့သည် သူတော်စင်များတောင်၌ အလေးအနက်အမူအယာများဖြင့် ရပ်နေကြလေသည်။
မကြာမီ အလင်းတန်းနှစ်ခု ရောက်ရှိလာခဲ့ပြီး သူတို့ရှေ့၌ ရပ်တန့်သွားခဲ့ကြသည်။ အလင်းတန်းများ ပျောက်ကွယ်သွားသည့်နောက်တွင် ရှောင်ယုယန်နှင့် ရှောင်ချန်းတို့ ပေါ်လာကြလေသည်။
“ရှောင်ချန်း ကျောင်းသခင်ဝမ်နှင့် စီနီယာတို့ကို နှုတ်ဆက်ပါတယ်…” ရှောင်ချန်းက လက်သီးဆုပ်၍ နှုတ်ဆက်လိုက်သည်။ သူ့အနေဖြင့် မည်မျှပင် မာနကြီးနေစေကာမူ အနည်းဆုံးတော့ ကိုယ့်အဆင့်အတန်းကို သိပေသည်။ စီနီယာများနှင့်အတွေ့တွင် နှုတ်ဆက်ရမည်ကို မမေ့ခဲ့ပေ။
ဝမ်ကျိရှန်းက ပြုံးလျက် ခေါင်းညိတ်လိုက်လေ၏။ “သခင်လေးရှောင်က တကယ်ကို နားလည်သိတတ်တာပဲ…” ထို့နောက်တွင် ရှောင်ယုယန်ဘက်သို့လှည့်၍ လက်သီးဆုပ်ကာ ပြောလိုက်လေ၏။ “မတွေ့ရတာ ကြာပြီနော် ရောင်းရင်းရှောင်…”
“ကျောင်းသခင်ဝမ်…” ရှောင်ယုယန်က အလေးအနက်လေသံဖြင့် ပြောလိုက်သည်။
သူသည် ကြယ်ဝိဉာဉ်နန်းတော်၏ အဖွဲ့သားတစ်ဦး ဖြစ်သလို ဧကရာဇ်တတိယအဆင့် ပညာရှင်တစ်ဦး ဖြစ်ပါသော်ငြား နေမင်းပြာကျောင်းတော်၏ ကျောင်းသခင် ဝမ်ကျိရှန်းနှင့် အတွေ့တွင်တော့ မောက်မာဝံ့ကြွားခြင်း မရှိခဲ့ပေ။
ရှောင်ယုယန်ပြောနေသည်ကို စောင့်မနေတော့ဘဲ ဝမ်ကျိရှန်းက ဖြတ်ပြောလိုက်လေသည်။ “အခုလိုမျိုး ကျောင်းတော်ရဲ့ မင်္ဂလာအအခါသမယအချိန်မျိုးမှာ ရောက်လာတာဆိုတော့ ရောင်းရင်းရှောင်… မင်း ပြန်ထွက်သွားမနေနဲ့တော့… ဒီမှာ ခဏလောက် ဆက်နေသွားလိုက်တော့…”
“မင်္ဂလာအခါသမယ…” ရှောင်ယုယန် မျက်မှောင်ကြုတ်သွားခဲ့ပြီး ပြန်မေးလိုက်လေသည်။ “ဘယ်လိုအခါသမယမျိုး မို့လို့လဲ…”
ဝမ်ကျိရှန်းက ပြန်ပြောလိုက်လေသည်။ “ဒီလို… နောက်ငါးရက်ကြာလို့ရှိရင် ငါတို့ကျောင်းတော်က အကြီးအကဲအသစ်တစ်ဦး ခန့်အပ်မှာ… အဲ့ချိန်ကျရင် အဲ့အကြီးအကဲအတွက် ဂုဏ်ပြုပွဲကျင်းပပေးမလို့… ရောင်းရင်းရှောင်က အလျင်မလိုမှတော့ ဒီမှာ ခဏလောက်နေပြီး အဲ့ပွဲကိုပါ တစ်ခါတည်း တက်သွားလိုက်ပေါ့…”
ထိုစကားကိုကြားသော် ရှောင်ယုယန်၏မျက်လုံးများ မှေးစင်းသွားခဲ့ပြီး အေးစက်စက်လေသံဖြင့် “ကျောင်းသခင်ဝမ်… ငါသိသလောက်ဆိုလို့ရှိရင် မင်းတို့ဂိုဏ်းရဲ့ ပင်မတပည့်တွေထဲမှာ ရှရှန်းတစ်ယောက်ပဲ ဧကရာဇ်အဆင့်ကို ရောက်သေးတာမလား… ပြီးတော့ သူ ဧကရာဇ်အဆင့်ကို ရောက်သွားတာ တော်တော်လေး ကြာနေပြီလေ… သူကိုယ်တိုင်က အကြီးအကဲတစ်ယောက် ဖြစ်နေပြီဆိုပေမယ့် အခြားသူတွေက တံခါးပိတ်ကျင့်စဉ် ဝင်ရာကနေ ထွက်လာသေးတာမဟုတ်ဘူး… ဒီတော့ ဘယ်သူမှ အကြီးအကဲ ဖြစ်မလာနိုင်သေးဘူး… ကျောင်းသခင်ဝမ် အကြီးအကဲရာထူးပေးချင်နေတဲ့လူက ငါရှာနေတဲ့လူတော့ မဟုတ်ပါဘူးနော်…”
ဝမ်ကျိရှန်းက နားမလည်ဟန်ဖြင့် “ဟမ်… ရောင်းရင်းရှောင် ဘယ်သူ့ကို ရှာနေတာလဲ…”
ရှောင်ယုယန်က ဆက်ပြောလိုက်လေသည်။ “ရန်ကိုင်…”
ဝမ်ကျိရှန်းက အံ့အားသင့်သွားဟန်ဖြင့် “ရောင်းရင်းရှောင်… မင်း တကယ်ကြီး ခန့်မှန်းနိုင်တာပဲကွ… ငါမင်းကို တကယ်လေးစားသွားပြီကွာ…”
ရှောင်ယုယန်က ဒေါမာန်တကြီးဖြင့် ထအော်လေ၏။ “ကျောင်းသခင်ဝမ်…”
ဝမ်ကျိရှန်း ရူးကြောင်ကြောင် လုပ်နေသည်ကိုမြင်သော် ရှောင်ယုယန်လည်း ဒေါသထွက်လာရတော့လေသည်။
ဝမ်ကျိရှန်းက ရယ်သွမ်းသွေးလျက် “ရောင်းရင်းရှောင် အခုလိုကိစ္စမျိုးကို ကြိုစဉ်းစားပြီး ဒီလိုအချိန်မျိုးမှာ လာပြီးတော့ ဂုဏ်ပြုစကား ပြောလိမ့်မယ်လို့ ဒီကျောင်းသခင် တကယ်ကို မထင်ထားခဲ့ဘူး…ရောင်းရင်းရှောင်က တကယ်ကို အတွေးကောင်းတာပဲ…”
ရှောင်ယုယန်၏နဖူးထက် သွေးကြောကြီးများ ထောင်တက်လာခဲ့ပြီး ချက်ချင်းအော်ပြောလိုက်လေသည်။ “ငါတို့သိလာတာ နှစ်နဲ့ချီနေပြီမို့လို့ ဒီကိစ္စမှာ ဝင်မပါဖို့ မင်းကို ပြောချင်တယ်နော် ရောင်းရင်းဝမ်…မဟုတ်ရင် မင်းတို့ ပြဿနာ တက်သွားလိမ့်မယ်”
ဝမ်ကျိရှန်းက မျက်လုံးမှေးစင်းလျက် ပြန်ပြောလိုက်လေသည်။ “ရောင်းရင်းရှောင်ဘာပြောချင်နေတာလဲ ငါတကယ်ကို မသိဘူး… ငါတို့ကျောင်းတော်က အကြီးအကဲအသစ်တစ်ယောက်ပဲ ခန့်အပ်လိုက်တာလေ… အဲ့ဒါကို ဘယ်လိုလုပ်ပြီဂ ပြဿနာတက်ရမှာလဲ…”
ရှောင်ယုယန်သည် ဝမ်ကျိရှန်းကိုစိုက်ကြည့်ရင်း “အဲ့ကောင်က တန်ကျွင်းဟောင်နဲ့ ဝူမင်တို့ကို သတ်သွားတာ… ကျောင်းသခင်ဝမ် အဲ့အကြောင်းကို မသိဘူးလို့တော့ ငါမထင်ဘူး…”
ဝမ်ကျိရှန်းက သက်ပြင်းရှိုက်လျက် “မဖြစ်နိုင်ဘူးလေ… တန်ကျွင်းဟောင်က ဧကရာဇ်တတိယအဆင့်ပညာရှင်… ဝူမင်က ဧကရာဇ်ဒုတိယအဆင့်… သူတို့နဲ့ယှဉ်လိုက်ရင် ရန်ကိုင်က ဧကရာဇ်ပထမအဆင့်ပဲ ရှိသေးတာ… ဘယ်လိုလုပ်ပြီး သူတစ်ယောက်တည်းနဲ့ အဲ့နှစ်ယောက်ကို သတ်နိုင်မှာလဲ… ဒါလုံးဝမဖြစ်နိုင်ဘူး… မင်းတို့ မှားနေတာများလား…”
ရှောင်ယုယန်က ပြန်ပြောလိုက်သည်။ “တောင်ဘက်နယ်မြေမှာရှိတဲ့ ဂိုဏ်းတွေက ဧကရာဇ်အဆင့်ပညာရှင် အယောက်နှစ်ဆယ်ကျော်ကိုယ်တိုင် ဒီစကားကို သက်သေခံပြီးသား… ဒီတော့ မှားစရာအကြောင်းမရှိဘူး…”
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၇၆၇)
ဘာသာပြန်သူ_တိမ်တိုက်
ဝမ်ကျိရှန်းက အလျင်အမြန် ပြန်မေးလိုက်လေသည်။ “အဲ့မှာ ဘယ်လိုတွေ ဖြစ်သွားလဲဆိုတာကို ဧကရာဇ်အဆင့် အယောက်နှစ်ဆယ်ကျော်လုံး ပြောပြလား”
ထိုစကားကိုကြားသော် ရှောင်ယုယန် မျက်မှောင်ကြုတ်သွားခဲ့သည်။ တစ်ခဏကြာ တိတ်နေပြီးသည့်နောက် “တန်ကျွင်းဟောင်က ကပ်ပါးကောင်တွေကိုသုံးပြီး သူတို့ကို ထိန်းချုပ်ပြီးတော့ ရန်ကိုင်ကို တိုက်ခိုင်းခဲ့တယ်လို့ ပြောတယ်… ဒါပေမယ့် သူ့ရန်သူကို အထင်သေးမိလိုက်လို့ ရန်ကိုင်သတ်တာပဲ ခံလိုက်ရတယ်… ဝူမင်လည်း သူ့ကိုကူပြီး ရန်ကိုင်ကိုတိုက်ခိုက်ခဲ့လို့ အဲ့မှာတင် တစ်ခါတည်း အသတ်ခံလိုက်ရတယ်…”
“တန်ကျွင်းဟောင်က အဲ့လိုအောက်တန်းကျတဲ့ လုပ်ရပ်မျိုးကို လုပ်ခဲ့တာလား… ဒါ ကြယ်ဝိဉာဉ်နန်းတော်ရဲ့ ဂုဏ်သတင်းကို ဖျက်ဆီးပစ်နေတာပဲ… သူသေတာ နည်းတောင်နည်းသေးတယ်…” ဝမ်ကျိရှန်းသည် ရှောင်ယုယန်အား မမှိတ်မသုန် စိုက်ကြည့်ရင်းမှ ဆက်ပြောလိုက်လေသည်။ “ပြီးတော့ မင်းပြောတဲ့ပုံအရဆိုရင် ရန်ကိုင်က မင်းတို့ကြယ်ဝိဉာဉ်နန်းတော်ကို ကူညီပြီး အရှုပ်ထုပ်ကို ရှင်းပေးလိုက်တာလို့တောင် ပြောလို့ရသေးတယ်… ဒီတော့ မင်းတို့အနေနဲ့ သူ့ကို ကျေးဇူးတင်သင့်တယ်မလား… ရောင်းရင်းရှောင်က ကြယ်ဝိဉာဉ်နန်းတော်ကိုယ်စား ရန်ကိုင်ကို ကျေးဇူးတင်ဖို့ ရောက်လာတာလား… အဲ့လိုဆိုရင်တော့ မလိုတော့ပါဘူး… အကြီးအကဲရန်ရဲ့တာဝန်က အဲ့လိုမိစ္ဆာကောင်တွေကို ရှင်းပစ်ဖို့ပဲလေ…”
ရှောင်ယုယန်က ချက်ချင်းပဲ ပြန်ပြောလိုက်လေသည်။ “ကျောင်းသခင်ဝမ်… တန်ကျွင်းဟောင်က ကြယ်ဝိဉာဉ်နန်းတော်ရဲ့ အကြီးအကဲတစ်ယောက်နော်… ပြီးတော့ ရိုးရိုးအကြီးအကဲတောင်မဟုတ်ဘူး… ဧကရာဇ်တတိယအဆင့်ကို ရောက်နေတဲ့လူ… သူသေတဲ့ကိစ္စက ပေါ့သေးသေးကိစ္စမဟုတ်ဘူး… ဒီကိစ္စက ငါတို့ကြယ်ဝိဉာဉ်နန်းတော်ရဲ့ ဂုဏ်သတင်းနဲ့ ပတ်သက်နေတယ်…”
ဝမ်ကျိရှန်းက ယဲ့ယဲ့လေးပြုံးလျက် “ပေါ့သေးသေးကိစ္စ မဟုတ်တာတော့ မှန်ပါတယ်… ဒါပေမယ့် ဟိုဧကရာဇ်အဆင့်ပညာရှင် အယောက်နှစ်ဆယ်ကျော် ပြောသွားတဲ့စကားတွေက အကြောင်းစုံကို ရှင်းပြပြီးသွားပြီလေ…”
ရှောင်ယုယန်က ခေါင်းခါလျက် “ဒီကိစ္စကတော့ ရန်ကိုင်ကိုယ်တိုင် ကြယ်ဝိဉာဉ်နန်းတော်ဆီကို ပြန်လိုက်လာမှပဲ ရလိမ့်မယ်…”
ဝမ်ကျိရှန်းက ကသိကအောက် အမူအယာဖြင့် “အဲ့ဒါတော့ မဖြစ်နိုင်ဘူးနဲ့တူတယ်နော် ရောင်းရင်းရှောင်… အခုလောလောဆယ် ရန်ကိုင်က ငါတို့ကျောင်းတော်ရဲ့ အကြီးအကဲတစ်ယောက် ဖြစ်နေပြီ… နောက်ရက်အနည်းငယ်အတွင်း ဂုဏ်ပြုပွဲအခမ်းအနားကို တက်ရတော့မှာ… သူသာ မင်းတို့နဲ့ လိုက်သွားလို့ရှိရင် ငါတို့ကျောင်းတော်က တောင်ဘက်နယ်မြေမှာ အခြားလူတွေ လှောင်ပြောင်စရာ ဖြစ်ကုန်မှာပေါ့ကွ… မင်းတို့ကြယ်ဝိဉာဉ်နန်းတော်က ကိုယ့်ဂုဏ်သတင်းကိုယ် ပြန်ထိန်းချင်ပေမယ့် ငါတို့ကျောင်းတော်ကလည်း ကိုယ့်ဂုဏ်သတင်းကိုယ် ထိန်းချင်တာပဲလေ…”
ရှောင်ယုယန်က ပြန်ပြောလိုက်လေသည်။ “ကျောင်းသခင်ပြောသလိုပဲ ဂုဏ်ပြုပွဲအခမ်းအနားက နောက်ရက်အနည်းငယ်မှ ကျင်းပမှာလေ ဟုတ်တယ်မလား… ဒီတော့ အခုလောလောဆယ် ရန်ကိုင်က နေမင်းပြာကျောင်းတော်ရဲ့ အကြီးအကဲတစ်ယောက် မဖြစ်သေးဘူးပေါ့…”
“ဘယ်သူက အဲ့လိုပြောလို့လဲ…” ဝမ်ကျိရှန်းက ပြုံးဖြီးလျက် အခြားဘက်သို့လှည့်၍ “ချန်းချန်လေး…”
ချက်ချင်းပဲ ချန်းချန်သည် ရာနှင့်ချီသော ဖိတ်စာများကို နေရာအနှံ့အပြားဆီသို့ ပစ်လွှတ်လိုက်လေသည်။ ထိုအလင်းတန်းများ ချက်ချင်းဆိုသလို ဘက်ပေါင်းစုံသို့ ပျံထွက်သွားခဲ့ကြပြီး မျက်တောင်တစ်ခတ်အတွင်း ပျောက်ကွယ်သွားခဲ့လေသည်။ ထို့နောက်တွင် ဝမ်ကျိရှန်းဘက်သို့လှည့်၍ လက်သီးဆုပ်ကာ ပြောလိုက်လေ၏။ “ကျောင်းသခင်… ကျွန်မ ဂုဏ်ပြုပွဲအခမ်းအနားအတွက် ဖိတ်စာတွေကို တောင်ဘက်နယ်မြေမှာရှိတဲ့ ဂိုဏ်းအသီးသီးဆီ ပို့ထားလိုက်ပါပြီ…”
“ကောင်းတယ်…” ဝမ်ကျိရှန်းက ခေါင်းညိတ်လိုက်လေသည်။
ရှောင်ယုယန်၏မျက်နှာကြီးမှာတော့ ဒယ်အိုးဖင်နှယ် မည်းမှောင်သွားလေ၏။ “ဝမ်ကျိရှန်း… မင်းလုပ်ရပ်ရဲ့အကျိုးဆက်ကို မင်းမသိတာလား…”
ဝမ်ကျိရှန်း၏အမူအယာ ရုတ်ချည်းလေးနက်သွားခဲ့ပြီး တည်တည်ငြိမ်ငြိမ်ဖြင့် ပြန်ပြောလိုက်လေသည်။ “ရန်ကိုင်က ငါတို့ကျောင်းတော်ရဲ့ အဖွဲ့သားတစ်ယောက်ပဲ… ကြယ်ဝိဉာဉ်နန်းတော်က သူ့ကိုခေါ်သွားချင်တယ်ဆိုလို့ရှိရင်တောင် ခေါ်မသွားခင် ငါတို့ကျောင်းတော်ရဲ့ ခွင့်ပြုချက်ကို အရင်ဆုံး မေးရလိမ့်မယ်”
ထိုစကားကိုကြားသော် ရှောင်ယုယန်က သက်ပြင်းချလျက် ဆက်သွယ်ရေးမှော်ရတနာကိုထုတ်ကာ ပြောလိုက်လေသည်။ “ငါ ဒီကိစ္စကို မဟာဧကရာဇ်ဆီ တင်ပြပြီးသွားပြီ… ဒီတော့ ဒီကိစ္စကို ဘယ်လိုကိုင်တွယ်မလဲဆိုတာကို မဟာဧကရာဇ်ကိုယ်တိုင် ဆုံးဖြတ်လိမ့်မယ်…”
ဝမ်ကျိရှန်းသည် ရန်ကိုင်အား မရမက ကာကွယ်ချင်နေခဲ့လေသည်။ ထို့အတွက်ကြောင့် ရှောင်ယုယန်အနေဖြင့် ဝမ်ကျိရှန်းဆီမှ ရန်ကိုင်ကို ခေါ်သွားနိုင်လိမ့်မည်မဟုတ်။ ထို့ကြောင့်ပင်လျှင် ရှောင်ယုယန်ကိုယ်တိုင်မှာလည်း ဤကိစ္စကို မဟာဧကရာဇ်ဆီ တင်ပြလိုက်ရခြင်း ဖြစ်လေသည်။
နောက်ဆုံးတွင်တော့ ဝမ်ကျိရှန်း၏အမူအယာ ပြောင်းလဲသွားခဲ့လေသည်။ ထိုသို့ပင်ဖြစ်လင့်ကစား ယဲ့ယဲ့လေးပြုံးလျက် ဆက်ပြောလိုက်လေသည်။ “မဟာဧကရာဇ်တစ်ပါးကိုယ်တိုင် ဆုံးဖြတ်တယ်ဆိုမှတော့ အကြီးအကဲရန်အတွက် တရားမျှတမှု မရစရာအကြောင်း မရှိပါဘူး… ရောင်းရင်းရှောင်… ဒီကိုရောက်တုန်းရောက်ခိုက် ဘာလို့ ငါတို့ကျောင်းတော်မှာ နည်းနည်းလောက် ဆက်မနေသွားတာလဲ…”
“ကောင်းပြီလေ…” ရှောင်ယုယန်က ခေါင်းညိတ်လိုက်လေသည်။
“ကျေးဇူးပြုပြီး ကြွပါ…”
ခရမ်းဝါးတောင်၏ ဧည့်ခန်းထဲဝယ် တချွင်ချွင်မြည်သံများ ထွက်ပေါ်နေခဲ့လေသည်။ လက်ရှိအချိန်တွင်တော့ ရန်ကိုင်သည် နဂါးနက်ပျံချပ်ကာကို သူ့ကိုယ်ထက် ဝတ်ဆင်ထားခဲ့လေ၏။
ရွှေနဂါးအမြုတေစွမ်းအားကို ထုတ်ဖော်လိုက်ပြီးသည့်နောက်တွင် နဂါးနက်ပျံချပ်ကာကို သန့်စင်ရသည်မှာ အလွန်တရာကိုမှ လွယ်ကူကြောင်း ရန်ကိုင် တွေ့ရှိသွားခဲ့ရသည်။ ဤနဂါးနက်ပျံချပ်ကာကို ရွှေနဂါးအမြုတေ၏ စွမ်းအားအကူအညီဖြင့် သန့်စင်ရသည်မှာ တာအိုအဆင့် မှော်ရတနာအများစုကို သန့်စင်ရသည်ထက်ပင် ပို၍ လွယ်ကူနေခဲ့သည်။ ချပ်ကာကိုယ်တိုင်မှာလည်း အလွန်ကိုမှ ဝတ်လို့အဆင်ပြေကြောင်း တွေ့ရှိရလေသည်။ ဤချပ်ကာဖြင့်သာဆိုပါက နဂါးအသွင်ပြောင်းလဲခြင်းပညာရပ်ကို ထုတ်သုံးလိုက်မည်ဆိုလျှင်ပင် သူ့အနေဖြင့် ကိုယ်လုံးတီးဖြစ်နေစရာ မလိုတော့ပေ။
တစ်ခုတည်းသောပြဿနာဆို၍ ချပ်ကာ၏ ဝမ်းဗိုက်နေရာတွင် ဟောင်းလောင်းပေါက်ဖြစ်နေသည့် အပေါက်ကြီးတစ်ပေါက်သာ ရှိလေသည်။ ထို့အတွက်ကြောင့် ဤဧကရာဇ်အလယ်အလတ်အဆင့် မှော်ရတနာမှာ ဧကရာဇ်အဆင့်နိမ့်မှော်ရတနာတစ်ခု၏ စွမ်းအားကိုသာ ထုတ်ဖော်နိုင်လေ၏။
သို့သော်ငြား ရန်ကိုင်အတွက်မူ ဤမျှနှင့်ပင် လုံလောက်နေလေပြီ။
ရန်ကိုင်သည် ဤချပ်ကာကို အကာအကွယ်မှော်ရတနာတစ်ခုသဖွယ် အသုံးပြုလိုသည့်အတွက်ကြောင့် ဝယ်ယူခဲ့ခြင်းမဟုတ်။ နဂါးအသွင်ပြောင်းလဲခြင်းပညာရပ်ကို ထုတ်သုံးပြီးသည့်နောက် လူပုံစံ ပြန်ပြောင်းချိန် ကိုယ်လုံးတီးဖြစ်နေရမည့် အဖြစ်မျိုးနှင့် မကြုံချင်သည့် အတွက်ကြောင့်သာ ချပ်ကာတစ်ခုကို ဝယ်ယူခဲ့ခြင်းဖြစ်ပေသည်။ ထို့အတွက်ကြောင့် ဤချပ်ကာသည် ဧကရာဇ်အလယ်အလတ်အဆင့်ဖြစ်ဖြစ် အဆင့်နိမ့်ဖြစ်ဖြစ် ရန်ကိုင်အတွက်တော့ ဘာမှသိပ်မထူး။
ချပ်ကာနှင့်ပတ်သက်၍ ရန်ကိုင် အနှစ်သက်ရဆုံးမှာ ချပ်ကာ၏ ပေါ့ပါးမှုပင်။ ချပ်ကာကို ဝတ်ထားသော်ငြား ဝတ်မထားရသည့်အလား အလွန်ကိုမှ ပေါ့ပါးလှသည်။ ချပ်ကာဝတ်ပြီးသည့်နောက်တွင် သမားရိုးကျအဝတ်အစားများကို ဝတ်စားလိုက်သည့်အခါ ရန်ကိုင်၏ကိုယ်ထက် ချပ်ကာတစ်ခုကို ဝတ်ထားကြောင်း လုံးဝ မသိသာတော့ပေ။
သူ့ကိုယ်သူ တစ်ခဏမျှ စစ်ဆေးကြည့်နေပြီးသည့်နောက်တွင် ရန်ကိုင်သည် ပြန်ထိုင်ချ၍ နဂါးနက်ပျံချပ်ကာကို ဆက်လက်သန့်စင်နေလေသည်။
ကောင်းရွှယ်ထင်းသည် မကြာခင်၌ ပြန်ရောက်လာခဲ့သည်။ ရန်ကိုင် တံခါးပိတ်ကျင့်စဉ်ဝင်နေသည်ကိုမြင်သော် သူ့အား လာမနှောင့်ယှက်တော့ပေ။
ငါးရက်ဟူသောအချိန်ကာလသည် တစ်ခဏအတွင်း ကုန်ဆုံးသွားခဲ့သည်။ မနက်နေထွက်ချိန်သို့ ရောက်သော် ကောင်းရွှယ်ထင်းသည် အခန်းတံခါးကိုဖွင့်၍ ရန်ကိုင်အား လာခေါ်လေ၏။
ကောင်းရွှယ်ထင်း တံခါးဖွင့်လာသဖြင့် မော့ကြည့်လိုက်သည့်အခိုက် မြင်လိုက်ရသည့်မြင်ကွင်းကြောင့် ရန်ကိုင် အထိတ်တလန့် ဖြစ်သွားခဲ့ရသည်။ လက်ရှိအချိန်တွင် ကောင်းရွှယ်ထင်း၏ညွှန်ပြချက်အတိုင်း မိန်းမငယ်လေးငါးဦးသည် ရန်ကိုင်ဆီသို့ လျှောက်လာနေခဲ့လေသည်။ ထိုမိန်းမငယ်လေးများ ဝတ်စားထားသည့် အဝတ်အစားများအရ ထိုသူများမှာ နေမင်းပြာကျောင်းတော်၏တပည့်များ ဖြစ်သည်မှာ အထင်းသားပင်။
“မတ်တပ်ရပ်…” ကောင်းရွှယ်ထင်းက ရန်ကိုင်ကိုကြည့်၍ ပြောလိုက်သည်။
ရန်ကိုင်လည်း ကောင်းရွှယ်ထင်းပြောသည့်အတိုင်း မတ်တပ်ရပ်လိုက်ပြီး မယုံသင်္ကာဖြင် “ဒါက ဘာတွေလဲ အကြီးအကဲကောင်း…”
ကောင်းရွှယ်ထင်းသည် မိန်းကလေးတပည့်များကို အချက်ပြလိုက်ရင်းမှ ရန်ကိုင်အား ကြည့်၍ ရှင်းပြလိုက်လေသည်။ “သူတို့တွေက နင့်ကို ပြင်ဆင်ပေးဖို့ လာခဲ့တာ… ဒီနေ့က နင့်ရဲ့ နေ့ထူးနေ့မြတ်လေ…”
ရန်ကိုင်က ပြုံးဖြီးလျက် “အကြီးအကဲကောင်းလုပ်တဲ့ပုံစံက မသိရင် ဂျူနီယာကပဲ လက်ထပ်တော့မလိုလိုနဲ့…” သို့သော်ငြား ကောင်းရွှယ်ထင်း၏ အေးစက်စက်မျက်နှာထားကိုမြင်သော် ရန်ကိုင်လည်း သူ့အပြုံးကို ပြန်ရုတ်သိမ်းလျက် ပြောသည့်အတိုင်းသာ လိုက်လုပ်ပေးလိုက်လေသည်။ ရန်ကိုင်လည်း ထိုင်ခုံနှစ်ခုံပေါ်တွင် ချက်ချင်း သွားထိုင်ပေးလိုက်သည်။ မိန်းကလေးတပည့်တစ်ဦးသည် ရန်ကိုင်နောက်သို့ရောက်လာပြီး ရန်ကိုင်၏ဆံပင်ကို ဖြီးလိမ်းပေးလေ၏။ အခြားသောအမျိုးသမီးတစ်ဦးသည် သူ့ရှေ့တွင် ဒူးထောက်ချလျက် ရန်ကိုင်၏မျက်နှာကို သန့်ရှင်းရေးလုပ်ပေးလေ၏။
ကောင်းရွှယ်ထင်းသည် ဘေးနားတွင်ရပ်လျက် ဂုဏ်ပြုပွဲအခမ်းအနားအကြောင်းကို အသေးစိတ် ရှင်းပြလေသည်။
ကောင်းရွှယ်ထင်းပြောပြသည်ကို ကြားပြီးသည့်နောက် ရန်ကိုင်က အံ့အားသင့်တကြီးဖြင့် ပြန်မေးလိုက်လေသည်။ “ကျုပ်က အဆင့်မြင့်ဧည့်အကြီးအကဲတစ်ဦး ဖြစ်လာတာပဲ မဟုတ်ဘူးလား… ဘယ်လိုလုပ်ပြီး အခမ်းအနားက ဒီလောက်တောင် ကြီးကျယ်နေရတာလဲ…”
ရန်ကိုင်သည် သမားရိုးကျ ဧည့်အကြီးအကဲတစ်ဦး ဖြစ်လာသည့်အတွက်ကြောင့် ဂုဏ်ပြုပွဲအခမ်းအနား ကျင်းပပေးခြင်း ဖြစ်သည်ဟုသာ ထင်ခဲ့ပါသော်ငြား အခမ်းအနားအစီအစဉ်သည် သူထင်ထားသလို ဟုတ်မနေခဲ့ပေ။
“အဲ့ကိစ္စနဲ့ပတ်သက်ပြီး စိတ်ပူမနေနဲ့… ပြောတဲ့အတိုင်းသာ လိုက်လုပ်…” ကောင်းရွှယ်ထင်းက အမိန့်ပေးသည့် လေသံဖြင့် ပြောလိုက်လေ၏။
ရန်ကိုင်လည်း ဘာမှပြန်မပြောတော့ဘဲ ငြိမ်ငြိမ်လေးသာ ထိုင်နေလိုက်လေသည်။ ထို့နောက် မျက်လုံးပိတ်၍ အေးအေးဆေးဆေး အနားယူလိုက်တော့သည်။
မိန်းကလေးတပည့်များမှာတော့ ရန်ကိုင်အား သေသေချာချာကို ဖြီးလိမ်းပြင်ဆင်ပေးနေကြလေသည်။ အကုန်လုံးမှာ ရန်ကိုင်အား ကြည့်ရင်း အံ့ဩတကြီးဖြင့် သက်ပြင်းချနေကြသည်။ ရုတ်တရက် အကြီးအကဲတစ်ဦး ရောက်ရှိလာသည့်အပေါ် အကုန်လုံးမှာ အံ့အားသင့်တကြီး ဖြစ်ကုန်ကြရလေသည်။ အထူးသဖြင့် ဤအကြီးအကဲအသစ်သည် သူတို့၏ အကြီးဆုံး စီနီယာအစ်ကို ရှရှန်းနှင့် သက်တူရွယ်တူလောက်သာ ရှိကြောင်း သိလိုက်ရချိန်တွင်ပင်။
တကယ်တော့ ရှရှန်းသည် ကျောင်းတော်ထဲတွင် အတော်ကိုမှ နာမည်ကြီးသည် မဟုတ်ပေလော။ ထို့အတွက်ကြောင့် သူ့အား ကျောင်းတော်၏တပည့်တိုင်း သိနေရခြင်းပင်။
တစ်နာရီခန့် ကြာပြီးသည့်နောက်တွင် ကောင်းရွှယ်ထင်းသည် မိန်းကလေးတပည့်များကို ပြန်ပို့လိုက်ပြီး ရန်ကိုင်အား မတ်တပ်ရပ်စေ၍ သေသေချာချာ စစ်ဆေးကြည့်လေသည်။ ထို့နောက် ကျေနပ်သွားဟန်ဖြင့် ခေါင်းတညိတ်ညိတ် လုပ်လိုက်လေသည်။
ခရမ်းရောင်ဝတ်ရုံရှည်ကို ဝတ်ဆင်ထားသည့် ရန်ကိုင်၏ပုံစံသည် လူငယ်တစ်ဦးနှင့် မတူညီဘဲ အကြီးအကဲတစ်ဦး၏ပုံစံအတိုင်း အတော်လေးကိုမှ ခန့်ညားသပ်ရပ်နေခဲ့လေသည်။
“သွားကြရအောင်…” ထိုသို့ပြောပြီးသည့်နောက်တွင် ကောင်းရွှယ်ထင်းသည် ရှေ့မှ ဦးဆောင်၍ ထွက်သွားလေသည်။ ရန်ကိုင်သည် သူမနောက်မှ အနီးကပ်လိုက်သွား၏။
အစကတော့ ရန်ကိုင်အား အရမ်းကြီး စိတ်မပူရန် သတိပေးလိုခဲ့သည်။ သို့သော်ငြား ရန်ကိုင်မှာ တည်တည်ငြိမ်ငြိမ်ဖြင့်သာ ရှိနေကြောင်း တွေ့လိုက်ရသည့်နောက် ကောင်းရွှယ်ထင်းမှာလည်း ဘာမှဆက်မပြောတော့ရန် ဆုံးဖြတ်လိုက်လေသည်။
ရန်ကိုင်သည် အန္တရာယ်အသွယ်သွယ်ကို ကျော်ဖြတ်ခဲ့ရသူမှန်း သူမပြောနိုင်ပေသည်။ ထို့အတွက်ကြောင့် ဂုဏ်ပြုပွဲအခမ်းအနားမှာ အခမ်းအနားကြီးတစ်ခု ဖြစ်ပါသော်ငြား ရန်ကိုင်အား ထိတ်လန့်တုန်လှုပ်သွားစေရန် မဖြစ်နိုင်ပေ။
သူတော်စင်များတောင်ပေါ်၌ ဧည့်သည်ပေါင်းများစွာ ရောက်နေကြလေသည်။ မရေမတွက်နိုင်သော ဧည့်သည်များသည် သူတို့၏ကျင့်ကြံခြင်းနှင့် အဆင့်အတန်းအရ စီစဉ်ပေးထားသည့် နေရာများတွင် အသီးသီး နေရာယူထားကြလေသည်။ လူအရေအတွက်မှာတော့ အရမ်းကြီး များပြားလွန်းလှခြင်း မရှိဘဲ နှစ်ရာကျော်လောက်သာ ရှိပေသည်။ သို့တိုင် ထိုလူအားလုံးမှာ တောင်ဘက်နယ်မြေရှိ အင်အားစုအသီးသီးကို ကိုယ်စားပြုနေလေသည်။
နေမင်းပြာကျောင်းတော်၏ တပည့်များစွာမှာလည်း ကြွရောက်လာကြသည့် ဧည့်သည်တော်များကို တည်ခင်းဧည့်ခံပေးရင်း အလုပ်ရှုပ်နေခဲ့ကြလေသည်။ နဂိုကတည်းက ရင်းနှီးပြီးသားဖြစ်ကြသော ဧကရာဇ်အဆင့်ပညာရှင်များမှာတော့ အချင်းချင်း ပြန်တွေ့ခိုက် စကားလက်ဆုံကြရင်း ဝိုင်သောက်လိုက် စားကောင်းသောက်ဖွယ်ရာများကို စားသောက်လိုက်ဖြင့် ရွှင်ရွှင်မြူးမြူး ရှိနေကြလေ၏။
ဧကရာဇ်အဆင့်ပညာရှင်ပေါင်းများစွာကို တစ်နေရာတည်းတွင် စုပြုံ၍ မြင်ရဖို့ရာမှာ အလွန်ကိုမှ ခဲယဉ်းလှပေသည်။ ရှရှန်း အကြီးအကဲအဖြစ် တက်ရောက်သည့် ဂုဏ်ပြုပွဲအခမ်းအနားသည်ပင်လျှင် ဤမျှ မကြီးကျယ်လှ။ ရှရှန်းအလှည့်၌ အကြီးအကဲတစ်ဦး ဖြစ်သွားကြောင်းကို အမျိုးမျိုးသော အင်အားစုကြီးများကိုသာ အသိပေးခဲ့လေသည်။ သို့သော်ငြား ရန်ကိုင်အလှည့်တွင်တော့ ရန်ကိုင် အကြီးအကဲတစ်ဦး ဖြစ်လာကြောင်းကို တောင်ဘက်နယ်မြေအနှံ့ ကြေညာခဲ့လေ၏။ အချိန်မရှိသည့်အတွက်ကြောင့်သာ မဟုတ်ပါက ဤပွဲသို့ တက်ရောက်သည့်လူ ယခုထက်ပင် ပိုများနိုင်ပေသေးသည်။
ရှောင်ယုယန်နှင့် ရှောင်ချန်းတို့မှာတော့ စားပွဲတစ်ဝိုင်းတည်းတွင် ထိုင်နေကြလေသည်။ နှစ်ဦးစလုံးမှာ အဆင့်အတန်းမြင့်မားလှကြကာ ရှောင်ယုယန်သည် ကြယ်ဝိဉာဉ်နန်းတော်၏ အကြီးအကဲတစ်ဦး ဖြစ်သလို ဧကရာဇ်တတိယအဆင့် ပညာရှင်တစ်ဦးလည်း ဖြစ်သည့်အတွက်ကြောင့် ဂုဏ်ပြုပွဲအခမ်းအနားသို့ ကြွရောက်လာကြသည့် ဧည့်သည်တော်များသည် သူတို့နှင့် အရက်ခွက်ချင်း လာတေ့ကြလေသည်။ သို့သော်ငြား ရှောင်ယုယန်၏ စိတ်မပါသည့် ပုံစံမျိုးကြောင့် အခြားသူများမှာ အရက်ခွက်တေ့ပြီးသည့်နောက် သူ့အား ဘာမှဆက်မပြောရဲကြတော့ဘဲ အသီးသီး ပြန်လည်ထွက်ခွာသွားကြလေသည်။
ရုတ်တရက်ဆိုသလို ဆိုင်းသံဗုံသံများ ထွက်ပေါ်လာခဲ့ပြီး ပျားပန်းခတ်မျှ လှုပ်ရှားနေကြသော ဧည့်သည်များမှာ သူတို့၏ ထိုင်ခုံအသီးသီးတွင် သွားပြန်ထိုင်ကြလေသည်။
အထဲတစ်နေရာဆီမှ ကျင့်ကြံသူအဖွဲ့နှစ်ဖွဲ့ ပျံသန်းလာခဲ့လေ၏။ တစ်ဖွဲ့သည် အမျိုးသားများ ဖြစ်ကြပြီး ကျန်တစ်ဖွဲ့မှာတော့ အမျိုးသမီးများ ဖြစ်ကြလေသည်။ အဖွဲ့နှစ်ဖွဲ့စလုံးမှ လူများသည် တာအိုသခင်အဆင့် ကျင့်ကြံသူများ ဖြစ်ကြလေသည်။
ထိုအဖွဲ့နှစ်ဖွဲ့၏ နောက်တွင်တော့ အထူးတလည် ပြင်ဆင်ထားသည့် လှေပျံတစ်စင်း ရှိနေခဲ့လေ၏။ လှေပျံ၏ ဦးခေါင်းထက်တွင်တော့ ရပ်နေသည်မှာတော့ ရန်ကိုင်သာ ဖြစ်လေသည်။ ရန်ကိုင်၏ ဆံပင်ရှည်များသည် လေအဝှေ့နှင့်အတူ တလူလူ လွင့်ပျံနေခဲ့ပြီး ရန်ကိုင်၏နောက်ဘက် မလှမ်းမကမ်းတစ်နေရာတွင်တော့ မျက်နှာတည်ဖြင့် ရပ်နေသော ကောင်းရွှယ်ထင်း ရှိနေခဲ့လေသည်။
သူတော်စင်များတောင်ပေါ်သို့ ရောက်လာပြီးသည့်နောက် အမျိုးသားနှင့် အမျိုးသမီး အဖွဲ့နှစ်ဖွဲ့သည် ဘေးတစ်ဖက်တစ်ချက်စီတွင် စီတန်းကာ သွားရောက်ရပ်နေလိုက်ကြလေသည်။
လှေပျံလေး တောင်ပေါ်သို့ ရောက်သည့်နောက် ရန်ကိုင်နှင့် ကောင်းရွှယ်ထင်းတို့သည် လှေပျံပေါ်မှ အသီးသီး ဆင်းလာကြလေ၏။
ချက်ချင်းဆိုသလို မရေမတွက်နိုင်သော အကြည့်များသည် ရန်ကိုင်ဆီသို့ ရောက်ရှိလာကုန်ကြလေသည်။
ရန်ကိုင်သည် ကြယ်ဝိဉာဉ်နန်းတော်၏ အကြီးအကဲနှင့် ထိုအကြီးအကဲ၏တပည့်ကို သတ်ပစ်ခဲ့သည့်အကြောင်းမှာ တောင်ဘက်နယ်မြေတစ်ခုလုံးအနှံ့ ပျံ့ပြီးနေလေပြီ။ လက်ရှိအချိန်တွင် ရန်ကိုင်အကြောင်း မသိသေးသည့်လူများပင်လျှင် ရန်ကိုင်ပေါ်လာသည်နှင့်တစ်ပြိုင်နက် ရန်ကိုင်သည် နေမင်းပြာကျောင်းတော်မှ ကျင်းပသော ဂုဏ်ပြုပွဲအခမ်းအနား၏ အဓိကဇာတ်ဆောင်မင်းသားမှန်း ချက်ချင်း သိသွားကုန်ကြလေသည်။
သေသေချာချာ စစ်ဆေးကြည့်လိုက်ပြီးသည့်အခိုက် ရန်ကိုင်သည် ဧကရာဇ်ပထမအဆင့်သာ ရှိသေးကြောင်း သိလိုက်ရပြီးသည့်နောက် အတော်များများ စိတ်ပျက်သွားကုန်ကြလေသည်။ ထို့အတွက်ကြောင့် သူတို့ရရှိထားသည့် သတင်းအချက်အလက်နှင့်ပတ်သက်၍ တစ်ခုခုများ မှားယွင်းနေသလားဟုပင် အကုန်လုံး တွေးမိသွားကုန်ကြလေသည်။ ဧကရာဇ်ပထမအဆင့်သာ ရှိသေးသော ရန်ကိုင်သည် မည်ကဲ့သို့များ တန်ကျွင်းဟောင်ကဲ့သို့သော အဆင့်ရှိသည့် လူတစ်ဦးအား သတ်ပစ်နိုင်ပါမည်နည်း။
တန်ကျွင်းဟောင်၏တိုက်ကွက်တစ်ကွက်ကိုပင်လျှင် သူ့ကျင့်ကြံခြင်းလေးဖြင့် ခုခံနိုင်လောက်လိမ့်မည် မဟုတ်ပေ။
ထို့အတွက်ကြောင့် လူတော်တော်များများမှာ ရှောင်ယုယန်ဘက်သို့ လှည့်ကြည့်လာကြလေသည်။ ယခုအချိန်၌ ဤနေရာတွင် ကြယ်ဝိဉာဉ်နန်းတော်၏ အကြီးအကဲတစ်ဦးလည်း ရှိနေလေရာ ရန်ကိုင်ကိုမြင်ပြီးသည့်နောက် ရှောင်ယုယန် မည်ကဲ့သို့ တုံ့ပြန်မလဲ ဆိုသည်ကို အကုန်လုံး သိချင်မိကြလေသည်။ သို့သော်ငြား စိတ်ပျက်မှုနှင့်သာ အကုန်လုံး ကြုံလိုက်ရသည်။ ရှောင်ယုယန်သည် စကားတစ်ခွန်းမှပင် မပြောဘဲ မျက်လုံးကိုသာ မှိတ်ထားခဲ့လေသည်။
နေမင်းပြာကျောင်းတော် ဘာတွေများ တွေးနေလေသနည်း။ ကြယ်ဝိဉာဉ်နန်းတော်၏ အကြီးအကဲတစ်ဦးကို သတ်ပစ်လိုက်သည့် လူတစ်ဦးအား အမှန်တကယ် အကြီးအကဲအဖြစ် တင်မြှောက်နေလေသလော။ ကိုယ့်ပြဿနာကိုယ် ပြန်ရှာလိုနေသည်လား။ လူအတော်များများမှာ လက်ရှိအခြေအနေနှင့် ပတ်သက်၍ နားမလည်နိုင်အောင် ဖြစ်နေကြလေသည်။
ဂုဏ်ပြုပွဲအခမ်းအနား၏ အစီအစဉ်မှာ ရှင်းရှင်းပြောရလျှင် ရှုပ်ထွေးခြင်းမရှိပေ။ တကယ်တော့ အကုန်လုံးသည် ကျင့်ကြံသူများသာလျှင် မဟုတ်ပေလော။ ထို့အတွက်ကြောင့် အစီအစဉ်မှာ ရိုးရှင်းကာ ဘာမျှ ဤမျှ ခက်မနေခဲ့။ ကောင်းရွှယ်ထင်း၏ ဦးဆောင်မှုအောက်တွင် ရန်ကိုင်သည် လူတိုင်း၏ အကြည့်ကို လျစ်လျူရှုလျက် ဝမ်ကျိရှန်းတည့်တည့်ဆီသို့ လျှောက်သွားလေ၏။
ဝမ်ကျိရှန်းသည် ပြုံးမြဲပြုံးလျက် ရန်ကိုင်၏နဖူးကို သူ၏လက်ညှိုးဖြင့် ထိလိုက်ပြီးသည့်နောက် စာကြောင်းများကို တစ်ကြောင်းပြီးတစ်ကြောင်း ရေရွတ်တော့လေသည်။ နေမင်းပြာကျောင်းတော်၏အကြီးအကဲတစ်ဦး ဖြစ်လာပြီးသည့်နောက် ရန်ကိုင်ရရှိလာမည့် အကျိုးအမြတ်များနှင့် တာဝန်များကို တစ်သီတစ်တန်း ရေရွတ်ပြတော့လေသည်။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၇၆၈)
ဘာသာပြန်သူ_တိမ်တိုက်
နာရီဝက်ခန့်ကြာအောင် ဩဝါဒမိန့်ခွန်း ခြွေနေပြီးသွားသည့်နောက်တွင် ဝမ်ကျိရှန်းသည် ရန်ကိုင်ကိုကြည့်၍ ပြောလိုက်လေသည်။ “မင်း ငါပြောတာတွေကို မှတ်ထားလား…”
ရန်ကိုင်က တလေးတစားလေသံဖြင့် ပြန်ပြောလိုက်၏။ “မှတ်ထားပါတယ်…”
“ကောင်းပြီ…” ဝမ်ကျိရှန်းသည် ကျေနပ်စွာ ခေါင်းညိတ်လျက် သူ့လက်ကို နောက်သို့ ဆန့်ထုတ်ပေးလိုက်သည်။ ချက်ချင်းဆိုသလို သူ့ဘေးနားတွင် ရပ်နေသော ချန်းချန်သည် ဝမ်ကျိရှန်း၏လက်ထဲသို့ ပစ္စည်းတစ်ခုကို ထည့်ပေးလိုက်လေ၏။
“ဒီမှာ မင်းရဲ့ကျောက်စိမ်းတံဆိပ်ပြားပဲ… ဒီတံဆိပ်ပြားကို ရပြီးသွားတဲ့နောက်ပိုင်း မင်းက ငါတို့နေမင်းပြာကျောင်းတော်ရဲ့ အကြီးအကဲတစ်ဦး ဖြစ်သွားပြီ… နေမင်းပြာကျောင်းတော်နဲ့ ဆိုးတူကောင်းဖက် အမြဲတည်ရှိသွားရလိမ့်မယ်…”
“ကျောင်းသခင်ရဲ့ အမိန့်အတိုင်း ကျုပ် လိုက်နာပါ့မယ်…” ရန်ကိုင်သည် လက်သီးဆုပ်၍ ပြောလိုက်ပြီးသည့်နောက် ကျောက်စိမ်းတံဆိပ်ပြားကို လက်ခံကာ နေမင်းပြာရွှေတံဆိပ်ပြားကို ဝမ်ကျိရှန်းထံသို့ ပြန်ပေးလိုက်လေသည်။
ယခုအချိန်မှစ၍ ရန်ကိုင်သည် နေမင်းပြာကျောင်းတော်၏ အကြီးအကဲတစ်ဦး ဖြစ်လာခဲ့လေပြီ။ ကျောက်စိမ်းတံဆိပ်ပြားမှာ အလွန်တရာကိုမှ ပေါ့ပါးလှသလို အရွယ်အစားလည်း မကြီးမားလှ။ သို့သော်ငြား ရန်ကိုင်မှာတော့ ဤကျောက်စိမ်းတံဆိပ်ပြားမှာ အလွန်တရာကိုမှ လေးလံနေသလို ခံစားရလေသည်။ ဤကဲ့သို့ လေးလံနေရခြင်းမှာ ကျောက်စိမ်းတံဆိပ်ပြား၏ အလေးချိန်ကြောင့်မဟုတ်။ နေမင်းပြာကျောင်းတော်ရှိ အမျိုးမျိုးသော စီနီယာများဆီမှ ရရှိထားသည့် ကူညီထောက်ပံ့မှုများကြောင့်သာ ဖြစ်လေသည်။
“ကောင်းကင်ကို ယဇ်ပူဇော်မယ်…” ဝမ်ကျိရှန်းက သူ့လက်အား ဝှေ့ယမ်းလျက် အော်ပြောလိုက်လေသည်။
“ဝေါင်း…”
ကျယ်လောင်သည့် သားရဲဟိန်းသံတစ်သံ ပြန့်ထွက်လာခဲ့သည်။ အသံကြားရာဆီသို့ လှမ်းကြည့်လိုက်ရာ ချို့ရန်သည် လှောင်အိမ်တစ်လုံးကို သူ၏ ဧကရာဇ်ချီဖြင့် ရစ်ပတ်လျက် သူတို့ဆီသို့ ပျံသန်းလာနေကြောင်း တွေ့လိုက်ရလေသည်။ လှောင်အိမ်ထဲတွင်မူ ကျောပြင်တစ်ခုလုံး ရွှေရောင်သတ္တုပြားဖြင့် ပြုလုပ်ထားသည့်အလား ရွှေရောင်တလက်လက်တောက်ပနေသော မျောက်ဝံကြီးတစ်ကောင် ရှိနေခဲ့လေသည်။ လှောင်အိမ်ထဲတွင် ပိတ်လှောင်ခံထားရသလို ခွန်အားမှာလည်း ကန့်သတ်ထားခံရသည့်တိုင် ရက်စက်ကြမ်းကြုတ်သည့် အရှိန်အဝါမှာတော့ မျောက်ဝံဆီမှ တဝုန်းဝုန်း ဖြာထွက်နေခဲ့လေသည်။ လက်ရှိအချိန်တွင် မျောက်ဝံသည် လှောင်အိမ်နံရံကို ဝင်ဆောင့်လျက် ထွက်ပြေးရန် ကြိုးစားနေခဲ့လေသည်။ သို့သော်ငြား ၎င်း၏ကြိုးစားမှုအားလုံးမှာ အချည်းအနှီးသည်သာ။ ထို့အတွက်ကြောင့် ဒေါမာန်တကြီးဖြင့်သာ အော်ဟစ်နေခဲ့ရလေသည်။
“ရွှေကျောပြင်မျောက်ဝံ…” တစ်ယောက်ယောက်က အထိတ်တလန့်ဖြင့် ထအော်လေသည်။
အခမ်းအနားပွဲသို့ ရောက်ရှိနေကြသော ဧကရာဇ်အဆင့်ပညာရှင်များ၏ အမူအယာများမှာလည်း ပြောင်းလဲသွားကုန်ကြလေသည်။
ကောင်းကင်အား ယဇ်ပူဇော်ခြင်း အခမ်းအနားသည် ဂုဏ်ပြုပွဲအခမ်းအနား၏ နောက်ဆုံးအပိုင်း ဖြစ်လေ၏။ ဤအပိုင်းသည် အသစ်တက်ရောက်လာမည့် အကြီးအကဲ၏ ခွန်အားကို ပြသနိုင်ရန်အတွက်လည်း အခွင့်အရေးတစ်ခု ဖြစ်ပေသည်။
ပုံမှန်အားဖြင့် ယခုကဲ့သို့သော ဂုဏ်ပြုပွဲအခမ်းအနားများတွင် အသုံးပြုကြသည့် မွန်းစတားသားရဲများမှာ သာမန်ခွန်အားကိုသာ ပိုင်ဆိုင်ထားကြလေသည်။ အရမ်းကြီးအားကောင်းခြင်း မရှိသလို အားနည်းခြင်းလည်း မရှိကြချေ။ အရမ်းအားကောင်းလွန်းလျှင် အကြီးအကဲအသစ်အဖို့ လူမြင်ကွင်း၌ ရယ်စရာ ဖြစ်သွားနိုင်ပေ၏။ အရမ်းအားနည်းလွန်းလျှင်လည်း အကြီးအကဲအသစ်အနေဖြင့် သူ၏ခွန်အားကို ကောင်းမွန်စွာ ထုတ်ပြနိုင်လိမ့်မည် မဟုတ်ချေ။
ဤရွှေကျောပြင်မျောက်ဝံမှာ အဆင့်ဆယ့်နှစ် အဆင့်နိမ့်မွန်းစတားသားရဲတစ်ကောင်သာ ဖြစ်ပါသော်ငြား ဧကရာဇ်ပထမအဆင့် ကျင့်ကြံသူများမှာတော့ ဤမျောက်ဝံနှင့် တွေ့မည်ဆိုပါက ထွက်ပြေးရုံသာ တတ်နိုင်ပေလိမ့်မည်။ အကြောင်းမှာ ဤရွှေကျောပြင်မျောက်ဝံ၏ အလွန်ကိုမှ မြင့်မားလွန်းလှသော ခုခံနိုင်စွမ်းနှင့် ပြန်လည်ကောင်းမွန်နိုင်စွမ်းတို့ကြောင့်ပင်။ မည်သည့်ဧကရာဇ်ပထမအဆင့် ကျင့်ကြံသူမဆို ဤမျောက်ဝံကို သတ်ပစ်နိုင်ရန်အတွက် အသက်ကိုပင်လျှင် စွန့်စားရနိုင်ပေသည်။ သို့တိုင် တစ်ရာရာခိုင်နှုန်း အောင်မြင်နိုင်ချေမရှိချေ။
သူတို့ မည်သို့ပင် ကြည့်နေစေကာမူ ရန်ကိုင်သည် ဧကရာဇ်ပထမအဆင့် ကျင့်ကြံသူလေးတစ်ဦးသာ ဖြစ်လေသည်။ ဤကဲ့သို့သော ရွှေကျောပြင်မျောက်ဝံကို သူ တကယ်ကြီး သတ်ပစ်နိုင်မည်လား။
အချို့လူများမှာတော့ ရန်ကိုင် ဤမျောက်ဝံအား အလွယ်တကူ သတ်ပစ်နိုင်စေရန်အတွက် မျောက်ဝံ၏ခွန်အားကို ကန့်သတ်ထားလိမ့်မည်ဟု တွေးနေကြလေသည်။
ရွှေကျောပြင်မျောက်ဝံ ပေါ်လာသည့်နောက် လူတိုင်း၏စိတ်ထဲ သံသယရိပ်တို့ စတင် ထွက်ပေါ်လာကြသည်။
ဝမ်ကျိရှန်းသည် ချို့ရန်အား ခေါင်းညိတ်ပြလိုက်လေရာ ချို့ရန်လည်း ခေါင်းညိတ်လိုက်ပြီး လက်ကွက်များကိုထုတ်ဖော်လျက် လှောင်အိမ်တံခါးကို ဖွင့်ပေးလိုက်လေ၏။ တစ်ချိန်တည်းတွင် ရွှေကျောပြင်မျောက်ဝံ၏ ခွန်အားကို ကန့်သတ်ထားသော ချိတ်စည်းများကိုလည်း ဖယ်ရှားပေးလိုက်လေသည်။
“ဝေါင်း…”
အလွန်ကိုမှ ကြမ်းကြုတ်ခက်ထန်သည့် အရှိန်အဝါတို့သည် ရွှေကျောပြင်မျောက်ဝံဆီမှ ဖြာထွက်လာခဲ့ပြီး ရွှေကျောပြင်မျောက်ဝံသည် တောထဲသို့ ဝင်ရောက်သွားသည့် ကျားတစ်ကောင်အလား လှောင်အိမ်ထဲမှ ပြေးထွက်သွားခဲ့လေသည်။ အပြင်သို့ရောက်သည်နှင့် ၎င်း၏ရင်ဘတ်ကို တဘုန်းဘုန်း ထုရိုက်လျက် လူအုပ်ကြီးတစ်ခုလုံးအား နီရဲနေသည့်မျက်ဝန်းများဖြင့် ဝေ့ကြည့်လိုက်လေသည်။
ထိုရွှေကျောပြင်မျောက်ဝံကိုကြည့်ရင်း လူအုပ်ကြီး၏မျက်နှာထက် ထိတ်လန့်ကြောက်ရွံ့သည့် အရိပ်အယောင်တို့ ထွက်ပေါ်လာကြသည်။
လက်ရှိအချိန်တွင် ရွှေကျောပြင်မျောက်ဝံ၏ ခွန်အားကို ကန့်သတ်ထားသည့် ချိတ်စည်းအားလုံးမှာ ဖယ်ရှားခံလိုက်ရလေပြီ။ ထို့အပြင် ဒေါသထွက်နေသည့်အတွက်ကြောင့် ရွှေကျောပြင်မျောက်ဝံမှာ ပုံမှန်အနေအထားထက်ပင် ပို၍ ကြမ်းကြုတ်ခက်ထန်နေခဲ့သည်။ ထိုတစ်ချက်တည်းနှင့်ပင်လျှင် ရွှေကျောပြင်မျောက်ဝံကို မည်သည့်ဧကရာဇ်ပထမအဆင့်မှ ရင်ဆိုင်နိုင်တော့လိမ့်မည် မဟုတ်ချေ။ ဧကရာဇ်ဒုတိယအဆင့်လောက်သည်သာ ဤကဲ့သို့သော သားရဲမျိုးကို အနိုင်ယူနိုင်ပေလိမ့်မည်။
နေမင်းပြာကျောင်းတော် ဘာတွေများ တွေးနေလေသနည်း။ သူတို့၏အကြီးအကဲအသစ်ကို ဤရွှေကျောပြင်မျောက်ဝံနှင့် ရင်ဆိုင်ခိုင်းနေချင်သလော။ ဤမျောက်ဝံကိုသာ မသတ်ပစ်နိုင်ခဲ့ပါက အကြီးအကဲအသစ်သည် လူမြင်ကွင်း၌ ရယ်စရာဖြစ်လာလိမ့်မည်ဖြစ်သလို နေမင်းပြာကျောင်းတော်၏ ဂုဏ်သတင်းလည်း ထိခိုက်ရပေလိမ့်မည်။
ဓါးရောင်တစ်ချက် လက်သွားခဲ့ပြီး ရန်ကိုင်သည် လေထဲသို့ ပျံတက်လာခဲ့လေသည်။
ခရမ်းဝါးတောင်တွင် ရှိစဉ်ကတည်းက ကောင်းရွှယ်ထင်းသည် ဂုဏ်ပြုပွဲအခမ်းအနား၏ အစီအစဉ်အားလုံးကို ရန်ကိုင်အား အသေးစိတ်ရှင်းပြထားခဲ့သည့်အတွက်ကြောင့် ရန်ကိုင်မှာ ဂုဏ်ပြုပွဲအခမ်းအနားတွင် အဆင့်ဆယ့်နှစ် အဆင့်နိမ့်မွန်းစတားသားရဲတစ်ကောင်နှင့် ရင်ဆိုင်ရလိမ့်မည်မှန်း ကြိုသိထားခဲ့လေသည်။ ဤကဲ့သို့သောမွန်းစတားသားရဲလောက်ကိုတော့ သူဂရုမစိုက်ပေ။
အနန္တဓါးကိုထုတ်၍ ရွှေကျောပြင်မျောက်ဝံအား ဓါးဖြင့်ချိန်ရွယ်ရင်း သတ်ဖြတ်လိုစိတ်ကို ထုတ်လွှတ်လိုက်လေသည်။
ရန်ကိုင်၏သတ်ဖြတ်လိုစိတ်ကို ခံစားမိလိုက်သည့်အလား ရွှေကျောပြင်မျောက်ဝံသည် ရန်ကိုင်ဘက်သို့ လှည့်ကြည့်လာခဲ့လေ၏။ ထို့နောက်တွင် မွန်းစတားချီတို့ ၎င်း၏ခန္ဓာကိုယ်မှ ဖြာထွက်လာခဲ့ပြီး ကြမ်းကြုတ်ခက်ထန်စွာ မာန်သွင်းအော်ဟစ်လျက် ရန်ကိုင်ဆီသို့ တဟုန်ထိုး ပြေးဝင်လာခဲ့လေသည်။
သို့သော်ငြား ထိုအခိုက်အတန့်မှာပင် မမျှော်လင့်ထားသည့် အဖြစ်အပျက်တစ်ခု ဖြစ်ပျက်သွားခဲ့လေသည်။ အလင်းတန်းတစ်ခု အဝေးတစ်နေရာဆီမှ ရုတ်တရက် ထွက်ပေါ်လာခဲ့ပြီး လျှပ်စီးတန်းတစ်ခုနှယ် ရွှေကျောပြင်မျောက်ဝံ၏ ခန္ဓာကိုယ်ကို ရန်ကိုင်ဆီသို့ ဆက်လက်တိုးဝင်လာခဲ့လေသည်။
“ဘယ်သူလဲ…” ဝမ်ကျိရှန်းသည် ဒေါမာန်တကြီးထအော်လျက် ရန်ကိုင်အား ကယ်ဆယ်ရန် ကြိုးစားလိုက်ပါသော်ငြား နောက်ကျလွန်းသွားခဲ့သည်။
စူးရှလှသည့် သတ္တုချင်းထိခတ်သံတို့ ထွက်ပေါ်လာခဲ့ပြီး ရန်ကိုင်လက်ထဲရှိ အနန္တဓါး တုန်ခါသွားခဲ့လေသည်။ ရန်ကိုင်ကိုယ်တိုင်သည်လည်း မီတာတစ်ထောင်အကွာသို့ ဆုတ်သွားရပြီးသည့်နောက်မှသာ သူ့ကိုယ်သူ ဟန်ချက်ထိန်းလိုက်နိုင်သည်။ သူ့မျက်နှာမှာ ရုတ်ချည်းဆိုသလို ဖြူလျော်သွားခဲ့ပြီး သွေးတစ်ပွက် ထိုးအန်လိုက်ရသည်။
ထိုအခိုက်အတန့်မှာပင်လျှင် ဝမ်ကျိရှန်းသည် ရန်ကိုင်နှင့် တိုးဝင်လာသည့် အလင်းတန်းကြား ပိတ်ရပ်လိုက်လေ၏။ ထို့နောက် ကောင်းရွှယ်ထင်းသည်လည်း ရန်ကိုင်ဘေးနားတွင် ချက်ချင်းပေါ်လာကာ အသစ်ရောက်လာသည့်လူအား သတိကြီးကြီးဖြင့် လှမ်းကြည့်လိုက်လေသည်။
“ဘုန်း…”
တစ်ခုခုပေါက်ကွဲထွက်သွားသည့်အသံ ထွက်ပေါ်လာခဲ့လေသည်။ အစောပိုင်းက ဒေါမာန်တကြီးဖြင့် မာန်သွင်းဟိန်းဟောက်အော်ဟစ်နေခဲ့သော ရွှေကျောပြင်မျောက်ဝံမှာ အလင်းတန်း၏ထိမှန်ခြင်း ခံလိုက်ရပြီးသည့်နောက်တွင် သွေးမြူများအဖြစ် ပေါက်ကွဲထွက်သွားကုန်လေသည်။ အရိုးများပင်လျှင် ကျန်ရစ်ခဲ့ခြင်းမရှိခဲ့။
ထိုမြင်ကွင်းကိုကြည့်ရင်း လူအုပ်ကြီးမှာတော့ မှင်တက်နေကုန်ကြလေသည်။ ထို့နောက်တွင် အကုန်လုံး ထရပ်လိုက်ကြလေ၏။ ယခုကဲ့သို့ နေမင်းပြာကျောင်းတော်၏ ဂုဏ်ပြုပွဲအခမ်းအနားတွင် တစ်ယောက်ယောက်မှ ပြဿနာလာရှာလိမ့်မည်ဟု မည်သူမျှ မထင်ထားခဲ့ကြချေ။ ထို့အပြင် အသစ်ရောက်လာသည့်လူသည် ရွှေကျောပြင်မျောက်ဝံကဲ့သို့သော ခက်ထန်ကြမ်းကြုတ်လှသည့် သားရဲတစ်ကောင်ကိုပင်လျှင် တိုက်ကွက်တစ်ကွက်တည်းဖြင့် သတ်ပစ်သွားခဲ့သည်။ ထိုမျှသာလျှင် မဟုတ်သေး။ ထိုလူသည် ဂုဏ်ပြုပွဲအခမ်းအနား၏ ဇာတ်လိုက်ကိုလည်း ဦးတည်တိုက်ခိုက်ခဲ့ပေသေးသည်။
ထိုလူ၏လုပ်ရပ်မှာ နေမင်းပြာကျောင်းတော်၏မျက်နှာကို ဖြတ်ရိုက်လိုက်ခြင်းသာ ဖြစ်လေသည်။ မည်သူကများ သူတို့အပေါ် ယခုကဲ့သို့ လာလုပ်သည်ကို သည်းခံနေပါမည်နည်း။
သို့ရာတွင် အဆင့်ဆယ့်နှစ်မွန်းစတားသားရဲတစ်ကောင်ကို အထူးသဖြင့် ရွှေကျောပြင်မျောက်ဝံကဲ့သို့သော သားရဲတစ်ကောင်ကို တိုက်ကွက်တစ်ကွက်တည်းဖြင့် တစ်စစီပေါက်ကွဲထွက်သွားအောင် လုပ်ပစ်နိုင်သည်ကိုကြည့်လျှင် ထိုလူ၏ခွန်အားမှာ လုံးဝကို ထိပ်တန်းရောက်နေပြီမှန်း မည်သူမဆို ပြောနိုင်ကြပေသည်။ ကြယ်တာရာအစုအဝေးထဲ ယခုကဲ့သို့လုပ်နိုင်သော ဧကရာဇ်အဆင့်ပညာရှင် များများစားစားမရှိချေ။ ယခုရောက်လာသည့်လူမှာ မည်သူနည်း။
ထို့အတွက်ကြောင့် ရောက်လာသည့်လူဘက်သို့ လှမ်းကြည့်လိုက်ရာ မည်သူမှန်းသိလိုက်သည့်နောက် အကုန်လုံး ထပ်မံမင်သက်သွားကုန်ကြရလေသည်။ တစ်ချိန်တည်းတွင်လည်း ဤဂုဏ်ပြုပွဲအခမ်းအနားမှာ ချောချောမွေ့မွေ့နှင့် ရှေ့ဆက်သွားနိုင်တော့လိမ့်မည်မဟုတ်မှန်း နားလည်သွားကုန်ကြလေသည်။
“အကြီးအကဲရွှယ့်…” ဝမ်ကျိရှန်းသည် အသစ်ရောက်လာသည့်လူအား မှုန်ကုပ်ကုပ်အမူအယာဖြင့် မျက်လုံးမှေးစင်းကာ စိုက်ကြည့်လျက် မေးလိုက်လေသည်။
ယခု ရွှေကျောပြင်မျောက်ဝံအား သတ်ပစ်လိုက်သည့်လူမှာ ကြယ်ဝိဉာဉ်နန်းတော်၏ အကြီးအကဲ ရွှယ့်ကျန်းမောင်သာ ဖြစ်လေသည်။ အကြီးအကဲရွှယ့်ကျန်းမောင်ပါ ရောက်လာလိမ့်မည်ဟု ဝမ်ကျိရှန်း လုံးဝမထင်ထားခဲ့ချေ။ ရှောင်ယုယန်ရောက်လာသည်ကပင်လျှင် လုံလောက်နေပြီဖြစ်လေရာ ဘာကြောင့်များ ကြယ်ဝိဉာဉ်နန်းတော်မှ နောက်ထပ် ဧကရာဇ်တတိယအဆင့် အကြီးအကဲတစ်ဦး ထပ်မံရောက်ရှိလာရလေသနည်း။ ထို့အပြင် ရွှယ့်ကျန်းမောင်သည် ဤနေရာသို့ရောက်ရောက်ခြင်း သူတို့နေမင်းပြာကျောင်းတော်၏ မျက်နှာကိုပင်လျှင် ထောက်ထားငဲ့ညှာခြင်းမရှိဘဲ တိုက်ရိုက်ပြဿနာရှာခဲ့လေသည်။
ထိုသို့အော်မေးလိုက်ပြီးသည့်နောက်တွင် ဝမ်ကျိရှန်းသည် ရှောင်ယုယန်ဘက်သို့ လှမ်းကြည့်လိုက်လေ၏။ ရှောင်ယုယန်မှာလည်း မျက်မှောင်မောင်နေကြောင်း တွေ့လိုက်ရလေသည်။ ကြည့်ရသလောက် အကြီးအကဲရွှယ့်ကျန်းမောင်ပါ ဤနေရာသို့ရောက်လာမည် ဆိုသည့်အကြောင်းကို ရှောင်ယုယန်လည်း မသိထားသည့်ပုံပင်။
“ကျောင်းသခင်ဝမ်…” ရွှယ့်ကျန်းမောင်က ဝမ်ကျိရှန်းအား စိုက်ကြည့်၍ ထူးမခြားနားဟန်ဖြင့် ပြန်ပြောလိုက်ပြီးသည့်နောက် ရန်ကိုင်ကိုကြည့်ကာ ပြောလိုက်လေသည်။ “ဒီတော့ မင်းက ရန်ကိုင်ပေါ့… ငါ့တိုက်ကွက်ကို ခံရပြီးတာတောင် အကောင်းအတိုင်းရှိနေသေးတယ်ဆိုတော့ မင်းက တကယ် ထူးချွန်တာပဲ… ဒါပေမယ့် မင်း အခု ငါနဲ့ ပြန်လိုက်ခဲ့မှရလိမ့်မယ်…”
ထိုသို့ပြောပြီးသည့်နောက်တွင် ရန်ကိုင်အား လှမ်းဆွဲရန်အတွက် သူ့လက်ကို ဆန့်ထုတ်လိုက်လေသည်။
ဝမ်ကျိရှန်း ဒေါသူပုန်ထသွားခဲ့ပြီး ရွှယ့်ကျန်းမောင်ဆီသို့ လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်လေ၏။
“မင်း ဘာဝင်ရှုပ်နေတာလဲကွ…” ရွှယ့်ကျန်းမောင်လည်း ဒေါသထွက်ထွက်ဖြင့် ရန်ကိုင်ဆီသို့ လှမ်းနေသည့် သူ့လက်အား ချက်ချင်းပြင်လျက် ဝမ်ကျိရှန်းဆီသို့ လက်ဝါးတစ်ချက် ပြန်ရိုက်ထုတ်လိုက်လေသည်။ အားလှိုင်းများ ထွက်ပေါ်လာခဲ့ပြီး ဟင်းလင်းပြင်တစ်ခုလုံး သိမ့်သိမ့်တုန်ခါသွားခဲ့ကာ နှစ်ဦးစလုံး နောက်သို့ ခြေလှမ်းသုံးလှမ်းဆီ အသီးသီး ဆုတ်သွားခဲ့ကြရသည်။
“အကြီးအကဲရွှယ့်… ငါ မင်းကို ဧည့်သည်တစ်ယောက်အဖြစ် လေးစားတယ်… ဒါပေမယ့် မင်း ဒီကို ရောက်ရောက်ချင်း မပြောမဆိုနဲ့ ငါတို့ကျောင်းတော်ရဲ့ အကြီးအကဲကို တိုက်ရိုက်တိုက်ခိုက်လိုက်တာ မင်း လွန်တယ်လို့ မထင်ဘူးလား…” ဝမ်ကျိရှန်းက အေးစက်စက်လေသံဖြင့် ပြန်ပြောလိုက်လေသည်။
ရွှယ့်ကျန်းမောင်က ပြန်၍ ပြောလိုက်သည်။ “မင်းတို့ကျောင်းတော်ရဲ့အကြီးအကဲ ဟုတ်လား… ဝမ်ကျိရှန်း… အသက်ကြီးလာတာနဲ့ မင်းက တကယ်ကို ခေါင်းမကောင်းလာတော့တာပဲ… ဒီကောင် ဘယ်လိုတွေ ပြဿနာရှာထားလဲဆိုတာကို မင်းမသိဘူးလို့ ငါ့ကို လာမပြောနဲ့နော်… အဲ့ဒါတောင် သူ့ကို ကာကွယ်ပေးရဲသေးတာလား… ဘာလဲ… မင်းတို့နေမင်းပြာကျောင်းတော်တစ်ခုလုံး အပြတ်ရှင်းပစ်ခံချင်နေတာလား…”
“အကြီးအကဲရန် ဘယ်လိုတွေပြဿနာရှာခဲ့လို့ အကြီးအကဲရွှယ့် ဒီလောက် ဒေါသထွက်နေတာလဲ ငါသိလို့ရမလား… ငါလည်း အဲ့အကြောင်းကို တော်တော်လေးသိချင်နေတာ…” ဝမ်ကျိရှန်းက ပြန်ပြောလိုက်လေသည်။
“ငါ မင်းနဲ့ ဆက်ပြီး ငြင်းမနေတော့ဘူး… ဒီနေ့ ငါ ရန်ကိုင်ကို ဒီကနေ ခေါ်သွားမယ်…” ရွှယ့်ကျန်းမောင်မှာမူ လုံးဝကို ခေါင်းမာနေခဲ့လေသည်။ ထို့နောက်တွင် ရှောင်ယုယန်ဘက်သို့လှည့်၍ မေးလိုက်၏။ “အကြီးအကဲရှောင်… မင်းရော ဘယ်လိုထင်လဲ…”
ထိုစကားကိုကြားသည့်အခါ ဝမ်ကျိရှန်း၏အမူအယာ မဆိုစလောက်ကလေး ပြောင်းလဲသွားခဲ့လေသည်။ သူသည် ဧကရာဇ်တတိယအဆင့် ပညာရှင်တစ်ဦး ဖြစ်ပါသော်ငြား အဆင့်တူကျင့်ကြံသူတစ်ဦးကိုသာ ထိန်းထားနိုင်ပေလိမ့်မည်။ ရှောင်ယုယန်နှင့် ရွှယ့်ကျန်းမောင်တို့သာ တစ်ပြိုင်တည်း လှုပ်ရှားလာမည်ဆိုပါက ရန်ကိုင်အနေဖြင့် ဤနေရာမှ ထွက်ပြေးရန် ခက်ပေလိမ့်မည်။ နေမင်းပြာကျောင်းတော်၏ ဧကရာဇ်အဆင့်ပညာရှင်အားလုံး လှုပ်ရှားမည်ဆိုလျှင်ပင် ရွှယ့်ကျန်းမောင်ကို ထိန်းထားနိုင်လိမ့်မည်မဟုတ်။
ရှောင်ယုယန်က မျက်မှောင်ကြုတ်လျက် “လွန်ခဲ့တဲ့ငါးရက်တုန်းက ငါ ဒီကိစ္စကို မဟာဧကရာဇ်ကို တင်ပြလိုက်တယ်… အခု မဟာဧကရာဇ်ရဲ့အမိန့်ကို စောင့်နေတာ…”
ထိုစကားကိုကြားသည့်အခါမှ ဝမ်ကျိရှန်း စိတ်သက်သာရာ ရသွားခဲ့လေသည်။ ရှောင်ယုယန်ကိုယ်တိုင် ဝင်မပါလာသည်မှာ သူ့အတွက်တော့ ကောင်းသည့်ကိစ္စတစ်ရပ် ဖြစ်ပေသည်။ ရွှယ့်ကျန်းမောင်တစ်ယောက်တည်းကိုတော့ သူမကြောက်ပေ။
“ဟမ့်…” သူလိုချင်နေသည့်အဖြေ မရလိုက်သည့်အတွက်ကြောင့် ရွှယ့်ကျန်းမောင်၏မျက်နှာ သုန်မှုန်သွားခဲ့လေသည်။ မည်သို့ပင်ဖြစ်နေစေကာမူ သူတို့နှစ်ဦးစလုံးမှာ ကြယ်ဝိဉာဉ်နန်းတော်၏ အကြီးအကဲများ ဖြစ်နေသလို အဆင့်အတန်းလည်း တူညီကြသည့်အတွက်ကြောင့် သူ့စိတ်ထဲ မကျေမနပ် ဖြစ်နေလင့်ကစား ရှောင်ယုယန်ကိုတော့ ဘာမှ အပြစ်သွားပြောမနေခဲ့ပေ။ ဝမ်ကျိရှန်းဘက်သို့လှည့်၍သာ ပြန်ပြောလိုက်လေ၏။ “ကျောင်းသခင်ဝမ်… အခမ်းအနားက ပြီးသေးတာမဟုတ်ဘူး… ဒီတော့ ရန်ကိုင်က မင်းတို့ကျောင်းတော်ရဲ့ အကြီးအကဲ မဟုတ်သေးဘူးလို့ ပြောလို့ရတယ်… သူ့ကို ငါ့လက်ထဲအပ်ပေးလိုက်… ဒါဆိုရင် မင်းတို့ကျောင်းတော်အတွက် အကျိုးရှိသွားလိမ့်မယ်…”
ဝမ်ကျိရှန်းက ခေါင်းခါလျက် ပြန်ပြောလိုက်သည်။ “အခမ်းအနားက မပြီးသေးပေမယ့် ရန်ကိုင်က ကျောက်စိမ်းတံဆိပ်ပြားကို လက်ခံရရှိပြီးသွားပြီ… အဲ့ဒါကို ဘယ်လိုလုပ်ပြီး သူ့ကို ငါတို့ကျောင်းတော်ရဲ့ အကြီးအကဲ မဟုတ်ဘူးလို့ ပြောရဲတာလဲ…”
“မင်း ဘာဖြစ်လို့ ဒီလောက်တောင် ခေါင်းမာချင်နေရတာလဲ… မင်းလုပ်ရပ်က မဟာဧကရာဇ်ကို ဒေါသထွက်သွားစေနိုင်တယ်ဆိုတာကို မသိဘူးလား…” ရွှယ့်ကျန်းမောင်က ဒေါမာန်တကြီးဖြင့် ထအော်လေသည်။
ဝမ်ကျိရှန်းက ယဲ့ယဲ့လေးပြုံးလျက် “မဟာဧကရာဇ်တွေဆိုတာ ငါတို့နဲ့ တူတဲ့လူတွေမဟုတ်ဘူးကွ… သူတို့ရဲ့စဉ်းစားဆင်ခြင်နိုင်စွမ်း၊ ချင့်ချိန်နိုင်စွမ်းက လုံးဝကို မေးခွန်းထုတ်စရာမရှိဘူး… ဒီလိုကိစ္စမျိုးလေးကို မဟာဧကရာဇ်က ဘယ်လိုလုပ်ပြီး ဒေါသထွက်ရမှာလဲ… အကြီးအကဲရန်က ကြယ်ဝိဉာဉ်နန်းတော်ကိုယ်စား သူတို့ရဲ့အရှုပ်ထုပ်ကို ရှင်းပေးတဲ့အတွက် မဟာဧကရာဇ်ကတောင် အကြီးအကဲရန်ကို ကျေးဇူးတင်ရင် တင်နေဦးမှာ…”
“မဟုတ်တရုတ်တွေ လာပြောမနေနဲ့…” ရွှယ့်ကျန်းမောင်၏မျက်နှာ ဒေါမာန်တကြီးဖြင့် ပြာနှမ်းသွားခဲ့လေသည်။
ဝမ်ကျိရှန်းက အေးစက်စက်လေသံဖြင့် ပြန်ပြောလိုက်သည်။ “မင်း အကြီးအကဲရန်ကို ခေါ်သွားချင်တယ်ဆိုရင် ငါ့ကို အရင်ကျော်နိုင်မှ ရလိမ့်မယ်…”
“ငါ မလှုပ်ရှားရဲဘူးလို့ ထင်နေတာလား…” ရွှယ့်ကျန်းမောင်က အံတင်းတင်းကြိတ်ရင်းမှ ပြန်ပြောလိုက်သည်။
“မင်း အခုလေးတင် လှုပ်ရှားလိုက်တာ မဟုတ်ဘူးလား…” ဝမ်ကျိရှန်းက ပြန်ပြောလိုက်လေသည်။
ဧကရာဇ်တတိယအဆင့် ကျင့်ကြံသူနှစ်ဦးမှာ မည်သူမျှ အလျှော့မပေးဘဲ အပြန်အလှန် ငြင်းခုန်နေခဲ့ကြသည်။ သူတို့မျက်လုံးထဲရှိ ဒေါသမီးတောက်များမှာလည်း အချိန်နှင့်အမျှ ပိုပို၍ အားကောင်းနေခဲ့ကာ အချိန်မရွေး တစ်ယောက်နှင့်တစ်ယောက် မီးကုန်ယမ်းကုန် တိုက်ခိုက်ကြတော့မည့်အလား ဖြစ်လာနေခဲ့ကြသည်။ ထိုအချင်းအရာကိုမြင်လိုက်သည့်အခိုက် ဧည့်သည်များမှာတော့ ရင်တဒုန်းဒုန်းခုန်ကာ ကျောပြင်တစ်လျှောက် ချွေးအေးများဖြင့် စိုရွှဲနေကုန်ကြလေသည်။
သူတို့နှစ်ဦးသည်သာ တကယ်ကြီး တိုက်ခိုက်ကြမည်ဆိုပါက သူတို့တိုက်ပွဲမှာ မည်မျှပင် မှင်တက်အံ့ဩဖွယ်ကောင်းနေစေကာမူ သူတို့သည်လည်း ဤပြဿနာအရှုပ်ထုပ်ထဲ ဆွဲခေါ်ခံရပေလိမ့်မည်။
မည်သူမျှ ထိုကဲ့သို့ မဖြစ်ချင်ကြချေ။
“စီနီယာတို့… ကျေးဇူးပြုပြီး ကိုယ့်ကိုယ်ကို ထိန်းကြပါဦး… စီနီယာတို့က တောင်ဘက်နယ်မြေရဲ့ ထောက်တိုင်ကြီးတွေလေ… ဒီတော့ အကြာကြီးကြာမှ တစ်ယောက်နဲ့တစ်ယောက် တစ်ခါတစ်လေတွေ့ရတာ… ဘာဖြစ်လို့ အခုလိုမျိုးတွေ လုပ်နေရတာလဲ…” ရှေးဟောင်းကျောင်းတော်က ဖုန်းမင်သည် ထရပ်၍ ဝင်ရောက်ဖြန်ဖြေပေးရန် ကြိုးစားလိုက်လေသည်။
“ဟုတ်ပါတယ် စီနီယာတို့… ကျေးဇူးပြုပြီး ဒေါသ ရှေ့မထားကြပါနဲ့… အေးအေးဆေးဆေးထိုင်ပြီး ရေနွေးကြမ်းသောက်ရင်းနဲ့ ဆွေးနွေးကြပါလား…” ခုနှစ်ရောင်စဉ်ကုန်သွယ်ရေးအဖွဲ့အစည်း၏ ဒုခေါင်းဆောင် ချန်းရန်ကလည်း မတ်တပ်ရပ်၍ ဝင်ပြောလိုက်လေသည်။
ကောင်းကင်တိုက်ပွဲဒိုဂျိုမှ ချန်ဝမ်ဟောင်ကလည်း အမြန်ဝင်ပြောလိုက်လေသည်။ “မဟာဧကရာဇ်ရဲ့အမိန့်ကို စောင့်နေတယ်လို့ အကြီးအကဲရှောင် ပြောခဲ့တယ်မလား… ငါးရက်လောက်ရှိပြီဆိုတော့ မဟာဧကရာဇ်ရဲ့ အမိန့်ကိုလည်း ပို့ရင်ပို့ပြီးလောက်မှာပေါ့… ဘာဖြစ်လို့ ဒီလောက် အလျင်လိုနေရတာလဲ အကြီးအကဲအရွှယ့်…”
ရွှယ့်ကျန်းမောင်က မျက်မှောင်ကြုတ်လျက် တစ်ခဏမျှတိတ်နေပြီးသည့်နောက် ပြန်၍ ပြောလိုက်လေ၏။ “ကောင်းပြီလေ… အဲ့လိုဆိုမှတော့ မဟာဧကရာဇ်ရဲ့အမိန့် ရောက်လာတဲ့အထိ ဒီမှာထိုင်စောင့်ပေးရတာပေါ့… အဲ့အမိန့်ရောက်လာရင်တော့ အဲ့ကောင်လေးကို မင်းဘယ်လိုကာကွယ်ပေးဦးမလဲ ကြည့်ရသေးတာပေါ့ ဝမ်ကျိရှန်းရယ်…”
ထိုသို့ပြောပြီးသည့်နောက်တွင် ရှောင်ယုယန်အား လှမ်း၍ ကြည့်လိုက်လေသည်။ ယနေ့ကိစ္စသည် သူ့အား အတော်လေးကိုမှ ကြိတ်မနိုင်ခဲမရ ဖြစ်စေခဲ့သည်။ အစကတော့ သူကိုယ်တိုင်ပေါ်လာပါက ရန်ကိုင်အား မတိုက်ခိုက်ရပဲ ခေါ်သွားနိုင်လိမ့်မည်ဟု ယုံကြည်ခဲ့လေသည်။ သို့သော်ငြား ဝမ်ကျိရှန်းသည် သူ့အား အနည်းငယ်မျှပင်လျှင် မျက်နှာသာမပေးဘဲ နေလိမ့်မည်ဟု မထင်ထားခဲ့ချေ။ ပို၍ဆိုးသည်မှာ ရှောင်ယုယန်ကပါ ဘေးထွက်ရပ်နေခြင်းပင်။ ထို့အပြင် သူ ဤနေရာသို့ ရောက်လာပြီးသည့်နောက်မှသာ ယနေ့ကိစ္စကို မဟာဧကရာဇ်ဆီသို့ တင်ပြပြီးသွားပြီဟု ပြောခဲ့သည်။ အစောကြီးကတည်းကသာ မဟာဧကရာဇ်ဆီသို့ ဤအကြောင်းအား တင်ပြပြီးသွားမှန်း သိခဲ့မည်ဆိုပါက သူကိုယ်တိုင်ပင် ထွက်မလာခဲ့ပေ။ ထိုသို့ပင်ဖြစ်လင့်ကစား မဟာဧကရာဇ်၏အမိန့်တော်မှာ မကြာခင်ရောက်လာတော့မည် ဖြစ်သည့်အတွက်ကြောင့် ရွှယ့်ကျန်းမောင်လည်း ထိုကိစ္စအား အရမ်းအရေးစိုက်မနေတော့။ မဟာဧကရာဇ်၏အမိန့်တော် ရောက်လာခဲ့မည်ဆိုလျှင် ဝမ်ကျိရှန်း ထိုကောင်လေးအား ဆက်၍ ကာကွယ်ပေးရဲဦးမည်လား သူသိချင်မိပေသည်။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၇၆၉)
ဘာသာပြန်သူ_တိမ်တိုက်
“တစ်ယောက်ယောက်… ဧည့်သည်အတွက် ထိုင်ခုံပြင်ပေးလိုက်ပါဦး…” ဝမ်ကျိရှန်းက လက်ဝှေ့ယမ်းလျက် စိတ်သက်သာရာ ရသွားသည့်ပုံဖြင့် ပြောလိုက်လေသည်။ မည်သို့ပင်ဖြစ်နေစေကာမူ လက်ရှိအချိန်တွင် ရွှယ့်ကျန်းမောင် ဆက်၍ ပြဿနာရှာတော့လိမ့်မည် မဟုတ်ချေ။
“နေပါဦး…” တစ်ချိန်လုံး တိတ်ဆိတ်နေခဲ့သော ရန်ကိုင်သည် ရုတ်တရက် ဝင်ပြောလိုက်လေသည်။
ဝမ်ကျိရှန်း ရန်ကိုင်အား မှင်တက်နေသည့်အမူအယာဖြင့် လှမ်းကြည့်လိုက်သည်။
ရန်ကိုင်သည် နှုတ်ခမ်းထောင့်မှ စီးကျနေသော သွေးများကိုသုတ်၍ ပြောလိုက်လေ၏။ “ကျောင်းသခင်ဝမ်… လိုရမယ်ရ အပိုပြင်ဆင်ထားတဲ့ အခြားသားရဲတစ်ကောင် ရှိသေးလား…”
ဝမ်ကျိရှန်း ခါးသက်စွာ ရယ်မောရင်း ခေါင်းခါလိုက်လေသည်။
အဆင့်ဆယ့်နှစ် မွန်းစတားသားရဲတစ်ကောင်ကို ဤမျှ ဖမ်းဆီးရ လွယ်ကူမည်လား။ ဤမျှ လွယ်ကူလွန်းနေမည်ဆိုလျှင် အဆင့်ဆယ့်နှစ်မွန်းစတားသားရဲများ၏ အမြုတေများမှာ ဤမျှ အဖိုးတန်တော့လိမ့်မည် မဟုတ်ချေ။ ထို့အပြင် အချိန်ကလည်း မရှိတော့လေရာ ထိုကဲ့သို့သော မွန်းစတားသားရဲတစ်ကောင်ကို သူတို့အနေဖြင့် မည်သည့်နေရာတွင်များ သွားရှာရပါမည်နည်း။ ရွှယ့်ကျန်းမောင်မှ ယခုသတ်ပစ်လိုက်သော ရွှေကျောပြင်မျောက်ဝံသည် ဝမ်ကျိရှန်းကိုယ်တိုင် နေမင်းပြာကျောင်းတော်မှ မိုင်ပေါင်းဆယ်သန်းခန့် ဝေးကွာသော တောအုပ်တစ်ခုထဲတွင် သွားဖမ်းလာသည့် မွန်းစတားသားရဲ ဖြစ်လေသည်။
သို့သော်ငြား ရန်ကိုင် မသတ်ပစ်နိုင်သေးခင်မှာပင် ရွှယ့်ကျန်းမောင်မှ သတ်ပစ်ခဲ့လေသည်။ ထို့အတွက်ကြောင့် ဂုဏ်ပြုပွဲအခမ်းအနားမှာ တစ်ပိုင်းတစ်စ ဖြစ်သွားခဲ့ရလေ၏။
ရန်ကိုင်က ခေါင်းကိုမော့လျက် “အပိုမရှိမှတော့ နည်းလမ်းတစ်ခုပဲ ကျန်တော့တာပေါ့…”
ဝမ်ကျိရှန်း ရင်တဒုန်းဒုန်း ခုန်သွားခဲ့ပြီး ပြန်၍ မေးလိုက်လေသည်။ “မင်း ဘာတွေတွေးနေတာလဲ…”
ဝမ်ကျိရှန်းမှ ထိုကဲ့သို့ မေးပြီးပြီးချင်းမှာပင် ရန်ကိုင်၏ခန္ဓာကိုယ် ရုတ်တရက် ပျောက်ကွယ်သွားခဲ့လေ၏။
ရန်ကိုင်ဘာလုပ်ချင်နေမှန်း သိလိုက်သည့်နောက် ဝမ်ကျိရှန်း၏အမူအယာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့လေသည်။ ချက်ချင်း လှမ်းကြည့်လိုက်ရာ ရန်ကိုင် ရွှယ့်ကျန်းမောင်ရှေ့၌ ရုတ်တရက် ပေါ်လာကြောင်း တွေ့လိုက်ရလေသည်။ ထို့နောက်တွင် ရန်ကိုင်သည် ရွှယ့်ကျန်းမောင်အား သူ့ဓါးဖြင့် ခုတ်ချလိုက်လေ၏။ ကြောက်မက်ဖွယ်ရာ အဖျက်စွမ်းအားကို သယ်ဆောင်ထားသော၊ လောကကြီးတစ်ခုလုံးကို နှစ်ပိုင်းခွဲပစ်တော့မည့်အလား ပြင်းထန်သည့် ဓါးလှိုင်းတစ်လှိုင်း ထွက်ပေါ်လာခဲ့လေ၏။
ရွှယ့်ကျန်းမောင်မှာလည်း ရန်ကိုင်၏ ရုတ်တရက် တိုက်ခိုက်မှုကြောင့် အထိတ်တလန့် ဖြစ်သွားခဲ့ရလေသည်။ ချက်ချင်းပဲ လက်ဝါးတစ်ချက်ကို ကမန်းကတန်း ကောက်၍ ရိုက်ထုတ်လိုက်ရာ ရန်ကိုင်၏ဓါးချက်မှာ လက်ဝါးချက်ကြောင့် တစ်စစီ ဖြစ်သွားခဲ့ရလေသည်။ တစ်ချိန်တည်းတွင်လည်း ရွှယ့်ကျန်းမောင်၏ခန္ဓာကိုယ် မသိမသာလေး တုန်တက်သွားခဲ့ရလေသည်။
“ကောင်လေး… မင်း ငါ့ကို အလစ်ချောင်းတိုက်ခိုက်ရဲတယ်လား…” ရွှယ့်ကျန်းမောင် ဒေါသတကြီးဖြင့် ထအော်လိုက်လေသည်။ သူသည် ဧကရာဇ်တတိယအဆင့် ပညာရှင်တစ်ဦး ဖြစ်သလို ကြယ်ဝိဉာဉ်နန်းတော်၏ အကြီးအကဲတစ်ဦးပင် ဖြစ်လင့်ကစား ဤလူငယ်လေးသည် မပြောမဆိုနှင့် သူ့အား အလစ်ချောင်း တိုက်ခိုက်ရဲခဲ့သည်။
သူ့ဘက်မှ အချိန်မီ တုံ့ပြန်နိုင်ခဲ့သည်မှာ ကံကောင်းသွားခဲ့လေသည်။ ထိုသို့သာမဟုတ်ပါက ရန်ကိုင်၏ဓါးချက်ကြောင့် ဒုက္ခလှလှနှင့် တွေ့ရပေလိမ့်မည်။ မည်သို့ပင်ဖြစ်နေစေကာမူ လူမြင်ကွင်း၌ ယခုကဲ့သို့ အလစ်ချောင်း တိုက်ခိုက်ခံလိုက်ရသည့်အတွက်ကြောင့် သူမာန စော်ကားခံလိုက်ရသလို ခံစားလိုက်ရကာ ရွှယ့်ကျန်းမောင်မှာ အလွန်တရာကိုမှ ဒေါသထွက်သွားရတော့လေသည်။
“သွားတစ်ချောင်းအတွက် သွားတစ်ချောင်းပဲ…” ထိုသို့ပြောပြီးသည့်နောက်တွင် ရန်ကိုင်သည် အနန္တဓါးကို လွှတ်လျက် လက်ကွက်များကို ဖန်တီးလိုက်လေသည်။ အချိန်နိယာမစွမ်းအားတို့ ရန်ကိုင်ခန္ဓာကိုယ်တစ်ဝိုက် ရစ်သိုင်းလာခဲ့လေရာ လူတိုင်းမှာ ပတ်ဝန်းကျင်၏ အချိန်စီးဆင်းမှုသည် ရုတ်ချည်းဆိုသလို နှေးကျသွားသလို ခံစားလိုက်ကြရလေသည်။
အချိန်ကုန်လွန်ခြင်းစည်းတံဆိပ်ကို ထုတ်လွှတ်နေစဉ် အတောအတွင်း ရန်ကိုင်၏မျက်လုံးအတွင်း ရွှေရောင်ကြာဖူးတစ်ပွင့် ထွက်ပေါ်လာခဲ့သည်။
ဒေါသထွက်နေသော ရွှယ့်ကျန်းမောင်၏ခန္ဓာကိုယ် ရုတ်တရက် တောင့်တောင့်ကြီး ဖြစ်သွားခဲ့ပြီး သူ့ခေါင်းတဆစ်ဆစ် ကိုက်ခဲလာခဲ့ရလေသည်။ ထို့နောက်တွင် သူ့မျက်လုံးထဲ ဧရာမကြာဖူးကြီးတစ်ပွင့် တဖြည်းဖြည်းချင်း ပွင့်လန်းလာနေသည်ကို တွေ့လိုက်ရလေ၏။ သူ့ဘက်မှ ရန်ကိုင်၏တိုက်ကွက်ကို ခုခံနိုင်သွားပြီဟု ထင်လိုက်မိ၍ အနည်းငယ် သတိလက်လွတ် ဖြစ်သွားသည့် အခိုက်မှာပင် ရန်ကိုင်၏ ထပ်မံတိုက်ခိုက်ခြင်း ခံလိုက်ရလိမ့်မည်ဟု ရွှယ့်ကျန်းမောင် မည်ကဲ့သို့များ ထင်ထားခဲ့ပါမည်နည်း။ ထို့အပြင် ရန်ကိုင်ထုတ်သုံးလာသည့် ဝိဉာဉ်ပညာရပ်မှာ အလွန်တရာကိုမှ အားကောင်းလှကာ သာမန်ဧကရာဇ်ပထမအဆင့် ကျင့်ကြံသူတစ်ဦး ထုတ်သုံးနိုင်သည့် အရာမျိုး မဟုတ်ချေ။
ရွှယ့်ကျန်းမောင်သည် လျှာထိပ်ကိုကိုက်ရင်း မိန်းမောတွေဝေရာမှ အတင်းရုန်းထွက်လိုက်သည်။ ထို့နောက် သူ့စိတ်စွမ်းအင်ကို အစွမ်းကုန်ထုတ်လွှတ်လျက် အဆုံးမဲ့ကြာပန်းပွင့်လန်းခြင်း ပညာရပ်၏ လွှမ်းမိုးမှုကို အပြီးတိုင် ဖယ်ရှားလိုက်လေ၏။ သူ့စိတ် ပြန်လည်ကြည်လင်သွားသည်နှင့် တစ်ပြိုင်နက် ရွှေရောင်ကြာပန်းမှာလည်း ပျောက်ကွယ်သွားခဲ့လေ၏။
ထို့နောက် ခေါင်းမော့၍ကြည့်လိုက်ရာ မြင်လိုက်ရသည့်မြင်ကွင်းကြောင့် ရွှယ့်ကျန်းမောင် ဇောချွေး ပြန်သွားခဲ့ရလေသည်။ ကြာပန်း၏လွှမ်းမိုးမှုအောက်မှ ရုန်းထွက်လာပြီးပြီးချင်းမှာပင် ရန်ကိုင်၏ချိတ်စည်းသည် သူ့ရင်ဘတ်တည့်တည့်အား ထိမှန်ခါနီးဖြစ်နေကြောင်း တွေ့လိုက်ရသည်။
ရန်ကိုင်ထုတ်သုံးလိုက်သည့်ချိတ်စည်း မည်မျှအားကောင်းသလဲ ဆိုသည်ကို မသိပါသော်ငြား ဤချိတ်စည်းဆီမှ အလွန်ကိုမှ စိတ်မသက်သာစရာ ကောင်းလှသည့် ခံစားချက်ကို ရနေခဲ့ရလေသည်။ သူ့စိတ်ထဲ အလျင်စလို ခုခံကာကွယ်လိုက်ချင်ပါသော်ငြား သူ့အတွေးများသာလျှင်မဟုတ် သူ၏လှုပ်ရှားမှုအားလုံးမှာလည်း အလွန်ကိုမှ လေးတိလေးကန် ဖြစ်နေကြောင်း တွေ့လိုက်ရလေသည်။
အခြေအနေမဟန်တော့မှန်း သိလိုက်သည့်နောက်တွင် ရွှယ့်ကျန်းမောင်သည် ချက်ချင်းပဲ ဧကရာဇ်တတိယအဆင့် ကျင့်ကြံခြင်း၏ စွမ်းအားကုန်ကို ထုတ်သုံး၍ လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်လေ၏။ သူ့ဘက်မှ မည်သို့ပင် တုံ့ပြန်နေစေကာမူ ချိတ်စည်းမှာ သူ့ရင်ဘတ်တည့်တည့်အား လာရောက်ထိမှန်သွားခဲ့လေသည်။ ယခုလေးတင် ကြာပန်း၏လွှမ်းမိုးမှုအောက်မှ ရုန်းထွက်၍ အသိပြန်ဝင်လာခဲ့သော ရွှယ့်ကျန်းမောင်၏ အတွေးနှင့် လှုပ်ရှားမှုများမှာ တစ်ဖန် ပြန်လည် ရပ်တန့်သွားခဲ့ရပြန်လေသည်။
မည်သို့ပင်ဖြစ်လင့်ကစား ရွှယ့်ကျန်းမောင်မှ ဒေါမာန်တကြီးဖြင့် ရိုက်ထုတ်လိုက်သည့် လက်ဝါးချက်မှာတော့ ရန်ကိုင်အား ထိမှန်သွားခဲ့လေ၏။ ပွဲသို့ တက်ရောက်လာကြသည့် ဧကရာဇ်အဆင့် ပညာရှင်အားလုံး ရန်ကိုင်၏ရင်ဘတ် အနည်းငယ် ချိုင့်ဝင်သွားသည်ကို အထင်းသား မြင်တွေ့လိုက်ရလေသည်။ ထို့နောက်တွင် ရန်ကိုင်မျက်နှာတစ်ပြင်လုံး ဖြူဖတ်ဖြူလျော် ဖြစ်သွားခဲ့လေသည်။ မည်သို့ပင်ဖြစ်နေစေကာမူ ရန်ကိုင်သည် အံကိုတင်းတင်းကြိတ်ကာ တင်းခံလျက် အနန္တဓါးကို ကိုင်စွဲရင်းမှ ရွှယ့်ကျန်းမောင်၏ ရင်ဘတ်တည့်တည့်သို့ ခုတ်ချလိုက်လေ၏။
“ရွှစ်…”
ဓါးရောင်တစ်ချက် လက်သွားခဲ့ပြီး ရန်ကိုင်၏ခန္ဓာကိုယ်သည် မူလရပ်နေခဲ့သည့် နေရာတွင် ပြန်ပေါ်လာခဲ့လေသည်။ သူ့ခန္ဓာကိုယ်မှာတော့ ကတုန်ကယင် ဖြစ်နေခဲ့ပြီး မျက်နှာမှာလည်း ဖြူဖတ်ဖြူလျော် ဖြစ်နေခဲ့လေသည်။ သို့သော်ငြား ရန်ကိုင်သည် ရုတ်တရက် ပျို့တက်လာသည့် သွေးများကို ထိုးမအန်ခဲ့ပဲ အတင်း ပြန်၍သာ မျိုချထားလိုက်လေသည်။
လက်ရှိအဖြစ်အပျက်အားလုံးသည် လူအုပ်ကြီးတစ်ခုလုံးအား လုံးဝကို မင်သက်နေစေခဲ့လေသည်။ ထို့အပြင် ရန်ကိုင်ထုတ်သုံးလိုက်သည့် အချိန်စည်းတံဆိပ်၏ လွှမ်းမိုးမှုကြောင့် လူအုပ်ကြီးတစ်ခုလုံး၏ အတွေးများနှင့် လှုပ်ရှားမှုအားလုံးမှာ နှေးကျသွားခဲ့လေရာ ရန်ကိုင်ပြန်ဆုတ်လာပြီးသည့်နောက်မှသာ လူအုပ်ကြီးတစ်ခုလုံးမှာ အသိပြန်ဝင်လာနိုင်ခဲ့ရသည်။ အကုန်လုံးမှာ တစ္ဆေသရဲတစ်ကောင်အား မြင်လိုက်ရသည့်အလား ရန်ကိုင်အား အထိတ်တလန့်အမူအယာများဖြင့် ကြည့်နေကြလေသည်။
ဝမ်ကျိရှန်းမှာလည်း လုံးဝကို ထိတ်လန့်တုန်လှုပ်နေခဲ့လေသည်။ ရှောင်ယုယန်ပင်လျှင် တည်တည်ငြိမ်ငြိမ် ထိုင်မနေနိုင်တော့ဘဲ မယုံကြည်နိုင်ဟန် အထင်းသားဖြင့် ရုတ်တရက် ထရပ်လျက် ရန်ကိုင်အား စိုက်ကြည့်နေလေ၏။
“ကျုပ်ရန်သူရဲ့သွေးနဲ့ ကောင်းကင်ကိုပူဇော်ပါတယ်…” ရွှယ့်ကျန်းမောင်အား တိုက်ခိုက်ပြီးသည့်နောက်တွင် ရန်ကိုင်သည် အနန္တဓါးကို ဝှေ့ယမ်းချလိုက်ကာ အော်ပြောလိုက်လေသည်။ ချက်ချင်းဆိုသလို ဓါးသွားဆီမှ သွေးများ လွင့်စင် ထွက်လာခဲ့လေ၏။ “ကဲ… နောက်ဆုံးတော့ ဂုဏ်ပြုပွဲအခမ်းအနား ပြီးသွားပြီ…”
တစ်ချိန်တည်းတွင် ရွှယ့်ကျန်းမောင်၏ရင်ဘတ်ဆီမှ သွေးများ ပန်းထွက်လာခဲ့လေသည်။ လူအုပ်ကြီးလည်း ရွှယ့်ကျန်းမောင်ဆီသို့ လှမ်းကြည့်လိုက်ရာ ရွှယ့်ကျန်းမောင်၏ရင်ဘတ်တွင် ရှိနေသော မီတာဝက်ခန့် အရှည်ရှိသည့် ဓါးဒဏ်ရာကြီးကို မြင်လိုက်သည့်နောက် အကုန်လုံး ပင့်သက်ရှိုက်မိသွားကုန်ကြလေ၏။
ရွှယ့်ကျန်းမောင်ကိုယ်တိုင်သည်လည်း လက်ရှိဖြစ်ပျက်သွားသည့် ကိစ္စနှင့်ပတ်သက်၍ အလွန်ကိုမှ မယုံကြည်နိုင် ဖြစ်နေခဲ့လေသည်။ သူ တကယ်ကြီး ဧကရာဇ်ပထမအဆင့် ကျင့်ကြံသူတစ်ဦး၏ တိုက်ကွက်ကြောင့် ဒဏ်ရာရသွားခဲ့ရသည်လား။ လက်ရှိအဖြစ်အပျက်အပေါ် အမီမလိုက်နိုင် ဖြစ်နေသည့်အလား ရွှယ့်ကျန်းမောင်မှာ အချိန်မီ အသိပြန်ဝင်လာနိုင်ခဲ့ခြင်း မရှိဘဲ သွေးများစီးကျနေသည့် သူ့ရင်ဘတ်ရှိ ဒဏ်ရာကြီးကိုသာ ငေးကြောင်ကြောင်ဖြင့် စိုက်ကြည့်နေမိလေသည်။ တစ်ခဏကြာမှသာ ရွှယ့်ကျန်းမောင်၏ခန္ဓာကိုယ် တဆတ်ဆတ်တုန်ရီသွားခဲ့ပြီး သူ့ရင်ဘတ်ရှိ ဓါးဒဏ်ရာကို သွေးဆက်မထွက်နိုင်အောင် လက်ဖြင့်အုပ်ရင်းမှ ရန်ကိုင်အား ဒေါမာန်တကြီးဖြင့် စိုက်ကြည့်လျက် အော်ပြောလိုက်လေသည်။ “ကောင်လေး… မင်း သေချင်နေတာပဲ…”
သူ့တစ်သက် ဧကရာဇ်ပထမအဆင့်သာ ရှိသေးသော လူငယ်လေးတစ်ဦး၏ အလစ်ချောင်းတိုက်ခိုက်ခြင်း ခံရကာ ဒဏ်ရာရသွားရလိမ့်မည်ဟု တစ်ခါမှ မထင်ထားခဲ့ပေ။ ထို့အပြင် လူမြင်ကွင်း၌ ယခုကဲ့သို့ တိုက်ခိုက်ခံလိုက်ရခြင်း ဖြစ်လေရာ ယခုဖြစ်ရပ်သည် ရွှယ့်ကျန်းမောင်အတွက် အရှက်ရစရာတစ်ခု ဖြစ်သွားရတော့သည်။ ဝန်ခံရမည်ဆိုလျှင် သူ့ပြိုင်ဘက်အား အမှန်တကယ်ကို အထင်သေးမိပေ၏။ သို့သော်ငြား ရန်ကိုင်ဟူသည့်ကောင်လေး အလွန်တရာကိုမှ အားကောင်းလှသည်ဟူသော အချက်မှာလည်း ငြင်း၍မရချေ။ သာမန်ဧကရာဇ်ပထမအဆင့် ကျင့်ကြံသူတစ်ဦးသာဆိုပါက သူ့အား ယခုကဲ့သို့ အလစ်ချောင်း တိုက်ခိုက်ခဲ့မည်ဆိုလျှင်ပင် သူ့အား ဒဏ်ရာအောင် လုပ်နိုင်ခဲ့လိမ့်မည် မဟုတ်ပေ။
မည်သို့ပင်ဖြစ်စေကာမူ ရွှယ့်ကျန်းမောင်အနေဖြင့် တောင်ဘက်နယ်မြေမှ ဧကရာဇ်အဆင့်ပညာရှင်များ၏ ရှေ့မှောက်၌ ယခုကဲ့သို့ မျက်နှာပျက်ရသည်ကို မည်ကဲ့သို့များ သည်းခံနေနိုင်ပါမည်နည်း။
ဒေါသ ငယ်ထိပ်ဆောင့်တက်လာသည့် နောက်တွင် ရွှယ့်ကျန်းမောင်ဆီမှ သတ်ဖြတ်လိုစိတ်တို့ တဟုန်းဟုန်း ဖြာထွက်လာတော့လေသည်။
ထိုအခိုက်အတန့်တွင် ဝမ်ကျိရှန်းသည် ရွှယ့်ကျန်းမောင်၏ရှေ့၌ ပေါ်လာခဲ့လေ၏။
ရန်ကိုင်မှ ရွှယ့်ကျန်းမောင်အား အမှန်တကယ်ကြီး ဒဏ်ရာရသွားအောင် လုပ်နိုင်ခဲ့သည့်အပေါ် ဝမ်ကျိရှန်းကိုယ်တိုင်လည်း ထိတ်လန့်နေမိခဲ့ပါသော်ငြား ရန်ကိုင်အနေဖြင့် ထိုကဲ့သို့လုပ်နိုင်ရန်အတွက် တန်ရာတန်ကြေးတစ်ခုကိုလည်း ပြန်လည်ပေးဆပ်ခဲ့ရမည်မှန်း ဝမ်ကျိရှန်း သိနေခဲ့လေသည်။ ရွှယ့်ကျန်းမောင်မှ ဒေါမာန်တကြီးဖြင့် တန်ပြန်ရိုက်လိုက်သည့် လက်ဝါးချက်သည် ရန်ကိုင်၏ရင်ဘတ်ကို ထိမှန်သွားခဲ့သည်။ ထိုလက်ဝါးချက်ကြောင့် ရန်ကိုင်မှာ အတော်လေးကိုမှ ဒဏ်ရာပြင်းပြင်းထန်ထန် ရသွားရပေလိမ့်မည်။ ယခုနေ ရန်ကိုင်သည်သာ ရွှယ့်ကျန်းမောင်နှင့် ထိပ်တိုက်သွားရင်ဆိုင်မည်ဆိုလျှင် ရန်ကိုင်နိုင်နိုင်ချေ သိပ်မရှိဟု ဝမ်ကျိရှန်း ထင်နေမိသည်။
“မင်း ဘေးဖယ်နေ…” ရွှယ့်ကျန်းမောင်မှာ အရူးတစ်ပိုင်းဖြစ်သွားသည့်အလား အသံကုန် အော်ဟစ်လိုက်လေသည်။
ဝမ်ကျိရှန်းက ပြန်ပြောလိုက်လေ၏။ “အကြီးအကဲရွှယ့်… ခင်ဗျားကပဲ ပထမဦးဆုံး အလစ်ချောင်း တိုက်ခိုက်ခဲ့တာနော်… ဒါကြောင့်ပဲ အကြီးအကဲရန် အခုလိုမျိုး တုံ့ပြန်ခဲ့ရတာ… စီနီယာတစ်ယောက်ဖြစ်ပြီးတော့ ဘယ်လိုဖြစ်လို့ ဒီလောက်တောင် သဘောထားသေးသိမ်နေရတာလဲ…”
ဝမ်ကျိရှန်းမှ ထိုကဲ့သို့ ပြောလိုက်သည့်အခိုက် ရွှယ့်ကျန်းမောင်မှာ ရန်ကိုင်ပြောသွားခဲ့သည့် သွားတစ်ချောင်းအတွက် သွားတစ်ချောင်း ဟူသော စကားကို ပြန်သတိရသွားပြီး သူ့မျက်နှာတစ်ပြင်လုံး သုန်မှုန်သွားခဲ့လေသည်။ ဝမ်ကျိရှန်းပြောသည်မှာလည်း အမှန်ပင်။ ဤနေရာသို့ ရောက်လာစဉ်က ရွှယ့်ကျန်းမောင်သည် စီနီယာတစ်ဦးပင် ဖြစ်လင့်ကစား မပြောမဆိုနှင့် ရန်ကိုင်အား အလစ်ချောင်း တိုက်ခိုက်ခဲ့လေသည်။ ထို့အတွက်ကြောင့် တစ်ဖက်လူမှ သူ့အပေါ် ပြန်လည်၍ အလစ်ချောင်းတိုက်ခိုက်လာသည့်အပေါ် ရွှယ့်ကျန်းမောင်အနေဖြင့် အပြစ်တင်နေ၍မရပေ။
မည်သို့ပင်ဖြစ်နေစေကာမူ ယခုကိစ္စကိုတော့ ဤနေရာတွင် ဤအတိုင်းထားလိုက်၍မဖြစ်ချေ။ ထိုသို့သာမဟုတ်ပါက သူ့ရင်ထဲ မျိုသိပ်ထားရသည့်ဒေါသတို့ မည်သည့်နည်းနှင့်မျှ ပျောက်ပျက်သွားနိုင်လိမ့်မည်မဟုတ်ချေ။ ထို့အတွက်ကြောင့် ရွှယ့်ကျန်းမောင်သည် ရှောင်ယုယန်ဘက်သို့လှည့်၍ အော်ပြောလိုက်လေ၏။ “အကြီးအကဲရှောင်…”
ရှောင်ယုယန်လည်း သက်ပြင်းတစ်ချက်ချလျက် ရွှယ့်ကျန်းမောင်ဘေးနား၌ ပေါ်လာခဲ့လေသည်။
အခြေအနေမှာ ဤအတိုင်းအတာထိ ဖြစ်လာပြီ ဖြစ်သည့်အတွက်ကြောင့် ရှောင်ယုယန်အနေဖြင့် ဘေးမှရပ်ကြည့်နေ၍ မရတော့ချေ။ ယခုကိစ္စသည် ရွှယ့်ကျန်းမောင်အရေးသာလျှင် မဟုတ်တော့။ ကြယ်ဝိဉာဉ်နန်းတော်၏ အရေးနှင့်လည်း ပတ်သက်နေလေ၏။ ထို့အတွက်ကြောင့် ရွှယ့်ကျန်းမောင်ဘေးနား၌ ဝင်ရပ်ပေးရပေလိမ့်မည်။
“ဝမ်ကျိရှန်းကိုထိန်းထား… ငါ အဲ့ကောင်လေးကို သွားသတ်မယ်…” ရွှယ့်ကျန်းမောင်က ကောင်းကင်စိတ်အာရုံမှတစ်ဆင့် ပြောလိုက်သည်။
ရှောင်ယုယန်က ပြန်၍ပြောလိုက်လေသည်။ “ဝမ်ကျိရှန်းကို ထိန်းထားဖို့ကတော့ ပြဿနာမရှိပါဘူး… ဒါပေမယ့် မင်း သူ့ကို သတ်နိုင်မှာမဟုတ်ဘူး…”
“မင်း ငါ့ကို လာအထင်သေးနေတာလား…” ရွှယ့်ကျန်းမောင် ဒေါသူပုန်ထသွားခဲ့လေ၏။ “ခုနတုန်းက ငါ အလစ်အငိုက် မိသွားလို့ကွ….”
“ငါမင်းကို အထင်သေးနေတာမဟုတ်ဘူး… ဒါပေမယ့် အဲ့ကောင်လေးက လေဟာနယ်တာအိုမှာ ကျွမ်းကျင်တယ်… ဒီဟင်းလင်းပြင်တစ်ခုလုံးကို မပိတ်လှောင်ပဲနဲ့ မင်း သူ့ကို ဘယ်လိုမှ ဖမ်းနိုင်မှာမဟုတ်ဘူး…”
“လေဟာနယ်တာအို…” ရွှယ့်ကျန်းမောင်၏မျက်လုံးများ မှေးစင်းသွားခဲ့ပြီး သူ့စိတ်ထဲ အလွန်ကိုမှ ကူကယ်ရာမဲ့သွားသလို ခံစားလိုက်ရလေသည်။
ကြယ်ဝိဉာဉ်နန်းတော်၏ အကြီးအကဲတစ်ဦး ဖြစ်သည့်အတွက်ကြောင့် လေဟာနယ်တာအိုတွင် ကျွမ်းကျင်ထားသော ကျင့်ကြံသူတစ်ဦးအား မည်မျှ သတ်ရခက်လှကြောင်း သိထားပေသည်။ ယခင်က လီဝူရီဟူသော လူတစ်ဦးသည် ပန်းအရိပ်မဟာဧကရာဇ်အား ရန်စစော်ကားမိသွားကာ မဟာဧကရာဇ်ကိုယ်တိုင် သူ့အား လိုက်ဖမ်းခဲ့လေသည်။ သို့သော်ငြား လေဟာနယ်တာအိုတွင် ကျွမ်းကျင်ထားသည့်အတွက်ကြောင့် ပန်းအရိပ်မဟာဧကရာဇ်၏လက်မှ အောင်မြင်စွာ လွတ်မြောက်နိုင်ခဲ့သည်။
ထို့နောက်တွင် သားရဲမဟာဧကရာဇ်၏ ဝင်ရောက်ဖျန်ဖြေပေးမှုကြောင့် ပန်းအရိပ်မဟာဧကရာဇ်မှာ လီဝူရီအား ခွင့်လွှတ်ပေးလိုက်လေသည်။ ယနေ့တွင်မူ လီဝူရီသည် စိတ်ဝိဉာဉ်သားရဲကျွန်းတွင်နေကာ လွတ်လွတ်လပ်လပ် နေထိုင်နေလေ၏။
ရန်ကိုင်သည်သာ လေဟာနယ်တာအိုတွင် တကယ်ကြီး ကျွမ်းကျင်နေမည်ဆိုပါက ရွှယ့်ကျန်းမောင်အနေဖြင့် ရန်ကိုင်အား ဖမ်းနိုင်လိမ့်မည် မဟုတ်ချေ။
ရွှယ့်ကျန်းမောင်၏မျက်နှာမှာ တဖြည်းဖြည်းနှင့် ပိုပို၍ သုန်မှုန်လာခဲ့လေသည်။ သူ့စိတ်ထဲ မည်ကဲ့သို့ ဆက်လုပ်လို့ လုပ်ရမှန်းမသိ ဖြစ်ကာ လုံးဝကို အကြပ်ရိုက်နေတော့လေ၏။
ကြယ်ဝိဉာဉ်နန်းတော်မှ အကြီးအကဲနှစ်ဦး ဘေးချင်းယှဉ်ရပ်နေသည်ကို မြင်လိုက်သည့်အခိုက် လူအုပ်ကြီး၏အမူအယာ အပြောင်းလဲကြီး ပြောင်းလဲသွားကုန်ကြလေသည်။
ဝမ်ကျိရှန်း၏အမူအယာမှာလည်း လေးနက်တည်ကြည်သွားခဲ့လေ၏။ နေမင်းပြာကျောင်းတော်မှ ဧကရာဇ်အဆင့်ပညာရှင်များမှာလည်း ရန်ကိုင်အား ကူညီပေးနိုင်ရန် သူ့ဘေးနားတွင် လာရပ်နေကြလေသည်။
နေမင်းပြာကျောင်းတော်၏ ဂုဏ်ပြုပွဲအခမ်းအနားသည် ယခုကဲ့သို့ ဖြစ်ရလိမ့်မည်ဟု မည်သူမျှ မထင်ထားခဲ့ကြချေ။
“အကြီးအကဲရွှယ့်… အကြီးအကဲရှောင်… မင်းတို့နှစ်ယောက် ဘာလုပ်ချင်နေကြတာလဲ…” ဝမ်ကျိရှန်းက မေးလိုက်လေသည်။ “ငါတို့နေမင်းပြာကျောင်းတော်က ကြယ်ဝိဉာဉ်နန်းတော်နဲ့ မပြိုင်နိုင်ပေမယ့် လာပြီး အနိုင်ကျင့်ဗိုလ်ကျတာကိုတော့ ငြိမ်ခံနေမှာမဟုတ်ဘူးနော်…”
ရှောင်ယုယန် ဘာမှပြန်မပြောခဲ့သလို ရွှယ့်ကျန်းမောင်လည်း တိတ်နေခဲ့ပြီး ရန်ကိုင်ကိုသာ ဒေါမာန်တကြီးဖြင့် စိုက်ကြည့်နေခဲ့လေသည်။
ဂုဏ်ပြုပွဲသို့ ရောက်လာသည့် ဧည့်သည်များမှာတော့ ဝမ်ကျိရှန်းနှင့် ကြယ်ဝိဉာဉ်နန်းတော်မှ အကြီးအကဲများ တကယ်ကြီး ထတိုက်ခိုက်မည့်အပေါ် အလွန်ကိုမှ စိုးရိမ်နေကြလေသည်။ ထိုအင်အားစုနှစ်ခုအား ပဋိပက္ခသာ ဖြစ်ပွားခဲ့မည်ဆိုလျှင် တောင်ဘက်နယ်မြေတစ်ခုလုံး ဂယက်ရိုက်သွားရပေလိမ့်မည်။ မည်သည့်အဖွဲ့အစည်းအတွက်မှ ကောင်းကျိုးရှိလိမ့်မည်မဟုတ်။
ရုတ်ချည်းဆိုသလို လူတိုင်းမှာ အသက်ရှူရ မွန်းကြပ်လာသလို ခံစားလာရကာ ချွေးအေးများမှာလည်း နဖူးထက် ဝေ့သီလာကုန်ကြလေသည်။
“ရပ်လိုက်…”
ထိုအခိုက်အတန့်မှာပင် မိုးကုတ်စက်ဝိုင်းဆီမှ အသံတစ်သံ ပျံ့လွင့်လာခဲ့လေသည်။ ထို့နောက်တွင် ဆန်းကြယ်သည့် စွမ်းအားတစ်ရပ် ထွက်ပေါ်လာခဲ့လေရာ ထိုစွမ်းအားအောက်ဝယ် လူတိုင်းမှာ အတော်လေးကိုမှ လန်းဆန်းသွားသလို ခံစားလိုက်ရလေသည်။
ထိုအသံထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ရှောင်ချန်းသည် ရန်ကိုင်အား ဒေါသတကြီးဖြင့် စိုက်ကြည့်နေရာမှ ချက်ချင်းပဲ အသံကြားရာဆီသို့ တောက်ပသည့်မျက်လုံးများဖြင့် လှမ်းကြည့်လိုက်လေသည်။
မိုးကုပ်စက်ဝိုင်းအောက်ဆီမှ အလင်းတန်းတစ်ခု ပျံသန်းလာပြီးသည့်နောက်တွင် အလွန်တရာကိုမှ လှပသည့် မိန်းမပျိုလေးတစ်ဦး ထွက်ပေါ်လာခဲ့လေသည်။ မိန်းမပျိုလေးသည် သူမ၏အနက်ရောင်ဆံပင်များကို ဆံထုံး ထုံးထားခဲ့ပြီး ဆံချည်မျှင်အချို့ကို ရင်ဘတ်ရှေ့ ချထားခဲ့သည်။ အဝါရောင်ဝတ်ရုံကို ဝတ်ဆင်ထားသော မိန်းမပျိုလေးသည် သူတော်စင်များတောင်ဆီသို့ တဖြည်းဖြည်းချင်း ပျံသန်းလာနေခဲ့လေ၏။
“မင်းသမီး…” ရှောင်ချန်းက အံ့အားသင့်နေဟန်ဖြင့် ထအော်လိုက်လေသည်။
ရှောင်ချန်း၏စကားကို ကြားပြီးသည့်နောက် ထိုအမျိုးသမီး မည်သူမည်ဝါမှန်း မည်သူကများ မသိဘဲ နေတော့မည်နည်း။ အကုန်လုံးမှာ ချက်ချင်း ထရပ်လျက် လက်သီးဆုပ်ကာ နှုတ်ဆက်လိုက်ကြလေသည်။ “မင်းသမီးလန်ရွှင်းကို နှုတ်ဆက်ပါတယ်…”
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၇၇၀)
ဘာသာပြန်သူ_တိမ်တိုက်
သူမမှာ မဟာဧကရာဇ်တစ်ပါး၏ သမီးတော်တစ်ပါး ဖြစ်လေသည်။ လန်ရွှင်းမှာ ရုပ်မချောဘဲ အလွန်တရာကိုမှ ရုပ်ဆိုးနေမည်ဆိုလျှင်ပင် မဟာဧကရာဇ်တစ်ပါး၏ သမီးတော်ဖြစ်သည်ဟူသော အဆင့်အတန်းကသည်ပင်လျှင် လူပေါင်းများစွာအား သူမအား ပိုးပန်းလာအောင် လုပ်နိုင်ပေသည်။
လူအုပ်ကြီးမှ မင်းသမီးလန်ရွှင်းအား တောက်ပသည့်အမူအယာများဖြင့် ငေးမောကြည့်နေသည်ကိုကြည့်ရင်း ရှောင်ချန်း၏မျက်နှာ သုန်မှုန်သွားခဲ့လေသည်။ ထို့နောက် အေးစက်စက်အမူအယာဖြင့် နှာခေါင်းရှုံ့လျက် လန်ရွှင်းအား သွားရောက်ကြိုဆိုလေသည်။
လန်ရွှင်းရှေ့သို့ရောက်သော် သိမ်မွေ့စွာပြုံးလျက် နှုတ်ဆက်လိုက်လေသည်။ “မင်းသမီး ဒီကို ဘာလာလုပ်တာလဲ…”
လန်ရွှင်းသည် ရှောင်ချန်းအား အပြန်အလှန် ပြန်နှုတ်ဆက်လိုက်ပြီးသည့်နောက် အလေးအနက်အမူအယာဖြင့် ပြောလိုက်လေ၏။ “မဟာဧကရာဇ်ရဲ့အမိန့်တော်ကို လာထုတ်ပြန်တာ…”
ထိုစကားကိုကြားသည့်အခါ လူအုပ်ကြီး၏အမူအယာ လေးနက်တည်ကြည်သွားခဲ့လေသည်။
လန်ရွှင်းပြောနေသည့် မဟာဧကရာဇ်ဆိုသည်မှာ ကြယ်ဝိဉာဉ်နန်းတော်၏ သခင်ဖြစ်သော လမင်းမဟာဧကရာဇ်သာ ဖြစ်လေသည်။ လမင်းမဟာဧကရာဇ်သည် တောင်ဘက်နယ်မြေတစ်ခုလုံး၏ ထောက်တိုင်လည်း ဖြစ်ပေ၏။ မြောက်ဘက်နယ်မြေတွင်ရှိသည့်လူတိုင်း မဟာဆေးဧကရာဇ်အား လေးစားကြသလို တောင်ဘက်နယ်မြေတွင်ရှိသည့် လူများမှာလည်း လမင်းမဟာဧကရာဇ်အား လေးစားကြပေသည်။
“ကျုပ်တို့ဘက်က မဟာဧကရာဇ်ရဲ့အမိန့်တော်ကို တလေးတစားနဲ့ လက်ခံမှာပါ…” ဝမ်ကျိရှန်းက အလေးအနက်အမူအယာဖြင့် ပြန်ပြောလိုက်လေသည်။ ဧည့်သည်တော်အားလုံးမှာလည်း အမိန့်တော်ကိုစောင့်ဆိုင်းရင်း အလေးအနက်အမူအယာများဖြင့် ရှိနေကြသည်။
လန်ရွှင်းက ခေါင်းညိတ်၍ ပြောလိုက်လေ၏။ “ဒီနေရာက စကားပြောလို့ကောင်းတဲ့နေရာမဟုတ်ဘူး… ဦိးလေးဝမ် စကားပြောလို့ကောင်းတဲ့ သီးသန့်အခန်းလေးတစ်ခန်း ပြင်ပေးလို့ရမလား…”
ဤနေရာသည် လူသူထူထပ်သည့်အတွက်ကြောင့် ယနေ့ သူမပြောလာသည့်စကားသည် မဟုတ်မမှန် ကောလဟာလများအဖြစ်သို့ ပြောင်းလဲသွားနိုင်ပေသည်။ သို့တိုင် လူအုပ်ကြီးမှာတော့ လန်ရွှင်းအပေါ် အနည်းငယ်မျှပင်လျှင် မကျေနပ်သည့်အမူအယာမျိုး လုပ်မပြရဲခဲ့ပေ။ လန်ရွှင်းသည် လမင်းမဟာဧကရာဇ်ကို ကိုယ်စားပြုနေသူတစ်ဦး ဖြစ်လေရာ မည်သူကများ သူမအား မကျေမနပ် သွားလုပ်ရဲပါမည်နည်း။
“ဒီလမ်းအတိုင်း ကြွခဲ့ပါ မင်းသမီး…” ဝမ်ကျိရှန်းက ပြန်ပြောလိုက်လေသည်။
လန်ရွှင်းလည်း ခေါင်းညိတ်၍ ဝမ်ကျိရှန်းခေါ်သွားသည့်နောက်သို့ လိုက်သွားလေ၏။ ရန်ကိုင်နားမှဖြတ်သွားစဉ် တစ်ချက်ရပ်၍ ရန်ကိုင်ဘက်သို့လှည့်ကာ ပြောလိုက်လေသည်။ “စီနီယာအစ်ကိုရန်လည်း လိုက်လာခဲ့ပါနော်…”
ရန်ကိုင်မှာ တစ်ခဏမျှ တိတ်နေပြီးသည့်နောက် လန်ရွှင်းနောက်သို့ လိုက်သွားလေ၏။ လန်ရွှင်း ဤနေရာသို့ ရောက်လာရခြင်းမှာ သူနှင့် ပတ်သက်နေရပေလိမ့်မည်။ ယခုကိစ္စသည် သူ့ကိစ္စဖြစ်သည့်အတွက်ကြောင့် ရန်ကိုင်အနေဖြင့် ကျိန်းသေကို လိုက်သွားရပေလိမ့်မည်။
ရှောင်ယုယန်နှင့် ရွှယ့်ကျန်းမောင်တို့မှာ အကြည့်ချင်းဖလှယ်လျက် လန်ရွှင်းနောက်တွင် ပေါ်လာကြလေသည်။ ဘာတွေများ ဆက်ဖြစ်မလဲ ဆိုသည်ကို သိချင်စိတ် ပြင်းပြသည့်အတွက်ကြောင့် ရှောင်ချန်းမှာလည်း ရပ်မနေခဲ့ဘဲ လိုက်လာခဲ့လေ၏။
မကြာမီ နန်းတော်တစ်လုံးထဲ ရန်ကိုင်တို့အဖွဲ့ ပေါ်လာကြလေသည်။ ဝမ်ကျိရှန်းမှ သူ့လက်ကို ဝှေ့ယမ်းလိုက်ရာ နန်းတော်တံခါး ချက်ချင်း ပိတ်သွားခဲ့လေသည်။
နန်းတော်ထဲရှိ ခန်းမစင်မြင့်ပေါ်သို့ တက်လာပြီးသည့်နောက်တွင် လန်ရွှင်းသည် ဘေးပတ်ဝန်းကျင်အား လှည့်ပတ်ကြည့်ကာ ငုံ့ကြည့်လိုက်လေ၏။ လက်ရှိအချိန်တွင် ဤနန်းတော်ထဲ ရန်ကိုင်နှင့် ရှောင်ချန်းမှအပ ဧကရာဇ်တတိယအဆင့် ပညာရှင်သုံးဦး ရှိနေကြလေသည်။
လန်ရွှင်းက ပြုံးလျက် ရန်ကိုင်အားကြည့်ရင်းမှ ပြောလိုက်လေသည်။ “အရင်ဆုံး စီနီယာအစ်ကိုရန်ကို နေမင်းပြာကျောင်းတော်ရဲ့ အကြီးအကဲတစ်ဦး ဖြစ်လာတဲ့အတွက် ကျွန်မ ဂုဏ်ပြုပေးပါရစေ…”
ထိုစကားကိုကြားသည့်အခါ ရှောင်ယုယန်နှင့် ရွှယ့်ကျန်းမောင်တို့ မျက်မှောင်ကြုတ်သွားခဲ့လေသည်။ လန်ရွှင်းစကားနောက်ကွယ်ရှိ အဓိပ္ပာယ်ကို သူတို့ အကြမ်းဖျင်း ခန့်မှန်းမိနေလေပြီ။
ရန်ကိုင်က ပြန်ပြောလိုက်သည်။ “ကျေးဇူးအများကြီးတင်ပါတယ် မင်းသမီး…”
လန်ရွှင်းက အနည်းငယ် မကျေမနပ် ဖြစ်သွားသည့်လေသံဖြင့် “ဒီလောက်ကြီးလည်း သူစိမ်းမဆန်နဲ့လေ စီနီယာအစ်ကိုရန်ရဲ့… ညီမလေးရှောင်ချီနဲ့ ကျွန်မက ညီအစ်မတွေလို ရင်းနှီးတာ… စီနီယာအစ်ကိုရန်က ညီမလေးရှောင်ချီရဲ့ အစ်ကိုဆိုမှတော့ ကျွန်မကိုလည်း လန်ရွှင်းလို့ပဲခေါ်ပေါ့… ဘာလို့ မင်းသမီးလို့ ခေါ်နေရတာလဲ…”
“သူခေါ်ရဲလား…” ထိုစကားကိုကြားသည့်အခါ ရှောင်ချန်း၏မျက်လုံးများ ရုတ်ချည်း ရဲတက်သွားခဲ့သည်။ အခြားသောယောက်ျားတစ်ဦးသည် မင်းသမီးလန်ရွှင်းအား ထိုကဲ့သို့ တရင်းတနှီး ခေါ်ဝေါ်ရဲသည်လား။ သူသည် ငယ်စဉ်ကတည်းက လန်ရွှင်းနှင့်အတူ ကြီးပြင်းလာခဲ့သည်ဖြစ်ရာ ယနေ့ထိတိုင် လန်ရွှင်းနှင့် နှစ်ယောက်တည်းရှိသည့် အချိန်မှသာ သူမအား ထိုကဲ့သို့ တရင်းတနှီး ခေါ်ဆိုပြီး လူအများရှေ့တွင်တော့ သူမ၏အဆင့်အတန်းအတိုင်း မင်းသမီးလန်ရွှင်းဟုသာ ခေါ်ဝေါ်လေသည်။
“ညီမလန်ရွှင်းက အခုလိုမျိုးပြောနေတယ်ဆိုမှတော့ ကျုပ်လည်း ယဉ်ကျေးမနေတော့ပါဘူး… ဧကရာဇ်အဆင့်ကို ချိုးဖြတ်ဝင်ရောက်သွားတဲ့အတွက် ဂုဏ်ယူပါတယ်…” ရန်ကိုင်သည် ရှောင်ချန်းအား တစ်ချက်လှမ်းကြည့်ရင်းမှ ပြောလိုက်လေသည်။
ရှောင်ချန်းမှာတော့ ရန်ကိုင် သူ့အား စိုက်ကြည့်လာသည်ကိုမြင်သော် ဒေါသထွက်လွန်းသဖြင့် ဆွေ့ဆွေ့ကို ခုန်နေတော့လေ၏။
ဧကရာဇ်အဆင့်ပညာရှင်သုံးဦးမှာတော့ လန်ရွှင်းပြောလိုက်သည့် စကားကို ကြားပြီးသည့်နောက် လုံးဝကို ထိတ်လန့်သွားတော့လေသည်။ လန်ရွှင်းမှ ညီအစ်မတစ်ဦးသဖွယ် သဘောထားရသည့်လူတစ်ဦးသည် ကျိန်းသေကို သာမန်ဖြစ်လိမ့်မည်မဟုတ်။
“ရှောင်ချီလား…” ရှောင်ယုယန်က ရေရွတ်လိုက်လေသည်။ “ဟို စိတ်ဝိဉာဉ်သားရဲကျွန်းက ကောင်မလေးကို ပြောတာလား…”
ရွှယ့်ကျန်းမောင်နှင့် ဝမ်ကျိရှန်းတို့လည်း ရုတ်ချည်းဆိုသလို အသိပြန်ဝင်လာကြပြီး ရန်ကိုင်အား အံ့အားသင့်နေသည့် အမူအယာများဖြင့် ကြည့်လိုက်ကြလေသည်။ ရန်ကိုင်သည် စိတ်ဝိဉာဉ်သားရဲကျွန်းမှ မင်းသမီးလေးနှင့် မိတ်ဆွေဖွဲ့နိုင်လိမ့်မည်ဟု သူတို့ လုံးဝ မထင်ထားခဲ့ကြချေ။ ထို့အပြင် လန်ရွှင်းပြောသွားသောပုံအရ ထိုမင်းသမီးလေးမှာ ရန်ကိုင်နှင့် အလွန်တရာကိုမှ ရင်းနှီးသည့်ပုံပင်။
“ဟုတ်တယ်… အဲ့စိတ်ဝိဉာဉ်သားရဲကျွန်းက ကောင်မလေးပဲ…” လန်ရွှင်းက ယဲ့ယဲ့လေးပြုံးလျက် “ရှင်တို့မသိလို့… ညီမလေးရှောင်ချီက စီနီယာအစ်ကိုရန်ကို အရမ်းခင်တာ… ကျွန်မအဖေနဲ့ စိတ်ဝိဉာဉ်သားရဲကျွန်းကို လိုက်သွားတုန်းက စီနီယာအစ်ကိုရန်အကြောင်းချည်းပဲ တောက်လျှောက်ကို မေးတာ… ဒါပေမယ့် စီနီယာအစ်ကိုရန်က လူရှေ့သူရှေ့မှာ ပေါ်လာလေ့မရှိတာကို ကျွန်မက ဘယ်လိုလုပ်ပြီး သူ့အကြောင်း သိမှာလဲ… ဒီတော့ သူ့ခဗျာ စိတ်ပျက်သွားရပါရော…”
သူတို့နှစ်ဦးသားကြားရှိ ဆက်ဆံရေးအရ လန်ရွှင်းသည် ရန်ကိုင်အကြောင်းကို သိနေမည်ဆိုလျှင်ပင် မိုရှောင်ချီအား ပြောပြလိမ့်မည်မဟုတ်ပေ။
လန်ရွှင်းပြောသွားသည့်စကားကို ကြားပြီးသည့်နောက် ဧကရာဇ်အဆင့်ပညာရှင်အားလုံး လုံးဝကို ပါးစပ်အဟောင်းသား ဖြစ်သွားကုန်ကြရလေသည်။
မိုရှောင်ချီကိုယ်တိုင်မှာ ဘာမှမဟုတ်ပါသော်ငြား သူမနောက်ကွယ်တွင် ရပ်နေသည့်လူမှာတော့ သာမန်မဟုတ်ချေ။ သူမ၏အဖေသည် လမင်းမဟာဧကရာဇ်နှင့် ပခုံးချင်းယှဉ်ရပ်နိုင်သည့် သားရဲသခင်မဟာဧကရာဇ်ဖြစ်လေသည်။ ရန်ကိုင်မှာ မိုရှောင်ချီနှင့် အလွန်တရာကိုမှ ရင်းနှီးသည်ကို ကြည့်မည်ဆိုပါက ရန်ကိုင်အား စိတ်ဝိဉာဉ်သားရဲကျွန်းမှ ကာကွယ်ထားကြောင်းကို မြင်တွေ့နိုင်ပေသည်။ ထို့အတွက်ကြောင့် ရန်ကိုင်အား တစ်ခုခုလုပ်ချင်သည်ဆိုပါက ကောင်းကျိုး၊ ဆိုးကျိုးကို သေချာစဉ်းစားသုံးသပ်ရန် လိုအပ်လာလေပြီ။
လမင်းမဟာဧကရာဇ်မှ လန်ရွှင်းအား အလွန်တရာကိုမှ မြတ်နိုးသလို သားရဲသခင်မဟာဧကရာဇ်ကလည်း မိုရှောင်ချီအား အလွန်တရာကိုမှ တန်ဖိုးထားလေသည်။ မိန်းကလေးနှစ်ဦးစလုံး စိတ်ကောက်သွားမည်ဆိုပါက မဟာဧကရာဇ်နှစ်ပါးစလုံး လက်မှိုင်ချသွားရနိုင်သည်။
ထို့အတွက်ကြောင့် ရန်ကိုင်အပေါ် လွန်လွန်ကျူးကျူး ဘာမှမလုပ်မိသည့်အပေါ် ရွှယ့်ကျန်းမောင်မှာ အတော်လေး စိတ်သက်သာရာ ရနေခဲ့လေသည်။ ထိုသို့သာမဟုတ်ပါက သူ့ကိုယ်သူ ပြဿနာတွင်းထဲသို့ ဆွဲခေါ်လိုက်သလို ဖြစ်သွားရပေလိမ့်မည်။ ယခုဆိုလျှင် တန်ကျွင်းဟောင်သေသွားသည့်ကိစ္စကို မဟာဧကရာဇ်ကသာ ကိုင်တွယ်နိုင်တော့ပေလိမ့်မည်။
ရွှယ့်ကျန်းမောင်က မျက်မှောင်ကြုတ်လျက် မေးလိုက်လေသည်။ “မင်းသမီး… မဟာဧကရာဇ်က ဘယ်လိုပြောလိုက်လဲ…”
ဝမ်ကျိရှန်းနှင့် ရှောင်ယုယန်တို့သည်လည်း လန်ရွှင်းဘက်သို့ လှည့်ကြည့်လာကြလေသည်။
လန်ရွှင်းက အလေးအနက်အမူအယာဖြင့် ပြန်ပြောလိုက်လေ၏။ “ကြယ်ဝိဉာဉ်နန်းတော်ရဲ့အကြီးအကဲတစ်ဦး ဖြစ်တာကိုမှ မထောက်ထားဘဲ တန်ကျွင်းဟောင်က တောင်ဘက်နယ်မြေက ဘီလီယံနဲ့ချီတဲ့ ကျင့်ကြံသူတွေအတွက် မဟုတ်တရုတ် စံနမူနာဖြစ်အောင် လုပ်ခဲ့တယ်… စီနီယာတစ်ဦးဖြစ်တာကိုလည်း မထောက်ထားဘဲနဲ့ တောင်ဘက်နယ်မြေမှာရှိတဲ့ ဧကရာဇ်အဆင့်ပညာရှင်တွေကို ဒုက္ခရောက်အောင် လုပ်ခဲ့တယ်… ဝူမင်ကလည်း သူနဲ့ အလိုတူအလိုပါ ကြီးနိုင်ငယ်ညှင်းလုပ်တယ်… ဒီကိစ္စကို မဟာဧကရာဇ်ကိုယ်တိုင် စစ်ဆေးကြည့်ပြီးသွားပြီ… ဒီတော့ သူတို့သေတဲ့အပေါ် ဘာမှဝမ်းနည်းနေစရာမလိုဘူး… အခု မဟာဧကရာဇ်ရဲ့အမိန့်အရ တန်ကျွင်းဟောင်နဲ့ဝူမင်တို့ သေသွားတဲ့ကိစ္စကို ဒီအတိုင်းပဲ ထားလိုက်တော့မယ်… ဘယ်သူမှ ဘာမှ ပြောနေစရာမလိုတော့ဘူး…”
လန်ရွှင်းမှ ထိုကဲ့သို့ ပြောလိုက်သည်နှင့်တစ်ပြိုင်နက် ရှောင်ယုယန်နှင့် ရွှယ့်ကျန်းမောင်တို့နှစ်ဦးစလုံး လက်သီးဆုပ်၍ ဦးညွှတ်လိုက်လေသည်။ “ကျုပ်တို့ မဟာဧကရာဇ်ရဲ့အမိန့်တော်ကို နာခံပါ့မယ်…”
ဝမ်ကျိရှန်းက ပြုံးဖြီးလျက် လက်သီးဆုပ်ကာ “ကျုပ်ထင်ထားတဲ့အတိုင်းပါပဲ… မဟာဧကရာဇ်က တကယ်ကို စဉ်းစားဆင်ခြင်ဉာဏ် ပြည့်ဝတာပါပဲ… ကျုပ် မဟာဧကရာဇ်ရဲ့ ဉာဏ်ပညာကို တကယ်ကို လေးစားမိပါတယ်…”
ရန်ကိုင်ကလည်း ဝင်ပြောလိုက်လေသည်။ “မဟာဧကရာဇ်ကို ကျေးဇူးအများကြီးတင်ပါတယ်…”
ယခုမှသာလျှင် ရန်ကိုင်လည်း သက်ပြင်းချနိုင်တော့လေသည်။ မဟာဧကရာဇ်တစ်ပါး ဖြစ်လာသည့်လူသည် ကိစ္စရပ်တစ်ခုကို ကျယ်ကျယ်ပြန့်ပြန့် စဉ်းစားတတ်ကာ သာမန်ကိစ္စလေးများနှင့် ပတ်သက်၍ သဘောထားသေးသိမ်နေခြင်း မရှိချေ။ မဟာဧကရာဇ်ကိုယ်တိုင် အမိန့်ချမှတ်ပြီးသွားပြီ ဖြစ်သည့်အတွက်ကြောင့် ရန်ကိုင်အနေဖြင့် ယခုကိစ္စနှင့်ပတ်သက်၍ ဘာမှစိတ်ပူနေစရာ မလိုတော့ချေ။
တကယ်ဆိုလျှင် ယခုကိစ္စနှင့်ပတ်သက်၍ ကြယ်ဝိဉာဉ်နန်းတော်သည် သူတို့၏အရှုပ်ထုပ်အား သူတို့ကိုယ်စား ဖြေရှင်းပေးသွားခဲ့သော ရန်ကိုင်ကိုပင် အမှန်တကယ် ကျေးဇူးတင်သင့်သည်။ သို့သော်ငြား ကြယ်ဝိဥာဉ်နန်းတော်ကတော့ ထိုကဲ့သို့ ကျေးဇူးတင်စကား လာပြောနေလိမ့်မည်မဟုတ်။ တောင်ဘက်နယ်မြေတစ်ခုလုံး၏ အရှင်သခင်ဖြစ်သည့်အလျောက် ကြယ်ဝိဉာဉ်နန်းတော်အနေဖြင့် သူတို့၏အကြီးအကဲနှင့် အကြီးအကဲ၏တပည့် အသတ်ခံလိုက်ရသည့်ကိစ္စအပေါ် ရန်ကိုင်အပေါ် လိုက်လံ၍ ပြဿနာမရှာသည်ကပင်လျှင် ရန်ကိုင်အပေါ် အတော်လေး သဘောကောင်းလွန်းရာ ကျနေခဲ့လေပြီ။
“ပြီးတော့ စီနီယာအစ်ကိုရန်ကို ပြောဖို့ အဖေ ကျွန်မကို ပြောခိုင်းလိုက်တဲ့စကားလည်း ရှိသေးတယ်…” လန်ရွှင်းက ရန်ကိုင်ဆီသို့ လှည့်ကြည့်လာခဲ့လေသည်။
လန်ရွှင်း၏ စကားအသုံးအနှုန်း ပြောင်းလဲသွားသည့်အချက်ကို လူတိုင်း သတိထားမိလိုက်ကြလေသည်။ ဤနေရာသို့ စရောက်လာစဉ်ကတည်းက လန်ရွှင်းသည် မဟာဧကရာဇ်ဟုသာ သုံးနှုန်းခေါ်ဝေါ်ခဲ့ပြီး ယခုအချိန်တွင်တော့ အဖေဟု ပြောင်းလဲခဲ့လေသည်။ ကြည့်ရသလောက် ယခုပြောမည့်စကားထဲ မဟာဧကရာဇ်ဟူသော အဆင့်အတန်း ပါဝင်မနေသည့်ပုံပင်။ မဟာဧကရာဇ်သည် မဟာဧကရာဇ်ဟူသော အဆင့်အတန်းကို မသုံးဘဲ လန်ရွှင်း၏အဖေကိုယ်စားပြု၍ ပြောလိုက်ခြင်းသာ ဖြစ်နိုင်လောက်သည်။
“ဘာများပြောချင်လို့လဲမသိဘူး…” ရန်ကိုင်က ပြန်မေးလိုက်လေသည်။
လန်ရွှင်းက ပြောလိုက်သည်။ “ကျွန်မအဖေက တန်ကျွင်းဟောင်ရဲ့ ရွှေသံချပ်စာအုပ် ဘယ်မှာရှိလဲဆိုတာကို သိချင်နေပါတယ်…”
လန်ရွှင်း၏စကားကိုကြားလိုက်သည်နှင့် နန်းတော်ထဲတွင်ရှိနေသော လူတိုင်း ရန်ကိုင်ဆီသို့ လှည့်ကြည့်လာကြလေသည်။ ဧကရာဇ်တတိယအဆင့် ပညာရှင်သုံးပါးစလုံးမှာလည်း ရွှေသံချပ်စာအုပ်အကြောင်းကို သိနေကြလေသည်။
ကြယ်တာရာအစုအဝေးထဲ ဧကရာဇ်အဆင့်မှော်ရတနာပေါင်းများစွာ ရှိပါသော်ငြား တကယ်ကို နာမည်ကျော်ကြားသည့် မှော်ရတနာများမှာတော့ အနည်းငယ်သာ ရှိကြလေသည်။ ဥပမာပြရသော် ရန်ကိုင်လက်ထဲတွင်ရှိနေသော တောင်နဲ့မြစ်ခေါင်းလောင်းပင်။ ထိုမှော်ရတနာမှာ ရှေးဟောင်းမှော်ရတနာတစ်ခုဖြစ်ကာ မဟာဧကရာဇ်တစ်ပါးအတွက်ပင် အလွန်ကိုမှ အဖိုးတန်သည့် ရတနာတစ်ခုဖြစ်လေသည်။
တန်ကျွင်းဟောင်၏ ရွှေသံချပ်စာအုပ်မှာ တောင်နဲ့မြစ်ခေါင်းလောင်းနှင့် မယှဉ်နိုင်ပါသော်ငြား သာမန်ဧကရာဇ်အဆင့် မှော်ရတနာတစ်ခုမဟုတ်။ ရှင်းရှင်းပြောရလျှင် ထိုဧကရာဇ်အဆင့်မှော်ရတနာသည် ဧကရာဇ်အဆင့်မှော်ရတနာများကြားထဲ ထိပ်တန်းအဆင့်မှော်ရတနာထဲတွင်ပင် ပါပေသည်။
ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့လေသည်။ နောက်ဆုံးတွင်တော့ ပြန်၍ပြောလိုက်လေ၏။ “ရွှေသံချပ်စာအုပ်က ငါ့ဆီမှာ ရှိပါတယ်…”
ထိုသို့ပြောပြီးသည့်နောက်တွင် ရန်ကိုင်သည် ရွှေသံချပ်စာအုပ်ကို ထုတ်ပြပေးလိုက်လေ၏။
ရုတ်ချည်းဆိုသလို လူတိုင်း၏အကြည့်သည် ရန်ကိုင်လက်ထဲတွင် ပေါ်လာသည့် ရွှေရောင်တောက်ပနေသော စာအုပ်ဆီသို့ ရောက်ရှိသွားခဲ့လေသည်။
လန်ရွှင်းက ခေါင်းညိတ်လျက် ပြန်ပြောလိုက်လေသည်။ “ဒီလိုပါ စီနီယာအစ်ကိုရန်… အဖေက ရွှေသံချပ်စာအုပ်ကို ပြန်ယူလာခိုင်းလိုက်လို့ပါ…”
ထိုစကားကိုကြားလိုက်သည့်အခိုက် ရန်ကိုင် မျက်နှာပျက်သွားခဲ့လေသည်။ သူထင်ထားခဲ့သလို တကယ်ကြီး ဖြစ်နေခဲ့လေသည်။
သူကိုယ်တိုင်သည်လည်း ရွှေသံချပ်စာအုပ် မည်ကဲ့သို့သောစွမ်းအား ထုတ်ဖော်နိုင်သလဲ ဆိုသည်ကို ကောင်းကောင်းသိပေသည်။ တန်ကျွင်းဟောင်နှင့် တိုက်ပွဲတွင် တန်ကျွင်းဟောင်မှ ရန်ကိုင်အပေါ် အထင်သေးခဲ့သည့် အတွက်ကြောင့်သာ မဟုတ်ပါလျှင် ရန်ကိုင်အနေဖြင့် တန်ကျွင်းဟောင်ကို ဤမျှ လွယ်လွယ်ကူကူ သတ်ပစ်နိုင်ခဲ့လိမ့်မည် မဟုတ်ချေ။ ရွှေသံချပ်စာအုပ်၏ အစွမ်းအကုန်ကိုသာ ထုတ်လွှတ်နိုင်ခဲ့မည်ဆိုပါက ရန်ကိုင်အနေဖြင့် တန်ကျွင်းဟောင်ကိုပင်လျှင် မသတ်နိုင်လောက်ပေ။
ထို့အတွက်ကြောင့် ဤကဲ့သို့သော ရတနာကောင်းတစ်ခုကို အခြားလူတစ်ဦးဆီသို့ ပြန်မပေးချင်ပေ။ ထို့အပြင် ရန်ကိုင်သည် ရွှေသံချပ်စာအုပ်ကို အတန်ကြာအောင် သန့်စင်ထားခဲ့သည့် အတွက်ကြောင့် ရွှေသံချပ်စာအုပ်ကိုပါ ကောင်းကောင်းမွန်မွန် ထုတ်သုံးနိုင်နေလေပြီ။ သို့သော်ငြား လန်ရွှင်းမှ သူ့အား ဤမှော်ရတနာကို ပြန်ပေးခိုင်းစေချင်နေလေသည်။ ဤသည်မှာ ရန်ကိုင် အမှန်တကယ်ကို လုပ်ချင်သည့် အရာမျိုးမဟုတ်ပေ။ သို့တိုင် သူ့အနေဖြင့် မပေးချင်လျှင်ပင် ပြန်ပေးရပေလိမ့်မည်။ တကယ်တော့ ရန်ကိုင်၏လက်ရှိခွန်အားဖြင့် မဟာဧကရာဇ်တစ်ပါးကို ဆန့်ကျင်နိုင်ပါမည်လား။ မဟာဧကရာဇ်သည် တန်ကျွင်းဟောင်တို့ကိစ္စနှင့် ပတ်သက်၍ ရန်ကိုင်အပေါ် အပြစ်မရှာတော့ချေ။ ထို့အစား ရန်ကိုင်ယူသွားသည့် ရွှေသံချပ်စာအုပ်ကိုသာ ပြန်လိုချင်နေပေသည်။ ဤသည်မှာ အလဲအလှယ်တစ်ခုသာ ဖြစ်လေ၏။
ရန်ကိုင်သည် လန်ရွှင်းမှ ဘာထပ်ပြောချင်နေသလဲ ဆိုသည်ကို သိချင်နေသည့်အလား လန်ရွှင်းဆီသို့ လှမ်းကြည့်လိုက်လေ၏။
လန်ရွှင်းက ပြောလိုက်လေသည်။ “ရွှေသံချပ်စာအုပ်က စီနီယာအစ်ကို တိုက်ပွဲနိုင်လို့ ရလာတဲ့ ပစ္စည်းတစ်ခုအဖြစ် သတ်မှတ်ထားလို့ရတယ်… ဒီတော့ ရှင်းရှင်းပြောရလို့ရှိရင် ကျွန်မတို့ကြယ်ဝိဉာဉ်နန်းတော်မှာ စီနီယာအစ်ကိုရန်ကနေ ဒီရွှေသံချပ်စာအုပ်ကို တောင်းဆိုခွင့် မရှိတော့ဘူး… ဒါပေမယ့် အခုလို မတောင်းမဖြစ် တောင်းရတဲ့အကြောင်းအရင်းကတော့ ရွှေသံချပ်စာအုပ်က ဧကရာဇ်အဆင့်မှော်ရတနာတစ်ခုတင် မဟုတ်ဘဲနဲ့ ကျွန်မတို့ကြယ်ဝိဉာဉ်နန်းတော်ထဲမှာရှိတဲ့ သီးခြားကမ္ဘာတစ်ခုကိုဖွင့်တဲ့ သော့လည်း ဖြစ်နေတာမလို့ပဲ…”
“သီးခြားကမ္ဘာကိုဖွင့်တဲ့သော့…” ရန်ကိုင် အံ့အားသင့်သွားခဲ့လေသည်။
“ဟုတ်တယ်…” လန်ရွှင်းက ခေါင်းညိတ်လိုက်၏။ “ကျွန်မတို့ကြယ်ဝိဉာဉ်နန်းတော်မှာ ပုံရိပ်ယောင်နယ်မြေလို့ခေါ်တဲ့ သီးခြားကမ္ဘာတစ်ခုရှိတယ်… အဲ့သီးခြားကမ္ဘာကို ရွှေသံချပ်စာအုပ်ကို သုံးပြီးတော့ပဲ ဖွင့်လို့ရတာ… အကြီးအကဲရှောင်နဲ့ အကြီးအကဲရွှယ့်တို့ နှစ်ယောက်စလုံး အဲ့အကြောင်းကို သိတယ်…”
ရွှယ့်ကျန်းမောင်နှင့် ရှောင်ယုယန်တို့နှစ်ဦးစလုံး ခေါင်းအသီးသီး ညိတ်ပြလိုက်ကြသည်။
“ဟုတ်တယ်… အဲ့ပုံရိပ်ယောင်နယ်မြေအကြောင်းကို ငါလည်းသိတယ်…” ဝမ်ကျိရှန်းကလည်း ဝင်ပြောလိုက်လေသည်။ “ဒါပေမယ့် ပုံရိပ်ယောင်နယ်မြေကို ရွှေသံချပ်စာအုပ်ရှိမှပဲ ဖွင့်လို့ရမယ်မှန်းတော့ ငါမသိခဲ့ဘူး…”
“အဲ့သီးခြားကမ္ဘာထဲဝင်ခွင့်ကို တန်ကျွင်းဟောင်ပဲ ထိန်းချုပ်ထားတာ… ဒါကြောင့်ပဲ ရွှေသံချပ်စာအုပ်ကို သူ့ဆီပေးထားတာ… အခု သော့မရှိတော့ သီးခြားကမ္ဘာကို ဖွင့်လို့မရတော့ဘူး…. အဲ့နေရာက ကျွန်မတို့ကြယ်ဝိဉာဉ်နန်းတော်က တပည့်တွေ တော်တော်များများ သွားရောက်လေ့ကျင့်နေတဲ့နေရာဆိုတော့ အဲ့နေရာကို ဖွင့်လို့မရတော့ရင် ကျွန်မတို့အတွက် အဆုံးရှုံးကြီး ဆုံးရှုံးသွားရမှာလေ.. ပြီးတော့ အခုလောလောဆယ် အဲ့ထဲမှာ သွားကျင့်ကြံနေတဲ့ တပည့်တွေလည်း ရှိသေးတယ်… ဒါပေမယ့် သော့မရှိတော့ သူတို့ အပြင်ကို ပြန်ထွက်လာလို့ မရတော့ဘူး…”
လန်ရွှင်းသည် ရန်ကိုင်အားကြည့်၍ “ဒါကြောင့် ဘာပဲဖြစ်ဖြစ် စီနီယာအစ်ကိုရန် အဲ့ရွှေသံချပ်စာအုပ်ကို ပြန်ပေးနိုင်မယ်လို့ လန်ရွှင်း မျှော်လင့်ပါတယ်… ဒီကိုမလာခင်လည်း အဖေက ပြောလိုက်ပါသေးတယ်… စီနီယာအစ်ကိုရန် ရွှေသံချပ်စာအုပ်ကို ပြန်မေးနိုင်မယ်ဆိုလို့ရှိရင် လျော်ကြေးသုံးမျိုးထဲက တစ်မျိုးကို ကြိုက်ရာရွေးလို့ရတယ်တဲ့…”
ရန်ကိုင်၏မျက်လုံးများ တောက်ပသွားခဲ့လေသည်။ “ဘယ်လိုလျော်ကြေးသုံးမျိုးလဲ…”
ကြယ်ဝိဉာဉ်နန်းတော်သာ ဤရွှေသံချပ်စာအုပ်ကို မရမက ပြန်လိုချင်သည်ဆိုလျှင်တော့ ရန်ကိုင်အနေဖြင့် မတတ်သာဘဲ ပေးလိုက်ရပေလိမ့်မည်။ သူ့တွင် ရွေးချယ်ခွင့်မှ မရှိလေဘဲ။ သို့သော်ငြား လန်ရွှင်းကမူ လျော်ကြေးအဖြစ် လျော်ကြေးသုံးမျိုးသုံးစားကို ပေးချေလာမည်ဖြစ်ကာ သူ့အနေဖြင့် ထိုလျော်ကြေးသုံးမျိုးသုံးစားထဲမှ ကြိုက်ရာတစ်ခုကို ရွေးချယ်နိုင်သည်ဟု ပြောလာသည့်အတွက်ကြောင့် ရန်ကိုင်အနေဖြင့် ရွှေသံချပ်စာအုပ်ကို ပြန်ပေးလိုက်ရမည် ဆိုလျှင်ပင် သူ့အတွက် အရမ်းကြီး မနစ်နာတော့ချေ။
“ပထမတစ်ခုက ကြယ်ဝိဉာဉ်နန်းတော်က စီနီယာအစ်ကိုရန်ကို အဆင့်မြင့်အရင်းအမြစ်ကျောက် သန်းနှစ်ရာပေးမယ်…” လန်ရွှင်းက ပြောလိုက်သည်။
ဝမ်ကျိရှန်း၏အမူအယာ ပြောင်းလဲသွားခဲ့လေသည်။
အဆင့်မြင့်အရင်းအမြစ်ကျောက် သန်းနှစ်ရာ။ ထိုပမာဏမှာ မနည်းလှပေ။
ဧကရာဇ်အဆင့်မှော်ရတနာအများစု၏ တန်ကြေးမှာ ဆယ်သန်း၊ သန်းနှစ်ဆယ်လောက်သာ ရှိကြပြီး ပိုကောင်းသည့်အရာများဆိုလျှင် သန်းသုံးဆယ် လေးဆယ်လောက်သာ ရှိကြသည်။ ထို့အတွက်ကြောင့် သန်းနှစ်ရာဟူသော ပမာဏမှာ အလွန်ကိုမှ များပြားလှသည့် ပမာဏ ဖြစ်ပေသည်။ ရွှေသံချပ်စာအုပ်မှာ အလွန်ကိုမှ တန်ဖိုးကြီးလှသည့် ဧကရာဇ်အဆင့် မှော်ရတနာတစ်ခု ဖြစ်ပါသော်ငြား အဆင့်မြင့်အရင်းအမြစ်ကျောက် သန်းနှစ်ရာတော့ မတန်ချေ။ သီးခြားကမ္ဘာတစ်ခုအား ဖွင့်သည့် သော့ဖြစ်နေသည့် အတွက်ကြောင့် ထိုမျှ တန်ကြေးကြီးမားသွားရခြင်းပင်။