← Chapters

အခန်း (၂၇၇၁-၂၇၇၅)

Vol. 118 Ch. 2771-2775

အခန်း (၂၇၇၁-၂၇၇၅)

Vol. 118 Ch. 2771-2775

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၇၇၁)

ဘာသာပြန်သူ_တိမ်တိုက်

အဆင့်မြင့်အရင်းအမြစ်ကျောက် သန်းနှစ်ရာသည် လူတိုင်းတတ်နိုင်သည့် ပမာဏမဟုတ်ပေ။ ထိုပမာဏသည် နေမင်းပြာကျောင်းတော်၏ နှစ်အနည်းငယ်စာဝင်ငွေနှင့် ညီမျှပေသည်။

ထိုစကားကိုကြားပြီးသည့်နောက် ရှောင်ယုယန်နှင့် ရွှယ့်ကျန်းမောင်တို့၏ အမူအယာများသည်ပင်လျှင် ဝင်းလက်သွားခဲ့ကြသည်။

ရန်ကိုင်ကမူ တည်တည်ငြိမ်ငြိမ်ဖြင့်သာ ရှိနေလေ၏။ သူကြားလိုက်သည်မှာ သန်းနှစ်ရာမဟုတ်ဘဲ နှစ်သန်းသာလျှင် ဖြစ်နေသည့်အလား။

ထို့အတွက်ကြောင့် ဧကရာဇ်အဆင့်ပညာရှင်များမှာ ခေါင်းတညိတ်ညိတ်ဖြင့် ရန်ကိုင်အား ချီးကျူးမိလိုက်ကြလေသည်။ တကယ်တော့ သူတို့အမြင်အရ ရန်ကိုင်သည် ဧကရာဇ်အဆင့်သို့ ချိုးဖြတ်သည်မှာ မကြာသေးသည့်အတွက်ကြောင့် သူ့အနေဖြင့် ချမ်းသာမည်ဆိုလျှင်ပင် အရမ်းကြီးတော့ ချမ်းသာနေလိမ့်မည်မဟုတ်။ သို့တိုင် အဆင့်မြင့်အရင်းအမြစ်ကျောက် သန်းနှစ်ရာဟူသော ပမာဏကို ကြားလိုက်သည့်တိုင် ယခုကဲ့သို့ တည်တည်ငြိမ်ငြိမ်နှင့် နေနိုင်သည့် သူ၏စိတ်ဓာတ်မှာ အမှန်တကယ်ကိုမှ ချီးကျူးစရာ ကောင်းလှပေသည်။

သို့သော်ငြား ရန်ကိုင်သည် အဆင့်မြင့်အရင်းအမြစ်ကျောက် သန်းနှစ်ရာဟူသော ပမာဏသည် သူ့အတွက် ဘာမှမဟုတ်ရတော့လေအောင် ချမ်းသာနေလိမ့်မည်မှန်းကိုတော့ ထိုလူများ မည်ကဲ့သို့များ သိထားပါမည်နည်း။

“ဒုတိယတစ်ခုကရော…” ရန်ကိုင်က ထပ်မေးလိုက်လေသည်။

လန်ရွှင်းက ထူးထူးဆန်းဆန်းအမူအယာဖြင့် ပြန်ပြောလိုက်လေသည်။ “ဒုတိယတစ်ခုကတော့ ကျွန်မအဖေကို မေးခွန်းသုံးခု မေးလို့ရတယ်… ဘယ်လိုမေးခွန်းပဲဖြစ်ဖြစ် မေးခွင့်ရှိတယ်…”

ထိုစကားအား ကြားလိုက်သည်နှင့်တစ်ပြိုင်နက် ရွှယ့်ကျန်းမောင်နှင့် ရှောင်ယုယန်တို့ အသက်ရှူနှုန်း မြန်ဆန်လာခဲ့လေသည်။

ကြယ်ဝိဉာဉ်နန်းတော်၏ အကြီးအကဲများ ဖြစ်လင့်ကစား မဟာဧကရာဇ်နှင့် တွေ့ဖို့ရာမှာ သူတို့အတွက်ပင်လျှင် မလွယ်ကူချေ။ မဟာဧကရာဇ်သည် အမြဲလိုလို တံခါးပိတ်ကျင့်စဉ် ဝင်နေတတ်သဖြင့် လူရှေ့သူရှေ့၌ ပေါ်လာလေ့မရှိ။ ပုံမှန်အားဖြင့် နှစ်ပေါင်းများစွာ ကြာပြီးသည့်အခါမှသာ မဟာဧကရာဇ်နှင့် တစ်ခါတစ်လေ တွေ့ခွင့်ရတတ်သည်။ မဟာဧကရာဇ်အား မေးခွန်းသုံးခု မေးဖို့ရာဆိုလျှင်တော့ ဝေလာဝေးစွ။

သူတို့နှစ်ဦးသည်သာ ရန်ကိုင်ရရှိနေသည့် အခွင့်အရေးများကို ရလိုက်မည်ဆိုပါက ဝမ်းသာလွန်းသဖြင့် ထခုန်မိကြပေလိမ့်မည်။ မည်သည့်ကျင့်ကြံသူတွင်များ သိုင်းတာအိုနှင့်ပတ်သက်၍ နားမလည်သည့် မေးခွန်းများ မရှိဘဲ နေမည်နည်း။ သူတို့အဆင့်ရှိ ကျင့်ကြံသူများ နားမလည်သည့် မေးခွန်းများကိုတော့ မဟာဧကရာဇ်အဆင့်ရှိ ပညာရှင်များကသာ ဖြေနိုင်ပေလိမ့်မည်။

ဒုတိယတစ်ခုမှာ အဆင့်မြင့်အရင်းအမြစ်ကျောက် သန်းနှစ်ရာကဲ့သို့ တန်ကြေးမကြီးပါသော်ငြား တကယ်တမ်း သေသေချာချာ စဉ်းစားကြည့်မည်ဆိုပါက ဒုတိယတစ်ခုသည် ပထမတစ်ခုထက်ပင် ပို၍ တန်ကြေးကြီးပေသည်။ အရင်းအမြစ်ကျောက်များကို ကိုယ့်ဘာသာကိုယ် ရှာဖွေလျှင် တဖြည်းဖြည်း စုဆောင်း၍ ရနိုင်ပါသော်ငြား မဟာဧကရာဇ်အား မေးခွန်းသုံးခု မေးနိုင်မည့် အခွင့်အရေးမှာတော့ အလွန်တရာကိုမှ ကံကောင်းထောက်မလွန်းသည့် အခါမှသာ ရနိုင်သည့်အရာမျိုး ဖြစ်ပေသည်။

ဝမ်ကျိရှန်းသည်ပင်လျှင် သူ့ခံစားချက်များကို ကောင်းကောင်းမထိန်းချုပ်နိုင်တော့ဘဲ ရန်ကိုင်သဘောတူလိုက်ရန် မျှော်လင့်နေသည့်အလား ရန်ကိုင်ဆီသို့ လှည့်ကြည့်လာခဲ့သည်။

သို့သော်ငြား ရန်ကိုင်ကတော့ တည်တည်ငြိမ်ငြိမ်ဖြင့်သာ ရှိနေပေသေး၏။ တစ်ခဏမျှ တိတ်ဆိတ်နေပြီးသည့်နောက် ဆက်ပြောလိုက်လေသည်။ “တတိယတစ်ခုကရော…”

လန်ရွှင်းက ပြန်ပြောလိုက်သည်။ “တတိယတစ်ခုကတော့ ကြယ်ဝိဉာဉ်နန်းတော်ရဲ့ ငါးရောင်ခြယ်ရတနာဘုရားထဲမှာ တစ်လတိတိ ကျင့်ကြံခွင့်ပဲ…”

ရန်ကိုင် ခေါင်းညိတ်လိုက်လေသည်။ ရှင်းရှင်းပြောရလျှင် ကြယ်ဝိဉာဉ်နန်းတော်သည် ယခုကိစ္စနှင့်ပတ်သက်၍ သူ့အပေါ် အကြမ်းနည်းသုံးမလာခဲ့ပေ။ ရန်ကိုင်စိတ်ကျေနပ်လောက်မည့် လျော်ကြေးကိုပင်လျှင် ပြန်လည်ပေးအပ်လာခဲ့သည်။

“ကျုပ် ဒီဧကရာဇ်အဆင့်မှော်ရတနာကို တကယ်ကြီး ပြန်ပေးရမှာလား…” ရန်ကိုင်သည် ရွှေသံချပ်စာအုပ်ကိုကြည့်၍ လန်ရွှင်းကိုကြည့်ကာ မေးလိုက်လေသည်။

လန်ရွှင်းက တောင်းတောင်းပန်ပန်အမူအယာဖြင့် ပြန်ပြောလိုက်လေ၏။ “စီနီယာအစ်ကိုရန်… အခု ကြယ်ဝိဉာဉ်နန်းတော်ရဲ့ ပုံရိပ်ယောင်နယ်မြေထဲမှာ ပိတ်မိနေတဲ့ တပည့်တွေကိုလည်း နည်းနည်းလောက် စဉ်းစားပေးပါဦးနော်…”

ရွှေသံချပ်စာအုပ်မရှိတော့သည့်နောက် ပုံရိပ်ယောင်နယ်မြေကို ပြန်မဖွင့်နိုင်တော့လေရာ ထိုထဲသို့ သွားရောက်ကျင့်ကြံသည့် တပည့်များမှာ အထဲတွင်သာ ပိတ်မိနေရတော့လေသည်။

ရန်ကိုင်က သက်ပြင်းချလျက် ပြန်ပြောလိုက်လေ၏။ “ဒါဆိုရင် တတိယတစ်ခုကိုရွေးမယ်…”

လန်ရွှင်း ဝမ်းသာအားရ ဖြစ်သွားခဲ့လေသည်။ သို့သော်ငြား ချက်ချင်းပဲ ကြောင်အမ်းအမ်းဖြင့် “ဘာဖြစ်လို့ သေသေချာချာလေး မစဉ်းစားတာလဲ…”

ဝမ်ကျိရှန်းကလည်း ဝင်ပြောလိုက်လေ၏။ “ဟုတ်တယ် ရန်ကိုင်… မင်း သေချာစဉ်းစားနော်… မဟာဧကရာဇ်က မင်းကို ကြိုက်တဲ့တစ်ခု ရွေးခိုင်းတာ… မင်းကို ဘယ်ဟာရွေးရမယ်ဆိုပြီး တွန်းအားမပေးဘူး… မင်း သေသေချာချာ စဉ်းစားလို့ရတယ်…”

ရန်ကိုင်က ခေါင်းခါလျက် ပြန်ပြောလိုက်သည်။ “မလိုဘူး… တတိယတစ်ခုကိုပဲ ရွေးမယ်…”

ဝမ်ကျိရှန်း လုံးဝကို ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့လေသည်။ သူ့အနေဖြင့် ဘာမှကို ပြန်မပြောနိုင်တော့။

သူသာ ရန်ကိုင်နေရာတွင်သာ ဆိုလျှင်တော့ ဒုတိယတစ်ခုကိုသာ ရွေးမိပေလိမ့်မည်။ ငါးရောင်ခြယ်ရတနာဘုရားထဲ၌ တစ်လတိတိ ကျင့်ကြံနိုင်မည့် အခွင့်အရေးမှာ အမှန်တကယ်ကိုမှ ကောင်းမွန်လှပါသော်ငြား ထိုအရာသည် ကံပေါ် မူတည်နေပေသေးသည်။ ကံမကောင်းပါက ထိုနေရာ၌ ဆယ်နှစ်ကြာအောင် ကျင့်ကြံနေမည်ဆိုသည့်တိုင် ဘာဆိုဘာမှ ရလိမ့်မည်မဟုတ်။ တစ်လဆိုရင်တော့ ဝေလာဝေးစွ။ ထို့အတွက်ကြောင့် တတိယတစ်ခုသည် မဟာဧကရာဇ်အား မေးခွန်းသုံးခုမေးနိုင်မည့် အခွင့်အရေးနှင့် ယှဉ်လိုက်သော် သိပ်၍ အဖိုးမတန်သလို ဖြစ်သွားခဲ့လေသည်။ ရန်ကိုင် ဘာတွေစဉ်းစားလို့ စဉ်းစားနေမှန်းလဲ သူမသိချေ။ သူတွေးမိသည်မှာတော့ ရန်ကိုင်သည် အလွန်ကိုမှ အလျင်လိုနိုင်လွန်းသည်ဟူ၍ပင်။ သို့သော်ငြား ရန်ကိုင်ကိုယ်တိုင်က ယခုကဲ့သို့ ဆုံးဖြတ်လိုက်ပြီ ဖြစ်သည့်အတွက်ကြောင့် သူကိုယ်တိုင်လည်း ဘာမှမပြောနိုင်တော့။

လန်ရွှင်းကိုယ်တိုင်မှာလည်း ရန်ကိုင်၏ရွေးချယ်မှုနှင့်ပတ်သက်၍ အံ့အားသင့်နေခဲ့ရ‌လေသည်။ ရန်ကိုင်သည် ဒုတိယတစ်ခုကို ရွေးလိမ့်မည်ဟုသာ သူမ ထင်နေခြင်းပင်။ သို့သော်ငြား ထိုသို့မဟုတ်ဘဲ ရန်ကိုင်သည် တတိယတစ်ခုကို ရွေးချယ်သွားခဲ့လေသည်။ သို့သော်ငြား ရန်ကိုင်၏ရွေးချယ်မှုအပေါ် သွားရောက် မေးခွန်းထုတ်မနေခဲ့ဘဲ ခေါင်းညိတ်၍သာ ပြန်ပြောလိုက်လေသည်။ “ဒါဆိုရင် စီနီယာအစ်ကိုရန်ရောက်လာမှာကို ကျွန်မတို့ကြယ်ဝိဉာဉ်နန်းတော် စောင့်နေပါ့မယ်…”

ရန်ကိုင် ခေါင်းညိတ်လိုက်လေသည်။ ချက်ချင်းပဲ သူ့ကောင်းကင်စိတ်အာရုံကို သုံးလျက် ရွှေသံချပ်စာအုပ်အပေါ် ချန်ထားသော သူ၏ဝိဉာဉ်အမှတ်အသားကို ဖယ်ရှားလိုက်လေ၏။ ထို့နောက်တွင် ထိုဧကရာဇ်အဆင့်မှော်ရတနာကို လန်ရွှင်းဆီသို့ ပြန်ပေးလိုက်လေသည်။

ဤကိစ္စနှင့်ပြီးသွားသည့်နောက်တွင် ဝမ်ကျိရှန်းသည် လန်ရွှင်းနှင့် အခြားသူများအား နေမင်းပြာကျောင်းတော်၌ ရက်အတန်ကြာအောင် နေသွားရန် ဖိတ်ခေါ်လိုက်လေသည်။ သို့သော်ငြား ရှောင်ယုယန်နှင့် ရွှယ့်ကျန်းမောင်တို့မှာ နေချင်စိတ်မရှိသည့်အတွက်ကြောင့် ချက်ချင်း နှုတ်ဆက်ကာ ထွက်ခွာသွားလေ၏။ လန်ရွှင်းမှာလည်း သူမ၏တာဝန်ကို ပြီးမြောက်သွားပြီ ဖြစ်သည့်အတွက်ကြောင့် ပြန်ချင်နေလေသည်။

ထွက်မသွားခင် ရန်ကိုင်က ရုတ်တရက် ပြောလိုက်လေသည်။ “ဂျူနီယာညီမလန်… ဒီမှာ ခဏလောက် ဆက်နေပေးလို့ရမလား… ငါ ဂျူနီယာညီမလန်ကို ကိုယ်ရေးကိုယ်တာကိစ္စလေးတစ်ခုလောက် မေးချင်လို့…”

လန်ရွှင်းသည် ရှောင်ယုယန်နှင့် ရွှယ့်ကျန်းမောင်တို့အား နန်းတော်အပြင်ဘက်တွင် သွားရပ်စောင့်နေစေသည်။ ထိုနှစ်ဦးမှာ ဘာဆိုဘာမှ အထွန့်တက်နေခြင်းမရှိခဲ့။ သို့သော်ငြား ရှောင်ချန်းမှာတော့ ခေါင်းမာမာဖြင့် မျက်နှာကြီးစူပုပ်ကာ ဆက်၍ ရပ်နေခဲ့လေသည်။ အပြင်လူတစ်ဦးကို သူ့အနေဖြင့် မင်းသမီးလန်ရွှင်းနှင့် ခန်းမတစ်ခုထဲ မည်ကဲ့သို့များ အတူနေခိုင်းရပါမည်နည်း။

“စီနီယာအစ်ကိုရှောင်လည်း အပြင်မှာသွားစောင့်နေလေ…” လန်ရွှင်းသည် ရှောင်ချန်းအား စိုက်ကြည့်လျက် အမိန့်ပေးသည့်လေသံဖြင့် ပြောလိုက်လေ၏။

ရှောင်ချန်းမှာ တစ်ခုခု ပြန်ပြောချင်ပါသော်ငြား လန်ရွှင်းမှ သူ့အား မမှိတ်မသုန် စိုက်ကြည့်နေသည်ကိုမြင်သော် ဘာမှပြန်မပြောနိုင်ခဲ့ဘဲ စူစူပုပ်ပုပ် အမူအယာကြီးဖြင့်သာ ခန်းမထဲမှ ထွက်သွားရလေ၏။

အကုန်လုံးထွက်သွားပြီးသည့်နောက်တွင် ရန်ကိုင်နှင့် လန်ရွှင်းတို့သည်သာ ခန်းမထဲ ကျန်ရစ်တော့လေသည်။

လန်ရွှင်းက ပြုံးလျက် “အခု ဘယ်သူမှမရှိတော့ဘူး… စီနီယာအစ်ကို ဘာမေးချင်တာလဲ…”

ရန်ကိုင်က ပြန်ပြောလိုက်လေသည်။ “ဂျူနီယာညီမရန်… ခုနတုန်းက စိတ်ဝိဉာဉ်သားရဲကျွန်းကို သွားခဲ့တယ်လို့ ပြောခဲ့တယ်နော်…”

လန်ရွှင်းက ခေါင်းညိတ်လိုက်သည်။ “ဟုတ်တယ်… ကျွန်မ လွန်ခဲ့တဲ့သုံးလတုန်းက အဖေနဲ့အတူ စိတ်ဝိဉာဉ်သားရဲကျွန်းကို စီနီယာသားရဲသခင်က ဖိတ်ခေါ်လို့ သွားတာ…”

“ဒါဆိုရင် အဲ့မှာ စီနီယာကျိုဖုန်းဆိုတဲ့တစ်ယောက်ကိုရော ဂျူနီယာညီမလန် တွေ့ခဲ့လား…” ရန်ကိုင်၏အမူအယာ ပြောင်းလဲသွားခဲ့လေသည်။

“ဒေါ်လေးကျိုဖုန်း…” ရန်ကိုင်၏မေးခွန်းကြောင့် လန်ရွှင်း အံ့အားသင့်သွားခဲ့လေသည်။ ရန်ကိုင်သည် မိုရှောင်ချီအကြောင်း မေးချင်သည်ဟု သူမထင်နေခြင်းပင်။ သို့သော်ငြား မိုရှောင်ချီမဟုတ်ဘဲ ကျိုဖုန်းဖြစ်နေလိမ့်မည်ဟု သူမ မည်ကဲ့သို့များ သိပါမည်နည်း။ သူမ သိသလောက်ဆိုလျှင် ရန်ကိုင်နှင့် ကျိုဖုန်း ဤမျှရင်းနှီးသည်မဟုတ်။ ခေါင်းခါ၍ လန်ရွှင်းက ပြန်ပြောလိုက်လေသည်။ “မတွေ့ခဲ့ဘူး…”

တစ်ချက်မျှရပ်ပြီးသည့်နောက် ဆက်၍ ပြောလိုက်လေသည်။ “ဒါပေမယ့် ညီမရှောင်ချီပြောတာတော့ ဒေါ်လေးကျိုဖုန်းက တံခါးပိတ်ကျင့်စဉ်ဝင်နေတယ်တဲ့… မလိုအပ်ပဲနဲ့ သွားနှောင့်ယှက်လို့ မရဘူးလို့တော့ ပြောတာကြားတာပဲ…”

ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့ပြီး အတွေးနက်သွားခဲ့လေသည်။

ကျိုဖုန်း တံခါးပိတ်ကျင့်စဉ်ဝင်နေရခြင်းမှာ လျို့ယန်နှင့် ပတ်သက်နေရပေလိမ့်မည်။ ကြယ်ပျက်ပင်လယ်ထဲမှ ထွက်လာပြီးသည့်နောက်တွင် လျို့ယန်သည် ဖီးနစ်မီးတောက်နှင့် ပေါင်းစပ်သွားခဲ့ကာ ဖီးနစ်ဥတစ်လုံးအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ ထို့နောက်တွင် ထိုဖီးနစ်ဥကို ကျိုဖုန်းမှ စိတ်ဝိဉာဉ်သားရဲကျွန်းဆီသို့ ယူဆောင်သွားခဲ့လေသည်။ ယခုအချိန်ထိ လျို့ယန်နှင့်ပတ်သက်သည့် ဘာသတင်းမှ မရသေး။ ထိုစဉ်က ကျိုဖုန်းပြောသည်မှာတော့ လျို့ယန်အနေဖြင့် ဖီးနစ်ကလန်၏ အမွေအနှစ်ကို အောင်မြင်စွာ ဆက်ခံနိုင်ရန် အနည်းဆုံး တစ်နှစ်မှ ငါးနှစ်ခန့်ထိ အချိန်ယူရနိုင်သည်ဟု ပြောခဲ့လေသည်။

ကျိုဖုန်းကိုယ်တိုင်မှ လျို့ယန်အား စောင့်ကြပ်နေပေးပါသော်ငြား လျို့ယန်အနေဖြင့် ဖီးနစ်ကလန်၏ အမွေအနှစ်ကို အောင်မြင်စွာ ဆက်ခံနိုင်မလား မဆက်ခံနိုင်ဘူးလား ဆိုသည်မှာတော့ သူမအပေါ်တွင်သာ မူတည်နေပေသည်။ ထို့အတွက်ကြောင့် ရန်ကိုင်မှာလည်း လျို့ယန်အတွက် စိတ်ပူနေရလေ၏။

အစကတော့ လန်ရွှင်းဆီမှ လျို့ယန်နှင့် ပတ်သက်သည့် သတင်းအစအနတစ်ခုခု ရချင်မိပါသော်ငြား လန်ရွှင်းကိုယ်တိုင်လည်း ထိုအကြောင်းကို ဘာမှမသိဘဲ နေလိမ့်မည်ဟု မထင်ထားခဲ့ပေ။

ရန်ကိုင်၏ စိတ်ပျက်သွားသည့် အမူအယာကိုမြင်သော် လန်ရွှင်းစိတ်ထဲ သံသယရိပ်တို့ ထွက်ပေါ်လာခဲ့လေသည်။ ရန်ကိုင်နှင့် ကျိုဖုန်း မည်ကဲ့သို့ ပတ်သက်နေမှန်း သူမ လုံးဝ နားမလည်ခဲ့ပေ။

တစ်ခဏမျှ တိတ်ဆိတ်နေပြီးသည့်နောက်တွင် ရန်ကိုင်က ပြန်ပြောလိုက်လေသည်။ “ဟုတ်သားပဲ… ဂျူနီယာညီမလန်ဆီကနေ အကူအညီတောင်းစရာ နောက်ထပ်ကိစ္စတစ်ခု ရှိသေးတယ်…”

လန်ရွှင်းကပြုံးလျက် “ဘာအကူအညီတောင်းမလို့လဲ စီနီယာအစ်ကိုရန်…”

ရန်ကိုင်က ပြောလိုက်လေသည်။ “ဟွာချင်းစီဆိုတဲ့တစ်ယောက်ကို ဂျူနီယာညီမရန်သိလား… သူက ကြယ်ဝိဉာဉ်နန်းတော်က တပည့်တစ်ယောက်ပဲလေ… သူရဲ့ဆရာက တန်ကျွင်းဟောင်ပဲ…”

နာရီဝက်ခန့်ကြာပြီးသည့်နောက်တွင် လန်ရွှင်း နန်းတော်ထဲမှ ထွက်လာခဲ့လေသည်။ အပြင်ဘက်တွင် ဖင်ဂနာမငြိမ်ဖြင့် ရပ်စောင့်နေသော ရှောင်ချန်းမှာ လန်ရွှင်းထွက်လာသည်ကိုမြင်သည်နှင့် အမောတကော သွားရောက် ဆီးကြိုနှုတ်ဆက်လေ၏။ လန်ရွှင်း အကောင်းအတိုင်းသာ ရှိနေသေးသလို ရန်ကိုင်၏ မျက်နှာကြီး သုန်သုန်မှုန်မှုန် ဖြစ်နေသည်ကို မြင်ပြီးသည့်နောက် ရှောင်ချန်းမှာ အတော်လေးကိုမှ ဝမ်းသာအားရ ဖြစ်သွားတော့လေသည်။

“စီနီယာအစ်ကိုရန်… အချိန်ရှိရင် ကြယ်ဝိဉာဉ်နန်းတော်ဆီ လာခဲ့နော်… ဂျူနီယာညီမက စီနီယာအစ်ကိုရန်လာတာကို ဝမ်းပန်းတသာနဲ့ ကြိုဆိုပေးမှာ…” လန်ရွှင်းက ရန်ကိုင်ဘက်သို့လှည့်၍ ပြောလိုက်လေသည်။

“ဂရုစိုက်နော် ဂျူနီယာညီမလန်…” ရန်ကိုင်က စိတ်လွတ်နေသည့် အမူအယာမျိုးဖြင့် ခေါင်းညိတ်ပြလိုက်လေသည်။

လန်ရွှင်းသည် ရှောင်ယုယန်နှင့် ရွှယ့်ကျန်းမောင်တို့အား အချက်ပြလိုက်သည်။ ထို့နောက်တွင် အကုန်လုံးသည် အလင်းတန်းများအသွင်သို့ ပြောင်းလျက် မိုးကုပ်စက်ဝိုင်းအောက်ဆီသို့ တိုးဝင်သွားခဲ့လေသည်။

သူတော်စင်များတောင်တွင် ရှိနေသည့် အမျိုးမျိုးသော ဧည့်သည်များမှာတော့ အခြေအနေကို ငြိမ်သက်စွာ စောင့်ကြည့်နေကြလေသည်။

ဂုဏ်ပြုပွဲအခမ်းအနား ပြီးဆုံးသွားခဲ့ပြီဖြစ်သလို ရန်ကိုင်ကိုယ်တိုင်ကလည်း နေမင်းပြာကျောင်းတော်၏ ကျောက်စိမ်းတံဆိပ်ပြားကို ရလိုက်သည့်အတွက်ကြောင့် ယခုအချိန်မှစ၍ သူသည် နေမင်းပြာကျောင်းတော်၏ တရားဝင်အကြီးအကဲတစ်ဦး ဖြစ်လာခဲ့လေသည်။ အကြီးအကဲတစ်ဦး အပ်နှင်းသည့် ကိစ္စမှာ သာမန်ကိစ္စရပ်တစ်ခုသာ ဖြစ်ပါသော်ငြား ရန်ကိုင်ထုတ်ပြသွားသည့် ခွန်အားသည် သူ့အား အလွန်ကိုမှ နာမည်ကျော်ကြားသွားစေခဲ့လေသည်။ ရွှယ့်ကျန်းမောင်နှင့် တိုက်ခိုက်ရာတွင် ရန်ကိုင်ကိုယ်တိုင်က ဒဏ်ရာရသွားခဲ့ပါသော်ငြား ရွှယ့်ကျန်းမောင်ကိုလည်း အောင်အောင်မြင်မြင်နှင့် ဒဏ်ရာရသွားအောင် လုပ်နိုင်ခဲ့လေသည်။ ရန်ကိုင်၏ သတ္တိကြောင့်ဖြစ်စေ၊ ခွန်အားကြောင့်ဖြစ်စေ လူတိုင်းမှာတော့ ရန်ကိုင်အား တလေးတစားဖြင့် ပြုမူရတော့လေသည်။

ထို့အပြင် လန်ရွှင်း၏ ရောက်ရှိလာမှုသည် ဧည့်သည်များအကြား တစ်မျိုးတစ်မည် ဖြစ်သွားစေခဲ့လေ၏။ ယခုအချိန်တွင် ရောက်လာသည့် မည်သူမှ ရန်ကိုင်အား ယခင်ကကဲ့သို့ အထင်အမြင်တသေးဖြင့် မဆက်ဆံရဲကြတော့ချေ။ ရန်ကိုင်သည် သူတို့အတွက်တော့ ဂျူနီယာတစ်ဦး မဟုတ်တော့ဘဲ သူတို့နှင့်အဆင့်တူ လူတစ်ဦး ဖြစ်လာခဲ့ပြီ။

တစ်ခဏကြာမျှ တိတ်ဆိတ်နေပြီးသည့်နောက်တွင် ငြိမ်ကုပ်ကုပ်ဖြစ်နေသော အခြေအနေမှာ ရုတ်ချည်းဆိုသလို ပြန်လည်အသက်ဝင်လာခဲ့လေသည်။

ဂုဏ်ပြုပွဲအခမ်းအနား ပြီးဆုံးသွားသည့်တိုင် ယခုကဲ့သို့ ဧကရာဇ်အဆင့် ပညာရှင်ပေါင်းများစွာကို တစ်နေရာ၌ စုစုဝေးဝေးနှင့် မြင်တွေ့ရသည်မှာ အတော်လေးကိုမှ ရှားပါးလှပေသည်။ ထို့အပြင် ဤနေရာသည် နေမင်းပြာကျောင်းတော်၏ ပိုင်နက် ဖြစ်နေသည့်အတွက်ကြောင့် နေမင်းပြာကျောင်းတော်မှ ဧည့်သည်များအပေါ် မလေးမစားမလုပ်ခဲ့ပေ။

ဝမ်ကျိရှန်းသည် ရန်ကိုင်အားခေါ်၍ ဧည့်သည်များနှင့် လိုက်လံမိတ်ဆက်ပေးလေသည်။ ရန်ကိုင်အား တောင်ဘက်နယ်မြေရှိ ဧကရာဇ်အဆင့်ကျင့်ကြံသူများနှင့် သိရအောင် လုပ်ပေးနေခဲ့သည်။

သူ့ကိုယ်သူ လျှောက်ပတ်ကာ မိတ်ဆက်ပေးနေစဉ် အတောအတွင်း မြင်ဖူးနေသည့် မျက်နှာများကို လူအုပ်ကြီးထဲ မြင်တွေ့ခဲ့ရသည်။

ကောင်းကင်တိုက်ပွဲဒိုဂျိုမှ ဝူချန်း၊ ရှေးဟောင်းကျောင်းတော်မှ ကျွမ်းပုဖန်း၊ လမ်းစဉ်ရှစ်သွယ်ဂိုဏ်း၏ လော့ယွမ်တို့သည် ယခင်က မြင်ခဲ့ဖူးသော လူများ ဖြစ်ကြပေသည်။ ယခင်က တာအိုသခင်အဆင့်တွင် စွမ်းစွမ်းတမံစွမ်းဆောင်ရည်များကို ထုတ်ပြခဲ့သော လူများအားလုံးမှာ ဧကရာဇ်အဆင့်သို့ ရောက်ရှိနေကုန်ကြလေသည်။

ဝူချန်းနှင့် ကျွမ်းပုဖန်းတို့သည် တောင်ဘက်နယ်မြေ၏ နာမည်ကျော် တက်သစ်စကြယ်ပွင့်များ ဖြစ်ကြသည့် အတွက်ကြောင့် ယခုကဲ့သို့ ဧကရာဇ်အဆင့်သို့ ချိုးဖြတ်နိုင်သည်မှာတော့ အထူးအဆန်းမဟုတ်ချေ။ နှစ်ယောက်စလုံးသည် သူတို့နေထိုင်ရာ ဂိုဏ်းအသီးသီးတွင် အတော်လေးကိုမှ အဆင့်အတန်းမြင့်မားကြကာ ကျင့်ကြံရေးအရင်းအမြစ်များကိုလည်း အခြားသူများထက် ပေါပေါသီသီ ပိုမိုရရှိကြလေသည်။

သူတို့နှင့်မတူညီသည်မှာတော့ လော့ယွမ်ပင်။ လော့ယွမ်သည် လမ်းစဉ်ရှစ်သွယ်ဂိုဏ်းမှ လာကာ ထိုဂိုဏ်းသည် ဂိုဏ်းငယ်လေးတစ်ဂိုဏ်းသာ ဖြစ်လေ၏။ ရှင်းရှင်းပြောရလျှင် လမ်းစဉ်ရှစ်သွယ်ဂိုဏ်းသည် ငှက်မွေးပြာဂိုဏ်းလောက်ပင် အဆင့်မရှိချေ။ သို့သော်ငြား လော့ယွမ်ကိုယ်တိုင်မှ ဧကရာဇ်အဆင့်သို့ ချိုးဖြတ်လာပြီးသည့်နောက်တွင် လမ်းစဉ်ရှစ်သွယ်ဂိုဏ်း၏ အဆင့်အတန်းမှာ မြင့်မားသွားရကာ သူကိုယ်တိုင်မှာလည်း ဂိုဏ်းချုပ် ဖြစ်လာခဲ့ရလေသည်။

ရန်ကိုင်ကိုမြင်လိုက်သည့်အခိုက် လော့ယွမ်၏မျက်နှာထက် တိုက်ခိုက်လိုစိတ်တို့ တဖွားဖွား ထွက်ပေါ်လာခဲ့သည်။ ကြည့်ရသလောက် ရန်ကိုင်နှင့် အမှန်တကယ်ကို တိုက်ခိုက်ချင်နေသည့်ပုံပင်။

ရန်ကိုင်အတွက် မင်္ဂလာရှိသည့် နေ့တစ်နေ့ ဖြစ်နေသည့် အတွက်ကြောင့်သာ မဟုတ်ပါက လော့ယွမ်သည် ရန်ကိုင်အား အမှန်တကယ် စိန်ခေါ်လောက်ပေသည်။

“ကျွန်မတို့ထပ်တွေ့ပြန်ပြီနော် သခင်လေးရန်…” သင်းပျံ့သည့် မွှေးရနံ့တစ်ခု ပျံ့လွင့်လာခဲ့လေ၏။ ထို့နောက်တွင် အမျိုးသမီးတစ်ဦးသည် ရန်ကိုင်ဆီသို့ လျှောက်လာလျက် ရယ်မောရင်းမှ ပြောလိုက်လေ၏။ “အိုး မဟုတ်သေးပါဘူး… အကြီးအကဲရန်လို့ ခေါ်ရတော့မှာပေါ့…”

ရန်ကိုင်လည်း လှမ်းကြည့်လိုက်ရာ အရက်ခွက်တစ်ခွက်ကို ကိုင်လျက် ရပ်နေသော အမျိုးသမီးတစ်ဦးကို တွေ့လိုက်ရလေ၏။ အမျိုးသမီး၏မျက်နှာမှာ အရက်အရှိန်ကြောင့် အနည်းငယ် နီမြန်းနေခဲ့လေသည်။ သူမ၏လည်တိုင်လေးများသည်ပင်လျှင် ပန်းရောင်ဖျော့ဖျော့ သန်းနေခဲ့လေ၏။

“နန်းတော်သခင်ဟွာ…” ထိုအမျိုးသမီး မည်သူမှန်း မှတ်မိသွားသည့်နောက် ရန်ကိုင်က ပြုံး၍ ပြန်လည်နှုတ်ဆက်လိုက်လေ၏။

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၇၇၂)

ဘာသာပြန်သူ_တိမ်တိုက်

“ကျွန်မအသက်ကို ကယ်ပေးခဲ့တဲ့အတွက် အကြီးအကဲရန်ကို ကျေးဇူးအများကြီးတင်ပါတယ်…” ထိုသို့ပြောပြီးသည့်နောက်တွင် ဟွာယုလုသည် သူမ၏အရက်ခွက်ကို တစ်ကျိုက်တည်း မော့ချလိုက်လေသည်။

အရက်ခွက်ကို တစ်ကျိုက်တည်း မော့ချလိုက်ပြီးသည့်နောက် သူမ၏မျက်နှာမှာ ယခင်ကထက်ပင် ပို၍ နီမြန်းလာခဲ့လေသည်။

“အခုလိုမျိုးတွေ လုပ်နေစရာမလိုပါဘူး နန်းတော်သခင်ဟွာရယ်… တန်ကျွင်းဟောင်ကိစ္စကြောင့်ပဲ နန်းတော်သခင်ဟွာတို့ အစစ်အဆေး အမေးအမြန်း ခံလိုက်ရတာမလား…” ရန်ကိုင်က ပြုံး၍ သူ့လက်ထဲတွင်ရှိနေသော ဝိုင်ခွက်ကို တစ်ကျိုက်တည်း မော့သောက်ချလိုက်လေသည်။

ဟွာယုလုက ခေါင်းခါလျက် ပြန်ပြောလိုက်သည်။ “ကိစ္စအဲ့လောက်မရှိဘူး… ဒီတိုင်းလေး မေးခွန်းနည်းနည်းပဲ လာမေးသွားတာ… ကျွန်မလည်း အမှန်အတိုင်း ပြောပြလိုက်ရုံပဲ… အကြီးအကဲရန်ရော ဘယ်လိုပြဿာနာတွေနဲ့ ကြုံရသေးလဲ…”

ရန်ကိုင်က ရယ်မောလျက် ပြန်ပြောလိုက်လေသည်။ “နန်းတော်သခင်ဟွာက အမှန်အတိုင်းပြောပေးတော့ ကျုပ်အတွက် အကူအညီဖြစ်သွားတာပေါ့… ဘယ်လိုလုပ်ပြီး ပြဿနာတွေနဲ့ ကြုံရမှာလဲ…”

ဟွာယုလုက စိတ်သက်သာရာ ရသွားဟန်ဖြင့် ဘေးပတ်ဝန်းကျင်ကို ကြည့်ရင်းမှ တိုးတိုးလေးမေးလိုက်လေသည်။ “ရှရှန်းကို ဘာလို့ ကျွန်မ မတွေ့ရတာလဲ…”

အရိပ်ဓါးပျံမြို့တွင် တွေ့စဉ်က သူမသည် ရှရှန်း၏ မိတ်ဆွေတစ်ဦးဖြစ်သည်ဟု ဟွာယုလုမှ ပြောခဲ့လေသည်။ လက်ရှိပုံစံကို ကြည့်ရသလောက် ထိုနှစ်ဦးမှာ အမှန်တကယ်ကို အသိအကျွမ်းများ ဖြစ်ကြသည့်ပုံပင်။ ထို့ကြောင့်သာမဟုတ်ပါက ရှရှန်းအကြောင်းကို မေးမြန်းနေလိမ့်မည် မဟုတ်ပေ။

“စီနီယာအစ်ကိုရှက အခုလောလောဆယ် စိတ်ဝိဉာဉ်ရေကန်နန်းတော်မှာ ရှိနေတာ… ခဏအတွင်းတော့ ပြန်လာနိုင်ဦးမှာမဟုတ်သေးဘူး…” ရန်ကိုင်က ရှင်းပြလိုက်သည်။ “နန်းတော်သခင်ဟွာ စီနီယာအစ်ကိုရှကို တွေ့ချင်လို့ရှိရင် စိတ်ဝိဉာဉ်ရေကန်နန်းတော်ဆီကို သွားကြည့်လို့ရတယ်…”

“အဲ့လိုကိုး…” ဟွာယုလု စိတ်ပျက်သွားခဲ့လေသည်။

သူမဘက်မှ တစ်ခုခုပြောတော့မည်အပြု ကောင်းရွှယ်ထင်းသည် အေးစက်စက်အမူအယာဖြင့် လျှောက်လာခဲ့လေသည်။

ဟွာယုလုက ချက်ချင်း ပြောလိုက်သည်။ “အကြီးအကဲရန်မှာ အခြားကိစ္စတွေ ရှိနေသေးတာပဲ… ကျွန်မ အကြီးအကဲရန်ကို မနှောင့်ယှက်တော့ပါဘူး…” ထိုသို့ပြောပြီးသည့်နောက် ထွက်သွားလေ၏။

“နင့်ဒဏ်ရာ ဘယ်လိုနေလဲ…” ရန်ကိုင်နားသို့ ရောက်လာပြီးသည့်နောက်တွင် ကောင်းရွှယ်ထင်းက မေးလိုက်လေသည်။ သူမ၏အကြည့်မှာတော့ ဟွာယုလုဆီတွင်သာ ရှိနေလေ၏။

“အဆင်ပြေပါတယ်…” ရန်ကိုင်က ပြန်ပြောလိုက်လေသည်။ အခြားသော ဧကရာဇ်ပထမအဆင့် ကျင့်ကြံသူတစ်ဦးသည်သာ ရွှယ့်ကျန်းမောင်၏လက်ဝါးချက် ထိမှန်ခြင်း ခံလိုက်ရပါက အနည်းဆုံး အိပ်ယာထဲတွင် ရက်အနည်းငယ်ခန့်လောက် နားနေရပေလိမ့်မည်။ တစ်ခါတည်း နေရာတွင်ပင် ပွဲချင်းပြီး သေသွားကောင်း သေသွားနိုင်ပေသေးသည်။ သို့သော်ငြား ရန်ကိုင်ကိုယ်တိုင်က အလွန်ကိုမှ အားကောင်းသည့် ခန္ဓာကိုယ်အား ပိုင်ဆိုင်ထားသလို ဒဏ်ရာရမည့် ချက်ကောင်းကိုလည်း လွဲချော်သွားသည့်အတွက်ကြောင့် သူ့အရိုးအချို့ ကျိုးသွားရုံမှအပ အခြားမည်သည့် ဒဏ်ရာဆိုးဆိုးရွားရွားကိုမှ မရခဲ့ပေ။ သူ့အနေဖြင့် တစ်သီးတစ်သန့်ကြီး အနားယူ၍ ဒဏ်ရာများကို ပြန်ကုနေရန်ပင်မလိုပေ။ တစ်ရက်နှစ်ရက်လောက် အနားယူလိုက်ရုံဖြင့် ပြန်ကောင်းသွားနိုင်ပေသည်။

“နင် အဲ့အမျိုးသမီးကို ဘယ်လိုသိတာလဲ…” ကောင်းရွှယ်ထင်းက ရုတ်ချည်း ကောက်မေးလိုက်လေသည်။

ရန်ကိုင်က ပြန်ပြောလိုက်သည်။ “အရိပ်ဓါးပျံမြို့မှာတုန်းက တွေ့ခဲ့တာလေ… ဘာဖြစ်လို့လဲ…”

“ဘာမှမဖြစ်ပါဘူး… နင်ဒဏ်ရာရနေသေးတယ်ဆိုလို့ရှိရင် ဒဏ်ရာသွားပြန်ကုနေလို့… သူ့လိုမျိုးလူတွေနဲ့ လျှောက်ပြီးတော့ အရောမဝင်နေနဲ့…”

ကောင်းရွှယ်ထင်းကိုကြည့်ရသည်မှာ ဟွာယုလုနှင့်ပတ်သက်၍ ပြဿနာနည်းနည်း ရှိနေသည့်ပုံပင်။ ထိုအချက်ကို နားလည်လိုက်သည့်နောက်တွင် ရန်ကိုင်လည်း အခြား ဘာမေးခွန်းမှ မေးမနေတော့ချေ။ ထို့နောက်တွင် ကောင်းရွှယ်ထင်းသည် ရန်ကိုင်လက်ထဲမှ အရက်ခွက်ကို သိမ်းယူလိုက်ပြီးသည့်နောက် ပြောလိုက်လေ၏။ “ညနေကျရင် ဧကရာဇ်အဆင့်ပညာရှင်တွေအချင်းချင်း တွေ့ဆုံမယ့်ပွဲတစ်ပွဲရှိတယ်… အဲ့မှာပစ္စည်းကောင်းတွေ ပေါ်လာနိုင်တယ်… ဒီတော့ နင်စိတ်ဝင်စားသွားရင် သွားကြည့်လို့ရတယ်…”

“တွေ့ဆုံတဲ့ပွဲ…” ရန်ကိုင် စိတ်ဝင်စားသွားခဲ့လေသည်။

ကောင်းရွှယ်ထင်းက ခေါင်းညိတ်၍ ပြန်ပြောလိုက်လေသည်။ “ဧကရာဇ်အဆင့်ပညာရှင်တွေ အများကြီး တစ်နေရာတည်းမှာ အတူရှိကြတဲ့အခါမျိုးက ရှားတယ်လေ… ဒီတော့ အကုန်လုံးက ဒီအခွင့်အရေးကို အသုံးချပြီးတော့ မိတ်ဆွေဖွဲ့ချင်ကြတာ… နောက်ပိုင်း ကိုယ့်အတွက် အသုံးဝင်ဝင် မဝင်ဝင်ပေါ့… ကျောင်းသခင်ကလည်း အခုလိုမျိုး ဖြစ်စေချင်တာ… ဒီတော့ တွေ့ဆုံပွဲကို ငါတို့နေမင်းပြာကျောင်းတော်ကိုယ်တိုင် ဦးစီးပြီး ကျင်းပပေးတာ…”

“ကောင်းပြီလေ… အဲ့အချိန်ကြရင် ကျုပ်ကိုခေါ်လိုက်ပေါ့…” ရန်ကိုင်က ခေါင်းညိတ်၍ပြောလိုက်သည်။

“သွားပေတော့…” ကောင်းရွှယ်ထင်းက လက်ဝှေ့ယမ်း၍ ပြောလိုက်လေသည်။

ဂုဏ်ပြုပွဲအခမ်းအနား ပြီးဆုံးသွားသည့်နောက်တွင် ရန်ကိုင်သည် နေမင်းပြာကျောင်းတော်၏ အကြီးအကဲတစ်ဦး ဖြစ်လာခဲ့လေသည်။ သို့သော်ငြား အမျိုးမျိုးသော အဖြစ်အပျက်များကြောင့် ရန်ကိုင်မှာ ကိုယ်ပိုင်နေစရာနေရာ မရှိသေးလေရာ ခရမ်းဝါးတောင်ဆီသို့သာ ပြန်သွားနေရလေသည်။

ရန်ကိုင်သည် နေ့တစ်ဝက်လုံးလုံး သူ့ဒဏ်ရာများကို ပြန်လည်ကုသရင်း အချိန်ကုန်ဆုံးခဲ့လေသည်။ ညအချိန်သို့ ရောက်လာသည့်နောက်တွင် သူ့ဒဏ်ရာများမှာ အကောင်းအတိုင်း ပြန်ကောင်းလုနီးပါး ဖြစ်နေခဲ့လေသည်။

ထိုစဉ် သူ၏ဆက်သွယ်ရေးမှော်ရတနာ တုန်ခါလာခဲ့သည်။ ရန်ကိုင်လည်း ဆက်သွယ်ရေးမှော်ရတနာအား စစ်ဆေးကြည့်လိုက်ပြီးသည့်နောက် မတ်တပ်ရပ်လိုက်လေ၏။

တွေ့ဆုံပွဲသည် သူတော်စင်များတောင်၏ နန်းတော်ထဲတွင် ကျင်းပမည်ဖြစ်ပေသည်။ လူတိုင်းမှာ ဤတွေ့ဆုံပွဲနှင့် ပတ်သက်သည့် သတင်းကို ရရှိသွားပြီးကြလေပြီ။ ထို့အတွက်ကြောင့် ဂုဏ်ပြုပွဲအခမ်းအနားသို့ တက်ရောက်လာကြသည့် ဧည့်သည်အများစုမှာ တွေ့ဆုံပွဲတွင် ပါဝင်ဆင်နွှဲကြပေလိမ့်မည်။ အချို့သောဧည့်သည်များမှာတော့ အရေးကြီးလုပ်စရာကိစ္စများ ရှိနေသည့်အတွက်ကြောင့် ဂုဏ်ပြုပွဲအခမ်းအနား ပြီးသွားသည်နှင့် တစ်ပြိုင်နက် အလျင်စလို ပြန်လည်ထွက်ခွာသွားကြလေသည်။

နေမင်းပြာကျောင်းတော်မှ တပည့်အချို့သည် ဧည့်သည်များကို ကြိုဆိုရန်အတွက် နန်းတော်ဝင်ပေါက်ရှေ့တွင် ရပ်နေကြသည်။ ရန်ကိုင်ရောက်လာသည်ကိုမြင်သော် တပည့်များသည် တလေးတစားအမူအယာဖြင့် ဦးညွှတ်လိုက်ကြလေသည်။ “မင်္ဂလာပါ အကြီးအကဲရန်…”

ရန်ကိုင်သည် တပည့်များကို ခေါင်းညိတ်ပြလိုက်ပြီးသည့်နောက် နန်းတော်ထဲသို့ ဝင်သွားလေ၏။

အခန်းတစ်ဝိုက် ဝေ့ကြည့်လိုက်လေရာ အခန်းထဲ၌ လူပေါင်းများစွာ ရှိနေကြောင်း တွေ့လိုက်ရလေသည်။ တွေ့ဆုံပွဲသို့ တက်ရောက်လာကြသည့် ဧည့်သည်အများစု ဤနေရာတွင် ရှိနေကြသည်။ ဧကရာဇ်အဆင့်ပညာရှင် အယောက်တစ်ရာကျော်နှင့် သူတို့၏ တပည့်များ၊ မျိုးဆက်များ အတူတကွ ရှိနေကြလေ၏။

လူအရေအတွက် များပြားပါသော်ငြား အကုန်လုံးမှာ အစီအစဉ်တကျနှင့် ရှိနေကြပေသည်။ လူများသည့်တိုင် ပရမ်းပတာ ဖြစ်နေခြင်းမရှိ။ အကုန်လုံး လိုလိုသည် အုပ်လိုက်အုပ်လိုက်ဖွဲ့ကာ တီးတိုး ပြောဆိုဆွေးနွေးနေကြလေသည်။

နန်းတော်အတွင်းပိုင်းမှာ လင်းထိန်တောက်ပနေခဲ့လေရာ နေ့အလား ထင်မှတ်ရပေသည်။

“ဒီမှာ…” ရန်ကိုင်မှ ထိုင်စရာနေရာ လိုက်ပတ်ရှာနေစဉ်မှာပင် ကောင်းရွှယ်ထင်း၏အသံ သူ့နားထဲ ပျံ့လွင့်လာခဲ့သည်။ အသံကြားရာဘက်ဆီသို့ လှည့်ကြည့်လိုက်ရာ ကောင်းရွှယ်ထင်းသည် နန်းတော်၏ ဘယ်ဘက်တွင် ထိုင်ရင်းမှ သူ့အား လက်ယက်ခေါ်နေကြောင်း တွေ့လိုက်ရလေသည်။

ရန်ကိုင်လည်း ယဲ့ယဲ့လေးပြုံး၍ သူမဆီသို့ လျှောက်သွားလေ၏။

ထိုနေရာသည် နေမင်းပြာကျောင်းတော်၏ အကြီးအကဲများ ထိုင်နေသည့် နေရာဖြစ်သည့်ပုံပင်။ ကောင်းရွှယ်ထင်းအပြင် ထိုနေရာ၌ ချန်းချန်၊ တိရုံနှင့် ရို့ခွမ်းတို့လည်း ရှိနေကြသည်။ ရန်ကိုင်ရောက်လာသည်ကိုမြင်သော် အကုန်လုံး ပြုံးပြလိုက်ကြလေသည်။

ရန်ကိုင်သည် အကုန်လုံးနှင့် အပြန်အလှန် နှုတ်ဆက်လိုက်ပြီးသည့်နောက် ကောင်းရွှယ်ထင်းဘေးနား၌ ဝင်ထိုင်လိုက်လေ၏။

“ဂျူနီယာမောင်လေး… နင် ဒီလိုမျိုး တွေ့ဆုံပွဲတွေ တက်ဖူးလား…” ကောင်းရွှယ်ထင်းက ရုတ်တရက် ရန်ကိုင်ဘက်သို့လှည့်ကာ မေးလိုက်လေသည်။

ရန်ကိုင်သည် ကောင်းရွှယ်ထင်းအား ကြောင်ကြည့်နေမိလေသည်။ ထို့နောက် သူ့ဘေးဘက်ဆီသို့ လှမ်းကြည့်လိုက်၏။ မည်သူ့ကိုမှ မတွေ့ရသော် ကောင်းရွှယ်ထင်းဘက်သို့ ပြန်လှည့်၍ မေးလိုက်လေသည်။ “အကြီးအကဲကောင်း… ခင်ဗျား ကျုပ်ကို ပြောနေတာလား…”

ကောင်းရွှယ်ထင်းက ရယ်မောလျက် ပြန်ပြောလိုက်သည်။ “နင်ကလွဲပြီး ဘယ်သူ့ကိုပြောရမှာလဲ… တစ္ဆေသရဲတွေကို ပြောရမှာလား…”

ကောင်းရွှယ်ထင်းဘေးနားတွင် ရှိနေသော ချန်းချန်ကမူ သူမ၏ပါးစပ်ကလေးကို အုပ်လျက် ယဲ့ယဲ့လေးရယ်သွမ်းသွေးရင်းမှ ရှင်းပြလိုက်လေသည်။ “ရန်ကိုင်… နင် ဧကရာဇ်အဆင့်ကို ချိုးဖြတ်ပြီးသွားပြီလေ… အခု ကျောင်းတော်ရဲ့ အကြီးအကဲတစ်ယောက်လည်း ဖြစ်နေပြီ… ဒီတော့ နင့်ကို ငါတို့နဲ့တန်းတူ ဆက်ဆံရမှာပေါ့… ဒါ ငါတို့ကျောင်းတော်ရဲ့ စည်းမျဉ်းစည်းကမ်းပဲ…”

ရန်ကိုင်၏အမူအယာ ကသိကအောက် ဖြစ်သွားခဲ့ပြီး ခေါင်းကိုငုံ့၍ ပြန်ပြောလိုက်သည်။ “ကြည့်ရတာ အသားကျဖို့တော့ ကြာဦးမယ်နဲ့တူတယ်…”

ယနေ့ မနက်ခင်းပိုင်းတွင်မှ ရန်ကိုင်သည် ကောင်းရွှယ်ထင်းရှေ့မှောက်၌ တပည့်တစ်ယောက်သဖွယ်သာ ပြုမူခဲ့သည်။ သို့သော်ငြား ယခုမူ သူမ၏ဂျူနီယာမောင်လေး ဖြစ်လာခဲ့လေရာ ရာထူးအဆင့်အတန်းမှာ အတော်လေးကိုမှ ကွာခြားသွားခဲ့သည်။ ထို့အပြင် ရာထူးအဆင့်အတန်း ပြောင်းလဲသွားပုံမှာ အလွန်ကိုမှ မြန်ဆန်လွန်းလှသည့် အတွက်ကြောင့် ရန်ကိုင်မှာ အသားကျရန် အတော်လေးကိုမှ ကြိုးစားရပေဦးမည်။

သို့သော်ငြား သေချာစဉ်းစားကြည့်လိုက်ပြန်လျှင်လည်း ထိုကဲ့သာ ဖြစ်သင့်ကြောင်း စဉ်းစားမိသွားပေသည်။ လက်ရှိအချိန်တွင် ရန်ကိုင်၏ကျင့်ကြံခြင်းနှင့် အဆင့်အတန်းအရ ရန်ကိုင်သည် ကောင်းရွှယ်ထင်းနှင့် အခြားသော အကြီးအကဲများအောက် အနည်းငယ်မျှပင် နိမ့်ကျနေခြင်းမရှိတော့ပေ။ ထို့အတွက်ကြောင့် သူသည် ထိုလူများနှင့် ရင်ဘောင်တန်း ရပ်တည်နိုင်သည့် အရည်အချင်း ရှိပေသည်။

“ငါ့ကို စီနီယာအစ်မလို့ ခေါ်ကြည့်စမ်း…” ကောင်းရွှယ်ထင်းက အလေးအနက်အမူအယာဖြင့် ရန်ကိုင်ကိုကြည့်၍ ပြောလိုက်လေသည်။

“စီနီယာအစ်မကောင်း…” ရန်ကိုင်က ပြုံးလျက် ပြောလိုက်လေသည်။

“ဒါမှပေါ့… ဆိုးတာက နင့်ကိုပေးစရာ ဆုမရှိဘူး…” ကောင်းရွှယ်ထင်း၏နှုတ်ခမ်း ကွေးတက်သွားခဲ့လေသည်။ ထို့နောက် နောက်ထပ်မေးခွန်းတစ်ခု မေးလိုက်လေသည်။ “ဆိုတော့ နင် ဒီလိုတွေ့ဆုံပွဲတွေ တက်ဖူးလား…”

“မတက်ဖူးဘူး…” ရန်ကိုင်က ခေါင်းခါလိုက်လေသည်။ ရန်ကိုင်သည် လေလံပွဲများကိုသာ တက်ခဲ့ဖူးပြီး ယခုကဲ့သို့ တွေ့ဆုံပွဲမျိုးကိုတော့ မတက်ခဲ့ဖူးပေ။ “ဘာပဲဖြစ်ဖြစ် အခြေခံ စည်းမျဉ်းစည်းကမ်းတွေကိုတော့ သိထားတယ်… ဒီတိုင်းပဲ ပစ္စည်းတွေ လဲရတာမလား…”

“ဟုတ်တယ်…” ကောင်းရွှယ်ထင်းက ခေါင်းညိတ်လိုက်သည်။ “ငါတို့ရဲ့ကျင့်ကြံခြင်းက ဧကရာဇ်အဆင့်ကို ရောက်လာပြီဆိုရင် အရင်းအမြစ်ကျောက်တွေက ဒီလောက်ကြီး အဖိုးမတန်တော့ဘူး… ဒီလောကကြီးထဲမှာ အရင်းအမြစ်တွေနဲ့ ဝယ်လို့မရတဲ့ ပစ္စည်းတွေမှ အများကြီးပဲ… ဒါကြောင့်ပဲ လူတိုင်းက ပစ္စည်းချင်း တိုက်ရိုက်လဲလှယ်ရတာကို သဘောကျတာ… ဒါပေမယ့် ဒီလိုပွဲမျိုးတွေမှာ အရင်းအမြစ်ကျောက်တွေကိုသုံးပြီး မလဲလှယ်ဘူးလို့တော့ မပြောဘူးနော်… ကိုယ့်အကြိုက်ပေါ်ပဲမူတည်တယ်…. အချို့ကတော့ အရင်းအမြစ်ကျောက်တွေနဲ့ လဲချင်လဲမယ်… အချို့ကတော့ သူတို့နှစ်သက်တဲ့ပစ္စည်းတွေနဲ့ လဲချင်လဲလိမ့်မယ်… ပိုင်ရှင်ပေါ်ပဲမူတည်တယ်…”

ရန်ကိုင်သည် ကောင်းရွှယ်ထင်းပြောသည်ကို နားထောင်ရင်း ခေါင်းတညိတ်ညိတ် လုပ်နေခဲ့လေသည်။ ရန်ကိုင်၏ပုံစံကိုကြည့်ရင်း ကောင်းရွှယ်ထင်းမှာတော့ အလွန်ကိုမှ ကျေနပ်နေမိခဲ့သည်။

တစ်ခဏမျှအကြာတွင် သူတော်စင်များတောင်ပေါ်ရှိ နန်းတော်၏ အခန်းတံခါးများ ပိတ်သွားခဲ့လေသည်။ တွေ့ဆုံပွဲ စတင်တော့မည်မှန်း ရန်ကိုင်သိလိုက်သည်။

သူထင်ထားသည့်အတိုင်းပင် နန်းတော်တံခါး ပိတ်သွားသည်နှင့် တစ်ပြိုင်နက် သက်ကြီးပိုင်းအကြီးအကဲတစ်ဦး စင်မြင့်ပေါ်သို့ ပျံသန်းလာခဲ့လေ၏။ ထိုလူမှာ အပြင်လူမဟုတ်။ နေမင်းပြာကျောင်းတော်၏ ဒုကျောင်းသခင်ချို့ရန်သာ ဖြစ်လေသည်။ တွေ့ဆုံပွဲကို ဦးစီးကျင်းပပေးသူ ဖြစ်သည့်အတွက်ကြောင့် နေမင်းပြာကျောင်းတော်အနေဖြင့် တွေ့ဆုံပွဲကို ဦးဆောင်ကာ အစပျိုးပေးရပေလိမ့်မည်။

အသာအယာ ချောင်းဟန့်လိုက်ပြီးသည့်နောက်တွင် ချို့ရန်က ပြောလိုက်လေသည်။ “ဒီနေ့တွေ့ဆုံပွဲကို တက်ရောက်ပေးကြတဲ့ မိတ်ဆွေတွေအားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်… အကုန်လုံးလည်း ကိုယ်လိုချင်တာကိုယ်ရပြီးတော့ စိတ်ချမ်းချမ်းသာသာနဲ့ အိမ်ကိုပြန်နိုင်ပါစေလို့ ဒီလူအိုကြီး ဆုတောင်းပေးပါတယ်… စည်းမျဉ်းစည်းကမ်းတွေနဲ့ ပတ်သက်ပြီးတော့ အကုန်လုံး သိပြီးလောက်မယ်ထင်လို့ ဘာမှ ထပ်ပြောမနေတော့ပါဘူး… ဒီတော့ တွေ့ဆုံပွဲကို စလိုက်ကြတာပေါ့…”

ထိုသို့ပြောပြီးသည့်နောက်တွင် သူ့လက်ကို ဝှေ့ယမ်းလိုက်ရာ ကျောက်စိမ်းပုလင်းတစ်ပုလင်း ပေါ်လာခဲ့လေသည်။ ချို့ရန်သည် ကျောက်စိမ်းပုလင်းကိုမြှောက်လျက် ပြောလိုက်လေ၏။ “ဒါက ဧကရာဇ်အဆင့်နိမ့်ဆေးလုံးဖြစ်တဲ့ ဝိဉာဉ်အားတိုးဆေးပုလင်းပဲ… ဒီဆေးကို အများအားဖြင့် ဧကရာဇ်အဆင့်ပညာရှင်တွေပဲ သောက်ကြတယ်… သောက်လိုက်ပြီဆိုလို့ရှိရင် စိတ်စွမ်းအင်က သိသိသာသာကို တိုးတက်လာလိမ့်မယ်… အဲ့ချိန်ကြရင် ကိုယ်နဲ့လိုက်ဖက်တဲ့ ဝိဉာဉ်ပညာရပ်တွေကို ကောင်းကောင်းထုတ်သုံးလို့ရပြီ… ဒီဆေးပုလင်းထဲမှာ ဆေးလုံးသုံးလုံးပါတယ်… ဒီဆေးပုလင်းအတွက် အရင်းအမြစ်ကျောက်တွေကိုပဲ လက်ခံတယ်… အကုန်လုံး စပြီးတော့ ဈေးခေါ်လို့ရပါ့ပြီ…”

ချို့ရန်၏စကား ဆုံးသွားသည်နှင့်တစ်ပြိုင်နက် ဧကရာဇ်အဆင့်ပညာရှင်အများစု၏ အမူအယာ ပြောင်းလဲသွားကုန်ကြလေသည်။ အကြောင်းမှာ ထိုဆေးလုံးများသည် ဧကရာဇ်အဆင့်ဆေးလုံးများ ဖြစ်နေကြသည့် အတွက်ကြောင့်ပင်။

ဧကရာဇ်အဆင့်ဆေးလုံးများကို တွေ့ရဖို့ရာ မလွယ်ကူ။ ဧကရာဇ်အဆင့်ဆေးပညာရှင်များသည်သာ ဧကရာဇ်အဆင့်ဆေးလုံးများကို သန့်စင်နိုင်ကြသည်။ သို့သော်ငြား ကြယ်တာရာအစုအဝေးထဲ၌ ဧကရာဇ်အဆင့်ဆေးပညာရှင် ဘယ်လောက်များများ ရှိလို့ပါနည်း။ နေမင်းပြာကျောင်းတော်ကဲ့သို့သော ထိပ်တန်းအင်အားစုတစ်ခုတွင်ပင်လျှင် ကိုယ်ပိုင်ဧကရာဇ်အဆင့်ဆေးပညာရှင်တစ်ဦး ရှိမနေခဲ့ပေ။

ခရမ်းကြယ်စင်ကုန်သွယ်ရေးအဖွဲ့အစည်း၌ ဧကရာဇ်အဆင့်ဆေးပညာရှင်တစ်ဦး ရှိပါသော်ငြား ဆေးဝိဇ္ဇာဟွမ်ဖု၏ အချိန်ဇယားမှာ လုံးဝကို ပြည့်ကျပ်သိပ်နေသည့် အတွက်ကြောင့် တစ်ယောက်ယောက်ငသာ ဆေးဝိဇ္ဇာဟွမ်ဖုဆီမှ ဆေးဖော်စပ်ပေးရန် အကူအညီတောင်းလိုပါက နှစ်အနည်းငယ်လောက်စောင့်ရန် လိုအပ်ပေလိမ့်မည်။

ကြယ်တာရာအစုအဝေးထဲ၌ ဧကရာဇ်အဆင့်အောက် ဆေးလုံးများကို နေရာတိုင်းလိုလိုတွင် တွေ့ရပေသည်။ ထိုသို့ဖြစ်သည်မှာလည်း အထူးအဆန်းတော့မဟုတ်။ တာအိုသခင်အဆင့် ဆေးပညာရှင်များမှာ အတော်လေးကိုမှ ပေါလှသည် မဟုတ်ပေလော။ တာအိုသခင်အဆင့်ဆေးပညာရှင်များနှင့် ယှဉ်လိုက်သော် ဧကရာဇ်အဆင့်ဆေးပညာရှင်များမှာ အတော်လေးကိုမှ ရှားပါးလှသည့်အတွက်ကြောင့် ဧကရာဇ်အဆင့်ဆေးလုံးများကို မြင်ရခဲလှခြင်းဖြစ်ပေသည်။

ယခုတွေ့ဆုံပွဲတွင် နေမင်းပြာကျောင်းတော်သည် စိတ်ဝိဉာဉ်အားတိုးဆေးပုလင်းတစ်ပုလင်းကို ထုတ်ယူလာခဲ့သည်။ ထို့အပြင် ဆေးလုံးကို ရယူလိုပါက အရင်းအမြစ်ကျောက်များကိုသာ ခွင့်ပြုထားသည့်အတွက်ကြောင့် လူတိုင်း ပါဝင်ဆင်နွှဲနိုင်ကြပေသည်။

ထိုအကြောင်းကြောင့်ပင်လျှင် ချို့ရန်၏စကား ဆုံးသွားသည်နှင့် တစ်ယောက်ပြီးတစ်ယောက် ဈေးပြိုင်ပေးကြတော့လေသည်။ ရုတ်ချည်းဆိုသလို ပတ်ဝန်းကျင်တစ်ခုလုံးမှာ အလွန်ကိုမှ သက်ဝင်စည်ကားလာလေတော့သည်။ ရှင်းရှင်းပြောရလျှင် နေမင်းပြာကျောင်းတော်မှ ယခုကဲ့သို့ဆေးလုံးကို ထုတ်ပေးရခြင်းမှာလည်း ဤဆေးလုံးများသည် နေမင်းပြာကျောင်းတော်မှ ဧကရာဇ်အဆင့်ကျင့်ကြံသူများအတွက် သိပ်၍ အသုံးမဝင်သည့် အတွက်ကြောင့်ပင်။ အကြောင်းမှာ နေမင်းပြာကျောင်းတော်၌ ကောင်းကင်တက်လှမ်းခြင်းကြေးမုံ ရှိပြီးသား ဖြစ်သည့်အတွက်ကြောင့်ပင် ဖြစ်လေသည်။

နေမင်းပြာကျောင်းတော်သို့ စရောက်စဉ်က ဝမ်ကျိရှန်းသည် နေမင်းပြာကျောင်းတော်မှကျင့်ကြံသူများ၏ စိတ်စွမ်းအားသည် အဆင့်တူကျင့်ကြံသူများ၏ စိတ်စွမ်းအားထက် ပိုမိုအားကောင်းကြောင်း ရန်ကိုင်အား ပြောပြခဲ့လေသည်။ ထိုသို့ဖြစ်ရသည့် အကြောင်းအရင်းမှာ ကောင်းကင်တက်လှမ်းခြင်းကြေးမုံကြောင့်သာ ဖြစ်လေသည်။

ကောင်းကင်တက်လှမ်းခြင်းကြေးမုံသည် ကျင့်ကြံသူတစ်ဦး၏ စိတ်စွမ်းအင်ကို တိုးတက်အောင် လုပ်ပေးနိုင်သည့် သီးခြားကမ္ဘာတစ်ခု ဖြစ်ပေသည်။ ဧကရာဇ်အဆင့်ကျင့်ကြံသူတစ်ဦးသည်သာ ထိုထဲ၌ သွားရောက်လေ့ကျင့်မည်ဆိုပါက ဝိဉာဉ်အားတိုးဆေးကို သောက်သုံးလိုက်ခြင်းထက် အများကြီး ပို၍အကျိုးရှိပေသည်။

တစ်နည်းဆိုရသော် ဝိဉာဉ်အားတိုးဆေးသည် နေမင်းပြာကျောင်းတော်မှ ဧကရာဇ်အဆင့်ကျင့်ကြံသူများအတွက် အမှန်တကယ်ကို သိပ်အသုံးမဝင်ပေ။ ချန်းချန်နှင့် အခြားသူများ၏ စိတ်ဝင်စားပုံမပေါက်သည့် အမူအယာများကို ကြည့်ရုံဖြင့်ပင်လျှင် ထိုအချက်ကို သိနိုင်လေသည်။

ထိုသို့နားလည်လိုက်သည့်နောက် ရန်ကိုင်စိတ်ထဲ ကြိတ်ရယ်လိုက်လေသည်။

“ငါးသန်း…” ရုတ်တရက်ထွက်ပေါ်လာသည့် အသံတစ်သံကြောင့် ခန်းမတစ်ခုလုံး တိတ်သွားခဲ့သည်။

အဆင့်မြင့်အရင်းအမြစ်ကျောက် ငါးသန်းဟူသော ပမာဏသည် ဈေးပြိုင်ပေးနေသည့် ဧကရာဇ်အဆင့်ပညာရှင်အားလုံးကို ရပ်တန်းက ရပ်သွားစေခဲ့လေသည်။ ထိုပမာဏသည် ထိုဆေးလုံးများအတွက် လူအများစု ပေးနိုင်သည့် အကန့်အသတ်ကို ကျော်လွန်နေခဲ့လေပြီ။ ထို့အပြင် ဧကရာဇ်အဆင့်သို့ တက်ရောက်လာနိုင်ကြသည့် ကျင့်ကြံသူများမှာလည်း အရူးများမဟုတ်ကြ။ ထို့အတွက်ကြောင့် သူတို့၏အရင်းအမြစ်ကျောက်များကို မဆင်မခြင် လွှင့်ပစ်လိမ့်မည် မဟုတ်ချေ။ ထို့အပြင် တွေ့ဆုံပွဲသည် ယခုမှ အစသာ ရှိပေသေးသည်။ နောက်ပိုင်း၌ အခြား မည်ကဲ့သို့သော ပစ္စည်းကောင်းများ ပေါ်လာဦးမလဲ ဆိုသည်ကို မည်သူမျှ မပြောနိုင်ကြချေ။

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၇၇၃)

ဘာသာပြန်သူ_တိမ်တိုက်

အဆုံးတွင်တော့ စိတ်ဝိဉာဉ်အားတိုးဆေးများကို အနီရောင်ဝတ်ရုံဝတ်လူကြီးတစ်ဦးမှာ အဆင့်မြင့်အရင်းအမြစ်ကျောက်ငါးသန်း ပေး၍ ဝယ်ယူသွားခဲ့လေသည်။

အနီရောင်ဝတ်ရုံဝတ်လူအိုကြီးသည် တတိယအဆင့်အင်အားစုတစ်ခု၏ ဂိုဏ်းချုပ်ဖြစ်ကာ မျိုးရိုးနာမည်မှာတော့ ယုဖြစ်ပေသည်။ သူ့နာမည်အပြည့်အစုံကိုတော့ ရန်ကိုင်မမှတ်မိပေ။ အစောပိုင်းက ဝမ်ကျိရှန်းမှ သူ့အား ဧည့်သည်များနှင့် လိုက်လံ၍ မိတ်ဆက်ပေးနေစဉ် ထိုအနီရောင်ဝတ်ရုံဝတ်လူအိုကြီးနှင့် တွေ့ခဲ့ရလေသည်။ သို့သော်ငြား ရာနှင့်ချီသော ဧကရာဇ်အဆင့်ပညာရှင်များကိုတော့ ရန်ကိုင် အကုန်လုံး မမှတ်မိနိုင်ပေ။ သူကိုယ်တိုင်ကလည်း သေချာမှတ်မထားသည့် အတွက်ကြောင့်လည်း ပါပေသည်။

ထို့နောက်တွင် ချို့ရန်သည် နောက်ထပ်ရတနာနှစ်ခုကို ထုတ်ပြလာခဲ့သည်။ စိတ်ဝိဉာဉ်အားတိုးဆေးကဲ့သို့ပင် ထိုရတနာနှစ်ခုကိုလည်း အရင်းအမြစ်ကျောက်များဖြင့်သာ ရောင်းချခဲ့လေသည်။ ထိုပစ္စည်းနှစ်ခုကိုတော့ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးမှ ဈေးကြီးကြီးပေး၍ ဝယ်ယူသွားလေ၏။

ရတနာသုံးခုပေါ်လာပြီးသည့်နောက်တွင် တွေ့ဆုံပွဲမှာ ယခင်ကထက်ပို၍ မြိုင်ဆိုင်လာခဲ့လေသည်။

ချို့ရန် စင်ပေါ်မှ ထွက်သွားချိန် ဝိဉာဉ်အားတိုးဆေးကို ရရှိသွားသည့် အနီရောင်ဝတ်ရုံဝတ်လူအိုကြီး စင်မြင့်ပေါ်သို့ တက်လာခဲ့လေသည်။ သူသည် လူအားလုံးကို နှုတ်ဆက်၍ ပြုံးကာ ပြောလိုက်လေ၏။ “ဒီလူအိုကြီး ရောင်းရင်းတို့ကို နှုတ်ဆက်ပါတယ်…”

ထိုသို့ပြောပြီးသည့်နောက်တွင် သူ့လက်ကို ဝှေ့ယမ်းလိုက်ရာ အနီရောင်အသီးတစ်လုံး သူ့လက်ထဲ၌ ထွက်ပေါ်လာခဲ့လေသည်။ “ဒါက နှစ်သုံးထောင်သက်တမ်းရှိတဲ့ သွေးပြာနဂါးအသီးပဲ… ကျုပ် ဒါကို တန်ဖိုးတူတဲ့ ရေဓာတ်အမျိုးအစား ဆေးပင်တစ်ပင် ဒါမှမဟုတ် ဧကရာဇ်ဆေးလုံးတစ်လုံးနဲ့ လဲလှယ်ချင်တယ်…”

သွေးပြာနဂါးအသီး ပေါ်လာသည်နှင့်တစ်ပြိုင်နက် ထူးခြားလှသည့် သင်းရနံ့တစ်ခု နန်းတော်ထဲ ပျံ့လွင့်လာခဲ့လေသည်။ သွေးရနံ့ကို ရှူရှိုက်မိလိုက်သည့်လူတိုင်း သူတို့၏ အသက်စွမ်းအင်မှာ ယခင်ကထက်ပို၍ ရုန်းကြွလာသလို ခံစားလိုက်ရလေသည်။

ဤနေရာတွင်ရှိနေသည့် ဧကရာဇ်အဆင့်ပညာရှင်အားလုံးမှာ အတော်လေးကိုမှ အမြင်စူးရှကြသည့် လူများ ဖြစ်သည့်အတွက်ကြောင့် သွေးပြာနဂါးအသီးသည် အမှန်တကယ်ကို ရှားပါးလှသည့် ရတနာတစ်ခုမှန်း သိသွားကြလေသည်။ အထူးသဖြင့် မီးဓာတ်နှင့်သက်ဆိုင်သော ကျင့်စဉ်များ၊ သိုင်းပညာရပ်များကို ကျင့်ကြံထားသည့် လူများမှာတော့ သွေးပြာနဂါးအသီးအား အတော်လေးကိုမှ စိတ်ဝင်စားနေကြလေသည်။

ချက်ချင်းဆိုသလို စင်မြင့်ပေါ်သို့ သိုလှောင်လက်စွပ်ငါးကွင်း ရောက်ရှိလာခဲ့သည်။

အနီရောင်ဝတ်ရုံဝတ်လူအိုကြီးသည် သိုလှောင်လက်စွပ်ထဲရှိ ပစ္စည်းများကို တစ်ကွင်းချင်းစီ လိုက်လံစစ်ဆေးကြည့်လိုက်လေသည်။ တစ်ခဏကြာမျှ အတွေးနက်နေပြီးသည့်နောက်တွင် ငါးကွင်းထဲမှ တစ်ကွင်းကို ရွေးချယ်လိုက်လေ၏။ ရွေးချယ်လိုက်ပြီး ကျန်သိုလှောင်လက်စွပ်များကိုတော့ ပိုင်ရှင်များစီ ပြန်ပေးလိုက်လေသည်။ ထို့နောက် စင်ပေါ်မှဆင်းကာ သူရွေးချယ်လိုက်သည့် သိုလှောင်လက်စွပ်ပိုင်ရှင်ဆီသို့ သွား၍ သွေးပြာနဂါးအသီးကို ပေးလိုက်လေသည်။

ရွှေရောင်ဝတ်ရုံဝတ်လူအိုကြီး ဆင်းသွားသည့်နောက်တွင် တွေ့ဆုံပွဲမှာ ပိုပို၍ အသက်ဝင်လာခဲ့ကာ ပိုမိုမြန်ဆန်လာတော့လေသည်။

ဧကရာဇ်အဆင့်ပညာရှင်တစ်ဦး ဆင်းသွားပြီးသည့်နောက် နောက်ထပ်တစ်ဦး ချက်ချင်းတက်လာခဲ့လေသည်။ သူတို့လဲလှယ်ချင်သည့် ပစ္စည်းကို ထုတ်ယူပြီးသည့်နောက် သူတို့လိုချင်သည့် ပစ္စည်းအမျိုးအစားကို တစ်ခါတည်း ပြောလေ၏။

အလွန်ကိုမှ လောဘကြီးပြီး မတန်မဆတောင်းဆိုသည့် လူအချို့မှလွဲ၍ ကျန်သည့်ဧကရာဇ်အဆင့်ပညာရှင်အားလုံးမှာ သူတို့လိုချင်သည့် ပစ္စည်းများကို ရရှိသွားခဲ့ကြသည်။

ရန်ကိုင်ကမူ တွေ့ဆုံပွဲတွင် ဝင်ရောက်ပါဝင်လိုစိတ်မရှိသည့်အလား သူ့ထိုင်ခုံတွင်သာ တစ်ချိန်လုံး ထိုင်နေခဲ့လေသည်။ သို့သော်ငြား တွေ့ဆုံပွဲကိုတော့ ဇိမ်ပြေနပြေဖြင့် ထိုင်ကြည့်နေလေ၏။ လက်ရှိအချိန်တွင် ရန်ကိုင်သည် အလွန်တရာကိုမှ ကြွယ်ဝချမ်းသာနေပြီဖြစ်သလို ရှားပါးလှသည့် ရတနာများစွာ ပိုင်ဆိုင်ထားပါသော်ငြား အခြားသူများမှ အမျိုးမျိုးသော ထူးဆန်းသည့် ရတနာများအား ထုတ်ပြလာနေသည်ကို ကြည့်နေရသည်မှာ သူ့အတွက် အတော်လေးကိုမှ အမြင်ကျယ်စေပေသည်။ ထို့အတွက်ကြောင့် ရန်ကိုင်ကိုယ်တိုင်ကလည်း အခြားသော ထူးဆန်းလှသည့် ရတနာများအကြောင်းကိုလည်း သိလာရလေ၏။

နေမင်းပြာကျောင်းတော်၏ အကြီးအကဲများဖြစ်ကြသော ချန်းချန်နှင့် တိရုံတို့သည်ပင်လျှင် စင်ပေါ်သို့သွားကာ သူတို့လိုချင်နေသည့် ပစ္စည်းများကို လဲလှယ်ခဲ့ကြလေသည်။

လဲလှယ်ရာတွင် တန်ဖိုးတူညီသည့်ပစ္စည်းကို ရှာတွေ့ရန်မှာ အမှန်တကယ်ကိုမှ ခက်ခဲလှသည်။ ထို့အတွက်ကြောင့် တစ်ဖက်ဖက်ကတော့ အနည်းနှင့်အများ နစ်နာရပေလိမ့်မည်။ သို့ရာတွင် ထိုကိစ္စနှင့်ပတ်သက်၍ ပြဿနာမရှိပေ။ တန်ဖိုးမတူညီသည့် ပစ္စည်းနှစ်ခုကို လဲလှယ်မည်ဆိုလျှင် တန်ဖိုးနိမ့်ကျသည့်ပစ္စည်းပိုင်ရှင်သည် အရင်းအမြစ်ကျောက်များကို ထည့်သွင်းကာ အစားထိုးပေးချေနိုင်ပေသည်။

“နင်ကြိုက်တာ မတွေ့ဘူးလား…” ကောင်းရွှယ်ထင်းက ရုတ်တရက် ကောက်မေးလိုက်သည်။

ရန်ကိုင်က ခေါင်းခါလျက် “မတွေ့သေးဘူး…”

“စိတ်ဝင်စားတာရှိလို့ရှိရင် နင့်စီနီယာအစ်မချန်းကို သွားပြောလိုက်နော်… နင့်စီနီယာအစ်မချန်းက ငါတို့ကျောင်းတော်ရဲ့ ရတနာဂိုထောင်ကို ထိန်းချုပ်နေတာ… ဒီတော့ နင်လိုချင်တဲ့ ပစ္စည်းတစ်ခုနှစ်ခုလောက်ကို ယူပေးလို့ရတယ်… အဲ့ဒါကို နင် ငါတို့ကျောင်းတော်ရဲ့ အကြီးအကဲတစ်ဦး ဖြစ်လာတဲ့အတွက် လက်ဆောင်ပေးတာလို့ သဘောထားလိုက်ပေါ့…”

ရန်ကိုင်တို့နှစ်ဦး စကားတပြောပြော လုပ်နေစဉ် စင်မြင့်ထက်ဆီမှ ထူးဆန်းသည့် စွမ်းအင်လှိုင်းများ ပျံ့လွင့်လာခဲ့လေသည်။

အကုန်လုံး စင်မြင်ပေါ်သို့ လှမ်းကြည့်လိုက်ရာ စင်မြင့်ပေါ်၌ သက်လတ်ပိုင်းလူကြီးတစ်ဦးသည် ထွင်းဖောက်မြင်နိုင်သည့် ပုလင်းလေးတစ်လုံးကို ကိုင်ကာ ရပ်နေကြောင်း တွေ့လိုက်ရလေသည်။ ပုလင်းထဲတွင်တော့ အရည်အချို့ ရှိနေခဲ့လေ၏။ အစောပိုင်းက ဖြာထွက်လာသည့် ထူးဆန်းသော စွမ်းအင်လှိုင်းများမှာ ပုလင်းထဲရှိ အရည်များဆီမှ လာနေခြင်း ဖြစ်လေသည်။

“အဲ့ဒါက…” ရန်ကိုင်၏မျက်လုံးများ တဖျတ်ဖျတ် တောက်ပသွားခဲ့သည်။ ပုလင်းထဲတွင်ရှိနေသည့် အရည်မှာ ဘာအရည်မှန်း သူသိလိုက်လေသည်။ ရန်ကိုင်စိတ်ထဲ အတွေးနက်သွားစဉ်မှာပင် အံ့အားသင့်နေသည့် အသံတစ်သံကို ကြားလိုက်ရလေ၏။ “အန္တိမရေစင်…”

အသံထွက်ပေါ်လာသည့်အခိုက် ဧကရာဇ်အဆင့်ပညာရှင်များ၏ မျက်လုံးများ တဖျတ်ဖျတ် တောက်ပသွားကုန်ကြပြီး အကုန်လုံးမှာ ပုလင်းကိုသာ မမှိတ်မသုန် စိုက်ကြည့်နေကြလေသည်။

ရန်ကိုင်ခန့်မှန်းထားခဲ့သလိုပင် ပုလင်းထဲရှိအရည်မှာ အန္တိမရေစင် ဖြစ်နေခဲ့လေသည်။

ဤကဲ့သို့သော အန္တိမရေစင်မျိုးနှင့် ရန်ကိုင် ကြုံခဲ့ရဖူးပေသည်။ ဥတုလေးမျိုးနယ်မြေထဲရှိ အချိန်မြစ်ကျောင်းတော်ထဲတွင် ရှိစဉ်က ရန်ကိုင်သည် အန္တိမရေစင်တစ်စက်ကို တွေ့ခဲ့ရသည်။ သို့သော်ငြား ထိုအန္တိမရေစင်မှာ မုရုန်ရှောင်ရှောင်၏လက်ထဲသို့ ရောက်သွားခဲ့ရလေသည်။

ကြယ်တာရာအစုအဝေးထဲတွင် မဟာနတ်ရေစင်သုံးမျိုး ရှိပေသည်။ ဝိဉာဉ်သန့်နတ်ရေစင်၊ အသက်ရေစင်နှင့် အင်မော်တယ်ရေစင်တို့ ဖြစ်ပေသည်။ ထိုရေစင်တစ်မျိုးချင်းစီတိုင်းသည် သဘာဝအတိုင်း ဖြစ်ပေါ်လာခြင်းဖြစ်ပြီး ကျင့်ကြံသူများအတွက် အလွန်ကိုမှ အကျိုးရှိပေသည်။

ရန်ကိုင်သည် နတ်ရေစင်သုံးမျိုးကို ယခင်က ရရှိခဲ့ဖူးသည်။ သို့သော်ငြား ထိုနတ်ရေစင်သုံးမျိုးအပြင် အခြားသောနတ်ရေစင်တစ်မျိုးလည်း ရှိနေပေသေးသည်။ ထိုနတ်ရေစင်ကို မဟာနတ်ရေစင်သုံးပါးထဲ ထည့်မတွက်ပါသော်ငြား ထိုနတ်ရေစင်၏ အာနိသင်မှာတော့ အခြားသာ မဟာနတ်ရေစင်သုံးပါးအောက် နိမ့်ကျခြင်းမရှိချေ။

ထိုအရာမှာ အန္တိမရေစင်သာ ဖြစ်လေသည်။

အန္တိမရေစင်သည် ဆေးပင်များကို လျင်မြန်စွာ ကြီးထွားလာစေနိုင်ပေသည်။ သို့သော်ငြား ကျင့်ကြံသူများအတွက်တော့ အသုံးမဝင်ချေ။ ထိုအကြောင်းကြောင့်ပင်လျှင် မဟာနတ်ရေစင်များထဲမှ ဖယ်ထုတ်ထားခြင်း ဖြစ်လေ၏။ သို့သော်ငြား အန္တိမရေစင်၏ အသုံးဝင်ပုံကိုတော့ မည်သူမျှ ငြင်းဆန်ခြင်း မရှိခဲ့ပေ။

သစ်ပင်တစ်ပင်ပင်ကို အန္တိမရေစင်တစ်စက် ချပေးလိုက်မည်ဆိုပါက ထိုဆေးပင်သည် အလွန်တရာကိုမှ မြန်ဆန်သည့်နှုန်းဖြင့် ကြီးထွားလာနိုင်ပေသည်။ အန္တိမရေစင်သုံးထားသည့် ဆေးပင်တစ်ပင်ကို တစ်နှစ်ခန့်ကြာအောင် စိုက်ပျိုးထားလိုက်မည်ဆိုပါက တစ်နှစ်ကြာပြီးသည့်နောက်တွင် ထိုဆေးပင်၏သက်တမ်းသည် နှစ်ပေါင်းသောင်းနှင့်ချီကြာအောင် ရှင်သန်ပေါက်ရောက်လာသော ဆေးပင်များနှင့် တူညီနေပေလိမ့်မည်။ ထို့အပြင် အန္တိမရေစင်သည် ဆေးပင်အပေါ် မည်သည့်ဘေးထွက်ဆိုးကျိုးကိုမှ မရှိစေပေ။

အန္တိမရေစင်သည် ဆေးပညာရှင်များ အလွန်ကိုမှလိုချင်ကြသည့် ရေစင်တစ်မျိုးဖြစ်သည်။ နှစ်ထောင်ပေါင်းများစွာ ထိုင်စောင့်နေရမည့် ဆေးပင်တစ်ပင်အား အန္တိမရေစင် တိုက်ကျွေးလိုက်ရုံဖြင့် တစ်နှစ်အတွင်း ကြီးထွားလာနိုင်သည့်အချက်သည် ဆေးပညာရှင်များအတွက် အလွန်ကိုမှ မက်မောစရာ ကောင်းလှပေသည်။

ရန်ကိုင်၏ကမ္ဘာငယ်လေးထဲရှိ ဆေးဥယျာဉ်ထဲတွင် မြေလေးများနှင့်တကွ မြေကမ္ဘာချီကြောမသလင်းကျောက်အချို့ ရှိနေခဲ့လေသည်။ ထိုအရာများကြောင့် သစ်ပင်များ၏ရှင်သန်နှုန်းမှာ ပိုမိုမြန်ဆန်လာခဲ့ရသည်။ ကမ္ဘာငယ်လေးထဲရှိ ဆေးဥယျာဉ်ထဲတွင် ဆေးပင်တစ်ပင်ကို တစ်နှစ်ခန့် စိုက်ပျိုးလိုက်မည်ဆိုပါက အပြင်လောကကြီးတွင် နှစ်တစ်ရာခန့် စိုက်ပျိုးမှသာ ရနိုင်မည့် ကြီးထွားမှုမျိုးကို ရနိုင်ပေသည်။ ထို့အတွက်ကြောင့်ပင်လျှင် ရန်ကိုင်၏ကမ္ဘာငယ်လေးထဲရှိ ဆေးဥယျာဉ်မှာ အန္တိမရေစင်နှင့် တူညီသည့် အစွမ်းအာနိသင်ကို ပိုင်ဆိုင်ထားလေ၏။ သို့သော်ငြား မည်သို့ပင်ဖြစ်နေစေကာမူ ရန်ကိုင်ကတော့ အန္တိမရေစင်ကို လိုချင်နေမိပေသည်။

အကြောင်းမှာ အန္တိမရေစင်ကိုသုံး၍ မိုးကောင်းကင်သစ်ပင်အား လျင်လျင်မြန်မြန်ကြီးထွားလာအောင် လုပ်နိုင်သည့် အတွက်ကြောင့်ပင်။

မိုးကောင်းကင်သစ်ပင်ထဲရှိ ချိတ်ပိတ်စွမ်းအားသည် ရန်ကိုင်၏ကိုယ်ထဲတွင် ရှိနေသော ရှေးဟောင်းနတ်ဆိုးချီကို ချိတ်ပိတ်ထားနိုင်ပေသည်။ သို့သော်ငြား ရန်ကိုင်သည်သာ နတ်ဆိုးအသွင်ပြောင်းလဲခြင်းပညာရပ်ကို ထုတ်သုံးလိုက်မည်ဆိုပါက ထိုချိတ်စည်းမှာ ပျက်စီးသွားရပေလိမ့်မည်။ ထိုသို့ဖြစ်လာသည့်အခါ ရန်ကိုင်အနေဖြင့် မိုးကောင်းကင်သစ်ပင်၏ စွမ်းအားကိုသုံးကာ နတ်ဆိုးချီကို ပြန်လည်ချိတ်ပိတ်ရပေလိမ့်မည်။ ထိုသို့သာမဟုတ်ပါက သူကိုယ်တိုင်သည် နတ်ဆိုးတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားရပေမည်။

ထိုလူ၏လက်ထဲတွင်ရှိနေသည့် အန္တိမရေစင်ပမာဏမှာ များများစားစားမဟုတ်။ သုံးလေးငါးစက်လောက်သာ ရှိပေသည်။ အခြားသူများ၏အမြင်တွင်တော့ ထိုပမာဏသည် ဆေးပင်အချို့ကို တစ်ခဏအတွင်း သက်တမ်းရင့်သွားအောင် လုပ်ပေးနိုင်သည့် ပစ္စည်းတစ်ခု ဖြစ်ပါသော်ငြား ရန်ကိုင်အတွက်မူ အသက်ကယ်ဝှက်ဖဲတစ်ခု ဖြစ်ပေသည်။

ထိုအချက်ကိုစဉ်းစားနေရင်းမှ ရန်ကိုင်ဆုံးဖြတ်ချက်ချလိုက်သည်။

စင်မြင့်ပေါ်တွင်ရှိနေသောလူသည် လူအုပ်ကြီးအား ဝေ့ကြည့်လျက် ပြုံးကာ ပြောလိုက်လေ၏။ “အန္တိမရေစင်ရဲ့ အကျိုးအာနိသင်တွေကို ကျုပ်ပြောပြနေစရာ မလိုတော့ဘူးလို့ ထင်ပါတယ်… အကုန်လုံးလည်း သိပြီးလောက်ပြီပေါ့… ဒါပေမယ့် ကျုပ်က အရင်းအမြစ်ကျောက်တွေ လိုတာမဟုတ်ဘူး… အဆင်ပြေလောက်မယ့် လဲလှယ်မှုတစ်ခုကိုပဲ လိုအပ်တာ…”

သူ့လုပ်ပုံမှာ သိပ်၍တော့မဟုတ်။ သူသည် မည်သည့်ပစ္စည်းကို လိုချင်သည်ဟု အတိအကျ ပြောမသွားခဲ့။ အရင်းအမြစ်ကျောက်များကို မလိုချင်ဟုလည်း ပြောလာနေခဲ့သည်။ ထို့အတွက်ကြောင့် လူများမှာ ထိုလူသည် အန္တိမရေစင်ကိုသုံး၍ သူတို့ဆီမှ အကျိုးအမြတ်များ ညှစ်ထုတ်တော့မည်ဟု ခံစားနေကြရလေသည်။ မည်သို့ပင်ဖြစ်နေစေကာမူ အန္တိမရေစင်မှာ သူ့အပိုင်ဖြစ်သည့်အတွက်ကြောင့် သူ့စိတ်ကြိုက်လုပ်ခွင့်ရှိပေသည်။ ထိုအကြောင်းကြောင့်ပင်လျှင် သူတို့စိတ်ထဲ မကျေမနပ်ဖြစ်နေလင့်ကစား ထိုလူပြောသည့်အတိုင်း လိုက်လုပ်ပေးရုံသာ ရှိလေ၏။

တစ်ခဏကြာ တိတ်ဆိတ်နေပြီးသည့်နောက်တွင် သိုလှောင်လက်စွပ်များ တစ်ကွင်းပြီးတစ်ကွင်း စင်မြင်ပေါ်သို့ ရောက်ရှိလာကြသည်။

ရန်ကိုင်သည်လည်း သိုလှောင်လက်စွပ်ထဲ ပစ္စည်းအချို့ ထည့်ပေး၍ စင်ပေါ်သို့ ပစ်တင်ပေးလိုက်လေသည်။ ရန်ကိုင်တွင် ပစ္စည်းများစွာ ရှိနေပေသည်။ ထို့အတွက်ကြောင့် အလဲအလှယ်လုပ်ရာ၌ သူ့ဘက်မှ နည်းနည်းပါးပါး နစ်နာသွား၍လည်း ဂရုစိုက်နေလိမ့်မည်မဟုတ်ချေ။ အန္တိမရေစင်ကို ရနိုင်သရွေ့ သူ့အတွက် တန်သွားပြီဟု ပြောနိုင်ပေသည်။

သက်လတ်ပိုင်းလူကြီးသည် သိုလှောင်လက်စွပ်တစ်ကွင်းချင်းစီတိုင်းရှိ ပစ္စည်းများကို လိုက်လံစစ်ဆေးကြည့်နေပြီး မကြိုက်သည့်ပစ္စည်းများကို ပိုင်ရှင်များထံ ပြန်ပေးလိုက်လေသည်။ ထို့အတွက်ကြောင့် ဧကရာဇ်အဆင့်ပညာရှင် အတော်များများမှာ စိတ်ပျက်သွားခဲ့ကြကာ အံတကြိတ်ကြိတ်သာ လုပ်နိုင်ခဲ့ကြလေ၏။ တစ်ချိန်တည်းတွင်လည်း ဤကောင်သည် အတော်ကိုမှ လောဘကြီးလှပါလားဟု တွေးနေကြလေသည်။

လူတိုင်းတွေးနေသည်မှာတော့ သူတို့သိုလှောင်လက်စွပ်ထဲ ထည့်ပေးလိုက်သည့် ပစ္စည်းများမှာ ထိုလူ၏လက်ထဲတွင်ရှိနေသော အန္တိမရေစင်ကို လဲလှယ်နိုင်သည်ထက်ပင် ပိုတန်ဖိုးရှိနေပေသေးသည်။ သို့သော်ငြား ထိုလူကမူ လက်မခံဘဲ သူတို့၏သိုလှောင်လက်စွပ်များကို ပြန်ပေးလာခဲ့သည်။

ရန်ကိုင်၏သိုလှောင်လက်စွပ်အလှည့်‌ ရောက်သည့်အခါတွင်တော့ ရန်ကိုင်၏သိုလှောင်လက်စွပ်ကို ရန်ကိုင်ဆီသို့ ချက်ချင်း ပြန်မပေးလာခဲ့ဘဲ သူ့ဘာသာသူသာ တစ်ခုခုကို ရေရွတ်နေလေ၏။ ထို့နောက် အခြားသောသိုလှောင်လက်စွပ်များကို လိုက်လံစစ်ဆေးကြည့်လေသည်။

ထိုလူ၏လုပ်ရပ်သည် ရန်ကိုင်အား မျက်မှောင်ကျုံ့သွားစေခဲ့လေသည်။ သူ့သိုလှောင်လက်စွပ်ထဲတွင် ရှိနေသော ပစ္စည်းများသည် သက်လတ်ပိုင်းလူကြီးလိုချင်နေသည့် ပမာဏကို ဖြည့်ဆည်းပေးနိုင်လောက်လိမ့်မည်မှန်း ရန်ကိုင် ခန့်မှန်းမိသွားလေသည်။ သို့သော်ငြား သက်လတ်ပိုင်းလူကြီးကတော့ အတည်ဆုံးဖြတ်ချက် မချရသေးချေ။

တစ်ခုသောသိုလှောင်လက်စွပ်ဆီသို့ အရောက်တွင် သက်လတ်ပိုင်းလူကြီး၏ မျက်လုံးများ တဖျတ်ဖျတ်တောက်ပသွားခဲ့လေသည်။ ချက်ချင်းပင် တုံ့ဆိုင်းမနေတော့ဘဲ ရန်ကိုင်၏သိုလှောင်လက်စွပ်ကို ရန်ကိုင်ထံသို့ ပြန်ပေးလာခဲ့လေ၏။

ရန်ကိုင်လည်း သုန်သုန်မှုန်မှုန်ဖြင့် သူ့သိုလှောင်လက်စွပ်ကို ပြန်ယူလိုက်လေသည်။

ယခုအလဲအလှယ်အတွက် သူ့ဘက်မှ တန်ရာတန်ကြေးထက်ပင် ပိုများသည့် ပစ္စည်းပမာဏကို ပေးချေခဲ့သည်ဟု ရန်ကိုင်ယုံကြည်ပေသည်။ မည်သူမျှ သူ့ထက်ပိုပေးနိုင်မည်မဟုတ်ဟုလည်း ယုံကြည်နေခဲ့သည်။ သို့သော်ငြား အန္တိမရေစင်ပိုင်ရှင်မှာတော့ သူ့ဘက်မှကမ်းလှမ်းချက်ကို သဘောမတူခဲ့ချေ။

ထိုသို့ဖြစ်ရခြင်းမှာ အကြောင်းအရင်းနှစ်ချက်ရှိပေသည်။ ပထမတစ်ချက်မှာ အခြားလူတစ်ဦးပေးသည့် ပစ္စည်းတန်ကြေးသည် ရန်ကိုင်ပေးသည့် ပစ္စည်းတန်ကြေးထက် ပိုများနေသည့်အတွက်ကြောင့်ပင်။ သို့သော်ငြား ထိုသို့ဖြစ်နိုင်ချေမှာ သိပ်မရှိလှ။ မည်သူမျှ လက်ရှိအချိန်တွင် ရန်ကိုင်ထက်ပို၍ ချမ်းသာမနေခဲ့ပေ။ ထို့အတွက်ကြောင့် ဒုတိယဖြစ်နိုင်ချေတစ်ခုသာ ရှိတော့သည်။ အခြားလူပေးလိုက်သည့်ပစ္စည်းသည် သက်လတ်ပိုင်းလူကြီး အလွန်ကိုမှ လိုချင်နေသည့် ပစ္စည်းတစ်ခု ဖြစ်သည့်အတွက်ကြောင့်ပင်။

“လာရောက်ပါဝင်ပေးကြတဲ့လူအားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်… ဒီမိတ်ဆွေနဲ့ပဲ အလဲအလှယ်လုပ်ဖို့ ဆုံးဖြတ်လိုက်ပါပြီ…” သိုလှောင်လက်စွပ်အားလုံးကို စစ်ဆေးပြီးသည့်နောက်တွင် သက်လတ်ပိုင်းလူကြီးက ယဲ့ယဲ့လေးပြုံးလျက် အန္တိမရေစင်ထည့်ထားသည့်ပုလင်းကို စင်အောက်ဘက်သို့ လှမ်းပစ်ပေးလိုက်လေသည်။

လူတစ်ဦးမှာ ထိုအန္တိမရေစင်ပုလင်းကို လှမ်းဖမ်းလိုက်လေ၏။

ရန်ကိုင်သည် အန္တိမရေစင်ပုလင်းအား ယူသွားသည့်လူကို သေသေချာချာ မှတ်ထားခဲ့လေသည်။

တွေ့ဆုံပွဲမှာ ဆက်လက်၍ ကျင်းပနေလေ၏။ ပစ္စည်းကောင်းများ တစ်ခါပြီးတစ်ခါ ပေါ်လာကြလေသည်။ စင်မြင့်ပေါ်သို့ တက်လာသည့် လူတိုင်းလိုလိုမှာတော့ သူတို့လိုချင်နေသည့် ပစ္စည်းများကို ရကြသွားကာ အနည်းငယ်သည်သာ စိတ်ပျက်ပျက်ဖြင့် ပြန်ဆင်းသွားကြရလေသည်။

တစ်နာရီခန့်ကြာပြီးသည့်နောက်တွင် စင်ပေါ်သို့ ပုပုကွကွလူအိုကြီးတစ်ဦး တက်လာခဲ့လေ၏။ လူအိုကြီးသည် ဂုဏ်ယူစွာ ပြုံးလျက် လူအုပ်ကြီးကိုကြည့်ကာ ပြောလိုက်လေ၏။ “ဒီလူအိုကြီးမှာ လဲလှယ်စရာ ဘာပစ္စည်းများများစားစားမှတော့ မရှိဘူး… ဒါပေမယ့် ဒီကိုရောက်လာပြီးမှတော့ ဒီတိုင်း လက်ဗလာနဲ့ မပြန်ချင်တော့ နည်းနည်းပါးပါးလေး ကြိုးစားကြည့်သွားရတာပေါ့…”

ထိုသို့ပြောပြီးသည့်နောက်တွင် အသုံးအဆောင်သေတ္တာတစ်လုံးနှင့် ဆင်တူသည့် အရာတစ်ခုကို သိုလှောင်လက်စွပ်ထဲမှ ထုတ်ယူလိုက်လေသည်။

ထိုသေတ္တာမှာ သိပ်မကြီးလှ။ လက်တစ်ဝါးအရွယ်လောက်သာ ရှိလေ၏။ သို့သော်ငြား သေတ္တာအား ဖန်တီးထားသည့်ပုံစံမှာ အလွန်ကိုမှ အသေးစိတ်ကျနလှကာ လှလည်းလှပပေသည်။ မသိသာမသိလျှင် ထိုသေတ္တာသည် အမျိုးသမီးတစ်ဦး၏ အသုံးအဆောင်ပစ္စည်းများ ထည့်ထားသည့် သေတ္တာတစ်လုံးနှင့်ပင် တူနေပေသေးသည်။ သို့သော်ငြား ထိုသေတ္တာသည် အသုံးအဆောင်ပစ္စည်းများ ထည့်သည့် သေတ္တာတစ်လုံးမဟုတ်မှန်းတော့ လူတိုင်း ပြောနိုင်ပေသည်။ ဧကရာဇ်အဆင့် ပညာရှင်တစ်ဦးသည် ထိုကဲ့သို့သော ပစ္စည်းမျိုးကို ယခုကဲ့သို့တွေ့ဆုံပွဲ၌ ထုတ်ပြလာလိမ့်မည် မဟုတ်ချေ။

ကောင်းကင်စိတ်အာရုံများသည် သေတ္တာ၏အတွင်းပိုင်းကို စစ်ဆေးကြည့်ရန် ကြိုးစားလေသည်။ သို့သော်ငြား လူတိုင်း စိတ်ပျက်မှုနှင့်သာ ကြုံလိုက်ရလေသည်။

“အကုန်လုံး ကျေးဇူးပြုပြီး တစ်ချက် ကြည့်ကြည့်လိုက်ပါ…” လူအိုကြီးသည် ယဲ့ယဲ့လေးပြုံးရင်းမှ သေတ္တာအဖုံးကို ဖွင့်ပြလိုက်သည်။

ချက်ချင်းဆိုသလို ကြည်လင်သာယာသိမ်မွေ့သည့် အသံတစ်သံ သေတ္တာဆီမှ ပျံ့လွင့်လာခဲ့လေ၏။ အသံကိုကြားလိုက်သည့်အခိုက် မမြင်နိုင်သော စွမ်းအားတစ်ရပ်မှာ သူတို့၏ ဝိဉာဉ်အား တယုတယ လာရောက်ပွတ်သပ်ပေးနေသလို လူတိုင်း ခံစားလိုက်ကြရလေသည်။ အလွန်ကိုမှ စိတ်အားတက်ကြွနေသည့် လူများသည်ပင်လျှင် တဖြည်းဖြည်း တည်ငြိမ်သွားကုန်ကြလေသည်။

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၇၇၄)

ဘာသာပြန်သူ_တိမ်တိုက်

တေးသံ စတင်ပျံ့လွင့်လာသည်နှင့်တစ်ပြိုင်နက် ဧကရာဇ်အဆင့်ပညာရှင်များမှာ အဆင်ပြေနေကြသေးပါသော်ငြား သူတို့၏ မျိုးဆက်များနှင့် တပည့်များမှာတော့ မတူကွဲပြားစွာ တုံ့ပြန်လာကုန်ကြလေသည်။ ကျင့်ကြံခြင်းအဆင့်နိမ့်လေ ထိုလူများ၏တုံ့ပြန်မှု ပိုမိုပြင်းထန်လေပင်။ တန်ခိုးရှင်ဘုရင်အဆင့် ဂျူနီယာတစ်ယောက်ဆိုလျှင် သူ့ကိုယ်သူ မထိန်းချုပ်နိုင်တော့ဘဲ အသံထွက်ကာ ငြီးလိုက်မိလေသည်။ ထို့နောက် တစ်ခုခုအား နားလည်သွားသည့်အလား အလွန်ကိုမှ ကျေနပ်ပီတိဖြစ်နေသည့် အမူအယာတစ်ခု သူ့မျက်နှာထက် ထွက်ပေါ်လာခဲ့လေ၏။

တေးသံများ ထွက်ပေါ်လာသည်နှင့်အမျှ သေတ္တာ၏ ပုံစံမှာလည်း စတင်၍ ပြောင်းလဲလာတော့လေသည်။ ထိုသို့ဖြစ်လာသည့် အခါမှသာလျှင် သေတ္တာသည် အသုံးအဆောင်ပစ္စည်းများထည့်သည့် သေတ္တာတစ်လုံးမဟုတ်ဘဲ ကျောင်းတော်တစ်ခုနှင့် ဆင်တူသည့် ပစ္စည်းတစ်ခုဖြစ်ကြောင်း လူတိုင်း နားလည်သွားကြသည်။ တဖြည်းဖြည်း ပြောင်းလဲလာသည့်နောက်တွင် ကျောင်းတော်ပုံစံမှာ အထပ်ကိုးထပ်ပါသည့် ကျောင်းတော် တစ်ခုအသွင် စတင် ဖြစ်တည်လာခဲ့လေသည်။

ကျောင်းတော်၏ အထပ် တစ်ထပ်ချင်းစီတိုင်းသည် မတူညီသည့် လားရာအတိုင်း လည်ပတ်နေကြလေသည်။ အချို့မှာ နာရီလက်တံအတိုင်း လည်ပတ်နေကြပြီး အချို့မှာတော့ နာရီလက်တံနှင့် ဆန့်ကျင့်ဘက် လားရာဘက်သို့ လည်ပတ်နေကြသည်။ အချို့မှာ ဖြည်းဖြည်းချင်းလည်ပတ်နေကြပြီး အချို့မှာတော့ လျင်မြန်စွာ လည်ပတ်နေကြလေသည်။ မတူကွဲပြားသည့် လည်ပတ်ပုံ လည်ပတ်နှုန်းကိုလိုက်၍ ထွက်ပေါ်လာသည့် တေးသံများမှာလည်း ကွဲပြားသွားကုန်ကြလေသည်။

ကျောင်းတော် အပြည့်အဝ ဖြစ်ပေါ်လာသည့်အချိန်တွင် ဝိုးတိုးဝါးတား မြူခိုးတစ်ခုမှာ ကျောင်းတော်တစ်ဝိုက် စတင်၍ ပျံ့နှံ့လာခဲ့လေ၏။ ခဏအကြာတွင် ထိုမိုးပြာရောင်မြူခိုးထုများသည် ခန်းမတစ်ခုလုံးအနှံ့ ပျံ့နှံ့သွားခဲ့လေသည်။

လူအားလုံး ခေါင်းမော့၍ မော့ကြည့်လိုက်ရာ သူတို့ခေါင်းထက်တွင် တလက်လက်တောက်ပနေသော မရေမတွက်နိုင်သည့် ကြယ်စင်အစုအဝေးများ ရှိနေကြောင်း တွေ့လိုက်ရလေသည်။

လက်ရှိ သူတို့ရောက်နေသည်မှာ သူတော်စင်များတောင်ပေါ်ရှိ နန်းတော်ထဲတွင် မဟုတ်တော့ဘဲ ကြယ်တာရာကောင်းကင်ကြီးအောက်တွင် ဖြစ်နေသည့်အလား။ အချို့ဆိုလျှင် ထိုကြယ်များကို ထိချင်နေသည့်အလား သူတို့၏လက်ကိုပင် ဆန့်ထုတ်ကြည့်လိုက်ကြလေသည်။

ဤရတနာသေတ္တာ မည်မျှဆန်းကြယ်ကြောင်းကို တွေ့ရှိသွားကြသည့်နောက် ဧကရာဇ်အဆင့်ပညာရှင်များ၏ အမူအယာ လေးနက်တည်ကြည်သွားကုန်ကြလေသည်။

ရုတ်တရက်ဆိုသလို ကောင်းကင်ကြီး တစ်စစီ ပျောက်ကွယ်သွားခဲ့လေသည်။ အလွန်တရာကိုမှ လှပလှသော ရှုမျှော်ခင်းနေရာတွင် နန်းတော်၏မျက်နှာကြက်က အစားထိုး ဝင်ရောက်လာခဲ့လေသည်။ တစ်ချိန်တည်း၌ သာယာချိုမြလှသော တေးသံမှာလည်း ပျောက်ကွယ်သွားခဲ့ပြီး ရတနာသေတ္တာအဖုံးမှာ ဖြည်းဖြည်းချင်း ပြန်ပိတ်သွားခဲ့လေသည်။

ထိုအခါမှသာလျှင် မိန်းမောတွေဝေနေသည့် တာအိုသခင်အဆင့်နှင့် တန်ခိုးရှင်ဘုရင်အဆင့် ဂျူနီယာများ ပြန်လည် အသိပြန်ဝင်လာကုန်ကြသည်။ အသိပြန်ဝင်လာသည်နှင့် တစ်ပြိုင်နက် ထိုလူအားလုံးမှာ အလွန်တရာကိုမှ ဆာလောင်မွတ်သိပ်နေသည့် အမူအယာများဖြင့် လူအိုကြီးလက်ထဲရှိ ရတနာသေတ္တာအား မမှိတ်မသုန် စိုက်ကြည့်လိုက်ကြလေသည်။

ရတနာသေတ္တာကို ကိုင်ထားရင်းမှ လူအိုကြီးက ယဲ့ယဲ့လေးပြုံးလျက် ပြောလိုက်လေ၏။ “ဒါက ကောင်းကင်တေးသံ ရတနာသေတ္တာပဲ… ဒီကနေထုတ်ပေးတဲ့ ကောင်းကင်တေးသံက တာအိုသခင်အဆင့်နဲ့ အဲ့အဆင့်အောက်ကျင့်ကြံသူတွေအတွက် အရမ်းအကျိုးရှိတယ်… ဒါကိုသုံးပြီး ကျင့်ကြံမယ်ဆိုလို့ရှိရင် ပုံမှန်နည်းလမ်းနဲ့ ကျင့်ကြံတာထက် နှစ်ဆမက ပိုပြီး အကျိုးရှိလိမ့်မယ်… ပြီးတော့ ဒါနဲ့ကျင့်ကြံလို့ ဘာဘေးထွက်ဆိုးကျိုးနဲ့မှ ကြုံရမှာမဟုတ်ဘူး… ဒီရတနာသေတ္တာကို ဒီလူအိုကြီး သူတော်စင်အဆင့်မှာတုန်းက ရခဲ့တာ… ဒီလူအိုကြီး အခုလိုမျိုး ဧကရာဇ်အဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်လာနိုင်တာလဲ ဒီရတနာသေတ္တာရဲ့ ကျေးဇူးမကင်းဘူး…”

လူအိုကြီးရှင်းပြသည်ကို ကြားပြီးသည့်နောက် လူအုပ်ကြီးမှာ သူတို့၏ခန့်မှန်းချက် မှန်ကန်ကြောင်း အတည်ပြုနိုင်သွားခဲ့ကြလေသည်။ ဧကရာဇ်အဆင့်ပညာရှင်များမှာ ရတနာသေတ္တာ၏ အကျိုးအာနိသင်ကို မခံစားနိုင်ခဲ့ကြပါသော်ငြား သူတို့မျိုးဆက်များ၊ တပည့်များ၏ တုံ့ပြန်ပုံကို ကြည့်ခြင်းအားဖြင့် ဤရတနာသေတ္တာသည် ကျင့်ကြံခြင်းအဆင့်နိမ့်သည့် ကျင့်ကြံသူများအတွက် အလွန်ကိုမှ အကျိုးများလိမ့်မည်မှန်း ခန့်မှန်းမိကြလေသည်။ ဤသည်မှာ ဆေးလုံးများမှ လုပ်ပေးနိုင်သည့် အရာမျိုးမဟုတ်ပေ။ ဆေးလုံးတစ်လုံးချင်းစီတိုင်းတွင် အညစ်အကြေးများ အနည်းငယ်စီ ပါဝင်နေကြပေသည်။ ဆေးလုံးအားကိုးဖြင့် ကျင့်ကြံသည်မှာ အစပိုင်းတွင် ကိစ္စမရှိပါသော်ငြား ဆေလုံးများကို အသုံးပြုဖန် များလာလတ်သော် မိမိ၏ ကျင့်ကြံခြင်းအပေါ် သက်ရောက်လာနိုင်ပေသည်။ သို့သော်ငြား ဤကောင်းကင်တေးသံရတနာသေတ္တာသည် ထိုကဲ့သို့သော ဘေးထွက်ဆိုးကျိုးကို မဖြစ်စေဘဲ ဆေးလုံးနှင့် တူညီသော အကျိုးရလဒ်ကို ပေးစွမ်းနိုင်ပေသည်။

ထို့အတွက်ကြောင့် လူအုပ်ကြီးမှာ ဤကဲ့သို့သော ရတနာသေတ္တာအား မည်သူကများ ဖန်တီးထားခဲ့သလဲ ဆိုသည်ကိုပင် သိချင်မိသွားလေသည်။

ထို့အပြင် လူအုပ်ကြီးသည် ဤကောင်းကင်တေးသံရတနာသေတ္တာကို သူတော်စင်အဆင့်တည်းက ရခဲ့သည်ဟု ပြောလေသည်။ ယနေ့ထိဆိုလျှင် သူအသက်ရှင်လာသည်မှာ နှစ်ပေါင်းထောင်နှင့် ချီနေပြီ ဖြစ်သည့်အတွက်ကြောင့် ရတနာသေတ္တာကို ဖန်တီးထားခဲ့သည့်လူမှာ ယနေ့ခေတ်က ပန်းပဲပညာရှင်များမဟုတ်မှန်း လူတိုင်း ခန့်မှန်းမိသွားကြတော့လေသည်။ ရှေးခေတ်အချိန်အခါက ပန်းပဲပညာရှင်တစ်ဦးသည် ဤရတနာသေတ္တာကို ဖန်တီးခဲ့ခြင်း ဖြစ်ရပေလိမ့်မည်။

လူအိုကြီးက ဆက်၍ ပြောလိုက်သည်။ “အမှန်အတိုင်းပြောရရင်တော့ ဒီရတနာသေတ္တာကို ထုတ်မရောင်းချင်ပါဘူး… ဒါပေမယ့် ငါ့မှာ မျိုးဆက်တွေမရှိ… တပည့်လည်းမရှိတော့ ဒီရတနာသေတ္တာက ငါ့မှာရှိနေလည်း အပိုပဲ ဖြစ်နေမှာ… ဒါကြောင့်ပဲ အခြားလူတစ်ဦးရဲ့လက်မှာ ဒီရတနာသေတ္တာ အသုံးဝင်ပါစေလို့ တွေးရင်းနဲ့ ထုတ်ပြီးတော့ လဲဖို့ ဆုံးဖြတ်လိုက်တာပဲ…”

လူအိုကြီး၏ပုံစံကို ကြည့်ရသလောက် ဤရတနာသေတ္တာနှင့် မခွဲချင်နေသည့်ပုံပင်။

ပုံမှန်ပြောရလျှင် လူအိုကြီးကဲ့သို့သော မည်သည့် အားကောင်းသည့် နောက်ခံကို ပိုင်ဆိုင်ထားခြင်း မရှိသည့် လေလွင့်ကျင့်ကြံသူတစ်ဦးအတွက် ဧကရာဇ်အဆင့်သို့ရောက်ရန် အခက်အခဲပေါင်းများစွာနှင့် ရင်ဆိုင်ရပေလိမ့်မည်။ သူတို့အဖို့ ဧကရာဇ်အဆင့်ကို ရောက်ဖို့ရာမှာ အခြားသော ဂိုဏ်းများ၊ အင်အားစုများ၊ မိသားစုများဆီမှ ကျင့်ကြံသူများထက် ပို၍ခက်ခဲကြသည်။ ထို့အတွက်ကြောင့် ယခု လူအိုကြီးမှ ဧကရာဇ်အဆင့်သို့ ရောက်နေသည်ကို ကြည့်မည်ဆိုပါက ကောင်းကင်တေးသံသေတ္တာသည် သူ့အား ကြီးကြီးမားမား အကူအညီပေးခဲ့မှန်း သိနိုင်ပေလိမ့်မည်။

“ဘယ်လိုပဲဖြစ်ဖြစ် ဒီလူအိုကြီး ပြောစရာတော့ ရှိသေးတယ်… ဒီကောင်းကင်တေးသံသေတ္တာက အရမ်းကိုဆန်းကြယ်တဲ့ ရတနာတစ်ခု ဆိုပေမယ့် ဧကရာဇ်အဆင့်ကျင့်ကြံသူတွေအတွက် ဘာမှ အသုံးဝင်မှာမဟုတ်ဘူး.. တာအိုသခင်အဆင့်ကျင့်ကြံသူတွေအတွက်တောင် သိပ်ပြီးအသုံးမဝင်ချင်ဘူး… တာအိုသခင်အဆင့်အောက် ကျင့်ကြံသူတွေပဲ ဒီကောင်းကင်တေးသံသေတ္တာရဲ့ အကျိုးအာနိသင်ကို ကောင်းကောင်းခံစားနိုင်မှာ…”

လူအိုကြီးသည် အတော်လေးကိုမှ ရိုးသားသည့်လူတစ်ဦး ဖြစ်ပေသည်။ ကောင်းကင်တေးသံသေတ္တာ၏ ကောင်းကွက်များကိုသာ ထုတ်ပြောမသွားခဲ့ဘဲ အားနည်းချက်များကိုလ်ညး သေသေချာချာ ပြောပြသွားခဲ့သည်။

သို့သော်ငြား ထိုကိစ္စနှင့်ပတ်သက်၍ ဘာကြောင့်များ စိတ်ပူနေရပါမည်နည်း။

ဤနေရာတွင်ရှိနေသော ဧကရာဇ်အဆင့်ပညာရှင်များသည် လူအိုကြီးကဲ့သို့ မဟုတ်ကြဘဲ သူတို့တွင် သူတို့ကိုယ်တိုင်ဦးဆောင်နေသည့် အင်အားစုများ ရှိကြပေသည်။ ထိုအင်အားစုများ၌ တာအိုသခင်အဆင့်တွင် ရှိနေသော မရေမတွက်နိုင်သော အဖွဲ့သားများ ရှိနေကြလေသည်။ ဥပမာပြရလျှင် နေမင်းပြာကျောင်းတော်ပင်။ နေမင်းပြာကျောင်းတော်သည် ထိပ်တန်းဂိုဏ်းတစ်ဂိုဏ်း ဖြစ်ပါသော်ငြား ဂိုဏ်းသားများ၏ ကျင့်ကြံခြင်းမှာ တူညီခြင်း မရှိကြချေ။ တာအိုသခင်အဆင့်အောက် ကျင့်ကြံသူများကို သွားရှာမည်ဆိုပါက အလွယ်လေး ရှာတွေ့နိုင်ပေသည်။ ဤကောင်းကင်တေးသံသေတ္တာသည် ဧကရာဇ်အဆင့်နှင့် တာအိုသခင်အဆင့် ကျင့်ကြံသူများအတွက် သိပ်၍ အသုံးဝင်လိမ့်မည် မဟုတ်ပါသော်ငြား ထိုအဆင့်အောက် ကျင့်ကြံသူများအတွက်တော့ အလွန်ကိုမှ အသုံးဝင်နိုင်ပေသည်။

နေမင်းပြာကျောင်းတော်သည်သာ ဤကောင်းကင်တေးသံသေတ္တာကို ရရှိသွားမည်ဆိုပါက တာအိုသခင်အဆင့်အောက်တွင် ရှိနေသော သူတို့၏ တပည့်များမှာ ကျင့်ကြံရာ၌ ပိုမို လွယ်ကူ အဆင်ပြေလာရပေလိမ့်မည်။

ထို့အတွက်ကြောင့် ဤရတနာသည် ဂိုဏ်းများ၊ မိသားစုများအတွက် အလွန်ကိုမှ စွဲမက်ဖွယ်ကောင်းသည့် ရတနာတစ်ခု ဖြစ်နေခဲ့လေသည်။

ထိုအကြောင်းကြောင့်ပင်လျှင် လူအချို့မှာ လူအိုကြီး စကားဆုံးအောင် ပြောမည်ကိုပင် မစောင့်နိုင်တော့ဘဲ ထမေးလိုက်လေ၏။ “လူအိုကြီးလု… မင်း ဒါကို ဘာနဲ့လဲချင်ဆိုတာ ငါတို့သိလို့ရမလား…”

“ဟုတ်တယ် လူအိုကြီးလု… မြန်မြန်လေးပြော…”

အချို့သောဂိုဏ်းချုပ်များဆိုလျှင် လူအိုကြီးလုအား သူတို့အင်အားစုထဲ ဝင်လိုက်ရန်ပင် ဖိတ်ခေါ်နေသေးသည်။ သို့သော်ငြား စိတ်ပျက်မှုနှင့်သာ ကြုံလိုက်ရလေ၏။ လူအိုကြီးလုကဲ့သို့သော လူများသည် ဂိုဏ်းထဲသို့ ဝင်လျှင် သူတို့၏ကျင့်ကြံရေးခရီးလမ်း ပိုမိုလွယ်ကူမည်မှန်း သိသည့်တိုင် မဝင်ဘဲနေရခြင်းမှာ လွတ်လွတ်လပ်လပ် နေလိုသည့် အတွက်ကြောင့်သာ ဖြစ်လေသည်။

ထိုကြောင့်ပင်လျှင် မည်သူမှ သူ့အား သူတို့၏ အင်အားစုအသီးသီးထဲသို့ မခေါ်နိုင်ခဲ့ပေ။ ရှင်းရှင်းပြောပါက လူအိုကြီးလုကဲ့သို့သော ဧကရာဇ်အဆင့်ပညာရှင်တစ်ဦးကို မည်သည့်ဂိုဏ်းကမဆို ဝမ်းပန်းတသာဖြင့် ကြိုဆိုကြပေလိမ့်မည်။ နေမင်းပြာကျောင်းတော်သည်ပင်လျှင် လူအိုကြီးလုသာ ဝင်လိုပါက သူ့အား ရာထူးတစ်ခု ပေးနိုင်ပေသည်။

တစ်ခဏကြာပြီးသည့်နောက်တွင် လူအိုကြီးလုက ပြန်ပြောလိုက်လေသည်။ “လွန်ခဲ့တဲ့နှစ်အနည်းငယ်တုန်းက ဒီလူအိုကြီး မွန်းစတားအမြုတေတွေ လိုအပ်တဲ့ ကျင့်စဉ်တစ်ခုကို စပြီး ကျင့်ကြံခဲ့တယ်… ဒါကြောင့် ဒီကောင်းကင်တေးသံသေတ္တာကို မွန်းစတားအမြုတေနဲ့ လဲချင်တယ်…”

“မွန်းစတားအမြုတေ…” လူအိုကြီး၏စကားကို ကြားပြီးသည့်နောက် ဧကရာဇ်အဆင့်ပညာရှင်များကြား ဝမ်းသာသူကဝမ်းသာ စိတ်ပျက်သွားသူကစိတ်ပျက် ဖြစ်ကုန်ကြလေသည်။

“ဒီလူအိုကြီး မွန်းစတားအမြုတေတွေ လိုတာ ဟုတ်တယ်… ဒါပေမယ့် မွန်းစတားအမြုတေတွေက အဆင့်ဆယ့်နှစ် မွန်းစတားအမြုတေမှ ဖြစ်မှာ… ပြီးတော့ ဓာတ်ကြီးငါးပါး မွန်းစတားအမြုတေနှစ်စုံစာ ဒီလူအိုကြီး လိုချင်တယ်…”

“ဓာတ်ကြီးငါးပါး မွန်းစတားအမြုတေ...”

“နှစ်စုံစာတောင်…”

လူအိုကြီး၏ တောင်းဆိုချက်ကို ကြားပြီးသည့်နောက် ဧကရာဇ်အဆင့်ပညာရှင်ပေါင်းများစွာ စိတ်ပျက်သွားကုန်ကြလေသည်။ လူအိုကြီးလုသည် သူတို့ဆီမှ ဓါးပြလာတိုက်နေသလို ခံစားလိုက်ကြရလေသည်။

အဆင့်ဆယ့်နှစ် မွန်းစတားအမြုတေများ…။ အဆင့်နိမ့် မွန်းစတားအမြုတေဆိုလျှင်ပင် မွန်းစတားအမြုတေတစ်ခုချင်းစီတိုင်းသည် အနည်းဆုံး အဆင့်မြင့်အရင်းအမြစ်ကျောက် နှစ်သန်းမှ သုံးသန်းခန့် တန်ကြေးရှိသည်။ ဓာတ်ကြီးငါးပါး မွန်းစတားအမြုတေ အစုံလိုက်စာဆိုလျှင်ရင်တော့ အဆင့်မြင့်အရင်းအမြစ်ကျောက် ဆယ်သန်းမှ ဆယ့်ငါးသန်းခန့် တန်ကြေးရှိနိုင်ပေသည်။ သို့သော်ငြား အစုံလိုက်ဖြစ်သည့်အတွက်ကြောင့် ထိုထက်ပင် ပို၍ ဈေးမြင့်သွားနိုင်ပေသည်။ အနည်းဆုံး သန်းနှစ်ဆယ်ခန့် တန်ကြေးရှိသွားရပေလိမ့်မည်။

ကောင်းကင်တေးသံသေတ္တာမှာ အတော်လေးကိုမှ ထူးခြားလှပါသော်ငြား တာအိုသခင်အဆင့်အောက် ကျင့်ကြံသူများအတွက်သာ အသုံးဝင်ပေသည်။ မည်သူကများ ထိုကဲ့သို့သော ရတနာလေးအတွက်နှင့် သန်းနှင့်ချီသော အဆင့်မြင့်အရင်းအမြစ်ကျောက်များကို သုံးချင်ပါမည်နည်း။ သူတို့တွင် ထိုမျှများပြားလှသည့် အဆင့်မြင့်အရင်းအမြစ်ကျောက်များ မရှိသည်တော့ မဟုတ်။ ရှိမည်ဆိုလျှင်ပင် ဝယ်လိမ့်မည်မဟုတ်ပေ။

ထို့အတွက်ကြောင့် မူလက ကောင်းကင်တေးသံရတနာသေတ္တာအား စိတ်ဝင်စားနေသော ဧကရာဇ်အဆင့်ကျင့်ကြံသူများမှာ လူအိုကြီးလု၏ တောင်းဆိုချက်ကို ကြားပြီးသည့်နောက် ကြိတ်၍သာ ကျိန်ဆဲလိုက်ကြတော့သည်။

သို့သော်ငြား ထိုရတနာသေတ္တာကို စိတ်ဝင်စားနေသည့် လူအချို့တော့ ရှိနေပေသေးသည်။ အထူးသဖြင့် နေမင်းပြာကျောင်းတော်၏ အကြီးအကဲများပင်။

ဤနေရာတွင်ရှိနေသည့် ဧကရာဇ်အဆင့်ကျင့်ကြံသူများမှာမူ ဓာတ်ကြီးငါးပါးမွန်းစတားအမြုတေနှစ်စုံစာကို ပေးလိမ့်မည်မဟုတ်။ ထို့အတွက်ကြောင့် ထိုကဲ့သို့ပေးနိုင်သည့်လူဆို၍ ဤတွေ့ဆုံပွဲကို ဦးစီးကျင်းပပေးသည့် နေမင်းပြာကျောင်းတော်သာ ရှိပေလိမ့်မည်။

ထိုအချက်ကို စဉ်းစားမိလိုက်သော် လူအုပ်ကြီးမှာ လူအိုကြီးလုမှ ဤကောင်းကင်တေးသံရတနာသေတ္တာကို ထုတ်ယူလိုက်ရခြင်းမှာ နေမင်းပြာကျောင်းတော်နှင့် အလဲအလှယ်လုပ်ချင်သည့် အတွက်ကြောင့်သာမှန်း နားလည်သွားကြတော့လေသည်။ နေမင်းပြာကျောင်းတော်သည်သာ သူ၏တောင်းဆိုချက်ကို မဖြည့်ဆည်းပေးနိုင်ပါက အခြားမည်သူမှ သူ့တောင်းဆိုချက်ကို ဖြည့်ဆည်းပေးနိုင်ကြလိမ့်မည် မဟုတ်ချေ။

သူတို့ထင်နေသည့်အတိုင်းပင် နေမင်းပြာကျောင်းတော်မှ အကြီးအကဲများသည် အချင်းချင်း တီးတိုးဆွေးနွေးကြသည့်အလား သူတို့ဆီမှ စိတ်စွမ်းအင်လှိုင်းများ ပျံ့လွင့်နေကြလေသည်။

တစ်ခဏအကြာ၌ ချို့ရန်က ဖြည်းဖြည်းချင်း ခေါင်းခါလိုက်လေ၏။

ထိုအချင်းအရာကိုမြင်သည့်အခါ လူအိုကြီးလု စိတ်ပျက်သွားခဲ့လေသည်။

“ကျောင်းတော်က အဲ့ရတနာသေတ္တာကို မလိုချင်ဘူးလား…” ရန်ကိုင်က ကောင်းရွှယ်ထင်းကို မေးလိုက်လေသည်။

အဆင့်မြင့်ဧည့်အကြီးအကဲတစ်ဦး ဖြစ်သည့်တိုင် ရန်ကိုင်တွင် ကျောင်းတော်ကိုယ်စား ဆုံးဖြတ်ပေးရမည့် မည်သည့်အခွင့်အာဏာမှ ရှိမနေခဲ့ပေ။ ထိုအကြောင်းကြောင့်ပင်လျှင် အချင်းချင်း ဆွေးနွေးတိုင်ပင်ရာ၌ ချို့ရန်နှင့် အခြားသူများသည် ရန်ကိုင်အား ထည့်မတွက်ခြင်းပင်။

“သူတောင်းတဲ့ဈေးက အရမ်းများလွန်းတယ်… ပြီးတော့ ငါတို့ကျောင်းမှာလည်း ဓာတ်ကြီးငါးပါး မွန်းစတားအမြုတေ နှစ်စုံစာမရှိဘူး…” ကောင်းရွှယ်ထင်းက ပြန်ပြောလိုက်လေသည်။

အဆင့်ဆယ့်နှစ်မွန်းစတားအမြုတေတစ်ခုကို တွေ့ရဖို့ရာ လွယ်ကူသည်တော့မဟုတ်။ ဓာတ်ကြီးငါးပါး မွန်းစတားအမြုတေ အစုံလိုက်ဆိုလျှင်တော့ ဝေလာဝေးပင်။ နေမင်းပြာကျောင်းတော်၏ ရတနာဂိုထောင်ထဲတွင် အတော်လေးအဆင့်မြင့်လှသည့် မွန်းစတားအမြုတေများ ရှိနေပါသော်ငြား မြေဓာတ်မွန်းစတားအမြုတေများမှာတော့ ကင်းမဲ့နေခဲ့လေသည်။ ထိုအကြောင်းကြောင့်ပင်လျှင် လူအိုကြီး၏တောင်းဆိုချက်ကို မဖြည့်ဆည်းပေးနိုင်ခြင်းပင်။

“ကျောင်းတော်ကမလိုချင်ရင်တော့ ကျုပ်ပဲ ယူရမှာပေါ့…” ရန်ကိုင်က ပြုံးဖြီးလိုက်လေသည်။

ကောင်းရွှယ်ထင်းက ရန်ကိုင်အား ထူးဆန်းစွာကြည့်၍ “နင့်မှာ ဓာတ်ကြီးငါးပါးမွန်းစတားအမြုတေ နှစ်စုံစာ ရှိတာလား…”

“မရှိဘူး… သူနဲ့ တစ်ချက်တော့ သွားဆွေးနွေးကြည့်ရမှာပေါ့…” ရန်ကိုင်က ယဲ့ယဲ့လေးပြုံးလျက် စင်မြင့်ပေါ်ကို ကြည့်ရင်းမှ ပြောလိုက်လေ၏။ “လူအိုကြီးလု… အဲ့ဒါကို တစ်ချက် ကြည့်ကြည့်လိုက်ပါလား…”

ထိုသို့ပြောပြီးသည့်နောက်တွင် စင်မြင့်ပေါ်သို့ သိုလှောင်လက်စွပ်တစ်ကွင်း ပစ်ပေးလိုက်လေသည်။

လူအိုကြီးသည် သိုလှောင်လက်စွပ်ကိုယူ၍ ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်လေ၏။ သိုလှောင်လက်စွပ်ထဲရှိ ပစ္စည်းများကို မြင်ပြီးသည့်နောက်တွင် သူ့မျက်နှာထက် ဝမ်းသာနေသည့် အရိပ်အယောင်တို့ ထွက်ပေါ်လာခဲ့လေသည်။ ထို့နောက်တွင် မျက်မှောင်ကျုံ့လျက် ပြန်ပြောလိုက်လေသည်။ “အကြီးအကဲရန်… နည်းနည်းလိုနေသေးသလိုပဲနော်…”

ဤသိုလှောင်လက်စွပ်ထဲတွင် ဓာတ်ကြီးငါးပါး အဆင့်ဆယ့်နှစ် မွန်းစတားအမြုတေ အစုံလိုက်ပါရှိပေသည်။ သို့သော်ငြား တစ်စုံစာသာရှိပြီး ကျန်တစ်စုံကိုတော့ အဆင့်ဆယ့်တစ် အဆင့်မြင့်မွန်းစတားအမြုတေများနှင့် အစားထိုးထားခြင်း ဖြစ်လေ၏။

ရန်ကိုင်က ခေါင်းခါလျက် “အဆင့်ဆယ့်နှစ်မွန်းစတားအမြုတေကိုမှ အစုံလိုက်လိုချင်နေတာလေ… အဲ့ဒါတွေကိုရဖို့ ဘယ်လိုလုပ်ပြီး ဒီလောက်လွယ်မှာလဲ… အခု အကြီးအကဲလုကို ပေးလိုက်တဲ့ မွန်းစတားအမြုတေကိုတောင် ကျုပ် ကံကောင်းပြီး ရထားတာ… လူအိုကြီးလု လက်မခံနိုင်ဘူးဆိုလို့ရှိရင်တော့ လဲလှယ်ဖို့ ဒီမှာပဲ ရပ်လိုက်ကြတာပေါ့…”

ရန်ကိုင်၏စကားကိုကြားသည့်အခါ ရန်ကိုင် ပေးလိုက်သည့်ပစ္စည်းတန်ကြေးမှာ လူအိုကြီးလုတောင်းဆိုထားသည့် အကန့်အသတ်ကို မရောက်မှန်း လူတိုင်း နားလည်လိုက်ကြလေသည်။

လူအိုကြီးလုသည် ချက်ချင်းပြန်မပြောသေးဘဲ ယာယီမျှ တိတ်နေခဲ့လေသည်။

တစ်ခဏမျှ တုံ့ဆိုင်းနေပြီးသည့်နောက် ရန်ကိုင်က လူအိုကြီးလုအား ကောင်းကင်စိတ်အာရုံမှတစ်ဆင့် ပြောလိုက်လေ၏။ “ဒါပေမယ့် အဆင့်ဆယ့်နှစ်မွန်းစတားအမြုတေတွေကို ရနိုင်တဲ့ သတင်းတစ်ခု လူအိုကြီးလုကို ပြောပြပေးလို့ရတယ်…”

“ဘယ်လိုသတင်းလဲ…”

“အခုချိန်ကနေစပြီးတော့ မေပယ်မြို့ထဲက ခရမ်းကြယ်စင်ကုန်သွယ်ရေးအဖွဲ့အစည်းမှာ နှစ်ဝက်ကြာတိုင်း အဆင့်ဆယ့်နှစ်မွန်းစတားအမြုတေနှစ်ခုကို ရောင်းပေးလိမ့်မယ်… အဲ့မှာ အဆင့်ဆယ့်နှစ် အဆင့်မြင့်မွန်းစတားအမြုတေတွေတောင် ပါလာနိုင်တယ်… ဒီတော့ လူအိုကြီးလုသာ သေချာအာရုံစိုက်ထားမယ်ဆိုလို့ရှိရင် နောက်တစ်စုံစာကို အဲ့ကနေ ရနိုင်လိမ့်မယ်…”

“မင်း ဒီအကြောင်းကို ဘယ်လိုသိတာလဲ…” လူအိုကြီးလု အံ့အားသင့်နေခဲ့လေသည်။

(အဲ့အဆင့်ဆယ့်နှစ်မွန်းစတားအမြုတေတွေကို ငါကိုယ်တိုင်ပေးထားတာ ငါက ဘယ်လိုလုပ်ပြီး မသိဘဲနေရမှာလဲ…) ရန်ကိုင် သူ့ဘာသာသူ တွေးလိုက်လေသည်။ သို့သော်ငြား ထိုကဲ့သို့ သွားမပြောခဲ့ဘဲ “အဲ့ခရမ်းကြယ်စင်ကုန်သွယ်ရေးအဖွဲ့အစည်းက မန်နေဂျာတစ်ယောက်နဲ့ ကျုပ်က ရင်းနှီးတယ်လေ… အဲ့အကြောင်းကို သူ့ဆီကနေ သိခဲ့ရတာ…”

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၇၇၅)

ဘာသာပြန်သူ_တိမ်တိုက်

“ကောင်းတယ် ကောင်းတယ် ကောင်းတယ်…” လူအိုကြီးလု ပျော်ရွှင်စွာ ပြုံးလိုက်လေသည်။ ရန်ကိုင်ပြောသည့်အတိုင်းသာဆိုပါက သူ့အနေဖြင့် ဓာတ်ကြီးငါးပါး မွန်းစတားအမြုတေနှစ်စုံစာကို အလျင်စလို စုဆောင်းနေစရာမလိုချေ။ ပထမတစ်စုံစာ အရင်အသုံးပြုပြီးမှ ကျန်သည့်တစ်စုံစာကို ဖြည်းဖြည်းချင်း စုဆောင်းနိုင်လေ၏။

“ဒီတိုင်းသွားလို့ကတော့ အဆင်ပြေပါတယ်… ဒါပေမယ့် အကြီးအကဲရန် အဆင့်မြင့်အရင်းအမြစ်ကျောက် တစ်သန်းလောက် ထပ်ဖြည့်ပေးလို့ရမလား… ပစ္စည်းနှစ်ခုရဲ့တန်ကြေးက နည်းနည်းတော့ ကွာနေသေးတယ်လေ…”

လူအိုကြီးမှာ ရိုးသားဖြောင့်မတ်သည့်ပုံ ပေါက်ပါသော်ငြား အမှန်တကယ်တော့ အတော်လေးကိုမှ ဉာဏ်များလှသည်။ ရန်ကိုင်စိတ်ထဲ ထိုကဲ့သို့ တွေးလိုက်ပြီးသည့်နောက် ပြန်၍ ပြောလိုက်လေ၏။ “ငါးသိန်း…”

လူအိုကြီးလုသည် သေချာစဉ်းစားနေသည့်အလား တစ်ခဏကြာမျှ တိတ်ဆိတ်သွားခဲ့သည်။ နောက်မှသာလျှင် ခေါင်းညိတ်၍ ပြန်ပြောလိုက်လေသည်။ “ကောင်းပြီလေ…”

ရန်ကိုင်သည် လူအိုကြီးလုထံသို့ အဆင့်မြင့်အရင်းအမြစ်ကျောက် ငါးသိန်း ပေးလိုက်ပြီးသည့်နောက် ကောင်းကင်တေးသံရတနာသေတ္တာကို လက်ခံရရှိလိုက်လေ၏။

“အကြီးအကဲဖြစ်လာလာချင်းမှာပဲ ကျောင်းတော်အတွက် ဒီလောက်တောင် သုံးဖြုန်းပေးတာ ကျောင်းတော်ရဲ့တပည့်တွေကိုယ်စား စီနီယာမောင်လေးကို တကယ် အများကြီး ကျေးဇူးတင်ပါတယ်… သူတို့တွေ နောက်ပိုင်း ဒါနဲ့ကျင့်ကြံမယ်ဆိုလို့ရှိရင် ဂျူနီယာမောင်လေးရန်ကို အမြဲမှတ်မိနေမှာပါ…” ထိုစဉ် ကောင်းရွှယ်ထင်း၏အသံ ရန်ကိုင်နားထဲ ပျံ့လွင့်လာခဲ့လေသည်။

ထိုစကားကိုကြားလိုက်သည့်အခိုက် ရန်ကိုင်မျက်နှာ သုန်မှုန်သွားခဲ့လေသည်။ ချက်ချင်းပဲ ကောင်းရွှယ်ထင်းဘက်သို့ လှည့်ကြည့်လိုက်ရာ ကောင်းရွှယ်ထင်းမှာ သူ့အား ပြောမနေသည့်အလား သူ့ဘက်သို့ကြည့်မနေဘဲ စင်မြင့်ဆီသို့သာ လှမ်းကြည့်နေကြောင်း တွေ့လိုက်ရလေသည်။

“ဒါ… စီနီယာအစ်မကောင်း… ဒီရတနာသေတ္တာက ကျုပ်ဟာလေ…”

ရန်ကိုင်မှ ထိုကဲ့သို့ပြောလိုက်သည့်အခါ ကောင်းရွှယ်ထင်းသည် ရန်ကိုင်ဘက်သို့ ထူးထူးဆန်းဆန်းအမူအယာဖြင့် ပြန်လှည့်ကြည့်လာလျက် “ဟမ်…”

ရန်ကိုင်လည်း ချက်ချင်းပဲ သူ့စကားကို ပြန်ပြင်ပြောလိုက်လေ၏။ “ကျောင်းတော်ကတပည့်တွေ သုံးချင်တယ်ဆိုရင်တော့ ကိစ္စမရှိပါဘူး…”

ထိုအခါမှသာလျှင် ကောင်းရွှယ်ထင်းသည် ခေါင်းညိတ်၍ ပြန်ပြောလိုက်လေသည်။ “ဒါမှပေါ့…”

ရန်ကိုင် ခြောက်ကပ်ကပ် ရယ်မောလိုက်သည်။ သူ့စိတ်ထဲ ဆေးခါးကြီးတစ်မျိုးမျိုးကို သောက်လိုက်ရသည့်နှယ် ခံစားနေရလေသည်။

တွေ့ဆုံပွဲမှာ မပြီးပြတ်သေးပေ။ ဧကရာဇ်အဆင့်ပညာရှင်များသည် တစ်ဦးစီ အလှည့်ကျ စင်မြင်ပေါ်သို့ တက်ကာ သူတို့ နှစ်ပေါင်းများစွာ သိမ်းဆည်းထားခဲ့သော အဖိုးတန်ရတနာများကို ထုတ်ပြနေခဲ့လေသည်။ အချို့သောရတနာများဆိုလျှင် လူအုပ်ကြီးကိုပင်လျှင် အံ့ဩသွားစေနိုင်ခဲ့လေသည်။ သို့သော်ငြား နေမင်းပြာကျောင်းတော်၏ ပိုင်နက် ဖြစ်သည့်အတွက်ကြောင့် လူတိုင်းမှာ စည်းမဲ့ကမ်းမဲ့ ပြုမူကြခြင်းမရှိဘဲ သတ်မှတ်ထားသည့် နည်းလမ်းအတိုင်းသာ ပစ္စည်းများကို လဲလှယ်ဝယ်ယူကြလေသည်။

ရန်ကိုင်သည်လည်း တစ်ခါမက ဝင်ရောက်ပါဝင်ဆင်နွှဲခဲ့ပြီးသည့်နောက် အဖိုးတန်ပစ္စည်းအချို့နှင့် ရှေးဟောင်းဆေးညွှန်းတစ်ခုကို ရရှိခဲ့လေသည်။

ဤသို့ဖြင့် တောက်လျှောက် သွားနေခဲ့လိုက်ရာ တွေ့ဆုံပွဲမှာ နောက်တစ်နေ့မနက်ရောက်မှသာ ပြီးဆုံးသွားခဲ့သည်။ အကုန်လုံး ထရပ်လိုက်စဉ် ပွဲအား တာဝန်ယူကျင်းပသော ချို့ရန်သည် အကုန်လုံးအား ဧည့်သည်အဖြစ် ရက်အနည်းငယ်ခန့် ထပ်နေရန် ဖိတ်ခေါ်လိုက်လေသည်။ သို့သော်ငြား လူတိုင်းမှာတော့ ထပ်မနေချင်တော့ဘဲ နှုတ်ဆက်စကားပြောကာ သူတို့၏ မျိုးဆက်တပည့်များအသီးသီးကို ခေါ်၍ ပြန်ထွက်သွားကုန်ကြလေသည်။

“ဂျူနီယာညီလေးရန်… ငါ့ရဲ့ကျောက်စိမ်းတောင်ကို လိုက်ခဲ့… အခု မင်းနေရမယ့်နေရာကို ရွေးဖို့ အချိန်ရောက်ပြီ…” ချို့ရန်က ရုတ်တရက် ပြောလိုက်လေသည်။

ရန်ကိုင်က ခေါင်းညိတ်၍ ပြန်ပြောလိုက်သည်။ “အင်း… ဒါပေမယ့် ခဏလောက် စောင့်ပေးပါလား စီနီယာအစ်ကိုချို့… ကျုပ် လုပ်စရာ ကိစ္စလေးအချို့ ရှိသေးလို့…”

ထိုသို့ပြောပြီးသည့်နောက်တွင် ရန်ကိုင်သည် နန်းတော်ထဲမှ ချက်ချင်း ပြေးထွက်သွားလေ၏။

ထိုမြင်ကွင်းကိုကြည့်ရင်း ချို့ရန် မျက်မှောင်ကြုတ်သွားခဲ့လေသည်။ ထို့နောက် သက်ပြင်းတစ်ချက်ချလျက် “ဟူး… လူငယ်တွေများ တကယ်ကို တက်ကြွနေလိုက်ကြတာ…”

နေစရာရွေးရမည့် ကိစ္စကဲ့သို့သော အရေးကြီးကိစ္စတစ်ရပ်ကိုပင်လျှင် ဘေးဖယ်ထား၍ ပြေးထွက်သွားရလေအောင် ရန်ကိုင်တွင် မည်မျှအရေးကြီးသည့် လုပ်စရာကိစ္စတစ်ခု ရှိနေသလဲဆိုသည်ကို သူမသိပေ။

နန်းတော်ထဲမှထွက်လာပြီး မကြာမီတွင် ရန်ကိုင်သည် နေမင်းပြာကျောင်းတော်မှ မိုင်သုံးရာခန့်အကွာတွင် ပြန်ပေါ်လာခဲ့လေသည်။ ထို့နောက် ဘေးပတ်ဝန်းကျင်သို့ လှည့်ပတ်ကြည့်လိုက်လေ၏။ တစ်ခုသောနေရာသို့ရောက်သော ချက်ချင်းပဲ လက်သီးဆုပ်၍ ပြောလိုက်လေသည်။ “ဂိုဏ်းချုပ်ကျန်း… မတွေ့ရတာကြာပြီနော်…”

ရန်ကိုင်စိုက်ကြည့်နေရာဘက်ရှိ ဟင်းလင်းပြင်ဆီမှ လှိုင်းတွန့်များ ထွက်ပေါ်လာခဲ့ပြီးသည့်နောက် သာမန်ရုပ်ရည်ဖြင့် သက်လတ်ပိုင်းလူကြီးတစ်ဦး ပေါ်လာခဲ့လေသည်။ ထိုလူကြီးမှာ ရန်ကိုင်အား အံ့အားသင့်နေသည့်အမူအယာဖြင့် ကြည့်လျက် ပြန်ပြောလိုက်လေ၏။ “အကြီးအကဲရန်က တကယ်ကို အမြင်စူးရှတာပဲ…”

သူ့ကိုယ်သူ သေသေချာချာ ပုန်းကွယ်လျက် နေနေခဲ့ပါသော်ငြား ရန်ကိုင်သည် သူကိုယ်ယောင်ဖျောက်ထားသည်ကို တစ်ချက်ကြည့်လိုက်ရုံဖြင့် မြင်သွားလိမ့်မည်ဟု မထင်ထားခဲ့ပေ။ နေမင်းပြာကျောင်းတော်၏ အကြီးအကဲတစ်ဦး ဆိုသည့်အတိုင်းပင်။ အရေးအကြီးဆုံးအချက်မှာ ရန်ကိုင်သည် ငယ်ငယ်လေးသာ ရှိနေခြင်းပင်။ ထို့အတွက်ကြောင့် ငါတကယ်ကို အသက်ကြီးလာပါလားဟု ကျန်းတရှန်း ခံစားသွားရလေသည်။

“ဘာကိစ္စရှိလို့ အကြီးအကဲရန် ဒီကျန်းနဲ့ ဒီမှာတွေ့ဖို့ ချိန်းထားရတာလဲ…”

အစောပိုင်းက ကျန်းတရှန်းမှ တွေ့ဆုံပွဲပြီး၍ ပြန်သွားတော့မည်အပြု ရန်ကိုင်မှ သူ့အား မသွားသေးရန် လှမ်းပြောလာခဲ့လေသည်။ ထို့ကြောင့်သာလျှင် ကျန်းတရှန်းမှာ ရန်ကိုင်အား အထူးတလည် ဤနေရာ၌ စောင့်နေရခြင်း ဖြစ်လေ၏။ ထိုသို့သာမဟုတ်ပါက ဂိုဏ်းဆီသို့ အပြေးအလွှား ပြန်သွားနေလောက်ပေပြီ။

အခြားလူတစ်ဦးသာဆိုလျှင်တော့ ကျန်းတရှန်းအနေဖြင့် ဤမျှ အရေးစိုက်လိမ့်မည် မဟုတ်ပါသော်ငြား ရန်ကိုင်သည် နေမင်းပြာကျောင်းတော်၏ အကြီးအကဲတစ်ဦး ဖြစ်နေခဲ့လေသည်။ ထို့အတွက်ကြောင့် တစ်ဖက်လူအပေါ် လေးစားသမှုဖြင့် ဆက်ဆံရပေလိမ့်မည်။

ရန်ကိုင်က ရယ်သွမ်းသွေးလျက် “စိတ်မရှိပါနဲ့နော် ဂိုဏ်းချုပ်ကျန်း… ကျုပ် ဂိုဏ်းချုပ်ကျန်းဆီက ပစ္စည်းတစ်ခုလောက် တောင်းချင်လို့…”

ကျန်းတရှန်း မျက်မှောင်ကြုတ်သွားခဲ့လေသည်။ “အန္တိမရေစင်ကို ပြောတာလား…”

တွေ့ဆုံပွဲ၌ အန္တိမရေစင်ပိုင်ရှင်မှ အန္တိမရေစင်ကို ထုတ်ယူလာစဉ် ရန်ကိုင်သည်လည်း ထိုပစ္စည်းအား ရနိုင်ရန် ကြိုးစားခဲ့လေသည်။ သို့သော်ငြား မရသွားခဲ့ဘဲ အန္တိမရေစင်သည် ကျန်းတရှန်း၏ လက်ထဲသို့သာ ရောက်သွားခဲ့ရသည်။ ကျန်းတရှန်းနှင့် ရန်ကိုင်တို့မှာ ယခင်က တစ်ဦးနှင့်တစ်ဦး မသိကြချေ။ သို့တိုင် ရန်ကိုင်သည် သူ့အား ထွက်မသွားသေးဘဲ စောင့်နေရန် ပြောခဲ့သည်။ ထို့အပြင် ရန်ကိုင်နှင့် တွေ့ပြီးသည့်နောက် ရန်ကိုင်သည် သူ့ဆီမှ ပစ္စည်းတစ်ခု လိုချင်သည်ဟု ထပ်၍ ပြောလာခဲ့လေသည်။ ရန်ကိုင်လိုချင်နေသည်မှာ အန္တိမရေစင်သာဖြစ်မှန်း ကျန်းတရှန်း မစဉ်းစားမိဘဲ ဘယ်နေပါမည်နည်း။

“ဟုတ်တယ်…” ရန်ကိုင် ခေါင်းညိတ်လိုက်လေသည်။

ကျန်းတရှန်း ချက်ချင်းဆိုသလို နိုးနိုးကြားကြား ဖြစ်သွားခဲ့ပြီး သူ့ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်၍ ဘေးပတ်ဝန်းကျင်အား စစ်ဆေးကြည့်လိုက်လေသည်။ တစ်ချိန်တည်းတွင်လည်း အချိန်မရွေး တိုက်ခိုက်နိုင်ရန် ပြင်ဆင်ထားလိုက်လေ၏။

ထိုအချင်းအရာကိုမြင်သော် ရန်ကိုင်က ခြောက်ကပ်ကပ်လေသံဖြင့် ရယ်မောလျက် ပြန်ပြောလိုက်လေ၏။ “ဒီလောက်ကြီးလည်း စိတ်ပူမနေစမ်းပါနဲ့ ဂိုဏ်းချုပ်ကျန်းရယ်… ဒီရန် ဒီကို တစ်ယောက်တည်း လာခဲ့တာ… အခြားဘယ်သူ့ကိုမှ ခေါ်မလာဘူး… ဂိုဏ်းချုပ်ကျန်းဆီကလည်း လုဖို့ စဉ်းစားနေတာမဟုတ်ဘူး… ဒီတိုင်းပဲ မျှမျှတတလဲမလို့ စဉ်းစားထားတာ…”

ကျန်းတရှန်းက မျက်မှောင်ကြုတ်၍ ပြန်ပြောလိုက်သည်။ “အဲ့လိုဆိုရင်တော့ ဒီကျန်း တကယ်ကို တောင်းပန်ပါတယ် အကြီးအကဲရန်… ဒီအန္တိမရေစင်က ဒီကျန်းအတွက် အရမ်းအရေးကြီးလို့ပါ…”

ရန်ကိုင်က လက်မြှောက်၍ ဆက်ပြောလိုက်လေသည်။ “ဒီလောက်ကြီးလည်း အငြင်းမစောပါနဲ့ဦး ဂိုဏ်းချုပ်ကျန်းရယ်… ဂိုဏ်းချုပ်ကျန်း ဒီအန္တိမရေစင်ကို ဘာအတွက် သုံးချင်နေလဲဆိုတာ ကျုပ် ခန့်မှန်းကြည့်ရမလား…”

ကျန်းတရှန်း ပိုပို၍ မျက်မှောင်ကျုံ့လာခဲ့လေသည်။ ရန်ကိုင် သူ့လမ်းအား လာပိတ်နေသည့်အပေါ် သူ့စိတ်ထဲ စတင်၍ စိတ်မရှည်ဖြစ်လာရတော့သည်။ တစ်ဖက်လူ၏ တောင်းဆိုချက်ကို ငြင်းဆန်ပြီးသွားပြီ ဖြစ်ပါသော်ငြား ရန်ကိုင်ကမူ ထွက်မသွားသေးဘဲ ခေါင်းမာမာဖြင့် သူ့လမ်းကို ဆက်ပိတ်ထားခဲ့လေသည်။

ရန်ကိုင်ကမူ ကျန်းတရှန်း သူ့အပေါ် စိတ်မရှည်ဖြစ်လာသည်ကို မမြင်သည့်အလား ဆက်၍ပြောလိုက်လေသည်။ “အန္တိမရေစင်ကို သုံးတဲ့နေရာ တစ်မျိုးပဲရှိတယ်… ဆေးပင်တွေကို စိုက်တဲ့နေရာမှာပဲ… ဒီတော့ အန္တိမရေစင်ဆိုတာ ဆေးပညာရှင်တွေ အလိုချင်ဆုံး ပစ္စည်းတွေထဲက တစ်ခုပဲ… ဂိုဏ်းချုပ်ကျန်းက အန္တိမရေစင်ကို အဲ့အတွက် သုံးချင်နေတာမလား…”

“ဟုတ်တယ်…” ကျန်းတရှန်း ခေါင်းညိတ်လိုက်လေသည်။ အန္တိမရေစင်အား ဘာကြောင့်လိုနေမှန်းကို ခန့်မှန်းဖို့ရာ ဤမျှခက်ခဲနေစရာမလို။

ရန်ကိုင်က ပြုံး၍ ဆက်ပြောလိုက်လေသည်။ “ဒါပေမယ့် ဂိုဏ်းချုပ်ကျန်းဆီကနေ ဘာမီးဓာတ်အရှိန်အဝါကိုမှ မခံစားမိဘူး… ပြီးတော့ ဂိုဏ်းချုပ်ကျန်းရဲ့ ခန္ဓာကိုယ်မှာ ဘာဆေးရနံ့မှလည်း မရှိဘူး… ဒီတော့ ဂိုဏ်းချုပ်ကျန်းက ဆေးတာအိုမှာ မကျွမ်းကျင်ဘူးဆိုတာ လုံးဝသေချာတယ်…”

ကျန်းတရှန်းက ခေါင်းခါလျက် “သိုင်းတာအိုက ဒီလောက်ကျယ်ပြောနေတာကို ဘယ်လိုလုပ်ပြီး ဆေးတာအိုကို လေ့လာဖို့ အချိန်ရှိဦးမှာလဲ…”

ရန်ကိုင်က တည်တည်ငြိမ်ငြိမ်ဖြင့် ယဲ့ယဲ့လေးပြုံးလျက် ဆက်ပြောလိုက်သည်။ “အခြားတစ်နည်းနဲ့ပြောရရင်တော့ ဂိုဏ်းချုပ်ကျန်းက ဒီအန္တိမရေစင်ကို အခြားတစ်ယောက်ဆီ လက်ဆောင်ပေးဖို့ လုပ်နေတာပေါ့ ဟုတ်တယ်မလား… ပြီးတော့ ဂိုဏ်းချုပ်ကျန်း လက်ဆောင်ပေးမယ့်လူကလည်း ဆေးပညာရှင်တစ်ဦးပဲ ဖြစ်ရလိမ့်မယ်… ဒီလောက်အဖိုးတန်တဲ့ ပစ္စည်းတစ်ခုကို ဆေးပညာရှင်တစ်ယောက်ဆီ သွားလက်ဆောင်ပေးတယ်ဆိုတော့ ဂိုဏ်းချုပ်ကျန်း အဲ့ဆေးပညာရှင်ဆီကနေပြီးတော့ တစ်ခုခု ပြန်တောင်းဆိုချင်လို့ပဲ… ဖြစ်နိုင်ချေအများဆုံးကတော့ ဆေးဖော်စပ်ပေးဖို့ အကူအညီတောင်းချင်တာပေါ့ ဟုတ်တယ်မလား…”

တစ်ချက်မျှရပ်ပြီးသည့်နောက် ရန်ကိုင်က ဆက်၍ပြောလိုက်လေသည်။ “ဂိုဏ်းချုပ်ကျန်း အကူအညီတောင်းချင်နေတဲ့ ဆေးပညာရှင်က ခရမ်းကြယ်စင်ကုန်သွယ်ရေးအဖွဲ့အစည်းက ဆေးဝိဇ္ဇာဟွမ်ဖုမလား…”

ယခုတစ်ကြိမ်တွင်တော့ ကျန်းတရှန်း အမှန်တကယ်ကို အံ့အားသင့်သွားတော့လေသည်။ “အကြီးအကဲရန်က တကယ်ကို ခန့်မှန်းနိုင်တာပဲ…”

ရန်ကိုင်က ရယ်မောလျက် ပြန်ပြောလိုက်လေသည်။ “တောင်ဘက်နယ်မြေမှာ နာမည်ကျော်ဆေးပညာရှင် ဒီလောက် များများစားစား ရှိတာမဟုတ်ဘူးလေ… ပြီးတော့ ဂိုဏ်းချုပ်ကျန်းအနေနဲ့ ဒီလောက်အဖိုးတန်တဲ့ ရတနာကို သွားပေးရလောက်တဲ့ ဆေးပညာရှင်ဆိုလို့ ဧကရာဇ်အဆင့်ဆေးပညာရှင်တွေပဲ ရှိမှာလေ… အခြားဆေးပညာရှင်တွေကိုတော့ ထည့်တွက်နေစရာတောင်မလိုဘူး… အဲ့ဆေးပညာရှင်တွေက အခြားဂိုဏ်းတွေရဲ့ အပိုင်ဆိုတော့ သူတို့ဆီက သွားအကူအညီတောင်းဖို့ ဒီလောက်လွယ်မှာမဟုတ်ဘူး… ဒါပေမယ့် ခရမ်းကြယ်စင်ကုန်သွယ်ရေးအဖွဲ့အစည်းက မတူတော့ဘူး… သူတို့က စီးပွားရေးကို ဦးတည်လုပ်တာ… ပြီးတော့ ဆေးဝိဇ္ဇာဟွမ်ဖုက ပြင်ပကလူတွေ သူ့ဆီမှာ လာအကူအညီတောင်းတာကိုလည်း လက်ခံလေ့ရှိတာပဲ… ဒီတော့ ဂိုဏ်းချုပ်ကျန်း ဆေးဖော်စပ်ဖို့ အကူအညီတောင်းချင်တယ်ဆိုရင် ဆေးဝိဇ္ဇာဟွမ်ဖုဆီမှာပဲ သွားအကူအညီ‌တောင်းလို့ရမှာ…”

ထိုနေရာသို့အရောက်တွင် ကျန်းတရှန်းမှာ ဘာကိုဆက်၍ ဖုံးကွယ်မထားတော့ဘဲ ခေါင်းညိတ်၍ ပြန်ပြောလိုက်လေသည်။ “ဟုတ်တယ်… ဒီအန္တိမရေစင်က ဆေးဝိဇ္ဇာဟွမ်ဖုအတွက် ကျုပ် ပြင်ဆင်ပေးထားတာ…”

ရန်ကိုင်က ပြန်ပြောလိုက်လေသည်။ “ဂိုဏ်းချုပ်ကျန်းက ဒီအန္တိမရေစင်ကို လက်ဆောင်ပေးပြီးတော့ ဆေးဝိဇ္ဇာဟွမ်ဖုကို ဆေးဖော်စပ်ပေးဖို့ သွားတောင်းဆိုချင်တာမလား…”

“အဲ့ဒါ ဘာဖြစ်လို့လဲ…”

“ဘာမှတော့ မဖြစ်ပါဘူး… ဒါပေမယ့် ဆေးဝိဇ္ဇာဟွမ်ဖုက အရမ်းနာမည်ကျော်ကြားတာဆိုတော့ သူ့ဆီကနေ ဆေးဖော်စပ်ပေးဖို့ သွားအကူအညီတောင်းမယ်ဆိုလို့ရှိရင် အချိန်အကြာကြီး စောင့်ရမှာ… လူတိုင်းက ဂိုဏ်းချုပ်ကျန်းလိုပဲ ဆေးဝိဇ္ဇာဟွမ်ဖုဆီက သွားအကူအညီတောင်းတော့မယ်ဆိုရင် လက်ဆောင်အသီးသီးကို ပြင်လာကြမှာပဲလေ… ဒီတော့ ဂိုဏ်းချုပ်ကျန်း ဆေးဝိဇ္ဇာဟွမ်ဖုဦးစားပေးတာတော့ ခံရမှာမဟုတ်ဘူး… ရှင်းရှင်းပြောရလို့ရှိရင် ဆေးဝိဇ္ဇာဟွမ်ဖု ဂိုဏ်းချုပ်ရဲ့လက်ဆောင်ကို လက်ခံလိုက်မယ်ဆိုလို့ရှိရင်တောင် ဂိုဏ်းချုပ်ကျန်းအနေနဲ့ အချိန်အကြာကြီး စောင့်နေရဦးမှာ…”

ကျန်းတရှန်းက မျက်မှောင်ကျုံ့လျက် “ဒီကျန်း အဲ့ဒါကို သိပြီးသား… ဒါပေမယ့် ဆေးဝိဇ္ဇာဟွမ်ဖုသာ ဒီလက်ဆောင်ကို လက်ခံလိုက်မယ်ဆိုရင် သုံးလအတွင်း အကျိုးထူးနိုင်တယ်… နှစ်နဲ့ချီပြီး ထိုင်စောင့်နေရတာထက်စာရင်တော့ ပိုသာသေးတာပေါ့…”

“သုံးလ…” ရန်ကိုင်က ရယ်သွမ်းသွေးလျက် လက်ညှိုးတစ်ချောင်းထောင်ကာ ပြန်ပြောလိုက်လေသည်။ “ဂိုဏ်းချုပ်ကျန်းလိုချင်နေတဲ့ဆေးလုံးကို ကျုပ် တစ်ရက်အတွင်း ရအောင် လုပ်ပေးနိုင်မယ်ဆိုရင်ရော…”

“ဘယ်လို…” ကျန်းတရှန်း၏ခန္ဓာကိုယ် တုန်ရီသွားခဲ့လေသည်။ “တစ်ရက်… မဖြစ်နိုင်ဘူး…”

ရန်ကိုင်၏စကားကိုကြားပြီးသည့်နောက် ကျန်းတရှန်း၏စိတ်ထဲ သံသယတို့ ထွက်ပေါ်လာခဲ့လေသည်။ အခြားတစ်နေ့နေ့တွင်သာ ရန်ကိုင်သာ သူ့အား ယခုကဲ့သို့ စကားမျိုးကို လာပြောခဲ့မည်ဆိုလျှင်တော့ ကျန်းတရှန်းသည် လုံးဝကို အရေးစိုက်နေလိမ့်မည်မဟုတ်။ သို့သော်ငြား လက်ရှိအချိန်တွင် ရန်ကိုင်မှာ နေမင်းပြာကျောင်းတော်၏ အကြီးအကဲတစ်ဦး ဖြစ်နေပြီဖြစ်သည့်အတွက်ကြောင့် သူ့အား လိမ်ညာလောက်လိမ့်မည်မဟုတ်။

ယာယီမျှ တုံ့ဆိုင်းနေပြီးသည့်နောက်တွင် ကျန်းတရှန်းက ပြန်၍ပြောလိုက်လေသည်။ “အကြီးအကဲရန် ဘယ်ဆေးပညာရှင်ကို သိနေတာလဲ…”

“ဂိုဏ်းချုပ်ကျန်း ကျိယင်ဆိုတဲ့နာမည်ကို ကြားဖူးလား…” ရန်ကိုင်က မေးလိုက်လေသည်။

“ကျိယင်…” ကျန်းတရှန်းသည် ထိုနာမည်ကိုရေရွတ်ရင်း အတွေးနက်သွားခဲ့လေသည်။ သို့သော်ငြား ခဏအကြာ၌ အသိပြန်ဝင်လာခဲ့ပြီး ထိတ်လန့်အံ့အားသင့်နေသည့် အမူအယာဖြင့် ဆေးဝိဇ္ဇာကျိယင်… မဟာဆေးဧကရာဇ်ရဲ့ တပည့်ကို ပြောတာလား…”

“သူကလွဲပြီး ဘယ်သူရှိဦးမှာလဲ…”

“အကြီးအကဲရန် တကယ်ကြီး ပြောနေတော့ မဟုတ်ဘူးမလား…” ကျန်းတရှန်း လုံးဝကို ထိတ်လန့်တုန်လှုပ်နေခဲ့လေသည်။ “ဆေးဝိဇ္ဇာကျိက မြောက်ဘက်နယ်မြေမှာရှိတာလေ… အကြီးအကဲရန်ပြောတဲ့ တစ်ရက်အတွင်း…”

ရန်ကိုင်က ဖြတ်ပြောလိုက်လေသည်။ “အခု ကျိယင်က နေမင်းပြာကျောင်းတော်မှာ ရှိနေတယ်… ပြီးတော့ ကျုပ်က သူနဲ့ရင်းနှီးတယ်… ဒါကြောင့်မလို့ ဂိုဏ်းချုပ်ကျန်းလိုချင်နေတဲ့ဆေးလုံးကို တစ်ရက်အတွင်းရအောင် လုပ်ပေးမယ်လို့ ပြောနိုင်တာ…”

ကျန်းတရှန်း လုံးဝကို မင်သက်သွားခဲ့လေသည်။

မဟာဆေးဧကရာဇ်၏ တပည့်ဆီမှ အကူအညီတောင်းနိုင်မည့် အခွင့်အရေး။ သို့သော်ငြား ထိုမဟာဆေးဧကရာဇ်၏ တပည့်နှင့် ရင်းနှီးနေရုံဖြင့် ထိုဆေးပညာရှင်ဆီမှ ယခုကဲ့သို့ သွားအကူအညီတောင်းနိုင်မည်လား။ ထို့အပြင် ဆေးဝိဇ္ဇာကျိယင် နေမင်းပြာကျောင်းတော်၌ ရှိနေသည်ဟူသော အချက်မှာလည်း အလွန်ကိုမှ မယုံကြည်နိုင်စရာ ကောင်းနေလွန်းခဲ့သည်။

ကျန်းတရှန်းစိတ်ထဲ ဝေခွဲမရဖြစ်နေစဉ်မှာပင် ရန်ကိုင်က ထပ်ပြောလိုက်လေသည်။ “ဂိုဏ်းချုပ်ပဲစဉ်းစား… ဒီလက်ဆောင်ကို သွားပေးပြီးတော့ ဂိုဏ်းချုပ်ကျန်းလိုချင်နေတဲ့ဆေးလုံးကိုရဖို့ သုံးလလောက် ထိုင်စောင့်မလား… ဒီလက်ဆောင်ကိုပေးပြီး ဂိုဏ်းချုပ်ကျန်းလိုချင်နေတဲ့ဆေးလုံးကို မနက်ဖြန်ပဲလိုချင်လား… ဒါပေမယ့် အမှန်အတိုင်းပြောရရင်တော့ ဂိုဏ်းချုပ်ကျန်း ဆေးဝိဇ္ဇာဟွမ်ဖုဆီကနေ သွားအကူအညီတောင်းမယ်ဆိုလို့ရှိရင်တောင် သုံးလဆိုတဲ့အချိန်အတွင်း ရကောင်းရနိုင်ပေမယ့် ဆေးဖော်စပ်ခ ပေးရဦးမှာ… အဲ့ဆေးဖော်စပ်ခက နည်းမှာမဟုတ်ဘူး… ဒါပေမယ့် ကျုပ်ရဲ့အဆက်အသွယ်ကို သုံးလိုက်မယ်ဆိုရင်တော့ ဆေးဖော်စပ်ခ ပေးနေစရာ မလိုတော့ဘူး…”

“ဆေးဖော်စပ်ခ ပေးစရာမလိုဘူး…” ကျန်းတရှန်း၏မျက်လုံးများ တောက်ပသွားခဲ့လေသည်။

ဧကရာဇ်အဆင့်ဆေးပညာရှင်တစ်ဦးအား ဆေးဖော်စပ်ပေးရန် သွားရောက်အကူအညီတောင်းသည့်အခါ လိုအပ်သည့်ဆေးအမယ်အားလုံးကို ပြင်ဆင်ပေးရရုံမက ဆေးဖော်စပ်ခကိုလည်း ပေးချေရသေး၏။ ထို့ကြောင့်သာလျှင် ဆေးပညာရှင်များ အလွန်တရာကိုမှ ကြွယ်ဝချမ်းသာနေရခြင်းပင်။

“ဒီတစ်ကြိမ်ပဲ…” ရန်ကိုင်က မျက်နှာသေဖြင့် ပြန်ပြောလိုက်သည်။

ရန်ကိုင်၏စကားကို ကြားပြီးသည့်နောက် ကျန်းတရှန်းက စိတ်လှုပ်ရှားနေသည့်လေသံဖြင့် ချက်ချင်း ထပ်မေးလေ၏။ “ဒါဆိုရင် နောက်တစ်ကြိမ်လည်း ဒီကျန်း ထပ်ပြီးတော့…”

“နောက်တစ်ကြိမ်ကျရင်တော့ ဆေးဖော်စပ်ခပေးရမှာပေါ့…” ရန်ကိုင်က ရယ်သွမ်းသွေးလိုက်လေသည်။

ကျန်းတရှန်း အလွန်ကိုမှ ဝမ်းမြောက်သွားခဲ့လေသည်။ သူသည်သာ ဆေးဝိဇ္ဇာကျိယင်နှင့် ဆက်ဆံရေးတစ်ခု တည်ထောင်နိုင်မည်ဆိုပါက အခြားသောဆေးပညာရှင်များအား ခခယယ သွားအကူအညီတောင်းနေစရာ မလိုတော့ချေ။ ထို့အပြင် ယခုတစ်ကြိမ်၌ ဆေးဖော်စပ်ခကိုလည်း ပေးစရာမလိုသည့် အတွက်ကြောင့် ကျန်းတရှန်းမှာ အတော်လေးကိုမှ စိတ်လှုပ်ရှားသွားလေ၏။

ကျန်းတရှန်း၏အမူအယာကို မြင်သော် ရန်ကိုင်သည် သံအား ပူတုန်းဆက်ထုရန် ဆုံးဖြတ်လိုက်လေသည်။ “အမှန်အတိုင်းပြောရရင် ကျုပ်လည်း ဒီအန္တိမရေစင်ကို ဆေးဝိဇ္ဇာကျိယင်ဆီ ပေးဖို့ စဉ်းစားနေတာ… ဒါကြောင့်ပဲ ဂိုဏ်းချုပ်ကျန်းဆီကနေ လာတောင်းနေတာ… ဂိုဏ်းချုပ် ဈေးပြောလိုက်… ကျုပ် အဲ့ဈေးကို ပေးပေးမယ်…”

“မလိုပါဘူး…” ကျန်းတရှန်းမှာ ဆုံးဖြတ်ပြီးသွားပြီ ဖြစ်သည့်အတွက်ကြောင့် ဆက်၍ တုံ့ဆိုင်းမနေတော့ပေ။ ချက်ချင်းပဲ ရန်ကိုင်ဆီသို့ သိုလှောင်လက်စွပ်တစ်ကွင်းကို ပစ်ပေးလျက် ပြောလိုက်လေ၏။ “အန္တိမရေစင်နဲ့ လိုအပ်တဲ့ဆေးအမယ်တွေက အဲ့ထဲမှာရှိနေတယ်… အကြီးအကဲရန်ကိုပဲ ကျုပ် အားကိုးလိုက်တော့မယ်နော်…”

ရန်ကိုင်လည်း သိုလှောင်လက်စွပ်ကို စစ်ဆေးကြည့်လိုက်လေ၏။ ထို့နောက် ပြုံး၍ ပြန်ပြောလိုက်လေသည်။ “ဒီမှာ တစ်ရက်ပဲစောင့်နေ… နက်ဖြန်ကြရင် ကျုပ် ဒီကို ပြန်လာခဲ့မယ်…”

“ကျေးဇူးအများကြီးတင်ပါတယ်…”

All Chapters