မုန်တိုင်းလှိုင်း အနောက်လိုက်ခြင်း ၁
Vol. 24 Ch. 346
ဒရာကာမာ ရေခဲချောက်ကမ်းပါး၏ အထက်ရှိ နှင်းဖုံးလွင်ပြင်တွင် ယဉ်တန်းသည် သံမဏိဒီရေအလား ရှေ့သို့ တရွေ့ရွေ့သွားနေ၏။ အင်ဂျင်များ၏ အသံသည် တဟူးဟူးတိုက်ခတ်နေသော မုန်တိုင်းကိုပင် စုတ်ဖြဲပစ်နေလေသည်။
“ကျည်တွေကို သတိထားသုံးကြ.... အကောင်ကြီးတွေ မပေါ်လာသေးဘူး”
လင်းရှန်သည် ဆက်သွယ်ရေးစက်မှနေ၍ အော်ပြောလိုက်သည်။ နှင်းမုန်တိုင်းထဲမှ ခြေလေးချောင်း နှင်းမွန်းစတားများနှင့် ပျံသန်းနိုင်သည့် ထူးဆန်းသည့် သတ္တဝါများ ပေါ်မလာသေးပေ။
ယခုအချိန်သည် ခဲယမ်းမီးကျောက်—အထူးသဖြင့် လက်နက်ကြီးများကို ချွေတာရမည့်အချိန် ဖြစ်သည်။ ကာကွယ်ရေးနယ်မြေမှ အနန္တ ရထားဆီသို့ အမြန်ဆုံးမောင်းသွားလျှင်ပင် နာရီဝက်ခန့် ကြာဦးမည်။ နဂါးတောင် ၁ ၊ အနန္တရထားတို့နှင့် ချိတ်ဆက်နိုင်ခဲ့လျှင်ပင် ၎င်းသည် မုန်တိုင်းမကျမီ ခဏတာ ငြိမ်သက်ခြင်းမျှသာ ဖြစ်ပေဦးမည်။ ညအမှောင်ကျလျှင် အမှောင် အမှတ်အသားပါသော လူထောင်ပေါင်းများစွာသည် အမှန်တကယ် ထိတ်လန့်စရာများနှင့် ရင်ဆိုင်ကြရပေမည်။
ခွီးးးး
နှင်းတစ္ဆေ ရာနှင့်ချီ၍ ၎င်းတို့၏ ဆူးပါသည့် အမြီးများ တလက်လက်တောက်နေလျက် နက်ရှိုင်းသော နှင်းအောက်မှ ရုတ်တရက် ပေါ်ထွက်လာကာ ယဉ်တန်းကို ကျိုင်းကောင်များအလား ဝိုင်းအုံလာကြသည်။ ယဉ်တန်းသည် အရှိန်မြှင့်ထားပြီး ဖြစ်သော်လည်း နှင်းတစ္ဆေများသည် နှင်းအောက်တွင် လျင်မြန်စွာ ရွေ့လျားလာကြပြီး အရပ်မျက်နှာအားလုံးမှ ထူးဆန်းသည့် သတ္တဝါများသည် ဒီရေလှိုင်းကြီးအလား ပြိုဆင်းလာကြသည်။ ထိုသို့ ကြီးမားသော တိုက်ခိုက်မှုမြင်ကွင်းသည် လူများစွာ၏ ကျောရိုးများအား စိမ့်တတ်သွားစေခဲ့သည်။
ဝူးးးး
ရှောင်ချင်းသည် ဝင်ရိုးစွန်းယာဉ်၏ လီဗာကို အားကုန်နင်းချလိုက်သည်။ တာယာများသည် ရူးသွပ်စွာ လည်ပတ်ကာ နှင်းများကို ယက်ထုတ်လိုက်သည်။ သူမ၏ ယာဉ်သည် ရှီတိယွမ်၏ ရထားနောက်ဘက် နံဘေးသို့ ကပ်လိုက်သွားသည်။
ကလန်
နှင်းတစ္ဆေ တစ်ကောင်သည် ရုတ်တရက် နှင်းထဲမှ ခုန်ထွက်လာကာ ယာဉ်မောင်းဘက်တံခါးကို ဆောင့်ဝင်တိုက်ပြီး အော်ဟစ်သံပြုလျက် ၎င်း၏ ဆူးကို အတွင်းသို့ ထိုးသွင်းရန် ကြိုးစားလိုက်သည်။
ရှောင်ချင်းသည် တုန်လှုပ်မသွားပဲ ပြတင်းပေါက်ကို ချလိုက်ပြီး လက်ဝဲလက်ဖြင့် ဓားကို ဆွဲထုတ်ကာ ထိုသတ္တဝါ၏ ဦးခေါင်းကို တိခနဲဖြတ်ချလိုက်သည်။ ထို့နောက် တံခါးကို ပြင်းထန်စွာ ကန်ထုတ်လိုက်ရာ တံခါးနှင့် အလောင်းနှစ်ခုလုံး တစ်ပြိုင်နက် လွင့်စင်သွားလေသည်။
ထိုမြင်ကွင်းကြောင့် လင်းရှန် သက်ပြင်းချလိုက်မိသည်။ သူ ခုနကမှ ထိုတံခါးကို ပြင်ပေးထားရုံရှိသေးသည်။ “ဒီကောင်မလေးက အအေးဒဏ်ကို လုံးဝမကြောက်ဘူး တကယ်ပဲ...”
ဘန်း ဘန်း ဘန်း
ယခုအခါ ယဉ်တန်း၏ ဘေးနှစ်ဖက်စလုံးသို့ နှင်းတစ္ဆေများ ဆောင့်ဝင်တိုက်နေကြပြီ။ သေနတ်သံများ ထွက်ပေါ်လာသည်။ ထိုအုံလိုက်ကျင်းလိုက် သတ္တဝါများက အတွင်းဘက်သို့ ဖိအားပေးလာသောကြောင့် အပြင်ဘက်မှ ယာဉ်များသည် အလယ်ဗဟိုတွင် ပိုမိုနီးကပ်စွာ ကပ်လာရန် တွန်းအားပေးခြင်း ခံရသည်။
“သုံးနာရီမှာ....ခြေလေးချောင်း အကောင်ကြီးတွေချည်းပဲ”
“ခုနစ်နာရီဘက်မှာလည်း ရှိတယ်”
“ရှေ့က ဟာကျူလီလေယာဉ်ပျက်ကျတဲ့နေရာကို သတိထားကြ”
“အနောက်ဘက်ကောင်းကင်မှာ အမည်မသိ ပျံသန်းနေတဲ့ သတ္တဝါတစ်ကောင်ရှိတယ် ”
ဗုံး-ဗုံး-ဗုံး
မြေပြင်သည် တုန်ခါသွား၏။ နှင်းဖုံးလွင်ပြင်တစ်လျှောက် နှင်းများ တုန်ခါကုန်သည်။ ချောက်ကမ်းပါး အစွန်းမှနေ၍ ရေလှိုင်းလုံးများအလား မရေမတွက်နိုင်သော သတ္တဝါများသည် လှိုင်းလုံးလိုက် တရိပ်ရိပ်တက်လာကာ ယဉ်တန်းကို လိုက်လံ ဖမ်းဆီးနေကြပြီး နောက်ဘက်တွင် ကြီးမားသော မွန်းစတား စစ်တပ်ကြီးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
ယုဟန်သည် အပြည့်ဝတပ်ဆင်ထားသည့် နှင်းတောသုံးယာဉ်ဖြင့် နည်းပညာအဖွဲ့နှင့်အတူ လိုက်ပါလာခဲ့သည်။ အပြင်ဘက်မှ ကစဥ့်ကလျားအခြေအနေကို ကြားလိုက်ရသောအခါ သူ၏မျက်နှာသည် တင်းမာနေသည်။
“အဖွဲ့ခေါင်းဆောင်ယု...”
လုပ်ဖော်ကိုင်ဖက်နှစ်ဦးသည် နောက်ဘက်ပြတင်းပေါက်ကို ထိတ်လန့်တုန်လှုပ်စွာ ကြည့်နေကြသည်။ ယု လှည့်ကြည့်လိုက်သည်—ထို့နောက် ရေခဲရိုက်ခံလိုက်ရသလို ဖြစ်သွားသည်။
သူတို့နောက်မှ နှင်းဖုံးလွင်ပြင်သည် ပျောက်ကွယ်သွားပြီ။ ၎င်းနေရာတွင် မီးခိုးရောင်ဖျော့ဖျော့ နှင်းတစ္ဆေလှိုင်းလုံးများသည် သက်ရှိပင်လယ်ကြီးအလား တရိပ်ရိပ်တက်လာပြီး ကြောက်မက်ဖွယ်ကောင်းလောက်အောင် မြန်သောအရှိန်ဖြင့် တိုးဝင်လာနေသည်။
မီးလျှံပစ်စက်များသည် နောက်သို့ မီးများ ပန်းထုတ်ပေးနေသည်။ လောင်ချာများမှ ပေါက်ကွဲမှုတိုင်းသည် သတ္တဝါဒါဇင်ပေါင်းများစွာကို စုတ်ပြတ်သတ်စေပြီး ပြတ်တောက်သွားသော ကိုယ်လက်အင်္ဂါများနှင့် သွေးသံရဲရဲများ လေထဲတွင် ပျံဝဲစေသည်။
“ဒါက ရူးလောက်စရာပဲ... ဘာလို့ အများကြီးရှိနေရတာလဲ”
“Unit-01 စမ်းသပ်မှုတွေတုန်းက ဒီလောက် မများခဲ့ဘူးဆိုတာ ငါမှတ်မိပါတယ်။ ဘာလို့ ဒီနေရာကိုပဲ အကုန်ဝိုင်းအုံနေကြတာလဲ”
ယုဟန်၏ မျက်လုံးများ လင်းလက်သွားသည်။
“S-Class အဆင့် သတ္တဝါ နံပါတ် ၁၃ နဲ့ ဆက်စပ်နေနိုင်တယ်”
အနားရှိ သက်လတ်ပိုင်းအရွယ် သုတေသီတစ်ဦးက စိုးရိမ်တကြီးဖြင့် ပြောလိုက်သည်။
“စောင့်ကြည့်ရေးအဖွဲ့ပြောတာ နံပါတ် ၁၃ က ယန်ဝမ် ရွှံ့ညွန်အိုင်ဘက်ကို ဦးတည်သွားတာ သေချာတယ်မဟုတ်လား”
ယုဟန် ခေါင်းယမ်းလိုက်သည်။ “ဒီလောက် မရိုးရှင်းဘူး။ နောက်ဆုံး တိုက်ပွဲပြီးတော့ Unit-01 က အလွန်အေးတဲ့ ရေခဲလေပွေအောက်က ထူးဆန်းတဲ့ သတ္တဝါတွေ အားလုံးရဲ့ အဓိကပစ်မှတ် ဖြစ်လာတယ်။ ဒီလောက် ကြီးမားတဲ့ အပြုအမူမျိုးကို ငါတို့ တစ်ခါမှ မမြင်ဖူးဘူး”
“အဖွဲ့ခေါင်းဆောင်ယု”
သုတေသီက လေးနက်စွာ ပြောလိုက်သည်။
“S-Class သတ္တဝါတွေမှာ တစ်မျိုးမျိုးသော... အမိန့်ပေးနိုင်တဲ့ စွမ်းရည် ရှိနေနိုင်တာလား”
“အမိန့်တွေ” ယု၏ မျက်မှန်သည် အရောင်တစ်ချက် ပြန်ဟပ်သွားသည်။
“မင်း ပြောချင်တာ အဲဒါပဲမဟုတ်လား”
သုတေသီက လျင်မြန်စွာ ခေါင်းညိတ်လိုက်သည်။ “ဟုတ်တယ်။ ဥပမာ-သူတို့က ကျွန်တော်တို့နဲ့ Unit-01 ကို အမှတ်အသား လုပ်လိုက်ပြီ၊၊ အခု ဒီဒေသထဲက အရာအားလုံးက ကျွန်တော်တို့ဆီကိုပဲ ဦးတည်လာနေသလိုမျိုး… ဒီအခြေအနေတစ်ခုလုံးက အစကတည်းက မှားနေတာ”
“အတိအကျပဲ၊ ငါတို့အားလုံးက Unit-01 ဆီက ဆူညံသံတွေကြောင့်ပဲ ထင်ခဲ့တာ။ ဒါပေမဲ့ ကပ္ပတိန်လင်းရဲ့ အစီရင်ခံစာမှာ ငါတို့ တိုက်ခိုက်ခံရချိန်မှာ သူတို့ဟာ ကီလိုမီတာရာပေါင်းများစွာ ဝေးနေတယ်—ပြီးတော့ နှင်းတစ္ဆေတွေကို လုံးဝမတွေ့ရဘူးတဲ့။ ဒါက တကယ့်ကို ထူးဆန်းတယ်”
“ပြီးတော့ ငါတို့ ဆုံးရှုံးမှုတွေကလည်း ကြီးမားတယ်။ အဲဒီ ပိုးကောင်နက်ကြီးမှာ A-Class အဆင့် ခန့်မှန်းချက်တွေထက် အများကြီးပိုတဲ့ ဖျက်ဆီးနိုင်စွမ်း ရှိတယ်၊၊ ပြီးတော့ ဒီချောက်ကမ်းပါးထဲမှာ အဲဒါမျိုး တစ်ကောင်မက ရှိနေတယ်”
“ဒါတွေအားလုံးက ဒီသတ္တဝါတွေ ဘယ်လိုပြုမူတယ်ဆိုတာ လေ့လာဖို့အတွက် အထောက်အကူ ဖြစ်စေတယ်”
ယုဟန်က ခေါင်းညိတ်ရင်း ပြောလိုက်သည်။ သူတို့နောက်ဘက်တွင် သေနတ်သံများသည် မီးရှူးမီးပန်းများဖောက်နေသည့်အလား ဆက်တိုက်ထွက်ပေါ်နေပြီး နှင်းလွင်ပြင်သည် ဆူပွက်နေသည်။ သူ နောက်လှည့်ကြည့်ပြီး အဖွဲ့ကို ပြောလိုက်သည်။
“နံပါတ် ၁၃ ပြသခဲ့တဲ့ စွမ်းရည်တွေက အထူးသဖြင့်...”
သူ ယာဉ်ထဲရှိ သတ္တုပစ္စည်းအချို့ကို ကြည့်လိုက်ပြီး အသံက လေးနက်နေသည်။
“Unit-01 ကို စွန့်လွှတ်ခဲ့ရပေမဲ့… စမ်းသပ်မှုဒေတာတွေကို ငါတို့ မဖြစ်မနေ ထုတ်ယူရမယ်။ မဟုတ်ရင် ငါတို့ ကြိုးစားခဲ့သမျှ အရာအားလုံး ဆုံးရှုံးသွားလိမ့်မယ်”
ဝုန်း ဝုန်း
တုန်ခါမှုများသည် မြေပြင်ကို လှုပ်ခါလိုက်သည်။ ယဉ်တန်းသည် တောင်ကြားလမ်းဝတစ်နေရာသို့ ရောက်ရှိလာ၏—ထိုနေရာသည် လင်းရှန်နှင့် နန်ကျင်းတို့ ယခင်က ရပ်တန့်ခဲ့သည့်နေရာဖြစ်သည်။
သူတို့သည် ပျက်စီးနေသော တိုက်လေယာဉ်များနှင့် ကျိုးပဲ့နေသော ယာဉ်များကို ဖြတ်၍ မောင်းနှင်လာခဲ့ရာ သူတို့ရှေ့တွင် မီတာရာပေါင်းများစွာ ရှည်လျားသော ကြီးမားသည့် တွင်းနက်ပိုးကောင်အလောင်းတစ်ခုကို တွေ့လိုက်ရသည်၊၊
“အဲဒါ ငါတို့ သတ်ခဲ့တဲ့ကောင်ပဲ”
နဂါးတောင် ၁ ပေါ်တွင် နန်ကျင်းသည် ရှေ့သို့ လက်ညှိုးထိုးပြသည်။
“ကျွန်မတို့ ကပ္ပတိန်လင်းရဲ့ နေရာနား ရောက်နေပြီ”
ရှီတိယွမ်သည် ဘယ်ဘက်ကုန်းတောင်များနှင့် ညာဘက်ချောက်ကမ်းပါးဘက်ကို လှည့်ပတ်ကြည့်ရှုရင်း လေးနက်သောအသံဖြင့် ပြောလိုက်သည်။
“ငါတို့ မြန်မြန်သွားဖို့လိုတယ်။ မကြာခင် ပိုဆိုးလာတော့မယ်”
ဝှစ် ဝှစ် ဝှစ်—
မွန်းစတားဒီရေ တက်လာလေပြီ။
ယဉ်တန်း၏ နောက်ဘက်တွင် ချီလီ၏ ဂျိုကာယဉ်တန်းရှိနေသည်။ ချီလီသည် အထူစားသားမွေးကုတ်အင်္ကျီကို ဝတ်ဆင်ထားပြီး ကြီးမားသော ဝင်ရိုးစွန်းယာဉ်၏ ဘေးတွင် ရပ်လျက် လက်ရန်းကို ကိုင်ထားကာ အေးခဲသော လေဒဏ်ကို ခံနေသည်။ နောက်ဘက်တွင် နှင်းတစ္ဆေများက မြေခွေးများအလား တရိပ်ရိပ်တက်လာကြပြီး အချို့သည် မီတာအနည်းငယ်သာ ဝေးတော့သည်။
“အရမ်း စက်ဆုပ်ဖို့ကောင်းလိုက်တာ~”
သူ နားကြပ်ကို ဖိလိုက်သည်။
“ယူနစ်အားလုံး၊ သတိထား—နှင်းပြိုတော့မယ်။ အရှိန်မြှင့်ကြ”
“ကောင်းပါပြီ ဆရာ”
“အားလုံး အသင့်ပြင်ကြ” လင်းရှန်၏ အသံသည် ဆက်သွယ်ရေးစနစ်တွင် ပဲ့တင်ထပ်လာသည်။
သူ၏ ဝင်ရိုးစွန်းယာဉ်ထဲတွင် လင်းရှန်သည် ပိုးကောင်အလောင်း၏ နောက်ဘက် ဆင်ခြေလျှောကို တစ်ချက်ကြည့်လိုက်ပြီး သူ၏ လက်ထဲရှိ နာရီနှင့် ဖောက်ခွဲရေးခလုတ်ကို စိုက်ကြည့်နေသည်။ ယခင်က သူသည် ကီကီကို ဆင်ခြေလျှောပေါ်နှင့် ပိုးကောင်အလောင်းကိုယ်ပေါ်တွင်—သတ္တုဗုံးများ တပ်ဆင်ရန် လွှတ်ခဲ့သည်။
ကီကီသည် စိုးရိမ်တကြီးဖြင့် သူ့ဘက်သို့ လှည့်လာသည်။
“ဟေး… မေးဖို့ မေ့သွားတယ်—ဒီနှင်းတွေက နှင်းတစ္ဆေတွေကို မြှုပ်ပစ်ဖို့ လုံလောက်ပါ့မလား”
“လုံးဝ မလုံလောက်ဘူး။ အဲဒါက အုပ်စုကြီးကို လွင့်စင်သွားစေရုံပဲ... ငါတို့ကို အသက်ရှုချိန် ခနလေးပေးဖို့ပဲ” လင်းရှန်သည် ဖောက်ခွဲရေးခလုတ်ကို ကြည့်ရင်း ပြောလိုက်သည်။
“ငါ့ရဲ့ တကယ့်ပစ်မှတ်က ပိုးကောင်အလောင်းပဲ။ အဲဒါကြောင့် မင်းကို အပူချိန်မြင့်ဗုံးတွေ သုံးခိုင်းတာ”
ကီကီ ခေါင်းညိတ်လိုက်သည်။ “မြေအောက်က တစ်ကောင်ကို ထွက်လာအောင် ဆွဲဆောင်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ အဲဒါက အမြဲတမ်း ချောင်းမြောင်း တိုက်ခိုက်ပြီး ထွက်ပြေးနေတာကြောင့် ညဘက်ဆို ပိုပြီးတောင် ကိုင်တွယ်ရ ခက်လိမ့်မယ်”
လင်းရှန်သည် မျက်လုံးမှေးလိုက်ပြီး သူတို့အောက်မှ တုန်ခါမှုများကို အာရုံခံလိုက်သည်။
“လာနေပြီ။ ငါတို့ သူ့ကို အချိန်ကိုက်ဖျက်ဆီးပစ်ဖို့လိုတယ်”