← Chapters

မြူနတ်ဆိုး ... ။

Vol. 15 Ch. 176

မြူနတ်ဆိုး ... ။

Vol. 15 Ch. 176

ကူချန် ရောက်ရှိလာသောအခါ တာအိုချင်းရှသည် မျှော်စင်ပေါ်သို့ ရောက်ရှိ နှင့်ပြီးဖြစ်၏။ သူက လေသာဆောင်၌ ရပ်ကာ အောက်ဘက်သို့ ငုံ့ကြည့်နေသည်။

လေတိုက်နှုန်းသည် မပြင်းချေ။ သို့သော် လေတိုက်သံမျှော်စင်၏ အရှေ့မြောက်ဘက်ရှိ ခေါင်းလောင်းသည် ပြင်းန်စွာ တုန်ခါနေ၏။

“ ချွင် ... ချွင် ... ။ ”

၎င်းအသံသည် ရှင်းလင်းပြီး ကြည့်နူးဖွယ်အသံ မဟုတ်သော်လည်း စူးရှကာ ထူးဆန်းနေသည်။

လေတိုက်သံမျှော်စင်သည် အဋ္ဌဂံပုံစံဖြစ်သည်။ မျှော်စင်၏ ထောင့်တိုင်း၌ ခေါင်းလောင်းတစ်ခု ချိတ်ဆွဲထား၏။

ထောင့်တိုင်းသည် မြောက်ဘက်၊ အရှေ့မြောက်၊ အရှေ့၊ အရှေ့တောင်၊ တောင်၊ အနောက်တောင်၊ အနောက်နှင့် အနောက် မြောက်ဘက်ထံ ဦးတည်ထားသည်။

ကူချန်ရောက်ရှိလာသည်ကို မြင်ချိန်တွင် တာအိုချင်းရှမှ အံ့အားသင့်သော အကြည့်ဖြင့်၊

“ ချန် ... ဒီမှာဘာဖြစ်နေတာလဲ။ ”

-ဟု မေးမြန်းတော့၏။

ကူချန်က ချက်ချင်း မဖြေသေးဘဲ အသံမြည်နေသော ခေါင်းလောင်းထံ တစ်ချက် မော့ကြည့်လိုက်၏။ ထို့နောက်၊

“ ဒီမျှော်စင်ကို ဝင်္ကပါအဖြစ် အသုံးပြုထားတယ် ... မိုင်တစ်ထောင်အတွင်းမှာ ရှိနေတဲ့ ... ဘယ်နတ်ဆိုးရောင်ဝါကိုမဆို ဖမ်းယူနိုင်တယ်။ ”

-ဟု ဖြေကြားလိုက်လေသည်။ သူ့အဖြေကြောင့် တာအိုချင်းရှမှ မျက်လုံးပြူး သွားကာ၊

“ ဒါဆို ... ဒီခေါင်းလောင်းမြည်သံက ... ။ ”

“ ဟုတ်တယ် ... မိုင်တစ်ထောင် အကွာအဝေးအတွင်းမှာ နတ်ဆိုးတစ်ကောင် ပေါ်လာနေပြီ။ ”

ကူချန်မှ ခဏမျှ တွက်ချက်ကြည့်ပြီး၊

“ ဒါပေမယ့် ... အန္တရာယ်တော့ မရှိပါဘူး၊ ငါသွားကြည့်လိုက်မယ်။ ”

-ဟု ပြောကြားလိုက်၏။

တစ်ဖက်တွင် တာအိုချင်းရှက သက်ပြင်းချလျက်၊

“ နောင်ရက်တွေမှာ အေးချမ်းတော့မယ် မထင်ဘူး။ ”

-ဟု ညည်းညူလိုက်၏။

“ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ် ... နတ်နဂါးမြို့တော်ကို ငါ မင်းနဲ့ထားခဲ့မယ် ဆရာ ... ။ ”

“ ကောင်းပြီ ... ။ ”

“ ဝှစ် ... ။ ”

စကားဆုံးသည်နှင့် ကူချန်တစ်ယောက် လေထဲပျံတက်သွား၏။ တစ်ဆက်တည်းမှာပင် တောအုပ်အတွင်းမှ မီးစာငှက်တစ်ကောင် ပျံတက်လာလေသည်။

“ ကျီး ... ။ ”

ထို့နောက် ကူချန်သည် မီးစာငှက်ကျော၌ တင်ပျဉ်ခွေထိုင်ကာ အရှေ့မြောက် အရပ်ထံသို့ ဦးတည်သွားတော့၏။

ထိုအရပ်တွင် မြင့်မားသော တောင်တန်းကြီးများနှင့် ထူထပ်နက်ရှိုင်းသည့် တောအုပ်ကြီးများရှိသည်။

တောအုပ်အတွင်း တစ်နေရာတွင် သွေးများရွဲနစ်နေသော လူတစ်ယောက်သည် ထိတ်လန့်တကြား ပြေးလွှားနေပြီး သူ့နောက်မှ အနက်ရောင်မြူတန်းတစ်ခု လိုက်ပါနေ၏။

“ ဟီးဟီး ... ဟား ဟား ဟား ... မင်းဒဏ်ရာက ပြင်းထန်တယ် ငါ့ရဲ့လက်ကနေ မင်းလွတ်မြောက်နိုင်မှာ မဟုတ်ဘူး ...

... လူသားကောင် ... အဲဒီတုန်းက မင်းငါ့ကိုဖမ်းပြီး နတ်မုဆိုးတွေဆီ ခေါ်သွားတာ မှတ်မိသေးလား ... ဒီနေ့ မင်းအလှည့်ရောက်ပြီ ဟားဟားဟား ... ။ ”

ထွက်ပြေးနေသော အမျိုးသားသည် တုန့်ပြန်ခြင်းမပြုဘဲ အံကြိတ်လျက် ပြေးနေ၏။ သူ့ဒဏ်ရာများသည် အမှန်ပင် ပြင်းထန် လွန်းချေပြီ။

များမကြာခင် တောအုပ်အတွင်းမှ ပြေးထွက်လာမိပြီး လယ်ကွင်းများနှင့် မီးခိုးများ ထွက်နေသော ရွာတစ်ရွာကို မြင်လိုက်ရ၏။

ထိုမြင်ကွင်းကြောင့် ပြေးနေသော အမျိုးသားသည် ရုတ်တရက်နှလုံးသားတစ်ခုလုံး နစ်မြုပ်သွားသလို ခံစားလိုက်ရသည်။

“ ဟားဟားဟား ... အကြီးအကဲချင်း ... မင်းကတောင်တန်းတွေနဲ့ တောအုပ်တွေဆီကို ဦးတည်ခဲ့ပေမယ့် ... အခုမင်းဘာများ တက်နိုင်သေးလဲ ...

... ငါသိချင်ပါတယ် မင်းဘဝနဲ့ ... ဒီလူတွေရဲ့ဘဝ ... အခု မင်းဘာကိုရွေးမလဲ ဟားဟားဟား။ ”

ရှေ့မှပြေးနေသော အမျိုးသားခမျာ သူ့မျက်နှာပေါ်တွင် ရှုပ်ထွေးသည့် ခံစားချက် အရိပ်အယောင်များ ထွက်ပေါ်လာ၏။

အဆုံး၌ အံကြိတ်လိုက်ပြီး ထိုရွာနှင့်ဆန့်ကျင်ဘက်သို့ ဖယ်ခွာထွက်ပြေး တော့သည်။

“ ဟမ့် ... ။ ”

မီးခိုးတန်းသည် ထိုရွေးချယ်မှုကြောင့် ရုတ်တရက်ရပ်လိုက်ကာ ရွာဆီသို့စိုက်ကြည့်ပြီး အနည်းငယ် တွေဝေလာ၏။ သို့သော် အံကြိတ်ကာ၊

“ မေ့လိုက်ပါ ... ဒီလူသားက ငါ့ကို အဲဒီတုန်းကဖမ်းပြီး သေလုမျောပါး ဖြစ်စေတာ မဟုတ်လား ... ။ ”

-ဟု ရေရွတ်လိုက်သည်။

ရွာထဲပြေးဝင်ပြီး ခန္ဓာကိုယ်ရှာလိုသော သူ့ဆန္ဒကို စွန့်လွှတ်လိုက်ရ၏။ လူသားများ နေထိုင်ရာ ဤရွာများသည် ကမ္ဘာကြီးတွင် မရှားပါးချေ။

တစ်ဖက်တွင် ထွက်ပြေးနေသော ထိုလူသားသည် ရန်သူဖြစ်၏။ လက်စားချေရန် အခွင့်အရေးကို မစွန့်နိုင်ချေ။

အမျိုးသားက သူ့နောက်လိုက်လာသော မီးခိုးငွေ့တန်းကို လှည့်ကြည့်ကာ အနည်းငယ် ကျေနပ်သွားသည်။

သူသည် ဒဏ်ရာအပြင်းအထန်ရရှိနေ သောကြောင့် ထိုနတ်ဆိုးလိုက် မလာလျှင်ပင် သေမည်မှာ သေချာသည်။

ထို့ကြောင့် ရွာထဲသို့ ဦးတည်ခြင်း မပြုတော့ဘဲ နက်ရှိုင်းသော တောအုပ်အတွင်း ဦးတည်လိုက်ခြင်းဖြစ်၏။ သို့သော် မသေခင် ထိုနတ်ဆိုးကို ဒဏ်ရာပေးရန် ဆန္ဒများ ပေါ်လာသည်။

အတွေးဖြင့် ခါးတွင်ချည်ထားသော ဆေးတံတစ်ချောင်းကို ဖြုတ်ယူကာ နှစ်ရှိုက် စုပ်ယူလိုက်၏။ ဆေးရွက်များ လောင်မြိုက်ကာ အငွေ့များ ‌ထောင်းထောင်းထလာသည်။

တင်းမာနေသော အာရုံကြောများ အနည်းငယ်ပြေလျော့သွားသည်ကို ခံစားလိုက် ရပြီး စစ်မှန်သောချီများ ပြန်လည်ပြည့်တင်း လာခဲ့သည်။

ဤသည်မှာ ဆေးရွက်ကြီးများ မဟုတ်ချေ။ ဆေးရွက်ကြီးရွက်ကဲ့သို့ အာနိသင်များပါရှိသော ဝိညာဉ်ဆေးပင်များ ဖြစ်သည်။

“ မင်း ... ခုခံချင်သေးတာလား။ ”

သူနောက်မှ အနက်ရောင် မြူခိုးများထံမှ အသံတစ်သံ ထွက်ပေါ်လာသည်။ ချက်ချင်းပင် လျင်မြန်သောအရှိန်ဖြင့် ရေခဲတုံးများစွာ ထွက်ပေါ်လာ၏။

“ ဝှစ် ... ။ ”

အမျိုးသားခမျာ အနည်းငယ် စိတ်လှုပ်ရှားသွားပြီး စစ်မှန်သောစွမ်းအင်ဖြင့် သူ့ကိုယ်သူ ဖုံးလွှမ်းလိုက်သည်။

“ ဖပ် ... ။ ”

“ ဝုန်း ... ။ ”

တစ်ဆက်တည်းမှာပင် နောက်လှည့်ကြည့်ကာ ရေခဲတုံးအနည်းငယ်ထံ လက်ဖြင့် ပုတ်ထုတ်လိုက်ပြန်၏။

ပေါက်ကွဲသံနှင့်အတူ ရေခဲတုံးများ မြေပြင်ပေါ်၌ပြုတ်ကျသွားတော့သည်။ ရလာဒ် အနေဖြင့် သူ့အရှိန်မှာ အနည်းငယ် နှောင့်နှေး သွား၏။

“ ဝူး ... ။ ”

ထိုစဉ် အနက်ရောင်မြူများသည် ချက်ချင်းပြန့်ကားလာကာ တိမ်တိုက်များကဲ့သို့ ပြောင်းလဲသွားသည်။

“ ဟမ့် ... ။ ”

ပတ်ဝန်းကျင်တစ်ခုလုံး မည်းမှောင် လာသဖြင့် အမျိုးသားက ဆေးတံကိုဖြုတ်ကာ မီးခိုးငွေ့အချို့ မှုတ်ထုတ်လိုက်တော့၏။

အဖြူရောင် မီးခိုးငွေ့များသည် သက်ရှိများကဲ့သို့ ပါးလွှာသော အကာအကွယ် အလွှာအဖြစ် ပြောင်းလဲလာချေပြီ။

ဤသည်မှာ မြူနတ်ဆိုးပေပင်။ အကြီးအကဲချင်းဟုခေါ်သော အမျိုးသား၏ ဝိညာဉ်ရေးမီးခိုးနည်းစနစ်သည် ၎င်းအပေါ် သက်ရောက်မှု ရှိချေပြီ။

ထို့ကြောင့် ဤနတ်ဆိုးများကို ဖမ်းဆီးရန်အတွက် အထက်အကြီးအကဲများမှ တာဝန်ပေးခဲ့ခြင်းဖြစ်သည်။

သို့သော် နှမျောစရာကောင်းချေ၏။ ချင်းယွမ်နိုင်ငံတစ်ခုလုံးကို ပျက်စီးစေသော ထိုဘေးဆိုးကြီးမျိုး ကြုံတွေ့ရလိမ့်မည်ဟု မည်သူမျှ မမျှော်လင့်ထားချေ။

“ ဟမ့် ... မင်း ငါ့ကို ခုခံချင်နေတာလား ... မင်းအတွက် နောက်ဆုံးအချိန်ရောက်နေပြီ ဒါဆို ဘယ်လောက်ကြာကြာ နေနိုင်မလဲ ... ။ ”

မြူနတ်ဆိုးသည် အမျိုးသားရှေ့ တိုးကပ်လာခြင်းမပြုဘဲ အဝေးတွင်ရပ်လိုက်၏။ အမျိုးသားက သူ့ဆေးတံကို ဖွာရှိုက်လျက်၊

“ မင်းလည်း အကျဉ်းထောင်ထဲမှာ ငရဲဘုံကိုးလွှာမိစ္ဆာ ပေါင်းစည်းခြင်း အစီရင်ရဲ့ သန့်စင်ခြင်း ခံထားရတယ် မဟုတ်လား ... ။ ”

-ဟု တုန့်ပြန်လေသည်။

“ ဟားဟားဟား ... ။ ”

ပတ်ဝန်းကျင်တစ်ခုလုံး မီးခိုးမြူများ ဖုံးလွှမ်းနေသဖြင့် သူ့အသံသည် နေရာပေါင်းစုံမှ ထွက်ပေါ်နေ၏။ မည်သည့်အရပ်၌ ရှိနေမှန်း တွက်ဆမရနိုင်ချေ။

“ ဒီမှာ ငါ့အတွက် အာဟာရဖြစ်စေတဲ့ အစားအစာနေရာအနှံ့ရှိတယ် ငါအချိန်မရွေး ခွန်အားကို ဖြည့်တင်းနိုင်တယ် ... ။ ”

မြူနတ်ဆိုးက လှောင်ပြောင်လျက် ရေခဲလှောင်အိမ်ဖန်တီးကာ အမျိုးသားအပေါ် ပိတ်လှောင်လိုက်သည်။

“ မင်းမှာကော ဘာရှိလဲ ... ဒဏ်ရာပြင်းပြင်းထန်ထန်ရထားတဲ့ မင်းရဲ့ လုပ်ဖော်ကိုင်ဖက်တွေလား ...

... ဒါမှမဟုတ် အခြားကျင့်ကြံသူ တစ်ယောက်ယောက်လား ... အိုး ငါသိပြီ မင်းရဲ့ ဘိုးဘေးကို စောင့်ချင်တာ မဟုတ်လား ... ဟား ဟား ဟား။ ”

မြူနတ်ဆိုးစကားကို အမျိုးသားမှ တုန်ပြန်နိုင်ခြင်း မရှိတော့ချေ။ လက်သီးများ တင်းတင်းဆုပ်ကာ တိတ်ဆိတ်သွား၏။

“ ပါးစပ်ပိတ်ထား ... ။ ”

ထိုစဉ် ရုတ်တရက် ကောင်းကင်မှ အော်ငေါက်သံတစ်သံ ထွက်ပေါ်လာသဖြင့် မြူနတ်ဆိုးနှင့် အမျိုးသားမှာ အံ့အားသင့် သွားတော့သည်။

“ ဘယ်သူလဲ ... ။ ”

မြူနတ်ဆိုးက ရယ်မောနေခြင်းကို ရပ်တန့်လျက် ကောင်းကင်ပေါ် မော့ကြည့်ရာ ချက်ချင်း ကြောက်ရွံ့သွားတော့၏။

ဤသည်မှာ စူးရှလွန်းသော ရွှေရောင်မီးတောက်များ ဖြစ်လေသည်။ ဦးတည်ရာသည် သူ့ထံဖြစ်ချေ၏။

***

All Chapters