← Chapters

ကံကြမ္မာကြုံရင် ပြန်ဆုံကြမယ်

Vol. 15 Ch. 177

ကံကြမ္မာကြုံရင် ပြန်ဆုံကြမယ်

Vol. 15 Ch. 177

ရွှေမီးတောက်သည် ဖန်ကဲ့သို့ ကြည်လင်နေပြီး ကောင်းကင်တစ်ခုလုံးကို ဖုံးအုပ်ထားသည့် ဧရာမလက်တစ်ခုအဖြစ် ပြောင်းလဲသွားသည်။

မြူနတ်ဆိုး၏ အခိုးအငွေ့များသည် ထိုလက်ဖြင့် ဖမ်းဆုပ်ခြင်းခံလိုက်ရသလိုပေပင်။ မြူနတ်ဆိုးသည် ထိတ်လန့်သွားပြီး အရပ်ရပ်သို့ လျင်မြန်စွာ ပျံ့နှံ့သွား၏။

ဤအခိုးအငွေ့များသည် အမှန်ပင် သူ့ခန္ဓာကိုယ်အစိတ်အပိုင်းများ ဖြစ်လေသည်။ မြူမှုန်အနည်းငယ် လွတ်မြောက်သရွေ့ ပြန်လည် ရှင်သန်နိုင်၏။

သို့သော် ကြီးမားသော ရွှေမီးတောက် လက်ဖဝါးကြီးသည် မျှော်လင့်ထားသည်ထက် ကျော်လွန်နေသည်။

ကောင်းကင်မှ ကျဆင်းလာစဉ် တရွေ့ရွေ့ကျယ်ပြန့်လာကာ အခိုးအငွေ့တိုင်းကို လောင်မြိုက်ပျက်ပြယ်စေခဲ့သည်။

“ သန့်စင်သော မီးတောက် ... ။ ”

ဤအရာက မြူနတ်ဆိုးကို အလွန်အမင်း ထိတ်လန့်သွားစေကာ မြူများကို မျက်နှာအသွင် ဖန်တီးလျက်၊

“ မင်းဘယ်သူလဲ ... ။ ”

-ဟု အော်ဟစ်မေးမြန်းသည်။

ရွှေရောင်မီးတောက်များသည် ရွှေရောင်မီးနဂါးကိုးကောင်အဖြစ် ပြောင်းလဲကာ ထိုမြူနတ်ဆိုးတိမ်တိုက်ကြီးကို တင်းကျပ်စွာ ပိတ်လှောင်တော့၏။

၎င်းတိုက်ပွဲအထက် ကောင်းကင်တွင် တန်ခိုးရှင်တစ်ပါး ရပ်နေသည်။ တာအိုဝတ်ရုံစ တဖျပ်ဖျပ်ခတ်လျက် ကျောပြင်၌ဓားတစ်လက် လွယ်ထားသော လူငယ်တစ်ယောက်ဖြစ်၏။

“ မလုပ်နဲ့ ... ။ ”

ရွေရောင်မီးနဂါး ကိုးကောင်သည် စစ်မှန်သောသားရဲများအဖြစ် ပြောင်းလဲသွားပြီး မြူနတ်ဆိုးကို ဝါးမြိုလိုက်တော့သည်။

မြူနတ်ဆိုးခမျာ ဤအရပ်တွင် ထွက်ပေါ်ခြင်းမရှိသည့်အလား ပျောက်ကွယ် သွားချေပြီ။

မြေပြင်ရှိ အကြီးအကဲချင်းဆိုသော အမျိုးသားသည် ထိုမြင်ကွင်းကို မှင်သပ်စွာ မော့ကြည့်နေခဲ့၏။ ကူချန်က သူ့ကိုငုံ့ကြည့်ပြီး ဖော်‌ရွေစွာပြုံးပြလျက်၊

“ အိပ်မက်တစ္ဆေရေကန်မှာ ငါတို့ နောက်ဆုံးတွေ့ခဲ့တာ နှစ်အတော်ကြာခဲ့ပြီနော် တာအိုချင်း မင်းအဆင်ပြေလား။ ”

-ဟု နှုတ်ဆက်လိုက်လေသည်။

ချင်းချောင်တစ်ယောက် သတိပြန်ဝင်လာပြီး၊

“ တာအိုချန်ရှန့်လား။ ”

-ဟု ရေရွတ်လိုက်တော့သည်။

***

အုံ့မှိုင်းသော တောင်တန်းတစ်နေရာတွင် အကြီးအကဲချင်းတစ်ယောက် သူ့ခန္ဓာကိုယ်ရှိ ဒဏ်ရာများကို ပြန်လည်ကုသနေခဲ့၏။

မနီးမဝေးတွင် တာအိုဝတ်ရုံဖြင့် လူငယ်တစ်ယောက်သည် မည်သည့်နေရာမှ ရောက်လာသည်မသိသော ရှဉ့်တစ်ကောင်နဲ့ ဆော့ကစားနေသည်။

သူ့လက်ဖဝါးထဲ၌ အခွံမာသီးတချို့ ဖြန့်ပြထား၏။ ရှဉ့်ငယ်သည် ထိုအရာကို ယူရန် သတိကြီးကြီးဖြင့် ရှေ့တိုးလာနေသည်။

သို့သော် ကူချန်အနား အရောက်တွင် တစ်ခုခုကိုခံစားမိပြီး ထိတ်လန့်တကြားဖြင့် ချက်ချင်း လှည့်ပြေးတော့သည်။ ကူချန်က အကြီးအကဲချင်းထံ လှည့်ကြည့်ပြီး၊

“ အကြီးအကဲချင်း မင်းအဆင်ပြေပြီလား။ ”

-ဟု မေးမြန်းလိုက်၏။

အကြီးအကဲချင်းမှ မတ်တပ်ထရပ်ပြီး ကူချန်ကို လေးနက်စွာ ဦးညွှတ်လိုက်တော့၏။

“ တာအိုချန်ရှန့် ငါ့ကိုကယ်တင်ပေးလို့ ကျေးဇူးအများကြီးတင်ပါတယ် မဟုတ်ရင် ငါ အခုချိန် သေသွားလောက်ပြီ။ ”

တစ်ဆက်တည်းမှာပင် ကူချန်ကို မော့ကြည့်လိုက်သော အကြည့်တွင် ကူကယ်ရာ မဲ့နေခဲ့သည်။ ကောင်းကင်မှ ကျဆင်းလာသော မီးလက်ဝါးကြီးကို မြင်ယောင်နေဆဲဖြစ်၏။

၎င်းသည် ကောင်းကင်နှင့်နေကို ဖုံးအုပ်ထားနိုင်သည်အထိ ကြီးမားလွန်းချေပြီ။ တစ်ဖက်လူနှင့် ဆုံတွေ့ခဲ့သည်မှာ လွန်ခဲ့သော လအနည်းငယ် မစ်ရှင်တစ်ခုတွင်ဖြစ်၏။

ဤကာလအတွင် တစ်ဖက်လူသည် နားမလည်နိုင်အောင် ပြောင်းလဲသွားချေပြီ။ ယင်းသည် နတ်မုဆိုးများ၏ ခေါင်းဆောင်ထံမှ ရရှိသော ဖိအားမျိုးပေးနေ၏။

ဆိုလိုသည်မှာ တစ်ဖက်လူသည် ခရမ်းရောင်နေမင်းနယ်ပယ် သို့မဟုတ် စင်ကြယ်ခြင်းနယ်ပယ်သို့ ရောက်ရှိနေသည်ဟု အဓိပ္ပါယ်ရချေပြီ။

“ ငါဒါကို အဝေးကနေ ခံစားမိတယ် ... ဒါပေမယ့် အကြီးအကဲချင်းဖြစ်နေလိမ့်မယ်လို့ မထင်ထားဘူး။ ”

ကူချန်က ဝန်ခံလိုက်သည်။ အမှန်ပင် ဤသည်မှာ ထိုစဉ်က အဖိုးအိုတစ်ဦးအဖြစ် ရုပ်ဖျက်ခဲ့သောအဖိုးကြီးချမ် ဖြစ်နေချေပြီ။

မစ်ရှင်ပြီးနောက် သူ့အမည်မှာ ချင်းချောင်ဖြစ်ကြောင်း မူလရုပ်သွင်ဖြင့် ထုတ်ဖော် နှုတ်ဆက်သွားလေသည်။

“ အကြီးအကဲချင်း ... ချင်းယွမ်နိုင်ငံမှာ ကြီးကြီးမားမားတစ်ခုခု ဖြစ်ခဲ့တယ်ဆိုတာ ငါ ကြားမိပါတယ် ... ။ ”

ထိုစကားကိုကြားသောအခါ ချင်းချောင်တစ်ယောက် မျက်နှာ ပျက်ယွင်းသွား တော့၏။ အသက်ပြင်းပြင်းရှူလျက် ခေါင်းညိတ်ကာ၊

“ အမှန်ပါပဲ ... တာအိုချန်ရှန့်လည်း ကြားမိမှာပါ ... နတ်ဆိုးတွေကြောင့် ငါ့ဘိုးဘေး ဒဏ်ရာအပြင်းအထန်ရသွားတယ် ... ။ ”

... အရေးအကြီးဆုံးက ငါတို့ရဲ့ နတ်မုဆိုးတွေအများကြီး သေဆုံးကုန်တာပဲ အခုတော့ အကျဉ်းထောင်ပွင့်သွားပြီး ဆုံးရှုံးမှုတွေ ခံစားခဲ့ရပါတယ် ... ။ ”

“ လွတ်သွားတာတဲ့ နတ်ဆိုးတွေ ဘယ်နှစ်ကောင်ရှိနိုင်လဲ သူတို့ရဲ့ ကျင့်ကြံမှု အဆင့်ကရော ... ။ ”

“ နတ်ဆိုး တစ်ထောင်လောက်ရှိမယ် သူတို့ထဲက အများစုဟာ ယွမ်ဖူနယ်ပယ်အဆင့် ဖြစ်ပြီး ခရမ်းရောင်နေမင်းနယ်ပယ် ...

... အနည်းငယ်ပါရှိတယ် ... အသန်မာဆုံးနတ်ဆိုးက စင်ကြယ်ခြင်းနယ်ပယ် နတ်ဆိုးသုံးကောင်ပါပဲ။ ”

“ ဟမ့် ... မဟာတန်ခိုးရှင်နယ်ပယ် မဟုတ်ဘူးလား။ ”

ကူချန်မှ အံ့ဩသွားသည်။

“ မဟုတ်ဘူး ... ။ ”

ချင်းချောင်မှ ခေါင်းခါပြပြီး၊

“ မဟာတန်ခိုးရှင်နယ်ပယ် နတ်ဆိုးကို နတ်ဆိုးစစ်သူကြီးအဖြစ် သတ်မှတ်ပြီး ဒီလိုမျိုး နတ်ဆိုးကြီးတွေကို ဂိုဏ်းပေါင်းစုံက လိုက်ဖမ်းနေတယ် ...

... ငါတို့ရဲ့ဘိုးဘေးရင်ဆိုင်ခဲ့ရတဲ့ နတ်ဆိုးတွေက မဟာတန်ခိုးရှင်နယ်ပယ်က နတ်ဆိုးသုံးပါးကို အနိုင်ယူခဲ့တယ်။ ”

“ သုံးကောင်တောင်လား။ ”

ကူချန်တစ်ယောက် အနည်းငယ် အံ့သြသွားသည်။

“ ဟုတ်တယ် ... တစ်ကောင်က မဟာတန်ခိုးရှင်နယ်ပယ်ရဲ့ ပြီးပြည့်စုံမှုဆီကို ရောက်ရှိနေပြီ ... ကျန်နှစ်ကောင်က ကနဦး မဟာတန်ခိုးရှင်နယ်ပယ်နဲ့ အလယ်အလတ် မဟာတန်ခိုးရှင်နယ်ပယ်တွေပဲ ...

... ငါတို့ဘိုးဘေးက မဟာတန်ခိုးရှင်နယ်ပယ်ကို ပြီးပြည့်စုံနေပြီမို့ သူတို့ကို ထိန်းထားနိုင်ခဲ့တယ် ... ငါတို့ကို ကံကောင်းစေတာက ကျန်နတ်ဆိုးနှစ်ကောင်ရဲ့ ခွန်အားက အပြည့်အဝ မရသေးတာပါ ...

... အဲဒီအချိန်မှာ ... သူတို့တွေတစ်ခုခု မှားနေပြီမှန်းသိတာနဲ့ စင်ကြယ်ခြင်းနယ်ပယ် နတ်မုဆိုးတွေက ဝိုင်းဖမ်းလိုက်ကြတယ် ...

... ဒါပေမယ့် စင်ကြယ်ခြင်းနယ်ပယ် နတ်ဆိုးအချို့ကတော့ လွတ်မြောက်သွားတုန်းပဲ တာအိုချန်ရှန် မင်းသတိထားရမယ် ...

... ဘိုးဘေးက သူ့ဒဏ်ရာတွေအတွက် တံခါးပိတ်ကျင့်ကြံနေပြီ အချိန်တိုအတွင်းမှာ ငါတို့ကို ကူညီနိုင်ဦးမှာမဟုတ်သေးဘူး ...

... အရမ်းကြီးတော့ မင်းစိတ်မပူနဲ့ ဧကရာဇ်ချင်းက နှင်းပန်းဓားကျောင်းဂိုဏ်းရဲ့ ကျွမ်းကျင်သူတွေကို ဖိတ်ခေါ်ထားပါတယ် ...

... နတ်ဆိုးတွေ ဒီအကြောင်းကို ကြားသိသွားတာနဲ့ သူတို့အတွက် အခွင့်အရေး မရှိတော့မှာ ငါကြောက်တယ် ဒါနဲ့ ... မင်းဒီကို ဘာလာလုပ်တာလဲ။ ”

“ ငါ့ ကျင့်ကြံဖို့နေရာရှာနေတာ။ ”

“ ဒါဆို မင်းကျင့်ကြံဖို့ လုံခြုံတဲ့နေရာ ရှာသင့်တယ် နှင်းပန်းဓားကျောင်းရဲ့သခင်တွေ ရောက်လာပြီးရင် သူတို့ဖြေရှင်းနိုင်မှာပါ။ ”

ကူချန်က ခေါင်းညိတ်ပြလျက်၊

“ နှင်းပန်းဓားကျောင်းရဲ့ ကျွမ်းကျင်သူတွေက ဘယ်တော့လာမှာလဲ။ ”

-ဟု မေးလိုက်သည်။

“ သုံးရက် ဒါမှမဟုတ် ငါးရက်တော့ ကြာလိမ့်ဦးမယ် နှင်းပန်းဓားကျောင်း တည်ရှိရာ နယ်မြေကနေ ငါတို့ရွှမ်လင်တိုက်ကြီးကို ရောက်ဖို့ တိုက်ကြီးများစွာကို ...

... ဖြတ်ကျော်ရလိမ့်မယ် ဘာလို့လဲဆိုရင် ငါတို့ရွှမ်လင်တိုက်ကြီးနဲ့ နှင်းပန်းဓားကျောင်းဆီ တည်နေရာရွေ့ပြောင်း အစီရင်မရှိဘူး။ ”

ထိုစကားကြောင့် ကူချန်တစ်ယောက် အံ့အားသင့်သွားလေသည်။

“ ချင်းယွမ်နိုင်ငံမှာ တည်နေရာ ရွေ့ပြောင်းအစီရင် မရှိဘူးလား။ ”

“ မဟုတ်ဘူး ... ရှိတယ် ... ဒါပေမယ့် အခြားဝိညာဉ်တိုက်ကြီးတွေဆီသွားတဲ့ အစီရင် အချို့ပဲရှိနေတာ ... ရွှမ်လင်တိုက်ကြီးမှာ ချင်းယွမ်နိုင်ငံလို အင်အားကြီးနိုင်ငံ ...

... ခြောက်နိုင်ငံလောက်ပဲ ရှိတယ် ... ကျန်တဲ့နိုင်ငံငယ်တွေက တည်နေရာရွေ့ပြောင်း အစီရင်ကို ပိုင်ဆိုင်ဖို့ အရည်အချင်းမရှိတာမို့ ငါတို့ခြောက်နိုင်ငံလောက်ပဲ အချင်းချင်း ချိတ်ဆက်ထားနိုင်တာ ... ။ ”

ကူချန်က ခေါင်းညိတ်ပြလိုက်သည်။

“ အကြီးအကဲချင်း ... အခု မင်းဘာဆက်လုပ်ဖို့ စီစဉ်ထားလဲ။ ”

“ ငါ့ဒဏ်ရာတွေကို ကုသဖို့ ... နေရာရှာရမယ် ... ငါ သက်သာလာချိန်ဆိုရင် နှင်းပန်းဓားကျောင်းက ရောက်နေလောက်ပြီ ...

... ဒါဆို နတ်ဆိုးတွေကို နှိမ်နင်းဖို့ နှင်းပန်းဓားကျောင်းနဲ့ လက်တွဲနိုင်ပြီ ... ဒါနဲ့ မင်းရော ဘာဆက်လုပ်မလဲ တာအိုချန်ရှန့်။ ”

“ ငါကတော့ ... နည်းနည်း လှည့်ပတ်ကြည့်လိုက်ဦးမယ် နတ်ဆိုးအချို့ကို သုတ်သင်နိုင်မလားဆိုတာ ... ။ ”

ကူချန်အဖြေကြောင့် ချင်းချောင်တစ်ယောက် သက်ပြင်းချလိုက်ပြီး၊

“ ဒီတစ်ခါ ဒဏ်ရာက အပြင်းအထန်ရသွားတာ စိတ်မကောင်းစရာပဲ၊ မဟုတ်ရင် မင်းနဲ့လိုက်ခဲ့မိလိမ့်မယ်။ ”

-ဟု စိတ်မကောင်းစွာ ရေရွတ်လိုက်သည်။

“ နတ်မုဆိုးတစ်ယောက်အနေနဲ့ အကြီးအကဲချင်းရဲ့အတိတ်က လုပ်ရပ်တွေ နဲ့တင် လုံလောက်နေပါပြီ ... ။ ”

ကူချန်မှ နှစ်သိမ့်၏။ သို့တိုင် ချင်းချောင်က ခါးသီးသောအမူအရာဖြင့် လက်ကိုဝှေ့ယမ်းကာ သက်ပြင်းချလိုက်သည်။

“ ဒီကမ္ဘာပေါ်မှာ မရေမတွက်နိုင်တဲ့ နတ်ဆိုးတွေအများကြီးရှိတယ် အားလုံးကို မသတ်နိုင်ပါဘူး ... ငါမင်းနဲ့ မလိုက်နိုင်တာ နှမျောစရာပါပဲ။ ”

“ ဒီလောက်ကျယ်ပြောတဲ့ ကမ္ဘာကြီးမှာ ငါတို့ပြန်ဆုံနိုင်တာက ကံကြမ္မာပါ ... နောင်မှာ ပြန်ဆုံတွေ့ဖို့ ကံပါလာရင် ငါတို့ပြန်တွေ့မယ် စိတ်မကောင်းဖြစ်နေစရာ မလိုပါဘူး။ ”

“ မင်းရဲ့စကားတွေက အဓိပ္ပာယ်ရှိတယ် တာအိုချန်ရှန့် နောင်မှာ ပြန်ဆုံဖို့ ကံကြမ္မာရှိရင် ငါတို့သေချာပေါက် ပြန်ဆုံကြလိမ့်မယ် နှုတ်ဆက်ပါတယ် ... ။ ”

“ ကောင်းပြီ ဂရုစိုက်ပါ အကြီးအကဲချင်း။ ”

***

All Chapters