ဘုံပျံလှေများ ဝင်ရောက်လာခြင်း ...
Vol. 15 Ch. 178
ချင်းချောင်သည် ဒဏ်ရာပြင်းထန်ပြီး ဆေးကုသရန် အရေးတကြီး လိုအပ်နေသည်။ နှစ်ယောက်သားလမ်းခွဲ နှုတ်ဆက်လိုက်ကြ၏။
တစ်ဖက်လူပုံရိပ် ပျောက်ကွယ်သွားချိန်၌ ကူချန်တစ်ယောက် သက်ပြင်းချသည်။ ဒဏ်ရာ ကုသရန် (၁၀)ရက်နှင့် (၁၅)ရက် ကြာနိုင်၏။
သို့တိုင် အလုံးစုံ ပြန်ကောင်းလာမည် မဟုတ်ချေ။ ခန္ဓာအတွင်း ပုန်းကွယ်နေသည့် ဒဏ်ရာများ ကျန်ရှိနေပေဦးမည်။
“ ကျီး ... ။ ”
ကူချန်က မီးငှက်ကို စီးနင်းလျက် အချိန်အတော်ကြာအောင် ပတ်ဝန်းကျင်အနှံ့ ပျံသန်းနေခဲ့သည်။ အဆုံး၌ နတ်ဆိုးများ၏ အငွေ့အသက်ကို ခံစားရခြင်း မရှိသောကြောင့် လင်းရင်တောင်သို့ ပြန်လာခဲ့သည်။
ထောင်ပေါင်းများစွာသော မကောင်းဆိုးဝါးဝိညာဉ်များနှင့် မီးနတ်ဆိုးများ အန္တရာယ်ကြောင့် ချင်းယွမ်နိုင်ငံပတ်၀န်းကျင်ရှိ နိုင်ငံငယ်များသည် ကပ်ဘေးများခံစားနေရ၏။
ဤနတ်ဆိုးများနှင့် မကောင်းဆိုးရွာ ဝိညာဉ်များသည် ဆယ်စုနှစ်များစွာ ပိတ်မိနေ သဖြင့် စွမ်းအားများ ပျောက်ဆုံးနေခဲ့သည်။
ထို့ကြောင့် ပြင်ပသို့ လွတ်မြောက်လာ ပြီးနောက် သူတို့၏ အထွတ်အထိပ်အခြေအနေ ပြန်လည်ရရှိရန် နတ်ဆိုးအမျိုးစုသည် လူသားများကို ရန်ပြုလာကြ၏။
လူ့အသွေးအသားကို သူတို့ခွန်အားကို လျင်မြန်စွာတိုးတက်စေမည်။ အနည်းငယ်သော နတ်ဆိုးသည်သာ သတိထားပြီး လှုပ်ရှားကြ၏။
***
ဖူစုပြက္ခဒိန် (၄၅၅)နှစ်၊ ဇွန်လ။ ရွှမ်လင်တိုက်ကြီး အရှေ့ဘက်ကောင်းကင်ပြင်၌ အလွန်ကြီးမားသော ဘုံပျံလှေများ ဝင်ရောက် လာနေသည်။
၎င်းတို့သည် အရှိန်ပြင်းပြင်းဖြင့် ဖြတ်သန်းနေသောကြောင့် လေခွင်းနှုန်းအပေါ် အဖြူရောင်အလွှာတစ်ခုဖြင့် တားဆီးထား၏။
လှေများပေါ်တွင် သပ်ရပ်သော၀တ်စုံနှင့် ဓားရှည်များကိုင်ဆောင်ထားသော လူများစွာက ရပ်လျက် ကျယ်ပြောသောကုန်းမြေကြီးထံ ကြည့်ကာလိုက်ပါလာသည်။
“ နားထောင်ပါ ... ။ ”
အလယ်ကပျံသန်းနေသော ဘုံပျံလှေမှ အသံတစ်သံလွင့်ပျံလာသည်။ ပြတ်သားသော မျက်နှာနှင့် အနက်ရောင်ဓားရှည်ကို ကျောတွင် လွယ်ထားသော အမျိုးသားတစ်ဦးဖြစ်၏။
သူ့အသံသည် ဘုံပျံလှေသုံးစင်းထံ ပျံ့နှံ့သွားကာ စကားပြောနေသောလူများစွာကို တိတ်ဆိတ်သွားစေသည်။ လူတိုင်း သူ့ထံသို့ သတိဖြင့် ကြည့်လိုက်ကြ၏။
ဦးခေါင်းပြောင်လျက် အေးစက်ပြီး ခံစားချက်မရှိသော မျက်နှာသည် လူများစွာကို အနည်းငယ် ဖိအားဖြစ်စေသည်။
သူ့ဘေးတွင် အင်မော်တယ်ကဲ့သို့ အဘိုးအိုတစ်ဦး၊ ဓားလွယ်ထားသော အမျိုးသား တစ်ဦးနှင့် လူပုလေးတစ်ဦး အစရှိသည့် အမျိုးသား၊ အမျိုးသမီး(၂၀)ကျော် ရပ်နေ၏။
အနီရောင်ဝတ်စုံဖြင့် လှပသော အမျိုးသမီးတစ်ဦးမှ သူမပါးစပ်ကို လက်ဖဝါးဖြင့် အုပ်ကာ၊
“ ဂျူနီယာမောင်လေးမိုက ... ပိုပိုပြီး ကြီးစိုးလာတယ် ... ကြည့်စမ်းပါဦး ကလေးတွေ ဘယ်လောက်တောင် ကြောက်နေကြလဲ ။ ”
-ဟု မှတ်ချက်ပေးသည်။
သူမစကားကြောင့် အမျိုးသားတစ်ယောက်မှ ပြုံးလျက်၊
“ မှန်တယ် ... သူက စည်ကမ်း ထိန်းသိမ်းရေးခန်းမရဲ့ သင်းထောက်မဟုတ်လား သဘာဝအားဖြင့်တော့ ... ကြီးစိုးနေရမယ်။ ”
-ဟု ထောက်ခံသည်။ ထိုစကားကြောင့် အခြားအမျိုးသား တစ်ယောက်မှလည်း ပြုံး၏။
“ ဒီကောင် ... ဆံပင်ရှိနေတုန်းက တော်တော်ကြည့်ကောင်းတာကို မှတ်မိနေတယ် တံခါးပိတ်ကျင့်ကြံရာကထွက်ပြီး ဘယ်လိုလုပ် ထိပ်ပြောင်သွားလဲ မသိဘူး။ ”
“ ..... ။ ”
“ စီနီယာအစ်မကျိူး၊ စီနီယာအစ်ကိုလီ၊ စီနီယာအစ်ကိုကျောက် ... ။ ”
ဦးခေါင်းပြောင်နေသော အနက်ဝတ် အမျိုးသားမှ မျက်မှောင်ကြုတ်ပြီး အမျိုးသမီး၊ အမျိုးသားတို့ထံ မကျေမနပ်လှည့်ကြည့်၏။
လှပသောအမျိုးသမီးသည် မျက်တောင် ပုတ်ခတ်ပုတ်ခတ်လုပ်ပြီး ပါးစပ်ပိတ်ထားရန် လက်ဟန်ပြလိုက်လေသည်။
ကျန်နှစ်ယောက်သည်လည်း ပြုံးပြီး ပါးစပ်ပိတ်ထားလိုက်တော့၏။ သို့သော် သူတို့ ပတ်ဝန်းကျင်ရှိ လေထုသည် အနည်းငယ် လျော့ပါးသွားခဲ့သည်။
“ ဟမ့် ... ဦးလေးမိုက အရင်က တော်တော်ချောတာလား။ ”
အဖြူရောင်ဝတ် တပည့်များသည် ခေါင်ပြောင်နေသော အနက်ဝတ် အမျိုးသားထံ မော့ကြည့်ကာ အံ့သြတကြီးဖြစ်ကုန်ကြ၏။
သူဖန်တီးထားသော လေထုသည် ချက်ချင်းပေါက်ပြဲသွားသည်ကို မြင်လိုက်သဖြင့် မိုရှန်းတစ်ယောက် အနည်းငယ် အကူအညီမဲ့ သွားလေသည်။
သို့တိုင် မျက်နှာပေါ်ရှိ အေးစက် တင်းမာသော အမူအရာကို ပြောင်းလဲခြင်း မပြုဘဲ၊
“ ငါတို့ အခုရွှမ်လင်ကုန်းမြေထဲကို ရောက်လာပြီ ... ဒီနေ့မစ်ရှင်အကြောင်း မင်းတို့ အားလုံးသိပြီးသားမို့ ငါထပ်ရှင်းပြနေစရာ မလိုတော့ဘူးမဟုတ်လား ...
... ဒါပေမယ့် ... မင်းတို့ထဲက လူတချို့ကတော့ နတ်ဆိုးတွေနဲ့တိုက်ခိုက်တာ အတွေ့အကြုံမရှိဘူး ဒါကြောင့် ...
... ဒီမစ်ရှင်က သူတို့အတွက် စမ်းသပ်မှုတစ်ခုဖြစ်လိမ့်မယ် မင်းတို့မှာ အဖွဲ့ကို ဦးဆောင်နေတဲ့ စီနီယာအစ်ကို ... အစ်မတွေ ရှိတယ် ... သူတို့က မင်းတို့ကို ကူညီပြီး ...
... စွမ်းဆောင်ရည်တွေကို မှတ်တမ်းတင်ပေးလိမ့်မယ် မစ်ရှင်ပြီးတဲ့အခါ တောင်ထိပ်အသီးသီးက သင်းထောက်တွေနဲ့ ပြန်လည်သုံးသပ်မယ်။ ”
မိုရှန်းမှ စကားကို ခဏရပ်နားလိုက်သည်။ ထို့နောက် လူတိုင်းထံ ဝေ့ကြည့်ကာ၊
“ ဒီအကဲဖြတ်မှုကို အဆင့်လေးဆင့် ခွဲခြားထားပြီး ... အဆင့်တိုင်းက သုတ္တန်ခန်းမကို တစ်လဝင်ခွင့်ရလိမ့်မယ် ... ။ ”
-ကြေငြာလိုက်သည်။
ဘုံပျံလှေသုံးစင်းရှိ တပည့်များအားလုံး တိုက်ပွဲဝင်ဆန္ဒများဖြင့် ပြည့်နှက်လာတော့၏။ သုတ္တန်ခန်းမ၏ သတ္တမအထပ်တွင် ကျင့်ကြံမှု နည်းစနစ်များနှင့် လျှို့ဝှက်နည်းစနစ်များ ထားရှိချေပြီ။
၎င်းကိုဝင်ခွင့်ရရန် တပည့်များ၏ အိမ်မက်ပေပင်။ ဤနည်းဖြင့် နေ့တစ်ဝက် ကုန်လွန်သွား၏။
များမကြာခင် ဘုံပျံလှေသုံးစင်းသည် အရပ်မျက်နှာ အသီးသီးသို့ ခွဲထွက်သွားကာ ဓားရှည်များကိုင်ဆောင်လျက် နှင်းပွင့်များ အလား ဆင်းသက်ကုန်တော့သည်။
ဘုံပျံလှေ၏ အခန်းထဲတွင် လူအချို့ တင်ပျဉ်ခွေထိုင်ကာ တစ်နေရာထဲကို စူးစိုက် ကြည့်နေကြ၏။
ဤသည်မှာ အလင်းရောင် ဖျော့ဖျော့လေးများ လင်းလက်နေခဲ့သော အလင်းမြေပုံတစ်ခု ဖြစ်သည်။
နှင်းပန်းဓားကျောင်းကို အတွင်း၊ အပြင် ခွဲခြားထားကာ လက်ရှိလူအုပ်ကြီးသည် အတွင်း သင်းထောက်များဖြစ်၏။
အပြင်ဘက်ဂိုဏ်းကို အရှေ့၊ အနောက်၊ တောင်၊မြောက်နှင့် ဗဟိုဟူသော တံခါးငါးချပ် ထားရှိသည်။ အတွင်းဂိုဏ်းကိုမူ ကောင်းကင်ဘုံ နှင်းပန်းလှိုဏ်ဂူ၌ တည်ထား၏။
ထိုအရပ်၌ တောင်ထိပ်(၃၆)ခုရှိပြီး (၁၂)ခုသည် စည်းကမ်းထိန်းသိမ်းရေးခန်းမ၊ အကြီးအကဲခန်းမ၊ အဂ္ဂိရတ်ခန်းမ၊ လက်နက် သန့်စင်ခြင်းခန်းမ၊ သားရဲထိန်းကျောင်းခြင်း စသည်ကဲ့သို့သော အထောက်အကူ ပညာရပ်များ သင်ကြားပေးသည်။
ကျန်တောင်ထိပ် (၂၄)ခုလုံးသည် အသီးသီးသော တိုက်ခိုက်ရေးပညာရပ်များကို သင်ကြားပေးရာအရပ်ဖြစ်၏။
တောင်ထိပ်များရှိ တပည့်များ၏ ကျင့်ကြံမှုသည် အနိမ့်ဆုံး ရှန်ရှင်းနယ်ပယ်တွင် ဖြစ်သည်။
ဆိုလိုသည်မှာ ပြင်ပတံခါးများမှ တပည့်များသည် ရှန်ရှင်းနယ်ပယ် ရောက်သော် ကနဦးအတွင်းတပည့် ဖြစ်လာချေမည်။
ယွမ်ဖူနယ်ပယ်ရောက်ရှိမှသာလျှင် စစ်မှန်သောအတွင်းတပည့် အဖြစ်သို့ ရာထူး တိုးမြှင့်ပေးမည်ဖြစ်၏။
ခရမ်းရောင်နေမင်း နယ်ပယ်အတွက်မူ အမာခံတပည့်တစ်ဦးအဖြစ် ရာထူးတိုးခံရမည်။ စင်ကြယ်ခြင်းနယ်ပယ်သို့ ရောက်သောအခါ၊ တောင်ထိပ်များ၌ သင်းထောက်အဖြစ် တာဝန် ထမ်းဆောင်နိုင်ပြီဖြစ်၏။
မဟာတန်ခိုးရှင် နယ်ပယ်သည် တောင်ထိပ်အသီးသီး၏ အကြီးအကဲများဖြစ်ပြီး အထွတ်အထိပ် ကျွမ်းကျင်သူများပေပင်။
အဆိုပါ မဟာတန်ခိုးရှင်နယ်ပယ် အကြီးအကဲများသည် ချင်းယွမ်နိုင်ငံသို့သွားကာ မီးနတ်ဆိုးခေါင်းဆောင်များကို နှိမ်နင်းရန် ကြိုးစားနေကြသည်။
ထို့ကြောင့် ဘုံပျံလှေများပေါ်ရှိ အသန်မာဆုံးလူသည် စင်ကြယ်ခြင်းနယ်ပယ် သင်းထောက်များသာ ဖြစ်ချေပြီ။
၎င်းတို့၏ တာဝန်သည် အရပ်ရပ်သို့ ထွက်ပြေးလွတ်မြောက်ကုန်သော နတ်ဆိုးများ အပေါ် ရှင်းထုတ်ရန်ဖြစ်သည်။
မိုရှန်းမှ လေးနက်သော အသွင်ဖြင့် အလင်းမြေပုံကို ကြည့်နေခဲ့၏။ သူ့ဘေးတွင် အခြားသော သင်းထောက်များ ရှိနေသည်။
များမကြာခင် အနီရောင် အလင်းစက်များသည် ပိုးစုန်းကြူးများအလား နှစ်စက်တစ်တွဲ နှစ်စက်တတွဲ မြေပြင်ပေါ်သို့ ပြန့်ကျဲကုန်သည်။
မိုရှန်းအသွင်မှာ ပို၍လေးနက်လာ၏။ နေရာအနှံ့ ပြန့်ကျဲနေသော ထိုတပည့်များသာ အန္တရာယ်နှင့် ကြုံတွေ့သော် ချက်ချင်း ကယ်တင်ရပေမည်။
ဘုံပျံလှေသုံးစင်းတွင် အတွင်းတပည့် (၄၀၀၀)ပါရှိပြီး အားလုံးသည် ယွမ်ဖူနယ်ပယ်၌ ဖြစ်သည်။
ခရမ်းရောင်နေမင်းနယ်ပယ် အမာခံတပည့်အချို့ ပါရှိသော်လည်း နည်း၏။ သင်းထောက်တစ်ဦးက ထိုအလင်းစက်များထံ ကြည့်နေရာမှ ငြီးငွေ့သွား၏။
ထို့နောက် သိုလှောင်လက်စွပ်အတွင်းမှ ဝင်္ကပါချပ်ပြားတစ်ချပ် ထုတ်ယူကာ လူတိုင်း မြင်အောင် ပြလိုက်တော့သည်။
“ ဒီဝိညာဉ်ခြေရာခံခြင်း အစီရင်က ငြီးငွေ့စရာကောင်းပါတယ် ငါ့မှာ ကောင်းကင် မျက်လုံးအစီရင်ရှိတယ် ဒါ ပိုစိတ်ဝင်စားစရာ ကောင်းစေမယ် မဟုတ်လား။ ”
***