← Chapters

ကောင်းကင်မျက်လုံးဝင်္ကပါ ...

Vol. 15 Ch. 179

ကောင်းကင်မျက်လုံးဝင်္ကပါ ...

Vol. 15 Ch. 179

မိုရှန်းသည် တစ်ဖက်လူကို မကြည့်ဘဲ မနေနိုင်တော့ချေ။ ဤပုဂ္ဂိုလ်သည် သတ္တမတန်း အစီရင်ကိုဖန်တီးနိုင်သော ဝင်္ကပါတောင်ထိပ်၏ သင်းထောက်ဖြစ်သည်။

ထိုကြောင့် ကောင်းကင်မျက်လုံး ဝင်္ကပါအစီရင်ကို ထုတ်ယူနိုင်သည်မှာ အံ့သြ စရာ မဟုတ်ချေ။ လူတိုင်းမှ သူ့စကားကို ချက်ချင်း စိတ်ဝင်စားသွားသည်။

မိုရှန်းက မျက်မှောင်ကြုတ်ပြီး၊

“ ကောင်းကင်မျက်လုံး အစီရင်က ရှင်းလင်းစွာ စောင့်ကြည့်နိုင်ပေမယ့် တစ်စုံ တစ်ဦးရဲ့ ကိုယ်ရေးကိုယ်တာတွေကို ချိုးဖောက်ရာကျပါတယ်။ ”

-ဟု ပြောကြားလိုက်သည်။

“ ဒါက ကိုယ်ရေးကိုယ်တာကို ဘယ်လိုလုပ်ပြီး ချိုးဖောက်ရာကျမှာလဲ နတ်ဆိုး နဲ့ မကောင်းဆိုးရွားတွေကို သုတ်သင်ဖို့လာတဲ့ မစ်ရှင်တစ်ခုပါ ဘာလို့စိုးရိမ်နေတာလဲ။ ”

ထို့နောက် သင်းထောက်မှ ပြုံးပြီး ညာလက်ညှိုးကို ဆန့်ထုတ်ကာ ဝင်္ကပါချပ်ပြား၌ တစ်စုံတစ်ရာကို ရေးထွင်းလိုက်သည်။

“ မင်း အရမ်းစိုးရိမ်နေရင် ... ဒီမှာ ပြောင်းလဲလိုက်ပြီ ... ဒါကပစ်မှတ်ကို ပြနိုင်ပြီး တပည့်တွေရဲ့ တည်ရှိမှုကိုပဲ မြင်နိုင်မယ် ... အခြားဘာမှ မမြင်နိုင်ဘူး။ ”

“ အရိပ်ရုပ်သေးကို ဆိုလိုနေတာလား ... ။ ”

“ ဟားဟားဟား ... ။ ”

သင်းထောက်တစ်ယောက်မှ မေးသည်။ ဝင်္ကပါတောင်ထိပ်သင်းထောက်က ပြန်မဖြေဘဲ ရယ်မောလိုက်၏။

“ ရယ်တာကို ရပ်လိုက်စမ်း ... မင်းအသက်ရာနဲ့ချီနေပြီး အခုထိကို မရိုးသားသေးဘူး။ ”

သင်းထောက်တစ်ယောက်က သည်းမခံနိုင်တော့ဘဲ ထိုသင်းထောက်တင်ပါး အပေါ် ပိတ်ကန်လိုက်သည်။

ကျန်သင်းထောက်များမှလည်း ထကန်တော့၏။ ဝင်္ကပါတောင် သင်းထောက် ခမျာ မျက်နှာရှုံ့မဲ့လာပြီး၊

“ ကောင်းပြီ ... ကောင်းပြီ ငါမရယ်တော့ဘူး မင်းတို့လည်း ရပ်လိုက်။ ”

-ဟု ဟန့်တားလိုက်ရသည်။

ဂုဏ်ယူဝင့်ကြွားလိုသော သူ့အပြုံးသည် ကန်ချက်များကြောင့် ပျောက်ကွယ်သွားချေပြီ။ ထိုနောက် ကြမ်းပြင်ပေါ်အစီရင်ကို ချလိုက်ကာ စစ်မှန်သောစွမ်းအင်များ လောင်းထည့်လိုက်၏။

“ တွမ် ... ။ ”

တခဏအတွင်း ဘုံပျံလှေကြီးထံမှ ပုံရိပ်ယောင်မျက်လုံးတစ်လုံး ကောင်းကင်ပေါ် ထိုးတက်လာသည်။ ၎င်းဖြင့် ဆက်သွယ်သော အလင်းစက်ဝိုင်းကြီး ကြမ်းပြင်၌ပေါ်လာ၏။ မြင်ကွင်းသည် ကောင်းကင်မှ ငုံ့ကြည့်လိုက် သကဲ့သို့ ရှင်းနေသည်။

ဝင်္ကပါတောင်ထိပ် သင်းထောက်မှ အနီရောင်အစက်နှစ်စက်ထံ တစ်ချက်ကြည့်ပြီး အလင်းစက်ထံ ‌ထောက်လိုက်သည်။

အလင်းလှိုင်းအချို့ တုန်ခါလျက် လှပသောမိန်းကလေးနှစ်ယောက် ပုံရိပ်များ ချက်ချင်းပေါ်လာသည်။

“ ဒါ ... ရေခဲလတောင်ထိပ်ရဲ့ တပည့်နှစ်ဦးမဟုတ်လား။ ”

သင်းထောက်တစ်ဦးမှ ခန့်မှန်း၏။ မိုရှန်းက မျက်မှောင်ကြုတ်ကာ၊

“ အမျိုးသားတပည့်တွေဆီ ပြောင်းလိုက်ပါ။”

-ဟုဆိုလိုက်သည်။

ဝင်္ကပါတောင်ထိပ်၏ သင်းထောက်က လက်ဝှေ့ယမ်းပြီး၊

“ အမျိုးသားတပည့်တွေက ... ဘာများ စိတ်ဝင်စားစရာကောင်းလို့လဲ ... စိတ်မပူပါနဲ့ ငါသူတို့ရဲ့အတွင်းရေးကို စိတ်မဝင်စားဘူး။ ”

-ဟု တုန့်ပြန်လိုက်၏။

ထို့နောက် အလင်းစက်ဝိုင်း၌ လှိုင်းဂယက်များ ဖြစ်ပေါ်လာပြီး အမျိုးသမီး တပည့်ပုံများ မှုန်ဝါးသွား၏။

“ အခု အဆင်ပြေပြီလား ... ။ ”

မိုရှန်းမှ စူးစူးရဲရဲ ပြန်ကြည့်ကာ၊

“ မင်းက ဒီအစီရင်ကို တော်တော် ကျွမ်းကျင်နေပုံရတယ် နှင်းပန်းဓားကျောင်းမှာ တစ်ချိန်လုံး မင်းကြည့်နေတာလား။ ”

-ဟု စစ်မေးလိုက်၏။

“ဟေး ... မင်းစည်းကမ်းထိန်းသိမ်းရေး ခန်းမကမို့လို့ ... ဒီလိုပြောချင်တာ ပြောလို့ရမယ် မထင်လိုက်နဲ့ ... အပြစ်မရှိတဲ့ လူတစ်ယောက်ရဲ့ ပုံရိပ်ကို စော်ကားတာက အပြစ်ပဲ။ ”

“ သတိရပါ ... မင်းဒီလိုမျိုး တပည့်တွေအပေါ် စောင့်ကြည့်နေရင် ငါမင်းကို နှင်းပန်းဓားကျောင်းကနေ နှင်ထုတ်မယ်။ ”

“ ဟားဟားဟား ... ကောင်းပြီ ... ဒီမှာတင်ရပ်ရအောင် သူ့မှာ ဒီလိုသတ္တိရှိနေရင် ဝင်္ကပါတောင်ထိပ်ရဲ့ တပည့်ဖြစ်မှာမဟုတ်ဘူး ဒီလိုကိစ္စတွေလုပ်ဖို့ သူ မဝံ့ပါဘူး။ ”

အနားရှိ သင်းထောက်တစ်ယောက်မှ ရယ်မောလျက် ဖြန်ဖျေပေးသည်။ မိုရှန်းက တိတ်ဆိတ်သွား၏။

“ ဒီလိုမှန်းသာသိရင် ... မင်းတို့လို စည်းကမ်းထိန်းသိမ်းရေးခန်းမရဲ့ လူတွေရှေ့မှာ ကောင်းကင်မျက်လုံးဝင်္ကပါကို ထုတ်ပြမိမှာ မဟုတ်ဘူး။”

“ ကောင်းပြီ ... အခု ဒီမှာ ရပ်လိုက်ပါ ... မင်းသူ့စကားကို နားမထောင်ဘဲ မိန်းကလေး တပည့်ကို ဘာလို့ကြည့်နေတာလဲ။ ”

ဘေးမှသင်းထောက်က ပြုံးလျက် ဝင်ပြောသည်။ ဝင်္ကပါတောင် သင်းထောက်က ယုံကြည်ချက်အတိုင်း ဆက်ငြင်းခုံ၏။

“ ငါတို့ ... နှင်းပန်းဓားကျောင်းမှာ မိန်းကလေးတပည့်ရှားတယ် သဘာဝအတိုင်း သူတို့အပေါ် ကာကွယ်ရမယ် မဟုတ်လား။ ”

မိုရှန်းမှ သူ့ထံ တစ်ချက်ကြည့်လိုက်ပြီး စကားမဆိုတော့ချေ။ အလင်းစက်ဝိုင်းမြေပုံထံ အာရုံစိုက်လိုက်တော့၏။

***

စိမ်းစိုသော တောင်တန်းများကြား ချောမောလှပသည့် အမျိုးသမီးနှစ်ယောက်က ဓားပျံစီးနင်းလျက် ပျံဝဲနေ၏။

ထိုမြင်ကွင်းသည် ကောင်းကင်ဘုံမှ နတ်သမီးနှစ်ပါးအလား တင့်တယ်ကြချေပြီ။ တစ်ယောက်သည် နက်ရှိုင်းသောချိုင့်ဝှမ်းမှ သစ်ခွပန်းကဲ့သို့ အေးမြ၏။

ကျန်တစ်ယောက်သည် တောက်ပသော မျက်လုံးများနှင့် ဖြူစင်သောသွားစွယ်များရှိပြီး အကြည့်များတွင် စူးစမ်းလိုစိတ်များရှိနေသည်။

“ စီနီယာအစ်မချင်းရွှမ်း ... ဒီသေမျိုးနယ်မြေက အရမ်းကြီးမားတယ်။ ”

“ ဒါသေမျိုးက ငါတို့ရဲ့အခြေခံအုတ်မြစ်ပဲ မင်းကျင့်ကြံခွင့်ရနေတဲ့ နှင်းပန်းဓားကျောင်းက ကောင်းကင်အောက်က လေဟာနယ် အက်ကွဲကြောင်းတစ်ခုပဲ ... ဟွာယီ။ ”

ချင်းရွှမ်းက တည်ငြိမ်စွာ ပြန်ဖြေသည်။ အေးစက်တည်ငြိမ်သော သစ်ခွပန်းလေးသည် သူမ ဖြစ်၏။ ကျန်တစ်ယောက်မှာ ချူဟွာရီပေပင်။

“ စီနီယာအစ်မ၊ ဒီသေမျိုးနယ်မြေမှာ ... မြို့ငယ်လေးတွေ အများကြီးရှိပြီး အရသာရှိတဲ့ အစားအစာတွေရှိတယ်လို့ အစ်ကိုရှဲ့ပြောတယ် အခွင့်အရေးရရင် မင်းငါ့ကို ခေါ်သွားပေးပါ။ ”

ချူဟွာရီစကားကြောင့် ချင်းရွှမ်းမှ ကူကယ်ရာမဲ့သော ခံစားချက်များဝင်လာသည်။ ဤကောင်မလေး၏ မိဘများသည် ဓားကျောင်းမှ တပည့်များဖြစ်၏။

၎င်းတို့အချင်းချင်း တာအိုလက်တွဲဖော် အဖြစ်ရွေးချယ်ကာ ချူဟာရီကို မွေးဖွားခဲ့သည်။ ထို့နောက် သူမကို ဓားကျောင်း၌ပင် လေ့ကျင့် စေ၏။

ဤနည်းဖြင့် သူမသည် နှင်းပန်းဓားကျောင်းမှ တစ်ကြိမ်မျှ အပြင်မထွက် ဖူးတော့ချေ။

တစ်ဖက်တွင် သူမ၏ အရည်အချင်းများသည် အလွန်ထူးချွန်သည်။ အသက်(၃၀)ဖြင့် ယွမ်ဖူနယ်ပယ် ရောက်ရှိ၏။ ဤအရည်အချင်းသည် အတွင်းတပည့်များကြား ထိပ်တန်းပေပင်။

ထိုအသက်အရွယ်မျိုးသည် သေမျိုးများအတွင်း အရွယ်ရောက်ပြီးဖြစ်၏။ ကျင့်ကြံသူများအတွက်မူ ကလေးငယ် တစ်ယောက်နှင့် တူနေသေးသည်။

ယွမ်ဖူနယ်ပယ် သက်တမ်းသည် နှစ်ပေါင်း (၃၀၀)ဖြစ်ပြီး ခရမ်းရောင်နေမင်းနယ်ပယ်သည် နှစ်ပေါင်း(၅၀၀)ဖြစ်၏။

ရှန်ရှင်းနယ်ပယ်သို့ စောလျင်စွာ ဖြတ်ကျော်နိုင်ခဲ့သောကြောင့် ချူဟွာရီသည် ကလေးငယ်အလား နုပျိုလွန်းနေသည်။

ချင်းရွှမ်းသည် သူမလက်ထဲတွင် သံလိုက်အိမ်မြှောင်ကဲ့သို့ ဝိညာဉ်ပစ္စည်းတစ်ခု ကိုင်ထားသည်။ ၎င်းအလယ်ဗဟို၌ ဇွန်းသဏ္ဍာန် ညွှန်တံတစ်ခုရှိ၏။ လက်ရှိအချိန်တွင် မလှုပ်မယှက် ငြိမ်သက်နေသည်။

ဤသည်မှာ နှင်းပန်းဓားကျောင်းမှ ထုတ်ပေးသော နတ်ဆိုးခြေရာခံခြင်းကိရိယာ ဖြစ်ချေ၏။ မိုင် (၆၀၀)အတွင်း နတ်ဆိုးများ၏ အရိပ်အယောင်ကို ခံစားနိုင်မည်။

ယနေ့တွင် ဘုံပျံလှေမှ ဆင်းသက်လာသည်မှာ နှစ်ရက်ကြာပြီဖြစ်၏။ သို့တိုင် နတ်ဆိုးများ၏ အရိပ်အယောင်ကို မရသေးချေ။

လက်ရှိဒေသသည် ချင်းယွမ်နိုင်ငံမှ ဝေးလွန်းသောကြောင့် နိုင်ငံငယ်များသည်သာ ရှိလေသည်။ လူသူကျဲပါးသဖြင့် နတ်ဆိုးများကို ရှာဖွေရန် ခက်ခဲနေ၏။

“ အစ်မချင်းရွှမ်း၊ ဒီနယ်မြေမှာ နတ်ဆိုးတွေ တကယ်ရှိလို့လား။ ”

ချူဟွာရီသည် အစောပိုင်းကာလ၌ စိတ်လှုပ်ရှား နေခဲ့သော်လည်း နှစ်ရက်အကြာ၌ တဖြည်းဖြည်း ပျင်းလာခဲ့သည်။

“ မရှိရင် အကောင်းဆုံးပေါ့ ... ဒါပေမယ့် အခုငါတို့ရောက်နေတာက ... ချင်းယွမ်နိုင်ငံရဲ့ အစွန်အဖျားပဲ ရှိသေးတယ် ... ရှေ့ဆက်သွားရင် သေချာပေါက် တွေ့နိုင်ခြေရှိတယ်။ ”

ရုတ်တရက် တုန်ခါမှုတစ်ခုကြောင့် ချူဟွာရီက ချင်းရွှမ်းစကားကို စိတ်မဝင်စားဘဲ ချက်ချင်း ဝိညာဉ်ကျောက်စိမ်းတစ်လုံး ထုတ်ယူကာ ဖတ်ကြည့်လိုက်၏။

“ ဟမ့် ... အစ်ကိုရှဲ့က ယွမ်ဖူနယ်ပယ် နတ်ဆိုးတစ်ကောင်ကို ဖမ်းဆီးနိုင်လိုက်ပြီ ပြောတယ် ငါတို့အတွက်တော့ ဘယ်တော့များ တွေ့နိုင်မှာလဲ။ ”

ညည်းညူသံကြောင့် ချင်းရွှမ်းခမျာ မျက်ခုံးပင့်လျက် ချူဟွာရီထံ မော့ကြည့်ကာ တိတ်ဆိတ်သွား၏။

ဤကောင်မလေးသည်သာ နတ်ဆိုး တစ်ကောင်ဖြင့်တွေ့သော် ရလာဒ်ကို မှန်းဆ နိုင်ချေပြီ။ ချူဟွာရီသည် ဖန်လှောင်အိမ်ထဲမှ ပန်းတစ်ပွင့်ဖြစ်၏။

ကျင့်ကြံမှုအုတ်မြစ်နှင့် အရင်းအမြစ်အရ အထက်တန်းစားတစ်ယောက် ဖြစ်ခဲ့သော်လည်း စိတ်နေစိတ်ထားမှာ ဒေါသမရှိချေ။

ထို့ကြောင့် နတ်ဆိုးဖြင့် ဆုံတွေ့သော် သူမသည် ၎င်း၏ပြိုင်ဘက် မဖြစ်နိုင်ကြောင်း ပြောနိုင်၏။ သို့သော် ကျင့်ကြံခြင်းဟူသည် ဤသို့သောအဓိပ္ပါယ်ပေပင်။

***

All Chapters