ဂိုဏ်းတူ မောင်နှစ်မများ ...
Vol. 15 Ch. 181
“ ဒါ တည်နေရာရွေ့ပြောင်း အစီရင်တစ်ခုလား။ ”
ကူချန်တစ်ယောက် ကောင်းကင်ပေါ်ရှိ စွမ်းအင်အတက်အကျများကို တစ်ချက်ကြည့် လိုက်ပြီး ကောက်ချက်ချလိုက်၏။
“ ဝှီး ... ။ ”
ထို့နောက် ရုတ်တရက် သတိဝင်လာပြီး မြေပြင်ပေါ်ကျဆင်းလာသည့် ပုံရိပ်နှစ်ရိပ်ထံ ပြန်ကြည့်လိုက်ကာ လန့်ဖျန့်သွားသည်။
“ ဟမ့် ... ။ ”
“ အွတ် ... ။ ”
“ ဘုန်း ... ။ ”
လက်နှစ်ဖက်ဖြင့် ကယောင်ကတမ်း ထိုသူတို့နှစ်ယောက်လုံးကို မြေပြင်ပေါ်မကျခင် ဖမ်းလိုက်သည်။ နူးညံ့သော အထိအတွေ့ကို ဦးစွာခံစားလိုက်ရ၏။
“ တည်နေရာရွေ့ပြောင်း အစီရင်ကိုပဲ အာရုံစိုက်နေမိတာ ... ဒီမှာလူနှစ်ယောက် ပြုတ်ကျနေတာ မေ့သွားတယ်။ ”
ရှက်ရွံ့စွာ ညည်းတွားရေရွတ်လျက် ပြန်ငုံ့ကြည့်လိုက်ရာ အမျိုးသမီးနှစ်ယောက် ဖြစ်နေသောကြောင့် အနည်းငယ် အံ့သြသွားတော့၏။
“ အမျိုးသမီးတွေလား ... ။ ”
ဤအမျိုးသမီးနှစ်ယောက်၏ ရုပ်ရည်အသွင်အပြင်သည် ထိပ်တန်းပေပင်။ သူတို့အင်္ကျီများ၌ပင် ဝိညာဉ်စွမ်းအင်လှိုင်းများ လှုပ်ခတ်နေ၏။
ကာကွယ်ရေး အစီရင်အချို့ ထည့်သွင်းထားပုံရသည်။ သို့တိုင် သူမတို့နှစ်ဦး၌ ဒဏ်ရာပြင်းထန်စွာရထား၏။
မျက်နှာများသည် အလွန်ဖြူဖျော့လျက် ကျောပြင်ရှိအဝတ်အစားများသည် စုတ်ပြဲနေပြီး သွေးများနှင့်ရောနှောနေသည်။ ဒဏ်ရာများ၌ ကြောက်မက်ဖွယ်ကောင်းသော နတ်ဆိုး၏ ရောင်ဝါအချို့ပင်ရှိနေ၏။
“ နတ်ဆိုးလက်ကနေ ထွက်ပြေးလာတာလား။ ”
ကူချန်မှ ဖြစ်ပျက်ခဲ့သည်များကို အကြမ်းဖျင်းခန့်မှန်းလာနိုင်၏။ တစ်ဆက်တည်း မှာပင် မယုံကြည့်နိုင်စွာဖြင့် ကောင်းကင်ပေါ် မော့ကြည့်နေမိဆဲဖြစ်သည်။
တိုက်ဆိုင်လွန်းချေပြီ။
“ ချန်၊ ဘာဖြစ်တာလဲ ... ။ ”
ထိုအချိန်တွင် တာအိုချင်းရှသည် ဝိညာဉ်စွမ်းအင်အတတ်အကျကို ခံစားမိပြီး လျင်မြန်စွာ ရောက်ရှိလာသည်။
ကူချန်၏ လက်နှစ်ဖက်စလုံးတွင် အမျိုးသမီးနှစ်ယောက်ကို ပွေ့ဖက်ထားခြင်း မြင်လိုက်ရသဖြင့် အံ့အားသင့်သွား၏။
( ကောင်လေး ... မင်းပြောတော့ အိမ်ထောင်ပြုရမှာ စိတ်မဝင်စားဘူးဆို အခု နှစ်ယောက်တောင် ... ။)
“ နေဦး ... ဒါ ... ။ ”
တာအိုချင်းရှတစ်ယောက် ချက်ချင်း တစ်ခုခုမှားနေမှန်းခံစားမိကာ အမျိုးသမီးများ ရင်ဘတ်ထံ ပြန်ကြည့်လိုက်ပြီး မျက်လုံးပြူးသွားသည်။
“ နှင်းပန်းဓားကျောင်း ... ။ ”
တာအိုချင်းရှ၏ ရေရွတ်သံကြောင့် ကူချန်သည်လက်ထဲရှိ အမျိုးသမီးနှစ်ယောက်ထံ ငုံ့ကြည့်လိုက်ပြီးနောက် စစ်မှန်သောချီများ သွန်းလောင်းလျက် ဒဏ်ရာများမှ နတ်ဆိုး ရောင်ဝါကို ပယ်ရှားပေးလိုက်သည်။
“ သူတို့က နှင်းပန်းဓားကျောင်းရဲ့ တပည့်တွေလား။ ”
“ ဟုတ်တယ် ... အတွင်းတပည့်တွေ။ ”
တာအိုချင်းရှအဖြေကြောင့် ကူချန်မှ သက်ပြင်းချလိုက်သည်။
“ ကြည့်ရတာ ငါ့စိတ်ကူးတွေနဲ့ နည်းနည်းတော့ ကွာခြားနေတယ်။ ”
“ ဘာကွာခြားနေလို့လဲ ... ။ ”
တာအိုချင်းရှမှ သိချင်သွား၏။ ကူချန်က ကောင်းကင်ပေါ်မော့ကြည့်ကာ၊
“ သူတို့နဲ့တွေ့ရင် ဓားပျံတွေပေါ်မှာ ရပ်နေပြီး အဖြူရောင်ဝတ်လုံနဲ့ သပ်သပ်ရပ်ရပ် ဆင်းလာလိမ့်မယ်လို့ ထင်ထားတာ ... ။ ”
တာအိုချင်းရှတစ်ယောက် ခဏမျှ တိတ်ဆိတ်သွားပြီး အမျိုးသမီးတပည့်နှစ်ဦးထံ ပြန်ကြည့်ကာ၊
“ နေပါဦး သူတို့က ဘယ်လို ရောက်လာတာလဲ ကောင်းကင်ပေါ်ကနေ ပြုတ်ကျလာတာလား။ ”
-ဟု မေးမြန်းလိုက်၏။
“ ကောင်းကင်ပေါ်ကနေ ပြုတ်ကျလာတာပါ။ ”
“ ဟမ့် ... ကောင်းကင်ပေါ်ကနေ ပြုတ်ကျလာတာလား။ ”
“ ဟုတ်တယ် ... သူတို့တွေ နတ်ဆိုးလက်ကနေ တည်နေရာရွေ့ပြောင်း အစီရင်သုံးပြီး ထွက်ပြေးလာတာ ...
... နှစ်ယောက်လုံး ယွမ်ဖူနယ်ပယ်မို့ အဲဒီနတ်ဆိုးက ခရမ်းရောင်နေမင်းနယ်ပယ် ဖြစ်ဖို့ များတယ်။”
ကူချန်က မိန်းကလေးနှစ်ယောက်၏ ဒဏ်ရာများနှင့် နတ်ဆိုးစွမ်းအင်ကိုကြည့်ရှုကာ ကောက်ချက်ချခဲ့သည်။
“ ဒါပေမယ့် ... မင်းအပေါ်ကို တည့်တည့်ပြုတ်ကျလာတာ နည်းနည်းတော့ ထူးဆန်းနေသလိုပဲ။ ”
ထိုစကားကြောင့် ကူချန်က တာအိုချင်းရှထံ ပြန်ကြည့်ကာ၊
“ ဒါဆို ငါသူတို့ကို ဒီကနေ တည်နေရာရွေ့ပြောင်းပြီး ခေါ်ယူလိုက်တယ် ထင်နေတာလား ... ။ ”
“ အဟွတ် ... အဟွတ် ... ။ ”
တာအိုချင်းရှမှ ချောင်းဆိုးသွားသည်။
“ အဲဒီလို မဟုတ်ဘူး ... ဒါတိုက်ဆိုင်မှု ဖြစ်မှာပါ ... မေ့လိုက်ပါ ... ငါတို့ဒီအကြောင်းကို ထားလိုက်ရအောင် နတ်ဆိုးစွမ်းအင်တွေကို သူတို့ဆီကနေ ဖယ်ရှားပေးနိုင်မလား။ ”
တာအိုချင်းရှက မိန်းကလေး နှစ်ယောက်ထံမှထွက်ပေါ်နေသော နတ်ဆိုး စွမ်းအင်ကို ကြည့်ကာ မေးမြန်းလာ၏။
“ မခက်ပါဘူး ... သူတို့ဒဏ်ရာရထားတာ မကြာသေးဘူး ဒါကြောင့် နတ်ဆိုးစွမ်းအင်ဟာ အတွင်းအင်္ဂါတွေထဲ မရောက်သေးဘူး မကြာခင် သက်သာလာလိမ့်မယ်။ ”
မကောင်းသော စွမ်းအင်များသည် လူ့ခန္ဓာကိုယ်အတွင်း ဝင်ရောက်သော် အပျက် သဘောဆောင်သည့် ခံစားချက်များကို ခံစားရမည်ဖြစ်သည်။
သို့မှသာ တာအိုချင်းရှတစ်ယောက် သက်ပြင်းချ လိုက်တော့၏။
***
မိုးပြာခြံဝင်း။ ကူချန်နေထိုင် နေအိမ်အမည်ကို အထက်ပါအမည်အတိုင်း ဆက်လက် ပေးအပ်ထားသည်။
ပတ်ဝန်းကျင် အပြင်အဆင်နှင့် နေအိမ်အရွယ်အစားသည် ယခင်ထက်ပို၍ ကြီးများကာ ရိုးရှင်းလာ၏။
ထူးခြားချက်အနေဖြင့် နေအိမ်အတွင်း၌ အဋ္ဌဂံပုံစားပွဲနှင့် ကုလားထိုင်များရှိသော ခန်းမ တစ်ခု၊ အဂ္ဂိရတ်ခန်းနှင့် အိပ်ခန်းပါရှိ၏။
အမျိုးမျိုးသော ပစ္စည်းများနှင့် ဆေးသေတ္တာပေါင်းများစွာသည် အဂ္ဂိရတ်ခန်းမ အတွင်း ပြည့်နှက်နေပြီး ခန်းမအလယ်၌ ဆေးကြိုအိုးတစ်လုံးရှိ၏။
အိပ်ခန်းထဲတွင်မူ နံ့သာပေါင်းအိုး တစ်လုံးရှိနေပြီး နံ့သာဖြူရနံ့များ သင်းပျံ့ထုံမွှန်း နေတော့သည်။
စန္ဒကူးပင်ကို ပေါင်းစပ်ထားရာ ဝိညာဉ်တည်ငြိမ်လျက် မကောင်းမြင်စိတ်များ ဖယ်ရှားပေးနိုင်၏။ ချင်းရွှမ်းနှင့် ချူဟွာရီ၏ ခန္ဓာကိုယ်များကို ကုတင်ပေါ်ချထားလိုက်ပြီး ကျောခိုင်းလျက်ထိုင်စေလိုက်သည်။
“ ဝှစ် ... ။ ”
ထို့နောက် ရွှေရောင်မီးတောက်ကို ဆင့်ခေါ်ကာ ဒဏ်ရာများရှိ နတ်ဆိုးစွမ်းအင်ထံ ဖယ်ရှားပေးတော့၏။ မင်ယွဲ့မှ မိန်ကလေးများ လဲကျသွားခြင်း မရှိစေရန် ဘေးမှနေ၍ ထိန်းမတ်ပေးထားသည်။
သန်စင်သောမီးတောက်သည် ဒဏ်ရာများပေါ်သို့ ဖုံးလွှမ်းလျက် နတ်ဆိုး စွမ်းအင်များကို ဝါးမြိုတော့၏။
များမကြာခင် စမ်းရေဖြင့် ဆေးကြောလိုက်သကဲ့သို့ ရှင်းသန့်နေသော ဒဏ်ရာအချို့သာ ကျန်ရှိချေပြီ။
၎င်းသည် နက်ရှိုင်းခြင်း မရှိသော်လည်း သူမတို့၏ကျောပြင်အလှကို ပျက်စီးသွားစေ၏။ ကူချန်က ချင်းရွှမ်းထံ အာရုံရောက်သွားသည်။
ထိုအမျိုးသမီးသည် မျက်လုံးများ မှိတ်ထားသော်လည်း နားရွက်နှင့်မျက်နှာတွင် ပေါက်ကွဲလုမတတ် နီရဲနေ၏။ ထို့ကြောင့် မင်ယွဲ့ကို မော့ကြည့်လိုက်ကာ၊
“ ငါအပြင် ထွက်လိုက်မယ် ... မင်းသူတို့အတွက် ဆေးလိမ်းပေးလိုက်ပါ ... ။ ”
-ဟု ညွှန်ကြားသည်။
“ ဟုတ်ကဲ့ ... ။ ”
မင်ယွဲ့က ခေါင်းညိတ်သည်။ ကူချန်ထွက်သွားပြီး မကြာခင် ချင်းရွှမ်၏ မျက်ဝန်းများ ပွင့်လာခဲ့၏။
ထို့နောက် မျက်ဝန်းများသည် ပါးလွှာလွန်းသော ကျောက်စိမ်းရောင်လိုက်ကာ ထံသို့ကြည့်နေ၏။ ဤမတိုင်မီကပင် သူမ နိုးနေပြီဖြစ်သည်။ ယင်းကို တစ်ဖက်လူမှ သိထားပြီး ထွက်ခွာသွားခြင်းပေပင်။
သို့သော် သူမ အခြေအနေသည် စကားပြောရမည့် အချိန်မဟုတ်သောကြောင့် ယခုမှ နိုးထလာဟန် ဖမ်းယူထားရ၏။
ကံကောင်းစေသည်မှာ သူမကို ဆေးလိမ်းပေးနေသော တစ်စုံတစ်ယောက်သည် မိန်းကလေးဖြစ်နေခြင်း ပေပင်။
“ စီနီယာ ... မင်းနိုးပြီလား ... ။ ”
ရုတ်တရက် သူမနောက်ပါးထံမှ ကောင်မလေးတစ်ယောက်၏ တည်ငြိမ်သော အသံကို သူမ ကြားလိုက်ရသည်။ ယင်းသည် သူမထံ ရည်ညွှန်းနေမှန်း မသိချေ။
ထို့ကြောင့် မင်ယွဲ့သည် သူမမျက်နှာရှေ့သို့ ခေါင်းပြူလိုက်ကာ ချစ်စဖွယ်ပြုံးပြလိုက်သည်။ သို့မှသာ ချင်းရွှမ်းသည် သတိထားမိသွား၏။
တောက်ပသောမျက်လုံး၊ ဖြူစင်သော သွားများနှင့် သဘာဝအတိုင်း ပြေပြစ်လွန်းသည့် အမူအရာများဖြင့် မိန်းကလေးငယ်လေးပင်။
“ စီနီယာ ... မင်းနားတွေ နီရဲနေပြီ။ ”
မင်ယွဲ့မှ ပြုံးပြီး ပြောလိုက်၏။ ချင်းရွှမ်းတစ်ယောက် မသိစိတ်ဖြင့် သူမနားကို ကိုင်လိုက်တော့သည်။ အဆုံးတွင် မျက်နှာ တစ်ပြင်လုံး နီမြန်းလျက် နှလုံးခုန်သံများ မြန်လာခဲ့၏။
“ ငါ ... သိသာနေတာလား ... ။ ”
“ အင်း ... ။ ”
မင်ယွဲ့မှ ခေါင်းညိတ်ပြလျက် နောက်လှည့်ကြည့်ပြီး ရွှေရောင်လိမ်းဆေးကို လှမ်းယူကာ သူမထံကမ်းပေးလိုက်သည်။
“ စိတ်မပူပါနဲ့ ... စီနီယာအစ်မရဲ့ ကျောပြင်ကလွဲပြီး တခြားဘာကိုမှ ငါ့စီနီယာ အစ်ကို မကြည့်ခဲ့ပါဘူး။ ”
မင်ယွဲ့မှ ခိုင်မာစွာ ဆက်ပြော၏။
“ သူက မင်းရဲ့စီနီယာအစ်ကိုလား။ ”
“ ဟုတ်တယ် ... ။ ”
“ ငါ့နာမည် ချင်းရွှမ်းပါ ... နှင်းပန်းဓားကျောင်း ရေခဲလမင်းတောင်ထိပ်ရဲ့ တပည့်တစ်ယောက်ပဲ အခုလိုကူညီမူကြောင့် ...
... မင်းနဲ့ မင်းရဲ့စီနီယာအစ်ကိုကို အရမ်း ကျေးဇူးတင်ပါတယ် ... မင်းတို့နှစ်ယောက်က ဘယ်ဂိုဏ်းကလဲ သိခွင့်ရှိမလား။ ”
“ ငါတို့မှာ ဂိုဏ်းမရှိဘူး ... ဒီတာအို ဘုံကျောင်းလေးမှာပဲ နေနေကြတာ ဒါပေမယ့် ငါတို့ရဲ့ဆရာတော်ကတော့ ... မင်းတို့နဲ့ အရမ်း ရင်းနှီးတယ် မဟုတ်ဘူး ... မင်းတို့ရဲ့ မိသားစုဝင်လို့ ပြောနိုင်ပါတယ်။ ”
“ ဆရာတော်လား ... ။ ”
ချင်းရွှမ်တစ်ယောက် အနည်းငယ် ရှုပ်ထွေးသွား၏။
“ မင်းပြောတော့ ဂိုဏ်းမရှိဘူးဆို ... ဒါဆိုမင်းရဲ့ဆရာတော်က ဘာလို့ ငါတို့မိသားစု ဖြစ်ရတာလဲ။ ”
“ ဆရာတော်က မင်းတို့ရဲ့ဓားကျောင်းမှာ ပြင်ပတပည့်ဖြစ်ဖူးတယ် လွန်ခဲ့တဲ့ ဆယ်စုနှစ် များစွာက ... ဘေးအန္တရာယ်တစ်ခုကြောင့် ဘုံပျံလှေနဲ့ ဒီကိုရောက်လာခဲ့ရတာ။ ”
လွန်ခဲ့သော ဆယ်စုနှစ်များစွာက ကပ်ဘေးကြီး။ ထိုစကားကြောင့် ချင်းရွှမ်းက နားလည်သွား၏။
မည်သို့ပင် ဆိုစေကာမူ ဂိုဏ်း၏ ပြင်ပတပည့်တစ်ဦးမှ ကယ်တင်ခဲ့သည့်အတွက် အနည်းငယ် သက်သာရာရသွားကာ စိတ်လက် ပေါ့ပါးပြုံးရွှင်သွားတော့သည်။
“ ဒါဆို ငါတို့က ဂိုဏ်းတူမောင်နှမတွေပေါ့။ ”
***