ဝါစဉ်နှင့် စည်းကမ်းများ ...
Vol. 15 Ch. 182
“ ဟမ့် … ။ ”
ထိုစဉ် ချူဟွာရီသည် နိုးထလာပြီး မရင်းနှီးသော ကုတင်ပေါ်လဲလျောင်းနေမှန်း သတိထားမိကာ ချက်ချင်း ထထိုင်လိုက်၏။
ဘေးတွင် အစ်မချင်းရွှမ်းနှင့် သူစိမ်းတစ်ယောက်၏ စကားပြောနေသံများ ကြားလိုက်ရသည်။
“ အစ်မချင်း ... ငါတို့ဘယ်ရောက်နေတာလဲ။ ”
“ မင်းနိုးလာပြီလား ... ။ ”
ချင်းရွှမ်းမှ လှည့်ကြည့်ကာမေး၏။ ချူဟွာရီက ခေါင်းညိတ်ပြလိုက်ပြီး ကျောကို လက်ဖြင့် စမ်းကြည့်သည်။ ဒဏ်ရာများသည် ပျောက်ကင်းနေပြီဖြစ်၏။
ယွမ်ဖူနယ်ပယ် ကျင့်ကြံသူများ၏ ရုပ်ခန္ဓာသည် သန်စွမ်းသည့်အပြင် မင်ယွဲ့၏ အစွမ်းထက်သော ရွှေရောင်အနာလိမ်းဆေး သည်လည်း ထိရောက်ချေပြီ။
ထို့ကြောင့် နာရီဝက်အတွင်း သွေးများစီးကျနေသော ကျောပြင်သည် ပကတိ ပြန်လည်ကောင်းမွန်နေပြီဖြစ်၏။
ယင်းသည် မထူးဆန်းချေ။ စင်ကြယ်ခြင်းနယ်ပယ်ရောက်သော် ခန္ဓာကိုယ် အစိတ်အပိုင်းများပင် ပြန်လည်ပေါက်ရောက် နိုင်မည်။
“ ဒါ ... ဂိုဏ်းတူတပည့်တစ်ယောက်ရဲ့ ဘုံကျောင်းပဲ။ ”
“ ဂိုဏ်းတူတပည့် ... ။ ”
ချူဟွာရီမှ အံ့အားသင့်သွားသည်။
“ ဒီနေရာက ငါတို့ဂိုဏ်းနဲ့ဝေးတဲ့ ရွှမ်လင်နယ်မြေကြီး မဟုတ်ဘူးလား။ ”
“ ဟုတ်တယ် ... သူတို့က လွန်ခဲ့တဲ့ဆယ်စုနှစ်တုန်းက ကပ်ဘေးကြောင့် ဘေးလွတ်ရာကို ရွှေ့ပြောင်းခံခဲ့လိုက်ရတဲ့ ပြင်ပတပည့်တွေပါ ... ။ ”
“ နားလည်ပါပြီ ... ။ ”
ချူဟွာရီမှ နားလည်သွားသည်။ ထိုစဉ်က ကပ်ဘေးကို မကြုံဖူးသော်လည်း မိဘများထံမှ ကြားထားဖူး၏။
နှင်းပန်းဓားကျောင်းသည် အတွင်း၊အပြင် နတ်ဆိုးအင်အားများပူးပေါင်းကာ ပုန်ကန်ခြင်း ခံခဲ့ရသည်။
ထို့ကြောင့် ဂိုဏ်း၏ အတွင်းတပည့် များစွာနှင့် ပြင်ပတပည့်များကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့၏။
လက်ရှိအချိန်၌ အတွင်းတပည့်များ ပြန်ရောက်လာသော်လည်း ပြင်ပတပည့်များမှာ လုံးဝ ပြန်မရောက်နိုင်တော့ချေ။
အဘယ့်ကြောင့်ဆိုသော် အတွင်း တပည့်များသည် ဓားပျံများစီးနင်းနိုင်သဖြင့် ပြန်လာနိုင်၏။
ပြင်ပတပည့်များသည် ရှန်ရှင်းနယ်ပယ်ပင် မရောက်ကြသေးသောကြောင့် မိုင်ပေါင်းရာချီ၍ ခရီးနှင်နိုင်စွမ်း မရှိခဲ့ကြချေ။
“ သူက ဘယ်သူလဲ ... ။ ”
ချူဟွာရီက ချစ်စရာကောင်းသော မင်ယွဲ့ထံကြည့်ကာ မေးလိုက်သည်။ မင်ယွဲ့မှ အနည်းငယ် ဦးညွှတ်ပြီး၊
“ ငါ့ ... နာမည် မင်ယွဲ့ပါ တွေ့ရတာ ဝမ်းသာပါတယ် စီနီယာ ... ။ ”
-ဟု နှုတ်ဆက်၏။
“ မင်း ငါတို့ကို ကယ်ခဲ့တာလား။ ”
ချူဟွာရီက သက်တောင့်သက်သာဖြင့် ကုတင်ပေါ်မှဆင်းပြီး ကျေးဇူးတင်စကားပြော ကြားရန် ပြင်သည်။
“ မဟုတ်ဘူး၊ ငါ့ရဲ့စီနီယာအစ်ကို ... ။ ”
“ မင်းရဲ့ စီနီယာအစ်ကို ... ။ ”
“ ဟုတ်တယ် ... ။ ”
ချူဟွာရီတစ်ယောက် ချက်ချင်း တောင့်တင်းသွားပြီးနောက် သူမကျောပြင်ထံ လက်ဖြင့်ပြန်စမ်းကြည့်လိုက်သည်။
“ ဒါဆို ငါတို့ဒဏ်ရာတွေရော ... ။ ”
“ ငါ ကူညီပေးခဲ့တာပါ။ ”
မင်ယွဲ့မှ ပြုံးလျက် ပြန်ဖြေသည်။ သို့မှသာလျှင် ချူဟွာရီက သက်ပြင်းချတော့၏။ ထိုစဉ် မင်ယွဲ့မှ စကားဆက်ပြောလာသည်။
“ ဒါပေမယ့် နတ်ဆိုးစွမ်းအင်တွေကို ဖယ်ရှားဖို့ကတော့ ငါ့စီနီယာအစ်ကိုပဲ ... ။ ”
“ ဒါ ... ။ ”
ချူဟွာရီတစ်ယောက် မျက်နှာ ပြောင်းလဲသွားကာ တုန်ယင်စွာဖြင့် ချင်းရွှမ်းထံ လှည့်ကြည့်ပြီး၊
“ အစ်မချင်း ... ငါဘယ်တော့မှ အိမ်ထောင် မပြုတော့ဘူး။ ”
-ဟု ပြောကြားလိုက်သည်။
ထိုစကားကိုကြားသောအခါ ချင်းရွှမ်းသည်လည်း မျက်နှာ အနည်းငယ် နီမြန်းသွားကာ၊
“ ဘာတွေ တွေးနေတာလဲ ... မင်ယွဲ့ရဲ့စီနီယာက ငါတို့ကိုကုသပေးခဲ့တာ တခြားမတွေးနဲ့။ ”
-ဟု ဟန့်တားလိုက်သည်။
ထိုအချိန်တွင် ကူချန်နှင့် တာအိုချင်းရှမှာ ခြံဝင်းထဲ ထိုင်နေသည်။ သူတို့နှစ်ယောက် ရှေ့၌ ရေနွေးကြမ်းခွက်များ ချထား၏။
တာအိုချင်းရှက စိတ်လှုပ်ရှားစွာဖြင့် ကူချန်နေအိမ်သို့ ရံဖန်ရံခါ မော့ကြည့်နေကာ ပြုံးရွှင်နေချေပြီ။
ကူချန်က ရေနွေးကြမ်းခွက်ကို စားပွဲပေါ်ချလိုက်၏။ ထို့နောက် တာအိုချင်းရှထံ ကြည့်ကာ၊
“ ဆရာ ... မင်းဘာလို့ အခန်းထဲ ဝင်မကြည့်တာလဲ။ ”
-ဟု မေးမြန်းလိုက်၏။
တာအိုချင်းရှခမျာ မျက်နှာ ပျက်ယွင်းလျက်အေးစက်သွားပြီး ကူချန်ထံ ဒေါသဖြင့် ပြန်ကြည့်သည်။
“ ငါ ... အဲဒီလိုလူ မဟုတ်ဘူး။ ”
“ ဒါပေမယ့် မင်းကြည့်ရတာ အဲဒီလိုလူမျိုးနဲ့ တူနေတယ် ... ။ ”
ကူချန်၏ အထက်ပါ စကားကြောင့် တာအိုချင်းရှခမျာ အနည်းငယ် ကူကယ်ရာမဲ့ သွားတော့၏။
“ ဒီလိုမျိုး မဟုတ်ဘူး ... ။ ”
ထို့နောက် တာအိုချင်းရှက ရေနွေးကြမ်းခွက်ကို ကောက်ကိုင်ကာ တစ်ငုံ သောက်လိုက်ပြီး သက်ပြင်းချ၏။
“ နှစ်ပေါင်းများစွာ ကြာပြီးတဲ့နောက် ငါ့တို့ဂိုဏ်းတူမောင်နှစ်မတွေ ပြန်တွေ့လာရတဲ့ ခံစားချက်ကို မင်းသိလား ... ။ ”
“ မသိဘူး ... ။ ”
ကူချန်မှ ခေါင်းရမ်းကာ ဝန်ခံသည်။
“ ဟုတ်တယ် ... မင်းမှာ ဒီလိုဂိုဏ်းမျိုး မရှိတော့ သဘာဝအတိုင်း ငါ့ခံစားချက်တွေကို မင်းနားမလည်နိုင်တာ သဘာဝပါပဲ ... ဟမ့် သူတို့ထွက်လာပြီ။ ”
တာအိုချင်းရှမှ ကူချန်ကို ရှင်းပြန်ရန် စိတ်မဝင်စားတော့ဘဲ လှည့်ကြည့်လိုက်သည်။ မင်ယွဲ့သည် ချူဟွာရီနှင့် ချင်းရွှမ်းကိုခေါ်ကာ သူတို့ထံ လျှောက်လှမ်းလာနေ၏။
ချူဟွာရီက ခြံဝင်းထဲ ထိုင်နေသော တာအိုချင်းရှနှင့် ကူချန်ထံကြည့်ဆပြီး မင်ယွဲ့ကို၊
“ ဒီနှစ်ယောက်ထဲက ဘယ်သူက မင်းရဲ့စီနီယာအစ်ကိုလဲ။ ”
-ဟု လေသံဖြင့် မေးမြန်းလိုက်၏။
ကျွမ်းကျင်သူများကို အသက်အရွယ် ပုံပန်းသဏ္ဍာန်ဖြင့် မဆုံးဖြတ်နိုင်ချေ။ မင်ယွဲ့က ကူချန်ထံ ကြည့်လိုက်သည်။ ထိုအကြည့်ကြောင့် ချူဟွာရီမှ သက်ပြင်းချကာ ရင်ဘတ်ကိုဖိပြီး သူ့ကိုယ်သူ နှစ်သိမ့်လိုက်ရ၏။
“ တော်ပါသေးရဲ့ ... သူဆိုရင် ငါလက်ခံနိုင်တယ်။ ”
ချင်းရွှမ်းခမျာ သူမ မှတ်ချက်ကြောင့် မျက်ခုံးပင့်လျက် ချူဟွာရီထံ မော့ကြည့်သည်။ ထို့နောက် ကူချန်ထံပြန်လှည့်ကြည့်ကာ တည်ငြိမ်သော အမူအရာဖြင့်၊
“ ငါ့အမည်က နှင်းပန်းဓားကျောင်း ရေခဲလမင်းတောင်ထိပ်ရဲ့တပည့် ချင်းရွှမ်းပါ မင်းရဲ့ အကူအညီအတွက် ကျေးဇူးတင်ပါတယ် စီနီယာ ... ။ ”
-ဟု နှုတ်ဆက်လိုက်သည်။
ထိုမြင်ကွင်းကြောင့် ချူဟွာယီသည်လည်း အလျင်စလို ကိုယ်အမူအရာလိုက်ပါ ပြုမူလျက် ကူချန်ထံ အနည်းငယ်ဦးညွှတ်ကာ၊
“ ငါ့နာမည်က ချူဟွာရီပါ ... နှင်းပန်းဓားကျောင်း ရေခဲလမင်းတောင်ထိပ်ရဲ့ တပည့်ပါပဲ ... အကူအညီအတွက် ကျေးဇူးတင်ပါတယ် စီနီယာ။ ”
“ ဒါက ဘာမှ မဟုတ်ပါဘူး ... ငါ့ကို တာအိုမိတ်ဆွေလို့ပဲခေါ်ပါ။ ”
ချင်းရွှမ်းမှ ခေါင်းညိတ်ပြလိုက်ပြီး ဘေးတွင်အနည်းငယ် စိတ်လှုပ်ရှားနေသော တာအိုချင်းရှထံ ကြည့်လိုက်၏။
ကူချန်နှင့် ထိုလူ၏ပတ်သတ်မှုကို သူမ နားမလည်ချေ။ အကြည့်ကြောင့် တာအိုချင်းရှမှ စိတ်လှုပ်ရှားမှုကို ထိန်းလိုက်ကာ၊
“ ချန်က ဘုံကျောင်းမှာ တာအိုဘာသာကို လေ့လာနေပေမယ့် ငါ့လိုနှင်းပန်းဓားကျောင်းရဲ့ တပည့်မဟုတ်ဘူး ... ထူးဆန်းတဲ့ အမွေတစ်ခုကို သူရထားတာပါ။ ”
-ဟု ရှင်းပြလိုက်၏။ သို့မှသာ ချင်းရွှမ်းတစ်ယောက် နားလည်သွားလေသည်။ တာအိုချင်းရှမှ ထရပ်ပြီး သူ့အဝတ်အစားများကို သပ်သပ်ရပ်ရပ် ပြုပြင်တော့၏။
ထို့နောက် အသက်ပြင်းပြင်းရှူလျက် လေးနက်စွာဖြင့် ချူဟွာရီနှင့် ချင်းရွှမ်းတို့ထံ ဦးညွှတ်လိုက်သည်။
“ နှင်းပန်းဓားကျောင်းရဲ့ ပြင်ပတပည့် ငါချန်ချင်းက ... စီနီယာအစ်မနှစ်ယောက်ကို နှုတ်ဆက်ပါတယ်။ ”
ရုတ်ချည်း တာအိုချင်းရှ၏ ကျယ်လောင်သောအသံကြောင့် ချင်းရွှမ်းခမျာ ထိတ်လန့်သွားပြီး အမြန်ကူညီလိုက်သည်။
“ ငါတို့တွေက ... ကျင့်ကြံမှုနယ်ပယ် အတူတူပါပဲ ပြီးတော့ မင်းကအသက်ကြီးတယ်၊ ဒါကြောင့် ငါတို့ကသာ စီနီယာအစ်ကိုလို့ ခေါ်သင့်တယ်မဟုတ်လား။ ”
တာအိုချင်းရှမှ ခေါင်းခါလိုက်သည်။
“ ဒါက ငါတို့ဂိုဏ်းရဲ့ စည်းကမ်းပဲ စည်းကမ်းဆိုတာ နှစ်တွေဘယ်လောက်ကြာ နေပါစေ ဖောက်ဖျက်ဖို့မှ မဟုတ်တာ။ ”
ကျင့်ကြံသူများသည် အသက်ရှည်၏။ ထို့ကြောင့်အသက်အရွယ်မှာ အလွန်ရှုပ်ထွေး လှသည့် ကဏ္ဍတွင်ရှိနေသည်။
ယင်းကြောင့် ကျင့်ကြံခြင်းဂိုဏ်းများသည် ကျင့်ကြံမှုနယ်ပယ်ပေါ် မူတည်၍သာ ဝါစဉ်ကို သတ်မှတ်ပေး၏။
ဆိုလိုသည်မှာ တပည့်တိုင်း၏ အဆင့်အတန်းနှင့်ရာထူးကို ခွန်အားဖြင့်သာ ဆုံးဖြတ်ခြင်းပေပင်။
နှင်းပန်းဓားကျောင်းသည်လည်း ထိုသို့သောဂိုဏ်းတစ်ဂိုဏ်းဖြစ်၏။ ပြင်ပတပည့်၊ ကနဦးအတွင်းတပည့်၊ အတွင်းတပည့်၊ အမာခံ တပည့်စသည့် ရာထူးများပေးထားသည်။
ထို့ကြောင့် ပြင်ပတပည့်များသည် ကနဦးအတွင်းတပည့်၊ အတွင်းတပည့်နှင့် အမာခံတပည့်များကို စီနီယာများအဖြစ် ခေါ်ဆိုရပေမည်။
အမာခံတပည့်များ အထက်တွင် တောင်ထိပ်အသီးသီး၏ သင်းထောက်များ၊ အကြီးအကဲများနှင့် တောင်ထိပ်သခင်များ ရှိလေသည်။
ထိုအဆင့် ဂိုဏ်းသားများသည်လည်း သူတို့၏ အထောက်အထားများဖြင့် အချင်းချင်း ပြောဆိုဆက်ဆံကြရသည်။
နှင်းပန်းဓားကျောင်း၏ တပည့်များ အားလုံးအတွက် ထိုအဆင့်ဂိုဏ်းဝင်များသည် ဆရာသခင်နှင့် သိုင်းဦးလေးများပေပင်။
ထိုအဆင့်ပုဂ္ဂိုလ်များနှင့် တပည့်များကြား သွေးသားတော်စပ်မှု သို့မဟုတ် ဆရာနှင့်တပည့် ဆက်ဆံရေးမရှိသည့်အခါ ဤရာထူးများ ခေါင်းစဉ်များကို အသုံးပြုရ၏။
မဟုတ်သော် သားတစ်ယောက်၏ ကျင့်ကြံမှုအဆင့်သည် ဖခင်ထက်မြင့်မားခြင်းမှ ဖခင်သည် သူ့သားအပေါ် သိုင်းဦးလေးခေါ်ရန် မသင့်ချေ။
ထို့အတူပင် မြေးတစ်ယောက်သည် သူ့အဖိုးထက် ကျင့်ကြံမှုမြင့်မားနေသောကြောင့် အဖိုးသည် သူ့မြေးအပေါ် စီနီယာအစ်ကို ခေါ်ဆိုခြင်းမှာ ရယ်စရာပေပင်။
တာအိုချင်းရှသည် ပြင်ပတပည့်ဖြစ်၏။ လက်ရှိတွင် ယွမ်ဖူနယ်ပယ်ဖြစ်နေသော်လည်း သူသည် ဂိုဏ်း၏တရားဝင် ရာထူးတိုးပေးခြင်း မခံထားရသေးချေ။
တစ်ချိန်တည်းမှာပင် ချင်းရွှမ်းသည် ယွမ်ဖူနယ်ပယ်သို့ ဝင်ရောက်ခဲ့သည်မှာ များစွာ ငယ်ရွယ်နေသေးသည်။
ထို့ကြောင့် ချင်းရွှမ်းနှင့် ချူဟွာရီကို စီနီယာအစ်မများဟု ခေါ်ရမည်မှာ သေချာ၏။ ယင်းသည် ကျိုးကြောင်းဆီလျော်ချေပြီ။
***