← Chapters

အံ့သြဖွယ် စွမ်းရည်ပိုင်ရှင်များ ...

Vol. 15 Ch. 184

အံ့သြဖွယ် စွမ်းရည်ပိုင်ရှင်များ ...

Vol. 15 Ch. 184

နှစ်ယောက်သား အချိန်အကြာကြီး တိတ်ဆိတ်သွားပြီးနောက် တာအို ချင်းရှမှ ချင်းရွှမ်းတို့အတွက် အစားအသောက်များ ဝယ်ရန် မြို့တော်သို့ထွက်ခွာသွားသည်။

ကူချန်တစ်ယောက် ထိုင်ခုံ၌ ကျန်ရစ်နေခဲ့ကာ ဝင်္ကပါအစီရင်များကို လေ့လာ နေခဲ့သည်။ အချိန်များ မည်မျှ ကုန်လွန်သည် မသိချေ။

မင်ယွဲ့တစ်ယောက် ချင်းရွှမ်း၊ ချူဟွာရီတို့နှင့်အတူ ပြန်ရောက်လာခဲ့သည်။ ချင်းရွှမ်းတို့နှစ်ဦးသည် မျက်နှာပေါ်၌ အနည်းငယ် ရှုပ်ထွေးနေ၏။

သံသယ၊ ထိတ်လန့်မှု၊ မယုံကြည်နိုင်မှု၊ တုံ့ဆိုင်းမှုများဖြင့် ကူချန်ထံ ကြည့်လာသည်။ ကူချန်က ထိုအမူအရာများကို သတိထားမိကာ၊

“ ငါ တစ်ခုခုမှားနေလို့လား။ ”

-ဟု မေးမြန်းလိုက်သည်။

ချူဟွာရီမှ ကူချန်ကို စိုက်ကြည့်နေရာမှ သည်းမခံနိုင်တော့ဘဲ၊

“ တာအိုအစ်ကို ... မင်းက ဒီနှစ်မှ အသက်(၂၅)နှစ်ပဲ ရှိသေးတယ်ဆိုတာ တကယ်လား။ ”

သို့မှသာ ကူချန်က အကြောင်းရင်းကို နားလည်သွား၏။ ပြုံးလျက်၊

“ ဒါနဲ့ပတ်သက်ပြီး ထူးဆန်းတာရှိလို့လား။ ”

-ဟု ပြန်မေးလိုက်၏။

သူ့အသက်နှင့် ပတ်သတ်၍ လျှို့ဝှက်ချက်မဟုတ်ချေ။ နတ်နဂါးမြို့တော်ရှိ လူတိုင်းနီးပါးသိသည်။

ချူးဟွာရီတစ်ယောက် တုန့်ပြန်နိုင်ခြင်း မရှိတော့ဘဲ သူမဘေးရှိ ချင်းရွှမ်းထံ လှည့်ကြည့် လိုက်၏။ ချင်းရွှမ်းသည်လည်း ထိတ်လန့် နေချေပြီ။

“ အစ်မချင်း ... ငါ့အရည်အချင်းက နှင်းပန်းဓားကျောင်းမှာ ပထမတန်းစားလို့ မင်း အမြဲပြောခဲ့တာ မဟုတ်လား။ ”

မကြာသေးမီကပင် သူမသည် ယွမ်ဖူနယ်ပယ်သို့ ရောက်ရှိလာ၏။ ထို့ကြောင့် အသက်(၃၂)ဖြင့် ယွမ်ဖူနယ်ပယ် ရောက်ရှိ ထားသည့် ပါရမီရှင်စာရင်းဝင်ခဲ့သည်။

ထိုသို့သော သူသည် ပထမအဆင့် အရည်အချင်းပိုင်ရှင်အဖြစ် ယူဆသော ဤလူကို မည်သို့ သတ်မှတ်နိုင်မည်နည်း။

ဤသည်မှာ မတော်တဆ ကံကောင်းခြင်း မဟုတ်သည်မှာ သေချာ၏။ တစ်နည်းဆိုရသော် သူမထက် ဆယ်နှစ်စောပြီး ရောက်ရှိထားခြင်း ဖြစ်သည်။ ချင်းရွှမ်းသည်ပင် ယခုအချိန်၌ မည်သို့တုန့်ပြန်ရမည်မှန်း မသိချေ။

သူမ၏မျက်လုံးများသည် ကူချန်ကို အကြိမ်ကြိမ် ပြန်ကြည့်နေရုံသာ တတ်နိုင်သည်။ ဤလူငယ်သည် သည်မျှ ငယ်လိမ့်မည်ဟု မထင်ထားမိချေ။

“ ငါတို့နဲ့ယှဉ်ရင် မင်းရဲ့အရည်အချင်းက တကယ်ကိုကောင်းတာပါ ... ရှန်ရှင်းနယ်ပယ် ကနေ ယွမ်ဖူနယ်ပယ်ကို ဖြတ်ကျော်ဖို့ ...

... အရင်းအမြစ်တွေ မလိုအပ်ဘူး ... ဉာဏ်အလင်းနဲ့ အခွင့်အလမ်းတွေသာ လိုတယ် ရေခဲလမင်းတောင်ထိပ်က ငါတို့ဂိုဏ်းတူ မောင်နှစ်မတွေအားလုံး ...

... အသက်လေးဆယ် ဒါမှမဟုတ် ငါးဆယ်အတွင်းကျမှ ယွမ်ဖူနယ်ပယ်ကို ဝင်ရောက်နိုင်ခဲ့တာ ... အဲဒီမတိုင်မီမှာ ...

... လူတိုင်းက ရှန်ရှင်းနယ်ပယ် ပြီးပြည့်စုံမှုအဆင့်မှာ ပိတ်မိနေပြီ အခြေခံ ကျင့်ကြံခြင်းနည်းစနစ်အချို့ကို သင်ယူဖို့ ရုန်းကန်နေရတုန်းပဲ ... ။ ”

ချင်းရွှမ်းမှ တုန့်ဆိုင်းစွာ ပြန်ဖြေ၏။ ထို့နောက် ကူချန်ကို တစ်ချက်ပြန်ကြည့်သည်။

“ ဂိုဏ်းမှာ အသက်လေးဆယ်မတိုင်ခင် ယွမ်ဖူနယ်ပယ်ရောက်နိုင်ရင် ဉာဏ်ကြီးရှင်လို့ ခေါ်ဆိုနိုင်နေပြီ တကယ်တော့ ယွမ်ဖူနယ်ပယ် မတိုင်မီမှာ အတားအဆီးနှစ်ခုရှိတယ် ...

... အဲဒီအတားအဆီးအတွင်း ပိတ်မိနေတဲ့လူတွေ ဒီကမ္ဘာကြီးမှာ မရေမတွက် နိုင်အောင် များပြားပါတယ် ...

... ယွမ်ဖူနယ်ပယ်ရောက်ရင်လဲ နှစ်ပေါင်းရာနဲ့ချီပြီး ပိတ်မိနေတဲ့သူတွေတောင် ရှိနေသေးတယ် ငါတို့ရေခဲလမင်း တောင်ထိပ်က သင်းထောက်တွေတောင် အသက်လေးဆယ်မှ ရှန်ရှင်းနယ်ပယ်ကို ဖြတ်ကျော်နိုင်တယ်။ ”

သူမစကားကို မည်သူမျှ မနှောက်ယှက်ချေ။ အဆုံးတွင် ချင်းရွှမ်မှ ချူးဟွာရီထံပြန်ကြည့်ကာ၊

“ ယွမ်ဖူနယ်ပယ်ကနေ ခရမ်းရောင်နေမင်း နယ်ပယ်ရောက်ဖို့ဆိုရင် နှစ်တစ်ရာကျော် အချိန် ယူရတယ် ...

... ဒါကြောင့် အသက်(၃၂)နဲ့ ယွမ်ဖူနယ်ပယ်ထဲ ဝင်ရောက်ခဲ့တဲ့ မင်းကို ပါရမီရှင် တစ်ယောက်လို့ ခေါ်ဆိုတာ ဘာများမှားလို့လဲ။ ”

-ဟု ပြောကြားလိုက်သည်။

“ ဒါဆို တာအိုမိတ်တွေကူကရော ... ။ ”

ချူးဟွာရီမှ ထပ်မံမေးမြန်းသည်။ ချင်းရွှမ်းတစ်ယောက် ချက်ချင်းလေးနက်ပြီး ကူချန်ကို ကြည့်၏။

“ သူက ဒဏ္ဍာရီဆန်ဆန် ပါရမီရှင်ပဲ ကြောက်စရာကောင်းတဲ့ ... ဘီလူးတစ်ကောင် အသက်နှစ်ဆယ်ကျော်နဲ့ ယွမ်ဖယ်နယ်ပယ် ဆိုတာ ... ဂိုဏ်းရဲ့ကြောက်စရာကောင်းတဲ့ စီနီယာအစ်ကိုတွေသာ ယှဉ်နိုင်မယ် ...

... သူ့ရဲ့ အရည်အချင်းတွေအရ နေလအဆင့်ပါရမီရှင် စာရင်းဝင်တယ် နေလ အဆင့်က စီနီယာအစ်ကို ယန်ဝူတီဆိုရင် ...

... အဆင့် (၅၁) မီးဝိညာဉ်ခန္ဓာနဲ့ မွေးဖွားလာတယ် သန့်စင်တဲ့မီးတောက်သုံးပြီး အသက် (၂၆)နှစ်မှာ ယွမ်ဖူနယ်ပယ်ကို ရောက်ရှိလာတယ် ...

... နေလအဆင့် အဆင့် (၃၆)က စီနီယာအစ်ကိုချန်းကျန့်ခုန်ဆိုရင် နတ်သားရဲ အရိုးနဲ့ မွေးဖွားပြီး ထူးခြားတဲ့ ဓားတာအို စွမ်းရည်ရှိတယ် ...

... လေဟာနယ် တောင်ထိပ်ကို ကာကွယ်နေတဲ့ ဝိညာဉ်လက်နက် အကူအညီနဲ့ အသက် (၂၅)နှစ်မှာ ယွမ်ဖူနယ်ပယ် ရောက်လာခဲ့တယ် ...

... နေလအဆင့် (၁၈)မှာရှိနေတဲ့ ... စီနီယာအစ်မ စစ်နန်ဆိုရင် မွေးစကပ်ဆိုးတစ်ခု ကြုံတွေ့ခဲ့ရပြီး ရေထဲပြုတ်ကျသွားတယ် ... အဲဒီကစပြီး သူမက ရေစွမ်းအင်နဲ့အတူ ကြီးပြင်းလာရတယ် ...

... ဒီလိုပဲ နေလအဆင့် (၃)ဖြစ်တဲ့ အစ်ကိုလင်းရှစ်ဆိုရင် လေဟာနယ်အမှောင် ကျောက်တုံးကနေ မွေးဖွားလာပြီး ...

... မွေးရာပါယွမ်ဖူနယ်ပယ်ကို ... ပိုင်ဆိုင်ထားတယ် ... သူ့အသက် (၁၅)နှစ်မှာ လူသားပုံစံကို ပြီးပြည့်စုံစေတယ် ...

... သူတို့အားလုံးဟာ ကြီးကျယ်တဲ့ အရည်အချင်းတွေ၊ အခွင့်အလမ်းကောင်းတွေနဲ့ ကံကောင်းခြင်းတွေရှိတဲ့ လူမျိုးတွေပါ တာအိုကူလည်း သူတို့လိုပါပဲ ... ။ ”

ချင်းရွှမ် စကားကိုကြားပြီးနောက် ကူချန်သည် နှင်းပန်းဓားကျောင်း၏ အုတ်မြစ်ကို ပို၍ နားလည်လာသည်။ အမှန်ပင် ခိုင်မာချေ၏။

သူမ ပြောခဲ့သမျှသော လူတိုင်းသည် အလွန်ထူးချွန်သည်။ သို့သော် သူ့နယ်ပယ်သည် လက်ရှိအချိန်၌ ယွမ်ဖူနယ်ပယ် မဟုတ်တော့ သည်ကို သူမတို့ မသိချေ။

ဆိုလိုသည်မှာ မင်ယွဲ့သည် သူ့အသက်အရွယ်ကိုသာ ပြောပြပြီး ကျင့်ကြံမှု နယ်ပယ်အပေါ် ပြောပြထားပုံ မရကြောင်း မြင်သာနေသည်။

ရုတ်တရက် ချင်းရွှမ်းတစ်ယောက် သူမ၏ဆက်သွယ်ရေးတံဆိပ်ကို ထုတ်လိုက်ပြီး ဝိညာဉ်အသိဖြင့် စစ်ဆေးတော့၏။

“ စီနီယာအစ်ကိုချန်ချွမ်ပဲ ... မကြာခင် ဒီကိုရောက်လာတော့မယ်။ ”

“ သူကရော ဘယ်လောက် အစွမ်းထက်လဲ။ ”

ကူချန်တစ်ယောက် မျက်ခုံးပင့်လိုက်၏။ နှင်းပန်းဓားကျောင်း၏ နေလအဆင့် ပါရမီရှင် မည်မျှအစွမ်းထက်မည်ကို မြင်လိုနေသည်။ ထို့ကြောင့် ချင်းရွှမ်းကို မေးမြန်းလိုက်၏။

“ စီနီယာအစ်ကိုချန်ချွမ်က မူလက ငရဲတောင်ထိပ်ရဲ့တပည့်ဖြစ်ပြီး အခုတော့ ဝင်္ကပါတောင်ထိပ် ပြောင်းခဲ့တယ် ...

... ဝင်္ကပါနဲ့ အစီရင်တွေမှာ အထူးကျွမ်းကျင်ပြီး သူ့ရဲ့ငရဲဓားစွမ်းရည်ကလဲ အလွန်ကြောက်စရာကောင်းတယ် လက်ရှိမှာ အစ်ကိုချန်ချွမ် အသက်က (၁၅၂)နှစ်ရှိနေပြီ နေလအဆင့်မှာ အဆင့် (၃၂)ရထားတယ် ...

... သူကတော့ လက်ရှိခရီးစဉ်မှာ အမာခံတပည့်တွေကို ဦးဆောင်ပြီး သတ္တမတန်း ဝင်္ကပါသခင်တစ်ယောက်ပဲ ... တစ်ချိန်က ခရမ်းရောင်နေမင်းနယ်ပယ် နတ်ဆိုး သုံးကောင်ကို သတ်ပစ်ခဲ့ဖူးတယ်။ ”

“ ထက်မြက်တယ် ... ။ ”

ကူချန်မှ ချီးကျူးလိုက်၏။ ထိုစဉ် ချင်းရွှမ်းသည် ရုတ်တရက် ကောင်းကင်ပေါ် မော့ကြည့်လိုက်ပြီး၊

“ စီနီယာအစ်ကိုချန်ချွမ် ရောက်ပြီ။ ”

-ဟု အသိပေးသည်။

ကူချန်မှ စိတ်ဝင်တစားဖြင့် မော့ကြည့်လိုက်၏။ ဤမတိုင်မီဝိညာဉ်အသိဖြင့် ထိုသူကို တွေ့ရှိထားပြီးဖြစ်သည်။

တစ်ဖက်လူ၏ အသွင်သဏ္ဍန်သည် အလွန်ငယ်ရွယ်နေသော်လည်း သာမန်မျှသာ ဖြစ်သည်။

ချောမောခြင်း မရှိချေ။ ချန်ချွမ်မှ လေထုအတွင်း တည်ငြိမ်စွာရပ်လျက် လင်းရင် တောင်ကြီးကို ငုံ့ကြည့်၏။

သူ့ဝတ်လုံသည် နှင်းပန်းဓားကျောင်း တပည့်အမှတ်အသားဖြစ်သည့် အဖြူရောင်ကို ဝတ်ဆင်ထားပြီး ထူထဲသော မျက်ခုံးနှစ်ဖက်က အနည်းငယ် ပေါ်လွင်စေသည်။

ခရမ်းရောင် နေမင်းနယ်ပယ်ရှိ ကျင့်ကြံသူများအတွက် အသက် (၁၅၂)နှစ်သည် သာမန်လူများ၏ လူငယ်အရွယ်နှင့်ညီမျှသည်။

“ သတ္တမတန်း နတ်ဆိုးဖမ်းယူခြင်းအစီရင်။ ”

ချန်ချွမ်းက ချက်ချင်း မျက်မှောင်ကြုတ်လျက် လေတိုက်သံမျှော်စင်သို့ စိုက်ကြည့်လိုက်၏။

“ ဒီမှာ အစီရင်သခင် ရှိနေတာလား။ ”

ထို့နောက် ဓားကို ဆုပ်ကိုင်လျက် မြေပြင်ပေါ် ဆင်းသက်လိုက်ပြီး မိုးပြာခြံဝင်း အတွင်းရှိ လူအများထံဝေ့ကြည့်သည်။

အဆုံးတွင် ကူချန်ထံပါး၌ အကြည့်များ ရပ်လိုက်ပြီး စားပွဲခုံရှိ သစ်သားတုတ်တံများ အပေါ် သတိထားမိသွားသည်။

ထိုစဉ် ချင်းရွှမ်းနှင့် ချူဟွာရီက မတ်တပ်ထရပ်ပြီး ဦးညွှတ်ကာ၊

“ စီနီယာအစ်ကို ချန်ချွမ် ... ။ ”

-ဟု နှုတ်ဆက်တော့၏။

ချန်ချွမ်က သူမတို့နှစ်ယောက်ထံပြုံးပြီး ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် ကူချန်ထံ ပြန်လှည့်ကြည့်ကာ လေးနက်သောအသွင်ဖြင့် နှုတ်ဆက်လိုက်တော့၏။

“ ငါ့နာမည်ချန်ချွမ်ပါ နှင်းပန်းဓားကျောင်း ဝင်္ကပါတောင်ထိပ်တပည့်ပဲ ... တာအိုမိတ်ဆွေနဲ့ တွေ့ခွင့်ရတာ ဝမ်းသာပါတယ်။ ”

***

All Chapters